လမ်းအိုလေး

Løøps of Resistance …

သုညမျိုးဆက် (ဂစ်တာတစ်လက်ရဲ့ နာရေး) (လှသန်း)

Leave a comment

လပြည့်ညတစ်ည ကွယ်လွန်သွားသည်။ ကြယ်တစ်ပွင့် ကွယ်လွန်သွားသည်။ သစ်ပင်တစ်ပင် ကွယ်လွန်သွားသည်။ ဖန်ခွက်တစ်ခွက် ကွယ်လွန်သွားသည်။ အိမ်တစ်အိမ် ကွယ်လွန်သွားသည်။ လက်ဖက်ရည်ဆိုင်တစ်ဆိုင် ကွယ်လွန်သွားသည်။ လမ်းမတစ်ခု ကွယ်လွန်သွားသည်။ ရေတွင်းတစ်တွင်း ကွယ်လွန်သွားသည်။ ရုပ်ရှင်ရုံတစ်ရုံ ကွယ်လွန်သွားသည်။ ရပ်ကွက်တစ်ခု ကွယ်လွန်သွားသည်။ ဈေးတစ်ဈေး ကွယ်လွန်သွားသည်။ ဘဏ်တိုက်တစ်တိုက် ကွယ်လွန်သွားသည်။ လူတစ်ယောက် ကွယ်လွန်သွားသည်။ လူတစ်စု ကွယ်လွန်သွားသည်။ သင်္ချိုင်းကုန်းတစ်ခု ကွယ်လွန်သွားသည်။ ကဗျာဆရာတစ်ယောက် ကွယ်လွန်သွားသည်။

ကျန်ရစ်သူမှာ ကမ္ဘာမြေကြီးဖြစ်သည်။

ကျန်ရစ်သည်မှာ ကဗျာဖြစ်သည်။

(သရဖူ – ဇွန်၊ ၁၉၉၇။)

ဒီနှစ်နွေဦးပေါက်မှာ
သူငယ်ချင်းဂစ်တာတစ်လက်
ကြိုးတွေ အကုန်ပြတ်ထွက်သွားခဲ့ပြီ

ဂျင်းဘောင်းဘီအဟောင်းတွေလို အရောင်လွင့်
စုတ်ပြဲဖွာလန်
နောက်ဆုံးတော့ ပြာဖြစ်သွားပြီပေါ့

အလေအလွင့် အဖိတ်အစဉ်များတဲ့နေ့တွေမှာ
ငါတို့သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်
ငါတို့မျိုးဆက်တွေ တစ်ယောက်ပြီးတစ်ယောက်
ပျောက်ဆုံးခဲ့ရတယ်

ကိုယ့်ရှေ့က မျိုးဆက်တွေကို ထားလိုက်ပါတော့
ကိုယ့်နောက်က မျိုးဆက်တွေကလည်း ခန့်မှန်းရခက်ခက်
ရက်စက်လှချည်လား ကံကြမ္မာရယ်
ငါတို့မျိုးဆက်ကိုက ဆုံးရှူံးမှုများလွန်းပါတယ်
သုညမျိုးဆက်
ငါဒီလိုပဲ သတ်မှတ်ချင်တော့တယ်

ခုဆို သိပ်မကျန်တော့ဘူး
ကွေးထားတဲ့လက်ကိုတောင် ဆန့်ရမှာခပ်လန့်လန့်
ကိုယ့်ရင်ဘတ် ကိုယ်ခဏခဏပြန်စမ်းနေမိတယ်
အရေမရအဖတ်မရနှစ်တွေ မဟုတ်ပါဘူး
အရေလည်းရ အဖတ်လည်းရ အမှုန့်လဲရတဲ့နှစ်တွေပါ
အတူထိုင်ခဲ့ကြတဲ့ လက်ဖက်ရည်ဆိုင်တွေ ပြန်တွေးမိတယ်
မင်းအရသာတွေ့ခဲ့တဲ့
ရော့ခ်အင်ရိုးလ် တစ်ခေတ်လုံးကု ပြန်တွေးမိတယ်
နေမကောင်းတဲ့ကြားက
ဂျင်မီဟန်းဒရက်ရဲ့ ဂစ်တာသံကို တမ်းတတဲ့သူငယ်ချင်း
ငွေရတာတွေ မရတာတွေ
နာမည်ကြီးတာတွေ မကြီးတာတွေ အသာထား
တစ်ဘဝလုံးကို ဂစ်တာကြိုးခြောက်ချောင်းပေါ်မှာ ပုံအောခဲ့တဲ့ သူငယ်ချင်း
အပေါင်းအသင်းတွေကို အမြဲကောင်းခဲ့တဲ့ သူငယ်ချင်း

အင်္ဂလိပ်ဆိုရိုးစကားအရ
အသက် ၄၀မှ ဘဝစတာတဲ့
မင်းကတော့
သူများတွေ ဘဝစမဲ့အချိန်မှာ ဆုံးနှင့်ပြီ

ဒါပေမဲ့ တစ်သက်လုံး မင်းချစ်တဲ့ဂစ်တာနဲ့
ပေါင်းသင်းနေထိုင်သွားခဲ့တာကိုပဲ
ငါအလေးပြုလိုက်ပါတယ် သူငယ်ချင်း

နေ့ခင်းကြောင်တောင်
ငါအိပ်မက်မက်နေတယ်
မင်းအသုဘကို ကာလို့စ်ဆန်တာနား၊ ရစ်ချီဘလက်မိုး
အဲရစ်ကလက်ပတန်၊ ဗင်ဟယ်လင်၊ မာ့ခ်နော်ဖလာတို့
လိုက်ပို့ကြတယ်လို့ 

ခုတော့
သေသူကို ရှင်သူက တရပြီပေါ့ သူငယ်ချင်းရယ်
မသေခင်မှာ လှအောင်နေသွားတဲ့မင်းကို
ငါ သီချင်းတစ်ပုဒ်နဲ့ ဂုဏ်ပြုလိုက်ပါရဲ့
ဘော့ဒိုင်လန်ရဲ့
‘ဘလိုးရင်း အင်း သည် ဝင်းန်’ သီချင်းနဲ့လေ။


( ရုပ်ရှင်တေးကဗျာ – ဇွန်၊ ၂၀၀၃။
ကဗျာ၁၀၀နှင့် ကဗျာဆရာကွယ်လွန်ခြင်း – ကြည်မောင်သန်း။ ကျော်မွှေးစာပေ – ဇူလိုင်၊ ၂၀၁၅။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s