လမ်းအိုလေး

Løøps of Resistance …

အထီးကျန် (တေဇာ – လရောင်လမ်း)

Leave a comment

အထီးကျန် (ဟာရူကီ မူရာကာမီ)

Tony Takitani


အဲဒီအချိန်က လူငယ်အများစုဟာ တည်ဆဲအခြေအနေတွေကနေ ပြင်းပြင်းထန်ထန် ရုန်းကန်ဖောက်ထွက်နေကြတဲ့ အချိန်ဆိုတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ အနုသုခုမတွေနဲ့ပတ်သက်ပြီး တန်ဖိုးထားမယ့်သူ မရှိသလောက်ပဲ။ သူ့ရဲ့ ပန်းချီကျောင်း ပါမောက္ခဆရာက သူဆွဲထားတဲ့ပုံတွေကိုကြည့်ပြီး မချိုမချဉ်ပြုံးတယ်။ သူ့အတန်းဖော်တွေက အတွေးအခေါ်မပါဘူးရယ်လို့ ဝေဖန်တယ်။ တိုနီအနေနဲ့ကလည်း သူတို့ပြောတဲ့ အတွေးအခေါ်ဆိုတာကြီးပါတဲ့၊ အခြားလူတွေဆွဲတဲ့ ပုံတွေဟာ ဘာများကောင်းနေသလဲ နားမလည်နိုင်ဘူး။ တိုနီ့အမြင်အရ သူတို့ဆွဲတာတွေဟာ အခြေခံမပိုင်ဘူး၊ မလှဘူး၊ မတိကျဘူး၊ ဒီလိုပဲ မြင်တယ်။

ဘာသာပြန် – တေဇာ | Mirrored from: လရောင်လမ်း



တိုနီတခိတနိရဲ့ နာမည်အရင်းကလည်း တိုနီတခိတနိပဲ။

သူရဲ့ ခပ်ဆန်းဆန်းနာမည်၊ သူ့ရဲ့ ဆံပင်လိမ်ကောက်ကောက်နဲ့ သူ့ကိုယ်ဟန်အနေအထားတွေကြောင့် သူ့ကို ကပြား, ကလေးလေးလို့ ထင်မှတ်တတ်ကြတယ်။ အချိန်ကလည်း စစ်ပြီးစဆိုတော့ ပတ်ဝန်းကျင်မှာ အမေရိကန်သွေးနှောတဲ့ ကလေးတွေရှိနေတတ်တာလည်း ဆန်းမှမဆန်းပဲ။ ဒါပေမဲ့ တိုနီတခိတနိရဲ့ မိဘနှစ်ပါးစလုံးကတော့ တစ်ရာရာနှုန်း ဂျပန်လူမျိုးစစ်စစ်တွေပါ။ သူ့အဖေ ရှိုဇာဘုရိုတခိတနိက အတော်ကလေးကို အောင်မြင်ထင်ရှားတဲ့ ဂျက်ဇ်ခရာမှုတ်သမားတစ်ဦးပဲ။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်မီးကြီး စစချင်း သိပ်မကြာဘူး၊ မိန်းမနဲ့ပတ်သက်တဲ့ အရှုပ်အထွေးတစ်ခုကြောင့် တိုကျိုမြို့ကနေ ထွက်ပြေးရဖို့ ဖန်လာတယ်။ သူလည်း စဉ်းစားတယ်။ တိုကျိုမြို့မှာ နေလို့မဖြစ်တော့ဘူးဆိုရင်တော့ လွတ်ရာကျွတ်ရာကိုသာ ရောက်အောင်ပြေးတာ အကောင်းဆုံးပဲ။ ဒါနဲ့ နယ်စပ်ကိုဖြတ်ပြီး တရုတ်ပြည်ထဲကို ၀င်လာခဲ့တာ၊ သူ့ရဲ့ ခရာကြီးကလွဲလို့ သူ့လက်ထဲ ဘာတစ်ခုမှ ပါမလာခဲ့ဘူး။ အဲဒီအချိန်တုန်းကတော့ ရှန်ဟိုင်းဆိုတာက နာဂါဆကီမြို့ကနေ သင်္ဘောတစ်ရက်လောက်ပဲစီးရတဲ့ ခရီးကိုး။ နောက်ဆံတင်းစရာ ပိုင်ဆိုင်မှုဆိုလို့လည်း တိုကျိုမှာရော ဂျပန်တစ်နိုင်ငံလုံးမှာပါ ရှိုဇာဘုရိုအနေနဲ့ ဘာတစ်ခုမှ ပိုင်ခဲ့တာမဟုတ်ဘူး။ ဖောင်ဖျက်ပြီး ထွက်လာခဲ့တယ်လို့ပဲ ဆိုရမှာ။ သူတွေးမိတာ တစ်ခုပဲ ရှိတယ်။ အဆင်တန်ဆာနဲ့ ဆွဲဆောင်မှုတွေများတဲ့ ရှန်ဟိုင်းဟာ တိုကျိုထက်ပိုပြီး သူ့ကိုယ်ရည်ကိုယ်သွေးနဲ့ ရေကြည်ရာမျက်နုရာ ဖြစ်ပါ့မလား ဆိုတာပဲ။ ယန်ဇီမြစ်ကို ဆန်တက်နေတဲ့ သင်္ဘောရဲ့ ကုန်းပတ်ပေါ်မှာရပ်ပြီး နံနက်ခင်းနေရောင်အောက်မှာ ရိုးရိုးလေးလှနေတဲ့ ရှန်ဟိုင်းရဲ့ လမ်းသွယ်ကလေးတွေကြည့်ရင်း သူ အတွေးဆန့်နေမိတယ်။ အလင်းရောင်က သူ့မှာ အံ့မခန်းတောက်ပနေတဲ့ အနာဂတ်တစ်ခုရှိတယ်လို့ အာမခံနေသလိုပဲ။ အဲဒီအချိန်တုန်းက သူက နှစ်ဆယ့်တစ်နှစ်သား လူငယ်လေးတစ်ယောက်ကိုး။

ဂျပန်တွေ တရုတ်ပြည်ကို ၀င်တာကစလို့ ပုလဲဆိပ်ကမ်းဗုံးကျဲပြီး အနုမြူဗုံးနှစ်လုံး ကျခံရတဲ့အထိ စစ်မီးကြီးတောက်လောင်နေတဲ့ ကာလတစ်လျှောက်လုံး သူကတော့ ရေလိုက်ငါးလိုက်၊ ပေါ့ပေါ့ပါးပါးပဲ နေခဲ့တယ်။ ရှန်ဟိုင်းရဲ့ ညကလပ်တွေမှာ သူခရာမှုတ်ရင်းပျော်နေချိန် စစ်ရဲ့အနိဋ္ဌာရုံတွေက သူနဲ့ အဝေးကြီးဝေးတဲ့နေရာမှာ ဖြစ်နေခဲ့တာပဲ။ ရှိုဇာဘုရိုတခိတနိဆိုတဲ့လူဟာ သမိုင်းထဲ ၀င်ပါမယ့်၊ ဒါမှမဟုတ် သမိုင်းခေတ်တစ်ခုခုမှာ နေခဲ့တဲ့လူစားမျိုးတောင် ဟုတ်ပုံမရဘူး။ သူသိတာက သူ့သံစုံခရာကိုမှုတ်မယ်၊ တစ်နေ့ ထမင်းသုံးနပ်စားမယ်၊ အမျိုးသမီးအချို့ အနားမှာရှိမယ်ဆိုရင် ပြီးပြီ။ ပြီးတော့ သူက ဗြောင်ကျကျနေတတ်တယ်၊ ဘ၀င်တော့လည်း အတော်လေး မြင့်ပြန်တယ်။ ကိုယ့်ကိုယ်ကိုယ်အခြေပြုပြီးတော့ပဲ တွေးခေါ်လေ့ရှိတယ်ဆိုပေမယ့် သူ့အနီးအနားက လူတွေကို ဆက်ဆံတဲ့အခါကျတော့လည်း စိတ်ကောင်းထားပြီး ကြင်ကြင်နာနာရှိပါတယ်။ ဒါကြောင့်ပဲ လူအတော်များများက သူ့ကို ကြိုက်ကြတယ်။ ငယ်တယ်၊ ချောတယ်၊ ပြီးတော့ အရည်အချင်းရှိတဲ့ ဂီတသမားတစ်ဦး။ နှင်းထူထူထဲရောက်နေတဲ့ ကျီးကန်းတစ်ကောင်လိုပဲ သူကတော့ ဘယ်သွားသွား ထင်ရှားလျှက်ပဲ။ သူအတူအိပ်ခဲ့တဲ့ အမျိုးသမီးအရေအတွက်ကို သူ မမှတ်မိတော့ဘူး။ ဂျပန်၊ တရုတ်၊ ရုရှား၊ ဇိမ်မယ်၊ အိမ်ထောင်ရှင်၊ ရေဆေးငါး၊ ငါးရံ့ကိုယ်လုံး အို အစုံပဲ။ လိင်ကိစ္စမှာ အခွင့်အရေးကြုံတာနဲ့ မလွတ်တမ်း သူလုပ်ခဲ့တာပဲ။ သိပ်မကြာပါဘူး၊ သူ့ရဲ့ ထူးခြားတဲ့ သံစုံခရာနဲ့ ထူးခြားတဲ့လိင်စွမ်းရည်ကြောင့် ရှန်ဟိုင်းရဲ့ နှင်းဆီခိုင် ဖြစ်လာခဲ့တော့တယ်။

ရှိုဇာဘုရိုမှာ နောက်ထပ်စွမ်းတဲ့တစ်နေရာ ရှိသေးတယ်။ ဒါကို သူကိုယ်တိုင်တောင် သတိမထားမိခဲ့ပါဘူး။ အဲဒါကတော့ `အသုံးဝင်တဲ့´ မိတ်ဆွေတွေ ထားနိုင်တဲ့ သူ့ရဲ့ အရည်အချင်းပဲ။ စစ်တပ်က ရာထူးမြင့်ပုဂ္ဂိုလ်တွေ၊ သန်းကြွယ်သူဌေးတွေနဲ့ အခြား နယ်ပယ်ပေါင်းစုံက သြဇာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ သူက တရင်းတနှီးရှိတယ်။ အဲဒီလူတွေကလည်း မလွယ်ပေါက်ကတဆင့် စစ်မီးကြီးရဲ့ အသီးအပွင့်တွေကို ရိတ်သိမ်းစံစားနေရတဲ့လူတွေပဲ။ သူတို့ထဲက အများစုက ကုတ်အင်္ကျီအောက်မှာ ပစ္စတိုသေနတ်ထိုးထားပြီး အဆောက်အဦတစ်ခုကနေ အပြင်ကို ထွက်မယ်ဆိုရင် လမ်းမပေါ်ကို ဘယ်ညာ အရိပ်အခြေကြည့်ရတတ်တဲ့ လူစားမျိုးတွေ။ ဘာကြောင့်လဲတော့မသိဘူး၊ ရှိုဇာဘုရိုကိုကျတော့ သူတို့က ခင်ကိုခင်တာ။ သူပြဿနာပေါ်တယ်ဆိုရင် ဒီလူတွေက အလေးထားဖြေရှင်းပေးခဲ့ကြတာချည်းပဲ။

ဒါပေမဲ့ တစ်ခါတလေကျတော့လည်း အရည်အချင်းကပဲ ကိုယ့်ကိုဒုက္ခပြန်ပေးတတ်ပြန်တယ်။ စစ်ကြီးလည်းပြီးရော၊ တရုတ်စစ်တပ်က ရှိုဇာဘုရိုရဲ့ အဆက်အသွယ်နဲ့ အသိုင်းအ၀ိုင်းကို သတိပြုမိလာတယ်။ ဒါနဲ့ သူ့ကို ဖမ်းလိုက်တယ် ဆိုပါတော့။ တစ်နေ့ပြီးတစ်နေ့ သူ့လိုပဲ မနှီးရိုးစွဲ အကြောင်းပြချက်တွေနဲ့ အဖမ်းခံထားရတဲ့ လူတွေဟာ အကျဉ်းခန်းကလေးထဲက ဆွဲထုတ်ပြီး ခုံရုံးမတင်ဘဲ အဆုံးစီရင်တာ ခံကြရတယ်။ အစောင့်တွေရောက်လာမယ်၊ ပြီးရင် အကျဉ်းသားတွေကို ဆွဲထုတ်သွားမယ်၊ နောက်ဆုံး အော်တိုမစ်တစ်ပစ္စတိုသေနတ်နဲ့ ခေါင်းကို ပစ်ဖောက်လိုက်တာနဲ့ပဲ အဆုံးသတ်တယ်။ ရှိုဇာဘုရိုကတော့ သူ့ကိုယ်သူ သေလူလို့ တွက်ထားလိုက်တယ်။ ဒါပေမဲ့လည်း သေခြင်းတရားနဲ့ပတ်သက်ပြီး သူ သိပ်ပြီး မတုန်လှုပ်မိဘူး။ သူ့ဦးနှောက်တွေကို ဖောက်ခွဲပစ်လိုက်တာနဲ့ အရာအားလုံးဟာ ပြီးဆုံးသွားမှာပဲ။ နာကျင်ချိန်ဟာ စက္ကန့်ပိုင်းကလေးပဲ။ ဒီနှစ်တွေအတောအတွင်း ငါပျော်သလို ရှင်သန်ခဲ့တာပဲ၊ မိန်းမတွေအများကြီးနဲ့ အိပ်ခဲ့ပြီးပြီ။ အစားကောင်းအသောက်ကောင်းတွေ အများကြီးစားခဲ့ပြီးပြီ။ ပျော်ရွှင်စရာအချိန်တွေ အများကြီးဖြတ်သန်းခဲ့ဖူးပြီလို့ သူတွေးတယ်။ ငါတော့ မခံစားလိုက်ရဘူးရယ်လို့ ၀မ်းနည်းနေရမယ့် ဘ၀ရဲ့သုခဆိုလို့ သိပ်မရှိတော့ဘူး။ ဒါ့အပြင်လည်း အသတ်ခံရမယ့်အရေးနဲ့ပတ်သက်ပြီး ဆင်ခြေပေးနိုင်တဲ့ အခြေအနေမျိုးမှာလည်း သူက ရှိနေတာမဟုတ်ဘူး။ ဒီအတိုင်းပဲ ဖန်လာတာပဲ။ သိန်းနဲ့ချီတဲ့ ဂျပန်စစ်သားတွေ စစ်ပွဲမှာ သေခဲ့ကြရတယ်။ သူတို့ထဲက အများစုက အခုထက် အများကြီးပိုဆိုးတဲ့ သေခြင်းမျိုးနဲ့ပဲ။ ဒီလိုပဲ သူတွေးခဲ့တယ်။

