လမ်းအိုလေး

Løøps of Resistance …

hm-her_town_her_sheep

သူ့မြို့လေးမှာ သူ့သိုးတွေနဲ့ (ထင်ကျော်အေး)

Leave a comment

Her Town Her Sheep

ကျွန်မနဲ့ ကျောင်းတုန်းက အတူတူတက်ခဲ့တဲ့ သူငယ်ချင်းတစ်ဝက်လောက်ဆိုရင် တခြားမှာ အခြေချကုန်ကြပြီ။ ဒါပေမယ့် ဒီမှာကျန်နေခဲ့တဲ့သူတွေက ကျွန်မတို့ မြို့လေးအတွက် အကောင်းဆုံး လုပ်ကြမယ်ဆိုတဲ့စိတ်နဲ့ ကျန်နေခဲ့ကြတာပါ။
ဘာသာပြန် – ထင်ကျော်အေး


နှစ်တစ်နှစ်၏ ပထမဆုံးနှင်းပွင့်များသည် ဂျပန်ပြည်မြောက်ပိုင်း ဆာပိုရိုမြို့၏ လမ်းမများပေါ် ကျဆင်းစပြုပြီ။ အစက မိုးအဖြစ် ရွာကျလာခြင်းဖြစ်ပြီး နောက်မှ နှင်းအဖြစ် ပြောင်းသွားခြင်းဖြစ်သည်။ သိပ်မကြာလိုက်မီမှာပင် မိုးအဖြစ်ရွာချပြန်သည်။ တကယ်တော့ ဆာပိုရိုရဲ့ လမ်းတွေက စိတ်ကူးယဉ်ချင်စရာ ကောင်းလောက်အောင်လည်း မဟုတ်ပြန်။ (နှင်းသည်) မနှစ်မြို့စရာ ဆွေမျိုးတစ်ယောက်လိုပင် မလာစေချင်စရာ။ အောက်တိုဘာ ၂၃ရက် သောကြာနေ့။

နာရီတာလေဆိပ်မှထွက်သည့် (ဘိုးရင်း) ၇၄၇ လေယာဉ်ကြီးဖြင့် တိုကျိုကလာစဉ် ကျွန်တော့်မှာ တီရှပ်တစ်ထည်သာ ၀တ်လာခဲ့သည်။ အိပ်ဆောင်ကက်ဆက်မှ မိနစ်ကိုးဆယ်စာ အခွေတစ်ခွေကို နားထောင်၍မှ မဆုံးသေးခင်မှာပင် နှင်းတွေကျလာသည်။

“နှင်းကတော့ ကျမှာပဲဟေ့” ဟု ကျွန်တော့်သူငယ်ချင်းကဆိုသည်။ “ဒီနှစ်ရဲ့ ပထမဆုံး နှင်းလုံးနှင်းခဲတွေ မြင်ရတော့မယ်ဟ။ ပြီးရင်တော့ အေးတော့မှာ။”

“တကယ်ကြီးကို အေးတော့မှာလားဟ။ အရမ်းအေးမှာကြီးတော့ မဟုတ်ဘူး မဟုတ်လား။”

“နောက်နေတာမဟုတ်ဘူးကွ။ တကယ် အရမ်းအေးမှာ။”

ကျွန်တော်တို့ နှစ်ယောက်လုံး ဂျပန်ပြည်အနောက်ပိုင်း ကိုဘေးမြို့၏ ဆိတ်ငြိမ်ရပ်ကွက် သေးသေးလေးတစ်ခုတွင် ကြီးပြင်းခဲ့ကြသည်။ တစ်ယောက်အိမ်နှင့် တစ်ယောက်အိမ် မီတာ ငါးဆယ်ခန့်သာ ဝေးသည်။ အထက်တန်းတက်တုန်းကလည်း တစ်ကျောင်းတည်း အတူတူ။ ကျောင်းသွားလည်း အတူတူ။ ကောင်မလေးနှင့် ချိန်းတွေ့တော့လည်း အတူတူ။ တစ်ခါသား နှစ်ယောက်သား အမူးလွန်ပြီး တက္ကဆီပေါ်မှ ကျွမ်းထိုးမှောက်ခုံ ဆင်းရသည်အထိ သောက်ဖူးကြသည်။ အထက်တန်းပြီးနောက်ပိုင်း တက်သည့် ကောလိပ်များ မတူကြတော့။ ကျွန်တော်က တိုကျိုတွင် တက်ပြီး သူက မြောက်ဘက်ပိုင်းကို ပြောင်းသွားပြီး ဟိုကိုင်းဒိုးတွင် တက်သည်။ ကျွန်တော်က တိုကျိုတွင် ကျောင်းနေဘက်တစ်ယောက်နှင့် အိမ်ထောင်ကျသလို၊ သူကလည်း ဟိုကိုင်းဒိုးပြည်နယ် အိုတာရူမြို့မှ အတန်းဖော်တစ်ယောက်နှင့်ပင် အိမ်ထောင်ကျသည်။ ဘ၀ဆိုတာက ထိုသို့ပင်ဖြစ်သည်။ကျွန်တော်တို့ (ကွဲကွာသွားလိုက်ပုံက) လေထဲတွင်ပါပြီး တစ်နေရာစီ ပြန့်ကြဲကျသွားသည့် သစ်စေ့လေးများလိုဖြစ်သည်။

