လမ်းအိုလေး

Løøps of Resistance …

၂၀၀၇ (ဇေယျာလင်း)

၂၀၀၇ (ဇေယျာလင်း)

Leave a comment

အမှာစာ

၂၀၀၇ မှာရေးခဲ့တဲ့ ကဗျာတွေ တစ်နှစ်တာအတွက် စုစည်းခြင်းပဲဖြစ်ပါတယ်။ ကဗျာလမ်းကြောင်းကိုလည်း ပြန်စစ်လို့ရအောင်ပါ။ ကဗျာအပေါ်အဓိက ထားရှိတဲ့ ခင်မင်မှုကိုလည်း ကြောင်းလမ်းလိုက်တာဖြစ်ပါတယ်။
တချို့ကဗျာတွေက ကြောင်ကြောင်ကျားကျား၊ တချို့ကဗျာတွေက ကြောင်လက်သည်းဝှက်။ ဒီစာအုပ်လေးကတော့ ကြောင်လိမ်လှေကား တစ်မျိုးပေါ့။

ဇေယျာလင်း

နှင်းဆီ

ခြုံလိုပေါက်တဲ့နှင်းဆီအမျိုးအစားရဲ့ တန်ဘိုးကို မသုံးသပ်ခင်
နှင်းဆီဟာ အချစ်ပဲလို့ ဘယ်သူပြောခဲ့သလဲ
အရေပြားပေါ် အမည်းစက်ပေါ်တာတို့ သံချေးစားတာတို့ကို
လွန်ဆန်နိုင်တဲ့ အမျိုးစပ်နှင်းဆီရှိသေးတယ်
ဒါမှမဟုတ် နှင်းဆီဟာ အချစ်တစ်ခုတည်းကို ရည်ညွှန်းသလား
နှင်းဆီဆိပ်တက်ပြီး နှင်းဆီချစ်ဖျားဖျားနေတာ
နာမကျန်းခြင်းကို ကျန်းမာခြင်းအဖြစ် တမင်ရွေးချယ်တာ
ရေမွှေးနှင်းဆီ၊ ဗမာနှင်းဆီ၊ ကျောက်နှင်းဆီ
ဘာအရောင်၊ ဘာရနံ့၊ ဘာအသွေးလဲ – န/ နှင်းဇီ /
နှင်းဆီရောင်ဆိုတာ အနီရောင်နု၊ ပန်းရောင်
“နာမကျန်းသည် အိုနှင်းဆီ” (၀ီလျံဘလေ့က်)
“နှင်းဆီဟာ နှင်းဆီဟာ နှင်းဆီဟာ နှင်းဆီ”(ဂါးထရုဒ်စတိုင်းန်)
“ချစ်ပြုံးနှင်းဆီ” (ဂီတနက်သန် ကိုစောညိန်း)
“နှင်းဆီဖြူရဲ့ အဝေးကလူတစ်ယောက်” (ခင်ဝမ်း)
“My Love is like a red rose”
“ငါ့ရဲ့အချစ်ဟာ နှင်းဆီနီရဲ တစ်ပွင့်လို”လား
“ငါ့ချစ်သူဟာ နှင်းဆီနီရဲ တစ်ပွင့်လို”လား
တစ်ခင်းလုံးမဲနက်ပြောင်နေတဲ့ နှင်းဆီပွင့်တွေရဲ့
အနက်ဂယက်ဟာ ဘယ်လိုရှိသလဲ
“အချစ်ဟာ ငရဲကလတဲ့ခွေးတစ်ကောင်” (ခရစ္စတြောဖလီနို)
သူ့အစွယ်တွေကြားမှာ သွားရည်တွေနဲ့စိုဝင်းတောက်နေတာ
အဲဒါ ရိုးတံစင်းစင်းလေးပေါ်က နှင်းဆီဖူးငုံလေးလား
အမြင်သွေလွဲမှုလား / ယစ်မူးခြင်းအာရုံတစ်မျိုးလား
နှင်းဆီတစ်ပွင့်ဟာ ပင်လယ်အနံ့နဲ့ တုန်ခါနေတဲ့
မြစ်တစ်စင်းလည်းဖြစ်တယ်
ဘယ်နှခါဆင်းရေချိုးဖူးသလဲ ဒီနှင်းဆီမြစ်ထဲ
သင့်အာရုံတွေမှတ်မိလား အဲဒီတုန်းက. . .
တစ်သက်မှာ အရည်ရွှမ်းတဲ့ပန်းနုတွေ တစ်ခါပွင့်ပြီးရင်
သေသွားတဲ့ နှင်းဆီတစ်မျိုးရှိတယ်
နောက်တစ်မျိုးကတော့ စက်တင်ဘာကနေ အောက်တိုဘာအထိ
အသီးနီရဲရဲတွေသီးတယ်
နှင်းဆီတကာ့ နှင်းဆီတွေရဲ့ တော်ဝင်နှင်းဆီ
Alba X semiplena နှင်းဆီရေမွှေးထုတ်လုပ်ရာ
“ကျွန်မဘ၀မှာ နှုတ်မရတဲ့ နွေညနှင်းဆီဆူးနဲ့ မျက်နေတာ”
ဈာပနနှင်းဆီ၊ ပွဲနေပွဲထိုင်နှင်းဆီ၊ အခမ်းအနားနှင်းဆီ
ရော့၊ ဒီမှာ၊ ခင်ဗျားအတွက် “နှင်းဆီ” တစ်ပွင့်
ရော့၊ ဒီမှာ၊ မင်းလေးအတွက် “နှင်းဆီ” တစ်ပွင့်
ရော့၊ ဒီမှာ၊ ငါတစ်ယောက်ယောက်အတွက် “နှင်းဆီ” တစ်ပွင့်
ကဗျာအတွက် “နှင်းဆီ” တစ်ပွင့်
“နှင်းဆီ”အတွက် နှင်းဆီတစ်ပွင့်
နှင်းဆီဟာ အချစ်ပဲ
အဲဒါ ခင်ဗျားပြောသလား။ ။

၁၂၊ ဇန်န၀ါရီလ ၂၀၀၇

ထရော်မာ

ကဗျာဆိုတာ ငါတို့ပဲ ငါတို့ရေးမှကဗျာ
ကဗျာဆိုတာ ငါတို့သတ်မှတ်ချက်
ငါတို့ သတ်မှတ်ချက်နဲ့ ကိုက်ညီမှ ကဗျာ
ငါတို့ရေးသလို လိုက်ရေး အဲဒါမှကဗျာ
“ကဗျာဓာတ်” နဲ့ “အလှတရား” အဲဒါ ငါတို့ပဲသိကြတယ်
“ကဗျာဓာတ်”နဲ့ “အလှတရား” ငါတို့ဆီက စီးဆင်းတယ်
ပြည်သူ့ခံစားချက်မပါ
အဲဒါ ကဗျာမဟုတ်ဘူး
ပြည်သူ့ဘ၀ရနံ့ မပါ
အဲဒါ ကဗျာမဟုတ်ဘူး
ပြည်သူ့ခံစားချက် အဲဒါငါတို့ပဲသိကြတယ်
ပြည်သူ့ဘ၀ရနံ့ သင်းပျံ့ အဲဒါမျိုးမှ ငါတို့ကဗျာ
ရင်ထဲကခံစားချက် ပေါက်ကွဲမှုနဲ့ရေးကြတယ်
ရင်တွင်းမှာ အလိုလိုစီးဆင်း ကဗျာဓာတ်တွေ တဖျင်းဖျင်း
ကဗျာရဲ့ မူလ မူလရဲ့မူရင်း ငါတို့ထံမှသာစီးဆင်း
သမိုင်းရှိတဲ့ ငါတို့ကဗျာ အနာဂတ်ရှိတဲ့ ငါတို့ကဗျာ
တိုးတက်တဲ့ ငါတို့ကဗျာ အရှိန်အဟုန်ပြင်းတဲ့ ငါတို့ကဗျာ
ငါတို့ဟာ ငါတို့ကဗျာ ငါတို့ဟာငါတို့ ကဗျာ
ငါတို့ဟာ ကဗျာ ကဗျာရဲ့ ရှေ့တန်း ကဗျာရဲ့ ခံစစ်
ငါတို့ကဗျာထုထည်ကြီးကို ထိပါးလာရင်
“အနုပညာအားကိုးနဲ့ အကြမ်းဖက်ပစ်လိုက်မယ်”
ငါတို့မှာ သမိုင်းရှိတယ် ငါတို့မှာ အနာဂတ်ရှိတယ်
ငါတို့မှာ ယုံကြည်ချက်ရှိတယ် ငါတို့မှာ ပြည်သူရှိတယ်
ငါတို့ဟာ တိုးတက်တယ် ငါတို့ဟာ ကဗျာ့ဆရာတွေဖြစ်ကြတယ်
“ငါခံစားတာမှ အစစ်အမှန် အဖိုးတန်”
ငါရေးတာမှ ခေတ်ထင်ဟပ်ကဗျာစစ်စစ်”
“ငါမှ ငါသာ ကဗျာ့ဆရာ”
“ငါ”သုံးငါ “ဗဟုဝါဒ” ဒါဟာအနုမာန မဟုတ်ဘူး
အနုပညာမာနနဲ့ အနာဂတ္တယုံကြည်မှု(အဲဒါငါတို့)
ခံစားမှုစစ်စစ်သာ ကဗျာရဲ့အသွေးအသား (ငါတို့)
ဘာသာစကားဆို ပျင်းတောင်ပျင်းသေးတယ်။ ။

၁၆၊ ဖေဖော်ဝါရီလ၊ ၂၀၀၇
မှတ်ချက်။ ။ ထရော်မာ = ဒဏ်ရာတစ်ခုခုကြောင့်
ကိုယ်၊ စိတ်တွင်ပေါ်လာသော ဒဏ်။
ပူဆွေးသောက ရောက်စေပြီး
မေ့ပျောက်မရလေအောင် ဖြစ်စေသောဒဏ်။
*trauma

ရှိရင်းစွဲ ဘူမိသွင်ပြင်များအပေါ်အကြီးစားဆောက်လုပ်ရေးစီမံကိန်းများ၏ အကျိုးသက်ရောက်မှု

လေ့လာတွေ့ရှိချက် (ကိစ္စပြီးသွားမှ) (၁)။ ။
မြေဆွဲအားကြောင့်တစ်စောင်း
လျှောကျသွားခြင်းဒဏ်ကို ခံနိုင်ရည်မရှိသော (အဟမ်း……..အဟမ်း)
သက်နုတွန့်ခေါက်ထုံးကျောက်တုံးများ
အသက်ရှင်ရေးကို ပျင်းရိပျင်းတွဲအချိန်ဆွဲနေရသလို
အသက်ရှင်ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဟာ
လွန်ပူနဲ့ ဖောက်ထားတဲ့အပေါက်ကလေးတွေ
တိုင်စိုက်ဖို့တူးထားတဲ့တွင်းနက်တွေ
နာရီကြည့်ဖို့ဘယ်လက်, မ, လိုက်တာ ညာခြေကညွှတ်ကျသွားတယ်လို့ကွယ်
လူမှုဆိုင်ရာ၊ ရသဆိုင်ရာ၊ ၀ါစင်္ဂဆိုင်ရာ (ရှစ်ပါး? ကိုးပါး?)
နည်းပညာဆိုင်ရာ တစ်နာရီတစ်လက်မနှုန်းတွားသွားရတဲ့
ယာဉ်ကြောပိတ်ဆို့မှု၊
“ဟုတ်ကဲ့ပါခင်ဗျာ၊ ရှေ့က လေးစားရပါသော အသိပညာနယ်ပယ်ကြီးတစ်ခြမ်း
လမ်းဘေးဆင်းရပ်ပေးစေလိုပါတယ်ခင်ဗျာ၊ ဟုတ်ကဲ့ပါခင်ဗျာ၊ ရှေ့က အသိပညာ
……..”
ငလျင်မလှုပ်ခင်အချိန်၊ နေရာ၊ ပြင်းအားကြိုတင်သိရှိရန်
စိတ်ချယုံကြည်အားကိုးထိုက်သော နည်းစနစ်များ (ရှိ/ မရှိ)
မြိုသိပ်ထားတဲ့ လူတစ်ယောက်ရဲ့ ခရတ်စတေးရှင်းအခွံမာ
(ခရတ်စတေးရှင်း = အခွံမာရှိသော ကဏန်း၊ ပုဇွန် စသည်ပါဝင်သော
ရေသတ္တ၀ါမျိုးပေါင်း၊ အခွံမာရေသတ္တ၀ါ)
မာကျောသော မျက်နှာပြင်၊ အထူးသဖြင့် ကမ္ဘာမြေကြီး၏ အပေါ်ယံအလွှာ
ရုန်းခြင်းကို အာရုံပါးသော အပေါ်ယံလွှာကျောက်သားများ၏
လျှပ်စစ်နှင့် သံလိုက်သတ္တိများ
အများဆိုင်အဆောက်အဦးတစ်ခုရဲ့ အမိုးပြားကနေ
သဏ္ဍာန်မည်းကြီးတစ်ခု အော်လံသံနက်ကြီးတွေတခဲနက် သွန်းလောင်းချ
ကျောပေးထားတဲ့ ကောင်းကင်နောက်ခံမှာ အစာခြေနှုန်း (၀ါ)
အစာချက်နှုန်း (၀ါ) အစာမှစွမ်းအင်ပြောင်းနှုန်း မတူကြတဲ့ တိမ်မည်းတွေ
ပရိသတ်ဟာလည်း. . .. ဟင်…..ပရိသတ်ဟာလည်း…ဟင်…….
ပရိသတ်ဟာလည်း
“ဟုတ်ကဲ့၊ အဲဒါပြီးရင် ပညာရပ်ဆိုင်ရာ အဘိဓာန်တွေ၊ ဒဏ္ဍာရီတွေ
အံ့မခန်းလူစွမ်းကောင်းရာဇ၀င်တွေ၊ ဇီဝနည်းပညာတွေ၊ စနစ်တကျ
ရွှေ့ပေးကြပါရန်”
ခွေးများပတ်ခြာလည်၍ အူခြင်းရှေ့ပြေးနိမိတ်
ဇာတ်ရုံထဲမှ မီးများကို မှိန်လိုက်သည်
အလျား၊ အနံ၊ ထု သုံးဘက်မြင်ရုပ်လုံးကြွလာတော့မည့် သဏ္ဍာန်
ကုဗမီတာသန်း ၂၅၀ ရှိ ရေနံရံကြီးရွေ့လာပုံ
အရောင်တွေအကြောင်း ကျွန်တော်ထည့်ပြောပြီးပါပြီလား
အရောင်တွေအကြောင်း ကျွန်တော်ထည့်မပြောရသေးပါ
ဟေ့ကောင်၊ မင်းငါ့ကိုစောင်းပြောနေတာလား
ငါက မင်းမမွေးခင်ကတည်းက မူလအရောင်စစ်စစ်ကွ
သြော်….အားလုံးဟာ သင်္ကာမကင်း မသင်္ကာဘွယ်ရာတွေချည်းလား
အနိစ္စ
အင်းဆက်ပိုးတွေဟာလည်း စက်တပ်သူလျှိုတွေလို့ ခြင်အရိုက်မှာ
သိလိုက်ရ
လေ့လာတွေ့ရှိချက် (ဟုတ်ကဲ့)၂။ ။ ခုနှစ်နှစ်ကြာတည်ဆောက်ခဲ့သော
ရေကာတာ၊ ခုနှစ်မိနစ်အတွင်းပြိုကျသွား ကီလိုမီတာ ၂၀ အကွာအဝေးအထိ
ရေလှိုင်းလုံးကြီးဟာ မီတာ ၅၀ အမြင့်ရှိ (အထောက်အထားများ)
“ဟုတ်ကဲ့၊ လမ်းရှင်းပေးပါ ခင်ဗျာ၊ ဟိုတောအုပ်ကြီးတစ်ခုလုံး
ခေတ္တဘေးဆင်းရပ်ပေးပါ၊ အဲဒီမြေပုံကားချပ်ကြီး
တစ်ခြမ်းလောက်လိပ်ပေးလိုက်ပါလား၊ ဟုတ်ကဲ့ပါ၊
အန်ဒရိုမီဒါကြယ်တာရာစုကြီး၊ ဉာဏ်သစ်လောင်းအရေးတော်ပုံ
စက်မှုတော်လှန်ရေးရဲ့ အန္တာတိကရေခဲတိုက်ကြီးတွေ၊ ယုံကြည်မှု
ထဲက အာဖရိက ကွက်လပ်မည်းကြီးတွေ ဘေးဖယ်ပေးပါ
ဘေးဖယ်ပေးကြပါ”
ရေစိမ်ထုံးကျောက်မျက်နှာပြင်က အက်ကြောင်းများ
ကံကြမ္မာ ဟင်းချို(ပေါ့ရွှတ်)ကိုယောက်ချိုပဲ့ဖြင့် တိုက်ကျွေးခြင်းများ
ကျွန်တော်ဒီကိစ္စကို ပေါ့ပြက်ပြက်သဘောထားပါသလား
ကျွန်တော်ဒီကိစ္စကို ပေါ့ပြက်ပြက်သဘောထားဟန်မတွေ့ရပါ
အချိန်အခါမဟုတ်မိုးရဲ့ဒလဟောကြောင့်
သဘာဝအလျောက်မြေမြင့်လာပုံတိုင်းတာတွက်ချက်သည့်စခန်းများပါသွား
မိမိတို့ ဘယ်လိုခံစားပုံ၊ မိမိတို့ဘယ်လိုနားလည်သဘောပေါက်ပုံ၊
မိမိတို့ လက်ခံကျင့်သုံးပုံအားလုံးအပေါ်သြဇာအရိပ်ညောင်း
ဖြတ်သွားတဲ့သင့်ကို လမ်းဘေးဆင်းရပ်ပေးတဲ့
သင်က သင့်ကို သင်သစ္စာရှိကြောင်းသင်ကိုယ်တိုင်
သင့်အားသင် သင့်တင့်လျောက်ပတ်စွာ သက်သေပြလိုက်ခဲ့ပြီပေါ့
စက္ကူ အလံလေးတစ်ကိုင်ကိုင်
မိမိကို မိမိတဝေ့ဝေ့
မိုးထဲအရည်ပျော်ကျနေတဲ့ မိမိရွှံ့ရုပ်နဲ့ မိမိ
အချိန်တိုအတွင်းတောင့်တင်းခိုင်မာမှု လျော့နည်းသွားနိုင်တဲ့
ထင်မိယုံရာ မြေပျော့မှာတည်ဆောက်မှုမျိုးနဲ့
၁၉၅၆၊ မတ်လ ၃၁
မြစ်ရဲ့ညာဘက်ကမ်းတစ်ခုလုံးရွေ့နေပြီလို့သတင်းရ
လုပ်အားခအငြင်းပွားမှုများ စက်ချို့ယွင်းမှုအခက်အခဲများ
၄၇၅မီလီမီတာအထိ ညွှတ်ကွေးသွားသော ဘာသာစကားတံတား
ချေဂွေဗားရားတီရှပ်အခန့်သားဝတ်ထားတဲ့ ခြေခွေလဲကျများ
တံတား၏ အတွင်းယက်မများမှ ကျိုးပဲ့သွားသော မူလီခေါင်းများ
ယာယီ တည်နေရာရပ်ညွှန်းမှာ ရင်ဘတ်ပေါ် ၀န်အလေးပိခြင်းများ
“ဟုတ်ကဲ့ပါခင်ဗျာ၊ လမ်းရှင်းပေးပါခင်ဗျာ၊ ညွှတ်ကိုင်း
ကျလာတဲ့ တံတားများဘေးဆင်းရပ်ပါခင်ဗျာ၊ အနာဂတ္တ
ကျမ်းကိုင်အတိတ်စွဲရပ်ကွက်များ၊ လမ်းများ၊ ရောဂါများ၊
မုခ်ဦးဝင်ကွန်ကရိမျက်နှာစာ တအိအိအက်လာခြင်းများ၊ ရာသီဥတုများ
ဟုတ်ကဲ့ပါခင်ဗျာ၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ဟုတ်ကဲ့ပါခင်ဗျာ၊
ဘေးဖယ်ပေးပါခင်ဗျာ၊ လမ်းဘေးဆင်းရပ်ပေးပါခင်ဗျာ၊
ဟုတ်ကဲ့ပါခင်ဗျာ”။ ။

၇၊ မတ်လ ၂၀၀၇

ဟုတ်တယ်၊ အပိုင်းအစတွေပဲ သိမှု၊ အနုပညာ၊ လူ့ဘဝ

ထိုးဇာတ်နဲ့အရှိတရားပေါ့
ပုံတူလူသားနှစ်ယောက်လို တစ်ယောက်ကို
တစ်ယောက်မျက်နှာချင်းဆိုင်ကြောင်စီစီ
ကြည့်ပြီးဆက်သွားကြ
ဗီယက်နမ်…အို ဗီယက်နမ်
ဘယ်ဗီယက်နမ်ဟာ ဘယ်သူ့အတွက်ဗီယက်နမ်
ငုရင်ဗန်ထရွိုင်း
ဟနွိုင်းကို ညဗုံးကြဲခရီး
စကားလုံးဗုံးတွေ ရုပ်ပုံစစ်ရဟတ်ယာဉ်တွေ
သစ္စာမရှိတဲ့ ငါ့လက်မောင်းမှာ မင်းအိပ်စက်ပါ အချစ်ရယ်
ဝ ဟ အော်ဒင်
မင်းမှာလည်း အပြစ်ရှိတယ်၊ ငါ့မှာလည်း အပြစ်ရှိတယ်
မျက်နှာဖုံးမခွာရဲတဲ့ အူခွေတွေနဲ့ တုပ်နှောင်လို့
နှလုံးသားဗုံးတစ်လုံးနဲ့(တစ်က်တစ်က်တစ်က်တစ်က်)
အသေခံဖောက်ခွဲရေးသမား ရန်သူ့သေနတ်ပြောင်းဝထဲ
ပန်းဝါလေးတစ်ပွင့် ထိုးထည့်လိုက်တယ်
အကောင်းမြင်ဝါဒနဲ့သေကြေမှုစာရင်းကွာဟ
ကြည့်သူနဲ့အကြည့်ခံကြားမှာ
မီဒီယာရဲ့ဇာတ်အိမ်အကွက်အကွင်း
ကမ္ဘာကြီးက ကြည့်နေတယ်
ကမ္ဘာကြီးက ကြည့်မနေဘူး
ကမ္ဘာကြီးကနေမကြည့်ဘူး
ကမ္ဘာကြီးကမကြည့်ဘူး
အမြင်အာရုံကြောထဲ ခဲနေတဲ့ပုံရိပ်သေတွေ
ဘုရင့်နောင်ရဲ့ လက်မထိပ်ကနေအဆုံးထိ
စိုက်ဝင်နေတဲ့သံတစ်ချောင်း

လက်တစ်ချောင်းကို နှစ်ချောင်းမြင်တာနဲ့
နှစ်ချောင်းကို တစ်ချောင်းတည်းမြင်တာ
ဘယ်ဟာပို အပြစ်ကြီးလဲ

ငါ့ကို ဒီနေရာမှာပဲထားရစ်ခဲပါ
ငါ့ကို ပစ်မသွားကြပါနဲ့

ရှင် ကျွန်မခံစားချက်တွေကို အသိအမှတ်မပြုတော့ဘူးလား
ကျွန်မခံစားရတာတွေကို ရှင်…….

သာမာန်နေ့စဉ်ဖြစ်ရပ်တိုင်းဟာ
သာမာန်နေ့စဉ်ဖြစ်ရပ်တိုင်းသာဆိုရင်……

အယူဝါဒတစ်ခုကို ထမ်းပိုးထားတဲ့ဖွဲ့စည်းမှုလား
အဲသလိုအဆုံးသတ်မျိုးကနေ အခုထိနလံမထူနိုင်အောင်
အမှန်တရားဆိုတဲ့ ငနဲနဲ့အီစီကလီ
လွတ်လပ်မှုကနေ လွတ်လပ်ခွင့်လိုချင်သတဲ့
ကံကြမ္မာဟာ ကျွန်မအတွက်တော့
ရက်စက်တဲ့ အင်္ဂါတစ်ချောင်းပဲ

မရှိခြင်းထဲ၊ ပယ်ခြင်းထဲမှာ
ကျွန်မလို အရိပ်တွေလိုက်ရှာရ

ကျွန်မဟာ ဟာ ဟာ နေတယ်
ဟာနေတဲ့ ကျွန်မဟာ ဘာဟာနေလဲမသိရ

တစ်နေ့နေ့မှာ မြင်းဖြူကြီးစီးလို့
(အဲလေ။ ဟုတ်ပေါင်) ကားဖြူကြီးစီးလို့
ကျွန်မရဲ့ နှလုံးသားခြေတစ်ဖက်ကို
သူ့ဆန္ဒဖိနပ်တစ်ဘက်နဲ့ စွပ်ကြည့်မယ်
အဲဒီ ရွှေမင်းသားလေး………
အဲဒီ သတိုးသားလေး…………
အဲဒီ သူတို့သားလေး……………

ရှင်ဟာ ယောက်ျားလား
ရှင်ဟာ ယောက်ျားမဟုတ်ဘူးလား
ရှင်ဟာ ယောက်ျားတို့အလုပ် မစွမ်းနိုင်ဘူးလား

အို…သဘာဝနဲ့မဆိုင်လိုက်လေ
နို့…သဘာဝဆိုတာဘာလဲ

ဇာတ်လမ်းတစ်ပုဒ်ပြောသလို
ဗျတ်ဝိထံမှ အစီရင်ခံစာပေးပို့ခြင်း

ဤကိစ္စကို သင်ဆက်ဖတ်ရန် စိတ်ဝင်စားပါသလား

လျှပ်တစ်ပြက်ဝင်ရောက်လာတဲ့ ကြော်ငြာကို
မိမိတို့ဘက်မှ ဘာမှမတတ်နိုင်ခဲ့ပါ

မသိရ၊ ကြိုတင်မသိရ
မသိလည်းရတယ်
ရလည်းမသိ
(ဒါဆိုဘာသိသလဲ
ကြိုတင်အသိပေးထား)

သိမှုဗေဒကို ကျောက်ဒိုးတစ်လုံးလိုပစ်ကြစို့
ကျောက်ဒိုးချင်းရိုက်ကြစို့
သိတယ်ဆိုတာဘာလဲ

အမေမသေခင် အမေပဲသိတဲ့
သမီးနဲ့သမီးပဲ သိတဲ့အမေ့ပုံ
ဓာတ်ပုံရိုက်ချင်လို့
ကင်မရာတစ်လုံး လီဆယ်ယူခဲ့တယ်

“မိန်းမဆိုတာ
မှိန်းနဲ့ထိုးပြီးမ, ထားတာလား”

ကျွန်မရဲ့ နံကြားကရှင်ထိုးသွင်းတဲ့လှံသွေးနဲ့
ရှင့်ကို ကျွန်မပွေ့ဖက်ချွေးသိပ်ပေးပါ့မယ်

သေချာမှုကို သေချာမှန်းသိတဲ့ရယ်သံနဲ့

တစ်ကိုယ်လုံးပေါက်ကွဲသွားအောင်
အော်ရယ်ပစ်ချင်လိုက်တဲ့ မြူဟာထူထပ်တယ်
စကြ၀ဠာဆိုင်ရာသိမှုအမှားများအတွက်
ငါဟာ ငါ့အရေပြားဂြိုဟ်လေးထဲမှာ ပြစ်ဒဏ်ကျခံရမှာလား

လိုချင်ရင်ပြောပေါ့ ကောင်းကောင်းဆိုးဆိုး
စိတ်တိုင်းကျ ထပ်တူထပ်မျှဖြစ်စေရမယ်

သူ့ကိုအားလုံးမုန်းကြတယ်
အဲဒီအမုန်းနဲ့ပဲ သူတို့ဘ၀တွေဟာ
အတိုင်းအတာ
တစ်ခုအထိ လွတ်မြောက်သွားကြတယ်

ကိုယ့်ဘ၀မှာ ကိုယ့်ကြမ္မာနဲ့ နေထိုင်ခွင့်အတွက်
ကိုယ့်အင်္ဂါတစ်ခုခုကို ခုတ်ဖြတ်ပစ်ပေးလိုက်ရမှာလား

ငါသေရင်နွေရာသီမှာ ဆီးနှင်းသည်းသည်းကျလိမ့်မယ်

အဲသလိုသေခြင်းမျိုးဟာ ကြည့်သူအတွက်
တောင်( တောင့်) မခံနိုင်ဘူး
အသုဘကပြန်လာတော့ကျွန်မ၀မ်းနည်း
တာဟာ ကျွန်မကိုယ်ကျွန်မအတွက်
မဟုတ်ပါဘူး
သူရှိတုန်းသူ့အသိထဲမှာကျွန်မ
ကိုကျွန်မ ကျွန်မအဖြစ်ကျွန်မ
မပြနိုင်ခဲ့ခြင်းပဲ

ဘ၀ဆိုတာ အမြဲ
နွမ်းရဲသူအတွက် စမ်းသပ်ပွဲ

အရူးဟာ အများ
သူ့ကို ရူးမှန်းသိအောင်
သူ့စိတ်သူအခြားနည်းနဲ့ထိမ်းရင်းနဲ့

ငိုကြွေးသံဟာ တစ်ချက်ပဲ
ပဲ့တင်ဟာရှည်လျား
…………………………………

“ကိုယ့်အကြောင်းကိုယ်သိချင်ရင်
မှန်တစ်ချက်ပေးလိုက်ပေါ့”တဲ့

ဒါဟာမထွေပြားတဲ့
ကျွန်တော်/ကျွန်မအတွေး

ဒုတိယခလေး သူမ မ,ရချင်ပဲရသွားတော့
သူမသားအိမ် အ,သွားတယ်
ဘယ်မှာလဲဘုရားသခင်
အို……အဲဒါဘုရားသခင်လား…….

