လမ်းအိုလေး

Løøps of Resistance …

Samsa In Love (Haruki Murakami)

အချစ်နှင့် ထိတွေ့ခြင်း (တေဇာ – လရောင်လမ်း)

Leave a comment

Samsa In Love
ကျွန်မတို့ဘေးနားက အရာတွေအားလုံး ပေါက်ကွဲပျက်စီးနေတယ်။ ဒါတောင် သော့ခလောက်တစ်ခု ပျက်တာကို ဂရုစိုက်တဲ့လူရှိသေးတယ်။ ပြီးတော့ အဲဒါကို တာဝန်ကျေကျေနဲ့ ပြင်ဖို့ ကြိုးစားနေသူတွေလည်း ရှိသေးတယ်နော်။ ဒါပေမဲ့ ဒါကလည်း ဖြစ်သင့်ပါတယ်လေ။ အသေးအမွှားလေးတွေကို တာဝန်ကျေကျေနဲ့ ရိုးရိုးသားသား ပြုလုပ်တာဟာ တစ်စစီပြိုကျနေတဲ့ ကမ္ဘာကြီးထဲမှာ ကျွန်မတို့တွေကို ရူးမသွားအောင် နေနိုင်စေတဲ့ နည်းလမ်းဖြစ်ချင်ဖြစ်မှာ
ဘာသာပြန် – တေဇာ | Mirrored from: လရောင်လမ်း


သူနိုးလာတော့ ဂရီဂေါ်ဆမ်ဆာအဖြစ် အသွင်ပြောင်းလဲသွားပြီဆိုတာ သိလိုက်ရတော့တယ်။

အိပ်ယာပေါ်မှာ ကျောကို အပြားလိုက်ခင်းပြီး မျက်နှာကြက်ကို သူကြည့်နေတယ်။ အလင်းရောင်မရှိလို့ မျက်လုံးတွေကို ကျင့်သားရအောင် အချိန်ယူနေရတယ်။ မျက်နှာကြက်ကတော့ သာမန်မျက်နှာကြက်မျိုးပါပဲ၊ နေရာတိုင်းမှာတွေ့နိုင်တဲ့ မျက်နှာကြက်မျိုးပဲ။ အရင်သုတ်ထားခဲ့တာကတော့ အဖြူ၊ ဒါမှမဟုတ် နို့နှစ်ရောင်ဖျော့ဖျော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ဖုံတွေ အညစ်အကြေးတွေ တင်နေခဲ့လို့ အခုတော့ နို့ညစ်ရောင်ပေါက်နေပြီ။ ဖွဲ့နွဲ့ပြောပလောက်စရာ အဆင်တန်ဆာလည်း မရှိဘူး။ သူ့ကိုကြည့်ပြီး ယူဆစရာ၊ ငြင်းခုန်စရာ တစ်ခုမှ မရှိဘူး။ တည်ဆောက်ပုံအပိုင်းမှာ မျက်နှာကြက်တစ်ခုရဲ့ တာဝန်ကျေပေမယ့် ဒီထက်ပိုပြီး ဘာမှဆက်မျှော်လင့်လို့ မရတော့တဲ့ ပုံစံမျိုး။

သူ့ဘယ်ဘက်က အခန်းနံရံမှာတော့ ခပ်ရှည်ရှည် ပြတင်းပေါက်တစ်ခုရှိနေတယ်။ ဒါပေမဲ့ လိုက်ကာမရှိဘဲ သစ်သားပြားထူထူတွေကို ကန့်လန့်ဖြတ်ပြီး သံနဲ့ရိုက် ကာထားတယ်။ ကန့်လန့်ဖြတ် သစ်သားပြားတွေရဲ့ ကြားမှာ တစ်လက်မ၀န်းကျင်လောက် ဟနေတယ်၊ တမင်ဟထားတာ ဟုတ်မဟုတ်တော့ မသိရဘူး။ အဲဒီကြားကနေ နံနက်ခင်း ရောင်ခြည်တွေ ဖောက်ဝင်လာပြီး ကြမ်းပြင်ပေါ်မှာ အလင်းလှိုင်းတွေ အပြိုင်တောက်ပနေတယ်။ ပြတင်းပေါက် ဇကာက ဘာလို့ ဒီလောက်တောင် ပုံပန်းကြမ်းတမ်းနေရတာလဲ။ မုန်တိုင်း၊ ဒါမှမဟုတ် လေဆင်နှာမောင်း ကြီးကြီးတစ်ခု မကြာခင်တိုက်တော့မှာမို့လို့လား။ ဒါမှမဟုတ် တစ်ယောက်ယောက် ၀င်လာလို့မရအောင် တားဆီးထားတာမျိုးလား။ ဒီလိုမှမဟုတ်လည်း တစ်ယောက်ယောက် (သူကိုယ်တိုင်လည်း ဖြစ်ချင်ဖြစ်မယ်) ဒီအခန်းထဲက ထွက်မသွားနိုင်အောင် အတားအဆီးလုပ်ထားတာမျိုးလား။

ကျောခင်းလျက်သားပုံစံနဲ့ပဲ သူ့ခေါင်းတွေကို ဖြည်းဖြည်းလှည့်ပြီး ကျန်တဲ့ အခန်းနေရာတွေကို လေ့လာကြည့်လိုက်တယ်။ သူအိပ်နေတဲ့ ကုတင်ကလွဲလို့ တခြား ပရိဘောဂတစ်ခုမှ သူ, မမြင်ရဘူး။ ထိုင်ခုံ၊ စားပွဲ၊ အံဆွဲ ဘာတစ်ခုမှ မရှိဘူး။ နံရံပေါ်မှာလည်း ပန်းချီကား၊ နာရီ၊ မှန် ဘာတစ်ခုမှ မရှိဘူး။ မီးအိမ်၊ ဒါမှမဟုတ် မီးရောင်လည်း မရှိဘူး။ ကြမ်းပြင်ပေါ်မှာလည်း ကော်ဇော၊ ကြမ်းခင်း ဘာမှမရှိဘူး။သစ်သားကြမ်းပြင်ချည်းသက်သက်ပဲ။ နံရံတွေကိုတော့ ရှုပ်ရှုပ်ထွေးထွေးဒီဇိုင်းနံရံကပ်ပိုစတာတွေနဲ့ ကာထားတယ်။ ဒါပေမဲ့ ဟောင်းနွမ်းလှပြီဆိုတော့ မှိန်ပြပြအလင်းရောင်အောက်မှာ ဖျော့တော့နေတာ ဘာဒီဇိုင်းမှန်းတောင် မမြင်ရတော့ဘူး။

ဒီအခန်းက တစ်ချိန်ကတော့ သာမန်အိပ်ခန်းတစ်ခု ဖြစ်ချင်ဖြစ်ခဲ့ပါလိမ့်မယ်။ အခုတော့ လူသားတစ်ယောက် အသုံးပြုခဲ့တယ်ဆိုတဲ့ အရိပ်အယောင် တစ်ခုမှ မရှိတော့ဘူး။ တစ်ခုတည်း ကျန်တဲ့အရာကတော့ အခန်းအလယ်က သူအိပ်နေတဲ့ ကုတင်ကြီးပဲ ထီးထီးရှိတယ်။ ကုတင်ဆိုပေမဲ့ အိပ်ယာခင်းထားတာ မရှိဘူး၊ အိပ်ယာခင်းမရှိ၊ စောင်မရှိ၊ ခေါင်းအုံးမရှိ။ ဖျာဟောင်းကြီးတစ်ချပ်ပဲ ရှိတယ်။

ဆမ်ဆာတစ်ယောက် သူဘယ်ရောက်နေလို့ ဘာလုပ်ရမယ်ဆိုတာကို မသိတော့ဘူး။ အခုသူ ဂရီဂေါ်ဆမ်ဆာဆိုတဲ့ လူတစ်ယောက်ဖြစ်နေတယ်ဆိုတာပဲ သိတယ်။ ဒါကို သူ ဘယ်လိုလုပ် သိတာလဲ၊ တစ်စုံတစ်ယောက်က သူအိပ်ပျော်နေချိန်မှာ သူ့နားနားကို တီးတိုးပြောခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဂရီဂေါ်ဆမ်ဆာ မဖြစ်ခင်က သူက ဘယ်သူလဲ၊ သူ ဘာဖြစ်ခဲ့တာလဲ။

ဒါပေမဲ့ ဒီမေးခွန်းကို စပြီး စဉ်းစားလိုက်တာနဲ့ ခြင်တွေ အုပ်လိုက်ကြီး သူ့ခေါင်းထဲမှာ လှည့်ပျံနေသလို ခံစားရတယ်။ တ၀ီဝီ အော်မြည်နေတဲ့ ခြင်အုပ်ကြီးဟာ သူ့ဦးနှောက်ရဲ့ ပိုမိုပျော့ပြောင်းတဲ့ အပိုင်းကို ရွေ့လာစဉ်မှာ ပိုပြီး ထူထပ်သိပ်သည်းလာတယ်။ ဆမ်ဆာလည်း စဉ်းစားတာကို ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အခုအခြေအနေမှာတော့ တစ်ခုခုကို စဉ်းစားဖို့ ကြိုးစားတာဟာ မနိုင်ဝန်ထမ်းရသလို အရမ်းကို ခက်ခဲပင်ပန်းလွန်းတယ်လေ။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုယ်ခန္ဓာကို ရွေ့လျားနိုင်ဖို့ ကြိုးစားရမှာပဲ။ ဒီနေရာမှာပဲ မျက်နှာကြက်ကို ကြောင်စီစီ ကြည့်ပြီး တစ်သက်လုံး နေသွားလို့မှ မဖြစ်တာ။ ဒီပုံစံနဲ့ နေရတာ သူ့အတွက်တော့ အရမ်းအကာအကွယ်မဲ့နေသလိုပဲ။ တိုက်ခိုက်မှုတစ်ခုခုရှိလာရင်၊ ဥပမာ အသားစားငှက်တွေပဲဆိုပါစို့၊ သူ့အတွက် အသက်ရှင်ဖို့လမ်း မမြင်ဘူး။ ပထမဆုံးအနေနဲ့ သူ့လက်ချောင်းလေးတွေကို လှုပ်ဖို့ ကြိုးစားကြည့်တယ်။ စုစုပေါင်း ဆယ်ချောင်း၊ သူ့လက်နှစ်ဖက်မှာ တွဲကပ်နေတဲ့ ခပ်ရှည်ရှည်အရာတွေ။ တစ်ခုစီမှာ အဆစ်ကလေးတွေအများအပြား တပ်ဆင်ထားလို့ လှုပ်ရှားမှုတွေကို ဟန်ချက်ညီအောင်လုပ်တာမှာ အရမ်းရှုပ်ထွေးလွန်းလှတယ်။ ပိုဆိုးတာက သူ့ကိုယ်ခန္ဓာကိုယ်က စေးပျစ်ပျစ်ကပ်စီးစီး အရည်တစ်ခုထဲ နစ်မြုပ်နေသလို ထုံထိုင်းနေတာပဲ၊ ဒီတော့လည်း သူ့ကိုယ်ခန္ဓာ အစွန်အဖျားပိုင်းတွေဆီ အားအင်ထုတ်လွှတ်ဖို့ ခက်ခဲလွန်းနေတယ်။


ဘာလို့ သူ ငါးတစ်ကောင် မဖြစ်ခဲ့တာလဲ။ ဒါမှမဟုတ် နေကြာပန်းတစ်ပွင့် မဖြစ်ခဲ့တာလဲ။ ငါးတစ်ကောင်၊ ဒါမှမဟုတ် နေကြာပန်းတစ်ပွင့်ဆိုရင် အဓိပ္ပာယ်ရှိဦးမှာ။ ဘာပဲဖြစ်ဖြစ် ဂရီဂေါ်ဆမ်ဆာဆိုတဲ့ လူတစ်ယောက်ထက်စာရင်တော့ ပိုပြီးအဓိပ္ပာယ်ရှိမှာ။


ဘယ်လိုပဲဖြစ်ဖြစ် အကြိမ်ကြိမ် အချည်းအနှီးကြိုးစားပြီးနောက်တော့ သူ့မျက်လုံးတွေကို မှတ်လိုက်ပြီး စိတ်ကို စုစည်းလိုက်တဲ့အခါမှာ သူ့လက်ချောင်းလေးတွေကို နည်းနည်းပိုပြီး ထိန်းချုပ်နိုင်လာတယ်။ ဖြည်းဖြည်းချင်းပဲ လက်ချောင်းလေးတွေကို ဘယ်လိုလှုပ်ရမလဲဆိုတာကို သူလေ့လာတယ်။ လက်ချောင်းလေးတွေကို လှုပ်ရှားနိုင်လာစဉ်မှာပဲ၊ သူ့ကိုယ်ခန္ဓာကို လွှမ်းခြုံထားတဲ့ ထုံထိုင်းမှုတွေဟာ ပျောက်ကွယ်သွားတယ်။ အဲဒီအချိန်မှာတော့ ဒီရေအကျမှာ ပေါ်ထွက်လာတဲ့ မကောင်းဆိုးရွားဆန်တဲ့ နက်မှောင်မှောင်သန္တာ ကျောက်တန်းတစ်ခုလို၊ မခံမရပ်နိုင်တဲ့ နာကျင်မှုတစ်ခု ရောက်ရှိလာတော့တယ်။

အချိန်နည်းနည်း ယူလိုက်တော့မှ အဲဒီ နာကျင်မှုဟာ ဆာလောင်မှုမှန်း ဆမ်ဆာသိလာတယ်။ အစားအသောက်ကို ဒီလောက်ဆာလောင်ပြင်းပြနေတဲ့ ဆန္ဒဟာ သူ့အတွက်တော့ အသစ်အဆန်းပဲ၊ ဒါမှမဟုတ် အနည်းဆုံးတော့ အခုလိုမျိုး တစ်ခုခု သူခံစားခဲ့ဖူးတယ်လို့ သူ, မမှတ်မိတော့ဘူး။ တစ်ပတ်လောက် ဘာတစ်ခုမှ တစ်လုတ်တစ်ဆုပ် မစားခဲ့ရသလိုပဲ။ သူ့ကိုယ်ခန္ဓာအလယ်ခေါင်ဟာ ဟောင်းလောင်းပေါက်ကြီး ဖြစ်နေသလိုပဲ။ သူ့အရိုးတွေက ဂေါင်ဂင်၊ သူ့ ကြွက်သားတွေက မာကျစ်ကျစ်၊ သူ့ကလီစာတွေက တဆတ်ဆတ်။

နာကျင်မှုကို ဒီထက်ပို မခံနိုင်တော့တဲ့အဆုံး ဆမ်ဆာလည်း သူ့တံတောင်ဆစ်တွေကို ဖျာပေါ်မှာ ထောက်ပြီး တဖြည်းဖြည်း တွန်းထဖို့ ကြိုးစားလိုက်တယ်။ ဒီလိုလုပ်နေတုန်း သူ့ကျောရိုးကတော့ တဂျွတ်ဂျွတ်အသံတွေ ခပ်တိုးတိုးထွက်နေတယ်။ ဘုရားရေ၊ ငါဒီမှာလှဲနေတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲလို့ ဆမ်ဆာ တွေးမိတယ်။ သူ့ကိုယ်ခန္ဓာကိုယ်ကတော့ လှုပ်ရှားမှုတစ်ခုချင်းစီကို တားဆီးထားတယ်။ ဒါပေမဲ့ သူကလည်း လုံးဝအလျှော့မပေးဘဲ အားအင်တွေကို စုစည်းတယ်၊ နောက်ဆုံးမှာ ထိုင်လျက်အနေအထား ရောက်လာတဲ့အထိပဲ။

