လမ်းအိုလေး

Løøps of Resistance …

Blind Willow Sleeping Woman (Haruki Murakami)

ပိုးစုန်းကြူး (ဒီနိုဗို)

Leave a comment

This slideshow requires JavaScript.

… ကြိမ်ဖန်များစွာ ကျွန်တော့်ရဲ့ လက်တွေကို အမှောင်ထုထဲကို မြှောက်စမ်းကြည့်ပေမယ့် ကျွန်တော့် လက်ချောင်းတွေက ဘာကိုမှ စမ်းလို့မမိ။ အဲဒီ အလင်းစက်ကလေးဟာ ကျွန်တော် လက်လှမ်းမမှီတဲ့ နေရာမှာပဲ အမြဲ ရှိနေခဲ့တော့တယ် …

ဘာသာပြန် – ဒီနိုဗို | Mirrored from: ဒီနိုဗို
Image source: haruki-murakami.com



တစ်ချိန်တုန်းက။ ပြောရရင် လွန်ခဲ့တဲ့ ၁၅နှစ်ကျော်လောက်ကပေါ့။ တိုကျိုမှာ ကောလိပ်တက်ရင်း အပြင်ဘော်ဒါဆောင်တစ်ခုမှာ ကျွန်တော် နေခဲ့ဖူးတယ်။ အဲဒီအချိန်က ကျွန်တော်က ၁၈နှစ်သား။ ကောလိပ်ကျောင်းသား အသစ်ကျပ်ချွတ်လေး။ မြို့အကြောင်းလည်း ဘာမှ မသိသေး။ တစ်ယောက်တည်းလည်း မနေဖူးသေး ဆိုတော့ ကျွန်တော့်မိဘတွေက ထုံးစံအတိုင်း စိတ်မချဘူးပေါ့။ ဒီတော့ ကျွန်တော့်ကို ဘော်ဒါဆောင် ပို့လိုက်တာ သူတို့အတွက် အကောင်းဆုံး နည်းလမ်းပဲ။ ငွေကြေးအရ ကြည့်ရင်လည်း သက်သာတယ် မဟုတ်လား။ အမှန်တော့ ကျွန်တော်က ကိုယ်ပိုင်တိုက်ခန်းနဲ့ နေဖို့ အိပ်မက်နေခဲ့တာ ကြာပြီ။ ဒါပေမယ့် ဘာတတ်နိင်မှာလဲ။ ကျွန်တော့်အိမ်က ကောလိပ် တတ်ဖို့ကျောင်းလခတွေ လစဉ်ကုန်ကျစားရိတ်တွေ အကုန် အကျ ခံထားကြတယ် မဟုတ်လား။

အဆောင်က ဘွန်ကျိုရပ်ကွက် ကုန်းမြင့်ပေါ်မှာ တည်ရှိပါတယ်။ မြေကွက်က ကျယ်မှကျယ်။ မြင်ကွင်းကလည်း ကောင်းမှကောင်း။ ကွန်ကရစ်တံတိုင်း မြင့်မြင့်ကြီးနဲ့ ပတ်ပတ်လည် ကာရံလို့ထားတယ်။ ပင်မတံခါးကနေ ဝင်လိုက်ရင် ဇယ်ကိုဗာပင်ကြီးက မားမားကြီး။ အပင်ကြီးက သက်တမ်း ၁၅၀လောက် ရှိမယ်။ ပိုချင်တောင် ပိုမလားမသိ။ ပင်ခြေမှာရပ်ပြီး အပေါ်ကို မော့ကြည့်လိုက်ရင် အရွက်တွေ ဖျာထွက်နေတဲ့ အကိုင်းကြီးတွေနဲ့ ကောင်းကင်ကိုတောင် ကောင်းကောင်းမမြင်ရဘူး။ သစ်ပင်ကြီးဘေးကနေ ကွန်ကရစ် လျောက်လမ်းကလေးက ကွေ့ပတ်ပြီး ဝင်းကြီးကို တဲ့တဲ့ဖြတ်သွားတယ်။ ဝင်းကြီးရဲ့ တစ်ဖက်တစ်ချက်မှာတော့ သုံးထပ်ဆောင် နှစ်ခုက ဘေးချင်းယှဉ်လို့။ အဆောက်အဦးတွေက အကြီးကြီးတွေ။ တယောက်ယောက်ရဲ့ ထရန်စ္စတာ ရေဒီယိုက DJ အသံတွေဟာ ဖွင့်ထားတဲ့ ပြူတင်းပေါက်ကိုဖြတ်ပြီး ပေါက်ကွဲလွင့်ပျံလာခဲ့တယ်။ အခန်းလိုက်ကာတွေက လည်း အားလုံးတစ်ရောင်ထဲ။ နိ့နှစ်ရောင်က နေစားထားလို့ ဖျော့မှိန်လို့နေပြီ။

လူသွားလမ်းကလေးကို မျက်နှာမူထားတဲ့ နှစ်ထပ်ဆောင်လေးက ပင်မဆောင်။ ပထမထပ်မှာ ထမင်းစားခန်းမ။ ရေချိုးဆောင်။ ဒုတိယထပ်မှာတော့ ကပွဲခန်းမ။ အစည်းအဝေးခန်းမ။ ဧည့်ဆောင်ဆိုပြီး ရှိတယ်။ ပင်မဆောင်ဘေးကတော့တတိယမြောက်အဆောက်အဦး။ ဒါလည်းသုံးထပ်ဆောင်ပဲ။ အဆောင်ဝင်းကတော့ အကျယ်ကြီး။ မြက်ခင်းပတ်ပတ်လည်လှည့်ဖြန်းနေတဲ့ ရေပန်းက နေရောင်အောက်မှာ တဖျတ်ဖျတ် လတ်လို့။ ပင်မဆောင်အနောက် ပတ်ပတ်လည် လျောက်လိုက်ရင်တော့ ဘောလုံးတို့ ရပ်ဘီတို့ ကစားနိင်တဲ့ ကစားကွင်းကြီးတစ်ခု။ တင်းနစ်ကွင်းက ခြောက်ခု။ ကဲ ဘာများလိုသေးလဲ။

ဒီအဆောင်နဲ့ ပက်သက်ပြီး တစ်ခုတည်းသော ပြဿနာက (ဒါကို ပြဿနာလို့တော့ လူတိုင်း လက်မခံကြပါဘူး) ဒီအဆောင်ကို ဖွင့်ထားတာ လက်ယာစွန်းသမားတွေရဲ့ လှိျု့ဝှက် ဖောင်ဒေးရှင်းတစ်ခု ဖြစ်နေတာပဲ။ အဆောင်ရဲ့ လက်ကမ်းစာစောင်ကို ကြည့်လိုက်တာနဲ့ကို သိနိင်ပါတယ်။ ပညာရေးရဲ့ အခြေခံ ရည်မှန်းချက်တွေ ပြည့်မှီဖို့နဲ့ အရည်အသွေးမြင့် နိင်ငံ့ဝန်ထမ်းတွေ ပျိုးထောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအဆောင်ကို တည်ထောင်ရပါတယ်လို့ ဆိုထားတယ်။ ဒီအတွေးအခေါ်ကို လက်ခံတဲ့ ငွေပေါတဲ့ စီးပွားရေးသမားတွေကလည်း အဆောင်စားရိတ်ကို ဝိုင်းပြီး အကုန်အကျခံကြတယ်။ ဒါက တရားဝင် သိထားတဲ့ ဇာတ်လမ်း။

နောက်ကွယ်က အကြောင်းတွေကတော့ တခြားအရာတွေလိုပါပဲ လူတိုင်းမှန်းကြည့်လို့ရပါတယ်။ ကောလဟာလတွေ အရတော့ ဒီအဆောင်ဖွင့်ထားတာဟာ အခွန်ရှောင်ဖို့ အတွက်တဲ့။ မြေယာလိမ်လည်မှု တစ်ခုပဲတဲ့။ ဒါတွေဟာ အဆောင်က နိစ္စဓူဝ ကိစ္စတွေနဲ့တော့ မဆိုင်ပါဘူး။ လက်တွေ့မှာ ဒီအဆောင်ကို ဘယ်သူပဲပိုင်ပိုင် ဘာအရေးလဲ။ လက်ယာသမားဖြစ်ဖြစ်။ လက်ဝဲသမားဖြစ်ဖြစ်။ အပြောသမား သက်သက်တွေပဲဖစ်ဖြစ်။ စာရိတ္တ ပျက်နေတဲ့သူပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ တကယ့်ဇာတ်လမ်းက ဘယ်လိုရှိရှိ ၆၇ နွေဦးနဲ့ ၆၈ ဆောင်းဦးအကြားမှာတော့ ကျွန်တော့်မှာ အဲဒီအဆောင်ကိုပဲ အိမ်လုပ်လို့ နေခဲ့ရပါတယ်။


အဆောင်ရဲ့ တစ်နေ့တာကို အလံတင်အခမ်းအနားနဲ့ အမြဲအစပြုလေ့ ရှိပါတယ်။ အလံတင်စင်မြင့်က ဝင်းရဲ့ အလယ်တည့်တည့်မှာ ရှိတဲ့အတွက် အဆောင် ပြူတင်းပေါက်တွေက လှမ်းကြည့်လို့ရတယ်။ အလံတင် အခမ်းအနားဆိုတော့ နိင်ငံတော်သီချင်းကို ဖွင့်ရတာပေါ့။ အားကစားသတင်းနဲ့ ချီတက်ပွဲ အမြဲ တွဲနေသလိုမျိုးပဲ။ တစ်ခုခုမပါလို့ မရဘူးလေ။


အေးချမ်းသာယာသော နိင်ငံတော်ကြီး အဓွန့်ရှည်ပါစေ။ အလံက အလံတိုင်တစ်လျောက် လျောပြီး တက်သွားတယ်။ ကျောက်တုံးလေးတွေထိတိုင်ဆိုတဲ့ အပိုဒ်ရောက်တော့ အလံက တိုင်တစ်ဝက် ရောက်ပြီ။ နိင်ငံတော်သီချင်းလဲဆုံး၊ အလံလည်း ထိပ်ကိုရောက်ပဲ။ နှစ်ယောက်သား သတိတစ်ချက်ဆွဲ။ ပြီးတော့ အလံကို ငေးစိုက် ကြည့်ကြတယ်။


အလံတင်ပွဲကိုတော့ ကျွန်တော်နေတဲ့ အရှေ့ဆောင် အဆောင်မှူးက အမြဲ ဦးဆောင်တယ်။ သူက ငါးဆယ်ကျော်လောက်ရှိပြီ။ ခြုံပြောရရင် ခပ်ကြမ်းကြမ်းရုပ်မျိုး။ ဆံပင်က တိုတိုကပ်ကပ်။ ဟိုနားသည်နားမှာ ဆံပင်ဖြူတစ်ချို့က ထိုးထိုးထောင်ထောင်။ နေလောင်ထားတဲ့ လည်ပင်းပေါ်မှာတော့ အမာရွတ် အရှည်ကြီးတစ်ခု။ ပြောကြတာကတော့ သူဟာ Nakano စစ်သက္ကသိုလ်ဆင်းတဲ့။ သူ့ဘေးမှာတော့ သူ့အကူ ကျောင်းသားတစ်ယောက်။ သူ့ပုံစံက နားလည်ရခက်တယ်။ သူက ဆံပင်ကို တိုတိုညှပ်ပြီး ကျောင်းဝတ်စုံကို အမြဲဝတ်ဆင်ထားတယ်။ သူ့နာမည် ဘယ်လိုခေါ်လဲ။ ဘယ်အခန်းမှာ နေသလဲဆိုတာ ဘယ်သူမှ မသိဘူး။ သူ့ကို ထမင်းစားခန်းမှာပဲ ဖြစ်စေ။ ရေချိုးဆောင်မှာ ဖြစ်စေ တစ်ခါမှ မတွေ့ဖူးဘူး။ သူဟာ ကျောင်းသားဟုတ်မဟုတ်တောင် မသိပါဘူး။ ကျောင်းဝတ်စုံ ဝတ်ထားတော့လည်း ကျောင်းသားပဲ ဖြစ်ဖို့ရှိတယ် မဟုတ်လား။ စစ်သက္ကသိုလ်ဆင်းနဲ့ ကွာတာက သူကပုတယ်။ ဝဝကစ်ကစ်နဲ့ ဖြူရော်ရော်ပုံမျိုး။ မနက်၆နာရီထိုးတာနဲ့ နှစ်ယောက်သား တက်နေဝန်းအလံကို အလံတိုင်မှာ စတင်ကြပြီ။

ဒီမြင်ကွင်းကို ကျွန်တော် ကြည့်ခဲ့ရတာ ဘယ်နှစ်ကြိမ်မြောက်မှန်းတောင် မမှတ်မိတော့ပါဘူး။ မနက် ၆နာရီ ခေါင်းလောင်းထိုးပြီးတာနဲ့ အဲဒီနှစ်ယောက်က ဝင်းထဲရောက်နေပြီ။ ကျောင်းယူနီဖောင်းနဲ့ တစ်ယောက်က သစ်သားသေတ္တာလေးဆွဲလို့။ အကယ်ဒမီဆင်းက ဆိုနီတိပ်ရီကော်ဒါနဲ့။ စင်အောက်ခြေမှာ တိပ်ရီကော်ဒါကို ချလိုက်တယ်။ ယူနီဖောင်းနဲ့ တစ်ယောက်က သေတ္တာလေးကို ဖွင့်လို့။ အထဲမှာ သေသေသပ်သပ် ခေါက်ထားတဲ့ ဂျပန်အလံ။ သူက အလံကို သူ့ဆရာဆီ ကမ်းပေးလိုက်ပြီး သူ့ဆရာက အလံကို ကြိုးမှာ ချည်လိုက်တယ်။ ဒီတော့မှယူနီဖောင်းနဲ့ ချာတိတ်က တိပ်ရီကော်ဒါကို စဖွင့်တယ်။ အေးချမ်းသာယာသော နိင်ငံတော်ကြီး အဓွန့်ရှည်ပါစေ။ အလံက အလံတိုင်တစ်လျောက် လျောပြီး တက်သွားတယ်။ ကျောက်တုံးလေးတွေထိတိုင်ဆိုတဲ့ အပိုဒ်ရောက်တော့ အလံက တိုင်တစ်ဝက် ရောက်ပြီ။ နိင်ငံတော်သီချင်းလဲဆုံး။ အလံလည်း ထိပ်ကိုရောက်ပဲ။ နှစ်ယောက်သား သတိတစ်ချက်ဆွဲ။ ပြီးတော့ အလံကို ငေးစိုက် ကြည့်ကြတယ်။ နေသာတဲ့ နေ့တွေမှာ လေပြည်လေးက တဖြူးဖြူးနဲ့ တကယ့်မြင်ကွင်းကောင်းပဲ။

ညနေအခမ်းအနားကလည်း မနက်နဲ့ အတူတူပဲ။ ပြောင်းပြန်ဖြစ်နေတာပဲ ကွာတယ်။ အလံက အလံတိုင်တလျောက် လျှောကျလာပြီး သေတ္တာထဲ ထည့်သိမ်းလိုက်တာပါပဲ။ ညဘက်မှာတော့ အလံမထူထားဘူး။ ဘာကြောင့် အလံကို ညဘက်မှာ ဖြုတ်သိမ်းသွားတာလဲဆိုတာတော့ ကျွန်တော်လည်းမသိဘူး။ တိုင်းပြည်က ညဘက်မှာလည်း ရှိနေတာပဲ မဟုပ်လား။ ညဘက်မှာလည်း လူအမြောက်အများအလုပ်လုပ်နေကြတာပဲလေ။ သူတို့ပေါ်မှာတော့ အလံတော်တစ်ခုကို လွှင့်တင်မထားတာ မမျှတသလိုပဲ။ ဒါဟာ ပူစရာမရှိ စိတ်ပူနေတာများလား။ ကျွန်တော့်လိုလူကတော့ အမြဲ စိုးရိမ်ပူပန်နေတာပါပဲ။

