လမ်းအိုလေး

beyond chaOs


Leave a comment

မူရာကာမိများအတွက် သောကြာနေ့ (ခင်အောင်အေး)

အဲဒီကိစ္စဟာ မရှင်းဘူး ရှင်းပြနေတာကိုက မရှင်းတာ
ဥပမာ နေရောင်ခြည်ထဲ ရောဂါပိုးတွေ တွေ့တယ်ဆိုတာမျိုး
ဖိနပ်ထဲ ပူးလေးတစ်ကောင်ဝင်ပြီးတော့ ၀ပ်နေတယ်ဆိုတာမျိုး
အများအားဖြင့် သောကြာနေ့တွေမှာ လပ်လျားလပ်လျား ပါပဲ
စုံမ ၀ှက်တမ်းကစားသလို ပြုံးဖြီးဖြီးကြီးနဲ့ လမ်းရဲ့ထောင့်ချိုးမှာ
ကွေးကောက်နေခဲ့တယ် ဒါမှမဟုတ်ရင် ကွေ့ကောက်နေတာလဲ
ဖြစ်နိုင်တာပါပဲ ဘာကမှ ရေရာတယ် တိကျတယ်ရယ်လို့မှ မရှိတာ
တစ်နေရာရာမှာ အမြီးအမောက်မတည့်မှုဟာ ဟိုဖက်စာမျက်နှာကျ
သံလွင်ဆီ အစိမ်းရောင် မီနီစကတ် နောက်တစ်နေရာမှာ ကပေါက်တိ
ကပေါက်ချာနိုင်မှုဟာ ဟိုဖက်ရပ်ကွက်ထဲကျ ‘အက်စ်ချလာ့စ်ရဲ့အလွမ်း
ပြဇာတ်များ’ မိုးတွေ ရုတ်တရက် ရွာကျ မလာဘူးလို့ ဘယ်သူက အာမခံ
နိုင်မှာ မို့လို့လဲ ကျုပ်လည်းတွေးတာပဲ သွားကြားထိုးတံ ၁၇ ချောင်းတိတိ
ကုန်သွားတယ် မရေရာဘူး မရေရာဘူး ဘာမှ မရေရာဘူးလို့ အဓိပတိ
အထူးဘတ်စ်ကားပေါ်မှာ ရေရွတ်ရင်း ဒရောသောပါး အူတိအူကြောင်ဖြစ်ခြင်း
ဟာ သိမှုရဲ့ဘယ်ဖက်အံဆွဲထဲကနေ အန်ကျလာတယ် ဆီးအိမ်တင်းလာပြီး
အနံ့ပြင်းတဲ့ ကော်ဖီတစ်ခွက်လို ဒါမှမဟုတ် ‘ရွှေဖရုံသီးညောကီ’ တစ်ပွဲလို
သူ့ပေါင်ပေါ်မှာထိုင်နေတဲ့ကောင်မလေးရဲ့ ဘရာစီယာချိတ်ကိုစမ်းနေခဲ့တယ်
နားတစ်စုံက ဆကုရ တာဝါ အပေါ်ထပ်က ကဖေး ဘရစ်စတိုမှာ ချိတ်လို့
တကယ်တမ်းပြောကြကြေးဆိုရင်တော့လည်း ကျွန်တော့်အနေနဲ့သောက
ကင်းဝေးသလို နေနိုင်တယ် အပူအပင်မရှိဘူး လျှာမှာအရိုးမရှိသလိုပဲပေါ့
နောက်ပြီးတော့ သွားလေရာဆောင်သွားဖို့ တွယ်ချိတ်တစ်ချောင်းရယ်
တရုတ်ပဲမုန့်သေးသေးလေးတွေရယ် ဟိုး အိမ်ထောင်ကျကာစကတည်း
က မပျောက်မပျက်သုံးစွဲလာတဲ့ နားဖာကလော်ရယ် ဒီကနေ့အိပ်ယာက
စောစောမထဖြစ်ဘူး အိပ်ယာဘေးမှာ စာအုပ်တွေ မဂ္ဂဇင်းတွေ ဓါတ်ပြား
တွေ ခဲတံနဲ့ ဆွယ်တာ ပြီးတော့ သစ္စာရှိတဲ့ ပြီးပြည့်စုံခြင်းမရှိမှု အားလုံး
ဟာ တစ်ခုနဲ့တစ်ခု သိပ်ပြီးတော့ မကွာခြားလှချေဘူး တကယ်လို့များ
ကြံစည်တဲ့အတိုင်းဖြစ်ရင်တော့ ဒီသောကြာနေ့မှာ အလုပ်မဆင်းဘူး။ ။

