လမ်းအိုလေး

Løøps of Resistance …

နယူးယောက် မိုင်းတွင်း အဖြစ်ဆိုး (ဟာရူကီ မူရာကာမီ)

နယူးယောက် မိုင်းတွင်း အဖြစ်ဆိုး (ကိုအရိပ်)

Leave a comment

နယူးယောက် မိုင်းတွင်း အဖြစ်ဆိုး (ဟာရူကီ မူရာကာမီ)

New York Mining Disaster


နာရီပေါင်းများစွာ သူတို့စောင့်နေခဲ့ကြတယ်။ အမှောင်ထုထဲမှာ တကယ့်အဖြစ်မှန်ဟာ တဖြည်းဖြည်း အရည်ပျော်ဆင်းလို့။ အရာရာတိုင်းဟာ လွန်ခဲ့သော ကာလများစွာက ဟိုးအဝေးကြီးက ကမ္ဘာတစ်ခုမှာ ဖြစ်ပျက်ခဲ့သလိုလို ခံစားရစပြုလာကြတယ်။ ဒါမှမဟုတ် အနာဂတ်ကာလတစ်ခုရဲ့ သီးခြားကမ္ဘာတစ်ခုမှာပဲ ဖြစ်တော့မှာများလား။
New York Mining Disaster by Haruki Murakami (English Translation: Philip Gabriel).
ဘာသာပြန် – ကိုအရိပ်


ကျွန်တော့်မှာ တိုင်ဖွန်းမုန်တိုင်းကျတိုင်း တိရစ္ဆာန်ရုံကို အလည်သွားလေ့ရှိတဲ့ မိတ်ဆွေတစ်ယောက် ရှိတယ်။ သူအဲသလို လုပ်နေတာ ဆယ်နှစ်လောက် ရှိပါပြီ။ တခြားလူတွေ အနေနဲ့ မုန်တိုင်းပြတင်းကာတွေကို ပိတ်တာတို့၊ သောက်ရေသန့်တွေ အပြေးအလွှား ဝယ်စုတာတို့၊ ရေဒီယိုနဲ့ လက်နှိပ်ဓာတ်မီးတွေကို စစ်ဆေးတာမျိုးတို့ လုပ်နေကြချိန်မှာ ကျွန်တော့်မိတ်ဆွေကတော့ ဗီယက်နမ်စစ်ကျန် ပွန်ချို poncho ခေါင်းစွပ်ခြုံထည်ကြီးစွပ်၊ ဘီယာနှစ်ဗူးလောက် အိတ်ထဲထည့်ပြီး တိရစ္ဆာန်ရုံကို လစ်တော့တာပဲ။ သူနေတဲ့ နေရာနဲ့က လမ်းလျှောက်သွားလိုက်ရင် ဆယ့်ငါးမိနစ်လောက်ပဲ ဝေးတာကိုး။

နယူးယောက် မိုင်းတွင်း အဖြစ်ဆိုး (ဟာရူကီ မူရာကာမီ)

သူကံမကောင်းရင် ‘ဆိုးရွားသော ရာသီဥတုကြောင့်’ တိရစ္ဆာန်ရုံကိုပိတ်၊ ဂိတ်တံခါးတွေ သော့ခတ်ထားတာကို ကြုံရလေ့ရှိတယ်။ အဲဒီအခါကျတော့လဲ ဘီယာကြက်သီးနွေးကို အဝင်ဝက ရှဥ့်ရုပ်တုပေါ်ထိုင်သောက်၊ ပြီးတော့ အိမ်ပြန်လှည့်ခဲ့ရုံပေါ့။

အချိန်မီ ရောက်သွားတဲ့ အခေါက်တွေမှာတော့ ဝင်ကြေးပေး၊ ပျော့ဖတ်နေတဲ့ စီးကရက်တစ်လိပ်ကို မီးညှိပြီးတာနဲ့ သူဟာ တိရစ္ဆာန်တွေကို တစ်ကောင်ချင်း လိုက်လေ့လာ ဆန်းစစ်ပါတော့တယ်။ အဲဒီအချိန်မှာ အကောင်အများစုကတော့ အကာအကွယ်အောက် ရောက်ကုန်ကြပြီ။ တချို့ကတော့ ရွာနေတဲ့မိုးကို ခံစားချက်မဲ့ ငေးလို့။ ပိုပြီး သက်ဝင်တက်ကြွတဲ့ တချို့ကတော့ လေပြင်းထဲမှာ ခုန်ပေါက်နေကြလေရဲ့။ တချို့က ရုတ်တရက်ကြီး ကျသွားတဲ့ လေဖိအားကြောင့် ကြောက်ရွံ့နေကြပုံရပြီး တချို့ကျပြန်တော့လဲ ပိုကြောက်ဖို့ကောင်းလာကြတယ်။

ကျွန်တော့်မိတ်ဆွေဟာ သူစိတ်ကူးထားတဲ့အတိုင်း ပထမဆုံးဘီယာကို ဘင်္ဂလား ကျားလှောင်အိမ်ရှေ့မှာ စသောက်ပါတယ်။ (ဘင်္ဂလားကျားတွေဟာ အမြဲပဲ မုန်တိုင်းကို အပြင်းထန် အကြမ်းတမ်းဆုံး တုံ့ပြန်လေ့ ရှိတယ်။) သူ့ဒုတိယဘီယာကိုတော့ ဂေါ်ရီလာမျောက်ဝံရုံရှေ့မှာ ထပ်သောက်တယ်။ မျောက်ဝံတွေကတော့ တိုင်ဖွန်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပုံ နည်းနည်းကလေးမှ မရဘူး။ ကွန်ကရစ်ကြမ်းပြင်ပေါ် ရေသူမတစ်ယောက်လိုထိုင်ပြီး ဘီယာစုပ်နေတဲ့ သူ့ကို တည်တည်ငြိမ်ငြိမ်ပဲ ပြန်စိုက်ကြည့်ကြတယ်။ သူ့ကို သနားနေကြပုံတောင် ရတယ်လို့ ခင်ဗျား ကျိန်ပြောရဲလောက်ပါရဲ့။


တိုင်ဖွန်းမုန်တိုင်းတွေကလွဲလို့တော့ ကျွန်တော့်မိတ်ဆွေဟာ သူလိုကိုယ်လိုပဲ ဘာမှသိပ်မထူးခြားလှသူ တစ်ယောက်ပါ။ အိတ်စ်ပို့ကုမ္ပဏီတစ်ခုမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲတဲ့အလုပ် လုပ်တယ်။ အကောင်းဆုံး စီးပွားရေးလုပ်ငန်းကြီး မဟုတ်ပေမယ့် သူ့အတွက် မဆိုးလှတဲ့ အလုပ်ပါ။ သပ်ရပ်တဲ့ တိုက်ခန်းလေးတစ်ခုမှာ တစ်ကိုယ်တည်းနေပြီး ခြောက်လတစ်ခါ ရည်းစားအသစ်တစ်ယောက် ထားတယ်။ အဲသလို ခြောက်လတစ်ခါ ရည်းစားအသစ်တစ်ယောက် သူဘာကြောင့် အစဉ်တစိုက် ပြောင်းရသလဲ ဆိုတာကိုတော့ (ခြောက်လဆိုတာလဲ တကယ့်ကို အတိအကျ ခြောက်လပါ။) ကျွန်တော် ဘယ်တုန်းကမှ နားမလည်ခဲ့ဘူး။ မိန်းကလေးတွေ ကြည့်ရတာ အကုန်တစ်ပုံစံထဲပဲ။ တစ်ယောက်ယောက်ရဲ့ ကိုယ်ပွားတွေလို့တောင် ပြောလို့ရမယ်။ ကျွန်တော်တော့ သူတို့ကို ဘယ်သူက ဘယ်သူရယ်လို့ကို မခွဲတတ်တာ။

သူ့မှာ တစ်ပတ်ရစ် ကားကောင်းလေးတစ်စီး၊ ဘောလဇက်ရဲ့ စာအုပ်တချို့၊ နောက်ပြီး အသုဘပို့သွားရင် ဝတ်ဖို့ အဆင်ပြေလှတဲ့ ဝတ်စုံနက်တစ်စုံ၊ လည်စည်းနက်တစ်ခုနဲ့ ဖိနပ်အနက်တစ်ရံလည်း ရှိပါတယ်။ အသုဘတစ်ခုခုပေါ်တိုင်း ကျွန်တော်က သူ့ဆီဖုန်းဆက်ပြီး ကိုယ့်ထက်နည်းနည်းကြီးနေတဲ့ အဲဒီဝတ်စုံနဲ့ ဖိနပ်ကို ငှားလေ့ရှိတယ်။

နောက်ဆုံးတစ်ခေါက်တုန်းကလဲ “အနှောင့်အယှက် ပေးမိတာ ဆောရီးဗျာ။ ကျွန်တော်တော့ အသုဘတစ်ခုပို့ဖို့ ပေါ်လာပြန်ပြီ”