အဆောင်မှာ ကျောင်းသားသစ်တွေနဲ့ ဒုတိယနှစ် ကျောင်းသားတွေနဲ့က တစ်ခန်း။ အငယ်တန်းတွေနဲ့၊ အကြီးတန်းတွေကတော့ တစ်ယောက်တစ်ခန်းပဲ နေကြတယ်။ ကျွန်တော်နေရတဲ့ နှစ်ယောက်ခန်းက ဖင်မလှည့်သာအောင် ကျဉ်းလွန်းတယ်။ တံခါးနဲ့ တည့်တည့် နံရံမှာတော့ အလူမီနီယံဘောင်နဲ့ ပြူတင်းပေါက်။ ပရိဘောဂတွေက အပေါစားတွေပေမယ့် ခိုင်ခိုင်ခန့်ခန့်တော့ ရှိပါတယ်။ စားပွဲနဲ့ ထိုင်ခုံ နှစ်စုံစီ။ နံရံကပ် နှစ်ထပ်အိပ်စင်။ အဝတ်အစားထည့် အံဆွဲနှစ်ခုနှင့် စာအုပ်စင်တွေ ပေးထားပါတယ်။ အခန်းအများစုကို ကြည့်လိုက်ရင် စင်တွေပေါ်မှာ ရေဒီယိုတွေ။ အခြောက်ခံ လေမှုတ်စက်တွေ။ လျှပ်စစ်ကော်ဖီအိုးတွေ။ အသင့်ဖျော် ကော်ဖီကရားတွေ။ သကြားနဲ့ အသင့်စား ခေါက်ဆွဲပြုတ်ဖို့ အိုးတွေ။ ကော်ဖီခွက်တွေ။ ပန်းကန်ပြားတွေ။ ပလာစတာကိုင်ထားတဲ့ နံရံပေါ်မှာတော့ playboy မဂ္ဂဇင်းက မလုံ့တလုံပုံတွေ။ စားပွဲပေါ်မှာတော့ ကျောင်းစာအုပ်တွေနဲ့ အများကြိုက် အပျော်ဖတ်ဝထ္ထုတွေ။

ယောကျာ်းလေးဆောင် ဆိုတော့လည်း များသောအားဖြင့် အခန်းတွေက ညစ်ပတ်နေတတ်တယ်။ အမှိုက်ခြင်း အောက်ခြေမှာ လိမ္မော်သီးခွံတွေ။ ဆေးလိပ်ပြာခွက်အဖြစ် သုံးနေကြတဲ့ သတ္တုဘူးခွံတွေထဲမှာ ပြာက လက်လေးသစ်။ ကြမ်းပြင်မှာတော့ ကော်ဖီအနယ်ကပ်နေတဲ့ ခွက်တွေ။ အသင့်စား ခေါက်ဆွဲဘူးခွံတွေ။ ဘီယာဘူးခွံတွေက ပြန့်ကျဲလို့။ လေတစ်ချက်လောက် တိုက်လိုက်တာနဲ့ ကြမ်းပြင်က ဖုန်တစ်သုတ်က ဝေ့တက်လာတယ်။ လူတိုင်းလူတိုင်းက မလျော်ရသေးတဲ့ အဝတ်တွေကို အိပ်ယာအောက် ထိုးထည့်နေကြတော့ အခန်းတိုင်းက အနံအသက်တွေက အထက်ဘဝဂ်တိုင်အောင် သင်းပံျ့လို့။ အိပ်ယာခင်းကို ထုတ်လှန်းဖို့တော့ မေ့သာထားလိုက်တော့။ ဒီတော့ ချွေးစော် ချဉ်စော်တွေနဲ့ အမြဲဒီလိုပဲပေါ့။

ဒါပေမယ့် ကျွန်တော့်အခန်းကတော့ အစွန်းအကွက်တောင် မရှိပါဘူး။ ကြမ်းပြင်ပေါ်မှာ အစက်အပျောက်တစ်စက် မရှိဘူး။ ကြည့်လိုက်ရင် ဆေးလိပ်ပြာခွက်က ဝင်းလက်လို့။ အိပ်ယာခင်းကို တစ်ပတ်တစ်ကြိမ် အမြဲ ထုတ်လှန်းတတ်တယ်။ ခဲတံတွေက ခဲတံစင်ပေါ်မှာ သပ်သပ်ရပ်ရပ်။ မလုံ့တစ်လုံပုံတွေအစား အမ်စတာဒမ်က တူးမြောင်းပုံတစ်ပုံပဲ ကပ်ထားတယ်။ ဘာကြောင့်လဲဆို ကျွန်တော့် အခန်းဖော်က ကိုဖိုးသန့် ဖြစ်နေတာကိုး။ ကျွန်တော့်မှာ လက်တစ်ချောင်းတောင် လှုပ်စရာ မလိုဘူး။ သူပဲ အကုန်လုပ်သွားတာ။ လျော်တာဖွတ်တာက အစ။ ပြောရရင် ကျွန်တော့် အဝတ်အစားတွေတောင် မချန်ဘူး။ ခင်ဗျား စဉ်းစားကြည့်။ ဆိုကြပါစို့။ ဘီယာသောက်ပြီး ခွက်အလွတ်ကလေးကို စားပွဲပေါ်တင်ရုံပဲ ရှိသေး။ သူက အမှိုက်ပုံးထဲ သွားထည့်လိုက်ပြီ။

သူက ပထဝီဘာသာ တတ်နေတဲ့သူ “ကျွန်တော်က မြေ-မြေ- မြေပုံတွေကို လေ့လာနေတာ” ဟုဆိုသည်။

“ဘာလဲ ခင်ဗျားက မြေပုံတွေ ဆွဲမလို့လား” ကျွန်တော်မေးလိုက်တော့

“ဟုတ်တယ်။ ကျွန်တော်က အမျိုးသား ပထဝီဌာနမှာ မြေပုံဆွဲတဲ့အလုပ် ရချင်တာ”တဲ့။ လူတစ်ကိုယ် တစ်မျိုးစီပါပဲလားလို့ တွေးမိတယ်။ အဲဒီအချိန်ထိ ကမ္ဘာပေါ်မှာ မြေပုံဆွဲတဲ့ အလုပ်ကို ဘယ်လိုလူမျိုးတွေ လုပ်ကြတာလဲ။ ဘာကြောင့်များ လုပ်ကြတာလဲလို့ ကျွန်တော် ယောင်လို့တောင် မတွေးဖူးဘူး။ ဘာပဲဖြစ်ဖြစ် မြေပုံဆိုတဲ့ စကားလုံးကို အ ထစ် အ ထစ်နဲ့ ပြောနေတဲ့သူ တစ်ယောက်က ပထဝီဌာနမှာ လုပ်ချင်တယ်ဆိုတာကို ကြားရတာ နည်းနည်း ကြောင်တောင်တောင်နိင်တယ် ဆိုတာကိုတော့ ဝန်ခံပါတယ်။ သူက စကားလုံးတိုင်း ထစ်နေတာတော့ မဟုတ်ဘူး။ တစ်ခါတရံဆို လုံးဝမထစ်ဘူး။ ဒါပေမယ့် မြေပုံဆိုတဲ့ စကားလုံးကို ပြောတာနဲ့ ထစ်တော့တာပဲ။ “ခင်ဗျားကရော ဘယ်ဘာသာ အဓိကယူသလဲ” သူက ပြန်မေးတယ်။

“ပြဇာတ်”

“ပြဇာတ် ဟုပ်လား။ ပြဇာတ်ဇာတ်လမ်းတွေ ကတာမျိုးကို ပြောတာလား”

“မဟုတ်ဘူး။ ကျွန်တော်က ပြဇာတ်ကဖို့ မဟုတ်ဘူး။ ဇာတ်ညွှန်းရေးဖို့ လေ့လာနေတာ။ Racine တို့ Ionesco တို့ Shakespeare တို့ကို ကြားဖူးတယ် မဟုတ်လား”

“Shakespeare တော့ ကြားဖူးတယ်။ တခြားသူတွေတော့ မကြားဖူးဘူး”

“တကယ်တော့ ကျွန်တော်လဲ သူတို့အကြောင်း ကောင်းကောင်းမသိပါဘူး။ သင်ရိုးထဲ ပါတာတွေ ရွတ်ကြည့်တာပါ။”

“ဒါပေမယ့် ခင်ဗျားအဲဒီလိုမျိုးတွေကို ကြိုက်တယ်မဟုတ်လား”

“ထူးထူးခြားခြား ကြိုက်လှတယ်လို့ မဟုတ်ပါဘူး” ဒီစကားက သူ့ကို အတော်ဘဝင်မကျ ဖြစ်စေပါတယ်။

သူက စိတ်အလိုမကျဖြစ်ရင် ပိုစကားထစ်တယ်။ သူက အဲဒီလို စကားထစ်တော့ ကျွန်တော့်မှာလည်း အပြစ်မကင်းသလို ခံစားရပါတယ်။ “ကျွန်တော့်အတွက်တော့ အိန္ဒိယ ဒဿန။ အရှေ့တိုင်းသမိုင်းစတဲ့ ဘယ်ဘာသာရပ်ဖြစ်ဖြစ်ပါ မထူးပါဘူး။ ဒီလိုနဲ့ နောက်ဆုံး ဒီပြဇာတ်ဘာသာရပ်ကို ရွေးမိသွားတယ် ဆိုပါတော့” သူ့ကို ဘဝင်ကျသွားအောင် ကျွန်တော် အမြန်ရှင်းပြရပါတယ်။

“ကျွန်တော် နားမလည်နိင်ဘူး” သူက မကျေမနပ် ပြောနေသေးတယ်။

“ကျွန်တော်ဆိုရင် မြေပုံတွေကို သဘောကျတယ်။ ဒါကြောင့် မြေပုံဘယ်လိုဆွဲသလဲ ဆိုတာကို တိုကျိုအထိလာပြီး ကောလိပ်ကျောင်းတက်တာ။ ဒီ့အတွက် ကျွန်တော့်မိဘတွေက ကျောင်းစားရိတ် ထောက်ပံ့ပေးကြတာပေါ့။ ဒါပေမယ့် ခင်ဗျားကျတော့ ကျွန်တော် နားမလည်နိင်ဘူး”

သူ့ရှင်းလင်းချက်က ကျွန်တော့်ထက် ပိုဆီလျော်မှု ရှိပါတယ်။ ကျွန်တော်လည်း ကျွန်တော့် ဇာတ်လမ်းကို ရှင်းပြနေလို့လည်း မထူးပါဘူးလေဆိုပြီး လက်လျော့ထားလိုက်တယ်။ အအေးသောက်တဲ့ ပိုက်တံလေးနဲ့ နှစ်ထပ်အိပ်စင်လေးကို အပေါ်ဆင့် အောက်ဆင့် ကျပန်းရွေးတော့ ကျွန်တော်က အပေါ်ကျတယ်။
သူ့ပုံစံက အရပ်မြင့်မြင့် ဆံပင်တိုတို မေးရိုးကားကား။ အဖြူရောင် ရှပ်အင်္ကျီနဲ့ အနက်ရောင် ဘောင်းဘီရှည် အမြဲ ဝတ်တတ်တယ်။ ကျောင်းသွားရင်တော့ ကျောင်းဝတ်စုံနဲ့ အနက်ရောင် ရှူးဖိနပ်ကိုစီး၊ အနက်ရောင် လက်ဆွဲအိတ်ကို ကိုင်လို့။ တကယ့် လက်ယာသမားကျောင်းသား ပုံစံ။ အဆောင်က ကျောင်းသားတွေကတော့ သူ့ကို အဲဒီအတိုင်း တံဆိပ်ကပ်ထားကြတယ်။ တကယ်တမ်းတော့ ဒီပုဂ္ဂိုလ်လေးက နိင်ငံရေးကို နကန်းတစ်လုံးမှ စိတ်ဝင်စားတာမဟုတ်။ အဝတ်အစား ရွေးရတဲ့ ဒုက္ခကို မခံချင်တာ သက်သက်ပဲ။

သူ့ရဲ့ တစ်ခုတည်းသော စိတ်ဝင်စားမှုက ကမ်းခြေတစ်လျောက် ပြောင်းလဲမှုတွေ၊ အသစ်ဖောက်ပြီးသွားတဲ့ တူးမြောင်းတွေ အဲဒီလိုမျိုးတွေပဲ။ အဲဒီအကြောင်းများ ပြောမိရင် အနည်းဆုံး တစ်နာရီ၊ တခါတရံ နှစ်နာရီလောက်ထိ မနားတမ်းပဲ ထစ်ငေါ့ထစ်ငေါ့နဲ့ ပြောနေပါလိမ့်မယ်။ တောင်းတောင်းပန်ပန် ရပ်ခိုင်းရင်ခိုင်း မဟုတ်ရင်တော့ အိပ်ပျော်သွားတဲ့အထိ ပြောနေလိမ့်မယ်။

မနက် ၆နာရိတိတိဆို သူထပြီ။ နိင်ငံတော်သီချင်းက သူ့နိုးစက်သံပဲ။ ဒီတော့လည်း အလံတင်ပွဲဟာ လုံးလုံးအကျိုးမရှိတာတော့ မဟုတ်ဘူးလို့ တွေးမိတယ်။ သူကိုယ်လက်သန့်စင် အဝတ်အစား လဲတာက ကြာလိုက်တာ မပြောပါနဲ့။ တစ်ခါတစ်ခါဆို သူ့ကို သွားတစ်ချောင်းချင်းများ ချွတ်ပြီး တိုက်နေသလားတောင် ထင်မိတယ်။ အခန်းထဲ ပြန်ရောက်ရင်တော့ သူ့မျက်နှာသုတ်ပဝါကို ဖြန့်ခါပြီး ချိတ်မှာချိတ်၊ သွားပွတ်တံတွေ၊ ဆပ်ပြာတွေကို စင်ပေါ်မှာ ပြန်ထားလို့။ ပြီးရင် ရေဒီယိုကို ဖွင့် မနက်လေ့ကျင့်ခန်း စပြီ။

ကျွန်တော်က ညမအိပ်တဲ့ ဇီးကွက်။ ပြီး တော်တော်နဲ့ မနိုးတဲ့သူ။ ဒီတော့ သူလေ့ကျင့်ခန်း စလုပ်တဲ့အချိန်ဆို ကျွန်တော်က ကုလားသေ ကုလားမော အိပ်နေတုန်း။ သူ အပေါ်အောက်ခုန်တဲ့ အပိုင်းကို ရောက်ပြီဆိုမှ အိပ်ယာပေါ်က ကမန်းကတမ်း ထရပါတော့တယ်။ သူတစ်ခါခုန်တိုင်း၊ ခုန်တာကလည်း တကယ့်ကို အမြင့်ကြီး၊ ကျွန်တော့်ခေါင်းက ခေါင်းအုံးကနေ သုံးလက်မလောက် မြောက်တက်သွားတတ်တယ်။ ကျွန်တော် ဘယ်လိုလုပ် ဆက်အိပ်နိင်တော့မလဲ။ လေးရက်မြောက်နေ့ကျတော့ ကျွန်တော်ပြောရပြီ။ “ပြောရတာတော့ စိတ်မကောင်းပါဘူး။ ခင်ဗျားရဲ့ လေ့ကျင့်ခန်းကို ခေါင်မိုးပေါ်မှာပဲ ဖြစ်ဖြစ် တခြား တစ်နေရာရာမှာ သွားလုပ်ပါလားဗျာ။ ကျွန်တော် လုံးဝ အိပ်မရလို့ပါ။”

“အဲဒီမှာ သွားလုပ်ရင် တတိယထပ်က လူတွေက ကျွန်တော့်ကို ပြောကြမှာပေါ့။ ဒါကတော့ ပထမထပ်ဆိုတော့ အောက်မှာ ဘယ်သူမှ မရှိဘူး မဟုတ်လား”

“ဝင်းထဲမှာ သွားလုပ်ရင်ရောဗျာ။”

“မဖြစ်နိင်ပါဘူးဗျာ။ ကျွန်တော့်မှာ ထရန်စ္စတာ ရေဒီယိုမရှိပဲ ဘယ်လို သီချင်းနားထောင်ရမလဲ။ နောက်ခံတီးလုံး မရှိပဲတော့ ကျွန်တော် လေ့ကျင့်ခန်း မလုပ်နိင်ဘူး” သူ့ရေဒီယိုက လိုင်းမီးနဲ့သုံးတဲ့ အမျိုးအစား။ ကျွန်တော့်ရဲ့ ထရန်စ္စတာ ရေဒီယိုလေးကို ငှားလို့ရပေမယ့် FM ပဲ ဖမ်းလို့ရတော့ ခက်နေသည်။ “အဲဒါဆိုလည်း ခင်ဗျား အသံကို နဲနဲလျော့ပြီး မခုန်ပဲ နေရင်ရောဗျာ။ ဒီလောက် တစ်ခန်းလုံး တုန်နေတာ။ ဖြစ်နိင်ရင် မပြောချင်ပါဘူးဗျာ။ ဒါပေမယ့် …“

