လမ်းအိုလေး

Løøps of Resistance …


Leave a comment

အိမ်ပြေး (နေမျိုး)

ကျွန်တော် အိမ်ကို မပြန်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်အိမ်ကို မပြန်ချင်တော့လို့ပါပဲ။ ကျွန်တော်အိမ်ကို မပြန်တော့ဘူး။ ဒီနေရာဟာ သိပ်ကောင်းတာပဲ။ ကမ္ဘာကြီးကို အပေါ်စီးကနေမြင်ရတယ်။ ချောကလက်နဲ့ ကုလားအုတ်နို့တွေလည်း လတ်လတ်ဆတ်ဆတ်ရတယ်။ ကျွန်တော်အိမ်ကိုမပြန်တော့ဘူး။ ဒီလိုမှန်အိမ် အလင်းပျပျကို ကျွန်တော်သိပ်ကြိုက်တာပဲ။ ကြည့်ပါဦး ညနေခင်းဆည်းဆာပင်လယ်ထဲမှာ ငါးမန်းတွေကူးခပ်လူးလာလုပ်နေကြတာကို မှန်ပြောင်းကနေမြင်နေရတယ်။ အာကသထဲမှာ နက္ခတ်ကြယ်တာရာတွေ လှည့်လည်နေကြပုံကိုလည်း မြင်ရတယ်။ ကျွန်တော်အိမ်ကိုမပြန်တော့ဘူး။ ဒီမှာရှိတဲ့ဓားတွေဟာ အားလုံးသိပ်ထက်ကြတာပဲ။ ဘယ်လောက်ကျေနပ်ဖို့ကောင်းသလဲ။ ပျားရည်အိုးထဲမှာ ပျားရည်ဟာ အဖိုးတန်သတ္တုရည်လို စေးပိုင်ပျစ်နှစ်လို့။ ပြတင်းပေါက်ကိုဖွင့်လိုက်ရင် သန့်စင်တဲ့လေဟာ ဒီနေရာမှာ တဟူးဟူး တိုက်ခတ်လို့။ ဥယျာဉ်ထဲက သစ်သီးတွေဟာ ဒီနေရာကို နေ့စဉ်နံနက်တိုင်း ရောက်ရောက်လာခဲ့ကြတယ်။ ကျွန်တော်ကြိုက်နှစ်သက်တဲ့ စွန်ပလွံသီးတွေ အပါအဝင်လေ။ လေ့ကျင့်ထားတဲ့ သိမ်းငှက်ကြီးတွေဟာ ဟိုးအောက်တစ်ခုခုပါလာနိုးနဲ့ ငေးချင်ငေးနေပေလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်အိမ်ကို မပြန်တော့ဘူး။ မေမေ့အတွက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ မေမေကလည်း ကျွန်တော့်အတွက် ဆုမွန်ကောင်းတွေတောင်းနေတယ် မဟုတ်လား။ တစ်ခါတုန်းက လူပေလူတေလေးတစ်ယောက် သူ့အိမ်ကနေအဝေးကြီးဆီ ထွက်ခွာသွားခဲ့တယ်ဆိုတာ သတိရတိုင်းပြောနေကြမှာပဲ။ မေမေ ကျွန်တော်အိမ်ကိုမပြန်တော့ဘူး။ ခွင့်လွှတ်ပါ။ ဓားလှံအတတ်၊ လေးမြားအတတ်၊ စစ်လက်နက်အတတ်တို့ကို ကျွန်တော်တတ်မြောက်ခဲ့ပြီ။ ညအခါ လပြည့်ဝန်းရဲ့ပေါ်ထွက်ရာကို ကျွန်တော်သိခဲ့ပြီ။ ရှေးသူဟောင်းတို့ရဲ့ လင်္ကာပုံဝတ္ထုတွေကို ကျွန်တော်ဖတ်ရှုခဲ့ပြီ။ ဝိုင်အရက်ရဲ့အရသာကို ခံစားတတ်ခဲ့ပြီ။ ဟောဒီ အမိုးခုံးကမ္ဘာမြေအဝှမ်းမှာ လူသားဟာ အစွမ်းအထက်ဆုံးဆိုတာ ကျွန်တော်သိခဲ့ပြီ။

လာလော့ … လုလင်

ဧကရီထိပ်ထားသည် အတွင်းဆောင်မှနေ၍ လက်ဆန့်တန်းကာ ခေါ်ငင်လိုက်သည်။ အတွင်းဆောင်မှာ ဆီမီးငြိမ်းခဲ့ပြီ။ နံ့သာသင်းခဲ့ပြီ။ ညဥ့်ဝတ်ရုံလွှာမှာ နူးညံ့လွန်းရကား ကော်ဇောကြမ်းပြင်ထက်သို့ တအိအိလျောကျသွားသံကို ကျွန်ုပ်တို့ မကြားလိုက်ရဘူးမဟုတ်လား။

၂၀၀၃၊ ၃၊ ၃၀

(မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု) – နေမျိုး။ ဇန်နဝါရီ – ၂၀၀၆၊ မိုးကောင်းစာအုပ်တိုက်)

Source: သီဟသူ.ဘလော့ဂ်စပေါ့.ကွန်


1 Comment

စက္ကူမင်းသား (နေမျိုး)

စက္ကူမင်းသား (နေမျိုး)