“ရပါတယ်ဗျ။ ခင်ဗျား အလျင်လိုတယ်ဆိုရင် ခုပဲလာယူလိုက်လေ”လို့ သူပြန်ဖြေတယ်။

ကျွန်တော်ရောက်သွားချိန်မှာ ဝတ်စုံနဲ့ လည်စည်းဟာ သပ်သပ်ရပ်ရပ် မီးပူတိုက်ပြီး စားပွဲပေါ်တင်ထားပြီးသား၊ ဖိနပ်ကလဲ ပြောင်လက်နေအောင် တိုက်ချွတ်ထားပြီးသား ဖြစ်တဲ့အပြင် ရေခဲသေတ္တာထဲမှာ နိုင်ငံခြားဘီယာဗူးတွေအပြည့် အအေးခံထားတာကို တွေ့ရပါတယ်။ သူဟာ အဲလို မိတ်ဆွေမျိုးပါ။

“တလောက တိရစ္ဆာန်ရုံမှာ ကြောင်တစ်ကောင် တွေ့လိုက်တယ်” ဘီယာတစ်ဗူးကို ဖွင့်လိုက်ရင်း သူပြောတယ်။

“ကြောင်တစ်ကောင်”

“ဟုတ်ပါ့။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကပါ။ ဟုက္ကိုင်ဒို (Hokkaido) ဖက် အလုပ်ကိစ္စနဲ့သွားရင်း ကျွန်တော့်ဟိုတယ်နားက တိရစ္ဆာန်ရုံမှာ တွေ့ခဲ့တာ။ လှောင်အိမ်ထဲမှာ ကြောင်တစ်ကောင် အိပ်ပျော်နေပြီး ‘ကြောင်’လို့လဲ ဆိုင်းဘုတ်မှာ ဆိုထားလေရဲ့ဗျား”

“ဘယ်လိုကြောင်မျိုးများပါလိမ့်”

“ရိုးရိုးကြောင်ပါပဲ။ အညိုစင်းတွေနဲ့ အမြှီးတိုတို။ ပြီးတော့ တရားလွန် ဝဖီးနေတာပဲ။ ကိုယ်လုံးကြီးက တစ်ကိုယ်လုံး သူ့ဖက်ပုံ့ပုံ့ကြီးကျပြီး လှဲနေတာများ”

“ဟုက္ကိုင်ဒိုမှာ ကြောင်ရှားလို့များလား”

“ဟား၊ မနောက်ပါနဲ့ဗျာ။ ဟုက္ကိုင်ဒိုမှာ ကြောင်တွေရှိမှာပါ။ အဲလောက် ထူးထူးခြားခြားကြီးတော့ ရှားမနေတန်ကောင်းပါဘူး”

“ကဲဗျာ။ ဒါဆို တိရစ္ဆာန်ရုံမှာ ကြောင်တွေ မရှိရဘူးလား” လို့ ကျွန်တော် ပြောတယ်။ “ကြောင်တွေလဲ တိရစ္ဆာန်ပဲ မဟုတ်လား”

“ကြောင်တို့ခွေးတို့ ဆိုတာမျိုးဟာ ရိုးရိုးသာမန် အကောင်ပလောင်တွေပဲဗျာ။ ဘယ်သူကများ ပိုက်ဆံကုန်ခံပြီး ကြည့်ချင်လိမ့်မလဲ။ ခင်ဗျားပတ်ဝန်းကျင်မှာပဲ ကြည့်လိုက်ဦး။ ဒီအကောင်တွေဟာ နေရာတကာမှာ ရှိနေတာပဲ။ လူတွေလိုပဲပေါ့”လို့ သူက ပြန်ပြောတယ်။

နှစ်ယောက်ပေါင်း ခြောက်ဗူးကုန်တော့ ကျွန်တော်လဲ ဝတ်စုံ၊ လည်စည်းနဲ့ ဖိနပ်ကို စက္ကူအိတ်ကြီး တစ်အိတ်ထဲ ထည့်ရင်းက “ခုလို လာလာငှားရတာ ဆောရီးပါဗျာ။ ကိုယ်ပိုင်ဝတ်စုံလေး တစ်စုံတော့ ဝယ်ထားသင့်တယ်လို့ ကျွန်တော်လဲ တွေးမိပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ခုထိကို မဝယ်ဖြစ်သေးဘူး။ ကျွန်တော့်စိတ်ထဲ အဲလိုဝယ်လိုက်တာဟာ တစ်ယောက်ယောက်သေရင် ငါတော့ဝတ်စုံသစ်နဲ့ အကိုက်ပဲလို့ ဆိုလိုရာ ကျနေမယ်လို့ ခံစားမိနေတယ်”လို့ ပြောမိတယ်။

“ကိစ္စမရှိပါဘူးဗျာ။ ကျွန်တော်လဲ ဒါတွေကို ဝတ်နေတာမှ မဟုတ်တာ။ အဝတ်ဗီရိုထဲ ဒီတိုင်းချိတ်ထားတာထက်စာရင် တစ်ယောက်ယောက်က ဝတ်ပေးနေတာ ပိုမကောင်းဘူးလား”

တကယ်လဲပဲ ဒီဝတ်စုံကို ဝယ်ပြီးတဲ့ သုံးနှစ်အတွင်း သူ့မှာ ဝတ်စရာအကြောင်း မပေါ်ခဲ့သလောက်ပါပဲ။

“ထူးဆန်းတာက အဲဒီဝတ်စုံ ရပြီးနောက်ပိုင်း ကျွန်တော့်မှာ နာရေးကိစ္စရယ်လို့ ပေါ်ကို မပေါ်ခဲ့ဘူး”လို့ သူက ရှင်းပြတယ်။

“ဖြစ်တတ်ပါတယ်”

“အေးဗျာ။ ဖြစ်တတ်ပါတယ်”လို့ သူပြောပါတယ်။


သို့ပေမယ့် ကျွန်တော့်အတွက်ကတော့ အဲဒီနှစ်ဟာ အသုဘနှစ်လို့တောင် ဆိုရမယ့် နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေဟောင်းတွေ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးကုန်ကြပုံဟာ မိုးခေါင်ခေါင်အောက်မှာ ညှိုးကျသွားတဲ့ ပြောင်းရွက်တွေလိုပါပဲ။ အဲဒီတုန်းက ကျွန်တော့်အသက် နှစ်ဆယ့်ရှစ်။ ကျွန်တော့်မိတ်ဆွေတွေလဲ အဲဒီပတ်ဝန်းကျင်ပေါ့။ နှစ်ဆယ့်ခွန်၊ နှစ်ဆယ့်ရှစ်၊ နှစ်ဆယ့်ကိုး။ မသေသင့်သေးတဲ့ အရွယ်တွေပါ။

ကဗျာဆရာတစ်ယောက်ဆိုရင် နှစ်ဆယ့်တစ်မှာ သေမယ်။ တော်လှန်ရေးသမား သို့မဟုတ် ရော့ခ်ကြယ်တစ်ပွင့် ဆိုရင်တော့ နှစ်ဆယ့်လေး။ ဒါပေမဲ့ အဲဒီနောက်တော့ အားလုံးဟာ အဆင်ပြေလောက်ပါပြီလို့ ခင်ဗျားထင်လိမ့်မယ်။ မရဏကွေ့ကို ကျော်ခဲ့ပြီ၊။လိုဏ်ခေါင်းထဲက ထွက်ခဲ့ပြီ။ ကိုယ့်ရည်မှန်းချက်ရှိရာကို ဆက်ခရီးနှင်ဖို့ ခြောက်လမ်းသွား ဟိုင်းဝေးပေါ်ကို ကိုယ့်ဆန္ဒ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ရောက်ခဲ့ပြီလို့ပေါ့။ ခင်ဗျားဟာ ဆံပင်မှန်မှန်ညှပ်လာတယ်။ မနက်မနက် မုတ်ဆိတ်ရိတ်လာတယ်။ ခင်ဗျား ကဗျာမစပ်တော့ဘူး။ တော်လှန်ရေးသမားတို့၊ ရော့ခ်ကြယ်ပွင့်တို့လဲ မဟုတ်တော့ဘူး။ တယ်လီဖုန်းရုံထဲ မူးလဲနေတာမျိုး၊ မနက်လေးနာရီမှာ The Doors သီချင်းတွေ အကျယ်ကြီးထဖွင့်တာမျိုးလဲ မလုပ်တော့ဘူး။ အဲဒါတွေအစား ခင်ဗျားသူငယ်ချင်းရဲ့ ကုမ္ပဏီမှာ အသက်အာမခံ သွားလုပ်တယ်။ ဟိုတယ်ဘားမှာပဲ သောက်တော့တယ်။ သွားဆရာဝန်ဆီက ဖြတ်ပိုင်းကို ဆေးကုသခွင့်စားရိတ်အတွက် သိမ်းတယ်။ ဒါမျိုးတွေဟာ နှစ်ဆယ့်ရှစ်အတွက် ပုံမှန်ပဲလေ။


