လမ်းအိုလေး

Løøps of Resistance …

သစ္စာနီ

အကုသိုလ်ပန်းများ (သစ္စာနီ)

Leave a comment

၁။
သတ္တ၀ါတိုင်းဟာ
ဝံပုလွေအဖြစ်နဲ့
မွေးလာကြတာ မဟုတ်ဘူးကွယ်။
ပြက္ခဒိန်တွေကို မုန်းတယ်
၃၁နှစ်ထဲမှာ ဆံပင်ကကြဲကြဲ
ထိပ်လည်း ပြောင်ခဲ့ပြီ။
ဘာ ရလိုက်သလဲ
ရူးသွပ်ခြောက်ခြားမေးခွန်းအစား
‘ဒက်ဒလက်’ လို ကမ္ဘာကို ဖမ်းဆီးထားချင်တယ်
‘ယုံကြည်ချက်’
အဲဒီသံမှိုတစ်ချက် ခပ်နက်နက်တွယ်ထားလို့သာ
ဘ၀ဟာ ကွာမကျသေးတာပေါ့။

၂။
အက္ခရာသင်္ချာတစ်ပုဒ်အတွက်
စိတ်ညစ်ခဲ့ရတဲ့ရက်များဟာ
အခုအခါမှာ ငှက်မွှေးဖြစ်တယ်။
ပီကာဆိုကို မသိရင်လည်း
သင်္ကေတ၀ါဒကို နားမလည်ရင်လည်း
ရောဘတ်ရက်ဖို့ဒ်ကို မကြည့်ဖူးရင်လည်း
ငရုတ်သီးဟာ စပ်တာပဲ။
ဟုတ်ကဲ့-တြိဂံရဲ့ဧရိယာနယ်ထဲမှာ
ဒီလိုနေထိုင်နိုင်တော့ အံ့သြစရာမရှိပါဘူး။
အံကြိတ်ခံစားရဖန်များ
နှလုံးသားဟာ တွန့်ခေါက်တောင် တစ်တောင်ဖြစ်တယ်။
ငါ သိပြီဟေ့
ဖန်ဆင်းတဲ့ဘုရားသခင်ဆီမှာ
ချိန်ခွင် မရှိဘူးဆိုတာ ။

၃။
ငွေ … အောင်မြင်မှု … ပညာ
ဘယ်ဟာမှ မရတဲ့ကောင်
အဖေရဲ့ ဂန္ထ၀င်ဂိုက်တံ
အတိုင်းမခံရဲတာ အမှန်ပါပဲ။
ခွေးလေခွေးလွင့်နဲ့ ငှက်များဟာ
ဝမ်းစာရှာတဲ့နေရာမှာ
ကျနော့်ထက် သာတယ်။
ယပ်တောင်မရှိသေးတဲ့အခါ
ပြာဖြူလွင့်လာတာ ကာကွယ်ဖို့ ခက်တယ်။
၁၁နာရီ ထိုးပြန်ပါပြီ
အိမ်မှာ ထမင်းစားရတာ အားနာလိုက်တာ
မိဘကျေးဇူးဆပ်ရန်
၂ကျပ်အဆုံးခံ ထီထိုး
(—-)သိန်းဆုကြီးနဲ့ တိုးပါစေ … ။

၎။
ဘာလုပ်သလဲ
‘ကဗျာဆရာ လုပ်ပါတယ်’
အင်္ဂလန်ကျွန်းကို ရလိုက်တဲ့
နပိုလီယန်ဂိုက်နဲ့ ခပ်မိုက်မိုက်ပြောတုန်းပဲ။
ငွေ … ငွေ … ငွေ … တဲ့
ဘ၀ရဲ့နာတာရှည်ယားနာ ဖြစ်နေတာ
အကြွေနဲ့စက္ကူစလေးတွေပါလား
‘စတော ရမယ် တစ်ဆယ်…ဒီစီ ဆယ့်နှစ်ကျပ်’
‘အစ်ကို…ပျော်မလား ဟင်…’
‘ရေခဲရေအေးအေး…ရေခဲရေ…’
‘ဗန်းထဲကစမူဆာ
မြူနီစပယ် မလာခင် ကုန်ချင်တာပါပဲ..’
…………………………………………………..
ဗုံးတစ်လုံး ပေါက်ကွဲ
သွေးသံစိုရွှဲပြီ
လူသတ်မှ စားရတာလည်း
ဒီ ထမင်းတစ်လုပ်ပါပဲကွယ်။
‘ဗမာပြည်က ပူတယ်နော်’
သာမိုမီတာက
ရေဆူအမှတ် ရောက်နေပြီ
စိတ်ကူးတွေပေါက်
အနောက်ဂျာမဏီ သွားနေချင်တယ်။