သူ့ ၀တ်လစ်စလစ်ကိုယ်ခန္ဓာကို ဆမ်ဆာ စိတ်ပျက်လက်ပျက်နဲ့ ငုံ့ကြည့်မိတယ်။ ဖွဲ့စည်းပုံက ဘယ်လောက် ချိနဲ့လိုက်သလဲ။ ဖွဲ့စည်းပုံ ချိနဲ့တယ်ဆိုတာထက်ကို ပိုတယ်။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ နည်းလမ်း တစ်ခုမှ ရှိမနေတဲ့ ကိုယ်ခန္ဓာမျိုး။ ချောမွေ့တဲ့ အဖြူရောင်အရည်ပြား (ဟိုတစ်စ ဒီတစ်စ အမွှေးအမျှင်လေးတွေ ရှိတယ်) ၊ ဖောက်ထွင်းပြီး မြင်နေရတဲ့ အပြာရောင် သွေးကြောတွေ၊ ပြီးတော့ နူးညံ့ပြီး အကာအကွယ်မရှိတဲ့ ၀မ်းဗိုက်၊ ရယ်ချင်စရာနဲ့ မဖြစ်နိုင်လောက်တဲ့ ပုံသဏ္ဍာန်ရှိတဲ့ လိင်အင်္ဂါ၊ ပိန်တာရိုး လက်မောင်းနဲ့ ခြေထောက်တွေ (နှစ်ခုစီပဲပါတယ်) ၊ အချိန်မရွေး ကျိုးသွားနိုင်တဲ့ လည်ပင်းရိုး၊ ပြီးတော့ ထိပ်မှာ ထိုးထိုးထောင်ထောင် ရှုပ်ပွပွအမွှေးတွေပါတဲ့ ပုံပျက်ပန်းပျက် ဦးခေါင်း အကြီးကြီး၊ ကမာခွံနှစ်ခုလို ကိုးရို့ကားယား နားရွက်နှစ်ဖက် ထိုးထွက်နေတယ်။ ဒီဟာကြီးက တကယ်ကို သူပဲလား။ ဒီလောက်တောင် အဓိပ္ပာယ်ကင်းမဲ့ပြီး အလွယ်တကူဖျက်ဆီးခံရနိုင်တဲ့ ကိုယ်ခန္ဓာတစ်ခုဟာ (ကာကွယ်ဖို့အတွက် အခွံလည်း မပါ၊ တိုက်ခိုက်ဖို့အတွက် လက်နက်လည်းမရှိ) ဒီကမ္ဘာကြီးမှာ ဆက်အသက်ရှင်နိုင်ပါ့မလား။ ဘာလို့ သူ ငါးတစ်ကောင် မဖြစ်ခဲ့တာလဲ။ ဒါမှမဟုတ် နေကြာပန်းတစ်ပွင့် မဖြစ်ခဲ့တာလဲ။ ငါးတစ်ကောင်၊ ဒါမှမဟုတ် နေကြာပန်းတစ်ပွင့်ဆိုရင် အဓိပ္ပာယ်ရှိဦးမှာ။ ဘာပဲဖြစ်ဖြစ် ဂရီဂေါ်ဆမ်ဆာဆိုတဲ့ လူတစ်ယောက်ထက်စာရင်တော့ ပိုပြီးအဓိပ္ပာယ်ရှိမှာ။

ဖြစ်ချင်ရာဖြစ်တော့ သဘောထားပြီး ခြေထောက်တွေကို ကြမ်းပြင်နဲ့ ခြေဖ၀ါးထိတဲ့အထိ ကုတင်အစွန်းကနေ သူ လျှောချလိုက်တယ်။
သစ်သားကြမ်းပြင်ရဲ့ မျှော်လင့်မထားတဲ့ အအေးဓာတ်ကြောင့် သူ့ အသက်ရှူမြန်သွားတယ်။ အကြိမ်ကြိမ် အချည်းအနှီးကြိုးစားပြီးတဲ့နောက်မှာတော့ သူ ကြမ်းပြင်ပေါ်ကို ခြေချနိုင်ခဲ့တယ်။ နောက်ဆုံးတော့ သူ ခြေထောက်နှစ်ဖက်ပေါ်မှာ ဟန်ချက်ညီညီ ရပ်နိုင်ခဲ့တယ်။ အဲဒီနေရာမှာ နာကျင်ရာဗရပွနဲ့ သူ ရပ်နေမိတယ်၊ လက်တစ်ဖက်ကတော့ အထိန်းရဖို့ ကုတင်ဘောင်ကို ဆုပ်ကိုင်ထားရတယ်။ သူ့ ဦးခေါင်းက လိုတာထက်ပိုပြီး လေးနေလို့ မတ်လို့မရဖြစ်နေတယ်။ ချိုင်းကြားဆီမှာ ချွေးတွေဆို့လာပြီး သူ့လိင်အင်္ဂါက စိတ်ဖိစီးမှုကြောင့် ပိုကျုံ့ဝင်သွားတယ်။ သူ့ရဲ့ တင်းကြပ်နေတဲ့ ကြွက်သားတွေကို ဖြေလျှော့နိုင်ဖို့ အသက်ကိုခပ်ပြင်းပြင်း အကြိမ်ကြိမ် ရှူသွင်းလိုက်မိတယ်။

မတ်တပ်ရပ်ရတာ ကျင့်သားရသွားတာနဲ့တစ်ပြိုင်နက် လမ်းလျှောက်ဖို့ သူ လေ့လာရတော့တယ်။ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်ရတဲ့ကိစ္စက တကယ်တော့ နှိပ်စက်နည်းအမျိုးအစားတစ်ခုနဲ့ ပမာဏချင်းတူတယ်၊ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းမှာ နာကျင်ရတယ်။ ဘယ်လိုပဲကြည့်ကြည့် သူ့ ဘယ်ခြေညာခြေတွေကို တစ်လှမ်းပြီးတစ်လှမ်း ရွေ့လျားရတာဟာ သဘာဝနိယာမတွေအားလုံးကို ချိုးဖောက်နေတဲ့ အထူးအဆန်း အနေအထားတစ်ခုပဲ၊ ပြီးတော့ မျက်လုံးနဲ့မြေပြင်ကြားက ကြီးမားလှတဲ့တဲ့ အကွာအဝေးကြောင့်လည်း သူ အရမ်း ကြောက်ရွံ့နေမိတယ်။ သူ့တင်ပါးနဲ့ ဒူးခေါင်းတွေကို ဘယ်လို ဟန်ချက်ကျကျ ပူးပေါင်းအသုံးချရမယ်ဆိုတာကို သူ သင်ယူရဦးမယ်။ ခြေတစ်လှမ်းရှေ့တိုးလိုက်တိုင်း သူ့ဒူးခေါင်းက ခါယမ်းနေတယ်၊ ပြီးတာနဲ့ နံရံပေါ်မှာ လက်နှစ်ဖက်စလုံးထောက်ပြီး ဟန်ချက်မှန်အောင် ထိန်းထားရတယ်။

ဒါပေမဲ့ ဒီအခန်းထဲမှာပဲ တစ်သက်လုံး မနေနိုင်ဘူးဆိုတာလည်း သူသိနေတယ်။ သူ့အနေနဲ့ စားစရာတစ်ခုခုကို မြန်မြန်ရှာမတွေ့ဘူးဆိုရင် ငတ်နေတဲ့ သူ့ဗိုက်က သူ့အသားတွေကို ပြန်စားပစ်တော့မှာ၊ ဒီလိုဆိုရင် သူ့ အသက်ရှင်မှု ရပ်ဆိုင်းသွားလိမ့်မယ်လေ။

တစ်လျှောက်လုံးက နံရံတွေကို လက်ဖ၀ါးနဲ့ ထောက်ထားရင်းပဲ တံခါးပေါက်ဆီကို ဦးတည်ပြီး ဒယီးဒယိုင် သူလျှောက်လာခဲ့တယ်။ နာကျင်မှုကလွဲလို့ အချိန်အတိုင်းအတာ အတိအကျကို တိုင်းတာနိုင်စွမ်း သူ့မှာမရှိပေမဲ့ သူ့ခရီးက နာရီပေါင်းများစွာကြာသလို ခံစားရတယ်။ သူ ခက်ခက်ခဲခဲကို လှုပ်ရှားနေရပြီး ခရုတစ်ကောင်လောက်ပဲ ခြေလှမ်းနိုင်တယ်။ တစ်ခုခုကို အမှီအတွယ်အဖြစ် မှီမထားဘဲ ရှေ့မဆက်နိုင်ဘူး။ လမ်းပေါ်မှာသာဆိုရင် လူတွေက သူ့ကို ဒုက္ခိတတစ်ယောက်ဖြစ် မြင်ဖို့ပဲ သူ အများဆုံး မျှော်လင့်နိုင်မှာ။

တံခါးလက်ကိုင်ဘုကို သူဆွဲယူလိုက်တယ်။ မလှုပ်ဘူး။ တွန်းတော့လည်း ဒီအတိုင်းပဲ။ နောက်တော့ သူ လက်ကိုင်ဘုကို ညာဘက်ကိုလှည့်ပြီး ဆွဲယူလိုက်တယ်။ တံခါးက ကျီခနဲ ခပ်တိုးတိုးမြည်ပြီး အနည်းငယ် ဟသွားတယ်။ သူက ဟနေတဲ့ အပေါက်ထဲက ခေါင်းကိုထွက်ပြီး အပြင်ကို ကြည့်လိုက်တယ်။ စင်္ကြန်လမ်းက ဘယ်သူမှ မရှိဘူး။ သမုဒ္ဒရာအောက်ခြေလို တိတ်ဆိတ်နေတယ်။ သူက ဘယ်ဘက်ခြေထောက်ကို အပေါက်ဝကနေ အပြင်ထုတ်ပြီး အပေါ်ဘက်ကိုယ်တစ်ခြမ်းကို အပြင်ထုတ်လိုက်တယ်။ လက်တစ်ဖက်ကတော့ တံခါးဘောင်ကိုကိုင်ထားပြီး ညာဘက်ခြေထောက်ကို နောက်မှာကပ်ထားတယ်။ အဲဒီ စင်္ကြန်လမ်းအတိုင်းက ဖြေးညင်းစွာ ရွေ့လျားလာခဲ့တယ်၊ လက်တွေကတော့ နံရံကို အားပြုထားရတုန်းပဲ။

သူထွက်လာခဲ့တဲ့ တံခါးအပါအ၀င် စင်္ကြန်လမ်းပေါ်မှာ စုစုပေါင်း တံခါးလေးခု ရှိတယ်။ အရောင်ရင့်သစ်သားနဲ့ ပြုလုပ်ထားပြီး ဒီဇိုင်းက ချွတ်စွပ်တူနေတဲ့ တံခါးတွေပဲ။ အဲဒီတံခါးတွေနောက်မှာ ဘယ်သူ၊ ဒါမှမဟုတ် ဘာတွေ ရှိနေမလဲ။ တံခါးတွေကိုဖွင့်ပြီး သူ ကြည့်လိုက်ချင်တယ်။ အဲဒီလိုသာဆိုရင် အခု သူရောက်နေတဲ့ ပုစ္ဆာဆန်တဲ့ အခြေအနေကို နားလည်ချင် နားလည်လာမှာ။ ဒါမှမဟုတ်လည်း အနည်းဆုံးတော့ နားလည်ဖို့ သဲလွန်စတစ်ခုခုရမှာ။ ဒါပေမဲ့လည်း သူကတော့ တတ်နိုင်သမျှ အသံမထွက်အောင်ကြိုးစားရင်း တံခါးတွေကို တစ်ခုချင်းဖြတ်လျှောက်လာမိခဲ့တယ်။ သူ့ ဗိုက်ကိုဖြည့်ဖို့ လိုနေတဲ့အချက်က သူ့ သိချင်စိတ်ကို ဖုံးလွှမ်းထားတယ်။ စားစရာ ကြီးကြီးမားမားတစ်ခု ရှာတွေ့မှ ဖြစ်တော့မှာ။

အခုတော့ အဲဒါကို ဘယ်မှာရှာရမယ်ဆိုတာ သူသိလိုက်တယ်။

အနံ့ရဲ့ ခေါ်ဆောင်ရာနောက် လိုက်သွားရုံပဲလို့ သူ စဉ်းစားရင်း နှာခေါင်းကို ရှုံ့ပွရှုံ့ပွ လုပ်နေမိတယ်။ ချက်ပြုတ်ထားတဲ့ အစားအစာတွေဆီက လေကတဆင့် သူ့ဆီ ပျံ့လွင့်လာနေတဲ့ ရနံ့ပဲ။ သူ့နှာခေါင်းရဲ့ အနံ့ခံအာရုံက စုဆောင်းရရှိတဲ့ အချက်အလက်တွေဟာ သူ့ ဦးနှောက်ဆီ ကူးစက်ရောက်ရှိသွားတယ်။ ဒီတော့လည်း စိတ်လှုပ်ရှားမှုက ပြင်းထန်ထင်ရှားလွန်းလိုက်တာ နှိပ်စက်ခံနေရတဲ့ လူတစ်ယောက်လို သူ့အတွင်းကလီစာတွေ လိမ်တွန့်သွားသလိုတောင် ခံစားလာရတယ်။ ပါးစပ်ထဲမှာလည်း သွားရည်တွေနဲ့ ပြည့်လာတယ်။

ဒါပေမဲ့ အနံ့ထွက်ပေါ်လာရာကို ရောက်ဖို့တော့ စုစုပေါင်း ၁၇ ထစ် ရှိတဲ့ မတ်စောက်စောက် လှေကားတစ်ခုကို ဆင်းဖို့ လိုနေတယ်။ ပြင်ညီမှာ လမ်းလျှောက်ရတာတောင် ခြေလှမ်းတွေဟာ အိပ်မက်ဆိုးကြီးတစ်ခုလို ခက်ခဲလွန်းလှပြီ။ လှေကားလက်ရန်းကို လက်နှစ်ဖက်နဲ့ ဆွဲဆုပ်လိုက်ပြီး သူ စ,ဆင်းလာခဲ့တယ်။ ကိုယ်အလေးချိန်နဲ့ ပိနေတဲ့ အရိုးပေါ်အရေတင် သူ့ ခြေကျင်းဝတ်တွေက အချိန်မရွေး ပြိုလဲသွားနိုင်တယ်ဆိုတာ သူခံစားနေရတယ်၊ လှေကားအတိုင်း တလိမ့်ခေါက်ကွေး လိမ့်ကျသွားတော့မတတ်ပဲ။

လှေကားအဆင်းလမ်းမှာ ဆမ်ဆာ့စိတ်ထဲ ရှိနေတဲ့ အရာကတော့ ငါးနဲ့ နေကြာပန်းတွေဆိုတာ အထူးပြောစရာမလိုဘူး။ သူဘာလို့ ငါးတစ်ကောင်၊ ဒါမှမဟုတ် နေကြာပန်းတစ်ပွင့်အဖြစ် အသွင်မပြောင်းခဲ့သလဲလို့ပဲ သူ တွေးနေမိတယ်။ အဲဒီလိုသာဆိုရင် အခုလို လှေကားထစ်တွေကို ခက်ခက်ခဲခဲ တက်ဆင်းနေရတာမျိုးမရှိတဲ့ အေးချမ်းတဲ့ဘ၀တစ်ခုကို သူပိုင်ဆိုင်ခဲ့မှာ မဟုတ်လား။


လွန်ခဲ့တဲ့ မိနစ်အနည်းငယ်လောက်ကမှ လူတွေဟာ ဒီနေရာမှာ နံနက်စာစားဖို့ ထိုင်နေခဲ့ပြီး ရုတ်တရက် မျှော်လင့်မထားတဲ့ အဖြစ်အပျက်တစ်ခုခုကြောင့် ထွက်ပြေးသွားခဲ့သလိုဖြစ်နေတယ်။ ဘာဖြစ်ခဲ့တာလဲ၊ သူတို့တွေ ဘယ်ရောက်သွားလဲ၊ ဒါမှမဟုတ် သူတို့ကို ဘယ်ကို ပို့လိုက်သလဲ၊ သူတို့ ပြန်လာပြီး နံနက်စာ စားကြဦးမှာလား။


