လမ်းအိုလေး

beyond chaOs

ကမ်ပီး (၁၉၈၅-၂၀၁၄) ကို သတိရလက်


Leave a comment

ရုပ်ရှင်ကဗျာ – ၂၄ (မောင်ဒေး)

Microsoft Word ဖိုင်ထဲတွင်၊ အပြင်ထုတ်ထားသော လျှာများပေါ်တွင်၊ နေပူထုတ်လှမ်းထားသော အဝတ်များပေါ်တွင် နင့်နာမည်ကို ငါရေး၏။ ကမ္ဘာကို ပတ်နေသော ဆက်သွယ်ရေးဂြိုလ်တုပေါ်တွင်၊ ဆရာဝန် ပေးလိုက်သော သောက်ဆေးများပေါ်တွင်၊ ကြည်အောင်၏ ကဗျာစာအုပ် နောက်ကျောဖုံးပေါ်တွင် နင့်နာမည်ကို ငါရေး၏။ ယင်ကောင်တို့၏ အတောင်များပေါ်တွင်၊ ဆောင်းရာသီ၏ အာငွေ့ပေါ်တွင်၊ ဗာဒံရွက်များပေါ်နှင့် လမ်းခွေးတို့၏ နားရွက်များပေါ်တွင် နင့်နာမည်ကို ငါရေး၏။ ငါကိုယ်တိုင်၏ အရေပြားပေါ်တွင် နင့်နာမည်ကို ငါရေး၏။ အခြားလူများ၏ အရေပြားပေါ်တွင် နင့်နာမည်ကို ငါရေးဖို့ စိတ်ကူးယဉ်၏။ မရရှိခဲ့သော ပျော်ရွှင်မှုများနှင့် ရရှိခဲ့သော အချိန်များပေါ်တွင်၊ မရရှိခဲ့သော အချိန်များနှင့် ရရှိခဲ့သော မွေးစာရင်းစာရွက်တို့ပေါ်တွင် နင့်နာမည်ကို ငါရေး၏။ နင် သေဆုံးခဲ့သည်၊ ထို့နောက် အသက်ဆက်ရှင်၏။

(David Cronenberg ၏ Maps to the Stars)


(ရုပ်ရှင်ကဗျာများ – မောင်ဒေး။ သြဂုတ်၊ ၂၀၁၅ – နှစ်ကာလများ။)


Leave a comment

ရုပ်ရှင်ကဗျာ – ၁၆ (မောင်ဒေး)

နွေ အိမ်ပြန်လာသောအခါ ဇနီးဖြစ်သူ မိုးကို မိတ်ဆွေဖြစ်သူ ဆောင်းနှင့်အတူ အိပ်ရာပေါ်တွင် တွေ့လိုက်ရသည်။ နွေသည် အံဆွဲထဲမှ သေနတ်ကိုထုတ်၍ ပထမ ဆောင်းနှင့် မိုးကို ပစ်သည်။ ထို့နောက် သေနတ်ပြောင်းဝကို သူ၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ဤကား ရာသီဥတု ဖောက်ပြန်ခြင်း၏ အစဖြစ်၏။ ကစော်ဖောက်မှသာ အရက်ကို ရ၏။ အချိန်ကြာလာသည်နှင့်အမျှ သူ့ထက်သူ လူစွမ်းကောင်းများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်။ ဤသည်က တရုတ်သိုင်းကားထဲတွင် ဖြစ်သည်။ အပြင်လောကတွင်မူ ယောကျာ်း၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသော မိန်းမအား မည်သည့် လူစွမ်းကောင်းကမှ လာ၍မကယ်ပါ။ အပြင် ၃၇မင်းသည်လည်း အတွင်း ၃၇မင်းကို တော်လှန်ရန် ကြိုးပမ်းနေရ၍ မအားလပ်ပါ။ ကိုကြီးကျော်သည်ကား ဘီအီးဆိုင်တွင်သာ အချိန်ကုန်နေသည်။ နွေသည် သေနတ်ကို ပါးစပ်ထဲ ထည့်ခဲ့သော်လည်း ခလုတ်ကို မဆွဲဖြစ်ခဲ့။ သို့သော် ကွင်းပြင်ကြီးတစ်ခုဆီသို့ သွား၍ သူ၏ခေါင်းကို ဆွဲဖြုတ်လိုက်သည်။ လည်ပင်းငုတ်တိုကြီးမှ သွေးများ ပန်းထွက်လာ၏။

(Carlos Regadas ၏ Post Tenebras Lux)


(ရုပ်ရှင်ကဗျာများ – မောင်ဒေး။ သြဂုတ်၊ ၂၀၁၅ – နှစ်ကာလများ။)