အဲဒီလို သေဖို့စောင့်နေချိန်အတွင်း သူ့ရဲ့ ပြတင်းပေါက်ကျဉ်းကျဉ်းကလေးတဆင့် မျောလွင့်နေတဲ့တိမ်တွေကို ရှိုဇာဘုရို ငေးကြည့်နေမိတယ်။ သူ့အကျဉ်းခန်းကလေးရဲ့ ညစ်ပတ်ပတ်နံရံပေါ်မှာ သူအတူအိပ်ခဲ့ဖူးတဲ့ အမျိုးသမီးတွေရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်တွေကို စိတ်ကူးနဲ့ ပြန်ပုံဖော်ကြည့်တယ်။ ဒါပေမဲ့လည်း အဆုံးကျတော့ အဲဒီအကျဉ်းထောင်ကနေ အသက်ရှင်ရက် ဂျပန်ကို ပြန်ပို့ခံရတဲ့ အကျဉ်းသားနှစ်ယောက်ထဲက တစ်ယောက်ဟာ သူဖြစ်နေခဲ့တယ်။ ရာထူးမြင့်စစ်အရာရှိတစ်ယောက်ဖြစ်တဲ့ တခြားတစ်ယောက်က အဲဒီအချိန်မှာ သတိလစ်လုနီးနီး ဖြစ်နေတယ်။ ရှိုဇာဘုရိုကတော့ သင်္ဘောကုန်းပတ်ပေါ်မှာ ရပ်ပြီး အဝေးမှာ တဖြည်းဖြည်း မှုန်ဝါးပြီးကျန်ခဲ့တဲ့ ရှန်ဟိုင်းမြို့ရဲ့ လမ်းကလေးတွေကို ကြည့်နေမိတယ်။ သူတွေးနေခဲ့တဲ့အတွေးက ဘ၀ဆိုတာကို ငါ ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး ဆိုတာပဲ။

၁၉၄၆ ခုနှစ် နွေဦး၊ စစ်ကြီးပြီးလို့ ကိုးလအကြာမှာ ရှိုဇာဘုရိုတခိတနိတစ်ယောက် ဂျပန်ကို ပြန်ရောက်ခဲ့တယ်။ လက်ဆုပ်လက်ကိုင်ပြစရာ ပိုင်ဆိုင်မှု ဘာတစ်ခုမှမရှိ၊ ပိန်ချုံးငတ်ပြတ်ပြီး ပြန်ရောက်လာခဲ့တာပဲ။ ၁၉၄၅၊ မတ်လ တိုကျိုကို လေကြောင်းကဗုံးကျဲတော့ သူ့မိဘနှစ်ပါးရဲ့ အိမ်လည်း ပြာကျသွားခဲ့တယ်လို့ သူသိရတယ်။ မိဘနှစ်ပါးစလုံး သေသွားတယ်။ သူ့ရဲ့ တစ်ဦးတည်းသော အစ်ကိုက မြန်မာပြည်စစ်မြေပြင်မှာ သတင်းအစအနမရဘဲ ပျောက်နေတယ်။ တစ်နည်းအားဖြင့်တော့ ရှိုဇာဘုရိုဟာ လောကကြီးထဲမှာ တစ်ကောင်ကြွက်တစ်မျက်နှာ ကျန်ခဲ့တာပဲ။ ဒါလည်း သူ့ကို အကြီးအကျယ် စိတ်ထိခိုက်စေတာမျိုးတော့ မရှိဘူး။ ဘယ်လိုပြောမလဲ၊ အနည်းဆုံး သူ့အနေနဲ့ ထူးပြီးဝမ်းနည်းမနေနိုင်တော့ဘူး။ ဟာတာတာခံစားချက်မျိုး သူခံစားရတာတော့ အမှန်ပဲ၊ ဒါပေမဲ့ လူတိုင်းဟာ အနှေးနဲ့အမြန်တော့ အဖော်မဲ့အဆုံးသတ်သွားရမှာချည်းပဲလို့ သူ ယုံကြည်ထားခဲ့တယ်။ အဲဒီအချိန်မှာ သူ့အသက်က သုံးဆယ်ကျော်နေပြီ။ အထီးကျန်မှုအတွက် စောဒကတက်နေစရာ အသက်အရွယ်ကို ကျော်ခဲ့ပြီလို့ပဲ ဆိုရမယ်။ ရုတ်တရက် နှစ်ပေါင်းများစွာအိုစာသွားသလို သူခံစားရတယ်။ ဒါပေမဲ့ ဒါကလည်း ခံစားရတာသက်သက်ပဲ။ အခြားစိတ်ခံစားမှုတွေတော့ သူ့စိတ်ထဲ ခိုအောင်းနေတာ မရှိဘူး။

တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ ရှိုဇာဘုရိုတစ်ယောက် အသက်ရှင်အောင် စွမ်းဆောင်နိုင်ခဲ့တယ်ဆိုပါတော့။ ပြီးတဲ့နောက်တော့ ဘယ်လိုဆက်ရှင်သန်ရမယ်ဆိုတဲ့အကြောင်း သူ,စတွေးရတော့တယ်။

သူက တစ်လိုင်းတည်းသမားဖြစ်ခဲ့သူပီပီ သူ့ရဲ့ လိုင်းတူ အပေါင်းအဖော်ဟောင်းတွေကိုပဲ ပြန်လည်ရှာဖွေရတယ်။ ပြီးတော့ ဂျက်ဇ်တီးဝိုင်း အသေးကလေးတစ်ခု ဖွဲ့စည်းပြီး အမေရိကန်စစ်အခြေစိုက်စခန်းမှာ သွားတီးတယ်။ ဒီတစ်ခါလည်း အပေါင်းအသင်းဆံ့တဲ့ သူ့အရည်အချင်းကြောင့်ပဲ ဂျက်ဇ်ဝါသနာအိုး အမေရိကန်စစ်ဗိုလ်မှူးတစ်ယောက်နဲ့ ချိတ်ဆက်မိတယ်။ နယူးဂျာဆေက အီတာလျှံ-အမေရိကန် ကပြားပဲ၊ ကိုယ်တိုင်လည်း ခရာကောင်းကောင်းမှုတ်နိုင်တယ်။ အားလပ်ချိန်တွေကျရင် သူတို့နှစ်ယောက် တတွဲတွဲဖြစ်လာခဲ့တယ်။ ဗိုလ်မှူးက သူလိုချင်တဲ့ ဓာတ်ပြားတွေအားလုံး အမေရိကက တိုက်ရိုက်မှာပေးတယ်။ ဒီလိုနဲ့ ရှိုဇာဘုရိုတစ်ယောက် ဗိုလ်မှူးရဲ့တပ်ရင်းကိုသွားပြီး နာမည်ကျော်ဂျက်ဇ်ဂီတသံစဉ်တွေကိုချည်း နားထောင်နေဖြစ်တော့တယ်။ နားထောင်ရသမျှကိုလည်း ကိုယ်တိုင်တီးနိုင်အောင် သူ့ဘာသူ လေ့ကျင့်ယူတယ်။ ဗိုလ်မှူးကတော့ သူ့ကို နို့၊ အရက်စသည် အဲဒီကာလက သာမန်လူတွေ အနားမသီနိုင်တဲ့ စားကောင်းသောက်ဖွယ်တွေ အလျှံပယ်ဖြည့်ဆည်းပေးထားတာပဲ။ မဆိုးလှဘူး။ အသက်ရှင်နေထိုင်ဖို့အတွက် မဆိုးလှတဲ့ ကာလအပိုင်းအခြားတစ်ခုလို့ ရှိုဇာဘုရို ယူဆတယ်။

၁၉၄၇ ခုနှစ်ကျတော့ အမေ့ဖက်က ခပ်လှမ်းလှမ်းတော်စပ်တဲ့ နှမ၀မ်းကွဲတစ်ယောက်ကို သူ လက်ထပ်လိုက်တယ်။ တစ်နေ့ လမ်းပေါ်မှာ မထင်မှတ်ဘဲ ပြန်တွေ့ခဲ့ကြတာပဲ။ လက်ဖက်ရည်သောက်ရင်း အမျိုးတွေအကြောင်း သတင်းဖလှယ်၊ ရှေးဟောင်းနှောင်းဖြစ်တွေ စမြုံ့ပြန်မိကြတယ်။ သိပ်မကြာဘူး၊ သူတို့ အတူတူနေဖြစ်ခဲ့ကြတယ်။ သူ့မှာ (အခြားသူနဲ့ရတဲ့) ကိုယ်ဝန်ရှိနေလို့လည်း ဖြစ်ကောင်းဖြစ်မယ်၊ မသေချာဘူး။ အနည်းဆုံးတော့ ဒါက တိုနီတခိတနိ သူ့အဖေ့ဆီက ပြန်ကြားခဲ့ရတဲ့ ဇာတ်လမ်းပဲ။ သူ့အမေက ချစ်စရာကောင်းတယ်၊ စကားနည်းတယ်။ ဒါပေမဲ့ သိပ်ပြီးကျန်းမာလှတာ မဟုတ်ဘူး။ လက်ထပ်ပြီး တစ်နှစ်အကြာမှာပဲ တိုနီလေးကို မွေးတယ်၊ မီးဖွားပြီး သုံးရက်အကြာမှာ သူဆုံးသွားတာပဲ။ ဒီလိုပဲ ဖန်လာတယ်။ ဖန်လာသလိုပဲ သူ့ကို မြန်မြန်တိတ်တိတ် မီးသဂြုင်္ိဟ်လိုက်တယ်။ သူ့ဘ၀မှာ ပြောပြစရာ အပူရယ်၊ ဒုက္ခရယ်လို့ သိပ်မရှိခဲ့ဘူး။ ဒီလိုပဲ သေသွားတော့လည်း တစ်စုံတစ်ယောက်က ဇာတ်စင်နောက်သွားပြီး မီးကြိုးကို တိခနဲဖြတ်ချလိုက်သလို အမှောင်ထဲ ပျောက်ကွယ်သွားခဲ့တာပဲ။

ဒီကိစ္စအတွက် ဘယ်လိုခံစားချက်မျိုး ထားသင့်သလဲဆိုတာ ရှိုဇာဘုရို ဝေခွဲမရခဲ့ဘူး။ ဒီလိုခံစားချက်မျိုးတွေနဲ့ သူဟာ အစိမ်းသက်သက်ဖြစ်နေခဲ့တယ်။ သေခြင်းတရားဆိုတဲ့အရာနဲ့ နီးစပ်တာတစ်ခုခုကိုတောင် သူ မှန်းမကြည့်နိုင်သလိုပဲ။ ဒါမှမဟုတ်လည်း သေခြင်းတရားကိုအသာထား၊ သူ့ဇနီးသေဆုံးရတဲ့ကိစ္စတစ်ခုတည်းအတွက်ကို သူ့မှာ မှတ်ချက်တစ်ခုခုပေးနိုင်စွမ်းမရှိ ဖြစ်ခဲ့တယ်။ သူလုပ်နိုင်တာက အရာအားလုံးကို ကြိုက်ကြိုက်, မကြိုက်ကြိုက် မျိုချလိုက်ဖို့ပဲ။ ပြုပြင်ပြောင်းလဲခွင့်မှ မရှိတာ။ ဒီလိုနဲ့ သူ့ရင်ထဲမှာ အစိုင်အခဲတစ်ခုခုဟာ အလိုလိုခိုကပ်နေသလို သူ ခံစားလာရတယ်။ အဲဒါဟာ ဘာလဲ၊ အဲဒီကို ဘာကြောင့်ရောက်နေရသလဲ သူမသိဘူး။ အဲဒီအစိုင်အခဲဟာ သူ့ရင်ထဲမှာ ရှိနေပြီး ဖြစ်ပြီးသမျှတွေအကြောင်း သူပြန်စဉ်းစားတဲ့အခါတိုင်း သူ့ကို အနှောင့်အယှက်ပေးတယ်။ ဒါပဲ သူသိတယ်။ ဇနီးဆုံးပြီးတော့ တစ်ပတ်တိတိကြာအောင် သူ ဘာအကြောင်းမှ မစဉ်းစားဘဲ နေခဲ့တယ်။ ဆေးရုံမှာ ကျန်ခဲ့တဲ့ လူမမယ် ကလေးလေးကိုတောင် သူ မေ့နေတဲ့အထိပဲ။

ဗိုလ်မှူးကတော့ ရှိုဇာဘုရိုကို ရင်အုပ်မကွာ စောင့်ရှောက်ရှာတယ်။ သူ စိတ်သက်သာရာရဖို့ လုပ်နိုင်တာမှန်သမျှ အကုန်လုပ်ပေးတယ်။ နေ့တိုင်းနီးပါး တပ်ရင်းထဲမှာ သူတို့ အရက်အတူ သောက်ဖြစ်ကြတယ်။ `မောင်ရင် ကိုယ့်ကိုယ်ကိုယ်ပဲ ထိန်းရမှာပေါ့´ လို့ ဗိုလ်မှူးက ရှိုဇာဘုရိုကို ပြောတတ်တယ်။ `သေချာတာတစ်ခုက ကလေးကို မောင်ရင် လူလားမြောက်လာအောင် မွေးရတော့မှာပဲ´။ ဒီစကားတွေကလည်း ရှိုဇာဘုရိုအတွက်တော့ ဘာအဓိပ္ပာယ်မှမရှိဘူး။ ခေါင်းညိတ်ပြီး ခပ်ဆိတ်ဆိတ်ပဲ နေနေလိုက်တယ်။ `ဟေ့ မောင်ရင်။ ကျုပ်ကို ကောင်လေးရဲ့ ခေါင်းကိုင်ဖခင် လုပ်ခွင့်ပြုမလား။ ကျုပ်သူ့ကို ကင်ပွန်းတပ်ပေးမယ်´ လို့ တစ်နေ့တော့ ဗိုလ်မှူးက ရုတ်တရက်ပြောလာတယ်။ ရှိုဇာဘုရို အလန့်တကြားတွေးမိသွားတယ်။ အို ငါကလေးကို နာမည်တောင် မပေးရသေးပါလား။

