လမ်းအိုလေး

Løøps of Resistance …

Yesterday (Haruki Murakami)

မနေ့က (တေဇာ – လရောင်လမ်း)

Leave a comment

Yesterday

Yesterday

ကြည်နူးစရာ အိပ်မက်ပါ။ မက်တဲ့အခါတိုင်း တူညီတဲ့ လတစ်စင်းတည်းပဲ၊ ရှစ်လက်မ ထူတယ်။ ကျွန်မက အာကီ့ပေါ်မှာ မှေးစက်နေမယ်၊ ကျွန်မတို့ နှစ်ယောက်တည်းပဲ ရှိတယ်။ အပြင်ဘက်မှာ လှိုင်းတွေက သင်္ဘောကို ညင်ညင်သာသာ ပုတ်ခတ်နေမယ်။ ဒါပေမဲ့ အကြိမ်တိုင်းမှာ မခံမရပ်နိုင်အောင် ၀မ်းနည်းပြီးပဲ ကျွန်မ အဲဒီအိပ်မက်က နိုးထလာရတယ်
ဘာသာပြန် – တေဇာ | Mirrored from: လရောင်လမ်း


ဘီတဲလ်စ်တွေရဲ့ “မနေ့က” ဆိုတဲ့ သီချင်းတေးသွားမှာ ဂျပန်စာသားတွေ သွတ်သွင်းခဲ့တဲ့သူ (ပြီးတော့လည်း ဘယ်သူနဲ့မှမတူတဲ့ ခန်ဆိုင်းလေသံနဲ့) ဟာ ကျွန်တော်သိသလောက်တော့ ဒီကမ္ဘာပေါ်မှာ ကီတရုဆိုတဲ့ကောင်တစ်ယောက်တည်းပဲ ရှိမယ်ထင်တယ်။ ရေချိုးကန်ထဲမှာ ၀င်စိမ်နေတဲ့အချိန်တိုင်း သူက သူ့ကိုယ်ပိုင်ဟန်ဖြစ်သွားတဲ့ အဲဒီသီချင်းစာသားကို အော်ကြီးဟစ်ကျယ် ဆိုလေ့ရှိခဲ့တယ်။

“မနေ့ကဆိုတာ…
မနက်ဖြန်မရောက်ခင် နှစ်ရက်အလိုပါ
လွန်ခဲ့တဲ့နှစ်ရက်အကြာရဲ့ အနောက်မှာ…”

ကျွန်တော်မှတ်မိသလောက် သီချင်းအစက အဲဒီလိုပါ။ ဒါပေမဲ့ မကြားခဲ့ရတာလည်း အတော်ကြာပြီဆိုတော့ ဒီစာသားအတိုင်း အတိအကျလားဆိုတာ ကျွန်တော်မသေချာတော့ဘူး။ ဘာပဲဖြစ်ဖြစ် ကီတရုရဲ့ သီချင်းစာသားဟာ အစကနေအဆုံးထိ တစ်လုံးမှ အဓိပ္ပာယ်ရှိတာမဟုတ်ဘူး။ မူရင်းစာသားတွေနဲ့ ဘာမှမသက်ဆိုင်တဲ့ ပေါက်တတ်ကရတွေပဲ။ ဘီတဲလ်စ်တွေရဲ့ ရင်းနှီးပြီးသား ချစ်စရာအဆွေးသံစဉ်လေးဟာ အာပေါင်အာရင်းသန်တဲ့ ခန်ဆိုင်းလေသံ (အဆွေးဓာတ်နဲ့ လုံးလုံးဆန့်ကျင်ဘက်လို့ပဲ ပြောပါတော့) နဲ့ မိတ်ဖက်ဖြစ်သွားရတယ်။ ဒီတော့လည်း သီချင်းရဲ့အစပ်အဟပ်က ဆန်းနေတယ်။ စနစ်တကျ ထုဆစ်ပုံဖေါ်မှု အပေါ် ပြတ်ပြတ်သားသား ငြင်းချက်ထုတ်လိုက်သလိုပဲ။ အနည်းဆုံးတော့ အဲဒီလိုပဲ ကျွန်တော့်တော့ ခံစားရတယ်။ အဲဒီအချိန်တုန်းကတော့ သူ့သီချင်းကို နားထောင်မိတိုင်း ကျွန်တော့်မှာ ခေါင်းတယမ်းယမ်းနဲ့။ ဟားပစ်လိုက်ရုံပဲဆိုပေမယ့် အဲဒီသီချင်းထဲမှာ ပုန်းကွယ်နေတဲ့ အသက်ဓာတ်တစ်ခုခုကိုလည်း ကျွန်တော်အနံ့ရခဲ့တယ်။

ဝါဆေးဒါးတက္ကသိုလ်မုခ်ဦးနားက ကော်ဖီဆိုင်လေးမှာ ကီတရုနဲ့ ကျွန်တော် စတွေ့ခဲ့တာ။ အဲဒီမှာ သူက စားပွဲထိုး၊ ကျွန်တော်က မီးဖိုချောင်ဝန်ထမ်းအဖြစ် အချိန်ပိုင်း အလုပ်လုပ်ကြတယ်။ ဆိုင်မှာ လူပါးတဲ့အချိန်တွေဆို သူနဲ့ ကျွန်တော် စကားတွေဖောင်အောင် ပြောဖြစ်ခဲ့ကြတယ်။ ကျွန်တော်တို့နှစ်ယောက်လုံး အသက်နှစ်ဆယ်၊ သူ့မွေးနေ့နဲ့ ကျွန်တော့်မွေးနေ့က တစ်ပတ်ပဲကွာတယ်။

“ကီတရုဆိုတဲ့ မျိုးရိုးနာမည်ကြီးက ပေးနေကျနာမည်မျိုး မဟုတ်ဘူး” လို့ တစ်နေ့တော့ ကျွန်တော်ပြောမိတယ်။

“သိပ်ဟုတ်တာပေါ့” လို့ ကီတရုက သူ့ရဲ့ ခန်ဆိုင်းလေသံ လေးလေးကြီးနဲ့ ပြန်ဖြေတယ်။

“လော်တဲဘေ့စ်ဘောအသင်းမှာ အဲဒီနာမည်နဲ့ ဘောပစ်သမားတစ်ယောက်ရှိတယ်။ ငါနဲ့တော့ အမျိုးမတော်ပါဘူး။ ပေးရိုးပေးစဉ်နာမည်မျိုးတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဘယ်သူသိနိုင်မလဲ၊ တစ်နေရာရာမှာတော့ ဆက်စပ်မှုရှိချင်ရှိနေမှာပဲ”

အဲဒီအချိန်တုန်းက ကျွန်တော်က ၀ါဆေးဒါးတက္ကသိုလ် စာပေဌာနမှာ ဒုတိယနှစ်ကျောင်းသား။ ကီတရုက ၀င်ခွင့်စာမေးပွဲကျလို့ ပြန်ဖြေဖို့အတွက် အတတ်သင်ကျောင်းမှာ ၀င်ခွင့်သင်ရိုးတွေသင်နေရတယ်။ သူက ၀င်ခွင့်ကျတာ နှစ်ခါတောင်မှပဲ၊ ဒါပေမဲ့ ဒီကောင့်အချိုးကိုမြင်ရင် ဘယ်သူမှတောင် ယုံမှာမဟုတ်ဘူး။ သူက စာသင်ဖို့ကိစ္စကို ဘယ်တော့မှ အားမစိုက်သလိုပဲ။ အားနေရင် စာတော့ အတော်ဖတ်တယ်၊ ဒါပေမဲ့ စာမေးပွဲနဲ့ ပတ်သက်တဲ့စာမျိုးတော့ တစ်ခုမှမပါဘူး။ ဂျီမီဟန်းဒြစ်ရဲ့အထုပ္ပတ္တိ၊ စစ်တုရင်ထိုးနည်းစာအုပ်တွေ၊ “စကြ၀ဠာကြီး၏ မူလအစ” ဒီလို စာအုပ်မျိုးတွေ။ သူပြောတာကတော့ သူ့မိဘတွေနေထိုင်ရာ တိုကျို၊ အိုတာရပ်ကွက်ကနေ အတတ်သင်ကျောင်းဆီကို လာတက်ရတာတဲ့။

“အိုတာရပ်ကွက်ကလား” လို့ ကျွန်တော်က အလန့်တကြားမေးလိုက်တယ်။

“မင်း ခန်ဆိုင်းကနေလာတာလို့ ငါက ထင်နေတာ”

“ဘယ်ကလာ။ တိုကျိုသားစစ်စစ်၊ ဇာတိချက်ကြွေကွ”

သူပြောတော့မှ ကျွန်တော်လည်း ကကျိုးကကြောင်ဖြစ်ရတော့တာပဲ။

“ဒါဆို မင်းစကားပြောတာက ဘယ်လိုလုပ် ခန်ဆိုင်းလေသံကြီးဖြစ်နေတာလဲ”

“ပြောယူရတာပေါ့။ ဒီလိုပဲ သင်မယ်လို့ ဆုံးဖြတ်ပြီးတော့”

“ပြောယူတယ်….”

“အင်းလေ။ ငါ တော်တော်လေး ပြင်းပြင်းထန်ထန် လေ့ကျင့်ထားရတာ။ ကြိယာတွေ၊ နာမ်တွေ၊ လေယူလေသိမ်းတွေနဲ့ ရှိသမျှအကုန်လုံးပဲ။ အင်္ဂလိပ်စာတို့ ပြင်သစ်စာတို့ သင်တာနဲ့ အတူတူပါပဲ။ ခန်ဆိုင်းအထိတောင် သွားလေ့လာခဲ့သေးတယ်”


ငါတို့ကောင်တွေရဲ့အဖြစ်က အတူတူပါပဲကွာ။ ငါ့လိပ်စာက ဒီနန်ချိုဖူး ဥယျာဉ်မြို့တော်- အတော်လေး လူကုန်တံကျတဲ့ အရပ်ပေါ့၊ ဒါပေမဲ့ ငါတို့အိမ်က မြို့ရဲ့ အချာဆုံး အပိုင်းမှာ၊ အိမ်ကလည်း အစုတ်ဆုံးပဲ။ တစ်ခါလောက်တော့ မင်း ငါတို့ဆီ လာစေ့ချင်တယ်။ အောင်မလေး၊ ဒါလားဒီနန်ချိုဖူး ဥယျာဉ်မြို့တော်ဆိုတာ၊ သွားစမ်းပါဆိုပြီး ဖြစ်သွားမှာ


ဒီတော့မှ ခန်ဆိုင်းလေသံကို နိုင်ငံခြားဘာသာစကားတစ်ခုလို သဘောထားပြီး တကူးတက လေ့ကျင့်သင်ယူတဲ့ လူမျိုးတွေ ရှိတယ်ဆိုတာ ကျွန်တော်လည်း သိရတော့တယ်။ ကျွန်တော့်အတွက်တော့ အဆန်းပဲ။ ဒီတော့မှပဲ တိုကျိုမြို့ကြီး ဘယ်လောက်ကြီးတယ်ဆိုတာကို ကျွန်တော် တစ်ခါပြန်ပြီး ရိပ်စားမိလာတယ်။

တိုကျိုမြို့ကြီးထဲမှာဖြစ်ပျက်နေတဲ့ ကျွန်တော်မသိတဲ့ကိစ္စတွေ အပုံကြီးလေ။ ဒီတော့မှပဲ “ဆန်ရှီယို” ဆိုတဲ့ ပုံစံကျ “တောသားမြို့တက်ဇာတ်လမ်းသွား” ၀တ္ထုတစ်ပုဒ်ကို ပြန်ပြီးအမှတ်ရမိတော့တယ်။

ကီတရုက ရှင်းပြတယ်။

“ငါငယ်ငယ်က ဟန်ရှင်းကျားအသင်းရဲ့ အမာခံပရိသတ်ပေါ့။ တိုကျိုက ဘယ်နေရာမှာသွားကစားကစား၊ အသင်းကို ငါလိုက်အားပေးတယ်။ ဒါပေမဲ့ ဟန်ရှင်းပရိသတ်တွေရဲ့ ထိုင်ခုံတန်းမှာ သွားထိုင်ပြီး တိုကျိုမြို့ကြီးသားလေသံနဲ့ စကားပြောတိုင်း ဘယ်သူမှ ငါ့ကို အဖက်မလုပ်ကြဘူး။ သူတို့အဖွဲ့ဝင်အဖြစ် ငါ ၀င်ရောလို့မရဘူးကွာ၊ မင်းနားလည်လား။ ဒီတော့လည်း ငါစဉ်းစားတယ်လေ၊ ခန်ဆိုင်းလေသံနဲ့ စကားပြောနိုင်အောင်သင်မယ်၊ ပြီးတာနဲ့ ခွေးတစ်ကောင်လိုပဲ တကုပ်ကုပ်လေ့ကျင့်ခဲ့တာပဲ”

“ဒါက မင်းအတွက် လှုံ့ဆော်မှုပေါ့၊ ဟုတ်လား” ကျွန်တော်ကတော့ ကိုယ့်နားတောင်ကိုယ်မယုံနိုင်ဘူး။

“ဒါပေါ့။ ဒါက ကျားအသင်းဟာ ငါ့အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ ပြတာပဲ။ အခုဆို ငါပြောသမျှက ခန်ဆိုင်းလေသံနဲ့ပဲ၊ ကျောင်းမှာ၊ အိမ်မှာ၊ အိပ်မက်ထဲစကားပြောရင်တောင်မှပဲ။ ငါ့လေသံက ခန်ဆိုင်းသားအစစ်နီးနီးပဲမဟုတ်လား”

“လုံးဝဟုတ်တယ်။ မင်းခန်ဆိုင်းကလာတာလို့ ပြောရင် ငါယုံရမှာပဲ”

“ခန်ဆိုင်းလေသံကို လေ့ကျင့်ခဲ့သလိုသာ ၀င်ခွင့်စာမေးပွဲတွေအတွက် ငါအားစိုက်ခဲ့ရင် အခုလိုမျိုး နှစ်ခါပြန်ကျတဲ့သူ ဖြစ်နေမှာမဟုတ်ဘူး”

အံမာ၊ ဒီကောင်ကလည်း သူ့အချက်နဲ့သူပဲ။ သူ့ရဲ့ ကိုယ့်ဒူးကိုယ်ချွန်ကျရှုံးမှုကတောင် ခန်ဆိုင်းသားဆန်နေသေးတယ်။

“မင်းကရော ဘယ်နယ်က လာတာလဲ” သူက မေးလိုက်တယ်။

“ငါကမှ ခန်ဆိုင်းက၊ ကိုဘေးမြို့ နားက” လို့ ကျွန်တော်ဖြေလိုက်တယ်။

“ကိုဘေးနားကလား၊ ဘယ်နေရာလဲ”

“အာရှိယ”

“အိုး သိပ်ကောင်းတဲ့နေရာပဲ။ အရင်ကပြောရောပေါ့ကွာ..”

ဒီတော့မှ ကျွန်တော်လည်း ရှင်းပြရတယ်။ ဘယ်ကလာသလဲမေးလို့ အာရှိယကလို့ ကျွန်တော်ဖြေလိုက်တိုင်း လူတွေက ကျွန်တော့်ကို ချမ်းသာတယ်လို့ ထင်သွားတတ်ကြတယ်။ တကယ်တော့ အာရှိယမှာလည်း လူတန်းစားပေါင်းစုံ ရှိနေတာ။ ကျွန်တော့်မိသားစုကိုပဲကြည့်၊ သိပ်ပြီး ကျိကျိတက်ထဲကတော့ မဟုတ်ဘူး။ ကျွန်တော့်အဖေက ဆေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်၊ အမေက စာကြည့်တိုက်မှူး။ အိမ်ကလည်း သေးတယ်။

ကျွန်တော်တို့မှာ နို့နှစ်ရောင် ကော်ရိုလာကားလေးတစ်စင်း ရှိတယ်။ ဒီတော့လည်း လူတွေက ဘယ်ကလာသလဲလို့ ကျွန်တော့်ကိုမေးရင် “ကိုဘေးဘက်က” လို့ပဲ ကျွန်တော် အမြဲပြန်ဖြေလေ့ရှိတယ်။ ဒါမှပဲ ကျွန်တော်နဲ့ ပတ်သက်ပြီး ယုန်ထင်ကြောင်ထင်မဖြစ်ကြမှာ။

“ငါတို့ကောင်တွေရဲ့အဖြစ်က အတူတူပါပဲကွာ။ ငါ့လိပ်စာက ဒီနန်ချိုဖူး ဥယျာဉ်မြို့တော်- အတော်လေး လူကုန်တံကျတဲ့ အရပ်ပေါ့၊ ဒါပေမဲ့ ငါတို့အိမ်က မြို့ရဲ့ အချာဆုံး အပိုင်းမှာ၊ အိမ်ကလည်း အစုတ်ဆုံးပဲ။ တစ်ခါလောက်တော့ မင်း ငါတို့ဆီ လာစေ့ချင်တယ်။ အောင်မလေး၊ ဒါလားဒီနန်ချိုဖူး ဥယျာဉ်မြို့တော်ဆိုတာ၊ သွားစမ်းပါဆိုပြီး ဖြစ်သွားမှာ။ ဒါပေမဲ့ ဒီလိုမျိုးတွေ လျှောက်ပူနေရတာ အဓိပ္ပာယ်တော့မရှိပါဘူးကွာ။ ဒါ လိပ်စာလေးတစ်ခုပဲလေ။ ငါကတော့ ပြောင်းပြန်တွေချည်းလျှောက်လုပ်တယ်။ ဒီနန်ချိုဖူး ဥယျာဉ်မြို့တော်က လာတာဆိုတဲ့ အချက်နဲ့ လူတွေကို ဒဲ့ချဲတော့တာပဲ၊ ငါက မင်းတို့ သိပ်အထင်ကြီးတဲ့နေရာကလာတာဆိုတဲ့ အထာမျိုးနဲ့ပေါ့”

ကျွန်တော်လည်း ဒီကောင့်ကို ခိုက်သွားတယ်။ အဲဒါပြီးတော့ ကျွန်တော်တို့ ဘော်ဒါတွေဖြစ်သွားကြတယ်ပေါ့။


အထက်တန်းကျောင်း မပြီးခင်အထိ ကျွန်တော့်စကားပြောပုံက ခန်ဆိုင်းလေသံပဲ။ ဒါပေမဲ့ တိုကျိုသားအစစ်တွေရဲ့ စံကိုမီအောင် စကားပြောနိုင်ဖို့ တိုကျိုမြို့မှာ တစ်လလောက်ပဲ ကျွန်တော် အချိန်ယူလိုက်ရတယ်။ ဒီလောက်မြန်မြန် အလိုက်သင့်ပြောင်းလဲနိုင်လို့ အံ့သြမိရတယ်။ ကျွန်တော့်ကိုယ်ရည်ကိုယ်သွေးက ပုတ်သင်ညိုလိုအရောင်ပြောင်းနိုင်တာမျိုး ဖြစ်ချင်ဖြစ်မှာ။ ဒါမှမဟုတ်လည်း ကျွန်တော့်ရဲ့ ဘာသာစကားဆိုင်ရာ အာရုံခံစားမှုက သူများတွေထက်ပို ရှေ့ရောက်နေတာမျိုးဖြစ်ချင်ဖြစ်မှာ။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာတော့ ကျွန်တော်ခန်ဆိုင်းသားပါဗျာလို့ပြောရင် ယုံမယ့်လူတစ်ယောက်မှ မရှိတော့ဘူး။

ခန်ဆိုင်းလေသံဝဲနေတာကို ကျွန်တော်ရပ်ပစ်လိုက်ရတဲ့ တခြားအကြောင်းရင်းတစ်ခုကတော့ ကျွန်တော်က လုံးဝခြားနားတဲ့ လူတစ်ဦးဖြစ်ချင်တဲ့စိတ်ကြောင့်ပါပဲ။

