လမ်းအိုလေး

beyond chaOs


Leave a comment

နံရံစိမ်းစိမ်း (သက်ငြိမ်သစ်)

ကျောမှီလိုက်တယ်
သူ့နာကျင်မှုဆီ မီးမကူးမီ ခေါင်းကိုမော့လိုက်တယ်
လက်နှစ်ဘက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်
သံဇကာကွက်တွေထဲ တအိအိကျွံဝင်နေတဲ့အရိပ်
သူ့ခြေထောက်တွေကို ကြမ်းခင်းအောက် လျှိုသွင်းလိုက်တယ်
သူ့အကြည့်ကို လိုက်ကာစတွေဆီ ဖြတ်ကူးလိုက်တဲ့အခါ
သွေးဆူလွယ်တဲ့ အသံလှိုင်းတွေဟာ ယိမ်းထိုးလို့
ဒီအတိုင်းထားလို့မရတော့ဘူး
ကြာလာရင် တစ်ခုခုဟာ တဖောင်းဖောင်းထကွဲတော့မှာ
အခုလိုမျိုး ဆွဲဆန့်ထားတဲ့အခြေအနေကို
ပိတ်ပစ်ဖို့သက်သက်
သူ့ဇီဝကို ရေဆိုးမြောင်းထဲပစ်ချလိုက်ရမလား
ကြာလာရင် တစ်ခုခုဟာ တဖောင်းဖောင်းထကွဲတော့မှာလို့
နောက်ထပ်မြည်လာတဲ့ ယဉ်ယဉ်ကျေးကျေးစကားတစ်ခွန်းနဲ့
မှန်တွေဟာ တွန့်လိမ်နေတဲ့မျက်လုံးတွေကို
အတိအကျလှောင်ပြောင်နေသလို
သူ့အာရုံကို အသားကြိတ်စက်ထဲမှာ မှုန့်နေအောင်ကြိတ်နေသလိုမျိုး
မဖြစ်သေးဘူးလို့ တားထားကြိုးတွေ
နောက်တစ်ခါ ဒီနံရံဆီကိုရောက်ရင်
နောက်တစ်ခါ နံရံအပြည့်ပိုစတာတွေကပ်ဖို့
ကျောမှီလိုက်တယ်
သူ့နာကျင်မှုဆီ မီးမကူးမီ ခေါင်းကိုမော့လိုက်တယ် ။

(ရတီ – နိုဝင်ဘာ၊ ၂၀၀၉)