လမ်းအိုလေး

Løøps of Resistance …

ရန်ကုန်မှတ်စုများ (မိုးဝေး)

ရန်ကုန် (မိုးဝေး)

Leave a comment

ကျွန်တော်တို့ ကျင်လည်ခဲ့တဲ့ အလုံလမ်းတစ်ဝိုက်ဟာ ခုလို အဆောက်အအုံတွေ၊ ကားတွေနဲ့ ပြည့်ကျပ်မနေသေးဘူး။ ခုလို ကဗျာစာအုပ်တွေ များစွာ များစွာ ထွက်နေတဲ့ ကာလကနေ ပြန်ကြည့်ရင် အတော့်ကို အသက်ရှူ​ချောင်တဲ့ နှစ်ကာလများ​ပါပဲ။ ပျော်ရွှင်စရာ နေ့ရက်များပါပဲ။ သို့သော် ကဗျာထဲမှာ မပျော်ရွှင်တဲ့ ကျွန်တော့်ကို တွေ့ရပါလိမ့်မယ်။ ကျွန်တော့်လိုပဲ၊ လက်ဖက်ရည်ဆိုင်တွေ​ထဲမှာ ဆေးပေါ့လိပ်​တစ်လိပ်နဲ့ နှစ်ပေါင်းများစွာ ထိုင်နေခဲ့​ဖူးကြပါလိမ့်မယ်။ ကျွန်တော့်​ကဗျာတွေဟာ အဲသလို မိတ်ဆွေများအတွက် ရည်ရွယ်ပါတယ်။ ကျွန်တော့်​ကဗျာတွေဟာ ကဗျာဖတ်သူ မျိုးစုံအတွက် မဟုတ်နိုင်ပါဘူး။ ဒီလောက်​မြန်နေတဲ့ ခေတ်ကာလကြီးထဲမှာမှ တွေးနေငေးနေရတာကို ကျွန်တော်​ အလွန်​နှစ်သက်ပါတယ်။ ဟုတ်ပါလိမ့်မယ်။ ကျွန်တော်ဟာ ဒီခေတ်​ကာလကြီးနဲ့ မအပ်စပ်တဲ့သူပါ။ ကျွန်တော့်မှာ ခေတ်ပြိုင်​အတွေးအခေါ်တွေ မရှိပါဘူး။ ကျွန်တော်ဟာ အချိန်ရရင် ရသလို ဘူတာရုံဟောင်းတွေ၊ အဆောက်အအုံဟောင်းတွေ၊ ရေနံချေးရောင် မည်းနေတဲ့ သွပ်မိုးသစ်ကာ အိမ်ရှေ့မှာ စက္ကူပန်းရုံတွေနဲ့ ကမ္ဘာကြီးကို ပိုမက်မောသူပါ။ ဒီအတွက် ‘မှတ်စုများ’ကို ရေးပါတယ်။ ‘ရန်ကုန်’ကို ရေးပါတယ်။

– မိုးဝေး

နာရီသံချောင်းခေါက်သံတွေ ကြားနေရတယ်
မနက် ၂နာရီ ၃နာရီ ငါဟာ အိပ်လို့မပျော်ချင်ဘူး
ရန်ကုန်မြို့ကြီးရဲ့ ဘယ်အရပ်က
အဆောက်အအုံဟောင်းတွေကို ဖြိုဖျက်ဇျက်
ငါဟာ တစ်လမ်းဝင် နောက်တစ်လမ်းကို ဆက်ဝင်
ကွေ့ကွေ့ကောက်ကောက်
နာရီသံချောင်းခေါက်သံတွေ ရှိတုန်းပဲ ကြားနေရတုန်းပဲ
တစ်နေ့မှာ အဟောင်းတွေအားလုံးပဲ ပြန်သစ်ရင်
သစ်သွားလောက်အောင်ပဲ ဖြစ်ဖြစ်
ရင်ထဲမှာ မှုန်ပျပျလင်းနေတဲ့ လမ်းဓာတ်မီးတိုင်များ
ကွန်ကရစ် ပလက်ဖောင်းအောက်က မွှေးမြမြအိပ်မက်အလွှာ
နှလုံးသားတွေကို ဘယ်လောက်သစ်အောင် လုပ်နိုင်မှာလဲ
နေ့စဉ်သတင်းစာ များစွာမှာ
သတင်းတွေများစွာ ထပ်နေသလို အသစ်တွေ
အချစ်တွေ အချစ်ရေလို့ ငါ အကြိမ်ကြိမ် အခါခါ
ငါ့လက်ထဲက ရုန်းထွက်နေတဲ့ ရန်ကုန်ရေ မြစ်တွေလို ဘယ်ကို စီးမှာလဲ
လမ်းညွှန်ဆိုင်းဘုတ် အဟောင်းတွေ
အုတ်ခဲကျိုးပုံတွေက နောက်ခံကားလို ဖျတ်ခနဲ
နင့်ခနဲ သတင်းဖြစ်သွားတဲ့ ငါတို့ရဲ့ အတိတ်တွေ အရိပ်တွေ
ပုဇွန်တောင်ညနေခင်းတွေ လေးဆယ့်နှစ်လမ်းတွေ မြေနီကုန်း ညဈေးတွေ
ခုတော့ ရှောပင်းမောတွေ ဘဏ်အဆောက်အအုံတွေရဲ့ မှန်နံရံတွေမှာ ညညဆို
ဖျတ်ခနဲ ဖျတ်ခနဲ ကားတွေအသွားမှာ ထင်းခနဲ ငါမြင်မိတယ်
ခုလို ငါလည်း အိပ်မပျော် ရန်ကုန်မြို့ကြီးလည်း အိပ်မပျော် တစ်မြို့လုံး အိပ်ပျော်နေကြချိန်
ငါဟာ မေ့ဖျောက်လို့မရတဲ့ အမှတ်ရခြင်းကို
အဆောက်အအုံသစ်တွေရဲ့ နံရံမှာ စပရေးလိုက်ဖျန်းရင်း
ရန်ကုန်ဆီ ပြန်လာခဲ့တယ် ရန်ကုန်ဟာ ငါ့လိုပဲ။

၁၆၊ ၅၊ ၂၀၁၃။


( ရန်ကုန်မှတ်စုများ – မိုးဝေး။ မတ်၊ ၂၀၁၅ – နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s