၁၇ နှစ်ထစ်ပါလှေကားရဲ့ အောက်ဆုံးအဆင့်ကို ရောက်ချိန်မှာတော့ သူ့ကိုယ်သူ တည့်မတ်လိုက်တယ်။ သူ့ရဲ့ လက်ကျန်အားအင်ကို စုစည်းပြီး သူ့ကို ဆွဲမြှူနေတဲ့ အနံ့ရှိရာဆီ ဒရွတ်ဆွဲပြီး လျှောက်လာခဲ့တယ်။ မျက်နှာကြက်မြင့်မြင့် ၀င်ပေါက်ခန်းမကျယ်ကို ဖြတ်ပြီး ထမင်းစားခန်းရဲ့ ပွင့်နေတဲ့ တံခါးပေါက်ဆီ လှမ်းလာခဲ့တော့တယ်။ အစားအသောက်တွေကို စားပွဲဝိုင်းကြီးတစ်ခုပေါ်မှာ ဖြန့်ခင်းထားတာ သူတွေ့လိုက်ရတယ်။ ထိုင်ခုံ ငါးခုရှိနေပေမယ့် လူသူ အရိပ်အယောင်တော့ မမြင်ရဘူး။ ပန်းကန်တွေဆီကနေ အငွေ့တလူလူ လွင့်ပျံနေတယ်။ စားပွဲရဲ့ အလယ်မှာ နှင်းပန်းတွေ ထိုးထားတဲ့ ပန်းအိုးက နေရာထားတယ်။ ထိုင်ခုံနေရာလေးခုမှာ လက်သုတ်ပုဝါ၊ ဇွန်းခရင်းတွေနဲ့ အကျအန ပြင်ဆင်ထားတယ်။ ကြည့်ရတာတော့ ဘယ်သူမှ တို့ထိရသေးပုံ မရဘူး။ ပုံစံအရပြောရရင် လွန်ခဲ့တဲ့ မိနစ်အနည်းငယ်လောက်ကမှ လူတွေဟာ ဒီနေရာမှာ နံနက်စာစားဖို့ ထိုင်နေခဲ့ပြီး ရုတ်တရက် မျှော်လင့်မထားတဲ့ အဖြစ်အပျက်တစ်ခုခုကြောင့် ထွက်ပြေးသွားခဲ့သလိုဖြစ်နေတယ်။ ဘာဖြစ်ခဲ့တာလဲ၊ သူတို့တွေ ဘယ်ရောက်သွားလဲ၊ ဒါမှမဟုတ် သူတို့ကို ဘယ်ကို ပို့လိုက်သလဲ၊ သူတို့ ပြန်လာပြီး နံနက်စာ စားကြဦးမှာလား။

ဒါပေမဲ့ ဆမ်ဆာ့မှာ ဒါတွေကို စဉ်းစားခန်းဝင်နေဖို့ အချိန်မရှိပါဘူး။ အနီးဆုံး ထိုင်ခုံမှာ ၀ုန်းခနဲထိုင်ချလိုက်ပြီး သူမီသမျှ စားစရာတွေကို ရွေးမနေပဲ လက်ချည်းသက်သက်နဲ့ ဆွဲယူပြီး အငမ်းမရ ပါးစပ်ထဲ ပစ်ထည့်နေမိတယ်။ လက်သုတ်ပုဝါ၊ ဇွန်း၊ ခက်ရင်း၊ ဓား ဒါတွေကို ဘယ်လို ဂရုစိုက်နေနိုင်မှာလဲ။ ပေါင်မုန့်ကို အစိတ်အစိတ်အမွှာမွှာ ဆွဲဖြဲပြီး ယိုတို့ ထောပတ်တို့မပါပဲ မျိုချတယ်။ အသားချောင်းတုတ်တုတ်ကို တပြပ်ပြပ်မြည်အောင် အချောင်းလိုက်စားတယ်၊ စားချင်လောအားကြီးလို့ ကြက်ဥပြုတ်ကိုတောင် အခွံခွာဖို့ မေ့မတတ်ပဲ။ အာလူးတွေကို လက်နဲ့ ဆတ်ခနဲဆွဲယူတယ်၊ အနှစ်တွေကိုတော့ လက်ချောင်းတွေနဲ့ ကလော်တယ်။ အားလုံးကို တစ်ပြိုင်တည်း ရောဝါးပြီးတော့ အကြွင်းအကျန်တွေကို ခရားက ရေနဲ့ မျှောချလိုက်တယ်။ အရသာက ဘာအရေးလဲ။ အရသာကောင်းကောင်း မကောင်းကောင်း၊ ချဉ်ချဉ်စပ်စပ် သူ့အတွက်တော့ မထူးတော့ဘူး။ အရေးကြီးတာက သူ့ဗိုက်ထဲက လိုဏ်ဂူကြီးကို ဖြည့်ဆည်းဖို့ပဲ။ အစားပြိုင်ပွဲကျင်းပနေသလို အာရုံစူးစိုက်မှုအပြည့်နဲ့ သူ စားနေလိုက်တယ်။ အစားအသောက်မှာ နစ်မျှောနေလိုက်တာ သူ့လက်ချောင်းတွေကို လျှာနဲ့လျှက်ရင်းက ကိုက်မိသွားတဲ့အထိပဲ။ စားကြွင်းစားကျန်တွေ ပြန့်ကျဲပြီး ပန်းကန်တစ်ချပ် ကြမ်းပြင်ပေါ် ကျကွဲသွားတာကိုလည်း သူ ဂရုမစိုက်နိုင်ဘူး။

အာသာပြေတဲ့အထိ စားပြီးလို့ အသက်၀၀ရှူဖို့ ဆမ်ဆာ ကျောမှီလိုက်တဲ့ အချိန်မှာတော့ ဘာမှတောင် မကျန်တော့သလောက်ပဲ။ ထမင်းစားပွဲလည်း မြင်မကောင်းတော့ဘူး။ အချင်းများနေတဲ့ ကျီးကန်တစ်အုပ် ပွင့်နေတဲ့ပြတင်းပေါက်က ၀င်လာပြီး စိတ်တိုင်းကျမွှေနှောက်ပြီးမှ ပြန်ထွက်သွားသလို မြင်ကွင်းမျိုး။ အတို့အထိ မခံရတဲ့ တစ်ခုတည်းသောအရာကတော့ နှင်းပန်းအိုးပဲရှိတယ်၊ အဲဒါကိုတောင် အစားအသောက်တွေ ဒီလောက်ရှိမနေရင် သူ စားပစ်မိမလား မသိဘူး။

ထိုင်ခုံမှာပဲ အတော်ကြာကြာ အဆီရစ်ပြီး သူ ထိုင်နေမိတယ်။ လက်တွေကို စားပွဲပေါ်တင်ထားရင်း မျက်လုံးမှေးမှေးတွေဆီကနေ နှင်းပန်းတွေကို ငေးကြည့်နေတယ်။ စားလိုက်တဲ့ အစာတွေ အစာရေမျိုကတဆင့် အူထဲရောက်တဲ့အထိ သူ့အစာခြေစနစ်တစ်လျှောက် အလုပ်လုပ်နေချိန်မှာ သူကတော့ နှေးကွေးလေးလံစွာ အသက်ကို ပျင်းပျင်းရိရိ ရှူနေမိတယ်။ ၀မ်းမီးငြိမ်းသွားတဲ့ အရသာကို ဒီရေတက်လာသလို သူခံစားနေရတယ်။ ကော်ဖီအိုးကို လှမ်းယူလိုက်ပြီး ကြွေခွက်ထဲ လောင်းထည့်လိုက်တယ်။ ရနံ့ပြင်းရှရှက သူ့ကို တစ်စုံတစ်ရာကို သတိရလာစေတယ်။ ရုတ်တရက် သတိရလိုက်တာမျိုးမဟုတ်ဘူး၊ အဆင့်ဆင့် သတိရသွားပုံမျိုး။ အနာဂတ်တစ်နေရာဆီကနေ ပစ္စုပ္ပန်ကို ပြန်လည်သတိရနေရသလို ထူးဆန်းတဲ့ ခံစားချက်တစ်မျိုးပဲ။ တစ်နည်းနည်းနဲ့ အချိန်ကာလဟာ အစိတ်အပိုင်းနှစ်ခုအဖြစ် ကွဲထွက်သွားပြီး စက်ဝိုင်းပိတ်တစ်ခုအတွင်းမှာ မှတ်ဉာဏ်နဲ့ အတွေ့အကြုံတို့ဟာ တစ်ခုနောက်တစ်ခုလိုက်ပြီး လည်ပတ်နေကြသလိုပဲ။ ကော်ဖီထဲက နို့နှစ်အနေတော်လောက် လောင်းချလိုက်ပြီး လက်ချောင်းနဲ့မွှေလို့ သူ မော့သောက်လိုက်တယ်။ ကော်ဖီက အေးနေပြီဆိုပေမယ့် အနွေးဓာတ်ငွေ့ငွေ့ ကျန်နေသေးတယ်။ သူက ကော်ဖီကို ပါးစပ်ထဲ ခဏငုံထားလိုက်ပြီးမှ သတိကြီးကြီးထားပြီး လည်ချောင်းတစ်လျှောက် စီးဆင်းသွားအောင် မျိုချလိုက်တော့တယ်။ စိတ်တော့ တည်ငြိမ်သွားသားပဲလို့ သူတွေးလိုက်မိတယ်။

ရုတ်တရက်ဆိုသလို သူ ချမ်းလာတယ်။ ဆာလောင်မှုက ပြင်းထန်လွန်းနေတော့ သူ့ဆီက တခြားအာရုံတွေကို ဖုံးလွှမ်းပစ်ထားခဲ့တာပဲ။ အခု ဗိုက်လည်းကယ်သွားပြီဆိုရော အရေပြားပေါ်က နံနက်ခင်းအအေးဓာတ်က သူ့ကို တဆတ်ဆတ်တုန်လာစေတယ်။ မီးလည်း မရှိတော့ဘူး။ ရှိသမျှအနွေးပေးစက်တွေကလည်း တစ်ခုမှ ဖွင့်ထားပုံမရဘူး။ ဒီထက်ပိုဆိုးတာက သူ့ခန္ဒာကိုယ်က လုံးဝကိုယ်လုံးတီးဖြစ်နေတာပဲ၊ ခြေထောက်တွေမှာတောင် ဗလာကျင်းနေတယ်။

ဝတ်စရာတစ်ခုခုကို ရှာမှဖြစ်တော့မယ်လို့ သူ သိလိုက်တယ်။ ဒီတိုင်းဆို သူ အရမ်းချမ်းနေမယ်။ ဒါတွေအပြင်ကို အခုလိုအ၀တ်အစားမပါဘဲ ဗလာကျင်းနေတာဟာ တစ်ယောက်ယောက်ရောက်လာရင် ပြဿနာဖြစ်လာနိုင်တယ်။ တံခါးခေါက်သံများ ပေါ်လာရင် ဘယ်လိုလုပ်မလဲ။ ဒါမှမဟုတ် စောစောက နံနက်စာစားလုလု မိသားစု ပြန်ရောက်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဒီလိုအခြေအနေမှာသာ သူ့ကို တွေ့လိုက်ရရင် ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။

ဒါတွေအားလုံးကို သူ နားလည်နေတယ်။ အခြေအနေကိုကြည့်ပြီး သုံးသပ်ထားတာမဟုတ်ဘူး၊ ထိုးထွင်းဉာဏ်ကြောင့် အလိုလိုသိနေတာမျိုးလည်း မဟုတ်ဘူး။ ရိုးရိုးရှင်းရှင်းလေး သူက သိနေရုံပဲ။ ဒီလိုအသိဉာဏ်မျိုး သူ့ဆီ ဘယ်လိုရောက်လာသလဲ ဆမ်ဆာ မသိဘူး။ ခုနတုန်းက သူ ခံစားခဲ့ရတဲ့ ပတ်ချာလှည့်နေတဲ့ မှတ်ဉာဏ်တွေနဲ့တော့ ဆက်စပ်နေနိုင်တယ်။

ထိုင်ခုံက ထလိုက်ပြီး ခန်းမအရှေ့ဘက်ဆီကို သူ လမ်းလျှောက်ပြီး ထွက်လာခဲ့တယ်။ သူ့အခြေအနေက ကပ်သီးကပ်သပ်တော့ ဖြစ်နေတုန်းပဲ၊ ဒါပေမဲ့ အနည်းဆုံးတော့ အခုဆို တစ်ခုခုကို ကိုင်နေစရာမလိုဘဲ ခြေထောက်နှစ်ချောင်းပေါ်မှာ သူ လမ်းလျှောက်နေနိုင်ပြီ။ ခန်းမထဲမှာ ထီးတင်တဲ့ စင်တစ်ခုရှိနေပြီး လမ်းလျှောက်တုတ် အတော်များများ အဲဒီမှာ ချိတ်ထားတယ်။ ဟိုဟိုဒီဒီလျှောက်နိုင်ဖို့အတွက် သူက အနက်ရောင် ၀က်သစ်ချသား တုတ်ကောက်ကို ယူလိုက်တယ်။ တုတ်ကောက်ရဲ့ မာတောင့်တောင့်လက်ကိုင်ကို ဆုပ်ကိုင်မိရုံနဲ့ သူ့မှာ စိတ်သက်သာရာရပြီး အားရှိလာသလိုပဲ။ အခုဆို သူ့မှာ ငှက်တွေ သူ့ကို လာတိုက်ခိုက်ခဲ့ရင်တောင် ပြန်လည်ခုခံစရာ လက်နက်တစ်ခုရှိနေပြီလေ။ ပြတင်းပေါက်ဆီ သွားပြီး ဇာပေါက်လိုက်ကာရဲ့ ပေါက်နေတဲ့နေရာကနေ အပြင်ကို သူချောင်းကြည့်လိုက်မိတယ်။

အိမ်ကြီးရဲ့ မျက်နှာစာမှာ လမ်းတစ်ခု ရှိနေတယ်။ သိပ်ကြီးတဲ့ လမ်းတော့မဟုတ်ဘူး၊ လူတွေလည်း အများကြီး မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဖြတ်သွားဖြတ်လာ လူတိုင်းက အ၀တ်အစားအပြည့်အစုံနဲ့ဆိုတာ သူ မှတ်ထားလိုက်မိတယ်။ အ၀တ်အစားတွေကတော့ အရောင်နဲ့ပုံစံ အမျိုးမျိုးပါပဲ။ ယောက်ျားနဲ့ မိန်းမ ၀တ်ဆင်ပုံချင်း မတူကြဘူး။ သားရည်တောင့်တောင့် ရှူးဖိနပ်တွေနဲ့ ခြေထောက်တွေကို ကာကွယ်ထားကြတယ်။ တချို့ကတော့ ပြောင်လက်နေအောင် တိုက်ထားတဲ့ ဘွတ်ဖိနပ်တွေကို ဆောင့်ကြွားကြွားဝတ်ထားကြတယ်။ သူတို့ ဖိနပ်တွေ ကျောက်ပြားလမ်းပေါ်မှာ တရှပ်ရှပ်မြည်နေတာကို သူ ကြားနေရတယ်။ ယောက်ျားမိန်းမ အများအပြားဟာ ဦးထုပ်တွေ ၀တ်ထားကြတယ်။ သူတို့ကိုကြည့်ရတာ ခြေနှစ်ချောင်းနဲ့လမ်းလျှောက်တာနဲ့ လိင်အင်္ဂါတွေကို ဖုံးထားရတဲ့ကိစ္စအတွက် ဘာမှ ခေါင်းထဲမှာ မရှိသလိုပဲ။ ခန်းမထဲက ကိုယ်လုံးပေါ်မှန်ကြီးထဲက သူ့ပုံရိပ်နဲ့ အပြင်မှာ လမ်းလျှောက်နေတဲ့ လူတွေကို ဆမ်ဆာ နှိုင်းယှဉ်ကြည့်မိတယ်။ သူမှန်ထဲမှာ မြင်နေရတဲ့ ငနဲဟာ ပေတိပေစုတ်နဲ့ အားနည်းချိနဲ့လှတဲ့ သတ္တ၀ါတစ်ကောင်ပဲ။ သူ့ဝမ်းဗိုက်မှာ ဟင်းရည်တွေ ပေပွနေတယ်၊ ပေါင်မုန့်အစအနတွေက သူ့အင်္ဂါတစ်ဝိုက်က အမွှေးတွေမှာ ၀ါဂွမ်းစတွေကို ကပ်ပြီး တွဲလဲခိုနေတယ်။ ပေရေနေတာတွေကို သူ လက်နဲ့ သပ်ထုတ်လိုက်မိတော့တယ်။