ရေချိုးကန်ကို ရေဖြည့်နေရင်း၊ ဝီစကီနဲ့ ရေခဲ အွန်သရော့ခ်တွေ ခွက်ဆင့် ချနေရင်း၊ ခရင်မ်ဘူးနှစ်ဘူးကို ငေးရင်း သူတွေးတော့ တွေးနေခဲ့ပါလိမ့်မယ်။ ငါနောက်ဘယ်တော့မှ မုတ်ဆိတ်ရိတ်စရာ မလိုတော့ဘူး ဆိုပြီးတော့ပေါ့။


ဒါပေမဲ့ အဲဒီအချိန်မှာပဲ မျှော်လင့်မထားတဲ့ အစုလိုက်အပြုံလိုက် လူသတ်ပွဲကြီးကို ကျွန်တော်တို့ ဘဝမှာ ကြုံရပါတော့တယ်။ နွေဦးရဲ့ ပျင်းရိဖွယ် နေ့တစ်နေ့မှာ ကြုံလိုက်ရတဲ့ အငိုက်ဖမ်းစီးနင်းမှု တစ်ခုလို၊ ရုပ်နယ်လွန် တောင်ကုန်းတစ်ခုပေါ်ကနေ ရုပ်နယ်လွန် စက်သေနတ်တစ်လက်နဲ့ တစ်ယောက်ယောက်က ကျွန်တော်တို့အပေါ်ကို ကျည်ဆန်မိုးကြီး ကြဲလိုက်သလိုမျိုးပါပဲ။ ပထမတစ်မိနစ်မှာ ကျွန်တော်တို့ဟာ အဝတ်အစား လဲနေရင်းကနေ နောက်တစ်မိနစ်လဲရောက်ရော အဲဒီအဝတ်တွေနဲ့ မတော်တော့ပဲ အင်္ကျီလက်တွေကို ခေါက်တင်ထားလိုက်ရသလို၊ ဘောင်းဘီတစ်ထည်မှာ ခြေတစ်ဖက်ကို စွပ်ထားရာက နောက်ခြေတစ်ဖက်ဟာ ဘောင်းဘီနောက်တစ်ထည်ထဲ ရောက်သွားသလို အတော့်ကို ဘရုတ်ဘယက် နိုင်လှတဲ့ ကာလကြီးမှာပါ။

ဒါပေမဲ့ မရဏတရားဆိုတာ ဒါပါပဲ။ ဦးထုပ်တလုံးထဲကပဲ ခုန်ပဲထွက်လာလာ၊ ဂျုံခင်းထဲကပဲ ထွက်လာလာ၊ ယုန်တစ်ကောင်ဟာ ယုန်တစ်ကောင်ပါပဲ။ ပူလောင်နေတဲ့ မီးဖိုတစ်လုံးဟာ ပူလောင်နေတဲ့ မီးဖိုတစ်လုံးသာဖြစ်ပြီး ခေါင်းတိုင်က ထွက်လာတဲ့ မီးခိုးတွေကရော။ ခေါင်းတိုင်က မီးခိုးတွေပဲပေါ့။ လက်တွေ့ဘဝနဲ့ သဘာဝလွန်နယ် (ဒါမှမဟုတ် သဘာဝလွန်နယ်နဲ့ လက်တွေ့ဘဝ)ကို ခြားထားတဲ့စည်းကို ပထမဆုံးခွကျော်သွားသူကတော့ ကောလိပ်တုန်းက သူငယ်ချင်း တစ်ယောက်ပါ။ သူက အထက်တန်းကျောင်း တစ်ကျောင်းမှာ အင်္ဂလိပ်စာပြဆရာ လုပ်တယ်။ အိမ်ထောင်ကျတာ သုံးနှစ်လောက် ရှိပြီ။ သူ့ဇနီးက ကလေးမွေးဖို့ ရှီကိုကူ (Shikoku)က သူ့မိဘတွေဆီ သွားနေတဲ့ အချိန်ပေါ့။

နယူးယောက် မိုင်းတွင်း အဖြစ်ဆိုး (ဟာရူကီ မူရာကာမီ)


နွေဦးရဲ့ ပျင်းရိဖွယ် နေ့တစ်နေ့မှာ ကြုံလိုက်ရတဲ့ အငိုက်ဖမ်းစီးနင်းမှု တစ်ခုလို၊ ရုပ်နယ်လွန် တောင်ကုန်းတစ်ခုပေါ်ကနေ ရုပ်နယ်လွန် စက်သေနတ်တစ်လက်နဲ့ တစ်ယောက်ယောက်က ကျွန်တော်တို့အပေါ်ကို ကျည်ဆန်မိုးကြီး ကြဲလိုက်သလိုမျိုး


ကြုံတောင့်ကြုံခဲ ပူပြင်းလှတဲ့ ဇန်နဝါရီရဲ့ တနင်္ဂနွေတစ်နေ့မှာ သူဟာ စတိုးဆိုင်ကြီး တစ်ဆိုင်ကိုသွားပြီး မုတ်ဆိတ်ရိတ်ခရင်မ် နှစ်ဘူးနဲ့ ဆင်နားရွက်ကိုတောင် ဖြတ်လို့ရလောက်အောင်ကြီးတဲ့ ဂျာမနီလုပ် ဓားတစ်လက်ကို ဝယ်ခဲ့တယ်။ ပြီးတော့ အိမ်ပြန်လာပြီး ရေမိုးချိုးတယ်။ ရေခဲသေတ္တာထဲက ရေခဲနည်းနည်းထုတ်၊ စကော့ခ်ျဝီစကီတစ်လုံးချ၊ ရေချိုးကန်ထဲဝင်ပြီး သူ့လက်ကောက်ဝတ်တွေကို လှီးလိုက်တော့တာပါပဲ။ နှစ်ရက်ကြာပြီးမှ သူ့အမေက သူ့ကိုတွေ့တယ်။ ရဲတွေလာပြီး ဓာတ်ပုံတွေ အတော်များများ ရိုက်သွားကြတယ်။ သွေးတွေက ရေချိုးကန်ကို ခရမ်းချဉ်သီးဖျော်ရည်ရောင် ဆိုးပေးထားလေရဲ့။ ရဲကတော့ ဒါကို သတ်သေမှုလို့ ဆုံးဖြတ်တယ်။ အဆုံးမှာတော့ တံခါးတွေအားလုံး သော့ခတ်ထားပြီး ကွယ်လွန်သူဟာ ဓားကို ကိုယ်တိုင်ဝယ်ခဲ့တာ မဟုတ်လား။ ဒါပေတဲ့ သူသုံးဖို့ မရည်ရွယ်တဲ့ မုတ်ဆိတ်ရိတ်ခရင်မ် နှစ်ဘူးကို ဘာလို့ဝယ်ခဲ့တာလဲ။ ဘယ်သူမှ မသိကြပါဘူး။

စတိုးဆိုင်ကို ရောက်နေတုန်းက နောက်နှစ်နာရီအတွင်း သူသေတော့မယ်လို့ သူ့ကိုယ်သူ ကြိုမသိခဲ့တာရင်လဲ ဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် ငွေရှင်းကောင်တာက သူ့ကို သတ်သေမယ့်လူလို့ မသင်္ကာဖြစ်သွားမှာ စိုးလို့ရင်လဲ ဖြစ်နိုင်ပါတယ်။

ဘာသေတမ်းစာ၊ ဘာစာတိုလေးတစ်စောင်မှ သူထားမသွားခဲ့ဘူး။ မီးဖိုချောင်စားပွဲမှာ ဖန်ခွက်ရယ်၊ ဝီစကီပုလင်းလွတ်ရယ်၊ ရေခဲဇလုံရယ်၊ မုတ်ဆိတ်ရိတ်ခရင်မ် နှစ်ဘူးရယ်ပဲ ရှိတယ်။ ရေချိုးကန်ကို ရေဖြည့်နေရင်း၊ ဝီစကီနဲ့ ရေခဲ အွန်သရော့ခ်တွေ ခွက်ဆင့် ချနေရင်း၊ ခရင်မ်ဘူးနှစ်ဘူးကို ငေးရင်း သူတွေးတော့ တွေးနေခဲ့ပါလိမ့်မယ်။ ငါနောက်ဘယ်တော့မှ မုတ်ဆိတ်ရိတ်စရာ မလိုတော့ဘူး ဆိုပြီးတော့ပေါ့။

လူတစ်ယောက် အသက်နှစ်ဆယ့်ရှစ်မှာ ကွယ်လွန်ခဲ့ရခြင်းဟာ ဆောင်းတွင်းမိုးလို ဝမ်းနည်းစရာ ကောင်းလှပါရဲ့။


