လမ်းအိုလေး

beyond chaOs


2 Comments

ခင်မောင်အေး နှောင်းပိုင်းကိစ္စများ (မောင်ယုပိုင်)

ခင်မောင်အေးမှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ဖြစ်ပါသည်။
ကျွန်တော့်သူငယ်ချင်း ခင်မောင်အေးတစ်ယောက်ကို ပြောခြင်းဖြစ်ပါသည်။
အခုဆို ခင်မောင်အေးဟာ ဘာမှမသိတော့ပါ။ ၂၀၀၇ စက်တင်ဘာနောက်ပိုင်းမှာ ခင်မောင်အေးဟာ ဘာဆိုဘာမှ မခံစားရတော့ပါ။ ဒါကြောင့် ၂၀၀၈ မေလမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကို သူသိမသွားပါ။ သူကပ်ပြီးလွတ်သွားတယ်။ တစ်ဆက်တည်းဆိုသလို အမှန်နဲ့အမှားကြားလည်း ဗျာများနေစရာမလိုပဲ သူလွတ်မြောက်သွားခြင်း ဖြစ်တယ်။
ကောင်းလေစွ၊ ခင်မောင်အေးဟာ ဘာမှမခံစားရတော့သလို ရန်ကုန်သားတစ်ပိုင်း ခင်မောင်အေးဟာ ကျွန်တော့်ကို အသစ်အသစ် နောက်ဆုံးပေါ် အသစ်အဆန်းကလေးတွေနဲ့ အမြဲ မိတ်ဆက်ပေးလေ့ ရှိပါတယ်။ အမြဲ ပရိုမိုးရှင်းလုပ်လေ့ ရှိပါတယ်။ သူ့ကိုယ်သူ အမြဲကြော်ငြာဝင်လေ့ ရှိပါတယ်။
Continue reading


1 Comment

လူဆိုးအလိမ္မာ (မောင်ယုပိုင်)

မှီဝဲသုံးစွဲနေတာတွေ နှစ်ပင်လိမ်နေမှတော့
တကယ့်ဘ၀နဲ့ အိပ်မက်လည်း လိမ်နေမယ်
ကောင်းမွန်တဲ့ရုပ်ရှင်ထဲက မှုခင်းကို တကယ်ခံစားနေရပြီး
တကယ့်ဘ၀ကဖြစ်ရပ်မှန်ကို ရုပ်ရှင်ကြည့်သလို ခံစားနေမိတယ်
ဟုတ်တယ်၊ ဒေါသကုမ္မာရလိင်စိတ္တဇကလွဲရင် ဒီအသက်ဒီအရွယ်အထိ
ဘာရခဲ့လို့လဲ၊ ဘာဖြစ်ချင်မှန်းမသိ
ဆေးဝါးနဲ့သွေးသားကလွဲရင်
ကျန်တာ ပျော်ရွှင်စရာအတုချည်း ဖြစ်လာတယ်
နလပိန်းတုံးတွေသာ ပျော်ပွဲရွှင်ပွဲဆင်နွှဲကြတယ်
အရွယ်တစ်ခုမှာ လူဟာ ဒီလိုပဲ
ထုံသွားတတ်သလား ဟုန်သွားတတ်သလား
ဒါမှမဟုတ်
လူဟာ ဒီထုံနေဟုန်နေတဲ့ ပတ်ဝန်းကျင်မှာ
ဒီလိုနဲ့ပဲ အရွယ်တစ်ခု ရလာလို့လား
အမြင်ကျဉ်းမြောင်းခြင်းနဲ့ သဘောထားသေးသိမ်ခြင်းကို
မကျော်လွှားနိုင်သရွေ့
Continue reading


3 Comments

ဒီလိုနဲ့ ဒီတစ်ခေါက် (မောင်ယုပိုင်)