ကောလိပ်စတက်ဖို့ ခန်ဆိုင်းကနေ တိုကျိုပြောင်းလာပြီး ကျည်ဆန်ရထားစီးလာတဲ့အချိန်တစ်လျှောက်လုံး ကျွန်တော့်စိတ်ထဲမှာ ပြန်ပြောင်းသုံးသပ်နေမိတယ်၊ ကျွန်တော်ရှင်သန်လာခဲ့တဲ့ ဆယ့်ရှစ်နှစ်စာလုံးလုံး ကျွန်တော့်ဆီ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအားလုံးနီးနီးဟာ ရှက်စရာတွေပဲလို့ ခံစားနေရတယ်။ အပိုပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ အတိတ်ဖြစ်ရပ်တွေကို ပြန်ကို သတိရမနေချင်တော့ဘူး၊ ရေနည်းငါးလိုပဲ။ အဲဒီအချိန်ကအထိ ဖြစ်ပျက်ခဲ့တဲ့ ကျွန်တော့်ဘ၀ကို ပြန်စဉ်းစားလေလေ၊ ကိုယ့်ကိုယ်ကိုယ် မုန်းမိလာလေလေပဲ။ ဒီလိုပြောလို့ ကျွန်တော့်မှာ ပျော်ရွှင်စရာရှေးဟောင်းနှောင်းဖြစ် တစ်ခုမှမရှိခဲ့ဘူးတော့ မဟုတ်ဘူးပေါ့၊ ပျော်ရွှင်စရာတချို့တော့ ရှိခဲ့ပါတယ်။ ပျော်ရွှင်စရာအတွေ့အကြုံလေးတွေက လက်တစ်ဆုပ်စာပဲ။ ဒါပေမဲ့လည်း ရှက်စရာ၊ နာကျင်စရာအတွေ့အကြုံတွေနဲ့ ယှဉ်ရင်တော့ မိုးနဲ့မြေလိုကွာတယ်။ ကျွန်တော် ဘ၀မှာ နေထိုင်လာခဲ့ပုံနဲ့၊ ဘ၀အပေါ်ချဉ်းကပ်နည်းတွေအကြောင်း တွေးကြည့်ရင် ဒါတွေဟာ ခေါက်ရိုးကျိုးအဖြစ်တွေပဲ။ စိတ်ပျက်စရာကောင်းလောက်အောင် ဦးတည်ချက်မဲ့နေခဲ့တာပဲ။ ဘာစိတ်ကူးစိတ်သန်းမှမရှိတဲ့ လူလတ်တန်းစားချေးထုပ်ပေါ့၊ ဒီတော့ ဒါတွေအကုန်လုံးကို စုပြုံသိမ်းပြီး အံဆွဲထဲထိုးထည့်ထားလိုက်ချင်ခဲ့တယ်။ ဒါမှမဟုတ်လည်း အဲဒါတွေကို စုပြုံမီးရှို့ပစ်ပြီး ထွက်လာတဲ့ မီးခိုးတွေ (ဘယ်လိုမီးခိုးမျိုးထွက်လာမလဲ ကျွန်တော်မသိပေမဲ့) ကို စိမ်ပြေနပြေ ထိုင်ကြည့်နေလိုက်ချင်တော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပဲ အဲဒီအချိန်တုန်းကတော့ ကျွန်တော်ဟာ သိမ်ငယ်စရာငယ်ဘ၀အစအနတွေအားလုံးကို ရှင်းလင်းပစ်ပြီး တိုကျိုမြို့ကြီးမှာ အသစ်စက်စက်လူတစ်ယောက်လို ဘ၀စချင်နေခဲ့တာ။ ဒီကိစ္စ အောင်မြင်ပြီးမြောက်ဖို့ကတော့ ခန်ဆိုင်းလေသံဟာ လက်တွေ့ကျတဲ့ (သင်္ကေတဆန်တယ်ဆိုလည်း ဟုတ်တယ်) နည်းနာတစ်ခုပဲ။ ဘာလို့ဆို၊ နောက်ဆုံးကောက်ချက်ချမိတာက ကျွန်တော်တို့ ပြောဆိုသုံးစွဲနေတဲ့ ဘာသာစကားဆိုတာ လူသားတွေအဖြစ် ကျွန်တော်တို့ ရှိနေရခြင်းအထဲမှာ ပါဝင်နေလို့ပဲ။ အနည်းဆုံးတော့၊ ဒါဟာ ကျွန်တော် ဆယ့်ရှစ်နှစ်သားအရွယ်မှာ တွေးခဲ့မိတဲ့အတွေးပေါ့။

“ရှက်စရာကောင်းတယ် ဟုတ်လား။ ဘာတွေများ ဒီလောက်တောင် ရှက်စရာကောင်းလို့လဲ” ကီတရုက ကျွန်တော့်ကိုမေးတယ်။

“မင်း ပြောကြည့်လေ”

“မင်းတို့ နယ်ကလူတွေနဲ့ မင်းနဲ့ အဆင်မပြေဘူးလား”

“အဆင်ကပြေပါတယ်။ ဒါပေမဲ့ ငါကတော့ ရှက်နေတုန်းပဲ။ သူတို့နဲ့အတူ ရှိနေရတာကိုက ငါ့ကို ရှက်စိတ်ဝင်နေစေတာ”

“မင်းက တမျိုးပဲ။ မင်းအဲဒါကိုရောသိလား။ ကိုယ့်နယ်ကလူတွေနဲ့ အတူရှိနေရတာ ဘယ်မှာ ရှက်စရာရှိလို့လဲ။ ငါတို့ဘက်ကလူတွေနဲ့ ငါနဲ့တော့ အေးဆေးပါပဲ”

ကျွန်တော်လည်း သူ့ကို ရှင်းမပြတတ်ဘူး။ နို့နှစ်ရောင်ကော်ရိုလားကားလေးရှိနေရတာ ဘာမကောင်းလို့လဲ။ ကျွန်တော် ပြောမပြတတ်ဘူး။ ကျွန်တော့်မိဘတွေကတော့ ဟန်လုပ်ဖို့အတွက်ရည်ရွယ်ပြီး ပိုက်ဆံသုံးချင်တဲ့ လူမျိုးတွေမဟုတ်ဘူး၊ ဒါပါပဲ။

“ငါ့မိဘတွေကတော့ တစ်ချိန်လုံး ငါ့ကို မျက်လုံးဒေါက်ထောက်ပဲ၊ ငါမှ စာမသင်ချင်ပဲ။ စာသင်ရတာကို ငါမုန်းတယ်၊ ဒါပေမဲ့ ငါဘာသွားလုပ်ရမှာလဲ။ ဒါက သူတို့မိဘတွေရဲ့ အလုပ်ပဲ။ အဲဒါတွေကို ခေါက်ထားလိုက်ပါကွာ”

“မင်းကတော်တော် အေးအေးဆေးဆေးနေနိုင်တဲ့ကောင်ပဲ” ကျွန်တော်က ပြောလိုက်တယ်။

“မင်းမှာ စော်ရှိလား” လို့ ကီတရုက မေးတယ်။

“အခုလောလောဆယ်မှာ မရှိဘူး”

“ဒါပေမဲ့ အရင်တုန်းကတော့ ရှိခဲ့တယ်ပေါ့”

“သိပ်မကြာသေးခင်ကအထိပေါ့”

“မင်းတို့ ပြတ်သွားကြတာလား”

“အင်းပေါ့” ကျွန်တော်က ဖြေလိုက်တယ်။

“ဘာလို့ ပြတ်ကြတာတုံး”

“ပြောရမှာ ရှည်ပါတယ်ကွာ။ ငါ ရှေ့ဆက်ချင်စိတ်သိပ်မရှိတော့ဘူး”

“အဲဒီကောင်မလေးက မင်းကို အကုန်မပေးဘူးလား”

ကျွန်တော် ခေါင်းခါလိုက်တယ်။ “ဟင့်အင်း၊ အကုန်ထိမပေးဘူး”

“အဲဒါကြောင့် ပြတ်ကြတာလား”

“အဲဒါလည်း ပါတာပေါ့”

“ဒါပေမဲ့ ဟိုနှိုက်ဒီနှိုက်လောက်တော့ ရတယ်မဟုတ်ဘူးလား”

“ဟိုနှိုက်ဒီနှိုက်နား နီးနီးပေါ့”

“ဘယ်လောက်ထိရောက်သလဲကွာ၊ အတိအကျပြော”

“ဒါတွေ ငါမပြောချင်ပါဘူး” ကျွန်တော်ပြောလိုက်တယ်။

“ဒါ မင်းပြောခဲ့တဲ့ ရှက်စရာကိစ္စတွေထဲက တစ်ခုလား”

“အင်း”

“ဘဲ..၊ မင်းဇာတ်လမ်းကတော့ ခပ်ရှုပ်ရှုပ်ပဲ” လို့ ကီတရုက ပြောလိုက်တယ်။


အူကြောင်ကြောင်သီချင်းစာသားတွေနဲ့ “မနေ့က” သီချင်းကို ကီတရုဆိုတာ ပထမဆုံးကျွန်တော်ကြားခဲ့တဲ့အချိန်က ဒီနန်ချိုဖူးက သူ့အိမ်ရဲ့ ရေချိုးခန်းထဲမှာ။ သူပြောသလို အိမ်က ခပ်စုတ်စုတ်တော့မဟုတ်ပါဘူး၊ ပတ်ဝန်းကျင်ကလည်း ကောင်းတယ်၊ ဒါပေမဲ့ သာမန်ရပ်ကွက်က သာမန်အိမ်ပုံစံမျိုးပဲ၊ အိမ်က နည်းနည်းတော့ အိုပြီ၊ ဒါပေမဲ့ အာရှိယမှာရှိတဲ့ ဘယ်အိမ်ထက်မဆို ပိုကြီးတယ်။ ဘာပဲဖြစ်ဖြစ် တခြားအိမ်တွေထက် ချွန်ထွက်နေတာမျိုးတော့ လုံးဝမဟုတ်ဘူး၊ ပြီးတော့ အိမ်အ၀င်လမ်းမှာ မော်ဒယ်မြင့် အပြာနုရောင်ကားတစ်စင်းကိုလည်း ကျွန်တော် အမှတ်တမဲ့ တွေ့လိုက်မိသေးတယ်။ အိမ်ပြန်ရောက်ပြီဆိုတာနဲ့ ကီတရုကတော့ ရှိသမျှပစ္စည်းအကုန်ပစ်ချပြီး ရေချိုးခန်းထဲ ခုန်ဝင်သွားတော့တာပဲ။ ရေဇလုံထဲရောက်ပြီဆိုတာနဲ့ အထဲကနေ တစ်သက်လုံးပြန်မထွက်လာတော့ဘူး။ ဒီလိုဆို ကျွန်တော်လည်း ခွေးခြေခုံလေးတစ်လုံးဆွဲယူပြီး ကပ်လျက်က အ၀တ်လဲခန်းထဲ ၀င်ပြီး သူ့ဆီ စကားလှမ်းပြောနေတော့တာပဲ၊ ဘေးဆွဲတံခါးက တစ်လက်မနှစ်လမလောက် ပွင့်နေတယ်။ ဒါကတော့ သူ့အမေကြီးရဲ့ ဗြစ်တောက်ဗြစ်တောက် စကားပြောသံတွေကို ရှောင်လွဲနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပဲ၊ အများစုကတော့ သူတို့ ပေကပ်ကပ်သားတော်မောင် မကောင်းကြောင်း၊ စာကိုပဲ အာရုံစိုက်သင်ရမယ့်အကြောင်းတွေပေါ့။

“မင်းစာသားတွေက ဘာအဓိပ္ပာယ်မှ မရှိပါဘူးကွာ။ မနေ့ကဆိုတဲ့သီချင်းကို မင်းဖျက်လိုက်သလိုပဲ” ကျွန်တော်က သူ့ကိုပြောတယ်။

“ဆရာကြီးလာမလုပ်စမ်းပါနဲ့ကွာ၊ ငါ သီချင်းကို ဖျက်တာမဟုတ်ဘူး။ ငါဖျက်တယ်ဆိုရင်တောင် မင်းသိထားဖို့က ဂျွန်က ဒီလိုပေါက်တတ်ကရတွေနဲ့ စကားလုံး ကစားတာတွေကို ကြိုက်တယ်လေ။ ဟုတ်တယ်မဟုတ်လား”

“ဒါပေမဲ့ မနေ့ကကို စာသားရေးတဲ့လူက ပေါလ်လေကွာ”

“မင်း သေချာလို့လား”

“သိပ်သေချာတာပေါ့။ ပေါလ်က ဒီသီချင်းကိုရေးပြီး စတီရီယိုထဲမှာ ဂစ်တာလေးတစ်လုံးနဲ့ သူ့ဘာသာအသံသွင်းခဲ့တာ။ လေးယောက်တွဲက နောက်မှထပ်ပေါင်းလိုက်တာ၊ ဒါပေမဲ့ တခြားဘီတဲလ်စ်ဝိုင်းတော်သားတွေက ဒီသီချင်းမှာဘာမှဝင်မပါဘူး။ သူတို့က ဒီသီချင်းကို ဘီတဲလ်စ်သီချင်းစာရင်းထဲသွင်းဖို့အထိ အဆင့်မရှိဘူးတောင်ထင်တာ”

“တကယ်ပဲလား။ ဒီလိုမျိုး နီးစပ်တဲ့လူတွေပဲသိတဲ့ အချက်အလက်တွေက ငါနဲ့တော့ မဆိုင်ပါဘူး”

“ဘာမှ နီးစပ်တဲ့လူတွေပဲသိတဲ့ အချက်အလက်တွေမဟုတ်ဘူး၊ ဒါ လူတိုင်းသိတဲ့အချက်တွေကွ”

“အဲဒီတော့ ဘာဖြစ်လဲ။ ဒါတွေက အသေးစိတ်တွေပဲ” ရေနွေးငွေ့တွေဆီကနေ ကီတရုရဲ့ အသံက တည်တည်ငြိမ်ငြိမ် ထွက်ပေါ်လာတယ်။

“ငါ့အိမ်မှာငါ ရေချိုးခန်းထဲမှာ သီချင်းဆိုနေတယ်ကွာ။ အသံသွင်းနေတာဘာညာလည်း တစ်ခုမှမဟုတ်ဘူး။ ဘာမူပိုင်ခွင့်ကိုမှလည်း ချိုးဖောက်နေတာမဟုတ်ဘူး။ ဘယ်သူ့ကိုမှလည်း အနှောင့်အယှက်ပေးနေတာမဟုတ်ဘူး။ မင်းငါ့ကိုလာပြီး ဆင်ခြေတက်လို့မရပါဘူး”

အဲဒီနောက်တော့ သူက ခေါရပ်စ်ပိုဒ်ကို စဆိုလိုက်တယ်၊ သူ့အသံက ကျယ်ပြီး ကြည်လင်တယ်။ အမြင့်သံတွေကျရင် ပိုပြီး ထိထိမိမိဆိုနိုင်တယ်။ ရေတွေကို ပလပ်ပလပ်မြည်အောင် ခပ်ဖွဖွစည်းချက်လိုက်နေတာကိုပါ ကျွန်တော်ကြားရတယ်။ တကယ်ဆိုရင်တော့ သူ့ကို အားပေးတဲ့အနေနဲ့ ကျွန်တော်လည်း သူနဲ့အတူ သီချင်းကိုလိုက်ဆိုသင့်တာ၊ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ ကျွန်တော်ကိုယ့်ကိုယ်ကိုယ် ဆွဲယူမရဘူးဖြစ်နေတယ်။ အဲဒီနေရာမှာ ထိုင်ရင်း မှန်တံခါးကိုဖြတ် စကားပြောရင်း ရေချိုးဇလုံထဲမှာ စိမ်နေတဲ့သူနဲ့ တစ်နာရီလောက်ကြာအောင် အဖော်လုပ်ပေးနေရတာ ပျော်စရာတော့ သိပ်မကောင်းဘူး။

“နေပါဦး၊ ရေချိုးဇလုံထဲမှာ ဒီလောက်ကြာအောင် မင်းဘယ်လိုလုပ်နေနိုင်သလဲ။ မင်းတစ်ကိုယ်လုံး ပဲကြီးရေခွံတွန့်မသွားဘူးလား”

“ရေချိုးဇလုံထဲမှာ ကြာကြာစိမ်ရင် အိုင်ဒီယာအလန်းစားအမျိုးမျိုး ငါ့ခေါင်းထဲ ရောက်လာတတ်တယ်” လို့ ကီတရုက ပြောတယ်။

“မနေ့ကသီချင်းရဲ့ စာသားတွေလိုမျိုးလား”

“အင်း၊ အဲဒါလည်း တစ်ခုအပါအ၀င်ပေါ့” လို့ ကီတရုက ပြောတယ်။

“ရေချိုးဇလုံထဲမှာ အိုင်ဒီယာအလန်းစားတွေ အကြာကြီးထိုင်စဉ်းစားနေတာထက် တက္ကသိုလ်ခွင့်စာမေးပွဲအတွက် စာကျက်သင့်တယ်လို့ မင်းမထင်ဘူးလား” လို့ ကျွန်တော်မေးမိတယ်။

“မင်းကတော့ တော်တော်စိတ်ကုန်စရာ ကောင်းတဲ့ကောင်ပဲကွာ။ ငါ့ဘွားတော်နဲ့မှ တစ်လေသံတည်းပဲ။ ဆင်ခြင်တုံတရားလိုလို စကားတွေပြောဖို့ မင်းအသက်က သိပ်ငယ်သေးတယ်လို့ မထင်ဘူးလား”

“ဒါပေမဲ့ စာတွေမနိုင်မနင်းဖြစ်နေတာ မင်း,နှစ်နှစ်လောက်ရှိပြီ။ ဒါကို မင်း မငြီးငွေ့သေးဘူးလား”

“သေချာတာပေါ့။ တတ်နိုင်သမျှ အမြန်ဆုံး ငါ ကောလိပ်တက်ချင်ပြီပေါ့”

“ဒါဆို ဘာလို့ စာကိုသေချာမလုပ်သလဲ”

စကားလုံးရှာပြီး သူက ပြန်ပြောတယ်

“အာာ…၊ လုပ်နိုင်တယ်ဆိုရင် ငါလုပ်ပြီးတာ ကြာပြီပေါ့ကွာ”

“ကောလိပ်ဆိုတာ အာပလာပါကွာ။ စတက်ရပြီဆိုတာနဲ့ ငါလည်းစိတ်ထဲ သိပ်ကြည်လှတာမဟုတ်ဘူး။ ဒါပေမဲ့ ကောလိပ်မတက်ရင်ကျတော့ ပိုပြီးတော့ကို ဖွတ်ဖြစ်ဦးမှာ”

“ဟုတ်ပါတယ်။ ငါ့မှာ မင်းကိုချေပစရာ မရှိဘူး”

“ဒါဆို မင်း ဘာလို့စာမကျက်လဲ”

“လှုံ့ဆော်မှုမှ မရှိဘဲ”

“လှုံ့ဆော်မှု။ မင်းကောင်မလေးနဲ့ အပြင်ထွက်လည်နိုင်ဖို့ ဆိုတဲ့အတွေးက အတော်လေးကောင်းတဲ့ လှုံ့ဆော်မှုမဟုတ်ဘူးလား”

ကီတရုမှာ မူလတန်းထဲက အတူတက်လာတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်။ ငယ်ရည်းစားလို့ ဆိုပါတော့။ ကျောင်းတုန်းကတော့ သူတို့တွေ အတန်းထဲမှာ အဆင့်ချင်း အတူတူရခဲ့ကြတယ်၊ ဒါပေမဲ့ ဒီကောင့်လိုမဟုတ်ဘဲ ကောင်မလေးက အထက်တန်းပြီးတာနဲ့ ဆိုဖီယာတက္ကသိုလ်ကို တန်းရောက်သွားတယ်။ အခုတော့ ပြင်သစ်ဘာသာအဓိကနဲ့ ကျောင်းတင်းနစ်အသင်းမှာလည်း အဖွဲ့ဝင်။ ကောင်မလေးဓာတ်ပုံကို သူ ကျွန်တော့်ကို ပြဖူးတယ်၊ စော်လေးက လန်ထွက်နေတယ်။ လှတယ်၊ ပြီးတော့ သက်ဝင်လှုပ်ရှားတဲ့ မျက်နှာပေးလေးနဲ့။ ဒါပေမဲ့ ခုနောက်ပိုင်းတွေမှာ သူနဲ့ ကောင်မလေး သိပ်မတွေ့ဖြစ်ကြတော့ဘူး။ ဒီအကြောင်းကို သူတို့အချင်းချင်းလည်း စကားပြောခဲ့ကြပြီးပြီ၊ ၀င်ခွင့်စာမေးပွဲကို ကီတရုတစ်ယောက် မအောင်ခင်အထိ သူတို့တွေ ချိန်းမတွေ့ကြဖို့ သဘောတူထားကြတယ်တဲ့။ ဒါကတော့ ကီတရု စာကိုပဲ အာရုံစိုက်နိုင်အောင်လို့ပဲ။ ဒီအစီအစဉ်ကိုလည်း ကီတရုကပဲ စပြီး အဆိုပြုခဲ့တာ။

