လမ်းအိုလေး

Løøps of Resistance …

ငါ့ mind ထဲမှာ အဲ့ဒီ ၁၈ ခု (ခင်အောင်အေး)

ငါ့ mind ထဲမှာ အဲ့ဒီ ၁၈ ခု (ခင်အောင်အေး)

Leave a comment

အမြီးတစ်ချောင်းတည်းနဲ့ပဲ
ရှေ့ကိုတိုးရွေ့မှုနဲ့
ဘဝတစ်ခုလုံးရဲ့
ရန်စွယ်ရန်ငုတ်မှန်သမျှကို
ရင်ဆိုင်ဖြေရှင်းရတဲ့ ငါးလို –

ငါ
ကဗျာတစ်ခုထဲကို အားပြုပြီး
နေ့စဉ် အသက်ရှင်နေထိုင်ရပေါ့။


ဘီအာရ်
နဲ့
ဟိုတစ်ယောက်ရေ .. သို့


ရှေးဦးမဆွ ပြောချင်မိသမျှ

What’s on your mind? ဆိုတဲ့ စာတမ်းကလေးကို သတိထားမိသလား။ အကယ်၍ ခင်ဗျားဟာ Facebook နဲ့ လက်ပွန်းတတီးရှိသူတစ်ယောက် ဆိုရင်ပေါ့လေ။ တရက်မှာတော့ ကိုယ့်ရဲ့ချစ်လှစွာသော သူငယ်ချင်းတစ်ယောက်ဟာ အဲဒီ စာတမ်းလေးကို ဂြိုဟ်ကျပါတယ်။ ‘ငါ့ ခေါင်းထဲမှာ ဘာမှမရှိဘူး’ ‘စိတ်ထဲမှာ စိတ်ပဲရှိတယ်’ အစရှိသဖြင့်ပေါ့လေ အသေအချာတော့ မမှတ်မိတော့ဘူး။ ဒါပေမဲ့ သူ့ကြောင့် ဒီစာတမ်းကလေးကို သတိထားမိသွားတယ်။ ဒီလိုနဲ့ FBဖွင့်ထားချိန် ဖတ်စရာလဲ မယ်မယ်ရရမရှိ၊ ပို့စ်တစ်ခုခု တင်ဖို့လဲ အရှိန်ပျက်နေတဲ့ အခါများမှာ ဒီစာတမ်းလေးက ကိုယ့်ကို ‘စား’နေတော့တယ်။ အဲဒီအချိန်က ကိုယ်ဟာ ‘ဘီအာရ်’လို့ အညွန်းနာမ်စား တစ်ခုကို ခေါင်းစဉ်တပ်ပြီး ကဗျာလေးတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ရေးတင်နေတဲ့အချိန် ‘ဟိုတစ်ယောက်’နဲ့လည်း အဆင်ပြေလိုက် ကချိကချောက်ဖြစ်လိုက် ဖြစ်နေတဲ့အချိန်ပေါ့။

ဒါနဲ့ပဲ ကောက်တိကောက်ကွေးစိတ်တွေ ထကြွတဲ့တစ်ရက်မှာ What’s on your mind? ဆိုတဲ့ စာတမ်းလေးပေါ်ကို ကာလ်ဆာချလိုက်ပြီး ‘ငါ့ mind ထဲမှာ’လို့ ချရေးမိလိုက်တယ်။ တကယ်တော့ ‘ငါ့ စိတ်ထဲမှာ အခုရှိနေတာတွေ ဒါပဲ’ လို့ အဲ့ဒီ သက်မဲ့ စာတမ်းလေးကို တုံ့ပြန်ဖို့ပါပဲ။ ဒါပေမဲ့ What’s on your mind? ကို ပြန်ချိတ်ထားချင်တာနဲ့ mind ဆိုတဲ့ စကားလုံးလေးကိုတော့ အင်္ဂလိပ်လိုပဲ ယူလိုက်တယ်။ ပြီးတော့ စိတ်ထဲဖြစ်နေ ရှိနေတာကို ထင်ဟပ်စေမယ့် စကားလုံးတွေ အဲဒီ စာတမ်းရဲ့အောက်မှာ ချရေးလိုက်ပါတယ်။ တစ်ခုပြီး နောက်တစ်ခု၊ တချို့ရက်တွေဆိုလည်း ၂ပုဒ် ၃ပုဒ်လောက်။ မရေးဖြစ်တဲ့ ရက်တွေလည်း ရှိတာပေါ့။ ပြီးတော့လည်း မေ့မေ့ပျောက်ပျောက်ပါပဲ။ တခြား ရေးဖြစ်တဲ့ ကဗျာတွေကို အားတဲ့အခါ စုသိမ်းဖြစ်ပေမယ့် ဒီ စတေးတပ်စ် စာသားလေးတွေကိုတော့ ကဗျာလို့ မသတ်မှတ်မိတာမို့ မသိမ်းဖြစ်ခဲ့ဘူး။

