လမ်းအိုလေး

Løøps of Resistance …

အစွန်းထွက် ဇီဝဗေဒ (မောင်ဒေး)

ဆာလ်ဖျူရစ် အက်ဆစ်များ၏ ဆယ့်နှစ်ရာသီပွဲတော် (မောင်ဒေး)

Leave a comment

(က) မျိုးဥတစ်ခုစီထဲက ရှုခင်းတစ်ခုစီ

လျှာကို ကိုယ့်ဘာသာကိုယ် ပြန်ဝါးပြီး တစ်ယောက်ကိုတစ်ယောက်
လှမ်းခေါ် ကျူးလွန်ရတာလည်း အရသာရှိတယ် အကျူးလွန်ခံရတာလည်း
တမျိုးအရသာရှိတာပါပဲ
အပြစ်ကြီး (၇) ပါး
တကယ်တော့ သင်ဟာ ကယ်တင်ရှင်မဟုတ်
သင်ဟာ အားနည်းသူတွေကြည့်တဲ့ ရုပ်ရှင်
သင်ဟာ ခန္ဓာကိုယ်ထဲကနေ အပြင်ကို တစ်စက်စက်ကျနေတဲ့ ဆေးပုလင်း
သင်ဟာ ခပ်နွမ်းနွမ်းတီရှပ်တစ်ထည်သာသာ
ပြတင်းပေါက်မပါတဲ့ အခန်းထဲမှာ သင့်ကို စိုက်ကြည့်သလိုမျိုး
ပြတင်းမပေါက်အောင် ဖုံးထားရာမှာလည်း သင့်ကို အားကျတယ်။
‘ဘဝဟာ ဘဝသတ်ကွင်းပဲ။ တိုက်ရခိုက်ရတာ တန်တယ်
နားထင်ကို တူနဲ့ပိတ်ထုမှ ပြောစကားကို နားထောင်တာပဲ’
အပြစ်လိုက် အခဲလိုက် စေးစေးထန်းထန်း ထွက်ကျလာတဲ့ အပြစ်ခဲတွေ
တစ်ယောက်ကို အရေခွာယူပြီး တစ်ယောက်ကို ခြောက်သွေ့သည်အထိ
ဒီအနီးအနားမှာပဲ ရှိတယ်။ ဒီအနီးအနားမှာပဲ ရှိမှာပါ။
ဘယ်လိုပဲ သတ်သတ် ဘယ်လိုပဲ ခေါင်းအုံးနဲ့ဖိဖိ
နှလုံးက ရင်ခုန်သံကို လိုက်ရှာနေဆဲ (စက်ထည့်ပြီး နှိုးရမယ်ပြောတယ်)
ညည်းညူသံရဲ့ အနံ့အသက်မှာ သာယာနေမိပြီး တစ်ယောက်နဲ့တစ်ယောက်
လာသမျှဧည့်သည်တွေရဲ့ တံတွေးတွေကို ဘယ်သူမြိုချရသလဲ
ဒီအခန်းမှာ ဒီ့ထက်ပိုပြီး မစည်ကားနိုင်တော့ဘူး
ဒေါသပဲဖြစ်ဖြစ် မနာလိုစိတ်ပဲဖြစ်ဖြစ် တံတားအောက်က မြေခွေးပဲ
သဘာဝတရားက သိပ်ရယ်စရာကောင်းတာပဲ
မိုးရေတွေ ဗိုက်ထဲကနေ ပွက်ခနဲ ပွက်ခနဲ
ဒါပေမယ့် တော်သေးတယ်
ဖျော်ဖြေရေးတွေ ဖြစ်နေပေလို့။

