❝ဝမ်းနည်းရခြင်းများသည် မဖိတ်ခေါ်ပဲ ရောက်လာသော ဧည့်သည်ဖြစ်သည်။ ဝမ်းနည်းရခြင်းများသည် ခေါင်းလောင်းသံလို ကျယ်လောင်စွာ မြည်ဟီးနေခဲ့သည်။ ဝမ်းနည်းရခြင်းများသည် ကျွန်တော်တို့ အိမ်ကလေးထဲမှ ထောင့်ကွေး သေးသေးလေးပါမကျန် အပ်နဖားပေါက်ကလေးထဲအထိ ပျံ့နှံ့ရောက်ရှိလာသည်။ သို့သော်လည်း ဤစာပိုဒ်၏ ခေါင်းစဉ်ကို ကျွန်တော် ဤသို့ပေးနိုင်ခဲ့သည် ‘ဝမ်းမနည်းကြေး’။❞
Category Archives: Essays
လူမိုက်ကြီးများ (နေမျိုး)
❝တောင်တွေရွေ့အောင်
ဦးခေါင်းနဲ့ ပြေးပြေးဆောင့်ခဲ့ကြ
ကြယ်တွေမြင်ခဲ့၊ လတွေမြင်ခဲ့
မီးတွေပွင့်ခဲ့
ငါတို့ဦးခေါင်းမှာ
အမာရွတ်နဲ့ချုပ်ရိုးတွေ
ငါတို့အမာရွတ်တွေအကြောင်း
ငါတို့ချုပ်ရိုးတွေအကြောင်း
နှောင်းလူတွေအတွက်
စာစီစာကုံးရေးကြပါစို့။❞
နာကျင်မှုမှတ်တမ်းမှ နောက်ဆုံးစာမျက်နှာ (နေမျိုး)
❝သင်နာကျင်ပြီးပြီလား။
သင် ငိုကြွေးပြီးပြီလား။
လာပါလေမိတ်ဆွေ
ပူပြင်းသော ဘဝရဲ့ လမ်းမကြီးထက်မှာ ကျွန်ုပ်တို့ တွေ့ဆုံကြပါစို့။❞
အငွေ့ဆိုသည်မှာ (အရိုး)
စာပေါင်းသိုက် အက်ဆေးများ (ဇော်ဇော်အောင်)
ကွယ်လွန်သူများကို သတိရခြင်း (နေမျိုး)

ကောင်းစွာ ရောက်ရှိသွားဖို့ နှစ်ကာလတွေကို ဖြတ်သန်းရတယ်။
နှစ်ကာလတွေဟာ ပူဆွေးသောကတွေကို သတိရခြင်းဖြစ်အောင် ပြောင်းလဲစေခဲ့ပြီး
အဲဒီ သတိရခြင်းတွေကို မေ့လျော့ခြင်းအဖြစ် ရောက်ရှိသွားစေမှာ
ဖြစ်တယ်ဆိုတာ ငါ သိပါရဲ့။ သြော် … ဒီနေ့မှာဖြင့် ကွယ်လွန်သူများကို ငါ သတိရမိပါရဲ့။ Continue reading
နေ့တွေညတွေ (နေမျိုး)
Image Source: Sai Win Myint
မေ့လိုက်တော့၊ မင်းမေ့ပစ်လိုက်တော့၊ အဲဒီအကြောင်းတွေ မင်းမေ့ပစ်လိုက်တော့။ မှောင်ထဲမှာ တစ်ယောက်တည်းကျိတ်ပြီး မင်းငိုခဲ့ဖူးတာတွေ၊ ၀ရန်တာမှာရပ်ပြီး သန်းခေါင်ယံလပြည့်ဝန်းကို မင်းမော်ကြည့်ခဲ့တာတွေ၊ စာတွေ တစ်စောင်ပြီးတစ်စောင်ရေးလို့ စာတိုက်ပုံးထဲ မင်း သွားသွားထည့်ခဲ့တာတွေ၊ တစ်ရေးနိုး ထထိုင်ပြီး၊ ခုတင်ပေါ်မှာ တစ်ယောက်တည်း ငြိမ်သက်နေခဲ့တာတွေရောပေါ့။ အဲဒါတွေကို မေ့ပစ်လိုက်တော့။ မင်းရဲ့ မြင့်မားတဲ့ ရည်မှန်းချက်တွေ၊ မင်းရဲ့ ဆန်းပြားတဲ့ စိတ်ကူးတွေ၊ မင်းရဲ့ နက်ရှိုင်းတဲ့ အတွေးတွေ။ တခြားသူ နားလည်ဖို့ ခဲယဉ်းတဲ့ မင်းကိစ္စတွေ။ ဆိုးတဲ့ရယ်သံတွေ၊ အဲဒါတွေကိုလည်း မင်းမေ့ပစ်လိုက်ပေတော့ကွာ။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာဦးလူသားတွေရဲ့ ခံစားမှုကို မေ့ပစ်လိုက်သလိုမျိုး မေ့ပစ်လိုက်တော့။ မေ့စမ်း၊ မေ့ပစ်လိုက်စမ်း။ အားလုံးကို မေ့ပစ်လိုက်စမ်း။ အားလုံးကို၊ အရာအားလုံးကို။ သွေးစိမ်းရှင်ရှင် ထွက်ခဲ့တဲ့ မင်းရဲ့ဒဏ်ရာတွေ၊ ပူနွေးဆဲ မင်းရဲ့အမာရွတ်တွေ၊ ဆင်းရဲဒုက္ခ အစရှိသော မလိုချင်ပဲရခဲ့တဲ့ ပိုပိုလျှံလျှံ အဖြစ်အပျက်တွေ၊ ထမင်းတစ်ပွဲအတွက် ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့ ဟာသတွေ။ အလားတူအဓိပ္ပာယ်တွေ၊ မေ့စမ်း၊ မေ့ပစ်လိုက်စမ်း။
အသံ (နေမျိုး)
Image Source: Sai Win Myint
အထူးကုဆရာဝန်ကြီးများ၊ ခွဲစိတ်ပါရဂူများက သူမ၏ ချို့ယွင်းနေသော နားနှင့်အကြားအာရုံကို ခွဲစိတ်ကုသပေးလိုက်ကြပြီးသောအခါ သူမ ပထမဦးဆုံးကြားရသော အသံများမှာ ငိုသံများ ဖြစ်လေသည်။ သူမသည် အနီးတွင်ရှိ တာဝန်ကျသူနာပြုကို ဤသို့ပြောလိုက်သည်။ ဆရာမ ကျွန်မ အသံတွေ ကြားရပြီ။ သူမ၏ ပြောစကားကို ကြားရသော တာဝန်ကျ သူနာပြု၏ မျက်နှာမှာ ၀င်းလက်သွားကာ သူမကို နူးညံ့ကြင်နာစွာ ကြည့်လိုက်သည်။ အသံတွေကို မင်း ကြားနိုင်ပြီပေါ့။ ၀မ်းသာတယ်။ ဆရာဝန်ကြီးတွေပါ ၀မ်းသာရအောင် ငါဖုန်းနဲ့ လှမ်းပြောမယ်။ တာဝန်ကျသူနာပြုသည် ဤသို့ပြောကာ သူမ၏ ဆံစများကို နဖူးပေါ်သို့ အသာအယာ သပ်တင်ပေးလိုက်လေသည်။ ပြီးမှ ကြင်နာသောလေသံဖြင့် ပြောပါအုံး ခု မင်းကြားရတဲ့ အသံကို ပြောပါအုံးဟု မေးမြန်းလိုက်သည်။ ငိုသံတွေ ငိုသံတွေ … ဆရာမ၊ သူတို့ ငိုနေကြတယ်။ ငိုသံတွေ အများကြီးပဲ။ သူမ၏ အဖြေကို ကြားလိုက်ရသောအခါ တာဝန်ကျသူနာပြု၏ ၀င်းလက်ကာ အားတက်သရော ဖြစ်နေသော မျက်နှာမှာ ရုတ်ခြည်းပြောင်းလဲသွားသည်။ ငိုသံ ဘုရားရေ ငိုသံ ဟုလည်း ရေရွတ်လိုက်မိသည်။ တာဝန်ကျသူနာပြုသည် အံ့သြစိတ်ပျက်ဟန်ဖြင့် ဒီဝါ့ဒ်ထဲမှာ ဘာငိုသံမှ မရှိဘူး မင်း ဘယ်လိုလုပ် ကြားရတာလဲဟု ရေရွတ်ပြောဆိုလိုက်သည်။ သူမက အခု ဆရာမပြောတဲ့ စကားသံတွေ ကြားရသလို ကြားနေရတာဟု ပြောကာ
Continue reading
မင်းနဲ့ငါ တစ်ညတာ (နေမျိုး)
Image Source: Sai Win Myint
မင်းလည်း ပြောစရာရှိတာတွေ မပြောနဲ့တော့။ ငါလည်း ပြောစရာရှိတာတွေကို မပြောတော့ဘူး။ မင်းကြီးပြင်းခဲ့တဲ့မြို့။ မင်းငယ်ဘ၀။ ငါကြီးပြင်းခဲ့ရာမြို့။ ငါ့ငယ်ဘ၀၊ ငါတို့ရဲ့ အမှတ်ရစရာတွေ။ ငါတို့ရဲ့ ခံစားခဲ့ရမှုတွေ။ ငါတို့သီခဲ့ကြတဲ့ တေးတွေ ရင်ထဲမှာပဲ သိမ်းထားလိုက်ကြစို့။ လူဆိုတာ ပျော်ရွှင်စရာတွေ့ရင် ပြုံးရယ်မှာပဲ။ ၀မ်းနည်းစရာတွေ့ရင် ငိုမိမှာပဲ။ အကျပ်အတည်းတွေ့ရင် ရုန်းကန်မှာပဲ။ ငါတို့ မမြင်နိုင်သေးတဲ့ တရားဓမ္မတွေ၊ ငါတို့မသိသေးတဲ့ သံဝေဂတွေ သူ့အတိုင်းပဲ ရှိနေပါစေကွာ။ ဘယ်အရာကို ပိုကောင်းအောင် လုပ်နိုင်မလဲ။ ဒါကို ငါစဉ်းစားမိသလို ဘယ်အရာကို ပိုဆိုးမသွားအောင် လုပ်ထားနိုင်မှာလဲ။ မင်းလည်း စဉ်းစားမိမှာပါကွာ။ တို့ ဒီနေ့အဖို့ ပေါင်မုန့်ကလေးတစ်လုံး ကောင်းကောင်းဖုတ်မယ်။ သလဲပင်ကလေးကို ရေလောင်းမယ်။ အဝေးကရောက်လာမယ့် စာပို့သမားကိုလည်း စောင့်မျှော်မယ်။ မင်းလည်း ပြောစရာရှိတာတွေ မပြောနဲ့တော့။ ငါလည်း ပြောစရာရှိတာတွေ မပြောတော့ဘူး။ အတွေ့အကြုံ ဖြတ်သန်းမှု မတူပေမယ့် ခံစားချက်တွေဟာ ဒီအတိုင်းပဲ။ ကမ္ဘာကြီးဟာလည်း တစ်ခုတည်း။ မနက်လင်းရင် အရှေ့အရပ်က ထွက်ပေါ်လာမယ့် နေမင်းကြီးကို ငါတို့ စောစောထကြည့်ကြမယ်။
Continue reading
အရက်ဆိုင်ထဲမှာ (နေမျိုး)
Image Source: Sai Win Myint
အရက်ဆိုင်ထဲမှာ အရက်ကုန်သွားပြီတဲ့။ ညည့်နက်ပိုင်းကိုလည်း ရောက်ပါပြီ။ အရက်ဆိုင်ထဲမှာ မပြန်နိုင်သူသုံးဦး သောင်တင်နေတယ်။ အရက်ဆိုင်ရှင်ဟာ ဆဲဆိုရေရွတ်ပြီး တံခါးကို ဆောင့်ပိတ်လိုက်တယ်။ အရက်ဆိုင်ထဲမှာ ငြိမ်သက်သွားတယ်။ ပူပူလောင်လောင် အိုက်စပ်စပ် ဖြစ်လာတယ်။ မပြန်နိုင်သူသုံးဦးဟာ တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာ ကြည့်နေတယ်။ သူ့ကိုငါ ဘာကြောင့်မြင်တွေ့နေရတာလဲ။ သူဟာ ငါ့ကို ရန်ပြုမယ့်သူလား။ သူဟာ ငါ့ရဲ့ မိတ်ဆွေလား။ သူဟာ ငါ့ကိုဖမ်းမယ့် ရဲသားလား။ စဉ်းစားရင်း ရီဝေလာတယ်။ ငါရောက်နေတာ ငါ့အိမ်ယာလား။ လမ်းဘေးတစ်နေရာလား၊ အရက်ဆိုင်ထဲမှာလား။ လက်ကျန်အသိတရားဟာ အရက်ဆိုင်ထဲမှာ အချည်းနှီးမျှသာ။ တစ်ခါတလေ ဘ၀ရဲ့ ဖြောင့်ဖြူးတဲ့ လမ်းမကြီးပေါ် ငါတို့လည်း လျှောက်ကြည့်မယ်။ ဒီတစ်ခါ တကယ်ပြတ်ပါပြီကွာလို့ မိန်းမလုပ်တဲ့သူကို ကတိပေးပြီးတော့ပေါ့။ နေပါဦး ငါတို့ဇနီးတွေ ဘယ်ရောက်ကုန်ပြီလဲ။ တစ္ဆေသရဲတွေ ဖြစ်ကုန်ကြပြီလား။ သူတို့ဟာ ငါတို့ကို စိတ်ဆင်းရဲအောင် အမြဲပြုလုပ်ကြတယ်။ ငါတို့ဟာ သူတို့ကို စိတ်ဆင်းရဲအောင် အမြဲပြုလုပ်ကြတယ်။ သူတို့ရဲ့ ငိုသံတွေဟာ ငါတို့ကို မူးယစ်မှုရဲ့ အနက်ရှိုင်းဆုံး ချောက်ကမ်းပါးထဲ ဆွဲခေါ်သွားတယ်။ သူတို့ရဲ့ ဆဲဆိုသံတွေဟာ ငါတို့ရဲ့ မူးယစ်မှုကို ချာချာလည်စေတယ်။ သူတို့ရဲ့ ကျိန်ဆဲသံဟာ ငါတို့ရဲ့ဘ၀ကို ကျွမ်းထိုးမှောက်ခုံ ဖြစ်စေတယ်။
Continue reading