“ခုန်တယ် ဟုတ်လား။ ခုန်-ခုန်တယ်ဆိုတာ ခင်ဗျား ဘာကို ဆိုလိုတာလဲ”

“ခင်ဗျားကလည်း ခုန်တက်လိုက် ပြန်ကျလာလိုက် လုပ်နေတဲ့ အပိုင်းလေ”

“ခင်ဗျားဘာတွေ ပြောနေတာလဲ”

ကျွန်တော့်မှာ ခေါင်းတောင် ကိုက်ချင်လာမိတယ်။ လုပ်ပါတော့ ကြိုက်သလိုသာ လုပ်ပါတော့လို့ စိတ်ထဲက ပြောနေမိတယ်။ ဒါပေမယ့် စမိပြီ ဆိုတော့လည်း ကျွန်တော် ဒီအတိုင်း မထားခဲ့နိင်ဘူး။ ဒီတော့ NHK ရေဒီယိုက လေ့ကျင့်ခန်းအစီအစဉ် တေးသွားကို ဆိုပြပြီး အဲဒီအတိုင်း အထက်အောက် ခုန်ပြလိုက်တယ် “တွေ့လား။ အဲဒီအပိုင်းကို ပြောတာ။ ဒါ ခင်ဗျား လုပ်နေကျ မဟုတ်လား”

“အဲ- ဟုတ်ပါလိမ့်မယ် ကျွန်တော် သတိမထားမိဘူး။”

“ဒီတော့ အဲဒီအပိုင်းကို ခင်ဗျား ကျော်သွားလို့ မရဘူးလားဗျာ။ ကျန်တာကိုတော့ ကျွန်တော် သည်းခံနိင်ပါတယ်”

“ဆောရီးပဲဗျာ။ ကျွန်တော် ဒီလေ့ကျင့်ခန်းကို လုပ်လာတာ ၁၀နှစ်ကျော်ပြီ။ စလုပ်တာနဲ့ ဘာမှကို စဉ်းစားစရာ မလိုပဲကို လုပ်နေမိပြီ။ တစ်ပိုင်းလောက် ချန်ခဲ့ရင် ကျွန်တော် လုံးဝ လုပ်လို့ရမှာ မဟုတ်ဘူး။”

“ဒါဆိုရင်လည်း လုံးလုံးမလုပ်ပဲ ဆိုရင်ရောဗျာ”

“ခင်ဗျားက ကိုယ့်ကိုယ်ကို ဘာကောင်ထင်လို့ ဒီလိုပြောရတာလဲ”

“ဒီမှာ၊ ခင်ဗျားကို ကျွန်တော် ဆရာလုပ်နေတာ မဟုတ်ဘူး။ ကျွန်တော် ရှစ်နာရီလောက်အထိ အိပ်ချင်တာ တစ်ခုပဲ။ တကယ်လို့ ရှစ်နာရီ မဟုတ်တာတောင် တခြားလူတွေလောက်တော့ ကျွန်တော် အိပ်ချင်သေးတယ်။ ခင်ဗျားလုပ်နေပုံက ကျွန်တော့်ကို ပိုင်မုန့်စားပြိုင်ပွဲ တစ်ဝက်လောက်ရောက်မှ လန့်နိုးလာသလိုပဲ ခံစားရတယ်။ ကျွန်တော်ပြောတာ နားထောင်နေတယ် မဟုတ်လား”

“ပြော နားထောင်နေတယ်”

“ဒီတော့ ကျွန်တော်တို့ ဘာလုပ်သင့်တယ်လို့ ထင်သလဲ”

“ဟေး၊ ကျွန်တော်သိပြီ။ ခင်ဗျား ကျွန်တော်နဲ့ အတူထပြီး လေ့ကျင့်ခန်း လုပ်ရင်ရော”

ကျွန်တော်လည်း လက်လျော့ပြီး ပြန်အိပ်နေလိုက်တော့တယ်။ သူကလည်း သူ့ရဲ့ မနက်လေ့ကျင့်ခန်းကို ဆက်လုပ်လို့။ တစ်ရက်မှကို မပြတ်။


ကျွန်တော့် အခန်းဖော်ရဲ့ မနက်အိပ်ရာထ လေ့ကျင့်ခန်းနဲ့ ပတ်သက်ပြီး ပြောပြတော့ သူမက ရယ်တယ်။ ကျွန်တော် ရယ်စရာ လုပ်ပြောတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ပြောပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း ရယ်မိတယ်။ သူမရဲ့ ရယ်သံက ခဏပဲ။ ဒါပေမယ့် သူမရဲ့ အပြုံးကို မတွေ့ရတာ အတော်ကြာသွားပြီပဲလို့ သတိရသွားမိတယ်။ မေလရဲ့ တနင်္ဂနွေ နေ့လည်ခင်းတစ်ခု။ နှစ်ယောက်သား ယော့ဆူရာဘူတာကနေ ဆင်းပြီး ရထားလမ်းဘေး ကမ်းခြေတစ်လျေက် အစ်ချီဂါဝါအထိ လျောက်လာခဲ့ကြတယ်။

မိုးက နေ့လည်ကျတော့ရပ်သွားပြီ။ တောင်ပြန်လေညှင်းက အိကျလာတဲ့ တိမ်အုပ်တွေကို လွင့်ပါးသွားစေခဲ့တယ်။ ချယ်ရီပင်က အရွက်တွေက နောက်ခံကောင်းကင်မှာ ပြတ်ပြတ်ထင်ထင်နဲ့ လေတိုက်လိုက်တိုင်း တလက်လက် လှုပ်ခါသွားခဲ့ကြတယ်။ နေရောင်ခြည်က နွေဦးရနံ့ တစ်မျိုးနဲ့။ လူအများစုက ကုတ်အင်္ကျီတွေ၊ ဆွယ်တာတွေကို ချွတ်ပြီး ပုခုံးပေါ် ချိတ်လာကြတယ်။ ဘောင်းဘီတိုလေး ဝတ်ထားတဲ့ တင်းနစ်ကွင်းထဲက လူငယ်ကတော့ သူ့ရဲ့ ရိုက်တံကို ရှေ့နောက်လွှဲလို့။ သတ္တုဘောင်က နေ့လည်နေရောင်အောက်မှာ တဖျတ်ဖျတ် လက်နေတယ်။ မယ်သီလရှင် နှစ်ပါးပဲ သူတို့ရဲ့ ဆောင်းတွင်းဝတ်စုံကို ဆက်ပြီး စည်းထားတယ်။

သူတို့ကိုကြည့်ပြီး နွေရာသီဟာ ပတ်ဝန်းကျင်မှာ မရောက်သေးသလိုတောင် ထင်မိတယ်။ ၁၅မိနစ်လောက် လျှောက်လိုက်ရင်ပဲ ကျောမှာ ချွေးတွေစပြီး ရွဲလာခဲ့တယ်။ ကျွန်တော်လည်း ထူထဲလှတဲ့ ချည်သား ရှပ်အင်္ကျီကြီးကို ဆွဲချွတ်လိုက်ပြီး တီရှပ်နဲ့ပဲ နေလိုက်တယ်။ သူမကလည်း မီးခိုးဖျော့ ဆွယ်တာလက်ကို တံတောင်ကွေးကျော်တဲ့ အထိ ဆွဲတင်လိုက်တယ်။ ဆွယ်တာက အကြိမ်ကြိမ်လျော်ထားလို့ အရောင်တောင် ဖျော့နေပြီ။ ကျွန်တော့်စိတ်ထဲမှာ ဟိုးအတိတ်က တစ်နေရာရာမှာ မြင်ဖူးခဲ့သလို ရင်းရင်းနှီးနှီးကို ခံစားရတယ်။

“တခြားတစ်ယောက်နဲ့ အတူနေရတာ ပျော်သလား” သူမက မေးတယ်။

“ပြောရခက်တယ်။ ငါအဲဒီလို နေလာတာ သိပ်မကြာသေးဘူး”

သူမက ရေပန်းရှေ့ရောက်တော့ ရပ်ကာ ရေတငုံငုံပြီး ပါးစပ်ကို အိတ်ထဲက လက်ကိုင်ပုဝါလေးထုတ်ပီး သုတ်သည်။ ပြီးတော့ သူမ၏ လျော့သွားသော တင်းနစ်ဖိနပ်ကို ပြန်ချည်နေခဲ့သည်။

“ကျွန်မတော့ အဲဒီလို နေနိင်ပါ့မလား မသိဘူး” သူမက ကောက်ချက်ချသည်။

“အဆောင်မှာနေတာကိုလား”

“ဟုတ်တယ်”

“မသိဘူး။ မင်းထင်တာထက် ပိုပြီး ခက်ခဲတယ်။ ရေဒီယို လေ့ကျင့်ခန်းကို ထည့်မပြောပါနဲ့ဦး။ လိုက်နာရမယ့် စည်းမျဉ်းတွေကကို အများကြီး”

“ကျွန်မလည်း ထင်ပါတယ်” သူမသည် အချိန်အတော်ကြာကြာ တွေးတောငေးငိုင်နေပြီးမှ ကျွန်တော့်မျက်လုံးကို တည့်တည့် စိုက်ကြည့်လိုက်သည်။ သူမ မျက်လုံးက ထူးထူးခြားခြား ကြည်လင်နေခဲ့သည်။ ကျွန်တော် အရင်က လုံးလုံး သတိမထားမိခဲ့။ သူမ၏ မျက်လုံးများက ကောင်းကင်ကို ငေးမောကြည့်ရသလို ထူးဆန်းသော ဟင်းလင်းပွင့်နေသည့် ခံစားမှုမျိုးကို ပေးနေခဲ့သည်။

“တစ်ခါတစ်ရံတော့လည်း အဲဒီလို နေသင့်တယ်လို့ ခံစားမိတယ်။ ဆိုလိုတာက” သူမက ကျွန်တော့်မျက်လုံးများထဲ စိုက်ကြည့်ပြီး ပြောသည်။ ပြီးတော့ နှုတ်ခမ်းကိုကိုက်၊ အောက်ကိုစိုက်ကြည့်လို့ “မသိပါဘူး။ ထားလိုက်ပါတော့”

စကားပြောလို့ အပြီးမှာတော့ သူမက ပြန်ပြီး လမ်းလျောက်နေခဲ့ပြီ။

ကျွန်တော် သူမကို မတွေ့ဖြစ်တာ နှစ်ဝက်လောက် ရှိခဲ့ပြီ။ ဒီအတွင်း သူမ ပိန်သွားလိုက်တာ ကျွန်တော် ကောင်းကောင်းတောင် မမှတ်မိချင်။ သူမရဲ့ ပါးဖောင်ဖောင်းလေးတွေက သူမရဲ့ လည်တိုင်လိုမျိုး ပါးလှပ်လို့၊ အရိုးအပြိုင်းပြိုင်း ဖြစ်နေပြီလို့တော့ မထင်မိပါဘူး။ အရင်ကထက်တောင် ပိုလှလာပါတယ်။ သူမကို ဒီအကြောင်း ပြောချင်ပေမယ့် ဘယ်လိုပြောရမှန်း မသိ။ ဒီလိုနဲ့ပဲ လက်လျော့လိုက်ပါတယ်။

ကျွန်တော်တို့ ယော့ဆူယာကို လာတာ ဘာအကြောင်းမှ မရှိပါဘူး။ ကျွန်တော်တို့ နှစ်ယောက်သား ချူအော်သွားတဲ့ ရထားတစ်စီးပေါ်မှာ ဆုံကြတာပါ။ ကျွန်တော်တို့ နှစ်ယောက်လုံးက ဘာအစီအစဉ်မှ မရှိကြ။ သူမက ဆင်းကြရအောင်လို့ ပြောတာနဲ့ နှစ်ယောက်လုံး ဆင်းလာခဲ့တာပါ။ ကျွန်တော်တို့မှာ ပြောစရာလည်း သိပ်မရှိကြပါဘူး။ ဘာကြောင့်မို့ ဆင်းရအောင်လို့ သူမခေါ်လိုက်မှန်းလည်း မသိပါဘူး။ ဟိုးအရင်တည်းကလည်း ကျွန်တော်တို့မှာ ပြောစရာ အကြောင်းအရာများများ ရှိမနေခဲ့ပါဘူး။
ရထားပေါ်ကဆင်းပြီး စကားတစ်လုံးမှ မပြောပဲ သူမက ဦးဆောင်ခေါ်သွားခဲ့တယ်။ သူမ နောက်က ကျွန်တော့်မှာ တတ်နိင်သလောက် မှီအောင် လိုက်နေခဲ့ရတယ်။ သူမနဲ့ ကျွန်တော်အကြား အမြဲ တစ်ကိုက်လောက် ခြားလို့။ သူမနောက်ကျောကိုပဲ ငေးမောရင်း လမ်းဆက်လျောက်နေမိတယ်။ တခါတရံ သူမကလှည့်ပြီး တစ်ခုခု ပြောတယ်။ ကျွန်တော်လည်း တစ်ခုခု ပြန်ပြောမိတယ်။ ဒါပေမယ့် များသောအားဖြင့် ဘာပြန်ပြောရမှန်းမသိဘူး။ သူမပြောသမျှကို ကျွန်တော်အကုန်မကြားဘူး။ ဒါပေမယ့်လည်း သူမကိုလည်း ဒီအတွက် ကသိကအောက် မဖြစ်စေချင်ဘူး။ သူမက ပြောစရာရှိပြောပြီး ပြန်လှည့်သွားတတ်တယ်။ ပြီးတော့ အသံတိတ်လျောက်နေပြန်ရော။

ကျွန်တော်တို့ နှစ်ယောက်သား အစ်ဒါဘာရှီ ရောက်တော့ ညာဖက်ကိုချိုး၊ နန်းတော်ရဲ့ကျုံးကိုကျော်ပြီး ပြန်ထွက်လာတယ်။ ဂျင်ဘိုချို လမ်းဆုံကိုဖြတ်၊ အိုချမ်နိုမီဇူ တောင်ကုန်းကို တတ်လို့၊ ဟွန်ဂိုကို ဖြတ်ကြတယ်။ ပြီးပြန်တော့ ကိုမာဂုန်းက ရထားလမ်းရှိရာ လျောက်လာကြတယ်။ အတော့်ကို လျောက်ခဲ့ကြတာပဲ။ ကိုမာဂုန်းကို ရောက်တဲ့အချိန်မှာ မှောင်တောင်နေခဲ့ပြီ။

“ကျွန်မတို့ ဘယ်ရောက်နေပြီလဲ” သူမကမေးသည်။

“ကိုမာဂုန်း ရောက်ပြီ။ ငါတို့ အတော်ကြီး ပတ်ခဲ့တာပဲနော်”

“ဒီမှာ ဘယ်လိုဖြစ်လို့ လာဆုံးတာလဲ”

“မင်းခေါ်လာတာပဲလေ။ ငါက မင်းဦးဆောင်တဲ့နောက် လိုက်လာတာ။” ဘူတာအနီးက ခေါက်ဆွဲဆိုင်တစ်ခုမှာပဲ ကျွန်တော်တို့ ထိုင်ချလိုက်ပြီး မောမောနဲ့ စားလိုက်ကြတာ တစ်ယောက်မှ စကားမပြောနိင်ကြဘူး။ ကျွန်တော့်မှာ တောင်တက်ရတာ မောလိုက်ပုံက ပစ်လဲကျသွားမတတ်ပဲ။ သူမကတော့ အဲဒီမှာ ထိုင်ပြီး တမေ့တမော တွေးနေတယ်။
ခေါက်ဆွဲစားပြီးတော့မှ သူမဘက်ကိုလှည့်ပြီး“မင်းကတော့ တကယ့်ကို အိနြေ္ဒမပျက်ဘူးနော်”