ဟုတ်တယ်၊ ငါ့ကိုယ်ခန္ဒာကို ဖုံးဖို့ တစ်ခုခုတော့ ငါရှာမှဖြစ်တော့မယ်လို့ သူ ထပ်တွေးလိုက်တယ်။
ငှက်တွေရှိမလားလို့ သူ အပြင်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တယ်။ ဒါပေမဲ့ သူ့မြင်ကွင်းမှာတော့ ငှက်တွေ ရှိမနေဘူး။
ဒီအိမ်ရဲ့ မြေညီထပ်မှာ ခန်းမကျယ်၊ ထမင်းစားခန်း၊ မီးဖိုခန်းနဲ့ ဧည့်ခန်းတွေ ပါဝင်တယ်။ သူ စဉ်းစားကြည့်ရသလောက်တော့ ဒီအခန်းအမျိုးအစားတွေအားလုံးမှာ တစ်ခုမှ အ၀တ်အစားနဲ့တူတာတစ်ခုခု ရှိနေမယ်မထင်ဘူး။ ဒီတော့လည်း အ၀တ်အစားတွေကို ၀တ်ဖို့၊ ချွတ်ဖို့ကိစ္စဟာ တခြားအခန်းတစ်ခုခုမှာပဲ လုပ်ရမှာဖြစ်ရမယ်လို့ သူက ကောက်ချက်ချလိုက်တယ်။ ဒုတိယထပ်က အခန်းတစ်ခုခုထဲမှာ ဖြစ်မလားပဲ။

လှေကားဆီ ပြန်လာပြီး ဆမ်ဆာ အပေါ်စ တက်လိုက်တယ်။ အောက်ဆင်းရတာထက်စာရင် အပေါ်ပြန်တက်ရတာက သိပ်ကို လွယ်နေတာတွေ့ရလို့ သူ အံ့သြသွားမိတယ်။ လက်ရန်းကို ကိုင်ရင်း လှေကားဆယ့်ခုနစ်ထစ်ကို အနာအကျင် အကြောက်အရွံ့မရှိတော့ဘဲ စောစောကထက် အတော်ကိုပိုမြန်အောင် သူတက်လာနိုင်ခဲ့တယ်။ တက်နေတုန်းမှာ အသက်ရှူဖို့တော့ မကြာမကြာ ခဏတဖြုတ်လောက် နားရတယ်ပေါ့။


သူ အိပ်မက်တစ်ခုတောင် မက်နေတာ။ ဘာလဲဆိုတာတော့ အတိအကျ သူ မမှတ်မိဘူး၊ ပျော်စရာကောင်းတဲ့ အိပ်မက်ဆိုတာပဲ သိတယ်။ အခုတော့ အိမ်တစ်ခုလုံးကို ပဲ့တင်ထပ်နေတဲ့ ခေါင်းလောင်းသံက သူ့ကို အေးစက်စက်လက်တွေ့ဘ၀ဆီကို ပြန်ဆွဲချလိုက်တယ်။


ကံကြမ္မာက သူ့ဘက်မှာ ရှိနေတယ်လို့ ပြောရမှာပဲ၊ ဒုတိယထပ်က အခန်းတွေအားလုံး တစ်ခန်းမှ သော့ပိတ်ထားတာ မတွေ့ရဘူး။ တံခါးလက်ကိုင်ကို လှည့်ပြီး တွန်းလိုက်တာနဲ့ သူ့အတွက် ပွင့်သွားတာချည်းပဲ။ စုစုပေါင်း အခန်းလေးခန်းတိတိ ရှိနေတယ်။ သူနိုးထလာခဲ့တဲ့၊ ကြမ်းပြင်ကြီးသက်သက်ပဲ ရှိတဲ့ အေးစက်စက် အခန်းကလွဲရင် ကျန်တဲ့အခန်းတွေအားလုံးကို သက်တောင့်သက်သာနဲ့ စနစ်တကျ ခင်းကျင်းထားတာချည်းပဲ။ သန့်သန့်ရှင်းရှင်း ခင်းကျင်းထားတဲ့ အိပ်ယာ၊ အ၀တ်ဘီဒို၊ စာရေးစားပွဲ၊ နံရံဒါမှမဟုတ် မျက်နှာကြက်မှာ အသေတပ်ဆင်ထားတဲ့ မီးသီး၊ ပြီးတော့ အခင်းဒါမှမဟုတ် အနုအလှအဆင်တွေနဲ့ကော်ဇောတွေ အခန်းတိုင်းမှာ ရှိနေတယ်။ စာအုပ်တွေကို စင်ပေါ်မှာ ညီညီညာညာ စီထားပြီး ဘောင်ကွပ်ထားတဲ့ ရှုခင်းပုံ ရေဆေးပန်းချီကားတွေနဲ့ နံရံတွေကို အလှဆင်ထားသေးတယ်။ အရောင်စိုပြီးတောက်ပနေတဲ့ ဖန်ပန်းအိုးတစ်လုံးစီလည်း အခန်းတိုင်းမှာ ရှိတယ်။ ပြတင်းပေါက်မှာ သစ်သားပြားတွေကို သံနဲ့ရိုက်ထားတဲ့ အခန်းမျိုး တစ်ခန်းမှ မပါဘူး။ ဒီပြတင်းပေါက်တွေမှာတော့ ကောင်းချီးသြဘာပေးသလို နေရောင် ဖောက်ထွင်းသွန်းလောင်းနေတဲ့ ဇာလိုက်ကာတွေပဲ ရှိနေတယ်။ အိပ်ယာတွေအားလုံးမှာ တစ်စုံတစ်ယောက် အိပ်စက်ခဲ့တဲ့ လက္ခဏာတွေ ရှိနေတယ်။ ခေါင်းအုံးတွေပေါ်မှာ အိပ်ခဲ့တဲ့ ခေါင်းကို သူ မြင်နေရတယ်။

အကြီးဆုံးအခန်းထဲမှာ သူနဲ့တော်တဲ့ ဂါဝန်တစ်ခုကို ဆမ်ဆာ ရှာတွေ့လိုက်တယ်။ ကြည့်ရတာတော့ သူ ၀တ်ကြည့်လို့ရမယ့်ပုံပဲ။ တခြားအ၀တ်အစားတွေကိုတော့ ဘယ်လိုဝတ်ရမယ်ဘာညာ သဲလွန်စတစ်ခုမှ သူ ရှာမတွေ့ဘူး။ သူ့အတွက်တော့ အဲဒါတွေအားလုံးဟာ ရှုပ်ထွေးလွန်းနေတယ်၊ ကြယ်သီးတွေအများကြီးနဲ့၊ ပြီးတော့ ဘယ်ဟာ အရှေ့အနောက်၊ ဘယ်ဟာ အထက်အောက်ဆိုတာကိုလည်း သူ မကွဲဘူး။ ဘယ်ဟာကို အပြင်ဘက်ထားဝတ်ရမယ်၊ ဘယ်ဘက်ခြမ်းက အတွင်းဖြစ်ရမယ်ဆိုတာလည်း မကွဲဘူး။ ဒါပေမဲ့ ဂါဝန်ကကျတော့ သူ့အတွက် ရိုးရှင်းပြီး လက်တွေ့ကျနေတာတွေ့ရတယ်၊ အတော်ကလေး လွတ်လွတ်လပ်လပ်ရှိတဲ့ အဆင်တန်ဆာပဲပေါ့။ သူ့အရေပြားပေါ်မှာ ခံစားလို့ကောင်းတဲ့ ပေါ့ပေါ့ပါးပါး နူးနူးညံ့ညံ့ အ၀တ်မျိုးပဲ။ ညှပ်ဖိနပ်တစ်ရံကိုတောင် သူက စီးလိုက်မိသေးတယ်။

ကိုယ်တုံးလုံးကိုယ်ခန္ဒာအပေါ်ကို ဂါဝန်နဲ့ သူက ဖုံးချလိုက်တယ်၊ အတော်လေး အမှားအယွင်းတွေ လုပ်မိပြီးနောက်မှာတော့ ခါးစည်းကြိုးကို သူ ဆွဲချည်လိုက်နိုင်ခဲ့တယ်။ သူ့ကိုယ်သူ မှန်ထဲမှာ ပြန်ကြည့်လိုက်တယ်၊ အခုတော့ ဂါဝန်ဝတ် ညှပ်ဖိနပ်စီး လူသားတစ်ယောက်ပေါ့။ ကိုယ်လုံးတီး လမ်းလျှောက်နေရတာထက်တော့ ဒါက ပိုကောင်းတာ သေချာပါတယ်။ သူထင်ထားခဲ့သလောက်ထိတော့ သိပ်နွေးမသွားပါဘူး၊ ဒါပေမဲ့ အိမ်ထဲမှာ နေသရွေ့တော့ သူ့ကို ဒီဂါဝန်က အအေးရန်က အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးမှာ။ အကောင်းဆုံးအချက်က သူ့ပါးလှပ်လှပ်အရေးပြားကို ငှက်ဆိုးတွေမြင်နေရမှာ ပူစရာမလိုတော့တဲ့ အချက်ပဲ။

အိမ်ကြီးရဲ့ အကြီးဆုံးအခန်းထဲက အကြီးဆုံးကုတင်ပေါ်မှာ ဆမ်ဆာ တစ်မှေးမှေးနေတုန်းမှာပဲ တံခါးဆီက လူခေါ်ခေါင်းလောင်းသံ မြည်လာတယ်။ ငှက်မွှေးခြုံစောင်ကြီးအောက်မှာ နွေးနွေးလေး ကွေးနေရတာဟာ သူ့အတွက် ကြက်ဥတစ်လုံးအထဲမှာ အိပ်နေရသလိုပဲ ဇိမ်ကျလှတယ်။ သူ အိပ်မက်တစ်ခုတောင် မက်နေတာ။ ဘာလဲဆိုတာတော့ အတိအကျ သူ မမှတ်မိဘူး၊ ပျော်စရာကောင်းတဲ့ အိပ်မက်ဆိုတာပဲ သိတယ်။ အခုတော့ အိမ်တစ်ခုလုံးကို ပဲ့တင်ထပ်နေတဲ့ ခေါင်းလောင်းသံက သူ့ကို အေးစက်စက်လက်တွေ့ဘ၀ဆီကို ပြန်ဆွဲချလိုက်တယ်။

အိပ်ယာထဲကနေ သူ လူးလဲထ၊ ဂါဝန်ခါးစည်းကြိုးကို ချည်ပြီးနက်ပြာရောင် ညှပ်ဖိနပ်ကို စီးလို့ သူ့ အနက်ရောင် လမ်းလျှောက်တုတ်ကောက်ကို ဆွဲယူပြီးတဲ့နောက်မှာတော့ လှေကားလက်ရန်းကို ကိုင်ရင်း တတောက်တောက် ဆင်းလာလိုက်တယ်။ ပထမအကြိမ်တုန်းကထက် အများကြီးပိုပြီး ဆင်းရတာ လွယ်ကူပါတယ်၊ ဒါပေမဲ့ ချော်ကျမယ့် အန္တရာယ်ကတော့ ရှိနေတုန်းပဲ။ သတိဆိုတာက ပိုတယ်လို့မှ မရှိဘဲ။ သူ့ခြေထောက်တွေကို သေသေချာချာကြည့်ပြီး လှေကားအတိုင်း တစ်လှမ်းချင်းစီ သူ ဆင်းလာခဲ့လိုက်တယ်၊ လမ်းတစ်လျှောက်လုံးတော့ ခေါင်းလောင်းသံက မြည်နေဆဲပဲ။ ဒီလိုမျိုးခေါင်းလောင်းကို တီးတဲ့ဘယ်အကောင်မဆို စိတ်မရှည်ဆုံးနဲ့ ခေါင်းအမာဆုံးအကောင်ပဲ ဖြစ်လိမ့်မယ်။

ဘယ်လက်မှာ လမ်းလျှောက်တုတ်ကို ကိုင်ထားရင်း အိမ်ရှေ့တံခါးဆီ ဆမ်ဆာ ချဉ်းကပ်လာတယ်။ လက်ကိုင်ဘုကို ညာဘက် လှည့်ပြီး သူ ဆွဲယူလိုက်တော့ တံခါးက အတွင်းကို အလိုက်သင့်ပွင့်သွားတယ်။

အပြင်မှာ သေးသေးသွယ်သွယ် အမျိုးသမီးတစ်ယောက် ရပ်နေတယ်။ သေးတာမှ အရမ်းကို သေးတယ်။ လူခေါ်ခေါင်းလောင်းကို တီးဖို့ မီတာတောင် အံ့သြစရာပဲ။ ဒါပေမဲ့ သူ အနီးကပ်တိုးကြည့်လိုက်တဲ့အခါမှာတော့ ဒီကိစ္စက သူမရဲ့ အရွယ်အစားကြောင့် မဟုတ်ဘူးဆိုတာ သူ သိလိုက်ရတယ်။ တကယ်တော့ သူမ ကျောကုန်းက သေရာပါ ရှေ့ကိုင်းနေတာကိုး။ ဒါကြောင့်ပဲ သေးသေးလေးလို မြင်နေရတာ၊ သူမရဲ့ အချိုးအစားက တကယ်တော့ ပုံမှန်အရွယ်အစားပဲ။ ခါးက ရှေ့ကိုင်းနေတော့ ဆံပင်တွေ သူမ မျက်နှာပေါ် ပြန့်ကျဲကျမနေအောင် သားရေပင်နဲ့ စည်းထားရတယ်။ ဆံပင်တွေကတော့ သစ်အယ်သီးရင့်ရောင်နဲ့ အရမ်းကို ထူထပ်လှပတယ်။ သက္ကလပ် အပေါ်အင်္ကျီနွမ်းနွမ်းနဲ့ ခြေမျက်စိထိ ဖုံးနေတဲ့ ပွယောင်းယောင်း စကပ်ရှည်ကြီးကို ၀တ်ထားတယ်။ လည်ပင်းမှာတော့ ပိုးပ၀ါတစ်ခုကို ပတ်ထားတယ်။ ဦးထုပ် မပါဘူး။ ဖိနပ်က ကြိုးသိုင်းအမျိုးအစားနဲ့ သူမ အသက်အရွယ်က နှစ်ဆယ်စွန်းစွန်းလောက်ပဲ ရှိမယ်။ သူမဆီမှာ ကောင်မလေးတစ်ယောက်ရဲ့ အငွေ့အသက်တစ်ခု ကျန်နေသေးတယ်။ မျက်လုံးကြီးကြီး၊ နှာခေါင်းသေးသေးနဲ့ နှုတ်ခမ်းတွေက တစ်ဖက်ကို နည်းနည်း ရွဲ့နေတာ လခြမ်းပါးပါးလေးတစ်ခုလိုပဲ။ သူမရဲ့ နက်မှောင်တဲ့ မျက်ခုံးတွေက မျဉ်းဖြောင့်နှစ်ခုလို နဖူးပြင်မှာ ကန့်လန့်ဖြတ်ပေါ်နေတော့ သံသယကြီးမယ့် မျက်နှာထားမျိုး။

“ဒါ ဆမ်ဆာစံအိမ်လားရှင့်” လို့ သူ့ကို ကြည့်ဖို့ ခေါင်းကို မော့ပြီး အမျိုးသမီးက မေးလိုက်တယ်။ ဒီတော့ သူမ ကိုယ်ခန္ဒာတစ်ခုလုံးက တွန့်လိမ်သွားတယ်။ ငလျင်ပြင်းပြင်းလှုပ်တဲ့အခါ ကမ္ဘာမြေကြီး တွန့်လိမ်သွားတာနဲ့တောင် တူတယ်။

ပထမတော့ သူ ကြက်သေသေသွားတယ်၊ ဒါပေမဲ့ ဣနြေ္ဒပြန်ဆယ်လိုက်တယ်။ “ဟုတ်ပါတယ်” လို့ သူ ပြန်ပြောလိုက်တယ်။ သူ့နာမည်က ဂရီဂေါ်ဆမ်ဆာဖြစ်နေမှတော့ ဒီနေအိမ်ကြီးဟာ ဆမ်ဆာစံအိမ်ပဲ ဖြစ်တော့မပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူ ဒီလိုပြောလိုက်လို့တော့ အန္တရာယ်မရှိလောက်ဘူးလေ။

