လမ်းအိုလေး

Løøps of Resistance …

Blind Willow Sleeping Woman (Haruki Murakami)

တိရစ္ဆာန်ရုံ သေဆုံးခြင်း (တေဇာ – လရောင်လမ်း)

Leave a comment

The Zoo Attack

The Zoo Attack

သူတို့ ကျားသစ်တွေကို သတ်ကြတယ်။ သူတို့ ၀ံပုလွေတွေကို သတ်ကြတယ်။ သူတို့ ၀က်ဝံတွေကို သတ်ကြတယ်။ အဲဒီအထဲကမှ အချိန်အများဆုံး ယူရတာက ၀က်ဝံတွေကို ပစ်သတ်ဖို့ပဲ။ ရိုင်ဖယ်ကျည်ဆန်တွေ ဒါဇင်ကျော်ထိပြီးတာတောင်မှ ကြီးမားလှတဲ့ တိရစ္ဆာန်ကြီးနှစ်ကောင်ဟာ သံလှောင်အိမ်က ဘားတန်းတွေကို တွန်းတိုက်နေကြတယ်။ စစ်သားတွေကို ဒေါသတကြီး ဟိန်းဟောက်အော်မြည်နေတယ်။ သွားရည်တမြားမြားနဲ့ အစွယ်ကြီးတွေကို ဖြဲပြနေကြတယ်။ ဒါက ကြောင်မျိုးနွယ်တွေနဲ့တော့ သိပ်မတူဘူး။ ကြောင်တွေကတော့ သူတို့ရဲ့ကံကြမ္မာကို ပိုပြီး အသာတကြည် လက်ခံနိုင်တယ်လို့ပဲ ဆိုရမယ်။ (အနည်းဆုံးအားဖြင့်တော့ အဲဒီလို ပုံပေါက်နေတာပဲ) ၀က်ဝံတွေကတော့ ဒီလို မဟုတ်ဘူး။ သူတို့ အသတ်ခံနေရတယ်ဆိုတဲ့ အချက်ကို သူတို့မှာ နားမလည်နိုင်အောင် ဖြစ်နေရပုံပဲ။
ဘာသာပြန် – တေဇာ | Mirrored from: လရောင်လမ်း


သူက အသံကို ဖြေးဖြေးမှန်မှန်နဲ့ တည်တည်ငြိမ်ငြိမ်ပဲ ပြောနေတယ်။ ဇာတိပ္ဖိုလ်က ကျွန်တော့်ကို ကျားတွေ၊ ကျားသစ်တွေ၊ ၀ံပုလွေတွေနဲ့ ၀က်ဝံတွေအကြောင်း ပြောပြနေတာ၊ ၁၉၄၅ ခုနှစ် သြဂုတ်လရဲ့ ပူပြင်းခြောက်ခြားဖွယ် နေ့လယ်ခင်းတစ်ခုမှာ စစ်သားတွေက ပစ်သတ်လိုက်တဲ့ တိရစ္ဆာန်တွေ အကြောင်းပေါ့။ သူပြောပုံက အစီအစဉ်တကျနဲ့ ရှင်းလင်းလွန်းလို့ ကျွန်တော့်စိတ်ထဲမှာ ရုပ်ရှင်မှတ်တမ်းတစ်ခုကို ကြည့်နေရတယ်လို့တောင် ထင်လာမိတယ်။ သူပြောတဲ့အထဲမှာ ၀ိုးတ၀ါးတစ်ခုမှ မပါဘူး။ ဒါနဲ့တောင် ဒီအဖြစ်အပျက်ကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့တာတော့လည်း မဟုတ်ပြန်ဘူး။ အဲဒီအဖြစ်အပျက် ဖြစ်နေတုန်းက သူက မန်ချူးရီးယားကနေ မိခင်ဂျပန်ပြည်ကို ပြန်လာတဲ့၊ ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ ခရီးသည်တင်သင်္ဘောရဲ့ ကုန်းပတ်ပေါ်မှာ ရပ်နေခဲ့တာ။ အဲဒီအချိန်က သူကိုယ်တိုင် မျက်မြင်ဒိဌ တွေ့နေရတဲ့မြင်ကွင်းက အမေရိကန် ရေငုတ်သင်္ဘောတစ်စင်းရဲ့ ရေမျက်နှာပြင်ပေါ် ပေါ်နေတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။

အများနည်းတူပဲ သူနဲ့ အခြားကလေးငယ်တွေဟာ တန်ဆာခန်းရဲ့ မခံမရပ်နိုင်တဲ့ ရေနွေးငွေ့အပူရှိန်ကို ရှောင်ရှားရင်း သင်္ဘောကုန်းပတ်က သံဇကာကွက်တွေကို မှီလို့ ညင်သာတဲ့ လေညင်းကို ခံစားနေချိန်ပေါ့။ လေညင်းလေးက ဖန်သားပြင်ကြီးလို ကြည်လင်နေတဲ့ ပင်လယ်ပြင်တစ်လျှောက် ဖြတ်သန်းတိုက်ခတ်လာတယ်။ အဲဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို လေငုတ်သင်္ဘောရဲ့ အပေါ်ပိုင်းက ရေမျက်နှာပြင်ထက်မှာ ပေါ်လာတယ်။ အိပ်မက်ထဲမှာ ဖြစ်နေသလိုပဲ။ ပထမတော့ ရေဒီယိုနဲ့ ရေဒါအာရုံခံကိရိယာတွေ၊ ပယ်ရီစကုပ်တွေ ရေမျက်နှာပြင်ကို ဖောက်ထွက်လာတယ်။ အဲဒီနောက်မှာတော့ ရေငုတ်သင်္ဘောရဲ့ လူဝင်ပေါက်ပေါ်လာပြီး လှိုင်းလုံးတချို့ လှုတ်ခတ်သွားတယ်။ ပြီး နောက်ဆုံးမှာတော့ သံမဏိကိုယ်ထည်ကြီးတစ်ခုလုံး နွေနေပူမှာ သူ့ရဲ့ ၀တ်လစ်စလစ်အလှကို လှစ်ပြပြီး ပေါ်လာတော့တယ်။


လွန်ခဲ့တဲ့ ခုနစ်ရက်က အနားက နာဂါဆကီမြို့ဟာ အနုမြူဗုံး တစ်လုံးတည်းနဲ့ ပြာကျအောင် မီးလောင်တိုက် သွင်းခံလိုက်ရတယ်။ ရက်ပိုင်းအတွင်းမှာပဲ၊ ကျတ်တွေရဲ့ နိုင်ငံတော်ကြီးလိုဖြစ်နေတဲ့ မန်ချူးကိုးအင်ပါယာကြီးဟာ ရာဇ၀င်စာမျက်နှာထဲကို ၀င်ရောက် ပျောက်ကွယ်သွားခဲ့တယ်။ ပြီးတော့၊ ဒလက်နဲ့ ပတ်ချာလှည့်ဝင်ရတဲ့ တံခါးပေါက်တစ်ခုရဲ့ မှားယွင်းတဲ့ ဘက်ခြမ်းမှာ ကိုယ်တိုင်တောင် သတိမပြုမိဘဲ အမိခံလိုက်ရတဲ့၊ ခပ်ချောချော တိရစ္ဆာန်ဆေးကုဆရာဝန် တစ်ယောက်ဟာ …


ရေငုတ်သင်္ဘောဟာ ခရီးသည်တင်သင်္ဘောနဲ့အပြိုင် ခဏလောက် မောင်းနေသေးတယ်။ ကြောင်တစ်ကောင်က ကြွက်ကို ချောင်းနေသလိုမျိုးပေါ့။ ခဏကြာတော့ အဖုံးပွင့်လာပြီး စစ်သားတွေ တစ်ယောက်ပြီးတစ်ယောက် ကုန်းပတ်ပေါ် ခုန်တက်လာတော့တယ်။ သူတို့တက်လာပုံက ခပ်ဖြေးဖြေးပါပဲ၊ အနှေးပြကွက်တစ်ခုလို့တောင် ထင်ရတယ်။ လူဝင်ပေါက်ရဲ့ ကုန်းပတ်မှာတော့ အရာရှိတွေက သင်္ဘောကို ဧရာမမှန်ပြောင်းကြီးတွေနဲ့ စေ့စေ့စပ်စပ် ကြည့်ရှုနေတယ်။ နေရောင်နဲ့အလင်းပြန်တဲ့ အခါကျရင် တစ်ချက်တစ်ချက် အဲဒီက လင်းလင်းသွားတာကို မြင်ရတယ်။ ခရီးသည်တင်သင်္ဘောပေါ်မှာတော့ ဂျပန်ကို ပြန်လာတဲ့ အရပ်သားတွေချည်းပါတာပါ၊ ဆာဆဲဘိုးဆိပ်ကမ်းကို ဆိုက်မှာ။ အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ၊ မန်ချူးကိုးရုပ်သေးအစိုးရဆီမှာ တာဝန်ယူနေတဲ့ ဂျပန်အရာရှိတွေရဲ့ မိသားစုတွေ။ ပြီးတော့ ဂျပန်အစိုးရပိုင် တောင်ပိုင်းမန်ချူးရထားလမ်းက ရာထူးမြင့်ပုဂ္ဂိုလ်တွေပေါ့။ ဂျပန်ကိုရင်ဆိုင်ဖို့ ဆိုဗီယက်ပြည်ထောင်စုပါ စစ်ထဲဝင်ပါလာပြီးတဲ့အခါ ဖြစ်လာမယ့် အထိကရုဏ်းအခြေအနေတွေက ရှောင်ရှားဖို့ ထွက်ပြေးလာကြရသူတွေ။ ရှောင်လွှဲမရနိုင်တဲ့ အခြေအနေဆိုးကြီးထက်စာရင် အနည်းဆုံးတော့ ပင်လယ်ပြင်ကျယ်ကြီးထဲမှာ အမေရိကန်ရေငုတ်သင်္ဘောတစ်စင်းရဲ့ တိုက်ခိုက်မှုက တန်ပါတယ်ဆိုတဲ့ အတွေးနဲ့ စွန်းစားခဲ့ရသူတွေ။

ရေငုတ်သင်္ဘောအရာရှိတွေဟာ ခရီးသည်တင်သင်္ဘောကို လက်နက်တပ်ဆင်ထား, မထား၊ ဂျပန်ရေတပ်ရဲ့ စောင့်ကြပ်မှု ပါ, မပါ စစ်ဆေးနေကြတယ်။ သူတို့အနေနဲ့ ဘာမှ စိုးရိမ်နေစရာ မရှိပါဘူး။ အိုကီနာဝါ ကျသွားပြီးတဲ့နောက်မှာ ဂျပန်ဟာ သူ့ရဲ့ တိုက်လေယာဉ်တွေကို ကျွန်းမကြီးကို ကာကွယ်ဖို့ပဲ သုံးနေရပြီ။ အမေရိကန်အနေနဲ့ ကြောက်နေစရာကို မရှိတော့ဘူး၊ သူတို့ခေတ်ရောက်နေပြီလို့ပဲ ဆိုရမှာ။ လက်ထောက်အရာရှိတစ်ယောက်က အမိန့်တွေ လျှောက်ပေးနေတယ်။ သင်္ဘောသားသုံးယောက်က ကုန်းပတ်ပေါ်က သေနတ်ကို ခရီးသည်တင်သင်္ဘောဆီကို လှည့်ပြီးချိန်ထားလိုက်တယ်။ တခြားသင်္ဘောသား နှစ်ယောက်ကတော့ အနောက်တံခါးကို ဖွင့်ပြီး သေနတ်ထဲထည့်ဖို့ ကျည်ဖူးကြီးတွေ မ, ယူလာတယ်။ ဒါနဲ့လည်း မကျေနပ်သေးဘူး။ အခြားသင်္ဘောသားအဖွဲ့တစ်ခုကလည်း ကုန်းပတ်ပေါ်မှာတပ်ဆင်ထားတဲ့ စက်သေနတ်တွေကို လေ့ကျင့်ရည် ပြည့်ဝနေတဲ့လှုပ်ရှားမှုတွေနဲ့ ကျည်ဖြည့်နေသေးတယ်။ ဒီတော့လည်း သူတို့လုပ်တာတွေက ခရီးသည်တင်သင်္ဘောတစ်စင်းလို အသုံးတော်ခံနေရတဲ့ ကုန်တင်သင်္ဘောအိုကြီးကို  ဖျက်ဆီးနှစ်မြှုပ်လိုက်ဖို့ လိုတာထက်ကို ပိုနေတယ်။ ရေငုတ်သင်္ဘောတွေမှာက တော်ပီဒိုတွေကို အကန့်အသတ်နဲ့ပဲ သယ်ဆောင်နိုင်တာ။ အဲဒါတွေကိုတော့ လက်နက်တပ်ဆင်ထားတဲ့ ဂျပန်ကင်းလှည့်ယာဉ်တွေနဲ့ ရင်ဆိုင်တွေ့ခဲ့ရင် သုံးရအောင်လို့ ချန်ထားတာပဲ။

သင်္ဘောသားတွေ အားလုံး စစ်ဦးထုပ်တွေ ဆောင်းထားတယ်။ တချို့ကတော့ ခါးအထက်ပိုင်းကို ဗလာကျင်းထားပြီး၊ အားလုံးနီးနီး ဘောင်းဘီတိုတွေ ၀တ်ထားကြတယ်။ ဇာတိပ္ဖိုလ်က စူးစူးစိုက်စိုက်ကြည့်လိုက်တော့ သူတို့လက်မောင်းပေါ်မှာ ထိုးထားတဲ့ ဆေးမှင်ကြောင်တွေကိုတောင် မြင်လာရတယ်။ ပိုပြီး စူးစိုက်ကြည့်လေ အခြားအရာအမြားအပြားကို မြင်လာရလေပဲ။ ကုန်းပတ်သံဇကာကွက်တွေကနေ သူ့ဆီကိုချိန်ထားတဲ့ သေနတ်ပြောင်းနက်နက်ကို သူက ကြည့်လိုက်တယ်။ မကြာသေးခင်ကမှ စိုစွတ်ထားတဲ့ သေနတ်ဟာ နွေနေပူမှာ အခြောက်ခံပြီးသား ဖြစ်နေတယ်။ ရှင်ချင်းမှာတုန်းကတော့ ဒီလောက်ကြီးတဲ့သေနတ်ကို သူ တစ်ခါမျှ မမြင်ခဲ့ဖူးဘူး။ ရေငုတ်သင်္ဘောဆီကနေ ကုန်တင်သင်္ဘောကို အချက်ပြမီး ပြနေတယ်။ `ခရီးသည်များအားလုံးကို အသက်ကယ်လှေပေါ် ချပါ´ ဆိုတဲ့ အဓိပ္ပာယ်ပဲ။ (အဲဒီအချက်ပြမှုကို ဇာတိပ္ဖိုလ် ဖတ်တတ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ အဲဒီအဓိပ္ပာယ်ကို အတိအကျ သူနားလည်နိုင်ပါတယ်) ဒါပေမဲ့ ခရီးသည်တင်သင်္ဘောမှာက အသက်ကယ်လှေ အလုံအလောက် ပါခဲ့တာ မဟုတ်ဘူး။ တကယ်ဆို ခရီးသည်ငါးရာနဲ့ သင်္ဘောဝန်ထမ်းတွေ အားလုံးအတွက်မှ လှေကလေး နှစ်စင်းပဲ ပါတယ်။ အသက်ကယ်ဝတ်စုံနဲ့ ဘောကွင်းတွေလည်း တစ်ခုမှ မပါဘူး။

ကုန်းပတ်သံဇကာကွက်ကို တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ရင်း ဇာတိပ္ဖိုလ်  အသက်ရှူမှားနေမိတယ်။ မျက်လုံးတွေကတော့ တိုက်ခိုက်ဖို့ အဆင်သင့်အနေအထားနဲ့ ရှိနေတဲ့ ရေငုတ်သင်္ဘောဆီကို မမှိတ်မသုန် ငေးကြည့်နေမိတယ်။ သင်္ဘောကတော့ သံချေးကွက်တစ်ကွက် ရှိမနေတဲ့ စက်ရုံက ထုတ်ခါက အသစ်စက်စက်လိုပဲ။ လူဝင်ပေါက်ဆီမှာ အဖြူရောင်ဆေးနဲ့ ရေးထားတဲ့ ဂဏန်းတွေကို သူမြင်နေရတယ်။ အဲဒီအပေါ်က လည်ပတ်နေတဲ့ အာရုံခံအင်တန်နာကို သူမြင်နေရတယ်။

မျက်မှန်နက်နက် တပ်ထားတဲ့ ဆံပင်ဝါ၀ါနဲ့ အရာရှိတစ်ယောက်ကို သူမြင်ရတယ်။ ဒီရေငုတ်သင်္ဘောဟာ သူတို့တွေအားလုံးကို သတ်ဖို့ သမုဒ္ဒရာကြမ်းပြင်ကနေ အပေါ်ကို တက်လာခဲ့တာပဲ လို့ သူ တွေးမိလိုက်တယ်။ ဒါလည်း သိပ်ဆန်းလှတာတော့ မဟုတ်ဘူး။ ဒီလိုအဖြစ်မျိုးဟာ အချိန်မရွေး ဖြစ်သွားနိုင်တာပဲ။ ဒါဟာ စစ်ပွဲကြီးနဲ့လည်း သိပ်မဆိုင်လှဘူး။ ဘယ်နေရာမှာမဆို၊ ဘယ်သူ့ကိုမဆို ဖြစ်သွားနိုင်တဲ့ကိစ္စမျိုးပဲ။ လူတွေကတော့ ဒါမျိုးတွေဟာ စစ်ကြီးကြောင့်ဖြစ်တာလို့ ထင်တတ်ကြတယ်။ တကယ်တော့ မဟုတ်ဘူး။ စစ်ကိုယ်တိုင်က ဖြစ်တတ်တဲ့အရာတွေထဲက တစ်ခုမျှပဲလေ။

