လမ်းအိုလေး

beyond chaOs

သူအဝေးကို ပျံသန်းသွားတယ် (နေမျိုး)

2 Comments

သူတို့အားလုံး ဝင်္ကပါထဲမှာ နေထိုင်ကြတယ်။ သူတို့ အဖေ၊ သူတို့ အဘိုး၊ အဘွား၊ သူတို့ဘိုးဘေးတွေလည်း ဝင်္ကပါထဲမှာပဲ နေထိုင်လာခဲ့ကြတယ်။ ဝင်္ကပါဆိုတာ ကျယ်ဝန်းကောက်ကွေ့ပြီး ဒီနေရာကိုပဲ ပြန်ပြန် ရောက်တတ်တယ်ဆိုတာ သူတို့ကလေးဘဝကတည်းက သိထားခဲ့ကြပြီ။ နောက်ထပ် သူတို့သိထားတဲ့ အသိတစ်ခုကတော့ ဝင်္ကပါဆိုတာ မြို့တစ်မြို့ရဲ့ အမည်ဖြစ်တယ်ဆိုတာပေါ့။ သူတို့ဟာ သူတို့မြို့ကို ချစ်ကြတယ်လေ။ သူတို့မြို့ဟာ အလွန်ထူထဲတဲ့ သတ္တုနံရံတွေနဲ့ တည်ဆောက်ထားတာပေါ့။ ဒါကို သူတို့ ဂုဏ်ယူကြတယ်။ လူတစ်ယောက် သူ့အိမ်ကထွက်ပြီး လမ်းလျှောက်လိုက်တာနဲ့ ဝင်္ကပါထဲ ရောက်သွားတော့တာပဲ။ သူဟာ တော်တော်နဲ့ အိမ်ကို ပြန်မရောက်တော့ဘူး။ ဒီလို သာဓကတွေဟာ သူတို့မြို့မှာ အများကြီး ရှိခဲ့ဖူးတာပေါ့။ တချို့လူငယ်တွေက ဝင်္ကပါဟာ ဘယ်လောက် ကျယ်လေမလဲလို့ စူးစမ်းကြတယ်။ သူတို့ဟာ ကွန်ပါဘူးတွေ၊ အဝေးကြည့် မှန်ပြောင်းတွေ၊ သံလိုက်အိမ်မြှောင်တွေနဲ့ စူးစမ်းမှုခရီးစဉ်ကို စတင်ထွက်ခွာလာခဲ့ကြတယ်။ သူတို့ဟာလည်း ဝင်္ကပါထဲကို ရောက်သွားကြတာပါပဲ။ အကြောင်းက သူတို့ကိုယ်တိုင်ဟာ ဝင်္ကပါထဲမှာ နေထိုင်ကြတာကိုး။ စူးစမ်းစွန့်စားသူ လူငယ်တွေဟာ သူတို့အမည်တွေကို သတ္တုနံရံတွေမှာ ရေးထိုးထားခဲ့ကြတယ်။ သူတို့စူးစမ်းမှုဟာ အချက်အလက်တွေ ဘယ်လောက်ရပြီလဲ။ သူတို့စွန့်စားမှုဟာ ဘယ်လောက်အောင်မြင်ပြီလဲ။ သူတို့ဘယ်တော့ အိမ်ပြန်ရောက်ကြမလဲဆိုတာ ဘယ်သူမှ သေသေချာချာ ပြောမပြနိုင်ကြဘူး။ သတ္တုနံရံနဲ့ တည်ဆောက်ထားတဲ့ မြို့တစ်မြို့ဟာ လမ်းတစ်လျှောက်မှာ တိမ်းမူးဖွယ် ဆွဲဆောင်မှုတွေကလည်း များလှပေသကိုး။ မြို့ကိုကာရံထားတဲ့ သတ္တုနံရံကြီးရဲ့ အပြင်ဖက်မှာ ဘာတွေရှိမလဲလို့ လူငယ်တွေဟာ အသက် (၂၀) အရွယ်မှာ မေးလေ့ရှိကြတယ်။ ဒါပေမဲ့ သူတို့ ဒီထက်ပိုပြီး ကြီးပြင်းသွားကြတဲ့အခါ သူတို့မေးခွန်းကို သူတို့မေ့သွားကြတော့တာပဲ။ အဲဒီမေးခွန်းကို မေးရင် လူကြီးသူမတွေက မကြိုက်ကြဘူး။ မတတ်သာတဲ့အဆုံးမှ သူတို့ဖြေကြရဲ့။ သူတို့အဖြေကတော့ သတ္တုနံရံကြီးရဲ့ ဟိုတစ်ဖက်မှာ မည်းမှောင်ပြီး သိပ်နက်တဲ့ ချောက်ကမ်းပါးကြီးတွေသာ ရှိတော့သတဲ့။ တစ်နေ့မှာတော့ လူငယ်လေးတစ်ယောက်ဟာ ခွေးကလေးတစ်ကောင်နဲ့ ဝင်္ကပါထဲကို ရဲရဲတင်းတင်း ထွက်ခွာလာတယ်။ သတ္တုနံရံတွေပေါ်က အမည်နာမတွေကို ဖတ်တယ်။ သူ့မှတ်တမ်းစာအုပ်ထဲမှာ မြေပုံကြမ်းတွေ ရေးဆွဲတယ်။ ညအခါ အလွန်အမင်း အေးစက်လာတဲ့ သတ္တုနံရံကြီးတွေကို ပူနွေးလာအောင် သူ့ကိုယ်ခန္ဓာနဲ့ ပွတ်တိုက်တယ်။ သတ္တုနံရံကြီးရဲ့ ဟိုတစ်ဖက်မှာ သူပုံဖော်ထားတာထက် ပိုပြီးကောင်းမွန်ပြည့်စုံတဲ့ အသစ်တစ်ခုရှိမယ်လို့ သူက ယုံသူဖြစ်ပါတယ်။ တစ်ခါက လူငယ်လေးတစ်ယောက်ဟာ အတောင်ပံတွေပေါက်လာပြီး အဝေးကို ဟိုးအဝေးကြီးကို ပျံသန်းသွားတယ်လို့ လူကြီးသူမတွေက နောင်အခါမှာ ပြောစမှတ်ပြုကြတယ်။ သူ့ရဲ့ ခွေးကလေးကတော့ ဒီနေ့အထိ ဝင်္ကပါထဲမှာ မဆုံးနိုင်အောင် လှည့်လည်ရင်း ကျန်ရစ်တော့ရဲ့။

၂၀၀၂၊ ၁၀၊ ၁
ည ၁၀ နာရီ ၅ မိနစ်အလို

(မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု) – နေမျိုး။ ဇန်နဝါရီ၊ ၂၀၀၆ – မိုးကောင်းစာအုပ်တိုက်)

Mirrored: သီဟသူ.ဘလော့ဂ်စပေါ့.ကွန်

Like This!

2 thoughts on “သူအဝေးကို ပျံသန်းသွားတယ် (နေမျိုး)

  1. Pingback: မြည်နေတဲ့ ထရမ်းပက် (နေမျိုး) – Cover Art | Lanolay

  2. Pingback: မြည်နေတဲ့ ထရမ်းပက် (နေမျိုး) « Lanolay

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.