၂၀၀၇၊ သြဂုတ်လ၊ ၁၀

(ခ) လျှော်ဖွပ်ထားသော ပိတ်သားဖြူဖြူ

ခင်ဗျား အခုရောက်နေတာ အောက်စီဂျင် ထုတ်ထားတဲ့အခန်း
ပြူးကျယ်နေတဲ့ ခင်ဗျားရဲ့ မျက်လုံးတွေကို ကြည့်ပါလား
ပြီးတော့ လည်ချောင်းမှာ ခင်ဗျားတစ်ဆို့နေပုံဟာလေ
ဒီအခန်းထဲကို ၀ိညာဉ်တွေချည်း ၀င်လာတယ်
ဒီအခန်းထဲကနေ ကျင်ငယ်အိုးတွေချည်း တစ်လုံးပြီးတစ်လုံး
ပြောသမျှ စကားလုံးတိုင်းဟာလည်း ချွဲသလိပ်နဲ့ မကင်း
လူနာတွေက လူနာလာမေးလိမ့်မယ်
လူနာတွေ ပြန်ထွက်မသွားအောင် ဂိတ်ကိုပိတ်ထား
နာနေသရွေ့တော့ လူပဲ လူနေသရွေ့တော့ နာမှာပဲ
ပိုဆိုးသွားတာက သွေးစစ်တာ အဖြေမရသေးတာ
ရှိသမျှတော့ ပုံအောထားတယ် စကားပြောရင် မောမှာပဲ
တစ်မိနစ် ၇၂ ကြိမ်ဆိုတော့ နောင် ၁၀ နှစ်ဆိုရင် ဘယ်နှကြိမ် ခုန်မလဲ
ဒီမှာက ထမင်းစားလို့လည်းကောင်း၊ ရေချိုးလို့လည်းကောင်း
‘အပ်ချလောင်း’ ပျောက်စေဆရာတွေလည်း ရှိ
နေရောင်ထဲ ထုတ်လှမ်းထားတဲ့ အရိုးတွေကို ပြန်သိမ်းပြီး
ညဖက်ဆို အိပ်ရာပေါ်ပုံထားရတယ် (သိပ်ခြောက်တာပဲ)
ခြောက်ကပ်နေတဲ့ ပညာတတ်ရယ်သံနဲ့ ရယ်မယ်
တစ်ခုခုဖြစ်ပြီဆိုတာနဲ့ ပြေးဆောင့်စရာ တိုင်လုံးတွေရှိတယ်
ဖန်ပြွန်သန္ဓေသား အနာဂတ် ICU ထဲက ထွက်မလာသေးဘူး
ပိုးသတ်ထားတဲ့ ၀တ်စုံဝတ်ပြီး ခင်ဗျားဝင်ကြည့်ပါလား
ခင်ဗျားကို သူတို့ ဘယ်လိုခွဲစိတ်ပြီး
ဘယ်ရင်ခေါင်းထဲကနေ ဘယ်လိုပြန်လောင်းထည့်မလဲဆိုတာ
ခင်ဗျားကိုယ်ခင်ဗျား Wheel Chair ပေါ်တင်ပြီး
ခင်ဗျားနေရမယ့် အခန်းထဲသာ တွန်းဝင်သွားပေတော့
ပြီးရင် ခင်ဗျားကိုခင်ဗျား ပတ်တီးဖြေပြီး
ခင်ဗျားရဲ့ အနာဂတ်ကို ပြန်မေးကြည့်
x x x
‘ငါသေဖို့ နင်က ကူညီမှာလား’
‘ဟင့်အင်း၊ ဟင့်အင်း၊ ကျွန်မက ရှင်နေဖို့ပဲ ကူညီမယ်’
‘ရှင်ကရော ဘာကြောင့် သေချင်ရတာလဲ’
‘မနေချင်လို့ပါ … တစ်ခုတော့ မှတ်ထားကွာ
အသက်ရှင်နေထိုင်ခြင်းက တာဝန်တစ်ရပ် မဟုတ်ဘူး
မင်း ငြင်းပယ်ချင် ငြင်းပယ်နိုင်တဲ့ အခွင့်အရေးတစ်ရပ်ပဲ’
‘ရှင် တကယ်သေချင်ရင်တော့ ရှင်ဟာ အရူးတစ်ယောက် မဟုတ်ကြောင်း
တရားရုံးက လက်ခံလာအောင် လျှောက်ထားရလိမ့်မယ်’

(The Sea Inside ဇာတ်ကားမှ)