၂၅ ဇူလိုင် ၂၀၁၄ ကျောက်မြောင်း၊ ရန်ကုန် ၁၀း၂၇ နာရီ


( အက်ပီဖနီ – ခင်အောင်အေး။ ၂၀၁၅ – လှေကားစာပေ။)


Leave a comment

ခွာနာလျှာနာ (ခင်အောင်အေး)

အလစ်ချောင်းမှုဟာ ကြီးထွားလာတဲ့အခါ
အီဖယ်လ် မျှော်စင်ကြီး ဖြစ်လာတော့တာပေါ့

ပေါင်မုန့်အစအနလေးများနဲ့ လမ်းရှာခဲ့သလို
ဘာလင်၊ ပါရီ၊ ဘယ်လ်ဂျီယန်နဲ့ ဥရောပနိုင်ငံတချို့

တကယ်တမ်းပြောရတော့မယ်ဆိုရင် ဘယ်ကစပြောရမှန်း
မသိဖြစ်ရမြဲ ထူလဗျစ်ဝက်ခြံလို ချည်ခင်အစအနများ

အယုဒ္ဓယမြို့ဟောင်းရဲ့ အချို့နေရာမှာ ခမ်းနားခြင်းတွေ
ရှေ့ဆောင်လေဆိပ်ဝန်ဆောင်မှု ကဗျာကို စာလုံးပေါင်းရန်

နေ့အပူချိန်များ အထူးမြင့်မားလာခိုက် မှာ ကွန်မြူနစ်ပြောက်
ကျားများက ဖိလစ်ပိုင်မြို့တော်ဝန်တစ်ဦးကို ပစ်သတ်ခဲ့တယ်

ဘယ်မှာမဆို အချစ်ဟာ သေးသိမ်လွန်းတယ် တိုင်း ဒေသကြီးမှာ
ပဲဖြစ်ဖြစ် ဘာလီကမ်းခြေ တစ်နေရာရာမှာပဲဖြစ်ဖြစ် ဒါမှမဟုတ်

ထုတ်လုပ်ရာမှ လွင့်လာသည့် အမှုန်အမွှားများ သတ္တုရိုင်းများအား
သူ့ဝက်အူချောင်းက နည်းနည်းနောနောကြီး မဟုတ်ပါဘူး

နာကြည်းချက်မြို့တော်နဲ့ ကီလီယိုပက်ထရာတေးဆီးရီး
အီနာဂါကီသည် မိခင်ကို ရေနွေးအိုးဖြင့် ထုသတ်ပြီးနောက် —

၎ မေလ ၂၀၁၄ ဗဟိုရ်လမ်း၊ ကျောက်မြောင်း ၂၀း၄၄ နာရီ


( အက်ပီဖနီ – ခင်အောင်အေး။ ၂၀၁၅ – လှေကားစာပေ။)


Leave a comment

အက်ပီဖနီ (ခင်အောင်အေး)

တခါခါကျတော့လည်း ၀မ်းနည်းမိသလိုလို ရင်နာမိသလိုလိုခံစားရ။
ဘ၀မှာ ကဗျာနဲ့ ငြိတွယ်ခဲ့မိရတဲ့ အပေါ်မှာပေါ့။ ဘယ်သူမှ ရိုက်နှက်ပြီးတော့ ခိုင်းခဲ့တာ မဟုတ်ပါဘူး။ သွေးဆောင်ဖျားယောင်းခံရတာလည်း မဟုတ်ခဲ့ပါဘူး။ ကိုယ်တိုင်က အလိုတူအလိုပါ၊ လူတွင်ပါလို့
နွားကျားကိုက် ဆိုသလိုပေါ့လေ။