ဒီလိုနဲ့ ဒီတစ်ခေါက်လည်း
အသက်ဘေးက လွှတ်မြောက်လာခဲ့ပြန်ပြီပေါ့
ခွေခေါက်ပြိုလှဲရာက ဖုတ်ဖက်ခါပြန်ထ
ငါမသေဘူး ရေကူးတတ်ကြောင်းက ပြန်စမယ်
လူမသေတာ သေချာပြီဆိုတော့ ငွေရှားကြောင်းက ပြန်စမယ်
စိပ်ပုတီးလေးလက်က ခဏချ၊ လည်နေတဲ့တရားခွေရပ်သွားတဲ့အထိ အရေးဆိုမယ်
ရှေ့နေကောင်းကောင်းရှာမယ်၊ သက်ဆိုင်ရာကနေပြောမယ်
နဂါးမှန်းသိအောင် အမှောက်ထောင်ပြမယ်
စေတနာက စားလို့ရသလား မေးမယ်
ငါ့အသီးဘယ်သူ ခူးသွားလဲ၊ ငါ့ဖိနပ်ဘယ်ကောင် မ,သွားလဲ
တွေ့လို့ကတော့ အသေသတ်မယ်
ရေစိုလက်နဲ့ ပလပ်ပေါက်ကိုင်မယ်၊ ခေါင်းရင်းပြတင်းပေါက် ဖွင့်အိပ်မယ်
သောက်မယ်စားမယ်ပျော်မယ်ပါးမယ်
ဘယ်သူသေသေ ငတေမာရင်ပြီးမယ်
ငရဲဆိုတာ ဂျိုနဲ့လားမေးမယ်
ဆံပင်အရောင်တွေပြန်တင်မယ်၊ မိတ်ကပ်တွေပြန်ဖို့မယ်
ရပ်ကွက်ထဲလှည့် ကိုယ်တွေ့ဖြစ်ရပ်တွေ ပို့ချမယ်
ဘေးထိုင်မယ် ဘုပြောမယ်
မုသားစကား၊ သေးနုပ်သိမ်ဖျင်းသောစကားနဲ့ ယုတ်ရင်းကြမ်းတမ်းသောစကားကို ဆိုမယ်
မသူတော်လက္ခဏာတွေ ပြမယ်
Continue reading


1 Comment

တီဗီဖန်သားပြင်ကြီးဖွင့်လျက် (မောင်ယုပိုင်) – Cover Art

တီဗီဖန်သားပြင်ကြီးဖွင့်လျက် (မောင်ယုပိုင်) - Cover Art

တီဗီဖန်သားပြင်ကြီးဖွင့်လျက် (မောင်ယုပိုင်) - Cover Art


Leave a comment

နေသာတဲ့ တစ်နေ့ဝယ် – ဥပမာ (မောင်ယုပိုင်)

ဘယ်သူမှ လေဟာနယ်ထဲမှာ ဖန်တီးကြတာ မဟုတ်သလို ဘယ်သူမှလည်း
Place တစ်ခုက လွတ်ပြီး မဖန်တီးနိုင်ကြပါဘူး၊ ဥပမာ ဟိုးရှေးရှေးတုန်းက
တိုင်းပြည်ကြီးတစ်ခုမှာ သိုးကလေ ပုပ္ပားနတ်တောင် အခေါင်မြင့်ဖျား ဥပမာ
တစ်နေ့သ၌ ကျွန်ုပ်တို့၏ မိတ်ဆွေကြီး ကိုနှင်းမောင်မှာ ဥပမာ မောင်လူအေး၏
စိတ်အတွင်းဝယ် မည်မျှပူပြင်းလာသည်ကိုကား ပြောမပြနိုင်၊ ဒီနေရာမှာ
မောင်ချောနွယ်ရဲ့ အသွားတွေ ဥပမာ ဥပမာ – ဥပမာများနဲ့တကွ
နေရာချပြီးသား Place တစ်ခုနဲ့ ဥပမာများမတွေ့ခဲ့တဲ့ Place တွင်းအရာတွေ
Place ဖြစ်တည်မှုရဲ့ မသိရသေးတဲ့ (Place) အရာတွေ၊ Placeနဲ့ ဖြစ်တည်မှု
အပြန်အလှန် အတိုင်အဖောက် ရက်ရှယ်ခဲ့တာတွေအပြင် ဥပမာ –
ဒီကနေ့မနက် အိပ်ယာထကတည်းက နေသာနေလေတော့၊ ယနေ့နေသာ၏
ဆိုတာ ၀င်လာတယ်၊ လေမလာ၍ ပူသည်ဆိုတဲ့ Placeတစ်ခုပါ
ဝင်လိုက်လာတယ်
ဒါပေမယ့် တကယ်ကြုံနေရတာကို အထင်ဟပ်မိဆုံး
စကားလုံး/ဘာသာစကားကလည်း
လေမလာ၍ ပူသည်ပါပဲ၊ ဒါပေမယ့် ဒီစာသားကို အက်စကီးမိုးတွေ ဖတ်မိသွားရင်တစ်မျိုး
ရက်အင်ဒီးယန်းတွေ ဖတ်မိရင်တစ်ဖုံ၊ ကျွန်တော်တို့ ကျွန်တော်တို့ဆိုရာမှာ
ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်ရမ်းနောင်၊ ကုန်းဘောင်နှစ်ခေတ်ခွဲကနေ တော်လှန်၊
ခေတ်စမ်း၊ ခေတ်ပေါ်၊ မော်ဒန်နဲ့ ဒီကနေ့ကျွန်တော်တို့အထိ
ကျွန်တော်တို့အမျိုးမျိုး အမျိုးမျိုးအဓိပ္ပာယ်ဖွင့်/ပေါက်/ကောက်ပြီး
ခံစားကြရဖွယ်၊ ထားပါတော့ လေမလာ၍ပူသည်က လေမလာ၍ပူသည်ပဲပေါ့
မူလတန်းဖတ်စာဥပမာနဲ့ စတင်ပြီး ရေအေးအေးပေးပါ ခရီးဝေးကလာရသည်များ
ရောက်မလာမီ ထားလို့မရ ဓမ္မဓိဌာန်ကျကျ စာမစီရ မကုံးရမီ ဘယ်Place ဘယ်
အင်စတီကျူးရှင်း ဘယ်အိုင်ဒီယော်လော်ဂျီကြောင့် ဥပမာ ရှေ့ရက်တွေက
Continue reading


