လမ်းအိုလေး

beyond chaOs

စိန်ဂေါ်လီတစ်ယောက်

စိန်ဂေါ်လီတစ်ယောက် – ၁ (စိုင်းဝင်းမြင့်)

Leave a comment

ဆူပါဘင်လမ်းလို့ပြောတယ်
လွစ္စလမ်းလို့လွမ်းတယ်
အနော်ရထာလမ်းကို ဘယ်တော့မှမရောက်
ဖရေဇာအတိုင်း လျှောက်လာတယ်
၉ ကားစီးသွားရတယ်

ဆဲဗင်းဇူလိုင်တုန်းက ဟိုထောင့်နားက လှမ်းပစ်တာ
ငါက ဒီနေရာလေးမှာ ရပ်နေတာ
အဲသည်တုန်းက ဦးချစ် လက်ဘက်ရည် မရောင်းသေး

နဂါးအမှတ်တံဆိပ် ကားဂိတ်လေးကနေ ကျောင်းရှေ့
ကျောင်းရှေ့က ကျောင်းဝင်းထဲရောက်လာ
ဦးချစ်လက်ဘက်ရည်ဆိုင်ဖြစ်လာ ဘာတွေလဲ အဖေရာ
ငုဝါလမ်းပါ ဆိပ်ကမ်းသာလမ်းပါ အနော်ရထာလမ်းလို့ ပြောစမ်းပါ
ကျွန်တော်တို့ခေတ်မှာ သန်မြန်သူနဲ့ မြင်းပျံ
မြို့ပတ်ရထားနဲ့ ကျောင်းပြေး
သစ်တောဝင်းအတွင်းဘက် သစ်တုန်းကန်မှာ ရေဆင်းကူး
တစ်ယောက်က ရန်စပေးလိုက်တာနဲ့
ကျောင်းဆင်းချိန်မှာ တစ်ကျောင်းနဲ့တစ်ကျောင်းရိုက်
ကရင်ခြံဝင်းထဲမှာ တစ်နေကုန်နေပြီး
ကျောင်းဆင်းချိန်ရောက်မှ ကျောင်းထဲကထွက်လာတဲ့ပုံစံနဲ့
အလုံလမ်းအတိုင်း ပြန်ပြန်လာ
မိဘခေါ်ရတဲ့အခါ လမ်းထိပ်က
ဆိုက်ကားသမားတစ်ယောက်ယောက် ခေါ်ခေါ်သွား
နောက်တစ်ခါထပ်ခေါ်ရတဲ့အခါ
အရင်လူမရှိတာနဲ့ အလှည့်ကျ ဆိုက်ကားသမားခေါ်သွား
ဆရာမက အဖေပြောင်းသွားပါလား ဆိုတဲ့အခါ
အုပ်ထိန်းသူ ဦးလေးတစ်ယောက်ပါခင်ဗျာ ပြင်ပြောရ
ရယ်စရာလူလျှင်လေးများ
ကျောင်းအကျီကော်လံအောက်မှာ ဆံပင်ရှည်ဘယ်လောက်သန်သန်
ခေတ်ဘယ်လောက်မြန်မြန်
အဖေ့ကို မချန်ခဲ့နိုင်ဘူး
တစ်နေ့မှာ အဖေ့လက်မောင်းက
စိန်ဂေါ်လီဆေးမင်ကြောင်ကို ကိုင်ကြည့်ရင်း
ငိုင်သွား ငေးသွား
ရူးနေတာပဲ လူငယ်နှစ်များ
ငါတို့တုန်းက စစ်တပ်က လမ်းတစ်နေရာမှာတားပြီး
ဆံပင်ရှည်ကို နောက်လှန်ဆွဲစု ဘက်နက်နဲ့ ဖြတ်ချပစ်တယ်
ကျွန်တော်တို့ခေတ် တစ်တိုင် နှစ်တိုင်ထဲမှာ ပုံပြင်ပမာ
လွပ်လပ်ရေးရပ်ကွက် မြစ်ကမ်းနားဘက်
ကုလားသချိုင်းထဲမှာ သတင်းစာနဲ့ထုပ်ထား ဆေးခြောက် ၅၀ သား
ဘယ်မှမပစ်ပဲနဲ့ နောက်တစ်နေ့မှာ ကုန်သွား
မုန့်စားသူများ ကြက်သားကာလသားချက် ချက်စားသူများ
ကျွန်တော် ဖျားသွားတယ်