ဒါနဲ့တောင် အမျိုးသမီးက သူ့အဖြေကို ကျေနပ်စရာမကောင်းဘူးလို့ မြင်ပုံရတယ်။ နဖူးမှာ မျက်မှောင်လေး အနည်းငယ်ကျုံ့သွားတယ်။ သူ ပြန်ဖြေလိုက်တဲ့ လေသံက ဇဝေဇ၀ါအရိပ်အငွေ့ကို သူမ သတိထားမိလိုက်တာ ဖြစ်ချင်ဖြစ်မယ်။

“ဒါဆို ဒီအိမ်က တကယ်ပဲ ဆမ်ဆာစံအိမ်ပေါ့” လို့ သူမက ခပ်စူးစူး ထပ်မေးတယ်။ အတွေ့အကြုံရင့်ကျက်တဲ့ ဂိတ်စောင့်တစ်ယောက်က ပေစုတ်စုတ်ဝတ်ထားတဲ့ ဧည့်သည်ကို မေးခွန်းတွေအထပ်ထပ်မေးပြီး ရစ်နေသလိုပဲ။

“ကျွန်တော်က ဂရီဂေါ်ဆမ်ဆာပါ” လို့ သက်တောင့်သက်သာ လေသံဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားရင်း ဆမ်ဆာက ပြောလိုက်တယ်။ အနည်းဆုံးတော့ ဒီအချက်ကို သူ့အနေနဲ့ သေချာတယ်။

“ရှင်ပြောတာ မှန်မယ်လို့ ထင်ပါတယ်။ ကဲ.. အလုပ်စကြစို့” လို့ ပြောပြီး သူမခြေထောက်နားက အ၀တ်အိတ်ကို ငုံ့ယူလိုက်တယ်။ အိတ်က အနက်ရောင်၊ အတော့်ကို လေးလံပုံရတယ်။ အပေါက်အပြဲတော်တော်များနေလို့ ပိုင်ရှင်တွေ တစ်လှေကြီးပြောင်းခဲ့ပြီးပြီဆိုတာ သံသယဖြစ်စရာမလိုဘူး။

ပြန်ပြောသံကို မစောင့်ဘဲ သူမက အိမ်ထဲကို ခြေလှမ်းကျဲကျဲနဲ့ ၀င်သွားတယ်။ သူမနောက်ကနေ ဆမ်ဆာက တံခါးကို ပိတ်လိုက်တယ်။ သူမက နေရာမှာ ရပ်နေပြီး ဆမ်ဆာ့ကို ခြေဆုံးခေါင်းဆုံး ကြည့်နေတယ်။ သူ့ဂါဝန်နဲ့ ညှပ်ဖိနပ်တွေက သူမကို သံသယ၀င်အောင် လုပ်နေတဲ့ ပုံပဲ။

“ကျွန်မ ရှင့်ကို နှိုးလိုက်မိတယ်ထင်တယ်” လို့ သူမက အေးစက်စက်ပြောတယ်။

“သိပ်ဟုတ်တာပေါ့ဗျာ။ ကျွန်တော် ဖြစ်နေတဲ့ပုံစံအတွက်တော့ ခင်ဗျားကို တောင်းပန်ရတော့မှာပဲ။ ဒီလိုဖြစ်နေရတာက…” လို့ သူက စကားဆက်လိုက်တယ်။

“ကဲ ဒီတော့..” လို့ ဆမ်ဆာ့စကားကို အမှုမထားဘဲ နှုတ်ခမ်းတွေဆူပြီး အမျိုးသမီးက ပြောလိုက်တယ်။

“ကဲ ဒီတော့” ဆမ်ဆာ သံယောင်လိုက်မိသွားတယ်။

“ကဲ ဒီတော့ ရှင်တို့ ပြဿနာဖြစ်နေတဲ့ သော့က ဘယ်မှာလဲ” လို့ အမျိုးသမီးက ပြောတယ်။

“သော့လား”

“ပျက်သွားတဲ့ သော့လေ။ အဲဒါကို ပြင်ဖို့ ရှင်တို့က ကျွန်မတို့ကို ခေါ်တာလေ”

“အား..ပျက်သွားတဲ့ သော့”

ပြန်ပြောစရာတစ်ခုခုကို ခေါင်းထဲမှာ ဆမ်ဆာ မွှေနှောက်ရှာဖွေနေမိတယ်။ တစ်ခုခုကို အာရုံစိုက်စဉ်းစားဖို့ ကြိုးစားလိုက်တိုင်း အနက်ရောင် ခြင်အုပ်လိုက်ကြီးက သူ့ခေါင်းထဲမှာ ပေါ်လာပြန်တယ်။

“သော့နဲ့ပတ်သက်လို့တော့ ကျွန်တော် မကြားမိသေးဘူး။ ကျွန်တော့်အထင်တော့ ဒုတိယထပ်က တံခါးတစ်ခုခု ဆီမှာ ဖြစ်မယ်”

အမျိုးသမီးက သူ့ကို စူးစူးဝါးဝါး ကြည့်တယ်။ “ရှင့်အထင် ဟုတ်လား။ တံခါးတစ်ခုခု ဟုတ်လား” လို့ သူ့မျက်နှာဆီကို တိုးကပ်ကြည့်ပြီး ပြောလိုက်တယ်။ သူမ အသံက ပိုပြီးတောင် အေးစက်လာတယ်။ မျက်လုံးတစ်ဖက်က မယုံကြည်နိုင်မှုကြောင့် ကွေးကောက်နေတယ်။

သူ့မျက်နှာ နီရဲနေပြီဆိုတာ ဆမ်ဆာ ခံစားရတယ်။ သော့နဲ့ပတ်သက်ပြီး သူ ဘာမှမသိတာဟာ သူ့အတွက်တော့ ရှက်ရွံ့စရာအကောင်းဆုံး ကိစ္စတစ်ခုလို ဖြစ်နေတယ်။ လည်ချောင်းကိုရှင်းလိုက်ပေမယ့် ပြောစရာစကားလုံး သူ့ဆီက ထွက်မလာဘူး။

“မစ္စတာဆမ်ဆာ၊ ရှင့်မိဘတွေ အထဲမှာရှိလား။ သူတို့ကို မေးကြည့်တာ ပိုကောင်းမယ်လို့ ကျွန်မထင်တယ်”

“သူတို့ ကိစ္စလေးတစ်ခုနဲ့ အပြင်ထွက်သွားကြတယ်ထင်တယ်” လို့ ဆမ်ဆာ ပြောလိုက်တယ်။

“ကိစ္စလေးတစ်ခု။ ဒီလို ဒုက္ခတွေ ပင်လယ်ဝေနေချိန်မှာတောင် ကိစ္စလေးတစ်ခုရှိတယ်၊ ဟုတ်လား” လို့ သူမက မကျေမနပ် ပြောတယ်။

“ကျွန်တော် တကယ်မသိတာပါ။ ဒီမနက် ကျွန်တော်နိုးတော့ ဘယ်သူမှ မရှိကြတော့ဘူး”

“ကောင်းရော။ ဒီမနက်မှာ တစ်ယောက်ယောက် ဒီကိုလာမယ်လို့ ရှင့်မိဘတွေကို ကျွန်မတို့ သေသေချာချာ ပြောခဲ့တယ်”

“ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်”

အမျိုးသမီးက နေရာမှာပဲ ခဏ ရပ်နေတယ်။ နောက်တော့ သူမရဲ့ ကွေးနေတဲ့ မျက်ခုံးက တဖြည်းဖြည်း ပြေလျော့လာတယ်။ ဆမ်ဆာ့ဘယ်လက်မှာ ကိုင်ထားတဲ့ အနက်ရောင် လမ်းလျှောက်တုတ်ကိုကြည့်ရင်း ပြောလိုက်တယ်။

“ရှင့်ခြေထောက်တွေကြောင့် အနှောင့်အယှက်ဖြစ်နေတာလား ဂရီဂေါ်ဆမ်ဆာ”

“ဟုတ်ကဲ့။ နည်းနည်းပါ” လို့ သူက မယုတ်မလွန် ဖြေလိုက်တယ်။

အမျိုးသမီးဟာ နောက်တစ်ကြိမ် ရုတ်တရက်ကြီး အကြောလိုက်သလို တွန့်လိမ်သွားပြန်တယ်။ ဒီအပြုအမူဟာ ဘာကိုဆိုလိုပြီး ဘာရည်ရွယ်ချက်ရှိသလဲ ဆမ်ဆာ နည်းနည်းလေးမှ မတွေးတတ်ဘူး။ ဒါပေမဲ့ အဲဒီရှုပ်ထွေးလှတဲ့ လှုပ်ရှားမှုတွေကို သူ အလိုလို စိတ်ဝင်တစားဖြစ်နေမိတယ်။

“ကဲပါလေ၊ လုပ်စရာရှိတာတော့ လုပ်ရမှာပဲ။ အဲဒီ ဒုတိယထပ်က တံခါးတွေကိုပဲ သွားကြည့်ကြတာပေါ့။ ကျွန်မက တံတားဟိုဘက်ကနေ လာခဲ့ရတာ၊ ဒီနေရာကို ရောက်ဖို့ ဒီကပ်ဆိုးကြီးထဲမှာ မြို့ထဲကို ဖြတ်လာရတာ။ အသက်စွန့်ပြီး လာခဲ့ရတာလို့ ပြောရင် မပိုဘူး။ ဒီတော့၊ အို တကယ်လား၊ အိမ်မှာဘယ်သူမှ မရှိကြဘူးလား။ ဒါဆိုလည်း နောက်မှ ပြန်လာခဲ့မယ်နော်၊ လို့ ပြောရမယ်ဆိုရင် အဓိပ္ပာယ်မှမရှိတာ။ မဟုတ်ဘူးလား”

ဒီကပ်ဆိုးကြီးတဲ့။ သူမ ဘာအကြောင်းပြောနေသလဲဆိုတာကို ဆမ်ဆာ ဉာဏ်မမီဘူး။ ဘယ်လို ကြောက်စရာတွေ ဖြစ်ပျက်နေလို့လဲ။ ဒါပေမဲ့ ဒီကိစ္စကို မမေးဖို့ သူ ဆုံးဖြတ်လိုက်တယ်။ သူ ဘာမှမသိတဲ့အကြောင်း ဒီထက်ပို ပေါ်လွင်သွားမယ့်ကိစ္စတွေကို ရှောင်တာ ပိုကောင်းတယ်။

ခါးကို ပြန်ကိုင်းရင်း လေးလံတဲ့ အနက်ရောင်အိတ်ကြီးကို ညာလက်နဲ့ဆွဲယူပြီး လှေကားပေါ် သူမ ခက်ခက်ခဲခဲ တက်သွားတယ်။ တွားသွားပိုးမွှားတစ်ကောင်နဲ့ အတော်ကို တူတာပဲ။ သူမနောက်ကနေ ဆမ်ဆာလည်း ကပြာကယာ လိုက်ရတယ်။ လက်တွေကို လက်ရန်းမှာကိုင်လို့ပေါ့။ သူမရဲ့ တရွေ့ရွေ့ ခြေလှမ်းတွေကိုကြည့်ပြီး ဆမ်ဆာ သနားစိတ်တွေ တဖွားဖွားပေါ်လာတယ်/ ပြီးတော့ တစ်ခုခုကိုလည်း သူ့ကို သတိရလာစေသလိုပဲ။

အမျိုးသမီးကတော့ လှေကားထိပ်မှာ ရပ်ရင်း ခန်းမထဲကို လှမ်းကြည့်လိုက်တယ်။ “ဒီတော့ ဒီတံခါးလေးပေါက်ထဲက တစ်ခုမှာ တံခါးသော့ပျက်နေနိုင်တယ် ဆိုပါတော့” လို့ သူမက ပြောလိုက်တယ်။

ဆမ်ဆာ့မျက်နှာ နီမြန်းသွားတယ်။ “ဟုတ်ကဲ့။ အဲဒီထဲက တစ်ခုပေါ့။ ခန်းမထောင့် ဘယ်ဘက်က တစ်ပေါက်များ ဖြစ်နေမလားမသိဘူး” လို့ သူက အယောင်ယောင်အမှားမှား ပြောမိတယ်။ သူ ဒီမနက်နိုးလာခဲ့တဲ့ ဗလာကျင်းနေတဲ့အခန်းရဲ့ တံခါးပဲ။

“ဖြစ်နိုင်ပါတယ်။ ဖြစ်ချင်ဖြစ်မှာပေါ့” လို့ မီးပုံအသေတစ်ခုလို အသက်မဲ့တဲ့လေသံနဲ့ အမျိုးသမီးက ပြောတယ်။ အနောက်ကိုလှည့်ပြီး ဆမ်ဆာ့မျက်နှာကို အကဲခတ်လိုက်တယ်။

“တစ်နည်းမဟုတ် တစ်နည်းပေါ့” လို့ ဆမ်ဆာပြောလိုက်တယ်။

အမျိုးသမီးက သက်ပြင်းချပြန်တယ်။ “ဂရီဂေါ်ဆမ်ဆာ။ ရှင်နဲ့ စကားပြောရတာ တကယ်ပျော်စရာကောင်းပါတယ်။ ဝေါဟာရလည်း ကြွယ်တယ်။ လိုရင်းကိုလည်း အမြဲတမ်း ရှင်းအောင်ပြောတယ်” လို့ပြောပြီး သူမ လေသံတစ်မျိုးပြောင်းသွားတယ်။ “ကဲပါ၊ ဒါတွေ ထားလိုက်ပါတော့၊ ခန်းမထောင့်က အဲဒီအခန်းကိုပဲ အရင်သွားကြည့်ကြဦးစို့”

အမျိုးသမီးက တံခါးဆီကို လျှောက်သွားတယ်။ တံခါးလက်ကိုင်ကို လှည့်လို့ ရှေ့တိုးနောက်ဆုတ်လုပ်ပြီး တွန်းလိုက်တော့ တံခါးက အတွင်းကို ပွင့်သွားတယ်။ အခန်းကတော့ အရင်အတိုင်းပါပဲ၊ သန့်ရှင်းတယ်ဆိုတဲ့ အဆင့်အောက်ကို ရောက်နေတဲ့ ဖျာတစ်ချပ်နဲ့ ကုတင်တစ်လုံးပဲ ရှိနေတယ်။ ကြမ်းပြင်ကလည်း ပြောင်သက်သက်ပဲ။ ပြတင်းပေါက်မှာတော့ သံနဲ့ရိုက်ထားတဲ့ ကန့်လန့်ဖြတ် သစ်သားပြားတွေ။ ဒါတွေကို အမျိုးသမီးအနေနဲ့ သတိပြုမိမှာပဲ၊ ဒါပေမဲ့ အံ့သြတဲ့ အရိပ်အယောင်တော့ မပြဘူး။ သူမ အမူအရာကိုကြည့်ခြင်းအားဖြင့် ဒီလိုအခန်းမျိုးကို ဒီတစ်မြို့လုံး ဘယ်မှာမဆို မြင်တွေ့နိုင်တယ်လို့ ဖော်ပြနေတယ်။

သူမက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အိတ်အနက်ကို ဖွင့်တယ်၊ အဖြူရောင်သက္ကလက်အ၀တ်တစ်စကို ဆွဲထုတ်လိုက်ပြီး ကြမ်းပြင်ပေါ် ဖြန့်ခင်းလိုက်တယ်။ ပြီးတော့ ကိရိယာအတော်များများကို ဆွဲထုတ်ပြီး အ၀တ်စပေါ်မှာ ဂရုတစိုက် စီနေတယ်။ သနားစရာ အာဇာနည်တစ်ဦးရှေ့မှာ နှိပ်စက်မယ့်ငရဲမင်းက သူ့ရဲ့ သေမင်းတမန်လက်နက်တွေနဲ့ ဟန်ရေးပြနေသလိုပဲ။

