လမ်းအိုလေး

Løøps of Resistance …

မူလဆီသွားခြင်း (အောင်ခင်မြင့်)

Leave a comment

မူလဆီသွားဖို့ လေထဲမှာ စက်ဝိုင်းကို သင်ရေးဆွဲလိုက်တယ်။ စက်ဝိုင်းဟာ သိပ်မဝိုင်းလှဘူး။ အိမ်ထဲကမထွက်ခင် အိမ်ဖော်မလေး ရဲ့ပါးကို သင်ခိုးနမ်းခဲ့သေးတယ်။ သင့် မိန်းမ ဖုန်းပြောနေတုန်း။ မူလဆီသွားခြင်းဟာ မူလဆီပြန်ခြင်း မဟုတ်ဘူး။ အဲဒါကို မသိရင် မြင်းဟာ ကျာပွတ်ဖြစ်သွားလိမ့်မယ်။ ပြီးတော့ အဲဒီခြေကြိုခြေကြားတွေထဲ လိမ့်နေတဲ့ မျက်ရည်ယိုဗုံး နောက်လည်း တကောက်ကောက်လိုက်စရာ မလိုပါဘူး။ လူတိုင်း ဟာ ဘဝမှာ တစ်ကြိမ်ဖြစ်ဖြစ် ကြောင်ကို ခြေထောက်နဲ့ ကန်မိတာပဲ။ ဒါဟာ မူလဆီသွားဖို့ ဖြစ်လာစေမယ့် အကြောင်းတစ်ခုလို့ ဘယ်သူက သိနိုင်မှာလဲ။ မူလဆီသွားဖို့ သူဟာ သူ့မျက်လုံးတွေကို ထိုးဖောက်လိုက်တယ်။ ဒီလိုလုပ်ဖို့ လိုမလို သူလည်းမသေချာဘူး။ လေဆိပ်က လူဝင်မှုကြီးကြပ်ရေး အရာရှိရှေ့က ကင်မရာလို သူဟာ မျက်နှာတွေကို ငြီးငွေ့လာလို့လား။ ဂင်္ဂါမြစ်ပေါ်မှာ ခြေတစ်ဖက်တည်းနဲ့ ရပ်နေတဲ့ ဆာဒူးတွေရော မူလဆီ သွားနေတာလား။ အထည်ချုပ် အလုပ်သမလေးဟာ မူလဆီမသွားခင် တင်ပါးပေါ်မှာ အသည်းပုံတက်တူး ထိုးလိုက်တယ်။ ပြီးတော့ ထမင်းချိုင့်လေးဆွဲ ဘတ်စ်ကားမှတ်တိုင်ကို ပြေးပြီ။ မူလဆီသွားဖို့ သိပ်မိုးချုပ်ရင် မကောင်းဘူး။ မူလဆီမှာ မိုးတဖွဲဖွဲများ ရွာနေမလား။ မူလဆီသွားဖို့ ပန်းတွေဟာ အနက်ရောင်လေနဲ့ သွေးနှောလိုက်တယ်။ ဒါတွေမတိုင်ခင် ပေါလ်ဆေလန်းလည်း ရေခဲနေတဲ့ မြစ်ပေါ်ကိုခုန်ချ | ယန်းပါလာ့ခ်လည်း ကိုယ့်ကိုယ်ကို မီးရှို့ခဲ့တာပဲ မဟုတ်လား။ စိတ်အေးအေးထားစမ်းပါ။ လေဟာ သူ့အလုပ်သူ လုပ်သွားမှာပါ။ မူလဆီမရောက်ခင် မျက်ရည်တွေ အလိုလို ခြောက်သွားလိမ့်မယ်။ မဟုတ်လည်း ခဲသွားလိမ့်မယ်။ ဖယောင်းတိုင်ဘေးမှာ ကပ်နေတဲ့ ဖယောင်းစက်တွေလို။ သင်ကြီးပြင်းရာ မြို့တော်ဟာ မူလဆီသွားဖို့ အရိုးနဲ့ခင်းထားတဲ့ လမ်းပေါ် မြင်းကို အသော့နှင်ခဲ့တယ်။ မူလဆီသွားဖို့ အဲသလောက် ခက်ခဲသလား။ ရထားပြတင်းတွေမှာ လက်ပြနေတဲ့ လက်တွေကတော့ ခေတ်အဆက်ဆက် ရှိခဲ့တာပဲ။ ပြန်လာတဲ့သူ လာတယ်။ ပြန်မလာတဲ့သူ မလာဘူး။ မွေးရပ်မြေဆိုတိုင်း မူလကို ပြောတာမဟုတ်ဘူး။ မူလဆီ အိမ်နံရံအက်ကြောင်းထဲကနေ သွားရင်လည်း သွားရမှာပဲ။ အဲဒီမူလဆီ သူသွားမလား ငါသွားရမလား။ သူနဲ့ငါ ဘဝချင်း လဲလိုက်တယ်။ မိန်းမချင်း လဲအိပ်တယ်။ သူ့မိန်းမနို့ပေါ်က မှဲ့ဟာ ငါ့ကို မူလအကြောင်းပဲ တွေးမိစေတယ်။ မူလဆီအသွားလမ်းတစ်ဝက်က ပန်းခြံခုံရှည်တွေမှာ ထိုင်နေတဲ့လူတွေ။ သူတို့ခွေးတွေ တစ်ကောင်ဖင် တစ်ကောင်နမ်းနေတာ ကြည့်ရင်း။ ပြီးတော့ မှန်ရှေ့မှာ တဟားဟားရယ် ပြီးတော့ ချက်ချင်းငိုကြတဲ့ လူတွေ။မူလဆီသွားဖို့ ဗုဒ္ဓရဲ့သင်္ကန်းစကို သူဆွဲထားတယ်။ ကလေး တစ်ယောက်လို။ မူလဆီသွားဖို့ ပြာမှုန်တွေဟာ မနက်အစောကြီး ထကြတယ်။ မီးဖိုမှာ မီးတောင် မမွှေးရသေးဘူး။ ပြင်ဆင်ဖီးလိမ်းပြီးတာနဲ့ သူတို့ချက်ကို ပလာစတာနဲ့ ကပ်ကြတယ်။ ကားတောက်တတ်တဲ့ အဲဒီလေလွင့်ပြာမီးခိုးတွေ။


Text: Aung Khin Myint (2017)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s