3 Comments

မနေ့ညက မြို့စွန်ဘက်မှာ ပန်းကန်ပြားပျံတစ်စီးတွေ့လိုက်တယ် (မောင်ယုပိုင်)

မနေ့ညက မြို့စွန်ဘက်မှာ ပန်းကန်ပြားပျံတစ်စီးတွေ့လိုက်တယ်။ လူတချို့ ပြောနေကြတာပဲ၊ တချို့ကလည်း မယုံဘူးပေါ့၊ ဒါပေမယ့် ဒီနေ့မနက်ကတည်းက လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ဒီအကြောင်းပဲ ပြောပြောနေတော့၊ ပြောနေသူတွေကလည်း အသေအချာပြောနေတော့ မဖြစ်နိုင်ဘူးလို့ အတပ်ဘယ်ပြောလို့ ရတော့မလဲ၊ ဟုတ်ချင်လည်းဟုတ်မှာပေါ့။ အချို့က ဒီမြို့လေးက ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြပြီ။ မနေ့ညက အသေအချာတွေ့လိုက်ရတယ်ဆိုတဲ့ မျက်မြင်ကိုယ်တွေ့ ဆိုသူအချို့ကတော့ ကိုယ့်ကိုယ်ကို ဆွဲဆိတ်ကြည့်ကြတုန်းပဲ။ အချို့ကျတော့ အခြားကမ္ဘာသားများကို ကြိုဆိုပါတယ် ဘာညာပေါ့ ဆိုင်းဘုတ်ပြားတွေ လုပ်နေကြတယ်။ အချို့ကျတော့ သူတို့မှာရှိတဲ့ ကိုယ်ပိုင် ကင်မရာလေးတွေ တပြင်ပြင်နဲ့ပေါ့။ အချို့ကျတော့ နေ့ခင်းဘက်ကတည်းက မြို့စွန်တောင်ပတ်လမ်းလေးပေါ် ရောက်နှင့်နေကြပြီ။ ဒီနေရာလေးမှာ လူစည်ကားလာတော့ လမ်းဘေးဆိုင်တန်းလေးတွေလည်း အလျှိုလျှို ပေါ်လာတယ်။ ဓာတ်ငွေ့ကာရောင်းသူ၊ မှန်ဘီလူးရောင်းသူ၊ အချိုရည်နဲ့ စားသောက်ဖွယ်ရာအချို့ ရောင်းသူ၊ ဘီယာယီဆိုင်၊ အမိုးအကာထီးတွေ ကုလားထိုင်တွေ ငှားရမ်းဆိုင်၊ ဆိုင်ကယ်နဲ့ကားတွေ လက်ခံရာဌာန စသဖြင့် မြို့စွန်ဘက်မှာ စည်စည်ကားကား ဖြစ်လာတယ်။ လူလတ်ပိုင်းအချို့နဲ့ လူအိုအချို့ကျတော့ ဘုရားကျောင်းတွေထဲကကို မထွက်တော့ဘူး။ မြို့လေးရဲ့ လုံခြုံရေး သက်ဆိုင်ရာအဖွဲ့တွေဟာ အရေးပေါ် အစည်းအဝေးတစ်ရပ် အမြန်ခေါ်ယူလိုက်တယ်။ အချို့က မြို့စွန်ဘက်နေရာတွေကို မ၀င်ရနယ်မြေတွေအဖြစ် ကန့်သတ်ဖို့ တင်ပြလာတယ်။ အရပ်သားတွေကို ဘေးလွတ်ရာကို ပြောင်းရွှေ့ထားသင့်ကြောင်း တစ်ယောက်က ထပြောတယ်။ တစ်ယောက်ကတော့ ဒီလိုမဟုတ်ဘူး။ အခမ်းအနားနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့ ကွင်းပြင်တစ်ခု ရွေးချယ်စီစဉ်ထားသင့်ကြောင်း အကြံပြုတယ်။ စစ်ဘက်အရာရှိတစ်ဦးကတော့ သူ့တပ်သားတွေကို အဆင်သင့်ပြင်ဆင်ထားဖို့ အမိန့်ပေးထားလိုက်တယ်။ အရပ်သားထဲက အချို့ကျတော့ ဆောက်တည်ရာမရ ဖြစ်နေတယ်။ ကမ္ဘာပျက်တော့မယ်ဆိုပြီး ခိုးဆိုးလုယက်သူတွေလည်း ပေါလာတယ်။ သောက်စားပျော်ပါး ထင်ရာစိုင်းနေသူတွေလည်း များလာတယ်။ လမ်းပေါ်မှာ လူဆိုးလူကောင်း အယုတ်အလတ် အမြတ်မခွဲခြားတော့ဘဲ အားလုံးဟာ ကောင်းကင်ကြီးကိုသာ သတိထားစောင့်ကြည့်နေကြတော့တယ်။ ယာဉ်တိုက်မှုတို့ မီးလှန့်မှုတို့ ရန်ဖြစ်တိုက်ခိုက်မှုတို့ အဲဒီလို ကိစ္စတွေဟာ အသေးအမွှားကိစ္စလေးတွေအဖြစ် ရောက်ရှိသွားတယ်။ အချို့ကလည်း ကိုယ့်အိမ်ထဲကိုယ်နေ လုပ်စရာရှိတာ ဆက်လုပ်နေတယ်။ လာမှပဲ လာပစေတော့ပေါ့။ အချို့ကလည်း အေးအေးဆေးဆေးပဲ တစ်နေကုန် သူ့ဘွတ်ဖိနပ် ထိုင်တိုက်နေသူကလည်းရှိသေး၊

Related Link: A UFO Sighting Yesterday at the Edge of Town (PIW)

(တီဗီဖန်သားပြင်ကြီးဖွင့်လျက် – မောင်ယုပိုင်၊ နှစ်ကာလများ – Collector’s Item ၊ ၂၀၀၉)


2 Comments

ငါးမျှားခြင်း (မောင်ယုပိုင်)

ကိုယ်သိထားတဲ့ငါးစာနဲ့
ကိုယ်လိုချင်တဲ့ငါးက ဟပ်(မိ)ပါ့မလား
မြစ်ချောင်းအင်းအိုင်အနေအထားရော ကြည့်ဖို့
မလိုအပ်ဘူးလား
’ငါးမမျှားရ’သတိပေးစာတမ်းအရ
ငါးရှိတာ သေချာပြီ
သတိထားဖို့ တကယ်လိုအပ်လား သတိထား
ရေချိုးပြန်ရတာလည်း ရရှိတဲ့ ငါးတစ်မျိုးပဲလား
ငါးမျှားတံကို
အခုလို ဖြေလျှော့ကြည့်ပါလား