– ခင်အောင်အေး

ချွေးတွေသံတွေနဲ့ပါ …. အက်ပီဖနီ
အယ်လင် နွံတောကြီးဆီမှာ ကျဆင်းနေ (ဖြည်းဖြည်းချင်းပဲ)
ဟိုအနောက်တစ်ကြောက ရှန်နန်တောင်ကြောမှာလည်း (ဖြည်းဖြည်းချင်း ကျနေတယ်)
ဗျာဒိတ်သဘောဖြင့် မယူတော့ပဲ ဖော်ထုတ်ခြင်း ‘မင်းကို ကိုယ်ချစ်တယ် အက်ပီဖနီ’
ဗျာဒိတ်သဘော မဟုတ်လည်းပဲ မင်းကိုကိုယ် ချစ်နိုင်ပါတယ်
ကောင်းကောင်းကြီး ချစ်နိုင်ခဲ့တယ် အလွန်အကျွံကို ချစ်နိုင်ခဲ့တယ်
မော်တော်ကား မောင်းသွားတဲ့ လမ်းတစ်လျှောက်လုံးမှာ ကိုယ်ချစ်နေခဲ့တယ်
ဒါတင် ဘယ်ကဦးမလဲ ရှန်နန်တောင်ကြောကို ဖြတ်ဆင်းသွားပြီးတဲ့နောက်မှာလည်း မင်းကိုချစ်နေဆဲပဲ
မင်းကိုချစ်တဲ့ အချစ်ဟာ တောင်ပေါ်ရှေးဟောင်း Church တစ်ခုက
အဆက်မပြတ် ထိုးလိုက်တဲ့ ကြေကွဲခေါင်းလောင်းသံလိုပဲ
ရုတ်တရက် နားလည်လိုက်ရခြင်းကို ပုတီးလို မင်းလည်မှာ ဆွဲထားတယ်
တုံ့နှေးနှေး ထုံ့ပိုင်းပိုင်း ဘယ်ကိုမှမရောက်မယ့် ခရီးဆီ ကိုယ်တို့ ပျံသန်းဖို့ အရှိန်ယူခဲ့ကြ
အခြေခံသိမှတ်ခံစားနိုင်မှုမှာ အခြေပြုထားပြီးတော့ ကိုယ်တို့ ဖုန်းထဲမှာ ပြောကြတယ်
ဇန်နဝါရီ ၆ ရက်နေ့ မင်းသုံးပါးပွဲမှာ ပြန်ဆုံကြရအောင် အက်ပီဖနီ (ချိန်း ဆိုခဲ့ဖူးတယ်)
Continue reading

ဘီအာရ် (ခင်အောင်အေး)


Leave a comment

ဘီအာရ် (ခင်အောင်အေး)

ခင်အောင်အေးမှ ကဗျာဖတ်သူများသို့

၂၀၁၃နဲ့ ၂၀၁၄ ခုနှစ် နှစ်ခု ကူးပြောင်းစ ကာလတိုကလေးအတွင်းမှာ အဖြစ်အပျက်တချို့ဟာ ခပ်မြန်မြန်ဆန်ဆန်၊ ဒါပေမဲ့ အတော်​​ပြင်းထန်တဲ့ ပေါက်ကွဲအားတွေနဲ့ ကိုယ့်ဘဝထဲ ဖြစ်ပျက်ခဲ့တယ်။ အဲဒီလို ဖြစ်ပျက်နေခဲ့စဉ် ကာလတို​​အတောအတွင်းမှာပဲ ဘီအာရ်​ကဗျာတွေကို ဖြစ်စဉ်နဲ့​ကိုက်ပြီး ရေးဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်မှာ စာတန်းထိုးသလို ထိုးရရင်တော့ Based on True Story ပေါ့လေ။ ကိုယ့်ကဗျာတွေက အဲ့ဒါထက်သာတဲ့ အချက်ကတော့ တကယ့်​​အဖြစ်အပျက်အပေါ်မှာ တကယ်​ခံစားရတဲ့အတိုင်း တကယ်​ထွက်ကျခဲ့တဲ့ စကားလုံး​အစစ်တွေဖြစ်တယ် ဆိုတာပါပဲ။ တကယ့် အဖြစ်အပျက်အပေါ်မှာ Base လုပ်ပြီးမှ ပြန်ပြုပြင် စီမံထားတာ တစ်ပုဒ်မှ မပါပါဘူး။ ဒီ ‘ဘီအာရ်’ ကဗျာစုမှာပါတဲ့ ကဗျာတွေ အားလုံးနီးပါးကို ရေးပြီးတိုင်း မိနစ်ပိုင်းအတွင်း ဒါမှမဟုတ် အလွန်ဆုံး တစ်ရက်အကျော်မှာ သူ့(ဘီအာရ်)ဆီ အရောက် ပို့ပေးခဲ့မြဲဖြစ်ပြီး သူ(ဘီအာရ်) အချိန်နဲ့ တပြေးညီ ဖတ်ခဲ့ရတဲ့ ကဗျာတွေချည်းပါပဲ။ အဲဒီတုန်းက ကိုယ်တို့နှစ်ယောက်တည်းသာ နားလည်တဲ့ ကိုယ်စားပြုနာမ်စား (အမ်န်-ဆက်ဒ်)လို့ သုံးခဲ့တယ်။ အဲဒီ Code Word ဟာလည်း သူ့ (လိမ္မာ​ပါးနပ်စွာ) ပြောစကားတစ်ခုက ကောက်နုတ်ယူခဲ့တာ ဖြစ်ပါရဲ့။

