လမ်းအိုလေး

Løøps of Resistance …

သူမ၌တွေ့ရှိရသော ငါ၏ ချစ်ခြင်း (မြင့်သန်း)

သူမ၌တွေ့ရှိရသော ငါ၏ ချစ်ခြင်း (မြင့်သန်း)

Leave a comment

[တစ်]

ထည်လဲမဟုတ်တတ်သော အပျိုမ၏ အပြုံးမျိုးကို ထွက်ပြူစလရောင်အောက်၌ တွေ့ရလိမ့်မည်လားဟု ကျွန်တော်က တွေးလိုက်မိသည့်တိုင် ထိုအပြုံး၏ နောက်နားဆီမှ ထပ်ကြပ်မကွာ လိုက်ပါလာသည့် မတွေ့ရတော့ဘူးဟူသော တင်ကူးသိရှိထားမှုတစ်ရပ်အား သိသိချည်းဖြင့် မသိချင်ယောင်ဆောင် နေလိုက်မိသည်မှာ စင်စစ် ကျွန်တော်၏ အရင်းခံကျကျ ရိုးသားမှုတစ်ရပ်သာ ဖြစ်မည်ထင်သော်လည်း လရောင်ကိုမူ လဆန်းတွင်ဖြစ်စေ၊ လဆုတ်တွင်ဖြစ်စေ တစ်ခါမျှ ရိုးသားသည်ဟု ကျွန်တော် မမြင်မိသေးသောကြောင့် အကယ်၌ လရောင်က ဒီရေမြင့်တက်စေသည် ဟူသော အဆိုမှာ တကယ်ပင်ခိုင်မာခဲ့သည်ဟု ဆိုကြလျှင် ကျွန်တော့်အနေဖြင့် ထိုအဆိုမျိုးကို လက်ခံရင်း လမ၀င်သွားစေရန်လည်းကောင်း၊ လကွယ်နေ့ညများ ရှိမလာစေရန်လည်းကောင်း ကြိုးစားကြည့်ချင်စိတ် ရှိပင်ရှိခဲ့စေကာမူ မဖြစ်နိုင်သော အကြောင်းတစ်ခုအတွက် အချိန်ကုန်ခံနေမည့်အစား ဖြစ်နိုင်သော အကြောင်းတစ်ခုခုကို ကြိုးစားချင်သည်ဟု တွေးကြည့်မိလိုက်ခြင်းမှာ အချိန်ကုန်သွားစေရန် ဖြုန်းတီးပစ်မည်ဆိုသော အားထုတ်မှုမျိုး မဟုတ်သည်ကဲ့သို့ ကုန်ဆုံးသွားခဲ့ပြီဖြစ်သော အချိန်ကာလများအတွင်း လရောင်ကြောင့်ဖြစ်စေ လရောင်မပါဘဲလျက်ဖြစ်စေ ပြောင်းလဲမည်မဟုတ်ဟု ထင်ရသော တင်ကူးလက်ခံတွက်ဆထားသော သိမှုတစ်ခုအပေါ် ကျွန်တော် အဖြေတစ်စုံတစ်ရာ ကြားချင် သိချင်နေသောကြောင့်သာ ဖြစ်ပေမည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ခန့်က ယနေ့ညနေခင်းကဲ့သို့ တစ်ခုသောလပြည့်ကျော်၏ ညနေခင်းတစ်ခုတွင် ဤနေရာ ဤကန်ဘောင်ရိုး၌ထိုင်ရင်း အင်နာတဲလ်အားစကားတစ်ခွန်း မေးခဲ့ဖူးရာ ဘာသာစကားအခြေခံ ဆက်သွယ်မှုအရ တည်ဆောက်ထားသော ကျွန်တော်တို့၏ နေ့စဉ်ဘ၀အတွင်းမှ လူမှုဆက်ဆံရေးပုံစံတွင် ကျွန်တော်မေးသောစကားတစ်ခွန်းအပေါ် သူမအနေဖြင့် ဟုတ်တယ်,မဟုတ်ဘူး၊ သဘောတူတယ်,မတူဘူးကိုသာ ဖြေရန်ရှိသဖြင့် ကျွန်တော်နှင့် သူမ၏အကြားတွင် အပြန်အလှန်ဖလှယ်ရန် စကားလုံးမြောက်မြားစွာ ရှိလိမ့်မည်မဟုတ်ဟု ထင်မိခဲ့သော်လည်း ထိုတစ်ညနေခင်းက ကျွန်တော်တို့နှစ်ဦးသားမှာ စကားလုံးပေါင်းမြောက်မြားစွာကို ငြိမ်သက်သောညနေခင်း၏ လရောင်အောက်၌ သိမှုများနှင့် အစွမ်းပြိုင်ရင်း အဖြေမပေးနိုင်သော မေးခွန်းပေါင်းများစွာအတွက် ကာလတရားကို သုံးစွဲပစ်ခဲ့မိကြသည်။