စိတ်တွေ ဝရုန်းသုန်းကားနဲ့ ပြိုလဲကျသွားတဲ့ တစ်နေ့မှာတော့ ငါ Facebookနဲ့ ခဏလောက် ဝေးဝေးနေရင် ကောင်းမယ်ထင်တယ်လို့ ၂ဝ၁၂ ကုန်ကာနီးကတည်းက ချိန်ရွယ်ခဲ့တာကို အကောင်အထည်ဖော်ဖို့ ဖြစ်လာတော့တယ်။ ဒါနဲ့ Deactivate မလုပ်ခင် မှာ အရေးကြီးတာ ဘာလေးတွေ ရှိနေအုန်းမလဲ၊ ရှိရင် သိမ်းထားဖို့ နောက်ကြောင်းပြန်လိုက်တဲ့အခါ ဒီ စတေးတပ်စ်လေးတွေကိုပါ ခလုပ်တိုက်မိပြီး ချန်မထားရက်သလို ဖြစ်လာတာနဲ့ တပုဒ်မကျန် ပြန်ကူးဖြစ်တယ်။ ပြီးတော့ စိမ်ပြေနပြေ ပြန်ဖတ်ရင်း ဟာ ဒါလေးတွေလည်း ကဗျာဖြစ်နေတာပါပဲလားလို့ တွေးမိ ခံစားမိတော့တယ်။ ဒါနဲ့ ဒီစတေးတပ်စ် အုပ်စုဝင် ကဗျာလေးတွေကို Ebook တစ်အုပ်အဖြစ် ဖန်တီးချင်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်လာတော့တယ်။ ထုံးစံအတိုင်းပေါ့၊ ကတင်မင်းထက်ကိုပဲ အပူကပ်ရပြန်တယ်။ သူကလည်း ဒါမျိုးဆို ‘အဆင်သင့်ပဲဟေ့’ ဂိုဏ်းသား ဆိုတော့ မဆိုင်းမတွပဲ စီစဉ်ဖြစ်တယ်။

ကဲ ကိုယ့် mind ထဲမှာ ပြီးခဲ့တဲ့ ဇန္နဝါရီနဲ့ ဖေဖော်ဝါရီတုန်းက ဘာတွေရှိခဲ့သလဲဆိုတာ ဟောဒီမှာ ခင်ဗျားတို့ ခြေရာခံကြည့်နိုင်ပါပြီ။

ခင်အောင်အေး
၆ မတ်ခ်ျ ၂ဝ၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် နံနက် ၈း၄၃ နာရီ


(၁)

ပင်လယ်ကို
အမြဲတမ်း ငြိမ်သက် ပျံ့ ပြူး သာယာနေစမ်းပါလို့
သွားပြောလို့ရမလား။

 

(၂)

တီဗီမှာ
ရယ်စရာ ပေါတောတော အစီအစဉ် လာနေတယ်
စိတ်ကို အဲ့ဒီထဲ ခဏသွားထိုးထည့် ကြည့်လိုက်အုန်းမယ်။

 

(၃)

ပျော်စရာတချို့ရှိတယ်
ဟိုး အောက်မှာ ပိညပ်နေတယ်။
ပြိုကွဲဝမ်းနည်းရခြင်းများ
အလုံးအရင်းနဲ့ ဆီးကာပိတ်ဆို့။

 

(၄)

မျက်ရည်နဲ့သီထားတဲ့ကြိုးကနေ ထ တောက်တဲ့မီးညွန့်
(ကဗျာရေးရန်)

 

(၅)

ချစ်သူနဲ့
တောအုပ်ကလေးတစ်ခုရဲ့ အစပ်မှာ တွေ့တယ်၊
ချစ်သူက တကိုယ်လုံး အဖြူရောင်ဝတ်စုံအပြည့်နဲ့၊
ငါ့ ကဗျာဆရာဘဝရဲ့ ညစ်နွမ်းမှုတချို့ရှိခဲ့တာ
ချစ်သူကို အားနာနေမိ။

 

(၆)

လွင့်မျောနေတဲ့ အာရုံများ
ဝေဝါး၊ မထင်မရှား၊ သီမှုန်

အာရုံများထဲ မျောလွင့်နေ
မထင်မရှား၊ သီမှုန်၊ ဝေဝါး

မျောလွင့်အာရုံများ ထဲမှာ
သီမှုန်၊ ဝေဝါး၊ မထင်မရှား

 

(၇)

အမှောင်ကို
ဘယ်သူမှမကြိုက်ဘူး

ညရောက်တော့ အမှောင်ကပ်ပါလာ
ဒါပေမယ့် —

ကြယ်ကလေးများနဲ့ ပြည့်လိုက်ပျောက်လိုက် လ
ငါတို့အချစ်တွေ ဖွဲ့နွဲ့ဖို့ နိမိတ်ပုံကောင်းများပဲပေါ့။