ဧရာမသေနတ်ကြီးတွေ တပ်ဆင်ထားတဲ့ ရေငုတ်သင်္ဘောနဲ့ မျက်နှာချင်းဆိုင်နေရပေမဲ့ ဇာတိပ္ဖိုလ်ကတော့ ကြောက်စိတ်ရှိမနေဘူး။ သူ့အမေက သူ့ဆီကို လှမ်းအော်နေတယ်၊ ဒါပေမဲ့ စကားလုံးတွေဟာလည်း ဘာအကျိုးသက်ရောက်မှုမျှ မရှိပါဘူး။ သူ့ရဲ့ လက်ကောက်ဝတ်ကို တစ်စုံတစ်ခုက ဆုပ်ကိုင်ပြီး ဆွဲယူနေတယ်လို့ သူခံစားနေရတယ်။ ဒါပေမဲ့ သူ့လက်တွေကတော့ သံဇကာကွက်ပေါ်မှာ ဆုပ်ကိုင်ထားဆဲပဲ။ သူ့ဘေးနားက ဆူညံနေတဲ့ အော်သံဟစ်သံတွေဟာ တစ်စုံတစ်ယောက်က ရေဒီယိုကို အသံလျှော့ချလိုက်သလို သူ့ဆီကနေ တဖြည်းဖြည်းဝေးဝေးသွားတယ်။ ငါ တော်တော်အိပ်ချင်နေတာပဲလို့ သူတွေးလိုက်မိတယ်။ အရမ်းအိပ်ချင်နေတယ်။ ဘာလို့ ဒီလောက်အိပ်ချင်ရပါလိမ့်။ သူ မျက်လုံးတွေကို မှိတ်ချလိုက်တယ်။ အဲဒီနောက်မှာတော့ သူ့အသိစိတ်တွေဟာ သင်္ဘောကုန်းပတ်ကို ခပ်ဝေးဝေးမှာချန်ထားပြီး ထွက်ပြေးလွင့်စင်သွားတော့တယ်။


ဖြေးဖြေးလေးသွားနေတဲ့ တင့်ကားဘီးပန်းပွင့်တွေအောက်မှာ ကျေမွသွားတာ၊ တူးမြောင်းထဲမှာ မီးသေနတ်နဲ့ထိုးပြီး အကင်ခံရတာ၊ ၀မ်းဗိုက်ထဲမှာ ကျည်ဖူးတစ်တောင့်ဝင်ပြီး တရိပ်ရိပ်သေနေတာ၊ ဒါမျိုးနည်းလမ်းတွေကိုတော့ သူတို့တစ်ယောက်မှ မလိုချင်ကြဘူးလေ။ ဦးခေါင်းကို၊ နှလုံးသားကို တစ်ချက်တည်း ပစ်သတ်ခံလိုက်ရတာက ပိုကောင်းတယ်မဟုတ်လား။


တိရစ္ဆာန်ရုံဝန်းအတွင်းမှာ စစ်သားတွေလှုပ်ရှားသွားလာနေပြီး လူတွေကို တိုက်ခိုက်နိုင်တဲ့ တိရစ္ဆာန် တစ်ကောင်မကျန်ကို ပစ်ခတ်သတ်ဖြတ်နေတာကို ဇာတိပ္ဖိုလ် မြင်နေခဲ့ရတယ်။ အရာရှိက အမိန့်ပေးလိုက်တဲ့အခါ မော်ဒယ် (၃၈) ရိုင်ဖယ်သေနတ်က ကျည်ဖူးတွေဟာ ကျားတစ်ကောင်ရဲ့ ချောမွေ့တဲ့ သားရေကို ဖောက်ထွက်သွားတယ်။ ကျည်ဖူးတွေဟာ အဲဒီသတ္တ၀ါရဲ့ အူတွေကို ဆုတ်ဖြဲပစ်လိုက်တယ်။ နွေရာသီရဲ့ ကောင်းကင်က ပြာလွင်နေပြီးတော့ အနီးအနား သစ်ပင်တွေဆီက ပုရစ်တွေရဲ့အော်မြည်သံဟာ ရုတ်တရက်မိုးရွာချလိုက်သလို ပြိုကျလာခဲ့တယ်။ စစ်သားတွေဟာ စကားတစ်ခွန်းမျှ မပြောကြဘူး။ သူတို့ရဲ့ နေလောင်ထားတဲ့ မျက်နှာတွေမှာ သွေးမရှိတော့ဘူး။ သူတို့ကို ကြည့်ရတာ ရှေးဟောင်းကြွေအိုးတစ်လုံးပေါ်မှာ ရေးဆွဲထားတဲ့ ရုပ်ပုံတွေလိုပဲ။ နောက်ရက်အနည်းငယ်၊ အလွန့်အကျွံ တစ်ပတ်အတွင်းမှာပဲ ဆိုဗီယက်ရဲ့ အရှေ့ပိုင်းအဓိကစစ်ကြောင်းဟာ ရှင်ချင်းကို ရောက်လာတော့မှာ။ သူတို့ကို မတားနိုင်တော့ဘူး။ တစ်ချိန်တုန်းက လက်နက်အင်အားတောင့်တင်းလှတဲ့ ဂွမ်ဒုံးတပ်မတော်နဲ့ တပ်စုတွေဟာ စစ်ပွဲကြီး စကတည်းက ကျယ်ပြန့်တဲ့ တောင်ပိုင်းစစ်မျက်နှာပြင်ကို ကူဖို့သွားရင်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ပြီ။ အခုဆိုရင်တော့ သူတို့ထဲက အတော်များများဟာ ပင်လယ်ပြင်အောက်ခြေမှာ နစ်မြှုပ်နေခဲ့ပြီ။ ဒါမှမဟုတ်ရင်လည်း တောနက်ကြီးထဲမှာ ပုတ်သိုးဆွေးမြေ့သွားခဲ့ရပြီ။ တင့်ကားဖျက်သေနတ်တွေလည်း မရှိတော့ဘူး။ သယ်ယူပို့ဆောင်ရေးယာဉ် တချို့ကလွဲလို့ အားလုံး ပျက်စီးသွားခဲ့ပြီ။ အပိုပစ္စည်းတစ်စုံတစ်ရာ မရှိ။ တပ်ဖွဲ့ဝင်တွေကတော့ အများကြီးကျန်ပါသေးတယ်၊ ဒါပေမဲ့ ရိုင်ဖယ်ကို လူစေ့အောင် မကိုင်နိုင်တော့ဘူး။ ကျည်ဆန်ကို ရိုင်ဖယ်စေ့အောင် မဖြည့်နိုင်တော့ဘူး။ ဂွမ်ဒုံးတပ်မတော်ကြီးဟာ စက္ကူကျားအဆင့်ကို လျောကျသွားခဲ့ပြီ။ စိတ်အားတက်ကြွနေပြီး ခေတ်မီစက်ကိရိယာတွေ တပ်ဆင်ထားတဲ့ ဆိုဗီယက်တပ်စိတ်တွေဟာ ဂျာမနီတပ်မတော်ကို ဖြိုခွဲပြီး အရှေ့ဘက်စစ်မျက်နှာကို ရထားနဲ့ လာနေကြပြီ။ သူတို့ကတော့ စစ်လက်နက်ကိရိယာ အပြည့်အစုံနဲ့ စိတ်ဓာတ်ရေးရာ မြင့်မားနေကြတယ်။ မန်ချူးကိုး ကျဖို့ဆိုတာ မြေကြီးလက်ခတ် မလွဲတော့ဘူး။

ဒါကိုလည်း လူတိုင်းသိနေကြပါပြီ၊ အများစုကတော့ ဂွမ်ဒုံးတပ်မတော်က လူတွေပေါ့။ ဒီတော့လည်း ဗိုလ်ချုပ်တွေက သူတို့ရဲ့ အဓိကစစ်အင်အားကို အနောက်ဘက်ကို ပို့လိုက်ကြတယ်။ အဲဒီလိုပို့လိုက်တဲ့အတွက် နယ်ခြားစောင့်တပ်ဖွဲ့ငယ်လေးတွေနဲ့ အရပ်သား ဂျပန်သီးစားအလုပ်သမားတွေကိုချည်း ပစ်ထားခဲ့သလို ဖြစ်သွားတယ်။ အကျဉ်းသားတွေ ရယူဖို့ အလျင်အမြန် ရှေ့တိုးလာနေတဲ့ ဆိုဗီယက်တပ်မတော်ရဲ့ အစုလိုက်သတ်ဖြတ်ခြင်းကို အဲဒီလို ချန်ထားခံရတဲ့ လက်နက်မဲ့လယ်သမားတွေဟာ အကူအကယ်မဲ့ ခံခဲ့ရတော့တယ်။ အမျိုးသမီးတွေဆိုရင်လည်း အစုလိုက် ကိုယ့်ကိုယ်ကိုယ် သတ်သေကြမလား၊ မုဒိန်းကျင့်ခံမလားဆိုပြီး ရွေးချယ်ကြရတဲ့ အခြေအနေပဲ။ စစ်ဗိုလ်ချုပ်တွေရဲ့ အရာရှိတွေနဲ့ တခြား ရာထူးမြင့်ပုဂ္ဂိုလ်တွေကတော့ သူတို့ကို ကိုရီးယားနယ်စပ်အနီးက Tonghua ဌာနချုပ်အသစ်ဆီ ‘ရွှေ့ပြောင်း’ ခံရဖို့ စီမံကြတယ်။ ရုပ်သေးဧကရာဇ် ဟင်နရီပူယီနဲ့ မိသားစုကတော့ သူတို့ လက်လှမ်းမီသမျှပစ္စည်းအားလုံးကို ခရီးဆောင်အိတ်ထဲ ပစ်ထည့်ပြီး ကိုယ်ပိုင်ရထားနဲ့ ရှင်ချင်းကနေ ထွက်ပြေးသွားခဲ့တယ်။ မန်ချူးကိုးတပ်မတော်က မြို့တော်ကာကွယ်ရေးအတွက် ချထားတဲ့ တရုတ်စစ်သား အများစုကတော့ ဆိုဗီယက်တွေ ၀င်လာပြီဆိုတဲ့ အသံကြားကြားချင်းပဲ အစအနရှာမရအောင် ပျောက်သွားကြပြီ။ ဒါမှမဟုတ်လည်း သူတို့ရဲ့ ဂျပန်အထက်အရာရှိတွေကို ပစ်သတ်ပြီး ပုန်ကန်ကြတယ်။ ဂျပန်တွေအတွက်နဲ့ ကိုယ့်ထက် အစစသာလွန်တဲ့ ဆိုဗီယက်တပ်မတော်ကို ရင်ဆိုင်စတေးခံပေးဖို့ သူတို့ စိတ်ကူးမရှိပါဘူး။

တိရစ္ဆာန်ရုံကို အပို့ခံရတဲ့ စစ်သားရှစ်ယောက်ကတော့ ကံစီမံရာကို စောင့်ကြိုနေရုံပဲ တတ်နိုင်တော့တယ်။ ဆိုဗီယက်တပ်မတော်နဲ့ တိုက်ခိုက်ရင်းနဲ့ သေမှာပါပဲလို့ ရက်အနည်းငယ်အကြာမှာပဲ သူတို့ ထင်လာကြတယ်။ သိပ်ပြီး နာကျင်တဲ့ သေနည်းမျိုး မဖြစ်ပါစေနဲ့လို့ ဆုတောင်းရုံပဲ ရှိတော့တယ်။ ဖြေးဖြေးလေးသွားနေတဲ့ တင့်ကားဘီးပန်းပွင့်တွေအောက်မှာ ကျေမွသွားတာ၊ တူးမြောင်းထဲမှာ မီးသေနတ်နဲ့ထိုးပြီး အကင်ခံရတာ၊ ၀မ်းဗိုက်ထဲမှာ ကျည်ဖူးတစ်တောင့်ဝင်ပြီး တရိပ်ရိပ်သေနေတာ၊ ဒါမျိုးနည်းလမ်းတွေကိုတော့ သူတို့တစ်ယောက်မှ မလိုချင်ကြဘူးလေ။ ဦးခေါင်းကို၊ နှလုံးသားကို တစ်ချက်တည်း ပစ်သတ်ခံလိုက်ရတာက ပိုကောင်းတယ်မဟုတ်လား။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူတို့အနေနဲ့ကတော့ ဒီတိရစ္ဆာန်ရုံထဲက တိရစ္ဆာန်တွေကို အရင်ဆုံး သတ်ဖြတ်ပစ်ရဦးမှာ။

ဖြစ်နိုင်ရင်တော့ သူတို့က အဆိပ်နဲ့ပဲ တိရစ္ဆာန်တွေကို သတ်ချင်တယ်။ ကျန်သေးတဲ့ ကျည်ဆန်အနည်းငယ်ကို ချန်ထားချင်သေးတာ။ အဲဒီတာဝန်ကို ပြီးမြောက်ဖို့ ဦးဆောင်ရတဲ့ ဗိုလ်လေးကိုလည်း သူ့အထက်အရာရှိက ဒီတိုင်းပဲ ညွှန်ကြားခဲ့တယ်။ အဲဒီအတွက် ဒီတိရစ္ဆာန်ရုံကို အဆိပ်အလုံအလောက် ချပေးထားပြီးသားလို့လည်း သူ့ကို ပြောထားခဲ့တယ်။

တိရစ္ဆာန်ရုံ အုပ်ချုပ်သူကလည်း ပိုပြီးကြမ်းကျုတ်တဲ့ တိရစ္ဆာန်တွေကို အရေးပေါ်အခြေအနေ ကြုံခဲ့ရင် ‘ရှင်းလင်း’ ဖို့၊ အဲဒီလိုရှင်းလင်းတဲ့အခါ အဆိပ်ကိုသုံးဖို့ အမိန့် ရရှိခဲ့တယ်လို့ ၀န်ခံပါတယ်။ ဒါပေမဲ့ ပြဿနာက ပို့လိုက်တယ်ဆိုတဲ့ အဲဒီအဆိပ်ဟာ သူတို့ဆီကို လုံးဝ ရောက်မလာခဲ့တာပဲ။ အဲဒီအကြောင်းကို ဗိုလ်လေး ကြားကြားချင်းပဲ သူ့ခမြာ စိတ်ရှုပ်သွားခဲ့ရတယ်။ တကယ်တော့ သူက ဘဏ္ဍာရေးမှူးရုံးခန်းမှာ တာဝန်ချထားခံရတဲ့ စာရင်းကိုင်တစ်ယောက်ပဲ။ ရုံးချုပ်ရဲ့ သူ့အလုပ်စားပွဲကနေပြီး အခုအရေးပေါ်တာဝန်ဆီ ရောက်မလာခင်အထိ ဒီလိုမျိုး လူတွေကို ဦးဆောင်ရတဲ့အလုပ်မျိုး သူ တစ်ခါမျှ မလုပ်ခဲ့ဖူးဘူး။

“ဗျူရိုကရေစီယန္တယားကတော့ အမြဲတမ်းဒီလိုပါပဲ လက်ဖ်တင်နင်”လို့ တိရစ္ဆာန်ရုံ အုပ်ချုပ်သူက သူ့ကို ပြောတယ်။ သူက ဗိုလ်လေးထက် နှစ်ပေါင်းများစွာ အတွေ့အကြုံပိုရင့်တဲ့သူ။ သနားတဲ့အငွေ့ကလေးစွက်ပြီး ဗိုလ်လေးကို ကြည့်နေခဲ့တယ်။ “ခင်ဗျားတို့လိုနေတဲ့ အဆိပ် ဒီမှာ မရှိပါဘူး”

ဒီကိစ္စကို ရှေ့ဆက်တိုးပြီး စစ်ဆေးနိုင်ဖို့အတွက် အုပ်ချုပ်သူက တိရစ္ဆာန်ရုံရဲ့ တိကုဆရာဝန်ကို ခေါ်လိုက်တယ်။ အသက်လေးဆယ်နီးနီး အရပ်မြင့်မြင့် ခပ်ချောချော လူတစ်ယောက်ပါပဲ။ တိကုဆရာဝန်ရဲ့ ပြောပြချက်အရ တိရစ္ဆာန်ရုံမှာ အဆိပ်နည်းနည်းသာရှိပြီး မြင်းတစ်ကောင်သတ်ဖို့တောင် လောက်ချင်မှ လောက်လိမ့်မယ်လို့ သိခဲ့ရတော့တယ်။

ဗိုလ်လေးက ရုံးချုပ်ကို ဘာဆက်လုပ်ရမလဲ ညွှန်ကြားချက်ပေးဖို့ ဖုန်းဆက်ခဲ့တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ရက်ပိုင်းတွေကတည်းက ဆိုဗီယက်တပ်မတော်ဟာ နယ်စပ်ကို ဖြတ်ကျော်လာပြီဆိုတော့ ရာထူးမြင့်ပုဂ္ဂိုလ် အများစုဟာ ရုံးချုပ်မှာရှိမနေတော့ဘူး။ ကျန်သေးတဲ့ အနည်းငယ်ကလည်း လက်ထဲမှာတောင် မီးလောင်နေတဲ့ စာရွက်စာတမ်းတွေကိုကိုင်ရင်း၊ ကတုတ်ကျင်းတူးရင်း အရူးမီးဝိုင်းဖြစ်နေတဲ့ အချိန်။ ဗိုလ်လေးကို အဲဒီအမိန့်ပေးခဲ့တဲ့ ဗိုလ်မှူးကိုလည်း အစအန ရှာမရတော့ဘူး။ ဗိုလ်လေးခေါ်တဲ့ဖုန်းကို တစ်ရုံးပြီးတစ်ရုံး လိုင်းလွှဲပေးရင်း နောက်ဆုံးတော့ ဆေးဘက်ဆိုင်ရာဗိုလ်မှူးကြီးတစ်ဦးဆီ ရောက်သွားတယ်။ `ခွေးမသား။ နိုင်ငံကြီးတစ်ခုလုံး ပြာကျနေပြီ။ မင်းက ငါ့ကို သောက်တိရစ္ဆာန်ရုံအကြောင်း လာမေးနေတယ်။ ဘယ်သူမှ သောက်ဂရုမစိုက်ဘူးကွ´ ဆိုတဲ့ ဒေါသတကြီး အော်သံကိုပဲ သူ ကြားလိုက်ရတယ်။