အကယ်၍ တိုကျိုတွင် ကောလိပ်တက်သူသည် သူဖြစ်ပြီး၊ ဟိုကိုင်းဒိုးတွင် ကောလိပ်တက်သူသည် ကျွန်တော်သာဖြစ်မည်ဆိုပါက ကျွန်တော်တို့ ဘ၀များလည်း လုံးဝပြောင်းပြန်ကြီး ကွဲပြားသွားနိုင်သည်။ ကျွန်တော်လည်း ခရီးသွားလုပ်ငန်းတစ်ခုမှ ကမ္ဘာတစ်လွှားလျှောက်သွားနေရမည့် ၀န်ထမ်းတစ်ယောက်ဖြစ်လာနိုင်သလို သူလည်း တိုကျိုတွင် စာရေးဆရာတစ်ယောက် ဖြစ်ကောင်းဖြစ်လာနိုင်သည်။ သို့သော် ကံကြမ္မာက ကျွန်တော့်ကို ၀တ္ထုရေးစေပြီး၊ သူ့ကို ခရီးသွားလုပ်ငန်းဆီကို ပို့လိုက်သည်။ နေ့ကောင်းကင်မှာ နေလုံးကြီး ပုံမှန်ရှိနေသလို (ဖြစ်နေကျ သဘာဝအတိုင်း)ပင် ဖြစ်သည်။

ကျွန်တော့်သူငယ်ချင်းမှာ ဟိုကူတိုဟု ခေါ်သည့် သားလေးတစ်ယောက်ရှိသည်။ သူ့သားလေး၏ ဓာတ်ပုံသုံးပုံသည် သူ့ပိုက်ဆံအိတ်ထဲ အမြဲပါသည်။ တိရိစ္ဆာန်ဥယျာဉ်မှ သိုးလေးနှင့် ဆော့နေသည့် ဟိုကူတို။ ဆောင်းဦးကာလ ကလေးများ၏ ရှီချီဂိုဆန် ပွဲတော်အတွက် ၀တ်စားပြင်ဆင်ထားသည့် ဟိုကူတို။ ကစားကွင်းမှ ဒုံးပျံကို စီးနေသည့် ဟိုကူတို။ ဓာတ်ပုံတစ်ခုပြီးတစ်ခုကို သုံးခါစီ ကြည့်ပြီးနောက် သူ့ကို ပြန်ပေးလိုက်သည်။ ဘီယာခွက်ကို ကိုင်လိုက်ပြီး ဟိုကိုင်းဒိုးဒေသထွက် မုန့်ဖြစ်သည့် အေးစက်နေသော ရူအီဘီမုန့် နည်းနည်း နှိုက်လိုက်သည်။

“ဒါနဲ့ P ရော ဘယ်လိုလဲ” သူကကျွန်တော့်ကိုမေးသည်။

“အတော်လေး အဆင်ပြေပါတယ်” ဟုကျွန်တော်က ပြန်ဖြေရသည်။ “ဟိုတစ်နေ့ကပဲ သူ့ကို သွားရင်းလာရင်း ဆုံဖြစ်သေးတယ်။

အရင်မိန်းမနဲ့တော့ ကွဲသွားပြီ။အခုတော့ အငယ်လေးတစ်ယောက်နဲ့ နေနေသတဲ့။”

“Q ကရော။”