သူမသည် ကျွန်တော်မဟုတ်သဖြင့် သူမစိတ်ထဲကအကြောင်းများကို ကျွန်တော် ပြောပြနိုင်လိမ့်မည် မဟုတ်သော်လည်း ကျွန်တော့်စိတ်ထဲက အကြောင်းများကိုမူ လွယ်လွယ်ကူကူ ပြောပြနိုင်သည်ဖြစ်ရာ ယနေ့ညနေဘက်တွင် ကျွန်တော် စိတ်လှုပ်ရှားနေပုံမျိုးသည် လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကဖြစ်ခဲ့သော စိတ်လှုပ်ရှားခဲ့ပုံမျိုးနှင့် တစ်သားတည်းဟု အပ်ကျမတ်ပျ မဆိုနိုင်သည့်တိုင် မကွာလှဟုဆိုရလျှင် တရားလက်လွတ်မှားလိမ့်မည်ဟု မထင်ရသည်ကဲ့သို့ မျှော်လင့်ခြင်းမပါသော စိတ်လှုပ်ရှားမှုတစ်ရပ်သာဖြစ်ပြီး အနှောင်အတဲကင်းပ၍ ပေါ့ပါးသော စိတ်လှုပ်ရှားမှုတစ်မျိုးသာ ဖြစ်ပါသည်ဟူ၍ပင် ပြောနိုင်သည့်နည်းတူ ရေကန်ပေါင်ပေါ်မှ ခုံတန်းလျားကို မြင်သည်နှင့် သူ လာပါ့မလားဟု ဟိုစဉ်ကတွေးသော အတွေးမျိုး ပေါ်လာပြန်ပြီး သူ တကယ်လာလိမ့်မည်ဆိုသောအသိက မထိတထိခြောက်လှန့်နေသကဲ့သို့ ခံစားလိုက်ရစဉ်မှာပင် ကျွန်တော် တကယ်တမ်းသိလိုသောအကြောင်းတစ်ခုမှာ သူမအကြောင်း၊ ကျွန်တော့်အကြောင်းချည်းသာမက ရေကန်ပေါင်ပေါ်မှ ခုံတန်းလျားကို လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်အတွင်း၊ မည်သူက ထိန်းသိမ်းစောင့်ရှောက်ကာ ဆေးမှန်မှန်သုတ်ပေးသလဲဟူသော အကြောင်းလည်း ပါနေသည်။

ရေကန်ပေါင်ပေါ်မှ ခုံတန်းလျားကို ဆေးအပြာရောင်သုတ်ထားသဖြင့် လရောင်အောက်တွင် စိမ်းတိမ်းတိမ်းဖြစ်နေသည်မှာ ဟိုးအရင်ကအတိုင်း ဖြစ်နေသော်လည်း ကန်ရေပြင်တွင်မူ ကြာပင်များ အထိုက်အလျောက်ပွားနေကြောင်း ကျွန်တော်သတိထားမိလိုက်သကဲ့သို့ ကြာပန်းအချို့တို့မှာ နေရောင်ခြည်ရသည်နှင့် ပွင့်လာတတ်ပြီး နေ၀င်သောအခါ ပြန်လည် ငုံသွားတတ်သောကြောင့် မျက်နှာလိုက်သော ပန်းတစ်မျိုးဟု ကျွန်တော်ကသတ်မှတ်ရင်း အမြဲလို မုန်းတီးနေခဲ့မိသည့်တိုင် လ၏အရောင်က ဒီရေကိုတက်နိုင်စေတယ်ဆိုပေသည့် လရဲ့အရောင် လရဲ့ဆွဲငင်အားက ကြာပန်းတွေကိုတော့ မပွင့်စေနိုင်ပဲကိုးဟု ကိုယ့်ဘာသာ တွေးရင်းမေးရင်း အဖြေလိုလို ရလဒ်တစ်ခု ရမိသောအခါ ကြာပန်းများ၏မာနကို သဘောကျမိသလိုလိုဖြစ်ပြီး လရောင်ကိုပင် သနားစိတ်ပေါ်မိလိုက်စဉ်မှာပင် လ၏ အလင်းရောင်ကို လက်ဝေခံရယူထားသည့် ကန်ရေမျက်နှာပြင်သည် ခံစားချက်တစ်စုံတစ်ရာမရှိဘဲ လ၏အလင်းရောင်ကို တန်ပြန်ထုတ်လွှတ်ပေးနေပုံကို သတိထားလိုက်စဉ်မှာပင် ရေကန်ပေါင်ပေါ်မှ ခုံတန်းပေါ်တွင် အသာထိုင်ချလိုက်မိရင်း မျက်စိတစ်ဆုံးတွင်မြင်ရသော ရေကန်၏ အခြားတစ်ဖက်မှ ခင်တန်းကလေးအား ကြည့်နေရာမှ တဖြည်းဖြည်းချင်း ကမ်းစပ်ဆီသို့ ပြောင်းရွှေ့ကြည့်လိုက်မိသည်။