“အံ့သြနေလား။ အထက်တန်းတုန်းက ကျွန်မ တနိင်ငံလုံး လှည့်သွားဖူးတယ်။ ဖေဖေကလည်း တောင်တက်ရတာ အရမ်းဝါသနာပါတော့ ငယ်ငယ်တည်းက တနင်္ဂနွေနေ့တိုင်း တောင်တက်ဖြစ်တယ်။ အခုအချိန်ထိကို ခြေထောက်တွေက တောင့်တုန်းပဲ။”

“ငါ လုံးဝ မထင်ထားမိဘူး”သူမက ရယ်နေခဲ့တယ်။

“ငါမင်းကို အိမ်လိုက်ပို့ပေးမယ်”

“ကိစ္စမရှိဘူး။ ကျွန်မဘာသာ ပြန်နိင်တယ်။ ဒုက္ခမရှာနဲ့”

“ငါ့အတွက် အပန်းမကြီးပါဘူး”

“တကယ်ပါ။ အဆင်ပြေပါတယ်။ ကျွန်မက တစ်ယောက်တည်း အိမ်ပြန်နေကျပါ” အမှန်အတိုင်း ပြောရရင် သူမ အဲဒီလို ပြောလိုက်မှပဲ စိတ်ထဲမှာ နဲနဲပေါ့သွားပါတယ်။ သူမအခန်းကို လိုက်ပို့မယ်ဆိုရင် တစ်နာရီကျော်လောက် ကြာဦးမယ်လေ။ တစ်ယောက်ကိုတစ်ယောက် စကားမပြောပဲ အကြာကြီး ဘေးချင်းကပ်ထိုင်လိုက်ရမှာ မဟုတ်လား။

ဒီလိုနဲ့ သူမဘာသာ တစ်ယောက်တည်း ပြန်သွားတယ်။ ကျွန်တော်လည်း စိတ်ထဲမကောင်းတာနဲ့ ကျွန်တော်ပဲ ကျသင့်သမျှကို ရှင်းပေးလိုက်တယ်။ သွားတော့မယ်လို့ နှုတ်ဆက်မလိုမျိုး သူမက ကျွန်တော့်ဘက် လှည့်ရင်း “ကျွန်မတို့ ပြန်ဆုံကြဦးမလားလို့ မေးရင် သိပ်များ တောင်းဆိုရာ ကျနေမလား။ ထွေထွေထူးထူး ဘာအကြောင်းမှတော့ မရှိပါဘူး”

“အကြောင်းပြချက် ရှိစရာ မလိုပါဘူး” ကျွန်တော် နဲနဲအံ့အားသင့်ပြီး ပြောလိုက်တယ်။

သူမနည်းနည်း ရှက်သွေးဖြန်းသွားတယ်။ ကျွန်တော် အံ့အားသင့်သွားတယ် ဆိုတာကို သူမလည်း သိကောင်းသိမှာပါပဲ။

“ကျွန်မ သေသေချာချာတော့ မရှင်းပြတတ်ဘူး”

သူမက ဆွယ်တာအင်္ကျီလက်ကို တံတောင်ဆစ်အထိ လိပ်တင်ပြီး ပြောလိုက်တယ်။ ပြီးတော့ ပြန်ချလိုက်ပြန်တယ်။ လျပ်စစ်မီးရောင်က သူမလက်မောင်းကို လှပတဲ့ ရွှေရောင်တွေကြား နှစ်မြုတ်ထားတယ်။

“အကြောင်းပြချက်ဆိုတဲ့ စကားလုံးက သင့်တော်တဲ့ စကားလုံးတော့ မဟုတ်ဘူး။ ကျွန်မ တခြားစကားလုံး သုံးခဲ့သင့်တယ်”

သူမက စားပွဲပေါ်လက်နှစ်ဘက်ထောက်။ မျက်စိကိုမှိတ်ပြီး စကားလုံးရှာနေတဲ့ပုံပဲ။ ဒါပေမယ့် စကားလုံးက ထွက်ပေါ်မလာခဲ့ဘူး။

“ငါ့အတွက်တော့ အဆင်ပြေပါတယ်”

“ဘာကြောင့်မှန်းကို မသိဘူး။ ဒီရက်ပိုင်းမှာ ကျွန်မရည်ရွယ်တဲ့အတိုင်း ပြောလို့ကို မရဘူး။ တစ်ခုခုပြောမယ် ကြိုးစားတိုင်း အဓိကအချက်က ကျန်နေတယ်။ ဒီ့အပြင် ရည်ရွယ်တာနဲ့ ဆန့်ကျင်ဘက်တောင် ပြောမိတယ်။ ပိုပြီး ကြိုးစားလေ၊ ပိုပြီး ရောထွေးသွားလေပဲ။ တခါတရံ ကျွန်မ မူလပြောချင်တာဘာလဲ ဆိုတာတောင် စဉ်းစားလို့မရဘူး။ ဘာနဲ့တူသလဲ ဆိုတော့ ကျွန်မကိုယ်ခန္ဓာ နှစ်ခြမ်းကွဲသွားသလိုပဲ။ တစ်ကိုယ်က နောက်တစ်ကိုယ်ကို လိုက်ပြီး တိုင်ပတ်နေခဲ့တယ်။ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ဖြစ်နေတယ်။ နောက်တစ်ကိုယ်က ပြောချင်တဲ့ စကားလုံး ရှိတယ်။ ဒါပေမယ့် ဘယ်တုန်းကမှ ဖမ်းလို့မမိနိင်ဘူး”

သူမက လက်တွေကို စားပွဲပေါ် ချလိုက်ပြီး ကျွန်တော့်မျက်စိထဲကို ငေးစိုက်ကြည့်နေခဲ့တယ်။

“ကျွန်မပြောချင်တာ နားလည်ရဲ့လား မသိဘူး”

“လူတိုင်းလူတိုင်းမှာ အဲဒီလိုခံစားချက်မျိုး ရံဖန်ရံခါ ပေါ်တတ်ပါတယ်။ ကိုယ်ဆိုလိုချင်သလို မပြောပြနိင်တဲ့အတွက် စိတ်အနှောက်အယှက် ဖြစ်မိတာမျိုး”

တကယ်တော့ ဒီလိုစကားမျိုးကို သူမက နားထောင်ချင်လှတာမဟုတ်။

“မဟုတ်ဘူး။ ဒါမျိုးကို ဆိုလိုတာမဟုတ်ဘူး” သူမက ဆက်မပြောတော့ပဲ ရပ်နေတယ်။

“မင်းနဲ့ထပ်တွေ့ဖို့ ပြဿနာမရှိပါဘူး။ ငါ့မှာ အချိန်အားတွေ အများကြီးပါ။ ပြီးတော့ အခုလို လမ်းလျှောက်ရတာ တစ်နေကုန် အိပ်နေတာ ထက်တော့ ကျန်းမာရေးနဲ့ ညီညွတ်တယ် မဟုတ်လား”

ကျွန်တော်တို့ ဘူတာရုံမှာပဲ လမ်းခွဲကြတယ်။ ကျွန်တော်က good bye လို့ နှုတ်ဆက်လိုက်တယ်။ သူမက လည်း good bye တဲ့။


သူမနဲ့ ပထမဆုံးစတွေ့တာက အထက်တန်းကျောင်းရဲ့ ဒုတိယနှစ် နွေဦးရာသီမှာပဲ။ ကျွန်တော်တို့ နှစ်ယောက်က ရွယ်တူတွေ။ သူမက နာမည်ကြီး ခရစ်ယာန်ကျောင်းမှာ တက်နေခဲ့တယ်။ သူမရဲ့ ရည်းစားဖြစ်ခဲ့ဖူးတဲ့ ကောင်လေးက သူနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးခဲ့တာပါ။ သူတို့က တစ်ယောက်ကိုတစ်ယောက် မူလတန်းကျောင်းကတည်းက သိခဲ့ကြတာ။ နေတာကလည်း တစ်လမ်းတည်းမှာ။ ငယ်ငယ်တုန်းကတည်းက သိခဲ့ကြတဲ့ တခြားစုံတွဲတွေလိုပဲ သူတို့မှာ တစ်ယောက်တည်းခွဲပြီး မနေတတ်ကြဘူး။ တစ်ယောက်အိမ်တစ်ယောက် အမြဲ ဝင်ထွက်နေကြပြီး၊ ညစာတောင် ကြုံရင် ဝင်စားသွားတတ်ကြတာမျိုး။ ဒီလိုနဲ့ ကျွန်တော်တို့ မကြာခဏ ချိန်းဖြစ်ကြတယ်။ ဒါပေမယ့် ကျွန်တော်က မိန်းခလေးတွေနဲ့ လျောက်မလည်တတ်တော့ ကျွန်တော်တို့ဟာ အမြဲ သုံးယောက်တွဲပဲ။ ကျွန်တော်ကတော့ အဆင်ပြေပါတယ်။ ကိုယ့်ကဏ္ဍကိုယ် ကောင်းကောင်း သရုပ်ဆောင်ကြရုံပဲလေ။ ကျွန်တော်က ဧည့်သည်နေရာ။ သူက အိမ်ရှင်။ သူမက သူရဲ့လက်ထောက်။ ပြီးတော့ အိမ်ရှင်မကြီးပေါ့။

ကျွန်တော့်သူငယ်ချင်းက အိမ်ရှင်ကောင်း တစ်ယောက်ပါ။ သူ့ကိုကြည့်ရတာ အေးတိအေးစက် မထုံတက်တေးပေမယ့် သူဟာ လူတိုင်းကို မျှမျှတတ ဆက်ဆံတတ်တဲ့ အကြင်နာတရားရှိတဲ့သူ တစ်ယောက်ပါ။ သူက ကျွန်တော်နဲ့ သူမ ကို ပြက်ပီးသား ပြတ်လုံးဟောင်းတွေနဲ့ အမြဲ နောက်နေတတ်တယ်။ ကျွန်တော်တို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်များ အသံတိတ်သွားရင် သူက စကားကို ပြန်စပြီး ကျွန်တော်တို့ကို ဆွဲခေါ်တတ်တယ်။ သူ့ရဲ့ အင်တနာက ကျွန်တော်တို့ရဲ့ စိတ်အခြေအနေကို ချက်ချင်းသိပြီး စကားလုံးတွေက အမြဲအလိုက်သင့် ထွက်လာတတ်တယ်။


သူ့ကား N360 ရဲ့ အိပ်ဇောပိုက်နဲ့ ဆက်ထားတဲ့ ရာဘာပိုက်ကို ညှပ်ထားပြီး ကားထဲကို ဝင်တယ်။ ပြူတင်းပေါက်တွေကို တိပ်နဲ့ ပတ်ထားတယ်။ ပြီးတော့မှ အင်ဂျင်ကို ဖွင့်လိုက်တယ်။ သူဘယ်လောက်ကြာမှ သေသွားလဲတော့ ကျွန်တော်မသိဘူး။


သူ့ရဲ့ နောက်ထပ်အရည်အချင်း တစ်ခုကကမ္ဘာပေါ်က ပျင်းစရာအကောင်းဆုံး လူတစ်ယောက်ကိုတောင် စိတ်ဝင်စားလာစေတာပဲ။ သူနဲ့ စကားပြောတိုင်း ကျွန်တော် ဒါကို သတိထားမိတယ်။ ကျွန်တော့်ရဲ့ ပျင်းစရာ သာမန်ဘဝဟာ သူနဲ့တွေ့မှ အကြီးအကျယ် စွန့်စားခန်းကြီးလို ထင်လာမိတယ်။

သူအခန်းထဲက ထွက်သွားတာနဲ့ မိနစ်ပိုင်းအတွင်း သူမနဲ့ ကျွန်တော်ဟာ ချက်ချင်းပဲ တိတ်ဆိတ်သွားကြတယ်။ သူမနဲ့ ကျွန်တော်ကြားမှာ စိတ်ဝင်စားမှုတူတာ ဘာမှ မရှိဘူး။ ဘာကိုပြောရမှန်းကို မသိဘူး။ ကျွန်တော်တို့ဟာ ဆေးလိပ်ပြာခွက်ကို ဆော့လိုက်၊ ရေတစ်ကျိုက်လောက် မော့လိုက်နဲ့ သူပြန်အလာကို စိတ်မရှည်စွာ ထိုင်စောင့်နေကြရတယ်။ သူပြန်လာတာနဲ့ မူလပြောလက်စ နေရာကနေပဲ စကားဝိုင်းကို ပြန်စကြတယ်။

သူ့ရဲ့ အသုဘပီးတော့ သုံးလလောက်အကြာ သူမနဲ့ တစ်ခါတွေ့သေးတယ်။ ကျွန်တော်တို့ ဆွေးနွေးစရာတစ်ခု ရှိတဲ့အတွက် ကော်ဖီဆိုင်တစ်ဆိုင်မှာ တွေ့ကြတယ်။ ဒါပေမယ့် အဲဒီကိစ္စ ပြောပြီးတာနဲ့ ကျွန်တော်တို့ ပြောစရာ မရှိတော့ဘူး။ ကျွန်တော် တစ်ခုခုကို ပြောဖို့ အကြိမ်ကြိမ် ကြိုးစားပါတယ်။ ဒါပေမယ့်လည်း စကားဝိုင်းဖြစ်မလာပဲ အဆုံးသတ်သွားတတ်တယ်။ သူမအသံက ဝမ်းနည်းနေသလို။ ကျွန်တော့်ကို ဒေါသထွက်နေတာမျိုး။ ဒါပေမယ့် ဘာကြောင့်လဲတော့ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ နှုတ်ဆက်ခွဲခွာခဲ့ကြတယ်။


သူမ ကျွန်တော့်ကို ဒေါသထွက်နေတာလည်း ဖြစ်နိင်ပါတယ်။ ဘာကြောင့်ဆို သူ့ကို မသေခင် နောက်ဆုံးတွေ့လိုက်တာ သူမ မဟုတ်ပဲ၊ ကျွန်တော်ဖြစ်နေလို့ပဲ။ ဒါကို ကျွန်တော် မပြောပြသင့်မှန်း သိပေမယ့် ကျွန်တော် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိင်ခဲ့ဘူး။ သူမရဲ့ စာထဲမှာ “တစ်ခုခုဟာ ဖြစ်ပြီးတာနဲ့ နဂိုအနေအထားကို ဘယ်တော့မှ ပြန်မရောက်နိင်တော့ဘူး” တဲ့။

အဲဒီမေလရဲ့ နေ့လည်ခင်း တစ်ခုမှာ။ ကျောင်းအဆင်း (တကယ်တော့ ကျောင်းက မဆင်းသေး။ ကျွန်တော်တို့ဘာသာ လစ်လာခဲ့တာ) သူနဲ့ကျွန်တော်ဟာ ဘိလိယက် ခန်းမထဲ ဝင်ပြီး လေးပွဲလောက် ကစားခဲ့ကြတယ်။ ကျွန်တော်က ပထမဆုံးပွဲနိင်ပြီး ကျန်သုံးပွဲကို သူကပဲနိင်တယ်။ သဘောတူထားတဲ့အတိုင်း ရှုံးတဲ့သူက ကစားပွဲအတွက် အကုန်အကျ ခံရတယ်။

အဲဒီညပဲ သူ့ကားဂိုဒေါင်ထဲမှာ သေဆုံးသွားခဲ့တယ်။ သူ့ကား N360 ရဲ့ အိပ်ဇောပိုက်နဲ့ ဆက်ထားတဲ့ ရာဘာပိုက်ကို ညှပ်ထားပြီး ကားထဲကို ဝင်တယ်။ ပြူတင်းပေါက်တွေကို တိပ်နဲ့ ပတ်ထားတယ်။ ပြီးတော့မှ အင်ဂျင်ကို ဖွင့်လိုက်တယ်။ သူဘယ်လောက်ကြာမှ သေသွားလဲတော့ ကျွန်တော်မသိဘူး။ သူ့မိဘတွေက နေမကောင်းတဲ့ မိတ်ဆွေတစ်ယောက်ဆီ သတင်းသွားမေးပြီး ပြန်လာတော့ သူတို့သားက သေနေပြီ။ ကားရေဒီယိုကတော့ ဖွင့်ထားဆဲတန်းလန်း။ ဓာတ်ငွေ့ဝယ်ထားတဲ့ လက်ခံဖြတ်ပိုင်းလေးက ဝိုင်ဘာရဲ့ အောက်မှာ ညှပ်လို့။