ဗိုလ်မှူးက သူ့ရဲ့ နာမည်ကို တိုနီလို့ပဲ ကင်ပွန်းတပ်ဖို့ အကြံပေးတယ်။ တိုနီဆိုတာက ဂျပန်ကလေးတွေကို ပေးရမယ့်နာမည်တော့မဟုတ်ဘူး။ ဒါပေမဲ့ ဒါကိုလည်း ဗိုလ်မှူးက စဉ်းစားမိပုံမရဘူး။ ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ ရှိုဇာဘုရိုက စာရွက်တစ်ရွက်ပေါ်မှာ တိုနီတခိတနိလို့ရေးပြီး နံရံမှာ ကပ်ထားလိုက်တယ်။ အဲဒီနာမည်လေးကိုပဲ ရက်ပေါင်းများစွာကြာတဲ့အထိ သူငေးကြည့်နေမိတယ်။ တိုနီတခိတနိ။ မဆိုးပါဘူး။ မဆိုးပါဘူး။ အမေရိကန်တွေ ဂျပန်ကို သိမ်းထားတာက ခဏလောက်ပါ၊ ဂျပန်ကလေးတွေမှည့်ဖို့ အမေရိကန်နာမည်တွေကတော့ အချိန်အတော်ကြာထိ ဆက်ရှိနေမှာလို့ သူ တွေးမိလိုက်သေးတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုနာမည်မျိုးနဲ့ နေရတဲ့ ကလေးတစ်ယောက်အတွက်ကတော့ သိပ်ပြီး ပျော်စရာမကောင်းလှဘူး။ ကျောင်းက တခြားကလေးတွေက သူ့ကို `မျိုးမစစ်´ လို့ ခေါ်ကြတယ်။ ပြီးတော့ သူ့နာမည်ကို ပြောလိုက်တိုင်း လူတွေရဲ့တုန့်ပြန်မှုမှာ ဇဝေဇ၀ါ၊ ဒါမှမဟုတ် မနှစ်မြို့တဲ့ အရိပ်အငွေ့တွေ ပါနေတတ်တယ်။ တချို့က နောက်စရာလားလို့ ပြန်ပြောပြီး၊ တချို့က ဒေါသထွက်ကြတယ်။ တိုနီတခိတနိဆိုတဲ့ ကလေးနဲ့ မျက်နှာချင်းဆိုင်တွေ့လိုက်ရတဲ့ လူတွေအဖို့ သူတို့မှာရှိတဲ့ (စစ်ကြီးနဲ့ပတ်သက်တဲ့) အနာဟောင်းတွေကို ပြန်ဆွခံလိုက်ရသလို ခံစားရတယ် မဟုတ်လား။

ဒီလိုအတွေ့အကြုံတွေကပဲ ကောင်လေးကို လောကကြီးနဲ့ ကင်းကွာအောင် ဖန်တီးခဲ့တာဖြစ်မယ်။ သူ့မှာ မိတ်ဆွေအရင်းအချာဆိုလို့ ဘယ်တုန်းကမှ မရှိခဲ့သလို၊ ဒီအချက်ကလည်း သူ့ကို နာကျင်အောင်လုပ်နိုင်စွမ်း မရှိခဲ့ဘူး။ သူ့ဘာသူ တစ်ယောက်တည်းနေရတာကိုပဲ သူအသားကျခဲ့တယ်။ ဒါဟာလည်း အသက်ရှင်နေထိုင်နည်း တစ်မျိုးပဲ။ သူ့အဖေက အမြဲလိုလို သူ့တီးဝိုင်းနဲ့အတူ ခရီးထွက်နေလေ့ ရှိတယ်။ လူမမယ်ကလေးတုန်းကတော့ နေ့ဖက်တွေမှာ တိုနီ့ကို ကျွေးမွေးပြုစုဖို့ အိမ်စေတစ်ယောက်လာလေ့ရှိတယ်။ ဒါပေမဲ့ မူလတန်းအပြီး နှစ်မှာတော့ တိုနီဟာ အိမ်စေမပါဘဲ သူ့ဘာသူ တစ်ယောက်တည်း ရပ်တည်လာနိုင်ခဲ့တယ်။ သူစားဖို့ သူ့ဘာသာချက်ပြုတ်တယ်၊ ညဖက်တွေကျရင် အတွင်းက ဂျက်ချပြီး တစ်ယောက်တည်း အိပ်ယာဝင်မယ်။ လူစိမ်းတစ်ယောက် သူ့နားမှာ ရစ်သီရစ်သီရှိနေတာထက်စာရင် ဒီလိုနေတာကပဲ သူ့အတွက်ပိုပြီး အဆင်ပြေတယ်။

ရှိုဇာဘုရိုကတော့ အိမ်ထောင်ထပ်မပြုတော့ဘူး။ သူ့မှာ တွဲနေတဲ့မိန်းကလေးတွေ အများကြီးရှိတာတော့ အမှန်ပဲ၊ ဒါပေမဲ့ တစ်ယောက်ကိုမှ သူ အိမ်ကို မခေါ်လာခဲ့ဖူးဘူး။ သူ့သားလိုပဲ သူလည်း တစ်ယောက်တည်းနေတတ်တဲ့ လူမျိုးကိုး။ ဒီလိုနဲ့ သူတို့ သားအဖနှစ်ယောက်ဟာ မယုံနိုင်စရာကောင်းလောက်အောင် တစ်ယောက်နဲ့တစ်ယောက် ကင်းကွဲနေခဲ့ကြတယ်။ ဒါပေမဲ့ သူတို့လို လူမျိုးတွေအတွက်တော့ အကျင့်ဖြစ်နေတဲ့ တစ်ကိုယ်တော်သာယာမှု ကိုယ်စီနဲ့ တစ်ယောက်ကိုတစ်ယောက် စကားစမြည်ဖွင့်ဟဖို့တောင် ဘယ်သူကမှ အစမပြုခဲ့ကြဘူး။ သားအဖအချင်းချင်း စကားတစ်ခွန်းနှစ်ခွန်းတော့ ပြောသင့်တယ်ရယ်လို့ ဘယ်သူကမှလည်း ယူဆကြပုံမပေါ်ဘူး။ ရှိုဇာဘုရိုတခိတနိအနေနဲ့ ဖခင်တစ်ယောက်လုပ်ဖို့ အံမ၀င်သလို၊ တိုနီတခိတနိ အနေနဲ့လည်း သားတစ်ယောက်ဖြစ်ဖို့ ခွင်မကျခဲ့ဘူး။

တိုနီလေးက ပုံဆွဲဝါသနာပါတယ်။ အခန်းတံခါးကိုပိတ်ပြီး နေ့စဉ်နေ့တိုင်း ပုံဆွဲရင်းနဲ့ပဲ နာရီပေါင်းများစွာ ကုန်ဆုံးလေ့ရှိတယ်။ စက်ပစ္စည်းတွေရဲ့ ပုံကို ကူးဆွဲရတာကို သူက ထူးထူးခြားခြား ၀ါသနာထုံတယ်။ သူ့ပုံဆွဲခဲတံကို အပ်ဖျားလို မြနေအောင် ချွန်ထားမယ်၊ ပြီးရင် စက်ဘီး၊ ရေဒီယို၊ အင်ဂျင်စက် စသည်ဖြင့်၊ စက်ပစ္စည်းပုံတွေကို ရှင်းရှင်းလင်းလင်း တိတိကျကျနဲ့ အလွန်အသေးစိတ်အောင် သူဆွဲနေပါလိမ့်မယ်။ သစ်ပင်ပုံဆွဲမယ်ဆိုရင်လည်း သစ်ရွက်တစ်ရွက်က အကျောမွှာကလေးတွေ အားလုံးပါအောင် သူက ဆွဲလေ့ရှိတယ်။ ပုံတွေကို ဒီလိုပဲဆွဲရမယ်လို့ သူ ယူဆထားခဲ့တာပဲ။ အခြားဘာသာရပ်တွေနဲ့မတူဘဲ အနုပညာနဲ့ပတ်သက်တဲ့ သူ့ရဲ့အဆင့်တွေက အမြဲတမ်း ထူးချွန်အဆင့်မှာချည်း ရှိခဲ့တယ်။ ကျောင်းက ပုံဆွဲပြိုင်ပွဲတွေမှာဆို များသောအားဖြင့် ပထမဆုဆိုတာ သူ့အတွက်ပဲ။

ဒီတော့လည်း တိုနီတခိတနိအနေနဲ့ အထက်တန်းကျောင်းကနေ သရုပ်ဖော်ဆရာတစ်ယောက်ဖြစ်ဖို့ အနုပညာကျောင်းကိုသွားမယ်ဆိုတာက သဘာဝကျခဲ့တာပဲ။ သူ့အနေနဲ့က အခြားအလားအလာ တစ်ခုခုကို မျှော်မှန်းနေစရာကို မရှိခဲ့ဘူး။ သူ့နဲ့တန်းတူ လူငယ်ကလေးတွေ ဘ၀အတွက် ဘယ်လမ်းလိုက်ရပါ့မလဲ စဉ်းစားရင်း ခေါင်းကြီးနေချိန်မှာ တိုနီကတော့ နှစ်ခါပြန်မစဉ်းစားရဘဲ စက်ပိုင်းဆိုင်ရာ ပုံဆွဲသူတစ်ယောက်ဖြစ်ဖို့ပဲ ရွေးချယ်ခဲ့တယ်။ အဲဒီအချိန်က လူငယ်အများစုဟာ တည်ဆဲအခြေအနေတွေကနေ ပြင်းပြင်းထန်ထန် ရုန်းကန်ဖောက်ထွက်နေကြတဲ့အချိန်ဆိုတော့ သူနဲ့ခေတ်ပြိုင်တွေထဲမှာ အနုသုခုမတွေနဲ့ပတ်သက်ပြီး တန်ဖိုးထားမယ့်သူ မရှိသလောက်ပဲ။ သူ့ရဲ့ ပန်းချီကျောင်း ပါမောက္ခဆရာက သူဆွဲထားတဲ့ပုံတွေကိုကြည့်ပြီး မချိုမချဉ်ပြုံးတယ်။ သူ့အတန်းဖော်တွေက အတွေးအခေါ်မပါဘူးရယ်လို့ ဝေဖန်တယ်။ တိုနီအနေနဲ့ကလည်း သူတို့ပြောတဲ့ အတွေးအခေါ်ဆိုတာကြီးပါတဲ့၊ အခြားလူတွေဆွဲတဲ့ ပုံတွေဟာ ဘာများကောင်းနေသလဲ နားမလည်နိုင်ဘူး။ တိုနီ့အမြင်အရ သူတို့ဆွဲတာတွေဟာ အခြေခံမပိုင်ဘူး၊ မလှဘူး၊ မတိကျဘူး၊ ဒီလိုပဲ မြင်တယ်။

ကောလိပ်က ဘွဲ့ရတဲ့အခါကျတော့လည်း တိုနီ့အတွက် အရာအားလုံးပြောင်းလဲသွားခဲ့တယ်။ သူ့ရဲ့ လက်တွေ့ကျတဲ့ ပုံဆွဲနည်းနဲ့ ထုသားပေသားကျနေတဲ့ အလေ့အကျင့်တွေရဲ့ ကျေးဇူးလို့ပဲ ဆိုရမယ်၊ အလုပ်ရဖို့အတွက် တိုနီ လုံးဝပူပန်စရာမလိုခဲ့ဘူး။ ဗိသုကာနဲ့ ရှုပ်ရှုပ်ထွေးထွေး စက်ပစ္စည်းတွေမှာ တိုနီရဲ့ တိကျအသေးစိတ်မှုကို ဘယ်သူမှ လိုက်မမီဘူး။ `အစစ်ထက်တောင် ပိုပြီးစစ်လို့ ခက်နေတယ်´ လို့ ပြောတတ်ကြတယ်။ သူ့ ခဲခြစ်တွေက ဓာတ်ပုံရိုက်ထားတာထက်ကို ပိုပြီး အသေးစိတ်တယ်။ ပြီးတော့ စကားလုံးတွေနဲ့ ပုံစာထိုးစရာမလိုတော့လောက်အောင်ကို ရှင်းလင်းတယ်။ တမဟုတ်ချင်းပဲ တိုနီဟာ အားလုံးအတွက် လက်လွှတ်လို့မရတဲ့ သရုပ်ဖော်ဆရာဖြစ်လာတယ်။ သူကလည်း သူ့အလုပ်ကို ပျော်တယ်၊ ဒီတော့လည်း ၀င်ငွေကောင်းကောင်း ရလာတယ်။ သူ့အလုပ်ကို ထိခိုက်စေနိုင်လောက်တဲ့ ယောက်ျားဝါသနာတွေလည်း တိုနီ့ဆီမှာ မရှိဘူး။ ဒီလိုနဲ့ သူ့အသက် သုံးဆယ့်ငါးနှစ်လောက် အရောက်မှာပဲ အတော်အသင့်ကြွယ်ဝတဲ့အဆင့် ရောက်အောင် စုဆောင်းလာနိုင်ခဲ့တယ်။ တိုကျိုမြို့စွန်က လူကုံတန်ရပ်ကွက်၊ ဆဲတာဂါယာမှာ သူ အိမ်ကြီးကြီးတစ်လုံး ၀ယ်လိုက်တယ်။ ဒါ့အပြင် ငှားရမ်းခရတဲ့ သူပိုင် တိုက်ခန်းတွေလည်း အများအပြား ရှိသေးတယ်။ ဒါတွေအားလုံးကို သူ့စာရင်းကိုင်ကပဲ အားလုံး ထိန်းသိမ်းထားခဲ့တယ်။