တကယ်ရော ဘယ်သူက ဂရုစိုက်မှာတဲ့လဲလို့ ဗိုလ်လေး တွေးမိတယ်။ သူကတော့ ဂရုမစိုက်ဘူးဆိုတာ အသေအချာပဲ။ ဒီတော့လည်း သူ့မှာ ရွေးစရာနှစ်ခု ပေါ်လာတယ်။ တစ်ခုကတော့ တိရစ္ဆာန်တွေကို သတ်ဖို့ကိစ္စကို မေ့ပစ်၊ သူ့လူတွေကို ဦးဆောင်ပြီး ဒီကထွက်သွားဖို့ပဲ။ နောက်တစ်ခုကတော့ ကျည်ဆန်တွေကို သုံးပြီး အလုပ်လုပ်ဖို့ပေါ့။ ဘယ်လမ်းကိုရွေးရွေး သူ့ကိုပေးထားတဲ့ အမိန့်ကို ဖီဆန်ရာတော့ ရောက်တာပဲ၊ ဒါပေမဲ့ နောက်ဆုံးတော့ သူလည်း တိရစ္ဆာန်တွေကို ပစ်သတ်ဖို့ ရွေးချယ်လိုက်တယ်။ ဒီလိုလုပ်တဲ့အတွက် တန်ဖိုးရှိတဲ့ ကျည်ဆန်တွေကို ဖြုန်းရမလားဆိုပြီး နောင်မှာတော့ သူ့အနေနဲ့ အဆဲခံရနိုင်ခြေ ရှိနေတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ အန္တရာယ်ရှိတဲ့ တိရစ္ဆာန်အချို့ကို ရှင်းပစ်ရမယ်ဆိုတဲ့ အမိန့်ကိုတော့ နာခံရာရောက်တာပေါ့။ အခြားတစ်ဘက်မှာလည်း တိရစ္ဆာန်တွေကို မသတ်ဖို့ဆုံးဖြတ်ခဲ့ရင် အမိန့်မနာခံမှုနဲ့ စစ်ခုံရုံးအတင်ခံရနိုင်တယ်။ အခုလိုမျိုး စစ်ပွဲကြီးရဲ့ နောက်ဆုံးအခြေအနေမှာ စစ်ခုံရုံးတောင် ရှိပါ့မလား မသေချာပေမယ့် တကယ်တမ်းကျတော့လည်း အမိန့်က အမိန့်ပဲလေ။ စစ်တပ်ဆက်ရှိနေသမျှ ကာလပတ်လုံး အမိန့်တွေကိုတော့ ဖော်ဆောင်ရမှာပဲပေါ့။


အရာရှိက အမိန့်ပေးလိုက်တဲ့အခါ မော်ဒယ် (၃၈) ရိုင်ဖယ်သေနတ်က ကျည်ဖူးတွေဟာ ကျားတစ်ကောင်ရဲ့ ချောမွေ့တဲ့ သားရေကို ဖောက်ထွက်သွားတယ်။ ကျည်ဖူးတွေဟာ အဲဒီသတ္တ၀ါရဲ့ အူတွေကို ဆုတ်ဖြဲပစ်လိုက်တယ်။ နွေရာသီရဲ့ ကောင်းကင်က ပြာလွင်နေပြီးတော့ အနီးအနား သစ်ပင်တွေဆီက ပုရစ်တွေရဲ့အော်မြည်သံဟာ ရုတ်တရက်မိုးရွာချလိုက်သလို ပြိုကျလာခဲ့တယ်။ စစ်သားတွေဟာ စကားတစ်ခွန်းမျှ မပြောကြဘူး။


ဖြစ်နိုင်ရင်တော့ ဘယ်တိရစ္ဆာန်ကိုမှ မသတ်ရတာ ပိုကောင်းပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် ရိုးသားမှုအပြည့်နဲ့ ဗိုလ်လေး တွေးမိပါတယ်။ ဒါပေမဲ့လည်း တိရစ္ဆာန်ရုံမှာက ကျွေးစရာ အစာလည်း တစ်ခုမျှ မရှိတော့ဘူး။ ပြီးတော့ တိရစ္ဆာန်အများစု (အထူးသဖြင့် ကြီးတဲ့အကောင်တွေ)က အစာတောင် ငတ်နေနှင့်ကြပြီ။ ပစ်သတ်တာကမှ တိရစ္ဆာန်တွေအတွက်လည်း ပိုပြီးလွယ်ကူတဲ့ ဇာတ်သိမ်းမျိုး ဖြစ်လိမ့်မယ်၊ မြန်ဆန်သန့်ရှင်းတဲ့ သေခြင်းတရားပေါ့။ တကယ်လို့သာ လေကြောင်းတိုက်ခိုက်မှု၊ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေတဲ့ အချိန်မှာ မြို့ထဲလမ်းတွေပေါ် ဆာလောင် ငတ်မွတ်နေတဲ့ တိရစ္ဆာန်တစ်ကောင် လွတ်သွားမယ် ဆိုရင် တွေးကြည့်လို့ မရနိုင်တဲ့ အဖြစ်ဆိုးတွေဟာ ရှောင်လွှဲမရဘူးလေ။

အဲဒီနောက်မှာတော့ အုပ်ချုပ်ရေးမှူးက ဗိုလ်လေးကို `အရေးပေါ် ရှင်းလင်းသုတ်သင်မှု´ အတွက် တိရစ္ဆာန်စာရင်းတစ်ခု ထိုးပေးတယ်။ သူ့ကို ညွှန်ကြားထားတဲ့အတိုင်း စုထားတဲ့ စာရင်းပဲ။ ပြီးတော့ တိရစ္ဆာန်ရုံရဲ့ မြေပုံတစ်ခု။ ခပ်ချောချော တိကုဆရာဝန်နဲ့ တရုတ်အလုပ်သမား နှစ်ယောက်ကိုလည်း ကွပ်မျက်ရေးအဖွဲ့နဲ့အတူ လိုက်ပါဖို့ တာဝန်ပေးလိုက်တယ်။ ဗိုလ်လေးက တိရစ္ဆာန်စာရင်းကို ဖျပ်ခနဲလှမ်းကြည့်ပြီး သူထင်ထားသလောက် မများတာ တွေ့ရတော့ နည်းနည်းစိတ်သက်သာရာ ရသွားတယ်။ ဒါပေမဲ့ ရှင်းလင်းသုတ်သင်ဖို့ စီရင်ချက်ချခံထားရတဲ့ တိရစ္ဆာန်တွေထဲမှာ အိန္ဒိယဆင်နှစ်ကောင် ပါနေတယ်။ “ဘုရားရေ၊ ဆင်တဲ့” ဗိုလ်လေး အသက်ရှူမှားသွားတယ်။ “ဘယ်လိုအကုသိုလ်ကြောင့်များ ငါတို့ ဆင်သတ်ရဖို့ ကြုံလာသလဲ မသိဘူး။ အဲဒါလုပ်ဖို့ တင့်ကားတစ်စီးလောက် လိုမှာ” လို့ သူတွေးနေမိတယ်။

တိရစ္ဆာန်ရုံရဲ့ အခင်းအကျင်းအရ ပထမဆုံး ရှင်းလင်းသုတ်သင်ရမယ့် အကောင်ကတော့ ကျားတွေပါပဲ။ ဘယ်လိုနည်းနဲ့မဆို ဆင်ကြီးတွေကိုတော့ နောက်ဆုံးမှာ ချန်ထားမယ်။ ကျားရုံမှာ ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်အရ ဒီကျားမောင်နှံကို မန်ချူးရီးယားရဲ့ ခင်ဂန်တောင်တန်းတွေဆီကနေ ဖမ်းလာခဲ့တာလို့ သိရတယ်။ ဗိုလ်လေးက ကျားတစ်ကောင်စီကို စစ်သားလေးယောက်က ပစ်ဖို့ တာဝန်ပေးလိုက်တယ်။ နှလုံးသားတည့်တည့်ကိုပဲ ချိန်ရမယ်။ ဒါပေမဲ့ ကျားတွေရဲ့ နှလုံးက ဘယ်နားမှာရှိတယ်ဆိုတာတော့လည်း သူတို့ အတိအကျ သိကြတာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်လေ အနည်းဆုံး ကျည်တစ်တောင့်တလေကတော့ နှလုံးသားကို တည့်တည့်သွားထိကောင်းပါတယ်။ စစ်သားရှစ်ယောက်က ပြိုင်တူပဲ သူတို့ရဲ့ မော်ဒယ် (၃၈) ရိုင်ဖယ်တွေကို ကျည်ဖြည့်ပြီး မောင်းတင်လိုက်ကြတယ်။ ခြောက်ခြားဖွယ်ကောင်းပြီး သေမင်းရနံ့ပါတဲ့ ‘ကလစ်’ ဆိုတဲ့ ခြောက်ကပ်ကပ် အသံဟာ အဲဒီနေရာရဲ့ လေထုကို တမျိုးတဖုံ ပြောင်းလဲသွားစေတယ်။ အသံကြားတာနဲ့ ကျားတွေဟာ မတ်တပ်ထရပ်လိုက်ကြတယ်။ သံတိုင်တွေကို ဖြတ်ပြီး စစ်သားတွေကို စူးစူးရဲရဲကြည့်ရင်း ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြတယ်။ စိုးရိမ်လွန်တဲ့ အပြုအမူတစ်ခုအဖြစ် ဗိုလ်လေးက သူ့ရဲ့ အော်တိုမစ်တစ်ပစ္စတိုကို အဆင်သင့်ပြင်ထားလိုက်တယ်။ စိတ်တည်ငြိမ်လာအောင် လည်ချောင်းကို ရှင်းနေလိုက်တယ်။ ဒါဘာမှ မဟုတ်ဘူး။ လူတိုင်း ဒီလိုအလုပ်မျိုးတွေကို အမြဲတမ်းလုပ်နေကြတာပဲလို့ ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နေမိတော့တယ်။


စစ်သားတွေဟာ မုဆိုးဒူးထောက် ထိုင်ချလိုက်ပြီး ပစ်မှတ်ကို ဂရုတစိုက် ချိန်လိုက်တယ်။ ဗိုလ်လေးက အမိန့်ပေးလိုက်တယ်ဆိုရင်ပဲ သေနတ်မောင်းတွေကို ဆွဲဖြုတ်လိုက်တော့တယ်။ သေနတ်မောင်းရဲ့ တွန်းအားကြောင့် သူတို့ပုခုံးတွေ နောက်ကိုယိမ်းသွားတယ်။ ဦးခေါင်းထဲက ရုတ်တရက် ထွက်ပြေးပျောက်ကွယ်သွားသလို သူတို့ စိတ်တွေဟာ ခဏလောက်ကြာအောင် ဗလာနတ္ထိဖြစ်သွားတယ်။ ပြိုင်တူထွက်လာတဲ့ တဝေါဝေါ သေနတ်သံတွေဟာ ခြောက်ကပ်နေတဲ့ တိရစ္ဆာန်ရုံထဲမှာ တော်လဲသံလိုပြိုကျလာခဲ့တယ်။ အဆောက်အဦတစ်ခုကနေတစ်ခု၊ နံရံတစ်ခုကနေ တစ်ခု ပဲ့တင်ထပ်နေတယ်။ သစ်သားတွေကို လှီးဖြတ်ပြီး ရေမျက်နှာပြင်ကို ဖြတ်သန်းသွားသလိုပဲ။ အဝေးက မိုးချိန်းသံလို ကြားရသူတိုင်းရဲ့ နှလုံးသားကို ထိုးချေနေတယ်။ လှောင်အိမ်ထဲက သတ္တ၀ါနှစ်ကောင်ကတော့ အသက်ရှူရပ်သွားတယ်။ ပုရစ်တွေတောင်မှ အော်သံရပ်သွားကြတယ်။ ပဲ့တင်နေတဲ့ သေနတ်သံတွေ အဝေးဆီကို တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားပြီး အတော်ကြာတော့ ဘာသံကိုမျှ မကြားရတော့ဘူး။ မမြင်ရတဲ့ ဘီလူးကြီးတစ်ကောင်က ဧရာမတင်းပုတ်ကြီးနဲ့ ထုနှက်လိုက်သလိုပဲ ကျားနှစ်ကောင်ဟာ လေထဲကို ဖျပ်ခနဲမြောက်သွားတယ်။ ပြီးတော့ ကြမ်းပြင်ကို လေးပင်စွာ ပြန်ပြုတ်ကျလာကြတယ်။ နာကျင်စွာ အကျောဆွဲပြီး သွေးပွက်ပွက်အန်နေကြတယ်။ စစ်သားတွေအနေနဲ့ သူတို့ကို တစ်ချက်တည်းနဲ့ အသေပစ်ပြီး အဆုံးသတ်မပေးနိုင်ခဲ့ဘူး။ အဲဒီတော့မှ စစ်သားတွေလည်း ကြက်သေသေနေရာက ရုတ်တရက် သတိဝင်လာလို့ သူတို့ရဲ့ ရိုင်ဖယ်သေနတ်က ကျည်ခွံတွေကို ထုတ်ပြီး နောက်တစ်ခါ ပြန်ချိန်ထားလိုက်ကြတယ်။

ကျားနှစ်ကောင်ကို သေ,မသေ စစ်ဆေးဖို့ ဗိုလ်လေးက စစ်သားတစ်ယောက်ကို လှောင်အိမ်ထဲသွားဖို့ အချက်ပြလိုက်တယ်။ ကြည့်ရတာကတော့ အဖတ်ဆယ်မရအောင် သေသွားတဲ့ပုံစံပါပဲ။ မျက်လုံးတွေမှိတ်ပြီး သွားတွေပြဲနေပြီ။ လုံးဝလှုပ်ရှားမှု မရှိတော့ပါဘူး။ တိကုဆရာဝန်က လှောင်အိမ်တံခါးကို ဖွင့်လိုက်တယ်ဆိုရင်ပဲ အသက်နှစ်ဆယ်ပြည့်ရုံသာ ရှိသေးတဲ့ စစ်သားငယ်လေးဟာ အထဲကို ကြောက်ကြောက်လန့်လန့်နဲ့ လှမ်းဝင်သွားတယ်။ သူ့သေနတ်က လှံစွပ်ကို ရှေ့ကိုချိန်ပြီး အကာအကွယ် ယူထားသေးတယ်။ ဘေးကကြည့်တဲ့လူတွေ အဖို့တော့ သူ့ဟန်က ကိုးရိုးကားယားဖြစ်နေတာပါပဲ။ ဒါပေမဲ့ ဘယ်သူမျှ မရယ်ကြဘူး။ သူ့စစ်ဖိနပ်ရဲ့ ဖနောင့်ခွာနဲ့ ကျားတစ်ကောင်ရဲ့ ကျောပိုင်းကို ခပ်ဖွဖွ ကန်ကြည့်တယ်။ ကျားကတော့ မလှုပ်ဘူး။ အဲဒီနေရာကိုပဲ နောက်တစ်ခါ နည်းနည်းပိုပြင်းအောင် ထပ်ကန်ကြည့်ပြန်တယ်။ ကျားကတော့ အပြီးအပိုင် သေသွားခဲ့ပါပြီ။ ကျားမ,ဖြစ်တဲ့ နောက်တစ်ကောင်ကလည်း သူ့နေရာမှာပဲ အလားတူ လဲသေနေပြီ။ အဲဒီစစ်သားလေးဟာ သူ့ဘ၀မှာ တစ်ခါမျှ တိရစ္ဆာန်ရုံမရောက်ခဲ့ဖူးသလို ကျားအစစ်ကိုလည်း အပြင်မှာ မြင်ဖူးခဲ့သူမဟုတ်ဘူး။ သူနဲ့ ဘာမျှမဆိုင်တဲ့ နေရာတစ်ခုဆီ သူ့ကို ဂုတ်ကဆွဲမလာပြီး သူနဲ့ဘာမျှမဆိုင်တဲ့ ဇာတ်လမ်းတစ်ခုထဲ ၀င်သရုပ်ဆောင်ခိုင်းထားသလို သူ့အနေနဲ့ ခံစားနေရတယ်။ အိုင်ထွန်းနေတဲ့ သွေးနက်နက်တွေပေါ် ရပ်ပြီး ကျားသေကောင်တွေကို သူ တအံ့တသြ ငေးကြည့်နေမိတယ်။ ရှင်နေတုန်းကထက်စာရင် ကျားသေကောင်တွေဟာ သူတို့အဖို့ အများကြီး ပိုကြီးတဲ့ပုံ ပေါက်နေတယ်။ ဒါက ဘယ်လိုဖြစ်ရတာပါလိမ့်လို့ နားမလည်နိုင်စွာနဲ့ သူ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိတယ်။