စပ်ချုပ်ထည်လို ဘ၀မှာရရာနဲ့

ဒါဟာခစ်သမိုင်းလား ဒါဟာ
ဘယ်သူ့ခိုးခိုး ခစ်ခစ်လဲ
လူစစ်စစ်(?)တွေကို ယူသုံးပစ်လိုက်တာ
ယူဟာလေ

အမှတ်ရမှုထဲကပတ်
ဘေထုပ်တွေထဲက ဘေတုံ့
ပုံ

“သမိုင်းဟာဘာသင်ပေးလဲဆိုတာ ကျွန်မရှင်းပြပါရစေ
သမိုင်းဟာ သင်ပြီးရင်းသင်ရင်းပဲ”
-ဂါးထရုဒ် စတိုင်းန်
“ပစ္စုပ္ပန်အပေါက်ကြီးထဲ ခုန်ချရင်းခုန်ရင်းပဲ”
– အမည်မသိ
ဧရာဝတီမြစ်ရဲ့ ရိုက်ခတ်သံဟာ
ကျွန်မသားအတွက်အိုအေးအေ့ပဲ

ချောင်းကြည့်သူဟာ မြင်သမျှအပေါ်
ဘာမှမတတ်နိုင်ခဲ့ဘူး

သားလေးဝမ်းကကျွတ်ကျွတ်ချင်းပဲ
ပစ်လိုက်တဲ့ မိုးကြိုးတွေ
ကျွန်မတစ်ကိုယ်လုံးဟီးလို့

သူ့နောက်မှာ အသံတစ်ခု
နောက်ယောင်ခံနေတယ်လို့ အမြဲကြောင့်ကျ
ဒါပေ့မယ့် သရဲကားပဲကြည့်ကြစို့

ဘ၀တည်ဆောက်မှုဆုံးရှုံးခဲ့တာ
ဘယ်ပေတံလဲ

ဇာတ်လမ်းပြောနည်းအမျိုးမျိုးတွေ
ထိုးဇာတ်ဆင်နည်းအမျိုးမျိုးတွေ
ငါတို့အ, ခဲ့ကြ ငါတို့န, ခဲ့ကြ
ငါတို့ရခဲ့ကြ
ဆွံ့အ,နားမကြား မျက်နှာပြင်တွေ
သူတို့အခိုင်အမာကတုတ်ကျင်းတူးခဲ့ကြ
စာအုပ်ဟာ ပွင့်သွားတယ်

“ရဲသူခုန်ဆင်း”တဲ့
လေထီးရဲ့အရည်အသွေးဟာ ကိုယ့်သတ္တိပဲ

“နံရံ”ကို “နုံရံ”လို့ ရေးမိသတဲ့
အဲဒါကို မပြင်တော့ဘူးတဲ့
လွှတ်ပေးလိုက်တဲ့ အကြမ်းဖက်(ဖတ်)မှုများရဲ့
နွား(ရိုင်း)မိတ်(လိုက်)ပုံ

မမြင်ရတဲ့ ဆေးမင်ထိုခြင်းနာကျင်ခြင်းနဲ့အပယ်ခံ
ရခြင်း
“တောမလိုက်ဘူးတော့ သူ့ကိုသူပဲမိခဲ့တယ်”
-ရွှေသွေး
အဲသလိုနဲ့ပီယဆေးဟာ အစွပ်ထဲမှာအဆီအဖြစ်
ပါလာ
သလို
ချက်မြုပ်ဟာ ချက်လက်မှတ်မြှုပ်ဖြစ်သွားပြီ
ဆိုတော့ကာ…ငါ့ဘ၀စတင်ရာဟာ
အမည်မပေါ်တဲ့ရောင်းကုန်ပစ္စည်းလား
သံတူကြောင်းကွဲ ကြေကွဲကြောသံ

စိတ်ဆင်းရဲရခြင်းကို ချစ်ခြင်းနဲ့အနိုင်
ပိုင်းပစ်လိုက်မယ်
“ဟုတ်ကဲ့ပါရှင်၊ ကျွန်မနာမည်က နန်းခင်တွယ်ပါ
လူကြီးမင်းရဲ့အလိုကျအတိုင်း…”
ဟယ်………………………..

သမီးဘ၀သမီးမတတ်နိုင်တော့ဘူး
သမီးဘ၀ဟာ သမီးကိုဂုတ်ကချီသွားပြီ

နယ်ခြားမျဉ်းကို ဘယ်မှာအလိုတူ
တား/ဖျက်ကြရ
နေ့စဉ်ဘ၀ လွယ်လွယ်ရ
ဘ၀ဆိုတာဘာလဲ လွယ်လွယ်မရ

အဲသလိုတစ်ခါမှ မစဉ်းစားခဲ့ဘူးဘူး
ကြာတော့အဲသလို ဆက်မစဉ်းစားတော့ဘူး

စန္ဒာဟာ ဆေးပြဲနေတယ်
နန္ဒာဟာ အမွှေးအကြိုင်မရှိဘူး
ဟာ ခင်ဗျားက ဘလိုင်းကြီးပဲ

ဒါပေမယ့် ဘယ်သူဟာအရေပြား
တစ်ထောက်အောက်
ဆင်းကြည့်မလဲ

ငါတို့ဟာရေပဲ
မြောင်းထဲဖြစ်ဖြစ် မြစ်ထဲဖြစ်ဖြစ်
ပင်လယ်ဆိုတာ စကားလုံးပါ
ရေစပ်နားမှာ အရိပ်ငေးရင်း

ခုန်ဆင်းချလိုက်ပြီ အို…..ဗီယက်
ဆိုဗီယက်………………..

၁၄၊ မတ်လ ၂၀၀၇

ယနေ့ရနိုင်သော စူးစမ်းစစ်ဆေးမှုများ

လည်ပင်းကိုတုပ်ထားတဲ့ကြိုး ဖြတ်ပေးမယ်တဲ့
ပြင်ပလောကနဲ့ တစ်ခုတည်းသော အဆက်အသွယ်
အသံအကြောအမျှင်လေး
အချို့နေရာတွေမှာ အစိုးရ ရဟတ်ယာဉ်တွေ ည၀တ်ရုံနဲ့လာကြတယ်
ဒေသခံရွာသားတွေပေါ် ငရုပ်ကောင်းတွေ ငှက်ပျောသီးတွေ
ကြဲချတယ်
တနင်္ဂနွေတစ်ရက်ဈေးထဲမှာ အမှည့်လွန်စကားလုံးတွေ
ခြင်းတောင်းထဲပျော့ပြဲလန်
စစ်ကြီးဟာနေ့လည် ၁၄း၅၀ နာရီမှာ မြေကြီးထဲထိုးရပ်
ဂျလောက် ဂျလောက်
လည်ပင်းပတ်ပတ်လည်မှာ ကတုတ်ကျင်းတွေတူး
အချစ်တွေတပ်ဆင်
ဒါကိုဘယ်လိုမှအဓိပ္ပာယ်မပေါက်နိုင်ခဲ့ကြဘူး
အကြောက်တရားကင်းမဲ့စွာ ဆယ်စုနှစ်မှာ ပထမဆုံးအကြိမ်
လမ်းကျိုးတွေ လမ်းကွေးတွေ အပြည့်သယ်ဆောင်လာတဲ့
ကုန်တင်ကားတွေတစ်စီးပြီးတစ်စီး
“အခုပြန်တွေးကြည့်တော့လည်း နည်းနည်းထူးဆန်းသလိုပဲ
အသက် ၄၀ ကျော် အထိ
ကမ္ဘာကြီးဟာ ငါ့နာမည်လိုပဲ တောနက်ကြီးတစ်ခုထဲမှာ
အပူဒဏ်တွေနဲ့ငါ
လူရိုင်းစိမ်းတွေရဲ့ ဆူဆူညံညံရယ်သံတွေဟာ ငါ့မျက်ခွံအထိ”
မျော်လင့်ချက်လို ပြုတ်ပြုတ်ကျနေတဲ့ မေးရိုးနဲ့ငနဲပေါ့
ဦးထုပ်က တွဲလောင်းကျကြိုးနဲ့ မေးအောက်ကနေထုံးလို့
သင်၏ပထမဆုံးနေ့ကို အရသာတွေ့ပါရဲ့လား
ဟုတ်ကဲ့ပါလို့ စကားက ခြင်းထဲသူ့ကိုယ်သူထဲ
ထိုးနှိုက်စမ်းနေတယ်
တောင်တက်သမားတွေအားလုံး တက်ဖူးကြတဲ့ အဓိပ္ပာယ်နဲ့
မပြုံးမရယ်။ ။

၂၂၊ မတ်လ ၂၀၀၇

အမျိုးအမည်မသိလူနာ

ခံစားချက်ဝေဒနာများ သင်ခံစားနေရပါသလား
စိတ်စိစစ်မှုကုထုံးဖြင့်အခုပဲ ကုသပေးနေပါသည်
သက်သာသောဈေးနှုန်းဖြင့် အခုပဲလာရောက်ကုသကြပါရန်
ဤသို့ဖြင့် “သူ့အကြောင်းတွေးသလိုလိုနဲ့ ငါ့အကြောင်း
လိုက်ဖမ်းရ၊ ခြေဖျားအောက်နင်းရ၊ ဖင်ခုထိုင်ရ၊ ငါ့
အပိုင်းအစတွေ အချိုးအစားပျက်ပျက်နဲ့ပဲ ကော်ကပ်ရ
စတေပလာချုပ်ရ၊ အမည်တပ်ရ၊ တစ်ညလုံးပဲညလုံးပေါက်ရ
ငါ့ကိုယ်ငါ ရသအလုံးစုံ စို့နင့်အောင်ခံစားရ”
မနက်သည်လည်းမနက်အတိုင်းရောက်လာရသည်သာ
ပိုက်ကွန်တစ်ခုကို သေသေသပ်သပ်ခေါက်ချိုး ချိုးပြီး
အိပ်ကပ်ထဲထည့် မြို့ထဲထွက်ခဲ့ ဘာဖမ်းမလဲ
မသိ၊ ဘာမိမလဲ၊ ပိုက်ကွန်ကိုတော့ ပစ်ရမှာပဲ မစ္စတာချာလီ
ပျော်ပါရဲ့လား၊ ပျော်ရဲ့လား၊ မိမိကိုမိမိမမေးကြေး
လမ်းဘေးမြောင်းထဲ စကားတစ်လုံးထွီထွမ်းထွေးလိုက်တယ်
ထွေးပြီးမှပဲ “ဒုက္ခ၊ ဒုက္ခ၊ ငါ့နာမည်များပါသွားသလား”
ဒါကို ငါပြောနေတာဖြစ်တယ် ဟိုကောင် ဇေယျာလင်းမဟုတ်ဘူး
တစ်ကိုယ်စာလုံခြုံမှု အပေါက်အပြဲနဲ့ဘ၀ရဲ့
နူနာဝဲဆွဲဆူးချွန်တွေပေါ်ပစ်လဲကျ၊ သွေးထွက်ရ၊
လဲရာအကြွေးတောင်းခံရ၊ မြေနိမ့်မှာ ခရမ်းပျိုးခံရ၊
ပတ်ပတ်လည် ရောင်းကုန်ဆိုင်ဘုတ်ဟီးဟီးတွေပေါ်က ပမာ
မခန့်ရုပ်ပုံတွေ (ဒင်းရုပ်ပုံတွေ) စာသားတွေ (ဒင်းစာသားတွေ)
ဒင်းဟာ “အစစ်အမှန်”လဲ ငါဘာ “အစစ်အမှန်”လဲ
လမ်းဘေးက လက်တစ်ဝါးစာ အပ်ချုပ်စက်နဲ့ငါ့ရဲ့
ဘယ်အရာရဲ့ ဘယ်နေရာပြန်ချုပ်ရ၊ ချုပ်ရိုးဖြည်ရ
စကားတွေလမ်းမှာပြန်ပြီ စိတ်ရဲ့မိုးကောင်းကင်
ကြိုးတန်းပေါ် ထီးစုတ်တစ်ချောင်းနဲ့ဟန်ချက်ချိန်ရ
သားသားဟာ လေးနှစ်သားလေးစစ်စစ်ပါ
သားသားဟာ ဘ၀ကိုစစ်စစ်ကြီး ငြီးငွေ့နေပါပြီ
နွေဦးလ,ဟာ(သွားစမ်းပါ၊ အလကား၊ ဘာမှမဟုတ်ဘူး)
ဟေ့ကောင်၊ ငါ့ကိုလာခေါင်းမစားနဲ့ မုန်တိုင်းထဲရောက်သွားမယ်
ဓာတ်ခဲရေဒီယိုကို ခပ်ကျယ်ကျယ်ပဲဖွင့်လိုက်တယ်
ဂျိဂျိ ဂျစ်ဂျစ်ဂျစ် ဂျိ ဂျစ်ဂျစ် ဂျိဂျိ ဂျစ်ဂျစ်
ဘာမှမလိုတော့ပါဘူး အားလုံးပြည့်စုံပါတယ်
“လိုချင်တဲ့ အဓိပ္ပာယ်ဟာ ဘယ်ပေါ်မှာမူတည်”
“တကယ်ကောင်းတဲ့ဇာတ်လမ်းပဲ မြင်ရခဲတဲ့
ဘ၀သစ္စာကိုမှောင်ရိပ်ထဲက မီးမောင်းထိုးပြ
လိုက်သည့်နှယ်” ထုတ်ဝေသူ ဟာပါ – ကောလင်းန်စ်
နောက်ဆုံးပေါ်စာပေသီအိုရီကို တစ်ထိုင်ဖတ်နဲ့လိုချင်
ပါသလား
စကားလုံးသတ္တ၀ါ။ ။

၂၅၊ မတ်လ ၂၀၀၇

ဒါတွေဟာ တကယ်ဖြစ်နိုင်လား တကယ်ဟာ ဒါတွေဖြစ်နိုင်လား

လက်ကောက်ဝတ်ကိုဓားနဲ့လှီးကြည့်လိုက်ပါလား
ဆေးခန်းက စာရေးမဆီက စာရွက်ရလာပြီ ‘ပေါ့စတစ်’တဲ့
ကျီးကန်းတွေဟာ ဆက်အာနေမယ်သွေးထဲမှာ ‘ပေါ့စတစ်’
သွေးနီဥတွေဟာ မြက်ခင်းမည်းကြီးထဲမှာ ဆက်ပွင့်နေမယ် ‘ပေါ့စတစ်’
ပေါ့စတစ်နဲ့ကွဲပြားတဲ့ နဂ္ဂတစ်ရဲ့ ခြားနားမှုဟာ ရှောင်တိမ်းချင်တဲ့ အဓိပ္ပာယ်
ဖြစ်စဉ်တွေဟာ အဆက်အစပ်ပြတ်တောက်ကျိုးပဲ့သွားတော့တယ်
‘ပေါ့စတစ်’ ဆိုအကောင်း ‘နဂ္ဂတစ်’ဆိုတာ အဆိုးမဟုတ်ဘူးလား
ဓာတ်ပုံဟာ နဂ္ဂတစ်ထဲပြန်ဝင်သွားတာလား
နေ့မှာ နေတစ်လုံးပဲထွက်တယ် ‘ပေါ့စတစ်’ ဒါပေမယ့် အများကြီးပိုလျှံပါတယ်
အရပ်ကောင်းပါ့မလား ငါ့အလောင်းလှဖို့ ‘သူဟိုရောဂါနဲ့ သေသွားတာလေ…
သေခါနီးမှာ မြင်ရက်စရာ မကောင်းဘူး’ ငါမသေချင်ဘူး၊ ငါမသေချင်ဘူး ငါ
မသေချင်သေးဘူး ငါဟာ အသက် ၂၀ ကျော်ပဲရှိသေးတယ် လူချောလေးပေါ့
ကဗျာတွေကျန်ခဲ့မှာပါ ပေါ့စတစ် ကမ္ဘာကြီးကျန်ခဲ့မှာပါ ပေါ့စတစ်
ပေါ့စတစ်ဟာအဖိုဓာတ်(+) နဂ္ဂတစ်ဟာ အမဓာတ်(-)
ကိုယ်ခန္ဓာအလေးချိန် ၁၀%ကျဆင်းလာမှု အရိုးပေါ်တင် အရေစုတ်ပြဲ
‘……..နှင့် အခြားကူးစက်ရောဂါပိုးများ ကာကွယ်ရန်လမ်းညွှန်’
ရောင်စုံဓာတ်ပုံတွေနဲ့၊ အင်္ဂလိပ်စာသားတွေနဲ့၊ ကြွေစက္ကူနဲ့
‘ဟော့ဂ်ျကင်းန်စ် လင်ဖိုမာ’ ကုသမှုအာနိသင်မတိုးတော့ဘူး
တစ်ကိုယ်လုံးရွှဲနစ်နေတဲ့ညထဲမှာ (ကိန်းဂဏန်းတွေမသိရ)
ငါ့ဆံပင်ကျဲပါးတွေဟာ ငါ့ကိုရုန်းကန်
ငါ့ခန္ဓာကိုယ်ဟာ ငါ့ကို မထမ်းထားချင်တော့ဘူးတဲ့
ကဗျာမဆန်တဲ့ငါဟာ ကဗျာထဲ ဘာဝင်လုပ်နေတာလဲ
ဘာလဲ၊ မ၀င်ရဘူးလား ကဗျာကိုကူးစက်သွားမှာကြောက်လို့လား
တွေ့ကြုံခံစားမှုရဲ့ အသေးစိတ်အချက်အလက်များကို တိတိကျကျ…..
လက်ကောက်ဝတ်ထဲ တဒိတ်ဒိတ်ခုန်နေတာ သီအိုရီမဟုတ်ဘူး
ကိုယ်ခန္ဓာယိုယွင်းလာတာနဲ့အမျှ တဖြေးဖြေး ပြည့်လာနေတဲ့ လ
‘လပြည့်ညမှာ သားထွက်သွားမှာပါ’
‘အဲသလိုမပြောပါနဲ့သားရယ်၊ အမေ့ကိုအဲသလိုတွေမပြောပါနဲ့
ခင်မင်မှု၊ ချစ်ခင်မှု၊ ‘တစ်သက်လုံး’တွေမှာ အနာစိမ်းတွေ၊ ကြွက်နို့တွေ
လူ့အရေပြားထဲက သန်းမကြီး
ငါတင်လာတဲ့ ကုန်တွေဟာ ကမ်းမကပ်မီ
ဒီသင်္ဘောဟာ ပင်လယ်ထဲမှာ မီးတွေလောင်မြိုက်နေတော့တယ်
အမေ၊ အမေ….သားစာမေးပွဲအောင်သွားပြီ
မိ မလိုလိုနဲ့ လွတ်လွတ်သွားတဲ့ ဘာတဲ့ (?) ‘အမှန်တရား’
ဒီပူလောင်နေတဲ့ အရည်ကြည်ဖုကြီးထဲမှာလား
ရောမန္တိက မဆန်တဲ့ သရုပ်မှန်ဝါဒ အမျိုးအစား
သွေးကိုဘယ်လိုဖွဲ့စည်းသလဲ အဲဒီကစ,တာလား
ဒါဟာကဗျာဖတ်နေတာဆိုတာ မမေ့လိုက်ပါနဲ့
မိုက္ကိုဘက္ကတီရီယမ် ကျူဘာကယူလေစစ္စ ၀င်ရောက်မှု
၇၀%-၈၀%…ပြီး၊ သေတာပဲ
အမေ၊ ခန်းဆီးလေးဖွင့်ထားပေးပါ။
အပြင်မှာလ, ပြည့်နေပြီမဟုတ်လား။

၃၀၊ မတ်လ ၂၀၀၇

ဝေလငါး

အခန်းထဲ လေသလပ်အောင်ပြတင်းကိုဖွင့်လိုက်တော့
လမ်းပေါ်မှာ အပြာရောင်ဝေလငါးကြီးတစ်ကောင်လသေနေတယ်
လူတွေ၊ ကားတွေဟာအဲဒီဝေလငါးသေကြီးထဲ/အပေါ်/အောက်/ရှေ့/နောက်/၀ဲ/ယာ
ဘာအတားအဆီးမှမရှိသလို ဥဒဟိုသွားလာမြဲသွားလာကြတယ်
မြင်တာနဲ့ကြည့်တာဟာ တစ်ထပ်တည်းမကျဘူးဆိုတာ ခင်ဗျားလည်းသိမှာပါ
အာရုံတွေဟာများလွန်း၊ မြန်လွန်းတော့ လိုချင်တာပဲစစ်ယူကြရတယ်မဟုတ်လား
ကြာတော့ဝေလငါးသေကြီးကိုမမြင်တော့ဘူး
မဟုတ်ဘူး…ကြာတော့ဝေလငါးသေကြီးကို မကြည့်တော့ဘူး
မဟုတ်ဘူး…ကြာတော့ဝေလငါးသေကြီးဟာ လေဖြစ်သွားတော့တယ်
ပိုခက်ခဲတာက ပိုမရင်းနှီးတာဖြစ်သလို ရင်းနှီးသွားလွန်းလို့လည်းဖြစ်တယ်/မယ်
ဘယ်မှာလဲဝေလငါး ဘယ်သူပြောလဲဝေလငါးသေကြီးလမ်းပေါ်မှာရှိနေတယ်ဆိုတာ
Wales- ဝေးလ်စ် – ဝေလပြည် (ဗြိတိန်)
Whale – ဝေးလ် – ဝေလငါး
‘ဝေလငါးဆီမှ ဝေလငါးအဆီရရှိနိုင်ပါသည်’
အခန်းထဲလေသလပ် အောင်ပြတင်းကိုဖွင့်လိုက်တော့
လမ်းပေါ်မှာ မြင်နေကျလမ်း၊ ပလက်ဖောင်း၊ သစ်ပင်၊ လူနေတိုက်ခန်းများ
လူများ၊ ကားများ၊ စက်သံများ၊ စကားသံများ၊ အားလုံးဇာတ်ဆရာအတိုင်းပါ
အမြင်ဆိုင်ရာ လေ့လာချက်နဲ့ အကြည့်ဆိုင်ရာလေ့လာချက်များ အစေးမကပ်သေး
အခန်းတံခါးကို ဖွင့်လိုက်တော့ တစ်ခုခုခံနေတယ်
အားစိုက်တွန်းလာတော့ ဟသွားတဲ့ကြားကတွေ့လိုက်တယ်
အပြာရောင်ဝေလငါးကြီးတစ်ကောင်ရဲ့ ၀မ်းဗိုက်ဖြူဖြူကြီး
နှလုံးခုန်နေတာလို့ ထင်ရတဲ့ အရေပြားဖောင်းလိုက်ချိုင့်လိုက်ဖြစ်နေပုံ
စုဆောင်းရရှိလာခဲ့တဲ့ ယဉ်ကျေးမှုဆိုင်ရာ အသိပညာ၊ ဗဟုသုတ၊ နောက်ခံရာဇ၀င်
ဆက်ဆပ်ဝန်းကျင်တွေဟာ အတွေ့အကြုံကိုလာတည်ဆောက်ကြတယ်
၁။ လူမှုထုံးတမ်းစဉ်လာများတွင်ဝင်ရောက်ပါဝင်ပါရန် (လူရာဝင်ရန်)
၂။ သတင်းအချက်အလက်ဖလှယ်ရန် (မှန်/မမှန် ဘေးဖယ်ထား)
၃။ ထိမ်းချုပ်မှုတစ်ခုခုလုပ်ရန် (ဘယ်သူလဲ၊ ဘယ်သူ့ကိုလဲ၊ ဘာကိုလဲ)
၎။ ခံစားချက်များ ကူးလူးမျှဝေရန် (မယုံဘူး)
၅။ မိမိကိုမိမိဖျော်ဖြေရန် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ရယ်ရတော့မလား)
မြင်သမျှ ကြားသမျှမှာ ကိုယ်ဟာ အပြင်လူတစ်ယောက်အနေနဲ့ပါပဲ
(ပြီးခဲ့တဲ့ ၂၄နာရီအတွင်း သင်တွေ့ကြုံခဲ့သမျှကို တန်းစီရေးပြပါ)
ဝေလငါးသေကြီးကိုစည်ပင်ကလာသိမ်းသွားပြီတဲ့
မြို့သူမြို့သားများစိတ်အေးလက်အေးသွားလာနိုင်ကြပါပြီတဲ့
အခန်းထဲလေသလပ်အောင်ပြတင်းကိုဖွင့်လိုက်တော့
ဘာဖြစ်လို့အခန်းထဲအဲဒီအနံ့ဆိုးကြီးတစ်ခုရှိနေပါလိမ့်ကွယ်
မျက်နှာကျက်နဲ့အမိုးကြားမှာ တစ်ခုခုများသေနေသလား
ကုတင်အောက်မှာများလား ဆံပင်တွေထဲမှာလား ဘီဒိုနဲ့နံရံကြားလား
ကြားလား၊ အဲဒီ ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ် ခုနေတာ
ဝေလငါး…မဟုတ်ဘူး၊ ခင်ဗျားရဲ့ ရင်ဘတ် (ဘယ်ဘက်ထဲ)မှာ
မြို့ပြရဲ့ စိတ်ရောဂါတစ်မျိုးလိုထဲမှာ သူဟာဗီဇစိတ်နဲ့ကစဉ့်ကလျား
ဒီအချိန်မှာ ဖုန်းမြည်လာတယ်
လက်တစ်ဘက်ဟာ ထိုးဝင်သွားတယ်ဝေလငါးရဲ့ပါးစပ်ထဲ
‘ဟဲလို၊ ပြောပါ ခင်ဗျာ၊ ကျွန်တော်ဟာလမ်းပေါ်မှာရှိနေပါတယ်’။ ။