တိုနီ့အနေနဲ့ ဒီအခြေအနေရောက်တဲ့အထိ ဘ၀မှာ အမျိုးသမီးအတော်များများနဲ့ ပတ်သက်ဖူးပြီးခဲ့ပါပြီ။ တစ်ယောက်နဲ့ဆိုရင် ခဏတဖြုတ် အတူတောင် နေခဲ့လိုက်သေးတယ်။ ဒါပေမဲ့ အိမ်ထောင်ပြုဖို့တော့ သူ တစ်ခါမှ မစဉ်းစားဖူးခဲ့ဘူး။ အိမ်ထောင်ပြုရမယ်ရယ်လို့ သူ ဘယ်တုန်းကမှ မခံစားဖူးဘူး။ အလျှော်အဖွပ်၊ အချက်အပြုတ်၊ သန့်ရှင်းရေး ဒါတွေအားလုံး သူ့ဘာသာ လုပ်နိုင်တာပဲ။ တကယ်လို့ အလုပ်များနေလို့ အချိန်မပေးနိုင်ခဲ့ရင် အိမ်စေတစ်ယောက် သူ ငှားလိုက်ရုံပဲ။ ရင်သွေးဘာညာ ရဖို့လည်း သူတစ်ခါမှ အာသီသမရှိဖူးဘူး။ သူ့အဖေလို မိတ္တဗလမျိုး မပိုင်ဆိုင်လို့ အကြံဉာဏ်ပေးမယ့်၊ ဒါမှမဟုတ် ရင်ဖွင့်ရမယ့် နောက်ဆုံး တစ်ခွက်တစ်ဖလား အတူသောက်နိုင်တဲ့ မိတ်ဆွေရယ်လို့တောင် မယ်မယ်ရရ သူ့မှာ မရှိခဲ့ဘူး။ ဒါပေမဲ့ နေ့စဉ်ဘ၀မှာ ဆက်ဆံနေရတဲ့ လူတွေနဲ့တော့ သူဟာ အမြဲတမ်း လိုက်လျှောညီထွေပဲ။ ဘ၀င်မြင့်တာ၊ ကြွားဝါတာမျိုး သူ့မှာ မရှိဘူး။ သူ့အတွက် အခွင့်အရေးယူတာမျိုးမရှိသလို အခြားလူတွေကို နှိမ်ချဆက်ဆံတာမျိုးလည်း မရှိဘူး။ ဒီတော့လည်း သူ့ကိုသိတဲ့လူတွေ အားလုံးလိုလိုက သူ့ကို သဘောကျကြတယ်။ သူ့အဖေနဲ့လည်း နှစ်နှစ်၊ သုံးနှစ်လောက် နေလို့မှ တစ်ခါလောက်ပဲ တွေ့ဖြစ်ကြတယ်။ ဒါတောင် အလုပ်ကိစ္စ ပြောစရာဆိုစရာ ရှိမှပဲ။ ပြောစရာကိစ္စပြီးရင် သားအဖနှစ်ယောက်စလုံး ထပ်ပြောစရာ ရှာမတွေ့တော့ဘူး။ ဒီလိုနည်းနဲ့ပဲ တိုနီတခိတနိရဲ့ ဘ၀ဟာ တိတ်တိတ်ဆိတ်ဆိတ်၊ အေးအေးချမ်းချမ်း ကုန်ဆုံးနေခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ တိုနီ အချစ်ကို ရှာတွေ့သွားခဲ့တယ်။ ကောင်မလေးက ပုံနှိပ်ထုတ်ဝေရေး ကုမ္ပဏီတစ်ခုမှာ အချိန်ပိုင်း အလုပ်လုပ်တယ်။ တိုနီ့ဆီကို သရုပ်ဖော်ပုံတွေ လာရွေးရင်း ရောက်ခဲ့တာပဲ။ အသက်နှစ်ဆယ့်တစ်နှစ်၊ ပြုံးစစနဲ့ သိမ်မွေ့တဲ့ ကောင်မလေးပါပဲ။ သူ့ရုပ်ရည်လေးက နှစ်လိုဖွယ်ကောင်းတာ အမှန်ပဲ၊ ဒါပေမဲ့ ဓမ္မဓိဋ္ဌာန်ကျကျ ပြောမယ်ဆိုရင်တော့ သူ့မှာ ထူးခြားတဲ့အလှ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့မှာ တိုနီ့ရဲ့နှလုံးသားကို တဒိုင်းဒိုင်းခုန်သွားအောင် လုပ်နိုင်တဲ့ တစ်စုံတရာရှိနေတာတော့ အသေအချာပဲ။ ကောင်မလေးကို ပထမဆုံးတွေ့တဲ့ အခိုက်အတန့်မှာပဲ သူ့ရင်တစ်ခုလုံး တင်းကြပ်သွားတယ်၊ အသက်တောင် ဘယ်လိုရှူရမလဲ မသိခဲ့ဘူး။ ဒီလောက်ပြင်းပြင်းထန်ထန် ရိုက်ခတ်မိအောင် ဘာက သူ့ကို ဆွဲဆောင်ခဲ့သလဲ သူကိုယ်တိုင်တောင် ဝေခွဲမရခဲ့ဘူး။

နောက်တစ်ချက်အနေနဲ့ သူ့အာရုံကို ဆွဲဆောင်ခဲ့တာက ကောင်မလေးရဲ့ အ၀တ်အစားပဲ။ သာမန်အားဖြင့်တော့ လူတွေ ဘာဝတ်သလဲဆိုတာ သူ စိတ်ဝင်တစားရှိခဲ့တာ မဟုတ်ဘူး၊ ဒါပေမဲ့ ကောင်မလေးရဲ့ ၀တ်စားဆင်ယင်မှုကတော့ ရင်သပ်ရှုမောစရာပဲ။ သူ့ကို အတော်လေး ဆွဲဆောာင်နိုင်ခဲ့တယ်။ တကယ်ဆို သူ့ကို လှုပ်နှိုးလိုက်တာလို့တောင် ပြောရမယ်။ လှလှပပ၊ သပ်သပ်ရပ်ရပ်ဝတ်တတ်တဲ့ မိန်းကလေးတွေ၊ ဆွဲဆောင်မှုရှိအောင် ၀တ်တတ်တဲ့ မိန်းကလေးတွေ ပတ်ဝန်းကျင်မှာ တစ်ပုံကြီးရှိပါတယ်။ ဒါပေမဲ့ ဒီကောင်မလေးကတော့ မတူဘူး။ လုံးလုံးလျားလျား မတူဘူး။ သူဝတ်ထားပုံက သဘာဝအတိုင်း၊ ကျက်သရေရှိနေတဲ့ ပုံစံမျိုး။ ငှက်ကလေးတစ်ကောင်ဆိုရင် အခြားကမ္ဘာတစ်ခုထိ ရောက်အောင် ပျံသန်းသွားဖို့ အထူးပြုလုပ်ထားတဲ့ အတောင်ပံကလေး လွှမ်းခြုံထားသလိုပဲ။ ဒီလောက်ပွဲကျအောင် ၀တ်နိုင်တဲ့မိန်းကလေးမျိုး သူ့တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ခဲ့ဖူးဘူး။

ကောင်မလေးပြန်သွားပြီးတော့ တိုနီ သူ့အလုပ်စားပွဲခုံမှာထိုင်ပြီး ငိုင်နေမိတယ်။ ညနေစောင်းလို့ တစ်ခန်းလုံး အမှောင်ဖုံးသွားတဲ့အထိ ဘာအလုပ်မှ လုပ်ဖို့ သတိမရတော့ဘူး။

နောက်တစ်နေ့ကျတော့ ပုံနှိပ်တိုက်က အလုပ်ရှင်ဆီ ဖုန်းဆက်ပြီး ကောင်မလေး သူ့ဆီ ထပ်ရောက်လာဖို့ ရမယ်ရှာရတယ်။ အလုပ်ကိစ္စ ပြောဆိုပြီးတော့ နေ့လည်စာစားဖို့ ကောင်မလေးကို ဖိတ်တယ်။ စားရင်းသောက်ရင်း စကားအနည်းအကျဉ်းပြောကြတယ်။ ထူးတော့ထူးဆန်းတယ်၊ အသက်ဆယ့်ငါးနှစ်လောက် ကွာနေပေမယ့်လည်း သူတို့အချင်းချင်း ထပ်တူကျတဲ့ အချက်တွေ အတော်များများ တွေ့ခဲ့ရတယ်။ အကြောင်းအရာ အတော်များများမှာ သဘောထားချင်းတိုက်ဆိုင်တယ်။ တိုနီ့အနေနဲ့ အရင်တုန်းက ဒီလိုမျိုး တစ်ခါမှ မကြုံရဖူးဘူး။ ကောင်မလေးလည်း ထို့အတူပဲ။ အစတော့ သူက မရဲတရဲဖြစ်နေသေးတယ်။ ဒါပေမဲ့ တဖြည်းဖြည်း ပေါ့ပေါ့ပါးပါးဖြစ်လာလိုက်တာ ရယ်ရယ်မောမောနဲ့ စကားတွေ တတွတ်တွတ်ပြောတဲ့ အထိပဲ။

`မင်းက တကယ်ကို ၀တ်တတ်တယ်နော်´ လို့ ပြန်ခါနီးကျတော့ တိုနီက ပြောလိုက်တယ်။
`အင်း ကျွန်မက အ၀တ်အစားဝါသနာပါတယ်´ လို့ ရှက်ပြုံးလေးနဲ့ သူက ဖြေတယ်။ `ကျွန်မပိုက်ဆံကတော့ အ၀တ်အစားဖိုးနဲ့ ကုန်တာပဲ´

အဲဒါပြီးတော့ သူတို့ တစ်ခါနှစ်ခါ ထပ်ချိန်းဖြစ်ကြတယ်။ တစ်နေရာရာကို တစ်သီးတသန့်တော့ မသွားဖြစ်ကြဘူး။ ဆိတ်ငြိမ်တဲ့နေရာလေးတစ်ခုရှာပြီး နာရီပေါင်းများစွာ စကားထိုင်ပြောကြတာပဲ။ ဘ၀အကြောင်း၊ အလုပ်အကြောင်း။ ဘာကိုဘယ်လိုထင်တယ်၊ ဘာကို ဘယ်လိုခံစားရတယ်ဆိုတဲ့ အကြောင်းတွေ။ နှစ်ယောက်အတူစကားပြောနေရတာ ငြီးငွေ့စရာ လုံးဝမရှိသလိုပဲ။ အချင်းချင်း တစ်ယောက်ရဲ့ ကွက်လပ်ကို တစ်ယောက်က ဖြည့်ပေးနေသလိုပဲလို့ ဆိုရမယ်။

ငါးကြိမ်မြောက် တွေ့တဲ့နေ့မှာတော့ တိုနီက ကောင်မလေးကို လက်ထပ်ခွင့်တောင်းခဲ့တယ်။ ဒါပေမဲ့ သူ့မှာက အထက်တန်းကျောင်းကတည်းက တွဲလာတဲ့ ရည်းစားတစ်ယောက် ရှိနေတယ်။ ဆက်ဆံရေးကတော့ အချိန်နဲ့အမျှ အားပျော့လာခဲ့တာပဲ။ သူက ဒါကို ၀န်ခံတယ်။ အခုဆိုရင် တွေ့တာနဲ့ ဘာမဟုတ်တာလေးနဲ့ ရန်ဖြစ်နေကြရတော့တာပဲတဲ့။ တကယ်လည်း သူ့ရည်းစားနဲ့တွေ့ရတာ တိုနီနဲ့အတူရှိနေရသလို လွတ်လပ်ပေါ့ပါးမှုမျိုးနဲ့ ဘာမှမဆိုင်ဘူး။ ဒါပေမဲ့ ဒီအချက်ကြောင့်ပဲ သူ့ရည်းစားကို တိခနဲဖြတ်လိုက်ဖို့လည်း မဖြစ်သေးပြန်ဘူး။ ဘာပဲဖြစ်ဖြစ် ကောင်မလေးမှာလည်း သူ့ဆင်ခြေနဲ့သူ ရှိနေတာပဲ။ ပြီးတော့ နောက်တစ်ချက်ရှိတာက သူတို့နှစ်ယောက်ကြားမှာ ခြားနားနေတဲ့ ဆယ့်ငါးနှစ်ဆိုတဲ့ အသက်အပိုင်းအခြားပဲ။ သူက ငယ်ငယ်လေးရှိသေးတယ်၊ အတွေ့အကြုံမရှိသေးဘူး။ ဒီလောက် အသက်ဟ,နေတာဟာ နောင်တစ်ချိန်မှာ သူတို့အတွက် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်မလဲလို့ သူ တွေးကြည့်တယ်။ ဒီတော့လည်း စဉ်းစားဖို့ အချိန်ပေးပါဦးလို့ပဲ ကောင်မလေးက ပြန်ပြောခဲ့တယ်။

သူ စဉ်းစားနေတဲ့ တစ်ရက်ချင်းစီဟာ တိုနီ့အတွက်တော့ ငရဲမှာ နောက်ထပ်တစ်ရက် နေ,နေရသလိုပဲ။ အလုပ်လည်း မလုပ်နိုင်ဘူး။ တစ်ယောက်တည်း အရက်ပဲ ထိုင်သောက်နေမိတယ်။ ရုတ်တရက်ဆိုသလိုပဲ အရင်ကရှိခဲ့တဲ့ သူ့ရဲ့ တစ်ကိုယ်တော်သာယာမှုဟာ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခုလို သူ့အပေါ် ပိကျလာတယ်။ ဝေဒနာတွေရဲ့ ဇစ်မြစ်ဖြစ်လာတယ်။ အကျဉ်းထောင်တစ်ခု ဖြစ်လာတယ်။ ဒါကို ငါ အရင်တုန်းက သတိမပြုမိခဲ့ပါလားလို့ သူတွေးမိတယ်။ ကူကယ်ရာမဲ့မျက်လုံးတွေနဲ့ သူ့ကို ပတ်ချာလည်ဝန်းရံထားတဲ့ အေးစက်စက်နံရံထူထူတွေဆီ သူငေးကြည့်နေမိတယ်။ ရှင့်ကိုလက်မထပ်နိုင်ဘူးလို့သာ သူတုန့်ပြန်ခဲ့ရင် ငါ ကိုယ့်ကိုယ်ကိုယ်သတ်သေမိမလား မသိဘူးလို့ သူအတွေးပေါက်နေခဲ့တယ်။

ဒါနဲ့ ကောင်မလေးကို သူခံစားနေရတဲ့အတိုင်း တစ်သွေမတိမ်း ပြန်ပြောပြခဲ့တယ်။ အခုအချိန်အထိ သူ့ဘ၀ဟာ ဘယ်လောက်အထီးကျန်နေခဲ့တယ်ဆိုတဲ့အကြောင်း၊ နှစ်ပေါင်းများစွာ သူ ဘယ်လောက် ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့အကြောင်း၊ သူနဲ့ဆုံမှပဲ ဒီဆုံးရှုံးမှုတွေကို သဘောပေါက်လာရတယ်ဆိုတဲ့အကြောင်းတွေ..။