Leave a comment

ရုပ်ရှင်ကဗျာ – ၂၂ (မောင်ဒေး)

ကျွန်တော်၏ ဝမ်းနည်းနေသောစိတ်ကို ကြက်ကင် ဝယ်ကျွေးလိုက်သည်။ ဆိုင်းဘုတ်များကိုင်၍ စုရုံးစုရုံးလုပ်နေသော လူအုပ်ကို စတော်ဘယ်ရီ အနံ့ပါသော သကြားလုံးများ ဝယ်ကျွေးလိုက်သည်။ ပိန်းရွက်များ ခူးကျွေးလိုက်သည်။ လမ်းဘေးတွင် ခိုးကူးခွေများ လိုက်လံဖမ်းဆီးနေသော ရဲများကို ကာလရွေ့လျားစက်ပေါ်သို့ တင်၍ ကာလတရား၏ အပသို့ နှင်လွှတ်လိုက်သည်။ ယခုမျိုးဆက်ကို ကျွန်တော် နားလည်ချင်သောအခါ ဇလုံထဲသို့ ပေရေနေသော အဝတ်များကိုထည့်ပြီး ရေနွေးဖျောရသည်။ ပိန်းရွက်များနှင့် အကြိမ်ကြိမ် ဆက်ဆံဖူးသည်ဆိုလျင် ခင်ဗျားကို ကျွန်တော်၏ အကောင်းဆုံးဖောက်သည်အဖြစ် သတ်မှတ်မည်။ မာတင်လူသာကင်း၊ ဗိုလ်ချုပ်အောင်ဆန်း စသော ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသောကြောင့် မြန်မာလူငယ် တော်တော်များများ ကဗျာရေးလိုကြခြင်း ဖြစ်နိုင်သည်။ ကျွန်တော်သည် ကျွန်တော်၏ ဝမ်းနည်းနေသောစိတ်နှင့် ပလူးချင်သောအခါ သူ ကြည်ဖြူလာအောင် တစ်နာရီလောက် စည်းရုံးရသည်။

(Wes Anderson ၏ Rush More)


(ရုပ်ရှင်ကဗျာများ – မောင်ဒေး။ သြဂုတ်၊ ၂၀၁၅ – နှစ်ကာလများ။)

ကမ္ဘာမြေကြီး - ဧဧသန်း


Leave a comment

ကမ္ဘာမြေကြီး (ဧဧသန်း)

အရယ်အပြုံး မရှိတဲ့သူ့ကို
သစ်ပင်တွေက ခံစားမိကြရော
ထိုရက်တစ်ရက်
သူနဲ့ပတ်သက်ပြီး
ကော့ပါးနီကတ်စ် လိပ်ပြာလေး
ထွက်သွားပေးလိုက်ရဖူးတယ်
စကြာဝဠာကြီးကတော့
ညလုံးပြည့် လက်ဆောင်အဖြစ်
ကြယ်ဖြူဖြူတွေ
ထုဆစ်ပေးတယ်
နေရာယူထားတဲ့ တိမ်တိုက်တွေကို
ကောင်းကင်ကြီးအနေနဲ့က
အချိန်သေးသေးလေး ပေးထားတယ်
မိုးတွေတအားရွာနေတာတောင်
ချစ်သူကောင်လေးက
ချစ်သူကောင်မလေးနဲ့
လမ်းလျှောက်ဦးမှာမို့ကိုး။ ။

(ပန်းဝေသီ မဂ္ဂဇင်း – ၁၉၉၇)


(ကမ္ဘာမြေကြီး ကဗျာစုစည်းမှု – ဧဧသန်း။ နိဒါန်းသစ်စာပေ၊ စက်တင်ဘာ ၂၀၁၇။)


Leave a comment

ကမ္ဘာမြေကြီး – ၁၆ (ဧဧသန်း)

ငြိမ်းချမ်းရေး မလိုချင်ပါဘူး …. ဆို
မာနယ်ပလောမှာ
အလောင်းတွေ ထပ်ခဲ့တယ်
အပေါ်စီးရနေတဲ့ လင်းဠတွေက
ငြိမ်းချမ်းရေး မလိုချင်ဘူးတဲ့
အရိုးတစ်ဈေး အသားတစ်ဈေး ရောင်းစားချင်သေးတယ်
ကိုယ့်ကိုယ်ကိုယ် ချစ်လို့မဝလို့
သူများကို လိုက်လိုက်ချစ်
ကိုယ့်ကိုယ်ကိုယ် မုန်းလို့မဝလို့
သူများကို လိုက်လိုက်မုန်း
တော်လောက်ပါပြီ
သွေးသားဆိုးတော့ သည်းခြေခိုက်သွားတယ်
ရောဂါဟောင်းက နှစ်မျိုး
အကျင့်ဆိုးက သုံးမျိုး
အကုသိုလ်တွေ ထပ်ခိုးပေါ် ခဏတင်ထားလိုက်
ငရဲပြည်ကို ရောက်သွားတဲ့လူတွေနဲ့
အကျင့်က တူ တူ နေတော့
လူ့ပြည်ကလည်း ငရဲပြည်နဲ့တူလာတယ်
ပူပူလာတယ်
Continue reading