စက္ကူမင်းသားကို ကျွန်တော်မြင်တွေ့ခဲ့ရသည်မှာ ကန်ခွဲရွာကလေးတွင် ဖြစ်ပါသည်။ ကန်ခွဲရွာကလေး၏ ဆွမ်းကြီးလောင်းပွဲ အကြိုညနေခင်းတွင် စက္ကူမင်းသားကို ပထမဆုံး စတင်မြင်တွေ့ခဲ့ရပါသည်။ ဘုန်းကြီးကျောင်းပေါ်မှနေ၍ ကျောင်းပရိဝုဏ်အတွင်းသို့ မြိုင်ဆိုင်သော တီးမှုတ်သံများဆီ လှမ်းကြည့်လိုက်ရာ စက္ကူမင်းသားကို ဗြန်းခနဲ တွေ့လိုက်ရပါတော့သည်။ နွားနှစ်ကောင် ကထားသော လှည်းတစ်စီးပေါ်တွင် လော်စပီကာကြီးကို ဦးမော့မော့တင်ကာ တေးသံမြိုင်မြိုင်ကို ကျယ်လောင်စွာဖွင့်၍ ဘုန်းကြီးကျောင်းအတွင်းသို့ စက္ကူမင်းသားနှင့်အဖွဲ့ ဝင်ရောက်လာခဲ့ကြပါသည်။ လော်စပီကာကြီး၏ နောက်ဖက်ဆီတွင် ဝိုင်ယာကလစ်များဖြင့် ဖမ်းညှပ်တွယ်ဆက်ထားသော ဘက်ထရီအိုး ရှိပါသည်။ ဘက်ထရီအိုးမှာ အားအပြည့်ဖြည့်ထားပုံရပါသည်။ လော်စပီကာမှ တေးသံမြိုင်မြိုင်က ဘုန်းကြီးကျောင်း ပရိဝုဏ်ကို လွှမ်းသွားသည်မဟုတ်ပါလော။ နွားလှည်း၏ ရှေ့ဆီတွင် ကွေးနေအောင် ခုန်ပေါက်ကနေသော စက္ကူမင်းသားကို ကျွန်တော်တို့ တွေ့မြင်ရပေသည်။ စက္ကူမင်းသားကို ကြည့်ပါ။ မည်းပြာပြာမျက်နှာထက် ဘေးတစ်ဖက်တစ်ချက်စီတွင် သနပ်ခါးပါးကွက်ကြီးနှစ်ခု။ အလယ်တွင် သနပ်ခါးတားထားသော နှာတံ၊ ကွမ်းတွေဝါးထားပုံရသော ပါးစပ်နှင့် သွားများက နီရဲလို့နေသည်။ စက္ကူမင်းသားသည် ဦးခေါင်းထဲတွင် စက္ကူခေါင်းပေါင်း၊ ရင်ဘတ်တွင် စက္ကူစလွယ်၊ လက်ကောက်ဝတ်ဆီတွင် စက္ကူအဆင်တန်ဆာတို့ဖြင့် ချစ်ခင်ဖွယ် တင့်တယ်နေလေသည်။ စက္ကူ လည်ဆွဲကြီးကိုလည်း အကျအနဆွဲထားပါသည်။ အဆင်တန်ဆာတို့၏ အောက်ဆီမှ အင်္ကျီနှင့်ပုဆိုးများမှာ သာမန်ကျေးတောသားတစ်ယောက်၏ ဝတ်စားဆင်ယင်မှုမျိုးသာဖြစ်ပါသည်။

စက္ကူမင်းသား၏ ထူးခြားချက်မှာ ခါးနောက်ပိုင်း လုံချည်ထဲတွင် သူ၏ဖိနပ်ကို ထိုးသွင်းထားခြင်းဖြစ်ပါသည်။ ဘုန်းကြီးကျောင်းထဲမှာ ခုန်ပေါက်ကနေစဉ် သူ၏ဖိနပ်ကို ဤသို့ခါးကြားတွင် ထိုးသွင်းထားခြင်းက စိတ်အချရဆုံးပင် မဟုတ်ပါလော။ ကန်ခွဲရွာ ဓမ္မရက္ခိတဘုန်းကြီးကျောင်းဝင်းထဲတွင် ရွာနီးချုပ်စပ်မှ ဆွမ်းတော်ပွဲပို့သူများဖြင့် ဖွေးဖွေးလှုပ်လို့နေသည်။ ပရိသတ်များက စက္ကူမင်းသားကိုကြည့်ကာ တပြုံးပြုံးနှင့်၊ နွားလှည်းပေါ်ရှိ လော်စပီကာမှ ထွက်ပေါ်နေသောတေးသံအလိုက် ကွေးနေအောင် ခုန်ပေါက်ကနေသူမှာ စက္ကူမင်းသားပင် ဖြစ်ပါသည်။ သူကခုန်လိုက်တိုင်း စက္ကူခေါင်းပေါင်းကလေးက လေထဲမှာ တဖျပ်ဖျပ်လှုပ်နေပါသည်။ ပါးစပ်မှလည်း သီချင်းတေးသွားအလိုက် သီဆိုဟန်ပြုကာ ကျော့ကျော့မော့မော့ ဖြစ်နေပါသည်။ သူ ကရင်းပြုံးရယ်လိုက်သောအခါ နီရဲနေသောသွားများ ပေါ်လာပါသည်။

“ကန့်လန့်ကာကြီးရယ်နေပါဦး ကလို့ကောင်းနေတုန်း

ရွာသားကြီးရယ်တီးပါဦး ဆိုလို့ကောင်းနေတုန်း”

စက္ကူမင်းသားသည် မြိုင်ဆိုင်သောတေးသံအလိုက် ခုန်ပေါက်ကနေပါသည်။ လက်ကိုကွေးလိုက်၊ ခြေကိုမြှောက်လိုက်၊ ကိုယ်ကိုတစ်ပတ်လည်လိုက်နှင့်။ ဤသို့ကခုန်နေရင်းမှပင် တစ်ချက်တစ်ချက် စက္ကူမင်းသား၏ လက်တစ်ဖက်က ခါးကြားတွင်ညှပ်ထားသော ဖိနပ်ကိုစမ်းကာ ပြန်လည်ထိုးသွင်း၍ သေသေသပ်သပ် စိတ်ချလက်ချဖြစ်အောင် ပြုလုပ်လိုက်ပါသေးသည်။ ကျွန်တော်သည် ဘုန်းကြီးကျောင်းပေါ်မှနေ၍ စက္ကူမင်းသားကို ကြည့်နေမိပါသည်။

“လေးစားစွာဖြင့် မွေးဖွားလာတဲ့ မင်းသားလေးနော်”

စက္ကူမင်းသား၏ တေးသံကမြည်နေသည်။ ကလေးတွ၊ ခွေးတွေနှင့် ရွာနီးချုပ်စပ်မှ ဧည့်ပရိသတ်များအကြားမှာ စက္ကူမင်းသားသည် ချွေးတစိုစိုနှင့် ကခုန်မြူးတူးလျက် ………. ။

၂၀၀၂၊ ၃၊ ၁၆

(မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု) – နေမျိုး။ ဇန်နဝါရီ – ၂၀၀၆၊ မိုးကောင်းစာအုပ်တိုက်)

Source: သီဟသူ.ဘလော့ဂ်စပေါ့.ကွန်


2 Comments

တစ္ဆေဖြစ်ကြောင်း ဖော်ပြချက် (နေမျိုး)