နောက်ဆယ့်နှစ်လအတွင်းမှာ လူလေးယောက် ထပ်ကွယ်လွန်ခဲ့ပါတယ်။

တစ်ယောက်က မတ်လထဲမှာ ဆော်ဒီအာရေဗျ သို့မဟုတ် ကူဝိတ်က ရေနံတွင်းတစ်ခုထဲမှာ ကွယ်လွန်ခဲ့ပြီး နောက်နှစ်ယောက်က ဇွန်လထဲမှာ။ တစ်ယောက်က နှလုံးရောဂါ၊ တစ်ယောက်က ကားတိုက်မှု။ ဇူလိုင်က နိုဝင်ဘာတလျှောက်အထိ ငြိမ်းချမ်းနေခဲ့ပြီး ဒီဇင်ဘာမှာ ကားတိုက်မှုနဲ့ပဲ တစ်ယောက် ထပ်ကွယ်လွန်ပြန်ပါတယ်။

ကိုယ့်ကိုယ်ကိုသတ်သေသွားတဲ့ ပထမဆုံးမိတ်ဆွေကလွဲလို့ ကျန်တဲ့လူတွေ အားလုံးဟာ သူတို့ကိုယ်သူတို့ သေတော့မယ်လို့ ကြိုသိချိန် မရလိုက်ကြပါဘူး။ သူတို့အတွက်ကတော့ အကြိမ်ပေါင်းတစ်သန်းလောက် ဖြတ်နေကျ လှေကားမှာ ရုတ်တရက်ကြီး တစ်ထစ်လျော့နေတာ ကြုံလိုက်ရသလိုနေမှာပါပဲ။

“ကိုယ့်ကို အိပ်ရာလေး ပြင်ပေးပါလားကွာ” နှလုံးရောဂါနဲ့ ကွယ်လွန်သွားတဲ့ မိတ်ဆွေက သူ့ဇနီးကို ဒီလိုပြောခဲ့တယ်။ သူဟာ ပရိဘောဂဒီဇိုင်းဆွဲသူ ဖြစ်ပါတယ်။ အချိန်က နေ့လည်ဆယ့်တစ်နာရီလောက်မှာပါ။ အဲဒီနေ့က မနက်ကိုးနာရီလောက်မှာ သူနိုးပါတယ်။ သူ့အခန်းထဲမှာ ခဏလောက် အလုပ်လုပ်နေပြီး အိပ်ငိုက်လာတယ်လို့ ဆိုပါတယ်။ မီးဖိုထဲသွားပြီး ကော်ဖီတစ်ခွက် ဖျော်သောက်ပေမယ့် အဆင်ပြေပုံ မရဘူး။ “ကိုယ်ခဏ အိပ်လိုက်ဦးမယ်” လို့ ပြောတယ်။ “ခေါင်းထဲမှာ တဝီဝီနဲ့ မြည်နေသံတွေ ကြားနေရတယ်” အဲဒါတွေကတော့ သူနောက်ဆုံး ပြောသွားတာတွေပါပဲ။ အိပ်ရာထဲ ကွေးကွေးလေး အိပ်မောကျသွားရာက ပြန်ထမလာတော့ပါဘူး။

ဒီဇင်ဘာမှာ ဆုံးသွားတဲ့ တစ်ယောက်ကတော့ အငယ်ဆုံးပါ။ တစ်ဦးတည်းသော အမျိုးသမီးလဲ ဖြစ်ပါတယ်။ သူ့အသက်က နှစ်ဆယ့်လေး။ တော်လှန်ရေးသမားတို့၊ ရော့ခ်ကြယ်ပွင့်တို့ အရွယ်မျိုးပေါ့။ ခရစ်စမတ်နေ့ မရောက်ခင်လေး မိုးအေးအေး တစ်ညနေမှာ ဘီယာတင်တဲ့ ထရပ်ကားတစ်စီးနဲ့ ကွန်ကရစ် တယ်လီဖုန်းတိုင် တစ်တိုင်ကြား၊ သိပ်ရိုးစင်းပေတဲ့ သိပ်ကြေကွဲစရာကောင်းတဲ့ နေရာလေးမှာ ပြားချပ်သွားခဲ့ပါရောလား။


နောက်ဆုံး အသုဘအပြီး ရက်နည်းနည်းအကြာမှာ ကျွန်တော့်မိတ်ဆွေအခန်းကို သူ့ဝတ်စုံပြန်ပေးဖို့ သွားခဲ့တယ်။ ပင်းမင်းဆိုင်မှာ အခြောက်လျှော်ပြီးသား ဝတ်စုံနဲ့အတူ ဝီစကီတစ်ပုလင်းကို ကျေးဇူးတင်တဲ့ အထိမ်းအမှတ်နဲ့ ကျွန်တော် ယူသွားခဲ့ပါတယ်။

“ကျေးဇူးပဲဗျို့။ ခင်ဗျား ကျွန်တော့်ကို နောက်တစ်ခေါက် ကူလိုက်ပြန်ပြီ”လို့ ကျွန်တော်ပြောလိုက်တယ်။

ခါတိုင်းလိုပဲ သူ့ရေခဲသေတ္တာဟာ ဘီယာဗူးအေးအေးတွေ အပြည့်ရှိနေပြီး သက်သောင့်သက်သာရှိတဲ့ သူ့ဆိုဖာပေါ်မှာ နေခြည်တန်းမှိန်မှိန်ဟာ ရောင်ပြန်ဟပ်နေတယ်။ ကော်ဖီစားပွဲပေါ်မှာတော့ သန့်ရှင်းနေတဲ့ ဆေးလိပ်ပြာခွက် တစ်ခွက်နဲ့ ခရစ်စမတ်သစ်ပင်ပု ပန်းအိုးလေးတစ်လုံး ရှိနေတယ်။

ပလတ်စတစ်နဲ့ ပတ်ထားတဲ့ ဝတ်စုံကို သူလှမ်းယူလိုက်ပြီး နိုးထလာစ ဆောင်းခိုဝက်ဝံတစ်ကောင်လို အေးအေးသက်သာပဲ ခပ်လှမ်းလှမ်းမှာ ထားလိုက်ပါတယ်။

“ဝတ်စုံမှာတော့ အသုဘနံ့ မရလောက်ဖူး ထင်ပါရဲ့ဗျာ”လို့ ကျွန်တော် ပြောလိုက်တယ်။

“အဝတ်တွေက အရေးမကြီးပါဘူး။ သူတို့ထဲကဟာတွေကမှ ပြဿနာဗျ”လို့ သူကဆိုတယ်။

“အင်း”

“ခင်ဗျားအဖို့တော့ ဒီနှစ်ထဲ အသုဘတွေ တစ်ခုပြီးတစ်ခုပါလား” ဆိုဖာပေါ် ခပ်ဆန့်ဆန့်ထိုင်ပြီး ဘီယာတစ်ဗူးကို ဖန်ခွက်ထဲ လောင်းထည့်ရင်း သူပြောတယ်။ “အားလုံးပေါင်း ဘယ်နှစ်ခုပါလိမ့်”

“ငါးခု” ကျွန်တော့် ဘယ်ဖက်လက်က လက်ချောင်းတွေကိုကို ဆန့်ပြလိုက်ရင်း “ကျွန်တော့်အထင်တော့ ဒီလောက်ပါပဲ”

“သေချာရဲ့လားဗျ”

“ခုဆုံးသွားသလောက်နဲ့တင် တော်လောက်ပါပြီ”

“ပိရမစ်ကျိန်စာတွေလိုမျိုးလေဗျာ” သူက ဆက်တယ်။ “ကျွန်တော် တစ်နေရာမှာ ဖတ်ဖူးတယ်။ သတ်မှတ်ထားတဲ့ အရေအတွက် မပြည့်မချင်း ကျိန်စာက ဆက်သွားနေတော့တာ။ အဲလိုမှမဟုတ်ရင် ကောင်းကင်မှာ ကြယ်နီကြီးတစ်စင်း ပေါ်လာပြီး လရဲ့အရိပ်ဟာ နေကို ကွယ်လိမ့်မယ်ဆိုပဲ”


မြေကြီးဟာ အသံတိတ်ပွင့်လာပြီး အထဲက တစ်ခုခု တွားတက်လာသလို ခံစားရတယ်။ ပြီးတော့ အဲဒီ မမြင်နိုင်တဲ့ အရာဟာ ဒေါသတကြီးနဲ့ မှောင်ကြီးထဲ ရောက်လာတာ။
အေးစက်စက်ညလေတောင် ခဲသွားသလိုမျိုးကြီး။ ကျွန်တော် မမြင်ရဘူး။ ဒါပေတဲ့ အဲလို ခံစားလိုက်ရတယ်။ ကျွန်တော့်လိုပဲ တိရစ္ဆာန်တွေလဲ ခံစားရပုံပဲ။


ဘီယာခြောက်ဗူးကုန်တော့ ကျွန်တော်တို့ ဝီစကီကို ဖွင့်လိုက်ကြတယ်။ ဆောင်းရဲ့ နူးညံ့တဲ့ နေရောင်တန်းတွေဟာ အခန်းထဲကို ဖြာကျနေလေရဲ့။