“အိုကလေ။ နင်အဲဒီလိုလုပ်ချင်တယ်ဆိုရင်လည်း နင့်သဘောပဲ” လို့ ကောင်မလေးက ပြောခဲ့တယ်။ ဖုန်းနဲ့တော့ သူတို့ အတော်လေး စကားပြောဖြစ်ကြတယ်၊ ဒါပေမဲ့ လူချင်းကတော့ အများဆုံး တစ်ပတ်တစ်ကြိမ်လောက်ပဲ ဆုံဖြစ်ကြတယ်၊ အဲဒီလိုတွေ့တိုင်းလည်း သမီးရည်းစားချိန်းတွေ့ကြတာနဲ့ မတူဘဲ အင်တာဗျူးဆန်ဆန် စကားတွေပဲပြောဖြစ်ကြတယ်။ လက်ဖက်ရည်သောက်ကြမယ်၊ ပြီးတော့ အခုနောက်ဆုံး သူတို့ဘာတွေလုပ်နေသလဲဆိုတာ ဖလှယ်ကြမယ်။ လက်ချင်းကိုင်ထားကြမယ်၊ ခပ်သွက်သွက်နမ်းမယ်၊ ဒီလောက်က အလွန်ဆုံးပဲ။

ကီတရုရဲ့ ပုံစံကတော့ ချောတယ်လို့ ပြောလို့မရဘူး၊ ဒါပေမဲ့ မွန်မွန်ရည်ရည်လို့ ခေါ်ရလောက်အောင်တော့ရှိတယ်။ ပိန်ပိန်၊ သူ့ဆံပင်နဲ့ အ၀တ်အစားတွေက ရှင်းရှင်းသန့်သန့်၊ စတိုင်လ်ကျကျ။ သူ စကားတစ်လုံးမှ မပြောခင်အထိ သူ့ကိုကြည့်လိုက်ရင် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာခဲ့တဲ့ မွန်ရည်တဲ့ မြို့သားလေး တစ်ယောက်လို့ ထင်ကြမှာပဲ။ သူ့ဆီမှာရှာတွေ့ရမယ့် ချို့ယွင်းချက်က တစ်ခုပဲရှိတယ်။ သူ့မျက်နှာက နည်းနည်းလေး ရှည်လွန်းပြီး နူးညံ့နေတာပဲ၊ ကိုယ်ရည်ကိုယ်သွေး ခေါင်းပါးပြီး၊ ယုံကြည်ချက် ရည်ရွယ်ချက်မရှိဘူးလို့ အများထင်ချင်စရာ ရုပ်ရည်မျိုးပေါ့။ ဘာပဲဖြစ်ဖြစ် ခြုံကြည့်ရင် အကောင်းဘက်ဆောင်နေတဲ့ သူ့ရဲ့သွင်ပြင်ဟာ သူ့ပါးစပ်ဟလိုက်တာနဲ့ တစ်ပြိုင်နက် ပျောက်ဆုံးသွားတော့တာပဲ၊ အမဲလိုက်ခွေးကြီးတစ်ကောင် တက်ဖိလို့ ပြိုသွားတဲ့ သဲပုံမှာ တည်ထားတဲ့ ရဲတိုက်လေးတစ်ခုလိုပေါ့။ သူ့ ခန်ဆိုင်းလေသံကြောင့် လူတွေက စိတ်အနှောင့်အယှက် ဖြစ်ကြတယ်၊ တမင်တကာ လုပ်ထားသလား ထင်ရအောင် လိုတာထက် နည်းနည်းပိုပြီး စူးရှနေတဲ့ လေသံမျိုး။ စကားပြောတဲ့လေနဲ့ ရုပ်ရည်တို့ လိုက်ဖက်မညီ ဖြစ်နေပုံက နည်းနည်းလေးတော့ များတယ်။ ကျွန်တော်တောင် သူနဲ့ တွေ့စတုန်းက အဲဒီအချက်ကြောင့် တော်တော်လေး ကသိကအောက်ဖြစ်ခဲ့ရတယ်။


… တနင်္ဂနွေနေ့တွေမှာ မြစ်ကမ်းနားဘေးသွားထိုင်ပြီး အပန်းဖြေမယ်၊ အိုဘလာဒီး အိုဘလာဒါး သီချင်းဆိုမယ်… ဒီလို ဘ၀မျိုးကို အဂွမ်းစားကြီးလို့ ငါပြောနေတာမဟုတ်ပါဘူး။ ဒါပေမဲ့ ငါပြောချင်တာကကွာ၊ ဘ၀ဆိုတာ ဒီလိုမျိုး သိပ်လွယ်ကူချောမွေ့ပြီး သက်တောင့်သက်သာ ဖြစ်နေသင့်သလား ဆိုတာပဲ …


“စော်မရှိတော့ မင်း မပျင်းဘူးလား တာနိမူရ” လို့ နောက်တစ်နေ့မှာ ကီတရုက ကျွန်တော့်ကိုမေးတယ်။

“အင်း ဆိုပါတော့” လို့ ကျွန်တော် ပြန်ဖြေလိုက်တယ်။

“ဒါဆို ငါ့ကောင်မလေးကို တွဲပါလား”

သူဘာပြောသလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဖြစ်သွားတယ်။

“ဘယ်လို၊ မင်းကောင်မလေးကို တွဲရမယ်ဆိုတာက ဘာတုံး”

“ကောင်မလေးက မိုက်တယ်ကွာ။ လှတယ်၊ ရိုးတယ်၊ တွဲရလောက်အောင်လည်း သွက်တယ်ကွာ။ မင်း သူ့ကို တွဲလို့တော့ နောင်တမရစေရပါဘူး။ ငါအာမခံတယ်”

“နောင်တမရဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ငါက ဘာလို့ မင်းကောင်မလေးကို တွဲရမှာလဲ။ အဓိပ္ပာယ်မှ မရှိပဲ”

ကီတရုက ပြောတယ်။

“ဘာဖြစ်လို့လဲဆိုတော့ မင်းက လူကောင်းမို့လို့ပေါ့ကွ။ ဒီလိုမှမဟုတ်ရင် မင်းကို ငါ အခုလိုပြောမလား။ အီရီကာနဲ့ ငါ အခုချိန်ထိ ဘ၀တစ်လျှောက်လုံးနီးပါး အတူတူ ရှိလာခဲ့တာ။ ဒီလိုနဲ့ပဲ အလိုလို အတွဲလို ဖြစ်သွားခဲ့တာလို့ ပြောရမှာပဲ၊ ငါတို့နဲ့ပတ်သက်တဲ့ လူတွေအားလုံးကလည်း ဒီလိုပဲ လက်ခံထားကြတယ်။ ဘော်ဒါတွေ၊ မိဘတွေ၊ ဆရာတွေ အကုန်ပေါ့။ အမြဲတပူးတွဲတွဲနဲ့ အရမ်းချစ်ကြတဲ့ စုံတွဲလေးပေါ့” ကီတရုက သူ့လက်နှစ်ဖက်ကို ပူးပြီးဆုပ်ပြတယ်။

“ငါတို့နှစ်ယောက်လုံး ကောလိပ်ကို တန်းတက်ခဲ့မယ်ဆိုရင်တော့ ငါတို့ဘ၀တွေဟာ နွေးထွေးလုံခြုံနေမှာပဲ။ ဒါပေမဲ့ ကျောင်းဝင်ခွင့်ကို အောင်အောင်မဖြေဘဲ ဖြုန်းပစ်ခဲ့တော့ ငါအခု ဒီလိုဖြစ်နေတာပေါ့။ ဘာကြောင့်မှန်းတော့ သေချာမသိဘူး၊ ဒါပေမဲ့ အခြေအနေတွေဟာ တဖြည်းဖြည်း ပိုပိုဆိုးလာနေတယ်။ ဒီအတွက်လည်း ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး၊ အားလုံးက ငါ့အပြစ်တွေပဲပေါ့”

သူပြောသမျှကို ကျွန်တော် ငြိမ်ပြီးနားထောင်နေလိုက်တယ်။

“ဒါကြောင့်၊ ..ဆိုပါတော့ ငါ့ကိုယ်ငါ နှစ်ကိုယ်ခွဲလိုက်တယ်” ပြောရင်းဆိုရင်း ကီတရုက ပူးဆုပ်ထားတဲ့ သူ့လက်နှစ်ဖက်ကို ပြန်ခွဲလိုက်တယ်။

“ဘယ်လိုမျိုးလဲ” လို့ ကျွန်တော်က မေးလိုက်တယ်။

သူ့လက်ဖ၀ါးတွေကို ခဏလောက် ငေးကြည့်နေပြီးတော့မှ သူက စကားဆက်တယ်။

“ငါဆိုလိုချင်တာက၊ ငါ့အစိတ်အပိုင်းတစ်ခုက ထားပါတော့၊ အပူကွာ။ အီရီကာက ကောလိပ်မှာ တင်းနစ်လေးရိုက်၊ ဒါမှမဟုတ် တစ်ခုခု သူလုပ်ချင်ရာလုပ်ပြီး ဟန်ကျပန်ကျဖြစ်နေချိန်မှာ ငါက စောက်တလွဲကျောင်းဝင်ခွင့် ရဖို့အတွက် စောက်တလွဲ အတတ်သင်ကျောင်းတွေ တက်နေရတယ်။ သူက သူငယ်ချင်းအသစ်တွေ ရမယ်ကွာ၊ ငါသိသလောက်ဆို၊ ဘဲအသစ်တွေနဲ့တောင် တွဲချင်တွဲနေမှာ။ ဒါတွေအားလုံးကို စဉ်းစားကြည့်လိုက်တော့ နောက်မှာကျန်ရစ်ခဲ့သလို ငါခံစားရတယ်။ ဘာလုပ်ရမယ်မှန်းကို မသိတော့ဘူး။ ငါဆိုလိုချင်တာကို မင်းနားလည်လား”

“နားလည်တယ် ထင်တာပဲ” လို့ ကျွန်တော်က ပြောလိုက်တယ်။

“ဒါပေမဲ့ ငါ့ရဲ့ အခြားအစိတ်အပိုင်း တစ်ခုကတော့၊ အအေးလို့ပဲ ပြောပါတော့။ အရင်တုန်းကလိုပဲ ငါတို့ ဆက်နေသွားကြမယ်ဆိုရင်၊ တခြားပြဿနာတွေလည်း မရှိခဲ့ဘူးဆိုရင်၊ အများအမြင်မှာတော့ ဘ၀ခရီးကို ပန်းခင်းလမ်းအတိုင်း လျှောက်နေတဲ့ ချစ်စရာစုံတွဲလေးပဲ။ ဆိုပါတော့ကွာ… ငါတို့ ကောလိပ်ကနေ ဘွဲ့ရကြမယ်၊ လက်ထပ်ကြမယ်၊ လူတိုင်းက လေးစားအားကျလောက်တဲ့ စိတ်ကူးယဉ်ချင်စရာ အိမ်ထောင်သည်ဘ၀၊ ငါတို့မှာ စက်ရုံထဲက ထုတ်ထားသလို ကလေးလေးနှစ်ယောက် ရှိမယ်၊ သူတို့ကို နာမည်ကြီး မူလတန်းကျောင်းမှာ ထားမယ်၊ တနင်္ဂနွေနေ့တွေမှာ မြစ်ကမ်းနားဘေးသွားထိုင်ပြီး အပန်းဖြေမယ်၊ အိုဘလာဒီး အိုဘလာဒါး သီချင်းဆိုမယ်… ဒီလို ဘ၀မျိုးကို အဂွမ်းစားကြီးလို့ ငါပြောနေတာမဟုတ်ပါဘူး။ ဒါပေမဲ့ ငါပြောချင်တာကကွာ၊ ဘ၀ဆိုတာ ဒီလိုမျိုး သိပ်လွယ်ကူချောမွေ့ပြီး သက်တောင့်သက်သာ ဖြစ်နေသင့်သလား ဆိုတာပဲ။ ခဏတဖြုတ်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်သွားတာက ပိုကောင်းချင်ကောင်းနေမှာ။ ဒီလိုနေကြည့်ပြီးတော့မှ တစ်ယောက်အတွက် တစ်ယောက်က မရှိမဖြစ်လို့ သိလာတယ်ဆိုရင်တော့လည်း ငါတို့ ပြန်တွဲကြရုံပေါ့”

“…ဆိုတော့ မင်းပြောနေတာက အရာရာ လွယ်ကူချောမွေ့ပြီး သက်တောင့်သက်သာဖြစ်နေတာက ပြဿနာတစ်ခုပေါ့။ ဒီလိုလား”

“အေးပေါ့။ ဘယ်အတိုင်းအတာထိ လွယ်ကူနေသလဲဆိုတဲ့အပေါ်မှာတော့ မူတည်တာပေါ့”

“ဒါပေမဲ့ ဘာလို့ငါက မင်းကောင်မလေးနဲ့ တွဲရမှာလဲ” ကျွန်တော် မေးလိုက်တယ်။

“ငါတွေးကြည့်တာ၊ သူသာ တခြားကောင်တစ်ကောင်နဲ့ တွဲတော့မယ်ဆိုရင် အဲဒီကောင်ဟာ မင်းဖြစ်တာပဲ ပိုကောင်းမှာ။ မင်းကိုက ငါ ကောင်းကောင်းသိတယ်လေကွာ။ ပြီးတော့ မင်းဆိုတော့ နောက်ဆုံးဖြစ်နေတဲ့ မင်းတို့နှစ်ယောက်ကြားက ဟိုကိစ္စဒီကိစ္စလေးတွေ ငါ့ကို လာပြန်အသိပေးနိုင်တာပေါ့”

သူကသာ ပြောနေပေမယ့် ကျွန်တော့်အတွက်တော့ ဒီကိစ္စဟာ ဘာအဓိပ္ပာယ်မှ မရှိဘူး။ ဒါပေမဲ့ အီရီကာနဲ့တွေ့ဖို့ဆိုတဲ့ စိတ်ကူးကို ကျွန်တော်လည်း စိတ်ဝင်စားနေမိတယ်ဆိုတာ ၀န်ခံပါတယ်။ သူ့လို အမိုက်စား ကောင်မလေးတစ်ယောက်က ကီတရုလို ဂကြောင်ကောင်နဲ့ ဘာကြောင့်တွဲချင်ရတာလဲဆိုတာကို သိချင်တာလည်းပါတယ်။ လူရှေ့သူရှေ့မှာ ကျွန်တော် နည်းနည်းတော့ ရှက်တတ်တယ်၊ ဒါပေမဲ့ သိလိုစိတ်ကတော့ ကျွန်တော့်ဆီမှာ ဘယ်တုန်းကမှ မခေါင်းပါးခဲ့ဘူး။

“သူနဲ့ မင်းနဲ့က ဘယ်အခြေအနေထိ ရောက်ပြီးပြီလဲ” လို့ ကျွန်တော်က မေးလိုက်တယ်။

“ဘာညာကိစ္စကို ပြောတာလား” ကီတရုက မေးတယ်။

“အင်း။ ကိစ္စအကုန်ပြတ်ပြီးသွားပြီလား”

ကီတရုက ခေါင်းခါတယ်။

“မင်းနားလည်မလားမသိဘူး၊ ငါလုပ်လို့မရဘူးကွာ။ သူ ကလေးလေးကတည်းက သူ့ကို ငါသိခဲ့တာ၊ ငုတ်တယ်လို့ ပြောမလား၊ သူ့အ၀တ်တွေကိုချွတ်၊ ဟိုပွတ်ဒီပွတ်လုပ်၊ အကုန်လျှောက်လုပ်ကွာ၊ ဘယ်လိုမှ ငါခံစားလို့မရဘူးဖြစ်နေတယ်။ တခြားကောင်မလေးတစ်ယောက်ယောက်သာ သူ့နေရာမှာဆို ပြဿနာရှိမယ်မထင်ဘူး၊ သူ့အတွင်းခံထဲ ငါ့လက်တွေထည့်ထားတယ်လို့ တွေးကြည့်ရုံနဲ့တင်၊ အဲဒီအတွေးနဲ့တင်…၊ ဘယ်လိုပြောရမလဲ ငါမသိဘူး…၊ အဲဒီလိုလုပ်တာ မှားနေတယ်လို့ ငါခံစားနေရတယ်၊ မင်းသိလား”

သူပြောတာကို ကျွန်တော်တစ်လုံးမှ မသိပါဘူး။

“ငါ သေချာတော့ ရှင်းမပြတတ်ဘူး” ကီတရုက ပြောတယ်။

“မင်းဘာသာတစ်ယောက်တည်းလုပ်ရင် မင်း တခြားကောင်မလေးတွေကို မှန်းလုပ်တယ်မဟုတ်လား၊ အဲဒီလိုမျိုးပေါ့”

“ဟုတ်မယ်ထင်တယ်” လို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။

“ဒါပေမဲ့ ငါ အီရီကာကို မှန်းလို့မရဘူး။ အဲဒီလိုလုပ်တာဟာ မှားနေသလို ခံစားရတယ်။ ဒီတော့ ငါတစ်ယောက်တည်းလုပ်တဲ့အခါ တခြားကောင်မလေးတွေကိုပဲ မှန်းရတယ်။ ငါ သိပ်မကြိုက်လှတဲ့ ကောင်မလေးတစ်ယောက်ယောက်ပေါ့။ အဲဒါကို မင်းဘယ်လိုထင်လဲ”

သူပြောတဲ့အကြောင်းကို ကျွန်တော်လည်း ဖင်ပြန်ခေါင်းပြန် စဉ်းစားကြည့်ပေမဲ့ အဖြေမထွက်ပါဘူး။ တခြားလူတွေရဲ့ တစ်ကိုယ်ရည်အာသာဖြေပုံ အလေ့အကျင့်တွေအကြောင်း ကျွန်တော် ဉာဏ်မမီပါဘူး။ ကိုယ့်အကြောင်းကိုယ်တောင် ဂဃနဏမသိသေးတဲ့ ကိစ္စတွေ အပုံကြီးလေ။
ကီတရုက ပြောလိုက်တယ်။

“ဘာပဲဖြစ်ဖြစ်လေ တစ်ခါလောက်တော့ ငါတို့သုံးယောက် ဆုံကြည့်ကြတာပေါ့။ အဲဒီအခါကျမှ မင်းထပ်ပြီး စဉ်းစားကြည့်လို့ရတာပေါ့”


တစ်ခုသော တနင်္ဂနွေနေ့ရဲ့ နေ့လယ်ခင်းမှာ ကီတရု၊ သူ့ကောင်မလေး (သူ့နာမည်အပြည့်အစုံက အီရီကာကူရိတနိ)နဲ့ ကျွန်တော်တို့သုံးယောက်သား ဒီနန်ချိုဖူးဘူတာနားက ကော်ဖီဆိုင်လေးတစ်ခုမှာ ဆုံဖြစ်ကြတယ်။ ကောင်မလေးက ကီတရုလောက်နီးနီး အရပ်မြင့်တယ်၊ အသားလေးကညိုပြီးချောမွတ်နေတယ်၊ မီနီစကပ်အပြာနုနုနဲ့ သပ်သပ်ရပ်ရပ်မီးပူထိုးထားတဲ့ အဖြူရောင်ဘလောက်စ်လက်တိုအင်္ကျီနဲ့ သူ့ကိုယ်သူ ဆင်ထားတယ်။ လေးစားလောက်တဲ့ ကောလိပ်ကျောင်းသူတစ်ဦးအတွက် ပြီးပြည့်စုံတဲ့နမူနာပုံစံပဲ။ ဓာတ်ပုံထဲကလိုပဲ အပြင်မှာလည်း ဆွဲဆောင်မှုရှိတယ်။ ဒါပေမဲ့ တကယ်တမ်း ကျွန်တော့်ကို ယိုင်သွားစေတာက သူ့ရုပ်ရည်ကြောင့်ဆိုတာထက်၊ သူ့အနီးအနားမှာ ရစ်ဝဲနေသယောင်ထင်ရတဲ့ တမင်လုပ်ယူထားတားမဟုတ်တဲ့ အသက်ဓာတ်တစ်မျိုးကြောင့်ပဲ။ ကောင်မလေးဟာ ကီတရုနဲ့တော့ ဆန့်ကျင်ဘက်ပဲ၊ ဒီကောင်ကတော့ ကောင်မလေးနဲ့ယှဉ်ရင် နည်းနည်းဖြူဖတ်ဖြူရော်ဖြစ်နေတယ်။