၈၊ ဧပြီလ ၂၀၀၇

ပြည်တွင်းဖြစ်ငံပြာရည်

ထိုင်နေတာ ချိုင့်ခွက်တွေကြား ရပ်နေတာ ရာသီချို့ယွင်း
၃’ ၂” ၅အောင်စနဲက ခဏသာမြဲတဲ့အာရုံမှာ
တိရစ္ဆာန်လိုလို မသေမရှင်လိုလို ဇယားတိတ်ကြိတ်သွားတဲ့
လူသုံးကုန်ပစ္စည်းထုတ်ဗူးခွံများ တစ်ပတ်ရစ်လေးများ
ပူစပ်စပ်ညကို ခါးချိတ်ထားတဲ့ ပျင်းရိငြီးငွေ့မှုနဲ့သာ
ကိုယ့်ကိုယ်ကို အိပ်မွေ့ချရတာပဲဟုတ်စနိုးနဲ့အာသာဖြေရ
စိတ်ဓာတ်အတွက် ဓာတ်ဆီလိုတယ် ရေသန့်ဘူးလိုတယ်
ဒီနေ့ ဓာတ်ဆီဘယ်ဈေးလဲသိလား ရေသန့်ဘူးထဲကပိုးလောက်လန်း
အဲဒါလူတိုင်းမရတဲ့ အပိုပစ္စည်း(သို့မဟုတ်)ကံစမ်းမဲ
ရူပဗေဒရွေ့လျားမှုဟာ ပထ၀ီကြောထဲမှာ ခပ်တင်းတင်းနဲ့စပ်ဖျင်းဖျင်း
ဓလေ့ရဲ့အလေ့အကျင့်ရပွေ့ဖက်မှုထဲမှာ အမည်မဖော်သော ဖြစ်ညှစ်မှုတစ်ခု
အဖိတ်အစင်မရှိတဲ့ လေထဲ လေထီးခုန်လေ့ကျင့်
(ကဗျာရေးကျင့်) စကားလုံးမျိုးဗီဇတွေစုဆောင်း
မတူညီတဲ့ဂေဟဗေဒစနစ်တွေရဲ့
နယ်ခြားမျဉ်းပေါ်မှာ
‘ကျွန်တော်တို့ပျော်ရွင်ကြပါတယ်။ ဒီမှာ မနက်ကိုးနာရီပေါ့’
ငါတို့ ဒီလိုင်းကိုမကျော်နိုင်တော့ပြီလား
ပြီးခဲ့တဲ့အပတ်ကပဲ ဒီမှာ မိကျောင်းတစ်ကောင်
ကျွဲတစ်အုပ်လုံးကို ရေထဲဆွဲသွားတယ်
အမြန်မောင်းဒိုင်နာ တိမ်းမှောက်
ခရီးသည် ၁၇ဦးသေ ၄၁ဦး ဒဏ်ရာရ ယာဉ်မောင်းရှောင်တိမ်း
သင့်စိတ်ကူအိပ်မက်များကို ဖိတ်ကြားလိုက်ပါ
အစစ်အမှန်အဖြစ် သင့်ထံပြန်လာဖို့ ကျွန်တော်တို့တာဝန်ထား
ရှုခင်းသက်သက်အတွက် ရောက်လာကြတာတော့ မဖြစ်တန်ဘူး
ပုံတိုပတ်စတွေဟာ ဆင်ငိုမြက်ထက်ရှည်လာတော့
အကြောင်းအရာဟာ မုန်ယိုခြင်းပဲပေါ့
ဖြန့်ကြည့်လိုက်တော့မှ ဘာသာစကားဟာ
မိုးကုပ်စက်ဝိုင်းအထိလိမ့်သွားတယ်
အဲဒီမှာ ပင်လယ်ကူးသင်္ဘောတွေ
ကျွန်တော်တို့ရဲ့စိတ်ကူးစိတ်သန်းတွေလို သံမဏိတွေများလားပဲလေ
ကိစ္စကတော့ မိမိနဲ့မိမိဖွဲ့စည်းမှုရဲ့အကွာအဝေးပေါ့
မနက်ခင်းရဲ့ဂူပေါက်ဝမှာလည်း
သူငယ်ချင်း တင်းပုတ်ကြီးထမ်း ငူငူကြီးထိုင် ယိုင်ယိုင်ကြီးမတ်
ရပ် ခွေလဲ ပြန်ထ မျက်စိပွတ်
ဘယ်နှနာရီရှိပြီလဲ
ဗိုက်ထဲက အသံနဲ့ပဲမှန်း။ ။

မေလ ၂၀၀၇

သာမာန်အသိရဲ့ လမ်းလျှောက်ပုံ

စူးရဲ့လောင်ကျွမ်းနေတာ ဘာတွေမှမဟုတ်ဘူးလို့ ဘယ်သူထင်မလဲ
အနီးကပ်ဆုံးပိုင်ဆိုင်ရတဲ့ အချိန်ထဲမှာ သင်လည်းမျက်နှာပြင်တွေအက်ကွဲ
ညနေ ၆း၀၀ နာရီမှာဖြစ်ဖြစ် တစ်ဝက်တစ်ပျက်ဘ၀ထဲကဖြစ်ဖြစ်
လူးလိမ့်ထပြီး လမ်းပေါ်လူးလိမ့်ဆက်သွားကြရတယ်
သွားကြရတာပဲမဟုတ်လား နေလို့မရတဲ့ အနေအထားတွေပုံပြောင်း
ပြောင်းလို့မရတဲ့ အနေအထားတွေဟာ အလင်းမှိန်ထဲမှာ
ကြီးလိုက်သေးလိုက်နဲ့ ချီးမွမ်းထိုက်စရာ‘ငါ’လည်းရှာမရ
အတွေးရဲ့ညနေခင်းနောက်ခံမှာ မြစ်ဟာ ပေါလောမျောလို့

အဲဒါနိမိတ်ပုံလား အဲဒါဖလင်ပြားပေါ်ကတစ်စ တစ်စ
ပေါ်လာနေတဲ့လူတစ်ယောက်ရဲ့ ဘေးတိုက်သေပုံလား
ဘလက်အင်ဝှိုက်လား မီးခိုးလား တစ်ယောက်ကအရောင်နဲ့
CNGဘတ်စ်ကားတွေပေါ် ရရာဘ၀တွေလိုက်စီးသွားကြတယ်
လမ်းတွေပေါ် လူကျဲချိန်မှာ တိတ်ဆိတ်မှုဟာထမင်းထုပ်လေးနဲ့
ငါလည်း သူ့မလှမ်းမကမ်းမှာ မလာခြင်းကိုစောင့်လိုက်တယ်
ဟာလာဟင်းလင်းရဲ့ အိပ်ကပ်ထဲ တစ်ခုခု ထိုးနှိုက်နေသလို
အတွေးရဲ့ခေါင်းထဲသန်းရှာသလို ယုတ္တိဟန်ဖမ်းလို့

အက္ခရာတွေဟာအက်နေတဲ့ခရာထဲက လူးလွန့်
ထလာတဲ့ ရွဲ့တဲ့တဲ့သံစဉ်ကျစ်လျစ်တွေနဲ့
ဘ၀ဟာ ပုလွေတစ်ခုဆိုရင် အပေါက်တွေထဲ
အသံတွေသည်းကြီးမည်းကြီး တွန်းတိုက်ဝင်လာကြတယ်
မြို့ပြသံတွေ ငယ်သံပါတွေ မြိုထားတဲ့ အသံတုန်ခါမှုတွေ
ပလာချွတ်ထားတဲ့ အသံသက်သက်တွေ အဓိပ္ပာယ်ပြေးစွတ်ကြ
ခံစားမှုဟာ ကြွက်သားတစ်ချောင်းဆိုရင် အဲဒီကြွက်သားနဲ့ပဲ
ပကတိကာလထဲ ရေပုံးပစ်ချခပ်လိုက်သလို ဘာတွေပါလာသလဲ
စိတ်အရွေ့တစ်ခုရဲ့ ကြိုးအလျားနဲ့ ထုအတိုင်းစံပြုမရ(?)
ဝါကျရဲ့အရွတ်တွေထဲမှာပဲ နှုတ်ခမ်းလှုပ်ပုံကိုကြည့်ဖတ်ရပြန်တယ်
အတွေးရဲ့ ကြမ်းပြင်မှာ တံခါးတစ်ချပ်မှောက်လျက်ကြီး တွားသွား။ ။

မေလ၊ ၂၀၀၇

ခေါင်းစဉ်ကို တပ်လို့မရဘူး

ချောချောမွေ့မွေ့ပြောချင်ပေမယ့် အချိန်ကတိုပြီး ငြီးငွေ့ခြင်းက ရှည်လျား
ပြောဖို့ကြိုးစားနေတဲ့ကြားက လိုရင်းစကားလုံးတွေ အစေးမကပ်ကွာကျသွား
စွပ်စွဲလိုက်မယ်တကဲကဲဆီပဲ ပြေးပြေးကပ်သွားကြတယ်
အဲဒီမှာလည်း ဟောင်းနိုင်ရန်ကောကွယ် မည်းမည်းမြင်
အမြီးက ခွေးကိုနန့်သလို အလူလိုဟောင်လိုခြင်းက ငါ့နှလုံးသားကို ဝှေ့ယမ်းလို့
လက်က အပေါက်မှာကပ်နေတာကို လက်ပေါက်ကပ်တယ်လို့ ပြောချင်ပြော
အဲဒီအပေါက်ကိုပဲ ဖြည့်ဖြည့်နေတာ မသိစိတ်ထဲမှာ တစ်ခုခု ဖာနေတာလား
အရှေ့အနောက်တောင်မြောက် ထောင့်တိုင်းမှာ အတောင့်သား ဒေါသတွေ
ချေပစ်လိုက်လို့ရတဲ့ ခန္ဓာကိုယ်နဲ့ အမဲလုံးကျွေးလိုက်လို့ရတဲ့ စိတ်ဟာ ၀ါကျကွဲပြား
ငါ့စိတ်ခံစားချက်တွေကို ငါမြင်တယ်ဆိုတာ အမှောင်ထဲပစ်ခံရတဲ့
လောက်စာလုံးတွေပါပဲ နာတော့နာတယ်ဟေ့ ဘယ်ကောင်လဲကွ

ငါခံစားရတာဟာ ငါခံစားရတာပဲ အဲဒါမုသားမဟုတ်ဘူး လင်္ကာ
မချော်ရင်နေပလေ့စေ ကဗျာဆန်ချင်နေတာ မဟုတ်ဘူး မချောမွေ့လည်းနေ
နေနေရပြီး ကြည့်ကြည့်ပြောကြည့်နေရတာပဲမဟုတ်လား အိပ်ပစ်ချင်လိုက်တာ
နှစ်နှစ်ခြိုက်ခြိုက်ပေမယ့် အိပ်စက်ခြင်းကိုပါ ၀ါးတံတားထိုးပြီး
ဆာတေးလိုကင်ထားလား
ကြယ်တွေကို ကြည့်ပြီးလမ်းကြောင်းရှာနေသူလို
ကြယ်တွေဟာ ပြဋ္ဌာန်းပြီးသား တည်ဆောက်သတ်မှတ်ခံတွေလို့ သိသိချင်းမှာ
အလှတရားဟာ ကြည့်သူ့မျက်လုံးထဲမှာ ရှိတယ်ဆိုတော့ အဲဒီမျက်လုံး
ကို ဖောက်လိုက်ရင် အလှတရားကို အရှင်ရမလား အသေရမလား
ငါ့အမှတ်ရမှုထုထည်ထဲမှာ ဘာပဲသီးသီး အသီးသီးအသကဟာ
ပြန်လည်ပြုပြင်ထားတဲ့ သရုပ်ထဲမှာ အရုပ်ကြိုးပြတ်တွေပဲ ဖြစ်ခဲ့ပြီ
ဒါကဗျာမဟုတ်ဘူး ကဗျာဆိုတာ ငါတို့နဲ့ဝေးရာမှာ ငါတို့ရဲ့အနံ့တွေနဲ့
ဝေးတဲ့လေဆန်ဘက်မှာ ငါတို့ရဲ့မှိုင်းခံစက္ကူပေါ်က မှိုင်းတိုက်ခံအရေးအသားတွေပဲ
ရှိတဲ့ ထင်မိထင်ရာ ကျင်မိကျင်ရာ နင်မိနင်ရာမှာ ရှင်မိရှင်နေတာ အဆန်းလား
အရေပြားတွေ လျော့ရဲလာ အကြောတွေပေါ်လာ အရိုးတွေဟာ အရိုးပိုဖြစ်လာ
နေတဲ့ အဆောက်အအုံမှာ နေအကြိမ်ကြိမ်စား မာနမွဲခြောက်နဲ့
ခေါင်းမကောင်းတော့တဲ့ စဉ်းစားတွေခေါ်နေထိုင်နည်းရဲ့ ဆင်ခြင်တုံတရားနဲ့
(ဘာတရားလဲပြော၊ တရားတိုင်းတရားတယ်မထင်နဲ့) အဲသလို
ကိုယ်ပေါ်ဘ၀၀ဲနေတဲ့ အရိပ်မည်းကြီးရဲ့ သဒ္ဒါစနစ်ထဲမှာ ငါလိုချင်တာ
ငါလိုချင်တာ ဘာမှမရှိတော့ပါဘူး ငါဟာ ဖွဲ့ထုံးထဲမှာ ‘အောက်ကမြစ်’လောက်ပေါ့
တအိအိပြိုကျလာနေတဲ့ ကမ်းပါးမှာ ရာသီဥတုဟာလည်း မေးခွန်းဖြစ်ခဲ့ပြီ
မြစ်တစ်ပြင်လုံး ငါးသေပုပ်တွေ ပက်လက်မျောကြား
ဟောသလို လှေကလေးတစ်စီး တက်လေးတစ်ချောင်းနဲ့
ခေါင်းမော့နိုင်သလောက်လေး မော့ပြီးတော့သော…
ကြယ်တွေကို ငါမယုံတော့ဘူး သူတို့မှာ ခဲဆိပ်တက်နေတဲ့ အလင်းသရွတ်နဲ့
ငါဟာ ငါမဟုတ်တော့ဘူးဆိုတာလည်း ငါ့ သမ္ဗန္ဓတွေ တပြုတ်ပြုတ်မှာ
လုပ်ကြံခံရတွေကို ငါကောက်ကြည်တိုက်ကြည့်ရင်း…………………..

မေလ ၂၀၀၇

အမှတ်ရခြင်း/သက်သေ

အဲဒီတုန်းက သူနဲ့ငါ ချစ်ကျွမ်းဝင်ခဲ့ကြသလား။ မိုးသည်းတွေကြားမှာ သူနဲ့ငါ
မှတ်မိခဲ့ကြသလား။ မှတ်မိနေတုန်းလား။ နေသားကျဇာတ်လမ်းတွေဟာသိပ်
တင်းကြပ်မနေပြန်ရငလည်း ဇာတ်အိမ်တွေဟာ အချိန်စီးကမ်းပြို၊ ပြန်ပြန်
တည်ဆောက်နေရခြင်းထဲမှာ ဘ၀ဆိုတာကို လိုလိုမလိုလို အားကိုးသုံးစွဲလို့။
အာမေဋိတ်တွေနဲ့ပဲ စကားပြောလို့မရဘူးလား။ မဖွယ်မရာ ဖြောင့်ချက်တွေ၊
မမြင်ကွယ်ရာကိစ္စတွေကို အမှန်/အတိုင်း(နီးပါး) ဖွင့်ဟ၀န်ခံဖို့။ ပြင်သစ် ဇာတ်မြစ်။
ဒီမှာ အတွယ်ခက်။ အတွယ်အတာခက်။ ခက်တာကို တွယ်တာ သလိုလိုနဲ့
အခက်ကိုပဲ ပင်စည်တစ်ခုအမှတ်နဲ့ တွယ်ခဲ့တွယ်နေတာမဟုတ်ရင် အခြားဘာကို
…။‘ခေတ္တလမ်းပိတ်ထားပါသည်။ ‘ဘာဆက်လုပ်ရမလဲသာ မသိတာ၊ အဲဒါတော့
လုပ်ကိုမလုပ်ချင်ဘူး သိလား။ ကြောက်တယ်။ အိပ်
မက်ဆိုးကြီး’။ ပြီးတော့လည်း ‘ထုံးစံ’ (လို) အတိုင်းပဲလား မမှတ်မိတော့။ လွန်ခဲ့တဲ့
ဆယ်နှစ်က ကိုယ်က ၄၀ တွင်း၊ သူကအပျိုဖြန်းဖြန်း။ အဲဒီတုန်းက ဆင်မြန်းကြတဲ့
စကားလုံးပုံစံတွေက တစ်မျိုးပေါ့။ ကိုယ့်ဘယ်သူဘယ်ဝါ ဆိုတာ မခိုင်မာသေး
သလို သူ့မှာဘ၀ရှိတယ်ဆိုတာတောင် သူက လက်ခံချင် ပုံမရသေး။ ခုန်တက်လိုက်
တာလား၊ ခုန်ဆင်းလိုက်တာတား။ အဲဒီသဒ္ဒါထဲမှာ လည်ပတ်နေတဲ့ နှလုံးသားတို့
သွေးသားတို့၊ အလင်းတို့၊ အင်အားတို့၊ ရိုးသားမှု(?)တို့၊ အစစ်နဲ့ အမှန်ကြား
ကွာခြားချက်ပေါ် မျက်စိစုံမိတ်တံတား ထိုးပြီး သက်တံခင်းကျင်းတာတို့။ အခုတော့
ရယ်ပစ်လိုက်ဖို့ အလွယ်လေး။ ရယ်ဖို့သာခက်ခဲ။ ငါတို့ ချစ်ကျွမ်းဝင်ခဲ့ကြဖူးတယ်။
အောင်မြင်မှုသတ်မှတ်ချက် ပျက်ပြယ်မှာပဲ။ ဆိုတာဟာ အခု ပြန်တည်ဆောက်
ကြည့်တဲ့ကြားက အပေါက်အပြဲကြီးတွေနဲ့။ သူ့ အဲဒီတုန်းက အပျိုရည်လတ်လတ်
ဆတ်ဆတ် ပျက်ပြီးစမျက်နှာပေးလေး။ ပေါ်လိုက်ပျောက်လိုက် အဲဒီ( ပြန်မြင်သလို၊
ပြန်ဆင်သလို) မျက်နှာပေါ်မှာ စကားလုံးတွေဟာ အကွက်လိုက် အကွက်လိုက်။

၉၊ မေလ ၂၀၀၇

ငါ့ဇာတ်ကောင်ကို ငါ အကောင်းဆုံးတွေပဲပေးချင်တယ်

ကိစ္စမပြီးတပြီးမှာ တောင်ကုန်းအမှတ်( )ရဲ့ အထက်စီးကနေ
ပွိုင့်တစ်ခု ကိုယ်ရလိုက်တယ် ဟောဟိုမှာ
အမှောင်ဖုံးတွေထဲတစ်ယောက်က အပြင်ထန်ဆုံးအသုံးအနှုန်း (သူ့ထင်မြင်ချက်)
တစ်ယောက်ကသွေးသစ်လောင်း(သွေးဆုံးမီးယပ်အရေးအသား)
တစ်ယောက်က စကတည်းက လုံးလုံးလွဲမှာ(ရူးသွပ်၊ သွက်ချာပါဒ)
ပင်မရေစီးကိုသဲကော်တွင်းတူး ကတုတ်ကျင်းပြုလို့ ကတုတ်ကျင်းဝမှာ
မျက်လုံးအထိလေးဖော်ပြီးလေထဲ(ဒက်)၈ တစ်ယောက်ထဲပစ်နေ
စစ်ကူတောင်းနေ ဆိုင်းထိုးခိုင်းနေ ၆-၀/ ၆-၁ နဲ့ ချောင်ချောင်ချိချိနိုင်နေ
လုပ်ပြီးသားတွေဆီ ခဏခဏပြန်လာရ(သလို) ကောင်းကင်အဖုံးကို
ဖွင့်ဖွင့်ကြည့်ရ(သလို)
ပင်မ
ရေစီးဟာ
အခြေတကျရေသေ ဘယ်သူဟာ ရှေ့ပွိုင့်နောက်ပွိုင့် ဘယ်သူဟာ အဓိကပစ်မှတ်
စကား(ဦးနှောက်)ကို တစ်လမ်းသွား တစ်ကြောင်းတွေ အပိတ်စနစ်နဲ့ စံနမူနာနဲက
ခွဲစိပ်စင်ပေါ်တင်ရမယ့်အစား ရောဂါမှတ်တမ်းကို ခံစားနာကျင်လို့/ကြင်နာလို့
ယဉ်ကျေးမှုအဆောက်အအုံနဲ့ အနီးအနားပတ်ဝန်းကျင်မှာ
မီဒီယာမီဒူဆာဟာ ပုံမှန်ဝဲ၊ ပုံမှန်အလုပ်လုပ်၊ ပုံမှန်အလုပ်ရ၊ ပုံမှန်ရန်လုပ်ရ
‘အစစ်အမှန်’ကို ကိုက်ခဲထားပြီး ကိုက်စားမရ မြှုပ်မရနဲ့ သွားရည်တမြားမြားထ
ဟုတ်ကဲပါခင်ဗျာ။ ကျွန်တော်များကဗျာဟာ မကြာမီမှာ
အများပြည်သူနယ်ပယ်ထဲ
သတ်မှတ်ချက်အတိုင်း သက်ဆင်းတော့မှာဖြစ်ပါတဲ့အတွက်
ခက်ခဲသောအဓိပ္ပာယ်များ၊ စိတ်
အနှောင့်အယှက်ပေးသော တင်ဆက်မှုများ၊ မကြုံစဖူးသော အသုံးအနှုန်းများ၊
ဘောင်
မ၀င်သောအရေးအသားများ မပါရှိကြောင်း ပေးထားတဲ့ဖောင်ပေါ်မှာ
အသေအချာ
ဆိုင်းထိုးပြီး သက်ဆိုင်ရာရဲ့လက်ထဲ ရိုသေစွာအပ်နှံပေးကြပါရန် ထပ်မံသတိ
ပေးအပ်ပါတယ်ခင်ဗျာ။
အများနယ်ပယ်ရဲ့ မိုးလေ၀သအခြေအနေဟာ
သင်္ဘောသား/ အချစ်သီချင်းတစ်ပုဒ်လိုပဲ
‘ငါဟာရွက်လွင့်’ မုန်တိုင်းထဲရွက်လွင့်

ဘာဖြစ်နေတာလဲ ဘာဖြစ်ခဲ့ပြီလဲ ဗီယက်နမ်စစ်တုန်းက အမေရိကန်တွေ
ဘာဖတ်သလဲ လက်တင်အမေရိကကိုဖတ်တယ်အရှေ့ဥရောပကိုဖတ်တယ်
သူတို့အချင်းချင်းမဖတ်ခဲ့ကြဘူး(ကျောင်းသားကိုင်အမေရိကန်ကဗျာသမိုင်း)

တစ်ကွင်းလုံးကိ တစ်ကွက်တည်းမြင်ဖို့ အာခိမိဒိအမှတ်စက်ဘယ်မှာ…
သမုဒ္ဒရာဒီဘက်ကမ်းကနေ ဟိုဘက်ကမ်းမှာ ဘာရှိမလဲ
ဘယ်လိုလမ်းကြောင်းရှာမလဲ ဘယ်သူတွေ တွေးဖူးသွားဖူးသလဲ
‘မြေပုံဆွဲပြချင်တာထက် ရှိရင်းစွဲရုပ်ပြောင်တွေကို ပုံတူတွေလို့
ထင်လာမှာကို ဖျက်ပစ်ဖို့ မြေနိမ့်မှာမြုပ်သွားတဲ့ ကဗျာဧရိယာတွေကို
ရေနက်ကွင်းဖော်ဖို့၊ ကဗျာတွေစိုက်ပျိုးဖို့
မြေလွတ်မြေရိုင်းပါမကျန် စိတ်ကူးဉာဏ်နဲ့ စိမ်းလန်းဖို့’
ဒိုင်နိုဆောဟာ ဒေါသကြီးတယ် စာမဖတ်တတ်ဘူး Focus ကို
ပြတ်ပြတ်သားသားချိန်ရိုက်
တစ်မြေတည်းပေါ်မှာ တစ်ရေတည်းသောက်တဲ့ ခွဲခြမ်းစိတ်ဖြာမှု
သီးပင်တွေ စိတ်ကူးအဖူးအပွင့်တွေ
သူစိမ်းတွေ လှုပ်ရွနေတဲ့ မြေကြမ်းလည်းဖြတ် ဘာကိုဝမ်းနည်းနေရမှာလဲ
စစ္စတမ်နဲက သီအိုရီထဲ(က/ကို)ကိုယ်ရေးကိုယ်တာ အမှုန်တွေလှိုင်းတွေ
ပြုလုပ်ထားတဲ့ ရေထဲက ပြုလုပ်ထားတဲ့ငါးက ပြုလုပ်ထားတဲ့ မျှားတံနဲ့
ပြုလုပ်ထားတဲ့
ဝမ်းအတွက် ပြုလုပ်ထားတဲ့ ဖမ်းနည်း/ ရောင်းဝယ်ဖောက်ကားနည်းများနဲ့

ခံစားမှုကေဒါတွေ အော်နေတဲ့ မိုးဟာ ဘာအရောင်လဲ ဘာအမျိုးအစားလဲ
ဘယ်မှာထုတ်လုပ်သလဲ မိုးရေချိန်ဘယ်လောက်ရှိသလဲ(ရေလျှံရင်တော့
ရေခံရမှာပဲ)

နေခင်းကြောင်တောင်မှာ လင်းနို့လို စာမျက်နှာကို ၀င်တိုက်ကြ
စာမျက်နှာ=စာသားရဲ့ စီမံထားတဲ့ မျက်နှာစာ
ဘာနည်းသုံးလဲ= ဘာတည်ဆောက်ထားသလဲ=ရောက်ပြီးသားလား

ယနေ့ကမ္ဘာကြီးဆီ တရားဝင်ရောက်လာခဲ့တဲ့အတွက် မင်္ဂလာပါ
မနက်ဖန်မှာလည်း ရုပ်သံကြည့်ပရိသတ်နဲ့ ကျွန်တော်တွေ့ချင်ပါသေးတယ်
ပြုလုပ်ပြီးသား ငါတို့ကို ငါတို့မပျင်းမရိ အသောမသတ်မရပ်မနား
ထပ်မံပြုလုပ်ပြီးရင်း ထပ်မံထပ်မံ ပြန်ပြန်ထုတ်လုပ်ကြပါစို့

သေမသေ သေချာအောင် နှစ်ခါပြန်တိုက်ရမယ်ဆိုတာမျိုး ပြတိုက်ထဲမှာ
သမိုင်းဝင်လိုင်းဝင်ဓာတ်ပုံတွေ ရပ်နေပုံတွေ ထိုင်နေပုံတွေ လှဲနေပုံတွေ

ပြုလုပ်ပြီးသား ငါတို့ကို ငါတို့မပျင်းမရိ အသောမသတ်မရပ်မနား
ထပ်မံပြုလုပ်ပြီးရင်း ထပ်မံထပ်မံ ပြန်ပြန်ထုတ်လုပ်ကြပါစို့

သေမသေ သေချာအောင် နှစ်ခါပြန်တိုက်ရမယ်ဆိုတာမျိုး ပြတိုက်ထဲမှာ
သမိုင်းဝင်လိုင်းဝင်ဓာတ်ပုံတွေ ရပ်နေပုံတွေ ထိုင်နေပုံတွေ လှဲနေပုံတွေ
အိပ်နေပုံတွေ
ဒုတိယကမ္ဘာစစ်အပြီးထွက်လာတဲ့ အဖြူအမဲဓာတ်ပုံတွေ
ခေါင်းတိုင်ကမီးခိုးငွေ့တွေ
ဆပ်ပြာတွေ၊ ရွှေသွားတွေ၊ ဒိုင်ယာရီတွေ၊ မဟုတ်ကြောင်းငြင်းဆိုမှုတွေ
အန်ထရိုပေါလောဂ၊ ဂဲအောလောဂတွေနဲ့လည်း မကင်းတဲ့ လောဂလောကတွေ
လောကလောဂတွေထဲ ဘ၀အမြစ်တွယ်မှုတွေ ခုတ်လှဲမှုတွေ တင်ပို့ရောင်းချမှုတွေ

နှောင်းအရင်းရှင်နဲ့ နောက်ကျအရင်းရှင်ဟာ အင်္ဂလိပ်မှာတော့ ‘Late’ ‘လိပ်’ပဲ
Late capitalism မှာ စကြ၀ဠာဆိုတာ ဓာတ်မဟုတ်ဘူး
မော်လီကျူးတွေနဲ့ ဖွဲ့စည်းထားတာ ခင်ဗျားကေ ဘာမျိုးရိုးဗီဇလဲ

ဖားတို့ရဲ့ မျက်လုံးတည်ဆောက်ပုံ အဆင့်ဆင့်ဖွံ့ဖြိုးမှုသမိုင်းထဲမှာ
အစိပ်စိပ်အမွှာမွှာ အပိုင်းပိုင်းအစစ ဇာတ်လမ်းပြောပစ္စည်းတွေ၊ နည်းတွေ

မြက်ခင်းပြင်ပေါ်နေရောင်တစောင်းကျနေတာ
အပြေးအလွှားသွားမကောက်ချင်ဘူးလား
ကြည့်ဦး…..အဲဒီမှာ ‘မူလ’တံဆိပ်တွေ ပါရင်ပါနေဦးမယ်

‘ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးဝါးစွာ
ထိခိုက်နိုင်ပါသည်’ စာတန်းဟာ ဆေးလိပ်ဘူးခွံဘေးမှာ
ဆေးလိပ်အမည်လောက် မကြီးဘူးဆိုတာ ဘာကြောင့်လဲ သတိပြုပါ
အဲသလိုပဲ အကောင်ဟာ အထည်မပေါ်တာတွေပေါ့
ကိုယ့်မှာ ဆေးလိပ်တစ်လိပ်ရလိုက်ပြီး
လက်ဝယ်မီးခြစ်မရှိဘူး။ ။

၁၀၊ မေလ ၂၀၀၇

စကားပြေကဗျာရဲ့ ကြားမှာလား

ဘယ်စာသားမဆို ရှင်ဖျဉ်လို့ရတာပဲ
ကျွန်မဟာလည်း ရှင့်နည်းတူစာသားတစ်ခုပါပဲ
………………………….