ကောင်မလေးကလည်း ဉာဏ်ရည်ထက်မြက်တဲ့ အမျိုးသမီးလေးပဲ။ သူ တိုနီ့ကို သဘောကျနေခဲ့ပြီ။ စတွေ့ချင်းကတည်းက တိုနီ့ကို အမှတ်တွေပေးခဲ့မိတယ်၊ နောက်တော့ ထပ်တွေ့တဲ့ တစ်ကြိမ်ချင်းစီမှာ ပိုပိုပြီး သဘောကျလာတယ်။ အချစ်လို့ ခေါ်နိုင်, မခေါ်နိုင် သူ မသိဘူး။ ဒါပေမဲ့ တိုနီ့ရဲ့အတွင်းသားထဲမှာ သူ့အတွက် ထူးခြားမှုတစ်ခုရှိနေတယ်ဆိုတာ သူ ခံစားရတယ်။ ပြီးတော့ တိုနီနဲ့ ဘ၀တစ်ခုကို အတူတူတည်ဆောက်ကြမယ်ဆိုရင် သူပျော်ရွှင်ရလိမ့်မယ်လို့ ခံစားရတယ်။ ဒီတော့လည်း သူတို့ လက်ထပ်ကြရုံပဲ။

အိမ်ထောင်သည်ဖြစ်လာတော့ တိုနီတစ်ယောက် သူ့ရဲ့ တစ်ကိုယ်တော်ဘ၀ကို ပြည်ဖုံးကားချလိုက်နိုင်တယ်။ မနက်မိုးလင်းပြီဆိုရင် သူပထမဆုံးလုပ်တဲ့အလုပ်က ဇနီးကို ရှာတာပဲ။ သူ့ဘေးနားမှာ အိပ်နေတာ မြင်နေရမှ စိတ်သက်သာရာရတယ်။ သူ့ဘေးမှာမရှိဘူးဆိုရင် စိုးရိမ်တကြီးနဲ့ သူ တစ်အိမ်လုံး ပတ်ရှာမယ်။ အရင်လို အထီးကျန်မဟုတ်တော့တာနဲ့ ပတ်သက်ပြီး သူ့ရင်ထဲ ခုနေတာ တစ်ခုတော့ ရှိတယ်။ အဲဒါကတော့ နောက်တစ်ဖန် အထီးကျန်ပြန်ဖြစ်သွားမှာကို စိုးရိမ်တဲ့ စိတ်ပဲ။ အထီးကျန်ဘ၀က လွတ်မြောက်သွားခြင်းကြောင့်ပဲ အထီးကျန်ဘ၀ပြန်ဖြစ်မှာကို သူ ကြောက်မိတယ်။ တစ်ယောက်တည်းသာ ပြန်နေရရင် ငါဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးက သူ့ကို ခြောက်လှန့်နေတယ်။ တစ်ခါတလေ အဲဒီစိုးရိမ်စိတ်ကြောင့် ချွေးစေးတွေပါ ပျံလာတတ်တယ်။ ဒါပေမဲ့လည်း ဘ၀သစ်မှာ နေသားကျလာတာနဲ့အမျှ သူ့ဇနီး ရုတ်တရက်ပျောက်ကွယ်သွားမလားဆိုတဲ့ ထမင်းလုံးတစ္ဆေလည်း တဖြည်းဖြည်း အားပျော့သွားတယ်။ စိုးရိမ်ပူပန်မှုတွေလည်း ဖြည်းဖြည်းချင်း ပျက်ပြယ်သွားတယ်။ နောက်ဆုံးတော့ အေးချမ်းပျော်ရွှင်နေတဲ့ ဘ၀သစ်ထဲမှာပဲ ဘောင်ခတ်ပြီး အခြေကျသွားတော့တယ်။

တစ်နေ့တော့ ဇနီးက သူ့ ယောက္ခမ တီးတဲ့ သီချင်းတွေ နားထောင်ချင်တယ် ဖြစ်ပါလေရော။ `ကျွန်မတို့ သူ့သီချင်းတွေ သွားနားထောင်ရင် သူ ကြိုက်ပါ့မလား´ လို့ သူက မေးတယ်။
`ကြိုက်လောက်ပါတယ်´ လို့ တိုနီက ပြန်ဖြေတယ်။
ဒါနဲ့ လင်မယားနှစ်ယောက် ရှိုဇာဘုရို ဖျော်ဖြေနေတဲ့ ညကလပ်ကို ရောက်သွားခဲ့တယ်။ ဒါဟာ ကလေးဘ၀ကတည်းကစလို့ သူ့အဖေဖျော်ဖြေတာကို တိုနီ ပထမဆုံး သွားနားထောင်ဖြစ်တာပဲ။ ရှိုဇာဘုရိုကတော့ အရင်လိုပဲ တီးခတ်နေခဲ့တယ်။ ကလေးဘ၀က တိုနီ ကြိမ်ဖန်များစွာ ကြားဖူးခဲ့တဲ့ သီချင်းတွေပဲ။ ရှိုဇာဘုရိုရဲ့ ဟန်က ညင်သာတယ်၊ ရိုးရှင်းတယ်၊ ချိုတယ်။ အနုပညာရယ်လို့တော့ ပြောလို့မဖြစ်ဘူး။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ရဲ့ လက်ဖျားကထွက်လာတဲ့ အရည်အသွေးမြင့် ဂီတပဲ။ သူ့ဂီတက ပရိသတ်ကို ဖမ်းစားထားတယ်။

ဒီလိုနားထောင်နေရင်း မကြာခင်မှာပဲ တိုနီ အသက်ရှူရကြပ်သလို ခံစားလာရတယ်။ သူ့အသက်ရှူလမ်းကြောင်းကျဉ်းကျဉ်းထဲ ညွှံတွေ တိတ်တဆိတ်နဲ့ အဆက်မပြတ် ဖြည့်ခံနေရသလိုပဲ၊ ဆက်ထိုင်နေဖို့တောင် ခက်လာတယ်။ အခုသူကြားနေရတဲ့ သီချင်းဟာ သူမှတ်မိတဲ့ အဖေ့ရဲ့သီချင်းနဲ့ မဆိုစလောက်လေး ခြားနားနေတယ်လို့ သူခံစားနေရတယ်။ ဒီသီချင်းကို သူ နှစ်ပေါင်းများစွာအကြာကတည်းက ကြားခဲ့ဖူးတယ်။ ကလေးနားနဲ့ နားထောင်ဖူးခဲ့တာပဲ။ ဒါပေမဲ့ ဒီခြားနားမှုဟာ သူ့အတွက်တော့ ကြောက်ခမန်းလိလိ အရေးပါတယ်။ ပမာဏက မပြောပလောက်ဘူး၊ ဒါပေမဲ့ သက်ရောက်မှုကြီးမားတယ် ဆိုသလိုပဲ။ စင်ပေါ်ကိုတက်သွားပြီး အဖေ့ကိုဖက်၊ ပြီးတော့ သူမေးကြည့်ချင်တယ်။ `ဘယ်လိုဖြစ်တာလဲ အဖေ။ ဘာပြောင်းသွားတာလဲ´ ဒါပေမဲ့လည်း သူက ဒီလိုလုပ်တတ်တဲ့ လူစားမျိုး မဟုတ်ပြန်ဘူး။ သူ့စိတ်ထဲမှာ ရှိနေတဲ့အရာကို စေ့စေ့ပေါက်ပေါက် ရှင်းပြနိုင်တဲ့ လူစားမျိုး မဟုတ်ဘူး။ ဒီတော့လည်း သူ့စားပွဲမှာပဲ ထိုင်ရင်း အဖေ့အလှည့်ပြီးတဲ့အထိ သောက်နေကျပမာဏထက်ပို အရက်ကိုဖိသောက်ရင်း ထိုင်နေမိတော့တယ်။ သီချင်းပြီးတော့ သူရယ်သူ့ဇနီးရယ် လက်ခုတ်တီးအားပေးပြီး အိမ်ပြန်လာခဲ့တယ်။

အထီးကျန် (ဟာရူကီ မူရာကာမီ)

Tony Takitani

သူတို့ လင်မယားရဲ့ အိမ်ထောင်ရေးဟာ အဖျက်အမှောင့် ကင်းခဲ့တယ်။ ကတောက်ကဆမဖြစ်ဖူးဘူး၊ ပျော်ရွှင်စရာအချိန်ပေါင်းများစွာ အတူတူဖြတ်သန်းခဲ့ကြတယ်။ လမ်းလျှောက်ထွက်မယ်၊ ရုပ်ရှင်သွားကြည့်မယ်၊ ခရီးသွားမယ်။ တိုနီရဲ့ အလုပ်ကလည်း အရင်လို အောင်မြင်လျှက်ပဲ။ ပြီးတော့ သူ့အသက်အရွယ်နဲ့ဆို ဇနီးကလည်း အိမ်ထောင်မှုနိုင်တယ်ပဲ ပြောရမယ်။ တိုနီ့ကို နည်းနည်းလေး မသိုးမသန့်ဖြစ်စေတာဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါကတော့ ဇနီးသည်ရဲ့ အ၀တ်အစား အထုံပဲ။ သူသဘောကျတဲ့ အဆင်လေးများ တွေ့မိပြီဆိုရင် မ၀ယ်ဘဲကို မနေနိုင်တော့ဘူး။ အဲဒီအချိန်တွေကျရင် သူ့ဟန်ပန်က ထူးဆန်းနေတယ်၊ ပြီး သူ့အသံတွေ ပြောင်းသွားမယ်။ ဒီလိုဖြစ်တာကို ပထမဆုံးအကြိမ်မြင်ရတုန်းက တိုနီက သူ့ဇနီး ရုတ်တရက် နေမကောင်းဖြစ်ပြီတောင် ထင်မိခဲ့တယ်။ သူတို့လက်မထပ်ခင်တုန်းကလည်း ဒါကို တိုနီ သတိပြုမိခဲ့ပါတယ်။ ဒါပေမဲ့ ပိုဆိုးလာတာက လက်ထပ်ပြီးနောက်ပိုင်းပဲ။ ဥရောခရီးစဉ်တုန်းကဆို သူဝယ်ခဲ့တဲ့ အ၀တ်အစားအရေအတွက်ဟာ ကြောက်စရာတောင် ကောင်းတယ်။ မီလန်၊ ပဲရစ် ရောက်ရာအရပ်မှာ မိုးလင်းမိုးချုပ် အထည်ဆိုင်တွေမှာချည်း တစ်ခုပြီးတစ်ခု ကူးနေတာ သူပိုင်တဲ့ဆိုင်တွေ ကျနေတာပဲ။ ပတ်ဝန်းကျင်အလှအပရယ်လို့တောင် မကြည့်ခဲ့ရဘူး။ အ၀တ်အစားတံဆိပ်ပေါင်း သောင်းခြောက်ထောင်ကို လက်ထဲကိုင်မိတာ အကုန်ဆွဲယူတာပဲ။ တိုနီကတော့ ဇနီးနောက်က တကောက်ကောက်နဲ့ ကျသင့်ငွေလိုက်ရှင်းပေးရတယ်။ သူ့ခရက်ဒစ်ကဒ်က အမြီးတန်းနေတဲ့ သုညတွေတောင် အဆစ်ပြတ်ကျန်ခဲ့ပြီလား သူမျက်ခုံးပင့်ကြည့်မိတယ်။

ဂျပန်ပြန်ရောက်လည်း သူ့ဇနီးရဲ့ ရောဂါက မသက်သာပါဘူး။ နေ့တိုင်းလိုလို အ၀တ်အစားအသစ်တွေ ၀ယ်နေဆဲပဲ။ သူပိုင်ဆိုင်တဲ့ အ၀တ်အစားအရေအတွက်က ခဏတွင်းချင်းကို တောင်ပုံယာပုံဖြစ်လာတယ်။ ဒါတွေကို ထားဖို့ချည်းသက်သက်အတွက် တိုနီ့မှာ မှန်ပုံးကျယ်ကျယ်တွေ သီးသန့်လုပ်ပေးရတော့တယ်။ ဇနီးရဲ့ ဖိနပ်တွေအတွက် ဖိနပ်စင်လည်း သပ်သပ်လုပ်ပေးထားတယ်။ ဒါလည်း သူ့ပစ္စည်းတွေ အားလုံးကိုသိမ်းဖို့ နေရာမလောက်ပြန်ဘူး။ နောက်ဆုံးကျတော့ အခန်းတစ်ခုလုံးကို အ၀တ်ဘီရိုပုံစံ ပြန်ပြီး နေရာချရတယ်။ သူတို့အိမ်ကြီးမှာက အခန်းလွတ်တွေက အများကြီး၊ ပြီးတော့ ငွေရေးကြေးရေးကလည်း ပြဿနာမှ မဟုတ်ဘဲကိုး။ ဒါ့အပြင် ဇနီးကလည်း ၀ယ်ပြီးသမျှ အ၀တ်အစားကို လက်ဖျားခါလောက်အောင် ၀တ်ပြနိုင်စွမ်းရှိတယ်။ အ၀တ်အစားအသစ်ရတိုင်း သူ့ကိုကြည့်ရတာ အရမ်းပျော်နေတာပဲ။ ဒါနဲ့ပဲ တိုနီလည်း စောဒကမတက်ဖြစ်တော့ဘူး။ ဘယ်သူမှတော့ စင်းလုံးချောမရှိဘူးလို့ပဲ သူ့ကိုယ်သူ နှစ်သိမ့်ရတယ်။

သီးသန့်အ၀တ်ခန်းထဲမှာ အ၀တ်အစားတွေ မဆံ့မပြဲဖြစ်လာတဲ့အချိန်ကျတော့ တိုနီကိုယ်တိုင်လည်း မသိုးမသန့် ခံစားလာရတယ်။ တစ်နေ့ ဇနီးအပြင်ထွက်သွားတုန်း သူ့အ၀တ်အစားတွေကို ရေတွက်ကြည့်တယ်။ တကယ်လို့ တစ်နေ့ကို အ၀တ်နှစ်စုံလဲမယ်ဆိုရင်တောင် နှစ်နှစ်လောက်ကြာတဲ့အထိ အ၀တ်အစားမထပ်ဘဲ ၀တ်သွားလို့ရတယ်လို့ အဖြေထွက်တယ်။ အ၀တ်အစားအသစ်တွေ ထပ်ဝယ်နေရတာနဲ့ သူ့မှာ ၀ယ်ပြီးသားတွေကို မ၀တ်နိုင်လောက်အောင်ပဲ။ တိုနီလည်း ဇနီးမှာ စိတ်ပိုင်းဆိုင်ရာဝေဒနာတစ်ခုခုများ ရှိနေလားလို့ တွေးမိတယ်။ တကယ်လို့ စိတ်ပိုင်းဆိုင်ရာပြဿနာဆိုတာ သေချာတယ်ဆိုရင် သူကတော့ ဇနီးသည်ရဲ့ ဝေဒနာကို ကုစားပေးဖို့ တာဝန်ရှိနေတာပဲ။