 

(၈)

အမြီးတစ်ချောင်းတည်းနဲ့ပဲ
ရှေ့ကိုတိုးရွေ့မှုနဲ့
ဘဝတခုလုံးရဲ့
ရန်စွယ်ရန်ငုတ်မှန်သမျှကို
ရင်ဆိုင်ဖြေရှင်းရတဲ့ ငါးလို —

ငါ
ကဗျာတစ်ခုထဲကို အားပြုပြီး
နေ့စဉ် နေထိုင်အသက်ရှင်နေရပေါ့။

 

(၉)

မှားခဲ့တယ် —
ဘယ့်လောက်မှားခဲ့လဲ

ထပ်မှားဖို့ရာ
မရှိတော့လောက်တဲ့အထိ

 

(၁ဝ)

ဟေ့ယောင် ဖိုးခွား
မင်းအဲ့ဒီမှာ မင်းဘဝနဲ့မင်း
blah..blah..blah..!

အေး..
ငါ လည်းဒီမှာ ငါ့ဘဝနဲ့ငါ
blah..blah..blah..!

 

(၁၁)

စကားလုံးတွေနဲ့
သိပ်ယဉ်ပါးလှပြီထင်တာ
ကိုင်မြှောက်ကစားနိုင်လှပြီထင်တာ

တစ်လုံးထဲနဲ့တင်
ပစ်လဲခဲ့။

 

(၁၂)

နေ့လည်နေ့ခင်း
တစ်မှေးလောက်နားဦးမယ်၊

အိပ်မက်ထဲထိ
မင်း လိုက်မလာနဲ့နော်..လို့ ပြောမိ
(လိုက်လာမှာ သိသိကြီးနဲ့ပေါ့)။

 

(၁၃)

ဒီည အပီမူးမယ်
အမှောက်သောက်မယ်။

ဒါပေမဲ့ —
မနက်ဖြန်ကို ကျိန်းသေတွေ့ရဦးမယ် ဆိုတဲ့
Confidence အပြည့်နဲ့ပါ၊

၁၃ ဂဏန်း ကို
ဂရုစိုက်ရလောက်အောင်တော့
အယူမသီးဘူး။ ။

 

(၁၄)

အိုပဲ သေတော့မယ် စာသင်လာတာ
ဒီ စာလုံး၂လုံးကကို မတက်တော့ဘူး။

ဦးကျည်ပွေ့ ထိုင်ငိုမယ့်ကိန်းပဲ
ကဲ ဒါပဲ ထပ်ရေး —

အချစ်၊ အချစ်၊ အချစ်၊ အချစ်
ဗလာစာအုပ်တအုပ်လုံး ကုန်အောင်ရေး
ရေးစမ်း ။

 

(၁၅)

ဝေးမယ့်ဝေးရတော့လဲ
ခရီးမိုင်တွေနဲ့ ရေတွက်ရတာမျိုး မဟုတ်ပဲ
Megabyte တွေ Speed တွေနဲ့
ရေတွက်ရတာမျိုးတဲ့ —

သွေးပေါင်ချိန်ရသလို
ငါ့အလွမ်းတွေချိန်ဖို့
စက်တစ်ခုခုပေးပါ။

 

(၁၆)

မတတ်နိုင်ဘူးလေ
ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့၊

ငါနဲ့ဒါပဲ တန်တယ်ဆိုရင်လဲ–

ဒါကို ငါက လက်ခံရယူရုံပဲ
ဘာမှ စောဒက တက်ခွင့်မရှိဘူး

ဒါ
လောက နိယာမ။

 

(၁၇)

ဘာရယ်တော့
မဟုတ်ပါဘူး

အဲ့ဒီ မင့်စကားတစ်ခွန်းထဲနဲ့
ငါ အသက်ရှူမဝဘူး။

 

(၁၈)

ခရမ်းချဉ်သီးရဲရဲနီ ၂လုံးနဲ့
အရက်က လက် ၄လုံးကျန်သေးတယ်
ဒီညကို ဖြတ်ဖို့ —

ချက်ပြုတ်ပြီးသားတွေ
ပန်းကန်ထဲ တချို့
အိုးထဲ တချို့
မနှစ်မြို့တော့ဘူး၊

အချစ် ဆိုတာ ခရမ်းချဉ်သီး
ဒါမှမဟုတ် အရက်
ဒါပဲလေ။

 

ကိုယ့် mind ထဲမှာ
ပြီးခဲ့တဲ့ ဇန္နဝါရီနဲ့ ဖေဖော်ဝါရီတုန်းက
ဘာတွေရှိခဲ့သလဲ ..

 


(ငါ့ mind ထဲမှာ အဲ့ဒီ ၁၈ ခု – ခင်အောင်အေး)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s