“အာကီဆီမှာ သူငယ်ချင်းတစ်ယောက်ရှိမှန်းသိရတာ ကျွန်မတကယ်ပဲဝမ်းသာပါတယ်” အီရီကာက ကျွန်တော့်ကိုပြောတယ်။ ကီတာရုရဲ့ ပထမနာမည်က အာကီယိုရှိ ကိုး။ ဒီကောင့်ကို အာကီလို့ ခေါ်တဲ့လူကတော့ ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်းပဲ ရှိမယ်။

“လျှောက်ပြောမနေပါနဲ့ဟာ ငါ့မှာ ဘော်ဒါတွေတစ်ပုံကြီး” လို့ ကီတရုကပြောတယ်။

“ဟင့်အင်း မရှိပါဘူး။ နင့်လိုလူက အပေါင်းအသင်းဆံ့တာမှမဟုတ်တာ။ တိုကျိုမှာမွေးပြီး ခန်ဆိုင်းလေသံနဲ့ စကားပြောသေး။ ပြီးတော့ ပါးစပ်ဟလိုက်တာနဲ့ စိတ်ပျက်စရာ ဟန်ရှင်းကျားအသင်းအကြောင်းနဲ့ စစ်တုရင်ထိုးကွက်တွေအကြောင်းကလွဲလို့ တခြားဘာများပြောတတ်လို့လဲ။ နင့်လို ဂကြောင်ကတော့ သာမန်လူတွေနဲ့ အဆင်ပြေနိုင်စရာမရှိပါဘူး”

“အေး နင်အဲဒီလိုပြောကြေးသာဆို ဒီကောင်လည်း ဂကြောင်ပဲ။ သူကျတော့ အာရှိယကလာပြီး တိုကျိုလေနဲ့ ပြောတယ်လေ” ကီတရုက ကျွန်တော့်ကိုလက်ညှိုးထိုးပြီး ဖွတယ်။

“ဒါက အများကြီးပိုပြီး ဖြစ်လေ့ဖြစ်ထရှိတယ်။ အနည်းဆုံး အဲဒါနဲ့ ပြောင်းပြန်လုပ်နေတာထက်စာရင်ပေါ့”

“နေဦးနေဦး..၊ အခု နင်ပြောနေတာက ယဉ်ကျေးမှုဆိုင်ရာခွဲခြားဆက်ဆံတာ ဖြစ်နေပြီ။ ယဉ်ကျေးမှုတွေအားလုံးဟာ တန်းတူပဲဆိုတာ နင်သိတယ်မဟုတ်လား။ တိုကျိုလေဟာ ခန်ဆိုင်းလေထက် ပိုသာတယ်လို့ ယူဆလို့မှမဖြစ်တာ”

“အင်း တန်းတူတော့ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ မဲဂျိပြန်လည်ပြင်ဆင်ရေးကာလပြီးကတည်းက တိုကျိုကလူတွေရဲ့ ပြောဆိုပုံဟာ ဂျပန်စကားပြောရဲ့ စံတစ်ခုဖြစ်လာခဲ့တာ။ ငါပြောချင်တာက ဂျေဒီဆလင်ဂျာရဲ့ “Franny and Zooey” ကို ခန်ဆိုင်းလေနဲ့ ဘာသာပြန်ဖူးတာရှိလို့လား”

“အဲဒီလိုသာရှိရင် ငါကတော့ ၀ယ်ပြီးသားပဲ” ကီတရုက ပြောတယ်။

ကျွန်တော်ဆိုရင်လည်း ၀ယ်ချင်ဝယ်မိမှာလို့ စိတ်ထဲက တွေးလိုက်မိတယ်၊ ဒါပေမဲ့ အသာလေးပဲ ငြိမ်နေလိုက်တယ်။

ဒီအငြင်းအခုန်ကို ရှေ့ဆက်မယ့်အစား အီရီကာက ပါးပါးနပ်နပ် စကားလမ်းကြောင်းကို ပြောင်းလိုက်တယ်။

“ကျွန်မတို့ တင်းနစ်ကလပ်မှာ ရှင်တို့ အာရှိယကလာတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်” လို့ ကျွန်တော့်ဘက်လှည့်ပြီး ပြောတယ်။

“အီကိုဆာကူရိုင်းတဲ့၊ ရှင်းများသိနေမလားလို့..”

“သိပါ့” လို့ ကျွန်တော်က ပြောလိုက်တယ်။ အီကိုဆာကူရိုင်းဆိုတာက ပိန်ပိန်ကလန်ကလားကြီး၊ သူ့မိဘတွေက ဂေါက်ကွင်းဖွင့်ထားတယ်။ မာန်နည်းနည်းတက်တယ်၊ ရင်သားပြားပြား၊ ရယ်ချင်စရာနှာခေါင်းနဲ့ သိပ်ခံစားကြည့်စရာမရှိတဲ့ ရုပ်ရည်မျိုး။ သူအမြဲတမ်းကောင်းခဲ့တာတစ်ခုကတော့ တင်းနစ်ပဲ။


လူတွေဟာ ဘ၀မှာ အဲဒီလိုကာလမျိုးတွေ လိုအပ်တယ်ဆိုတာ ကျွန်တော်ကတော့ သဘောတူတယ်။ အဲဒီကာလဟာ တစ်နေ့မှာ အဆုံးသတ်သွားမှာပဲလို့ သူတို့သိနေတယ်ဆိုရင် ပိုပြီးတော့တောင် ကောင်းဦးမှာ


သူ့ကို နောက်တစ်ကြိမ်ပြန်မတွေ့ရဘူးသာဆိုရင်လည်း ကျွန်တော့်ဘက်ကတော့ ကြာသလားလို့။

“ဒီကောင်က မိုက်တယ်ဟ၊ ပြီးတော့ အခုလောလောဆယ် သူ့မှာစော်လည်းမရှိဘူး” လို့ ကီတရုက အီရီကာကို လှမ်းပြောတယ်။ “ကြည့်လိုက်ရင်လည်း အိုကေပဲ၊ အမူအရာကလည်း ကောင်းတယ်၊ ပြီးတော့ ဟိုစပ်စပ်ဒီစပ်စပ်လည်း အကုန်သိ။ နင်မြင်တဲ့အတိုင်း သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်း၊ ဆိုးဆိုးရွားရွားရောဂါလည်းမရှိဘူး။ အလားအလာကောင်းတဲ့ လူငယ်လေးတစ်ယောက်လို့ပဲ ပြောပါတော့”

“ဟုတ်ပါပြီ။ ငါတို့ကလပ်မှာ အမိုက်စားအသင်းဝင်ကောင်မလေးတွေ ရောက်လာတာရှိပါတယ်။ ငါ သူနဲ့ မိတ်ဆက်ပေးမှာပေါ့” လို့ အီရီကာက ပြောလိုက်တယ်။

“အာ.. ငါက အဲဒီလို ပြောချင်တာမဟုတ်ဘူး။ နင်ကိုယ်တိုင် သူနဲ့ မတွဲနိုင်ဘူးလား။ ငါက ကောလိပ်လည်းမတက်ရသေး၊ နင်နဲ့လည်း တွဲချင်သလို တွဲလို့မရသေး။ ငါ့အစား နင် သူနဲ့တွဲလို့ရတာပဲ။ ဒီတော့ ငါလည်း စိတ်မပူရတော့ဘူးပေါ့”

“နင်စိတ်မပူရတော့ဘူးဆိုတာက ဘာကိုဆိုလိုတာလဲ” အီရီကာက မေးလိုက်တယ်။

“ငါဆိုလိုချင်တာကဟာ၊ ငါက နင်တို့နှစ်ယောက်စလုံးကို သိတယ်၊ ဒီတော့ ငါတစ်ခါမှမမြင်ဖူးတဲ့ တခြားကောင်တွေထက် နင်သူ့ကို တွဲမယ်ဆိုရင် ငါ့စိတ်ထဲမှာ ပိုပြီးများအဆင်ပြေမလားလို့”

သူ့မျက်စိရှေ့မှာ တွေ့နေရတဲ့ သတ္တ၀ါကို ဘယ်လိုမှမယုံကြည်နိုင်ဖြစ်နေသလို အီရီကာက ကီတရုကို ငေးကြည့်နေတယ်။ နောက်ဆုံးတော့ သူက ပြောလိုက်တယ်။

“ဒီတော့ နင်ပြောနေတာက ဒီမှာရှိနေတဲ့ တာနိမူရသာဖြစ်မယ်ဆိုရင် ငါက နင်မဟုတ်တဲ့တခြားတစ်ယောက်ကို တွဲလို့လည်း ရတယ်ဆိုတဲ့သဘောလား။ ငါ့ကို အတွဲခုတ်ပြီး အချိန်းအချက်လုပ်ဖို့ နင်တကယ်ကြီး တိုက်တွန်းနေတာလား”

“ဟဲ့ အခုဟာက အဲဒီလောက်ဆိုးရွားတဲ့ကိစ္စကြီးတော့ မဟုတ်ပါဘူးဟာ။ ဒါမှမဟုတ် နင် တခြားတစ်ယောက်ယောက်နဲ့ရော တွဲပြီးသားဖြစ်နေပြီလား”

“ဟင့်အင်း၊ တခြားတစ်ယောက်မရှိပါဘူး” လို့ အီရီကာက ခပ်တိုးတိုးပြောတယ်။

“ဒါဆို ဘာလို့နင် သူနဲ့ မတွဲရမှာလဲ။ ဒါ ယဉ်ကျေးမှုဖလှယ်တာမျိုး ဖြစ်နိုင်တာပဲ”

“ယဉ်ကျေးမှုဖလှယ်တယ်..” အီရီကာ သံယောင်လိုက်တယ်၊ ပြီး ကျွန်တော့်ကို လှမ်းကြည့်တယ်။

ကျွန်တော် တစ်ခုခုဝင်ပြောလည်း ဘာမှအကြောင်းထူးမယ်မထင်လို့ ခပ်ဆိတ်ဆိတ်ပဲ နေလိုက်တယ်။ ကော်ဖီဇွန်းကလေးကို ကိုင်ပြီး အပေါ်က ဒီဇိုင်းကွက်လေးတွေကို ကြည့်နေလိုက်တယ်၊ အီဂျစ်ပြည်က သမိုင်းဝင်လက်ရာမွန် အုတ်ဂူတစ်လုံးကို စေ့စေ့စပ်စပ် လေ့လာနေတဲ့ ပြတိုက်မှူးတစ်ဦးရဲ့ ဂိုက်မျိုးနဲ့။

“ယဉ်ကျေးမှုဖလှယ်တယ်။ ဒါက ဘာကိုများဆိုလိုချင်တာတုံး” သူက ကီတရုကို မေးလိုက်တယ်။

“ဘယ်လိုပြောမလဲဟာ၊ ရှုထောင့်နောက်တစ်မျိုးဆီ ၀င်ကြည့်တာက ငါတို့တွက် သိပ်ဆိုးလှမှာမဟုတ်ပါဘူး”

“အဲဒါက ယဉ်ကျေးဖလှယ်တာကို နင်ထင်တဲ့အထင်ပေါ့၊ ဟုတ်လား”

“အေး..ငါဆိုလိုချင်တာက…..”

“ကောင်းပြီလေ” လို့ အီရီကာက ခပ်တင်းတင်းပြောတယ်။ အနားမှာသာ ခဲတံတစ်ချောင်းရှိနေရင် ကောက်ယူပြီး ကျွန်တော်ထက်ပိုင်းချိုးလိုက်မိမလားမသိဘူး။ “အာကိ၊ နင်က ငါတို့ ဒီလိုလုပ်သင့်တယ်ထင်တယ်ဆိုရင်လည်း ပြီးတာပဲ။ ကဲ ယဉ်ကျေးမှုဖလှယ်ကြတာပေါ့”

သူက လက်ဖက်ရည်တစ်ငုံစုပ်တယ်၊ ပြီးတော့ အောက်ခံပန်းကန်ပြားထဲ ပြန်ချပြီး ကျွန်တော့်ဘက်လှည့် ပြုံးပြတယ်။

“အာကီက ထောက်ခံချက်ပေးနေမှတော့ ကျွန်မတို့ ချိန်းတွေ့ကြစို့နော် တာနီမူရ။ ပျော်စရာတော့ ကောင်းမှာ။ ရှင်ဘယ်နေ့ အားမလဲ”

ကျွန်တော် ဘာမှပြန်မပြောနိုင်ဘူး။ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ မှန်ကန်တဲ့စကားလုံးကို မရှာနိုင်တာ ကျွန်တော့်ရဲ့ များစွာသောပြဿနာတွေထဲက တစ်ခုပဲ။ အီရီကာကတော့ သူ့အိတ်ထဲကနေ သားရေနဲ့လုပ်ထားတဲ့ အချိန်ဇယားအနီရောင်လေး ဆွဲထုတ်လိုက်တယ်၊ ဖွင့်ပြီးတော့ သူ့ရဲ့ အစီအစဉ်တွေကို စစ်ဆေးကြည့်နေတယ်။

“စနေနေ့ဆိုရင် ဘယ်လိုလဲ” လို့ မေးတယ်။

“စနေနေ့မှာ ကျွန်တော် သွားစရာမရှိပါဘူး” လို့ ကျွန်တော်က ပြောလိုက်တယ်။

“ကဲ ဒါဆိုလည်း စနေနေ့ပေါ့။ ကျွန်မတို့ ဘယ်သွားကြမလဲ”

“ဒီကောင်က ရုပ်ရှင်ကြိုက်တယ်။ သူ့ အိပ်မက်က တစ်နေ့မှာ ဇာတ်ညွှန်းရေးဆရာဖြစ်ဖို့ပေါ့” ကီတာရုကို သူ့ကိုပြောတယ်။

“ဒါဆို ရုပ်ရှင်ပဲသွားကြည့်ကြစို့။ ကျွန်မတို့ ဘာကားကြည့်ကြမလဲ။ ဒါကိုတော့ ရှင်ပဲဆုံးဖြတ်ပါ တာနိမူရ။ သဲထိတ်ရင်ဖိုတွေတော့ ကျွန်မ မကြိုက်ဘူး။ အဲဒါမဟုတ်ရင် တခြား ဘာပဲဖြစ်ဖြစ်အဆင်ပြေပါတယ်”

“သူက ငယ်ငယ်ကတည်းက လိပ်ပြာငယ်တာ။ ငါတို့ ကလေးတုန်းက သရဲခြောက်တဲ့ အိမ်ကြီးဆီသွားကြတယ်လေ၊ သူ ငါ့လက်ကို အတင်းကိုင်ပြီး….”

“ရုပ်ရှင်ပြီးတော့ ကျွန်မတို့ ထမင်းအတူတူစားကြတာပေါ့” အီရီကာက စကားဖြတ်ပြီး ပြောလိုက်တယ်။ သူ့မှတ်စုစာအုပ်ထဲက စာရွက်တစ်ရွက်ဆုတ်၊ ဖုန်းနံပါတ်ရေးပြီး ကျွန်တော့်ဆီလှမ်းပေးတယ်။ အချိန်နဲ့နေရာ စဉ်းစားပြီးရင် ရှင်ကျွန်မဆီ ဖုန်းဆက်လိုက်ပေါ့”

အဲဒီအချိန်တုန်းက ကျွန်တော့်မှာ ဖုန်းမရှိသေးဘူး။ (ဆဲလ်ဖုန်းတွေ အရိပ်အယောင်တောင်မပေါ်ခင် အချိန်အတော်အကြာကပေါ့) ဒါနဲ့ ကီတရုနဲ့ကျွန်တော် အလုပ်လုပ်နေတဲ့ ဆိုင်ရဲ့ ဖုန်းနံပါတ်ကို သူ့ကိုပေးလိုက်တယ်။ ပြီး ကျွန်တော်လည်း နာရီကို ဖျပ်ခနဲကြည့်လိုက်တယ်။

“အားတော့ နာပါတယ်။ ကျွန်တော် သွားမှဖြစ်တော့မယ်။ ဒီမှာ မနက်ဖြန်အပြီးသတ်ရမယ့် စာတစ်ခုရှိသေးလို့” ကျွန်တော်တတ်နိုင်သလောက် ခပ်မြူးမြူးဖြစ်အောင် ကြိုးစားပြီး ပြောလိုက်တယ်။

“နောက်မှလုပ်လို့မရဘူးလားကွာ။ အခုပဲ ရောက်တဲ့ဥစ္စာ။ တို့အတူ စကားလေးဘာလေး ဆက်ပြောရအောင် နေပါဦးလား။ ဟိုဘက်ထောင့်နား မှာတင် ခေါက်ဆွဲဆိုင်ကောင်းကောင်းတစ်ခု ရှိတယ်”

အီရီကာကတော့ ဘာထင်မြင်ချက်မှမပေးဘူး။ ကျွန်တော့်ကော်ဖီဖိုးကို စားပွဲပေါ်တင်လိုက်ပြီး ကျွန်တော်လည်း မတ်တပ်ရပ်လိုက်တယ်။ “စာကအရေးကြီးတယ်ကွ။ ငါတကယ်ပစ်ထားလို့မရလို့ပါ” လို့ ပြောလိုက်တယ်။ တကယ်တော့ အဲဒီစာက ဒီလောက်ကြီးအရေးကြီးလှတာ မဟုတ်ဘူး။

“မနက်ဖြန်၊ ဒါမှမဟုတ်သန်ဖက်ခါ ကျွန်တော် ဖုန်းခေါ်လိုက်မယ်နော်” လို့ ကျွန်တော်က အီရီကာကို ပြောလိုက်တယ်။

“အင်း ကျွန်မမျှော်နေမယ်” လို့ သူကပြောတယ်။ ချစ်စရာအပြုံးလေးတစ်ပွင့် သူ့နှုတ်ခမ်းလွှာတွေမှာ ပွင့်လာတယ်။ အပြုံးက၊ အနည်းဆုံး ကျွန်တော့်အတွက်၊ အိပ်မက်လားလက်တွေ့အဖြစ်လား ဝေခွဲရခက်စရာ အပြုံးလေးပဲ။

ကော်ဖီဆိုင်က ထွက်လာပြီး ဘူတာရုံကို ကျွန်တော်လျှောက်လာတုန်း ငါဘာတွေများလျှောက်လုပ်နေတာလဲလို့ ကျွန်တော်တွေးမိတယ်။ အရာအားလုံး နေသားတကျ ဖြစ်ပြီးကာမှ ဘယ်လိုတွေဖြစ်ကုန်တာလဲဟလို့ ပြန်စဉ်းစားပြီးအာရုံနောက်တတ်တာကလည်း ကျွန်တော့်ရဲ့ အမြစ်တွယ်နေတဲ့ ပြဿနာများစွာထဲက နောက်ထပ်တစ်ခုပဲ။


စနေနေ့ကျတော့ ကျွန်တော်နဲ့ အီရီကာတို့ ရှီဘူယာမှာတွေ့ပြီး နယူးယောက်မြို့မှာ ဇာတ်အိမ်တည်ထားတဲ့ ၀ူဒီအလန်ရုပ်ရှင်ကားကို ကြည့်ကြတယ်။ သူ ၀ူဒီအလန်ရုပ်ရှင်တွေကို ကြိုက်တယ်ဆိုတာ ကျွန်တော် တစ်နည်းနည်းနဲ့ အနံ့ရလိုက်သလိုပဲ။ ပြီးတော့ ကီတရုအနေနဲ့ သူ့ကို အခုလို ရုပ်ရှင်ကြည့်ဖို့ တစ်ခါမှ မခေါ်ဖူးဘူးဆိုတာ ကျွန်တော် အသေအချာ ပြောရဲတယ်။ ကံကောင်းချင်တော့ ရုပ်ရှင်ကားကလည်း ကောင်းတယ်၊ ရုံထဲကထွက်လာတော့ ကျွန်တော်တို့ နှစ်ယောက်လုံး ရွှင်မြူးနေကြတယ်။