လှောင်အိမ်ရဲ့ သမံတလင်း ကြမ်းပြင်မှာတော့ ကြောင်ကြီးတွေရဲ့ သေးနံ့တွေနဲ့ နံ့ဟောင်ညစ်ပတ်နေတယ်။ ပြီးတော့ အဲဒီအနံ့တွေဟာ ပူနွေးတဲ့ သွေးနံ့တွေနဲ့ ရောနှောသွားတယ်။ ကျားသေကောင်တွေရဲ့ ကိုယ်ခန္ဓာက အပေါက်တွေကနေ သွေးတွေ ပန်းထွက်နေတုန်းပဲ။ သူ့ခြေရင်းမှာ အနက်ရောင် သွေးအိုင်တစ်ခု ဖြစ်နေပြီ။ ရုတ်တရက်ဆိုသလိုပဲ သူ့လက်ထဲက ရိုင်ဖယ်သေနတ်ဟာ အေးစက်လေးလံလာတယ်လို့ သူခံစားရတယ်။

သူ သေနတ်ကို လွှင့်ပစ်ပြီး ဒူးထောက်ထိုင်ချလိုက်ချင်တယ်။ သူ့အစာအိမ်ထဲမှာ ရှိသမျှအရာ အားလုံးကို ကြမ်းပြင်ပေါ် အိတ်သွန်ဖာမှောက် အန်ထုတ်ပစ်လိုက်ချင်တယ်။ အဲလိုသာ လုပ်လိုက်ရရင် ဘယ်လောက်သက်သာသွားလိမ့်မလဲ။ ဒါပေမဲ့ အန်ချဖို့ဆိုတာ သူ့ကိုပေးထားတဲ့ အမိန့်ထဲမှာ မပါဘူး။ အဲလိုသာလုပ်ရင် ခေါင်းဆောင်က သူ့မျက်နှာကို ပုံပျက်သွားအောင် ထုရိုက်လိမ့်မယ်။ (တကယ်လည်း အဲဒီစစ်သားငယ်ဟာ နောက်ထပ် ဆယ့်ခုနစ်လအကြာမှာ ဆိုဗီယက်အစောင့်စစ်သားတစ်ယောက်က ဦးခေါင်းခွံကို ဂေါ်ပြားနဲ့ ရိုက်ခွဲလို့ သေခဲ့ရရှာတယ်။ အဲဒီအချိန်တုန်းကတော့ သူ ကြိုမသိနိုင်ခဲ့ဘူးပေါ့) နဖူးပေါ်က ချွေးတွေကို သူ့လက်ခုံနဲ့ သုတ်ပစ်လိုက်တယ်။ သူ့စစ်ဦးထုပ်က သူ့ခေါင်းပေါ်မှာ တနင့်တပိုးဖိထားသလို ခံစားရတယ်။ ပုရစ်တစ်ကောင်က စတင်လိုက်ပြီးနောက် ရုတ်တရက် အသက်ပြန်ဝင်သွားသလိုပဲ တစ်ကောင်ပြီးတစ်ကောင် သံပြိုင်အော်မြည်နေပြန်တော့တယ်။ မကြာခင်မှာပဲ ပုရစ်အော်သံတွေဟာ ငှက်တစ်ကောင်ရဲ့ အော်မြည်သံနဲ့ ရောနှောသွားတယ်။ နွေဦးမှာ တိုက်တဲ့ လေရူးလိုပဲ၊ အဲဒီငှက်သံဟာ ထူးထူးခြားခြား တ၀ှီးဝှီး အော်မြည်နေတယ်။

အဲဒီစစ်သားငယ်ဟာ သူ့အသက်ဆယ့်နှစ်နှစ်တုန်းက မိဘတွေနဲ့အတူ တောင်ပေါ်မြို့လေးတစ်မြို့ကနေ ပင်လယ်ပြင်ကိုဖြတ်ပြီး တရုတ်နိုင်ငံကို ရောက်လာခဲ့ကြတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကအထိ နယ်စပ်ကျေးရွာလေးတစ်ရွာမှာပဲ မြေယာရှင်းလင်းတဲ့ အလုပ်ကိုပဲ အတူတကွ လုပ်ကိုင်နေခဲ့ကြသေးတယ်။ အဲဒီနောက်မှာတော့ သူလည်း စစ်တပ်က ချောဆွဲတာခံခဲ့ရတာပဲ။ ဒါကြောင့် သူ့အနေနဲ့ မန်ချူးရီးယားက ငှက်တွေအားလုံးနီးပါးကို သိတယ်လို့ ဆိုရမယ်။ ဒါပေမဲ့ ထူးဆန်းတာက ခုနကလို အော်မြည်နိုင်တဲ့ ငှက်ရဲ့ အသံကို သူ မကြားဖူးတာပဲ။ ရပ်ဝေးမြေခြားကနေ တင်သွင်းလာပြီး တိရစ္ဆာန်ရုံရဲ့ တစ်နေရာ လှောင်အိမ်ထဲကနေ အော်နေတဲ့ ငှက်တစ်ကောင် ဖြစ်နေမလားမပြောတတ်ဘူး။ ဒါပေမဲ့လည်း သူကြားရတာတော့ အနီးနားသစ်ပင်ရဲ့ ခပ်မြင့်မြင့် ကိုင်းတွေဆီက ထွက်လာတဲ့ အသံပါပဲ။

သူက ဘာဆက်လုပ်ရမလဲဆရာလို့ မေးလိုက်တဲ့အလား ဗိုလ်လေးရှိတဲ့ဘက်ဆီ လှမ်းကြည့်လိုက်တယ်။ ဗိုလ်လေးက ခေါင်းဆတ်ပြပြီး လှောင်အိမ်ထဲက ထွက်ခဲ့ဖို့ အချက်ပြလိုက်တယ်။ ပြီးတော့ တိရစ္ဆာန်ရုံ မြေပုံကို ဖြန့်ခင်းလိုက်တယ်။ ကျားတွေအတွက်တော့ တော်လောက်ပြီလို့ သူတွေးမိလိုက်တယ်။ ရှေ့ဆက်ပြီး ကျားသစ်တွေကို ဆက်ကိုင်ရဦးမယ်။ ပြီးရင် မြေခွေးတွေ ဖြစ်ချင်ဖြစ်မယ်။ ၀က်ဝံတွေကိစ္စလည်း ကိုင်တွယ်ရဦးမှာပါပဲ။ အားလုံးပြီးသွားတော့မှ ဆင်ကြီးတွေအကြောင်း စဉ်းစားရတော့မှာပဲ။ အဲဒီနောက်မှာတော့ ဘယ်လောက်ပူလောင်အိုက်စက်နေတယ်ဆိုတာ သူ သတိပြုမိသွားတယ်။ `ခဏတဖြုတ် နားကြဦး။ ရေလေးဘာလေး သောက်ဦး´ လို့ သူ့ လူတွေကို ပြောလိုက်တယ်။ ရေဘူးတွေထဲက သူတို့ ကိုယ်စီထုတ်သောက်လိုက်ကြတယ်။ အဲဒီနောက်မှာတော့ သူတို့ ရိုင်ဖယ်သေနတ်တွေကို ပုခုံးမှာလွယ်လိုက်ကြပြီး စနစ်တကျစီတန်းလို့ ကျားသစ်လှောင်အိမ်ဆီ လျှောက်လာခဲ့ကြတယ်။ စစ်သားတွေရဲ့ လက်တိုစစ်ဝတ်စုံတွေမှာ ရင်ဘတ်ရော ကျောမှာပါ အနက်ရောင်ချွေးကွက်ကြီးတွေ စွန်းနေကြပြီ။ လက်နက်အပြည့်ကိုင်ဆောင်ထားတဲ့ အခုလို စစ်သားတစ်ဖွဲ့ စနစ်တကျချီတက်လာတော့လည်း သတ္တုချင်းထိခတ်တဲ့ တချွင်ချွင်အသံတွေဟာ ခြောက်ကပ်နေတဲ့ တိရစ္ဆာန်ရုံဝန်းထဲမှာ ပဲ့တင်ထပ်နေတော့တယ်။ သူတို့လှောင်အိမ်ရဲ့ ဘားတန်းတွေဆီမှာ တွဲလဲခိုနေကြတဲ့ မျောက်တွေကတော့ အခြားတိရစ္ဆာန်တွေကို သတိပေးတဲ့အနေနဲ့ စူးစူးဝါးဝါး အော်မြည်နေကြတယ်။ ဒီတော့လည်း အခြားတိရစ္ဆာန်တွေကပါ သူတို့ရဲ့ မတူညီတဲ့ အသံတွေနဲ့ ပါဝင်လာကြတယ်။ မြေခွေးတွေက ကောင်းကင်ကို မော့ကြည့်ပြီး ဆွေးဆွေးမြေ့မြေ့ အူတယ်။ ငှက်တွေကလည်း အတောင်တွေကို တဖျပ်ဖျပ်ခတ်ပြီး အားဖြည့်ကြတယ်။ တစ်နေရာဆီက ကြီးမားတဲ့ တိရစ္ဆာန်တစ်ကောင်က ခြိမ်းခြောက်မှုကို ပြတဲ့အလား သူ့ကိုယ်ခန္ဓာကို လှောင်အိမ်နဲ့ ဗြန်းခနဲ တိုက်ချလိုက်တယ်။ လက်သီးဆုပ်သဏ္ဍာန် တိမ်တိုက်တစ်ခုဟာ ဘယ်နေရာကမသိဘဲ ရုတ်တရက်ပေါ်လာပြီး နေကို ခဏလောက်ကြာအောင် ဖုံးအုပ်လိုက်တယ်။ အဲဒီသြဂုတ်လ နေ့လယ်ခင်းမှာတော့ လူတွေ တိရစ္ဆာန်တွေနဲ့ အားလုံးဟာ သေခြင်းတရားအကြောင်း တွေးတောနေကြတာပဲ။ ဒီနေ့မှာ ဒီလူတွေက တိရစ္ဆာန်ကို သတ်နေတယ်ပဲဆိုပါတော့၊ မနက်ဖြန်မှာတော့ ဆိုဗီယက်တပ်တွေက ဒီလူတွေကို သတ်ချင်သတ်မှာပဲ။


ဒီအမျိုးသမီးနဲ့ ကျွန်တော်နဲ့ဟာ စားသောက်ဆိုင်တစ်ခုတည်းမှာပဲ ထိုင်ခုံတစ်ခုတည်းမှာပဲ စကားစမြည်ပြောရင်း အမြဲတမ်း မျက်နှာချင်းဆိုင်ထိုင်ခဲ့ကြတယ်။ သူက ဒီဆိုင်ကို လာနေကျ။ ပြီးတော့ စားသမျှကိုလည်း သူပဲ ရှင်းနေကျ။ ကျွန်တော်ရတဲ့ ၀င်ငွေမျိုးနဲ့ဆိုလည်း ဒီလိုနေရာမှာ ဒီလိုဟင်းလျာကို ၀ယ်စားဖို့ တတ်နိုင်ချင်မှ တတ်နိုင်လိမ့်မယ်။ စားသောက်ဆိုင်ရဲ့ အနောက်ပိုင်းကို သီးသန့်ခန်းတွေ လုပ်ထားတယ်။ တစ်ဝိုင်းက ပြောတဲ့စကားကို တခြားတစ်ဝိုင်းက မကြားရတော့ဘူးပေါ့။ ညနေပိုင်းတွေမှာဆိုရင် တစ်ခုံတစ်ခုံစာပဲ နေရာသတ်မှတ်ထားလို့ အချိန်ဖြုန်းရင်း လွတ်လွတ်လပ်လပ်စကားပြောနိုင်တယ်။ စားပွဲထိုးတွေက လွဲလို့ နှောင့်ယှက်မယ့်လူ တစ်ယောက်မျှ မရှိဘူး။ စားပွဲထိုးဆိုတာကလည်း ပန်းကန်တွေခင်းဖို့ သိမ်းဖို့ လောက်သာ လာတာပါ။ သူကတော့ အမြဲတမ်း ၀ိုင်နီတစ်လုံးကို မှာသောက်တတ်တယ်။ တစ်ဝက်လောက်သောက်ပြီးရင် ကျန်တဲ့တစ်ဝက်ကို ဒီအတိုင်း ချန်ထားခဲ့တာပဲ။

“နွေဦးခေါ်တဲ့ ငှက်တဲ့လား” လို့ ကျွန်တော်က စားသောက်နေရာက မော့ကြည့်ပြီး မေးလိုက်တယ်။

“နွေဦးခေါ်တဲ့ ငှက်တဲ့လား” လို့ သူ့ကိုယ်သူ ဇာတိပ္ဖိုလ်လို့ ခေါ်တဲ့ အမျိုးသမီးက ပြောတယ်။ ကျွန်တော်ပြောတဲ့ စကားလုံးတွေအတိုင်း သူက အတိအကျ သံယောင်လိုက်တယ်။ ပြီးတော့ သူ့ရဲ့နှုတ်ခမ်းလွှာတွေ နည်းနည်း ကွေးသွားတယ်။

“ရှင်ပြောနေတာ ကျွန်မ နားမလည်ဘူး။ ရှင် ဘာအကြောင်း ပြောနေတာလဲ”

ဝိုင်ကို ကျွန်တော်စုပ်လိုက်ပြီး ပါးစပ်သုတ်လိုက်တယ်။

“နေပါဦး။ ခင်ဗျား ခုနက နွေဦးကို ခေါ်တဲ့ငှက်အကြောင်း ပြောနေတာ မဟုတ်ဘူးလား”

သူက ခေါင်းကို ခပ်ဖြည်းဖြည်း ယမ်းလိုက်တယ်။

“ဟမ်.. ကျွန်မ မမှတ်မိတော့ဘူး။ ငှက်အကြောင်း လုံးဝ မပြောမိဘူးထင်တာပဲ။ နွေဦးခေါ်တဲ့ငှက်တဲ့လား။ ရှင်ပြောတာ အရုပ်ငှက်လိုဟာမျိုးလား”

အကျိုးမထူးတော့မှန်း ကျွန်တော် နားလည်သွားတယ်။ သူပြောတဲ့ ပုံပြင်တွေဟာ အမြဲတမ်း ဒီအတိုင်းပဲလေ။

“ဆိုတော့ ခင်ဗျားကို မန်ချူးရီးယားမှာ မွေးခဲ့တာပေါ့” လို့ ကျွန်တော်က မေးလိုက်တယ်။


“အဖေကတော့ အမြဲတမ်းလို တိရစ္ဆာန်နံ့တွေ ထွက်နေတာပဲ။ တိရစ္ဆာန်တွေ အများကြီးရဲ့ အနံ့ကိုပေါင်းထားတဲ့ အနံ့တစ်ခုပေါ့။ ဒါပေမဲ့ ရေမွှေးတံဆိပ်ကို ပြောင်းပြီးဆွတ်ထားသလိုပဲ တစ်နေ့နဲ့တစ်နေ့တော့ အနံ့ချင်း မတူဘူး။ သူ အိမ်ပြန်ရောက်တယ်ဆိုရင် ကျွန်မက သူ့ပေါင်ပေါ် ကုပ်တက်တယ်၊ ပြီးရင် သူ့ကို ထိုင်ရက်သားထားပြီး ကျွန်မ အနံ့ခံတော့တာပဲ။ အဲဒီဘ၀မျိုးလိုသာ အမြဲတမ်းဆက်သွားရင် ဘယ်လောက်ကောင်းမလဲ။ ကျွန်မ ဘယ်လောက် ပျော်လိုက်မလဲ”


သူက ခေါင်းကို ထပ်ခါပြန်တယ်။ “ကျွန်မကို ယိုကိုဟားမားမှာပဲ မွေးတာပါ။ မိဘတွေက ကျွန်မ သုံးနှစ်သမီးအရွယ်မှာ မန်ချူးရီးယားကို ခေါ်သွားတယ်။ ကျွန်မ အဖေက တိရစ္ဆာန်ဆေးကု ကျောင်းတစ်ခုမှာ ဆရာလုပ်နေတယ်။ ဒါပေမဲ့ ရှင်ချင်းမြို့က အာဏာပိုင်တွေက အသစ်ဆောက်မယ့် တိရစ္ဆာန်ရုံမှာ တိကုဆရာဝန်ချုပ်တစ်ယောက် လိုတယ်ဆိုတာနဲ့ အဖေက အဲဒီအလုပ်မှာ အခကြေးငွေမယူပဲ ကူညီပေးတယ်။ ကျွန်မ အမေကတော့ ဂျပန်မှာ အခြေကျနေတဲ့ ဘ၀ကို မစွန့်လွှတ်ချင်ပါဘူး။ ဒါပေမဲ့ အဖေက အတင်းအကြပ် တိုက်တွန်းတယ်လေ။ သူ့အနေနဲ့တော့ ဂျပန်ထက် ပိုကြီးမားကျယ်ပြန့်တဲ့ နေရာတစ်ခုမှာ သူ့ကိုယ်သူ စမ်းသင်ချင်တာ ဖြစ်မှာပေါ့။ ကျွန်မကတော့ အရမ်းငယ်သေးတော့ ဘယ်နေရာမှာ ရောက်နေနေ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ တိရစ္ဆာန်ရုံမှာ နေရတာကိုတော့ အရမ်းပျော်တာပဲ။ အရမ်းကို ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ဘ၀ပေါ့ရှင်။ အဖေကတော့ အမြဲတမ်းလို တိရစ္ဆာန်နံ့တွေ ထွက်နေတာပဲ။ တိရစ္ဆာန်တွေ အများကြီးရဲ့ အနံ့ကိုပေါင်းထားတဲ့ အနံ့တစ်ခုပေါ့။ ဒါပေမဲ့ ရေမွှေးတံဆိပ်ကို ပြောင်းပြီးဆွတ်ထားသလိုပဲ တစ်နေ့နဲ့တစ်နေ့တော့ အနံ့ချင်း မတူဘူး။ သူ အိမ်ပြန်ရောက်တယ်ဆိုရင် ကျွန်မက သူ့ပေါင်ပေါ် ကုပ်တက်တယ်၊ ပြီးရင် သူ့ကို ထိုင်ရက်သားထားပြီး ကျွန်မ အနံ့ခံတော့တာပဲ။ အဲဒီဘ၀မျိုးလိုသာ အမြဲတမ်းဆက်သွားရင် ဘယ်လောက်ကောင်းမလဲ။ ကျွန်မ ဘယ်လောက် ပျော်လိုက်မလဲ”