“ခုတလော ခင်ဗျားကြည့်ရတာ မှိုင်တိုင်တိုင်နဲ့” သူကပြောတယ်။

“အဟုတ်ပဲလား”

“ခင်ဗျားက ညသန်းခေါင်လောက်မှာ ဟိုဟိုဒီဒီတွေ လျှောက်အတွေးလွန်နေလို့ပဲ ဖြစ်ရမယ်” သူကပြောတယ် “ကျွန်တော်တော့ ညပိုင်းဆို ဘာမှကို မတွေးတော့ဘူး”

“ဘယ်လိုများ လုပ်သလဲဗျ”

“စိတ်နည်းနည်းကျစပြုလာတာနဲ့ မနက်နှစ်နာရီ သုံးနာရီလောက်ကြီး ဖြစ်နေပါစေ ကျွန်တော်ကတော့ သန့်ရှင်းရေးတွေ ထလုပ်တော့တာပဲ။ ပန်းကန်တွေဆေး၊ မီးဖိုကို သုတ်သင်၊ ကြမ်းတွေတိုက်၊ လက်သုတ်ပုဝါတွေလျှော်၊ စာကြည့်စားပွဲ အံဆွဲတွေရှင်း၊ တွေ့သမျှ ရှပ်အင်္ကျီတွေ မီးပူတိုက်” အရက်ခွက်ကို လက်ချောင်းလေးနဲ့ မွှေနေရင်း သူက ပြောတယ်။ “ခြေကုန်လက်ပန်း ကျသွားတဲ့အထိ ကျွန်တော် အဲဒါတွေ လုပ်လိုက်တယ်။ ပြီးတော့ တစ်ခွက်လောက် သောက်ပြီး အိပ်ပစ်လိုက်တာပဲ။ မနက်အိပ်ရာနိုးပြီးတော့ ခြေစွပ်တွေဘာတွေ စွပ်တဲ့အချိန်လဲကျရော ညက ဘာကိစ္စအတွက် စိတ်ညစ်မိမှန်းတောင် ပြန်စဉ်းစားမရတော့ဘူး။”

ပတ်ပတ်လည်ကို ကျွန်တော် တစ်ချက်ထပ်ကြည့်လိုက်မိတော့ တစ်ခန်းလုံးဟာ သန့်ရှင်းပြီး အစီအစဉ်တကျ ရှိနေတာကို သတိထားမိတယ်။

“လူတွေဟာ မနက်သုံးနာရီလောက်မှာ သဗ္ဗရနံပေါင်းစုံ တွေးမိလေ့ရှိကြတယ်။ ကျွန်တော်တို့ အားလုံးပါပဲ။ ဒါ့ကြောင့်လဲ ကျွန်တော်တို့ တစ်ဦးစီအနေနဲ့ အဲဒါကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခါထုတ်ပစ်ရမယ်ဆိုတာ စဉ်းစားထားသင့်တယ်။”

“ခင်ဗျားပြောတာလဲ ဟုတ်ပြန်တာပဲ” ကျွန်တော်ပြောလိုက်တယ်။

“တိရစ္ဆာန်တွေတောင် မနက်သုံးနာရီမှာ အတွေးလွန်လေ့ရှိကြတယ်။” သူအဲလိုပြောနေရင်းက တစ်ခုခုကို သတိရသွားပုံနဲ့ “ခင်ဗျားရော မနက်သုံးနာရီမှာ တိရစ္ဆာန်ရုံ ရောက်ဖူးသလား”

“ဟင့်အင်း”လို့ ခပ်ဝါးဝါး ကျွန်တော်ဖြေလိုက်တယ်။ “ဘယ်ရောက်ဖူးမလဲဗျာ”

“ကျွန်တော်လဲ တစ်ခေါက်ပဲ ရောက်ဖူးတာပါ။ မိတ်ဆွေတစ်ယောက်က တိရစ္ဆာန်ရုံမှာ အလုပ်လုပ်တာကိုး။ ဒါနဲ့ ကျွန်တော်လဲ သူညပိုင်းတာဝန်ကျချိန်မှာ ဝင်ခွင့်တောင်းပြီး ရောက်ခဲ့တာပါ။ တကယ်တော့ အဲလို မလုပ်သင့်လှဘူး။” ဖန်ခွက်ကို လှုပ်နေရင်းက သူဆက်ပြောတယ်။ “အတော်တော့ ထူးဆန်းတဲ့ အတွေ့အကြုံ တစ်ခုပဲဗျ။ ကျွန်တော် ရှင်းတော့ မပြတတ်ဘူး။ ဒါပေမယ့် မြေကြီးဟာ အသံတိတ်ပွင့်လာပြီး အထဲက တစ်ခုခု တွားတက်လာသလို ခံစားရတယ်။ ပြီးတော့ အဲဒီ မမြင်နိုင်တဲ့အရာဟာ ဒေါသတကြီးနဲ့ မှောင်ကြီးထဲ ရောက်လာတာ။ အေးစက်စက်ညလေတောင် ခဲသွားသလိုမျိုးကြီး။ ကျွန်တော် မမြင်ရဘူး။ ဒါပေတဲ့ အဲလို ခံစားလိုက်ရတယ်။ ကျွန်တော့်လိုပဲ တိရစ္ဆာန်တွေလဲ ခံစားရပုံပဲ။ အဲလိုနဲ့ ကျွန်တော်တို့ လျှောက်နေတဲ့ မြေအပြင်ဟာ ဟိုးကမ္ဘာ့ဗဟိုချက်ထဲအထိ တိုးလျှိုပေါက်ကြီး ဆက်သွားတယ်လို့ပါ ကျွန်တော် တွေးမိသွားတယ်။ နောက်တော့ အဲဒီဗဟိုချက်ဟာ မယုံနိုင်စရာကောင်းလှတဲ့ အချိန်ပမာဏကို စုပ်ယူပစ် လိုက်တယ်လို့ ရုတ်တရက်ကြီး သဘောပေါက်လိုက်မိတော့တာပဲ”

ကျွန်တော် ဘာမှပြန်မပြောမိဘူး။

“ဒါ့အပြင်တော့ ကျွန်တော်လဲ နောက်တစ်ခေါက် ထပ်မသွားချင်တော့ပါဘူးဗျာ။ ညကြီးသန်းခေါင် တိရစ္ဆာန်ရုံထဲ ပြောပါတယ်”

“တိုင်ဖွန်းကို ခင်ဗျားပိုသဘောကျတယ် ဆိုပါတော့”

“အင်း”လို့ သူပြောတယ်။ “တိုင်ဖွန်းဆိုရင်တော့ ဘယ်နေ့ဖြစ်ဖြစ် လာထားပဲဆရာ”


ဖုန်းခေါ်သံပေါ်လာလို့ သူ့အိပ်ခန်းထဲ ဖုန်းကိုင်ဖို့ ဝင်သွားတယ်။ အမျှင်မပြတ် ဖုန်းပြောလေ့ရှိတဲ့ သူ့ကိုယ်ပွားရည်းစားဆီကပါ။ ကျွန်တော်ပြန်တော့မယ်လို့ သူ့ကို ပြောလိုက်ချင်ပေမယ့် ကျွန်တော့်မိတ်ဆွေက ဖုန်းပြောလို့ မပြီးနိုင်သေးဘူး။ ကျွန်တော်လဲ စောင့်ရင်း ပျင်းလာတာနဲ့ တီဗီဖွင့်ကြည့်နေလိုက်တယ်။ တီဗီက ၂၇လက်မ ရောင်စုံအမျိုးအစားဖြစ်ပြီး အဝေးထိန်းခလုပ်လဲပါတယ်။ ခလုတ်လေး ထိလိုက်ရုံနဲ့တင် ချယ်နယ်ပြောင်းလို့ရတဲ့ အမျိုးအစားပေါ့။ အဲဒီတီဗီမှာ စပီကာ ၆လုံးပါပြီး အသံကလဲ တော်တော်ကောင်းတာ တွေ့ရတယ်။ အဲလောက်ကောင်းတဲ့ တီဗီမျိုး ကျွန်တော် မတွေ့ဖူးသေးတာတော့ အမှန်ပဲ။

တီဗီလိုင်းတွေကို အစအဆုံး နှစ်ခေါက်တိတိ လျှောက်ကြည့်ပြီးတော့မှ သတင်းအစီအစဉ်တစ်ခုကို ကျွန်တော်ရွေးလိုက်တယ်။ နယ်စပ်ပဋိပက္ခတစ်ခု၊ မီးလောင်မှုတစ်ခု၊ ငွေလဲနှုန်းအတက်အကျတွေ၊ ကားတင်သွင်းမှုဆိုင်ရာ ကန့်သတ်ချက်သစ်တစ်ခု၊ ဆောင်းတွင်း လဟာပြင် ရေကူးပြိုင်ပွဲတစ်ပွဲ၊ မိသားစုလိုက် သတ်သေမှုတစ်ခု။ အဲဒီသတင်းအပိုင်းအစတွေဟာ တစ်ခုနဲ့တစ်ခု တစ်နည်းတစ်ဖုံတော့ ဆက်စပ်နေသလိုပါပဲ။ အထက်တန်း စာမေးပွဲ အောင်တဲ့နေ့က အုပ်စုလိုက်ရိုက်ထားကြတဲ့ ဓာတ်ပုံတစ်ပုံလိုမျိုးပေါ့။

