လမ်းအိုလေး

Løøps of Resistance …

ဦးဆွေးဆံမြည့်

ကျွန်မသမ္မတကြီးဖြစ်ချင်တယ် (ခရမ်းပြာထက်လူ)

Leave a comment

ကျွန်မကိုယ် ကျွန်မ ပန်းခင်းကြီးလိုပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ ထမင်းဝိုင်းကြီးလိုပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ ခြေသုတ်ပုဆိုး မြွေအစွယ်ကျိုးလို့လည်းပြင်ထားတယ်။
 
ကျွန်မကိုယ် ကျွန်မ စာအုပ်စင်ကြီးလိုပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ ကြယ်တာရာ ညီလာခံကြီးလိုပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ စက်ဝိုင်းတစ်ခုအလယ်မှာ
ဓါးပေါက်ခံဖို့ရပ်နေတဲ့ မိန်းမတစ်ယောက်လိုလည်း ပြင်ထားတယ်။
 
ကျွန်မကိုယ် ကျွန်မ မြေမြုပ်မိုင်းတွေမွှစာကျဲနေတဲ့အရပ်မှာပေါက်နေတဲ့
ရွက်ကျပင်ပေါက်တွေလိုသဘောထားပြီး
ကျွန်မကိုယ် ကျွန်မ နေ့နဲ့ညမှားအိပ်နေရတဲ့ မီးပြတိုက်တစ်ခုလိုလည်းကျင့်ထားတယ်။
 
ရှင်တို့ ရှို့လိုက်တဲ့မီး
ကျွန်မ မြားရဲ့နောက်မြီးအဖျားမှာ ဟုန်းဟုန်းတောက် လောင်နေပါစေ
ကျွန်မရဲ့ ဦးတည်ချက်ပစ်မှတ်ဟာ ဘယ်တော့မှမလွဲ
ဂြိုဟ်တုတစ်စင်းနောက်မှာ ပန်းထွက်ကျန်ရစ်ခဲ့တဲ့မီးစတွေလိုအဲ့ဒါဟာ ကျွန်မကိုပိုပြီးခွန်အားဖြစ်စေခဲ့။
 
ကလေးတွေ စပြီးဖွင့်လိုက်တဲ့ စာမျက်နှာဟာ
ကျွန်မအကြောင်းနဲ့စရမယ်လို့ ရှင်တို့ထင်နေသလား
အချစ် သို့မဟုတ် ကမ္ဘာကြီး သို့မဟုတ်
ရှေ့က ချိုင့်ခွက်ထူ လူသွားလမ်းလေးကို ကျောင်းဆင်းရင်ပြင်ကြစို့ဒါနဲ့ စမယ်။
 
ကျွန်မကိုယ် ကျွန်မ မာသာထရီဇာလိုပြင်ထားပြီး ဒိုင်ယာနာမင်းသမီးလိုလည်းဆင်ထားတယ်။
 
ကျွန်မတို့အိမ်မှာ ဘာတွေလိုသလဲ
သူတို့ဘာကြောင့် လူတစ်ပိုင်းနတ်တစ်ပိုင်းဖြစ်နေကြသလဲ။
သူတို့ ဘာကြောင့် ယဉ်ကျေးကြသလဲ
သူတို့ရဲ့ဦးခေါင်းတွေဖွင့်ကြည့်ဖို့ သူတို့ရဲ့ပျော်ရွှင်မှုတွေကိုသုတေသနလုပ်ဖို့။
သေနတ်တွေ ဗုံးတွေ အကြမ်းဖက်မှုတွေကြားထဲကတောင် သူတို့
ဘာလို့အင်္ဂါဂြိုဟ်သွား လက်မှတ်တွေ အလုအယက် ၀ယ်နေကြတာလဲ။
ကျွန်မ မဟာမိတ်ဖွဲ့ရမယ်
ကျွန်မတို့ အိမ်အတွက် လိုတိုး ပိုလျှော့လုပ်ဖို့် ကျွန်မလမ်းလျှောက်ထွက်ရမယ်။
စကြာဝဠာထဲကနေ ကမ္ဘာကိုပြန်ကြည့်သလို
ကမ္ဘာထဲကနေ ကျွန်မတို့ မြန်မာကို ပြန်ကြည့်ရအောင်ပေါ့။
ကျွန်မ လမ်းလျှောက်ထွက်ရတယ်။
 