အဲသည်တုန်းက ပေါက်စီကိုဘယ်လိုစားရမယ် ငါမသိသေးဘူး
ရွှေပေါ်လည်း မြမတင်
ရွှေလည်း မပလ္လင်သေးဘူး
အဲ့သည်တုန်းက နံပြားထောပတ်သုတ်ဟာ လမင်းကြီးပမာ ဝင်းပ
ငါ့မျက်နှာထက် ကြီးလှတယ်
အသက်အရွယ်နဲ့မမျှ ဘဝဟာ ရိုးစင်းလှ
အမြဲတမ်း ထူးဆန်းအံ့သြရတဲ့ကမ္ဘာ ငါရခဲ့တယ်
အဖေနဲ့အမေ ရန်ဖြစ်ပြီးပြန်ချစ်ပြီးစ
တစ်ညနေ လက်ဘက်ရည်ဆိုင်မှာ
သကြားများများ ထောပတ်အဆီရွှဲရွှဲ
ငါ့လက်ချောင်းတွေကြားက စီးကျသည်အထိ ငါရခဲ့တယ်

အဲဒီခေတ်ကဘဲတွေ စောက်ရမ်းမိုက်ပုံက
လက်ဘက်ရည်ဆိုင်နာမည် ပေါ်ပေါ်ကြီး အမည်ပေးနိုင်ပုံနဲ့
ဘီးကျဲကြီးတွေဆိုပြီး အခုပြန်ဂါရတယ်

တစ်ရက်မှာ ငါ့သူငယ်ချင်း မုန့်တစ်ခုယူလာတယ်
အခုငါသိထားတာထက်ပိုတဲ့ သကြားမုန့်ဖက်ထုပ်ပဲ
ငါတို့လက်နှစ်ဖက်နဲ့ကိုင်စား
သူငယ်ချင်းများကိုဖဲ့ကျွေးလည်း လျော့မသွား
အုန်းသီးများများ အရသာ သကြားများနဲ့ မုန့်ဖက်ထုပ်ပဲ
ငါအခုထိ ပျားအုံမှာ ပျားစွဲနေခဲ့တယ်

ငါနာမည်ဆိုးနဲ့ကျော်ကြား ၁၀ နှစ်သား
တစ်ကြောင်းကြောင်းနဲ့ အရိုက်ခံရငါ့ကလေးဘဝများ
အရိုက်ခံရပြီး အစောကြီးအိပ်ပျော်သွားတဲ့တစ်ည
ခေါက်ဆွဲကြော်ထုပ်ကိုဆွဲပြီး အဖေပြန်လာတယ်
အိပ်ပျော်နေတဲ့ငါ့ကို နှိုးပြီးကျွေးတယ်
အရိုက်ခံရတုန်းက မငိုတဲ့ငါ မျက်ရည်ကျဝမ်းနည်းရတယ်
ငါခိုးထားပြီး အဖေထောင်ထဲကယူလာတဲ့ နည်းတွေအတိုင်း
ဘယ်လိုရိုက်စစ်စစ် မယူဘူးငြင်းထားတဲ့
၇၅ ကျပ်တန် ငါပြန်ထုတ်ပေးမိတယ်