“ဘာတွေများ သတင်းထူးသလဲ” အခန်းထဲပြန်ဝင်လာရင်း ကျွန်တော့်မိတ်ဆွေက မေးတယ်။

“မထူးလှပါဘူးဗျာ”

“ခင်ဗျား တီဗီတော်တော်ကြည့်ဖြစ်သလား”

ကျွန်တော် ခေါင်းခါလိုက်တယ် “ကျွန်တော့်မှာ တီဗီမရှိဘူး”

“တီဗီမှာ ကောင်းတဲ့အချက်လေးတစ်ချက်တော့ ရှိတယ်ဗျ။” လို့ ခဏကြာတော့ သူပြောတယ်။ “ခင်ဗျားကြိုက်တဲ့အချိန် ထပိတ်လိုက်လို့ရတယ်။ အဲဒါကိုလဲ ဘယ်သူကမှ ပြဿနာမလုပ်ဘူး”

အဝေးထိန်းခလုတ်မှာပါတဲ့ Off ခလုတ်ကို သူနှိပ်လိုက်တယ်။ ဖန်သားပြင်ဟာ ချက်ချင်းပဲ ပိတ်သွားလေရဲ့။ အခန်းထဲမှာ တိတ်ဆိတ်နေမြဲ။ ပြတင်းပေါက်အပြင်မှာတော့ တခြားအဆောက်အဦးတွေဆီက မီးရောင်တွေ လျှံကျစပြုလာတယ်။

အဲသလိုနဲ့ပဲ ကျွန်တော်တို့နှစ်ယောက်သား ဝီစကီသောက်ရင်း ဘာမှပြောစရာမရှိပဲ ငါးမိနစ်လောက် ဆက်ထိုင်နေကြတယ်။ တယ်လီဖုန်းသံ ထပ်ပေါ်လာပေမဲ့ သူက မကြားချင်ယောင် ဆောင်နေလိုက်တယ်။ ဖုန်းသံရပ်သွားတာနဲ့ တစ်ခုခုကို ရုတ်တရက် သတိရသွားတဲ့ပုံနဲ့ On ခလုပ်ကို သူနှိပ်လိုက်တယ်။ ချက်ချင်းလိုပဲ ပုံရိပ်တွေ ပြန်ပေါ်လာပြီး သုံးသပ်သူ တစ်ယောက်က ဇယားတစ်ချပ်ရှေ့ တုတ်တံလေးကိုင်ပြီး ဆီဈေးအပြောင်းအလဲအကြောင်း ရှင်းပြနေတာကို တွေ့ကြရတယ်။

“တွေ့လား။ ကျွန်တော်တို့ ငါးမိနစ်လောက် ပိတ်လိုက်တာကို သူသိပုံတောင်မရဘူး။”

“အေး”

“အဲဒါ ဘာလို့လဲဗျ၊ ဟင်။”

အဲဒီကိစ္စအပေါ် တွေးကြည့်ဖို့ဟာ အတော့်ကို ဒုက္ခများတဲ့အတွက် ကျွန်တော် ခေါင်းပဲခါပြလိုက်တယ်။

“ခင်ဗျား ခလုပ်ပိတ်လိုက်တာနဲ့ ဟိုတစ်ဖက်ဟာ ပျောက်သွားတယ်။ ကျွန်တော်တို့ဖက်ပဲဖြစ်ဖြစ်၊ သူ့ဖက်ပဲဖြစ်ဖြစ်ပေါ့။ ခလုပ်လေးနှိပ်လိုက်ရုံနဲ့တင် အဆက်အသွယ် ပြတ်သွားတော့တာပဲ။ လွယ်လွယ်လေးရယ်။”

“အဲလိုတွေးလို့လဲ ရတာပေါ့လေ”လို့ ကျွန်တော်ပြောလိုက်တယ်။

“တွေးပုံတွေးနည်းကတော့ သန်းနဲ့ချီပြီးကို ရှိတယ်။ အိန္ဒိယမှာ အုန်းပင်တွေ စိုက်ကြတယ်။ အာဂျင်တီးနားမှ ရဟတ်ယာဉ်ပေါ်ကတွေ နိုင်ငံရေးအကျဉ်းသားတွေ မိုးရွာသလို ရွာကျတယ်” တီဗီကို သူပိတ်လိုက်ပြန်တယ်။ “တခြားသူတွေအကြောင်း ကျွန်တော် သိပ်တော့ မပြောချင်ဘူး။ ဒါပေမဲ့ ဈာပနတွေမှာ အဆုံးသတ်မသွားတဲ့ သေနည်းတွေလဲ ရှိသေးတယ်ဆိုတဲ့အကြောင်းလေး စဉ်းစားကြည့်ဗျာ။ ခင်ဗျား ဘယ်လိုမှ အနံ့လေးတောင် ခံလို့မရတဲ့ သေခြင်းအမျိုးအစားတွေ။”

ကျွန်တော် ခပ်ဆိတ်ဆိတ်ပဲ ခေါင်းညိတ်နေလိုက်တယ်။ စိတ်ထဲမှာတော့ သူဘာပြောချင်နေတယ်ဆိုတာ သိနေသလိုပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူဘာဆိုလိုတယ်ဆိုတာ နားမလည်နိုင်အောင် ဖြစ်နေမိပြန်တယ်။ လူလဲ နည်းနည်းနွမ်းနယ်လာပြီး စိတ်လဲ နည်းနည်းရှုပ်ထွေးလာတယ်။ ထိုင်နေရင်း ခရစ်စမတ်သစ်ပင်ပုလေးရဲ့ အရွက်စိမ်းစိမ်းတွေကို လက်ညှိုးနဲ့ တို့ထိနေမိတယ်။

“ကျွန်တော့်မှာ ရှန်ပိန်နည်းနည်းရှိတယ်”လို့ သူက တက်တက်ကြွကြွကြီး ပြောလိုက်တယ်။ “ပြင်သစ်ကို အလုပ်ကိစ္စတစ်ခုနဲ့ သွားရင်း ကျွန်တော်သယ်လာတာ။ ရှန်ပိန်အကြောင်း သိလှလို့တော့ မဟုတ်ဘူးဗျာ။ ဒါပေမဲ့ ကောင်းမယ်လို့တော့ ထင်ရတာပဲ။ ခင်ဗျား သောက်ကြည့်မလား။ အသုဘတွေ တသီတတန်းကြီး ပြီးသွားတဲ့နောက် ရှန်ပိန်လေးနည်းနည်းသောက်လိုက်တာ မဆိုးလှဘူး ထင်တယ်နော။”

အအေးခံထားတဲ့ ရှန်ပိန်ပုလင်းနဲ့ ဖန်ခွက်သန့်သန့်နှစ်ခွက်ကို သူယူလာပြီး စားပွဲပေါ်ကို ညင်ညင်သာသာပဲ တင်လိုက်တယ်။ ပြီးတော့ ညစ်ကျယ်ကျယ်တစ်ချက်ပြုံးလိုက်ရင်း “ရှန်ပိန်ကတော့ လုံးလုံးကို အလဟဿပဲဗျ၊ သိလား”လို့ ပြောတယ်။ “တကယ်ကောင်းတဲ့ အပိုင်းဆိုလို့ ပုလင်းဖော့ဆို့ကို ဖွင့်လိုက်တဲ့ အချိန်လေးပဲရှိတာ။”

“အဲဒါကိုတော့ ကျွန်တော်လဲ မငြင်းနိုင်ဘူးဗျာ”လို့ ကျွန်တော် ပြောလိုက်တယ်။

ကျွန်တော်တို့ ပုလင်းဖော့ဆို့ကို ဖွင့်ပြီးနောက်ပိုင်း ပါရီက တိရစ္ဆာန်ရုံနဲ့ အဲဒီမှာရှိတဲ့ တိရစ္ဆာန်တွေအကြောင်း ခဏပြောဖြစ်ကြသေးတယ်။ ရှန်ပိန်ကတော့ အရသာထူးကဲလှပါတယ်။