တွေ့စကတည်းက အဲဒီစိတ်(အရိပ်?)ထဲ
ငါလဲကျခဲ့(ဖူး)တယ်
ဒါဟာလည်း ရင်းနှီးပြီးသားထင်ရတဲ့ သူစိမ်းဆန်မှုတွေပေါ့
ဥပမာ သိပ္ပံနည်းကျခံစားမှုဒေတာတွေ(ဒေဝေါတွေ)
စက္ကူပေါ် စက်ဆွဲသွားတဲ့ အတိုအရှည်မညီ လိုင်းတွေ
လျင်လိုက်တာမှ ‘ငလျင်’ကို မြည်နေတာပဲ

ဘယ်တော့မှ မတွေ့ရတော့ဘူးလို့ စိတ်ကို မင်တုပ်ခင်းပြီးမှ
စိတ်ဟာ မင်းတုပ်ကိုဖြုတ်လိုက်လေသလား

မကြီးမငယ်နဲ့ လေးလေးနက်နက်မေးရရင်
‘ဒါဟာ အချစ်လား’
ရင်ခုန်သံကို ဘယ်လောက် ဟန်ဆောင်မှုမှာမှကြားရသလဲ

ဘယ်သူမှ ခံစားမှုတစ်ခုထဲ
နှစ်ခါမဆင်းနိုင်ဘူး

‘ကြုံမှသိ’ နဲ့ ‘ထိမှနာ’ ဟာ ကြောင်းကျိုးဆက်နွယ်မှုလား
အချစ်အစား ချိုင်းနံ့ပျောက်ဆေးတို့
ဒုံးခွင်းဒုံးတို့ကမှ အသုံးဝင်ဦးမယ်

တချိန်ချိန်မှာ ငြိမ်ငြိမ်လေးနဲ့
ပန်းသီးလည်း ရာဇ၀င်ပင်ကသီးပြီ ကြွေရတာပဲမဟုတ်လား
မီးတောင်သေလည်း အကြောလှုပ်တာက စ တာပေါ့

ဟင့်အင်းဟင့်အင်းနဲ့ အင်းအင်းဟာ
ခေါင်းချင်းဝင်တိုက်တော့တာပေါ့
(ယုတ္တိကို ဖြုတ်မကြည့်နဲ့
အထဲမှာ ဘာမှ မရှိဘူး)

ကျွန်မကံနဲ့ ရှင့်ကတ္တာကြားမှာ
ကြိယာတစ်လုံးပဲ လိုပါတယ်
စနစ်တကျလှပတဲ့ ပါဒမဟုတ်တောင် ၀ါကျပေါ့

တောင်ကျချောင်းမှာ
မောင်ဘလည်း ‘ဖောင်း’တော့တာပါပဲ
‘အစဉ်အလာရဲ့ သားကောင်မို့’(ခင်ဝမ်း)
မပြောပြချင်တာတွေ(မပြောပြရဲတာတွေ)ရှိတယ်
ဒါပေမယ့် အ၀ှက်လည်းမခံကြတဲ့ အ၀ှာတွေ
ဖြစ်ရဲရင်
ဖြစ်နိုင်ချေတွေထဲမှာပဲ
လူ့အဖြစ်ကို
မင်းနဲ့ငါလည်း လုပ်ယူခဲ့ကြတာပဲ မဟုတ်လား

ငါ့ရဲ့အတွင်းကိုသိမ်းပြီး ငါ့ရဲ့အပြင်ကို ပိုက်မယ်လို့များ
မင်းထင်ယောင်ထင်မှား ကျိန်ခဲသလားကွယ်

အိုက်ဒီယော်လော်ဂျီနဲ့ မကင်းတဲ့ အထိအတွေ့တွေ
အယူဝါဒတစ်ခုခုနဲ့ စွန်းထင်းတဲ့အနမ်းတွေ

ရှူတဲ့လေမတူတော့
တူတဲလေရှူဦးမတဲ့လား

မင်းပြောတဲ့ ဒီအချစ်ဆိုတဲ့ ပရောဂျက်မှာ
အိပ်စပါယာရီဒိတ်ပါခဲ့သလား

မသေမချာမရေရာမှုများ လက်ဆုပ်လက်ကိုင်မပြနိုင်မှုများ
ဤတွင် ၀င်စေ စည်ပင်စေ

ဒို့နှစ်ယောက်ကြားမှာ
ဘာသာစကားတစ်ချပ်ခြားနေတယ်(စိုးပိုင်)
‘သူဟာ တကယ်ပဲ မင်းအပေါ်မှာ….’

အရေအတွက်တွေ အချက်အလက်တွေ ဘယ်နှချက်မ ပြီးမှာလဲတွေ
ရူပဗေဒမှာ ထူးဆန်းတဲ့ အမူအကျင့်နဲ့ ဆဗ်အက်တမ်အမှုန်တွေ
နှစ်ယောက်ပေါင်းအရေပြားအောက်မှာမြေဆွဲအားယာယီချာချာလည်မှုတွေ
‘မပလီနဲ့…..အလုပ်ကို အလုပ်နဲ့တူအောင်လုပ်’
အလုပ်=?

အဲဒီမှာ သူ့စကားဟာ အဓိပ္ပာယ်ဝဲလာတယ်
တောင်ကြီးက လျောင်ကီး မောင်ဖီးလို့ နာမည်ပြောင်းလိုက်သလို
…………………………………..

နို့………………..
နေပါဦး
ငါ့နှလုံးသားရဲ့ ဘယ်အရပ်ဒေသတွေအထိ
မင်းနောက်ဆုံး ရောက်ခဲ့သလဲ။ ။

၁၄၊ မေလ ၂၀၀၇

စိမ်းတယ်ဆိုမြက်ခင်း၊ မြိန်တယ်ဆိုလေပေါ့

သူ့လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ကိုလေးစားကြပုံရတယ်
‘ချောင်နေတယ်’တဲ့ ‘အစစ်ပဲ’ တဲ့၊ စကားလုံးတွေပါ
ဈေးကွက်သုသေသနလုပ်စရာမလိုတဲ့ သူ့အောင်မြင်မှုသော့ချက်ဟာ
သူ့အတ္တပွဲရုံတွေ ဒိုင်တွေ အကုန်လုံးကိုတဏှာရောင်သုတ်လို့

‘လက်လီလက်ကားကိစ္စလောက်ထက်ကျွန်တော်ဟာကြီးထွား/ကြီးပွားရမှာ
ကျွန်တော်မှာဖွင့်မပြောပြနိုင် ဖွင့်မပြောတတ်တဲ့ဘ၀ရည်မှန်းချက်ကြီးချုပ်တည်းလို့’

အထူးဈေးကွက်အာရုံရလို့ မရောင်းတဲ့ပစ္စည်းဟာ တံခါးလက်ကိုင်ဖုတွေ
ဥရောပကဒုက္ခသည်တွေဆီကပေါချောင်ကောင်းရလိုက်တဲ့အသက်ရှင်ရေးကိရိယာတွေ
လက်သည်းညှပ်၊ ပုလင်းဖော့ဆို့ဖွင့်တံ၊ ဂဏန်းလက်မ ညှပ်ခွဲတဲ့ ပလာယာစသည်ဖြင့်

ကလေးဘ၀ကိုမြင်းဇောင်းမကျန်မွှေနှောက်ထားဟန်ရှိတဲ့ ကိုယ်တိုင်ရေး
အထုပ္ပတ္တိဟာလည်း ဆယ့်တစ်လထိ ဘက်ဆဲလား၊ ကျောင်းတွေမှာပြဋ္ဌာန်း

‘အမှတ်တရဟောင်းတွေဟာလည်း ရောင်းစရာတွေချည့်ပါပဲ
ရာဇ၀င်တွေ သမိုင်းတွေ ဟိုတုန်းကသူတို့မမီလိုက်တဲ့အဖြစ်အပျက်တွေ
သမိုင်းစာအုပ်ထဲမှာတောင်မပါတဲ့ အမှတ်ရမှုစွန်းပစ္စည်းတွေလေ’

မူလတုန်းက ဆရာမကြီးတီးခဲ့တဲ့ကြေးခေါင်းလောင်း
သူ့လက်ထဲဘယ်လိုရောက်လာမှန်မသိတဲ့ အတန်းဖော်တစ်ယောက်ပိုင်
ရှေ့ဟောင်းခဲဖျက်
ကာတွန်းသူရဲကောင်းကြေးရုပ်ရဲ့လက်ကို ဆွဲလိုက်ရင်လည်ပတ်တဲ့လေထုဖိအားစက်
အခုတစ်ချို့ချစ်တီးဆိုင်တွေမှာသုံးတဲ့ဟင်းနဲ့ထမင်းထည့်သတ္တုပန်းကန်တွေ
ဒါပေမယ့်
ရှေးဟောင်းကြေးဝါရောင်ခင်ဗျားမြင်ဖူးမှာတောင်မဟုတ်ဘူး၊ တစ်ဗန်းတစ်သောင်း
အလုအယက်ဝယ်ကြတာပဲပေါ့ဗျာ၊ ကားကြီးကားငယ်တွေက ဆင်းလာပြီ
အဘိုးရဲ့ပဉ္စသိင်္ခခြေတင်ခုံ အဘွားရဲ့ပုလဲလုံးစီရေနွေးအိတ်
………………………………….
……………………………………..

ဒါတွေရဲ့အခြားမှာ လေကြမ်းတစ်ခုကြမ်းဖို့တာစူနေတယ်
သစ်ပင်တွေ၊ ခေါင်မိုးတွေ၊ အိမ်တွေ၊ လူတွေပါကြလိမ့်မယ်
ခေါင်းဖြတ်စက်တစ်ခုလို သူ့လက်သည်းခြေသည်းတွေသွေးနေတယ်
ဒါပေမယ့်ဒါဟာ ဒါနဲ့မဆိုင်(သေး)တဲ့ အခြားကိစ္စတစ်ခုပါ

ဟုတ်ကဲ့ပါခင်ဗျာ
ဟောဒီဆင်စွယ်ပုလင်းဖုံးလေးကို ဖွင့်လိုက်ရုံနဲ့ပဲ
လိုတရခိုင်းလို့ရတဲ့မှော်အစေခံလို ရနံ့တစ်မျိုးဟာ
လူကြီးမင်းကိုလူကြီးမင်းရဲ့စိတ်ကြိုက်အတိတ်ဖြစ်ရပ်တစ်ခုစီ
ပြန်သယ်ဆောင်သွားပေးမှာကို ကျွန်တော်အာမခံပါတယ်
ရတနာကြုတ်လေးနဲ့ လူကြီးမင်းရဲ့ စိတ်ဝင်စားမှုကို
ကျွန်တော်ရယူပါစေသား။ ။

၂၀၊ မေလ ၂၀၀၇

တစ်ထောက်နားစခန်း

နစ်နာကြေးတစ်ခုလို ရလိုက်တဲ့ခရီးပေါ့
မြေကြီးနဲ့ကောင်းကင်ကြားမှာ အဘယ်လူသားငါတို့ဟာ
ဆံပင်လို အမျှင်လိုတိမ်
အစုလိုက် အပုံလိုက်တိမ်
အလွှာလိုက် အထပ်လိုက်တိမ်
ငါတို့သည်းသည်းမည်းမည်းလိုချင်ကြတယ်
ရေစက်တို့ရဲ့စိန်ပွင့်လို အစိုင်အခဲ
အခိုးအငွေ့ထဲက ငြင်းမရတဲ့တိကျမှု
ကိုယ်တိုင်ဟာ ပူစီပေါင်းအယူအဆ
မိုးလေ၀သလို စဉ်းစားပုံမျိုးနဲ့
ငါတို့ကိုယ်ငါတို့
သမိုင်းဆိုင်ရာအထူးအဆန်းတစ်ခုလို
အပေါ်ယံရှပ်ကြည့်
ပြီး ပြက်ရယ်ပြု
ပြီး စွန့်ပစ်လိုက်ကြပြန်တယ်
ပြီး ပြန်တယ်
ပြီး ကြံရာမရ နွယ်ပင်နှာမောင်းတွေလို
တွယ်စရာမရှိ အချင်းချင်း ပြန်လိမ်

တိမ်တွေနရဲ့ ဘာသာသစကားမှာ
အရာတောင် တင်ကျန်ခဲ့ပါမလား
အရည်ကြည်ဖုတွေ လှိုင်လှိုင်သီးလို့
ရူးရူးနှမ်းနှမ်း လေစီးကြောင်းအတိုင်း
မှိုင်းမှိုင်းရင့်ရင့်နဲ့
လွင့်မျောနေကြတာတို့
လက်မှတ်တစ်စောင်လို
မြေပုံတစ်ခုလို
ဆန်းဆန်းပြားပြားမှေးမှိန်လာတဲ့
ယန္တရားမှာ
တစ်သွားပဲ ခပ်သွားသွား သွားနေလိုက်ကြတာ
ငါတို့မှာ

မိုးရဲ သိပံ္ပကို အလိုတူ
မှတ်မိဖို့ မေ့ပျောက်လိုက်ကြတဲ့အထိပဲ
အဲဒီအစိုင်အခဲကို အရည်ဖျော်ကြည့်။ ။

၅၊ ဇွန်လ ၂၀၀၇

ဘေးတိုက်ကျလာတဲ့ နေ့က

သူဟာ သရုပ်ဆောင်ဖြစ်ပါတယ်တဲ့
ကိုးရီးယားကားတွေ ကြိုက်ပါတယ်တဲ့
ဇာတ်ညွှန်းရေးသူကု အရင်စာတတ်အောင်
သူသင်ကြားပေးနေတာဖြစ်ပါတယ်တဲံ
……………………………………………….တဲ့.
…………………………………………………တဲ့

ကြိုတင်သတိပေးချက်ခပ်ဝါးတားတား
‘ဘာသာစကားထဲမှာ ဘ၀ကိုဘာသာစကားထဲမှာလည်း
အလင်းဟာတစ်မျိုးတည်းမဟုတ် တစ်မျိုးတည်းမယိုင်ဘူး

စည်းကြပ်ဒိုင်၏ အခန်းကဏ္ဍ
‘သင်ကြားပေထားတဲ့
စကားကို မင်းတမင်မေ့နေတာလား’
ငါလေလုပ်လိုက်ရ

စိတ်
ဝင်စားဖွယ်ရာ မဖွယ်ရာရာ ဖွယ်ရာရာ
အစီအစဉ်မှာ ပါဝင်ပြီးပြီလား
ဇာတ်ညွှန်းထဲပါပြီလား
ဖိတ်ခေါ်လိုက် ပါဝင်ကစားမယ့်သူတွေရဲ့ စာရင်း
အတန်း(စား)လိုက်စီ

‘ကျွန်တော်ဟာ သရုပ်ဆောင်စစ်စစ်ပါ
ကျွန်တော်လည်း တန်းစီနေပါတယ်
‘ဟုတ် သမီးတို့လို အနုပညာအတွေ့အကြုံ
သိပ်မရင့်ကျက်သူတွေလည်း
အနုပညာကြယ်ပွင့်တွေဖြစ်ဖို့
သမီးတို့အနုပညာနဲ့ ပြည်သူတွေအလုပ်အကျွေးပြုဖို့
တန်းစီနေပါတယ်’

သင့်ထက်ပိုနာမည်ကြီးကျော်ကြားသူတစ်ဦးနဲ့အတူ
ရုပ်မြင်သံကြားတွင် သုံးမိနစ်စာမျှ
အင်တာဗျူးတွင် ပါဝင်ချင်ပါသလား

ဟေ့ စည်းကြပ်ဒိုင်တွေ ဘယ်မှာလဲ
ဘယ်သူလဲ သရုပ်ဆောင်တွေ
ဟေ့ ဟေ့ စတန့်တွေ ပါပြီးပြီလား
မီးခိုးငွေ့ထုတ်အားကောင်းတဲ့ ယမ်းတွေဘယ်မှာလဲ
ဇာတ်ညွှန်းမှာ သတ်ပုံပြင်ပြီးပြီလား

အလင်းရောင်ဟာ ငွေနဲ့တစ်နည်းနည်း
ဆွေမျိုးတော်စပ်နေတယ်လို့ မီးမှိန်မှိန်လေးမှာ တွေ့ရှိရ
အမြင်ချင်းတူတဲ့ သဘောထားတိုက်ဆိုင်တဲံ
လျာထားခံရတဲ့ ရမယ့်အလားအလာရှိတဲ့

ဒီမယ်၊ သရုပ်ဆောင်
မင်းပြောရမယ့်စကားကို မင်းမေ့နေတယ်

ဟေ့ စည်းကြပ်ဒိုင်တွေ
ဟေ့ ၊ စည်းကြပ်ဒိုင်တွေ
စဉ်းစားမိသလား အသက်မွေးဝမ်းကျောင်းမှာ
ဘာတွေသင်ရသလဲ ဘာတွေစစ်သလဲ
အမှတ်ပေးစည်းမျဉ်းနဲ့အညီ သင်ကြားပေးသော
‘ပညာသည်သာသင်၏ အခိုင်မာဆုံးကျောထောက်နောက်ခံ’
ကျောချမှ……….

စည်းကြပ်ဒိုင်သင်တန်းသားသစ်များခေါ်ယူခြင်း

ပုံသဏ္ဍာန်နဲ့ နည်းပညာဖွယ်ဖယ်ရာရာ
စိတ်ကူးဉာဏ်စွမ်းပကားတွေနဲ့
အစဉ်အလာမပျက် အစစ်ဆေးအစမ်းသပ်ခံ
သတ်မှတ်စံချိန်စံညွှန်းများနဲ့အညီ

ကျွန်တော်ဆက်နားထောင်နေတယ်(လို့ ထင်ရတယ်)
ကျွန်တော်က အသည်းမာတယ် (ဘယ်ကျွန်တော်လည်း မသိ)
ခံစားချက်တွေဘာတွေ သိပ်ဟုတ်တိပတ်တိ မရှိဘူး
စကားလုံးတွေကို တုတ်နဲ့ထိုးကြည့်တယ် အစောင့်တွေအလစ်မှာပေါ့

လျှာလိုလိုဘာလိုလိုပေါ်မှာလိုလို
ရှူးရှူးရှဲရှဲနဲ့ ရှတတတွေ
အယူအဆ (အယူအဆနဲ့ အယူဝါဒ ဘာကွာဟသလဲ)ရေးရာတွေ
ငြင်းခုန်တဲ့အရက်ဆိုင်မှာ အိမ်မှာ ရိုက်ခွဲလိုက်တဲ့ ကားမှန်ကွဲစတွေမှာ
ကိုယ့်သမိုင်းကိုယ်(ပြင်)ရေးတာတွေမှာ
‘ငါတို့မှရေးတတ်တဲ့ ကဗျာစစ်စစ်’တွေမှာ
ဟုတ်ကဲ့ သမီးတိုကရှိုးလျောက်ပွဲတွေမှာ
ကျေးဇူးရှင်တောင်သူလယ်သမားကြီးတွေရဲ့ စပါးရိတ်သိမ်းပွဲတွေမှာ
အီရတ်မှာ မြောက်ကိုးရီးယားမှာ
အောက်ဆီဂျင်အားနည်း ဦးနှောက်ထဲမှာ
ခြေစွယ်လိုငုပ်နေတဲံ အဓိပ္ပာယ်(ပြုလုပ်မှု)ထဲမှာ
‘ဘယ်လိုစဉ်းစားရမယ်ဆိုတဲ့ ကဗျာတွေထက်
ကွဲပြားခြားနားတဲ့ စဉ်းစားပုံမျိုးပြတဲ့ ကဗျာတွေကို
ကျွန်တော်ရေးချင်တာဖြစ်ပြီး ရေးနေတာဖြစ်ပါတယ်။’
ချားလ်စ်ဘန်းစတိုင်းန်(၂၀၀၄)

ဟေ့၊ စည်းကြပ်ဒိုင်တွေ၊ စည်းကြပ်ဒိုင်တွေ
ဘယ်သွားသေနေကြသလဲ စည်းကြပ်ဒိုင်တွေ
ကျွန်တော်ဟာ သရုပ်ဆောင်သင်တန်းဆင်းပြီးပါပြီ
ကျွန်တော်မှာ သင်တန်းဆင်းလက်မှတ်ရှိပါတယ်
ဟင်အင်း၊ ကျွန်တော်ကားကြီးမရိုက်ရသေးပါဘူး

ကာဗွန်ဒြပ်ပေါင်းတွေများနေသောကြောင့်
သရုပ်ခွဲအတတ်ပညာဟာ ခေတ်မမီသေးသောကြောင့်
ဗဟိုမှ ဖြာထွက်မှုအား လေသေထဲညပ်နေသောကြောင့်
ဖလင်ဆေးနည်းသင်တန်းသွားတက်နေသူ ပြန်မရောက်လာသေးသောကြောင့်
မာခဲ့နေတဲ့ တရားသေစဉ်းစားနည်း အုပ်စုဖွဲရမ်းကားနေသောကြောင့်
ပေါကြောင်ကြောင်ကဗျာကြေငြာစာတမ်းတွေ တူရာစုဆိုင်းထိုးဖုန်လွင့်သောကြောင့်
အပါအ၀င်
‘ဒါကို ဘယ်လိုဖတ်ရမလဲဆိုတဲ့ ကိစ္စလေးကျန်ရှိနေသေးတဲ့အတွက်
ဒါကိုကဗျာတစ်ပုဒ်လိုပဲ ဖတ်ကြလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်
ဆိုတဲ့အကြောင်းနဲ့ပဲ စတင်ပြောပါရစေ’

အကြောင်းကြောင်းများ၏ အကြောင်းကြောင်းများကြောင့်
ကျွန်တော်သည်၊ သင်သည်၊ သူသည်(လက်ခုပ်လက်ဝါးများ ဖျောင်းဖျောင်းဖျောင်း)

‘ဘယ်လိုမှ အဓိပ္ပာယ်ရှာမရနိုင်တဲ့နှစ်ထဲမှာ
သင့်ရဲ့အဓိပ္ပာယ်ပြုလုပ်မှုအတွက် ဒါဟာရှားရှားပါးပါး
အထောက်အကူတစ်ခုဖြစ်ပါစေ’
ဒီကိစ္စနဲ့ပတ်သတ်လို့ ဘာသာစကားဟာ တစ်ခုခုသိနေသလိုပဲ
ဒါပေမယ့် ဘာသာစကားဟာ အ,နေတော့ သူလည်းအလိုတူအလိုပါပေါ့
ဘာ၊ ဘာသာစကားဟုတ်လား
ဟေ့၊ စည်းကြပ်ဒိုင်တွေ၊ စည်းကြပ်ဒိုင်တွေ
လူကျွံတာတွေ၊ လူလဲတာတွေ၊ လူလုပ်တာတွေ၊ လူညစ်တာတွေ

အယူအဆဆိုတော့………….
အယူဝါဒကတော့…………..