နေ၀င်ရီတရော လမ်းတွေအတိုင်း ကျွန်တော်တို့ ခဏလောက် ခြေဦးတည့်ရာလျှောက်လာခဲ့ကြတယ်။ ပြီးတော့မှ ဆာကူရာဂိုဝါကာက အီတလီရပ်ကွက်လေး တစ်ခုကိုသွားပြီး ပစ်ဇာနဲ့ ကီယန်းတီးဝိုင်နီ သောက်ကြတယ်။ ဆိုင်လေးက စားပျော်သောက်ပျော်ရှိပြီး ဈေးနှုန်းကလည်း သင့်တင့်တယ်။ အလင်းရောင်မှိန်မှိန်ပဲရှိပြီး စားပွဲတွေပေါ်မှာ ဖယောင်းတိုင်လေးတွေ ထွန်းထားတယ်။ (အဲဒီအချိန်တုန်းက အီတလီစားသောက်ဆိုင် အတော်များများဟာ စားပွဲတွေပေါ်မှာ ဖယောင်းတိုင်ထွန်းပြီး စားပွဲခင်းကို ပိုးသားရောင်စုံ အကွက်ဆင်တွေ သုံးတတ်ကြတယ်) ကျွန်တော်တို့ကတော့ ရောက်တတ်ရာရာ အကုန်လျှောက်ပြောကြတယ်၊ ပထမဆုံး ချိန်းတွေ့တဲ့ ကောလိပ် ဒုတိယနှစ် ကျောင်းသားနှစ်ဦး ပြောနိုင်သမျှအရာ အကုန်လုံးပဲ (ဒါကို တကယ်ပဲ ချိန်းတွေ့တာလို့ ဆိုနိုင်ခဲ့ရင်ပေါ့လေ)။ ခုလေးတင် ကြည့်လာခဲ့တဲ့ ရုပ်ရှင်ကားအကြောင်း၊ ကောလိပ်တက်ရတဲ့အကြောင်း၊ ပြီးတော့ ကျွန်တော်တို့ ၀ါသနာတွေအကြောင်း။ မျှော်လင့်ထားတာထက်ကိုပိုပြီး ကျွန်တော်တို့ စကားပြောရတာ အဆင်ချောတယ်၊ တစ်ခါနှစ်ခါလောက်တောင် အသံထွက်ပြီး သူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သေးတယ်။ ဖောတာတော့မဟုတ်ဘူး၊ ဒါပေမဲ့ ကောင်မလေးတွေ ရယ်လာအောင်လုပ်ဖို့ ကျွန်တော်က အတော်လေး ကျေနပ်တယ်လို့ ထင်တာပဲ။

“ရှင်အထက်တန်းကတည်းက တွဲလာတဲ့ကောင်မလေးနဲ့ မကြာသေးခင်ကမှ ပြတ်သွားတယ်လို့ အာကီ့ဆီက ကြားတယ်” အီရီကာက ကျွန်တော့်ကို မေးတယ်။

“ဟုတ်ပါ့။ တွဲလာတာ သုံးနှစ်နီးပါးတောင်ရှိပြီ၊ ဒါပေမဲ့ အလုပ်မဖြစ်ပါဘူး။ အကြောင်းမတိုက်ဆိုင်ဘူး ဆိုပါတော့” လို့ ကျွန်တော်က ပြန်ဖြေလိုက်တယ်။

“အလုပ်မဖြစ်ဘူးဆိုတာ၊ အာကီ့ပြောပုံအရတော့ လိင်ကိစ္စကြောင့်တဲ့။ ကောင်မလေးက..၊ အင်း ကျွန်မဘယ်လိုပြောရမလဲ၊ ဟို ရှင်လိုချင်တာမပေးဘူးဆို..”

“အဲဒါလည်း တစ်စိတ်တစ်ပိုင်း ပါတာပေါ့။ ဒါပေမဲ့ အဲဒါချည်းပဲကြောင့်တော့ မဟုတ်ပါဘူး။ သူ့ကိုသာ ကျွန်တော် တကယ်ချစ်တယ်ဆိုရင်၊ ကျွန်တော် သူ့အပေါ် စိတ်ရှည်နိုင်မယ် ထင်တာပဲ။ ကျွန်တော်ဆိုလိုချင်တာက သူ့ကို တကယ်ချစ်တယ်လို့ ကျွန်တော့်ဘာသာ သေချာခဲ့မယ်ဆိုရင်ပေါ့။ ဒါပေမဲ့ အဲဒီလို မဖြစ်ခဲ့ဘူးလေ”
အီရီကာက ခေါင်းညိတ်ပြတယ်။

“ကျွန်တော်တို့ အတူနေခဲ့ပြီးသားဆိုရင်တောင် နောက်ဆုံးတော့ ဒီဘူတာပဲဆိုက်ဖို့များပါတယ်။ ဒီလိုအဆုံးသတ်ဖို့ ရှောင်လွှဲမရဘူးလို့ ကျွန်တော်ထင်တယ်” ကျွန်တော်ပြောလိုက်တယ်။

“ဒါ ရှင့်အတွက် မခက်ခဲဘူးလား” လို့ သူကမေးတယ်။

“ဘာက ကျွန်တော့်အတွက် ခက်ခဲရမှာလဲ”

“အတွဲရှိနေရင်းနဲ့ ရုတ်တရက် တစ်ယောက်တည်းဖြစ်သွားရတာလေ”

“တစ်ခါတလေပေါ့” လို့ ကျွန်တော်က အမှန်အတိုင်းပဲပြောလိုက်တယ်။

“ဒါပေမဲ့ အဲဒီလို ခက်ခဲတဲ့ အထီးကျန်အတွေ့အကြုံမျိုးတွေဟာ ငယ်တုန်းအချိန်မှာ လိုအပ်တယ်မဟုတ်လား။ ကြီးပြင်းရင့်ကျက်လာဖို့အတွက် အစိတ်အပိုင်းတစ်ရပ် မဟုတ်လား”

“ရှင်က အဲဒီလို ထင်တယ်ပေါ့”

“သစ်ပင်လေးတစ်ပင် ပိုမိုသန်စွမ်းကြီးပြင်းလာဖို့ ကြမ်းတမ်းတဲ့ခက်ခဲတဲ့ ဆောင်းရာသီတွေကို ဖြတ်သန်းခဲ့ဖို့ လိုသလိုပေါ့၊ ကြီးပြင်းမှုဟာ အတွင်းသားထဲမှာ အကွင်းလိုက် ပတ်ချာလှည့်ပြီး ပိုမိုကျစ်လစ်လာစေသလိုမျိုး”

ပြောသာပြောရတာ၊ ကျွန်တော့်အတွင်းသားထဲမှာ အကွင်းလိုက် ပတ်ချာလှည့်နေတဲ့ ကြီးပြင်းမှုမျိုးကို စိတ်ကူးကြည့်ပေမဲ့ ကျွန်တော် ပုံဖော်ကြည့်နိုင်သလောက်ကတော့ ကိတ်လုံးတစ်ခုကို လှီးထားတဲ့ အကြွင်းအကျန်တွေလိုမျိုးပဲ မြင်ရတယ်။ “လူတွေဟာ ဘ၀မှာ အဲဒီလိုကာလမျိုးတွေ လိုအပ်တယ်ဆိုတာ ကျွန်တော်ကတော့ သဘောတူတယ်။ အဲဒီကာလဟာ တစ်နေ့မှာ အဆုံးသတ်သွားမှာပဲလို့ သူတို့သိနေတယ်ဆိုရင် ပိုပြီးတော့တောင် ကောင်းဦးမှာ” သူက ပြုံးလိုက်တယ်။

“စိတ်မပူပါနဲ့ရှင်။ မကြာခင်မှာ သင့်တော်တဲ့ တစ်ယောက်ယောက်နဲ့ ရှင် တွေ့မှာပါ”

“မျှော်လင့်ရတာပေါ့” လို့ ကျွန်တော်က ပြောလိုက်တယ်။

ကျွန်တော် ပစ်ဇာစားနေချိန်မှာ အီရီကာက တစ်ခုခုကို အတွေးနက်နေတယ်။

“တနိမူရ။ ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ရှင်းအကြံဉာဏ်ကို ကျွန်မ မေးကြည့်ချင်လို့ ဖြစ်မလား”

“ဖြစ်ပါတယ်” လို့ ကျွန်တော် ပြောလိုက်တယ်။ ဒါကတော့ ကျွန်တော် မကြာခဏ ရင်ဆိုင်ရတဲ့ ပြဿနာပေါင်းများစွာထဲက နောက်ထပ်တစ်ခုပေါ့၊ ကျွန်တော်နဲ့ ခုမှစတွေ့ခါစ လူတွေဟာ အရေးကြီးကိစ္စတစ်ခုအတွက် ကျွန်တော့်ဆီက အကြံဉာဏ် လိုချင်တတ်ကြတယ်။ ဒီတော့လည်း အီရီကာ ကျွန်တော့်ဆီက အကြံဉာဏ် လိုချင်နေတဲ့ကိစ္စဟာ သိပ်ပျော်စရာကောင်းတဲ့ ကိစ္စမဟုတ်မှန်း ကျွန်တော်သေချာသိနေတယ်။

“ကျွန်မ ဝေခွဲမရဖြစ်နေတယ်” လို့ သူက စပြောတယ်။ သူ့မျက်လုံးတွေက တစ်ခုခုကို ရှာဖွေနေတဲ့ ကြောင်တစ်ကောင်ရဲ့ မျက်လုံးတွေကို ရှေ့နောက် ယိမ်းထိုးနေတယ်။

“ရှင်လည်း သိပြီးသားဖြစ်မှာပါ။ အခု အာကီက ၀င်ခွင့်စာမေးပွဲအတွက် အတတ်သင်ကျောင်းမှာ ဒုတိယနှစ်ပြန်တက်နေတယ်ဆိုပေမယ့် ဘာစာမှလည်း မလုပ်ဘူး။ ကျောင်းပျက်တာလည်း ခဏခဏပဲဆိုတော့ လာမယ့်နှစ်မှာလည်း သေချာပေါက် ကျဦးမှာပဲ။ လူမရွေးတဲ့ကျောင်းတစ်ခုခုကို မှန်းမယ်ဆိုရင်တော့ တစ်နေရာရာမှာ သူ ကျောင်းဝင်ခွင့် ရလောက်ပါတယ်။ ဒါပေမဲ့ သူကတော့ ၀ါဆေးဒါးကလွဲလို့ နည်းနည်းမှမလျှော့နိုင်ဘူး။ ကျွန်မစကားရော၊ သူ့မိဘတွေစကားကိုပါ နားမထောင်ဘူး။ ခုနောက်ပိုင်း ပိုပိုပြီး ရွတ်လာတယ်…၊ သူ့ဆန္ဒအတိုင်း ၀ါဆေးဒါးမှာ တက်ချင်တယ်ဆိုရင်လည်း ၀ါဆေးဒါး စာမေးပွဲအောင်အောင် စာကောင်းကောင်း ကျက်ရမှာပေါ့။ အဲဒီလိုမှ မကျက်ဘဲ…”

“ဘာလို့ သူက စာကောင်းကောင်း မကျက်တာလဲ”

“ကံကြမ္မာသာ ကိုယ့်ဘက်ပါရင် ၀င်ခွင့်စာမေးပွဲကို အောင်လိမ့်မယ်လို့ သူက တကယ်ကြီးကို ယုံနေတာ။ စာကျက်တယ်ဆိုတာက အချိန်ဖြုန်းတာပဲတဲ့” လို့ အီရီကာက ပြောတယ်။ ပြီး သက်ပြင်းချလိုက်ပြီး ဆက်ပြောတယ်။ “မူလတန်းမှာတုန်းကတော့ သူ့ရဲ့ အဆင့်က စာတော်တဲ့ ကလေးလေးတစ်ယောက်လို အမြဲတမ်း ထိပ်ဆုံးမှာပဲ။ ဒါပေမဲ့ အလယ်တန်းလည်းရောက်ရော သူ့အဆင့်တွေက ထိုးကျလာတယ်။ သူက တကယ်တော့ ကလေးဉာဏ်ကြီးရှင် တစ်မျိုးပဲ။ သူ့ကိုယ်ရည်ကိုယ်သွေးက ပုံစံတကျ ကျောင်းသင်ရိုးအချိန်ဇယားနဲ့ အံဝင်ခွင်ကျ မဖြစ်တာပါ။ သူ့အတွက်တော့ ကျောင်းပျက်ပြီး သူ့ဘာသာ လုပ်ချင်တဲ့ဟာလျှောက်လုပ်နေတာကို ပိုသဘောကျတယ်။ ကျွန်မကတော့ သူနဲ့ ပြောင်းပြန်ပေါ့။ ကျွန်မက သိပ်တော့ဉာဏ်ကောင်းလှတာမဟုတ်ဘူး။ အမြဲတမ်း စာကိုဂရုတစိုက်ကျက်တယ်၊ ပြီးတော့ လုပ်စရာရှိတဲ့အိမ်စာ အားလုံးပြီးအောင်လုပ်တယ်”

ကျွန်တော်ကိုယ်တိုင်လည်း စာသိပ်ကျက်တဲ့ကောင်တော့ မဟုတ်ဘူး၊ ပြီးတော့ တစ်ကြိမ်ပဲကြိုးစားရပြီး ကောလိပ်ကိုတန်းရောက်ခဲ့တယ်။ ကံကြမ္မာက ကျွန်တော့်ဘက် ပါခဲ့တာဖြစ်မယ်။

သူက ဆက်ပြောတယ်။ “အာကီ့ကို ကျွန်မ အရမ်းသဘောကျပါတယ်။ သူ့မှာ အံ့သြဖို့ကောင်းတဲ့ အရည်အချင်းတွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့ တစ်ခါတလေကျတော့ သူ့ရဲ့ အစွန်းရောက်အတွေးနဲ့ ရင်ဆိုင်ရတာ ကျွန်မအတွက် အရမ်းခက်ခဲတယ်။ ခန်ဆိုင်းလေနဲ့ ပတ်သက်ပြီးတော့ပဲ ကြည့်ပေါ့။ တိုကျိုမှာပဲမွေး၊ တိုကျိုမှာပဲကြီးလာတဲ့ လူတစ်ယောက်ဟာ ဘယ်လိုအကြောင်းနဲ့ ခန်ဆိုင်းလေသံကို သင်ပြီး၊ အဲဒါလေနဲ့ပဲ တစ်ချိန်လုံးစကားပြောပြီး ဒုက္ခခံမှာတဲ့လဲ။ အဲဒါကို ကျွန်မ နားမလည်ဘူး၊ ဘယ်နည်းနဲ့မှ နားမလည်နိုင်တာ။ အစတုန်းကတော့ သူနောက်နေတယ်ထင်တာ၊ ဒါပေမဲ့ မဟုတ်ဘူး။ သူက တကယ့်ကို အတည်ပေါက်လုပ်နေတာကိုး”

“ကျွန်တော်ထင်တာ သူက မတူတဲ့လူတစ်ယောက် ဖြစ်ချင်တာမျိုး ထင်တယ်။ အခုချိန်ထိ သူကြီးပြင်းခဲ့သမျှပုံစံနဲ့ မတူတဲ့ လူတစ်ယောက်အဖြစ်ပေါ့” လို့ ကျွန်တော်ပြောလိုက်တယ်။

“ဒါကြောင့်ပဲ ခန်ဆိုင်းလေသံနဲ့ ပြောရရောလား”

“ဟုတ်ပါတယ်။ ဒါကတော့ အတော်လေးကတ်သီးကတ်သတ်နိုင်တဲ့ ဖြေရှင်းနည်းမျိုးပေါ့၊ ခင်ဗျားနဲ့ ကျွန်တော် တစ်သဘောတည်းပါပဲ”

အီရီကာက ပစ်ဇာတစ်စကို ကောက်ယူလိုက်ပြီး ခပ်ကြီးကြီးတံဆိပ်ကောင်းတစ်ခုစာလောက် ကိုက်လိုက်တယ်၊ ပြီး တွေးတွေးဆဆနဲ့ ခပ်ဖြည်းဖြည်းချင်း ၀ါးနေတယ်၊ ပြီးတော့မှ ပြောလိုက်တယ်။

“တနိမူရ၊ ရှင်စိတ်မရှိရင် ကျွန်မ တစ်ခုလောက်မေးချင်တယ်။ ကျွန်မမှာ တခြားမေးစရာ လူလည်း မရှိလို့ပါ”

“အင်း မေးလေ” လို့ ကျွန်တော်က ပြန်ပြောလိုက်တယ်၊ တခြားရော ကျွန်တော့်မှာ ဘာပြန်ပြောစရာ ရှိလို့လဲ။

“ပုံမှန်အားဖြင့်ဆိုရင် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ကာလတစ်ခုထိကြာအောင် အပြင်ကိုထွက်လည်မယ်၊ ပြီး သူတို့အချင်းချင်း တကယ်ကို ရင်းနှီးသွားကြမယ်ဆိုရင် ကောင်လေးဟာ ကောင်မလေးအပေါ် ရုပ်ပိုင်းဆိုင်ရာစိတ်ဝင်စားမှုမျိုး ဖြစ်လာတတ်တယ်မဟုတ်လား”

“ပုံမှန်အားဖြင့်ဆိုရင်တော့ ဟုတ်ပါတယ်”

“သူတို့ နမ်းကြတယ်ဆိုရင် ကောင်လေးက ဒီထက်ပို ရှေ့ဆက်တိုးချင်လာတာပဲမဟုတ်လား”

“ပုံမှန်အားဖြင့်ဆိုရင် သေချာတာပေါ့”

“ရှင်ရော အဲဒီလိုပဲလား”

“ဒါပေါ့” လို့ ကျွန်တော်ပြောလိုက်တယ်။

“ဒါပေမဲ့ အာကီကတော့ အဲဒီလိုမဟုတ်ဘူး။ ကျွန်မတို့ နှစ်ယောက်တည်းရှိနေတဲ့အချိန်မှာ သူက ရှေ့ဆက် အဆင့်တက်ချင်တဲ့ပုံစံမပြဘူး”

မှန်ကန်တဲ့စကားလုံးကို ရွေးချယ်ဖို့ ကျွန်တော် ခဏအချိန်ယူလိုက်ရတယ်။

“ဒါကတော့ လူတစ်ဦးချင်းစီနဲ့ပဲ ဆိုင်ပါတယ်” လို့ နောက်ဆုံးတော့ ကျွန်တော်ပြောလိုက်တယ်။

“လူတစ်ဦးချင်းစီမှာ လူတို့လိုချင်တာကို ရယူဖို့အတွက် မတူညီတဲ့ နည်းလမ်းတွေကိုယ်စီရှိတယ်။ ကီတာရုက ခင်ဗျားကို တော်တော်ကြိုက်ပါတယ်၊ မွေးရာပါကို ကြိုက်တာ၊ ဒါပေမဲ့ ခင်ဗျားတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရမ်းကိုရင်းနှီးပြီးသက်တောင့်သက်သာဖြစ်နေတော့၊ သာမန်အားဖြင့် ဖြစ်တတ်တဲ့၊ ရှေ့ဆက်ပြီးအဆင့်တက်ဖို့ကို ခက်နေတာမျိုးထင်တယ်”

“ရှင် တကယ်ပဲ အဲဒီလိုထင်လား” ကျွန်တော်က ခေါင်းယမ်းလိုက်တယ်။


“ကီတရုဟာ တစ်ခုခုကို တကယ်ရိုးရိုးသားသား ရှာဖွေနေတာလို့ ကျွန်တော်ထင်တယ်။ သူ့နည်းသူ့ဟန်၊ သူ့ပုံစံနဲ့ပေါ့။ သူရှာဖွေနေတဲ့အရာကို သူ မိမိရရရှိပြီလို့တော့ ကျွန်တော်မထင်ဘူး။ ဒါကြောင့်ပဲ တိုးတက်မှုတစ်ခုခု သူ လုပ်မပြနိုင်သေးတာပါ”


“အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်လည်း တကယ်တမ်းနားမလည်ပါဘူး။ ကျွန်တော့်အတွေ့အကြုံအရတော့ အဲဒါမျိုးမဖြစ်ဖူးဘူး။ အဲဒီလိုမျိုးဖြစ်နိုင်ခြေရှိတယ်လို့ ကျွန်တော်ပြောချင်တာပါ”

“သူ့ဆီမှာ ကျွန်မနဲ့ပတ်သက်ပြီး လိင်ဆန္ဒမရှိဘူးလို့ တစ်ခါတလေ ခံစားရတယ်”

“သူ့မှာ ရှိတာသေချာပါတယ်။ ဒါပေမဲ့ အဲဒါကို ၀န်ခံဖို့ သူ့အတွက် နည်းနည်းရှက်စရာကောင်းနေတာမျိုး ဖြစ်မှာပါ”