“ကြော်ငြာလုပ်ငန်းတစ်ခုမှာ လုပ်နေတယ်။ သူရေးတဲ့ဟာတွေကလည်း ဘာတွေမှန်းကို မသိပါဘူးကွာ။”

“အေးလေ ဒီကောင်က အဲ့လိုပဲနေမှာပေါ့။”

စသည်စသည်ဖြင့်။

ကျသင့်ငွေကို သူရှင်းပြီး၊ စားသောက်ဆိုင်ကနေ ကျွန်တော်တို့ ထွက်ခဲ့သည်။ မိုးရွာနေပြန်ပြီ။

“ဒါနဲ့ မင်း ကိုဘေးကို ခုတလော ရောက်သေးလား” ဟုကျွန်တော် မေးမိသည်။

“ဟင်အင်း” ဟု သူကခေါင်းခါသည်။ “ဝေးလည်းဝေးတာကိုး။ မင်းရော။”

“ငါရောပဲ။ ပြန်ချင်စိတ်လည်းသိပ်မရှိလှပါဘူးကွာ။”

“အေး။”

“ဒီနှစ်အတောအတွင်း ငါတို့ရပ်ကွက်လေးလည်း အတော်ပြောင်းလဲသွားတော့မှာပေါ့။”


ဒီတုန်းကတော့ ကျွန်မတို့တွေ “ရွှေမှုန်ကြဲတဲ့တစ်ခေတ်” နည်းနည်းပါးပါး ဖြစ်ခဲ့တာပေါ့ရှင်။ မကြာပါဘူး ရွှေစတွေလည်း ကျင်မရတော့လောက်အောင် ကုန်သွားပြီး တဲလေးတွေ၊ တောင်ပေါ်လမ်းကြောင်းလေးတွေဟာ မရေတွက်နိုင်လောက်အောင်ကို ရှုပ်ပွပြီး ကျန်ခဲ့တော့တာပဲ။


ဆာပိုရိုမြို့၏ လမ်းတွေပေါ် ဆယ်မိနစ်လောက်သာ လမ်းဆက်လျှောက်လိုက်ပြီး သည့်နောက်တွင် ကျွန်တော်တို့မှာ ပြောစရာ စကားမှ မရှိကြတော့။ ကျွန်တော်က ဟိုတယ်ကို ပြန်ပြီး၊ သူကသူ့တိုက်ခန်းလေးဆီကို ပြန်သည်။

“ငါ့ကို အားမနာနဲ့နော်။ မင်းကိုယ်မင်းလည်းဂရုစိုက်ဦး။”

“အေးအေး မင်းလည်း ဂရုစိုက်ကွာ။”

မနက်ဖြန်ဆို ငါတို့နှစ်ယောက်က ကီလိုမီတာ ငါးရာကျော် ဝေးကွာသွားဦးတော့မှာပါလားဟူသည့် အသိတစ်ခုက ကွန်ဗာတာတစ်ခုမှ အသံကြောင့် ခေါင်းထဲကို ရုတ်တရက် ၀င်လာသည်။ ရက်အနည်းငယ်အတွင်းမှာပင် ကိုယ့်လမ်းကိုယ် ကိုယ်စီလျှောက်နေကြရပေဦးမည်။ ကျွန်တော်တို့နှစ်ယောက်လုံး၏ ပျင်းစရာ လုပ်ငန်းခွင် အချိန်ဇယားထဲ ပြန်ခုန်ဝင်ကြရဦးမည်။ မြို့ပြဘ၀ အပြိုင်အဆိုင်တွေထဲမှာ အခက်အခဲတွေ၊ တိုက်ပွဲတွေကို ဦးတည်ချက်မဲ့ ကျော်လွှားကြရပေဦးမည်။

ဟိုတယ်ခန်း ပြန်ရောက်သည့်အခါ တီဗွီကို ဖွင့်ကြည့်မိသည်။ ဒေသခံ ပြည်သူပိုင် ရုပ်သံဌာနမှ အစီအစဉ်တစ်ခုကို စောင့်ကြည့်နေမိသည်။ ခုတင်ပေါ်ကို ဖိနပ်တောင် မချွတ်မိပဲ တက်ရင်း ဟိုတယ်မှလာပို့ထားသည့် မီးခိုးစော်နံနေသည့် ဆော်လမွန်ငါး အသားညှပ်ပေါင်မုန့်နှင့် ဘီယာကိုမြုံ့နေမိသည်။ တီဗွီကိုသာ ကြည့်နေမိသော်လည်း စိတ်ထဲမှာတော့ ဗလာသက်သက်။