ဘီအာရ် …

မင်းကို ချစ်တယ်
ဒါကြောင့် ကိုယ်ရှိတယ်။

(စာမျက်နှာ ၁၁)

ဘီအာရ် …

မင်း ဟိုဟိုဒီဒီ သွားရင်းနဲ့
နှင်းဆီနီနီတစ်ပွင့် တွေ့ရင်
အဲဒါ ကိုယ်ပဲလို့ မှတ်

နှင်းဆီတွေ အများကြီး
တစ်စုတစ်စည်းတည်းတွေ့ရရင်
အဲဒီထဲက တစ်ပွင့်ဟာ
ကိုယ်ပဲလို့ မှတ်

နှင်းဆီတစ်ပွင့်တလေမှ
မင်း မတွေ့ရဘူးဆိုရင်တော့
ကိုယ် ဒီမှာ နေရင်းထိုင်ရင်း
စိတ်ဖောက်ပြန်သွားပြီလို့သာ မှတ်

(စာမျက်နှာ ၃၁) Continue reading

သင်၏သစ္စာရှိသော (ခင်အောင်အေး)


Leave a comment

မွေးနေ့ (ခင်အောင်အေး)

သြဂုတ်လ နှစ်ဆယ် ပြီးတဲ့အခါ
သြဂုတ်လ နှစ်ဆယ့်နှစ်လို့ လုပ်လို့ မရဘူးလေ
အီးအာရ်အေ 1101 ပေါ်ပြီး သုံးဆယ့်နှစ်နှစ် အကြာ
ဖာဒေယက်မှာ ငယ်ငယ်ရွယ်ရွယ် မှုန်ငေးနူးညံ့သော
မျက်လုံးများဖြင့် ပြောရလျင် မိုးကလည်းခေါင် ဝမ်းလည်း
ဟောင်၍ ပူလောင်ကြေကွဲ.. အချိုးကျ ပီအာရ်စံနစ်ကို အတည်
ပြုရန် သဲလွန်စ ယူ၍ သမ္မတက အရက်သိပ်ကြိုက်တယ် စနစ်
နှင့် စစ်အာဏာရှင် စနစ် အလျဉ်းသင့်လို့ ပြောရရင် မက္ကလိုး
ဒီကဗျာရေးတဲ့ ခေတ်ကာလက စိတ်ညစ်အရက်မူးပြီး သူ့လက်
ကို သူ တူနဲ့ထုမိတဲ့အခါ လင်မယားအရာမြောက် နေခွင့်မရ
သည်မှာ သေချာ၏ တစ်ပတ်ခန့် အချိန်ကုန်သွား၏ “နွေဦး
မနက်ခင်း တစ်ခုအကြောင်းဖွဲ့ရတာ လွယ်ပါတယ်။ ဘယ်သူမှ
ဒီလိုဖွဲ့ကြမှာမှ မဟုတ်တာ။ ဒါပေမယ့် နွေဦးမနက်ခင်းတစ်ခုလို
သာယာဖို့၊ ကြည်လင်ဖို့၊ တည်ငြိမ်ဖို့ဆိုတာကတော့ သိပ်ခက်
တာပဲဗျာ” သြဂုတ်လ နှစ်ဆယ် ပြီးတဲ့အခါ သြဂုတ်လ နှစ်ဆယ့်နှစ်
လို့ လုပ်လို့ မရဘူးလေ သို့သော် မျက်မှန်က ဖျက်လှသည်။ ။