အလယ်အလတ်အထူရှိတဲ့ ၀ိုင်ယာကြိုးတစ်ခုကို သူမ ရွေးပြီး သော့ခလောက်ထဲ ထိုးထည့်လိုက်တယ်။ ကျင့်သားပြည့်ဝနေတဲ့ လက်တွေနဲ့ ရှုထောင့်အမျိုးမျိုးကနေ ကျွမ်းကျွမ်းကျင်ကျင် မွှေနှောက်နေတော့တယ်။ အာရုံစူးစိုက်ထားလို့ သူမ မျက်လုံးတွေက ကျဉ်းမြောင်းနေပြီး နားတွေကတော့ အသံတိုးတိုးလေးတစ်ခုကိုတောင် ကြားနိုင်လောက်အောင် နိုးကြားနေပုံပဲ။ ပြီးတဲ့နောက်မှာတော့ ပိုပါးတဲ့ ၀ါယာကြိုးကို ရွေးလိုက်ပြီး အဲဒီအစီအစဉ်အတိုင်း နောက်တစ်ကြိမ် ထပ်လုပ်ပြန်တယ်။
“ဒီသော့ခလောက်ကိုဖွင့်ဖို့ သော့တံရှိလား” လို့ မေးလိုက်တယ်။

“သော့တံဘယ်မှာလဲဆိုတာ ကျွန်တော် နည်းနည်းလေးမှ စဉ်းစားမရဘူး” လို့ သူက အရိုးခံအတိုင်း ပြန်ဖြေလိုက်တယ်။

“အာ့၊ ဂရီဂေါ်ဆမ်ဆာ ရှင်ကတော့ ကျွန်မကို သေချင်စိတ်ပေါက်အောင် လုပ်နေတာပဲ” လို့ သူမက ပြန်ပြောတယ်။


“ဒီကမ္ဘာကြီးအကြောင်းပေါ့။ ခင်ဗျား အကြောင်းပေါ့။ ကျွန်တော့် အကြောင်းပေါ့။ ကျွန်တော်တို့ ပြောစရာ အကြောင်းအရာအတွေ အများကြီးရှိတယ်လို့ ကျွန်တော်ခံစားရတယ်။ ဥပမာ တင့်ကားတွေအကြောင်း။ ဘုရားသခင်အကြောင်း။ ဘရာဇီယာအကြောင်း။ သော့ခလောက်အကြောင်း”


အဲဒီနောက်တော့ သူမက သူ့ကို သိပ်ဂရုမစိုက်တော့ဘူး။ အ၀တ်စပေါ်မှာ စီတန်းထားတဲ့ ကိရိယာတွေထဲက ၀က်အူလှည့်တစ်ခုကို ရွေးယူလိုက်ပြီး တံခါးက သော့ခလောက်ကို ဖြုတ်ဖို့ လုပ်တယ်။ သူမ လှုပ်ရှားမှုတွေက ခပ်ဖြေးဖြေးနဲ့ သတိအပြည့်ပဲ။ တစ်ချက်တစ်ချက်မှာတော့ အရင်ကလိုပဲ အကြောလိုက်ဖို့ ခဏတဖြုတ် ရပ်ပစ်ရတယ်ပေါ့။

သူမနောက်ကနေ ရပ်၊ သူမ အဲဒီလို လုပ်နေတာတွေကို စောင့်ကြည့်နေရင်းမှာပဲ ဆမ်ဆာ့ကိုယ်ခန္ဓာမှာလည်း ထူးဆန်းတဲ့ တုံ့ပြန်မှုတစ်မျိုး ဖြစ်ပေါ်လာတယ်။ သူ့တစ်ကိုယ်လုံး ပူထူပြီး နှာသီးဝတွေက ပိုကျယ်လာတယ်။ အာခေါင်တွေက ခြောက်လာလို့ အသံထွက်အောင်တောင် တံတွေးတွေကို မြိုချမိတယ်။ နားသီးတွေက ကျင်တက်လာတယ်။ ပြီးတော့ သူ့ရဲ့ လိင်အင်္ဂါ၊ အဲဒါကလည်း ဒီအချိန်အထိ ပျော့ဖတ်ပြီး တွဲလျောင်းကျနေတဲ့ အခြေအနေကနေ တင်းမာကြီးထွားလာတယ်။ သူ့ဟာက ထောင်လာတာနဲ့အမျှ ဂါဝန်ရဲ့ အရှေ့ဆီမှာ တဖြည်းဖြည်းဖောင်းလာတယ်။ ဒါပေမဲ့ သူက အမှောင်ထဲရောက်နေတော့ သိပ်ပြီးမသိသာလှဘူးဖြစ်နေတယ်။

သော့ခလောက်ကို ဖြုတ်လိုက်နိုင်ပြီးတဲ့နောက် အမျိုးသမီးငယ်က ပြတင်းပေါက်ဆီကို ယူသွားပြီး သစ်သားပြားနှစ်ချပ်ကြားထဲက ၀င်နေတဲ့ နေရောင်ထဲမှာ စစ်ဆေးကြည့်ရှုလိုက်တယ်။ ၀ါယာကြိုးမျှင်နဲ့ ထိုးထားပြီး အထဲက ဘာသံများထွက်လာမလဲလို့ ခပ်ကြမ်းကြမ်းလှုပ်ကြည့်တယ်။ သူမ မျက်နှာက လေးနက်နေပြီး နှုတ်ခမ်းတွေကို ခပ်တင်းတင်းစေ့ထားတယ်။ နောက်ဆုံးတော့ သက်ပြင်းထပ်ချလိုက်ပြန်ပြီး ဆမ်ဆာ့ဆီကို မျက်နှာလှည့်လာတယ်။

“အတွင်းမှာ ဖြစ်နေတာ။ ရှင်ပြောသလိုပဲ ဒါ အပျက်ပဲ”

“ကောင်းပါတယ်” လို့ ဆမ်ဆာ ပြောလိုက်တယ်။

“ဟင့်အင်း။ မကောင်းဘူး” လို့ အမျိုးသမီးက ပြန်ပြောတယ်။ “ကျွန်မဒါကို ဒီမှာတစ်ထိုင်တည်း ပြင်ပေးနိုင်မှာမဟုတ်ဘူး။ သော့က အထူးပြုလုပ်ထားတဲ့ သော့မျိုး။ အိမ်ပြန်ယူသွားပြီး ကျွန်မ အဖေ၊ ဒါမှမဟုတ် အစ်ကိုတစ်ယောက်ယောက်ကို လုပ်ခိုင်းမှ ရမှာ။ သူတို့ ပြင်ချင်ပြင်နိုင်မှာပဲ။ ကျွန်မက အလုပ်သင်ပဲရှိသေးလို့ သာမန်သော့တွေလောက်ပဲ ပြန်နိုင်တာ”

“သြော် ဟုတ်ကဲ့” လို့ ဆမ်ဆာပြောလိုက်တယ်။

ဒါဆို ဒီအမျိုးသမီးငယ်မှာ အဖေတစ်ယောက်နဲ့ အစ်ကိုတွေရှိတာပေါ့။ သူတို့ တစ်မိသားစုလုံးက သော့ပြင်ဆရာတွေပေါ့။

“တကယ်တော့ ဒီနေ့ ဒီကို ကျွန်မအစ်ကိုတစ်ယောက်လာဖို့ပဲ၊ ဒါပေမဲ့ ဒုန်းဒုန်းဒိုင်းဒိုင်းတွေ ရုတ်တရက်ဖြစ်လာလို့ သူတို့က ကျွန်မကိုပဲ လွှတ်လိုက်တာ။ ဒီတစ်မြို့လုံးမှာ စစ်ဆေးရေးဂိတ်တွေနဲ့ ပွစာကျဲနေတယ်”

ပြောရင်းဆိုရင်း သူမက လက်ထဲကိုင်ထားတဲ့ သော့ခလောက်ကို ငုံ့ကြည့်နေတယ်။ “ဒါနဲ့ နေပါဦး။ ဒီသော့ခလောက်က ဘာလို့ ဒီလိုပျက်သွားရတာလဲ။ ဒါ ပုံမှန်မဟုတ်ဘူး။ တစ်ယောက်ယောက်က အတွင်းထဲကို လက်နက်တစ်ခုခုနဲ့ ထိုးဖောက်ထားသလိုပဲ၊ တခြားဖြစ်စရာအကြောင်းတော့ မရှိဘူး”

သူမက အကြောထပ်လိုက်သွားပြန်တယ်။ လက်မောင်းတွေက ရေကူးသမားတစ်ဦး လက်ခတ်လေ့ကျင့်နေသလိုပဲ။ အဲဒီပုံစံကပဲ ဆမ်ဆာ့စိတ်အာရုံကို ညှို့ယူထားပြီး စိတ်လှုပ်ရှားလာစေတယ်။

ဆမ်ဆာ သူ့စိတ်ကို ပိုင်းဖြတ်လိုက်တယ်။ “ကျွန်တော် ခင်ဗျားကို မေးခွန်းတစ်ခုလောက် မေးလို့ရမလား” လို့ ပြောလိုက်တယ်။

“မေးခွန်းတစ်ခု ဟုတ်လား..” ဇဝေဇ၀ါနဲ့ တစ်ချက်ကြည့်လိုက်ပြီး ပြန်မေးတယ်။ “ဘာမေးမလဲတော့ စဉ်းစားမရဘူး။ ဒါပေမဲ့ မေးကြည့်လေ..”

“ခင်ဗျား အဲဒီလို ဘာလို့ ခဏခဏတွန့်နေရတာလဲ”

“ဟုတ်တယ်။ အဲဒီလိုဖြစ်တာကိုပြောတာ”

“ကျွန်မ ဘရာဇီယာက အံဝင်ခွင်ကျမဖြစ်လို့လေ၊ ဒါပါပဲ”

“ဘရာဇီယာ” လို့ ဆမ်ဆာက ပလုံးပထွေးပြောလိုက်တယ်။ ဒီစကားလုံးကို သူ့ မှတ်ဉာဏ်ထဲကနေ ဖော်မရဘူးဖြစ်နေတယ်။

“အင်းလေ ဘရာဇီယာ။ အဲဒါဘာလဲဆိုတာ ရှင်သိတယ်မဟုတ်လား။ ဒါမှမဟုတ် ခါးကုန်းမိန်းမက ဘရာဇီယာဝတ်လို့ ရှင် အထူးအဆန်းဖြစ်နေတာလား။ လာလာချည်သေးလို့ ရှင်တွေးနေတာလား” လို့ အမျိုးသမီးက မေးလိုက်တယ်။

“ခါးကုန်း” လို့ ဆမ်ဆာ တအံ့တသြ ရေရွတ်မိပြန်တယ်။ ဗလာကျင်းနေတဲ့ သူ့ဦးခေါင်းထဲကို နောက်ထပ်ထိုးစိုက်လိုက်တဲ့ စကားလုံးတစ်လုံးပဲ။ သူမ ဘာပြောနေတယ်ဆိုတာကို သူ တစ်လုံးတစ်ပါဒမှ မသိဘူး။ ဒါပေမဲ့လည်း သူ တစ်ခုခုပြန်ပြောသင့်တယ်ဆိုတာတော့ သိနေတယ်။

“ဟင့်အင်း။ ကျွန်တော် အဲဒီလို လုံးဝမထင်ပါဘူး” လို့ သူက တီးတိုးပြောလိုက်တယ်။

“ကဲ နားထောင်။ ကျွန်မတို့ ခါးကုန်းတွေမှာလည်း တခြားအမျိုးသမီးတွေလိုပဲ ရင်သားနှစ်ဖက်ရှိတယ်။ အဲဒါတွေကို ထိန်းထားဖို့ ကျွန်မတို့လည်း ဘရာဇီယာလိုတယ်။ နွားမကြီးတွေလို နို့သီးလွှဲရမ်းလွှဲရမ်းနဲ့ လျှောက်သွားမနေနိုင်ဘူး”

“အို ဒါပေါ့။ ဘယ်သွားနိုင်မလဲ”

ဆမ်ဆာ ဘာမျှနားမလည်တော့။

“ဒါပေမဲ့ ဘရာဇီယာတွေက ကျွန်မတို့အတွက် ရည်ရွယ်ထားတာမဟုတ်ဘူး၊ ချောင်ကျနေတယ်။ ကျွန်မတို့က သာမန်အမျိုးသမီးတွေရဲ့ ဖွဲ့စည်းပုံနဲ့ မတူဘူးလေ၊ သိတယ်မဟုတ်လား။ ဒါကြောင့် နေရာတကျဖြစ်အောင် မကြာခဏ တွန့်ပြီး ပြန်တင်နေရတာပေါ့။ ခါးကုန်းဖြစ်ရတာ ရှင်တွေးကြည့်နိုင်တာထက် အများကြီးပို ဒုက္ခကြီးပါတယ်။ ဒါကြောင့် ရှင် ကျွန်မကို နောက်ကနေ စိုက်ကြည့်နေတာဟုတ်။ ရှင် ဒါကို ရယ်ချင်နေတာလား”

“မဟုတ်ရပါဘူးဗျာ။ ခင်ဗျား အဲဒီလို ဘာလို့လုပ်နေလဲ ကျွန်တော်က သိချင်ရုံပါ”

အခုတော့၊ ဘရာဇီယာဆိုတာ ရင်သားတွေကို နေရာမှန်မှာ ထိန်းဖို့ ပြုလုပ်ထားတဲ့ တန်ဆာပလာတစ်ခုလို့ သူ တွေးကြည့်လိုက်နိုင်တယ်။ ပြီးတော့ ခါးကုန်းဆိုတာကတော့ ဒီအမျိုးသမီးလို ကိုယ်ခန္ဓာဖွဲ့စည်းပုံရှိတဲ့ လူပေါ့။ ဒီကမ္ဘာလောကကြီးမှာ သူ သင်ယူစရာတွေ များလွန်းလှပါလား။

“ကျွန်မကို လှောင်နေတာမဟုတ်ဘူးဆိုတာ ရှင်သေချာရဲ့လား” လို့ အမျိုးသမီးက မေးတယ်။

“ကျွန်တော် ခင်ဗျားကို မလှောင်ပါဘူး”

အမျိုးသမီးက ဆမ်ဆာ့ကို မော့ကြည့်လိုက်တယ်။ သူ့ဆီမှာ လှောင်ပြောင်တဲ့ အရိပ်အယောင်နည်းနည်းလေးတောင် မတွေ့ရလို့ အမှန်ကိုပြောနေတာပဲလို့ သူမ သိလိုက်တယ်။ ဒီလူဟာ ဦးနှောက်နည်းနည်းချောင်နေတာမျိုးပဲဖြစ်မယ်၊ ဒီလောက်ပဲ။ သူမထက် သူက အသက်နည်းနည်း ကြီးချင်ကြီးလိမ့်မယ်။ လမ်းလျှောက်ပုံက ချိနဲ့နေသလို အသိဉာဏ်ပိုင်းမှာလည်း အခက်အခဲရှိနေပုံပဲ။ ဘာပဲဖြစ်ဖြစ် သူက မိကောင်းဖခင်သားသမီးပဲ၊ သူ့ အပြုအမူတွေက အပြစ်ဆိုစရာမှ မရှိပဲ။ ပြီးတော့ သူက ကြည့်ပျော်ရှုပျော်လည်း ရှိတယ်၊ လူသေကောင်မျက်နှာလို မျက်နှာက ဖြူဖပ်နေပြီး ပိန်ချုံးနေတယ်ဆိုပေမယ့်ပေါ့။

အဲဒီအချိန်မှာပဲ သူ့ ဂါဝန်အောက်ပိုင်းက ထိုးထိုးထောင်ထောင်ဖြစ်နေတာကို သူမ သတိပြုမိသွားတယ်။

“အဲဒါ ဘာကြီးလဲ။ အဲဒီအဖောင်းကြီးက ဘာဖြစ်နေတာလဲ” လို့ သူမ စူးစူးဝါးဝါး အော်လိုက်တယ်။

ဆမ်ဆာလည်း သူ့ဂါဝန်အောက်ကို ငုံ့ကြည့်လိုက်မိတယ်။ သူ့အင်္ဂါက တကယ့်ကို ကြီးထွားမာကျောနေပြီ။ ဒီကိစ္စဟာ သိပ်မသင့်လျော်တဲ့ အနေအထားတစ်ခုလို့ သူမပြောလိုက်တဲ့ လေသံကနေ သူတွက်ကြည့်လိုက်နိုင်တယ်။