ဒါဟာ ပြောပြချက်တစ်ခု၊ ဘယ်လို ပြောပြချက်မျိုးလဲဆိုတော့ တစ္ဆေတစ်ကောင်ဖြစ်ကြောင်း ပြောပြချက်တစ်ခုပါ။ ကျွန်တော်ဟာ တစ္ဆေတစ်ကောင်ပါ။ I am a ghost ။ အကြောင်းကတော့ ကျွန်တော်ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သေဆုံးခဲ့ပြီးဖြစ်လို့ပါပဲ။ ဥာဏ်ကြီးသူတွေအလိုအရ လူတစ်ယောက်ဟာ မျှော်လင့်ချက်မှမရှိတော့ဘူးဆိုရင် သူ့ဘဝဟာ သေဆုံးသွားတာနဲ့ အတူတူပါပဲတဲ့။ ကျွန်တော့်မှာ ဘာမျှော်လင့်ချက်မှမရှိတော့ဘူးလေ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းကပေါ့။ ဒါကြောင့် ကျွန်တော်ဟာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့ လူတစ်ယောက်နဲ့ အတူတူပါပဲ။ မျှော်လင့်ချက်မရှိတော့တဲ့ လူတစ်ယောက်ဟာ သူလုပ်ချင်ရာတွေကို လုပ်ဆောင်သွားမယ်ဆိုရင် ကြောက်စရာကောင်းလိမ့်မယ်။ သိလား။ ဒါကြောင့် ကျွန်တော်ဟာ တစ္ဆေတစ်ကောင်ဖြစ်နေခဲ့ပြီ။ လမ်းလျှောက်နေတဲ့ သေဆုံးပြီးသော သူတစ်ယောက်ဟာ သေခြင်းတရားကို ကြောက်ရွံ့မှာ မဟုတ်တော့ဘူးလို့ ကျွန်တော်ထင်တယ်။ သူဘယ်ကိုများ သွားမှာပါလိမ့်။ ဘာတွေကိုများ လုပ်မှာပါလိမ့်။ သူ့လက်မောင်းမှာ စီးဆင်းနေတဲ့ သွေးတွေဟာ အနက်ရောင်တွေလို့ ကွှန်တော် ထင်တယ်။ ဒါဆို အမှောင်ထုထဲကို တိုးဝင်ဖို့လည်း သူငြင်းပယ်လိမ့်မယ်မထင်ဘူး။ အမှောင်ထုထဲမှာ နှစ်ရှည်လများ သွားလာနေခဲ့ပြီဆိုရင် အမှောင်ထုထဲက နားလည်ဖို့ခက်ခဲမယ့် ဇာတ်လမ်းတွေကို တစ်ချိန်မှာ သူသိလာလိမ့်မယ်။ သူကိုယ်တိုင်လည်း အမှောင်ထုထဲက ဇာတ်ဆောင်တစ်ယောက်ဖြစ်လာမှာပဲ။ ဒါပေမဲ့ ကျွန်တော်ဟာ အမှောင်ထုကို ကြောက်ရွံ့သူဖြစ်သလို အလင်းရောင်ကိုလည်း ရင်မဆိုင်ရဲသူတစ်ယောက်ပါ။ ကျွန်တော်ဟာ ပျော့အိအိကျောက်တုံးတွေရှိတဲ့ ကမ္ဘာမှာ နေထိုင်သူပါ။ ရည်ရွယ်ချက်ကြီးမားသူတွေ၊ မျှော်လင့်ချက်နဲ့ သွေးရောင်လွှမ်းနေတဲ့သူတွေဟာ ကျွန်တော့်ကမ္ဘာကိုဖြစ်ပြီး နေစဉ်လှုပ်ရှားသွားလာနေကြတာကို မြင်ရတယ်။ အဲဒီအချိန်မှာ သူတို့ကျွန်တော့်ကို မမြင်အောင် ကျွန်တော်ပုန်းနေရလေ့ရှိပါတယ်။ များသောအားဖြင့် ကျွန်တော်ရှိကြောင်း သူတို့သတိပြုမိလေ့မရှိကြပါဘူး။ ပျော့အိအိကျောက်တုံးတစ်တုံးကို သာမန်လူတစ်ယောက်တွေ့နိုင်ဖို့ကလည်း အလွန်ခက်ခဲလှတယ် မဟုတ်ပါလား။ တစ်ခါတစ်လေ ထရပ်ကားကြီးတွေ ဖြတ်မောင်းသွားကြတယ်။ တစ်ခါတစ်လေ လူတွေတန်းစီပြီး ရွေ့လျားသွားကြတယ်။ တစ်ခါတစ်လေမှာတော့ အသက်အရွယ် ကြီးရင့်ပြီး အိုမင်းနေသူ အဘိုးကြီးနှစ်ယောက်ဟာ ဖြည်းလေးအေးဆေးစွာဖြတ်ပြီး စကားတပြောပြောနဲ့ လျှောက်သွားကြတယ်။ ပျိုမျစ်တဲ့ လူငယ်ကလေး တစ်ယောက်ကတော့ ညားကာစ ဇနီးအသစ်စက်စက်ကို လက်ဆွဲပြီး တရွေ့ရွေ့လျှောက်သွားရဲ့။ သူဟာ ဦးခေါင်းကိုမော့လို့ နေမင်းကြီးရှိရာကိုကြည့်ပြီး ရွေ့လျားနေတယ်။ သူ့ဇနီးရဲ့ ဆံစတွေဟာ လေထဲမှာ ညင်ညင်သာသာလှုပ်ယမ်းနေတယ်။ ဒါပေမဲ့ သူတို့အားလုံးဟာ ကျွန်တော့်ကို တွေ့ရှိမသွားကြပါဘူး။ မျှော်လင့်ချက်မရှိတော့သူ တစ်ယောက်မှာ ခွန်အားတွေကျန်ရှိနေသေးရင် ကြောက်မက်ဖွယ်ကောင်းနိုင်ပေမယ့် ကျွန်တော်ကတော့ နာမကျန်းနေသူတစ်ဦးပါ။ အဲဒီနာမကျန်းမှုကပဲ ကျွန်တော့်ကို ထာဝရ စောင့်ရှောက်ခဲ့လေပေါ့။

၂၀၀၂၊ ၁၂၊ ၂၉

၂၀၀၃၊ ၆၊ ၂၄

(မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု) – နေမျိုး။ ဇန်နဝါရီ၊ ၂၀၀၆ – မိုးကောင်းစာအုပ်တိုက်)

Mirrored: သီဟသူ.ဘလော့ဂ်စပေါ့.ကွန်

Like This!