“ဒါပေမဲ့ ကျွန်မတို့က အသက်နှစ်ဆယ်ပြည့်ပြီလေ၊ အရွယ်ရောက်ပြီးပြီလေ။ ဒီအတွက် ရှက်စရာမလိုအောင် အသက်စေ့နေပြီမဟုတ်ဘူးလား”

“လူတချို့က တခြားလူတွေထက်ပိုပြီး နည်းနည်းမြန်မြန် ရင့်ကျက်တာဖြစ်မယ်”

ဒီအကြောင်းကို အီရီကာက စဉ်းစားနေတယ်။ သူက ပြဿနာတစ်ခုခုရှိရင် ရှင်းရှင်းဘွင်းဘွင်းပြောပြီး ဖြေရှင်းတတ်တဲ့ လူမျိုးဖြစ်မယ့်ပုံပေါ်တယ်။
ကျွန်တော်က ဆက်ပြောလိုက်တယ်။

“ကီတရုဟာ တစ်ခုခုကို တကယ်ရိုးရိုးသားသား ရှာဖွေနေတာလို့ ကျွန်တော်ထင်တယ်။ သူ့နည်းသူ့ဟန်၊ သူ့ပုံစံနဲ့ပေါ့။ သူရှာဖွေနေတဲ့အရာကို သူ မိမိရရရှိပြီလို့တော့ ကျွန်တော်မထင်ဘူး။ ဒါကြောင့်ပဲ တိုးတက်မှုတစ်ခုခု သူ လုပ်မပြနိုင်သေးတာပါ။ ဘယ်ဟာကို ရှာဖွေနေသလဲမှမသိရင်တော့ အဲဒီရှာဖွေရေးလုပ်ငန်းစဉ်ဟာ သိပ်လွယ်ကူမှာမဟုတ်ဘူးလေ”

အီရိကာက ခေါင်းမော့လိုက်ပြီး ကျွန်တော်နဲ့ မျက်လုံးချင်းဆုံအောင် ကြည့်လိုက်တယ်။ သူ့ရဲ့မျက်ဝန်းနက်နက်တွေကို ဖယောင်းတိုင် မီးရောင်က ရောင်ပြန်ဟပ်နေတယ်၊ သေးငယ်တောက်ပတဲ့ မီးရောင်လေးတစ်ခုပေါ့။ အဲဒီပုံစံလေးက လှလွန်းလို့ ကျွန်တော်လည်း မျက်နှာလွှဲပစ်လိုက်ရတယ်။

“အင်းလေ။ သူ့အကြောင်းကို ရှင်က ကျွန်မအထက် အများကြီးပိုသိပါတယ်”

သူက သက်ပြင်းချတယ်။

“တကယ်တော့ အာကီအပြင် ကျွန်မ တခြားတစ်ယောက်နဲ့ တွေ့နေခဲ့တာ။ ကျွန်မထက်တစ်တန်းကြီးတဲ့ ကျွန်မတို့ တင်းနစ်ကလပ်က တစ်ယောက်ပဲ”

ဒီတစ်ခါတော့ နှုတ်ဆိတ်ရမှာ ကျွန်တော့်အလှည့်ဖြစ်သွားတယ်။

“အာကီ့ကို ကျွန်မ တကယ်ချစ်ပါတယ်။ သူ့ကိုချစ်သလိုမျိုး တခြားတစ်ယောက်ယောက်ကို ကျွန်မချစ်နိုင်လိမ့်မယ်လို့ မထင်ဘူး။ သူနဲ့ဝေးနေရတဲ့အချိန်တိုင်းမှာ ကျွန်မ ရင်ဘတ်ထဲမှာ ဆိုးဆိုးရွားရွားနာကျင်ရတယ်၊ အမြဲတမ်း အဲဒီနေရာဆီကပဲ အောင့်တယ်။ ကျွန်မ အမှန်အတိုင်းပြောတာ။ ကျွန်မရင်ထဲမှာ သူ့အတွက်သီးသန့် ဦးထားတဲ့တစ်နေရာ ရှိနေတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ တခြားတစ်ခုခုကြိုးစားကြည့်ဖို့အတွက် ကျွန်မအတွင်းထဲမှာ “တွန်းအား” တစ်ခု ရှိနေပြန်တယ်၊ ပြင်ပက လူမျိုးစုံနဲ့ ထိတွေ့ဆက်ဆံဖို့ပေါ့။ ဒါက သဘာဝကျတဲ့ ခံစားချက်မျိုးလေ၊ ကျွန်မ ဘယ်လောက်ကြိုးစားသည်ဖြစ်စေ မျိုသိပ်မထားနိုင်ဘူး”

သူ့ကို ပျိုးထားတဲ့ အိုးထဲကနေ ထိုးထွက်ရှင်သန်နေတဲ့ ကျန်းမာသန်စွမ်းတဲ့ အပင်လေးတစ်ပင်ကို ကျွန်တော့်စိတ်ကူးထဲမှာ ပုံဖော်မြင်ယောင်ကြည့်လိုက်မိတယ်။

“ကျွန်မ ဝေခွဲမရဖြစ်နေတယ်လို့ ပြောတာ ဒါကို ဆိုလိုတာပါ” လို့ အီရီကာ ပြောတယ်။

“ဒီလိုဆိုရင် ခင်ဗျားခံစားရတဲ့အတိုင်းအတိအကျ ကီတရုကို ပြန်ပြောသင့်တယ်” လို့ ကျွန်တော်က ပြောလိုက်တယ်။ “ခင်ဗျား တခြားတစ်ယောက်နဲ့ တွေ့နေတယ်ဆိုတာကို သူ မသိအောင်ဖုံးထားမယ်ဆိုရင်လည်း သူကတော့ တစ်နည်းနည်းနဲ့ သိသွားမှာပဲ၊ အဲဒီအခါကျရင် သူ နာကျင်ရလိမ့်မယ်။ ဒီလိုမျိုးဖြစ်မှာကို ခင်ဗျား မလိုလားပါဘူး”

“ဒါပေမဲ့ သူက လက်ခံနိုင်ပါ့မလား။ တခြားတစ်ယောက်နဲ့ ကျွန်မ တွဲနေတယ်ဆိုတဲ့ အချက်ကိုလေ”

“ခင်ဗျားဘယ်လိုခံစားရတယ်ဆိုတာကို သူနားလည်မယ်လို့ ကျွန်တော်တွေးမိတာပဲ” ကျွန်တော် ပြောလိုက်တယ်။

“ရှင်က အဲဒီလို ထင်လား”

“ဟုတ်ကဲ့”

ကီတရုအနေနဲ့ အီရီကာ ဝေခွဲမရဖြစ်နေတာကို နားလည်ပေးနိုင်မယ်လို့ ကျွန်တော်စိတ်ကူးကြည့်တယ်၊ သူကိုယ်တိုင်လည်း ဒီလိုပဲခံစားနေရတာပဲလေ။ ဒီအချက်မှာတော့ သူတို့နှစ်ဦးလုံးဟာ ခံစားချက်တူညီတဲ့ အနေအထားမှာရှိနေတယ်။ ဒါပေမဲ့ အီရီကာ တကယ်တမ်းဖြစ်နေတဲ့ (ဒါမှမဟုတ် ဖြစ်လာနိုင်တဲ့) အရာကို ကီတရုတစ်ယောက် တည်တည်ငြိမ်ငြိမ် လက်ခံနိုင်ပါ့မလားဆိုတာကိုတော့ ကျွန်တော် ရာနှုန်းပြည့်စိတ်မချနိုင်သေးဘူး။ ကျွန်တော့်အနေနဲ့ကတော့ သူက ဒီလောက်မာတဲ့ကောင်မျိုး မဟုတ်ဘူး။ ဒါပေမဲ့ အီရီကာက ဒီအချက်ကို လျှို့ဝှက်ထားပြီး သူ့ကိုလိမ်မယ်ဆိုရင် သူ့အတွက် ပိုပြီးတော့တောင် ခက်ခဲသွားနိုင်တယ်။

အဲကွန်းကထွက်လာတဲ့ လေအေးအေးကြောင့် တဖျပ်ဖျပ်လှုပ်နေတဲ့ ဖယောင်းတိုင်မီးလေးကို အီရီကာက ငေးကြည့်နေတယ်။ ပြီးတော့မှ သူက ပြောလိုက်တယ်။

“မကြာခဏဆိုသလို ကျွန်မ အိပ်မက်တစ်ခုကို မက်လေ့ရှိတယ်။ အာကီနဲ့ ကျွန်မက သင်္ဘောတစ်စင်းပေါ်မှာ။ ခရီးရှည်ကြီးတစ်ခုကို သင်္ဘောကြီးတစ်စင်းနဲ့ သွားနေရတယ်။ သင်္ဘောထဲက အခန်းငယ်လေးတစ်ခုထဲမှာ ကျွန်မတို့ အတူတူရှိနေတယ်၊ အချိန်က အတော်ညဥ့်နက်နေပြီ၊ သင်္ဘောဘေးဘက်က ချောင်းကြည့်ပေါက်အ၀ိုင်းလေးထဲကနေ ကျွန်မတို့ လပြည့်ဝန်းကြီးကို မြင်နေရတယ်။ ဒါပေမဲ့ အဲဒီလဟာ အလင်းပေါက်မြင်ရတဲ့ ရေခဲသန့်သန့်နဲ့ လုပ်ထားတဲ့ လတဲ့။ ပြီးတော့ တစ်ခြမ်းတိတိက အောက်ခြေက ပင်လယ်နက်ကြီးထဲ နစ်မြုပ်နေတယ်။ “လနဲ့တူတယ်နော်”လို့ အာကီက ကျွန်မကို ပြောတယ်။ “ဒါပေမဲ့ အဲဒါက တကယ်တော့ ရေခဲနဲ့လုပ်ထားတာ၊ ရှစ်လက်မလောက်ပဲ ထူတယ်။ ဒါကြောင့် မနက်ခင်း နေထွက်လာတာနဲ့ အားလုံးအရည်ပျော်သွားမှာ။ အခု အခွင့်ရှိတုန်းအချိန်မှာ နင် တစ်ဝကြီးကြည့်ထားပေါ့” တဲ့။ အဲဒီအိပ်မက်ကို ကျွန်မ အကြိမ်ပေါင်းများစွာ မက်ခဲ့တယ်။ ကြည်နူးစရာအိပ်မက်ပါ။ မက်တဲ့အခါတိုင်း တူညီတဲ့ လတစ်စင်းတည်းပဲ၊ ရှစ်လက်မ ထူတယ်။ ကျွန်မက အာကီ့ပေါ်မှာ မှေးစက်နေမယ်၊ ကျွန်မတို့ နှစ်ယောက်တည်းပဲ ရှိတယ်။ အပြင်ဘက်မှာ လှိုင်းတွေက သင်္ဘောကို ညင်ညင်သာသာ ပုတ်ခတ်နေမယ်။ ဒါပေမဲ့ အကြိမ်တိုင်းမှာ မခံမရပ်နိုင်အောင် ၀မ်းနည်းပြီးပဲ ကျွန်မ အဲဒီအိပ်မက်က နိုးထလာရတယ်”

အီရီကာက ခဏလောက် ငြိမ်သက်သွားတယ်။ ပြီးတော့မှ စကားပြန်စတယ်။

“အာကီနဲ့ ကျွန်မ အဲဒီခရီးမှာ ထာဝရဆက်သွားနေနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ ကျွန်မတွေးမိတယ်။ ညတိုင်း ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် နွေးထွေးပူးကပ်နေပြီး ချောင်းကြည့်ပေါက်အ၀ိုင်းလေးကနေ ရေခဲနဲ့လုပ်ထားတဲ့ လမင်းကြီးကို ငေးကြည့်ကြမယ်။ မနက်ရောက်လာရင် လမင်းကြီးက အရည်ပျော်သွားမှာ၊ ဒါပေမဲ့ ညအချိန်ရောက်တော့ ပြန်ပေါ်လာမှာပဲလေ။ ဒါက အကြောင်းမဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခုသော ညတစ်ညမှာ လမင်းကြီးဟာ အဲဒီနေရာမှာ ရှိချင်မှရှိနေတော့မှာ။ အဲဒီလိုတွေးမိရင် ကျွန်မ သိပ်ကြောက်တယ်။ ကျွန်မတစ်ကိုယ်လုံးကျုံ့ဝင်သွားတယ်လို့ တကယ်ခံစားရတဲ့အထိကို ကျွန်မ အရမ်းကြောက်တာ”


နောက်တစ်နေ့မှာ ကီတရုနဲ့ ကျွန်တော် ကော်ဖီဆိုင်မှာတွေ့တော့ သူက ကျွန်တော်တို့ ချိန်းတွေ့တာ အခြေအနေဘယ်လိုရှိလဲ မေးတယ်။

“မင်းသူ့ကို နမ်းလိုက်လား”

“ဘယ်ကလာ”

“မပူပါနဲ့ကွာ၊ မင်းနမ်းလည်း ငါ ဘယ်လိုမှမဖြစ်ပါဘူး” လို့ သူက ပြောတယ်။

“အဲဒီလိုမျိုးတွေ ငါ ဘာမှ မလုပ်ခဲ့ဘူး”

“သူ့လက်ကိုရော မင်း ကိုင်လိုက်သေးတယ်”

“ဟင့်အင်း သူ့လက်ကိုလည်း ငါမကိုင်ဘူး”

“ဒါဆို မင်း ဘာလုပ်လိုက်လဲ”

“ငါတို့ ရုပ်ရှင်သွားကြည့်ကြတယ်၊ လမ်းလျှောက်ကြတယ်၊ ညစာစားကြတယ်၊ ပြီးတော့ စကားပြောတယ်” လို့ ကျွန်တော် ပြောလိုက်တယ်။

“ဒါပဲလား”

“ပုံမှန်အတိုင်းဆို ပထမဆုံးချိန်းတဲ့အခါမှာ စွတ်လုပ်လို့ မရဘူးလေ”

“ဟေ တကယ်လား။ ဒီလိုမျိုးသမီးရည်းစားလို ချိန်းမတွေ့ဖူးတော့ ငါလည်း မသိဘူး”

“ဒါပေမဲ့ သူနဲ့အတူနေရတာ ငါ ပျော်ပါတယ်။ သူသာ ငါ့ကောင်မလေးဆို မျက်စိအောက်က ဘယ်တော့မှအပျောက်ခံမှာမဟုတ်ဘူး”

ကီတရုက စဉ်းစားနေတယ်။ ပြီးတော့ သူ တစ်ခုခုပြောတော့မယ်လုပ်ပြီးမှ တခြားတစ်ခု ပြောင်းပြောဖို့ စဉ်းစားလိုက်ပုံရတယ်။

“ဒီတော့ မင်းတို့ ဘာတွေစားသောက်ကြလဲ” လို့ပဲ နောက်ဆုံးတော့ မေးလိုက်တယ်။

“ပစ်ဇာနဲ့ ၀ိုင်နီ” သူက အတော်အံ့သြသွားပုံပေါ်တယ်။

“သူ ပစ်ဇာကြိုက်တယ်လို့ ငါလုံးဝမသိပါလား။ ငါတို့အတူ သွားဖူးတာက၊ ခေါက်ဆွဲဆိုင်တွေလို၊ ပြီးတော့ ခပ်ပေါပေါ ထမင်းဆိုင်လေးတွေ။ ၀ိုင်တောင် သောက်သေးတယ်လား။ သူသောက်တတ်မှန်းတောင် ငါမသိပါလား”

ကီတရုက သူကိုယ်တိုင်လည်း အရက်ကို လက်ဖျားနဲ့မတို့ဘူး။

“သူအကြောင်းမင်း မသိတာတွေ အတော်များများကို ရှိနေမှာ” လို့ပဲ ကျွန်တော်က ပြောလိုက်တယ်။

ကျွန်တော်တို့ ချိန်းတွေ့တဲ့အကြောင်းနဲ့ပတ်သက်ပြီး သူ့ဆီက မေးခွန်းပေါင်းသောင်းခြောက်ထောင်ကို ကျွန်တော်ဖြေရတယ်။ ၀ူဒီအလန်ရုပ်ရှင်အကြောင်း (သူက အတင်းမေးလို့ ဇာတ်လမ်းစဆုံးကိုတောင် ကျွန်တော် ပြန်ပြောပြရသေးတယ်)၊ အစားအသောက် (ဘီလ်ဘယ်လောက်ရှင်းလိုက်ရသလဲကအစ၊ ကျွန်တော်တို့ ပေါင်းရှင်းလား၊ တစ်ယောက်တည်း ရှင်းလားဆိုတာအထိ)၊ အီရီကာ ဘာဝတ်လာသလဲ (အဖြူရောင် ချည်သားဝတ်စုံ၊ ဆံပင်စည်း)၊ ဘယ်လိုအတွင်းခံမျိုး ၀တ်လာသလဲ (ငါက ဘယ်လိုလုပ် သိမလဲကွ) ဆိုတာမျိုးတွေပေါ့။ အီရီကာ တခြားကောင်တစ်ကောင်နဲ့ တွဲနေတဲ့အကြောင်းတော့ ကျွန်တော်က တစ်ခွန်းမှ မဟလိုက်ဘူး။ ပြီးတော့ သူမက်လေ့ရှိတဲ့ ရေခဲလအိပ်မက်အကြောင်းရောပဲ။

“နောက်တစ်ခါ ဘယ်တော့ထပ်တွေ့ဦးမလဲဆိုတာ မင်းတို့တွေ ချိန်းလိုက်ကြသေးလား”

“ဟင့်အင်း။ မချိန်းလိုက်ဘူး” လို့ ကျွန်တော်က ဖြေလိုက်တယ်။

“ဘာလို့လဲ။ မင်း သူ့ကို ကြိုက်တယ်မဟုတ်ဘူးလား”

“သူက မိုက်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ငါတို့ ရှေ့ဆက်သွားလို့မရဘူးလေ။ သူက မင်းရဲ့ စော်လေ။ သူ့ကိုနမ်းလည်း ရတယ်လို့ မင်းကတော့ ပြောတာပဲ။ ဒါပေမဲ့ ငါ့ဘက်ကတော့ ဘယ်နည်းနဲ့မှ အဲဒီလိုမလုပ်နိုင်ဘူးလေ”

ကီတရုက ထပ်ပြီး စဉ်းစားနေပြန်တယ်။ နောက်ဆုံးတော့ သူက ပြောလိုက်တယ်။

“မင်းသိလား၊ အလယ်တန်းပြီးကတည်းက ငါ စိတ်ကုဆရာဝန်တစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။ ငါ့မိဘတွေနဲ့ ဆရာတွေ၊ အားလုံးက ဆရာဝန်တစ်ယောက်ယောက်ဆီ သွားဖို့ ပြောကြတယ်။ ကျောင်းမှာ ငါ အကြိမ်ကြိမ်လုပ်မိခဲ့တဲ့ အရာတွေကြောင့်ပေါ့ကွာ။ ဘယ်လိုပြောရမလဲ၊ ပုံမှန်မဟုတ်တဲ့ အရာတွေပေါ့။ ဒါပေမဲ့ ငါသိသလောက်တော့၊ ဆရာဝန်ဆီသွားလို့လည်း ဘာမှမထူးပါဘူး။ သဘောတရားအရတော့ ဟုတ်သလိုပဲ၊ ဒါပေမဲ့ ဆရာဝန်ဆီသွားလို့လည်း သောက်တလွဲပဲ။ ကြည့်လိုက်ရင်တော့ ငါ့မှာဖြစ်နေတာတွေကို အစဆုံး သူတို့ကသိတဲ့ပုံနဲ့ပေါ့၊ ပြီးတော့ စကားတွေချည်းပဲ မဆုံးနိုင်အောင်လျှောက်ပြောခိုင်း၊ သူတို့က နားထောင်။ ဒါမျိုးကတော့ ငါတောင်လုပ်တတ်သေးတယ်”

“ခုထိ စိတ်ဆရာဝန်နဲ့ မင်းတွေ့နေရတုန်းပဲလား”

“အင်း။ တစ်လနှစ်ကြိမ်။ မင်းမေးလို့ ပြောရရင်၊ ပိုက်ဆံကို ရေထဲလွှတ်ပစ်သလိုပဲ။ ဒီအကြောင်း အီရီကာက မင်းကို မပြောပြဘူးလား”