နှစ်ကုန်ပိုင်းမှာ ပါတီပွဲတစ်ခု ရှိတယ်။ ရိုပွန်ဂီ (Roppongi)က ဘားတစ်ခုကို ငှားပြီးလုပ်တဲ့ နှစ်စဉ်လုပ်နေကျ နှစ်ကူးအကြိုည ပါတီပွဲပါ။ တူရိယာသမား သုံးယောက်ပါတဲ့ စန္ဒရားဝိုင်းတစ်ဝိုင်းက ဖျော်ဖြေနေပြီး စားကောင်းသောက်ဖွယ်တွေ အလျှံပယ်နဲ့ပါ။ အသိတစ်ယောက်နဲ့ဆုံလိုက်၊ စကားနည်းနည်းပြောလိုက်နဲ့ ကျွန်တော်လဲ ကိုယ့်ဝတ္တရားကိုယ်လုပ်နေတာပေါ့။ ကျွန်တော့်ဝတ္တရားက နှစ်စဉ်လုပ်နေကျ ခုလိုပွဲတွေမှာ မျက်နှာသွားသွားပြရတာပါပဲ။ ပါတီပွဲတွေကို အခုံမင်ကြီး မဟုတ်လှပေမယ့် ခုတစ်ပွဲကတော့ နွှဲပျော်ပါတယ်။ နှစ်ကူးအကြိုညမှာ တခြားလုပ်စရာ မယ်မယ်ရရ မရှိတဲ့ ကျွန်တော့်အဖို့ ထောင့်လေးတစ်ထောင့်မှာ အေးအေးလူလူရပ်ပြီး ယမကာလေးတစ်ခွက်လောက်နဲ့ ဂီတသံတွေကြား နစ်မျောနေရတာမျိုးက ဘာမအပန်းမကြီးလှပါဘူး။ ဒီလိုအချိန်မျိုးမှာ အငြိုအငြင်ပေးတတ်တဲ့ လူမျိုးတွေမရှိ၊ သူစိမ်းတွေနဲ့ မိတ်ဆက်ပေးတာ ခံရပြီး သူတို့ အာပေါင်အာရင်းသန်သန်ပြောမယ့် သက်သတ်လွတ်စားခြင်းဟာ ကင်ဆာရောဂါကို ဘယ်လိုကုသနိုင်တယ် ဆိုတာမျိုးတွေကိုလဲ နာရီဝက်လောက် ဒုက္ခခံ နားထောင်ပေးနေစရာလဲ မလိုဘူးလေ။

ဒါပေမဲ့ အဲဒီညကတော့ တစ်ယောက်ယောက်က ကျွန်တော့်ကို အမျိုးသမီးတစ်ဦးနဲ့ မိတ်ဆက်ပေးပါတယ်။ ထုံးစံအတိုင်း ပဋိသန္ဓာရ နည်းနည်းပါးပါးပြောကြပြီးတော့ ကျွန်တော်လဲ ကိုယ့်ထောင့်လေးကိုယ် ပြန်ဆုတ်လာတော့ လက်ထဲမှာ ဝီစကီခွက်နဲ့ အမျိုးသမီးဟာ ကျွန်တော့်နောက် လိုက်လာပါလေရော။

“ရှင်နဲ့ မိတ်ဆက်ပေးဖို့ ကျွန်မ မှာထားတာ”လို့ သူက နှစ်လိုဖွယ် ပြောပါတယ်။

သူ့ပုံစံက လည်ပြန်ငေးရလောက်တဲ့ ပုံစံမျိုး မဟုတ်ပေမယ့် ဆွဲဆောင်မှုရှိတာကတော့ အသေအချာပါပဲ။ အဖိုးတန် ပိုးသားဝတ်စုံစိမ်းနဲ့ အမျိုးသမီးဟာ ခန့်မှန်းခြေ သုံးဆယ့်နှစ်နှစ်လောက်တော့ ရှိရော့မယ်။ ဒီထက်ပိုငယ်တယ်လို့ ထင်ရအောင် ပြင်လို့ရပေမယ့် အဲဒီလောက် ဒုက္ခခံစရာ မလိုဘူးလို့ တွေးထားပုံပဲ။ လက်ချောင်းတွေမှာ လက်စွပ်သုံးကွင်းနဲ့ တန်ဆာဆင်ထားပြီး နှုတ်ခမ်းတွေပေါ်မှာတော့ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ရှိလေရဲ့။

“ရှင့်ကို ကြည့်ရတာ ကျွန်မအသိတစ်ယောက်နဲ့ ချွတ်စွပ်ကို တူနေတာပဲ”လို့ သူကပြောတယ်။ “ရှင့်မျက်နှာကျပုံရယ်၊ ရှင့်ကျောဖက်ပိုင်းရယ်၊ ရှင်ပြောပုံဆိုပုံကအစ စိတ်နေစိတ်ထားအထိ အဖက်ဖက် ဆိုပါတော့။ အံသြစရာကို တူတာရှင့်။ ရှင်ဝင်လာကတည်းက ကျွန်မကြည့်နေတာ။”

တခြားဘာပြောရမှန်း မသိတာနဲ့ ကျွန်တော်လဲ “အဲလောက်တောင် တူနေတယ်ဆိုရင်တော့ ကျွန်တော် အဲဒီလူနဲ့ တွေ့ဖူးချင်လိုက်တာ”လို့ ပြောလိုက်တယ်။

“ရှင်တကယ်တွေ့ချင်လား”

“ကိုယ်နဲ့ ချွတ်စွပ်တူတဲ့ လူတစ်ယောက်ကိုတွေ့ရင် ဘယ်လိုခံစားရမယ်ဆိုတာ ကျွန်တော်သိချင်ပါတယ်”


“တောင်းဆိုချက်တွေကို ကျွန်မ မုန်းတယ်။ ဘာနဲ့သွားတူသလဲဆိုတော့ စာကြည့်တိုက်က စာအုပ်တစ်အုပ် ငှားလာသလိုပဲ။ စဖတ်လိုက်တာနဲ့ ကျွန်မခေါင်းထဲ ရောက်လာတာက ဘယ်တော့ဖတ်ပြီးပါ့မလဲ ဆိုတာပဲ။”


သူ့အပြုံးက တဒင်္ဂလောက် နက်သွားပြီး ပြန်ဖျော့သွားတယ်။ “ဒါပေမဲ့ မဖြစ်နိုင်ပါဘူးရှင်”လို့ ပြောတယ်။ “လွန်ခဲ့တဲ့ ငါးနှစ်လောက်ကပဲ သူဆုံးသွားရှာတယ်။ ခုရှင့်အရွယ်လောက်ကပေါ့။”

“အဟုတ်ပဲလားဗျာ”

“ကျွန်မ သတ်လိုက်တာလေ”

ဂီတသမားသုံးယောက်က ဒုတိယတစ်သုတ်ကို အဆုံးသတ်လိုက်တော့ စိတ်မပါ့တပါ လက်ခုပ်သံတွေ ဟိုကဒီက နည်းနည်းစီ ထွက်လာတယ်။

“သီချင်းတွေကို ကြိုက်သလား”လို့ သူက ကျွန်တော့်ကို မေးပါတယ်။

“သီချင်းလဲကောင်း ကမ္ဘာကလဲ ကောင်းမယ်ဆိုရင်ပေါ့”

“ကမ္ဘာကောင်းကောင်းတစ်ခုမှာ သီချင်းကောင်းကောင်း မရှိဘူးရှင့်”လို့ သိပ်အရေးကြီးတဲ့ လျှို့ဝှက်ချက်တစ်ခုကို ပြောနေသလိုမျိုး သူကပြောတယ်။ “ကမ္ဘာကောင်းကောင်းတစ်ခုမှာ လေဟာ တုန်ခါမနေဘူး။”

ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာ စဉ်းစားမရတဲ့အဆုံး “သြော်”လို့ပဲ ကျွန်တော်ပြောလိုက်တယ်။

“ညကလပ်တစ်ခုမှာ ဝါရင်ဘီတီ (Warren Beatty) စန္ဒရားတီးတဲ့ရုပ်ရှင် ရှင်ကြည့်ဖူးလား”

“ဟင့်အင်း”

“အဲလစ်ဇဘက်တေလာ (Elizabeth Taylor) က အဲဒီကလပ်ကို လာသူတွေထဲက တစ်ယောက်ပေါ့။ ပြီးတော့ သူက ဆင်းရဲပြီး စိတ်သောကလဲ ရောက်နေတဲ့ပုံမျိုး”

“အင်း”

“အဲဒီမှာ ဝါရင်ဘီတီက အဲလစ်ဇဘက်တေလာကို ဘာသီချင်းများ တောင်းချင်သလဲလို့ မေးတယ်”

“အဲဒီတော့ သူက တောင်းလိုက်သလား”

“ကျွန်မ မေ့သွားပြီ။ ဇာတ်ကားက တော်တော်ဟောင်းနေပါပြီ။” ဝီစကီသောက်လိုက်တော့ သူ့လက်စွပ်တွေ လက်ကနဲ ဖြစ်သွားတယ်။ “တောင်းဆိုချက်တွေကို ကျွန်မ မုန်းတယ်။ ဘာနဲ့သွားတူသလဲဆိုတော့ စာကြည့်တိုက်က စာအုပ်တစ်အုပ် ငှားလာသလိုပဲ။ စဖတ်လိုက်တာနဲ့ ကျွန်မခေါင်းထဲ ရောက်လာတာက ဘယ်တော့ဖတ်ပြီးပါ့မလဲ ဆိုတာပဲ။”