5 Comments

ကြယ်တွေငိုလျှင် (နေမျိုး)

ကြယ်တွေငိုလျှင် ကျွန်တော်အိမ်ကို မပြန်ချင်တော့ပါ။ ကြယ်တွေငိုလျှင် ကျွန်တော်ဝမ်းနည်းသည်။ လမ်းများပေါ်မှာ ကျွန်တော် လျှောက်သွားမည်။ ခြေလှမ်းတွေရဲ့စေရာကို လိုက်ပါသွားတော့မည်။ ကောင်းကင်ဆီ မော့ကြည့်လိုက်လျှင် တရုတ်ဝတ္ထုတစ်ပုဒ်ထဲက ကြယ်တွေမှာ ဝမ်းနည်းဟန်ဖြင့် မှိုင်းရီနေကြသည် ဆိုသောစာသားကို အမှတ်ရလာတော့သည်။ ကြယ်တွေငိုလျှင် ကျွန်တော် ဝမ်းနည်းသည်။ ကျွန်တော့်ဇနီးသည် ကြယ်တစ်ခုဖြစ်သွားလျှင် မည်းမှောင်သော အာကာသဆီမှ ကျွန်တော့်ကို ငုံ့ကြည့်ကာ မျက်ရည်လည်နေပေလိမ့်မည်။ အကယ်၍ ဤစိတ်ကူး၏ ရူးနှမ်းမှုသာ မှန်ကန်ခဲ့ပါက ကျွန်တော်သည် ကလေးသုံးယောက်ကို ခေါ်ငင်ကာ အာကာသထဲသို့ လက်ညှိုးညွှန်၍ ဟိုမှာမြင်နေရတဲ့ကြယ်ဟာ သားတို့မေမေပေါ့ဟု ပြောမိပေလိမ့်မည်။ ခုတော့ ကလေးတွေက သူတို့အဘိုးအဘွားနှင့် အိပ်မောကျနေရော့မည်။ ကြယ်တွေငိုလျှင် ကျွန်တော်အိမ်ကို မပြန်ချင်တော့ပါ။ ပြန်လာနိုင်မည့် ခရီးတစ်ခုဖြစ်လျှင် ကျွန်တော့်ဇနီးသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကျွန်တော်တို့ထံ ပြန်လာပေလိမ့်မည်။ ဤသို့ပင် ကျွန်တော့်ကို ယုံကြည်စေသည်။ ညသည် မှိုင်းမှိုင်းရီရီဝေဝေ။ လေတဟူးဟူးက ကျွန်တော့်ကိုယ်ခန္ဓာထဲ နစ်ဝင်ကာ ထွင်းဖောက်တိုက်ခတ်သွားတော့သည်။ လမ်းများဟူသမျှ ဆုံးအောင်လျှောက်စမ်းချင်သည်။ နေ့များ၊ ညများ၊ သန်းခေါင်ယံများ၊ မွန်းတည့်များ ရောက်လာပေဦးမည်။ မြို့ဟောင်းဈေးဘက်သို့ ကျွန်တော့်ကို သယ်ဆောင်ပါ။ ထပ်၍ လိုက်စမ်းပါရစေ။ နှစ်များစွာ  ……. ။

၂၀၀၃၊ ၆၊ ၂၄

(မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု) – နေမျိုး။ ဇန်နဝါရီ၊ ၂၀၀၆ – မိုးကောင်းစာအုပ်တိုက်)

Mirrored: သီဟသူ.ဘလော့ဂ်စပေါ့.ကွန်

Like This!


2 Comments

သူအဝေးကို ပျံသန်းသွားတယ် (နေမျိုး)