ကျွန်မ ကျောသားရင်သားမခွဲပေမယ့် အမှန်တရားကိုတော့ ရအောင်ခွဲရမယ်။
 
ပုလင်းထဲက လာတဲ့ ဥပဒေနဲ့ ပါးစပ်ထဲက အန်ကျလာတဲ့ ပုဒ်မတွေကြားမှာ
ရှင်တို့ကျမတို့ ဘယ်လောက်ညစ်ပေ နံစော် အော်ဂလီဆန်ခဲ့ရပြီဆိုတာကျွန်မကိုယ်တိုင်သိခဲ့ရတာပဲ။
 
ကျွန်မကိုယ် ကျွန်မ သတင်းဆာနေသူ ရှင်တို့အတွက် သတင်းအမှန်ရဖို့
သတင်းစာအပြင်ဘက်မှာ ရပ်နေပါတယ်။
ကျွန်မ အလုပ်တွေများပါတယ်
ကျွန်မမှာ ကာလီမ မယ်တော်လို လက်တွေအများကြီးမရှိသလို
ဒဿဂီရိလို ခေါင်းတွေလည်းအများကြီးမရှိတော့ ရှင်တို့နဲ့ကျွန်မအများကြီး အကြာကြီးမတွေ့နိုင်ဘူးပေါ့။
ရှင်တို့သိပါတယ် ကျွန်မကတစ်ယောက်တည်း
မျက်နှာချင်းဆိုင်မှာလည်း တစ်ယောက်တည်း
ဘေးချင်းယှဉ်လျှောက်နေရတာမှာလည်းတစ်ယောက်တည်း။
ကျွန်မက တစ်ယောက်တည်းရှင့်
ကျွန်မ ကလေးတွေက မုန့်ဖိုးကောင်းကောင်းလိုချင်တယ် စမတ်ကျကျနေချင်တယ်
ကျောင်းမှာ ခုံကောင်းကောင်းနဲ့ထိုင်ချင်တယ် စာတော့မကြိုးစားချင်ကြဘူး။
ကျွန်မက တစ်ယောက်တည်းရှင့်။
 
ကြယ်တွေမရှိတော့လည်း ညက မကြွပြန်ဘူး
ကြယ်တွေမရှိတော့လည်း ညက မလုံခြုံပြန်ဘူး
ကျွန်မကိုယ် ကျွန်မ လမင်းကြီးလိုပြင်ထားတယ်။
 
ကျွန်မကိုယ် ကျွန်မ ဒီနှစ်တွေမှာ စစ်မဖြစ်ဖို့ပြင်ထားတယ်
တစ်ခါသေဘူး ပျဉ်ဖိုးနားလည်ခဲ့ပြီလေ
အခါခါသေဘူးတဲ့လူတစ်ယောက် ငရဲကိုတော့ နားလည်ရတော့မှာပေါ့။
 
ကျွန်မ အာဏာလိုချင်တယ်
ရှင်တို့လက်ထဲကို အပ်မလို့။
 
အဲ့ဒီ အာဏာနဲ့အချိန်မရွေး ကျွန်မကိုလည်း ဖြုတ်ချချင် ဖြုတ်ချနိုင်အောင်လို့။
 
ဒါကြောင့်ကျွန်မ မှော်ဆရာ မဖြစ်ချင်ဘူး သမ္မတကြီးပဲဖြစ်ချင်တယ်။
မှော်ဆရာတွေကိုမွေးပြီး မှော်ဆန်တဲ့နိုင်ငံကြီးတည်ဆောက်လိုက်ချင်လို့။။

(၂၀၁၃)
Source: KYPHL@Facebook / Image: Google Images

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s