လမ်းအိုလေး

Løøps of Resistance …

အလွန်လှပသော ကော်ပတ်ရုပ် (၀င်းမြင့်)

နိုင်ငံတော် မျှော်ခြင်း (၀င်းမြင့်)

Leave a comment

နိုင်ငံတော်ကို ကျွန်တော် ရောက်တော့
လူဖြစ်ပြီး ခုနှစ်နှစ်လောက်အကြာ
၁၉၇၅ မုန်တိုင်းက ကျွန်တော်နဲ့ ကျွန်တော့်မြို့ကို ရမ်းတယ်
လေကြောင့်လှုပ်နေတဲ့ သစ်သားအိမ်ကြီးပေါ်မှာ
ကလေးဆိုတော့ “ပျော်တာပေါ့ အမေရယ် ၊ကျောင်းကြီး”မှာ ပေါ့
နောက် မကြာခင်နှစ်များအတွင်း နိုင်ငံတော်
ဆိုရှယ်လစ်စနစ် ဆန္ဒခံယူပွဲတစ်ခု ပြုလုပ်တယ်
အိုးစည်ဒိုးပတ်နဲ့ အလံတွေနဲ့၊ ရုပ်ပုံပါစာတမ်းတွေနဲ့
အသက်မပြည့်သေးတဲ့ လူလေးကို
နိုင်ငံတော်မေးခွန်းတွေနဲ့ တီးခေါက်တယ်
ကလေးဆိုတော့ လူကြီးအလုပ်တွေပါလို့ ပြောကြည့်တယ်
နိုင်ငံတော်ကို ပြောကြည့်တော့
ကျွန်တော့်ကို လူပျိုပေါက်အရွယ်အဖြစ်
နိုင်ငံတော်တိုးပေးတယ်၊ ကျောင်းတွေ၊ အသက်တွေ
ပတ်ဝန်းကျင်ဟောင်းမှာ တစ်နှစ်တစ်တန်း
နှစ်နှစ် နှစ်တန်း စသဖြင့် အစဉ်အတိုင်း အောင်လာတယ်
ရည်းစားသနာလေးလည်း နိုင်ငံတော်ပေးသနားလို့ ထားရတယ်
ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်၊ လူရည်ချွန်
တစ်ခုခု မထူးချွန်တော့ ကျွန်တော့်ကို စာအုပ်တွေဖတ်ဖို့
စာအုပ်ဆိုင်လေး ဖွင့်ပေးတယ်၊ “စာတွေဖတ်”
နိုင်ငံတော်ပြောပြီး ပြန်သွားတယ်၊ “ပြန်မလာ”
“ပြန်မလာ”နဲ့ ကြာတောင့်ကြာမှ နိုင်ငံတော်
မျက်နှာမသာမယာနဲ့ ပြန်လာတယ်၊ ဒါပေမဲ့
ပိရိသေသပ်တဲ့ မျက်နှာထားနဲ့
ကျွန်တော့်ကို အသက် ၂၀ အထိ တိုးပေးတယ်
သူနဲ့အတူ လမ်းတွေပေါ်မှာ ကျွန်တော့်လို အရွယ်တွေ
နိုင်ငံတော်ရှေ့က တိုင်ပေးတယ်၊ လိုက်အော်တယ်
နိုင်ငံတော် အော်တယ် “တို့အရေး”
ကျွန်တော် လိုက်အော်တယ် “တို့အရေး”
နိုင်ငံတော် အော်တယ် “တစ်ပါတီစနစ် ကျဆုံးပါစေ”
ကျွန်တော် လိုက်အော်တယ် “အာဏာရှင်စနစ် ပြုတ်ကျပါစေ”
နိုင်ငံတော် ရှစ်လေးလုံးလို့ပြောတယ်၊ ကျွန်တော်တို့ မြို့မှာ
ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းတစ်စု စလှုပ်လိုက်တယ်
အရေးအခင်းလို့ ပြောတယ်၊ ကျွန်တော့်နောက်မှာ
“ စိုးမိုးထွန်း” လယ်ကွင်းတွေထဲကို ဖြတ်လိုက်လာတယ်
နောက်တော့ နှစ်များစွာ မှောင်မည်းတိတ်ဆိတ်သွားတယ်
ရောဘတ်အိုဝင်နဲ့ ဒေါက်တာဝီလျံကင်းတို့ရဲ့
သူတို့အိမ်က သမ၀ါယမဆန်ထုတ်တဲ့ ကုန်ထုတ်စာအုပ်တွေ
နိုင်ငံတော် ပြန်သိမ်းသွားတယ်