တစ်နေ့မုန့်ဖိုး ငါးမူးရတဲ့ကလေးဟာ
သတင်းစာ စာစောင်လည်းတွဲရောင်းတဲ့ကွမ်းယာဆိုင်ရှေ့မှာ
ငါးမူးတန်ရွှေသွေးတစ်စောင်အပိုင်ဝယ်ဖတ်မလား
လှပ တေဇ တို့ကျောင်းသားနဲ့ မျက်ရှု့ နှစ်စောင်တစ်မတ်နဲ့ငှားပြီး
တစ်မတ်တန်မုန့်တစ်ခုနဲ့ ကွမ်းယာဆိုင်ဘေးဆိုက်ကားဂိတ်မှာ
ထိုင်ဖတ်မလား မနက်တိုင်းစဉ်းစား
အဲသည်ကတည်းက နောက်လေးငါးနှစ်အကြာမှာဖြစ်လာမယ့်
လက်ဘက်ရည်သောက်ရင် မုန့်မစားရ
၉၀ လူငယ်ဘဝဒဿန ငါရခဲ့တယ်

ငါကာတွန်းဖတ်ခဲ့တယ် ငါဖြစ်ခဲ့တယ်
ကာတွန်းနဲ့ရုပ်ပြ ငါစဉ်းစားရတယ်
ရန်ဖြစ်ရင် ခံမလာနဲ့ ခံလာရရင် အရိုက်ခံရမယ်
အဖေ့ရဲ့ဒေသနာ ငါကြားနာခဲ့ရတယ်

အဲသည်တုန်းက လက်ဖျံမှာ အိမ်မြှောင်အတက်အဆင်းနဲ့
ငါလည်း လမ်းတစ်လှည့် အိမ်တစ်လှည့် ဆေးမင်ကြောင်ရုပ်နဲ့
စစ်တပ်ဟာ လမ်းထဲမှာ ဝင်ပစ်သွားတယ်
ရပ်ထားတဲ့ (၅၄)ဘတ်စ်ကားမှာ သေနတ်မှန်သွားတဲ့နေရာေ
နာက်နှစ်အနည်းငယ်မှာ ပြန်ဖာနိုင်ခဲ့ပေမယ့်
လမ်းထိပ်ဓာတ်တိုင်မှာ ကျည်ဆံရာ ကျန်ခဲ့သေးတယ်
မီးရထားသွားနေတုန်း သံလမ်းကာသံတံခါးမှာ ကျည်ဆန်ရာ ရှိနေသေးတယ်
ငါလူငယ့်ဘဝဟာ အဲသည် ၈၈ကျည်ဆန်တွေကိုသွားသွားစမ်း
မနေ့က ပြန်ကြည့်မိမှ သံလမ်းကအသေ
သံဓာတ်တိုင်တွေကိုလည်း ကွန်ကရစ်တိုင်
အစားထိုးသွားတာ နှစ်များစွာကြာခဲ့ပြီတဲ့လေ။

အဲသည်တုန်းက ဆန်တစ်ပြည် ငါးကျပ် စိန်လွင့်ခေါင်းကိုဖြတ်မှာ
ရပ်ကွက်ကျော်ရုံမက တခြားတစ်မြို့တစ်နယ်အထိပါသွား
အပြန်လမ်းပျောက်သွားလို့ လမ်းမှာတစ်ယောက်ယောက်က လိုက်ပို့ရ
ကစားချိန်တွေထက်လွန်မြောက် ညမှအိမ်ပြန်ရောက်
အဲဒီအရှိုးရာ အခုဒဏ်ရာအောက်မှာ ရှိသေးတယ်

လူသေအလောင်းများနဲ့
အဲသည်က သက်ရှိစာအုပ်များ
မကြာပါဘူး ရှစ်လေးလုံးမတိုင်ခင်တစ်နှစ်က
(၉)နှစ်သား ဒန်တီရဲ့ မျက်ရည်ဟာ အခါခါ
တစ်သက်မှာ တစ်ခါပဲ လှမ်းတွေ့ရ
ငရဲခန်းပျို့မှာ ဘီးယားထရစ်ကို ငါလည်းချစ်ခဲ့တယ်

