‘ကဗျာဆရာဆိုတာ ချောက်ကမ်းပါးထိပ်ကနေ ခုန်ဆင်းချလိုက်တဲ့ ကာတွန်းဇာတ်ကောင်နဲ့လည်း တူရဲ့။ ကာတွန်းဆိုတော့ ဇာတ်ကောင်ကလည်း အောက်ကျမသွားပဲ လေထဲ ဝဲနေတာပေါ့။ ဘယ်အချိန်မှာမှ ကျသွားသလဲဆိုတော့ သူ့ဒုက္ခဟာ ဆင်ခြင်တုံတရားနဲ့ မကိုက်ညီဘူးလို့ သဘောပေါက်လိုက်မိချိန်မှာ ဖြစ်တယ်။ ကဗျာဆရာအဖို့တော့ သူ့ရဲ့ စိတ်ကူးဖြန့်ကြက်နိုင်စွမ်းဟာ သူ့ကို လေထဲ ဝဲနေစေတာ ဖြစ်တယ်။ အဲသလို ဝဲနေတာမို့လို့လဲ ရှုခင်းကို ပိုကျယ်ကျယ် ပြန့်ပြန့်လေး မြင်ရတာဖြစ်တယ်။ ဖတ်သူဘက်ကကြည့်ရင် ချောက်ကမ်းပဲထဲ ပြုတ်ကျရလိမ့်မယ်လို့ ဧကန်မုချ သိနေပေမယ့် အဲသလို ပြုတ်ကျမယ့်အချိန်ကို ရွှေ့ဆိုင်းထားလိုက်ခြင်းဟာ ဖတ်သူကို နှစ်လိုဖွယ် ဆွဲဆောင်ထားလိုက်တာ ဖြစ်တယ်’
(A Andaman’s Review of ‘Fall Higher’)
၁
စွပ်ပြုတ်လုပ်ဖို့ သင် ဆုံးဖြတ်လိုက်တယ်။
သင့်မှာ ကြက်သွန်နီလည်း မရှိ၊ မုန်လာဥဝါလည်း မရှိ။
ကြက်သားလည်း မရှိ၊ ဟင်းသီးဟင်းရွက်လည်း မရှိ၊ တရုတ်နံနံလည်း မရှိ။
ရေနဲ့ ဆားတော့ သင့်မှာ ရှိတယ်။
ဆယ်မိနစ် ပြုတ်။ ခူးခပ်ထည့်။
ပြီးရင် ဟောဒီ စွပ်ပြုတ်ရိုးရိုးနဲ့ပဲ
သင့်မျက်နှာ သစ်ချင်သစ်လိုက်ပေါ့။
၂
အကောင်းဆုံးလက်ရာ ဖန်တီးဖို့ သင် ဆုံးဖြတ်လိုက်တယ်။
သင့်မှာ ပန်းချီဆေးလည်း မရှိ၊ စူးလည်း မရှိ၊
ပါရမီလည်း မရှိ၊ စက္ကူလည်း မရှိ၊ ပီယာနိုလည်း မရှိ
တုတ်ချောင်းလေးတွေ ခဲဖျက်လေးတွေလည်း မရှိ။
လေတော့ သင့်မှာ ရှိတယ်။
သံသယဖြစ်ဖွယ်ရာ ဘာမှမရှိဘူး၊ သေချာတယ်
အကောင်းဆုံးလက်ရာပါပဲ။
၃
နတ်ဘုရားတစ်ပါး ပြုလုပ်ဖို့ သင် ဆုံးဖြတ်လိုက်တယ်။
သင့်မှာ ဘာပညတ်တော်မှလည်း မရှိ၊
ရီနေးဆန့်စ်ခေတ် ဘုရားစင် နောက်ခံနံရံပန်းချီ မရှိ၊
ဘယ်သူတော်စင် ဓာတ်တော်မွေတော် မရှိ၊ အခွန်ဆောင်စရာ
မလိုတဲ့ တီဗီ ဧဝံဂေလိ တရားဟောဆရာတွေ၊ ထူးထူးဆန်းဆန်း
ရယ်စရာဦးထုပ်တွေ မရှိ။
သင့်ကိုယ်သင်တော့ ရှိတယ်။
စွမ်းပါ့ကွာ၊ နတ်ဘုရားတွေဟာ ဝေါ့လ်တ်ဝှစ်တမင်းန်လို
လုပ်ရည်ကိုင်ရည် ရှိကြပါဘိ။
၎
သင့်ချစ်သူကို ဖွင့်ပြောလိုက်ဖို့ သင် ဆုံးဖြတ်လိုက်တယ်။
သူနဲ့ ဆက်ဆံရတာ ဘယ်လောက်ကြိုက်တယ်ဆိုတာ
ဒါပေမယ့် သင်ပြီးတော့မယ့် အချိန်မှာပဲ
ချစ်သူရဲ့ ရင်သီးလေးတွေဟာ သင့် လက်ဖဝါးအောက်မှာ
ပုလဲလုံးလေးတွေလို မာတောင်နေတဲ့ အချိန်မှာပေါ့၊
သင့်စိတ်ထဲ ဖြစ်တာ သင်သိတာက
ဒီထက် ပိုနက်ရှိုင်းတဲ့ အရာတစ်ခုခု သင်ချစ်နေတယ်ဆိုတာ။
၅
ပန်းတစ်ပွင့်ပြုလုပ်ဖို့ သင် ဆုံးဖြတ်လိုက်တယ်။
သင့်မှာ သစ်စေ့မရှိ၊ ပျား မရှိ၊ လင်းနို့ချေး မရှိ၊
ကျောက်သားကမ္ပည်းထိုးပုံ၊ ကောက်ဆွ၊ နေရောင်ခြည်၊
စာခြောက်ရုပ်တွေ မရှိ။
ခံစားမှုတစ်ခုတော့ သင့်မှာ ရှိတယ်။
ဥုံဖွ။
Continue reading →
Like this:
Like Loading...