၂၀၀၇၊ သြဂုတ်လ၊ ၂၈

(ဂ) ဆေးထိုးပြွန်ထဲက ယာယီအမှားအယွင်း

အဲဒီခန္ဓာကိုယ်ထဲမှာ နေ၊ လ နဲ့ စူးစမ်းရှာဖွေစရာများ
မတူးဖော်ရသေးတဲ့ ဘူမိသွင်ပြင်များ
မငုတ်လျှိုးရသေးတဲ့ ရေပိုင်နက် ကံကောင်းစေတဲ့ လပ်ကီးဖစ်ရှ်တွေ
မျက်စောင်းတစ်ချက်ထိုးတိုင်း ပြာကျသွားရမယ့် ကိုယ့်အသက်ရှူသံကိုယ်
ပြန်ကြားနေရ ကိုယ့်မသာတွင်း ကိုယ်ပြန်ဖော်
ကိုယ်ရေးထွင်းခဲ့သမျှ ကိုယ့်အသွေးအသားမြို့ရိုးတွေ၊ ထုပိကာတွေ
ပုပ်သိုးဆွေးမြေ့ဖွယ်ထဲက ချောင်းဟန့်သံဆီ ဘယ်နှကြိမ်ဆိုက်ဆိုက်မြိုက်မြိုက်
ပွဲချင်းပြီးတာများတော့ ဘယ်ရွေ့ဘယ်မျှသာနေမယ်ဆိုပြီး
ခဏနေဦး … ဆိုပြီး ဆေးတွေဝယ်သောက်ရတာက တစ်မျိုး
အနံ့ဆိုးကြောင့် မျက်နှာကျက်ဟာ မျက်မှောင်ကုပ်ထားတယ်
ခေါင်းထဲလက်ထည့်ပြီး ဖွလိုက်တိုင်း မိုးကောင်းကင် ဖွာခနဲ ဖွာခနဲ
(ဒီလိုပါပဲ တစ်နေ့တာပဲဖြစ်ဖြစ် တစ်ဘ၀စာပဲဖြစ်ဖြစ် တစ်ဖက်မှာ
မှောင်ပြီး တစ်ဖက်မှာ တိုးလျှိုပေါက်ရတာပဲ
ဒါလည်း ကောင်းကင်မှာ မီးရှူးမီးပန်းတွေမြင်မှ သိရတာ)
နာတာရှည် လဲလျောင်းနေတဲ့ ပင်စည်အပွေးခေါက်တွေကွာကျ
သစ်စည်းတွေ မြင်မကောင်းအောင် ခြောက်သယောင်းနေပြီ
သစ်ကိုင်းကတော့ ကြယ်တွေကို မမီမကမ်း လှမ်းချိတ်နေတုန်း
ခေါင်းကိုက်ပျောက်ဆေးက အသုံးဝင်ပေသား
ခေါင်းကြည်လင်လာတိုင်း ငယ်ရည်းစားရဲ့ မြေစိုင်မြေခဲတွေကိုပဲ
စိတ်ထဲကမှန်းပြီး ပြောကြည့်တာပါ … ခလုတ်ထိမှ
မီးကို ‘တ’တယ်ပဲဆိုဆို လောင်မြိုက်နေရသမျှ ကောင်းတာပဲ
တစ်နေရာရာကိုများ မတော်တဆသွားဖြစ်ခဲ့ရင်
ဆေးရုံတစ်ရုံလောက် ၀ယ်စီးသွားချင်သား
Worldwide suicide ဆိုတာ ကြားဖူးသလား
ကျုပ်မကြားဖူးပေမယ့် ကောင်းကောင်းသိတယ်
တစ်ကမ္ဘာလုံး အိပ်မပျော်နိုင်ဖြစ်နေတာကို ပြောတာ
ဓာတ်မှန်ပြားကို ပြောင်းပြန်ထောင်ကြည့်မိတဲ့ အခါတိုင်း
လကို ဒိန်ခဲထင်နေတဲ့ ၀ံပုလွေတွေ

၂၀၀၇၊ သြဂုတ်လ၊ ၁၆


(အစွန်းထွက် ဇီဝဗေဒ – မောင်ဒေး။ ဇူလိုင်၊ ၂၀၁၁။ နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s