တီဗွီဖန်သားပြင်အလယ်တွင် နက်ပြာရောင်ဝတ်စုံ ၀တ်ထားသည့် အမျိုးသမီးတစ်ယောက်၏ ပုံကိုသာ မြင်နေရသည်။ ကင်မရာကသူ့ကို စိတ်ရှည်သည့် အသားစား သတ္တ၀ါတစ်ကောင်က သားကောင်ကို ချောင်းနေသလိုမျိုး နေရာမရွေ့အောင် ချိန်ထားသည်။ ကင်မရာကို သူ့ပုံကနေ မခွာနိုင်လောက်သလိုမျိုး အသေကပ်ပြီး ချိန်ထားသည်။ ကင်မရာရှုထောင့်သည် ရှေ့မတိုး၊ နောက်မဆုတ်။ ကင်မရာအသေဆင်ပြီးရိုက်သည့် ရုပ်ရှင်ကားတစ်ကားကို ကြည့်နေရသလို ခံစားရသည်။

“ကျွန်မက ဒီ R မြို့ရဲ့ ဒေသအစိုးရ ပြန်ကြားရေးဌာနမှာ အလုပ်လုပ်ပါတယ်”ဟု အမျိုးသမီးက ဆိုသည်။ အသံ အနည်းငယ်ဝဲသည်။ အနည်းငယ် တုန်သည်။ နည်းနည်း စိတ်လှုပ်ရှားနေတာ ဖြစ်နိုင်သည်။ “R မြို့ ဆိုတာက သေးသေးလေးပါ။ လူဦးရေလည်း ၇၅၀၀ လောက်ပဲ ရှိတယ်။ ကျွန်မတို့ မြို့သေးသေးလေးကို ဘယ်နာမည်ကြီးမှ မလာဖူးပါဘူး။ ဒီတော့ ကျွန်မတို့ မြို့လေးကို ရှင်တို့ ကြားဖူးကြမှာတောင် မဟုတ်ပါဘူး။”

တော်တော်ဆိုးတာပဲဟု ကျွန်တော်တွေးမိသည်။

“ကျွန်မတို့ရဲ့ အဓိကလုပ်ငန်းတွေက စိုက်ပျိုးရေးနဲ့ နို့စားနွားမွေးမြူရေး ဖြစ်ပါတယ်။ စပါးစိုက်တာကတော့ ကျွန်မတို့မြို့ရဲ့ အဓိကလုပ်ငန်းဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မကြာမတင်ကပဲ အစိုးရရဲ့ အထောက်အပံ့ဆိုင်ရာ မူဝါဒ အပြောင်းအလဲတွေ ပြုလုပ်ခဲ့တာကြောင့် မြို့ပြင်ပိုင်းတွေမှာ ဘာလီ၊ ဂျုံနဲ့ သီးနှံစိုက်ပျိုးမှု သိသိသာသာ များပြားလာပါတယ်။ မြို့အပြင်ကို ထွက်လိုက်ရင် နွားနှစ်ရာလောက်ရှိတဲ့ နွားအုပ်ကြီး၊ မြင်းတစ်ရာလောက်ရှိတဲ့ မြင်းအုပ်ကြီး၊ သိုးတစ်ရာလောက်ရှိတဲ့ သိုးအုပ်ကြီးကို တွေ့ရပါလိမ့်မယ်။လောလောဆယ်တော့ မွေးမြူရေးလုပ်ငန်းက တိုးတက်လာနေပါတယ် ။နောက်သုံးနှစ်လောက်ဆိုရင်တော့ မွေးမြူရေးလုပ်ငန်း ဒီ့ထက်ထပ်ပြီး ကောင်းလာဖို့ပဲ မျှော်လင့်ရပါတယ်” ဟု သူကဆိုသည်။