ထို့နောက် အုံ့မှိုင်းပြီး ထုံထိုင်းဆန်တဲ့နှစ်တွေ ထပ်မံဖြတ်သန်း
နိုင်ငံတော်လည်း ကျွန်တော့်ကို မနိုင်တော့သလို လုပ်နေတယ်
ကျွန်တော်လည်း နိုင်ငံတော်ကို မနိုင်
နိုင်ငံတော်ကလည်း ကျွန်တော် တို့ကို မမျှော်
ကျွန်တော်လည်း နိုင်ငံတော်မမျှော် ဖြစ်သလိုကြည့်နေကြတယ်
နိုင်ငံတော်က ကျွန်တော့်ထံ ၁၉၉၀ လောက်မှာ စာတစ်စောင်လာတယ်
၁၉၉၁ လောက်မှာ ကျွန်တော် စာပြန်ရေးတယ်
ကျွန်တော်က ခေါင်း က “ပတ်တီး”စကို ကိုင်ပြပြ်ီး
“စပယ်ပွင့်ချိန်”လို့ ပြောတယ်
“နီးစပ်ရာ ဆေးခန်းသွားပြကွာ” လို့ နိုင်ငံတော်စာပြန်တယ်
“လက်တစ်ဖက်ပြတ် အကျီင်္” ကျွန်တော်ပြောတယ်
“ကျန်တဲ့လက်တစ်ဖက်ပါ ဖြတ်ပစ်မယ်”လို့ နိုင်ငံတော် ကျိန်းတယ်
အခြေအနေအရပ်ရပ် ကို “မြက်ခင်းပေါ်မှာ”ဆိုပြီး တင်ပြတယ်
နိုင်ငံတော် စာပြန်မလာဘူး
ကျွန်တော် “ပုသိမ်”လို့ ပြောတယ်
နိုင်ငံတော် “ပယ်တယ်”လို့ ပြန်ပြောတယ်
ကျွန်တော်က သံဝေဂရဖို့“ ပဲ့တင်”လို့ ပြောတယ်
ဒါတော့ နိုင်ငံတော်က “မင်းပြောသလို …
ဝဋ်လိုက်မှာတော့ စိုးပါသတဲ့”
နောက်တော့ နိုင်ငံတော် ကျွန်တော့်ကို နေရာချထားပေးတယ်
တာဝန်ချထားပေးတယ်၊ “ဇနီးတစ်ယောက်”
ခံစားခွင့်ပေးတယ် “သားတစ်ယောက်”
ဒါပေမယ့် နိုင်ငံတော် “မအော်နဲ့”လို့တော့
ကျွန်တော့်ကို အပြတ်ပြောထားတယ်
ညအိပ်ရင် ဧည့်စာရင်းတိုင်အိပ်ကွာလို့ ရန်ကုန်မှာ မှာသေးတယ်
ဒီလိုနဲ့ ကျွန်တော် ဆက်သွားတယ်၊ နိုင်ငံတော် ဆက်သွားတယ်
နိုင်ငံတော်ကို ကျွန်တော် မျှော်တယ်
၂၀၁၀ မှာ နိုင်ငံတော် ပြန်ပေါက်ချလာတယ်
သမ္မတပေးမယ် ၊ လွှတ်တော်ပေးမယ်
ရွေးချယ်မှုနဲ့ ခေါင်းဆောင်တစ်ယောက်ပေးမယ်
ကျွန်တော့် ကို ခြစားမှုတွေ ၊ ကြောက်ရွံ့မှုတွေနဲ့
ဆင်းရဲတွင်းနက်နေမှုကို တောင်းပန်တယ်
နိုင်ငံတော် ကျွန်တော့်ရှေ့မှာ ပြောတယ်
“နိုင်ငံတော်ကို ခင်ဗျားတို့ ပိုင်ပါတယ်”တဲ့
ကျွန်တော် ဖြတ်ခနဲ ကြည့်လိုက်ရင်း “ကျွန်တော့်ကိုလည်း
နိုင်ငံတော် ပိုင်ပါတယ်” ပြ်ီးတော့မှ ကျွန်တော့်ရဲ့
“မိုးစက်တွေကို” အစချီ မိသားစုကဗျာကို ရွတ်ဆိုလိုက်တယ်
နိုင်ငံတော် “ဘယ်တော့မှ ကျိုးကြေမသွားဘူး”လို့
ကျွန်တော်နဲ့အတူ လိုက်ဆိုတယ်
နိုင်ငံတော်ဟာ ခေါင်းတညိတ်ညိတ်နဲ့
နိုင်ငံတော် မပျော်တာကြာပြီ။


(ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း – အောက်တိုဘာ၊ ၂၀၁၂။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s