“ကျွန်မ သဘောပေါက်ပြီ။ ရှင်က ခါးကုန်းမိန်းမတစ်ယောက်ကို လုပ်ရရင် ဘယ်လိုများနေပါ့မလဲလို့ အတွေးနယ်ချဲ့နေတာမဟုတ်လား” သူမ ပါးစပ်က အဆက်မပြတ်ပြောနေတယ်။

“လုပ်ရရင်..” သူ အဓိပ္ပာယ်ကောက်လို့မရတဲ့ နောက်ထပ် စကားလုံးတစ်ခုပါပဲ။

“ခါးကုန်းတွေက ခါးအလိုလိုကုန်းပြီးသားဖြစ်နေလို့ နောက်ကနေ အသာလေး လုပ်ရုံပဲလို့ ရှင် တွေးနေတာမဟုတ်လား။ ခါးကုန်းဖြစ်နေတာနဲ့ပဲ လုပ်ချင်တာ လုပ်လို့ရမယ်လို့ ထင်နေတဲ့ ရှင့်လို တဏှာကောင်တွေ လောကကြီးမှာ ပြည့်နေတာပဲလို့ ပြောလိုက်ပါရဲ့။ ဒါပေမဲ့ ရှင့်လိုကောင် စဉ်းစားထားဖို့က အဲဒီလောက် မလွယ်ဘူးဆိုတာပဲ”

“ကျွန်တော်တော့ ဘာမှ နားမလည်တော့ဘူးဗျာ။ တစ်နည်းနည်းနဲ့ ကျွန်တော် ခင်ဗျားကို ထိခိုက်သွားစေတယ်ဆိုရင် ကျွန်တော် တကယ်ကို ၀မ်းနည်းပါတယ်။ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော့်မှာ စော်ကားလိုစိတ် မရှိပါဘူး။ ကျွန်တော် နေသိပ်မကောင်းခဲ့ဘူး၊ ပြီးတော့ ကျွန်တော် နားမလည်နိုင်တဲ့ ကိစ္စတွေလည်း ပြည့်နေတယ်”

“ဟုတ်ပါပြီ။ ကျွန်မ တွေးကြည့်လို့ရပါတယ်။ ရှင်က နည်းနည်းထုံတယ်၊ ဟုတ်တယ်မဟုတ်လား။ ဒါပေမဲ့ ရှင့် အမြှောက်ကတော့ စံချိန်မီပဲ။ အဲဒါကတော့ ဘုရားပေးလက်ဆောင်ထင်ပါရဲ့”

“ကျွန်တော် တောင်းပန်ပါတယ်” ဆမ်ဆာ ထပ်ပြောလိုက်တယ်။

“ထားပါတော့။ အိမ်မှာလည်း တစ်စက်မှမကောင်းတဲ့ အစ်ကိုလေးယောက်တောင် ရှိတယ်။ ကျွန်မ ငယ်ငယ်လေးကတည်းက ရှိသမျှ အကုန်ထုတ်ပြနေကြတာပဲ။ အဲဒါမျိုးတွေလုပ်ပြီး ပွဲကျနေကြတာပဲ။ သူတို့အကုန်လုံး အယုတ်တမာကောင်တွေချည်းပဲ။ ဒီတော့ ကျွန်မရှင့်ကိုပေးတဲ့အမှတ်က နောက်ပြောလိုက်တာ မဟုတ်ဘူး”

သူမက ကိရိယာတွေကို အိတ်ထဲပြန်ထည့်ဖို့ ဆောင့်ကြောင့်ထိုင်လိုက်ပြီး သက္ကလက်အ၀တ်စထဲ သော့ခလောက်ပျက်ကို စုချည်လိုက်တယ်။ ပြီးတော့ ဘေးမှာ အသာထားလိုက်တယ်။

“ဒီသော့ခလောက်ကို ကျွန်မ ယူသွားမယ်။ ရှင့်မိဘတွေကို ပြောလိုက်ပေါ့။ ပြင်လို့ရရင်ပြင်၊ မရရင် အသစ်နဲ့လဲပေးမယ်။ အသစ်တစ်ခုနဲ့ လဲရမယ်ဆိုရင်တော့ အချိန်နည်းနည်း ပိုကြာလိမ့်မယ်။ ကံသေကံမတော့ မပြောနိုင်ဘူး။ ရှင် သူတို့ကို ပြန်ပြောဖို့ မမေ့နဲ့နော်။ ကျွန်မပြောတာကို နားလည်ရဲ့လား၊ မှတ်ရော မှတ်မိရဲ့လား”

“ကျွန်တော် ပြောလိုက်ပါ့မယ်”

လှေကားအတိုင်း သူမ ခပ်ဖြည်းဖြည်းဆင်းသွားတော့ ဆမ်ဆာလည်း အနောက်က တရွေ့ရွေ့လိုက်သွားတယ်။ တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက်အနေအထားနဲ့ ကိုယ်စီလျှောက်နေကြတယ်၊ သူမက ခြေလေးချောင်းနဲ့ သွားသလို ဖြစ်နေပြီး ဆမ်ဆာကတော့ ပုံမကျပန်းမကျ အနောက်ကို မြင့်တစ်ခါနိမ့်တလှည့်နဲ့။ ဒါပေမဲ့ သူတို့ ခြေလှမ်းတွေက ညီလို့တောင်နေသေးတယ်။ ဆမ်ဆာက သူ့ရဲ့ရှေ့က အဖောင်းကို ဖုံးဖိဖို့ အသည်းအသန်ကြိုးစားနေပေမယ့် အဲဒီနေရာက နဂိုအခြေအနေဆီ ပြန်မရောက်နိုင်သေးဘူး။ လှေကားအတိုင်းဆင်းလာရင်း သူမရဲ့ လှုပ်ရှားဟန်တွေကို နောက်ကနေ ကြည့်ရတာ သူ့နှလုံးသားကို တဒိတ်ဒိတ်ခုန်လာစေတယ်။ သူ့သွေးကြောတွေထဲက ပူနွေးလတ်ဆတ်တဲ့ သွေးတွေဟာ အလျင်အမြန်စုန်ဆန်နေတယ်။ ဘာပဲဖြစ်ဖြစ် အဖောင်းနေရာကတော့ ခေါင်းမာမာနဲ့ ရှိနေဆဲပဲ။


“တစ်ယောက်ယောက်အကြောင်း လုံလောက်အောင်စဉ်းစားတယ်ဆိုရင် အဲဒီလူကို ရှင်ပြန်တွေ့ဖို့ သိပ်သေချာတာပေါ့” လို့ ထွက်သွားရင်းပဲ သူမက ပြောတယ်။


“ရှင့်ကို ပြောခဲ့တဲ့အတိုင်းပဲ။ အမှန်တော့ ဒီနေ့ ကျွန်မအစ်ကိုတစ်ယောက် ဒီကိုလာဖို့ပဲ။ ဒါပေမဲ့ လမ်းတွေမှာ စစ်သားတွေ၊ တင့်ကားတွေနဲ့ ပြည့်နေတယ်။ လူတွေကို အစုလိုက်အပြုံလိုက် ဖမ်းနေတယ်။ ဒါကြောင့် ကျွန်မအိမ်က ယောက်ျားသားတွေ အပြင်ကို မထွက်နိုင်ဘူး။ အဖမ်းခံရပြီဆိုတာနဲ့ အိမ်ပြန်ရောက်ဖို့ ဘယ်သူမှ အာမမခံနိုင်တော့ဘူး။ ဒါကြောင့် ကျွန်မ ရောက်လာရတာ၊ ပရက်ဂ်မြို့ကို ဖြတ်ပြီး တစ်ယောက်တည်း။ အိမ်ကလူတွေအပြောကတော့၊ ခါးကုန်းမလေးတစ်ယောက်ကို ဘယ်သူမှ သတိပြုမိမှာမဟုတ်ဘူးတဲ့လေ”

“တင့်ကားတွေ..” ဆမ်ဆာက တီးတိုးပြောလိုက်တယ်။

“အင်းလေ၊ အများကြီးပဲ။ အမြှောက်တွေ၊ စက်သေနတ်တွေပါတဲ့ တင့်ကားတွေ။ ရှင့်အမြှောက်က အထင်ကြီးစရာပါ”

ဆမ်ဆာ့ဂါဝန်အောက်က အဖောင်းနေရာကို ညွှန်ပြရင်း သူမက ပြောလိုက်တယ်။

“…ဒါပေမဲ့ ဟိုက အမြှောက်တွေကတော့ ပိုကြီးပြီး ပိုလည်းမာတယ်။ ရှင်ဟာထက် အများကြီးပို အသက်ပါသွားနိုင်တယ်။ ရှင့်မိသားစုဝင်တွေ အန္တရာယ်ကင်းကင်း ပြန်ရောက်ဖို့ပဲ မျှော်လင့်ရမှာပေါ့”

ဖြစ်ချင်ဖြစ်ရာဖြစ် အရဲစွန့်ဖို့ ဆမ်ဆာ ဆုံးဖြတ်လိုက်တယ်။

“နောက်တစ်ခါ ထပ်တွေ့ဖို့ ဖြစ်နိုင်သေးရဲ့လား”

အမျိုးသမီးက ခေါင်းကို မတင်ပြီး ဆမ်ဆာ့ကို ကြည့်တယ်။

“ရှင်က ကျွန်မကို နောက်တစ်ခါထပ်တွေ့ချင်တယ်လို့ ပြောနေတာလား”

“ဟုတ်ကဲ့။ ခင်ဗျားကို ကျွန်တော် နောက်တစ်ခါ ထပ်တွေ့ချင်ပါသေးတယ်”

“ရှင့်ဟာက အခုလို ထိုးထွက်နေတဲ့ ပုံစံနဲ့ပဲလား”

ဆမ်ဆာ အောက်က သူ့အဖောင်းကို ငုံ့ကြည့်လိုက်မိတယ်။ “ဘယ်လိုရှင်းပြရမလဲတော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ဒီဟာက ကျွန်တော့် ခံစားချက်နဲ့ ဘာမှမဆိုင်ပါဘူး။ နှလုံးပြဿနာတစ်ခုခု ဖြစ်ရမယ်”

“မနောက်ဘူးပေါ့လေ” လို့ ဒီတစ်ခါတော့ သူမက အတည်ပေါက် ပြောတယ်။ “နှလုံးသားပြဿနာလို့ ရှင်ပြောတယ်နော်။ အတော်စိတ်ဝင်စားစရာကောင်းတဲ့ ရှုမြင်ပုံမျိုးပဲ။ အရင်တုန်းက မကြားဖူးခဲ့ဘူး”

“ဒီအဖောင်းကို ကျွန်တော် မထိန်းချုပ်နိုင်ဘူးဆိုတာ ခင်ဗျားလည်း သိသားပဲ”

“ဒါဆို လုပ်တဲ့ကိစ္စနဲ့လည်း ဘာမှမပတ်သက်ဘူးပေါ့”

“လုပ်ဖို့ကိစ္စကို ကျွန်တော့်စိတ်ထဲမှာ မရှိပါဘူး။ တကယ်ပါ”

“ကဲ ဒါဆို ရှင်းသွားအောင် ကျွန်မပဲ ပြောကြည့်မယ်။ ရှင့်ဟာက ဒီလို ကြီးပြီးမာလာတဲ့အချိန်မှာ ရှင့်စိတ်ထဲမှာ ဘာမှမရှိဘူး။ ရှင့်နှလုံးသားက ဒီလိုဖြစ်အောင် လုပ်လိုက်တာ၊ ဒီလိုမျိုးလား”

ဆမ်ဆာက ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

“ဘုရားစူးလား”

“ဘုရား” လို့ ဆမ်ဆာက သံယောင်လိုက်တယ်။ ကျန်တဲ့စကားလုံးကိုတော့ အရင်ကကြားဖူးသလား သူ မမှတ်မိဘူး။ သူ ငြိမ်နေလိုက်တယ်။

အမျိုးသမီးက သူမဦးခေါင်းကို ခပ်ညည်းညည်း ခါရမ်းလိုက်တယ်။ ပြီးတော့ တွန့်ပြီး သူမ ဘရာဇီယာကို အနေအထားပြင်တယ်။

“ထားလိုက်ပါတော့။ ပရက်ဂ်မြို့ကို လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက ဘုရားသခင်စွန့်ခွာသွားခဲ့တဲ့ ပုံပဲ။ ဘုရားကို မေ့လိုက်တော့”

“ဒါဆို ကျွန်တော် ခင်ဗျားကို နောက်တစ်ခါ ထပ်တွေ့နိုင်မှာလား”

သူတစ်ခါမှမမြင်ဖူးတဲ့ ဟန်ပန်တစ်ခု မိန်းကလေးရဲ့ မျက်နှာပေါ်မှာ ဖြတ်ပြေးသွားတယ်။ သူမ မျက်လုံးတွေက အဝေးတစ်နေရာဆီက မြူတွေဆိုင်းနေတဲ့ ရှုခင်းကို စူးစိုက်ကြည့်နေတယ်။ “ရှင် ကျွန်မကို တကယ်ပဲ နောက်တစ်ခါ ပြန်တွေ့ချင်တာလား”

ဆမ်ဆာ ခေါင်းညိတ်ပြလိုက်တယ်။

“အဲဒီအချိန်ကျတော့ ကျွန်မတို့ ဘာလုပ်ကြမှာလဲ”

“ကျွန်တော့်တို့ စကားအတူ ပြောနိုင်တာပေါ့”

“ဘာအကြောင်းတွေလဲ” အမျိုးသမီးက ပြန်မေးတယ်။

“အကြောင်းတွေ အများကြီးပေါ့”

“စကားပြောရုံပဲလား”

“ခင်ဗျားကို မေးချင်တာတွေ ကျွန်တော့်မှာ အများကြီးရှိတယ်” ဆမ်ဆာက ပြောလိုက်တယ်။

“ဘာအကြောင်းလဲ”

“ဒီကမ္ဘာကြီးအကြောင်းပေါ့။ ခင်ဗျား အကြောင်းပေါ့။ ကျွန်တော့် အကြောင်းပေါ့။ ကျွန်တော်တို့ ပြောစရာ အကြောင်းအရာအတွေ အများကြီးရှိတယ်လို့ ကျွန်တော်ခံစားရတယ်။ ဥပမာ တင့်ကားတွေအကြောင်း။ ဘုရားသခင်အကြောင်း။ ဘရာဇီယာအကြောင်း။ သော့ခလောက်အကြောင်း”

သူတို့နှစ်ဦးကြားကို တိတ်ဆိတ်မှုက နောက်တစ်ကြိမ် တိုးဝင်လာတယ်။

“ကျွန်မ မသိဘူး” လို့ နောက်ဆုံးတော့ အမျိုးသမီးက ပြောတယ်။ ခေါင်းကို သူမ ဖြည်းညင်းစွာ ခါယမ်းလိုက်တယ်။ ဒါပေမဲ့ သူမ အသံရဲ့ အေးစက်မှုကတော့ မသိမသာ လျော့ကျသွားပြီ။ “ရှင်က ကျွန်မထက်ပိုပြီး ကောင်းကောင်းနေထိုင်လာခဲ့ရတာ။ ပြီးတော့ မြို့တစ်ဖက်စွန်းက ခါးကုန်းမတစ်ယောက်နဲ့ သူတို့ရဲ့ သားလေး ပတ်သက်နေတာသိရင် ရှင့်မိဘတွေက ၀မ်းသာကြမလားဆိုတာ ကျွန်မ သံသယရှိတယ်။ သူတို့သားလေးဟာ ပိန်လှီပြီး ထုံတုံတုံလေး ဆိုရင်တောင်မှပေါ့။ အဲဒါတွေအားလုံးထက် ပိုအရေးကြီးတာက ကျွန်မတို့မြို့ကို နိုင်ငံခြားတပ်သားတွေနဲ့ တင့်ကားတွေက လွှမ်းမိုးထားပြီ။ ရှေ့ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိဘူးလေ”

