လမ်းအိုလေး

Løøps of Resistance …

တာ့လျန်က လာတဲ့ဖုန်း (ဟန်တောင်)

ဘဲငန်းရိုင်းစေတီ (ဇေယျာလင်း)

Leave a comment

ဘဲငန်းရိုင်းစေတီအကြောင်း
ငါတို့ ဘာသိကြလို့လဲ။
အဝေးက လူတွေ အများကြီး လာကြတယ်
တောင်ထိပ်အထိရောက်အောင် တက်
တစ်ကြိမ်တော့ သူရဲကောင်း ဖြစ်ကြဖို့။
အချို့ နှစ်ကြိမ်၊ ဒါမှမဟုတ် ဒီထက်မက
တောင်ထိပ်ဆီကို ပြန်ပြန်လာကြတယ်၊
ဆန္ဒမပြည့်ဝလို့ စိတ်ညစ်နေကြတဲ့သူတွေ
ဝဖြီးလာသူတွေပေါ့။
အားလုံး တောင်ထိပ်အထိ တက်ကြတယ်
တစ်ကြိမ်တော့ သူရဲကောင်းဖြစ်ကြဖို့
ပြီး တောင်အောင်ပြန်ဆင်း
လမ်းကျယ်ထဲ ဝင်ရောက်
ချက်ချင်း ပျောက်ကွယ်သွားကြတယ်။
နောက်တစ်မျိုးတစ်စား ရှိသေးတယ်
တောင်ထိပ်ပေါ်ကနေ ခုန်ချ
အထစ်တွေမှာ ပန်းနီရဲရဲ ဖူးပွင့်သွားကြတယ်။
တကယ့်သူရဲကောင်း ဖြစ်သွားတယ်
ခေတ်မီတဲ့ သူရဲကောင်း ဖြစ်သွားတယ်။
ဘဲငန်းရိုင်းစေတီအကြောင်း
ငါတို့ ဘာသိကြလို့လဲ၊
တောင်ထိပ်အထိ ငါတို့ တက်ကြတယ်
ရှုခင်းတွေ တစ်မျှော်တခေါ် ငေးမောကြည့်ပြီး
တောင်အောက်ပြန်ဆင်းလာကြတယ်။

မူရင်းတရုတ်ကနေ အင်္ဂလိပ်လို ဘာသာပြန်ထားတဲ့ ဒီကဗျာထဲမှာ အခြေတည်ထားတဲ့ တရုတ်ပြည်မကြီးမှာ ရှိတဲ့ တောင်တစ်တောင်ပေါ်က ဘဲငန်းရိုင်းစေတီပဲ ဖြစ်ပါတယ်။ အထင်ကရစေတီလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ ရှေးတုန်းက တည်ထားခဲ့တာဆိုတော့ သမိုင်းဝင်မှာပေါ့။ ယဉ်ကျေးမှု အမွေအနှစ် တစ်ခုလည်း ဖြစ်မှာပေါ့။ ဒါပေမဲ့ ကဗျာထဲက ဇာတ်ဆောင်ကတော့ ဒီဘဲငန်းရိုင်းစေတီအကြောင်း မသိဘူးတဲ့။ နှစ်ခါတောင် ပြောထားပါတယ်။ ဒီစေတီအကြောင်း မသိဘူးဆိုတော့ ဒီစေတီရဲ့ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ အချက်အလက်တွေလည်း မသိဘူးပေါ့။ ကဗျာဆရာ ‘ဟန်တောင်’ဟာ လူငယ်ကဗျာဆရာ၊ ဒါမှမဟုတ် လူလတ်ပိုင်း မဝင့်တဝင် ကဗျာဆရာဖြစ်ပါတယ်။ အဲတော့ ကဗျာထဲက ‘ငါ’လို့ဆိုတာ ဒီအရွယ်အပိုင်းအခြားမှာ ရှိကြတဲ့ လူတွေကို ဆိုလိုပါတယ်။ သူနဲ့ သက်တူရွယ်တူတွေဟာ ဒီစေတီအကြောင်း မသိကြတော့ဘူး။ မသိတာဟာ အကြောင်းအချက်အလက်တွေ အသေအချာ မရှိ(တော့)လို့ သော်လည်းကောင်း၊ သိစရာ မလိုလို့သော်လည်းကောင်း၊ သိဖို့ မကြိုးစားလို့ သော်လည်းကောင်း၊ သိချင်လောက်အောင် စိတ်ဝင်စားစရာ မရှိလို့ သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ မျိုးဆက်ကွာဟမှု ဒါမှမဟုတ် ခေတ်တွေပြောင်းလဲလာမှုရဲ့ ဂယက်လည်း ဖြစ်နိုင်ပါတယ်။