ဒီအမျိုးသမီးက ချောတယ်လို့တော့ ပြောလို့မရဘူး။ အသက်က နှစ်ဆယ်ဝန်းကျင်၊ ဘောင်ပါသည့် မျက်မှန်ကိုလည်း ၀တ်ထားသေးသည်။ သူပြုံးလိုက်သည့်အခါ ရေခဲသေတ္တာအပျက်ကြီး တစ်လုံးနှင့် တူသည်။ ဒါပေမယ့် ကြည့်ပျော်ရှုပျော်ရှိသည့် အမျိုးသမီးဟု ထင်မိသည်။ ဒီကင်မရာအသေချိန်ထားသည့် နည်းစနစ်က သူ့ကို အကောင်းဆုံး ပုံဖော်ပေးနိုင်သည်။ ကင်မရာက သူ့ကို အလင်းကောင်းကောင်းပေးပြီး ဆက်ပြီး ချိန်ထားသည်။ ဒီလိုကင်မရာရှေ့မှာသာဆို ဘယ်သူပဲဖြစ်ဖြစ် ဆယ်မိနစ်လောက် မတ်တပ်ရပ်ပြီး အရိုက်ခံလိုက်ရရင် သူ့လိုပဲ ကြည့်ပျော်ရှုပျော်တော့ ရှိလာနိုင်တာပဲ။ ကျွန်တော်ကတော့ ဒီလိုပဲ မြင်သည်။

“ကျွန်မတို့ မြို့သေးသေးလေးရဲ့ အနားမှာရှိတဲ့ Rမြစ်ထဲမှာ ၁၉ ရာစု အလယ်ပိုင်းလောက်က ရွှေစလေးတွေ ရှာတွေ့ခဲ့ကြဖူးပါတယ်။ ဒီတုန်းကတော့ ကျွန်မတို့တွေ “ရွှေမှုန်ကြဲတဲ့တစ်ခေတ်” နည်းနည်းပါးပါး ဖြစ်ခဲ့တာပေါ့ရှင်။ မကြာပါဘူး ရွှေစတွေလည်း ကျင်မရတော့လောက်အောင် ကုန်သွားပြီး တဲလေးတွေ၊ တောင်ပေါ်လမ်းကြောင်းလေးတွေဟာ မရေတွက်နိုင်လောက်အောင်ကို ရှုပ်ပွပြီး ကျန်ခဲ့တော့တာပဲ။ သိပ်ဝမ်းနည်းစရာ ကောင်းပါတယ်ရှင်” ဟု သူကဆိုသည်။

မီးခိုးစော်နံနေသည့်ဆော်လမွန်ငါး အသားညှပ်ပေါင်မုန့်၏ နောက်ဆုံးတစ်ကိုက်စာကို ပါးစပ်ထဲ ထိုးသွင်းပြီး ဘီယာနောက်ဆုံးတစ်ကြိုက်နှင့် မျှောချလိုက်သည်။

“ဒီမြို့ … အဲ … ဒီမြို့ရဲ့ လူဦးရေအရေအတွက်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အမြင့်ဆုံးအထိ တက်ခဲ့ပြီး တစ်သောင်းလောက်အထိ ရောက်ခဲ့ပါတယ်။ဒါပေမယ့် မကြာသေးခင်မှာပဲ လယ်မလုပ်တော့တဲ့ မိသားစုအရေအတွက်တွေ ပိုများလာတယ်။ နောက်ထပ်ပြဿနာတစ်ခုက လူငယ်တွေက တောဘက်မှာ မနေကြတော့တာ။ ကျွန်မနဲ့ ကျောင်းတုန်းက အတူတူတက်ခဲ့တဲ့ သူငယ်ချင်းတစ်ဝက်လောက်ဆိုရင် တခြားမှာ အခြေချကုန်ကြပြီ။ ဒါပေမယ့် ဒီမှာကျန်နေခဲ့တဲ့သူတွေက ကျွန်မတို့ မြို့လေးအတွက် အကောင်းဆုံး လုပ်ကြမယ်ဆိုတဲ့စိတ်နဲ့ ကျန်နေခဲ့ကြတာပါ။”

သူသည် သူ့ရှေ့က ကင်မရာကို ရှေ့ဖြစ်ဟောပေးနိုင်သည့် မှန်တစ်ချက်လို ဆက်ပြီးငေးကြည့်နေသည်။ ကျွန်တော့်ကိုပဲ တိုက်ရိုက်လှမ်းကြည့်နေသလိုပင် ထင်ရသည်။ ရေခဲသေတ္တာထဲက ဘီယာတစ်ဘူးကို ဆွဲရင်း အဖုံးဖွင့်ကာ တစ်ကြိုက်မော့ချလိုက်သည်။