ဟုတ်ကဲ့၊ ကျွန်တော်ကျွန်မတို့ သရုပ်ဆောင်သင်တန်းတက်ချင်လို့ပါ
သြော်…..အေး၊ အေး မောင်လေးတို့ ညီမလေးတို့ ဒီဖောင်တွေဖြည့်လိုက်နော်
ဖောင်ဖိုးကတော့……..အဲ၊ ကြုံတုန်း အလှူငွေလေးလည်း…………

တစ်ထေရာတည်းတူအောင် အတုပြုလုပ်ချက်နဲ့ ရီယစ်လစ်ဇင်နဲ့
ဒီဇာတ်ကားကြီးအနုပညာမြောက်အောင်
အားလုံးဝိုင်းဝန်းကြိုးပမ်းဖော်ဆောင်ကြပါစို့လို့ တိုက်တွန်းရင်း

အကယ်ဒမီဆုပေးပွဲညနေခင်းလေးရဲ့ ရင်ခုန်သံကို
ဘယ်လိုခံစားရပါသလဲရှင်။ ။
၈၊ ဇွန်လ ၂၀၀၇

ဖြစ်ပုံဟာ အဲဒီတိမ်ကင်းစင်တဲ့အခိုက်မှာပဲ

ဒါပေမယ့်၊ နှိုင်းယှဉ်မှုတစ်ခုနဲ့ကြည့်ကြပါစို့
မြို့လည်လမ်းမတစ်ခုပေါ်မှာလူတစ်ယောက်နဲ့
သွားရင်းလာရင်း အတွင်းမိုးကြိုးပစ်ခံလိုက်ရ(ဆိုပါစို့)
တစ်ကိုယ်လုံးဟုန်းကနဲမီးထတောက်လောင်မြိုက်သွားတော့တယ်

သူ့မီးဟာဘယ်လောက်များသလဲ
ကူးစက်ပျံ့နှံ့မှုအတိုင်းအတာ ဘယ်လောက်ရှိမလဲ
(ယခင်က မီးသတ်ကားတွေ အခုလို အဆင်မျိုးတွေကြားမှာ
ရှိခဲ့ဖူးတာ အမှတ်ရရင်းပေါ့)

သူ့ပါဝင်တဲ့ အစုအဖွဲ့ရဲ့မီးစွဲအား
အခြားအဖွဲ့အ၀င်တွေရဲ့ ကူးစက်နိုင်စွမ်းအတိုင်းအဆ
ကပ်လျက်ရှိ အခြားအစုအဖွဲ့များရဲ့ လောင်စာပမာဏ
လေ့လာတွေ့ရှိချက်ကတော့ ၅၃.၈%စီရှိနေကြရင်ပေါ့
ဟုတ်တယ် ၅၃.၈% လောက်ပဲလိုအပ်တယ်

ဒါပေမယ့်၊ နှိုင်းယှဉ်မှုဆိုတာ
ဘာသာစကားနဲ့/ရဲ့ ပြုလုပ်ချက်ပါပဲ
တကယ့်သက်သေတော့မဟုတ်ပြန်ဘူးပေါ့

ဆင်တူရိုးမှားလမ်းတွေနဲ့
ပတ်ပတ်လည်မှာလမ်းလိုလို ပိတ်ဆို့မှုမရှိတဲ့ လမ်းဟာ
အထင်ရှားဆုံးလမ်းပဲ
ဒါဟာ လမ်းရဲ့လမ်းဖြစ်မှုသဘောတရား
(အာရုံခံစားမှုဗိသုကာများ)
ဒီနေ့ နေ့လည်သုံးနာရီကျော်ကျော်လောက်မှာ
သက်သေဟာ လမ်းပေါ်မှာ မီးလောင်မြိုက်သွားတယ်
အတွင်းစည်း၊ အပြင်စည်း၊ စည်းခြား၊ စည်းကျော်
(ဒီသတင်းဟာ နည်းနည်းနောက်ကျမှရ)
အဲဒီမီးဟုန်းတောက်တောက်ကြီးနဲ့
သူဆက်သွားနေတယ်
လမ်းဆိုတာ အပူရှိန်ပြင်းပြင်းနဲ့ပဲ
အပူရှိန်ပြင်းပြင်းတည်ဆောက်သွားရတာပဲပေါ့
(အထက်ပါအတိုင်း)
ဥပမာ၊ ဆူးလေလမ်းမကြီးပေါ်မှာ
ခင်ဗျားလမ်းလျှောက်နေတယ်(ဘာသာစကားတည်ဆောက်ချက် ၁)
အစွဲအလန်းပေါင်းစုံနဲ့လူအုပ်ကြားထဲမှာ(ဘာသာစကားတည်ဆောက်ချက် ၂)
ရုပ်ရှင်ရုံတွေရှိတဲ့ဘက် ဦးတည်ရာ (ဘာသာစကားတည်ဆောက်ချက် ၃)
ဒီမှာ ကားတွေ လူတွေ တိမ်တွေ ငှက်တွေ အကုန်လုံးရပ်
ခင်ဗျားကို အတွင်းသိအာရုံခံစားနေတဲ့
ခင်ဗျားလက်ပတ်နာရီဟာ သုံးနာရီတိတိတဲ့ တိတိ တိတိ တိတိ
ပကတိအခြေအနေ။ ။

၁၅၊ ဇွန်လ ၂၀၀၇

ရိုးရိုးအေးအေးဒီနေ့ကလေး

ဒီနေ့ကလေးဟာ ချယ်လိုတယောကြီး
ဒီနေ့ကလေးဟာ တရုတ်လိုတယောကြီးပညာရှင်
ဒီနေ့ကလေးဟာ ယိုယိုမားရဲ ချယ်လိုတယောကြီး
လို သူ့အသံနဲ့သူ တံတျာတေးသီချင်း
နေပုံရတယ် အဲဒီရှေ့ဟောင်းပိုးလမ်းမကြီးမှာ
မွန်ဂိုတွေ၊ တာတာတွေရဲ့ ရန်ကင်းပါစ
(ကင်းပါစေ)ဒီနေ့ကလေးဟာ ရသသစ်
ရသစုံ၊ ရသထူးတွေ နည်းနည်းစီဖြစ်ဖြစ်
မြည်းကြည့်စမ်းကြည့်ချင်ပုံပါပဲ ဒီနေ့ကလေးဟာ
သတင်းတွေပေးပို့၊ ဗဟုသုတတွေဖြန့်ဝေချင်ပေမယ့်
သဘောထားကတော့ ကဗျာပါပဲတဲ့
ဘယ်အခြေအနေရောက်ရောက်
ကဗျာပါပဲတဲ့ နယ်နိမိတ်တွေကို ဖြတ်ကျော်တံတားထိုး
ဒီနည်းနဲ့ပဲ ပျံသန်းသူ ဒဲဒလပ်စ်ဟာ
နေလုံးကို ရင်ထဲပိုက် သမုဒ္ဒရာထဲ ခုန်ဆင်းသွားတာပေါ့

‘ခရစ်ယာန် လူ့အသိုင်းအ၀ိုင်းမှာ
ကဗျာဆရာတိုင်းဟာ ဂျူးတွေပဲ’
-မာရီယာ ဆဗက်တာရဲဗား
သူဟာ အဲသလို ဂျူးတစ်ယောက်ပါပဲတဲ့
ဒီနေ့ကလေးဟာ သူ့ကိုယ့်သူ
ဆဗက်တာရဲဗားရဲ့ ဂျူးတစ်ယောက်လိုပြောလာတယ်
ဆိုဗီယက်လက်အောက်မှာ အသက်ပျောက်ရရှာတဲ့
ဆဗက်တာရဲဗားရဲ့ ဒီနေ့ကလေးပေါ့
‘ကျွန်တော့်လက်နဲ့ ကျွန်တော် ဘယ်ဂျူးတစ်ယောက်မှ မသတ်ခဲ့ပါဘူး
ကျွန်တော်ဟာ သြရှဝစ်ဇ် ဂျူးသုတ်သင်ရေးစခန်းရဲ့ အုပ်ချုပ်ရေးမှူးသာ ဖြစ်ပါတယ်။
ကျွန်တော့်တာဝန်ကိုတော့ ကျွန်တော်ကျေကျေပွန်ပွန် ထမ်းဆောင် ရမှာပဲပေါ့’
-ရူးဒေါ့လ်ဖ် ဟွက်စ်(ကွပ်မျက်ပြီး)
ဟွက်စ်ရဲ့‘တာဝန်’ကို သမိုင်းက မမေ့သလို
သူ့တာဝန်လည်း သူမမေ့ပါဘူးတဲ့
လွန်ခဲ့တဲ့ နှစ်၂၀၀၀ က တရုတ်ပြည်ကြီးဟာ
ပွင့်လင်းတဲ့လူ့အဖွဲ့အစည်း
ကုန်ပစ္စည်းတွေ အယူအဆဗေဒတွေ
တစ်ရာ့တစ်ပါးသောလူမျိုးတွေ လွတ်လပ်စွာ
ကူးလူးဆက်ဆံနေထိုင်တည်ဆောက်ခဲ့ကြတုန်းက
ဒီနေ့ကလေးဟာ သူလည်းပါရှိခဲ့ပါတယ်တဲ့
အဲဒီတုန်းက ကမ္ဘာကြီးရဲ့ အရောင်အသွေးတွေနဲ့
သူလည်းထွန်းလင်းရဲ တောက်ပဆဲပါပဲတဲ့

‘စွန့်ပစ်လိုက်တာမဟုတ်ရင် မျက်ကွယ်ပြုလိုက်တဲ့
အရေးမပါ အသေးအမွှားတွေဟာလည်း
မသိလိုက် မသိဖာသာ ဘ၀ကို ထွန်းလင်းပေးခဲ့တာပါပဲ’

ဒီနေ့ကလေးဟာ အဲသလိုလည်း ဆိုပြန်တယ်
သူနှစ်သက်တာက ‘လှပတဲ့ အကွပ်မဲ့မှု’တဲ့
သူ့အသံ၊ သူ့ဌာန်၊ သူ့မာန်မှာ ဒင်တောင့်တောင့်တွေမပါဘူးတဲ့
မယုံရင် အလုံသီရိမင်္ဂလာဈေးမှာ သွားကြည့်ပါတဲ့
အဲဒီမှာလည်း စကြ၀ဠာတစ်ခု၊ ကြယ်တာရာစုတစ်ခု
ဘယ်သူ့ငြင်းပယ်ချက်ကြောင့် မရှိရမှာလဲတဲ့
ရွေးချယ်စရာမရှိဘူးဆိုတဲ့ စကားကို ခြင်းကြားထဲက
မမှည့်သေးတဲ့ သဘောင်္သီးစမ်းတွေတောင် မယုံဘူးတဲ့
သူတို့မှာ ဖြတ်ကူးစရာ ပင်လယ်သစ်တွေရှိသေးတယ်တဲ့
ဒီနေ့ကလေးပေါ့ ရိုးရိုးအေးအေး ဒီနေ့ကလေးပေါ့
‘လူတစ်ယောက်အကြည့်ဟာ ဘယ်လောက်မြင့်တယ်
အသိဟာ ဘယ်အရပ်ရှိတယ်
ပုံစံခွက်ပြင်ပကနေ ပုံစံခွက်ကို အနီးအဝေး ဘယ်လောက်ပြေးတယ်
ပုံစံခွက်အတွေးအခေါ်ထဲက ဘယ်ပုံဘယ်နည်းထွက်တယ်ါ်
အဲဒါ သူ့နှလုံးသားရဲ့ သွေးပေါင်ချိန်ပါပဲတဲ့

အဲဒါ ဒီနေ့ကလေးရဲ့ သွေးပေါင်ချိန်ပါပဲတဲံ
ကိုချောရဲ့ သွေးပေါင်ချိန်ဟာလည်း သူပါပဲတဲ့
ဒီနေ့ကလေးဟာလည်း ခင်ဗျားကိုလည်း ကိုချောပါပဲတဲ့
အဲဒါဒီနေ့ကလေးရဲ့ ဒီနေ့ကလေးအကြောင်းကဗျာပါပဲတဲ့

ခင်ဗျားရဲ့ နှလုံးသားထဲမှာ သူအမြဲရှိပါတယ်တဲ့
ခင်ဗျားသွေးထဲလည်ပတ်ခုတ်မောင်းနေတာ သူပဲပေါ့
မိမိရရ ဒီနေ့ကလေးပဲပေါ့။ ။

၂၂၊ ဇွန်လ ၂၀၀၇

၂၀၀၇ ပရူးဖရောက့်ရဲ့ အချစ်တေး

‘သိမ်းပိုက်ပါ ဆွတ်ငင်ပါ
ရှင်ကိုယ်တိုင်ပဲ ကျွန်မကို
ရှင့်ထံ လူကုန်ကူးလိုက်ပါ’
ဒီစကားဟာ ငါ့သွေးသားထဲ
မလိုင်တွေ ဝေ့တက်လာခဲ့တယ်။
အဲဒီတော့ကာ အီရတ်မှာ
ငါ ဘယ်ဘက်က တိုက်ပေးရမလဲ မလင်းပြာ။
ကိုးကား (၁) T.S Eliot ရဲ့ “The Love Song of J. Alfred Prufrock”
ကိုးကား (၂) မောင်သိင်္ဂါရဲ့ ‘မလင်းပြာ’။ ။
၂၆၊ ဇွန်လ ၂၀၀၇

ချုပ်နည်းပျက်နည်းဥပမာများ

ဥပမာခေတ်ပေါ်ကာလဟာ တန်ဖိုးနည်းသမိုင်းဖြစ်သွားပြီ
ဥပမာ၊ဘ၀ဟာ နံရံတွေမရှိတဲ့ ဇာတ်အိမ်အကြောင်းထိုးဇာတ်ပဲ
ဥပမာ၊ တစ်စုတစ်ဝေး မပေါင်းစပ်ချင်တော့ဘူးတဲ့၊ အဲဒါ ‘ကိစ္စ’
ဥပမာ၊ ဒါကိုလည်း သင့်အလိုကျ‘ဇက်ပ်’လိုက်ပါ
ဥပမာ၊ သင့်ခန္ဓာကိုယ်နဲ့သင် အနီးကပ်ဆက်ဆံပြီးပြီလား
ဥပမာ၊ခင်ဗျားရဲ့နာမည်ဟာ အယူဝါဒတစ်ခုခုနဲ့ပေါင်းထားတာဖြစ်တယ်
ဥပမာ၊ခင်ဗျားရဲဖွဲ့စည်းမှုထဲမှာ
ခင်ဗျားကိုယ်ပိုင်သွေးနီဥဘယ်နှခုကန့်သတ်ထားလဲ
ဥပမာ၊post – ခင်ဗျားဟာ ဘယ်တံတား(၀ါ)ဘယ်စကားရဲ့ သဒ္ဒါလဲ
ဥပမာ၊ စစ်တက္ကနိုဟာ အမှောင်ထဲမြင်ဖို့၊ စစ်တက္ကနိုဟာ မသိစိတ်ထဲဝင်ဖို့
ဥပမာ၊စစ်ကိုယ်တိုင်ဟာ ငြိမ်းချမ်းရေးရဲ့မသိစိတ်
ဥပမာ၊ဒါတွေဟာ ကျွန်တော့်ရင်တ၀ိုက်ကလာတာပါ
ဥပမာ၊ဗဟိုချက်အယူအဆကို စဖျက်တာ ရသပဲ
ဥပမာ၊‘အမှန်တရား’လမ်းကိုသတိနဲ့နင်းပါ၊သင့်ခြေဖ၀ါးအောက်မှာ
မပေါက်ကွဲသေးတဲ့ဗုံးတွေ
ဥပမာ၊ ‘သမိုင်းဟာငါ့ကိုခွင့်လွှတ်မှာပါ’တဲ့၊ ငါဟာ သမိုင်းကိုခွင့်မလွှတ်ဘူး
ဥပမာ၊အငြင်းပွားဖွယ်ရာ အဆောက်အအုံတွေရဲ့ဗိသုကာဆိုင်ရာအဓိပ္ပာယ်
ဥပမာ၊ယနေ့ထိ မေးခွန်းမထုတ်ရသေးတဲ့လှေနံဓားထစ်သဘော(တရား?)
ဥပမာ၊ယနေ့ယနေ့ချင်းတိုက်မိလို့
ယနေ့တစ်ခုဟာယနေ့တစ်ခုချိုင့်သွားတယ်(ဖြောင့်လိုက်ပါ)
(ဒါမှမဟုတ်၊ ဖြောင့်ချက်ပေးလိုက်ပါ)
ဥပမာ၊ဒါဟာ ဘာလည်ဆည်မှုရဲ့ အလီဘိုင်လဲ
ဥပမာ၊မြင်ရခြင်းနဲ့မမြင်ရခြင်းကြားမှာ
ခင်ဗျားစိတ်မျက်စိပွတ်နေတယ်(မီးပွင့်တဲ့အထိပွတ်)
ဥပမာ၊ခင်ဗျားဟာ
အခုမရှိတော့ပါ၊ ခင်ဗျားလို့ထင်ရတဲ့အရာသာရေးရေးကျန်ခဲ့တယ်(ရေးရေး)
ဥပမာ၊စကတည်းကမရှိခဲ့တာကိုရှိယောင်ထင်ဆဲလွမ်း
ဥပမာ၊၀ါကျတစ်ကြောင်းဟာ ၀ါကျတစ်ကြောင်းကိုဖော်ကောင်လုပ်လိုက်တယ်
ဥပမာ၊၀န်ထုတ်ဝန်ပိုး အပျက်ဖြစ်အ ကြွေ့တုံစံခါးမှုကြုံလှီမှု
ဥပမာ၊သံဇကာကွက်ပေါ်မှာ အချိန်၊နေရာ၊နဲ့ ခံစားမှုသဲပိရမစ်၊ Helloတဖြေးဖြေး
ဥပမာ၊ခင်ဗျားလက်ထဲမှာ လတ်ဆတ်တဲ့ဖြစ်နိုင်ခွင့်တွေ၊ပေါင်ပေါ်မှာ အမွေးသပ်
ပေးလို့ရတဲ့ကောင်းကင်နွေးနွေးခွေအိပ်လေး
ဥပမာ၊ဆန္ဒများကူးသန်းသွားလာမှုကိုဘယ်ပွိုင်ကပိတ်ဆို့ထားလဲ
ဥပမာ၊ ထင်ဟပ်မှုနဲ့ပြန်လည်ဖော်ပြမှုကြားမှာ ခင်ဗျားရဲ့ပေါက်ကွဲလွင့်စင်မှု
အစအနများစွာသွေးရူးသွေးတမ်းပြေးကပ်နေကြတယ်
ဥပမာ၊‘စာသား’ဆိုတဲ့အသုံးအနှုန်းဟာ ကမ္ဘာကြီးကိုပြောတာဖြစ်တယ်
ဥပမာ၊ သူတို့နားမလည်တဲ့အရာဟာ
သူတို့အတွက်စံပြအန္တရာယ်မှတ်ကျောက်(ဥပမာ)
ဥပမာ၊ငါတို့ဟာဆန္ဒရဲ့စက်ပစ္စည်းတွေ၊ချောစီလိုတယ်၊စွမ်းအင်လိုတယ်၊လည်ပတ်မှုလိုတယ်
ဥပမာ၊အမ္ဗီဂွီတီ(Ambiguity)မလိုချင်ဘူး၊ ဟုတ်စ၊ ဘ၀နဲ့စကား
နည်းနည်းပြောလိုက်ဦး။အဘိဓာန်လည်းလှန်ကြည့်ဦး
ဥပမာ၊ဒီထဲမှာ နိမိတ်ပုံမပါဘူးလား၊ အလင်္ကာမပါဘူးလား၊ကဗျာမပါဘူးလား။
‘ဘာတွေလာပြောနေတာလဲ!’
ဥပမာ၊“ဇာတ်လမ်းဆင်ပြောခြင်းရဲ့မစင်စွန့်ရာထဲ ဓားသေးသေးလေး
တစ်ချောင်းထိုးထည့်လိုက်ချင်တာပါ”
-အမေရိကန်ဝတ္ထုရေးဆရာမ
Kathy Acker(1948-1997)
ဥပမာ၊ဒါဟာလည်းခင်ဗျားရဲ့အတွင်းအင်္ဂါများလည်ပတ်မှုစနစ်ပြကားချပ်တစ်ဖွဲ့နီးပါးပါပဲ
ဥပမာ၊လူတစ်ယောက်ဟာ မသေသေးဘဲဆုံးလို့ရလား။ ။
၁၊ ဇူလိုင်လ ၂၀၀၇

မှတ်ချက်။ ။ (၁)‘ဇက်ပ်’လုပ်ခြင်း=Zapping။ TV ချယ်နယ်တစ်ခုနဲ့တစ်ခုကို remote control နှိပ်ပြီးအဆက်မပြတ်ပြောင်းကြည့်ခြင်း။ ချယ်နယ်တစ်ခုမှ ပြနေတဲ့အကြောင်းအရာရဲ့ဆင်ထားပုံကို ဖြတ်ပြီး အခြားချယ်နယ်တစ်ခုမှာ ပြသနေတဲ့ အကြောင်းအရာ အပိုင်းအပြတ်နဲ့ ဆက်စပ်ယူခြင်း။ ချယ်နယ်တစ်ခုမှာ ပြနေတဲ့ အကြောင်းအရာရဲ့ မဟာဇာတ်လမ်းကြီးကို ကြည့်သူက ခါးဖြတ်လိုက်ခြင်း။
(၂)(ကို)သည်မော်နိုင်ကို မနက်ဖြန်အထိ ကျေးဇူးတင်ရှိခြင်း။

တဆင့်ပြန်လည်ဖော်ပြမှုသီအိုရီ

……………………………………………

(သို့မဟုတ်) ဒါတကယ်ပြောနေတာလား

မိုးထဲလည်းနင်းရတဲ့ဆိုက္ကားတစ်စီးပေါ်မှာ
သုံးစွဲပြီးသမျှဘ၀တစ်ခုလုံး ငုတ်တုတ်ကြီးပါသွားတယ်
အိမ်ပြန်စရာကားခ မရှိသူချင်းအတူတူ
ပြန်စရာအိမ်ရှိသူနဲ့ မရှိသူကြားမှာ ဘာလမ်းခြားသလဲ
အဲဒါကိုမှန်ကန်တဲ့ဝါကျဖွဲ့ထုံးနဲ့ရှင်းပြပါ
တုတ်ကွေးဖြစ်လို့ မင်းတစ်ကိုယ်လုံး အလုံးစုံကိုက်ခဲ
ငါ့ကိုယ်တစ်ခြမ်းဟာ မင်းခန္ဓာနဲ့ပူခြစ်တောက်လို့
အချစ်ဆိုတာဘာညာလိုက ငါမပြောပြတတ်ဘူး
မျှောမှန်းထားတာထက် ပိုရင်ပို၊ မပိုရင်လျော့
အဲဒီအပေါ်မှာ ငါတို့ခံစားချက်ပဒေသာတွေ၊ အာရုံခံစားမှုတွေ
ငါတို့ဆီကလာတာလား အိုဆက်စပ်ပတ်ဝန်းကျင်ရယ်
မိုးကတော့ရွာရမှာပဲပေါ့
ရွာကသာ မြို့ဖြစ် မဖြစ်မသေချာဘူး၊ အမိန့်စာတွေ
ဟိုဘက်အိမ်က ကလေးလေးငိုသံကြားနေရတယ်
ကြာပြီ၊ လူကြီးတစ်ယောက်မှ မရှိဘူးထင်တယ်
တစ်နေ့က မြို့ထဲက သုံးလောင်းပြိုင်လူသတ်မှု
ငါဘာလုပ်ရမလဲ၊ ရဲစခန်းတိုင်ရမလား
မေတ္တာသုတ် ရွတ်ရမလား
ဝါကျတစ်ကြောင်းပေါ်ကနေ ကြွေကြသွားခဲ့တယ်
ရောင်းကုန်ပစ္စည်းသစ်အတွက် ကြော်ငြာစားသားသစ်
ယီးလေးလေး ယီးလေးယို တေးသီချင်းလေးဆို
အမေ့ကိုသတိရတယ် အဖေ့ကိုဒေါသပဲမှတ်မိတယ်
တက်ဒ်ဟရူးစ်ရဲ့အိမ်ဟာ တစ်ညလုံး
ပင်လယ်ထဲ ရောက်နေခဲ့တယ်
ဟိုဘက်အိမ်က ကလေးလေးဟာ အိမ်ထဲမှာပဲ
မိုးထဲရောက်နေတယ်
မကြာခင်မီးပျက်တော့မယ်
မျက်ရည်ကို လူသုံးကုန်ပစ္စည်းလို ရောင်းလို့မရဘူးလား
တစ်နေ့ရာမှာ အောင်ပွဲတွေချိမ့်ချိမ့်ညံဆိုပဲ
ဒါဟာ ငါ့အကြောင်းမဟုတ်ဘဲ
ငါဘာဖြစ်လို့ မျက်ရည်ကျနေရတာလဲ။ ။

၁၄၊ ဇူလိုင်လ ၂၀၀၇

ဖားများ

စားဖားတွေကိုအရေခွံချွတ်လိုက်ရင် ဖြူဖွေးပျော့အိနေတာပဲ
အရိုးပါကျွတ်ကျွတ်ဝါးလို့ရတယ်။ ခွဲစိပ်ဘုတ်ပြားပေါ်မှာ
မေ့ဆေးပေးထားတဲ့ဖား ပက်လက်လန်လို့
ဗိုက်သားရွှဲရွှဲလေးပေါ်မှာ ဓားပါးပါးလေးရဲ့
ရှက်ရွံ့သလိုအမူအယာ
နောက်ကလိုက်လာတဲ့သံန္နိဋ္ဌာန်နဲ့
ခွဲရာမှာ သွေးရောင်စို့လာပြီး စီးကြောင်းလေးဖြစ်သွားတယ်
အဲဒီတဒိတ်ဒိတ်ခုနေတဲ့နှလုံးကို လက်ဝယ်ရရှိဖို့
ပါးမှပွတ်သပ်ဖို့၊ ကြင်နာယုယဖို့၊ ချစ်ဖို့
ဒီလောက်နှစ်တွေကြာခဲ့ပြီလည်း အဲဒီသွေးစေပြစ်ဟာ
သွေးသားဖားလျားထဲမှာ ဘ၀တစ်ခုခုရဲ့အစ
ပြီးဘ၀တွေရေပြင်ကျယ်မှာ ဖားကူးကူးသွားလိုက်ကြတာ
လိုက်မမီတော့အောင် ကူးပြောင်းသွားတာကိုပဲ အလိုက်သင့်
လက်ခံရင်း လည်မြိုမှာတစ်ဆို့သွားသလို တံတွေးမြိုချရတဲ့
ဖားလောင်းသေးသေးလေးလှုပ်ခါရိုက်ခတ်မှု လှိုက်ခါရုတ်ခတ်မှု
ဒီဘာသာစကားတစ်မျိုးထဲမှာ ငါတို့ပိတ်မိနေခဲ့ကြနေဆဲ
သူ့သဒ္ဒါမှာ ငါတို့ရဲ့အကြည့်၊ အထိ၊ အသိနဲ့မသိတွေပွားများ
တစ်ယောက်နှလုံးခုန်သံရွှဲနစ်ကို တစ်ယောက်နားထောင်ရင်းဖားဖိုထဲမှာ
လက်ဖ၀ါးချင်းဆုပ်လို့ တစ်ယောက်မျက်လုံးထဲ
တစ်ယောက်မကြည့်ဘဲ မိုးခေါ်နေတဲ့ဖားသံတွေညံစီလို့
ဖားအော်ရင် မိုးရွာမယ်လို့ငါတို့ငယ်ကတည်းကကြားခဲ့ရ
အခုကြီးကောင်ကြီးတွေဖြစ်လာတဲ့အထိ ငါတို့ဖားဥစွဲ
မီးအုပ်ဆောင်းနဲ့ဝါးရင်းတုတ်တွေကြား တနံတလျားအော်ဆဲ
ဒါပေမယ့် သူထွန့်ထွန့်လူးနေတာကို သွေးထဲခေါ်ဆဲပျော်ဆဲ
ဟုန်းထဆဲ အဲဒီတစ်ကိုယ်လုံးပျော့ခွေကျေနပ်ကြည်နှုးမှုထဲမှာလည်း
ကြီးမားလိုက်တာ အဖြစ်အပျက်လေးဟာ
ဟိုးမြေအောက်တွင်းနက်ကြီးတွေထဲက
ရှေ့ဟောင်းဖားတွေ ကျားကွက်လိုဖားကွက်ချ
ငါတို့ပေါ်တဖွဲဖွဲ ငါတို့ထဲတဖွဖွ ငါတို့တဟဟအော်နေလိုက်ကြတာ
မိုးရဲ့သံစုံတီးဝိုင်းလား မိုးရဲ့သဘာဝဂီတလား
မိုးအပျိုဖားဖား………….။ ။
၁၈၊ ဇူလိုင်လ ၂၀၀၇