ဒီစေတီကို ရပ်ဝေးကလူတွေလည်း အများကြီး လာကြပါတယ်။ ဘုရားဖူးဖို့ မဟုတ်ပါဘူး။ (တရုတ်ပြည်မှာ ဘာသာရေးကိုးကွယ်မှု မရှိသလောက် နည်းပါးပါတယ်။) သူရဲကောင်း ဖြစ်ချင်လို့တဲ့။ ဒီတောင်ထိပ်စေတီအထိ တက်ရောက်တာနဲ့ ဘယ်လို သူရဲကောင်း ဖြစ်သွားမှာပါလိမ့်။ တစ်ကြိမ်မက လာကြသူတွေလည်း ရှိတယ်။ ‘ဆန္ဒမပြည့်ဝလို့ စိတ်ညစ်နေကြတဲ့လူတွေ’ ‘ဝဖြီးလာတဲ့ သူတွေ’ သူတို့ရည်ရွယ်ချက်ကလည်း ‘တစ်ကြိမ်တော့ သူရဲကောင်ြးုဖစ်ကြဖို့’။ ဒါက ပထမအမျိုးအစား။ တစ်ကြိမ်တော့ သူရဲကောင်းဖြစ်ချင်ကြသူတွေ။ ဒုတိယ အမျိုးအစားက တောင်ထိပ်ပေါ်ကနေ ခုန်ချပြီး သတ်သေကြသူတွေ။ သူတို့ကို ‘တကယ့်သူရဲကောင်း’တဲ့။ ‘ခေတ်မီတဲ့ သူရဲကောင်း’တဲ့။ သူရဲကောင်းအကြောင်းကို ကဗျာဆရာက စဉ်းစားစေချင်ပုံ ရပါတယ်။ ဘယ်လိုသူမျိုးကို သူရဲကောင်းလို့ ခေါ်သလဲ။ တစ်ချိန်တုန်းက သူရဲကောင်းဟာ နောင်တစ်ခါမှာ သူရဲကောင်း မဟုတ်တော့ဘူးလား။ သေသွားတဲ့အတွက် သူရဲကောင်းဘွဲ့ကို ဆုံးရှူံးစရာ မရှိတော့တာကို ဆိုလိုတာလား။ ရွဲ့ပြောနေတာလား။ တတိယအမျိုးအစားက ကဗျာဆရာရဲ့မျိုးဆက်။ သူတို့အတွက် ဒီတောင်ထိပ်စေတီဟာ ဘာအဓိပ္ပာယ်မှ မရှိဘူး။ တက်မယ်။ ပတ်လည်က ရှုမျှော်ခင်းတွေကို ကြည့်မယ်။ ပြီး ပြန်ဆင်းလာမယ်။ ဒါပဲ … ။ သူရဲကောင်း ဖြစ်ချင်လို့လည်း မဟုတ်ဘူး။ သတ်သေဖို့လည်း မဟုတ်ဘူး။