“ဒါပေမဲ့ စစ်ကြီးရောက်လာတော့ အဆိုးဘက်ကို ပြောင်းသွားတယ်။ ကြောက်စရာ အခြေအနေတွေ ဖြစ်လာတယ်။ ဒီတော့ အဖေက သိပ်နောက်မကျသေးခင် အမေနဲ့ ကျွန်မကို ဂျပန်ကို ပြန်ပို့ဖို့ ဆုံးဖြတ်လိုက်တယ်။ တခြားလူတွေ အများကြီးနဲ့ ကျွန်မတို့ ပြန်လာခဲ့ကြတာပဲ။ ရှင်ချင်းကနေ ကိုရီးယားကို ရထားစီးတယ်။ အဲဒီမှာ သီးသန့် သင်္ဘောတစ်စီး ကျွန်မတို့ကို စောင့်နေတယ်လေ။ အဖေကတော့ ရှင်ချင်းမှာပဲ ကျန်နေရစ်ခဲ့တယ်။ သူ့ကို ကျွန်မ နောက်ဆုံးမြင်လိုက်ရတဲ့အချိန်က သူက ဘူတာရုံမှာရပ်ပြီး ကျွန်မတို့ကို လက်ဝှေ့ယမ်းပြနေတဲ့ အချိန်ပဲ။ ကျွန်မက ပြတင်းပေါက်ကနေ ခေါင်းထုတ်ပြီး လူတွေပြည့်ကြပ်နေတဲ့ ပလက်ဖောင်းကနေ သူ ပျောက်ကွယ်မသွားခင်အထိ တဖြည်းဖြည်း သေးသေးသွားတဲ့ သူ့ကို ငေးကြည့်နေမိခဲ့တယ်။  အဲဒါပြီးတော့ သူဘာဆက်ဖြစ်တယ်ဆိုတာ ဘယ်သူမှ မသိကြတော့ဘူး။ မီးခိုးငွေ့လို သူ အငွေ့ပျံ ပျောက်ကွယ်သွားတာ။ ကျွန်မတို့နောက်မှ ရှင်ချင်းကနေ ဂျပန်ကို လွတ်မြောက်လာတဲ့ မိတ်ဆွေတွေကိုလည်း သူ့အကြောင်း စုံစမ်းခဲ့တယ်။ ဒါပေမဲ့ သူ့အကြောင်း ဘယ်သူမျှ မသိကြတာဟာ ထူးဆန်းတယ်လို့တောင် ထင်ရလောက်တယ်။ ဆိုဗီယက်တပ်တွေက သူ့ကို အကျဉ်းသားအဖြစ် ဖမ်းဆီးမယ်၊ ပြီးတော့ ဆိုက်ဘေးရီးယားကို ပို့ပြီး အလုပ်ကြမ်းခိုင်းမယ်၊ ပြီးတော့ တခြားလူတွေလိုပဲ သူ အဲဒီမှာ သေသွားမှာပေါ့လို့ ကျွန်မ တွေးကြည့်မိတယ်။ ဘယ်သူမှ မှတ်တိုင်ထူမပေးတဲ့ အထီးကျန်အေးစက်တဲ့ မြေတွင်းလေးတစ်တွင်းမှာ သူ အမြှုပ်ခံလိုက်ရတာ ဖြစ်ချင်ဖြစ်မှာပဲ။ သူက သာမန်အရပ်သားပဲလေ၊ သူ့ကို လောကကြီးထဲကနေ ဒီလို ရက်ရက်စက်စက် ဆွဲထုတ်စရာအကြောင်း တစ်ခုမှ မရှိပါဘူး။ ဒါပေမဲ့ အချိန်က ခေတ်ပျက်ကြီးပဲ။ အမှားတွေအများကြီး ဖြစ်ပြီးခဲ့ပြီ”

ရှင်ချင်းက တိရစ္ဆာန်ရုံအကြောင်း အသေးစိတ်တွေကအစ အားလုံး ကျွန်မ မှတ်မိနေတုန်းပဲ။ အဲဒီအကြောင်းတွေ အားလုံးကို ခေါင်းထဲမှာ ပြန်ဖေါ်နိုင်တယ်။ အဲဒီကလမ်းကလေးတွေ၊ တိရစ္ဆာန်တွေ အားလုံးပဲ။ တိကုဆရာဝန်ချုပ်အတွက် ဌာနဆိုင်ရာက ပေးထားတဲ့ လိုင်းခန်းမှာ ကျွန်မတို့ နေခဲ့ရတယ်။ တိရစ္ဆာန်ရုံရဲ့ ထောင့်တစ်နေရာမှာပေါ့။ တိရစ္ဆာန်ရုံက အလုပ်သမားအားလုံးက ကျွန်မကို သိကြတယ်။ ဘယ်နေရာမဆိုလည်း သွားခွင့်ပေးထားတယ်။ တိရစ္ဆာန်ရုံ ပိတ်တဲ့ အားလပ်ရပ်တွေမှာတောင်မှ ကျွန်မ သွားချင်ရာ သွားနိုင်ခဲ့တယ်။ အဲဒီလိုနေ့တွေကျရင် ဒီနေရာကြီးတစ်ခုလုံးဟာ ကျွန်မတစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်သလိုပဲ။ အဲဒါ ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းလဲ ရှင်စဉ်းစားမိရဲ့လား။ အဲဒါဟာ ကျွန်မရဲ့ ကမ္ဘာပဲ။ ကျွန်မအတွက်တော့ အဲဒီ တိရစ္ဆာန်ရုံဟာ အရှိတရားပဲ။ တိရစ္ဆာန်ရုံတွေဟာ လုပ်ကြံဖန်တီးထားတာလို့ တွေးတတ်တဲ့ သာမန်လူတွေနဲ့တော့ ပြောင်းပြန်ပေါ့´

ဇာတ်ကွက်တွေကို သူ့ခေါင်းထဲမှာ ပြန်ဖေါ်ဖို့ ဇာတိပ္ဖိုလ်က မျက်လုံးတွေကို မှိတ်လိုက်တယ်။ သူ့ဇာတ်လမ်းကို ရှေ့ဆက်ပြောနိုင်ဖို့ ကျွန်တော်ကလည်း စကားတစ်လုံးမျှ ၀င်မပြောဘဲ စောင့်နေလိုက်တယ်။ `ဒါပေမဲ့ အဲဒီတိရစ္ဆာန်ရုံဟာ ကျွန်မ ပြန်စဉ်းစားတဲ့အတိုင်း တကယ်ရောတူရဲ့လားလို့ ကျွန်မ မသေချာဘူး။ ဘယ်လိုပြောရမလဲ၊ တခါတလေကျရင် အဲဒါဟာ အရမ်း ရှင်းလင်းလွန်းနေတယ်လို့ ကျွန်မ ခံစားရတယ်။ ကျွန်မပြောတာ ရှင်သဘောပေါက်ရဲ့လား။ ပြီး အဲလိုအတွေးမျိုး ကျွန်မမှာ ၀င်လာတာနဲ့တစ်ပြိုင်နက် အဲဒီအကြောင်းစဉ်းစားလေလေ၊ အဲဒီ ကွင်းကွင်းကွက်ကွက်ဖြစ်နေမှုဟာ ဘယ်လောက်က အရှိတရားလဲ၊ ဘယ်လောက်က ကျွန်မရဲ့ စိတ်ကူးလဲဆိုတာကို ဝေခွဲမရလေ ဖြစ်လာတော့တယ်။ ၀င်္ကပါတစ်ခုထဲမှာ လှည့်လည်နေရသလို ကျွန်မ ခံစားလာရတယ်။ အဲဒီလိုမျိုး ရှင်ရော ဖြစ်ဖူးလား´

ကျွန်တော်တော့ မဖြစ်ခဲ့ဖူးဘူး။

“ရှင်ချင်းမှာ အဲဒီတိရစ္ဆာန်ရုံ ရှိသေးလား” လို့ပဲ ကျွန်တော်က မေးလိုက်တယ်။

သူ့ နားဆွဲလေးကို ထိလိုက်ရင်း ဇာတိပ္ဖိုလ်က ပြန်ဖြေတယ်။

“ကျွန်မကြားသလောက်တော့ စစ်ကြီးပြီးတော့ အဲဒီတိရစ္ဆာန်ရုံကို ပိတ်ထားလိုက်တယ်။ အခုထိ ပြန်ဖွင့်မဖွင့် ကျွန်မ မသိဘူး။ ပြီးတော့ အဲဒီမြို့ကိုလည်း ရှင်ချင်းလို့ မခေါ်တော့ပါဘူး။ အခုတော့ Changchun ဖြစ်နေပြီ။ ဒါပေမဲ့ အဲဒီတိရစ္ဆာန်ရုံ ရှိသေးတယ်ဆိုရင်တော့ ကျွန်မ သွားကြည့်ချင်ပါသေးတယ်။ ကျွန်မမှတ်မိတဲ့ ဘယ်လောက်က အရှိအတိုင်းလဲ၊ ဘယ်လောက်က ကျွန်မဦးနှောက်ရဲ့ တီထွင်မှုတွေလဲဆိုတာ သိချင်လို့ပေါ့။ အဲဒီမှာ ဆင်ကြီးတွေ တကယ်ရှိခဲ့လားဆိုတာ ကျွန်မ သိချင်တယ်။ ပြီးတော့ ကျားသစ်တွေ၊ ကျားတွေ၊ ၀က်ဝံတွေ။ ၁၉၄၅ ခုနှစ်မှာ စစ်သားတွေပစ်သတ်တာ သူတို့ တကယ်ခံခဲ့ရလားဆိုတဲ့ အချက်ကိုရောပေါ့။ ဒါပေမဲ့ ကျွန်မ မသိဘူး။ အမှန်ကို ဘယ်သူမျှ မသိကြတာတောင် ဖြစ်ချင်ဖြစ်မှာ”

သူတို့ ကျားသစ်တွေကို သတ်ကြတယ်။ သူတို့ ၀ံပုလွေတွေကို သတ်ကြတယ်။ သူတို့ ၀က်ဝံတွေကို သတ်ကြတယ်။ အဲဒီအထဲကမှ အချိန်အများဆုံး ယူရတာက ၀က်ဝံတွေကို ပစ်သတ်ဖို့ပဲ။ ရိုင်ဖယ်ကျည်ဆန်တွေ ဒါဇင်ကျော်ထိပြီးတာတောင်မှ ကြီးမားလှတဲ့ တိရစ္ဆာန်ကြီးနှစ်ကောင်ဟာ သံလှောင်အိမ်က ဘားတန်းတွေကို တွန်းတိုက်နေကြတယ်။ စစ်သားတွေကို ဒေါသတကြီး ဟိန်းဟောက်အော်မြည်နေတယ်။ သွားရည်တမြားမြားနဲ့ အစွယ်ကြီးတွေကို ဖြဲပြနေကြတယ်။ ဒါက ကြောင်မျိုးနွယ်တွေနဲ့တော့ သိပ်မတူဘူး။ ကြောင်တွေကတော့ သူတို့ရဲ့ကံကြမ္မာကို ပိုပြီး အသာတကြည် လက်ခံနိုင်တယ်လို့ပဲ ဆိုရမယ်။ (အနည်းဆုံးအားဖြင့်တော့ အဲဒီလို ပုံပေါက်နေတာပဲ) ၀က်ဝံတွေကတော့ ဒီလို မဟုတ်ဘူး။ သူတို့ အသတ်ခံနေရတယ်ဆိုတဲ့ အချက်ကို သူတို့မှာ နားမလည်နိုင်အောင် ဖြစ်နေရပုံပဲ။ အတော်လေးကြာပြီးတဲ့ နောက်မှာတော့ စစ်သားတွေဟာ ၀က်ဝံကြီးတွေဆီမှာ နောက်ဆုံးကျန်တဲ့ အသက်ငွေ့ကလေးကို ဖယ်ရှားပစ်လိုက်နိုင်တယ်။ သူတို့မှာလည်း နေရာမှာတင် ပုံကျသွားလောက်အောင် အတော်လေး မောပန်းနွမ်းနယ်နေကြပြီ။ ဗိုလ်လေးက သူ့ပစ္စတိုသေနတ်ကို ပြန်ပိတ်လိုက်ပြီး သူ့မျက်ခုံးဆီက စီးကျလာတဲ့ ချွေးစက်တွေကို သုတ်နေမိတယ်။ သတ်ဖြတ်မှုတွေပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ တိတ်ဆိတ်ငြိမ်သက်မှုမှာ စစ်သားတွေဟာ မြေပြင်ပေါ်ကို တံတွေးကျယ်ကျယ်လောင်လောင်ထွေးရင်း သူတို့ရဲ့ လိပ်ပြာမသန့်စိတ်ကို ကြိုးစားဖုံးကွယ်နေကြတယ်။ ကျည်ခွံတွေကတော့ သူတို့ခြေထောက်တွေနားမှာ စီးကရက်အစီခံတွေလို အနှံ့အပြား ပြန့်ကျဲနေတယ်။ သူတို့နားထဲမှာ ရိုင်ဖယ်သေနတ်သံတွေ ပဲ့တင်ထပ်နေတုန်းပဲ။

နောက်ဆယ့်ခုနစ်လအကြာမှာ ဆိုဗီယက်စစ်သားတစ်ဦး ရိုက်သတ်တာခံရမယ့် စစ်သားငယ်ကတော့ အသက်ကို ပြင်းပြင်းနဲ့ အဆက်မပြတ်ရှူနေခဲ့တယ်။ ၀က်ဝံသေတွေကို မကြည့်မိအောင် မျက်နှာလွှဲနေတယ်။ လည်ချောင်းဝအထိ တက်လာတဲ့ အစာတွေကို မအန်ချမိအောင် သူ အပြင်းအထန် ကြိုးစားနေရတယ်။ နောက်ဆုံးတော့လည်း သူတို့ ဆင်တွေကို မသတ်ဖြစ်ကြဘူး။ တကယ်လုပ်မယ်ဆိုရော ဒီသတ္တ၀ါကြီးတွေဟာ သတ်ဖို့မဖြစ်နိုင်လောက်အောင် ကြီးလွန်းတယ်ဆိုတာ သူတို့သိလာခဲ့ရတယ်။ ဆင်ကြီးတွေရှေ့မှာတော့ စစ်သားတွေရဲ့ ရိုင်ဖယ်သေနတ်ဟာ ကလေးကစားစရာလို ဖြစ်နေတယ်။ ဗိုလ်လေးက ခဏလောက်စဉ်းစားပြီးတော့ ဆင်ကြီးတွေကို ဒီအတိုင်းထားလိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒါကိုလည်း ကြားရော စစ်သားတွေဟာ ၀မ်းသာအားရနဲ့ သက်ပြင်းခိုးချလိုက်ကြတယ်။ ထူးဆန်းတယ်လို့ ပြောရမလား၊ ဒါမှမဟုတ် မထူးဆန်းဘူးလို့ပဲ ပြောနိုင်မလားတော့ မသိဘူး၊ အဲဒီအချိန်တုန်းက သူတို့အားလုံးမှာ တူညီတဲ့အတွေးတစ်ခု ရှိနေခဲ့တယ်။ အဲဒါကတော့ လှောင်အိမ်ထဲက တိရစ္ဆာန်တွေထက် စစ်မြေပြင်မှာ လူတစ်ယောက်ကို သတ်ဖို့ အများကြီးပိုလွယ်ကူတယ်ဆိုတာပဲ။ စစ်မြေပြင်မှာက ကိုယ်တိုင်လည်း အသတ်ခံရနိုင်တယ် ဆိုခဲ့ရင်တောင်မှပေါ့။

အခုတော့ အလောင်းကောင်တွေ ဖြစ်သွားတဲ့ တိရစ္ဆာန်အသေကောင်တွေကို တရုတ်အလုပ်သမားတွေက လှောင်အိမ်တွေထဲက ဆွဲထုတ်ကြတယ်။ ပြီးတော့ လှည်းတွေပေါ်တင်ပြီး လွတ်နေတဲ့ ကုန်လှောင်ရုံထဲ သွင်းလိုက်ကြတယ်။ အဲဒီမှာတော့ အရွယ်အစားနဲ့ ပုံသဏ္ဌာန် အမျိုးမျိုးကွဲပြားတဲ့ တိရစ္ဆာန်တွေဟာ ကြမ်းပြင်ပေါ်မှာ စီတန်းနေကြတယ်။ တာဝန်ကြီးပြီးဆုံးသွားတာကို ကြည့်ပြီးတဲ့နောက်မှာ ဗိုလ်လေးဟာ တိရစ္ဆာန်ရုံအုပ်ချုပ်ရေးမှူး ရုံးခန်းဆီ ပြန်သွားပြီး အဲဒီလူကို လိုအပ်တဲ့စာရွက်စာတမ်းတွေမှာ လက်မှတ်ထိုးခိုင်းတယ်။ ပြီးတဲ့နောက်မှာတော့ စစ်သားတစ်စုဟာ ညီညီညာညာစီတန်းပြီး ပြန်လည် ချီတက်သွားကြတော့တယ်။ သူတို့ ၀င်လာခဲ့တုန်းကလိုပဲ ချွင်ချွင်ချွမ်ချွမ်အသံတွေ ဆူဆူညံညံနဲ့ပေါ့။