သူ ဘာကြောင့် သတ်သေရသလဲဆိုတာ စာတိုလေးဖြစ်ဖြစ် သဲလွန်စလေး ဖြစ်ဖြစ်တောင် မချန်ထားရစ်ခဲ့ဘူး။ ကျွန်တော်က သူ့ကို မသေခင် နောက်ဆုံး တွေ့ခဲ့တဲ့သူဆိုတော့ ရဲတွေက ခေါ်မေးတော့တာပေါ့။ ကျွန်တော်ကလည်း ပြောလိုက်တယ်။ သူ ထူးထူးခြားခြား ဘာမှမလုပ်ခဲ့ဘူး။ အရင်အတိုင်းပဲလို့ ထင်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေတဲ့သူတွေဟာ ဘီလိယက် သုံးပွဲဆက်နိင်လေ့ မရှိဘူးလား။ ရဲကတော့ ကျွန်တော်တို့ နှစ်ယောက်လုံးကို နည်းနည်း သံသယဝင်နေပုံ ရတယ်။ ကျောင်းပြေးပြီး ဘိလိယက်ကွင်း ရောက်နေတဲ့ ကျောင်းသား တစ်ယောက်ဟာ သတ်သေဖို့ ဖြစ်နိင်ပါ့မလား သူတို့အတွက် ယုံဖို့ ခဲယဉ်းနေခဲ့တယ်။ သူ့ရဲ့ သေဆုံးမှုနဲ့ပက်သက်ပြီး သတင်းစာမှာ ဆောင်းပါးတိုလေး ပါတယ်။ ဒီလောက်ပဲ။ သူ့မိဘတွေက သူ့ကားကို ရောင်းထုတ်လိုက်တယ်။ သူဆုံးပြီး ရက်အနည်းငယ်လောက် ကျောင်းကသူ့စားပွဲမှာ အဖြူရောင်ပန်းတွေ ရှိနေခဲ့တယ်။

အထက်တန်းကျောင်းပြီးလို့ တိုကျိုကိုသွားတော့ အဓိက ကြိုးစားရတာတစ်ခုက ကျွန်တော့စိတ်ထဲမှာ လျှောက်မတွေးမိဖို့ပဲ။ အစိမ်းရောင် ဘိလိယက်ခုံ၊ သူ့ရဲ့ အနီရောင်ကား၊ စားပွဲခုံပေါ်က အဖြူရောင်ပန်းတွေ၊ မီးသဂြိုလ်စက် ခေါင်းတိုင်ရှည်ကြီးပေါ်က ထွက်နေတဲ့ မီးခိုးတွေ။ ရဲစစ်ကြောရေးအခန်းထဲက စက္ကူဖိတုံး ထူထူကြီး စတာတွေ အားလုံးကို မေ့ပစ်လိုက်ဖို့ ကိုယ့်စိတ်ကိုယ် လေ့ကျင့်ယူရတယ်။ ပထမတော့ ကျွန်တော် အားလုံးကို မေ့ပစ်လိုက်နိင်လိုက်ပြီ ထင်မိတယ်။ ဒါပေမယ့် တချို့အရာတွေ ကျန်နေတုန်းပဲ။ လေလိုပဲ ဆုပ်ဖမ်းလို့ မရဘူး။ ဒါပေမယ့် ကြာလာတဲ့အခါ အဲဒီ လေကိုယ်၌က ပုံသဏ္ဍာန် ပီပီသသ ရှင်းရှင်းလင်းလင်း ပေါ်လာတယ်။ စကားလုံးတွေ ဖြစ်လာတယ်။ စကားလုံးတွေက ဒီလို။ “သေခြင်းဟာ ရှင်သန်ခြင်းရဲ့ ဆန့်ကျင်ဘက် မဟုတ်ဘူး။ ရှင်သန်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပဲ” အဲဒါကို ကျယ်ကျယ်ရွတ်ကြည့်။ ခပ်ပေါ့ပေါ့ပဲ။ သာမန်လူပြိန်း အသိထက် မပိုဘူး။ ဒါပေမယ့် အဲဒီလို စကားလုံးတွေ အနေနဲ့ မလာတဲ့အခါ၊ ကျွန်တော့်ကိုယ် ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ လေတွေလိုပဲ။ သေခြင်းတရားက ကျွန်တော့် ပတ်ပတ်လည်မှာ။ စက္ကူဖိတုံးထဲမှာ၊ ဘိလိယက်ခုံပေါ်က ဘောလုံးလေးလုံးထဲမှာ။ ကျွန်တော်တို့ဟာ ရှင်သန်နေဆဲမှာ သေခြင်းတရားကို ဖုန်မှုန့်လေးတွေလို အဆုတ်ထဲ ရှူသွင်းနေကြတယ်။

အဲဒီမတိုင်ခင်အထိ၊ ကျွန်တော်ဟာ သေခြင်းတရားကို တသီးတခြား ရှိနေတဲ့ အရာအဖြစ်နဲ့ပဲ အမြဲမှတ်ယူခဲ့တယ်။ သေခြင်းတရားဆိုတာ မလွှဲမရှောင်သာ ကြုံရမှာပဲ ဆိုတာတော့ သိတာပေါ့။ ဒါပေမယ့် အဲဒီနေ့ ရောက်မလာမချင်း သေခြင်းတရားကို ကျောပေးပြီး ငါတို့နဲ့ မဆိုင်သေးဘူးလို့ ပြောနိင်တာပေါ့။ ရှင်သန်ခြင်းက ဒီဘက်အခြမ်းမှာ။ သေခြင်းတရားက ဟိုဘက်မှာ။ ဘယ်လောက် ကြောင်းကြိုးဆီလျော်လဲ။

ဒါပေမယ့် ကျွန်တော့်သူငယ်ချင်း သေပြီးတဲ့နောက်တော့ သေခြင်းတရားအပေါ် အဲဒီလို ခပ်တုံးတုံးအမြင်မျိုးကို လက်မခံနိင်တော့ဘူး။ သေခြင်းတရားဟာ ရှင်သန်ခြင်းရဲ့ ဆန့်ကျင်ဖက်မဟုတ်ဘူး။ သေခြင်းတရားက ကျွန်တော့်ကိုယ်ထဲမှာကို ရှိနေတယ်။

ကျွန်တော် အဲဒီအတွေးကို ဘယ်လိုမှ မောင်းထုတ်ပစ်လို့ မရဘူး။ အဲဒီမေလရဲ့ တစ်ညမှာ ကျွန်တော့်ရဲ့ ၁၇နှစ်သား သူငယ်ချင်းကို ခေါ်ဆောင်သွားခဲ့တဲ့ သေခြင်းတရားဟာ ကျွန်တော့်ကိုပါ သူ့ရဲ့ လက်ခုပ်ထဲမှာ ဖမ်းဆုပ်ထားခဲ့တယ်။ ဒါက ကျွန်တော် နားလည်ထားခဲ့တာ။ ဒါပေမယ့် ကျွန်တော် အဲဒီအကြောင်းကို သိပ်မတွေးချင်ဘူး။ တကယ်မလွယ်တဲ့ အလုပ်။ ၁၈နှစ်သာ ရှိသေးတဲ့ ကျွန်တော်ဟာ လုံခြုံတဲ့၊ အစွန်းမရောက်တဲ့ ရပ်တည်ရာ တစ်ခုကို ရှာတွေ့ဖို့ ငယ်ရွယ်လွန်းနေခဲ့တယ်။


အဲဒီနောက် ကျွန်တော် သူမကို တစ်လတစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ချိန်းလေ့ရှိတယ်။ သူများတွေကတော့ ချိန်းတွေ့တယ်လို့ ထင်ကြမှာပဲ။ ကျွန်တော် တခြား စကားလုံးလည်း ရှာမရဘူး။ သူမက တိုကျိုမြို့ပြင်က အမျိုးသမီးကောလိပ်တစ်ခုကို သွားတက်တော့မယ်။ အဲဒီ ကောလိပ်က သေးပေမယ့် နာမည်ကြီးတယ်။ သူမရဲ့ အဆောင်က ကောလိပ်ကနေဆို ၁၀မိနစ်နဲ့ လျောက်လို့ရတယ်။ ကျောင်းသွားတဲ့ လမ်းတစ်လျောက်က လှပတဲ့ ရေလှောင်ကန်တစ်ဝိုက် ကျွန်တော်တို့ ပတ်လျောက်ကြတယ်။ သူမ ကြည့်ရတာ သူငယ်ချင်းလည်း တစ်ယောက်မှ ရှိပုံမရဘူး။ အရင်ကလို ချောမောလှပဆဲပဲ။ စကားလည်း သိပ်များများ ပြောစရာ မရှိတော့ ကျွန်တော်လည်း သိပ်မပြောပဲ နေလိုက်တယ်။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်းပဲ လမ်းကို ဆက်လျောက်နေကြတယ်။

ဘယ်မှ မရောက်တာတော့လည်း မဟုတ်ဘူး။ နွေရာသီ ကျောင်းပိတ်ရက် ဆုံးခါနီးတော့ သူ့အလိုအလျောက်ပဲ သူမဟာ ကျွန်တော်နဲ့ ဘေးချင်း ယှဉ်လျောက်နေတော့တယ်။ ရှေ့က မသွားတော့ဘူး။ တောင်ကုန်းတွေ တက်တက်ဆင်းဆင်း၊ တံတားတွေ လမ်းတွေပဲ ဖြတ်ဖြတ် ကျွန်တော်တို့ကတော့ ဘေးချင်းယှဉ်လျက်ပဲ လျောက်နေခဲ့ကြတယ်။ ကျွန်တော်တို့မှာ ဘယ်ကိုမှလည်း ဦးတည်ပြီး လျောက်နေတာ မဟုတ်ဘူး။ ဘာအစီအစဉ်မှလည်း ထူးထူးခြားခြား မရှိဘူး။ ကျွန်တော်တို့ လမ်းတစ်အောင့်လောက် လျောက်ပြီးရင် ကော်ဖီဆိုင်မှာ တစ်ခွက်လောက် ဝင်သောက်မယ်။ ပြီး ဆက်လျောက်ပဲ။ ပရိုဂျက်တာမှာ ဆလိုက်တွေ တစ်ချက်ပြီးတစ်ချက် ပြောင်းသွားသလိုပဲ။ ရာသီတွေသာ တစ်ခုပြီးတစ်ခု ပြောင်းသွားတယ်။

ဆောင်းဦးရာသီ ဝင်လာတယ်။ ကျွန်တော့်အဆောင်ဝင်းထဲမှာ ဇယ်ကိုဗာရွက်တွေနဲ့ ဖုံးနေတယ်။ ဆွယ်တာတွေဝတ်ထားတာနဲ့ ရာသီပြောင်းပြီဆိုတာ ကျွန်တော် နားလည်လိုက်တယ်။ ကျွန်တော် သားရေဖိနပ်ကြမ်းတစ်ရံ ထွက်ဝယ်ရတယ်။ ဆောင်းဦးရာသီ ကုန်ပြန်တော့ လေက ရေခဲမတတ် အေးလှတယ်။ သူမလည်း ကျွန်တော့် အနားကို ကပ်ပြီး လျောက်လာလိုက်တာ လက်မောင်းချင်းတောင် တိုက်မိကြတယ်။ သိုးမွေးကုတ်အင်္ကျီ အထူကြီး ဝတ်ထားပေမယ့် သူမရဲ့ နှာသီးဖျားက လေကို ကျွန်တော် ခံစားလို့ရတယ်။ ဒါပေမယ့် ဒီလောက်ပါပဲ။ ကျွန်တော့် လက်တွေကို ကုတ်အင်္ကျီအိတ်ထဲမှာပဲ ထည့်ထားပြီး လမ်းပဲ ဆက်ဆက်ပြီး လျောက်နေလိုက်တယ်။ ကျွန်တော်တို့ရဲ့ ဖိနပ်တွေကလည်း ရာဘာခုံတွေဆိုတော့ ခြေသံတောင် မကြားရဘူး။ သစ်ရွက်တွေပေါ်က တချွတ်ချွတ် နင်းတဲ့အခါမှသာ အသံတွေ ကြားရတယ်။ သူမ နားမှီချင်တာ ကျွန်တော့်လက်ပေါ်မှာ မဟုတ်ပါဘူး။ တခြားတစ်ယောက်ဆီမှာပါ။ သူမလိုချင်တဲ့ နွေးထွေးမှုဟာ ကျွန်တော့်ဆီက မဟုတ်ပါဘူး။ တခြားတစ်ယောက်ဆီကပါ။ အဲဒီအချိန်ကတော့ အဲဒီလိုပဲ ခံစားခဲ့ရပါတယ်။


အဆောင်က ကောင်တွေကတော့ သူမဆီက ဖုန်းလာတဲ့အခါပဲ ဖြစ်ဖြစ်၊ တနင်္ဂနွေ မနက်တိုင်း သူမကို သွားတွေ့တဲ့အခါပဲ ဖြစ်ဖြစ် ကျွန်တော့်ကို အမြဲ စကြပါတယ်။ သူတို့က ကျွန်တော် ကောင်မလေးနောက် လိုက်နေတာလို့ပဲ ထင်ကြတယ်။ ကျွန်တော် တကယ့် အဖြစ်မှန်ကို သူတို့ကို ရှင်းမပြတတ်ဘူး။ ရှင်းပြဖို့လိုလည်း မလိုဘူးလေ။ ဒီတော့ ဒီတိုင်းပဲ လွှတ်ထားလိုက်တော့တယ်။ သူမနဲ့ ချိန်းပြီး ပြန်လာတိုင်း ကျွန်တော့်ကို တစ်ယောက်မဟုတ် တစ်ယောက်က အမြဲမေးကြတယ်။ တိုးတက်မှု ရှိလားတဲ့။ ကျွန်တော်ကတော့ ဒီလိုပါပဲ၊ စိတ်ရှည်ရမှာပေါ့ ဆိုပြီးပဲ အမြဲပြန်ဖြေတတ်တယ်။

ဒီလိုနဲ့ ကျွန်တော်လည်း အသက်၁၈နှစ် ကျော်လာခဲ့တယ်။ နေက ထွက်လိုက်ဝင်လိုက်။ အလံက တင်လိုက်ချလိုက်။ တနင်္ဂနွေနေ့တိုင်း ကျွန်တော်ကလည်း သွားလေသူ သူငယ်ချင်းရဲ့ ရည်းစားနဲ့ အမြဲ ချိန်းလိုက်ပဲ။ မင်းဘာတွေ လုပ်နေတာလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်။ ဒါပြီးဘာလဲ ဆိုတာ ကျွန်တော့်ခေါင်းထဲမှာ နဲနဲလေးတောင်မှ စဉ်းစားထားတာ မရှိဘူး။ ကျောင်းမှာ ကျွန်တော်က Claude တို့ Racine တို့ Eisenstein တို့ရဲ့ ပြဇာတ်တွေ ဖတ်တယ်။ သူတို့ရဲ့ ရေးဟန်ကို ကျွန်တော် ကြိုက်တယ်။ ဒါလောက်ပဲ။ ကျွန်တော် ကျောင်းမှာရော အဆောင်မှာရော သူငယ်ချင်း မရှိဘူး။ ကျွန်တော်က အမြဲ စာပဲဖတ်နေတယ်။ ဒီတော့ လူတွေက ထင်ကြတယ်။ ကျွန်တော်က စာရေးဆရာလုပ်မှာ ဘာညာပေါ့။ ဒါပေမယ့် ကျွန်တော်က ဘာမှလည်း ဖြစ်ချင်လှတာ မဟုတ်ဘူး။

ဒီခံစားမှုတွေကို သူမကို ပြောပြဖို့ ကျွန်တော် အကြိမ်ကြိမ် ကြိုးစားဖူးတယ်။ တခြားလူတွေလိုမျိုး မဟုတ်ပဲ သူမကတော့ ကျွန်တော့်ကို နားလည်နိင်လိမ့်မယ်ပေါ့။ ဒါပေမယ့် ကျွန်တော့် ခံစားမှုကို ဘယ်လိုမှ ရှင်းပြလို့မရခဲ့ဘူး။ သူမ ပြောသလိုပဲ။ သင့်တော်တဲ့ စကားလုံးကို ရှာတိုင်း အဲဒီစကားလုံးတွေက လျှောထွက်သွားကြပြီး နက်ရှိုင်းတဲ့ အမှောင်ထုထဲ နစ်မြုပ်သွားကြတယ်။

