ကျွန်တော်တို့ ကျင်လည်ခဲ့တဲ့ အလုံလမ်းတစ်ဝိုက်ဟာ ခုလို အဆောက်အအုံတွေ၊ ကားတွေနဲ့ ပြည့်ကျပ်မနေသေးဘူး။ ခုလို ကဗျာစာအုပ်တွေ များစွာ များစွာ ထွက်နေတဲ့ ကာလကနေ ပြန်ကြည့်ရင် အတော့်ကို အသက်ရှူချောင်တဲ့ နှစ်ကာလများပါပဲ။ ပျော်ရွှင်စရာ နေ့ရက်များပါပဲ။ သို့သော် ကဗျာထဲမှာ မပျော်ရွှင်တဲ့ ကျွန်တော့်ကို တွေ့ရပါလိမ့်မယ်။ ကျွန်တော့်လိုပဲ၊ လက်ဖက်ရည်ဆိုင်တွေထဲမှာ ဆေးပေါ့လိပ်တစ်လိပ်နဲ့ နှစ်ပေါင်းများစွာ ထိုင်နေခဲ့ဖူးကြပါလိမ့်မယ်။ ကျွန်တော့်ကဗျာတွေဟာ အဲသလို မိတ်ဆွေများအတွက် ရည်ရွယ်ပါတယ်။ ကျွန်တော့်ကဗျာတွေဟာ ကဗျာဖတ်သူ မျိုးစုံအတွက် မဟုတ်နိုင်ပါဘူး။ ဒီလောက်မြန်နေတဲ့ ခေတ်ကာလကြီးထဲမှာမှ တွေးနေငေးနေရတာကို ကျွန်တော် အလွန်နှစ်သက်ပါတယ်။ ဟုတ်ပါလိမ့်မယ်။ ကျွန်တော်ဟာ ဒီခေတ်ကာလကြီးနဲ့ မအပ်စပ်တဲ့သူပါ။ ကျွန်တော့်မှာ ခေတ်ပြိုင်အတွေးအခေါ်တွေ မရှိပါဘူး။ ကျွန်တော်ဟာ အချိန်ရရင် ရသလို ဘူတာရုံဟောင်းတွေ၊ အဆောက်အအုံဟောင်းတွေ၊ ရေနံချေးရောင် မည်းနေတဲ့ သွပ်မိုးသစ်ကာ အိမ်ရှေ့မှာ စက္ကူပန်းရုံတွေနဲ့ ကမ္ဘာကြီးကို ပိုမက်မောသူပါ။ ဒီအတွက် ‘မှတ်စုများ’ကို ရေးပါတယ်။ ‘ရန်ကုန်’ကို ရေးပါတယ်။
– မိုးဝေး
နာရီသံချောင်းခေါက်သံတွေ ကြားနေရတယ်
မနက် ၂နာရီ ၃နာရီ ငါဟာ အိပ်လို့မပျော်ချင်ဘူး
ရန်ကုန်မြို့ကြီးရဲ့ ဘယ်အရပ်က
အဆောက်အအုံဟောင်းတွေကို ဖြိုဖျက်ဇျက်
ငါဟာ တစ်လမ်းဝင် နောက်တစ်လမ်းကို ဆက်ဝင်
ကွေ့ကွေ့ကောက်ကောက်
နာရီသံချောင်းခေါက်သံတွေ ရှိတုန်းပဲ ကြားနေရတုန်းပဲ
တစ်နေ့မှာ အဟောင်းတွေအားလုံးပဲ ပြန်သစ်ရင်
သစ်သွားလောက်အောင်ပဲ ဖြစ်ဖြစ်
ရင်ထဲမှာ မှုန်ပျပျလင်းနေတဲ့ လမ်းဓာတ်မီးတိုင်များ Continue reading