စက်ချွတ်ယွင်း၍၊ သူတော်စင် စိန့်၊ ဆူဒန်

နဂိုရှိပြီးသား အကြီးစားလက်ကျန်များ။ ဒေသခံတွင်းမျှမျှတတ။
အပြိုင်အဆိုင်တပ်ဆင်ခြင်းခင်ဗျား၊ ကျွနုပ်အား ပဋိပက္ခငြိမ်းချမ်းရေးအတွက်
အသုံးပြုတော်မူပါ။ နှလုံးသားနဲ့ အသည်းကို ပြာဖြစ်သွားစေတဲ့အထိ
‘သေ’နတ်ရဲ့ အမှုတော်ကို။ မုန်းတီးခြင်းကို ‘သန့်စင်ခြင်း’ဖြင့်သော်လည်းကောင်း
သောက်ရေသန့်ရရှိရေးမှာ ၀မ်းရောဂါ၊ ငှက်ဖျားရောဂါ၊ အသည်းရောင်အသားဝါ
သူ့ဘာသာသူ ဘယ်တော့မှပြန်ပျောက်ကင်းနိုင်မှာမဟုတ်တဲ့ ဂေဟာစနစ်ပျက်
ယွင်းမှု
ယုံမှားသံသယဖြစ်ခြင်းကို မြေမြှုပ်ဗုံးများ၊ သိုးများ၊ နက်ရှိုင်းအက်ကြောင်းများ
စိတ်ပျက်အားငယ်ခြင်းလို မြစ်မဲကြီးထဲစီးဝင်သော ချောင်းလက်တက်များ
နာလန်မထူနိုင်တော့အောင် တစ်ချက်တည်းမျှော်လင့်ခြင်းဖြင့်လည်းကောင်း
အစွန်းရောက်တို့ရဲ့ ထောက်ခံမှုရရှိတဲ့ ၀မ်းမြောက်ရွှင်လန်းခြင်းဒုံးကျည်များ

တုန့်ပြန်နိုင်ရန် ‘သူပုန်ခေါင်းဆောင်နှင့်တွင်တွေ့ဆုံ’သူတပါးက ကျွန်ုပ်အပေါ်၌
ကမ္ဘာငယ်များ ကမ္ဘာသိမ် ကမ္ဘာမွှားများ လူမျိုးများ အုပ်ချုပ်ရေးမှူးများ သူတစ်ပါး
လုပ်ငန်းဆောင်ရွက်မှုမှာ တိကျတာချင်းအတူတူ ‘မျိုးတုံးတဲ့ထိ’ မျိုးဗီဇများ
လမ်းတစ်ပွင့်၊ တံတားတစ်ခုပြန်ရရှိ၊ ရွာများမီးထဲ၊ ဒုက္ခသည်စာရင်းအင်း
အပန်းဖြေနားခိုရာနေရာမှ သဘာဝအလှ၊ ဒေသခံတို့ရဲ့ ဖော်ရွေသောအပြုံး
လူသားတွေပြုလုပ်သမျှဟာ ယဉ်ကျေးမှုပဲ စစ်သုံးစရိတ်တစ်နေ့ဖိုက်မီလျံဒေါ်လာ
သိတတ်နားလည်ရန်ရှာဖွေခြင်းထက် လက်နက်ပုန်းများရှာဖွေရေး အိမ်တက်မင်္ဂလာ
အကြောင်းမူကား ပေးကမ်းခြင်းဖြင့်သာလျှင် အရွယ်ရောက်ရွာသားတိုင်း
လက်နက်ကိုင်
မြစ်ချောင်းအင်းအိုင်တွေ အဆိပ်ခပ်၊ ဂျီဟဒ်တစ်မျိုး၊ အလင်းဖြင့်လည်းကောင်း
အရှင်သူတော်စင် စိန့်၊ ကျွန်ုပ်အား (‘ဒိုင်း’၊ ‘အုံး’၊‘ ရွှီး’)ကူညီတော်မူပါ(‘အား’)
စစ်တစ်လှမ်းက ကိုယ်ဝန်ဆောင်မိန်းမငယ် တစ်မိနစ်အတွင်းမှာ ဇရာထောင်းသွား
အို….ဆန်းကြယ်လှပါတကား အရှင်သူမြတ်ရဲ့ တန်ခိုးတော်၊ ပြီး မီးခိုးငွေ့ဖြစ်သွား
တပည့်တော်ဟာ အမျိုးမျိုးအဖုံဖုံ ရှင်သန်ရ ငါ့မှာ ဘ၀အမျိုးမျိုးအလိုမတူကြုံရ
မျက်နှာဖုံးတွေ စွပ်မနေပါနဲ့တော့ ငြိမ်းချမ်းသော ကျွန်စနစ်ပြန်ထွန်းကားရေး
‘လူမည်းကျွန်တွေထဲက တောက်တိုမယ်ရကလေးမတစ်ယောက် ငါ့ကိုပေး’
‘လူမနေတော့တဲ့ မီးလောင်မြေတွေ ငါ့ကိုပေး’ သနားတော်မူပါ ခွန်အားကျေးဇူး
‘တစ်မြို့လုံးပြာကျဖို့ ၆ရက် ၆ ည ကြာခဲ့တယ် ။လူသေကောင်တွေရဲ့ ညှော်နံ’
ကျွန်တော့်မိန်းမဖမ်းသွားတယ်၊ ကျွန်တော့်သမီးတွေဖမ်းသွားတယ်’ ကျွန်တော်မျိုး
ကြိုးစားခြင်းကိုလည်းကောင်း ကျွန်ုပ်တို့ ရရှိကြပြီး
သေဆုံးခြင်းဖြင့်သာလျှင် လူသေတွေကို မြှုပ်နှံပြီး ရွာပျက်ကိုပြင်ဆောက်
အဆိပ်ခတ်ထားတဲ့မြစ်မှာ ငါးဖမ်းဖို့ ငါးမျှားချိတ်များစေတနာဖြင့်လှူဒါန်း
‘သရက်ပင်ရော မြက်ပင်ပါခုတ်သွားတယ်ဗျာ’ထာဝရအသက်သို့

‘သောက်ရေအိုးတွေလည်း အကုန်ခွဲသွားတယ်’ မိုးလည်းခေါင်သွားတယ်
ရှာရှာဖွေဖွေ ကျက်ကျက်ဆူရေသန့်ပြုတ်အိုးကြီးထဲမှာ
လူသားမျက်လုံးတစ်လုံး ပကတိကြည်လင်စွာ မွေးဖွားခြင်းခံရ
ဤဘ၀ဤမျှသာ နောက်ဘယ်ဘ၀မျိုးမှာမှ မမွေးဖွားလိုတော့ပါ
မြင်းတွေ၊ ကုလားအုပ်တွေ၊ မြည်းတွေနဲ့ မဟုတ်ရင် ခြေလျင်
တိုယိုတာပစ်ကပ်တွေနဲ့ ဖုန်လုံးကြီးထဲမှာ
စက်သေနတ်တွေ ‘နှစ်သိမ့်အားပေးခြင်း’ နေရောင်ထဲ တ၀င်းဝင်း
ဘာလို့ အသက်ရှင်လို့ ရှင်နေမှန်းမသိဘူး ဆုတောင်းခြင်းရည်ရွယ်ချက်မှာ
အရှင် သူတော်စင် စိန့်ခများလည်း ကျည်ဇကာပေါက်တွေနဲ့။ ။

၁၈ ဇူလိုင်လ ၂၀၀၇

ဖြစ်လာနေခြင်း(မီးပူတိုက်ဦးနှောက်အမှေးပါးရဲ့ ဆည်းဆာ)

ကိုယ့်ကိုကို ဘယ်လိုပြန်မြင်လဲ
ကိုယ့်ကိုယ်ကို ဘယ်လိုတစ်ဆင့် ဖော်ပြ/ယူသလဲ
ဆော့ဖ်ဝဲဒီဇိုင်းမှာ ‘မိမိအတ္တကင်းလွတ်ရပ်ဝန်း’ဆိုတာ ရှတယ်
‘မိမိအတ္တကင်းလွတ်ရပ်ဝန်း’ဆိုတာ လူမရှိတဲ့ အခန်းလွတ်ပေါ့
ခင်ဗျားမရှိလည်း ကမ္ဘာကြီးဆက်ရှိနေမယ်ဆိုတာ မမေ့နဲ့
ကမ္ဘာကြီးဟာ ခင်ဗျားဦးနှောက်/နှလုံးသားကို စောင့်ခေါ်နေမှာမဟုတ်ဘူး
ကမ္ဘာကြီးဟာ ခင်ဗျားဦးနှောက်/နှလုံးသားထက် ပိုကျယ်ဝန်းနက်ရှိုင်းတယ်
သိမှုကို ငြင်းပယ်လိုက်တာနဲ့ ချုံခိုအလစ်ဝင်တိုက်ခံရတာ ဆန်းသလား
ဘာသာစကား(နဲ့/ရဲ့)အကြမ်းဖက်မှု
ခင်ဗျားနာလည်ထားသမျှ ဘာသာစကားထဲ
မရောက်ရှိသေးတဲ့အရာတွေ အများကြီးပဲ
ဥပမာ၊ ‘ပလာ့စမာ’(ဥပမာကိုယ်တိုင်ဟာ ပလာ့စမာ)
အပိုင်းကြီး ၂၇ပိုင်းနဲ့အပိုင်းငယ်၁၂ ပိုင်း မီးခိုးရောင်သံဇကာကွက်
ဆက်သွားရင် လူမနေလို့ ယိုယွင်းနေတဲ့ အဆောက်အအုံတစ်ခု
မီးမရှိတဲ့ညရထားနဲ့ မီးမလာတဲ့ရပ်ကွက်ဆီ မီးပေါင်းစုံနဲ့ပြန်ရ
တံတားဟာ မဖြောင့်ဘဲ တွန့်လိမ်ကောက်ကွေးနေတာမှ ခင်ဗျာကျောအတိုင်းပဲ
‘ဖြစ်သင့်တာကတော့’ဟာ တကယ်ဖြစ်နေတာထဲမှာ လမ်းပျောက်
အချိုးအစားပြေပြစ်မှုရဲ့ တုန်ယင်အက်ကွဲတွေ၊ တောက်လျှောက်
သူတစ်ယောက်ထဲနှစ်ခြမ်းကွဲ(အပြောင်းအလဲ)(ဥပဒေနှင့်ညီမညီ တိုက်စစ်ရန်)
ကြက်ခြေခတ်ဖြစ်သွား၊ ဆက်စပ်ဝန်းကျင်သစ်ပြုလုပ်၊
အစုအပြုံတစ်ခု(အစုအဝေးတစ်ခု)ပြွတ်သိပ်ထူထဲလာတယ်
ထပ်ကျော့စကားလုံးတွေ၊ အာမေမဋိတ်တော့တာတွေ၊ ကန့်သတ်အဓိပ္ပာယ်နဲ့
သတ်မှတ်ခွင့်ပြုချက်ထက် ပိုလွန်ယုကျယိုစီးနေတာတွေလား
ခေါင်းစဉ်ငယ်တစ်ခုမှာ ‘ကုထုံး’လို့ ထင်ရတဲ့ပုံနှိပ်ပျက်
ခင်ဗျားကိုခင်ဗျား ဘယ်လို(ပြန်)မြင်သလဲ
အမြင်အာရုံပြောင်းလဲမှုများနဲ့ ပြောင်းလဲ(ခြင်းကို)နားလည်မှု
နှစ်ပင်လိမ်၊သုံးပင်လိမ်၊ လေးပင်လိမ် လိမ်ယှက်(လိင်ယှက်)အနေအထား
(သိမှုအသစ်နှင့် မကိုက်ညီတော့သော အယူအဆများကို ကုသပေးမည်မဟုတ်ပါ)
စနစ်တကျပြဌာန်း(ခံရ)မှုစနစ်ရဲ့ အခြေခံမူများမှားယွင်းကြောင်းသက်သေ
အပေါ်ထပ်အဆောက်အအုံမှာ ‘မရေရာမှု’
ပုံနှိပ်မှတ်တမ်းဝင်နှောင့်ယှက်နေတဲ့အကြောင်းအရာတွေ
ပုံသေမဟုတ်တဲ့ လမ်းဆုံလမ်းခွလမ်းခွဲများ
ကွဲပြားခြားနားတဲ့လိုင်းတွေမှာ တိုက်ဆိုင်မှုသက်သက်အချက်ပြချက်များ
ခင်ဗျားနာမည်ဘယ်သူ
ဘယ်လိုစုစည်းရ/ ဘာကြောင့်စုစည်းချင်(စုစည်းခြင်း=သိမ်းသွင်းခြင်း)
ခင်ဗျားဘာကိုဆိုလိုတာလဲ၊ ကျွန်တော့်စကားနဲ့ ပြေပြပါ
စကြ၀ဠာဆိုတာ သင့်သွေးခုန်နှုန်းဟုတ်ချင်မှ ဟုတ်မှာကို ရှင်းပြပါ
အားလပ်ချိန်မှာ ဘာလုပ်သလဲ အလုပ်မလုပ်ချိန်မှာ အားပါတယ်
(အားမပါတဲ့လေသံလေးနဲ့)
စကားလုံးများဝယ်ယူစားသုံးမှု
ထုပ်ပိုးထားသောအဓိပ္ပာယ်များရောင်းရန်ရှိသည်၊စုံစမ်းပါ
ဘယ်လိုဝေဖန်ရေးမျိုးနဲ့ လည်မျိုကနေ ညှစ်ရမလဲ
နေရဲ့ပါးစပ်မှာလည်း အမြှုပ်တွေထွက်လို့၊ သွက်ချာပါဒလိုက်လို့
ကမ္ဘာကြီးဆိုတာ ကိုယ့်အမြင်ရဲ့လေးထောင့်ကွက်အကျယ်အ၀န်းပဲ
အကြောတွေဆိုင်းဖို့ စောပါသေးတယ်စောစောရယ်
သူဟာ ပျဉ်းမနားမှာ ဖတ်ရင်ဖတ်မယ်၊ သန်ဖက်ခါမှာ ဖတ်ရင်ဖတ်မယ်
ပူပူနွေးနွေးလက်ရာတွေ သူသယ်လာပေါ့
စိတ်ညစ်တာဟာလည်း စိတ်ညွှတ်တာပဲမဟုတ်လား
ဖတ်ရဲဖတ်ကြည့်/ရဲဖတ်ကြည့်ဖတ်
မဟုတ်ဘူးဆိုတာ ဟုတ်တယ်ဆိုတာမျိုးပေါ့
သော့ချက်ရဲ့အမည်တစ်ခုဟာ ထုံးလုပ်နည်းလုပ်
ထမင်းစားပြီးပြီလား ရှုးပေါက်ပြီးပြီလား ဘယ်ထုံးနဲ့ ဘယ်နည်းလဲ
အာရုံရဲ့ညွှတ်အားမျှတမှု ပထ၀ီ တေဇော အာပေါ ၀ါယော သမ္ပဇဉ်
လေးနက်တဲ့အစိုင်အခဲမလိုချင်ဘူး ဟုတ်စ
အလေးအတွက် နက်နက်တူးရတယ် ရေမရှိတဲ့အရပ်မှာ အထူးသဖြင့်
စကားသံရဲ့ အတွင်းလွှာမှာ မြုပ်နေတဲ့ ဇာတ်လမ်းတွဲသစ်တွေ(ခင်ဗျား/တွေ)
အနာဂတ်ဆီ မိမိကိုယ်မိမိ မဲဇာပို့ခြင်းများ
လွတ်လပ်စွာဆက်စပ်ယူရမှုအနုပညာ(နို့၊ နေပါဦး၊ ‘အနုပညာ’ဆိုတာဘာလဲ)
ခင်ဗျားနှလုံးသားနဲ့နီးလွန်းတဲ့အရာပေါ့
‘သေး၊ ဝေး၊ နီး၊ မြန်ရင်မမြင်ရဘူး‘(ဆီးဘန်းဆရာတော်လို့ထင်တာပဲ)
လှေနံဓားထစ်ဖောက်ခွဲရေးသမားပဲ ဆိုပါတော့
သင့်နာလည်မှုစက်ရုံမှာ မီးအားပြည့်လား၊ အလုပ်သမားတွေနဲ့ ဆက်ဆံရေး
အဆင်ပြေလား၊ ခေါင်းပုံဖြတ်လား
စာဖတ်နေတဲ့ ခန္ဓာကိုယ်အတ္တဘောကြီး
ဒါကိုဖတ်ရင်း ခင်ဗျားကိုယ်ခင်ဗျား ထားသိုထားတဲ့ နေရာဟာ ရပ်နေသလား
အဲဒီနေရာရဲ့ ဖွဲစည်းခြင်းယဉ်ကျေးမှုဟာ ခင်ဗျားရဲ့ကိုယ်တစ်ခြမ်းမကကို
မောင်းနေတယ်
ဆိုတာသတိထားမိလား
အဲဒါကို ကျွန်တော်တို့ဆက်မကြိုးစားရင် ပိုမိုများပြာလာနေတဲ့သက်သေတွေက
ဘာပြနေလဲဆိုတော့ အဲဒါကို ကျွန်တော်တို့ ဆက်ကြိုးစားလို့
မရတော့ဘူးဆိုတာပဲ။
ဒါဟာလည်း မရောက်ဖူးတဲ့ စပေ့စ်တစ်ခုပဲပေါ့
မိမိစာဖတ်နေခြင်း(ရင်း)ကို မိမိပြန်ခံစားခြင်း(ကြုံဖူးလား)
ဧရာမနာလန်ထမှုကြီးပေါ့ အရှိတရားကို ကိုယ်ရှိခိုင်းထားလို့မရဘူးဆိုတာ
ယုံကြည်မှုအဆောက်အအုံများခြစားခြင်းနဲ့ ပြန်မေးပါရစေ
(အခြေအနေတော့ မတူတော့ဘူးပေါ့နော်)
ခင်ဗျားကို ခင်ဗျားအရိပ်ထဲမှာ ဘယ်လိုဘယ်ပြန်မြင်သလဲ
ဒါဟာ ကဗျာတစ်ပုဒ်လို့ပဲမှတ်၊ ရပ် ကြည့်၊ သွား
ခင်ဗျားညဘက်လက်သန်းထိပ်မှာလည်း
အီလက်ထရွှန်များ စီးဆင်းနေတာ သတိထား
ခင်ဗျားဦးနှောက်ထဲက ဆော့ဖ်ဝဲတွေ ခေတ်တုံးသွားပြီလား
ခင်ဗျားစိတ်ဟာ ခင်ဗျားနဲ့ အမြဲအဆင်ပြေသလား။ ။

၂၊ ဇူလိုင်လ ၂၀၀၇

သုခမြို့တော်သူ မြို့တော်သားများ

ပိုက်ဆံနဲ့ပျော်ရွှင်မှု ၀ယ်မရဘူးဆိုရင်
ပျော်ရွှင်ပြရင် ပိုက်ဆံပေးမလား ဘယ်လိုပေးမလဲ
အချိန်နဲ့လား တန်ချိန်နဲ့လား ကျင်းနဲ့လား
တစ်အိမ်သားလုံး တစ်ရပ်ကွက်လုံး တစ်မြို့လုါံ်
ပျော်ရွင်မဆုံးတပြုံးပြုံးနဲ့
ပိုက်ဆံတွေကဲ့ကဲ့ယူကြ
ပျော်ရွှင်လုံး ဆို့သွားမှာတောင်ဆိုးရသေး
စိတ်ညစ်ခြင်း စိတ်ဆင်းရဲခြင်းဆိုတာ
ပိုက်ဆံမလိုတော့တဲ့ သူဋ္ဌေးသူကြွယ်တွေအတွက်
ဇိမ်ခံ ခံစားမှု ကြွားလို့ရစရာနောက်တစ်ခု
ကိုယ်တို့တော့ ပျော်တယ်ဟေ့
ပျော်မဆုံး မော်မဆုံး အားလုံးတပြုံးပြုံး
ပျော်တဲ့လူတွေကို ပိုက်ဆံပေးနေပါပြီတဲ့
ပျော်….ပျော်…………ပျော်
တို့တတွေ အားလုံးပျော်
ပျော်ရွှင်ပြလို့ပိုက်ဆံရ ၀မ်းသာကြတယ်ဗျ
ဝမ်းသာကြလို့တို့ပျော်ရွှင် ပိုက်ဆံရတယ်ရှင်
ပိုက်ဆံလိုချင် ပျော်ရွှင်ပြ ပိုက်ဆံရတယ်ခင်ဗျ
ဦးဦးနဲ့ ဒေါ်ဒေါ်တို့ ခုလို ကျိကျိတက်ချမ်းသာကြတာ
ပျော်ရွှင်ကြလို့ပေါ့နော်
ဟုတ်တာပေါ့သမီးရယ်၊ မှိုင်နေရင်ငွေမ၀င်ဘူး
ပျော်ရွင်ရင် ရေရွှင်တယ်
ဦးဦးတို့ဒေါ်ဒေါ်တို့တော့မသေမချင်း
ပြုံးပျော်ရွှင်မြူးနေပြတော့မယ်လို့ ဆုံးဖြတ်တယ်
သမီးလည်း ပျော်ရွှင်ပြလေ
တော်ဝင်အလှလို ပျော်ရွှင်ပြမယ်
သမီးတို့လည်း ရေရွှင်ရွှင်
ပေါ်ပင်မက ပျော်ရွှင်ကြမယ်
သားတို့မှာလည်း ငွေအပုံအပင်
ကဲ…ကလေးတို့ရေ
ပုံပြင်လေးကတော့ ဒါပါပဲကွယ်
သားသားမီးမီးတို့လည်း
အမြဲပျော်ရွှင်နိုင်ကြပါစေကွယ်
ပျော်ရွှင်မှ ပိုက်ဆံရတယ်ဆိုတာ မှတ်ထားနော်
ပျော်ရွှင်မှုနဘယံ ဓနံ လာဘံ
ပျော်ရွှင်မှုများ မျက်နှာပေါ်တွင်
ငွေရှင်တွေလို သီးစေသတည်း။ ။

၃၀၊ သြဂုတ် ၂၀၀၇

ပြောဖန်များ မေးခွန်းရ/ ကြိတ်ဖတ်တွေ

ဒါပေမယ့် အဲဒီကတည်းကသိနေခဲ့တယ်စကားလုံးတွေ
နေရောင်အောက်မှာ အရိပ်မထွက်တဲ့စကားလုံးတွေ
အကောင်အထည်တွေ ဒြပ်တွေရှိသလိုလိုနဲ့
အခေါင်းပေါက်ကြီး မနဲဖုံးထားတဲ့စကားလုံးတွေ

ပန်ဒါဝက်ဝံဆို နားလည်လို့ရသေးတယ်
အန္တာတိကရေခဲမြစ်တွေ၊ ဘယ်ဟာရစ် ဘယ်ဟာပင့်တွေ
လင်ဖိုစိုက်တ်တွေ၊ ပင်စိမ်းရွက်တွေ၊ ဂ၀ံကျောက်လိုစကားလုံးတွေ

အခု ဒီမနက်မှာလည်းပါလာတယ်
ညမှာလည်းကြားရဦးမယ်
ရေသေပုပ်ပွစကားလုံးတွေ
ပကာသား ခြစားသလို နင်းလိုက်ရင်ကြေသွားမယ့်စကားလုံးတွေ
ဖောင်းကနဲ ကွဲသွားပြီ လေသေကျပျောက်တဲ့စကားလုံးတွေ

ထမင်းထဲ ခဲလို သဲလို တကျစ်ကျစ်ဝါးမိတဲ့ စကားလုံတွေ
ဖုန့်မှုန့်လို အပုတ်နံလို နှာမှုတ်ထုတ်ရတဲ့ စကားလုံးတွေ
မလုံးတော့ မ၀န်းတော့တဲ့ စကားပြားတွေ စကားပဲ့တွေ
ဂျပန်ကော်၊ ကိုရီးယားကော်နဲ့ပြန်ကပ်ထားတဲ့ စကားကျိုး
စကားကြေ စကားကွဲ စကားအက်တွေ
‘မကိုင်ရ၊ မထိရ
ကျကွဲလျှင် လျော်ရမည်’ သတိပေးစာတန်းမပါလည်း
သတိကြီးကြီးထားရတဲ့ လေပူပေါင်းတွေ
တန်ဘိုးကြီးကြီးပေးဆပ်ရမယ့်
အထိမခံရွှေပန်းကန်တွေ ဆူးတွေနဲ့ထိကရုန်းတွေ
ထောင်ချောက်တွေ
‘စကားအကုန်မပြောနဲ့’ထဲမှာ ချန်လှပ်ထားတဲ့ စကားလုံးတွေ
ခြုံထွင်ရတဲ့၊ လမ်းရှင်းရတဲ့၊ ကျော်သွားရတဲ့ စကားလုံးတွေ
မြတ်ဖုတ်အောက် မိုင်းထောင်ထားတဲ့ စကားလုံးတွေ
တောင်ကျချောင်းရေကို ခြုံဖုတ်ထဲကပဲ
ခက်ခက်ခဲခဲ ၀ါးပိုးနဲ့အသက်ထိုးကျွေးယူနေရတဲ့ကြားက
ရွှီကနဲ ရွှီကနဲ လှမ်းလှမ်းပစ်တဲ့ စနိုက်ပါစကားလုံးတွေ

ရုပ်ရောစိတ်ကိုပါ မညစ် ညစ်အောင် လာလာလုံးတဲ့
စကားဆုံးတွေ စကားတုံးတွေ စကားရှုံးတွေ
စကားပြုန်းတွေ
အိပ်ကောင်းခြင်းအိပ်မရတဲ့ အလုံးအခဲ စကားခြင်တွေ
စကားချဉ်တွေ စကားခါး စကားပုပ်တွေ
တစ်ကိုယ်လုံးယားယံလာလို့ ကုတ်ဖဲ့ရင်လည်း
ကိုယ့်သွေးပဲထွက်ရတဲ့ စကားသန်းတွေ စကားမွှားတွေ
စကားအဖြစ်ပဲ ကျန်တော့တဲ့
အနှစ်သာရမဲ့ အာလျားတွေ
အဲဒါ ငါတို့တစ်တွေ ငါတို့တစ်တွေ ငါတို့တစ်တွေ။ ။

၂၊ စက်တင်ဘာလ ၂၀၀၇

မနက်ဖန်မှာ ဒီဈေးနဲ့ မရတော့ပါ

အသက်အာမခံလိုလိုပုံသဏ္ဍာန်နဲ့ အကြောင်းအရာပျောက်ဆုံးမှု
အတွက်လျော်ကြေး မျိုးရိုးဗီဇခွဲခြားမှုနဲ့ မျိုးရိုးဗီဇအရည်အသွေး
မြင့်မြင့်မားမားစံချိန်မီစေရန်
နို့စား/အသားစားနွားတွေလို ပြိုင်မြင်းတွေမွေးမြူသလို
တစ်ဝက်တွေ ဆီမီးတွေ အလျားလိုက် ဒေါင်လိုက် ပိဿချိန်လိုက်
ဟန်တင်တင်ရောဂါနဲ့ ဦးနှောက် တဖြေးဖြေးပျက်ဆီးယိုယွင်းလာမှု
အာရုံခံစားမှုကျန်းမာရေးမှာ အရိအချွဲတွေ အပေါက်အပြဲတွေ
နယ်ပယ်များပတ်သက်ဆက်နွယ်မှု အကန့်အသတ်ရှိအပြည့်အ၀နေထိုင်ရေး
မသေချာမှုရွေ့လျားနေတဲ့ မြင်ကွင်းကျယ်ထဲမှာ
ဒါတွေ ဒါတွေဟာ ဇာတ်မတူသား/ဇာတ်တူသား/ဇာတ်ခြား ဇာတ်ကောင်တွေ

လူသေအလောင်းခွဲစိတ်ခန်းကထွက်လာပြီး
မီဖွားဆောင်ထဲ တန်းဝင်
ကူးစက်ရောဂါပိုး အပြည့်သယ်လာတဲ့
အလောင်းတင်လှည်းရဲ့ ‘ငါမှန်တယ်၊ ငါမှန်တယ်’ ဒလိမ့်လိ့မ်သံညံ

ဓာတ်မှန်မှာမပေါ်တဲ့ ဒဏ္ဍာရီလိုလို ဒဏ်မှန်တရားလား ဓမ္မန္တရယ်လား

ဆေးပညာလောကရဲ့ သူရဲကောင်းနဲ့ အာဇာနည်တစ်ယောက်ပေါ့
အရူးထောင်ရဲ အမှောင်ခန်းလေးတစ်ခုထဲမှာ
သွေးအဆိပ်တက်ရောဂါနဲ့ ဆုံးသွားတယ်