သူတို့အားလုံး ဝင်္ကပါထဲမှာ နေထိုင်ကြတယ်။ သူတို့ အဖေ၊ သူတို့ အဘိုး၊ အဘွား၊ သူတို့ဘိုးဘေးတွေလည်း ဝင်္ကပါထဲမှာပဲ နေထိုင်လာခဲ့ကြတယ်။ ဝင်္ကပါဆိုတာ ကျယ်ဝန်းကောက်ကွေ့ပြီး ဒီနေရာကိုပဲ ပြန်ပြန် ရောက်တတ်တယ်ဆိုတာ သူတို့ကလေးဘဝကတည်းက သိထားခဲ့ကြပြီ။ နောက်ထပ် သူတို့သိထားတဲ့ အသိတစ်ခုကတော့ ဝင်္ကပါဆိုတာ မြို့တစ်မြို့ရဲ့ အမည်ဖြစ်တယ်ဆိုတာပေါ့။ သူတို့ဟာ သူတို့မြို့ကို ချစ်ကြတယ်လေ။ သူတို့မြို့ဟာ အလွန်ထူထဲတဲ့ သတ္တုနံရံတွေနဲ့ တည်ဆောက်ထားတာပေါ့။ ဒါကို သူတို့ ဂုဏ်ယူကြတယ်။ လူတစ်ယောက် သူ့အိမ်ကထွက်ပြီး လမ်းလျှောက်လိုက်တာနဲ့ ဝင်္ကပါထဲ ရောက်သွားတော့တာပဲ။ သူဟာ တော်တော်နဲ့ အိမ်ကို ပြန်မရောက်တော့ဘူး။ ဒီလို သာဓကတွေဟာ သူတို့မြို့မှာ အများကြီး ရှိခဲ့ဖူးတာပေါ့။ တချို့လူငယ်တွေက ဝင်္ကပါဟာ ဘယ်လောက် ကျယ်လေမလဲလို့ စူးစမ်းကြတယ်။ သူတို့ဟာ ကွန်ပါဘူးတွေ၊ အဝေးကြည့် မှန်ပြောင်းတွေ၊ သံလိုက်အိမ်မြှောင်တွေနဲ့ စူးစမ်းမှုခရီးစဉ်ကို စတင်ထွက်ခွာလာခဲ့ကြတယ်။ သူတို့ဟာလည်း ဝင်္ကပါထဲကို ရောက်သွားကြတာပါပဲ။ အကြောင်းက သူတို့ကိုယ်တိုင်ဟာ ဝင်္ကပါထဲမှာ နေထိုင်ကြတာကိုး။ စူးစမ်းစွန့်စားသူ လူငယ်တွေဟာ သူတို့အမည်တွေကို သတ္တုနံရံတွေမှာ ရေးထိုးထားခဲ့ကြတယ်။ သူတို့စူးစမ်းမှုဟာ အချက်အလက်တွေ ဘယ်လောက်ရပြီလဲ။ သူတို့စွန့်စားမှုဟာ ဘယ်လောက်အောင်မြင်ပြီလဲ။ သူတို့ဘယ်တော့ အိမ်ပြန်ရောက်ကြမလဲဆိုတာ ဘယ်သူမှ သေသေချာချာ ပြောမပြနိုင်ကြဘူး။ သတ္တုနံရံနဲ့ တည်ဆောက်ထားတဲ့ မြို့တစ်မြို့ဟာ လမ်းတစ်လျှောက်မှာ တိမ်းမူးဖွယ် ဆွဲဆောင်မှုတွေကလည်း များလှပေသကိုး။ မြို့ကိုကာရံထားတဲ့ သတ္တုနံရံကြီးရဲ့ အပြင်ဖက်မှာ ဘာတွေရှိမလဲလို့ လူငယ်တွေဟာ အသက် (၂၀) အရွယ်မှာ မေးလေ့ရှိကြတယ်။ ဒါပေမဲ့ သူတို့ ဒီထက်ပိုပြီး ကြီးပြင်းသွားကြတဲ့အခါ သူတို့မေးခွန်းကို သူတို့မေ့သွားကြတော့တာပဲ။ အဲဒီမေးခွန်းကို မေးရင် လူကြီးသူမတွေက မကြိုက်ကြဘူး။ မတတ်သာတဲ့အဆုံးမှ သူတို့ဖြေကြရဲ့။ သူတို့အဖြေကတော့ သတ္တုနံရံကြီးရဲ့ ဟိုတစ်ဖက်မှာ မည်းမှောင်ပြီး သိပ်နက်တဲ့ ချောက်ကမ်းပါးကြီးတွေသာ ရှိတော့သတဲ့။ တစ်နေ့မှာတော့ လူငယ်လေးတစ်ယောက်ဟာ ခွေးကလေးတစ်ကောင်နဲ့ ဝင်္ကပါထဲကို ရဲရဲတင်းတင်း ထွက်ခွာလာတယ်။ သတ္တုနံရံတွေပေါ်က အမည်နာမတွေကို ဖတ်တယ်။ သူ့မှတ်တမ်းစာအုပ်ထဲမှာ မြေပုံကြမ်းတွေ ရေးဆွဲတယ်။ ညအခါ အလွန်အမင်း အေးစက်လာတဲ့ သတ္တုနံရံကြီးတွေကို ပူနွေးလာအောင် သူ့ကိုယ်ခန္ဓာနဲ့ ပွတ်တိုက်တယ်။ သတ္တုနံရံကြီးရဲ့ ဟိုတစ်ဖက်မှာ သူပုံဖော်ထားတာထက် ပိုပြီးကောင်းမွန်ပြည့်စုံတဲ့ အသစ်တစ်ခုရှိမယ်လို့ သူက ယုံသူဖြစ်ပါတယ်။ တစ်ခါက လူငယ်လေးတစ်ယောက်ဟာ အတောင်ပံတွေပေါက်လာပြီး အဝေးကို ဟိုးအဝေးကြီးကို ပျံသန်းသွားတယ်လို့ လူကြီးသူမတွေက နောင်အခါမှာ ပြောစမှတ်ပြုကြတယ်။ သူ့ရဲ့ ခွေးကလေးကတော့ ဒီနေ့အထိ ဝင်္ကပါထဲမှာ မဆုံးနိုင်အောင် လှည့်လည်ရင်း ကျန်ရစ်တော့ရဲ့။

၂၀၀၂၊ ၁၀၊ ၁
ည ၁၀ နာရီ ၅ မိနစ်အလို

(မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု) – နေမျိုး။ ဇန်နဝါရီ၊ ၂၀၀၆ – မိုးကောင်းစာအုပ်တိုက်)

Mirrored: သီဟသူ.ဘလော့ဂ်စပေါ့.ကွန်

Like This!


2 Comments

အစပြုခြင်း (နေမျိုး)

အစပြုခြင်းဟာ သူ့ရှေ့မှာ ဘာမှမရှိဘူး။ တကယ်တော့ သူဟာ ရေမြှုပ်ကလေး တစ်ခုပါပဲ။ သူဟာ ရေမြှုပ်ကလေးတစ်ခုအဖြစ်နဲ့ ကမ္ဘာသစ်စေဖို့ ရောက်ရှိလာခဲ့တယ်။ အစပြုခြင်းဟာ သူ့ရှေ့မှာ ဘာမှမရှိဘူး။ သူဟာ ရေမြှုပ်ကလေးတစ်ခုမျှ။ ရေထဲမှာ နိမ့်ချည်မြင့်ချည်နဲ့ တလှုပ်လှုပ်။ အံ့ဖွယ်အသက်ဇီဝဟာ သူ့ဆီမှာ ကိန်းဝပ်တော်မူလေတယ်။ ဆဲလ်တစ်ခုထဲရှိတဲ့ သက်ရှိကလေးဟာ ရေထဲမှာရွေ့မျောရင်း ကမ်းစပ်မှာ မတော်တဆ တွယ်ငြိမိတယ်။ ကမ္ဘာမြေပေါ်မှာ သေခြင်းတရားရယ်လို့ မရှိသေးတဲ့ အချိန်မှာလေ။ သူဟာ ကမ်းစပ်မှာ တွယ်ငြိခဲ့တယ်။ သူဟာ အပင်လား။အကောင်လား ခွဲခြားလို့မရသေးဘူး။ ဒါပေမဲ့ သူဟာ အသက်ဇီဝကို ပထမဆုံးပိုင်ဆိုင်ခွင့် ရခဲ့သူပါကွာ။ သူဟာ ရှင်သန်ခြင်း အသက်ဓာတ်ကို ယူဆောင်နိုင်ခဲ့တယ်။ ကမ္ဘာသစ်စေဖို့။ အသက်ဓာတ်တွေနဲ့ ကမ္ဘာမြေကြီးနိုးထလာစေဖို့။ ပြောင်ချောချော ကျောက်တုံးတွေနား သူရောက်သွားလိုက်၊ စိုစွတ်စွတ်မြေသားနား သူရောက်သွားလိုက်၊ ရေစီးထဲမှာ မျောပါသွားလိုက်နဲ့ပေါ့။ သူဟာ ကမ်းစပ်မှာငြိတွယ်ခဲ့တယ်။ ဓာတ်ကြီးလေးပါးဟာ သူ့နံဘေးမှာ ဝန်းရံခဲ့တယ်။ ဒါဟာ လွန်ခဲ့သောနှစ်ပေါင်း အသိန်းအသန်းက ပုံပြင်တစ်ပုဒ်ပါ။ ရေမြှုပ်ကလေးတစ်ခု ရှိခဲ့တယ်။ သူဟာ ကမ္ဘာကိုသစ်စေဖို့ အစပြုခဲ့တာပေါ့။ သူ့ကိုယ်ခန္ဓာတစ်ဝက်က ကုန်းမြေပေါ်ကို တက်ရောက်လာပြီး၊ သူ့ကိုယ်ခန္ဓာကိုယ် တစ်ဝက်က ရေထဲမှာ ဆက်လက်ကူးခတ်လာခဲ့တယ်။ ကမ္ဘာမြေပေါ်မှာ သေခြင်းတရားရယ်လို့ မရှိသေးတဲ့အချိန်ကလေ။

