လမ်းအိုလေး

beyond chaOs

တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

သန်းခေါင်ယံကလပ် (နေမျိုး)

ငါက ငွေစက္ကူတွေရေတွက်ရင်း သေတာ၊ အားလုံး ၃၉၈၂၇၆ရွက်တိတိ။ ငါက မြေကြီးကို ပေါက်တူးနဲ့ပေါက်ရင်း သေတာ၊ နေကြဦး၊ ငါမြေကြီးတွေ နေရာရွှေ့ပစ်ရဦးမယ်။ ကျုပ်က အိပ်ပျော်ရင်းသေတာ၊ အိပ်မက်ထဲမှာ ကျုပ်က လမ်းလျှောက်နေတာဗျ။ ခုလဲ အဲသလို လမ်းလျှောက်နေတုန်းပဲ။ ကျွန်တော်က သူ့လက်ကို ကိုင်ရင်းနဲ့သေတာ၊ သူ့လက်က ရေခဲလိုအေးစက်စက်နဲ့၊ ၁၉၈၂ခုနှစ်က အတိုင်းပဲ။ သူ့လက်ကလေး နွေးလာအောင် ကျွန်တော်လုပ်ရဦးမယ်။ ကျုပ်က စာအုပ်တစ်အုပ် ဖတ်ရင်းနဲ့သေတာ၊ ဒီမှာ ဂိုဒေါ့ရောက်လာပြီလား၊ ကျုပ်ကိုပြောပြပါ။ စာမျက်နှာ၈၂အထိတော့ ဂိုဒေါ့ ရောက်မလာသေးဘူး။ ကျုပ်က အရက်သောက်ရင်း အသက်ထွက်သွားတာ၊ ဒါပေမဲ့ ကျုပ်တကယ်မမူးသေးဘူး၊ နောက်တစ်ခွက်လောက် ထပ်သောက်ရမယ်၊ ဒီတစ်ခွက်ဆို မူးပါပြီ။ ငါက ဆေးပြားတွေ သောက်ရင်း သေတာ၊ ငါနေ့တိုင်းနေ့တိုင်း ဆေးပြားတွေ အများကြီး သောက်ရတယ်၊ မင်းတို့ရော ဆေးပြားတွေ သောက်ကြရသလား။ ဒါဆို မင်းတို့သောက်တဲ့ဆေးနဲ့ ငါသောက်တဲ့ဆေး လဲသောက်ကြရအောင်။ Continue reading
တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

ငါနဲ့အခြားတစ်ယောက် (နေမျိုး)

ငါ့အမည်ကို ငါရွတ်ဆိုလိုက်တဲ့အခါ
လူစိမ်းတစ်ယောက်ရဲ့အမည်ကို ကြားရသလိုပဲ
မှန်ထဲ
ငါ့မျက်နှာငါပြန်ကြည့်လိုက်တဲ့အခါ
လူစိမ်းတစ်ယောက်ကို တွေ့ရသလိုပဲ
ငါ့အခန်းထဲငါပြန်ရောက်တဲ့အခါ
လူစိမ်းတစ်ယောက်ရဲ့အခန်းထဲ ရောက်နေရသလိုပဲ
ငါဟာ ငါကိုယ်တိုင်ဟုတ်ပါလေစ
သံသယဖြစ်မိတယ်
နို့ နေပါဦး
ခုဒီစာဟာ ငါရေးတာ တကယ်ဟုတ်ရဲ့လား။

၂၀၀၅-၇-၁၄
နေ့လယ်ခင်း
(တကယ်မရှိတဲ့အရာ (ခေတ်ပေါ်ကဗျာ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ထန်းရွက်ပုတီး စာအုပ်တိုက်။)
တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

အခန်း (နေမျိုး)

လွှမ်းထားတဲ့ စောင်နက်ကြီး
စောင်အောက်မှာ
ပျော့စိစိ၊ ညှင်းသိုးသိုး
ငါဆွဲခွာကြည့်လိုက်တယ်
မိန်းမတစ်ယောက်
အဖျားတက်လို့
ကိုယ်တွေခြစ်ခြစ်တောက်ပူလို့။ ။

၂၀၁၀-၁၁-၁၁
နံနက် ၁၁း၅၅ နာရီ
(တကယ်မရှိတဲ့အရာ (ခေတ်ပေါ်ကဗျာ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ထန်းရွက်ပုတီး စာအုပ်တိုက်။)
တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

အစက်အပြောက်ကလေး (နေမျိုး)

အစက်အပြောက်ကလေး
လှုပ်နေတယ်
ညင်ညင်သာသာလေး
ဖြည်းဖြည်းကလေး
နှေးနှေးကလေး
အခု – ငါအသက်ရှူနေသလိုပေါ့။ ။

