လမ်းအိုလေး

beyond chaOs

သည်ဒုက္ခမှာမြူးမိတယ် (နေမျိုး)

Leave a comment

ကဗျာဆရာဝံပုလွေ (နေမျိုး) - Cover Art
သည်ဒုက္ခမှာမြူးမိတယ်။ သြော် . . . ဒုက္ခ ဒုက္ခ . . . ။ ဒီဒုက္ခမှာမြူးမိ
တယ်။ သြော် . . . ဒုက္ခ ဒုက္ခ သင်ဟာ ဒုက္ခလို့ထင်ရက်စရာမရှိအောင်ပါပဲ။
သင့်ကိုယ်သင်းနံ့က ငါ့ကို ကလေးဘ၀ဆီထိပြန်အမှတ်ရစေပြီး တောင်
ကုန်းကြီးတစ်ခုပေါ်ကို တေးတကြော်ကြော်နဲ့တက်နေမိသလိုပါပဲကွာ။
သည်ဒုက္ခမှာ မြူးမိတယ်။ သင့်ဆံနွယ်တွေဟာ မဟူရာ။ ငါ့ကိုဖမ်းယူမယ့်
မဟူရာကွန်ယက်လို့ မသိတတ်နိုင်အောင်ပါပဲ။ မဟူရာကွန်ယက်ထဲမှာ
ငါဟာငြိတွယ်ခဲ့။ သည်ဒုက္ခမှာမြူးမိတယ်။ သြော် . . . ဒုက္ခ ဒုက္ခ
မြူးမိလေပေါ့ သည်ဒုက္ခမှာ။ ညအခါ ကြယ်စင်မင်းထွန်းလင်းသလို
ဝင်းဝင်းပပ ရွှန်းမြ မင်းမျက်ဝန်းတွေတစ်ကမ္ဘာ ငါမက်မြင်ဖို့အိပ်မက်တွေဟာ
လတ်လတ်ဆတ်ဆတ်အတောင်တဖျပ်ဖျပ်ခတ်သံတောင် ကြားမိပါရဲ့။
အဲသည်လှောင်အိမ်ထဲထိ သည်ဒုက္ခမှာမြူးမိတယ်။ ငါ့ကိုယ်ငါ
အတန်တန် စိတ်ထိန်းခဲ့ပါရဲ့။ ဒါပေမယ့် သည်ဒုက္ခမှာမြူးမိတယ်။
အခွင့်လွှတ်တော်မူကြပါဘိ။ သည်ဒုက္ခမှာငါမြူးမိပါလေပေါ့။ ဒုက္ခ
တရားကနူးညံ့လေတော့ ဒုက္ခတရားဟာ နူးညံ့ပြီး အဲဒီနူးညံ့မှုထဲမှာ
လွမ်းမောဖွယ်ပုံပြင်တွေအများကြီးမြှုပ်နှံထားလေတော့ သြော် . . .
နူးညံ့မှုထဲကပုံပြင်တွေဆီ သီချင်းတအေးအေးနဲ့ ရောက်ခဲ့ဖူးလေ
သူ့အဖို့မှာ သည်လိုရေရွတ်မိပါတယ်ကွယ်။ သည်ဒုက္ခမှာမြူးမိတယ်။
အမှန်ပါပဲ ငါမြူးမိတယ်ကွဲ့ သည်ဒုက္ခမှာ။ နေပါဦး ဒုက္ခရဲ့
မင်းကငါ့ကို အန္ဓဖြစ်အောင်လုပ်နေတာလား။ အေး . . . ငါမေး
လိုက်မယ် ဘာဖြစ်လို့ ဒီလောက်တောင် လှနေရတာလဲကွယ်။
 

(ကဗျာဆရာဝံပုလွေ – နေမျိုး၊ လင်းသစ်ရောင်စဉ်၊ ၂၀၀၈)

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.