သူစီးကရက်တစ်လိပ်ထုတ်ပြီး နှုတ်ခမ်းဖျားမှာ တေ့လိုက်တော့ ကျွန်တော်လဲ မီးခြစ်ဆံတစ်ချောင်းထုတ်ပြီး မီးညှိပေးလိုက်တယ်။

“ကြည့်ပါဦး။ ရှင်နဲ့တူတဲ့ လူတစ်ယောက်အကြောင်း ကျွန်မတို့ ပြောနေကြတာ မဟုတ်လား”

“သူ့ကို ဘယ်လိုများ သတ်လိုက်တာလဲ”

“သူ့ကိုလား။ ပျားအုံထဲ တွန်းချလိုက်တာ”

“ခင်ဗျား နောက်နေတာမဟုတ်လား”

“အင်း”လို့ သူကပြောတယ်။

သက်ပြင်းချရမယ့်အစား ကျွန်တော် ဝီစကီကိုပဲ တစ်ငုံငုံလိုက်တယ်။ ရေခဲတွေ အရည်ပျော်သွားတော့ ဝီစကီအရသာက ပျောက်လုလု ဖြစ်နေပါပြီ။

“ဥပဒေအရတော့ ကျွန်မ လူသတ်သမား မဟုတ်ဘူးနော်”လို့ သူပြောတယ်။ “ကျင့်ဝတ်ပိုင်းအရလဲ လူသတ်သမား မဟုတ်ဘူး”

“ဥပဒေအရရော၊ ကျင့်ဝတ်ပိုင်းအရပါ လူသတ်သမား မဟုတ်ဘူး” စိတ်သိပ်မပါလှပေမယ့် သူပြောခဲ့တဲ့ အချက်တွေကို ကျွန်တော် ပြန်သုံးသပ်လိုက်တယ်။ “ဒါပေမဲ့ ခင်ဗျား တစ်ယောက်ယောက်ကို သတ်ခဲ့သလား”

“ဒါပေါ့” ခပ်မြူးမြူး သူခေါင်းညိတ်လိုက်တယ်။ “ရှင်နဲ့ ချွတ်စွပ်တူတဲ့ တစ်ယောက်ကိုလေ”

အခန်းရဲ့ တခြားတစ်ဖက်မှာ လူတစ်ယောက် အကျယ်ကြီး အော်ရယ်နေတယ်။ သူ့နားက လူတွေကလဲ လိုက်ရယ်နေကြတယ်။ ဖန်ခွက်ချင်းတိုက်သံတွေ ကြားလိုက်ရတယ်။ ဟိုးအဝေးကြီးကပေမယ့် တကယ့်ကို ပီပီသသ ကြားနေရတာ။ ဘာကြောင့်မှန်းမသိပဲ ကျွန်တော့်နှလုံးဟာ ပြန့်ကားလာနေသလိုလို အထက်အောက် ရွေ့လျားနေသလိုလို တဒိန်းဒိန်း ခုန်လာတယ်။ ကျွန်တော်ဟာလဲ ရေပေါ်မှာ ပေါလောမျောနေတဲ့ မြေသားတစ်ခုပေါ်မှာ လမ်းလျှောက်နေရသလို ခံစားရတယ်။

“ငါးစက္ကန့်တောင် မကြာလိုက်ဘူး”လို့ သူက ဆက်ပြောတယ်။ “သူ့ကို သတ်တုန်းကလေ။”

ကျွန်တော်တို့ ခဏတိတ်သွားကြတယ်။ သူကတော့ အချိန်ကျကျနနယူပြီး တိတ်ဆိတ်မှုကို အရသာခံနေလေရဲ့။

“လွတ်လပ်မှုအကြောင်း ရှင်တွေးဖူးသလား”လို့ သူက မေးလိုက်တယ်။

“တခါတလေပေါ့”လို့ ကျွန်တော်ပြန်ပြောလိုက်တယ်။ “ဘာလို့မေးတာပါလိမ့်။”

“ရှင် ဒေစီပန်းပုံရော ဆွဲတတ်လား”

“ထင်တာပဲ။ ဒါ ပင်ကိုအရည်အသွေး စစ်ဆေးမှု တစ်ခုခုများလား”

“အဲလောက်နီးပါးပဲရှင့်” သူရယ်နေတယ်။

“ဟုတ်ပါပြီ။ ကျွန်တော် အောင်ရဲ့လား။”

“အင်း”လို့ သူကဖြေတယ်။ “ရှင် အဆင်ပြေမှာပါ။ ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ ဝမ်းတွင်းသိအရ ကျွန်မပြောရရင် ရှင်ဟာ ကောင်းကောင်းမွန်မွန်နဲ့ အသက်ရှည်ရှည် နေရလိမ့်မယ် ”

“ကျေးဇူးတင်ပါတယ်”လို့ ကျွန်တော်ပြောလိုက်တယ်။

တီးဝိုင်းက ‘အော်လန်ဆိုင်း (Auld Lang Syne)’ ကို စတီးနေပါပြီ။

“ဆယ့်တစ် ငါးဆယ့်ငါး” သူ့ဘယက်ပေါ်က ရွှေနာရီကို ငုံ့ကြည့်ရင်း “ကျွန်မတော့ အော်လန်ဆိုင်းကို သိပ်ကြိုက်တာပဲ။ ရှင်ရော”

“ကျွန်တော်တော့ ‘ဟိုးဝေးဝေးကအိမ် (Home on the Range)‘ကို ပိုသဘောကျတယ်။ သမင်တွေ တောင်ဆိတ်တွေနဲ့ဟာလေ”

သူထပ်ပြုံးပြန်တယ်။ “ရှင့်ကြည့်ရတာ တိရစ္ဆာန်တွေကို ချစ်ပုံရတယ်။”

“ဟုတ်ကဲ့”လို့ ပြောလိုက်ရင်း တိရစ္ဆာန်ရုံတွေကို သဘောကျတဲ့ ကျွန်တော့်မိတ်ဆွေနဲ့ သူ့အသုဘဝတ်စုံအကြောင်း သွားသတိရလိုက်သေးတယ်။

“ရှင်နဲ့ စကားပြောရတာ ပျော်ဖို့ကောင်းပါတယ်။ ဂွတ်ဘိုင်”

“ဂွတ်ဘိုင်”လို့ ကျွန်တော် ပြန်နှုတ်ဆက်လိုက်ပါတယ်။


လေကိုချွေတာဖို့ မီးအိမ်တွေကို ငြှိမ်းလိုက်ကြတာနဲ့ အမှောင်ထုဟာ သူတို့ကို ဝန်းရံလာတော့တယ်။ တစ်ယောက်မှ စကားမပြောကြဘူး။ မှောင်ထဲမှာ သူတို့ကြားနေရတာဆိုလို့ မျက်နှာကြက်ပေါ်ကနေ ငါးစက္ကန့်တစ်ခါ ရေစက်တစ်စက် ယိုကျလာတဲ့အသံပဲ။

“ကဲ၊ အားလုံးပဲ တတ်နိုင်သလောက် အသက်ပြင်းပြင်း မရှူကြပါနဲ့။ တို့မှာ လေလုံလုံလောက်လောက် မကျန်တော့ဘူး” မိုင်းတွင်းအလုပ်သမားကြီးတစ်ယောက်က ပြောတယ်။ တိုးတိုးလေး ထိန်းပြောလိုက်ပေမယ့် သူ့အသံကြောင့် လိုဏ်ခေါင်းမျက်နှာကြက်တစ်လျှောက်က သစ်သားတန်းတွေ တကျွီကျွီမြည်သံဖျော့ဖျော့ ထွက်လာတယ်။ မိုင်းတွင်းအလုပ်သမားတွေအားလုံး ပူးကပ်ထိုင်နေကြရင်း အသံတစ်သံကိုပဲ အားစိုက်ပြီး နားစွင့်နေကြတယ်။ လက်ကိုင်ပုဆိန်တွေရဲ့ အသံ။ အသက်ရှင်သန်မှုရဲ့ အသံ။

နာရီပေါင်းများစွာ သူတို့စောင့်နေခဲ့ကြတယ်။ အမှောင်ထုထဲမှာ တကယ့်အဖြစ်မှန်ဟာ တဖြည်းဖြည်း အရည်ပျော်ဆင်းလို့။ အရာရာတိုင်းဟာ လွန်ခဲ့သော ကာလများစွာက ဟိုးအဝေးကြီးက ကမ္ဘာတစ်ခုမှာ ဖြစ်ပျက်ခဲ့သလိုလို ခံစားရစပြုလာကြတယ်။ ဒါမှမဟုတ် အနာဂတ်ကာလတစ်ခုရဲ့ သီးခြားကမ္ဘာတစ်ခုမှာပဲ ဖြစ်တော့မှာများလား။

အပြင်မှာတော့ လူတွေဟာ အောက်ကသူတို့ကို ကယ်ဖို့ တွင်းတစ်တွင်း တူးနေကြလေရဲ့။ ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခန်းလိုပါပဲ။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s