၅။
ခေတ်
လူ… ဘ၀… ဒဿန…ရင်ခုန်သံ
အမြန်ရထားမှာ မီးမပါဘူးကွယ်။
လုပ်သားသတင်းစာက
တစ်ပိဿာ ဆယ့်နှစ်ကျပ် တန်တယ်
ခင်ဗျားတို့ ဗမာပြည်မှာ နေထိုင်ပါသလား
‘ကျေးဇူးတင်သည် လမ်းစဉ်ပါတီ’
ရေဒီယိုက သီချင်း
ပျင်းရင် နားထောင်လို့ ကောင်းတယ်။
ရပ်ကွက်ထဲက လူကြီးများလည်း
ဗိုက်ရွှဲလို့ လာပါပြီ။
ခွဲတမ်းကို မျှော်သူများ
သမ၀ါယမ အမှုဆောင်များသာ
သွားတိုက်ဆေး သုံးပါစေလေ
သူတို့ပါးစပ်တွေ နံမနေဖို့ အရေးကြီးတယ် ။
‘ခင်ဗျားတို့ ပေါ့မနေနဲ့
ကိုရီးယားမှာ စစ်ဖြစ်နေတယ်’
တစ်ည ကင်းတဲမှာ
အိပ်နေတဲ့ ငါ့ကို နှိုးရင်း
ကင်းတဲက ကင်းမှူးဟောက်တာလည်း ခံရဖူးတယ်။
စိတ်ညစ်လိုက်တာ
သမထထိုင်တဲ့အခါ
ထွက်ပေါက်တစ်ခု ရပါတယ်။
‘ဟိတ်’
ကောင်စီလူကြီး လာနေတယ်
ခြေထောက်မှာ ဖိနပ်မပါဘူး
၁၅နှစ်ကြာရင် စားရပြီ
ဗမာပြည်တစ်ပြည်လုံး အုန်းပင်စိုက်ရင် ကောင်းမယ်။

၆။
ကိုရိုလာ စီးသူတွေ ကရ၀ိက်မှာ စုကြတယ်
‘ပြင်သစ်တော်လှန်ရေးဖြစ်တာ
တို့ဆီမှာ ရာမရကန် ရေးပြီးစပေါ့’ တဲ့
ဝိုင်နံ့သင်းတဲ့ပါးစပ်များက
ခေတ်အိုတစ်ခုအကြောင်းကို
ဒီလိုအောက်မေ့လိုက်ရဲ့။
လှသောပန်းများဟာ အကြွေမြန်တဲ့အကြောင်း
“ဒန့်စ်ကသူများ” ရုပ်ရှင်က ပြောပါတယ်
ကျွန်တော်တို့ မှာ စောင့်စားပုံက
ခွန်အား ရှိပါတယ်
အချိန် ရှိပါတယ်
တစ်နေ့တော့ ကြည်အေးပြန်လာမယ်
လက်ဖက်ရည်ဈေးလည်း ကျဦးမယ်
နေလည်း ဝင်ဦးမယ်
ကဗျာဆရာများ ကောင်းစားဦးမယ်။

၇။

သူတို့လက်ထဲမှာ
ဗမာစာပေဟာ
ပေါင်ကြားထဲ ရောက်သွားရှာတယ် ။
မျက်စိကျိန်းလိုက်တာ
၃၃လမ်းမှာ တစ်မွန်းတည့်ခံ ကြယ်ပွင့်များ
ခလုတ်တိုက် မလဲကြပါစေနဲ့ ။
‘မာလကာသီး စာပေ’
‘အရက်ဖြူတစ်ခွက်နဲ့ ကဗျာ’
‘အိုမာခိုက်ယမ် လက်သစ်’
ကျွန်တော်ချစ်တဲ့ ကိုလေးအောင်ဟာ
ခင်ဗျားတို့ကို မြင်တာနဲ့
ဘ၀ကို သေကြောင်းကြံသွားရှာတယ်။
သေရည်နဲ့
ဘယ်အချိန်ကျမှ
တည့်မှာ မဟုတ်ဘူး
ကျွန်တော့်နှလုံးသားမှာ
အရှိုးရာ ထင်ဆဲပါ။
‘ဒါမျိုးတွေ ရေးမယ့်အစား
နတ်ကပြီး စားမယ်’
ကဗျာဆရာ လူတစ်ယောက်ရဲ့စကား
ကုန်ခမ်းသွားတဲ့အားကို ပြည့်စေတယ်။
ယုံကြည်ချက်ကို ခဏခဏ
ရောဂါဗေဒဌာနပို့
ဆေးစစ်ဖို့ လိုတာပေါ့။

၈။
ရန်ကုန်မြို့ဟာ
ငါ့ရဲ့ညာဘက်ပါးကို နမ်းပြီး
ဘယ်ဘက်ပါးကို ရိုက်တယ်။
လေးစားသူများတိုက်တဲ့ လက်ဖက်ရည်တစ်ခွက်နဲ့
မနက်စာပြီးတဲ့ ရက်တွေ ရှိတယ်။
သမ္မတဟိုတယ်ရှေ့က
ခဏခဏ ဖြတ်သွားဖူးကြတယ်
ဆူးလေဘုရားလမ်းပေါ်မှာ
ကဗျာအရောင်းဆိုင်ဖွင့်ဖို့နေရာ
လိုက်ရှာတဲ့အခါ ရှာတယ်
‘ပွင့်ဦး’ဆိုင်မှာ ထိုင်နေသူတွေ
ရယ်နေလည်း ခွင့်လွတ်တယ်။
သင့်လက်ထဲရောက်သွားတဲ့ ကဗျာများ
သနားတာပဲ ရှိတယ်
အမှန်တရားဆိုတာ မျက်စိမှုန်ရှာတယ်။