၂၀၀၂၊ ၉၊ ၂၈
ည ၁၀း၀၅ နာရီ

(မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု) – နေမျိုး။ ဇန်နဝါရီ၊ ၂၀၀၆ – မိုးကောင်းစာအုပ်တိုက်)

Mirrored: သီဟသူ.ဘလော့ဂ်စပေါ့.ကွန်


2 Comments

အိမ်ပြေး (နေမျိုး)

ကျွန်တော် အိမ်ကို မပြန်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်အိမ်ကို မပြန်ချင်တော့လို့ပါပဲ။ ကျွန်တော်အိမ်ကို မပြန်တော့ဘူး။ ဒီနေရာဟာ သိပ်ကောင်းတာပဲ။ ကမ္ဘာကြီးကို အပေါ်စီးကနေမြင်ရတယ်။ ချောကလက်နဲ့ ကုလားအုတ်နို့တွေလည်း လတ်လတ်ဆတ်ဆတ်ရတယ်။ ကျွန်တော်အိမ်ကိုမပြန်တော့ဘူး။ ဒီလိုမှန်အိမ် အလင်းပျပျကို ကျွန်တော်သိပ်ကြိုက်တာပဲ။ ကြည့်ပါဦး ညနေခင်းဆည်းဆာ ပင်လယ်ထဲမှာ ငါးမန်းတွေ ကူးခပ်လူးလာလုပ်နေကြတာကို မှန်ပြောင်းကနေ မြင်နေရတယ်။ အာကာသထဲမှာ နက္ခတ်ကြယ်တာရာတွေ လှည့်လည်နေကြပုံကိုလည်း မြင်ရတယ်။ ကျွန်တော်အိမ်ကိုမပြန်တော့ဘူး။ ဒီမှာရှိတဲ့ဓားတွေဟာ အားလုံး သိပ်ထက်ကြတာပဲ။ ဘယ်လောက် ကျေနပ်ဖို့ ကောင်းသလဲ။ ပျားရည်အိုးထဲမှာ ပျားရည်ဟာ အဖိုးတန်သတ္တုရည်လို စေးပိုင်ပျစ်နှစ်လို့။ ပြတင်းပေါက်ကို ဖွင့်လိုက်ရင် သန့်စင်တဲ့လေဟာ ဒီနေရာမှာ တဟူးဟူး တိုက်ခတ်လို့။ ဥယျာဉ်ထဲက သစ်သီးတွေဟာ ဒီနေရာကို နေ့စဉ်နံနက်တိုင်း ရောက်ရောက်လာခဲ့ကြတယ်။ ကျွန်တော်ကြိုက်နှစ်သက်တဲ့ စွန်ပလွံသီးတွေ အပါအဝင်လေ။ လေ့ကျင့်ထားတဲ့ သိမ်းငှက်ကြီးတွေဟာ ဟိုးအောက်တစ်ခုခုပါလာနိုးနဲ့ ငေးချင်ငေးနေပေလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်အိမ်ကို မပြန်တော့ဘူး။ မေမေ့အတွက် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ မေမေကလည်း ကျွန်တော့်အတွက် ဆုမွန်ကောင်းတွေ တောင်းနေတယ် မဟုတ်လား။ တစ်ခါတုန်းက လူပေလူတေလေးတစ်ယောက် သူ့အိမ်ကနေအဝေးကြီးဆီ ထွက်ခွာသွားခဲ့တယ်ဆိုတာ သတိရတိုင်းပြောနေကြမှာပဲ။ မေမေ ကျွန်တော် အိမ်ကိုမပြန်တော့ဘူး။ ခွင့်လွှတ်ပါ။ ဓားလှံအတတ်၊ လေးမြားအတတ်၊ စစ်လက်နက်အတတ်တို့ကို ကျွန်တော်တတ်မြောက်ခဲ့ပြီ။ ညအခါ လပြည့်ဝန်းရဲ့ ပေါ်ထွက်ရာကို ကျွန်တော်သိခဲ့ပြီ။ ရှေးသူဟောင်းတို့ရဲ့ လင်္ကာပုံဝတ္ထုတွေကို ကျွန်တော်ဖတ်ရှုခဲ့ပြီ။ ဝိုင်အရက်ရဲ့ အရသာကို ခံစားတတ်ခဲ့ပြီ။ ဟောဒီ အမိုးခုံးကမ္ဘာမြေအဝှမ်းမှာ လူသားဟာ အစွမ်းအထက်ဆုံးဆိုတာ ကျွန်တော်သိခဲ့ပြီ။

လာလော့ … လုလင်

ဧကရီထိပ်ထားသည် အတွင်းဆောင်မှနေ၍ လက်ဆန့်တန်းကာ ခေါ်ငင်လိုက်သည်။ အတွင်းဆောင်မှာ ဆီမီးငြိမ်းခဲ့ပြီ။ နံ့သာသင်းခဲ့ပြီ။ ညဥ့်ဝတ်ရုံလွှာမှာ နူးညံ့လွန်းရကား ကော်ဇောကြမ်းပြင်ထက်သို့ တအိအိလျောကျသွားသံကို ကျွန်ုပ်တို့ မကြားလိုက်ရဘူးမဟုတ်လား။