ညစာစားပြီးတစ်ညမှာတော့ ဒီကိစ္စကို ဖွင့်ပြောမှဖြစ်တော့မယ်လို့ တိုနီ သန္နိဋ္ဌာန်ချလိုက်တယ်။ `အ၀တ်အစားတွေ ၀ယ်တဲ့နှုန်းကို နည်းနည်းလောက် လျှော့ရင်ကောင်းမယ် မိန်းမရယ်။ ငွေရေးကြေးရေးကြောင့် ပြောတာ မဟုတ်ပါဘူး။ ငွေက ကိစ္စမရှိဘူး။ လိုအပ်တဲ့ဟာကို ၀ယ်တာကို ကန့်ကွက်ဖို့လည်း မရှိဘူး။ မင်း လှလှပပနဲ့ ပျော်နေရင် ကိုယ်လည်း ပျော်ရတာပဲ။ ဒါပေမဲ့ ဒီလောက် ဈေးကြီးကြီးအ၀တ်အစားတွေ အများကြီးတော့ မလိုဘူးမဟုတ်လား´ လို့ သူ ပြောလိုက်တယ်။ ဇနီးက မျက်လွှာချလိုက်ပြီး အတန်ကြာ စဉ်းစားနေတယ်။ ပြီးတော့ တိုနီ့ကိုကြည့်ပြီး သူက ပြန်ပြောတယ်။ `အင်း ဟုတ်ပါတယ်။ ဒီလောက် အ၀တ်အစားတွေ အများတော့ မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း သိပါတယ်။ ဒါပေမဲ့ သိတာတောင်မှ ထိမ်းမရဘူးဖြစ်နေတယ်။ အ၀တ်အစားလှလှလေးတွေ မြင်ရင် ၀ယ်ရမယ်လို့ချည်း ခံစားရတယ်။ လိုလို, မလိုလို၊ အများကြီး ရှိရှိ, မရှိရှိပေါ့။ ကိုယ့်ကိုယ်ကိုယ် ရပ်မရဘူး´ နောက်တော့သူက ဆင်ခြင်ပါ့မယ်လို့ တိုနီ့ကို ကတိပေးတယ်။ `ဒီပုံစံတိုင်း ထပ်ဝယ်နေရင်လည်း မကြာခင် အိမ်တစ်ခုလုံး အ၀တ်အစားတွေနဲ့ ဖုံးသွားတော့မှာပဲ´

ဒီလိုနဲ့ တစ်ပတ်လောက် သူ အပြင်မထွက်ဘူး။ အထည်ဆိုင်တွေနဲ့ ဝေးရာမှာ တမင်ရှောင်နေတာပဲ။ ဒါကလည်း သူ့အတွက် လွယ်လွယ်ကူကူတော့ မဟုတ်ဘူး၊ အတော်လေး ကြိတ်မှိတ်နေရရှာတာ။ သူ့ကြည့်ရတာ အသက်ရှူစရာ လေနည်းနည်းလေးပဲရှိတဲ့ ဂြိုဟ်တစ်ခုရဲ့ မျက်နှာပြင်ပေါ်မှာ လမ်းလျှောက်နေရသလိုပဲ။ နေ့တိုင်း သူ့ရဲ့ အ၀တ်အစားဘဏ္ဍာတိုက်ကြီးထဲမှာပဲ တစ်ထည်ပြီးတစ်ထည် ထုတ်ကြည့်ရင်း အချိန်ကုန်နေတယ်။ အ၀တ်အစားတွေကို လက်နဲ့သပ်မယ်၊ အ၀တ်နံ့သင်းသင်းကို ရှိုက်ကြည့်မယ်၊ ၀တ်ကြည့်မယ်၊ ပြီးရင် သူ့ကိုယ်သူ မှန်ထဲပြန်ကြည့်မယ်။ ဒါပေမဲ့လည်း အဲလိုလုပ်လေလေ အ၀တ်အစားအသစ်တွေ ထပ်လိုချင်လေလေ ဖြစ်နေခဲ့တယ်။ အ၀တ်အစားအသစ်လိုချင်တဲ့ ဇောဟာ တားမရဘူး။ မ၀ယ်မနေနိုင် ဖြစ်နေတဲ့ သဘောပဲ။

ဒါပေမဲ့လည်း သူက တိုနီ့ကို လေးလေးနက်နက်ချစ်တယ်။ ပြီးတော့ လေးလည်း လေးစားတယ်။ ဒီကိစ္စမှာ တိုနီပြောတာ နည်းလမ်းကျမှန်း သူ သိတယ်။ ဒါနဲ့ သူဝယ်နေကျအထည်ဆိုင်က ဆိုင်ရှင်ကို သူဖုန်းဆက်တယ်။ လွန်ခဲ့တဲ့ ဆယ်ရက်လောက်တုန်းက ၀ယ်ခဲ့ပြီး တစ်ခါမှ မ၀တ်ရသေးတဲ့ ကုတ်အင်္ကျီနဲ့ ၀တ်စုံကို ပြန်သွင်းလို့ ရမလားလို့ မေးကြည့်တယ်။ `ရပါတယ်ခင်ဗျာ´ လို့ တစ်ဖက်က ပြန်ဖြေတယ်။ တကယ်တော့ သူက ဆိုင်ရဲ့ အရေးကြီးဖောက်သည်ပဲ၊ ဒီထက်မက တောင်းဆိုရင်လည်း ဆိုင်ရှင်အနေနဲ့ လိုက်လျောဖို့ အသင့်ပဲ။ ဒါနဲ့ သူ အထည်ဆိုင်ကို ကားမောင်းထွက်ခဲ့တယ်။ အ၀တ်အစားတွေကိုပြန်အပ်ပြီး ငွေပြန်ယူခဲ့တယ်။ ပြီးတော့ ကားဆီကို ခပ်သုတ်သုတ်ပဲ ပြန်လာခဲ့တယ်။ တခြားအ၀တ်အထည်တွေကို မကြည့်ဖြစ်အောင်ပဲ။ နောက်တော့ ကားကို အိမ်ဆီ ဦးတည်လိုက်တယ်။ အ၀တ်တွေ ပြန်ထားခဲ့ရလို့ စိတ်ထဲ တစ်နည်းတဖုံတော့ ပေါ့ပါးသွားသလိုပဲ။ သူလုပ်တာမှန်တယ်လို့ သူ့ကိုယ်သူ သတိပေးနေမိတယ်။ ဒီအ၀တ်တွေကို ငါမှမလိုတာ။ ကုတ်အင်္ကျီတွေရော၊ ၀တ်စုံတွေရော တစ်သက်လုံးဝတ်လို့ မကုန်အောင် ငါ့မှာ မနည်းမနောရှိတယ်။ ဒါပေမဲ့ မီးပွိုင့်က မီးအနီကလေး ပြောင်းသွားဖို့ စောင့်နေစဉ်အတွင်း ပြန်အပ်ခဲ့တဲ့ ကုတ်အင်္ကျီနဲ့ ၀တ်စုံကိုပဲ သူ့စိတ်ထဲမှာ မြင်ယောင်နေတယ်။ အရောင်၊ အဆင်၊ ချုပ်ရိုး အားလုံးကို သူ အသေးစိတ် ကွက်ကွက်ကွင်းကွင်း မှတ်မိနေတယ်။ သူ့မျက်စိရှေ့မှာ ဖြန့်ခင်းထားသလိုပဲ စိတ်ထဲမှာ ပေါ်နေတယ်။ သူ့နဖူးမှာ ချွေးစေးတွေ ကျလာတယ်။ သူ လက်ဖျံနဲ့ စတီယာရင်ကို တွန်းထားလိုက်မိတယ်။ ပြီးတော့ အသက်ကို ရှည်ရှည်ပြင်းပြင်း တစ်ချက်ရှူပြီး မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ သူ့မျက်လုံး ဖွင့်လိုက်တဲ့ခဏမှာပဲ မီးပွိုင့်စိမ်းသွားတာကို တွေ့လိုက်ရတယ်။ အလိုအလျောက်ပဲ သူ့ခြေထောက်တွေက လီဗာကိုနင်းထွက်လိုက်တယ်။

လမ်းဆုံကို မီးဝါဖြတ်မောင်းလာတဲ့ ကုန်တင်ကားကြီးတစ်စီးဟာ သူ့ကား ဘေးတစ်ဖက်ကို အရှိန်အပြင်းဆုံး ၀င်တိုက်မိသွားတယ်။ သူ ဘာတစ်ခုမှ မခံစားလိုက်ရပါဘူး။


နံပါတ် ၂ ၀တ်စုံတွေ အခန်းတစ်ခန်းအပြည့်၊ ဖိနပ်အရံပေါင်း ၁၁၂ ရံနဲ့ ကျန်ရစ်သူကတော့ တိုနီပဲ။ ဒါတွေကို ဘယ်လိုလုပ်ပစ်ရမလဲ သူ စဉ်းစားမရဘူး။ သူ့ဇနီးရဲ့ အ၀တ်အစား၊ အသုံးအဆောင်တွေကို တစ်သက်လုံး သိမ်းသွားဖို့တော့ မရည်ရွယ်ဘူး။ ဒါနဲ့ ပွဲစားတစ်ယောက်ခေါ်ပြီး ဦးထုပ်တွေနဲ့ အခြားအသုံးအဆောင်တွေကို ပထမဆုံးပြောတဲ့ ခေါ်ဈေးနဲ့ ရောင်းထုတ်ပစ်လိုက်တယ်။ ခြေအိတ်လက်အိတ်တွေနဲ့ အတွင်းခံတွေကိုတော့ ပန်းခြံထဲက အမှိုက်ပြာချတဲ့စက်ထဲ ထည့်လိုက်တယ်။ ဒါပေမဲ့ အ၀တ်အစားတွေနဲ့ ဖိနပ်တွေကတော့ အရမ်းများလွန်းလို့ ကိုင်တွယ်ရ ခက်နေတယ်။ ဒါနဲ့ နဂိုရှိနေတဲ့နေရာမှာပဲ ထားထားလိုက်တယ်။ အသုဘပြီးတော့ အ၀တ်ခန်းထဲမှာ အ၀တ်တွေကိုငေးကြည့်ရင်းပဲ သူ အချိန်ကုန်နေမိတယ်။

ဆယ်ရက်အကြာမှာ တိုနီ အမျိုးသမီးအကူဝန်ထမ်းခန့်ဖို့ သတင်းစာကြော်ငြာ ထည့်လိုက်တယ်။ ကိုယ်ခန္ဓာအရွယ်အစား နံပါတ် ၂၊ အရပ်အမြင့် ငါးပေသုံးလက်မ ၀န်းကျင်၊ ဖိနပ်နံပါတ် ၆၊ လစာကောင်း။ လုပ်ငန်းခွင်အခြေအနေ သင့်လျော်။ သူပေးထားတဲ့ လစာပမာဏက ပုံမှန်ထက်ပိုများနေလို့ အင်တာလာဗျူးတဲ့ အမျိုးသမီး ၁၃ ဦးတောင် သူ့စတူဒီယိုကို ရောက်လာခဲ့တယ်။ အဲဒီထဲက ငါးယောက်က ကိုယ်ခန္ဓာအရွယ်စား လိမ်ထားတယ်ဆိုတာ သိသာတယ်။ ကျန်တဲ့ ရှစ်ယောက်ထဲကနေ သူ့ဇနီးနဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံ အနီးစပ်ဆုံးတစ်ယောက်ကို တိုနီ ရွေးလိုက်တယ်။ သူက အသက် ၃၀ ကျော်လောက်ပဲ၊ ရွက်ကြမ်းရည်ကြို ရုပ်ရည်နဲ့။ ၀တ်လာတာက ဘလောက်စ်အင်္ကျီဗြောင်နဲ့ စကပ်ကြပ်ကြပ်။ သူ့အ၀တ်အစားနဲ့ ဖိနပ်တွေက သန့်ရှင်းသပ်ရပ်နေတယ်၊ ဒါပေမဲ့ တစ်ပတ်နွမ်းတွေ။

တိုနီက အမျိုးသမီးကိုပြောတယ်။ `အလုပ်ကတော့ ခက်ခက်ခဲခဲ မရှိလှဘူး။ နေ့တိုင်း မနက်ကိုးနာရီကနေ ညနေငါးနာရီအထိ ရုံးကိုလာ၊ တယ်လီဖုန်းဖြေ၊ သရုပ်ဖော်ပုံတွေ လိုက်ပို့၊ လိုအပ်တဲ့ပစ္စည်းကိရိယာကလေးတွေ ယူပေး၊ မိတ္တူကူး၊ ဒီလိုအလုပ်မျိုးတွေပဲ။ တစ်ခုတော့ ရှိတယ်။ ကျုပ် ဇနီးသည်က မကြာခင်ကပဲ ဆုံးသွားတယ်။ သူ့ရဲ့ အ၀တ်အစားတွေ အများကြီး အိမ်မှာ ကျန်ခဲ့တယ်။ အများစုက အသစ်၊ ဒါမှမဟုတ် အသစ်နီးပါးပဲ။ ဒီတော့ အဲဒီအ၀တ်အစားတွေကို မင်းဒီမှာ အလုပ်လုပ်နေစဉ်အတွင်း အလုပ်ဝတ်စုံအနေနဲ့ ၀တ်စေချင်တယ်။ အခုလိုပြောတော့ မင်းစိတ်ထဲမှာ ထူးဆန်းနေမှာပဲ။ ဒါပေမဲ့ မလျော်မကန်စိတ်ထားမျိုး မရှိဘူးလို့တော့ ယုံစေချင်တယ်။ ကျုပ်အနေနဲ့ ဇနီးဆုံးသွားပြီဆိုတာကို ကျင့်သားရဖို့ အချိန်ယူဖို့လိုတယ်လို့ပဲ သဘောထားပါ။ သူ့အ၀တ်အစားတွေဝတ်ပြီး မင်း ကျုပ်အနားမှာရှိနေတယ်ဆိုရင် သူသေသွားပြီဆိုတာကို ကျုပ် တဖြည်းဖြည်း လက်ခံလာနိုင်လိမ့်မယ်လို့ ယုံကြည်တယ်´