အခုတော့ အလောင်းကောင်တွေ ဖြစ်သွားတဲ့ တိရစ္ဆာန်အသေကောင်တွေကို တရုတ်အလုပ်သမားတွေက လှောင်အိမ်တွေထဲက ဆွဲထုတ်ကြတယ်။ ပြီးတော့ လှည်းတွေပေါ်တင်ပြီး လွတ်နေတဲ့ ကုန်လှောင်ရုံထဲ သွင်းလိုက်ကြတယ်။ အဲဒီမှာတော့ အရွယ်အစားနဲ့ ပုံသဏ္ဌာန် အမျိုးမျိုးကွဲပြားတဲ့ တိရစ္ဆာန်တွေဟာ ကြမ်းပြင်ပေါ်မှာ စီတန်းနေကြတယ်။ တာဝန်ကြီးပြီးဆုံးသွားတာကို ကြည့်ပြီးတဲ့နောက်မှာ ဗိုလ်လေးဟာ တိရစ္ဆာန်ရုံအုပ်ချုပ်ရေးမှူး ရုံးခန်းဆီ ပြန်သွားပြီး အဲဒီလူကို လိုအပ်တဲ့ စာရွက်စာတမ်းတွေမှာ လက်မှတ်ထိုးခိုင်းတယ်။ ပြီးတဲ့နောက်မှာတော့ စစ်သားတစ်စုဟာ ညီညီညာညာစီတန်းပြီး ပြန်လည် ချီတက်သွားကြတော့တယ်။ သူတို့ ၀င်လာခဲ့တုန်းကလိုပဲ ချွင်ချွင်ချွမ်ချွမ်အသံတွေ ဆူဆူညံညံနဲ့ပေါ့။

လှောင်အိမ်ကြမ်းပြင်တွေက သွေးကွက်တွေကို တရုတ်အလုပ်သမားတွေဟာ ရေပိုက်တွေနဲ့ ထိုးပြီး ဆေးကြောပစ်ကြတယ်၊ နံရံတွေမှာ ဟိုတစ်စဒီတစ်စ ကပ်နေတဲ့ တိရစ္တာန်တွေရဲ့ အသားဖတ်တွေကိုတော့ ဘရပ်ရှ်တွေနဲ့ တိုက်ချွတ်ပစ်ကြတယ်။ ဒီကိစ္စ၀ိစ္စတွေ ပြီးတဲ့အခါမှာတော့ အသေကောင်တွေကို ဘယ်လိုမျိုးမြှုပ်ရမလဲလို့ အလုပ်သမားတွေက တိကုဆရာဝန်ကို မေးတယ်။ ဆရာဝန်ကတော့ ဘာပြန်ဖြေရမလဲကို မသိတော့ဘူး။ ပုံမှန်အားဖြင့်ဆိုရင် တိရစ္ဆာန်ရုံက သတ္တ၀ါတစ်ကောင်ကောင် သေခဲ့ရင်၊ မြေမြှုပ်ပေးနေကျလူကို ခေါ်လိုက်တာပဲ။ ဒါပေမဲ့ အခုလို သွေးစွန်းစစ်မြေပြင်ကြီးတစ်ခုအဖြစ် ခါးစည်းခံနေရတဲ့ မြို့တော်ကြီးမှာ၊ နောက်ကျတဲ့ခြေထောက်သစ္စာဖောက်အဖြစ် ဒီမြို့ပျက်ကြီးဆီက အမြန်ဆုံး စွန့်ခွာထွက်ပြေးဖို့ လူတိုင်းလူတိုင်း ရုန်းကန်နေကြရတဲ့အချိန်မှာ၊ တိရစ္ဆာန်အသေကောင်တစ်ကောင်ကို ကြည့်ကျက်မြှုပ်လိုက်ပါရယ်လို့ ဖုန်းလေးတစ်ချက် ဆက်ပြီး ခေါ်ယူနိုင်တဲ့အခြေအနေမျိုးမှ မဟုတ်တော့ပဲ။ အချိန်ကလည်း နွေခေါင်ခေါင်၊ ဒီတော့လည်း အသေကောင်တွေဟာ အချိန်မဆိုင်းဘဲ အလျင်အမြန် ပုပ်သိုးလာနေတယ်။ အခုအချိန်မှာတောင် ယင်မဲရိုင်းကြီးတွေ အုပ်စုလိုက် ချီတက်လာနေကြပြီ။ အကောင်းဆုံးနည်းလမ်းကတော့ မြေမြှုပ်ပစ်လိုက်တာပဲ ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ တိရစ္ဆာန်ရုံမှာ လက်နက်ကိရိယာ အစုံအလင်ရှိနေတာတောင် ဒါက သိပ်ကို ကြီးလေးတဲ့လုပ်ငန်းပဲ။ အခုလို လက်နက်ကိရိယာရှားပါးနေတဲ့အချိန်မျိုးမှာတော့ ဒီတိရစ္ဆာန် အသေကောင်တွေ အားလုံးကို မြေမြှုပ်ပစ်နိုင်တဲ့ တွင်းတွေ တူးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးဆိုတာ ထင်ရှားတယ်။ တရုတ်အလုပ်သမားတွေက တိကုဆရာဝန်ကို ပြောတယ်။

“ဒေါက်တာ့အနေနဲ့ ဒီအသေကောင်တွေအားလုံးကို ကျွန်တော်တို့ဆီအပ်လိုက်ရင်၊ ကျွန်တော်တို့က အားလုံးတာဝန်ယူလိုက်ပါ့မယ်။ ဒီကိစ္စကို ဘယ်နေရာမှာ လုပ်ရမယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ ဒါတွေအားလုံးကို မြို့ပြင်ကို ဆွဲထုတ်သွားပြီး တစ်စမကျန် ရှင်းလင်း ပစ်လိုက်ပါ့မယ်။ ဒေါက်တာ့ကို ပြဿနာမဖြစ်စေရပါဘူး။ ဒါပေမဲ့ သားရေတွေနဲ့ အသားတွေကိုတော့ ကျွန်တော်တို့ကို ယူခွင့်ပေးပေါ့။ အထူးဖြင့် ၀က်ဝံသားဆိုရင် လူတိုင်း လိုချင်ကြတာပဲ။ ၀က်ဝံနဲ့ ကျားတွေရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေက ဆေးဖက်ဝင်တယ်လေ၊ ဈေးကောင်းလည်း ရတယ်။ အခုတော့ အတော်လေး နောက်ကျသွားပြီဆိုပေမယ့်၊ ဒေါက်တာတို့အနေနဲ့ ခေါင်းကိုပဲ ချိန်ပစ်ခဲ့ရင် အတော်လေးကောင်းမှာ။ အဲဒီလိုသာဆို သားရေတွေက ဒီထက်ပိုပြီး အများကြီး ဈေးကောင်းရမှာ။ ဒီစစ်သားတွေက အပျော်တမ်းစစ်သားတွေပါ။ အစကတည်းက ဒီကိစ္စကို ကျွန်တော်တို့ကိုသာ တာဝန်ပေးခဲ့ရင် အခုလို ဗြုတ်စဗျင်းတောင်း ဘယ်ဖြစ်လိမ့်မလဲ”

တိကုဆရာဝန်က ကမ်းလှမ်းချက်ကို သဘောတူလိုက်တယ်။ သူ့မှာလည်း ရွေးစရာမရှိပဲ။ တကယ်တမ်းကျတော့လည်း ဒါဟာ သူတို့ရဲ့ တိုင်းပြည်ပဲလေ။ သိပ်မကြာခင်မှာပဲ တရုတ်ဆယ်ယောက်လောက် ရောက်လာတယ်၊ ဗလာကျင်းနေတဲ့ လှည်းကလေးတွေ သူတို့နောက်မှာဆွဲလို့။ ကုန်လှောင်ရုံထဲမှာ ပုံထားတဲ့ တိရစ္ဆာန်အသေကောင်တွေကို ဆွဲထုတ်တယ်၊ လှမ်းတွေပေါ် စီတင်တယ်၊ ကြိုးနဲ့တုပ်တယ်၊ ပြီးတော့ မြက်ဖျာတွေနဲ့ အပေါ်က အုပ်ပြီး ဖုံးလိုက်တော့တယ်။ ဒီလိုတွေလုပ်နေတဲ့ တစ်ချိန်လုံး သူတို့တစ်ဦးနဲ့တစ်ဦး စကားတစ်လုံးတောင် မပြောကြဘူး။ ခံစားချက်ကင်းမဲ့တဲ့ မျက်နှာတွေနဲ့ပဲ။ လှည်းတွေပေါ်တင်လို့ ပြီးတဲ့အခါမှာတော့ တစ်နေရာကိုဦးတည်ပြီး ဆွဲသွားတော့တယ်။ ခနော်ခနဲ့ လှည်းတွေကတော့ တိရစ္ဆာန်တွေရဲ့ အလေးချိန်ကို ထမ်းထားရလို့ တကျွီကျွီနဲ့။ တိရစ္ဆာန်ရုံထဲမှာ ကျန်ခဲ့တာကတော့ သန့်ရှင်းနေတဲ့ လှောင်အိမ်အလွတ်တွေချည်းပဲ ရှိတော့တယ်။ သောကမပြယ်နိုင်သေးတဲ့ မျောက်တွေကတော့ နားမလည်နိုင်တဲ့ မာဂဓဘာသာစကားနဲ့ တစ်ကောင်နဲ့တစ်ကောင် အော်မြည်ပြောဆိုနေကြတုန်းပဲ။ ခွေးတူဝက်တူတွေကတော့ သူတို့ရဲ့ လှောင်အိမ်ကျဉ်းလေးထဲကနေ ရှေ့ဆီနောက်ဆီ တွန်းထိုးနေတယ်။ ငှက်တွေက အတောင်တွေကို ဂမူးရှူးထိုးနဲ့ တဗြန်းဗြန်းခတ်လို့ သူတို့အမွှေးတွေက ပတ်ဝန်းကျင်ကလေထဲကို တဖွားဖွားလွင့်စင်နေတယ်။ တစ်ဆက်တည်း၊ ပုရစ်တွေကလည်း စိတ်ညစ်ညူးစရာ ဆက်လက်အော်မြည်နေကြတုန်းပဲ။


ဒီကမ္ဘာကြီးဟာ ဒလက်နဲ့ ပတ်ချာလှည့်ဝင်ရတဲ့ တံခါးပေါက်တစ်ခုလို ဖြစ်ချင်ဖြစ်မယ်လို့ သူ့စိတ်ထဲမှာ ပေါ်နေတယ်။ ဘယ်အပိုင်းကို ရောက်မယ်ဆိုတာက ကိုယ့်ခြေထောက် ကျသွားတဲ့ နေရာနဲ့ပဲ သက်ဆိုင်လိမ့်မယ်။ ဒီဘက်အပိုင်းမှာတော့ ကျားတွေပေါ့၊ ဒါပေမဲ့ အခြားတစ်ဖက်မှာတော့ ကျားတွေ မဟုတ်တော့ဘူး။ ဒီလောက်ကို ရိုးရှင်းတာမျိုး ဖြစ်ချင်ဖြစ်မယ်။ ပြီးတော့ အပိုင်းတစ်ခုကနေ တစ်ခုဆီကို ယုတ္တိကျတဲ့ ဆက်သွယ်ချက်မျိုးလည်း ရှိချင်မှရှိမှာ။


သတ်ဖြတ်တဲ့ကိစ္စ လက်စသတ်လို့ စစ်သားတွေ ရုံးချုပ်ကို ပြန်သွားချိန်မှာ၊ နောက်ဆုံးကျန်တဲ့ တရုတ်အလုပ်သမားနှစ်ယောက် တိရစ္ဆာန်အသေကောင်တွေ တင်ထားတဲ့ လှည်းတွေဆွဲပြီး မြင်ကွင်းက ပျောက်ကွယ်သွားချိန်မှာတော့ တိရစ္ဆာန်ရုံဟာ ပရိဘောဂမရှိတဲ့ အိမ်အလွတ်တစ်လုံးလို ဟာလာဟင်းလင်း ကျန်ရစ်တယ်။ ရေမရှိတဲ့ ရေပန်းရဲ့ အနားကွပ်ဘောင်ပေါ်မှာ ထိုင်ပြီး ကောင်းကင်ဆီမော့လို့ တိကုဆရာဝန်ဟာ အဲဒီမှာ မျောနေတဲ့ စူးရှတဲ့ထောင့်စွန်းတွေနဲ့ တိမ်စိုင်တစ်အုပ်ကို ငေးကြည့်နေမိတယ်။ အိတ်ကပ်ထဲကနေ ချွေးနဲ့စိုထိုင်းနေတဲ့ စီးကရက်ဘူးကို ထုတ်ယူပြီး စီးကရက်တစ်လိပ်ကို နှုတ်ခမ်းမှာတေ့လို့ မီးခြစ်ဆံကို ဆွဲခြစ်လိုက်တယ်။ မီးညှိနေချိန်မှာပဲ သူ့လက်တွေ တုန်ရီနေတာကို သူသိလိုက်တယ်။ ဘယ်လောက်တောင် တုန်နေသလဲဆိုရင် မီးခြစ်ဆံ သုံးခုမြောက်မှ သူ မီးညှိလိုက်နိုင်တယ်။ ဒါပေမဲ့ တစ္ဆေခြောက်ခံရလောက်တဲ့ စိတ်ဒဏ်ရာတစ်ခု ရသွားခဲ့တာမျိုးတော့မဟုတ်ဘူး။ သူ့မျက်စိရှေ့မှာတင် တိရစ္ဆာန်ပေါင်း မြောက်မြားစွာ တခဏလေးအတွင်း သုတ်သင်ရှင်းလင်းခံလိုက်ရတယ်။ ဒါနဲ့တောင် မဖော်ပြနိုင်တဲ့ အကြောင်းရင်းတစ်ခုကြောင့် ထိတ်လန့်တုန်လှုပ်မှု၊ ဒါမှမဟုတ် ၀မ်းနည်းမှု၊ ဒါမှမဟုတ် ဒေါသလိုမျိုး ခံစားချက်တစ်ခုခု သူ့ဆီမှာ ခံစားမနေရဘူး။ တကယ်တော့ သူ ဘာမျှကို မခံစားရတာ။

သူ့မှာ ဖြစ်နေတာက ကြောက်ခမန်းလိလိ ဝေခွဲမရဖြစ်နေတဲ့ စိတ်အခြေအနေတစ်ခုပဲ။ သူ့ခံစားချက်ကို အမျိုးအမည်တပ်နိုင်ဖို့ ကြိုးစားရင်းပဲ စီးကရက်က လွင့်ပျံတက်သွားတဲ့ မီးခိုးလှိုင်းလေးတွေကို သူငေးကြည့်နေမိတယ်။ သူ့ပေါင်ပေါ်မှာ မှေးတင်ထားတဲ့ လက်တွေကို ငေးကြည့်ရင်း၊ ကောင်းကင်ယံက တိမ်စိုင်တွေကို နောက်တစ်ခါ ပြန်ကြည့်လိုက်တယ်။ သူမြင်နေရတဲ့ ကမ္ဘာလောကကြီးကတော့ အမြဲတမ်း ရှိနေခဲ့သလိုပါပဲ။ ဒါပေမဲ့လည်း မကြာခင်ကအထိ သူသိခဲ့တဲ့ ကမ္ဘာကြီးထက် လုံးဝခြားနားတဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်သွားသင့်တာမျိုး မဟုတ်ဘူးလား။ တကယ်တမ်းကျတော့၊ အခုလောလောဆယ် သူ့ကို ချီ,မထားတဲ့ ကမ္ဘာကြီးဟာ ၀က်ဝံတွေ၊ ကျားတွေ၊ ကျားသစ်တွေနဲ့ ၀ံပုလွေတွေကို သုတ်သင် ရှင်းလင်းပစ်လိုက်တဲ့ ကမ္ဘာကြီးလေ။ အဲဒီတိရစ္ဆာန်တွေဟာ ဒီမနက်မှာတင် တည်ရှိနေကြသေးတယ်၊ ဒါပေမဲ့ အခု ညနေလေးနာရီအချိန်မှာတော့ တည်ရှိနေခြင်းအဖြစ်က ရပ်ဆိုင်းသွားရပြီ။ သူတို့ကို စစ်သားတွေက အစုလိုက် အပြုံလိုက် သတ်ပစ်လိုက်ကြတယ်၊ ပြီး သူတို့ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကိုတောင် အစအနမျှ မတွေ့ရတော့ဘူး၊ မီးခလုတ်ပိတ်လိုက်လို့ ဖျပ်ခနဲငြိမ်းသွားသလိုပဲ။