ဒီအမျိုးသမီးရဲ့မြို့လေး။


“ကျွန်မမြို့လေးက ဒါပဲ” ဟုတီဗွီပေါ်က အမျိုးသမီးက ဆိုသည်။ “စိတ်ဝင်စားစရာ သိပ်မရှိလှပေမယ့် ဒါကျွန်မရဲ့အိမ်ပါ။ အကယ်၍ ရှင်တို့လည်း ကြုံရင်လာလည်စေချင်ပါတယ်။ ကျွန်မတို့ တတ်နိုင်သမျှ ဧည့်ခံပါ့မယ်ရှင်။”


သူ့မြို့သေးသေးလေးကို ကျွန်တော် စိတ်ကူးထဲ ပုံဖော်ကြည့်ရတာ အခက်အခဲတော့မရှိလှ။ တစ်နေ့ကို ရထားရှစ်ကြိမ်ရပ်သည့် ဘူတာရုံသေးသေးလေးရှိမည်။ ဘူတာ ဧည့်ခန်း နေရာကျဉ်းကျဉ်းလေးအတွက် အပူပေးစက်ရှိမည်။ မြေ၀ိုင်းကျဉ်းကျဉ်းလေးတစ်ခုမှာ ဘက်စ်ကားတွေ စုရပ်ပြီး လူတင်မည်။ ပါသည့်စာတစ်ဝက်လောက်ကို နားမလည်နိုင်မည့် လမ်းညွှန်မြေပုံရှိမည်။ ဒင်္ဂါးပန်းခင်းတစ်ခင်းနှင့် ဘယ်ရီပင်တန်းတစ်တန်းရှိမည်။ ပျင်းပျင်းရိရိဖြစ်နေသည့် စုတ်ပြတ်ပြတ် ခွေးအဖြူတစ်ကောင်ရှိမည်။ ကျောင်းဝတ်စုံနှင့် ခေါင်းကိုက်ပျောက်ဆေး ကြော်ငြာတစ်ခုရှိမည်။ တခြားလမ်းတွေနှင့်ယှဉ်လျှင် ကျယ်သော်လည်း ကားရှင်းသည့် မိန်းလမ်းမကြီး ရှိမည်။ ဂျပန်စစ်တပ်မှ သင့်ကို အလိုရှိသည်ဟူသော ကြော်ငြာရှိမည်။ ပစ္စည်းစုံလင်သော သုံးထပ်ကုန်စုံဆိုင်ကြီး တစ်ဆိုင်ရှိသည်။ ခရီးသွားလုပ်ငန်း သေးသေးလေးတစ်ခု ရှိသည်။ လယ်သမား သမ၀ါယမ အသင်း၊ သစ်တောဌာန၊ တိမွေးကု အဆောက်အအုံရှိမည်။ မြို့၏ အများသုံးရေချိုးကန်မှ မီးခိုးများ ကောင်းကင်ပေါ် တလူလူ တက်နေမည်။ မိန်းလမ်းဆုံမှ ဘယ်ဘက်ကွေ့ပြီး နှစ်ဘလောက်လောက်ဆင်းလျှင် မြို့တော်ခန်းမကို ရောက်မည်။ ထိုအဆောက်အအုံ၏ လူထုဆက်ဆံရေးဌာနတွင် သူရုံးထိုင်လိမ့်မည်။ ဟုတ်သည်။ တကယ့်ကို ပျင်းစရာကောင်းသည့် မြို့လေးတစ်မြို့ ဖြစ်သည်။ တစ်နှစ်မှာ ခြောက်လလောက် နှင်းတွေဖုံးနေသည်။ သူ့စားပွဲမှာ ထိုင်ပြီး အောက်ပါ စာတစ်ပုဒ်ကို သူရေးကောင်းရေးနေနိုင်သည်။

“သိုးတွေကို ပိုးသတ်ဖို့ ဆေးတွေ မကြာခင် ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို စိတ်ဝင်စားတယ်ဆိုရင်တော့ ပုံစံကို ပြည့်စုံစွာ ဖြည့်သွင်းပြီး၊ အမြန်ဆုံး ပြန်လည် ပို့ပေးရပါလိမ့်မယ်။”