၂၀၁၀-၃-၁၀
နံနက် ၁၀ နာရီ
(တကယ်မရှိတဲ့အရာ (ခေတ်ပေါ်ကဗျာ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ထန်းရွက်ပုတီး စာအုပ်တိုက်။)
တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

ငါ ၄၈ (နေမျိုး)

ငိုလို့ဝပြီ
စိတ်ညစ်လို့ဝပြီ
ငါလာပြီဟေ့ … ။
၂၀၁၀-၁၀-၂၇
ည ၁၁း၃၀ နာရီ
(တကယ်မရှိတဲ့အရာ (ခေတ်ပေါ်ကဗျာ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ထန်းရွက်ပုတီး စာအုပ်တိုက်။)
တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

ဝက်သားစားလား (နေမျိုး)

ဝက်သားစားလား ဆိုတော့
ဟုတ်ကဲ့ – စားပါတယ် လို့ သူက ဖြေတယ်။

ဦးခေါင်းမှာ ပေါင်းထားတဲ့ တဘက်ကို ဖြေချလိုက်တယ်။ အစတစ်ဖက်နဲ့ နဖူးမှာ သီးနေတဲ့ ချွေးတွေကို သုတ်တယ်။ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်တယ်။ နည်းနည်းတော့ သက်သောင့်သက်သာ ဖြစ်သွားတဲ့ပုံပါပဲ။ ပြီးတော့ စားပွဲပေါ်မှာ ဆောင့်ကြောင့်ထိုင်နေတယ်။ စားပွဲပေါ်မှာ ဘာမှမရှိဘူး။ သူ အလျင်မလိုပါဘူး။ ဖြည်းဖြည်းသက်သာပဲ။ တံတွေးတစ်ချက်တော့ မျိုလိုက်တယ်။ အဲဒီအချိန် လူတစ်ယောက် ရောက်လာတယ်။ ပြီးတော့ မေးမြန်းတယ်။ ဝက်သားစားလား တဲ့။ ဟုတ်ကဲ့ – စားပါတယ် လို့ သူကဖြေတယ်။ သေချာမှုတစ်ခုနဲ့ ဖြေတဲ့အဖြေပါ။ ပြီးတော့ သူတစ်ယောက်တည်း စားပွဲပေါ်မှာ ကျန်ခဲ့ပြန်တယ်။ ချွေးနည်းနည်း စို့လာတာကြောင့် လည်ပင်းမှာ ပတ်ထားတဲ့ ပေါင်းတဘက် အစတစ်ဖက်နဲ့ မျက်နှာကို ယပ်ခတ်နေတယ်။ စားပွဲပေါ်မှာ ငရုတ်သီးဖတ်ကလေး တစ်ဖတ်၊ ပုရွက်ဆိတ် တစ်ကောင်က စားပွဲပေါ်မှာ တရွရွ သွားနေတယ်။ ထမင်းလုံးစေ့ကလေး တစ်စေ့။ ခုချိန်ထိတော့ အရာရာဟာ အရင်အတိုင်းပါပဲ။ သူက စားပွဲပေါ်မှာ ဆောင့်ကြောင့်ထိုင်နေဆဲပဲ။ ငရုတ်သီးဖတ် နီနီကလေးရှိရာကို ပုရွက်ဆိတ်ကလေး ရောက်သွားတယ်။ ဒီဘက်မှာ ကုလားပဲဟင်း အစအန ပေကျံနေတယ်။

Continue reading

တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

တကယ်မရှိတဲ့အရာ (နေမျိုး)

တကယ်မရှိတဲ့အရာကို လေလံပွဲတစ်ခုက ကျွန်တော် ဝယ်ယူခဲ့တယ်။
တကယ်မရှိတဲ့အရာဟာ လူကြိုက်နည်းတဲ့ ပစ္စည်းတစ်ခုပါ။