ရှေ့ဘာဆက်ဖြစ်မယ်ဆိုတာ ဆမ်ဆာမသိတာ အသေအချာပဲပေါ့။ အနာဂတ်ကို ဆမ်ဆာမသိဘူး၊ ဒါပေမဲ့ သူ့လို အရာရာနဲ့ပတ်သက်လို့ အမှောင်အတိကျနေသူအတွက် ပစ္စုပ္ပန်နဲ့ အတိတ်ကရော ဘာထူးလို့လဲ။ အမှန်ကဘာလဲ၊ အမှားကဘာလဲ။ အ၀တ်အစားဘယ်လိုဝတ်ရမယ်ဆိုတာကအစ သူကတော့ ပဟေဠိတစ်ခုလိုဖြစ်နေတာပဲလေ။

“ဘာပဲဖြစ်ဖြစ်ပါ၊ ရက်အနည်းငယ်ကြာရင် ဒီလမ်းကို ကျွန်မ ပြန်လာခဲ့မယ်။ ပြင်လို့ရတယ်ဆိုရင် သော့ခလောက်ကို ကျွန်မ ပြန်လာပေးမယ်။ ပြင်လို့မရရင်လည်း ပြန်လာပေးမှာပဲ။ ဖုန်းဆက်ခေါ်တဲ့အတွက်တော့ ရှင်တို့ ပိုက်ဆံပေးရမှာပေါ့။ ရှင်ဒီမှာ ရှိနေရင် ကျွန်မတို့ အဲဒီအချိန်ကျတော့ တွေ့နိုင်တာပေါ့။ အချိန်ကြာကြာ စကားပြောနိုင်မလားဆိုတာကတော့ ကျွန်မ မသေချာဘူး။ ဒါပေမဲ့ ရှင့်နေရာမှာ ကျွန်မဆိုရင်တော့ ရှင့်အဖောင်းကြီးကို ရှင့်မိဘတွေ မမြင်အောင် ဖုံးထားမှာပဲ။ လက်တွေ့ဘ၀မှာ ဒီလိုအရာမျိုးတွေကို လူမြင်အောင်ပြလို့ ရှင့်ကို ဘယ်သူမှ ချီးကျူးမှာမဟုတ်ဘူး”

ဆမ်ဆာ ခေါင်းညိတ်ပြလိုက်တယ်။ ဒါပေမဲ့ ဒီလိုအရာမျိုးကို လူမမြင်အောင် ဘယ်လိုထားရမယ်ဆိုတာတော့ သူလည်း သိပ်မရှင်းဘူး။
“ထူးတော့ ထူးဆန်းတယ်နော်” လို့ အမျိုးသမီးက တွေးတွေးဆဆအသံနဲ့ ပြောလိုက်တယ်။ “ကျွန်မတို့ဘေးနားက အရာတွေအားလုံး ပေါက်ကွဲပျက်စီးနေတယ်။ ဒါတောင် သော့ခလောက်တစ်ခု ပျက်တာကို ဂရုစိုက်တဲ့လူရှိသေးတယ်။ ပြီးတော့ အဲဒါကို တာဝန်ကျေကျေနဲ့ ပြင်ဖို့ ကြိုးစားနေသူတွေလည်း ရှိသေးတယ်နော်။ ဒါပေမဲ့ ဒါကလည်း ဖြစ်သင့်ပါတယ်လေ။ အသေးအမွှားလေးတွေကို တာဝန်ကျေကျေနဲ့ ရိုးရိုးသားသား ပြုလုပ်တာဟာ တစ်စစီပြိုကျနေတဲ့ ကမ္ဘာကြီးထဲမှာ ကျွန်မတို့တွေကို ရူးမသွားအောင် နေနိုင်စေတဲ့ နည်းလမ်းဖြစ်ချင်ဖြစ်မှာ”

အမျိုးသမီးက ဆမ်ဆာ့မျက်နှာကို မော့ကြည့်လိုက်တယ်။ “စပ်စုတာတော့ မဟုတ်ပါဘူး။ ဒုတိယထပ်က အဲဒီအခန်းထဲမှာ ဘာတွေဖြစ်ခဲ့တာလဲဟင်။ ကုတင်တစ်လုံးပဲ ရှိနေတဲ့အခန်းကို ပိတ်ဖို့ ရှင့်မိဘတွေက ဘာလို့ ဒီလောက်ကြီးတဲ့ သော့ခလောက် လိုတာလဲ။ ပြီးတော့ သော့ခလောက်ပျက်သွားတာကိုရော သူတို့ ဘာကြောင့် ဒီလောက်အလေးထားနေတာလဲ။ ပြတင်းပေါက်မှာ ဖြတ်ရိုက်ထားတဲ့ သစ်သားပြားတွေကရော ဘာအတွက်လဲ။ အဲဒီအထဲမှာ တစ်ခုခုကို ပိတ်လှောင်ထားခဲ့တာ မဟုတ်လား”

ဆမ်ဆာ ခေါင်းကို ယမ်းလိုက်တယ်။ တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ခုခုကို အဲဒီအထဲမှာ ပိတ်လှောင်ထားခဲ့တယ်ဆိုရင်တော့ အဲဒါက သူပဲဖြစ်မှာ။ ဒါပေမဲ့ ဘာလို့ ဒီလိုလုပ်စရာ လိုရတာလဲ။ သူ့မှာ အဖြေမရှိဘူး။

“ရှင့်ကို မေးနေလို့တော့ အကြောင်းမထူးဘူး ထင်ပါတယ်” လို့ အမျိုးသမီးက ပြောလိုက်တယ်။

“ကဲ ကျွန်မလည်း သွားမှပဲ။ နောက်ကျရင် အိမ်က စိတ်ပူနေလိမ့်မယ်။ မြို့ကို တစ်စစီမဖြစ်ဘဲ ကျွန်မဖြတ်နိုင်ဖို့ ဆုတောင်းပေါ့။ သနားစရာ ခါးကုန်းမလေးကို စစ်သားတွေ ဂရုမစိုက်ပါစေနဲ့လို့ ဆုတောင်းပေါ့။ သူတို့ထဲက တစ်ယောက်မှ တဏှာရူးမဟုတ်ပါစေနဲ့လို့ ဆုတောင်းပေါ့။ တကယ်တော့ ဒီထက်ပိုပြီး အလုပ်ခံရစရာမရှိလောက်အောင်ကို ကုန်ပြီးပါပြီ”

“ကျွန်တော် ဆုတောင်းပါ့မယ်” လို့ ဆမ်ဆာပြောလိုက်တယ်။ ဒါပေမဲ့ “တဏှာရူး” ဆိုတာ “ဆုတောင်း” တယ်ဆိုတာ ဘာလဲတော့ သူ နားလည်တာ မဟုတ်ဘူး။

အမျိုးသမီးက သူမရဲ့ အိတ်အနက်ကို ဆွဲယူလိုက်တယ်။ ပြီးတော့ ကုန်းလျက်သားအတိုင်းပဲ တံခါးဝဆီကို ဦးတည်လိုက်တယ်။

“ကျွန်တော် ခင်ဗျားကို ပြန်တွေ့ရမှာလား” နောက်ဆုံးအကြိမ်အနေနဲ့ ဆမ်ဆာ မေးလိုက်တယ်။

“တစ်ယောက်ယောက်အကြောင်း လုံလောက်အောင်စဉ်းစားတယ်ဆိုရင် အဲဒီလူကို ရှင်ပြန်တွေ့ဖို့ သိပ်သေချာတာပေါ့” လို့ ထွက်သွားရင်းပဲ သူမက ပြောတယ်။

ဒီတစ်ကြိမ်မှာတော့ သူမ လေသံထဲမှာ တကယ့်နွေးထွေးမှုတစ်ခု ကိန်းဝပ်နေပါတယ်။

“ငှက်တွေကို သတိထားနော်” လို့ သူက အော်ပြောလိုက်တယ်။ သူမက လှည့်ကြည့်ပြီး ခေါင်းညိတ်ပြတယ်။ အဲဒီနောက်တော့ လမ်းမပေါ်ကို လျှောက်သွားတော့တယ်။

ခါးကုန်းနေတဲ့ သူမရဲ့ ပုံရိပ်ကလေး ကျောက်ခင်းလမ်းကို ဖြတ်သွားပုံကို လိုက်ကာပေါက်ကနေ ဆမ်ဆာ စောင့်ကြည့်နေမိတယ်။ မသက်မသာ လျှောက်နေရပေမဲ့ အံ့သြစရာကောင်းလောက်အောင်ကို မြန်တယ်။ သူမရဲ့ လှုပ်ရှားမှုတိုင်းကို ဆမ်ဆာ မြတ်နိုးမိတယ်။ သူမကိုကြည့်ရင်း ရေပေါ်လမ်းလျှောက်ကောင်တစ်ကောင် ကုန်းပေါ်မှာ အလန့်တကြား ပြေးလွှားနေတဲ့ ပုံရိပ်တစ်ခု သူ့ခေါင်းထဲပေါ်လာတယ်။ သူ့အနေနဲ့ကတော့ သူမ လမ်းလျှောက်ပုံဟာ ခြေထောက်နှစ်ချောင်း ထောင်လျက်သားနဲ့ နိမ့်ချည်မြင့်ချည် လမ်းလျှောက်ရတာထက် အများကြီးပိုပြီး သဘာဝကျနေပါရဲ့။

သူ့လိင်အင်္ဂါဟာ နူးညံ့ပျော့ပြောင်းတဲ့ မူလအခြေအနေကို ပြန်ရောက်သွားမှန်း သူ သတိထားမိချိန်အထိ သူမ သူ့မြင်ကွင်းက ပျောက်ကွယ်မသွားသေးဘူး။ အခြေအနေတစ်ခုမှာ ခဏတာဖြစ်ပေါ်ခဲ့တဲ့ အဲဒီ ထိန်းမနိုင်တဲ့ အဖောင်းဟာ အခုတော့ စုပ်စမြုပ်စပျောက်ကွယ်သွားခဲ့ပြီ။ အခုတော့ သူ့အင်္ဂါက သူ့ခြေထောက်နှစ်ချောင်းကြားမှာ အကာအကွယ်မဲ့တဲ့၊ ငြိမ်းချမ်းပြီး အပြစ်ကင်းစင်တဲ့ သစ်သီးတစ်လုံးလို တွဲလျောင်းကျနေတယ်။ သူ့ဝှေးစေ့တွေက နေရာတကျ ငြိမ်သက်အနားယူနေတယ်။ ဂါဝန်ခါးစည်းကြိုးကို နေသားတကျပြန်စည်းလိုက်ပြီး ထမင်းစားခန်းထဲက စားပွဲမှာ သူထိုင်လိုက်တယ်၊ ပြီးတော့ သူ့အေးစက်စက် ကော်ဖီလက်ကျန်ကို သောက်ချလိုက်တော့တယ်။

ဒီနေရာမှာ နေခဲ့တဲ့လူတွေဟာ တစ်နေရာရာကို ထွက်သွားခဲ့ပြီ။ သူတို့ ဘယ်သူတွေဆိုတာတော့ သူ မသိဘူး၊ ဒါပေမဲ့ သူ့ မိသားစုဝင်တွေ ဖြစ်လိမ့်မယ်လို့တော့ သူ့ မှန်းကြည့်လို့ရတယ်။ ရုတ်တရက် တစ်ခုခုဖြစ်ခဲ့ပြီး သူတို့ ထွက်သွားကြတာ ဖြစ်လိမ့်မယ်။ သူတို့ တစ်သက်လုံး ပြန်လာချင်မှ ပြန်လာကြတော့မယ်။ “ကမ္ဘာကြီး တစ်စစီပြိုကျတယ်” ဆိုတာက ဘာများပါလိမ့်။ ဂရီဂေါ်ဆမ်ဆာမှာ အဖြေမရှိဘူး။ နိုင်ငံခြားတပ်တွေ၊ စစ်ဆေးရေးဂိတ်တွေ၊ တင့်ကားတွေ… အရာရာဟာ ပုစ္ဆာဆန်နေတယ်။

သူအသေအချာသိတဲ့ တစ်ခုတည်းသောအရာကတော့ သူ့အနေနဲ့ ခါးကုန်းမလေးကို တွေ့ချင်တယ်ဆိုတာပဲ။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ပြီး သူ စိတ်ကျေနပ်တဲ့အထိ စကားတွေ တစ်ဝကြီး ပြောချင်တယ်။ သူမနဲ့အတူတူ ကမ္ဘာမြေကြီးရဲ့ ပဟေဠိကို အဖြေညှိကြဖို့။ သူမ ဘရာဇီယာကို ပြင်ချိန်မှာ တွန့်သွားတဲ့ပုံစံကို ရှုထောင့်အမျိုးမျိုးကနေ သူ ထိုင်ကြည့်နေချင်တယ်။ ဖြစ်နိုင်ရင် သူ့လက်တွေကို သူမရဲ့ ကိုယ်ခန္ဓာတစ်ခုလုံးပေါ်မှာ ပြေးလွှားနေချင်တယ်။ သူမရဲ့ နူးညံ့တဲ့အရေပြားကို ထိတွေ့ပြီး သူ့လက်ချောင်းထိပ်ကလေးတွေနဲ့ သူမရဲ့ နွေးထွေးမှုကို ခံစားချင်တယ်။ သူမနဲ့ ဘေးချင်းယှဉ်လျက်သား ကမ္ဘာမြေကြီးရဲ့ လှေကားထစ်တွေကို မြင့်ချည်နိမ့်ချည် လျှောက်လှမ်းချင်မိတယ်။

သူမအကြောင်း စဉ်းစားမိရုံနဲ့ပဲ သူ့အတွင်းထဲက နွေးထွေးလာရတယ်။ ဒီအတွက်တော့ သူ့မှာ ငါးတစ်ကောင်၊ ဒါမှမဟုတ် နေကြာပန်းတစ်ပွင့်၊ ဒါမှမဟုတ် တခြားအရာတစ်ခုခု ဖြစ်ချင်တဲ့ဆန္ဒတွေ မရှိတော့ဘူး။ လူဖြစ်ရတာကို သူ ၀မ်းသာမိတယ်။ အ၀တ်အစားတွေ ၀တ်ရတာ၊ ခြေထောက်နှစ်ချောင်းပေါ် လမ်းလျှောက်ရတာတွေကတော့ အဆင်မပြေတာ အမှန်ပဲ။ သူ မသိတဲ့ အရာတွေလည်း အများကြီးပါပဲ။ ဒါပေမဲ့လည်း သူသာ လူသားတစ်ယောက်မဟုတ်ဘဲ ငါးတစ်ကောင်၊ ဒါမှမဟုတ် နေကြာပန်းတစ်ပွင့်ဖြစ်တယ်ဆိုရင် ဒီလိုစိတ်ခံစားမှုမျိုးကို သူ ခံစားခွင့်ရှိချင်မှ ရှိမှာ။ ဒီလိုပဲ သူ တွေးမိတယ်။

မျက်လုံးတွေကို မှိတ်ထားပြီး အဲဒီနေရာမှာပဲ ဆမ်ဆာ အကြာပြီး ထိုင်နေမိတယ်။ ပြီးတဲ့နောက်မှာတော့ စိတ်အာရုံကို စုစည်းပြီး သူ မတ်တပ်ထရပ်လိုက်တယ်။ လမ်းလျှောက်တုတ်အနက်ကို ဆွဲယူပြီး လှေကားဆီကို ဦးတည်လိုက်တယ်။ ဒုတိယထပ်ကို ပြန်သွားပြီး အ၀တ်အစားကို အဆင်ပြေအောင် ဘယ်လိုဝတ်ရမယ်ဆိုတာ သူ အဖြေရှာမယ်။ အနည်းဆုံး အခုအချိန်မှာတော့ ဒါဟာ သူ့အတွက် အရေးကြီးတာဝန်တစ်ရပ်ပဲ။

သူ သင်ယူရမယ့် ကမ္ဘာမြေကြီးက ရှေ့မှာ စောင့်ကြိုနေပြီလေ။


(Samsa In Love by Haruki Murakami. English translation by Ted Goossen. Image: Javier Jaén.)
Source: လရောင်လမ်း ဘာသာပြန် – တေဇာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s