ကဗျာဆရာဟာ စေတီအကြောင်းလည်း မပြောဘူး။ ဘာတွေရှိတယ်၊ ဘာတွေမြင်ရတယ်လို့လည်း မပြောဘူး။ တောင်ထိပ်တက်သူ၊ ဆင်းသူတွေအကြောင်းပဲ။ ဒါတောင် ရှင်းရှင်းမပြောဘူး။ မြှုပ်ထားတာတွေ ရှိတယ်။ ဒီတောင်ကို သင်္ကေတတစ်ခုအဖြစ် ယူရမလား။ ထူးခြားတာက စကားလုံးလေးလုံး ‘သူရဲကောင်း’၊ ‘ပျောက်ကွယ်’၊ ‘ပန်း … ဖူးပွင့်’ နဲ့ ‘နီ’။ ဒီစကားလုံးတွေဟာ တရုတ်ပြည်ရဲ့ သမိုင်းနဲ့ ဒွန်တွဲခဲ့တဲ့ စကားလုံးတွေပါ။ ပြည်သူ့သူရဲကောင်း။ ပန်းပေါင်းတစ်ရာ ဖူးပွင့်စေ။ အနီရောင်။ ပါတီထိပ်ပိုင်းကနေ ‘ပျောက်ကွယ်’သွားကြသူတွေ၊ တောင်ထိပ်ရောက်ရင် သူရဲကောင်းဖြစ်မယ်။ သူရဲကောင်းဖြစ်ချင်ရင် တောင်ထိပ်ပေါ်ကို ရောက်အောင် တက်ကြ။ ဒီ‘တောင်’ဟာ အဓိပ္ပာယ်တစ်ခုခုတော့ ရှိကိုရှိရမယ်။ ရှိခဲ့လိမ့်မယ်။ ကဗျာဆရာရဲ့ မျိုးဆက်မှာတော့ အဓိပ္ပာယ်မရှိတော့ဘူး။ တောင်ကို တောင်အဖြစ် လက်ခံထားတယ်။ တက်ကြည့်မယ်။ ပြန်ဆင်းမယ်။ မျိုးဆက်ဟောင်းတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ နယ်ပယ်တွေမှာ တောင်ထိပ်ရောက်ခြင်းဆိုတဲ့ အောင်မြင်မှုအဓိပ္ပာယ်ဟာ မျိုးဆက်သစ်မှာ မရှိတော့ဘူး။ မသိကြတော့ဘူး။ ကွာဟသွားခဲ့ပြီ။ ကင်းကွာသွားခဲ့ပြီ။

ကဗျာဆရာ(ဟန်တောင်)ဟာ တရုတ်ပြည်ရဲ့ ဒုတိယကဗျာဆရာမျိုးဆက် ဖြစ်ပါတယ်။ ၁၉၈၀ခုနှစ် နောက်ပိုင်းမှာ မော်ဒန်ကဗျာတွေ ရေးလာတဲ့မျိုးဆက် ဖြစ်ပါတယ်။ အတွေးအမြင် အယူအဆ၊ ရေးဖွဲ့တင်ပြပုံနဲ့ ကဗျာအနုပညာလမ်းကြောင်း ပြောင်းလိုက်တဲ့ မျိုးဆက်။


အလှပဆုံး စကားလုံး (ကဗျာ၊ ဘာသာပြန်နှင့် ရှင်းလင်းချက်) – ဇေယျာလင်း။ ဇန်နဝါရီလ၊ ၂၀၀၅၊ နှစ်ကာလများစာပေ။

About The Wild Goose Pagoda (Han Dong)

[有关大雁塔]

What more can we know
about the Wild Goose Pagoda
Many people hasten from afar
to climb it
to be a one-time hero
Some still come to do it two
or more times
The dissatisfied
the stout
all climb up
to play the hero
then come down
and walk into the street below
gone in a wink
Some with real guts jump down
leave a red bloom on the steps
That’s really being the hero
a modern-day hero
What more can we learn
about the Wild Goose Pagoda
We climb up
look around at the scenery
then come down again

(1982)


A Phone Call From Dalian by Han Dong – Edited by Nicky Harman 2012
(တာ့လျန်ကလာတဲ့ဖုန်း (ဟန်တောင်) – ဘာသာပြန် ဇေယျာလင်း။ ၂၁ မတ် ၂၀၁၄ – နှစ်ကာလများ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s