ကျွန်တော့်စိတ်တွေ ဆာပိုရိုဟိုတယ်ခန်းထဲကို ပြန်ရောက်တဲ့အခါ ဒီအမျိုးသမီး၏ ဘ၀နှင့် ကျွန်တော်ရဲ့အကြားမှာ တိပတဲ့ ဆက်နွယ်မှုတစ်ခု ရှိတယ်လို့ ရုတ်တရက်ကြီး ခံစားရသည်။ သူ့ရဲ့ လက်ရှိဘ၀နဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ချိတ်ဆက်ကြည့်မိသည်။ သို့သော် ကွင်းဆက်တစ်ခု ပျောက်ဆုံးနေသည်။ ကိုယ်နဲ့ မတော်သည့် အကျီင်္တစ်ထည်ကို ငှားဝတ်လာမိသလို ခံစားရသည်။ သက်တောင့်သက်သာ မဖြစ်။ ကျွန်တော့် ခြေထောက်တွေကို ကြိုးတစ်ချောင်းနှင့် တုတ်နှောင်ခံထားရသည်။ ဓားတုံးတုံးတစ်လက်ဖြင့် ထိုကြိုးကို ဖြတ်နေမိသည်။ မဖြတ်ပဲနေရင်လည်း ဒီနှောင်ကြိုး ကျွန်တော်လွတ်မြောက်ဖို့ အခြားနည်းမရှိ။ စိတ်ထဲ မအီမသာဖြစ်နေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနှောင်ကြိုးကိုတော့ ကျွန်တော်ဖြတ်ရဦးမည်။ ကျွန်တော် ဘီယာအသောက် များသွားတာလည်း ဖြစ်နိုင်သည်။ နှင်းတွေ ကျနေသောကြောင့်လည်း ဖြစ်နိုင်သည်။ ကျွန်တော် ဒီလောက်ပဲ တွေးနိုင်သည်။ပကတိအရှိတရား၏ တောင်ပံနက်ကြီးများထဲ ကျွန်တော် ပြန်လည် နစ်ဝင်သွားသည်။ ကျွန်တော့်မြို့လေးမှာ သူ့သိုးများ။

အခုလောက်ဆို သူ့သိုးတွေကို ဆေးဝါးအသစ်နဲ့ ပိုးသတ်ပြီးလောက်ပြီ။ ကျွန်တော်လည်း ကျွန်တော့် သိုးတွေကို ဆောင်းအတွက် ပြင်ဆင်ရဦးမည်။ မြက်ခြောက်တွေ စုပြီး၊ ဆီကန်တွေထဲမှာ ဓာတ်ဆီဖြည့်ထားရမည်။ ပြတင်းပေါက်ကို ပြင်ရမည်။ ဆောင်းက အနားကပ်နေပြီ။ “ကျွန်မမြို့လေးက ဒါပဲ” ဟုတီဗွီပေါ်က အမျိုးသမီးက ဆိုသည်။ “စိတ်ဝင်စားစရာ သိပ်မရှိလှပေမယ့် ဒါကျွန်မရဲ့အိမ်ပါ။ အကယ်၍ ရှင်တို့လည်း ကြုံရင်လာလည်စေချင်ပါတယ်။ ကျွန်မတို့ တတ်နိုင်သမျှ ဧည့်ခံပါ့မယ်ရှင်။”

ကျွန်တော့် တီဗွီဖန်သားပြင်မှာ သူမရှိတော့ဟု ထင်သည်။ တီဗွီကို ပိတ်ပြီး လက်ကျန်ဘီယာကို ဖြတ်သည်။ သူ့မြို့လေးကို သွားလည်ရင်ကောင်းမလားဟု ကျွန်တော် တွေးမိသည်။ သူကျွန်တော့်ကို ကူညီပေးချင် ပေးနိုင်မှာ။ သူ့မြို့လေးကို ကျွန်တော် ရောက်ချင်မှလည်း ရောက်ဖြစ်မှာပါ။ ကိစ္စအတော်များများကို ကျွန်တော် ၀ဲပစ်လိုက်သည်။ အပြင်မှာ နှင်းတွေဆက်ကျနေသည်။ သိုးအကောင်တစ်ရာသည် အမှောင်ထဲမှာ မျက်လုံးများ မှိတ်လျက်။


(Source: စုံနံ့သာ အတွဲ(၁) အမှတ်(၂) – ဖေဖော်ဝါရီ၊ ၂၀၁၄။ ဘာသာပြန် – ထင်ကျော်အေး။
Her Town Her Sheep by Haruki Murakami. English translation by Kiki. Image: GoodReads.)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s