၂၀၀၃၊ ၃၊ ၃၀

(မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု) – နေမျိုး။ ဇန်နဝါရီ၊ ၂၀၀၆ – မိုးကောင်းစာအုပ်တိုက်)

Mirrored: သီဟသူ.ဘလော့ဂ်စပေါ့.ကွန်


2 Comments

ငှက် (နေမျိုး)

ကျွန်တော် အိပ်ပျော်နေစဉ်မှာပင် ငှက်ဟာ ကျွန်တော့်ကို ချီသွားတယ်။ လေတွေ တဟူးဟူးတိုက်ခတ်နေတာကို သိသိသာသာခံစားရတော့ ကျွန်တော်နိုးလာတယ်။ နိုးလာတော့ ကျွန်တော်ဟာ မြေပြင်ရဲ့ အမြင့်ထက်ဆီမှာရောက်နေလေတော့တယ်။ တိမ်တိုက်တွေက ကျွန်တော့်ဘေးကနေ ဖြတ်သွားကြတယ်။ ကျွန်တော့်ဦးခေါင်းကို ငဲ့စောင်းပြီး မော့ကြည့်လိုက်တော့ ငှက်ကို တွေ့ရတယ်။ သူဟာ ငှက်ပါ။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အတောင်ပံနှစ်ဖက်နဲ့။ သူ့ဦးခေါင်းမှာ နှုတ်သီးပါရှိလို့ပါပဲ။ ငှက်ဟာ သိပ်တော့ အရွယ်အစားမကြီးဘူး။ အတောင်ပံတွေကတော့ သန်စွမ်းပုံပါပဲ။ ဒါကြောင့်လည်း သူဟာ ပြောပလောက်အောင် မကြီးထွားပဲနဲ့ ကျွန်တော့်ကို မ,ချီသွားနိုင်တာပေါ့။ အတောင်ပံတွေက အစိမ်းရောင်ပါ။ အဲဒီအစိမ်းရောင်အတောင်ပံတွေဟာ လေထဲမှာ တအိအိနဲ့ ဖျပ်ခနဲဖျပ်ခနဲ လှုပ်ခတ်ကာ လေးလေးနဲ့မှန်မှန် ရွေ့လျားနေလေတယ်။ ကျွန်တော့်ခန္ဓာကိုယ်ကတော့ ငှက်ရဲ့မြဲမြံစွာကုပ်ထားတဲ့ မီးခိုးရောင် ခြေထောက်နှစ်ဖက်ထဲမှာပါ။ ကျွန်တော့်ခြေတွေလက်တွေဟာ လေထဲမှာလွတ်နေပြီး ကိုယ်ခန္ဓာကတော့ မှောက်လှက်အနေအထားနဲ့ ရွေ့ပါနေတာပေါ့။ ငှက်ဟာ သူ့ရဲ့ အတောင်ပံတွေကို ဖျပ်ခနဲ ဖျပ်ခနဲ လေးလေးနဲ့မှန်မှန်ခတ်ကာ ကျွန်တော့်ကို ချီယူသွားလျက်ပဲ။ ငှက်ဟာ တစ်ခါတစ်ခါ အောက်ကိုနိမ့်ဆင်းသွားလိုက်၊ အထက်ကို တအိအိပြန်တက်လိုက်နဲ့ ရွေ့လျားနေပါတယ်။ နှုတ်သီးကလည်း တစ်ချက်တစ်ချက် ဂဲ … ဂဲ … နဲ့ အော်မြည်သံ ထွက်ပေါ်လာတတ်ပါတယ်။ ငှက်ရဲ့ မြဲမြံလှတဲ့ခြေထဲမှာ ကျွန်တော်ဟာ ညင်သာစွာ ပါရှိနေလျက်ပါပဲ။ အောက်မှာဘုရားရှိခိုးကျောင်း ချွန်ချွန်ကလေးတွေ၊ မီးခိုးတလူလူထွက်နေတဲ့ စက်ရုံကလေးတွေ၊ နေရောင်ထိမှန်ပြီး တောက်ပစူးလက်နေတဲ့ စေတီငယ်တွေကို အပေါ်စီးကနေ မြင်နေရတယ်။ သစ်ပင်ကြီးတွေကိုလည်း ချုံပုတ်ပုပုလေးတွေလို မြင်ရတယ်။ ဟိုတစ်ဖက်မှာ မြစ်ဟာ ဖြူလဲ့လဲ့ မျဉ်းတွန့်ကလေးတစ်ခုလို Continue reading


2 Comments

အိပ်ပျော်နေသော ကယ်တင်ရှင်များ (နေမျိုး)

သူတို့ အိပ်ပျော်နေကြတယ်။ သူတို့ဟာ ကယ်တင်ရှင်တွေပေါ့။ သူတို့ဟာ နတ်ဒေဝတာရဲ့ အစိတ်အပိုင်းဖြစ်သလို ကောင်းကင်ဘုံရဲ့ တစ်စိတ်တစ်ဒေသလည်းဖြစ်တယ်။ သူတို့ အိပ်ပျော်နေကြတယ်။ သက်တံခုံးရဲ့အောက်မှာ။ သူတို့ဟာ အိပ်ပျော်နေတဲ့ ကယ်တင်ရှင်တွေပဲ။ ဒုက္ခဘုံထဲက လူသားတွေဟာ တစ်ခါတစ်ရံမှာ တောက်ပတဲ့ သက်တံခုံးကြီးကို တွေ့မြင်ကြရတယ်။ ဒါပေမဲ့ သူတို့ဟာ သက်တံခုံးကြီးအောင်မှာ ဘာတွေရှိမလဲဆိုတာကို မသိကြဘူး။ လူသားတွေဟာ နေ့အခါမှာ ရယ်မောကြပြီး ညအခါမှာ ငိုညည်းကြတယ်။ လူတို့ဌာနေမှာ နေ့အခါ ရယ်သံတွေထွက်ပေါ်လာတတ်ပြီး၊ ညအမှောင်မှာ ငိုညည်းသံတွေ ထွက်ပေါ်လာတတ်တယ်လေ။ နေ့မှာဖြစ်စေ၊ ညမှာဖြစ်စေ၊ ရယ်မောသံပဲဖြစ်စေ၊ ငိုညည်းသံပဲဖြစ်စေ အဓိပ္ပာယ်ကတော့ အတူတူပါပဲ။ Continue reading


2 Comments

ကြောက်ရွံ့တတ်ခြင်း (နေမျိုး)