အမျိုးသမီးက နှုတ်ခမ်းကိုကိုက်ရင်း အဆိုပြုချက်ကို စဉ်းစားနေတယ်။ ပြောပုံအရတော့ ထူးဆန်းတဲ့ တောင်းဆိုချက်ပဲ။ အတော်လေးကို ထူးဆန်းတယ်။ တကယ်တော့ သူ အပြည့်အ၀ နားမလည်နိုင်ဘူး။ ဇနီးဆုံးသွားတယ်ဆိုတဲ့ အပိုင်းကို သူနားလည်နိုင်တယ်။ ပြီးတော့ သူ့ဇနီးရဲ့ အ၀တ်အစားတွေ အများကြီး ကျန်ခဲ့တဲ့ဆိုတဲ့ အပိုင်းကိုလည်း သူနားလည်နိုင်တယ်။ သူနားမလည်နိုင်တဲ့အပိုင်းက ဘာကြောင့် သူက သူ့ဇနီးရဲ့ အ၀တ်အစားတွေဝတ်ပြီး အလုပ်လုပ်ရမလဲ ဆိုတာကိုပဲ။ ပုံမှန်ဆိုရင်တော့ အမျိုးသမီးအနေနဲ့ အပြင်ပန်းထက်မကတဲ့ နောက်ကွယ်အချက်တွေ ရှိနေဦးမယ်လို့ ယူဆမိမှာပဲ။ ဒါပေမဲ့ သူ့အနေနဲ့ တိုနီ့ကိုကြည့်ရတာ လူဆိုးတစ်ယောက်တော့ ဟုတ်ပုံမရဘူးလို့ တွေးမိတယ်။ သူ သိခွင့်ပေးတဲ့ အချက်တွေကိုပဲ နားထောင်နေလိုက်ရမယ့် ပုံမျိုးပဲ။ သူ့ဇနီးဆုံးသွားက ဒီလူရဲ့စိတ်ကို တစ်ခုခုဖြစ်သွားစေခဲ့ပုံရတယ်။ ပုံစံကြည့်ရတာလည်း ဒီကိစ္စကြောင့် သူတစ်ပါးကို ထိခိုက်စေအောင် လုပ်မယ့်လူစားမျိုး ဟုတ်ပုံမရဘူး။ နောက်တစ်ချက်က၊ ဘယ်လိုနည်းနဲ့မဆို သူကိုယ်တိုင်က အလုပ်လိုနေတယ်။ သူအလုပ်ရှာနေခဲ့တာ အချိန်အတော် ကြာခဲ့ပြီ။ သူ့ အလုပ်လက်မဲ့ထောက်ပံ့ကြေးက ကုန်တော့မယ်။ အခုလောက် လစာကောင်းတဲ့အလုပ်မျိုးလည်း နောက်တစ်ခါ ထပ်ရဖို့ မလွယ်တော့ဘူး။

`ကျွန်မ နားလည်တယ်လို့ ထင်ပါတယ်´ လို့ အမျိုးသမီးက ပြန်ပြောလိုက်တယ်။ `ပြီးတော့ ရှင်တောင်းဆိုတဲ့အတိုင်း လုပ်နိုင်လိမ့်မယ်လို့လည်း ထင်ပါတယ်။ ဒါပေမဲ့ ပထမဆုံး ကျွန်မ၀တ်ရမယ့် အ၀တ်တွေကို ပြနိုင်မလား မသိဘူး။ ကျွန်မနဲ့ တော်, မတော် အရင်ကြည့်ထားရင် ကောင်းမယ်လို့ ထင်လို့..´
`ဒါပေါ့၊ ရပါတယ်´ လို့ တိုနီက ပြောလိုက်တယ်။ သူက အမျိုးသမီးကို သူ့အိမ်ကိုခေါ်သွားပြီး အ၀တ်ခန်းကို လိုက်ပြတယ်။ အမျိုးသမီးအနေနဲ့ ကုန်တိုက်တွေမှာကလွဲပြီး အခုလောက်များပြားတဲ့ အ၀တ်အစားတွေ တစ်နေရာတည်းမှာစုထားတာ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ အ၀တ်အစား တစ်ထည်ချင်းစီဟာလည်း ဈေးကြီးတဲ့ အကောင်းစားပစ္စည်းတွေမှန်း သိသာတယ်။ အထိအတွေ့ကလည်း အပြစ်ဆိုစရာ မရှိဘူး။ မြင်ရတာ မျက်စိကျိန်းမတက်ပဲ။ အမျိုးသမီးခမျာ အသက်ရှူမှားလောက်အောင် ဖြစ်သွားတယ်။ သူ ရင်တွေခုန်လာတယ်။ အဲဒီခံစားမှုဟာ လိင်စိတ်နိုးကြွလာတဲ့ ခံစားချက်မျိုးနဲ့တူတယ်လို့ သူ သိလိုက်တယ်။

စိတ်ကြိုက်ကြည့်နိုင်အောင် အမျိုးသမီးကို အခန်းထဲမှာ ချန်ထားပြီး တိုနီက အပြင်ထွက်သွားခဲ့တယ်။ အမျိုးသမီးက သူ့ကိုယ်သူပြန်ထိန်းလိုက်ပြီး ၀တ်စုံအချို့ကို ၀တ်ကြည့်ဖို့ ကြိုးစားကြည့်တယ်။ ပြီးတော့ ဖိနပ်တစ်ရံနှစ်ရံ။ အကုန်လုံးက သူ့အတွက်တိုင်းချုပ်ထားသလိုပဲ အံဝင်ခွင်ကျဖြစ်နေတယ်။ အ၀တ်အစားတွေကို တစ်စုံပြီးတစ်စုံ သူလိုက်ကြည့်မိတယ်။ သူ့လက်ချောင်းထိပ်ကလေးတွေနဲ့ ပွတ်သပ်ဆွဲကြည့်တယ်၊ အ၀တ်တွေဆီက ရနံ့ကို ရှူရှိုက်မိတယ်။ ရာပေါင်းများစွာသော ၀တ်စုံလှလှလေးတွေ တစ်တန်းတည်းစီထားတာ တွေ့ရတယ်။ သိပ်မကြာခင်ပဲ သူ့မျက်လုံးက မျက်ရည်တွေ ၀ိုင်းလာတယ်၊ နောက်တော့ ပါးပြင်ပေါ်စီးကျလာတော့တယ်။ မျက်ရည်တွေကို သူ ဘယ်လိုမှ ထိန်းထားလို့ မရတော့ဘူး။ သူ့ခန္ဓာကိုယ်က သေသွားတဲ့အမျိုးသမီးတစ်ဦးရဲ့ ၀တ်စုံထဲမှာ ရောက်နေတယ်။ သူ တသိမ့်သိမ့်ရှိုက်နေရင်း ထီးထီးကြီး ရပ်နေမိတယ်။ သူ့လည်ချောင်းက အသံတစ်ခုခု ထွက်မသွားဖို့ မနည်းကြိုးစားနေရတယ်။ မကြာခင်ပဲ တိုနီ အခန်းထဲ ပြန်ဝင်လာတယ်။

`ဟင် မင်းဘာလို့ ငိုနေတာလဲ´ လို့ သူက မေးလိုက်တယ်။
သူက ခေါင်းရမ်းပြရင်း ပြန်ပြောတယ်။ `ကျွန်မလည်း မသိဘူး။ ဒီလောက် အ၀တ်တွေအများကြီး အရင်က ကျွန်မ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ဒါကြောင့် ကျွန်မစိတ်ထဲ ထိခိုက်သွားတာလား မသိဘူး။ ခွင့်လွှတ်ပါ´ ပြီးတော့ လက်ကိုင်ပ၀ါနဲ့ သူ့မျက်ရည်တွေကို သုတ်လိုက်တယ်။
`အင်း။ မင်းအဆင်ပြေတယ်ဆိုရင် မနက်ဖြန်ကစပြီး အလုပ်ဆင်းစေချင်တယ်´ လို့ တိုနီက အလုပ်သဘောဆန်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
`တစ်ပတ်စာဝတ်ဖို့အတွက် အ၀တ်အစားနဲ့ ဖိနပ်တွေ အိမ်ကိုယူသွားလေ´

အမျိုးသမီးက ခြောက်ရက်အတွက် ၀တ်ဖို့ အ၀တ်အစားတွေ ရွေးနေတာ အချိန်အတော်လေးကြာတယ်။ အဲဒါပြီးတော့ ဖိနပ်တွေကို ရွေးတယ်။ အားလုံးကို လက်ဆွဲအိတ်တစ်ခုနဲ့ ထည့်လိုက်တယ်။
`ကုတ်အင်္ကျီတစ်ထည်လည်း ယူဦးလေ´ လို့ တိုနီက ပြောလိုက်တယ်။ `ချမ်းနေမှာစိုးရင် ပြောတာ..´

သူက နွေးမယ့်ပုံရတဲ့ မီးခိုးရောင် ကပ်ရှ်မီးယားဆိတ်မွှေး ကုတ်အင်္ကျီကို ရွေးလိုက်တယ်။ အင်္ကျီက ငှက်အတောင်နဲ့လုပ်ထားသလား ထင်ရအောင် ပေါ့ပါးလွန်းတယ်။ သူ့တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ပေါ့တဲ့ ကုတ်အင်္ကျီမျိုး တစ်ခါမှ မ၀တ်ဖူးဘူး။

အမျိုးသမီးပြန်သွားပြီးတော့ တိုနီလည်း သူ့ဇနီး အ၀တ်ဘီရိုခန်းထဲ ပြန်ဝင်လာခဲ့တယ်။ သူ့မျက်လုံးတွေက အ၀တ်အစားတွေဆီကို အဓိပ္ပာယ်မဲ့ လိုက်ကြည့်နေမိတယ်။ ဒီအ၀တ်အစားတွေမြင်တာနဲ့ အမျိုးသမီး ဘာကြောင့်ငိုသွားတယ်ဆိုတာ သူ နားမလည်နိုင်ဘူး။ သူ့အတွက် ဒါတွေဟာ သူ့ဇနီးချန်ထားခဲ့တဲ့ အရိပ်အငွေ့တွေပဲ။ သူ့ဇနီးရဲ့ နံပါတ် ၂ အရိပ် အရိပ်အငွေ့တွေကို တန်းစီပြီး ချိတ်ဆွဲထားတယ်။ တစ်လွှာပေါ်တစ်လွှာထပ်ထားတယ်။ လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှုအတွင်းမှာ သက်ဝင်နေတဲ့ အဆုံးအစမဲ့ ဖြစ်တန်ခြေ (အဆုံးအစမဲ့လို့ပဲ ဆိုကြပါစို့) နမူနာတွေကို တစ်စုံတစ်ယောက်က ဒီနေရာမှာ စုပြီးပြထားသလိုပဲ။

ဒီအ၀တ်အစားတွေကပဲ တစ်ခါတုန်းက သူ့ဇနီးရဲ့ ကိုယ်ခန္ဓာကို လွှမ်းခြုံထားခဲ့တယ်။ အသက်ဓာတ်နွေးနွေးနဲ့အတူ ရွေ့လျားနေခဲ့တယ်။ ဒါပေမဲ့လည်း အခုတော့ သူ့ရှေ့မှာ ချိတ်ဆွဲထားတာတွေက ဖရိုဖရဲ အရိပ်တွေမျှပဲ။ အသက်ဓာတ်ရဲ့ အမြစ်က ပြတ်တောက်သွားတဲ့၊ တိတ်တဆိတ် လွင့်ပါးပျောက်ကွယ်သွားတဲ့၊ အဓိပ္ပာယ်တစ်ခုခုဆီက လစ်ဟသွားတဲ့ အရိပ်တွေ။ တစ်ချိန်တုန်းကတော့ သူတို့ဟာ အရောင်အသွေးစုံလင်စွာနဲ့ ပန်းပွင့်တွေဆီက လွင့်ပျံလာတဲ့ ၀တ်ဆံဖိုတွေလို လေထဲမှာ ကခုန်နေခဲ့ကြတယ်၊ သူ့ မျက်လုံးတွေ၊ နားရွက်တွေနဲ့ နှာခေါင်းပေါက်တွေထဲ ၀င်ရောက်လို့။ အ၀တ်အစား အနားကွပ်တွေ၊ ကြယ်သီးတွေနဲ့ ဇာပေါက်တွေ၊ နောက်တော့ ပုခုံးပေါ်က ပန်းပွားတွေနဲ့ အိတ်ကပ်တွေ၊ နောက်ဆုံး ခါးပတ်တွေ..၊ အားလုံးဟာ အခန်းထဲက ရှိသမျှလေကို လောဘတကြီး စုပ်ယူနေသလိုပဲ။ တိုနီ အသက်ရှူမ၀ ဖြစ်လာတယ်။ ပိုးဖလံတွေကို တားဆီးတဲ့ ပရုတ်လုံးအနံ့တွေဟာ အရင်တုန်းကတော့ အတောင်တပ်ပိုးမွှားကလေးတွေ သန်းပေါင်းများစွာရဲ့ တ၀ီဝီအသံလည်း ဖြစ်ခဲ့မယ်။ အခုတော့ သူ ဒီအ၀တ်အစားတွေအားလုံးကို မုန်းနေတယ်။ အဲဒီခံစားချက်ဟာ ရုတ်တရက်ကြီး တိုနီ့ဆီ ပေါ်လာတယ်။ တိုနီ နံရံပေါ်ကို လေးလေးပင်ပင် မှီချလိုက်တယ်။ လက်တွေကိုပိုက်ပြီး မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ အထီးကျန်မှုဟာ သူ့ဆီကို နွေးနွေးပြစ်ပြစ်၊ တစိမ့်စိမ့် စီးဝင်လာနေတယ်။ အခုတော့ အရာအားလုံးပြီးဆုံးသွားပြီလို့ သူ့ကိုယ်သူ ပြောလိုက်တယ်။ ငါဘာပဲလုပ်လုပ် အားလုံးကတော့ ပြီးဆုံးသွားပြီ။


တိုနီ အမျိုးသမီးဆီ ဖုန်းခေါ်ပြီး အလုပ်အကြောင်းကို မေ့လိုက်တော့လို့ ပြောလိုက်တယ်။ သူလုပ်ရမယ့်အလုပ် မရှိတော့ဘူးလို့ ပြောရင်း တောင်းပန်ရတယ်။
`ဒီလိုတော့ ဘယ်ဖြစ်မလဲ´ လို့ အမျိုးသမီးက စိတ်ဆိုးမာန်ဆိုး ပြန်ပြောတယ်။
`တောင်းပန်ပါတယ်။ အခြေအနေက ပြောင်းသွားလို့ပါ´ လို့ တိုနီပြောလိုက်တယ်။
`အိမ်ကိုယူသွားတဲ့ အ၀တ်အစားတွေနဲ့ ဖိနပ်တွေကို ခင်ဗျား ယူလိုက်ပါ။ ပြီးတော့ လက်ဆွဲအိတ်ရောပဲ။ ဖြစ်ခဲ့သမျှတွေ အားလုံးကို ကျုပ် မေ့ပစ်လိုက်ချင်လို့။ ပြီးတော့ ကျေးဇူးပြုပြီး ဒီအကြောင်းကို ဘယ်သူမှ မသိပါစေနဲ့´
အမျိုးသမီးလည်း ဘာမှ မတတ်နိုင်တော့ဘူး။ သူက အကြောင်းပြချက်အတွက် ပိုပြီးဖိပြောလေ ပိုပြီးအဓိပ္ပာယ်မရှိလေ ဖြစ်လာခဲ့တယ်။
နောက်ဆုံးတော့ `ကျွန်မ သဘောပေါက်ပါပြီ´ လို့ ပြောပြီး သူ ဖုန်းချလိုက်တယ်။