ဒီလိုမတူခြားနားတဲ့ ကမ္ဘာနှစ်ခုကြားမှာ သီးခြားဝိသေသရှိတဲ့ ကွာဟချက်တစ်ခု ရှိသင့်တာမျိုးမဟုတ်ဘူးလား။ ဟိုကမ္ဘာမှာက ကျားတွေ တည်ရှိနေပြီ၊ ဒီကမ္ဘာမှာ ကျားတွေ တည်ရှိမနေတော့ဘူးလေ။ ဒါဟာ သူ့အတွက်တော့ အတော်လေးအရေးပါတဲ့ ခြားနားမှုပဲ၊ ရှင်ချင်းတိရစ္ဆာန်ရုံရဲ့ တိကုဆရာဝန်ချုပ်အနေနဲ့ရော ဒီတိရစ္ဆာန်ရုံ ဖွင့်စကတည်းက ဒီတိရစ္ဆာန်တွေကို ကြည့်ရှုစောင့်ရှောက်ခဲ့တဲ့ လူတစ်ဦးအနေနဲ့ပါပေါ့။ ဒီကွာဟချက်ဟာ သူကိုယ်တိုင်တည်ရှိနေမှုရဲ့ ဒေါက်တိုင်တွေကို လှုပ်ရမ်းပစ်လိုက်နိုင်တဲ့အထိ ကျယ်ပြန့်တယ်။ သူပဟေဠိအဖြစ်ရဆုံးကတော့ သူ့အတွင်းထဲမှာ ခံစားချက်ဆိုတဲ့အရာ ပျောက်ကွယ်နေတာပဲ၊ ဒါကို သူ မကြုံဖူးဘူး။ အရမ်းပင်ပန်းနွမ်းနေပြီဆိုတာကို ရုတ်တရက်ပဲ သူသိလာတယ်။ မနေ့ညကလည်း တစ်ညလုံး သူ မအိပ်ရသေးဘူး။ တစ်နေရာရာမှာ သစ်ပင်ရိပ်လေးများ ရှာတွေ့ရင် ဘယ်လောက် ကောင်းလိမ့်မလဲလို့ သူတွေးမိတယ်၊ ခဏတဖြုတ်လောက်ပဲဖြစ်ဖြစ် ကျောဆန့်ပြီး အိပ်လိုက်မယ်။ အတွေးတွေ ရပ်တန့်သွားအောင်၊ အသိစိတ် ပျောက်ကွယ်ပြီး တိတ်ဆိတ်နေတဲ့ အမှောင်ထုထဲ နစ်မြှုပ်သွားရအောင်။ နာရီကို သူ လှမ်းကြည့်လိုက်တယ်။ အသက်ရှင်နေသေးတဲ့ တိရစ္ဆာန်တွေအတွက် အစာလုံလောက်အောင် သူလုပ်ရဦးမယ်၊ အဖျားတက်နေတဲ့ ဘာဘွန်းမျောက်ကြီးကို သူ ပြုစုရဦးမယ်။ သူ့မှာလုပ်စရာပေါင်း သောင်းခြောက်ထောင်ရှိနေသေးတယ်။ အခုချိန်ကစလို့ ဒီတိရစ္ဆာန်ရုံကို သူ့ခြေသူ့လက် သက်သက်နဲ့ မောင်းနှင်ရတော့မယ်၊ ဘယ်အချိန်အထိလဲ ဆိုတာတော့ ဘယ်သူသိပါ့မလဲ။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ အဲဒီအရာအားလုံးထက် သူ့အနေနဲ့ အိပ်ဖို့ပဲ လိုနေတယ်။ နောင်ခါလာတဲ့ ကိစ္စတွေကို နောင်ခါကျမှပဲ သူ စဉ်းစားတော့မယ်။

ရေပန်းအနားကွပ်ကနေ တိကုဆရာဝန်က မတ်တပ်ရပ်လိုက်ပြီး အနားက သစ်ပင်အုပ်ထဲကို လမ်းလျှောက်လာလိုက်တယ်။ သူ့ကို ဘယ်သူမျှ သတိမထားမိလောက်တဲ့ မြက်ခင်းပေါ်ရောက်တဲ့အခါ ကျောဆန့်ချလိုက်တယ်။ အရိပ်ရတဲ့နေရာက မြက်ပင်တွေကတော့ အေးစက်ညက်ညောတဲ့ အသိကို ပေးနေတယ်။ မြေသင်းနံ့က ကလေးဘ၀က တစ်နှစ်တခြိုက် သူရခဲ့ဖူးတဲ့ ရနံ့မျိုး။ သူ့မျက်နှာနားမှာ မန်ချူးပိုးနှံကောင်ကြီးလေးငါးကောင် တဒီးဒီးမြည်ပြီး ရစ်ဝဲနေတယ်။ နေရာမှာလှဲနေရင်းပဲ သူက စီးကရက်နောက်တစ်လိပ်ကို မီးညှိလိုက်တယ်။ ဒီတစ်ကြိမ်တော့ သူ့လက်တွေ ဆိုးဆိုးရွားရွား တုန်မနေတော့လို့ စိတ်သက်သာရာ ရမိသွားတယ်။ မီးခိုးငွေ့တွေကို အဆုတ်ထဲထိ ရောက်အောင် ရှိုက်သွင်းရင်း၊ လတ်လတ်ဆတ်ဆတ် သတ်ပြီးခါစ တိရစ္ဆာန်တွေကို အရေခွံခွာပြီး ခုတ်ထစ်ဖြတ်တောက်နေမယ့် တရုတ်တွေကို သူ စိတ်ကူးနဲ့ပုံဖော်ကြည့်မိတယ်။ အဲဒီလို အလုပ်မျိုး လုပ်နေကြတဲ့လူတွေကို ဒီမှာ သူ မကြာခဏ မြင်ခဲ့ဖူးပါတယ်၊ ဘယ်တော့မှ ပစ်စလတ်ခတ် မလုပ်ကြဘူးဆိုတာ သူသိနေတယ်။ ခဏတွင်းချင်းပဲ တိရစ္ဆာန်တစ်ကောင်ဟာ အသားသက်သက်၊ အရေခွံသက်သက်၊ ကလီစာသက်သက်၊ အရိုးသက်သက် အဆင့်ဆီ လျှောကျသွားလိမ့်မယ်။ အဲဒီအစိတ်အပိုင်းတစ်ခုစီဟာ နဂိုကတည်းက သက်သက်စီဖြစ်နေကြပြီး ခဏတဖြုတ် မတော်တဆလာပြီး အတူတကွစုပြုံနေထိုင်ခဲ့ကြသလိုပဲ။ ငါတရေးနိုး ပြန်ထလာရင်တော့ အဲဒီအစိတ်အပိုင်းတွေဟာ ဈေးထဲကို ရောက်နေကြမှာ ကျိန်းသေပဲလို့ သူတွေးမိတယ်။ ဒါဟာ လျင်မြန်ထိရောက်တဲ့ အမှန်တရားပဲ။ မြက်တစ်ဆုပ်ကို သူက ဆွဲနုတ်လိုက်ပြီး နူးညံ့တဲ့အထိအတွေ့နဲ့ ခဏလောက် ဆော့ကစားနေလိုက်တယ်။ ပြီးတော့ စီးကရက်ကို ချေလိုက်ပြီး သက်ပြင်းလေးလေးတစ်ခုနဲ့ အဆုတ်ထဲက မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်တော့တယ်။ သူမျက်စိမှိတ်လိုက်တဲ့အခါမှာတော့ ပိုးနှံကောင်တွေရဲ့ တောင်ပံခတ်သံတွေက အများကြီးပို ကျယ်လောင်လာသလိုပဲ။ ဖားပြုတ်ကြီးတစ်ကောင်လောက်ရှိတဲ့ ပိုးနှံကောင်ကြီးတွေ သူ့အနီးအနားမှာ ခုန်ပျံကျော်လွှားနေကြတယ်လို့ပဲ တိကုဆရာဝန်ရဲ့စိတ်ထဲမှာ ခံစားမိတော့တယ်။ အသိစိတ်တွေ သူ့ဆီက တဖြည်းဖြည်း လွင့်ကွာနေတဲ့အချိန်မှာပဲ ဒီကမ္ဘာကြီးဟာ ဒလက်နဲ့ ပတ်ချာလှည့်ဝင်ရတဲ့ တံခါးပေါက်တစ်ခုလို ဖြစ်ချင်ဖြစ်မယ်လို့ သူ့စိတ်ထဲမှာ ပေါ်နေတယ်။ ဘယ်အပိုင်းကို ရောက်မယ်ဆိုတာက ကိုယ့်ခြေထောက် ကျသွားတဲ့ နေရာနဲ့ပဲ သက်ဆိုင်လိမ့်မယ်။ ဒီဘက်အပိုင်းမှာတော့ ကျားတွေပေါ့၊ ဒါပေမဲ့ အခြားတစ်ဖက်မှာတော့ ကျားတွေ မဟုတ်တော့ဘူး။ ဒီလောက်ကို ရိုးရှင်းတာမျိုး ဖြစ်ချင်ဖြစ်မယ်။ ပြီးတော့ အပိုင်းတစ်ခုကနေ တစ်ခုဆီကို ယုတ္တိကျတဲ့ ဆက်သွယ်ချက်မျိုးလည်း ရှိချင်မှရှိမှာ။ ဒီလို ယုတ္တိကျတဲ့ ဆက်သွယ်ချက် ကင်းမဲ့နေတဲ့ အကြောင်းရင်းကြောင့်ပဲ ရွေးချယ်မှုတွေဟာ ဘာမျှတော့ သိပ်အရေးမပါလှတော့ဘူး။ ဒါကပဲ ကမ္ဘာတစ်ခုနဲ့ တစ်ခုကြားက ကွာဟချက်ကို သူခံစားမရဖြစ်နေတဲ့ အကြောင်းရင်း မဟုတ်ဘူးလား။ ဒါပေမဲ့လည်း ဒါတွေက သူ့အတွေးခရီးဆန့်နိုင်တဲ့ ပမာဏထက် အများကြီးပိုဝေးကွာနေတယ်။ ရေတွေရွှဲနစ်နေတဲ့ ခြုံစောင်တစ်ခုလို ပင်ပန်းနွမ်းနယ်မှုက သူ့ကိုယ်ခန္ဓာကို လေးလံပြီး အသက်ရှူကြပ်လောက်အောင် လွှမ်းခြုံထားတယ်။ အတွေးတွေလည်း ရပ်တန့်သွားတယ်၊ သူ အဲဒီနေရာမှာ လဲလျောင်းနေရုံ သက်သက်ပဲ ရှိတော့တယ်။ မြက်ပင်တွေရဲ့ ရနံ့ကို ရှူသွင်းရင်း၊ ပိုးနှံကောင်တွေရဲ့ တောင်ပံခတ်သံကို နားဆင်ရင်း၊ ပြီးတော့ သူ့ကို လွှမ်းခြုံထားတဲ့ သစ်ပင်ရိပ်ရဲ့ နက်ရှိုင်းလှတဲ့ အလွှာပါးတွေကို သူ့အရေပြားကတဆင့် ခံစားရင်းပေါ့။ နောက်ဆုံးမှာတော့ သူ့စိတ်အာရုံတစ်ခုလုံးဟာ နက်ရှိုင်းတဲ့ နေ့လယ်ခင်းအိပ်မောထဲ နစ်မျောသွားတော့တယ်။


အမိန့်အတိုင်း ခရီးသည်တင်သင်္ဘောက စက်သတ်လိုက်တယ်၊ မကြာခင်မှာပဲ သင်္ဘောကြီးဟာ ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ရပ်တန့် ငြိမ်သက်နေတော့တယ်။ ရေငုတ်သင်္ဘောရဲ့ ကုန်းပတ်ပေါ်က သေနတ်နဲ့ စက်သေနတ်တွေကတော့ ခရီးသည်တင်သင်္ဘောဆီ ချိန်ထားတုန်းပဲ၊ ရေတပ်သားတွေကလည်း တိုက်ခိုက်ဖို့အတွက် အသင့်အနေအထားနဲ့။ ဒါနဲ့တောင် ထူးဆန်းတဲ့ သက်ငြိမ်မှုတစ်ခုက သင်္ဘောနှစ်စင်းကြားမှာ ရစ်ဝဲနေတယ်။ ရေငုတ်သင်္ဘောပေါ်က လူတွေဟာ ကုန်းပတ်ပေါ်မှာ အလုံးစုံမြင်သာအောင် ရပ်နေကြတယ်။ သတ်ဖြတ်ဖို့ အရှိန်ယူနေသလို အငွေ့အသက်မျိုးနဲ့ စီတန်းရပ်ပြီး ခရီးသည်တင်သင်္ဘောဆီ မမှိတ်မသုန် စိုက်ကြည့်နေကြတယ်။ သူတို့ထဲက အများစုက စစ်ဦးထုတ်ဆောင်းဖို့တောင် အလုပ်ရှုပ်မခံတော့ဘူး။ အဲဒီ နွေနေ့လယ်ခင်းမှာ လေမတိုက်သလောက်ပဲ၊ အခုလို သင်္ဘောနှစ်စီးလုံး စက်သတ်လိုက်တဲ့အချိန်မှာ သင်္ဘောဝမ်းတွေဆီက ညင်သာတဲ့ လှိုင်းပုတ်သံတွေကိုပဲ ကြားနေရတယ်။ ခရီးသည်တင် သင်္ဘောက ရေငုတ်သင်္ဘောဆီကို အချက်လှမ်းပြလိုက်တယ်။ “ကျွန်တော်တို့ဟာ အရပ်သားတွေကိုချည်း တင်ဆောင်လာတဲ့ ခရီးသည်တင် သင်္ဘောပါ။ သင်္ဘောပေါ်မှာ လက်နက်ခဲယမ်းရော၊ စစ်ဘက်ဝင်ရော တစ်ဦးတစ်ယောက်မျှ မပါပါဘူး။ အသက်ကယ်လှေလည်း အနည်းငယ်ပဲ ရှိပါတယ်”။ အဲဒီ အချက်ပြမှုကိုတော့ ရေငုတ်သင်္ဘောက ခပ်ပြတ်ပြတ်ပဲ တုံ့ပြန်တယ်။ “ဒါ ငါတို့ကိစ္စမဟုတ်ဘူး။ အသက်ကယ်လှေပေါ် ဆင်းရင်ဆင်း မဆင်းရင်နေ၊ နောက်ဆယ်မိနစ်တိတိမှာ ပစ်ခတ်မှုစမယ်” တဲ့။

သင်္ဘောနှစ်စီးကြား အချက်ပြမက်ဆေ့ဂ်ျတွေ ရပ်ဆိုင်းသွားတယ်။ ခရီးသည်တင်သင်္ဘောရဲ့ ကပ္ပတိန်က ဒီသတင်းပို့ချက်ကို ခရီးသည်တွေဆီ အသိမပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ပေးတော့ရော ဘာထူးမှာလဲ။ သူတို့ထဲက လူအနည်းငယ်တော့ အသက်ရှင် ကျန်ရစ်လောက်အောင် ကံကောင်းကြလိမ့်မယ်။ ဒါပေမဲ့ အများစုကတော့ ဒီသေမင်းတမန် အ၀တ်လျှော်စက်ကြီးနဲ့အတူ ပင်လယ်ကြမ်းပင်ကို ဒရွတ်ဆွဲနစ်မြုပ်သွားကြတော့မှာ အသေအချာပဲ။ ကပ္ပတိန်က နောက်ဆုံးအရက် တစ်ငုံလောက် တောင့်တမိလိုက်တယ်၊ ဒါပေမဲ့ ၀ီစကီပုလင်းက အိပ်ခန်းထဲက စားပွဲပေါ်မှာ၊ သွားယူဖို့ အချိန်မရှိတော့ဘူး။ သူက ဦးထုပ်ကိုချွတ်ပြီး ကောင်းကင်ဆီ မော့ကြည့်လိုက်တယ်။ မျက်လှည့်ပြလိုက်သလို ကောင်းကင်ယံကနေ ဂျပန်တိုက်လေယာဉ်တွေ တပ်စိတ်တစ်ခု ရုတ်တရက် ပေါ်လာမလားလို့ သူ မျှော်လင့်မိလိုက်သေးတယ်။ ဒါပေမဲ့ အဲဒီနေ့ကတော့ မျက်လှည့်ပြပွဲလာမယ့် နေ့တစ်နေ့ မဟုတ်ဘူးနဲ့တူတယ်။ မာလိန်မှူးက ၀ီစကီဆီကို အတွေးရောက်သွားမိပြန်တယ်။