စနေနေ့ ညနေတွေမှာ ကျွန်တော်ဟာ အဆောင်ရဲ့ ဧည့်ခန်းမမှာ သူမ ဖုန်းအခေါ်ကို အမြဲစောင့်နေမိတယ်။ တစ်ခါတစ်ရံ သူမက သုံးပတ်လောက် ကြာတဲ့အထိ မခေါ်ပဲ နေတတ်တယ်။ တစ်ခါတစ်ရံတော့လည်း နှစ်ပတ်ဆက်တိုက် မခေါ်ဘူး။ ဒီတော့ ကျွန်တော့်မှာ ဧည့်ခန်းက ထိုင်ခုံမှာ ထိုင်ပြီး စောင့်ရတယ်။ စနေနေ့ ညတွေမှာဆို ကျောင်းသားအများစုက အပြင်ထွက်လေ့ ရှိကြတော့ အဆောင်မှာ တိတ်ပြီး ကျန်နေတတ်တယ်။ ငြိမ်သက်နေတဲ့ ဟင်းလင်းပြင်ထဲက အလင်းမှုန်လေးတွေကို ငေးရင်း ကျွန်တော့ စိတ်ခံစားမှုတွေကို ပြန်လည် ဆုပ်ဖမ်းဖို့ ကြိုးစားရတယ်။ လူတိုင်းဟာ တစ်ယောက်ယောက်ဆီက တစ်စုံတစ်ရာကို စောင့်မျှော်နေကြတယ်။ ဒါတော့ ကျွန်တော် သေချာတယ်။ ဒါပေမယ့် ဒါပြီးဘာလဲ။ ကျွန်တော် မသိဘူး။ ကျွန်တော့်ရှေ့ လက်လှမ်းမမှီတဲ့ နေရာမှာ မြူတံတိုင်းတွေ ကာဆီးလို့။


ဆောင်းတွင်းမှာတော့ ကျွန်တော် အချိန်ပိုင်း အလုပ်တစ်ခု ရတယ်။ ရှင်ကူကူက ဓာတ်ပြားရောင်းတဲ့ ဆိုင်ကလေးမှာ။ အဲဒီဆိုင်ကနေ ခရစ်စမတ် လက်ဆောင်အဖြစ် သူမကို Henry Mancini ရဲ့ ဓာတ်ပြားတစ်ချပ် ဝယ်ပေးလိုက်တယ်။ အဲဒီထဲမှာ သူမကြိုက်တဲ့ Dear Heart ဆိုတဲ့ တေးသွားပါတယ်လေ။ အဲဒီဓာတ်ပြားကို ခရစ်စမတ်သစ်ပင် ဒီဇိုင်းပါတဲ့ စက္ကူနဲ့ ထုပ်ပိုးပြီး ပန်းရောင်ဖဲကြိုးလေး စည်းပေးလိုက်တယ်။ ကျွန်တော့်ကိုတော့ သူမထိုးထားတဲ့ သိုးမွေးလက်အိပ်လေး တစ်စုံ လက်ဆောင်ပေးတယ်။ လက်မအပိုင်းက နည်းနည်းတိုနေပေမယ့် နွေးပါတယ်။

သူမက နှစ်သစ်ကူးမှာ အိမ်မပြန်ဖြစ်တော့ နှစ်ကူးညစာစားပွဲကို သူမအခန်းမှာပဲ နှစ်ယောက်သား ကျင်းပကြတယ်။ အဲဒီဆောင်းတွင်းမှာ အဖြစ်အပျက်တွေ အတော်များများ ဖြစ်ပျက်သွားခဲ့တယ်။


ရှင်ပေးခဲ့တဲ့ ဓာတ်ပြားကို ကျွန်မ အမြဲတန်ဖိုးထား သိမ်းထားမှာပါ။ ဘာမှမရေရာတဲ့ ဒီလောကကြီးထဲမှာ တစ်ချိန်ချိန် တစ်နေရာရာ ကျွန်မတို့ ပြန်ဆုံကြတဲ့ အခါတော့ အခုထက် ပိုပြောနိင်လိမ့်မယ် မျှော်လင့်ပါတယ်။

နှုတ်ဆက်လိုက်ပါတယ်။


ဇန်နဝါရီလကုန်မှာ ကျွန်တော့်အခန်းဖော်က အပူချိန် ၁၀၄နဲ့ အိပ်ယာထဲ နှစ်ရက်လောက် လဲတယ်။ ဒီတော့ သူမနဲ့ ချိန်းထားတာကို ဖျက်လိုက်ရတယ်။ ကျွန်တော် ဒီလူမမာကြီးကို တစ်ယောက်ထဲ မထားခဲ့နိင်ဘူးလေ။ သူက တချိန်လုံး သေတော့မယ်ချည်း ငြီးနေတယ်။ သူ့ကို ကြည့်မယ့်သူလဲ မရှိ။ ကျွန်တော်ပဲ ရေခဲပြေးဝယ်၊ ပလပ်စတတ်အိတ်နဲ့ ရေခဲအိတ်လုပ်ပြီး ကပ်ပေးရတယ်။ သဘက်အစို တစ်ထည်နဲ့ သူ့ချွေးတွေကို သုတ်ပေးပြီး သူ့အပူချိန်ကို တစ်နာရီခြား တိုင်းပေးနေရတယ်။ တစ်နေ့လုံးလိုလို အဖျားက ကျတယ်မရှိဘူး။ ဒါပေမယ့် သကောင့်သားက ဒုတိယနေ့ရောက်တော့ ဘာမှ မဖြစ်ခဲ့သလို ခုတင်ပေါ်က ခုန်ထလာတယ်။ အဖျားလည်း တစ်စက်မှ မရှိတော့ဘူး။ ပြီးတော့ သူက ပြောသေးတယ်။ “ထူးဆန်းလိုက်တာဗျာ။ ကျွန်တော် တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မဖျားဖူးဘူး”တဲ့။
“ဒီတစ်ကြိမ်တော့ အသေအချာ ဖျားဖူးသွားပြီပေါ့” ကျွန်တော် သူ့ကို ရွဲ့လည်းပြော သုံးမရတော့တဲ့ အခမဲ့ ဂီတပွဲ လတ်မှတ်နှစ်စောင်ကိုလည်း သူမြင်အောင် ထိုးပြ လိုက်ပါတယ်။ ဒါတောင်မှ “ဘာပဲဖြစ်ဖြစ်၊ အခမဲ့ လက်မှတ်တွေပဲဗျာ” ဆိုပြီး သူက လေပြေထိုးသေးတယ်။

ဖေဖော်ဝါရီမှာတော့ နှင်းတွေ အတော်ကျတယ်။ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ အဆောင်က ဘဲအိုကြီး တစ်ကောင်နဲ့ ဘာမဟုတ်တဲ့ ကိစ္စနဲ့ ရန်ဖြစ်ကြတယ်။ ကျွန်တော် သူ့ကို ထိုးချလိုက်တော့ လဲပြီး ကွန်ကရစ်နံရံနဲ့ ခေါင်းနဲ့ ရိုက်မိတယ်။ ကံကောင်းလို့ သူဘာမှ မဖြစ်ပေမယ့် ကျွန်တော့်မှာတော့ အဆောင်မှူးရဲ့ ခေါ်ယူ သတိပေးမှု ခံရတယ်။ ဒီ့နောက်တော့ အဆောင်မှာ နေရတာ အရင်လို မဟုတ်တော့ဘူး။

ဒီလိုနဲ့ ကျွန်တော့်အသက်လည်း ၁၉ နှစ်ထဲ ဝင်လာခဲ့ပြီ။ ဒုတိယနှစ်ကိုတော့ တက်ခွင့်ရတယ်။ ဒါပေမယ့် ကျွန်တော် နှစ်ဘာသာ ကျတယ်။ အဆင့် Bက နှစ်ဘာသာ ကျန်တာတွေက C နဲ့ D တွေချည်းပဲ။ ကျွန်တော့်လိုပဲ၊ သူမလည်း ဒုတိယနှစ်ကို တတ်ခွင့်ရတယ်။ ဒါပေမယ့် ရမှတ်က အများကြီး ကောင်းတယ်။ ဘာသာတိုင်း အောင်တယ်။ ဒီလိုနဲ့ ရာသီလေးလီ ကုန်သွားခဲ့ပြီ။


ဂျွန်လမှာ သူမ အသက် နှစ်ဆယ်တင်းတင်း ပြည့်တယ်။ ကျွန်တော် သူမကို အသက်၂၀လို့ ပုံဖော်ကြည့်လို့ကို မရဘူး။ ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့ အကောင်းဆုံး အရာတွေဟာ ၁၈ နဲ့ ၁၉ နှစ်ကြားကာလမှာပဲ လွန်းထိုးသွားနေခဲ့တယ်လေ။ ၁၈နှစ် ပြီးတော့ ၁၉နှစ်၊ ၁၉နှစ်ပြီးတော့ ၁၈နှစ်။ ဒီလိုပဲ ကျွန်တော်တို့ နားလည်ထားခဲ့ကြတယ်။ အခုတော့ သူမက အသက်၂၀ ရှိပြီတဲ့။ နောက်တစ်ဆောင်းဆို ကျွန်တော်လည်း ၂၀ ရှိပြီ။ ကျွန်တော်တို့ရဲ့ သေဆုံးသွားတဲ့ သူငယ်ချင်းတစ်ယောက်ပဲ ၁၇နှစ်မှာ အမြဲကျန်နေခဲ့မှာ။

သူမရဲ့ မွေးနေ့မှာ မိုးရွာတယ်။ ရှင်ဂျူကုကနေ ကျွန်တော် မွေးနေ့ကိတ်မုန့် ဝယ်လာပြီး သူမရှိရာ ရထားစီးလာခဲ့တယ်။ ရထားက ကျပ်ခဲပြီး ဟိုသည်ပတ်နေတာများ စိတ်ပျက်စရာပါပဲ။ သူမအခန်းကို ရောက်တော့ ကိတ်မုန့်က စာလုံးတွေ ပုံပျက်နေပြီ။ ဒါပေမယ့် သူမကပဲ သွက်သွက်လက်လက် ဦးဆောင်လို့ ဖယောင်းတိုင် နှစ်ဆယ်ကို စိုက်ပြီး မီးထွန်းလိုက်တယ်။ လိုက်ကာတွေချ၊ မီးချောင်းတွေပိတ်နဲ့၊ ရုတ်တရက် မွေးနေ့ပါတီလေး တစ်ခုကို ကျွန်တော်တို့ ဖန်တီးလိုက်ကြတယ်။ သူမက ဝိုင်ကို ဖောက်လိုက်ပြီး ကိတ်မုန့် အပိုင်းအစလေးတွေနဲ့ မြည်းကြတယ်။ စားစရာ တစ်ခုခုလေး ရှိတယ်ဆိုရုံပေါ့။

“အသက်နှစ်ဆယ်ပြည့်တာ နဲနဲ ကြောင်တောင်တောင် နိင်သလိုပဲ။ ဘာမှန်း မသိပါဘူး” ဟု သူမက ဆိုသည်။

ညစာစားအပြီးမှာတော့ ပန်းကန်ပြားတွေ ရှင်းလင်းလိုက်တယ်။ ပြီးတော့မှ ကြမ်းပြင်ပေါ် ဒီအတိုင်းထိုင်ပြီး နှစ်ယောက်သား လက်ကျန်ဝိုင်ကို သောက်နေခဲ့ကြတယ်။ ကျွန်တော်က တစ်ခွက်ပဲ သောက်ပြီးသေးတယ်။ သူမက ဒုတိယခွက်ကို ဖြည့်နေခဲ့ပြီ။

တကယ်ပါပဲ။ အဲဒီညကလိုမျိုး ဘယ်တုန်းကမှ သူမ ဒီလောက် စကားများများ မပြောခဲ့ဖူးဘူး။ သူမရဲ့ ကလေးဘဝ။ သူမရဲ့ ကျောင်း။ သူမရဲ့ မိသားစုအကြောင်းတွေကို ရှည်ရှည်လျားလျား ပြောနေလိုက်တာများ။ ပြောပုံကလည်း ကြည့်ဦး။ A အကြောင်းပြောရင်း B အကြောင်း ဝင်လာခဲ့တယ်။ အဲဒီကနေ C အကြောင်း ရောက်သွားတယ်။ ဒီလိုနဲ့ မနားတမ်း ပြောနေခဲ့တယ်။ အဆုံးကို မသတ်နိင်တော့။ ကနဦးမှာတော့ ကျွန်တော်လည်း နားထောင်နေမှန်း သိအောင် အလိုက်သင့် သံယောင် လိုက်ပေးနေခဲ့သေးတယ်။ ဒါပေမယ့် မကြာပါဘူး ကျွန်တော် လက်လျှော့လိုက်တော့တယ်။

ဒီတော့ ကျွန်တော် ဓာတ်ပြားတစ်ချပ် ဖွင့်လိုက်တယ်။ တစ်ချပ်ကုန်သွားရင် နောက်တစ်ချပ်။ တစ်ချပ်ပြီးတစ်ချပ်။ အားလုံးကုန်သွားပြီး ဖွင့်စရာမကျန်တော့ ပထမဆုံးအချပ်ကို ပြန်ဖွင့်တယ်။ အပြင်မှာတော့ ဖွင့်အန်လို့ မဆုံးနိင်သေးဘူး။ သူမရဲ့ တစ်ကိုယ်တည်း စကားတွေ မဆုံးတမ်း ပြောနေခိုက်မှာ အချိန်က နှေးကွေးစွာ သွားနေခဲ့တယ်။

ဒီလိုနဲ့ အချိန် တော်တော်လေး ကြာလာခဲ့ပြီဆိုတာ သိတော့သိပေမယ့် စိတ်ထဲ စိုးရိမ် ပူပန်မိတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် ၁၁နာရီ ထိုးပြီဆိုတာ ရုတ်တရက် သိလိုက်တော့မှ ကျွန်တော် လန့်သွားတယ်။ သူမ မနားတမ်း ပြောနေတာ လေးနာရီလောက် ရှိပြီပဲ။ အခုချိန်မှ မထရင်တော့ နောက်ဆုံးရထား လွတ်သွားတော့မယ်။ ကျွန်တော် ဘာလုပ်ရမှန်း မသိဘူး။ သူမကို ဆုံးတဲ့ အထိ ပြောခိုင်းမလား။ ကြားဖြတ်ပြီး စကားစ သတ်ရမလား။ အတန်ကြာ ချီတုံချီချ ဖြစ်နေပြီးမှ ကျွန်တော် ကြားဖြတ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ လေးနာရီဆိုတာ အတော်လုံလောက်ပြီလို့ ကျွန်တော် ထင်တယ်လေ။ “ငါပြန်ဖို့ ကောင်းပြီထင်တယ်။ ညဉ့်နက်တဲ့အထိ နေမိတာ တောင်းပန်ပါတယ်ဟာ။ တို့တွေ တွေ့ဦးမယ်လေ။ ဟုတ်ပြီလား”

ကျွန်တော့်စကားတွေကို သူမ စိတ်ထဲရောက်မရောက် ကျွန်တော်မသိဘူး။ ခဏတော့ သူမ တိတ်သွားတယ်။ မကြာပါဘူး။ တကိုယ်တည်း ပြောနေတော့တာပါပဲ။ ကျွန်တော်လည်း လက်လျော့လိုက်ပြီး စီးကရက် မီးညှိလိုက်တယ်။ ဒီပုံစံနဲ့တော့ ကျွန်တော်လည်း ပထမအစီအစဉ်နဲ့ မဖြစ်နိင်တော့ဘူး ထင်တယ်။ ဖြစ်ချင်တာ ဖြစ်ပစေတော့။