မိနစ်အနည်းငယ်လောက် သူ တိုနီတခိတနိဆိုတဲ့လူကို ဒေါသထွက်နေမိတယ်။ ဒါပေမဲ့ မကြာခင်ပဲ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့ သူ ခံစားလာရတယ်။ ဒီကိစ္စတစ်ခုလုံးဟာ အစကတည်းက ကိုးရိုးကားယားနိုင်ခဲ့တယ်။ အလုပ်မဆင်းရသေးခင်မှာပဲ အလုပ်ပြန်ပြုတ်သွားလို့ သူ ၀မ်းနည်းမိတာတော့ အမှန်ပဲ။ ဒါပေမဲ့ အခြားတစ်နေရာမှာ အခြားတစ်ခုရနိုင်သေးတာပဲလို့ သူ့စိတ်သူ ဖြေလိုက်တယ်။

တိုနီ့အိမ်ကနေ သူ အိမ်ကိုယူလာတဲ့ အ၀တ်အစားတွေကို ဖြည်လိုက်တယ်။ ပြီးတော့ ဖြန့်ပြီး သူ့အ၀တ်ကြိုးတန်းမှာ လှန်းထားလိုက်တယ်။ ဖိနပ်တွေကိုကျတော့ သူ့အိမ်ရှေ့တံခါးက ဖိနပ်စင်မှာ တင်ထားလိုက်တယ်။ ဒီအသစ်တွေနဲ့ ယှဉ်ကြည့်တော့ သူ့အရင် အ၀တ်တွေနဲ့ ဖိနပ်တွေဟာ စိတ်ပျက်စရာကောင်းလောက်အောင် မသပ်မရပ်ဖြစ်နေတာ တွေ့ရတယ်။ ဒါတွေဟာ အခြားကမ္ဘာတစ်ခုက၊ မတူညီတဲ့ပစ္စည်းတွေနဲ့ လုပ်ထားသလိုပဲလို့ သူခံစားရတယ်။ အင်တာဗျူးမှာ ၀တ်ခဲ့တဲ့ ဘလောက်စ်အင်္ကျီနဲ့ စကပ်ကို သူချွတ်လိုက်ပြီး တန်းပေါ်တင်လိုက်တယ်။ နောက်တော့ ဂျင်းဘောင်းဘီနဲ့ တီရှပ်ကို ပြန်ဝတ်တယ်။ ပြီးတော့ ကြမ်းပြင်ပေါ်ထိုင်ပြီး ဘီယာအေးအေးကို သောက်နေလိုက်တယ်။ တိုနီ့အိမ်က အ၀တ်အစားတွေပြည့်နေတဲ့ အခန်းကြီးကို ပြန်တွေးမိတော့ သူ သက်ပြင်းတစ်ချက် ရှိုက်မိတယ်။ အရမ်းလှတဲ့ အ၀တ်အစားတွေ အများကြီးလို့ သူတွေးနေမိတယ်။ ပြီးတော့ ဘီရိုလုပ်ထားတဲ့ အခန်းကျယ်ကြီး၊ ငါနေတဲ့အခန်းထက်ကို ပိုကြီးတယ်။ ဒီအ၀တ်အစားတွေအားလုံးကို ၀ယ်ရင်း သုံးခဲ့ရတဲ့ အချိန်နဲ့ငွေတွေကို သူ စိတ်နဲ့မှန်းဆကြည့်တယ်။ ပြီးတော့ သေသွားတယ်ဆိုတဲ့ အမျိုးသမီး။ ဒီလောက် လှလှပပ အ၀တ်အစားတွေအများကြီးကို ချန်ထားခဲ့ပြီး သေရမယ်ဆိုတဲ့ ခံစားချက်ဟာ ဘယ်လိုများနေပါ့မလဲ။

အမျိုးသမီးရဲ့ အပေါင်းအသင်းတွေ အနေနဲ့ကတော့ သူ ဆင်းရဲမှန်း အားလုံးသိနေကြတာပဲ။ ဒီတော့လည်း ဒီလို ခေတ်မှီဆန်းပြားတဲ့ တန်ဖိုးကြီးကြီး အ၀တ်အစားတွေဝတ်ပြီးသာ အပြင်ထွက်မယ်ဆိုရင် အံအားသင့်ကြတော့မှာပဲ။ `ဒီလိုအ၀တ်အစားမျိုး နင်ဘယ်ကရလဲ´ လို့ သူတို့ မေးကြလိမ့်မယ်။
`အဲဒီအကြောင်း ဘယ်သူ့ကိုမှ မပြောပြဘူးလို့ ငါကတိပေးထားတယ်´ လို့ သူက ခေါင်းခါရင်း ပြန်ပြောလိမ့်မယ်။ `နောက်တော့ ငါက ပြောပြတယ်ဆိုရင်တောင် ဒီအဖြစ်အပျက်ကို နင်တို့ ယုံကြမှာမဟုတ်ဘူး…´


နောက်ဆုံးတော့ အခြား အ၀တ်ဟောင်းပွဲစားတစ်ယောက်က သူ့ဇနီးရဲ့ အကြွင်းအကျန်တွေ အားလုံးကို တိုနီ့ဆီက လာယူသွားပါတယ်။ အ၀တ်တွေ ၀ယ်တုန်းက ပေးခဲ့ရတဲ့တန်ဖိုးရဲ့ နှစ်ဆယ်ပုံတစ်ပုံပဲ ပွဲစားက တိုနီ့ကို ပေးခဲ့တယ်။ ဒါပေမဲ့ ဒါက တိုနီ့အတွက် ဘာဖြစ်မှာလဲ။ တကယ်တော့ ဒါတွေကို သူ အလကားတောင် ပေးပစ်နိုင်တယ်။ သူ နောက်ထပ် မမြင်ရတော့မယ့် နေရာကိုသာ ရောက်သွားမယ်ဆိုရင်ပေါ့။

တစ်ခါတစ်ခါကျရင် တိုနီ အဲဒီအခန်းလွတ်ထဲကို ရောက်သွားပြီး အထဲမှာ တစ်နာရီနှစ်နာရီကြာ နေလေ့ရှိတယ်။ ဘာတစ်ခုမှတော့ လုပ်တာမဟုတ်ဘူး။ သူ့စိတ်ကိုသူ ဗလာကျင်းထားလိုက်တယ်။ အခန်းရဲ့ကြမ်းပြင်မှာထိုင်ရင်း ပြောင်ရှင်းနေတဲ့ နံရံတွေကို ကြည့်နေမယ်။ ကွယ်လွန်သွားတဲ့ သူ့ဇနီးရဲ့ အရိပ်တွေရဲ့ အရိပ်တွေ။ ဒါပေမဲ့ လအနည်းငယ်ကြာတော့ ဒီအခန်းထဲက အရာတွေကို ပြန်စဉ်းစားနိုင်တဲ့ အရည်အသွေး သူ့မှာ ပျောက်သွားတယ်။ အဲဒီအရာတွေရဲ့ အရောင်နဲ့ အငွေ့အသက်တွေဟာ သူကိုယ်တိုင် မသိလိုက်ခင်မှာပဲ သူ့မှတ်ဉာဏ်ထဲက ပျောက်ဆုံးသွားခဲ့တယ်။ တစ်ခါတုန်းက သူ အမြတ်တနိုးသိမ်းဆည်းထားခဲ့တဲ့ ကွင်းကွင်းကွက်ကွက် စိတ်ခံစားချက်တွေတောင် သူ့ဦးနှောက်ရပ်ဝန်းထဲက ထွက်ပြေးတိမ်းရှောင်သွားသလို အရောင်ဖျော့လာခဲ့တယ်။ လေညင်းထဲက မြူငွေ့တစ်ခုလို သူ့မှတ်ဉာဏ်တွေဟာ ပုံသဏ္ဌာန်ပြောင်းနေခဲ့တယ်၊ တစ်ခါပြောင်းတိုင်းမှာလည်း ပိုမိုမှုန်ဝါးသွားလို့။ အခုတော့ မှတ်ဉာဏ်တစ်ခုစီဟာ အရိပ်တစ်ခုရဲ့ အရိပ်တစ်ခုရဲ့ အရိပ် ဖြစ်သွားခဲ့ပြီ။ သူ့ဆီမှာ လက်ဆုပ်လက်ကိုင် ကျန်နေခဲ့တဲ့ တစ်ခုတည်းသောအရာကတော့ လစ်ဟာနေတဲ့ ခံစားချက်ပဲ။

တစ်ခါတလေ သူ့ဇနီးရဲ့ မျက်နှာလေးကိုပဲ သူပြန်ပုံဖော်ကြည့်မိတယ်။ ဒါပေမဲ့ သူ မြင်နေရတာက အခန်းထဲမှာ သူ့ဇနီးထားခဲ့တဲ့အ၀တ်အစားတွေကိုကြည့်ပြီး မျက်ရည်တွေကျနေတဲ့ သူစိမ်းအမျိုးသမီးပဲ။ သူ့ရဲ့ ရွက်ကြမ်းရည်ကြိုမျက်နှာနဲ့ တစ်ပတ်နွမ်းသားရေဖိနပ်ကို တိုနီ ပြန်မြင်နေတယ်။ အဲဒီအမျိုးသမီးရဲ့ နာမည်နဲ့အတူ အရာအားလုံးကို မေ့သွားပြီး အတော်ကြာတဲ့အထိ အဲဒီအမျိုးသမီးရဲ့ ပုံရိပ်ကိုတော့ ထူးဆန်းစွာပဲ မေ့မရတော့ဘူး။

တိုနီရဲ့ဇနီး ကွယ်လွန်ပြီး နှစ်နှစ်အကြာမှာ တိုနီ့အဖေ အသည်းကင်ဆာနဲ့ ဆုံးခဲ့တယ်။ ရှိုဇာဘုရိုတခိတနိအနေနဲ့ သိပ်မခံစားလိုက်ရပါဘူး။ ဆေးရုံမှာ ခဏပဲ ကြာလိုက်တယ်။ သူသေတာ အိပ်ပျော်သွားသလိုပဲ။ တစ်နည်းအားဖြင့်တော့ ဘ၀နိဂုံး အေးအေးချမ်းချမ်းအဆုံးသတ်သွားခဲ့တယ်ပေါ့။ စတော့ခ်ရှယ်ယာလက်မှတ်အချို့နဲ့ ငွေသားအနည်းငယ်ကလွဲပြီး ပိုင်ဆိုင်မှုရယ်လို့ ရှိုဇာဘုရို ချန်ထားခဲ့တာ မရှိဘူး။ သူ့ခရာကြီးရယ်၊ ဂျက်ဇ်ဂီတ ဓာတ်ပြားဟောင်း တစ်ပုံကြီးရယ်ပဲ ကျန်ခဲ့တယ်။ အဲဒီဓာတ်ပြားတွေကို သေတ္တာတွေနဲ့ထည့်ပြီး အခန်းလွတ်တစ်ခုရဲ့ ကြမ်းပြင်မှာ တိုနီ ပုံထားလိုက်တယ်။ အောက်သက်သက်အနံ့တွေ ထွက်တတ်လို့ အဲဒီအခန်းက ပြတင်းပေါက်ကိုလည်း လေ၀င်လေထွက်ရအောင် ပုံမှန်သွားဖွင့်ပေးရတယ်။ တခြားအချိန်ဆိုရင်တော့ အဲဒီအခန်းထဲကို သူ ခြေတောင် မချဖြစ်ဘူး။

တစ်နှစ်လောက် ဒီလိုပဲ ကုန်သွားတယ်။ ဒါပေမဲ့ အဲဒီ ဓာတ်ပြားသေတ္တာတွေ အိမ်မှာ ရှိနေတယ်ဆိုတဲ့အသိက တိုနီ့ကို တစ်နေ့တခြား စိတ်မသက်မသာ ဖြစ်လာစေတယ်။ ထိုင်ပြီး အဲဒီဓာတ်ပြားတွေအကြောင်း စဉ်းစားရုံသက်သက်နဲ့တင် အသက်ရှူကြပ်လာသလို တိုနီ မကြာခဏခံစားရတယ်။ တစ်ခါတလေကျတော့လည်း ညဥ့်နက်သန်းခေါင်နိုးပြီး ပြန်အိပ်မရ ဖြစ်တတ်တယ်။ သူ့မှတ်ဉာဏ်တွေက ၀ိုးတ၀ါးဖြစ်နေပြီ။ ဒါပေမဲ့ နဂိုရှိနေခဲ့တဲ့နေရာမှာ ကျန်ရှိနေဆဲပဲ၊ မှတ်ဉာဏ်တွေရဲ့ အလေးချိန်ရှိနိုင်သလောက် ဖိချထားရင်းနဲ့။

ဒါနဲ့ တိုနီလည်း ဓာတ်ပြားအဟောင်းဝယ်သူကို ခေါ်ပြီး ဘယ်လောက်ပေးမလဲ မေးလိုက်တယ်။ အသစ်ထပ်မထွက်တော့တဲ့ တန်ဖိုးကြီးဓာတ်ပြား အများအပြားပါဝင်နေလို့ ခပ်သေးသေးကားတစ်စင်း ၀ယ်ဖို့ လုံလောက်တဲ့ အတော်လေးများတဲ့ ငွေပမာဏ တိုနီရခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ငွေရေးကြေးရေးက တိုနီ့အတွက်တော့ အကြောင်းမဟုတ်ပါဘူး။

အဲဒီဓာတ်ပြားတွေ သူ့အိမ်မှာ မရှိတော့မှပဲ တိုနီလည်း တကယ့် အထီးကျန်ဘ၀ ရောက်ခဲ့တော့တယ်။


(Tony Takitani by Haruki Murakami. Mirrored from: လရောင်လမ်း ဘာသာပြန် – တေဇာ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s