၂၀ သြဂတ်စ် ၂၀၁၄ ကျောက်မြောင်း၊ ရန်ကုန် ၂၃း၂၉ နာရီ

လူများ၊ သက္ကရာဇ်များ – ဘ၀ စာအုပ်ထဲမှ များများ၊ ဂျာနယ်တစ်စောင်နှင့် ကြည်အေးဝတ္ထုတိုပေါင်းချုပ်ထဲမှ နည်းနည်း ကိုယ့်ကဗျာအားစိုက်မှု အနေတော် တို့ဖြင့် ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။


Khin Aung Aye @Facebook

သင်၏သစ္စာရှိသော (ခင်အောင်အေး)


Leave a comment

နတ်သူငယ် (ခင်အောင်အေး)

ကိုယ့်ရဲ့ အတောင်ပံများ
တဖျတ်ဖျတ် လှုပ်ခတ်ကာ
ပန်းပွင့်လိုလို ခြုံတွေကြား
လူးလာခေါက်တုံ့ဖို့မဟုတ်

မင့်ကို
ထွေးပိုက်ထား ဖို့မျှ –

(ကိုယ်က မင်းကို ပြန်ပေးတဲ့ မွေးနေ့လက်ဆောင်ပါ)


Khin Aung Aye @Facebook

သင်၏ သစ္စာရှိသော (ခင်အောင်အေး)


Leave a comment

ချစ်ခြင်းမေတ္တာ (ခင်အောင်အေး)

ပုံလျက်သား လဲကျသွားနိုင်ဖို့အတွက်
ကြမ်းပြင်ပေါ် ခွေကျလုနီးပါးဆီက ကုန်းရုန်းထခဲ့ပါ့မယ် … ။

မင်း …
လက်ခုပ်လက်ဝါးတီးပြီး ဟားတိုက်ရယ်မောနိုင်ဖို့
အဆင်သင့်သာ ပြင်ထားပေတော့ … ။

၉၊ ဇွန်၊ ၂၀၁၃
တွင်းန်ဘရွတ်ခ်၊ မေရီလင်းန်ဒ်၊ ၂၁း ၄၄ နာရီ။
(သင်၏ သစ္စာရှိသော – ခင်အောင်အေး။ သြဂုတ် – ၂၀၁၃၊ နှစ်ကာလများ။)
သင်၏ သစ္စာရှိသော (ခင်အောင်အေး)


Leave a comment

တိမ်တိုက်ရထား (ခင်အောင်အေး)

တိမ်တစ်အုပ်ရဲ့ ရှေ့မှာ ကျွန်မ ရပ်လိုက်တယ်
တိမ်တွေဟာ ကျွန်မ ကိုယ်ခန္ဓာကို တိုးတိုက်ဖြတ်သန်းပြီး
သူတို့လိုရာခရီးကို မထစ်မငေါ့ ဆက်လက် ရွေ့မျောသွားကြတယ်

ကြောင်ကလေးတစ်ကောင်ရဲ့ ရှေ့မှာ ကျွန်မ ရပ်လိုက်တယ်
ကြောင်ကလေးက ကျွန်မ ခြေဖမိုးတွေကို ပွတ်သီးပွတ်သတ်လုပ်ရင်း
‘ညောင်’လို့ တိုးတိုးလေး ညည်းကာ သူ့ကိုမချီပိုးမချင်း ချွဲနွဲ့နေတယ်

စာအုပ်စင်တစ်စင်ရဲ့ ရှေ့မှာ ကျွန်မ ရပ်လိုက်တယ်
စာအုပ်တွေထဲက စကားလုံးတွေ စာပိုဒ်တွေ အနက်အဓိပ္ပာယ်တွေဟာ
ခုန်ထွက်လာကြပြီး ကျွန်မကို ဒေါသတကြီး ရန်တွေ့နေကြတယ်
မင်း ဘာလို့ ငါတို့ကို မဖတ်တော့တာလဲတဲ့