ကျွန်တော်ထိုင်နေရာမှ မလှမ်းမကမ်းရေစပ်တွင် ပြန်လည်ငုံသွားပြီဖြစ်သော ကြာငုံတချို့ကို တွေ့လိုက်ရသည်။

[နှစ်]

– ဟေး… နင်ရောက်နေတာ ကြာသွားပြီလား။
– သိပ်မကြာသေးဘူး။
– မာမီကပြောတယ်။ သူနဲ့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်တွေ အတော်ကြာအောင်ပြောပြီး နင်ကန်စောင်းဘက်ဆင်းသွားတယ်။ အဲဒီမှာ ရှိမယ်လို့ မှာခဲ့တယ်ဆို။
– အေး။
– နင်က ကြီးမှ တောင့်တောင့်တင်းတင်းနဲ့ ကြည့်လို့တောင် ပိုကောင်းနေတယ်လို့ မာမီကပြောတယ်။ ဟုတ်သားပဲ။ နင့်မှာ အရင်ကလို အသက်ရှူကျပ်တာတွေဘာတွေ မရှိတော့ဘူးလား။
– ငါ နင့်ကိုလာတွေ့တာ ဆေးကုသခံဖို့လာတယ်လို့ နင်ထင်လို့လား။ ဒီအချိန်က လူနာကြည့်ချိန်လား။
– မသိဘူးလေ။ နင့်မှာ တခြားကိစ္စရှိလို့လား။
– မရှိပါဘူး။ ဒီရောက်တုန်း နင်နဲ့တွေ့ပြီး စကားလေးဘာလေး ပြောချင်တာပါ။ ဒီဇင်ဘာလဆိုတော့လည်း ဒီအနားကလေး လာချင်တာပေါ့။
– ဘာလို့တုံး။
– မသိဘူး။ ဟိုဘက်နားဆီမှာ တို့ကွန်ဖရင့်ရှိတယ်။ ဒီတော့ ငါ ကန်ရဲ့ဒီဘက်ကိုလာပြီး နင်တို့အိမ်ရှေ့ လာကြည့်မိတယ်။ ဒီခုံတန်းလျားကော ရှိသေးလားလို့ လာကြည့်တာ။ နေပါဦး။ ဒီခုံတန်းလျားကို ဘယ်သူက ဆေးတွေဘာတွေသုတ်ပြီး စောင့်ရှောက်နေသလဲ။
– ဒယ်ဒီရှိတုန်းကတော့ ဒယ်ဒီပေါ့။ ခုတော့ ငါပေါ့ဟာ။ ဘာလို့လဲ။
– ဘာမှ မဖြစ်ပါဘူး။ ငါက ဒီနေရာကလေးကို သတိရတတ်လို့ပါ။
– နင်က ဒီလိုကိုး။ ထိုင်ခုံကိုသတိရလို့လာတာ။ ငါ့ကို တွေ့ချင်လို့မှမဟုတ်ဘဲ။
– နင့်ကိုလည်းတွေ့ချင်လို့ပါ။ စကားလေးဘာလေးတွေလည်း ပြောချင်လို့ပေါ့ဟာ။
– ဘာလဲ.. နင်နဲ့ငါ ယူကြရင်ကောင်းမလား။ နင် ငါ့ကိုယူမလားလို့ မေးဦးမလို့လား။
– အဲဒီလိုမေးရတဲ့အရွယ်မျိုးတွေ မဟုတ်တော့ဘူးလို့ ငါထင်တယ်။
– နင့်ကို ဘယ်သူက ပြောလဲ။
– မသိဘူးလေ။ ငါထင်တာပဲ။ နေပါဦး။ အဲဒီကိစ္စက ဘယ်လိုကနေ စလိုက်တာလဲ။ နင်မှတ်မိသေးလား။
– အက်ဒရစ်တို့မင်္ဂလာဆောင်မှာ အန်ကယ်က ဒယ်ဒီ့ကို ခင်ဗျားသမီးနဲ့ကျုပ်သား ပေးစားကြစို့လားဆိုပြီး နောက်တာက စ, သွားတာပဲမဟုတ်လား။ နောက် မေမြို့ဂေါက်ကွင်းထိပ်က အိမ်ဝယ်ကြတော့ ပိုပြီး အကဲပိုကုန်ကြတာပေါ့။