ဒါပေမယ့် သိပ်မကြာပါဘူး။ သူမ ရပ်သွားတယ်။ ကျွန်တော်လည်း ရုတ်တရက် အံအားသင့်သွားပြီး သူမ ပြောပြီးသွားပြီဆိုတာ သိလိုက်တယ်။ တကယ်တော့ သူမ ပြောချင်စိတ် ကုန်သွားတာ မဟုတ်ဘူး။ ပြောစရာ စကားလုံးကို မကျန်တော့တာ။ စကားလုံး အစအနတွေက လေထဲမှာ တို့လို့တန်းလန်း။ သူမ ဆက်ပြောဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် တစ်လုံးမှကို ထွက်မလာတော့ဘူး။ တစ်စုံတစ်ရာ ဆုံးရှုံးသွားသလိုပဲ။ သူမရဲ့ နှုပ်ခမ်းတွေက မဟတဟနဲ့။ သူမက ကျွန်တော့်မျက်လုံးတွေကို မရေမရာနဲ့ ကြည့်နေခဲ့တယ်။ သူမကြည့်ရတာ ကျပ်ပိတ်ပိတ် ဥခွံထဲက တစ်စုံတစ်ရာကို ထွက်ပေါ်လာအောင် လုပ်နေသလိုပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်စိတ်ထဲမှာ အပြစ်မကင်းသလို ခံစားလိုက်မိတယ်။

“ငါ မင်းကို စကားဖြတ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမယ့် သိပ်နောက်ကျနေပြီဆိုတော့ ငါလည်း ပြန်ရင်ကောင်းမှာပဲ ဆိုပြီး …”

ကျွန်တော် စကားကို တစ်လုံးချင်း ဖြေးဖြေးလေးလေးနဲ့ ပြောနေခဲ့တယ်။

မျက်ရည်တစ်စက်က သူမပါးပြင်ပေါ်ကနေ စီးကျပြီး ဓာတ်ပြားအဖုံးပေါ် စင်သွားလိုက်တာ တစ်စက္ကန့်တောင် မကြာလိုက်ဘူး။ ပထမတစ်စက် စီးကျပြီးတဲ့နောက်တော့ ရေကာတာ ကျိုးသွားသလိုပါပဲ။ ကြမ်းပြင်ပေါ် လက်ထောက် ရှေ့ကိုငုံ့ကိုင်းပြီး ငိုနေပုံက မသိရင် အန်နေတဲ့ အတိုင်းပဲ။ ကျွန်တော်လည်း သူမရဲ့ တဆတ်ဆတ် လှိုက်ခါနေတဲ့ ပုခုံးပေါ် လက်ကို အသာအယာ တင်လိုက်တယ်။ ပြီးတော့ ဘာကိုမှ မစဉ်းတော့ပဲ သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ ကျွန်တော့်ရင်အုံပေါ်မှာ သူမရဲ့ ခေါင်းကို မြှုပ်ထားပြီး အသံတိတ် ကျိတ်ပြီး ရှိုက်နေခဲ့တယ်။ သူမရဲ့ ပူနွေးတဲ့ ထွက်သက်နဲ့ မျက်ရည်စတွေကြောင့် ကျွန်တော့်ရှပ်အင်္ကျီတောင် စိုထိုင်းလာခဲ့တယ်။ သူမရဲ့ လက်ချောင်းတွေကတော့ ကျွန်တော့်ကျောပေါ်မှာ တစ်စုံတစ်ရာကို ရှာဖွေနေသလို ဟိုသည် လျောက်စမ်းနေခဲ့တယ်။ ကျွန်တော့်ဘယ်ဘက် လက်မောင်းနဲ့ သူမကို ခေါင်းအုံးထားပြီး ညာဘက်လက်နဲ့ သူမရဲ့ ဆံချည်မျှင်လေးတွေကို ပွတ်သပ်နေမိတယ်။ သူမ အငိုများ တိတ်မလား အတော်ကြာကြာ အဲဒီပုံစံအတိုင်း ကျွန်တော် စောင့်ပေးနေခဲ့တယ်။ ဒါပေမယ့် သူမက မတိတ်ပါဘူး။


အဲဒီညက သူမနဲ့ကျွန်တော် ခရီးအတော်လွန်ခဲ့ကြတယ်။ အခြေအနေအရ ဒါအကောင်းဆုံး ဖြစ်ချင်ဖြစ်မယ်။ ဖြစ်ချင်မှလည်း ဖြစ်မယ်။ မဟုတ်ရင်ရော တခြား ဘာလုပ်သင့်သလဲ ။ ကျွန်တော် မသိဘူး။ ကျွန်တော် မိန်းခလေးတစ်ယောက်နဲ့ အတူမနေခဲ့တာ အတော်ကြာခဲ့ပြီ။ သူမအတွက်တော့ ဒါပထမဆုံး အတွေ့အကြုံပဲ။ ကျွန်တော်ကလည်း ကျွန်တော်။ သူ့ရည်းစားနဲ့ ဘာကြောင့် နယ်မကျွံခဲ့ကြတာလဲလို့ မိုက်မိုက်မဲမဲ သွားမေးမိတယ်။ သူမက ပြန်မဖြေပဲ တစ်ဖက်လှည့်သွားပြီး အပြင်မှာ ရွာနေတဲ့ မိုးစက်တွေကိုပဲ ငေးနေတော့တယ်။

ကျွန်တော်လည်း မျက်နှာကျက်ကို မော့ကြည့်ပြီး ဆေးလိပ်ဖွာနေလိုက်တယ်။


မနက်ရောက်တော့ မိုးတိတ်သွားခဲ့ပြီ။ သူမကတော့ ကျွန်တော့ကို ကျောပေးလျက်ပဲ အိပ်နေခဲ့တယ်။ ဒါမှမဟုတ် သူမဟာ တစ်ချိန်လုံး နိုးနေခဲ့သလား မပြောတတ်ဘူး။ သူမဟာ ပြီးခဲ့တဲ့ နှစ်ကလို တစ်ခါပြန်ပြီး တိတ်ဆိတ်ခြင်းရဲ့ အိတ်ခွံထဲ ပြန်လည်ကျရောက်လို့ သွားခဲ့ပြန်တော့တယ်။ ကျွန်တော် သူမရဲ့ ဖျော့တော့တော့ ကျောပြင်ကို ခဏလောက် ကြည့်နေခဲ့သေးတယ်။ ပြီးတော့ ကျွန်တော်လည်း လက်လျော့ပြီး ကုတင်ပေါ်က ဆင်းလာခဲ့တော့တယ်။

ဓာတ်ပြားအခွံတွေကတော့ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲလို့။ ကိတ်မုန့် အပိုင်းအစ တစ်ပိုင်းက စားပွဲကို တန်ဆာဆင်ထားတယ်။ ကျွန်တော့်စိတ်ထဲမှာ အချိန်က လမ်းချော်ပြီး ရပ်နေသလိုပဲ။ သူမရဲ့ စားပွဲပေါ်မှာတော့ အဘိဓာန်တစ်အုပ်နဲ့ ပြင်သစ်စာရဲ့ ကြိယာအမျိုးမျိုးကို ပြထားတဲ့ ဇယားတစ်ခု။ စားပွဲရှေ့ နံရံမှာတော့ ပြက္ခဒိန်တစ်ခုကို ကပ်ထားတယ်။ ဘာဆိုဘာမှ မမှတ်ထားရသေးတဲ့ အဖြူဆွတ်ဆွတ် ပြက္ခဒိန်။

ကုတင်ဘေးမှာ အပုံလိုက်ကျနေတဲ့ အဝတ်တွေကို ကျွန်တော် ကောက်ယူလိုက်တယ်။ ကျွန်တော့်ရဲ့ ရှပ်အင်္ကျီဟာ ယခုအချိန်ထိ သူမရဲ့ မျက်ရည်တွေနဲ့ အေးစက် စိုထိုင်းနေဆဲပါ။ ကျွန်တော်လည်း ငုံ့ပြီး သူမရဲ့ ဆံနံ့သင်းသင်းလေးကို ရှူသွင်းလိုက်ပါတယ်။ ဒီ့နောက် စားပွဲပေါ်မှာတွေ့တဲ့ စာရွက်ပိုင်းလေးကို ဖြဲပြီး ကျွန်တော့်ကို ဖုန်းဆက်ဖို့ ရေးမှာထားခဲ့တယ်။ ပြီးမှ တံခါးကိုစေ့ပြီး ထွက်လာခဲ့ပါတယ်။


တစ်ပတ်တိတိ သူမဆီက ဖုန်းမလာဘူး။ ကျွန်တော်ဆက်တော့လည်း မကိုင်ဘူး။ ဒီတော့ ကျွန်တော် သူမအတွက် စာအရှည်ကြီး တစ်စောင်ရေးတယ်။ ကျွန်တော့်ခံစားချက်တွေကို ကျွန်တော် သိသလောက် ရိုးရိုးသားသား ပြောပြဖို့ပါပဲ။ ငါနားမလည်နိင်တဲ့ ကိစ္စတွေအများကြီး ဖြစ်ပျက်သွားခဲ့တယ်။ ငါအစွမ်းကုန်ကြိုးစားပြီး အဖြေ ရှာမှာပါပဲ။ ဒါပေမယ့် ဒီ့အတွက် အချိန်ယူရမယ် ဆိုတာတော့ မင်းသိစေချင်တယ်။ ငါဟာ ဘယ်ကို ခြေဦး လှည့်ရမယ်မှန်းကို မသိဘူး။ ငါသိတာကတော့ ငါဟာ အဲဒီအကြောင်းတွေ အရမ်းတွေးပြီး စိုးရိမ်ပူပန်မနေချင်ဘူး။ ကမ္ဘာကြီးဟာ ဒီလောက် တွေးနေရလောက်အောင် ရေရာလှတာမှ မဟုတ်တာ။ ငါစပြီး လေးလေးနက်နက် စဉ်းစားမိရင် အဆုံးမှာ လူတွေကို သူတို့ မလုပ်ချင်တာတွေ အတင်းလုပ်ခိုင်းမိလိမ့်မယ်။ ငါဒါကို မခံနိင်ဘူး။ ငါမင်းကို အရမ်းတွေ့ချင်မိတာ အမှန်ပဲ။ ဒါပေမယ့် တွေ့သင့်လား မတွေ့သင့်လား ငါလည်းမသိဘူး။ ဒါကတော့ သူမဆီ ကျွန်တော် ရေးလိုက်တဲ့ စာပေါ့။


ဇူလိုင်လဆန်းမှာ ကျွန်တော် ပြန်စာရတယ်။ စာတိုလေးပါ။


လောလောဆယ်တော့ ကောလိပ် တစ်နှစ်နားဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ လောလောဆယ်လို့ ဆိုပေမယ့် ပြန်လာဖြစ်ချင်မှလည်း လာဖြစ်မယ်။ ခွင့်ကတော့ တရားဝင်ဖြစ်အောင် ယူလိုက်တာပါ။ မနက်ဖြန် ကျွန်မ အဆောင်ကနေ ထွက်မယ်။ ဆိုင်းမဆင့် ဗုံမဆင့်လို့တော့ ရှင် ထင်လိမ့်မယ်။ ဒါပေမယ့် ကျွန်မကတော့ အချိန်အတော်ယူပြီး စဉ်းစားခဲ့တာပါ။ ကျွန်မ ရှင်နဲ့တိုင်ပင်ဖို့ အကြိမ်ကြိမ် စဉ်းစားသေးတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ရှင့်ကို မတိုင်ပင်ဖြစ်ခဲ့ဘူး။ ရှင်နဲ့ အဲဒီ အကြောင်းကို မပြောချင်တာလည်း ပါမယ်။

ဖြစ်ပျက်ခဲ့တာတွေ အားလုံးအတွက် စိတ်မပူပါနဲ့။ ဖြစ်ခဲ့တာတွေရော မဖြစ်ခဲ့တာတွေရော ကျွန်မတို့ကြားမှာ ပြီးဆုံးသွားခဲ့ပါပြီ။ ရှင် စိတ်ထိခိုက်သွားမယ် ဆိုရင်လည်း ခွင့်လွှတ်ပါ။ ရှင့်ကို ပြောချင်တာက ရှင့်ကိုရှင်ရော ကျွန်မကိုရော တခြား တစ်ယောက်ယောက်ကိုရော အပြစ်တင်မနေဖို့ပါ။ ဒါဟာ ကျွန်မဘာသာ ကျွန်မ ဖြေရှင်းရမယ့် ကိစ္စပါ။ ပြီးခဲ့တဲ့ တစ်နှစ်လုံး ရှင့်ကို အနှောင့်အယှက် အတော်ပေးခဲ့မိတယ်။ ရှင်လည်း ကျွန်မ့အတွက် အတော်ဒုက္ခခံခဲ့ရလိမ့်မယ်။ ဒါတွေအားလုံး ကျွန်မတို့ရဲ့ အတိတ်မှာ ကျန်ခဲ့ပြီလို့ ထင်ပါတယ်။ ကျိုတိုနားက တောင်ပေါ်မှာ နာလံထဆေးရုံတစ်ခု ရှိတယ်။ ကျွန်မ အဲဒီမှာ ခဏလောက်နေဖို့ စဉ်းစားထားတယ်။ အဲဒီနေရာက ဆေးရုံဆိုတာထက် ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် လုပ်ချင်တာလုပ်လို့ရတဲ့ နေရာလေးပဲ။ နောက်ရှင့်ဆီ စာရေးဖြစ်ရင်တော့ ဒီ့ထက် ပိုပြောနိင်ပါလိမ့်မယ်။ အခု လောလောဆယ်တော့ စကားလုံးတွေကို ရေးချလို့မရဘူး ဖြစ်နေတယ်။ ဒါနဲ့ဆို ဆယ်ကြိမ်မြောက်ပဲ ပြန်ရေးရတာ။ မနှစ်က ရှင်နဲ့အတူ ရှိနေခဲ့တဲ့ အချိန်တွေအတွက် ဘယ်လောက်အထိ ကျေးဇူးတင်ကြောင်းကို ပြောဖို့ သင့်တော်တဲ့ စကားလုံးကို ရှာမရဘူး။ ကျွန်မ ဒီလိုပြောတာ ကျေးဇူးပြုပြီး ယုံပေးပါ။ ကျွန်မ ဒီ့ထက်လည်း ပိုမပြောတတ်ဘူး။

ရှင်ပေးခဲ့တဲ့ ဓာတ်ပြားကို ကျွန်မ အမြဲတန်ဖိုးထား သိမ်းထားမှာပါ။ ဘာမှမရေရာတဲ့ ဒီလောကကြီးထဲမှာ တစ်ချိန်ချိန် တစ်နေရာရာ ကျွန်မတို့ ပြန်ဆုံကြတဲ့ အခါတော့ အခုထက် ပိုပြောနိင်လိမ့်မယ် မျှော်လင့်ပါတယ်။

နှုတ်ဆက်လိုက်ပါတယ်။


ကျွန်တော် သူမရဲ့ စာကို အနည်းဆုံး အကြိမ်ရာနဲ့ချီပြီး ဖတ်နေမိတယ်။ ဖတ်တိုင်းလည်း ဆိုးဆိုးရွားရွား ဝမ်းနည်းမှုက လူကို ဖျစ်ညစ်ဆုပ်နယ်ထားတယ်။ ကျွန်တော့်မျက်လုံးတွေကို သူမ စိုက်ကြည့်တဲ့ အခါတိုင်းမှာ ခံစားရတဲ့ အနေရခက်မှုမျိုးနဲ့ တူတယ်။ အဲဒီခံစားမှုကို ကျွန်တော် ခွာချလို့ကို မရဘူး။ လေလိုပဲ။ ပုံသဏ္ဍန်မဲ့ အလေးချိန်မဲ့ ကျွန်တော့်ကိုယ်မှာ သိုင်းပတ်ထားလို့လဲ မရ။ ပတ်ဝန်းကျင် ရှုခင်းတွေက ကျွန်တော့်ရှေ့က ညင်ညင်သာသာ ဖြတ်သွားကြတယ်။ လူတွေပြောတဲ့ စကားတွေက ကျွန်တော့်နားထဲ မရောက်ဘူး။

စနေနေ့ညတွေမှာဆို ကျွန်တော်ဟာ ဧည့်ခန်းထဲက ထိုင်နေကျ ခုံမှာပဲ ထိုင်နေတတ်တယ်။ ဖုန်းလာဖို့ မရှိဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် တခြား ဘာလုပ်ရမှန်းလည်း မသိ။ တီဗီဖွင့်ပြီး ဘေ့စ်ဘောပွဲ ကြည့်ချင်ယောင် ဆောင်မိတယ်။ တီဗွီနဲ့ ကျွန်တော်နဲ့ကြားက မတိုင်းတာနိင်တဲ့ ကွက်လပ်ကလေးကိုပဲ ငေးနေမိတယ်။ အဲဒီ ကွက်လပ်ကို ထပ်ကာထပ်ကာ စိတ်ထဲမှာ ထပ်ခြမ်းခြမ်းနေမိတာ ကျွန်တော့်လက်ဖဝါးထဲ ထည့်လို့ ရလောက်အောင် သေးငယ်သွားတဲ့ အထိပဲ။