ဒါပေမဲ့ ကျွန်တော့်မှာပါတဲ့ငွေနဲ့ ဈေးသက်သက်သာသာ ဝယ်ယူနိုင်တာကြောင့် ကျွန်တော်ဝယ်ယူခဲ့တယ်။ လေလံပွဲက အလုပ်သမားတစ်ယောက်နဲ့ ကျွန်တော်ဟာ တကယ်မရှိတဲ့အရာကို မနိုင့်တနိုင်နဲ့သယ်ပြီး တက္ကစီပေါ် တင်ခဲ့ကြတယ်။ လေလံပွဲက မပြီးသေးဘူး။ ကျွန်တော်က ကားပေါ်တက်ပြီး တက္ကစီသမားကို မောင်းတော့လို့ ပြောလိုက်တယ်။ မြို့ထဲရှုပ်ထွေးတဲ့ လမ်းမကြီးတွေကိုဖြတ်တော့ ကျွန်တော်ဟာ တကယ်မရှိတဲ့အရာကို မလှုပ်အောင် လက်တစ်ဖက်နဲ့ ထိန်းကိုင်လာခဲ့ရတယ်။ တကယ်မရှိတဲ့အရာဟာ တက္ကစီပေါ်မှာ ငြိမ်ငြိမ်သက်သက် ပါလာခဲ့ပါတယ်။ ကျွန်တော့်အိမ်က ဘူတာရုံနဲ့ နီးနီးကလေးပါ။ ဘူတာရုံနားကိုရောက်တော့ ကားကခုန်တယ်။ ဒါပေမဲ့ ကျွန်တော်ဟာ တကယ်မရှိတဲ့အရာကို မကျိုးမပဲ့ပဲ အကောင်းအတိုင်း သယ်ဆောင်လာနိုင်ခဲ့တယ်။ တကယ်မရှိတဲ့အရာဟာ ရှေးဟောင်းပစ္စည်းတစ်ခု မဟုတ်ပေမယ့် သူ့ရဲ့သက်တမ်းဟာ ကျွန်တော့်ထက် ကြီးရင့်ပါတယ်။

Continue reading

တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

စကားလုံးဘူဖေး (နေမျိုး)

ကြိုက်နှစ်သက်သလို သုံးဆောင်ပါခင်ဗျာ
ကဗျာဆရာတွေတည်ခင်းတဲ့ ဘူဖေးပါ
အားလုံးကို ပူပူနွေးနွေးဖြစ်အောင် ပြုလုပ်ထားပါတယ်
လူကြီးမင်းတို့ စိတ်တိုင်းကျအောင် ပြုလုပ်ထားပါတယ်
သံမဏိစိတ်ဓာတ်၊ ပျော်ရွှင်ဖွယ်အနာဂတ်၊ ကြံ့ကြံ့ခံနိုင်မှု
ယုံကြည်ချက်၊ အဘိဓမ္မာ၊ ဘာဖြစ်ဖြစ်
ဒါတွေဟာ ဒီကနေ့ လူကြိုက်များတဲ့ စကားလုံးတွေပေါ့
ငြိမ်သက်ခြင်း၊ သံဝေဂ၊ သည်းခံခြင်း
ဒါတွေက အရသာအနည်းငယ် ခါးသက်ပေမယ့်
ကျန်းမာရေးနဲ့ အထူးသင့်လျော်တဲ့ စကားလုံးတွေပါ
Continue reading
တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

မေးခွန်းဟောင်းများ (နေမျိုး)

သူအိပ်ပျော်နေတာလား
မနက်က ထမင်းစားသလား
လမ်းရော လျှောက်သေးသလား
သူ့သားကို မေးသလား
ညည ငိုသလား။

၂၀၁၀-၂-၂၈

အောက်ခြေမှတ်စု

ကဗျာရေးသူဟာ ကဗျာဖတ်သူမှာလည်း ကရုဏာစိတ်ရှိတယ်လို့ အမြဲယုံသတဲ့။ ကဗျာတစ်ပုဒ်ရဲ့ အကြောင်းအရာကို ပြောပြဖို့ မလိုလို့ ဆိုကြတာကိုလည်း သိပါသတဲ့။ မှန်ပါတယ်။ ကဗျာတစ်ပုဒ်ရဲ့ အကြောင်းအရာဟာဖြင့် ပြောပြဖို့ မလိုအပ်ပါ။ ဒါပေမဲ့ ခု ဒီကဗျာရေးသူက နည်းနည်းပြောပြချင်ပြန်ပါသတဲ့။ အဲဒါက ဒီကဗျာရဲ့ အကြောင်းအရာဟာ သင့်ရင်ထဲက ကရုဏာစိတ် ဖြစ်တယ်ဆိုတာပါပဲ။

(တကယ်မရှိတဲ့အရာ (ခေတ်ပေါ်ကဗျာ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ထန်းရွက်ပုတီး စာအုပ်တိုက်။)
တကယ်မရှိတဲ့အရာ (နေမျိုး)


Leave a comment

ကုလားထိုင် (နေမျိုး)

သစ်သားနဲ့ လုပ်ထားတယ်
ခြေထောက်လေးချောင်းပါတယ်
နီညိုရောင်ရှိတယ်
အခန်းထဲမှာ သူ့ဘာသာငြိမ်လို့
ငါတို့ငယ်ငယ်ကလေးတည်းက ရှိခဲ့တာ
အဘိုးထိုင်ခဲ့တယ်။

၂၀၁၀-၂-၂၆
(တကယ်မရှိတဲ့အရာ (ခေတ်ပေါ်ကဗျာ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ထန်းရွက်ပုတီး စာအုပ်တိုက်။)