ကျွန်တော် ခေါင်းခါပြလိုက်တယ်။

“အမှန်အတိုင်းပြောရရင် ငါစဉ်းစားတဲ့ ပုံစံက ဘာတွေများ ဒီလောက် ဂေါက်နေလဲ ငါမသိဘူး။ ငါ့အနေနဲ့တော့ ပုံမှန်ကိစ္စတွေကို ပုံမှန်နည်းလမ်းအတိုင်း လုပ်နေတာပဲလို့ မြင်တာ။ ဒါပေမဲ့ ငါလုပ်သမျှ အားလုံးနီးပါးဟာ ဂေါက်တောက်တောက်တွေချည်းပဲလို့ လူတွေက ပြောတယ်”

“အင်း မင်းဆီမှာ ပုံမှန်မဟုတ်တဲ့အရာတချို့ ရှိနေတာတော့ သေချာတယ်” လို့ ကျွန်တော်ပြောလိုက်တယ်။

“ဘယ်လိုမျိုးလဲ”

“မင်းရဲ့ ခန်ဆိုင်းလေသံလိုမျိုးပေါ့”

“အင်း မင်းပြောတာမှန်နိုင်တယ်။ အဲဒါက နည်းနည်းတော့ ပုံမှန်ထက်ပိုတယ်” လို့ ကီတရုက ၀န်ခံတယ်။

“ပုံမှန်လူတွေက အဲဒီလောက်ထိရောက်အောင် မသွားဘူး”

“အင်း မင်းပြောတာ မှန်နိုင်ပါတယ်”

“ဒါပေမဲ့ မင်းလုပ်နေတာတွေက ပုံမှန်မဟုတ်ဘူးဆိုရင်တောင်၊ အဲဒါတွေက တစ်ယောက်ယောက်ကို အနှောင့်အယှက်ပေးနေတာမျိုးတော့ မဟုတ်ဘူးလို့ ငါပြောနိုင်တယ်”

“အခုတော့ မဟုတ်ဘူးပေါ့”

“ဒါဆို အဲဒါ ဘာမှားနေလို့လဲကွာ” လို့ ကျွန်တော်ပြောလိုက်တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်နည်းနည်း စိတ်တိုသွားတယ်ထင်တယ် (ဘာကိုနဲ့ ဘယ်သူ့ကို စိတ်တိုတာလဲတော့ ကျွန်တော်လည်း မဝေခွဲတတ်ဘူး) ကျွန်တော့်လေသံကတော့ မာထန်လာတယ်လို့ ခံစားရတယ်။

“ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက် မပေးဘူးဆိုရင် ဘာဖြစ်လဲ။ မင်းဘာသာ ခန်ဆိုင်းလေသံနဲ့ ပြောချင်ရင်၊ မင်းအနေနဲ့ ပြောသင့်တာပဲ။ လုပ်သာလုပ်။ အခု မင်း ၀င်ခွင့်စာမေးပွဲအတွက် စာမကျက်ချင်ဘူးမဟုတ်လား။ မကျက်နဲ့ပေါ့။ အီရီကာရဲ့ အတွင်းခံဘောင်းဘီထဲ မင်းခေါင်းကြီး ထိုးမထည့်ချင်ဘူးမဟုတ်လား။ မင်းကို ထိုးထည့်ပါလို့ ဘယ်သူက ပြောနေလို့လဲ။ ဒါ မင်းဘ၀။ မင်းလုပ်ချင်တာကိုပဲလုပ်၊ တခြားလူတွေ ဘယ်လိုထင်မလဲဆိုတာကို မေ့ထားလိုက်၊ ဟုတ်ပြီလား”

ကီတရုရဲ့ ပါးစပ်က နည်းနည်းလေး ပွင့်ဟသွားပြီး ကျွန်တော့်ကို အံ့အားတကြီး ငေးကြည့်နေတယ်။ “မင်းသိလား တနိမူရ။ မင်းက လူကောင်းတစ်ယောက်ပါ။ တစ်ခါတလေမှာ အရမ်းပုံမှန်ဖြစ်လွန်းတာ တစ်ခုပဲ၊ အဲဒါမင်းသိလား”

“အခု မင်းဘာလုပ်ဖို့ စဉ်းစားထားလဲ။ မင်းရဲ့ အကျင့်ကိုတော့ အလွယ်လေးပြောင်းပစ်လိုက်လို့ မရဘူးလေ” လို့ ကျွန်တော်ပြောလိုက်တယ်။

“သိပ်ဟုတ်တာပေါ့။ ငါ့အကျင့်ကို ငါပြောင်းလို့မရဘူး။ အဲဒါကိုပဲ ငါပြောချင်နေတာ”

“ဒါပေမဲ့ အီရီကာဆိုတဲ့ကောင်မလေးက မိုက်တယ်လေကွာ။ သူက မင်းကိုလည်း တကယ်ဂရုစိုက်တယ်။ မင်းဘာပဲလုပ်လုပ် သူ့ကိုတော့ လက်လွတ်မခံနဲ့။ သူ့လိုမိန်းကလေးမျိုး မင်းဘယ်တော့မှာ ထပ်တွေ့တော့မှာမဟုတ်ဘူး” လို့ ကျွန်တော်က ပြောလိုက်တယ်။

“မင်းပြောမှမဟုတ်ဘူး၊ ငါသိပါတယ်။ ဒါပေမဲ့ သိရုံနဲ့ ဘာမှလုပ်လို့မရဘူးလေ”


နှစ်ပတ်လောက်အကြာမှာ ကီတရု ကော်ဖီဆိုင်ကနေ အလုပ်ထွက်သွားတယ်။ အလုပ်ထွက်သွားတယ်လို့သာ ပြောရတာ၊ တကယ်က ရုတ်တရက်ဆိုသလို သူ ဆိုင်ကိုပေါ်မလာတော့တာပဲ။ အဆက်အသွယ်လည်း မရ၊ ခွင့်ယူမယ်လို့လည်း ပြောခဲ့တာမရှိဘူး။ ပြီးတော့ အချိန်က ဆိုင်မှာလူအကျဆုံးရာသီ၊ ဒီတော့လည်း ဆိုင်ပိုင်ရှင်က အတော်လေးဒေါပွတယ်။ တစ်ပတ်စာလုပ်အားခ ရစရာရှိသေးပေမယ့် ကီတရုက လာမယူဘူး။ သူက ဖျပ်ခနဲ ပျောက်သွားရုံပဲ။ ကျွန်တော့်စိတ်ထဲမှာ ထိတယ်လို့တော့ ပြောရမှာပဲ။ ကျွန်တော်တို့ဟာ သူငယ်ချင်းကောင်းတွေလို့ ထင်ထားခဲ့တာ၊ ဒါပေမဲ့ ခုလို ရုတ်တရက်ကြီး ပြတ်သွားရတာကတော့ ကြမ်းလွန်းတယ်။ တိုကျိုမှာ တခြားတွဲစရာသူငယ်ချင်းလည်း ကျွန်တော့်မှာ တစ်ယောက်မှမရှိဘူး။

သူပျောက်မသွားခင် နောက်ဆုံးနှစ်ရက်လောက်အလိုမှာတော့ ကီတရုဟာ ပုံမှန်အတိုင်းမဟုတ်ဘဲ စကားနည်းနေတယ်။ သူ့ကို ကျွန်တော် စကားသွားစလည်း စကားများများပြန်မပြောဘူး။ အဲဒါပြီးတော့ သူပျောက်ကွယ်သွားခဲ့တယ်။ အီရီကာဆီကို ဖုန်းဆက်ပြီး သူဘယ်ရောက်နေလဲလို့ ကျွန်တော် စုံစမ်းနိုင်ခဲ့ပေမယ့်၊ အကြောင်းတစ်ခုခုကြောင့် အဲဒီလိုလုပ်ဖို့ ကျွန်တော့်ကိုယ်ကိုယ် ဆွဲမယူနိုင်ဘူးဖြစ်နေခဲ့တယ်။ သူတို့သမီးရည်းစားနှစ်ယောက်ကြား ဖြစ်ပျက်သမျှဟာ သူတို့ကိစ္စပဲလို့ ကျွန်တော်တွေးမိတယ်၊ လိုအပ်တာထက်ပိုပြီး သူများကိစ္စထဲ လက်ဝင်လျှိုတာက ကျွန်တော့်အတွက် ကံကောင်းတတ်တဲ့ အရာမျိုးမဟုတ်ဘူး။ ကျွန်တော်နဲ့သက်ဆိုင်တဲ့ သီးခြားကမ္ဘာကျဉ်းကျဉ်းလေးထဲမှာပဲ တစ်နည်းနည်းနဲ့ ကျွန်တော့်ဘာသာ ဖြစ်အောင်နေထိုင်ခဲ့တယ်။

အဲဒီအဖြစ်အပျက်တွေအားလုံးပြီးသွားတော့ ပြတ်သွားတဲ့ ကျွန်တော့်ကောင်မလေးအကြောင်းကိုချည်း အကြောင်းတစ်ခုခုကြောင့်၊ ကျွန်တော်စဉ်းစားနေမိပြန်တယ်။ ကီတရုနဲ့ အီရီကာတို့ အတွဲကို တွေ့ပြီးတဲ့နောက်မှာ တစ်ခုခုကို ကျွန်တော်ခံစားလိုက်ရတာမျိုး ဖြစ်ချင်ဖြစ်မယ်။ ကျွန်တော် လုပ်ခဲ့မိသမျှအတွက် တောင်းပန်ပါတယ်လို့ စာရှည်တစ်စောင်ရေးပြီး သူ့ဆီ ပို့လိုက်တယ်။ သူ့အပေါ်မှာ ကျွန်တော် ဒီထက်အများကြီးပိုကောင်းနိုင်ခဲ့သားပဲလို့ တွေးမိတယ်။ ဒါပေမဲ့ သူ့ဆီက ပြန်စာတစ်စောင်မှ ရောက်မလာခဲ့ဘူး။


အီရီကာကူရိတနိမှန်း ကျွန်တော် ချက်ချင်းမှတ်မိလိုက်တယ်။ သူ့ကို ကျွန်တော် အပြင်မှာနှစ်ခါပဲမြင်ခဲ့ဖူးတာ၊ ပြီးတော့ အဲဒီကတည်းက အခုဆို ဆယ့်ခြောက်နှစ်ဆိုတဲ့ အချိန်တစ်ခုတောင် ကြာမြင့်ခဲ့ပြီ။ ဒါပေမဲ့ သူ့ကိုတော့ လူမှားစရာမရှိဘူး။ သူကတော့ ချစ်စရာကောင်းတုန်းပဲ၊ အရင်ကလိုပဲ သက်ဝင်လှုပ်ရှားတဲ့ အမူအရာနဲ့ပဲ။ အနက်ရောင်ဇာအင်္ကျီ၊ အနက်ရောင်ဒေါက်မြင့်ဖိနပ်နဲ့ သူ့ရဲ့သေးသွယ်တဲ့လည်တိုင်မှာ ပုလဲကုံးနှစ်ကုံး ဆွဲထားတယ်။ သူကလည်း ကျွန်တော့်ကို ချက်ချင်းပဲ မှတ်မိပါတယ်။ အာကာဆကာဟိုတယ်က ၀ိုင်အရသာမြည်းစမ်းပွဲပါတီတစ်ခုမှာ ကျွန်တော်တို့ရောက်နေတာ။ လူကုံတံတွေရဲ့ပွဲဆိုတော့ ကျွန်တော်လည်း ပွဲနဲ့ဆီလျော်တဲ့ အရောင်ရင့်ဝတ်စုံနဲ့ နက္ကတိုင်ကို စမတ်ကျကျဝတ်ထားတယ်။ ဒီပွဲကို စပွန်ဆာပေးထားတဲ့ ကြော်ငြာလုပ်ငန်းတစ်ခုရဲ့ ကိုယ်စားလှယ်အဖြစ် သူကရောက်နေတာ၊ သူ့အလုပ်သူ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကောင်းကောင်းစီမံနိုင်တယ်ဆိုတာ မြင်သာတယ်။ ဒီပွဲကို ကျွန်တော် ဘာကြောင့်ရောက်လာရသလဲ ဆိုတာတော့ သိပ်ရှည်နေမှာစိုးလို့ ရှင်းမပြတော့ဘူး။

“တနိမူရာ၊ ကျွန်မတို့ အပြင်လျှောက်လည်တဲ့ ညကတည်းက အဆက်အသွယ် မလုပ်တော့ရလောက်အောင် ရှင် တော်တော်နေနိုင်တာပဲ။ ကျွန်မတို့ စကားစမြည် ထပ်ပြောနိုင်ဦးမလားလို့ ကျွန်မ မျှော်နေခဲ့တာ” လို့ သူက ပြောတယ်။

“ခင်ဗျားက ကျွန်တော့်အတွက်တော့ နည်းနည်းလေးပိုလှလွန်းနေလို့ပါ” လို့ ကျွန်တော်က ပြောလိုက်တယ်။

သူက ပြုံးတယ်။ “ရှင် ကျွန်မကို မြှောက်နေတယ်ဆိုရင်တောင်မှ နားထောင်လို့ကောင်းသား” လို့ ပြန်ပြောတယ်။

ဒါပေမဲ့ ကျွန်တော်ပြောလိုက်တဲ့စကားက လိမ်ညာတာမဟုတ်သလို မြှောက်လုံးလည်းမဟုတ်ဘူး။ သူ့အပေါ် အလေးအနက်ထားစိတ်ဝင်စားရလောက်အောင် သူက ကျွန်တော့်အတွက်တော့ လှလွန်းအားကြီးနေတယ်။ အဲဒီအချိန်တုန်းကရော အခုရောပေါ့။

“ရှင်တို့အလုပ်လုပ်တဲ့ ကော်ဖီဆိုင်ကို ကျွန်မ ဖုန်းဆက်ခဲ့သေးတယ်၊ ဒါပေမဲ့ ရှင် အဲဒီမှာ အလုပ်မလုပ်တော့ဘူးလို့ ပြောတယ်” သူက ပြောတယ်။
ကီတရုမရှိတော့တဲ့နောက်ပိုင်း အလုပ်လုပ်ရတာ လုံးဝငြီးငွေ့စရာဖြစ်သွားလို့ နောက်နှစ်ပတ်အကြာမှာပဲ ကျွန်တော်အလုပ်ထွက်ခဲ့တာ။
လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်အတွင်း ကျွန်တော်တို့ ဘာတွေလုပ်ခဲ့ကြတယ်ဆိုတာကို ကျွန်တော်နဲ့ အီရီကာ အကျဉ်းချုံး စမြုံ့ပြန်ကြတယ်။ ကောလိပ်ပြီးတော့ အသေးစားထုတ်ဝေသူတစ်ဦးက ကျွန်တော့်ကို အလုပ်ခန့်တယ်၊ သုံးနှစ်လောက်လုပ်ပြီး ကျွန်တော်အလုပ်ထွက်လိုက်တယ်။ အဲဒီကတည်းက အခုထိ ကျွန်တော်က စာရေးဆရာတစ်ယောက်အနေနဲ့ ရပ်တည်ခဲ့တယ်။ အသက်နှစ်ဆယ့်ခွန်နစ်နှစ်မှာ ကျွန်တော်အိမ်ထောင်ကျတယ်၊ ဒါပေမဲ့ ကလေးတော့ တစ်ယောက်မှမရှိသေးဘူး။ အီရီကာကတော့ အခုထိ တစ်ကိုယ်တည်းပဲ။

“အလုပ်ရှင်က ခိုင်းလွန်းလို့ အိမ်ထောင်ပြုဖို့တောင် အချိန်မရှိပါဘူး” လို့ အီရီကာက ဖောက်တယ်။ ပြီးတော့ ကီတရုနဲ့ပတ်သက်တဲ့ စကားစကို သူကပဲ စဖော်လိုက်တယ်။

“အာကီက အခု ဒန်ဗှာမှာ ဆူရှီစားဖိုမှူးချုပ် လုပ်နေတယ်” လို့ သူက ပြောတယ်။

“ဒန်ဗှာမှာလား”

“ကော်လိုရာဒိုက ဒန်ဗှာမှာ။ လွန်ခဲ့တဲ့နှစ်လလောက်က သူ ကျွန်မဆီပို့လိုက်တဲ့ ပို့စကတ်အရပေါ့လေ”

“ဘာလို့ ဒန်ဗှာမှာ သွားလုပ်ရတာတုံး”

“ကျွန်မလည်း မသိဘူး။ အဲဒီအရင်ပို့တဲ့ ပို့စကတ်ကတော့ ဆီယက်တဲက။ အဲဒီမှာလည်း ဆူရှီစားဖိုမှူးချုပ်ပဲ။ တစ်နှစ်လောက်တော့ ကြာပြီ။ သူ ကျွန်မဆီ ပို့စကတ်လေးတွေ ကျိုကြားကျိုကြားပို့တယ်။ ခပ်သော့သော့ရေးထားတဲ့ စာကြောင်းလေးတစ်ကြောင်းနှစ်ကြောင်းလောက် ပါတဲ့ ပေါက်ကရကတ်လေးတွေပေါ့။ တစ်ခါတလေ စာပြန်စရာ လိပ်စာတောင်မပါဘူး”

“ဆူရှီစားဖိုမှူးချုပ်တဲ့လား” ကျွန်တော် ခဏတွေသွားတယ်။ “….ဒါဆို သူ ကောလိပ်မတက်ခဲ့ဘူးပေါ့”

အီရီကာက ခေါင်းခါပြတယ်။ “ကျွန်မအထင်၊ အဲဒီနွေရာသီအကုန်လောက်မှာပဲ ၀င်ခွင့်စာမေးပွဲအတွက် စာကျက်ရတာကို သည်းမခံနိုင်တော့ဘူးဆိုပြီး ဆိုဆာကာက အချက်အပြုတ်သင်တန်းကျောင်းကို ရုတ်တရက်ထွက်သွားတယ်။ ခန်ဆိုင်းဟင်းလျာတွေကိုချက်ပြုတ်ချင်တယ်၊ အဲဒီက ခိုရှီအန်အားကစားရုံထဲက ကစားပွဲတွေကို သွားကြည့်ချင်တယ်၊ ဟန်ရှင်းကျားအသင်းကို အားပေးချင်တယ်လို့ ပြောတယ်။

“နင် ငါ့ကိုတောင် တစ်ခွန်းမှမတိုင်ပင်ဘဲ ဒီလောက်အရေးကြီးတဲ့ ဆုံးဖြုတ်ချက်မျိုး ဘယ်လိုလုပ်ချနိုင်တာလဲ၊ ငါ့အတွက်ရော နင်မစဉ်းစားဘူးလား”လို့ ကျွန်မ ပြောခဲ့သေးတာပေါ့”

“အဲဒီတော့ သူက ဘာပြန်ပြောလဲ”

အီရီကာက အသံတိတ်နေတယ်။ စကားပြောလိုက်ရင်ပဲ မျက်ရည်တွေထွက်ကျလာတော့မယ့်အလား သူ့နှုတ်ခမ်းတွေကိုပဲ ခပ်တင်းတင်းစေ့ထားတယ်။ ကျွန်တော်လည်း ခပ်မြန်မြန် စကားလမ်းကြောင်းပြောင်းရတယ်။

“ကျွန်တော်တို့ ရှီဘုယက အီတလီစားသောက်ဆိုင်လေးကို သွားတုန်းက ၀ိုင်နီသောက်ကြတာကို ကျွန်တော်မှတ်မိနေတယ်။ အခုတော့ ကြည့်ပါဦး၊ အကောင်းစား နာပါဝိုင်တွေကို ကျွန်တော်တို့ မြည်းနေရတယ်။ ကံကြမ္မာအလှည့်အပြောင်းက ဆန်းကြယ်တယ်နော်”

“ကျွန်မလည်း မှတ်မိပါတယ်” သူ့ကိုယ်သူ အိနြေ္ဒပြန်ဆယ်လိုက်ရင်း အီရီကာက ပြောတယ်။ “ကျွန်မတို့ ၀ူဒီအလန်ရုပ်ရှင် ကြည့်ကြတယ်လေ။ ဘာကားပါလိမ့်”

ကျွန်တော်က ရုပ်ရှင်ကားနာမည်ကို သူ့ကို ပြောလိုက်တယ်။

“တော်တော်ကောင်းတဲ့ ကားပဲနော်” ကျွန်တော်လည်း ထောက်ခံလိုက်တယ်။ တကယ်လည်း အဲဒီရုပ်ရှင်က ၀ူဒီအလန်ရဲ့ အကောင်းဆုံးလက်ရာမွန်တွေထဲက တစ်ခုပါ။
“ခင်ဗျားချိန်းတွေ့နေတယ်ဆိုတဲ့ တင်းနစ်ကလပ်က လူနဲ့ရော အဆင်ပြေသွားလား” လို့ ကျွန်တော်က မေးလိုက်တယ်။

