လမ်းအိုလေး

Løøps of Resistance …

ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ကဗျာဖတ်ခြင်း (မောင်ဒေး)

Leave a comment

ဒီကဗျာကို ဖတ်နေပြီ ဆိုကတည်းက ကဗျာဖတ်ရတာကို ခင်ဗျားကြိုက်လို့ပဲ ဖြစ်မယ်လို့ ကျွန်တော် ယူဆပါတယ်။ အကယ်၍ ခင်ဗျားဟာ ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်သူတစ်ယောက်၊ ကဗျာလည်း ဖတ်လေ့ရှိပြီး အခု ဒီကဗျာကို ခင်ဗျားရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဖတ်နေတာ ဆိုရင်တော့ သံချည်သံကွေး အလုပ်သမားတွေဆီက ထုသံထောင်းသံတွေ၊ အင်္ဂတေဖျော်စက်ရဲ့ တဒီးဒီးမြည်သံ၊ ပန်းရံအလုပ်သမားတွေရဲ့ အော်သစ်ဆူညံသံတွေကြားမှာ ဖတ်ရတာဆိုတော့ ကဗျာပေါ်မှာ အာရုံစိုက်ရတာ ခက်ခဲမှာ အမှန်ပဲ။ ပြီးတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ “ဘေးအန္တရာယ် ကင်းရှင်းရေးသည် ပထမ”ဗျ။ ဒီတော့ အခု ဒီကဗျာကို ဖတ်နေတုန်း ကဗျာထဲ အာရုံနစ်နေခိုက် မတော်တဆ ထိခိုက်မှုကို ခင်ဗျား ကြုံချင်ကြုံရမှာပါလားလို့ ခင်ဗျား တွေးမိမှာပဲ။ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ကဗျာဖတ်တာဟာ လုပ်ငန်းခွင်ထဲ ခမောက်မပါပဲ လမ်းလျှောက်သလိုမျိုး အန္တရာယ်လည်းကြီး၊ စည်းကမ်း ဖောက်ဖျက်ခြင်းလည်း မည်တယ်။ ဒီတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ ကဗျာဖတ်ရတဲ့ အတွေ့အကြုံဟာ ခင်ဗျားအတွက် သာသာယာယာ မဟုတ်တော့ဘူး။ အကယ်၍ ခင်ဗျားဟာ လုပ်ငန်းခွင်ပြင်ပ အချိန်တွေမှာလည်း ကဗျာဖတ်ခွင့်မရ၊ အခုတစ်ဖန် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဖတ်ဖို့ ကြိုးစားတော့လည်း အဆင်မပြေဆိုတဲ့ အဖြစ်မျိုး ကြုံရတယ်ဆိုရင် အကျိုးဆက်အနေနဲ့ ခင်ဗျား စိတ်တို၊ စိတ်ဆတ်၊ စိတ်အလိုမကျ ဖြစ်လာမယ်။ ဘဝကို ငြီးငွေ့လာမယ်။ ခင်ဗျားက သောက်တတ်စားတတ်သူဆိုရင် အလုပ်ကနေအပြန် အရက်ဆိုင်ဝင်ပြီး မိတ်ဆွေတွေနဲ့ သောက်တဲ့အခါ ခင်ဗျားရဲ့ ပြဿနာကို သူတို့ကို ပြောပြမိမယ်။ အကယ်၍ ခင်ဗျားရဲ့ မိတ်ဆွေတွေက ကဗျာကို ခင်ဗျားလို မသိ၊ မကြိုက်၊ တန်ဖိုးမထားရင် သူတို့က ခင်ဗျားကို ဟားလိမ့်မယ်။ သူတို့ရဲ့ ဘဝပြဿနာ (ဥပမာ – သူတို့ရဲ့ ကြွေးမြီပြဿနာ၊ အိမ်ထောင်ရေး အဆင်မပြေမှု) စတာတွေနဲ့ ယှဉ်ပြောပြီး ခင်ဗျားရဲ့ ပြဿနာကို သေးဖွယ်နုံနဲ့စွာ သဘောထားကြမယ်။ ခင်ဗျားကလည်း အကျိုးအကြောင်းနဲ့ ပြန်ငြင်းမယ်။ နောက်ဆုံး သူတို့ထဲ တစ်ယောက်ကို ခင်ဗျား ကိုယ်ထိလက်ရောက် တိုက်ခိုက်မိကောင်း တိုက်ခိုက်မိမယ်။ ဒီကဗျာကို အခုထိ ခင်ဗျား ဆက်ဖတ်နေသေးတယ် ဆိုရင်တော့ ခင်ဗျားမှာ အဲဒီပြဿနာမျိုး ရှိပုံမရဘူး။ ဒါဆို ခင်ဗျားဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဖတ်နေတာလည်း ဟုတ်ချင်မှဟုတ်မယ်။ ဒီလိုဆို ခင်ဗျားဟာ ဒီကဗျာကို ကားမောင်းရင်း ဖတ်လာတာလား။ ဒီလိုဆို ခင်ဗျားအတွက် အန္တရာယ်ရှိတယ်။ ကားမောင်းရင်း ဖုန်းပြောတာထက်တောင် ဆိုးနိုင်တယ်။ ဒါမှမဟုတ် ခင်ဗျားဟာ အယ်ဒီတာတစ်ယောက် ဖြစ်ပြီး ဒီကဗျာ ခင်ဗျားရဲ့ မဂ္ဂဇင်းကို ရောက်လာလို့ နောက်လထွက်မယ့် မဂ္ဂဇင်းထဲ ထည့်သင့်မထည့်သင့် စဉ်းစားဖို့ ဖတ်နေတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ဒီကဗျာကို ခင်ဗျား တက်ရောက်နေတဲ့ ကျောင်း သို့မဟုတ် သင်တန်းက မဖတ်မနေရ ပြဌာန်းထားလို့ ဖတ်နေတာလား။ ကျွန်တော့်အနေနဲ့ကတော့ ဒီကဗျာကို ခင်ဗျားကြိုက်လို့ ဖတ်နေတာပဲ ဖြစ်ပါစေလို့ အမျှော်လင့်ကြီး မျှော်လင့်ပါတယ်။ နောက်တစ်နေ့ ခင်ဗျားရဲ့ မိတ်ဆွေတွေနဲ့ ပြန်တွေ့တဲ့အခါ “ဟေ့ မနေ့က ငါဖတ်ခဲ့တဲ့ ကဗျာက အမိုက်စား”လို့ အစပြုပြီး ခင်ဗျားရဲ့ ကဗျာဖတ်ခြင်း အတွေ့အကြုံကို ဖလှယ်တာမျိုး ဒီကဗျာထဲက ခင်ဗျားအကြိုက်ဆုံး စာကြောင်းကို ကိုးကားသုံးစွဲတာမျိုး။

၂၀၁၀၊ ဇူလိုင်လ၊ ၁၃။


(အစွန်းထွက် ဇီဝဗေဒ – မောင်ဒေး။ ဇူလိုင်၊ ၂၀၁၁။ နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s