‘အခြေမခိုင်သော အမြင်များအပေါ်
လှေနံဓားထစ်ယုံကြည်မှု’ အခိုင်အမာကတုတ်ချင်း

အရပ်လက်သည်ရဲ့ ရှေ့နောက်မညီလက်ထဲက
ကဗျာမီးဖွားခြင်းကို ပြန်တာဝန်ယူကြ
တစ်ချို့ဆေးရုံမှာဆို တစ်ဆောင်လုံး
‘အရင်ဦးဆုံး’ ပြိုင်ပွဲမှာလို သူ့ထက်ငါစောစီးစွာ
ကမ္ဗည်းတင်လိုတင်ငြား
သေကြ

ပတ်ဝန်းကျင်မှရှိရင်းစွဲ ရှိဆဲရောဂါများကူးဆက်မှု
လူနာ၏မူလသန္ဓေစွဲလာသော မွေးရာပါ
နှစ်ခုစလုံးဟာ ဆင်ခြင်မှုအဓိက အမြင်တွေပဲ
‘လူတစ်ယောက်ရဲ့ ဘာသာစကားနယ်ပယ်အဆုံးမှာ
သူ့သိမှုနယ်ပယ်လည်း အဆုံးသတ်တယ်’

မစဉ်းစားဖူးတာတွေကို တွေ့ကြုံခံစားကြည့်ဖို့

ထွက်ပြေးတိမ်းရှောင်နေသော ပိုးမျိုးပြည့်ဆေးရုံများ
ဆေးပေးခန်းများ နောက်ဖေးလမ်းကြားလျှို့ဝှက်ဖျက်ချခန်းများ
ဖမ်းဝရမ်းထုတ်ပြန်(ဘာသာပြန်စာသားများစိစစ်ရေး)
ရဘာလက်အိတ်၊ ပိုးသတ်ဆေးဖြန်းခန်းစီးများ
နှာခေါင်းနဲ့ပါးစပ်အုပ်စီးများ
စနစ်တကျရေးသားကြပါရန်

သီအိုရီကျောထောက်နောက်ခံ
လက်တွေ့စမ်းသပ်တွေ့ရှိချက်ရလာဒ်များ
သိပ္ပံပညာရဲ့ ပုဂ္ဂလဓိဋ္ဌာန် အခန်းကဏ္ဍ
စာပေအနုပညာရဲ့စစ်ဆေးတိုင်းထွားချက်များစာရင်းပြဇယား

မိုးလေ၀သဟာ မျဉ်းဖြောင့်မသွားဘူး

အသေယုံကြည်တဲ့
ဦးနှောက်ထဲမှာ အဆိပ်ပြင်းမြွေတစ်ကောင်
ကိုယ်ရောင်ဖျောက်အောင်း
အဲဒီယုံကြည်မှုပေါ်မှာ ခိုင်မာတဲ့
ကိန်းဂဏန်းတစ်ခု တပ်လိုက်ပါ

ယုံကြည်မှုကို ဒီနေ့ရဲ့ ဘယ်လောက်
လင်းလင်းထဲ ရှင်းထုတ်ကြည့်ဖို့

ထိပ်တန်းလူရွှင်တော်တိုင်းမှာ စိတ်ဓာတ်ကျမှု အိုင်းအနာ
ဘိုဟီးမီးယန်းအခွံကိုခြစ်ကြည့်လိုက်ရင်
ဘူဇွာဖြစ်လိုစိတ်တွေ တဖွားဖွားတွေ့ရှိကြရ

မနက်ဖန်မှာ ဒီဈေးနဲ့ရနိုင်တော့မည်မဟုတ်ပါကြောင်း
ကြိုတင်သတိပေးအပ်ပါသည်
ယနေ့ဈေးဖြစ်၍ ဈေးဆစ်ခြင်းသီးခံပါ။ ။

၃၊ စက်တင်ဘာလ ၂၀၀၇

ခံစားမှုအထူးစိုက်ရာ

နှလုံးသားရဲ့ အထူးခံစားရေးဒေသဟာ မှောင်မိုက်လင်းလွန်း
ကျွန်းမျောလို သူ့ကိုယ်သူနားမလည်စွာ ဒေါက်ထောက်စရာ
ဒေါက်တင်စရာကမ်းဝေး(အတွေးများခေါ်မလာရ)
ဗင့်စင့်ကို သီအို(ရီနဲ့)ဘယ်လိုထောက်ပံ့မလဲ
ဘယ်လိုစစ်မှန် ဘယ်လိုသန့်စင်မလဲ
ရွှေကျင်သလိုသွေး(လွှတ်ကြောပြန်ကြော)ထဲမှာ
တစ်ကိုယ်လုံး

ပြန့်နှံ့သလား ဘာကဆက်လက်သယ်ဆောင်ဖြန့်ချိ
သတင်းပို့မလဲ အရိုးဖွဲ့စည်းတည်ဆောက်မှုစနစ်လား
‘ဤအရာသည် အသစ်တည်ဆောက်လုပ်မည့်
အဆောက်အအုံတစ်ခု၏ ‘သံမဏိဘောင်ကြမ်း’လား
‘အခြေခံပုံကြမ်း၊ အကြမ်းထည်’ရဲ့ ကောက်ကြောင်းလား
လျှို့ဝှက်ဖုံးကွယ်ထားတဲ့ ကမ္မဋ္ဌာန်းရုပ်ရဲ့အကြည့်လား
အကြည်လား အနောက်လား အညစ်

အကြေးစွန့်စနစ်နဲ့ ဘယ်နှလမ်းဝေးသလဲ
မျိုးပွားအင်္ဂါရဲ့အထိမခံနံရံတွေမှာ
တစီစီမြည် ချစ်ချစ်တောက်ပူအိုက်နေတဲ့
အာခေါင်ခြောက်ခြင်း တံတွေးမြိုချခြင်း
ဝရုန်းသုန်းကားလုံးထားတဲ့ ချည်ခင်ရဲ့အစ
အသားပြုရည်နဲ့ မလိုင်ကိုသဲ့ယူ
ရေပြင်နဲ့ထိလုနီးပါး ရှပ်ပျံပြီး
ကောင်းကင်ပေါ် ကော့ကာ ကော့ကာ ထိုးတက်သွား
(ဟော ….ဒီမှာကြည့်စမ်း…ဘာသာစကား…လုပ်ပုံ၊ လုပ်ပုံ)

ထဲမှာ ခံစားမှု(အရှိတရားကို ချုပ်ကိုင်သိယူနိုင်သလောက်
သိနိုင်တဲ့)အသိတရားဟာ တခြားစီ(/အများဆီ/
သူ့နှလုံးသားဆီ)ကိုယ် မင်းကို ဂျောင်းဂျောင်းမြည်နေအောင်
တောင့်တသည် ပုတ်သင်ညိုနေကိုပတတ်ရပ်ခံစားသလို
ကိုယ်မင်းကို ပတတ်ရပ် ငတ်မွတ်သည်
ကိုယ်ကိုယ်တိုင်ကြဲလိုက်သောအာရုံမျိုးစေ့များမှ
ကိုယ့်အား ရစ်ခွေနွယ်ပတ် ပတ်ကြမ်းတိုက်ပြီ

မဟုတ်ဘူး….ပတ်ကြားရိုက်ပြီ
ဓာတ်စခန်းခိုက်ပြီ အဲဒီစိမ်းလန်းရနံ့ရဲ့လက်ကောက်ဝတ်ထဲ
အဲဒီနွေးထွေးစိုစွတ်ဆဲ မှေးမော့သွားတဲ့မျက်လုံးစူးထဲ
ဘယ်တုန်းကလဲငါ့နှလုံးသား(ခံစားမှုအထူးရုံးစိုက်ရာဒေသ)
ရေစပ်မှာ ပါးစပ်ကြီးဟဖြဲထားတဲ့ မိကျောင်းလို
ပူပြင်းအိုက်စပ်တဲ့ အပူပိုင်းဇုံနေလုံးစူးပြင်းအောက်မှာ
ဘာစနစ်လဲနှလုံးသားရဲ့
အဲ….အဲ…..။ ။

၎၊ စက်တင်ဘာလ ၂၀၀၇

သူခိုး(စမနပေါ်က)

ပြဇာတ်အစတွင် တိုင်ကပ်နာရီသည် ၁၇ချက်တီး၏(စမန ၈)
ကဗျာဟာ မော်ဒန်မြို့ပြရဲ့(စမန ၂၁)ဂီတကို နားထောင်ခဲတယ်၊ အရက်တွေ
မြည်းခဲ့တယ်(စမန၅၀)ရဲ့ အစွန်အဖျားတွေထဲမှာ (စမန ၂၁)တလွဲတွေ
ဖြစ်နေရတာလဲ(စမန ၇၄)
‘အဲဒီလောက်အမြင့်မှာ ကျားသစ်ဟာ ဘာကိုလာရှာလဲဆိုတာ’
(စမန ၈၈) ဇာတ်ခုံပေါ်၌ သူတို့ကိုယ်တိုင်ပြန်မြင်နေရခြင်း
ပင်ဖြစ်၏(စမန ၁၇)
စကားလုံးများ၏ ဟိုမှာဘက်၌(စမန ၂၉)
တိတိကျကျမျော်လင့်ထားရင်တော့ ခင်ဗျားစိတ်ပျက်သွားလိမ့်မယ်(စမန ၄၅)
လူကြီးဖားဖားတစ်ယောက်…….စိတ်ကျရောဂါ…….ပြယုဂ်ကတော့…….(စမန ၇၀)
သေခြင်းတရားဟာ စက်ဘီးနဲ့လာတဲ့….တွေလည်းဖြစ်နိုင်တာပဲ(စမန ၇၉)
တကယ်တော့ လူသားဟာ..(စမန ၃၈)
ဘာများလုပ်စရာ ကျန်သေးလို့လဲ၊ နေဖို့ကလွဲပြီး
(စမန ၅၀)
အလင်းရောင်က …..နာကျင်စေတယ်
……..နေ၀င်ဆည်းဆာရဲ့ လွှစာမှုန့်တွေကို စားသောက်(စမန ၇၅)
မေ့ဆေးမပါဘဲ ကလေးကို ဗိုက်ခွဲမွေးပေးလိုက်တယ်(စမန ၈၄)
ဟနေတဲ့ ပါးစပ်ပေါက်ပဲပါတဲ့ဦးခေါင်းတွေ
(စမန ၂၀)အပျော်လွန်ကျူးပျက်စီးမှု၊ အရူး
ထမှုတွေအဖြစ် (စမန ၇၃) အေးခဲနေတဲ့ တန်ဒြာဟင်းလင်းပြင်
ပေါ်က ပဉ္စလက်ဆန်ဆန်စီးနင်းမှုတွေ(စမန၄၇)
ဒီကူးနင်း(de kooning) က
အိုဟာရာနဲ့ စတွေ့တော့ ‘သူနဲ့ပတ်သက်ပြီး နိမိတ်ကောင်းတဲ့
ခံစားချက်မျိုး ဖြစ်တယ်ဗျာ’လို့ပြောတယ်(စမန ၆၁)
ခြုံကြည့်ရင်(စမန ၆၉)ဒိန်းဇက်(ဂ်ျ)ဟာ ကဗျာဆရာတစ်ယောက်
မျှာသာဖြစ်တယ်။….တခြားရွေးချယ်စရာ မရှိလို့ဘဲ။(စမန ၈၁)
ဟယ်ရီရဲ့ ပုပ်နေတဲ့ ခြေထောက်ကြီးက
ခြင်ထောင်အပြင်ကို ထွက်နေရဲ့။ ပတ်တီးတွေ
ကလည်းပြေလို့။(စမန ၈၈)
စာမူခွင့်ပြုချက်အမှတ်-၄၀၀၈၅၈၀၇၀၇
စာအုပ်ချုပ်-ကိုမြင့်(စမန နံပါတ်မပါ)လျှို့ဝှက်နက်နဲမှုကတော့
‘အားလုံးဟာ အခုဖြစ်ပျက်နေတာဆိုရင်
ကဗျာကိုရေးတာဟာ ဘယ်တုန်းကလဲ(စမန ၆၆)
နေဦး…
အခြားအထီးကျန်ခြင်းက အော်ပြောတယ်
မင်းတစ်ကိုယ်တည်း အထီးကျန်ခြင်းမဖြစ်မီတော့
(စမန ၇၈) မောင်ချောနွယ်
(၁၉၄၉-၂၀၀၂)(စမန နံပါတ်မပါ)အလန်ဂျင်းစ်ဘတ်နဲ့
စာမျက်နှာချင်းမျက်နှာချင်းဆိုင်(စမန နံပါတ်မပါ)
၂၇။ သခင်ဘသောင်း သူခိုးအာမက်- ပဉ္စမအကြိမ်(စမန နံပါတ်မပါ)ယခု
၃၀။ အောင်ခင်မြင့် ‘အဓိပ္ပာယ်မဲ့ပြဇာတ်’
(စမန နံပါတ်မပါသော်ငြားလည်း နောက်ဆုံးစာမျက်နှာ)ကျော်မွှေးစာပေ-
အဆုံး၌ တိတ်ဆိတ်မှုသည် မော်ဒန်အနုပညာ၏ရှောင်လွဲ
မရသော…(စမန ၃၄) ငါ့မျိုးဆက်ရဲ့အတော်ဆုံး
စိတ္တဇတွေ (စမန ၂၂)။ ။
ဇေယျာလင်း(စမန ?)
၎ နိုဝင်ဘာလ ၂၀၀၇

မှတ်ချက်။ ။ စိုင်းဝင်းမြင့်(ကျော်မွှေးစာပေ)ထုတ် အောင်ခင်မြင့်ရဲ့ ‘အဓိပ္ပာယ်မဲ့ ပြဇာတ်’ စာအုပ်ပါ စာသားများအား ရည်ညွှန်းလျက်။

စကားကိုဘယ်ခုတ်မောင်း

တမင် မသပ်မရပ်ဖြစ်အောင် လုပ်ထားတာ
လျော့တိလျော့ရဲ လျှောလျှောကျနေအောင်
လိုအပ်တာထက် မလိုအပ်တဲ့ အပိုအလျှံတွေ
(အသားပိုအလျှံတွေ)
ခုတ်ပိုင်းထားတဲ့ ငှက်တွေ ဘယ်ပျံသန်းကြသလဲ
ဒီနေ့ဘာနေ့လဲ စားပြီးပြီလား
အင်္ဂတေလောင်းထားတဲ့ စားစရာ
အဲဒါစားစရမဟတ်ုဘူး ကစားစရာ
စာရင်ကစားဖို့ ပလပ်စတစ်လောင်းထား
ကတ္ထူနဲ့နှုးနေအောင်ပြုလုပ်ထား
မိုထဲကရိုက်ထုတ်လိုက်တဲ့
သတ္ထုရဲရဲစားစရာ
ကစားမလား စားမလား

ခုတ်ပိုင်းထားတဲ့ ပျံသန်းခြင်းတွေ
ခုတ်ပိုင်းထားတဲ့လေ
(အဲဒါတော့မင်းလွန်ပြီကွာ
လေကိုဘယ်လိုခုတ်ပိုင်းမလဲ)
စကားနဲ့ပဲပေါ့
ဂလိုဘယ်တယ်ရာရစ်ဇင်
ယနေ့ပြောတတ်တဲ့စကား
ဒါပဲအနှံ့အပြားကြားရတဲ့ယနေ့
သံစဉ်တစ်ခုခုများစိမ့်ထွက်နေသလားလို့
ခုတ်ပိုင်းထားတာတေါဟာ
လေထဲထပျံသွားကြတယ်
လေထဲပျော်ဝင်သွားကြတယ်ဆိုရင်
ပိုမှန်ပါလိမ့်မယ်
လေခဲတစ်တုံးမြုံထားချင်သလား
ခုတ်ပိုင်းထားတဲ့ ပျံသန်းခြင်းတွေ
ဘာတွေလုပ်နေကြသလဲ
မီကိုပဲ…….သောက်…….မယ်……….
မိုနံရံမှာကပ်ကျန်ခဲ့တဲ့ သတ္ထုစတွေ
နံရံရဲ့အမာရွတ်
သတင်းအချက်အလက်လဲလှယ်ခြင်း
ဒီစကားတွေဟာဘယ်သွားသလဲ။ ။

၁၀၊ နိုဝင်ဘာလ ၂၀၀၇

အဲဒီကဘာအစီရင်ခံစာရောက်ရှိလဲ

ဘာအစီရင်ခံစာပဲလာလာ ဘယ်လိုရည်ရွယ်ချက် ဘယ်သူ့အကျိုး
ဘာကိုဘယ်လိုရွေးချယ် ဘယ်နည်းနဲ့
ဘယ်လိုရေးသား(စီရင်)ထားသလဲ
“မြေပုံဟာ နယ်မြေမဟုတ်ဘူး”၁

ကောက်ကြောင်းရေးရေးနောက် တကောက်ကောက်ရေးရေးကောက်ကြောင်း
အကြောင်းကိုကောက်တာနဲ့ ကောက်တာရဲအကြောင်း
ဘယ်အကြောင်းကိုကောက်မလဲ
ဘယ်အကောက်ကိုကြောင်း(ဖြောင့်)မလဲ စက္ကန့်တိုင်းနေစဉ်
အ‘စီရင်’ခံစာထဲမှာ လိုချင်တဲ့သံစဉ်ပါလာမလား/သလား
ပါလာရင် သံစဉ်ကိုဘယ်လိုစီရင်သလဲ ဘယ်လိုစရင်ချက်ချမလဲ/သလဲ
ဒါကလွဲလို့ မိတ္တူကူးထားချက်အချို့
ဒဏ်ရာနဲ့တိုက်ကြည့် ရိုက်ကြည့်
“အဓိပ္ပာယ်မာခဲလာပုံအမျိုးမျိုးဟာသံစဉ်”၂
စီရင်ထားတာမဟုတ်ရင် အဖြစ်အပျက်များပေါင်းစုလာပုံ
ပေါင်းစုလာနေပုံ ပေါင်းစုပြီးဖြစ်သွားတဲ့ပုံ အပုံ
စီရင်ထားတာမဟုတ်ရင်
(စီရင်ချက်ချထားတာလို့ တွေးလိုက်တော့မလို့လား)
ပုံ ပုံတိုပတ်စ ပုံစပြကွက် ပုံစံခွက် ပုံစံထိုင်
ပုံမှားရိုက် ပုံသေကားကျ ပုံမှန်အနေအထား
ပုံပမာ ဘယ်ပုံဘယ်နည်းနဲ့/ရဲ့ စက္ကန့်တိုင်းနေစဉ်
စီမံချက် အစီအစဉ် အစီရင်ခံပါ
ကောက်ကြောင်းရေးရေးနောက်တကောက်ကောက်
ပုံသဏ္ဍာန်=ပုံရဲ့သဏ္ဍာန်/သဏ္ဍာန်ရဲ့ပုံ

ပုံမှအရေးအသား ပုံမှန်အရေးအသား ပုံစံအရေးအသား
စီရင်ထားတာမဟုတ်ရင် စက္ကန့်တိုင်းနေစဉ်သံစဉ်(ပုံစံဝင်?)
လေးကန်ထိုင်းမှိုင်းခြင်းစက်ကွင်းကို တွန်းတွန်းနေရတာမဟုတ်ရင်
၁။ ရွေ့လျားခြင်း motion
၂။ ခုခံခြင်း resistance
၃။ ချိတ်ဆက်ခြင်း connection
၎။ စီးဆင်းခြင်း flow
၅။ အက်ကွဲလာခြင်း fissure
ဒါဟာ အစီအစဉ်မဲ့သလား
“အခွန်တော်ထမ်းတဲ့ရာသီဥတု”၃မှာ
၁။ ပြင်သစ်တွေးခေါ်ရှင် ‘ယန်း ဘော်ဒရီလား’
၂။ အမေရိကန် LP ကဗျာဆရာ ‘ချားလ်စ် ဘန်းစတိုင်းန်’
၃။ မြန်မာခေတ်ပေါ်ကဗျာဆရာ ‘မောင်ချောနွယ်’(‘အခွန်တော်မဲ့ရသီဥတု’)
ကေဘယ်ကြိုးပြတ်မှာ ခုန်နေတဲ့လျှပ်စစ်မီးပွား
သင့်အဓိပ္ပာယ်ပြုမှုကိုလည်း အားပြုပါစေသား။ ။

၁၅၊ နိုဝင်ဘာလ ၂၀၀၇

အခုတလော ဘာတွေဖတ်နေလဲ

အဲဒါတွေ အဲဒါတွေ အဲဒါတွေပဲ ဖတ်နေလား
ပြီးတော့ နောက်ထပ်အဲဒါတွေ အဲဒါတွေ အဲဒါတွေပဲလား
တစ်ခါလာလည်းအဲဒါ တစ်ခါလာလည်းအဲဒါ
အပြောင်းအလဲအနေနဲ့ဒါပဲ အပြောင်းအလဲအနေနဲ့ဒါပဲ အဲဒါ ဒါတွေပဲလား
မုန်တိုင်းရဲ့မျက်စိဟာ ဘာကိုမြင်သလဲ ကိုမိုးဇလရေ
ဟုတ်ကဲ့ အဲဒါကိုပဲ ကြုံတိုင်းကြုံတိုင်းမေးနေရပါတယ်
မချယ်ရီသင်းထုံပလုပလုံရေ
ဒီထက်မက လုပ်နိုင်ခဲ့ရင်အကောင်းသားလို့ သူညည်းကြည့်ရှာတယ်
မိန်းမကလည်းထွက်မယ်တကဲကဲ မနည်းဆွဲထားတယ် ထမီစကနေ

စီးပွားရေး၊ လေထုရေထုညစ်ညမ်းမှု၊ အသာအရောင်ခွဲခြားမှု၊
နိုင်ငံခြားအကူအညီ၊ ပြန်လည်မွန်းမံပြုလုပ်ခြင်း၊ အကျဉ်းဦးစီး၊
ငတ်မွတ်ခေါင်းပါးမှု၊ ဖန်လုံအိမ်အကျိုးသက်ေ၇ာက်မှု၊စစ်ပွဲလတ်၊
အက်စစ်မိုး၊ ခေါင်းသုံးလုံးပါလာသောခွေးပေါက်စ၊ ဖက်ရှင်ပြပွဲပထမဆု …

အဲဒီမေးခွန်းကတော့တော်တော်လေးကျယ်ပြန့်လွန်းလှပါတယ်
ဒါပေမယ့် ကျွန်တော်တို့တတ်နိုင်သလောက်ချုံ့ပြောရမယ်ဆိုရင်
ကျွန်တော်တို့တတ်သလောက်ချုံ့ပြောရမယ်ဆိုရင်
ကျွန်တော်တို့ချုံ့ထားသလောက်တတ်နိုင်တ်ာပြောနိုင်ပါတယ်

မိသားစုရဲ့ infastrusture ကိုဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ
ထမင်းဖိုးဟင်းဖိုးကိုမုန့်ဖိုးပဲဖိုးအ၀တ်အစားဖိုးမီးဖိုးရေဖိုး

အဆင့်မြင့်အလွှာတွေလောက် လူမှုအားဖြင့်စွဲဆောင်မှုမရှိလှသော
(မရှိ၊လှသော)အမှီအခုယဉ်ကျေးမှုလို့ ပြောနိုင်မလားတော့မသိဘူး
(မရှိ၊မသိ)အထက်အရာရှိက ဘာပြောမလဲကို ရိုးရိုးကျိုးကျိုးနာခံစွာ
(ရှင်ဘာပြောမလဲ၊ပြော၊ ကျွန်မအားအားလျားလျားနေတာမဟုတ်ဘူး
ကတည်းကိုမှပဲ၊ လာလာချေသေး)
သဘာဝဘေးအန္တရယ်တွေ၊ မျိုးသုဉ်းမှုတွေ၊ သစ်တောပြုန်းတီးမှုတွေ
အဲဒါအားလုံးကို သင်လည်းအလွယ်တကူတစ်ပိုင်တစ်နိုင်အစားထိုးနိုင်

သင့်အထူးစီမံချက်(ပရောဂျက်)ရဲ့ အရေးကြီးဆုံးပွိုင့်မှ
ရုတ်တရက်ကုန်ကြမ်း/အရင်းအနှီး/အရင်းအမြစ်/အရင်း ရပ်သွားသလို
အိမ်ထောင်ရေးဆိုတာ ကိုယ့်ပေါ်ပြိုကျလာဖို့ အမြဲတာစူနေတဲ့

ဒါပေမယ့် အဓိကပြဿနာကတော့..အယ်…ဟို…ဘယ်လိုပြောရမလဲ
ဟိုဥစ္စာ…အယ်…လို့ထင်တာပဲ…ဒါပေမယ့်ကိစ္စကတော့
…အယ်…သဘောထား…ဟိုသဘောထားမှန်ဖို့…ဟုတ်တယ်
…ဟုတ်တယ်…မှန်ဖို့…တကယ်ပါပဲ…အဲဒါဟာ…ဟို

အသက်သွေးကြောဟာကြမ်းခင်းဈေး
လျှာထိုးလား ပါကေးလား သမံတလင်းလား ဖယောင်းပုဆိုးလား
အကြီးစားစက်မှုလုပ်ငန်း အကြီးစားမီဒီယာတွေ
ထုတ်လုပ်တဲ့ သံပတ်ပေးကျွမ်းပစ်ရုပ်လား
ကလစ်ကလစ်ကလစ် ခြောက်ခြောက်ခြောက်ခြောက်
ကလစ်ကလစ်ကလစ် ခြောက်ခြောက်ခြောက်ခြောက်
ဝရီး ၀ရီး ၀ရီး ၀ရီး (ဘေးတိုက်လဲကျသွားပြီး
ပြန်မထနိုင်သောအသံ)

အလားတူစွာ တစ်ပါးသူခမျာ အားယူစရာ…
လျှာမရှည်နဲ့ နားငြီးတယ် လုပ်စရာမရှိရင် ရော့အဲဒါ
မပြီးမချင်းဖတ် ဖတ်ပြီးပြန်ဖတ် ပြန်ပြန်ဖတ်ဖတ်
ဖတ်ဖတ်ဖတ်ဖတ်ဖတ်ဖတ်ဖတ်ဖတ်ဖတ်ဖတ်ဖတ်။ ။

၁၇၊ နိုဝင်ဘာလ ၂၀၀၇

သင်ဘယ်ကဘက်လဲ

ဆူနီလား၊ ရှီအာလား၊ ခေတ်ပေါ်လား၊ LPလား၊ ထုတ်လုပ်သူလား
ထုတ်လုပ်ခံလား၊ အဖြူလား၊ အမည်းလား၊ ဧကော အခြေခံလား
ဒွိသမားလား၊ ဒွိသမားလား၊ ဒါရသင်္ဂဟသံသယ၀ါဒီလား
ဒွေးတော့သေပြီ

မီးခိုးနယ်မြေထဲမှာ
သင့်ရဲ့ဘက်ဟာ သင့်ရဲ့ဘက်လား
စိတ်ပိုင်းဖြတ်သန္နိဋ္ဌာန် အသံတိတ်
ဆူညံ သွေးလေမြန်ဆန် သဘာဝဘေးဒဏ်
သင်္ခါရဒဏ် ရာဇဒဏ် ဘယ်နားထိမှန်
အမှန်တရားဘယ်လိုပေါင်းလဲ ဘယ်ကထွက်လဲ
ဘယ်ထဲဝင်လဲ ဘယ်မှာခွေဘယ်မှာအောင်းနေလဲ