သူက ခေါင်းခါတယ်။ “ဟင့်အင်း။ ကျွန်မ မျှော်လင့်ထားခဲ့သလို ဆက်ဆံရေးမျိုးမဟုတ်ပါဘူး။ ခြောက်လလောက်တွဲလိုက်တယ်၊ ပြီးတော့ပြတ်သွားခဲ့တယ်”

“ကျွန်တော် မေးခွန်းတစ်ခုလောက် မေးလို့ရမလား။ အတော်လေးတော့ ကိုယ်ရေးကိုယ်တာဆန်ပါတယ်”

“မေးလေ”

“ခင်ဗျားကို စော်ကားသလိုတော့ မဖြစ်စေချင်ပါဘူး”

“ကျွန်မ အတတ်နိုင်ဆုံးဖြေမယ်လေ”

“အဲဒီလူနဲ့ ခင်ဗျားအတူအိပ်ခဲ့တယ်မဟုတ်လား”

အီရီကက အံ့အားတကြီး ကျွန်တော့်ကိုကြည့်လိုက်တယ်၊ သူ့ပါးလေးတွေက ရှက်သွေးနဲ့ ရဲနေတယ်။

“ဒီအကြောင်းကို အခုမှ ရှင်က ဘာလို့အစဆွဲရတာလဲ”

“မေးသင့်တဲ့မေးခွန်းပါ။ အဲဒီအကြောင်း ကျွန်တော့်စိတ်ထဲမှာ အချိန်အတော်ကြာကြာ ရှိနေခဲ့တယ်။ ဒါပေမဲ့လည်း မေးရမှာ ခွကျတဲ့မေးခွန်းလေ။ ဆောရီးပါဗျာ”

အီရီကာက ခေါင်းကို အနည်းငယ်ယမ်းလိုက်တယ်။ “မဟုတ်ပါဘူး။ အဆင်ပြေပါတယ်။ ကျွန်မ စော်ကားခံရတယ်မထင်ပါဘူး။ မျှော်လင့်မထားဘဲ အမေးခံလိုက်ရလို့ပါ။ ဒါတွေက ဖြစ်ခဲ့တာ ကြာလှပြီလေ”

အခန်းထဲကို ကျွန်တော်ဝေ့ကြည့်လိုက်မိတယ်။ ပွဲတက်ဝတ်စုံဝတ်ထားတဲ့ လူတွေ ဟိုတစ်စဒီတစ်စ ပြန့်ကျဲနေတယ်။ ဈေးကြီးတဲ့ အကောင်းစားဝိုင်ပုလင်းတွေ တစ်လုံးပြီးတစ်လုံးကို ဘူးဆို့တွေ တဖောင်းဖောင်း ဖွင့်နေကြတယ်။ “ချစ်မိသူတစ်ယောက်လို” သီချင်းကို ပီယာနိုဆရာမတစ်ဦးက ညိမ့်ညိမ့်လေး တီးခတ်နေတယ်။

“အဖြေကတော့ ဟုတ်ပါတယ်။ အဲဒီလူနဲ့ ကျွန်မ အကြိမ်အတော်များများ အတူအိပ်ခဲ့တယ်”

“စူးစမ်းလိုစိတ်ပေါ့၊ ဒီထက်ပို သိချင်တဲ့ အာသာပေါ့..” လို့ ကျွန်တော်က ပြောလိုက်တယ်။

သူက ခပ်သဲ့သဲ့ပြုံးတယ်။ “အင်း ရှင်မှန်တယ်။ စူးစမ်းလိုစိတ်၊ ဒီထက်ပိုသိချင်တဲ့ အာသာ”

“ဒါ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးမှု လည်ပတ်တဲ့ပုံစံပေါ့”

“အဲဒီလိုပြောချင် ပြောပေါ့” လို့ သူက ပြောတယ်။

“ကျွန်တော် မှန်းကြည့်ရသလောက်တော့ ခင်ဗျားအဲဒီလူနဲ့ ပထမဆုံးအတူအိပ်ခဲ့တဲ့အချိန်က ကျွန်တော်တို့ ရှီဘုယမှာ ချိန်းတွေ့ပြီး သိပ်မကြာခင်မှာပဲ မဟုတ်လား”

သူက သူ့ရဲ့မှတ်ဉာဏ်စာမျက်နှာတွေကို ပြန်လှန်နေတယ်။ “ဟုတ်မယ်ထင်တာပဲ။ အဲဒါပြီး တစ်ပတ်လောက်အကြာမှာ ဖြစ်မယ်ထင်တယ်။ အဲဒီအချိန်တွေကို ကျွန်မ ကောင်းကောင်း မှတ်မိပါတယ်။ ကျွန်မအတွက် ပထမဆုံးအတွေ့အကြုံပေါ့”

“ပြီးတော့ ကီတရုဟာ အတော်လေး သဘောပေါက် မြန်တယ်နော်” လို့ သူ့မျက်လုံးတွေကို စိုက်ကြည့်ပြီး ကျွန်တော်က ပြောလိုက်တယ်။

သူက ခေါင်းငုံ့သွားပြီး လည်ပင်းက ပုလဲလည်ဆွဲတွေကို တစ်လုံးချင်းကိုင်ကြည့်နေတယ်၊ အဲဒီနေရာမှာ ရှိသေးရဲ့လားလို့ သေချာအောင်ကိုင်ကြည့်နေပုံမျိုး။ တစ်ခုခုကို သတိရလိုက်မိလို့လည်းဖြစ်ချင်ဖြစ်မယ်၊ သူက သက်ပြင်းသဲ့သဲ့ချတယ်။

“ဒီကိစ္စမှာ ရှင်တွေးတာမှန်ပါတယ်။ အာကီရဲ့ ထိုးထွင်းသိက အရမ်းထက်မြက်ပါတယ်”

“ဒါပေမဲ့ အဲဒီလူနဲ့လည်း အဆင်မပြေခဲ့ဘူးပေါ့”

သူက ခေါင်းညိတ်ပြတယ်။ “ကံမကောင်းချင်တော့၊ ကျွန်မက အဲဒီလောက်ထိ မထက်ခဲ့ဘူးလေ။ ကျွန်မရှေ့က ခရီးရှည်ကြီးကို ဖြတ်ရတယ်၊ ကျွန်မ အမြဲတမ်း ကွေ့ဝိုက်ပြီး သွားခဲ့ရတယ်”

ဒါ ကျွန်တော်တို့တွေအားလုံး လုပ်ရတဲ့အရာပဲ၊ ခရီးရှည်ကြီးကို အဆုံးမရှိ ကွေ့ဝိုက်ပြီးသွားနေကြရတယ်။ ကျွန်တော်သူ့ကို အဲဒါကို ပြောပြလိုက်ချင်တယ်၊ ဒါပေမဲ့ ပါးစပ်ကတော့ ထွက်မလာဘူး။ ဒီလိုမျိုးနီတိတွေကို ပါးစပ်ကပြောမထွက်ဟာ ကျွန်တော့်ပြဿနာတွေထဲက နောက်ထပ်တစ်ခုပဲ။


ဂီတမှာ မှတ်ဉာဏ်တွေကို ပြန်လည်အသက်သွင်းနိုင်တဲ့ အဲဒီလိုစွမ်းအားမျိုးရှိနေတယ်၊ တစ်ခါတစ်လေဆို အဲဒီစွမ်းအားဟာ ပြင်းထန်လွန်းလို့ နာကျင်ခံစားလာရတဲ့အထိပဲ။


“ဒါနဲ့ ကီတရုရော အိမ်ထောင်ကျပြီလား”

“ကျွန်မသိသလောက် သူ တစ်ယောက်တည်းပဲ။ အနည်းဆုံးတော့၊ အိမ်ထောင်ကျပြီလို့ သူ ကျွန်မကို မပြောသေးဘူး။ ကျွန်မတို့နှစ်ယောက်ဟာ အိမ်ထောင်ပြုတဲ့အဖြစ်ကို ဘယ်တော့မှမရောက်နိုင်တဲ့ လူမျိုးတွေထင်ပါရဲ့”

“ဒါမှမဟုတ် ခင်ဗျားတို့ဟာ အဲဒီအဖြစ်ကိုရောက်ဖို့ မလွယ်ပေါက်ကနေ ကွေ့ဝိုက်ပြီးသွားနေကြရတာဖြစ်ချင်ဖြစ်မှာ”

“အင်း ဟုတ်မယ်”

“ရေခဲနဲ့လုပ်ထားတဲ့ လအကြောင်းကိုရော ခင်ဗျားအိပ်မက်မက်သေးလား” လို့ ကျွန်တော်မေးလိုက်တယ်။

ခေါင်းလေးကို ဆတ်ခနဲမော့လာပြီး အီရီကာက ကျွန်တော့်ကို ငေးကြည့်နေတယ်။ ပြီးတော့ တည်တည်ငြိမ်ငြိမ်၊ ဖြေးဖြေးလေးလေးနဲ့ မျက်နှာတစ်ခုလုံးကို အပြုံးလေးတစ်ခုနဲ့ ဖုံးလွှမ်းလိုက်တယ်။ သဘာဝကျပြီး ပွင့်လင်းတဲ့ အပြုံးမျိုးပေါ့။

“ကျွန်မအိပ်မက်အကြောင်း ရှင်မှတ်မိသေးတယ်လား” လို့ သူက မေးလိုက်တယ်။

“ဘာကြောင့်မှန်းတော့မသိဘူး၊ ကျွန်တော်မှတ်မိနေတယ်”

“တစ်ခြားလူတစ်ယောက်ရဲ့ အိပ်မက်ကိုတောင်မှ မှတ်မိနေတယ်ပေါ့”

“အိပ်မက်တွေဆိုတာက ငှားယူလို့၊ ငှားပေးလို့ရတဲ့ အရာမျိုးပဲလေ” လို့ ကျွန်တော်ပြောလိုက်တယ်။

“သိပ်ကောင်းတဲ့ အိုင်ဒီယာပဲ” လို့ သူကပြောတယ်။

ကျွန်တော့်နောက်နားဆီကနေ အီရီကာရဲ့ နာမည်ကို တစ်ယောက်ယောက်က လှမ်းခေါ်လိုက်တယ်။ သူ အလုပ်ပြန်လုပ်ရမယ့် အချိန်ရောက်ပြီ။

“အဲဒီအိပ်မက်ကို ကျွန်မ ထပ်မမက်တော့ဘူး။ ဒါပေမဲ့ အသေးစိတ်အားလုံးကိုတော့ မှတ်မိနေတုန်းပဲ။ ကျွန်မမြင်တာ၊ ခံစားရတာတွေ အားလုံးကိုပဲ။ ကျွန်မ အဲဒါတွေကို မေ့လို့မရဘူး။ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူးထင်ပါရဲ့” လို့ ကျွန်တော့်အနားက ထွက်ခွာသွားရင်းက သူက ပြောလိုက်တယ်။


ကျွန်တော်ကားမောင်းနေချိန်မှာတော့ ရေဒီယိုကနေ ဘီတဲလ်စ်ရဲ့ “မနေ့က” သီချင်း လာနေတယ်၊ ကီတရု ရေချိုးကန်ထဲမှာ ဆိုနေတဲ့ ပေါက်တတ်ကရစာသားတွေကို ကျွန်တော်ခေါင်းထဲက ထုတ်မရဘူးဖြစ်နေတယ်။ အဲဒီစာသားတွေကို ရေးမှတ်မထားမိတာကို ကျွန်တော်နောင်တရလာသလိုပဲ။ သီချင်းစာသားတွေက တောက်တီးတောက်တဲ့တွေဆိုတော့ အချိန်အတော်ကြာထိ ကျွန်တော်မှတ်မိနေခဲ့သေးတယ်။ ပြီးတော့မှ ကျွန်တော့်မှတ်ဉာဏ်ထဲမှာ တဖြည်းဖြည်းေ၀၀ါးလာပြီး နောက်ဆုံး မေ့လုနီးနီးထိဖြစ်သွားခဲ့တယ်။ ကျွန်တော် ပြန်ဖော်နိုင်သမျှတော့ ဟိုတစ်စဒီတစ်စပဲ၊ ပြီးတော့ ကီတရု တကယ်ဆိုခဲ့တဲ့အတိုင်းပဲလားဆိုတာတောင် ကျွန်တော်မသေချာတော့ဘူး။ အချိန်တွေကြာလာတာနဲ့အမျှ မှတ်ဉာဏ်တွေဟာ အချင်းချင်းပြန်လည်ဓာတ်ပြုပြီး အသစ်ဖြစ်ပေါ်တတ်တာဟာ ရှောင်လွှဲလို့မရဘူးလေ။

အသက်နှစ်ဆယ်လောက်တုန်းကတော့ ကျွန်တော်ဒိုင်ယာရီရေးဖို့ အကြိမ်ကြိမ် ကြိုးစားကြည့်ဖူးသေးတယ်၊ ဒါပေမဲ့ မအောင်မြင်ပါဘူး။ အဲဒီအချိန်တုန်းက ကျွန်တော့်ဘေးနားမှာ အဖြစ်အပျက်တွေ တစ်ပုံကြီးရှိနေတာ၊ မှတ်စုစာအုပ်ထဲ တစ်ခုမကျန်ရေးမှတ်ဖို့နေနေသာသာ အလျင်မီအောင်စိတ်ထဲက သိနေဖို့တောင်မှမဖြစ်နိုင်ဘဲ။ ပြီးတော့ အဲဒီအဖြစ်အပျက်တွေ အတော်များများဟာလည်း “ဒါလေးကိုတော့ ငါရေးမှတ်ထားမှပဲ” လို့ တွေးမိလောက်အောင် အရေးကြီးတာမျိုးမှ မဟုတ်တာ။ ကျွန်တော်လုပ်နိုင်သမျှကတော့ လေပြင်းကြမ်းကြမ်းဆီကို မျက်စိကျယ်ကျယ်ဖွင့်၊ အသက်ရှူပြီး၊ ရှေ့ကိုဆက်တိုးဖို့ပဲ။

ဒါပေမဲ့ ထူးဆန်းတာတစ်ခုက ကီတရုကိုတော့ ကျွန်တော်မှတ်မိနေတုန်းပဲ။ တကယ်ဆို ကျွန်တော်တို့နှစ်ယောက်က လအနည်းငယ်လောက်ပဲ သူငယ်ချင်းဖြစ်ခဲ့ကြတာပါ။ ဒါပေမဲ့ “မနေ့က” ဆိုတဲ့ သီချင်းကိုကြားရတိုင်း သူနဲ့စကားပြောခဲ့တဲ့ ဇာတ်ကွက်တွေအားလုံးဟာ ကျွန်တော့်စိတ်ထဲမှာ ထင်ထင်ရှားရှားပြန်ပေါ်လာတယ်။ ဒီနန်ချိုဖူးက သူ့အိမ်ရဲ့ ရေချိုးကန်ထဲမှာ သူရေစိမ်နေတုန်း ကျွန်တော်တို့ပြောခဲ့တဲ့ စကားတွေပေါ့။ ဟန်ရှင်းကျားအသင်းရဲ့ လောင်းကြေး၊ လိင်ကိစ္စဟာ တချို့မျက်နှာစာတွေမှာ ဘယ်လောက်ဒုက္ခပေးတတ်တဲ့အကြောင်း၊ ၀င်ခွင့်စာမေးပွဲဖြေရတာဟာ စိတ်လေရလောက်အောင် ငြီးငွေ့စရာကောင်းတဲ့အကြောင်း၊ ခန်ဆိုင်းလေသံဟာ စိတ်ခံစားချက်ကိုပြရာမှာ အရမ်းအသံကြွယ်ဝတယ်ဆိုတဲ့အကြောင်း စသည်ဖြင့်ပေါ့။ ပြီးတော့ အီရီကာကူရိတနိနဲ့ ကျွန်တော်တို့ရဲ့ ထူးဆန်းတဲ့ ချိန်းတွေ့ပွဲလေးအကြောင်း။ အီတလီစားသောက်ဆိုင်လေးထဲက ဖယောင်းတိုင်ထွန်းထားတဲ့ စားပွဲဝိုင်းမှာ အီရီကာက သူ့ခံစားချက်တွေကို ဖွင့်ဟ၀န်ခံနေတဲ့ပုံရိပ်လေးတွေ။ အဲဒီအဖြစ်အပျက်တွေဟာ မနေ့ကမှ ဖြစ်ပျက်ခဲ့သလိုပဲ။ ဂီတမှာ မှတ်ဉာဏ်တွေကို ပြန်လည်အသက်သွင်းနိုင်တဲ့ အဲဒီလိုစွမ်းအားမျိုးရှိနေတယ်၊ တစ်ခါတစ်လေဆို အဲဒီစွမ်းအားဟာ ပြင်းထန်လွန်းလို့ နာကျင်ခံစားလာရတဲ့အထိပဲ။

ဒါပေမဲ့ အသက်နှစ်ဆယ်လောက် အရွယ်ကို ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်တော့ တစ်ကိုယ်တည်းအဖော်မဲ့ အထီးကျန်နေခဲ့တဲ့အဖြစ်တွေကိုပဲ အများဆုံးကျွန်တော်မှတ်မိနေတယ်။ ကျွန်တော့်ကိုယ်ခန္ဓာနဲ့ စိတ်ဝိဉာဉ်ကို နွေးထွေးစေမယ့် မိန်းကလေးတစ်ယောက် ကျွန်တော့်မှာမရှိဘူး၊ ဖွင့်ဟတိုင်ပင်စရာ သူငယ်ချင်းရယ်လို့ မရှိဘူး။ တစ်နေ့ချင်းစီကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတဲ့ သဲလွန်စတစ်ခုခု ကျွန်တော့်မှာမရှိသလို၊ အနာဂတ်ကိုကြိုဆိုဖို့အတွက် အမြင်လည်းမရှိဘူး။ အရာအတော်တော်များဟာ ကျွန်တော့်အတွင်းသားထဲမှာ နက်နက်ရှိုင်းရှိုင်းပဲ ပုန်းကွယ်နေတယ်။ တစ်ခါတလေဆို တစ်ပတ်လောက်ကြာအောင် ဘယ်သူနဲ့မှစကားမပြောဘဲ ကျွန်တော်နေမိခဲ့တယ်။ အဲဒီလိုဘ၀မျိုးနဲ့ တစ်နှစ်လောက်ကြာအောင် ကျွန်တော်နေခဲ့တယ်။ အရမ်းကို ကြာညောင်းတဲ့ နှစ်တစ်နှစ်ပေါ့။ အဲဒီကာလ ဟာ အေးစက်ခက်ခဲတဲ့ ဆောင်းရာသီတစ်ခုလား၊ ကျွန်တော့်အတွင်းသားထဲမှာ ကြီးပြင်းရင့်ကျက်မှုအတွက် တန်ဖိုးရှိလှတဲ့ စက်ဝန်းတွေ ပေးစွမ်းခဲ့သလားဆိုတာ ကျွန်တော်အသေအချာ မပြောနိုင်ဘူး။ အဲဒီအချိန်တုန်းက ကျွန်တော် ကိုယ်တိုင်ဟာ ချောင်းကြည့်ပေါက် အ၀ိုင်းလေးထဲကနေ ရေခဲနဲ့လုပ်ထားတဲ့ လမင်းကြီးကို ညစဉ်ညတိုင်း ငေးမောနေခဲ့ရသလိုပဲ။ အလင်းပေါက်ပြီး ရှစ်လမအထူရှိတဲ့ အေးခဲနေတဲ့ လမင်းကြီးပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလမင်းကြီးကို တစ်ကိုယ်တည်း ကြည့်နေခဲ့ရတာ၊ သူ့ရဲ့ အေးစက်တဲ့အလှကို မျှဝေခံစားပေးမယ့်လူ တစ်ယောက်မှ မရှိဘဲနဲ့ပေါ့။

မနေ့ကဆိုတာ

မနက်ဖြန်မရောက်ခင် နှစ်ရက်အလိုပါ

လွန်ခဲ့တဲ့နှစ်ရက်အကြာရဲ့ အနောက်မှာ ♦


(Yesterday by Haruki Murakami. English translation by Philip Gabriel. Image: Michael Marcelle.)
Source: လရောင်လမ်း ဘာသာပြန် – တေဇာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s