ကိုယ့်ဘ၀ရဲ့ ငါးမျှားခြင်းဖြစ်စဉ်ဟာ
ဘယ်အယူအဆ ဘယ်ဝါဒရဲ့မျှားတံမှာ ချိတ်ထားတဲ့ အစာလဲ
ဘ၀က အဲဒီချိတ်ကိုရော မြင်နိုင်ရဲ့လား

စန်တီယာဂို ဘာမိသလဲဆိုတာထက်
စန်တီယာဂို ဘာလုပ်ခဲ့သလဲဆိုတာ။

(တီဗီဖန်သားပြင်ကြီးဖွင့်လျက် – မောင်ယုပိုင်၊ ၂၀၀၉)


Leave a comment

မြွေ (မောင်ယုပိုင်)

မြွေ။ မြွေလို့ အသံကြားတာနဲ့ ထိတ်ထိတ်ပြာပြာ ဖြစ်ကုန်တာချည်းပဲ။ အချို့များ မြွေဆို စာအုပ်ထဲမှာတောင် မကြည့်ရဲ။ မြွေ(မွေ)ဆို အသံနဲ့ ပေါက်ထည့်လိုက်ရုံနဲ့ ကြောက်စိတ်/ဆိပ်က တစ်ကိုယ်လုံး ပျံ့နှံ့သွားသလားမသိ။ မြွေကိုက်ခံရတဲ့အခါမှာ ဒီကနေ့ထိ ခေတ်အမီဆုံးကုထုံးက ရှေးဦးသူနာပြုပဲ။ တကယ်တမ်း ကြိုးကို မြွေထင်နေတဲ့အခါကျတော့ ဖြေဆေးဘယ်ရှိပါ့မလဲ။ စာရေးဆရာ ကဗျာဆရာတွေရဲ့ (နိမိတ်ပုံအနေနဲ့သုံးတဲ့) မြွေကတော့ ဆိုးတဲ့မြွေ (မြွေဆိုး) ဖြစ်ဖို့ပဲ များပါတယ်။ ရပ်ကွက်ထဲက ချာတိတ်တွေ ပြောပြောနေသလိုပေါ့။ ‘မြွေ’ကိုက်ပြီတို့ ‘မြွေ’ခြောက်ကိုက်ပြီတို့။ မြွေကလည်း မြွေပဲလေ။ မြန်မာ့စပါးအုံးမြွေဆို ကမ္ဘာကျော်ဆိုပဲ။ သူက သူ့ပါးစပ်ထက်ကြီးတာတောင် မရအရ မြိုတော့တာကိုး။ ‘သူ့အမြီး သူပြန်မြိုတဲ့မြွေ’လို့တောင် ကြားဖူးရဲ့ မဟုတ်လား။ ထားတော့ အဲဒီမြွေတွေနောက် ကောက်ကောက်ပါအောင် လိုက်နေကြတဲ့ မြွေဖမ်းသမားတွေ မြွေအလမ္မာယ်ဆရာတွေ ဆိုတာကရှိသေး။ ’ မြွေဖမ်းသမား’ဆိုလို့ အရပ်ထဲက ပြောပြောနေသလို ‘ပြဿနာရှာတဲ့ကောင်’လို့ ထင်မနေနဲ့ဦး။ တကယ့် မြွေဖမ်းသမားတွေ။ ဒါကြောင့် သူတို့ကို မြွေတွေက ညှို့စရာမလိုပဲ သူတို့က မြွေတွေနောက် ကောက်ကောက်ပါအောင် လိုက်နေကြတာပေါ့။ မြွေပါးကင်းပါးဆိုတဲ့ နေရာမျိုးမှ သူတို့က ကြိုက်ကြတာ။ တော်တော်‘ပြဿနာရှာတဲ့ကောင်တွေ’ ပဲပေါ့။ မြွေတွင်းကိုမြင်ရင် ခုန်ဆင်းလိုက်တာပဲကြည့်။ ဒါလည်း ၀ါသနာတစ်မျိုးပဲလား။ သူတို့က မြွေပွေးကို ခါးပတ်ပိုက်ထားရတာ အရသာခံနေသလားမှ မသိတာ။ သူတို့က မြွေကို ထိပ်ပုတ်ခေါင်းပုတ်လုပ်မှ အိပ်ပျော်စားဝင်သလားမှ မသိတာ။ မြွေမြွေချင်းမဟုတ်ပေမယ့် သူတို့က ခြေမြင်ပြီးသား။ ဒါမှမဟုတ် သူတို့လည်း မြွေပဲလား။ အချို့ကျတော့ အကောင်ငယ်သလောက် အဆိပ်ပြင်းတယ် ဆိုတာမျိုး။ မြွေကိုပဲ ပြောတာပါ။ ဒါကြောင့် မြွေအလမ္မာယ်ဆရာဟာ မြွေလက်ချက်နဲ့ သေတာပေါ့။ ဒါက မြွေကျား ကစားသလိုမျိုးပေါ့။ တစ်ချက်အသွားမတော်တာနဲ့ အမြိုခံရတာမျိုးလေ။ ပခြုပ်ထဲ ရောက်ရတာမျိုးလေ။ မာယာပုလွေသံကြားတိုင်း အညှို့ခံ‘က’နေရတာမျိုးလေ။ မြွေဘ၀ရောက်ရတာ မလွယ်ပါလားနော်။ တချို့လည်း ပြောသားပဲ။ ‘မြွေ’ဆိုတာ ဆော့စရာ မဟုတ်ဘူးလို့။ တချို့တွေမှာကျတော့ မြွေဆိုတာ နတ်ဘုရားတစ်မျိုး။ တချို့တွေကျတော့လည်း ပွေးဆေးအမည်။ ငယ်ငယ်က ကြည့်ဖူးတဲ့ ကုလားကားတွေမှာတော့ မြွေလိမ္မာတွေ။ သူတို့က ဇာတ်လိုက်ဘက်က ကယ်တင်ရှင်။ ဒါပေမယ့် မြွေဟောက်ဂိုဏ်းနဲ့ တွေ့ရင်လည်း မလွယ်ကြောပဲ။ ပြီးတော့ တစ်မျိုးရှိသေးတယ် မြွေဝင်စားဆိုတာ။ ယုံချင်ယုံ မယုံချင်နေ။ အဲဒီတော့ မြွေလောကဟာ မြွေလိမ်မြွေကောက်ပါပဲ။ ဘာမှအထူးအဆန်းမရှိ ဖြောင့်ဖြောင့်တန်းတန်းပဲ။ တကယ်တော့ သဝေထိုးမရရစ်ဝဆွဲဟာ ဘာအဆိပ်ရှိရမှာတဲ့လဲ။ ဘာပါးပြင်းထောင်ရမှာတဲ့လဲ။ ဘာအမြီးက ဘာခြူသံ မြည်ရမှာတဲ့လဲ။ ဒါနဲ့များ အဲဒီ သဝေထိုးမရရစ်ဝဆွဲက တချို့လူတွေကို ညှို့ယူနိုင်တာ မဆန်းလား။ (မြန်မာပြည်တောင်ဘက် မြို့တစ်မြို့က) ထားဝယ်သားတွေကျတော့ တမျိုး။ ‘ဗွီ’  ‘ဗွီ’ လို့ ကြားလိုက်တာနဲ့ ထိတ်ကုန်လန့်ကုန်ကြတယ်ဆိုပဲ။