မီးကိုပုံဖျက်ထားတယ်
မီးခိုးဟာ တသလင်းချိတ်လား၊ ဆူပါကော်ဖီမစ်လား
ကျန်တဲ့ ၂၀%ကတော့ မိသားစုကိစ္စလား၊
အောက်ဘက်ခါးနားမှာတော့ စီးကွင့်ရွှေရောင်လေးတွေလား၊
ပြည်သူ့အချစ်တော် အေးအေးငြိမ်းနဲ့ အိအိငြိမ်းလား
ယောနိသောမနသိကာရကို မသိခြင်းလား
အရသာရှိတာမှန်သမျှ ကျွန်မအကြိုက်ဆုံးပဲလား
‘ကြီးထွားသန်မာဖြူဖွေးလှပ မင်းသားကျက်သရေ’လား
ကိုယ်ရေပြားသမင်ဖြူ(၁၂)မျိုးနဲ့နှစ်သက်ဖွယ်စတော်ဘယ်ရီအနံ့လား
ဒွေးမသေဘူး၊ ဒွေးရှိနေတယ်
‘ပရက်စလီကို ဂြိုဟ်သားများဖမ်းထားရမှပြန်လွှတ်’
ရုတ်တရက် ပူကနဲကျင်သွားပြီယိုစိမ့်ရာဟောကနဲ
လှိုင်းလုံးလေးတွေတအိအိကနေ ဧရာမလှိုင်းလုံးကြီးအောက်
မွန်းသွားတဲ့ကျွန်တော်ဟာ မွန်းနေတဲ့ကျွန်တော်ကိုကြည့်လိုက်တယ်
စီးပွားရေးကျသွားတာများ ယုံရင်တောင် မပြောနိုင်သလိုရေနစ်လို့
ကျွန်တော်သူ့ကိုဆယ်လိုက်တာလား
ကျွန်တော့်ကိုကျွန်တော်ဆယ်လိုက်တာလား
အခြားတစ်ယောက်ကိုဆယ်လိုက်မိတာ ကျွန်တော်လို့စွဲသွားတာလား

တင်လိုက်တဲ့မေးခွန်းနဲ့အဖန်တလဲလဲပြန်ရွတ်တဲ့တိတ်ဆိတ်မှု
အဲဒီတိတ်ဆိတ်မှုလှိုဏ်ခေါင်းထဲမှာ ဘာတွေပဲ့တင်ရိုက်နေလဲ
အခုဒီညမှာ ခင်ဗျားကိုကျွန်တော်ဒါဖတ်ပြတယ်
ဒီထဲကျွန်တော်တို့ဘယ်လိုရောက်ရှိခဲ့ကြသလဲ ရေနွေးကြမ်းအေးအေးနဲ့
ဒွေးကာနက်ဂျီလို ဘ၀မှာအောင်မြင် လူချစ်လူခင်ပေါများဋီကာလို ရုပ်ရှင်ကား
သကာထန်းလျက်နဲ့အုန်းထန်းလျက်ရွေးစားသလို
ဇယ်ဖြူဇယ်မဲ စစ်တုရင်ရွေးသလို
အကိုရေ…..လမ်းကြောင်းကတော့ နှစ်ကြောင်းတည်းလား
ဟုတ်ကဲ့ပါ…ဒါပဲသိချင်လိုပါ

ဒါပေမယ့် ဒွေးနောက်ဆုံးကားထဲမှာ ဒါဒါလည်းပါတယ်မဟုတ်လား။ ။

၂၁၊ နိုဝင်ဘာလ ၂၀၀၇

တံတားပေါ်ကဖြတ်ပြေးအော်ဟစ်ပါးစပ်ပေါက်ကြီး

၁။
အစာမကြေစနစ်က ပြန်အန်ထုတ်လိုက်တဲ့ စကားလုံးတွေ
အငြင်းပယ်ခံဟာ ပြန်လည်ငြင်းပယ်ခြင်းအဖြစ်
ပြန်အသက်သွင်းပြီး ၀င်လာတယ်
သုညဟာ သူ့ညရဲ့ အခြားအလင်းနဲ့နေ့ပေါ့
ကပ်စေနှဲကန့်သတ်ထားတဲ့ အဓိပ္ပာယ်တွေထဲမှာ
ကဗျာဟာ အမြဲအရေးပေါ်ပဲ
တံတားပေါ်အော်ညည်းသံကြီးတစ်ခုဖြတ်သွားတယ်
ကောင်းကင်ဟာ…မိုးကုတ်ကုတ်ဝယ်
အို…ရုတ်တရက်
နီရဲမီးလောင်ဖုကြီး အက်ကွဲမယ်တကားကား
ရွေ့နေတဲ့လျှို့ဝှက်ချက် ရှုထောင့်တစ်ခုစာနဲ့ မလှမ်းမကမ်းမှာ
ကမ္ဘာကြီးကိုနေရာရွှေ့ ကမ္ဘာကြီးထံ/မှအရာတွေရွေ့
ဆံခြည်တစ်မျှင်စာထဲမှာ အစဉ်ရွေ့နေတဲ့လောကအကြောင်းအရာတွေ
ငါဝှက်ထားတဲ့ လျှို့ဝှက်ချက်မဟုတ်ဘူး(ငါ့မှာ ‘ငါ’လည်း မရှိဘူး)
ငါနဲ့ငါ့ကို ၀ှက်ထားတဲ့ လျှို့ဝှက်ချက်(မရှိတာ လျှို့ဝှက်???)
empiri = sempire = အင်ပါယာ(ဥပမာ၊ ရောမအင်ပါယာ၊ ဧကရာဇ်)
empiri = empirical = ဒိဋ္ဌမျက်မြင်
ဧကရာဇ်ရဲ့ ဒိဋ္ဌမျက်မြင်အင်ပါယာ
ဒိဋ္ဌမျက်မြင်အင်ပါယာရဲ့ ဧကရာဇ်(သင်ဘာမြင်သလဲ)
ရေးသားခြင်းသက်သက် ရေးသားခြင်းပကတိ ရေးသားခြင်းဧကန်စစ်စစ်
ရေးသားခြင်းကလွဲလို့ ဘာကိုမှ မညွှန်သော မညွှန်းသော လုပ်ရပ်သက်သက်
ကရု ကရူး ကရု ကရူး တကူးကူးလို ခေါင်းမာတဲ့ အလင်းမျှင်လေး
ဒီနေ့ကို ရိတ်သိမ်းမလား၊ လိပ်သိမ်းမလား၊ ချိတ်ပိတ်မလား
မျက်နှာသေ
စာမျက်နှာသေ စာသေ စာသေရဲ မျက်နှာသေ
နောက်က စုံထောက်ပမာ ထပ်ချပ်မကွာ ဦးထုပ်ရှည်ရှည်
အရိပ်နှစ်ခုလည်း အော်သံထဲမှာ အဲဒီတံတားမှာ
စာမျက်နှာပေါ်မှာ အဖြူအမည်း စာသားဟာ မီးခိုး(ရောင်/ငွေ့)
အပေါ်ယံမှာ မျက်နှာပြင်မှာ အနက်(အဓိပ္ပာယ်)တစ်ခုဟာ
ဝရမ်းပြေးပေါ့
ဟာလာဟင်းလင်းထဲပြေးနေတာမဟုတ်ဘူး
ပြေးနေတာဟာ ဟာလာဟင်းလင်း
ပြေးနေခြင်းဟာ ဟာလာဟင်းလင်း
ပြေးနေခြင်းဟာလာဟင်လားထြ
ဘယ်လိုတေ အသံတွေပြေးဝင်လာနိုင်မလဲ
ဟာလာဟင်းလင်း(ဟပြဲနေတဲ့ ပါးစပ်ပေါက်ကြီး)
ကိုစမ်းသပ်ခြင်း
ဝလုံးကြီးပါးစပ်ပေါက်ထဲက ပါးစပ်တွင်းထဲက
တွင်းပါးစပ်ထဲက တံတားပေါ်အော်သံရှည်ကြီး
ဟိုဘက်ကမ်းက မဟုတ်ဘူး ချိုင့်ဝှမ်းကမဟုတ်ဘူး
မဟုတ်ဘူး မဟုတ်ဘူးထဲက မဟုတ်ဘူး
ဘယ်သူတပ်အပ်မဟုတ်ဘူးပြောနိုင်မလဲ
စကားလုံးတွေတစ်လုံးလွတ်ကျအက်ကွဲသွားတယ်
ပါးစပ်က အပေါက်ဟာ ပြဲသွားတယ်
လောကကို လှမ်းကိုက်ချင်တဲ့ ဝေါဟာရ
ရေးသားခြင်းရဲ့ အစွန်းအစပ်မှာ အက်ကြောင်းထဲပြုတ်ကျတဲ့အရာ
ပြောပြီးသားစကားကို ပြေးပြီးသား ခြေလှမ်း/လို
တစ်မျိုးထပ်ပြော/ ပြေးဖို့
လမ်းမှာ ခရီးလွန်နေတဲ့ ပြောခြင်း/ ပြေးခြင်းတစ်မျိုး
ဟောဒီစီဖွဲ့မှုတံတားပေါ်မှာ
တံတားဟာ အဓိပ္ပာယ်တွေနဲ့ တုန်ခါရမ်းလို့

၂။
မပြောပဲပါနေတာကို ညှိယူဖို့ ငြင်းပယ်ခြင်း(ဘာလဲ၊ ဘယ်သူလဲ)
ဘယ်မှာဆုံးမလဲ ဘယ်လိုဆက်မလဲ ဘယ်လိုဆုံးမလဲ ဘယ်မှာဆက်မလဲ
အိုးထဲကနေ လျှံကျတဲ့ရေဟာ ရေမဟုတ်သေးလားဆိုတာ
အိုးရဲ့မေးခွန်းလား၊ ရေရဲ့ မေးခွန်းလား
ရောက်မလာပဲ နားစည်မှာလာရိုက်တဲ့အသံ
တုန်ခါစေ/တုန်ခါနေတဲ့အသံ
အဓိပ္ပာယ်ပြုလုပ်ခြင်းရဲ့ အလယ်မှာ လပ်နေခြင်းအဓိပ္ပာယ်
မေးခွန်းများ ပယ်ဖျက်ခြင်းများ
မေးခွန်းများ ပယ်ဖျက်ခြင်းအား
မြေသားစာမျက်နှာအောက်က ပွက်ပွက်ဆူချော်ရည်တွေရဲ့
သင့်ဆီရောက်မရောက်လမ်းကြောင်းများ
…………………..ရဲ့ဖြစ်နိုင်ချေကို ငြင်းပယ်နေမယ့်အစား/ သော်ငြားလည်း/သည်ရှိသော်
ပြောခြင်းရဲ့ အပြောကျယ်ခြင်းအဖြစ် ပြောပုံဟာ ပုံပြောလာတယ်
အညွှန်းနဲ့ အညွှန်းခံကြားက အခြားဂယက်တစ်ခု
အခြားအနက်တစ်ခုခု မဟုတ်ရင် အခြားမီးခိုးတစ်ခုခု
အခုခုနေတာ

၃။
ဘာလုပ်နေလဲ ဘာမှမလုပ်ခြင်းလုပ်နေတယ်
နေ့စဉ်ဘာသာစကားကိုယ်တိုင်ဟာ နေ့စဉ်အဓိပ္ပာယ်မရှိတော့တဲ့အခါ
အကြောအမျှင်တွေကို အလင်းထဲ ထွန်ယက်စိုက်ပျိုးပြုစုဖို့
တကယ်ကော ဘာရှိကြသလဲ တိုလီမိုလီအတွေးအခေါ်များရွှိုင်းဖို့
တစ်ဖက်ပိတ်လမ်းမြှောင်ထဲ တစ်ဖက်လပ်မျက်မြင်များ
အလင်းရောင်ကို အာရုံမခံနိုင်တဲ့အပိုင်း
ပိတ်ကားအလည်တည့်တည့်မှာ ဧရာမအပေါက်ကြီးနဲ့
မျက်စိရှေ့တည့်တည့်မှာ မျက်ကွယ်/နေခြင်း
ပေကတ်ကတ်နဲ့ ပေကလတ်ပေကလတ်ဖွတ်ချက်ဖွတ်ချက်ဖွတ်ချက်ရွေးချယ်မှု
အကွာအဝေချင်းမတူတဲ့ လမ်းတစ်လမ်းပေါ်မှာ မျက်နှာချင်းဆိုင်
အဖြစ်အပျက်တွေပျောက်သွားတဲ့ ကွက်လပ်ရဲ့ပါးစပ်ပေါက်
ဝကွက် ပါးကွက်အာဏာသား လွတ်လပ်ရေးကွက်သစ်
ပ လပ်ထားတဲ့ အပေါက် ပလတ်စတစ်ညှော်နံ့စူး
အသံတိတ်ပြိုကျသွားတဲ့ နေ့တစ်နေ့ရဲ့ ဒိဋ္ဌဓမ္မများ ဖုန်ထသွား
ဆွံ့အပစ္စုပ္ပန် အရင်းပြုထားရတာက
တည်ကြက်တစ်ကောင်လို ကိုယ် မနက်မနက် မိုးလင်အလုပ်ဆင်း
အဓိပ္ပာယ်တွင်း အဓိပ္ပာယ်ချင်း အဓိပ္ပာယ်ရင်း အဓိပ္ပာယ်ကြွင်း
နယ်စားဟာ နယ်ပေါ်တန်ခိုးကြီးထွားသလို
နာမ်စားဟာ နာမ်ပေါ်တန်ခိုးကြီးထွားခဲ့ပြီ
ကရု ကရူ ကရူး ကရု ကရူ ကရူး ဆူးလေး ဆူးလေး
အကြောင်းအရာတစ်ခုဖြစ်မလာစေဖို့ တားမြစ်နေတဲ့ကြားက
အဲဒီကြားက အဲဒီတံတားရဲ့ အစွန်းနှစ်ဘက်ကို ဆက်လိုက်
ဝလုံးပေါ်ဝိုင်းကြီးပတ်ပတ်ပြေးနေတဲ့ အော်ညည်းသံရှည်ကြီးတစ်စင်း
ဒီထက်ပိုအကွာအဝေးဆိုတာက ထက်ချပ်မကွာလိုက်လာ
ပိုင်ဆိုင်ခွင့်မရှိ စွန့်ပယ်ခွင့်မရှိ
ဘာမှ နဂိုအတိုင်းမကျန်ခဲ့/စေရဘူး
တစ်လျှောက်နဲ့ ကန့်လန့်ဖြတ်မှ အမြဲ သူစိမ်းရဲ့ အထိအတွေ့စူး
အလံတွေရဲ့ ဘာသာစကားလေထဲမှာ တဖတ်ဖတ်လွင့်စင်
ရင်ထဲက ကွက်လပ်ကြီးထဲ ဘာသာစကားလေဆင်နှာမောင်း
ပြည်သူ့ရင်ပြင်က အင်္ဂတေပြားတွေပေါ်ဖြတ်သွားကြတဲ့
ပုံရိပ်များရဲ့ တိမ်သားများ/တိမ်သားများရဲ့ပုံရိပ်များ
ဘာအတွက်လဲ
ကြိုတင်သတ်မှတ်ထားတဲ့ ခရီးဟာ ကဗျာရဲ့လမ်းကြောင်း
ဘယ်တော့မှမဟုတ်ဘူး
အလွယ်တကူအဖြေတွေ ဖုန်တထောင်းထောင်းထ
ကြခတ်ဝါးတွေ ဆီးပင်ဆူးတွေ မန်ကျည်းကိုင်းတွေ အက်ကြောင်းတွေ
သတ်မှတ်ထားတဲ့ အကွက်ထဲမှာပဲ သတ်မှတ်ချက်လပ်နေတာ
အဲဒါကွက်လပ်ရဲ့ အဓိပ္ပာယ်/ အဓိပ္ပာယ်ရဲ့ ကွက်လပ်
အညွှန်းနဲ့ အညွှန်းခံကို မရမက ဆွဲစေ့ကြည့်တဲ့
အက်ဒ၀ပ် မန့်ခ်ရဲ့ ‘အော်သံ’ည နေခင်းထဲမှာ
ဝ၊ ဟ၊ အော်ဒင်ရဲ့ နှစ်ကြောင်းကို ၀ကွက်အပ်လိုက်တယ်
‘ကဗျာဟာ ပါးစပ်ပေါက်တစ်ခုပဲ’
‘ကဗျာဟာ ဘာဆိုဘာကိုမှ မဖြစ်စေရဘူး’

၎။
ပါးစပ်ဟကြည့်စမ်း ဟဦး ဟဦး ဟဦးဟ
အော်ကြည့်စမ်း အော်ကြည့်စမ်း အော်ကြည့်စမ်း
အဲသလို အသံ၊ အနက်၊ အဓိပ္ပာယ်၊ အရောင်အဆင်းနဲ့
တူမတူ။ ။

၃၀၊ နိုဝင်ဘာလ ၂၀၀၇

ဘာသာစကားဆိုင်ရာအာရုံခံစားမှုသစ်ဘော်ဒီရုံ

လူတစ်ယောက်ရဲ့ဘာသာစကားဂိတ်ဆုံးမှာ သူ့အသိဉာဏ်ရပ်သွားပေမယ့်
အသိဉာဏ်ဂိတ်ဆုံးမှာ ဘာသာစကားကို ရပ်ထားလို့မရဘူး

စဉ်းစားနိုင်သမျှရဲ့ နယ်နိမိတ်ဟာ ပြောနိုင်သမျှရဲ့ နယ်စွန်းနယ်ဖျား
(အားဖြင့်အပြန်အလှန်)

မဆုတ်မနစ်ကြိုးပမ်းခြင်း၊ အတိုက်အခံပြုခုခံခြင်း၊ ချဲ့ထွင်ခြင်း၊
ကန့်သတ်စည်းမျဉ်းများကျော်ခြင်း

မရှိတာထက် မသိတာခက်နဲ့လှည်းဝင်ရိုးမှာ ဒိုင်နမို
အဲသလိုမျိုးသာ စဉ်းစားလာကြမယ်ဆိုရင် ဘာတွေဟာ ဘယ်လိုများ
…………………………………………………………………………………..
ဖွဲ့စည်းမှုကိုပြုပြင်ရန ဦးခေါင်းလာရောက်အပ်နှံပါသည် Big Boss
ကြုံတုန်း နှလုံးသားရဲ့ ရှော့ဘားအလိုင်းမင်း ချိန်သွားပါလားနဲ့ ပါဝါ၀င်းဒိုး
ဂီယာနှိုးလို့ရသလား စားဝတ်နေရေးအဆင်ပြေလား
ထပ်ကျိုးသွားတာ အရင်ကရိုင်းရှပ်ပဲလား ဘက်ထရီအိုးလဲပြီးပြီလား
စာဖတ်သူကို အကဲစမ်း ရသ၊ ကျင့်ဝတ်၊ ရှေ့မီး၊ နောက်မီ၊ ၀ိုက်ပါ
ဘာသာစကားနယ်ပယ်တစ်ခုထဲမှာပဲ ဘယ်လိုကျင်လည်ကျောက်ချနေကြပါလိမ့်
ရုပ်သိမ်းလိုက်ပါ မဟုတ်ရင် ဖျက်သိမ်းလိုက်ပါ ဘာလို့ထိန်းသိမ်းထားနေလဲ
ဇက်ကြိုးလျှော့၊ ဇက်ကြိုးသပ်၊ ဇက်ကြိုးလွှတ်၊ လေပေါင်ချိန်၊ ဆီရေလေ၀ိုင်
အပြန်အလှန်မျှော်မှန်းမှုများနဲ့ ဇာတ်ကြိုက်နတ်ရိုက်၊ ဖွဲရောင်းစကားဝယ်
ပမာသဒ္ဒါ သူရင်းငှား မဟုတ်သလို၊ ဒါပေမယ့် အခုတော့ အရှင်းကြီး၊ အရှင်ကြီး
‘ဘာသာစကားကို ၀န်းရံ၊ ကဗျာကိုသိမ်းပိုက်’
ဘယ်လိုကို ဘာထက်ဦးစားပေးသော ချောဆီ ဘရိတ်ဆီ ရေတိုင်ကီ
ဖွင့်ဆိုမှုသစ် ဖွင့်လှစ်လိုက်တဲ့ ဖွင့်ပွဲမှာ ဖဲကြိုး၊ ပူဖောင်းနဲ့ တကယ့်ကတ်ကြေး
ဘေးမှာ သေ၀ပ်စွာ လှရင်ဗန်းကိုင် လှေအဆင်းမြင်းအတက်
အစဉ်အလာနဲ့ အပြင်မျာပေါ်ထွက်နေတာဟာ
အပျော်ဆက်မှ ဘော်ချက်လို့ရ မာနေရင် အာ(ရ်)ကေ မ၀င်ဘူး
ကြေးမုံ။ မှန်။ ကြည့်မှန်။ တံလျှပ်၊ တံလှပ်။ စိမ့်မြေ။ ရွှံ့။
ညွှန်။ ရွှံ့နွံ့။နွံ့နစ်နေသည်။ နုနုနယ်နယ်မှာ နယ်စုံနွမ်း။
ဘယ်သူ့ဘ၀ဟာ ဘယ်သူခွက်လဲ လူမှာကွန်ချာ လူမှာကွန်ယက်
ထွန်ယက်စိုက်ပျိုးရာကနေ တစ်ကိုယ်လုံးဆီချေးစွဲ ဖွံ့ဖြိုးတိုးတက်မှု
ဟွန်းမတီးရနယ်မြေမှာ ကလိုင်ခေါက်မှုနဲ့‘အင်ကွာရာရီ ၀င်နေသည်’
ကြည့်စမ်း၊ ကြည့်စမ်း၊ ပြောနေလိုက်တာ စကားပလုပ်ပလောင်းနဲ့…

ဒီသိပ်သိပ်သည်းသည်းထဲမှာပဲ ဒီအသီးအပွင့်ဟာ သီးပွင့်ရတာ
မြင်လား၊ စကားလုံးတွေ၊ လိမ့် လိမ့် လိမ့် လိမ့် လိမ့်နေလိုက်ကြတာ
ရထားလာသည်။ တံတားမဖြတ်ရ။ မြို့ဝင်ကြေးပေးဆောင်ပါ။
ရှေ့ကိုက် ၁၀၀ တွင် လမ်းပြင်နေသည်။ နေထိုင်မှုပြင်နေသည်။
ဘ၀ပြင်နေသည်။ အရှိန်လျှော့မောင်းပါ။ ဘာကြောင့်ရပ်ရပ် ဘေးဆင်းရပ်။
ဘေးကင်းမှ ရန်ကင်းမည်။ ရှေ့တွင် နွားအုပ်ဖြတ်နေသည်။
ချူကို ဘယ်သူကြောင်ဆွဲပေးမလဲ။
အကြောင်းအရာရဲ့ နှလုံးသားဟာ ဘာပုံသဏ္ဍာနဲ့လာသလဲ။
ဂျပန်မိတ်၊ ကိုရီးယားမိတ်၊ တရုတ်မိတ်၊ ဂျာမဏီမိတ်၊
ဟိုတုန်းကဆို ဘရိတ်ရှူးကို တံစဉ်းနဲ့တိုက်ခဲ့ကြရတာ
ကျွန်တော်အထိတ်တလန့်ဖြစ်တတ်လွန်းလို့ ကျွန်တော်ရှော့အက်ဇောဘာလေး
ကျွန်မမှာ ဓာတ်မစီးမီးမလာနဲ့ ကျွန်မရဲ့ ဟိုနေရာ ၀ါယာရိန်းလေး
ဟေ့၊ ဟေ့၊ ဦးဇင်းရဲ့ ဒူးဇစ် အဖွားရဲ့ ဟိုက်ဒြောလစ်
ဆက်စပ်ဝန်းကျင်ကိုပါ တစ်ဆက်တည်းစမ်းသွားမလား၊ ဆရာ။ ဈေးချင်းအတူတူပါပဲ
‘ပုံမှန်’ဆိုတာ ‘ပုံစံဝင်’ လား ဘယ်အကန့်အသတ်ရဲ့ဘောင်
အတွေ့အကြုံကို ပေါက်ဖွားစေတာ တွေ့ကြုံမှုကို စီမံအောင် စီမံတယ်နဲ့ ရောင်းရင်းများ
ရှိပြီးသားကို မိတ်ကပ်လူးရုံသက်သက် အလှဖန်တီးရှင် စဉ်းစားနည်းဇလုပ်ကြီးနဲ့
မိုးအဖြစ်မြေ မြေအဖြစ်မိုး မှ အဖိုးအဖွားအဖြစ် သားမြေးမြစ်များ
မရှိခြင်း၊ ကွယ်နေခြင်း၊ ပယ်ထားခြင်း၊ ပလပ်ထားခြင်းများကိုလည်း သတိထားစွာဖြင့်
………………………………………………………………………………………………..
ယာယီသေချာမှုများရပ်နားရန် ညနေ ၆နာရီမှ နံနက် ၆ နာရီ သတ်မှတ်ဇုံ
ယဇ်ပူဇော်ခြင်းကို ယဇ်ပူဇော်ခြင်းအားဖြင့် အစစ်အဆေးရှိသည်ကို သတိပြု
ဘာသာစကားတွင် တွေ့ရှိရတတ်သောအဓိပ္ပာယ်များ ကွင်းဆက်ကွင်ဆက်ပုံ
ဘာသာစကားနဲ့ ကွဲကွာသွားကြတဲ့ ကျွန်တော်တို့
ဘာသာစကားနဲ့ ပြန်ဆက်သွယ်ဖို့ ယှက်နွယ်ဖို့ ပတ်သတ်ဖို့ စပ်ယှက်ဖို့
အာဘော်။ တစ်ဦးတည်းအဆိုအတွက်တေး။ ခြောက်သွေ့သော။ ငြီးငွေ့ဖွယ်ရာဖြစ်သော
ထိုအဆို ဇာတ်ရည်စပြုလာစဉ် အနှီဝါကျသည် ကား၍သာ ခံနေတော့၏
ဒို့နှစ်ယောက်ကြားမှာကဗျာတစ်ပုဒ်မခြားတော့ဘူးကွယ်
အခိုင်အမာပြောဆိုလိုက်တဲ့ အချိန်မှာပဲ မျက်နှာဖုံးဟာပြုတ်ကျ
ဇာတ်စင်ပေါ်မှာ ဇာတ်ဝင်စကားပြောရင်း ပရိသတ်ကို အရပ်စကားလှည့်ပြောသလို
ဆီချေးညစ်ကပ်၊ လုပ်သက်ရင့်စကားလုံးယားယားတွေနဲ့ အင်ဂျင်ကိုကိုတော့တယ်
စကားလုံးတွေရဲ့ ရာဇ၀င်မှာလည်း သွေးချောင်းစီးခဲ့ပေါ့
အဓိပ္ပာယ်ကို အလျှော့ပေးလိုက်တာဟာ သိမှုရဲ့အောက်စီဂျင်ကို ဖြတ်လိုက်ခြင်း
ကဗျာရဲ့ကမ္ဘာမှာ ကမ္ဘာသားစကားအလုပ်လုပ်ပုံရဲ့ မိုးကုပ်စက်ဝိုင်းမျဉ်း
ဆီဖြည့်စဉ် စက်ပိတ်ထားပါ ကဗျာလမ်းကြောင်းပြင်နေသည်
ခင်ဗျားက ဒီမှာရပ်ချင်တယ်မဟုတ်လား အဲဒါ အကျင့်ပဲ
ခင်ဗျား အကျင့်ခံလိုက်ရပြီဆိုတာဟာလည်း အာရုံခံစားမှုသစ်ပေါ့။ ။

၁၈၊ ဒီဇင်ဘာလ ၂၀၀၇

ပြီးပါပြီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s