– မေမြို့အိမ်နဲ့ ဘာဆိုင်လို့တုံး။
– ဒယ်ဒီနဲ့အန်ကယ် နွေကျရင် မေမြို့ဘက်တက်ပြီး ဂေါက်သီးရိုက်ရင်နေဖို့ဆိုပြီး အိမ်တစ်လုံးဝယ်တာ နင်မှတ်မိတယ်မဟုတ်လား
– ရေးတေးတေးပဲ။
– ဂေါက်ကွင်းထိပ်နားက ဟို ကပြားမတွေ အိမ်အနားဆီမှာပဲလေ။ အန်ကယ်နဲ့ဒယ်ဒီ စပ်ပြီးဝယ်ကြတယ်လေ။ အဲဒါဝယ်တော့ နင့်မေမေက ဘာလုပ်ရအောင်လဲလို့ မေးတယ်။ ဒီတော့ ဒယ်ဒီက ခင်ဗျားသားနဲ့ကျုပ်သမီး လက်ထပ်ပြီး ဟန်းနီးမွန်းသွားရအောင်လို့ နောက်တယ်။ အဲဒီနောက်တော့ အပျက်အပျက်ကနေ နှာခေါင်းသွေးထွက်တယ်ပဲ ပြောရတော့မယ်။
– အေး… ဟိုလိုလိုဒီလိုလိုနဲ့ အပေါင်းအသင်းတွေကြားထဲမှာ နင်နဲ့ငါပဲ ကြိုက်နေကြသလိုလို၊ စေ့စပ်ထားသလိုလို ဖြစ်ကုန်ကြရော။
– အဲဒီတုန်းက နင်က ဟိုတစ်ယောက်နဲ့ ချိတ်တိတ်တိတ်မဟုတ်ဘူးလား။ တစ်ယောက်မဟုတ်ပါဘူး။ နှစ်ယောက်စလုံးနဲ့မဟုတ်လား။ ငါကတော့ နင့်ကို ဆူဇားနားနဲ့ကြိုက်နေတယ် ထင်တာ။
– ငါနဲ့မကြိုက်ရပါဘူးဟာ။ သူတို့က ငါ့ကိုကြိုက်တာပါ။
– နင့်အကြောင်းကို ဆူဇားနားအမေက မာမီ့ကိုပြောတော့ မာမီက ဒယ်ဒီ့ကိုတိုင်ပါလေရော။ ပြီးတော့ ငါ့ကိုခေါ်ပြီးပြောကြတယ်။ သမီးတို့ဟာက ဘယ်လိုလဲ။ ဘယ်ရယ်၊ ညာရယ်ပြောပြီး စာမေးပွဲကြီးပြီးတာနဲ့ စီစဉ်လိုက်ကြရင် မကောင်းဘူးလားတဲ့။
– ဟား…ဟား…ဟား…။
– နင်ကတော့ ရယ်နိုင်တာပေါ့။ ဘာကို ရယ်တာလဲ။
– ဘာရယ်မဟုတ်ပါဘူး။ ဟိုတုန်းကအကြောင်းတွေ ပြန်စဉ်းစားရင် ရယ်စရာကောင်းတာတွေ အများကြီးပဲ။
– နင်ကတော့ ရယ်နိုင်တာပေါ့။ အဲဒီတုန်းက ငါလည်း ဘာပြောရမှန်းမသိဘူး။ သမီးတို့ချင်း ချစ်နေကြတာ မဟုတ်ပါဘူးလို့ပဲ ပြောလိုက်မိတယ်။ ပြောပေတဲ့လည်း လက်မခံကြဘူး။ ဒယ်ဒီကတော့ သမီးကိုယ်သမီး ညာနေတာပါလို့တောင် ပြောတယ်။ နင်ကိုယ်တိုင်တောင် လာရှင်းပြသေးတယ် မဟုတ်လား။