ပန်းချီကားတစ်ချပ်ရဲ့ ရှေ့မှာ ကျွန်မ ရပ်လိုက်တယ်
အရောင်တွေဟာ ရောင်ခြည်တွေအဖြစ် ပြောင်းလဲသွားကြတယ်
မျဉ်းတွေဟာ ကြိုးတွေအဖြစ် ပြောင်းလဲသွားကြတယ်
ကျွန်မ မူးမေ့ လဲကျသွားခဲ့တယ်
Continue reading

သင်၏ သစ္စာရှိသော (ခင်အောင်အေး)


Leave a comment

သင်၏ သစ္စာရှိသော (ခင်အောင်အေး)

မင်းလည်း ငြီးငွေ့မှာပဲ
ဒီအငွေ့အသက်တွေ တစ်သက်လုံးလိုလို မှိုနံ့
အရောင်တွေပါးပြီး မှိန်ဖျော့သွားလိုက်တာမှာ
အသက်ရှူသံဟာ အမှေးပါးတစ်ခုလို
အရိုးပေါ် ဆိုင်းထားတဲ့ အရေပြားတစ်လျှောက်လုံး
တစ်နေ့ချင်းတွေနဲ့ သီရက်ထားတဲ့ နှစ်ကာလတစ်လျှောက်လုံး
ဆွံ့အမှုတွေသာ အသံပြုနေခဲ့ရတဲ့ မှတ်တမ်းစာအုပ်တစ်အုပ်လုံး
မင်းလည်း ငြီးငွေ့မှာပဲ လေးတွဲ့တွဲ့ ခေါင်းလောင်းသံတွေ တအီအီနဲ့
ပြိုလို့ ပြိုမှန်းမသိတဲ့ မိုးတိမ်တွေနဲ့အတူ နုံးခွေလဲကျလို့
မင့် ငြီးငွေ့မှုဟာ ငါ့ တစ်ကိုယ်လုံးပေါ် တရှိန်ရှိန် အဖျားတက်လို့
ရာသီတစ်ခွင်လုံး ပေါ့ပါးလိုက် လေးလံလိုက် ရွှဲစိုလိုက်နဲ့ အငြိအခိုက်များ
ယာခင်းအသစ်ကို ထိုးလှန်လိုက်တဲ့အခါ အလိပ်လိုက် မြေဆီလို ခံတွင်းပျက်မှု
ချိတ်ယူလိုက်တဲ့ခါ ဒရွတ်တိုက် ပဲ့ရွဲ့ ပြုတ်ကွာကျ လာတဲ့ ချစ်ခြင်းမေတ္တာနှယ်
ယုံစရာ မရှိခြင်းတွေသာ လဲမှို့ပွင့်တွေလို နေရာအနှံ့ဖွေးဖွေးလှုပ်လှုပ်
Continue reading

သင်၏ သစ္စာရှိသော (ခင်အောင်အေး)


Leave a comment

အင်ဒိုးပလန့် (ခင်အောင်အေး)

ရောက်နေတဲ့ နေရာကနေ
တိုးရှည်စွန်း တစ်ခုဆီ တိုးရွေ့
ဖောင်းကားနေတဲ့ အရည်အိတ်တွေနဲ့
လက်တံတွေလို ရှားစောင်းလက်ပတ်ရွက်များ
ရာသီဥတုမျိုးစုံကို စိန်ခေါ်ခဲ့ပြီးပြီ
ဖော်ပြခဲ့ပြီးသော ခေတ်တွေကို စိန်ခေါ်ခဲ့ပြီးပြီ
သေနတ်သံ တဒိုင်းဒိုင်းကြားထဲ လိမ္မာပါးနပ်စွာ
ပြားချပ်ခဲ့ဖူးပြီး အခု ငါ့ဝရန်တာ လက်ရန်းပေါင်ပေါ်
မင်း ရွှင်ပျော်မြူးပြဇာတ်ကို ငါက ရေတစ်ခွက်ပြီးတစ်ခွက်
လောင်းရင်း အပျင်းဖြေနေရပုံဟာ ဒုက္ခတစ်ကွေ့လိုလို။

၂၆၊ ဇွန်၊ ၂၀၁၃
ဖရာ့ပရာဒင်န်၊ ဘန်ကောက်၊ ၂၄း ၀၄ နာရီ။
(သင်၏ သစ္စာရှိသော – ခင်အောင်အေး။ သြဂုတ် – ၂၀၁၃၊ နှစ်ကာလများ။)