လမ်းအိုလေး

beyond chaOs

ကဗျာလောက စုစည်းမှု-၁


Leave a comment

နေ့လယ်ခင်း (၄) (နေမျိုး)

လမ်းပေါ်က အသံတွေ နီးလာလိုက်
လမ်းပေါ်က အသံတွေ ဝေးသွားလိုက် တတီတီ
တဒီးဒီး တဝေါဝေါ တစ်ဟုန်ထိုး
ဖြည်းဖြည်းချင်း အရှိန်အဟုန်နဲ့ တရွေ့ရွေ့
ခေါင်းရွက်ဗျပ်ထိုး၊ ဘတ်(စ်)ကား၊
ခြေကျင်သွားသူ
စက်ဘီး၊ ဆိုင်ကယ်၊ ခရီးသည်တင်၊
ကုန်တင်ယာဉ်များ
လမ်းမပေါ်တွင် ခရီးနှင်ကြ
ငါက တမူ
လူသံကင်းဆိတ် ငြိမ်တိတ်အေးချမ်း
အခန်းထဲမှာ တစ်ယောက်တည်း။

၂၀၁၂.၇.၁၉
မွန်းလွဲ ၃း၂၇ နာရီ


(ကဗျာလောက စုစည်းမှု-၁။ စက်တင်ဘာ၊ ၂၀၁၂ – နှစ်ကာလများ။)

ကဗျာလောက စုစည်းမှု-၁


Leave a comment

နေ့လယ်ခင်း (၅) (နေမျိုး)

ဒီနေ့ မိုးနည်းနည်းအုံ့တယ်
နေရောင်မှိုင်းမှိုင်း
ဗာဒံရွက်ပေါ်မှာ ငှက်ချေးပြောက်တွေ
ဒီနေ့ လေနည်းနည်းငြိမ်တယ်
သစ်ရွက်တွေ လှုပ်တယ်ဆိုရုံမျှ
ဒီနေ့ ငါအခန်းထဲမှာထိုင်ရင်း
သတင်းစာဟောင်းတစ်စောင် ကောက်ဖတ်မိ
လူပျောက်ကြော်ငြာထဲမှာ
လူအိုတစ်ယောက်ဟာ ငြိမ်သက်နေတာ။

၂၀၁၂.၇.၂၀
မွန်းလွဲ ၂၀၅ နာရီ


(ကဗျာလောက စုစည်းမှု-၁။ စက်တင်ဘာ၊ ၂၀၁၂ – နှစ်ကာလများ။)

ကဗျာလောက စုစည်းမှု-၁


Leave a comment

နေ့လယ်ခင်း (၆) (နေမျိုး)

မိုးဖွဲဖွဲရွာတယ်
ပြီးတော့ ပြန်တိတ်သွား
အိုက်စပ်စပ် ကတ္တရာလမ်းမ
မိုးသားတွေက ငုံ့ကြည့်ခဲ့
မြို့ရဲ့ခေါင်မိုးပေါ်မှာ
လေနှင်ရာ ဟိုတစ်ဖက်ကို တရွေ့ရွေ့ထွက်ခွာသွား
မိုးသားတိမ်တိုက်တွေ
ငါက ဒီအခန်းထဲမှာလေ
ကျောက်ချထိုင်နေဆဲ
အိမ်ပြန်ဖို့ကို သတိမရဘဲ။

၂၀၁၂.၇.၂၁
နေ့လယ် ၁၂း၅၅ နာရီ


(ကဗျာလောက စုစည်းမှု-၁။ စက်တင်ဘာ၊ ၂၀၁၂ – နှစ်ကာလများ။)

ကဗျာလောက စုစည်းမှု-၁


Leave a comment

နေ့လယ်ခင်း (၇) (နေမျိုး)

တစ်နေ့ခင်းလုံး တဖွဲဖွဲ
မိုးမှုန်လေးတွေ ရွာသွန်းမစဲပေါ့
နယ်ရှစ်ခွင်ပတ်လုံး
မိုးသားမိုးမှုန်တွေ ဖုံးလို့နေပြီ
ဗာဒံရွက်တွေပေါ်မှာ
မိုးရေစက်ကလေးတွေ ဥလို့
တစ်ပေါက်ချင်း ကြွေကျလို့

ဗာဒံရွက်ပေါ်က
ကြွေကျသွားတဲ့ မိုးစက်ကလေးရဲ့
မင်း ဘယ်ဆီကို ရောက်သွားပြီလဲကွယ့်။

၂၀၁၂.၇.၂၃
မွန်းလွဲ ၃း၀၂ နာရီ


(ကဗျာလောက စုစည်းမှု-၁။ စက်တင်ဘာ၊ ၂၀၁၂ – နှစ်ကာလများ။)

ကဗျာလောက စုစည်းမှု-၁


Leave a comment

နေ့လယ်ခင်း (၈) (နေမျိုး)