KMY


Leave a comment

စိန်ဂေါ်လီတစ်ယောက် – ၈ (စိုင်းဝင်းမြင့်)

လောကကြီးမှာ ဘယ်သူမှ မလိမ္မာဘူး
ဘယ်သူမှလည်း မမိုက်ဘူး
မီးလောင်တဲ့အခါ ကိုယ့်အလောင်းကိုကိုယ်ထမ်း
ကိုယ့်နှလုံးသားကိုကိုယ် ကယ်ထုတ်သွားကြတာပဲ

ဒိုင်နိုဆောတွေ တိုက်ခန်းတွေထဲ ဆက်နေလို့မရ
အသည်းငယ်လို့ မျိုးတုံးသွားရတာပဲရှိတယ်
ဒရက်ကူလာတွေ နှစ်များစွာ အလင်းကို လေ့ကျင့်
သွေးကို ဘဏ်တိုက်ဖွင့်
ပန်းခြံခုံတန်းလျားမှာ ချစ်သူကို စောင့်နေကြသေးတယ်
Continue reading


Leave a comment

စိန်ဂေါ်လီတစ်ယောက် – ၂ (စိုင်းဝင်းမြင့်)

တစ်ည ကျွန်တော်အိမ်ပြန်နောက်ကျတော့
အဖေ မအိပ်ပဲစောင့်နေ
ထမင်းစားပွဲပေါ်မှာ ပြင်ထားတဲ့ ထမင်းတွေဟင်းတွေ
ဆာနေပုံရတဲ့ကျွန်တော့်ကို ပြောတယ်
ငါငယ်ငယ်က အိမ်ပြန်နောက်ကျတုန်းက
ငါ့အဖေက အခုလိုပဲစောင့်နေ
ငါပြန်လာပြီဆိုမှ မီးဖိုချောင်ထဲက
ထမင်းကျန်ဟင်းကျန်တွေကို အကုန်နယ်ပြီး
အိမ်ရှေ့က ဓာတ်တိုင်မှာ ပုံပြီး
ခွေးကျွေးလိုက်တယ် တဲ့
ငါပြန်မလာမချင်း ငါ့ရှေ့မှာ ခွေးချကျွေးဖို့စောင့်နေ
ငါကတော့ အဲဒီလို ဘယ်တော့မှမလုပ်ပါဘူး
ရော့ မင်းစားတဲ့ ငါအသင့်ပြင်ထားတယ်တဲ့ အဖေက
လူတစ်ယောက်ကို ဝမ်းနည်းအောင်လုပ်တတ်တယ် အဖေက
ကျွန်တော့်အဖေက။   


စိုင်းဝင်းမြင့် ကဗျာပေါင်းချုပ် ဒုတိယအုပ် (၂၀၀၅ – ၂၀၁၆)၊ ကျော်မွှေးစာပေ၊ ၂၀၁၆။

စိန်ဂေါ်လီတစ်ယောက်


Leave a comment

စိန်ဂေါ်လီတစ်ယောက် – ၁ (စိုင်းဝင်းမြင့်)

ဆူပါဘင်လမ်းလို့ပြောတယ်
လွစ္စလမ်းလို့လွမ်းတယ်
အနော်ရထာလမ်းကို ဘယ်တော့မှမရောက်
ဖရေဇာအတိုင်း လျှောက်လာတယ်
၉ ကားစီးသွားရတယ်

ဆဲဗင်းဇူလိုင်တုန်းက ဟိုထောင့်နားက လှမ်းပစ်တာ
ငါက ဒီနေရာလေးမှာ ရပ်နေတာ
အဲသည်တုန်းက ဦးချစ် လက်ဘက်ရည် မရောင်းသေး

