လမ်းအိုလေး

Løøps of Resistance …

ကဗျာလောက (၆)

လျှို့ဝှက်စွာ စွန့်ခွာခဲ့သော ရသများ (ဝေဖြိုးအေး)

Leave a comment

ကဗျာမှာ ဒေလီယာ၊ စူဆန်၊ ဘာစီလိုးနား၊ ယူကလစ်ပင် စတဲ့ နိုင်ငံရပ်ခြား ပန်း၊ အမည်၊ မြို့နဲ့ သစ်ပင်တွေကို သုံးစွဲထားတယ်။ နိုင်ငံရပ်ခြား ပန်းချီကားတစ်ချပ်၊ ရုပ်ရှင်၊ ဝတ္ထု အစရှိတာတွေက အာရုံယူ တည်ဆောက်​​ထားတာလည်း ဖြစ်နိုင်သလို ရွှေ့ပြောင်း​ဖန်တီးပြတာ​လည်း ဖြစ်နိုင်တယ်။ စာအုပ်က ၉၅ ခုနှစ်ထုတ်​ဆိုတော့ ကဗျာရေးချိန်ဟာ ဒီ့ထက်မက စောဖို့ ရှိနေတယ်။ အဲဒီအချိန်က မြန်မာပြည်ရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေကို သတိထားစေချင်တယ်။ ဆိုရရင် ဒေလီယာဟာ ပိတောက်ဝါ၊ စူဆန်ဟာ စန္ဒာ၊ ဘာစီလိုးနားဟာ ရန်ကုန်၊ ယူကလစ်ပင်ဟာ ရေတမာပင် ဖြစ်လာနိုင်တာပါပဲ။

(ဒေလီယာ၊ စူဆန်တို့၏ တစ်ဦးချင်းစီဘဝကသာ – ကျော်ဇောခိုင်။ ကဗျာလောက – ၆)

အိမ်ယာမဲ့တို့ နောက်ဆုံးတွေ့ခဲ့တဲ့
ဒေလီယာတွေ ဖြစ်တယ်။
ဘုရားသခင်ဟာ
သူ့အိမ်ကနေ ထွက်လာချေပြီ …
ခရုသင်းမှုတ်သံနှင့်အတူ
မျက်စေ့ရှေ့တင် ဗုံးကွဲသွားတယ်
စူဆန် သေသွားတယ်
ပါးပြင်ပေါ်က နီရဲရဲ အဖုလေး
အရူး ၁၅နှစ်သားလေးရဲ့ အချစ်ဟာ
ခရစ်တော်ထက် အရင်ပေးဆပ်ပူဇော်ခဲ့ရဲ့၊
မှတ်မိမှာပါ
ဒီ ဝဝလေးကိုလေ … ။
အချက်ကျကျ
အနံ့ပြင်းစွာ ထုတ်လွှင့်နေသော
ဘာစီလိုးနား နံနက်ခင်းဟာ
ဆေးတံသောက်ရင်း ကားသော့ဖွင့်လိုက်ပြီ။
မြိန်ရေရှက်ရေ ဆဲခဲ့
“ငါလိုးမသားတွေ …
အမြဲသေနေမယ့်ကောင်တွေ …”
သူငယ်ချင်းတို့ရေ …
တစ်ဦးချင်းစီဘဝကသာ
ကမ်းခြေသွေးစွန်းမှုကို
ဟန့်တားပေးနိုင်မယ်။
ပန်းမီးဆိုင်းကြီး ပြုတ်ကျလာတုန်း
ငါမျောနေ

အသစ်ပြောင်းသွားပေါ့ … အော်စမ်းပါ
ငါ့အောက် ယူကလစ်ပင်ဟာ
အများကြီး နိမ့်သွားပြီ
ပန်းချီတွေ ခပ်စောင်းစောင်း၊
နံရံနှစ်ခု ဆုံရာကလည်း ခပ်စောင်းစောင်း
ခုတင်ပေါ် အိပ်နေတဲ့
ကိုယ်လုံးတီး မိန်းမခမျာလည်း
ခပ်စောင်းစောင်းပေါ့။
မကြာသေးမီ နှစ်တွေအတွင်း
မျက်နှာကြက်ဆီက စိမ့်ကျလာကာ
အဝါပုပ် ကော်ဇောပေါ်
လမ်းလျှောက်နေသော ဂီတသံတွေလေ
Doom Day မှာ ဆုံမယ်ဆိုပြီး
နှုတ်ခွန်းဆက်ရင်း ထပျံသွားလေရဲ့ 
အင်ဒီးယန်း အနီတွေရဲ့
ကျောက်တောင်တွေဆီ၊ ဒါမှမဟုတ်
ဟိမဝန္တာဆီ … ဒါမှ ထပ်မဟုတ်သေးရင်
အမြင်ကပ်လောက်အောင်
ခမ်းနားကြီးကျယ်တဲ့ ကောင်းကင်ဘုံကြီးဆီသို့ပေါ့။
လူအခွင့်ရေးကို မသိတဲ့
၂၁ရာစု အရူးထောင်က
ဖောက်ပြေးရအောင်။
စိတ်ကူးကြည့်လေ …
အချစ်ပြုလုပ်တယ်ဆိုတာ ဘာလဲ … ဟဲဟဲ
ကုတ်အင်္ကျီထဲက
အနုပညာ၊ ဘာသာတရား၊ သိပ္ပံနဲ့ အားကစားကို
ရေအိမ်မှာ ဖျောက်ပစ်လိုက်ပါ …
ကြိုတင်ရင်းနှီးခဲ့ရဲ့ မဟုတ်လား
ပါရှန်မ အိပ်မက်တွေနဲ့ …
တင်းပြည့်တဲ့ဆန္ဒတွေနဲ့။
အရွယ်ရောက်
ခပ်စောစော လိင်မှုဆက်ဆံရေးဟာ
မျက်နှာသစ်ချလိုက်ပြန်ပြီ …
စည်ပိုင်းထုပြီး Blues သီချင်းညည်း
အပြာရောင် ကန့်လန့်ကာ ချလိုက်တဲ့အခါ
ဝန်ခံလိုက်ရအောင်။

ဖြတ်တောက်ထားတဲ့ ဒိုင်ယာရီ လက်ရေးကဗျာစာအုပ် (၁၉၉၅)


(ကဗျာလောက စုစည်းမှု-၆။ အောက်တိုဘာ၊ ၂၀၁၄ – နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s