ဆယ်နာရီထိုးတာနဲ့ တီဗွီကို ပိတ်ပြီး ကျွန်တော့်အခန်းကို ပြန်အိပ်တယ်။


လကုန်တော့ ကျွန်တော့်အခန်းဖော်က အသင့်ဖျော် ကော်ဖီခယားထဲ ထည့်ထားတဲ့ ပိုးစုန်းကြူးတစ်ကောင် ပေးတယ်။ အထဲမှာ ဖန်ဒလက်တွေနဲ့။ ရေနည်းနည်း ရှိတယ်။ အဖုံးမှာ လေပေါက်လေး ဖောက်ပေးထားတယ်။ ပိုးစုန်းကြူးက အလင်းရောင် မထွက်တော့ ကမ်းခြေမှာ တွေ့ရတက်တဲ့ အနက်ရောင် ကြမ်းပိုးလေးနဲ့တောင် တူသေး။ ကရားထဲကို အသေအချာ ကြည့်လိုက်တော့မှ ပိုးစုန်းကြူးဆိုတာ သေချာသွားတယ်။ ပိုးစုန်းကြူးလေးဟာ ဖန်ခရားရဲ့ ချောနေတဲ့အခြမ်းကနေ တရွေ့ရွေ့ တက်လိုက်၊ ပြန်ပြုတ်ကျလိုက်နဲ့။ ကျွန်တော် အနီးကပ် ကြည့်နေတာပဲ အတော်ကြာသွားခဲ့ပြီ။

“ကျွန်တော် ဝင်းထဲက တွေ့လာတာ။ လမ်းအဆင်းက ဟိုတယ်မှာ လူစိတ်ဝင်စားအောင် ပိုးစုန်းကြူး တစ်သိုက်ကြီး ပြထားတယ်လေ။ ဒီကောင်က အဲဒီကနေ သူ့ဘာသာသူ ရောက်လာပုံပဲ”

ကျွန်တော့် အခန်းဖော်က ပြောလည်းပြော၊ အဝတ်အစားတွေ၊ မှတ်စုစာအုပ်တွေကို လက်ဆွဲအိပ်လေးထဲ ထိုးထည့်နေခဲ့တယ်။ နွေရာသီ ကျောင်းပိတ်တာတောင် ဘယ်နှစ်ပတ် ရှိပြီလဲ မသိတော့ပါဘူး။ ကျွန်တော်ကတော့ အိမ်ကို မပြန်ချင်လို့။ သူကတော့ ကွင်းဆင်းစရာ ရှိလို့။ ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက်ပဲ အဆောင်မှာ ကျန်ခဲ့တယ်။ သူက အခု ကွင်းဆင်းပြီးလို့ အိမ်ပြန်ဖို့ လုပ်နေပြီလေ။

“မိန်းခလေး တစ်ယောက်ယောက်ကို ပေးလိုက်ပေါ့။ ဒါမျိုးကို မိန်းခလေးတွေ ကြိုက်ကြတယ် မဟုတ်လား” သူက အကြံပေးသည်။

“ဒီအကြံ ကောင်းတယ်။ ကျေးဇူးပဲ” ကျွန်တော် သူ့ကို ပြန်ပြောလိုက်တယ်။


နေဝင်သွားတော့ အဆောင်တစ်ခုလုံး တိတ်ဆိတ်လို့။ အလံကိုလည်း ဖြုတ်သွားခဲ့ကြပြီ။ ကဖေးဆိုင် ပြူတင်းပေါက်က အလင်းရောင် ဝင်လာတယ်။ အဲဒီမှာ ကျောင်းသား နည်းနည်းပဲရှိတော့ မီးကို တစ်ဝက်လောက်ပဲ ထွန်းထားတယ်။ ညာဘက်အခြမ်းကို အမှောင်ချပြီး ဘယ်ဘက်တစ်ခြမ်းပဲ ထွန်းထားတယ်။ ခပ်မှိန်မှိန် ညစာစားပွဲရဲ့ အငွေ့အသက်ကို ရနိင်တယ်။ နှာခေါင်းထဲမှာ ပြုတ်ကျော်နံ့ရနေတယ်။

ပိုးစုန်းကြူး ထည့်ထားတဲ့ ကော်ဖီကရားကိုယူပြီး ကျွန်တော် အဆောင်ခေါင်မိုး လေသာဆောင်ပေါ် တက်သွားတယ်။ အဲဒီမှာ ခြောက်ကပ် တိတ်ဆိတ်နေလိုက်တာများ၊ အဝတ်တန်းမှာ ဘယ်သူ မေ့ကျန်ခဲ့မှန်း မသိတဲ့ အဖြူရောင် ရှပ်အင်္ကျီ တစ်ထည်က ညနေခင်း လေညှင်းမှာ တလွင့်လွင့် လူးနေလိုက်တာ အရေခွံခွာပြီး လှန်းထားသလိုပဲ။ အမိုးထောင့်က သံချေးတက်နေတဲ့ လှေကားကနေ ရေတိုင်ကီစင်ကို ကျွန်တော် တက်လိုက်တယ်။ တိုင်ကီဝိုင်းကြီးက နေ့လည်က အပူရှိန်နဲ့ နွေးနေဆဲပဲ။ အဲဒီ နေရာလွတ်လေးမှာပဲ ကျဉ်းကျဉ်းကျပ်ကျပ် ထိုင်လိုက်တယ်။ လက်ရမ်းကိုမှီပြီး ကျွန်တော့် ရှေ့က တစ်ရက်နှစ်ရက်သာ လိုတော့တဲ့ မပြည့်တပြည့် လကို ကြည့်လိုက်တယ်။ ညာဘက်မှာ ရှင်ဂျုကုက လမ်းတွေ။ ဘယ်ဘက်မှာတော့ အကီဘူကူယိုကို မြင်နေရတယ်။ ကားတွေရဲ့ ရှေ့မီးက တောက်ပတဲ့ အလင်းတန်းတွေဟာ စမ်းချောင်းလေးလို မြို့ရဲ့တစ်နေရာက တစ်နေရာကို စီးနေကြတယ်။ မြို့ကို တိမ်တိုက်တစ်ခုလို ဖုံးနေတာက တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ အသံမျိုးစုံ။

ပိုးစုန်းကြူးလေးက ကရားအောက်ခြေမှာ မှိန်မှိန်လေး လင်းနေတယ်။ ဒါပေမယ့် အလင်းရောင်က သိပ်အားနည်းတဲ့အတွက် အရောင်က သိပ်မွဲတယ်။ ကျွန်တော် မှတ်မိသလောက်က ပိုးစုန်းကြူးတွေဟာ နွေညရဲ့ အမှောင်ကို ထိုးခွဲပြီး ပြတ်ပြတ်သားသား မြင်နိင်လောက်အောင် တောက်ပကြတယ်။ ဒီပိုးစုန်းကြူးကတော့ အတော့်ကို အားနည်းနေပုံပဲ။ မှန်းကြည့်ရတာ သေတော့မယ် ထင်တယ်။ ကျွန်တော် ခရားနှုတ်သီးကကိုင်ပြီး တစ်ကြိမ်နှစ်ကြိမ် လှုပ်ကြည့်တယ်။ ဒီပိုးကောင်လေးက တစ်စက္ကန့်လောက် ပျံပြီး ဖန်နံရံနဲ့ ဝင်တိုက်တယ်။ ဒါပေမယ့် အလင်းရောင်က မှိန်ဆဲပဲ။

ပြဿနာက အလင်းရောင်မဟုတ်ပဲ ကျွန်တော် အမှတ်မှားတာလည်း ဖြစ်နိင်တယ်။ ပိုးစုန်းကြူးတွေဟာ အဲဒီလောက် အရောင်တောက်ချင်မှလည်း တောက်မယ်။
ကျွန်တော့်ဘာသာ စိတ်ကူးထားတာလည်း ဖြစ်နိင်တယ်။ ဒါမှမဟုတ် ကျွန်တော် ငယ်ငယ်က ကြုံရတဲ့ အမှောင်ထုက ပိုပြီး နက်ရှိုင်းလို့လည်း ဖြစ်ချင်ဖြစ်မယ်။ ကျွန်တော် မမှတ်မိတော့ဘူး။ ဘယ်တုန်းက ပိုးစုန်းကြူးကို နောက်ဆုံးမြင်ခဲ့ဖူးသလဲ ဆိုတာတောင် ပြန်စဉ်းစားလို့ မရတော့ဘူး။

ကျွန်တော် မှတ်မိနေတာက ညဘက်ကြားရတဲ့ ရေသံ။ အုတ်ရေလွှဲပေါက်ဟောင်းလေး တစ်ခု။ လှည့်ပြီး အဖွင့်အပိတ်လုပ်ရတဲ့ မောင်းတံလေးနဲ့။ အပင်တွေ အုပ်ဆိုင်းနေတဲ့ ချောင်းငယ်လေး။ ပတ်ပတ်လည်မှာ ပိန်းပိတ်နေတဲ့ အမှောင်ထု။ ငြိမ်သက်နေတဲ့ ရေပြင်အထက်မှာ ပိုးစုန်းကြူးတွေ ရာနဲ့ချီလို့။ အလင်းစက်လေးတွေ တစ်အုပ်လုံးက မီးကြီးထွန်းထားသလို စမ်းချောင်းလေးရဲ့ ရေပြင်မှာ တောက်ပနေကြတယ်။ ဘယ်တုန်းကလည်း ဘယ်နေရာမှာလဲ ဆိုရင်တော့ ကျွန်တော် မသိတော့ဘူး အားလုံးက ရောနှောရှုပ်ထွေးနေခဲ့တယ်။

ကိုယ့်ကိုယ်ကို အေးငြိမ်းသွားအောင် မျက်လုံးမှိတ်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်တယ်။ မျက်လုံးကို ဒီအတိုင်း တင်းတင်းမှိတ်ထားခဲ့ယင် အချိန်မရွေး ခန္ဒာကိုယ်ဟာ နွေဦးညနက်နက်ထဲ နစ်မြုပ်သွားမှာ အသေအချာပဲ။ အခုလို ညဘက် မှောင်မှောင်မဲမဲမှာ ရေတိုင်ကီစင်ပေါ်တက်တာ ဒါပထမဆုံးပဲ။ လေတိုးသံက ခါတိုင်းထက် ပိုပြီး ကြည်လင်နေတယ်။ လေက သိပ်မပြင်းလှပေမယ့် ကျွန်တော့ကို တိုးတိုက်သွားတဲ့အခါ ထူးထူးဆန်းဆန်း သူ့ရဲ့ အထိအတွေ့ကို ထင်ထင်ရှားရှား ချန်ရစ်ခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ ညဟာ ကမ္ဘာမြေပြင်ပေါ် တစတစ လွှမ်းခြုံလာခဲ့တယ်။ မြို့ရဲ့ အလင်းရောင်က ထိန်ငြီးဆဲပါ။ ဒါပေမယ့် ညဟာ တဖြေးဖြေး တစစနဲ့ အနိင်ရလာခဲ့တယ်။

ကရားအဖုံးလေးကို ဖွင့်ပြီး ကျွန်တော် ပိုးစုန်းကြူးလေးကို ထုတ်လိုက်တယ်။ ရေတိုင်ကီစင်ရဲ့ တစ်လက်မ နှစ်လက်မလောက် ရှိတဲ့ အစွန်းလေးပေါ် တင်လိုက်တယ်။ ကြည့်ရတာ ပိုးစုန်းကြူးလေးဟာ သူဘယ်ရောက်နေသလဲ မသဲကွဲဘူး ဖြစ်နေတယ်။ လက်ကိုင်ဖုကို ယောင်တိယောင်ကမ်း တစ်ပတ်ပတ်ပြီး အိမ်သုတ်ဆေး တစ်ထပ်ပေါ်ကနေ ခြေထောက်တစ်ဖက် ဆန့်လိုက်တယ်။ ညာဖက် ဆက်သွားကြည့်တော့ လမ်းကဆုံးနေပြီ။ ဒီတော့ ဘယ်ဘက် ပြန်လှည့်လာတယ်။ လက်ကိုင်ဘုရဲ့ ထိပ်မှာ ကုပ်ကပ်တွယ်ဖက်လို့။ အဲဒီမှာ အတော်ကြာကြာ ဝပ်နေခဲ့တယ်။ လုံးဝမလှုပ်ဘူး။ အသက် မရှိတော့တဲ့အတိုင်း။ လက်ရမ်းကိုမှီပြီး ပိုးစုန်းကြူးကို ကျွန်တော် ငေးနေခဲ့တယ်။ ကျွန်တော်တို့ နှစ်ယောက်ဟာ အချိန် အတော်ကြာကြာ ဒီအတိုင်း မလှုပ်မယှက် ထိုင်နေခဲ့ကြတယ်။ အဲဒီမှာ စမ်းချောင်းတစ်ခုလို တသွင်သွင် စီးဆင်းနေတဲ့ လေကပဲ ကျွန်တော်တို့ကို ပွတ်သပ်သွားကြတယ်။ အမှောင်ထဲမှာ မရေတွက်နိင်တဲ့ ဇယ်ကိုဗာရွက်တွေက အချင်းချင်း ပွတ်တိုက်ပြီး တရှဲရှဲမြည်လို့။


ကျွန်တော် ထာဝရ စောင့်လို့နေခဲ့တယ်။


အတော်ကြာပြီးတဲ့နောက် ပိုးစုန်းကြူးလေးလဲ ပျံသွားတယ်။သူ့ပုံစံက တစ်ခုခုကို သတိရလိုက်သလို အတောင်တွေကို ရုတ်တရက် ဖြန့်လိုက်ပြီး ချက်ချင်းပဲ လက်ရမ်းပေါ်က ခုန်ချကာ အမှောင်ထုထဲ ပျံသန်းနေခဲ့တယ်။ ကုန်လွန်သွားတဲ့ အချိန်တွေကို ပြန်ရဖို့ ကြိုးစားတယ် ထင်ပါရဲ့။ ရေတိုင်ကီ နံဘေးမှာ ခပ်သွက်သွက် စက်ဝိုင်းပုံ တစ်ပတ်ပတ်၊ ပြီး သူ့အလင်းတန်းလေး မှိန်ဝါးလာရုံလောက်ပဲ ခဏရပ်။ ရပ်ပြီး အရှေ့ဘက်ကို ဆက်ပျံသန်းသွားခဲ့တယ်။

ပိုးစုန်းကြူးလေး ပျောက်ကွယ်သွားပြီး အတော်ကြာတဲ့အထိ သူ့အလင်း အစအနလေးတွေက ကျွန်တော့်ထံမှာ ကျန်ရစ်နေခဲ့တယ်။ ကျွန်တော့်ရဲ့ ပိတ်ထားတဲ့ မျက်လုံးတွေရဲ့ နောက်က ထူထဲလှတဲ့ အမှောင်ထဲမှာ အဲဒီ ဖျော့တော့တော့ အလင်းလေးဟာ ပျောက်ဆုံးသွားတဲ့ ဝိညဉ်လို ခြေဦးတည့်ရာ လှည့်လည်လို့။

ကြိမ်ဖန်များစွာ ကျွန်တော့်ရဲ့ လက်တွေကို အမှောင်ထုထဲကို မြှောက်စမ်း ကြည့်ပေမယ့် ကျွန်တော့် လက်ချောင်းတွေက ဘာကိုမှ စမ်းလို့မမိ။ အဲဒီ အလင်းစက်ကလေးဟာ ကျွန်တော် လက်လှမ်းမမှီတဲ့ နေရာမှာပဲ အမြဲ ရှိနေခဲ့တော့တယ်။


(Firefly by Haruki Murakami (Translated, from Japanese by Philip Gabriel.).
Mirrored from: ဒီနိုဗို ဘာသာပြန် – ဒီနိုဗို။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s