အချိန်ဆယ်မိနစ် ကုန်ဆုံးပြီးတော့ ရေငုပ်သင်္ဘော ကုန်းပတ်ဆီက လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။ ပယ်ရီစကုပ်နားမှာ ရပ်နေတဲ့ အရာရှိတွေကြား ကသောကမြော အပြန်အလှန်ပြောဆိုနေကြပုံပဲ။ ပြီးတော့ အရာရှိတစ်ဦးက ရေငုတ်သင်္ဘောရဲ့ ပင်မကုန်းပတ်ဆီကို အပြေးအလွှားဆင်းသွားပြီး အဲဒီက တပ်သားတွေကြားမှာ အလုပ်ရှုပ်နေတယ်၊ အမိန့်တစ်မျိုးမျိုးကိုလည်း အော်ဟစ်နေသေးတယ်။ သူ သွားတဲ့နေရာတစ်လျှောက်လုံး စက်သေနတ်တွေနောက်က လူတွေတ၀ိုက်မှာ ရေပွက်ကလေးတွေထသွားတယ်။ သင်္ဘောသားတစ်ယောက်က သူ့ခေါင်းကို ဟိုဘက်ဒီဘက် လှည့်ပြီး ကုန်းပတ်ပေါ်က သေနတ်ပြောင်းကို လက်သီးဆုပ်နဲ့ ထုနေတယ်။ တခြားတစ်ယောက်က သူ့စစ်ဦးထုပ်ကို ချွတ်ပြီး ကောင်းကင်ပေါ်မော့ကြည့်နေတယ်။ သူ့ရဲ့ အမူအရာကတော့ ဒေါသ၊ ဒါမှမဟုတ် ပျော်ရွှင်မှု၊ ဒါမှမဟုတ် မကျေမနပ်၊ ဒါမှမဟုတ် စိတ်လှုပ်ရှားနေတာမျိုး တစ်ခုခုပဲ။ ခရီးသည်တင်သင်္ဘောပေါ်က လူတွေကတော့ ဘာတွေဖြစ်နေသလဲ၊ သူတို့ ဘာဖြစ်တော့မလဲဆိုတာကို အသေအချာ မပြောနိုင်ဘူး။ အစီအစဉ်မရှိတဲ့ ပြဇာတ်တစ်ပုဒ်ကို ပရိသတ်အနေနဲ့ ထိုင်ကြည့်နေရသလိုပဲ၊ ဘာလုပ်နေသလဲဆိုတာ သဲလွန်စလေး တစ်ခုခုများ ရမလားလို့ သင်္ဘောသားတွေရဲ့ လှုပ်ရှားမှုတစ်ခုချင်းစီကို တစ်ခုမျှမလွတ်ရအောင် မျက်ခြေမပြတ် ရင်တမမနဲ့ စောင့်ကြည့်နေကြတယ်။ နောက်ဆုံးမှာတော့ သင်္ဘောသားတွေဆီက ဝေခွဲမရတဲ့ လှုပ်ရှားမှုတွေဟာ တဖြည်းဖြည်း ပိုမိုရှင်းလင်းလာတယ်။ အရာရှိရဲ့ အမိန့်နဲ့အတူ ကုန်းပတ်သေနတ်တွေဆီက ကျည်ဆန်တွေကို ခက်ခက်ခဲခဲ ပြန်ထုတ်လိုက်ကြတယ်။ လူတွေဟာ ထူးထူးဆန်းဆန်း လှုပ်ရှားမှုတွေနဲ့ သေနတ်ပြောင်းကို ခရီးသည်တင်သင်္ဘောဆီက ဖယ်ရှားလိုက်ပြီး တဖြည်းဖြည်းနဲ့ သင်္ဘောဘက်ဆီကို တည့်တည့်ပြန်ချိန်ထားလိုက်ပြန်တယ်။ ပြီးတော့ မထေမဲ့မြင်ဟန်နဲ့ မှောင်မဲနေတဲ့ သေနတ်ပြောင်းဝရဲ့ အဖုံးကို ပိတ်လိုက်ကြတယ်။ ကျည်ဆန်တွေဟာ ကုန်းပတ်ပေါ်ကို ပြန်ရောက်လာတယ်၊ ပြီးတော့ သင်္ဘောသားတွေဟာ ရေငုတ်သင်္ဘောရဲ့ လူထွက်ပေါက်အ၀ိုင်းတွေဆီ ပြန်ပြေးကြတယ်။ သူတို့ရဲ့ အစလှုပ်ရှားပုံနဲ့ ပြောင်းပြန်ပဲ အခုတော့ လှုပ်ရှားမှုအားလုံးကို တိတိကျကျ လျင်လျင်မြန်မြန် ပြုလုပ်နေကြတယ်။ အပိုအလိုမရှိ၊ အချင်းချင်းစကားပြောခြင်းလည်း မရှိဘူး။


ခရီးသည်တချို့ဟာ သူတို့ရပ်နေတဲ့ ကုန်းပတ်ပေါ်မှာပဲ အပုံလိုက် ပစ်လဲကုန်ကြပြီး၊ ဆွဲဆွဲငင်ငင် ငိုကြွေးတယ်။ အများစုကတော့ ငိုတာရယ်တာတောင် မလုပ်နိုင်ကြတော့ဘူး။ နာရီအတော်များများ ကြာအောင်၊ တချို့ဆိုရင် ရက်တွေချီကြာအောင်၊ ကြောင်နေတဲ့ အခြေအနေမျိုး ဖြစ်သွားတယ်။ ကောက်ကျစ်တဲ့ ရှည်လျားအိပ်မက်ဆိုးကြီး တစ်ခုက သူတို့ အဆုတ်တွေ၊ နှလုံးသားတွေ၊ ဦးနှောက်နဲ့ သားအိမ်တွေထဲထိ အကြင်နာမဲ့စွာ ထိုးဖောက်သွားခဲ့တယ်။


ရေငုတ်သင်္ဘောရဲ့ အင်ဂျင်က ရုတ်တရက် အော်မြည်ပြီး နိုးသွားတယ်။ တစ်ဆက်တည်းလိုလိုပဲ အရေးပေါ်မီးလင်းသွားပြီး ငုတ်လျှိုးခြင်းဆိုတဲ့ အချက်ပြကုတ် တက်လာတယ်။ ရေငုတ်သင်္ဘောက ရှေ့ဆီကို ရွေ့လျားသွားတယ်၊ ခဏလောက်ကြာတော့ ဦးစွန်းကို အောက်ဆီ ငုပ်သွားပြီး အဖြူရောင် ရေမွှာတွေကို ရေပြင်ပေါ်မှာ ချန်ရစ်တယ်၊ လူတွေအားလုံး အထဲဝင်ပြီးလို့ အဖုံးပိတ်ဖို့တောင် စောင့်ဖို့တောင် စိတ်မရှည်တော့သလိုပဲ။ ကျဉ်းမြောင်းတဲ့ ကုန်းပတ်ဟာ ဦးကနေ ပဲ့ဆီကို ပင်လယ်ရေမွှာတွေဖြစ်အောင် ထိုးခွဲလိုက်ပြီး အောက်ဆီကို စတင်နစ်မြုပ်သွားတယ်၊ လူကြည့်စင်က အောက်ဆီကို တဖြည်းဖြည်းမြုပ်နေပြီး ရေပြာတွေကို ခပ်ပြင်းပြင်းထိုးခွဲနေတယ်၊ နောက်ဆုံးတော့ အာရုံခံတိုင်တွေနဲ့ ပယ်ရီစကုပ်တို့ပါ မြင်ကွင်းက ပျောက်ကွယ်သွားတယ်၊ ဒီနေရာမှာ မကြာသေးခင်ကပဲ တစ်ခုခုရှိခဲ့တယ်ဆိုတဲ့ သဲလွန်စအစအနအားလုံးကို ဖျောက်ပြီး လုံးလုံးပျောက်ကွယ်သွားတော့တယ်။

ခရီးသည်တင်သင်္ဘောက လူတွေကတော့ ရေပြင်ကြီးကို ငေးကြည့်ရင်း ကျောက်ရုပ်တွေလို ရပ်နေကြတယ်။ ချောင်းတစ်ချက်မဟန့် ခြေတစ်ချက်မလှုပ်ဘဲ ရပ်နေကြတယ်။ မာလိန်မှူးက သတိပြန်ဝင်လာပြီး သင်္ဘောသားတစ်ယောက်ကို အမိန့်ပေးလိုက်တော့ သူက အင်ဂျင်ခန်းဆီကို သတင်းလှမ်းပို့တယ်။ အကြာကြီး ဖွတ်ချက်ဖွတ်ချက် ဖြစ်နေပြီးတဲ့နောက်မှာ အိုမင်းလှတဲ့ အင်ဂျင်က သခင်က ပိတ်ကန်လိုက်လို့ နိုးလာတဲ့ ခွေးကလေးတစ်ကောင်လို နိုးလာတယ်။ ခရီးသည်တင်သင်္ဘောဆီက သင်္ဘောသားတွေကတော့ အသက်ရဲရဲ မရှူဝံ့သေးဘူး၊ တော်ပီဒိုနဲ့ ပစ်မလားဆိုပြီး ရင်တမမဖြစ်နေကြတယ်။ အမေရိကန်တွေဟာ သူတို့ အစီအစဉ်ကို ပြောင်းလိုက်တာ ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် သင်္ဘောတစ်စီးကို တော်ပီဒိုနဲ့ပစ်မြှုပ်တာက ကုန်းပတ်စက်သေနတ်တွေနဲ့ တည့်တည့်ချိန်ပြီး၊ အချိန်အကြာကြီး ပစ်မြှုပ်နေရတာထက် အများကြီးပို မြန်မယ်လို့ ဆုံးဖြတ်လိုက်တာမျိုးလား။ သင်္ဘောက တတ်နိုင်သမျှ ဘယ်ညာယိမ်းပြီး မောင်းနှင်နေတယ်၊ ကပ္ပတိန်နဲ့ ရေကြောင်းညွှန်မှူးတို့က မှန်ပြောင်းတွေနဲ့ ပင်လယ်ရေမျက်နှာပြင်ကို သေမင်းတမန် တော်ပီဒိုဖြူဖြူကြီးများ တွေ့မလား စိုးရိမ်တကြီး စောင့်ကြည့်နေကြတယ်။ ဒါပေမဲ့ တော်ပီဒိုက ပေါ်မလာဘူး။ ရေလှိုင်းတွေကြားထဲ ရေငုတ်သင်္ဘောပျောက်သွားပြီး မိနစ်နှစ်ဆယ်အကြာမှာတော့ လူတွေဟာ သူတို့အပေါ်မှာ သင့်နေတဲ့ ကျိန်စာကြီးတစ်ခုက လွတ်မြောက်သွားပြီလို့ ခံစားလိုက်ရတယ်။ သေမင်းနှုတ်ခမ်းဝကနေ သူတို့ အရှင်လတ်လတ်ပြန်ထွက်လာခဲ့ကြတာပဲ။ ပထမတော့ တစ်ဝက်ပဲ စိတ်ချနိုင်သေးတယ်၊ ဒါပေမဲ့ တဖြည်းဖြည်းတော့ ဒီအဖြစ်ဟာ အမှန်ပဲလို့ သူတို့ ပိုခံစားလာရတယ်။ အမေရိကန်တွေဟာ သူတို့ တိုက်ခိုက်မှုကို ဘာကြောင့် ရုတ်တရက် လက်ရှောင်သွားသလဲ ကပ္ပတိန်တောင် တွေးမရဘူး။ သူတို့ရဲ့စိတ်ကို ဘာကများ ပြောင်းလဲလိုက်တာလဲ။ မခံမရပ်နိုင်တဲ့ စိတ်တင်းကြပ်မှုကနေ လွတ်မြောက်စပြုတာနဲ့ ခရီးသည်တချို့ဟာ သူတို့ရပ်နေတဲ့ ကုန်းပတ်ပေါ်မှာပဲ အပုံလိုက် ပစ်လဲကုန်ကြပြီး၊ ဆွဲဆွဲငင်ငင် ငိုကြွေးတယ်။ အများစုကတော့ ငိုတာရယ်တာတောင် မလုပ်နိုင်ကြတော့ဘူး။ နာရီအတော်များများ ကြာအောင်၊ တချို့ဆိုရင် ရက်တွေချီကြာအောင်၊ ကြောင်နေတဲ့ အခြေအနေမျိုး ဖြစ်သွားတယ်။ ကောက်ကျစ်တဲ့ ရှည်လျားအိပ်မက်ဆိုးကြီး တစ်ခုက သူတို့ အဆုတ်တွေ၊ နှလုံးသားတွေ၊ ဦးနှောက်နဲ့ သားအိမ်တွေထဲထိ အကြင်နာမဲ့စွာ ထိုးဖောက်သွားခဲ့တယ်။


ဒီအဖြစ်အပျက်တွေ ဖြစ်နေတဲ့ အချိန်တစ်လျှောက်လုံး ဇာတိဖ္ပိုလ်ကလေးဟာ သူ့အမေရဲ့ လက်မောင်းပေါ်မှာပဲ အိပ်မောကျနေခဲ့တယ်။ တစ်စုံတစ်ယောက်က သတိလစ်တဲ့အထိ ထိုးနှက်လိုက်သလို စုစုပေါင်း ဆယ့်လေးနာရီတိတိ သူ အိပ်မောကျသွားခဲ့တယ်။ အိပ်မက်ကမ္ဘာကနေ သူ့ကို ဘယ်အရာကမှ ပြန်ဆွဲခေါ်လို့ မရနိုင်တော့တဲ့အထိပဲ။ သူ့အမေကတော့ အော်ဟစ်ပြီး သူ့ပါးကို တဖျပ်ဖျပ်ရိုက်ပြီး နှိုးပေမယ့် အချည်းအနှီးပဲ။ သူအိပ်မောကျသွားတာက နက်ရှိုင်းလွန်းလို့ ပင်လယ်အောက်ခြေအထိ နစ်မြှုပ်သွားတာမျိုးနဲ့တောင် တူတယ်။ သူ့ အသက်ရှူသံတွေကြားက အကွာအဝေးဟာ ပိုပိုပြီး ဝေးလာတယ်၊ သူ့သွေးခုန်နှုန်းက နှေးသွားတယ်။ သူအသက်ရှူနေသံကို ကြားတောင် မကြားရတော့ဘူး။ ဒါပေမဲ့ ဆာဆဲဘိုးဆိပ်ကမ်းကို ရောက်တဲ့အခါမှာတော့ ဒီကမ္ဘာကြီးဆီ သူ့ကို သဘာဝလွန် စွမ်းအားတစ်ခုက ရုတ်တရက် ပြန်ဆွဲယူလိုက်သလို ဆတ်ခနဲ နိုးလာတယ်။ ဒီလိုပဲ ဇာတိဖ္ပိုလ်က ကျွန်တော့်ကို ပြောတယ်။ တပ်ခေါက်သွားတဲ့ တိုက်ခိုက်မှုနဲ့ အမေရိကန်ရေငုတ်သင်္ဘော ပျောက်ကွယ်သွားပုံကိုတော့ သူ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာ မဟုတ်ဘူး။ ဇာတ်လမ်းရဲ့ အဲဒီအပိုင်းတွေက နောက်ပိုင်းမှာ သူ့အမေဆီက သူ ပြန်ကြားခဲ့ရတာ။ တိုက်ခိုက်မှု မစတင်ခင် ခဏလောက်ကမှ “ရန်သူစတင်တိုက်ခိုက်ခြင်းမှုအပ မည်သည့်ရန်လိုသည့် အပြုအမူမျှ မပြုလုပ်ရ” လို့ ဌာနချုပ်ကနေ ရေဒီယို အချက်ပြမှု ရလိုက်တယ်လို့ ဆိုတယ်။ အဲဒီအချိန်မှာ ပေါ်စ်ဒန်ကြေငြာချက် (Potsdam Declaration) ကို လက်ခံပြီး ခြွင်းချက်မရှိ လက်နက်ချမယ်လို့ မဟာမိတ်တပ်ဖွဲ့တွေ နားလည်အောင် ဂျပန်အစိုးရက အသိပေးခဲ့ပြီးပြီ။ ခရီးသည်တင်ရေယာဉ်ဟာ နောက်ဆုံးမှာတော့ ဆာဆဲဘိုးဆိပ်ကမ်းကို သြဂုတ်လ ၁၆ ရက် မနက်ဆယ်နာရီစွန်းစွန်းမှာ တရွေ့ရွေ့ ၀င်ရောက်ဆိုက်ကပ်လာတယ်၊ တိုက်ခိုက်မှုက လက်မတင်ကလေး လွတ်မြောက်အပြီး နောက်တစ်ရက်အကြာမှာပဲ။ ဆိပ်ကမ်းဟာ ထူးထူးဆန်းဆန်းကြီးကို တိတ်ဆိတ်နေတယ်၊ သင်္ဘောကြီးကို ကြိုဆိုနှုတ်ဆက်မယ့်လူလည်း တစ်ယောက်မျှ ထွက်မလာဘူး။ လူသူအရိပ်အငွေ့ နည်းနည်းရှိတဲ့ ကမ်းခြေအနီးက လေယာဉ်ဖျက်စင် ဆီကတောင် ထွက်မလာဘူး။ နွေရာသီရဲ့ နေရောင်က စိုထိုင်းခြောက်သွေ့စွာနဲ့ မြေပြင်ကို မီးတိုက်နေတယ်။ ကမ္ဘာကြီးတစ်ခုလုံးဟာ သွက်ချာပါဒလိုက်နေသလိုပဲ။ သင်္ဘောက လူတချို့ဟာ မျက်စိလည်လမ်းမှားပြီး လူသူမရောက်တဲ့ ကမ်းခြေတစ်ခုဆီ ရောက်လာသလားလို့တောင် ထင်မှတ်မှားမိတော့မတတ်ပဲ။ ရပ်ဝေးမြေခြားမှာ နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးပြီးလို့ အခုအချိန်မှာတော့ သူတို့ ဘိုးဘွားတွေရဲ့ နိုင်ငံတော်ကြီးကို ကြက်သေသေပြီးပဲ ငေးကြည့်နေနိုင်တော့တယ်။ သြဂုတ် ၁၅၊ နေ့လယ်စွန်းစွန်းမှာ စစ်ကြီးပြီးဆုံးကြောင်း ရေဒီယိုကနေ ကြေငြာတယ်။ လွန်ခဲ့တဲ့ ခုနစ်ရက်က အနားက နာဂါဆကီမြို့ဟာ အနုမြူဗုံး တစ်လုံးတည်းနဲ့ ပြာကျအောင် မီးလောင်တိုက် သွင်းခံလိုက်ရတယ်။ ရက်ပိုင်းအတွင်းမှာပဲ၊ ကျတ်တွေရဲ့ နိုင်ငံတော်ကြီးလိုဖြစ်နေတဲ့ မန်ချူးကိုးအင်ပါယာကြီးဟာ ရာဇ၀င်စာမျက်နှာထဲကို ၀င်ရောက် ပျောက်ကွယ်သွားခဲ့တယ်။ ပြီးတော့၊ ဒလက်နဲ့ ပတ်ချာလှည့်ဝင်ရတဲ့ တံခါးပေါက်တစ်ခုရဲ့ မှားယွင်းတဲ့ ဘက်ခြမ်းမှာ ကိုယ်တိုင်တောင် သတိမပြုမိဘဲ အမိခံလိုက်ရတဲ့၊ ခပ်ချောချော တိရစ္ဆာန်ဆေးကုဆရာဝန် တစ်ယောက်ဟာ မန်ချူးကိုးအင်ပါယာကြီးရဲ့ ကံကြမ္မာကို တစ်စိတ်တစ်ပိုင်း မျှဝေခံစားပေးခဲ့ပါလိမ့်မယ်။


(The Zoo Attack by Haruki Murakami. English translation by Jay Rubin.)
Source: လရောင်လမ်း ဘာသာပြန် – တေဇာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s