ပြတင်းပေါက်မှာ
လေ အနည်းငယ် တိုက်ခတ်တယ်
ဝရန်တာမှာ
နေရောင်ခြည် အနည်းငယ် ရွေ့တယ်
ဗာဒံရွက်တွေ
အနည်းငယ် လှုပ်တယ်
စာရွက်ပေါ်မှာ
ငါ ဝါကျအနည်းငယ် ရေးဖြစ်တယ်
ငါ့အကြောင်းကို ငါပြန်ပြောပြနေတာ
ဟောဒီ နေ့လယ်ခင်းမှာ။

၂၀၁၂.၇.၂၄
မွန်းလွဲ ၃း၀၄ နာရီ


(ကဗျာလောက စုစည်းမှု-၁။ စက်တင်ဘာ၊ ၂၀၁၂ – နှစ်ကာလများ။)

ကြယ်များနဲ့အတူ


Leave a comment

ကဗျာရေးခြင်းအနုပညာ (နေမျိုး)

ငါတို့အားလုံး နာမကျန်းဖြစ်နေကြ
တစ်ဦးကိုတစ်ဦး ဆေးဝါးအဖြစ်မှီဝဲကြ

စကားတိုးတိုးပြောကြ
အခန်းကျဉ်းလေးထဲမှာ
ငါတို့ပါရမီတွေ ထွန်းညှိကြ

သိချင်းယောင်ဆောင်ရတာထက်
မသိချင်ယောင်ဆောင်ရတာ ပိုပြီးခံစားကြရ

ငါတို့သာ ကဗျာဆရာမဖြစ်ခဲ့ရင်
နှောင်းလူတွေက
မြို့ကြီးတွေကို အပြစ်တင်ကြလိမ့်

၆၊ ၇၊ ၁၉၉၉။


(ကြယ်များနဲ့အတူ – မောင်ဆေးရိုး၊ နေမျိုး၊ ကိုထက် (ရေဦး)၊ ထွန်းလွင်သွယ် (ဆူးဖြူရိပ်)၊ ဇော်ထိန်၊ နေညိုအောင်။ လင်းသစ်ရောင်စဉ် – ၂၀၀၈)

မြွေကြီးပါခင်ဗျာ (နေမျိုး)


Leave a comment

တစ္ဆေသင်္ဘော (နေမျိုး)

သြသံကြားရတဲ့အခါ ငါဘယ်လိုမှ မနေနိုင်ဘူး
သင်္ဘောပေါက်ပေါ် တက်လိုက်ခဲ့မိတယ်
သင်္ဘောပေါက်ဟာ အမှောင်ထဲခုတ်မောင်းတယ်
တစ်ယောက်ကိုတစ်ယောက် မမြင်ရတဲ့အမှောင်ထဲမှာပေါ့
သင်္ဘောပေါက်ဟာ ပို၍ နက်ရှိုင်းတဲ့ ရေပြင်ဆီ ခုတ်မောင်းတယ်
ဝေးလံပါစေ၊ နက်ရှိုင်းပါစေ၊ မှောင်မိုက်ပါစေ၊ ငါဟာ သင်္ဘောပေါက်ပေါ်မှာ တက်လိုက်ခဲ့မိပြီပဲ။
အလင်းရောင်ကို ဘယ်တော့မှ မြင်ရမှာလဲ
မှောင်ထဲမှာ တွေးမိရဲ့၊ အကြိမ်ကြိမ် ငါတွေးမိရဲ့
သင်္ဘောကတော့ ရွေ့မြဲရွေ့လျက်ပါပဲ။
အလင်းရောင်ကို ငါမေ့သွားတဲ့အခါ အရာရာကို မြင်လာရတယ်။
သင်္ဘောပေါက်ပေါ်မှာ ခရီးသည်တွေ ဟိုမှာတစ်ယောက်
ဒီနားမှာတစ်ယောက်၊ ဟောဟိုမှာတစ်ယောက်

Continue reading

မြွေကြီးပါခင်ဗျာ (နေမျိုး)


Leave a comment

အမြဲတမ်းတစ်ယောက်လို (နေမျိုး)