နဂါးအမှတ်တံဆိပ် ကားဂိတ်လေးကနေ ကျောင်းရှေ့
ကျောင်းရှေ့က ကျောင်းဝင်းထဲရောက်လာ
ဦးချစ်လက်ဘက်ရည်ဆိုင်ဖြစ်လာ ဘာတွေလဲ အဖေရာ
ငုဝါလမ်းပါ ဆိပ်ကမ်းသာလမ်းပါ အနော်ရထာလမ်းလို့ ပြောစမ်းပါ
ကျွန်တော်တို့ခေတ်မှာ သန်မြန်သူနဲ့ မြင်းပျံ
မြို့ပတ်ရထားနဲ့ ကျောင်းပြေး
သစ်တောဝင်းအတွင်းဘက် သစ်တုန်းကန်မှာ ရေဆင်းကူး
တစ်ယောက်က ရန်စပေးလိုက်တာနဲ့
ကျောင်းဆင်းချိန်မှာ တစ်ကျောင်းနဲ့တစ်ကျောင်းရိုက်
ကရင်ခြံဝင်းထဲမှာ တစ်နေကုန်နေပြီး
ကျောင်းဆင်းချိန်ရောက်မှ ကျောင်းထဲကထွက်လာတဲ့ပုံစံနဲ့
အလုံလမ်းအတိုင်း ပြန်ပြန်လာ
မိဘခေါ်ရတဲ့အခါ လမ်းထိပ်က
ဆိုက်ကားသမားတစ်ယောက်ယောက် ခေါ်ခေါ်သွား
နောက်တစ်ခါထပ်ခေါ်ရတဲ့အခါ
အရင်လူမရှိတာနဲ့ အလှည့်ကျ ဆိုက်ကားသမားခေါ်သွား
ဆရာမက အဖေပြောင်းသွားပါလား ဆိုတဲ့အခါ
အုပ်ထိန်းသူ ဦးလေးတစ်ယောက်ပါခင်ဗျာ ပြင်ပြောရ
ရယ်စရာလူလျှင်လေးများ
ကျောင်းအကျီကော်လံအောက်မှာ ဆံပင်ရှည်ဘယ်လောက်သန်သန်
ခေတ်ဘယ်လောက်မြန်မြန်
အဖေ့ကို မချန်ခဲ့နိုင်ဘူး
တစ်နေ့မှာ အဖေ့လက်မောင်းက
စိန်ဂေါ်လီဆေးမင်ကြောင်ကို ကိုင်ကြည့်ရင်း
ငိုင်သွား ငေးသွား
ရူးနေတာပဲ လူငယ်နှစ်များ
ငါတို့တုန်းက စစ်တပ်က လမ်းတစ်နေရာမှာတားပြီး
ဆံပင်ရှည်ကို နောက်လှန်ဆွဲစု ဘက်နက်နဲ့ ဖြတ်ချပစ်တယ်
ကျွန်တော်တို့ခေတ် တစ်တိုင် နှစ်တိုင်ထဲမှာ ပုံပြင်ပမာ
လွပ်လပ်ရေးရပ်ကွက် မြစ်ကမ်းနားဘက်
ကုလားသချိုင်းထဲမှာ သတင်းစာနဲ့ထုပ်ထား ဆေးခြောက် ၅၀ သား
ဘယ်မှမပစ်ပဲနဲ့ နောက်တစ်နေ့မှာ ကုန်သွား
မုန့်စားသူများ ကြက်သားကာလသားချက် ချက်စားသူများ
ကျွန်တော် ဖျားသွားတယ်
Continue reading

Hein Myat Zaw


Leave a comment

တချို့အချက်အလက်တွေမှာ ကျွန်တော်ပါ ပါနေတယ် (ဟိန်းမြတ်ဇော်)

ဟေ့ကောင် … ဟေ့ကောင် … ဟေ့ကောင် …
ငါပါ … ငါပါ … ငါပါ … ဟေ့ကောင် …
ငါပါ … ငါပါ … ဟေ့ကောင် … မြန်မြန် … ဟေ့ကောင် …
ကြားလား … ကြားလား … ဟေ့ကောင် … ငါပါ … ငါပါ … ဟေ့ကောင် …
ငါတင်မကဘူး ဘုရားသခင်ပါ ဒဏ်ရာရလာတယ်။ ဟေ့ကောင် …
ငါပါ … ဟေ့ကောင် … ငါပါ …။ ။

ဟိန်းမြတ်ဇော်
၎-၃-၁၀


(Hein Myat Zaw @Facebook)

 

Hein Myat Zaw - 2 Poems


Leave a comment

ငါ့မိတ်ဆွေများ (ဟိန်းမြတ်ဇော်)

ကြိုးကြာငှက်တွေ ပျံဝဲလို့
ခင်ဗျားတို့ တယ်လည်းကြိုးစားကြပါလား
. . . . . . . . . . . . . . .
. . . . . . . . . . . . . . .
. . . . . . . . . . . . . . .
မှ –
ဟိန်းမြတ်ဇော်၊ ၂၄ စက်တင်ဘာ၊ ၂၀၀၈။


(ကဗျာမဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၀၈။ နှစ်ကာလများ။)