– အေး … ဖေဖေက မင်းသွားတော့ရှင်းလိုက်ဦးဆိုတာနဲ့ ငါလာရှင်းပြတာ။ ဒါပေတဲ့ ငါ အမှန်ပြောနေတာပဲလို့ ဘယ်သူကမှ လက်မခံဘူး။ ဖေဖေကတောင် ပြောတယ်။ မင်းတို့ဟာ ကိုယ့်ကိုယ်ကိုယ် ညာနေတာလား။ တစ်ယောက်ကိုတစ်ယောက် ညာနေကြတာလား မသိဘူးတဲ့။ ဒါကြောင့်လည်း နောက်တစ်နေ့ နင်နဲ့တွေ့တော့ မထူးပါဘူးဟာ နင်နဲ့ငါ ယူကြရင် မကောင်းဘူးလားလို့ မေးမိတာပဲ။
– နင် အဖြစ်မှန်တစ်ခု သိချင်လား။
– ဘာအကြောင်းလဲ။
– အဲဒီတုန်းက နင်က နင်နဲ့ငါ ယူကြရင် ကောင်းမလားလို့မေးတုန်းက အကြောင်းလေ။
– အေ… ဘာဖြစ်လို့လဲ။ အဲဒီတုန်းက နင်လည်းပဲ ရယ်နေခဲ့တာပဲ။
– ဟုတ်တယ်။ ငါက နင့်ကိုမေးတယ်လေ။ နင့်ကိုကြိုက်တဲ့မိန်းမတွေကို နင်ဘာလို့ ပြန်မကြိုက်နိုင်တာလဲလို့ဆိုတော့ နင်က တစ်ယောက်ယောက်ကို ချစ်တယ်လို့ ပြောလိုက်တာနဲ့ ငါ့ရဲ့ချစ်ခြင်းတွေဟာ ရပ်တန့်သွားမယ်။ ချစ်ခြင်းဟာ ပြီးဆုံးသွားလိမ့်မယ် ထင်လို့ ငါ ဘယ်သူ့ကိုမှ ချစ်တယ်လို့ မပြောခဲ့ဘူးလို့ နင်ပြောခဲ့တယ် မဟုတ်လား။
– ဟုတ်တယ်။ ငါ အဲဒီလိုပဲ ယုံတယ်။
– ငါ နင့်အကြောင်း ကောင်းကောင်းသိပါတယ်။ နင်ဟာ ချစ်ခြင်းကို သိမ်းထားချင်တဲ့လူမျိုး။ အချစ်ခံရတာကိုပဲ တန်ဖိုးထားနေချင်တဲ့လူမျိုး။ သူများတွေပြောသလို ပိုင်ဆိုင်ခြင်းတို့ဘာတို့ကို အလေးထားတာမဟုတ်ဘူး။ နင် ဘယ်သူ့ကိုမှလည်း ချစ်တယ်လို့ပြောမှာ မဟုတ်ဘူး။ နင်ပြောနေကျစကားနဲ့ပြောရရင် ချစ်နေရခြင်းဟာ ဘ၀ပဲ။ စဉ်ဆက်မပြတ်ဖြစ်နေခြင်းတစ်ခုပဲ မဟုတ်လား။
– ဒီတော့…
– ဒီတော့ အဲဒီတုန်းက ငါက နင့်ကို နင်နဲ့ငါယူကြရင်ကောင်းမလားလို့ပြောတော့ ငါ ခေါင်းခါရင်း ရယ်ခဲ့မိတယ်လေ။
– ဟုတ်တယ်။ နင်က ရယ်နေခဲ့တယ်။ နင်က ခုနပြောမယ်ဆိုတဲ့ အဖြစ်မှန်တစ်ခုဆိုတာက ဘာလဲ။
– နင်ကသာ နင်ချစ်တယ်ဆိုတာကို ဘယ်သူ့ကိုမှ မပြောဘူးလို့ ငါ့ကို ဖွင့်မပြောပြခဲ့ဘူးဆိုရင် …
– ဘာဖြစ်သလဲ။
– ဘာမှမဖြစ်ပါဘူး…။ ဒါပေတဲ့ အဲဒီညက တစ်ညလုံး ငါ ငိုခဲ့ရတယ်။

[သုံး]

လရောင်သည် ဒီရေကို ဆွဲငင်နိုင်စွမ်းရှိသည်ဟု ဆိုကြစေကာမူ ကြာပန်းများကို ပွင့်လာစေနိုင်မည်ဟု မထင်။ ။

◄ မြင့်သန်း ► ၂၀၀၅ ခုနှစ် ဧပြီလ၊ မြားနတ်မောင်မဂ္ဂဇင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s