အဲသည်တုန်းက ငုံးဥသကြားလုံးဟာ အချိုဆုံးပဲ
တဖြည်းဖြည်းအရည်ပျော်သွားတဲ့အရသာအဆုံးမှာ
အထဲကအနှစ်ပုံစံချိုချဉ်ခဲဟာ ငါနောက်မရတော့မှာ
လမ်းဘေးအုတ်ခုံမှာ အုတ်ခဲကျိုးနဲ့ အတောင်ပံဆွဲ အချိန်ဆွဲထားရတဲ့
နွေရာသီကျောင်းပိတ်ရက်များပဲ
စိတ်ချဉ်ပေါက်တဲ့တစ်ခါခါတော့လည်း
အဲဒီမှောင်ခိုဝင်လာ ယိုးဒယားသကြားလုံးများ
ငါအမြန်ကိုက်ဝါးပစ်လိုက်တယ်

ပြန်လာတဲ့အခါ အကျနောက်တစ်ထည်နဲ့
အိမ်ကဝတ်သွားတဲ့ အင်္ကျီနဲ့
အဟောင်းဆိုင်ကအကျဘယ်လိုလဲခဲ့လဲ
လူဟာ ပြောင်းလို့ရတယ် လဲလို့ရတယ်
ကျွန်တော် မပြောင်းလဲ
အဖေဟာ ကျွန်တော့်ကို အားမရဘူး ဖြစ်နေတယ်
အမေကလည်း ငါ့ကိုကြည့်ကြည့်ပြီး ပြောပြောနေတော့တာပဲ
နှစ်တွေကြာသွားလည်း
တစ်နှစ်ထက်တစ်နှစ် ပိုပိုဝေးသွားတယ် မခံစားရ
ယခုလိုနေ့ရက်တွေမှာ ပိုပိုနီးလာတယ်
အခုပဲပြန်တွေ့ရတော့မယ် ခံစားရ
၄၈ နှစ်နဲ့သေ
၃၅ နှစ်နဲ့သေ
၂၉ နှစ်နဲ့သေ
၂၇ နှစ်တွေနဲ့လည်းအတူသေ
ဘာတွေပြောနေလဲ ဒါတွေဘာလို့ပြောနေရသလဲဆိုတော့
နာမည်တွေ
စိုးမြတ် ဖြူစင် ချိုကြီး ဘကြီး
ခေတ်ကြီးကလည်း လူမိုက်အားပေး
အသုဘဖဲဝိုင်းတစ်ခုမှာ ငါ့အဖေဟာ တစ်ဝိုင်းလုံးနိုင်နေပြီးမှ
တစ်အိမ်က ကျန်နေသေးတဲ့ ကောက်ရိုး ၁၀
အကုန်သယ်သွား အပြတ်ဖြတ်သွားမယ်ဆိုပြီး အနိုင်နဲ့မပိုင်းပဲ ဆက်ကစား
တစ်ပွဲချင်းမှာ ကိုယ့်အထဲက ဆတိုးပြန်ပါ မောင်းပြန်လာ
အကုန်ပြန်ကုန်သွားတယ် ဆိုကြပါစို့
အရှုံးနဲ့ပြန်ရလည်း အေးဆေးပဲ
နိုင်ခဲ့တာကိုသာ အိမ်မှာအရသာခံပြန်ပြော
လူပျော်နှစ်များပါပဲ။
အဲသည်မှာ ငါ့အကိုတစ်ယောက်ဟာ
လမ်းကြားထဲကအံ့စာဝိုင်းတစ်ဝိုင်းမှာ
လက်တစ်ဖက်က အံစာခေါက်နေပြီး
ကျန်လက်တစ်ဖက်က နံပတ်ဖိုးတင်ဖို့ ပေးထား
သူငယ်ချင်းတစ်ယောက်က တင်ပေးရတယ်
အံစာခေါက်မပျက်ပဲ
နောက်တစ်ရက် လမ်းကြားကပဲ အလောင်းပြန်ရတယ်။


စိုင်းဝင်းမြင့် ကဗျာပေါင်းချုပ် ဒုတိယအုပ် (၂၀၀၅ – ၂၀၁၆)၊ ကျော်မွှေးစာပေ၊ ၂၀၁၆။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s