(တီဗီဖန်သားပြင်ကြီးဖွင့်လျက် – မောင်ယုပိုင်၊ ၂၀၀၉)


Leave a comment

အာကာသသည် လူတိုင်းနှင့်သက်ဆိုင်ပါသည်ဟူသော ရည်ရွယ်ချက်ဖြင့် (မောင်ယုပိုင်)

ဖိုက် ဖိုး သရီး တူး ၀မ်း ပြီးတော့ ဇီးရိုး
ဇီးရိုးပြီးတော့ ဇီးရိုး ဇီးရိုး ဇီးရိုး ဇီးရို့း့ 

ဘယ်ရောက်သွားပြီလဲ ဘယ်ရောက်သွားပြီလဲ
လုံခြုံရေးကင်မရာမှတဆင့် စောင့်ကြည့်နေသူတစ်ဦးရဲ့ အရေးပေါ်သတင်းပို့ချက်ကို
နောက်ထပ်လုံခြုံရေးကင်မရာမှတဆင့် ထပ်မံစောင့်ကြည့်နေသူတစ်ဦးရဲ့
နောက်ဆုံးအရေးပေါ်သတင်းပို့ချက်

ဘယ်ရောက်သွားပြီလဲ
ဒစ်ဂျစ်တယ်ဒိုင်ခွက်မှာ ဇီးရိုးတွေ တန်းစီဖော်ပြနေ

အလို ဘုရားသခင်၊ အို ဘုရားဘုရား၊ ဘုရားရေ
မောင့်ပါးစပ်က အဲသလိုတွေ ထွက်လာလိမ့်မယ်လို့ ကျွန်မဘယ်တုန်းကမှ
မမျှော်လင့်ခဲ့
ဘယ်ရောက်သွားပြီလဲ ဘုရားသခင် ဘယ်ရောက်သွားပြီလဲ

အားလုံးပါးစပ်အဟောင်းသား မျက်လုံးအ၀ိုင်းသား
တုံဏိဘာဝေ၊ တံတွေးတမျိုမျို၊ လက်တစ်ဖက်နဲ့တစ်ဖက်ဆုပ်နယ်
ကလေးများအားလုံး အားလုံး
ကလေးများ

‘စိန်ခေါ်သူ’လို့ အဓိပ္ပာယ်ရတဲ့ ချယ်လင်ဂျာဟာ
၇၃စက္ကန့်နဲ့ နောက်ကောက်ကျသွားတယ်။ ဖိုက် ဖိုး သရီး တူး ၀မ်း
ကမ္ဘာလောကကြီးရဲ့ ဆွဲအားကနေလွတ်မြောက် နှုတ်ဆက်ထွက်ခွာ
ကြယ်မြင်လမြင် ချယ်လင်ဂျာဟာ့ 

Continue reading


1 Comment

မောင်ဘ (မောင်ယုပိုင်)

တစ်ခါတုန်းက မြို့တစ်မြို့မှာ မောင်ဘဆိုတဲ့လူငယ်တစ်ယောက်ရှိတယ်။ သူ့မှာ မိဘနှစ်ပါးနဲ့ ညီအစ်ကိုမောင်နှမသုံးယောက် ရှိတယ်၊ မောင်ဘငယ်ငယ်တုန်းက သူ့အိမ်မှာရှိတဲ့ လှေကားထစ် အမြင့်ကြီးကနေ ပြုတ်ကျဖူးတယ်။ သေကံမရောက် အသက်မပျောက် မောင်ဘဟာ စတုတ္ထတန်းကို အောင်မြင်ဖို့ အတော်လေး ကြိုးစားခဲ့ရရှာတယ်။ မောင်ဘဟာ ပန်းချီဆွဲခြင်း အနုပညာကိုလည်း အလွန်ဝါသနာပါသူ ဖြစ်တယ်။ တစ်နေ့မှာ ပန်းချီဆရာကြီး ဖြစ်ရမယ်လို့ စိတ်ကူးယဉ်မျှော်လင့်ခဲ့တယ်။ တစ်နေ့မှာ မောင်ဘဟာ မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့တယ်။ တစ်နေ့ကျတော့ မောင်ဘဟာ အသည်းကွဲရရှာတယ်။ မောင်ဘဟာ သူနဲ့သင့်တော်မယ်ထင်တဲ့ အလုပ်တစ်ခု ရွေးချယ်လုပ်ကိုင်လျက်ရှိတယ်။ မောင်ဘဟာ အိမ်ထောင်ယူဖို့တော့ စိတ်ကူးမရှိသေးပါဘူး။ မောင်ဘဟာ ငိုတယ်။ မောင်ဘဟာ ရယ်တယ်။ မောင်ဘဟာ အောင်မြင်တယ်။ မောင်ဘဟာ ကျရှူံးတယ်။ မကြာမီမှာ မောင်ဘအကြောင်း အရေးအသားကို ကျွန်တော်အဆုံးသတ်တော့မည်ကို မောင်ဘမသိ၊ ရှေ့ဆက်ဘာတွေဖြစ်ဦးမလဲ မောင်ဘတွေးနေတယ်။     ။

(တီဗီဖန်သားပြင်ကြီးဖွင့်လျက် – မောင်ယုပိုင်၊ ၂၀၀၉)