၉။
လူတိုင်းလိုလို
ငယ်ငယ်ကဆို ၀က်သက် ပေါက်ဖူးပါတယ်
ကြည်အေးရဲ့ အကျင့်အဘိဓမ္မာကို ကိုးကားပါရစေ
အချစ်ကြီးလေမှ
သစ်သီးကြွေကျတာမျိုး
မောင်ကျော်ဇောရဲ့နိမိတ်ပုံမှာ
ရင် ပြန်မခုန်ချင်တော့ပါဘူး။
အရာရာဟာ ၁၈နှစ်သားရဲ့
ပြက်လုံးတွေပါပဲ
ဝမ်းနည်းဝမ်းသာထဲကလို
ဖာသည်မတောင် မရှိတဲ့ဘ၀မှာ
ငါတော့ အသန့်စင်ဆုံး နေပါရစေ
သူငယ်ချင်းတို့ရေ …
ဖဲရိုက်ဖို့ မခေါ်နဲ့တော့ကွာ

၁၀။
အိမ်ထဲမှာ မီးလောင်နေပြီ
နီရိုးဘုရင်ရဲ့စောင်း
ကျွန်တော် တီးလို့ကောင်းတုန်းပေါ့။
အအေးခန်းအမှောင်ထဲမှာ
(တစ်ကျပ်ခွဲတန်) အီတလီသူရဲ့ ပေါင်တံများ
ဟာရိုးရော်ဘင်
ဝတ္ထုထဲမှာ ထွက်ပြေးခြင်း
စိတ်ညစ်တဲ့ အမူးသမား
ကက်ဆက်ထဲက အသံ
ဆူညံကျယ်လောင်ပေါက်ကွဲ
ပျော်ရွှင်မှုဆိုတာတွေကလည်း
ယုတ်ညံ့မှုနဲ့ ဒွန်တွဲနေပါလား။
‘ဆေးလိပ် မသောက်သူ… အရက်မသောက်သူ
မိတ်မလိုက်သေးသူ …ပြီးတော့ ကဗျာနဲ့ မခွဲနိုင်သူ’
မြင့်မြတ်တဲ့ ဒုစရိုက်လေးကို
ဘုရားနဲ့ ရန်ဖြစ်ရ ဖြစ်ရ… ချစ်နေပါရစေ
အသက် ၃၅နှစ်မတိုင်ခင်
နိုဗယ်ဆုကို လိုချင်တာပါပဲ။

၁၁။
‘ခင်ဗျားက တတိယလူတန်းစားပဲ’ တဲ့
ဗမာ ဒွန်ကွီဇုတ်တစ်ယောက်က
ဝေဖန်ရေးပေါက်ပေါက် ဖောက်ဖူးတယ်
‘ဖိနပ်ကောင်း စီးသူများ’
‘အုတ်နံရံကို လက်သီးနဲ့ထိုးသူများ’
‘သူများရဲ့နောက်ကို ရွှေကျင်သူများ’
‘ထဆင်ထူးကို အတင်းထူးသူများ’
သြော်…
ကဗျာဆရာတွေကလည်း
အရောင် အမျိုးမျိုးပဲ။
ကြွက်စုတ်၊ ဒညင်းသီးဆားရည်စိမ်နဲ့ သူတို့
အနံ့ထွက်တာချင်းကတော့ အတူတူဖြစ်တယ်
ကျွန်တော် သည်းမခံနိုင်တာက
အသိဥာဏ်ဆင်းရဲခြင်းကိုပါပဲ။
မဂ္ဂဇင်းထဲမှာ
ခဏခဏ ပါသူများ
လေးစားပါတယ်
ဟော… စကားလုံးတစ်လုံး ကောက်ရထားတဲ့
ကြက်တူရွေးလေး လာနေပြီ (တံတွေး စင်လိုက်တာ)။

၁၂။
အခုအချိန်ဆို
တဟေတီမှာ ပန်းတွေ ပွင့်ပြီကွယ်(ထင်တာပဲ)
ဗမာကားတွေ မကောင်းဘူး
လက်ဖက်ရည်က အကျများတယ်
အိမ်ကဟင်း ညံ့တယ်
ဟီးနိုးကား ကျပ်တယ်
မင်းတို့ထက် ငါတော်တယ် (အမှန်ပါပဲ)
ရင်ထဲကဒေါသတွေ ကြိတ်ချေနေရတာပါပဲလေ … ။
ရွံတိုင်းသာ ထွေးနေရရင်
ဗမာပြည်ဟာ ထွေးခံဖြစ်နေပြီ (ကြောက်တတ်ကြတယ်)
ဘိန်းဆိုတာ
တစ်ခါက ပန်းလေးတစ်ပွင့်သာ ဖြစ်တယ်။


Source: Facebook

Source: Facebook

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s