ဝိုင်ယာကြိုးတွေကို သူမ ကြောက်ရွံ့တတ်လာခဲ့သည်မှာ မကြာသေးဟု ဆိုနိုင်သော်လည်း (၂)နှစ်ခန့်တော့ရှိပေပြီ။ ဝိုင်ယာကြိုးများကို ကြောင်ရွံ့ဖို့အတွက် လုံလောက်သည့် တစ်ခုတည်းသော အကြောင်းအရာမှာ သူမ ဓာတ်လိုက်ခံရဖူးခြင်းပင် ဖြစ်သည်။ လွန်ခဲ့သော (၂)နှစ်ခန့်က စိုစွတ်ထိုင်းမှိုင်းသည့် နေ့ရက်တစ်ခုတွင် သူမသည် ဝိုင်ယာကြိုးတစ်ချောင်းကို အမှတ်မထင် ကိုင်တွယ်မိလိုက်သည်။ သွယ်တန်းထားသောဝိုင်ယာကြိုးသည် မူလအနေအထားမှ အိကျနေကာ သူမရှေ့တွင် ကာဆီးထားသလို ဖြစ်နေသည်။ သူမက စမ်းတိစမ်းတမ်းဖြင့် ဝိုင်ယာကြိုးကို ကိုင်တွယ်မိလိုက်သည်။ ဝိုင်ယာကြိုးဟူသည် မည်သည့်လျှပ်စစ်ဓာတ်မျိုးကိုမဆို စီးဝင်နိုင်သော အရာဖြစ်ကြောင်း ကျွန်ုပ်တို့အကျဉ်းအားဖြင့် သိနားလည်ခဲ့ကြပြီ။ ထို့ကြောင့် သူမကိုင်တွယ်လိုက်သော ဝိုင်ယာကြိုးသည် လျှပ်စစ်ဓာတ် စီးဝင်နေရုံမျှမက ပေါက်ပြဲနေသေးပေရာ ထိုပေါက်ပြဲနေရာကိုမှ ဆုပ်ကိုင်မိသောသူမ၏ ကိုယ်ခန္ဓာအတွင်းသို့ ဝိုင်ယာကြိုးထဲတွင် ကိန်းအောင်းနေသော လျှပ်စစ်ဓာတ်များ လျင်မြန်စွာ စီးဝင်သွားခဲ့ပေသည်။ လူဆိုတာကလည်း လျှပ်ကူးပစ္စည်းတစ်မျိုးပါပဲ။ သူမကိုယ်ခန္ဓာမှာ တဆတ်ဆတ် တုန်ခါသွားသည်။ သူမ၏လက်မှာ ပြင်းထန်သော အင်အားသက်ရောက်မှုတစ်ခုကို အလိုအလျောက် ပုတ်ထုတ်ပစ်နိုင်ခဲ့သဖြင့် သူမသက်သာရာ ရသွားခဲ့သည်။ သို့ရာတွင် ဝိုင်ယာကြိုးထဲမှ လျှပ်စစ်ဓာတ်သည် သူမ၏ ကိုယ်ခန္ဓာထဲမှ သိမှုအာရုံကြောတစ်ခုကို လောင်ကျွမ်းစေခဲ့ဟန်တူပါသည်။ သူမစကား သိပ်မပီတော့။ (နဂိုကလည်း သွားတွေမစုံတော့သဖြင့် စကားပြောလျှင် လေတွေထွက်ကာ လေလုံးမကွဲပဲ ဖြစ်တတ်သည်။) သူမသည် ဓာတ်လိုက်ခံရပြီးသည့်နောက်တွင် ပါးရေများ ပိုတွန့်လာကာ ဆံပင်များလည်း ပိုဖြူလာခဲ့သည်။ သို့ရာတွင် အမြင်အာရုံမှာ ပို၍ သန်စွမ်းလာခဲ့သည်။ အထူးသဖြင့် ဝိုင်ယာကြိုးတွေကိုကြည့်ဖို့ပေါ့။ ခြေလှမ်းတွေက ဆတ်တငံ့ငံ့ဖြစ်လာသည်။ ဒါပေမဲ့ သူမ နေကောင်းပါသည်။ နေကောင်းပေမယ့် သူမသည် ဝိုင်ယာကြိုးများကိုတော့ ကြောက်ရွံ့သွားခဲ့ပြီ။ တစ်ခါတစ်ရံ အိမ်မှ ကလေးသူငယ်များနှင့် အပြင်သို့ လမ်းလျှောက်ထွက်ဖြစ်သည့်အခါ ဝိုင်ယာကြိုးများအောင်မှ ဖြတ်လျှောက်ရမည့်လမ်းကို ရှောင်သည်။ မတော်တဆ ဝိုင်ယာကြိုးပြတ်ကျလျှင် ဘာဆက်ဖြစ်နိုင်ကြောင်း သူမသိထားသည်မဟုတ်ပါလား။ မီးခလုတ်တွေနားလည်း မသွားတော့ပါ။ မီးခလုတ်တွေဟာ အာမခံချက်မရှိတဲ့ အရာဝတ္ထုတစ်မျိုးမျှသာလို့ သူမထင်မှတ်တော့သည်။ အိမ်ထဲမှာ တုန်တုန်ချည့်ချည့်နှင့် လှည့်ပတ်သွားလာရင်း ဝိုင်ယာကြိုး အပြတ်အစ တစ်ခုတလေကို တွေ့လိုက်မိပြီဆိုပါလျှင် သူမသည် အဆိပ်ပြင်းသော မြွေဆိုးတစ်ကောင်ကို တွေ့လိုက်ရသလို အော်ဟစ်ကာ တစ်စုံတစ်ယောက်ကို ကောက်ယူဖယ်ရှားစေပါသည်။ ပြတ်တောက်နေတဲ့ ဝိုင်ယာကြိုးထဲမှာ လျှပ်စစ်ဓာတ်တွေ ခိုအောင်းမနေဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ဟေ့လာကြစမ်း ဒီမှာဝိုင်ယာကြိုးတစ်ခု ငါ့ရှေ့က ကောက်ပစ်လိုက်ကြစမ်း မြန်မြန်။

၂၀၀၂၊ ၁၁၊ ၂၂

(မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု) – နေမျိုး။ ဇန်နဝါရီ၊ ၂၀၀၆ – မိုးကောင်းစာအုပ်တိုက်)

Mirrored: သီဟသူ.ဘလော့ဂ်စပေါ့.ကွန်