ဘယ်တော့ဖြစ်ဖြစ် အမြဲတမ်း တစ်ယောက်လိုနေလို့
ဒီကဗျာကို အမြဲတမ်း တစ်ယောက်လိုလို့ ခေါ်ကြတယ်
ခက်တာက အမြဲတမ်းတစ်ယောက် လိုနေခြင်းပဲ
အမှတ်စဉ်မှတ်ဆိုရင် တစ်လို့ စအော်လိုက်တယ်
ဒါပေမဲ့ အမြဲတမ်းတစ်ယောက်လိုဟာ အဲဒီအထဲမှာ ပါနေတော့
ရေတွက်လိုက်ရင် အမြဲတမ်း တစ်ယောက် လိုနေတာပါပဲ။
အမြဲတမ်း တစ်ယောက်လိုဟာ မြို့တစ်မြို့မှာ ရောက်နေတယ်လို့
သတင်းသဲ့သဲ့ ကြားရတယ်
ဒါပေမဲ့ အဲဒီမြို့က တည်းခိုခန်းမှာ အမြဲတမ်း တစ်ယောက်လိုနေလေရဲ့
လစာထုတ်ရက်ဆိုရင် အသီးသီးရောက်လာကြတယ်
နာမည်နှစ်မျိုးနဲ့ လူတွေလည်းပါရဲ့
လက်မှတ်ကို အသော့နှင်ထိုးပြီး ထုတ်ယူကြလေတယ်
ဒါပေမဲ့ အမြဲတမ်း တစ်ယောက်လိုနေပြန်တယ်
အမြဲတမ်းတစ်ယောက်လိုဟာ လူအုပ်ထဲမှာ ရှိနိုင်တယ်
ဒါမှမဟုတ် တောလမ်းကလေးပေါ်မှာလည်း ရှိချင် ရှိနိုင်တယ်
ခုတ်မောင်းနေတဲ့ မီးရထားတစ်စင်းပေါ်မှာလည်း ရှိနေနိုင်သေးရဲ့
လူတစ်ယောက်ဟာ လူတစ်ယောက်ကို လိုအပ်နေသ၍
အမြဲတမ်း တစ်ယောက်လိုဟာ ကမ္ဘာကို ပတ်နေမှာပဲ
အမြဲတမ်း တစ်ယောက်လိုဟာ ရုပ်ရှင်ရုံတစ်ရုံထဲမှာ ဝင်ကြည့်နေသလား
ပိတ်ကားထက်မှာ လူရွှင်တော်တွေက ရယ်စရာတွေ တင်ဆက်ကြတဲ့အခါ
ရယ်သံတစ်သံ လိုနေလေရဲ့။
ဘတ်စကား စပယ်ယာတွေက အော်တယ် တစ်ယောက်လိုသေးတယ်တဲ့
အဲဒီနေ့က အမြဲတမ်း တစ်ယောက်လိုဟာ အိတ်ကပ်ထဲ ပိုက်ဆံမှပါရဲ့လား မသိဘူး
အမြဲတမ်း တစ်ယောက်လိုဟာ မမွေးဖွားသေးဘူးတဲ့။

Continue reading

မြွေကြီးပါခင်ဗျာ (နေမျိုး)


Leave a comment

မနက်ဖြန်ကျရင် (နေမျိုး)

နက်ဖြန်ကျရင် လခထုတ်မယ်
မနက်ဖြန်ကျရင် ငါနေကောင်းပြီ
မနက်ဖြန်ကျရင် အဖေပြန်လာတော့မှာ
မနက်ဖြန်ကျရင် အဖူးတွေဖူးပြီ
မနက်ဖြန်ကျရင် စာပို့သမားလာမယ်ထင်တယ်
မနက်ဖြန်ကျရင် ဒီပုစ္ဆာကို နောက်တစ်ခါ ပြန်မတွက်တော့ဘူး
မနက်ဖြန်ကျရင် စာရွက်ပေါ်မှာ ငါဆိုတဲ့စာလုံးရေးပြီး
ပြတင်းပေါက်ကနေ လွှတ်ချလိုက်မယ်
မနက်ဖြန်ကျရင် ငါ့ကိုမမေ့ပါနဲ့
မနက်ဖြန်ကျရင် ပဲစေ့လေးတွေအတိုင်း ငါလိုက်သွားမယ်
အားလုံးပြန်ဆုံကြမှာပါ၊
(မြွေကြီးပါခင်ဗျာ (ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံနှင့် ရယ်ရွှင်ဖွယ်ရာများ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ဟစ်တိုင်စာပေ။)
မြွေကြီးပါခင်ဗျာ (နေမျိုး)


Leave a comment

ဝါကျဖြစ်သွားသော အက္ခရာများ (ဖတ်ရန်သက်သက်သာ) (နေမျိုး)

သေခြင်းတရားဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်
ဝေဒနာတွေဟာ ဆေးဖက်ဝင်တယ်
ဒုက္ခတရားဟာ ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်တယ်
ဆာလောင်ခြင်းဟာ သိပ် အရသာရှိတယ်
အထီးကျန်ခြင်းဟာ အကောင်းဆုံးမိတ်ဆွေ ဖြစ်တယ်
စာမေးပွဲကျပြီးရင် ကိုယ်ပိုင်ဥာဏ် ပိုရှိမယ်
ငါ ပြောပြမယ်
ငိုသံတွေဟာ လာမယ့်နှစ်မှာ အရွှင်မြူးဆုံးကွဲ့။
(မြွေကြီးပါခင်ဗျာ (ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံနှင့် ရယ်ရွှင်ဖွယ်ရာများ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ဟစ်တိုင်စာပေ။)