လမ်းအိုလေး

Løøps of Resistance …

တောလား (အောင်ချိမ့်)

တောလား (အောင်ချိမ့်)

Leave a comment

ခင်ဗျားစိတ်ဝင်စားရဲ့လား

အသက် ၅ဝ ပြည့်တော့ လူဟာ နည်းနည်းတုန်လှုပ်ပြီး အံ့အားတသင့် ဖြစ်မိတယ်။ အဲ့ဒါနဲ့ ကိုယ့်လမ်းကြောင်း ကိုယ်ပြန်ကြည့်ရာက ‘တောလား’ ကို ရေးခဲ့နိုင်တယ်။ ၁၉၉၈ ခုနှစ်မှာပေါ့။ တိုက်ဆိုင်မှုအနေနဲ့ ‘ဖော်ဝေးကွယ်လွန်ခြင်း နှစ် ၂ဝ ပြည့်’နှစ်လည်း ဖြစ်ပါတယ်။ ‘သေခြင်း’ နဲ့ ‘ရှင်ခြင်း’ ဟာ ယှဉ်လျက်သားပဲ။ ဒါကြောင့် ဖော်ဝေးကွယ်လွန်ခြင်းကို ထည့်ရည်ညွှန်းခဲ့တယ်။

အဲ့ဒီကနေ ၁ဝ နှစ်ကျော်ခဲ့ပါပြီ။ ပြန်ဖတ်တော့ နှစ် ၅ဝ ဆိုတာကြီးကို ကျွန်တော် အံ့အားသင့်တုန်းပဲ။ ရာစုရဲ့ ထက်ဝက် မဟုတ်လား။ အဲ့ဒါဟာ ‘တောလား’ ကို ထုတ်ဝေဖို့ ပြန်လည်နိုးကြားစေတဲ့ အဓိက အကြောင်းပါပဲ။

သမိုင်း မဟုတ်ဘူး ရာဇဝင် မဟုတ်ဘူး ဒီစာအုပ်ကို ကဗျာဖတ်သူ ဖတ်တဲ့အခါ ‘ရုပ်ရှင်ကား တစ်ကားလောက် ကြည့်ရတဲ့ သဘောပဲ’ ဟူပါက ကျွန်တော့်ဘက်ကလည်း သဘောတူလိုပါတယ်။ အနုပညာပြုလုပ်မှုမျှသာ။

အဲ့ဒါ ကျွန်တော့် နှစ်ငါးဆယ်။ အဲ့ဒါ ကျွန်တော့် တောလား။
ခင်ဗျား စိတ်ဝင်စားရဲ့လား။

လေးစားစွာဖြင့်
အောင်ချိမ့်
၂၃-၅-၂ဝဝ၉


လောကဓာတ်ကြီးတောင် ပျက်စီးကုန်ရ
မြင်မြင်သမျှ သင်္ခါရမှန်သမျှတွေ..

– ‘မဟာဂီတ ဦးပြုံးချို’ ၏ ‘ဇာတိအာဏာ’မှ


နည်းတဲ့နှစ်တွေလား
ရဟတ်ကြီး တဒီးဒီးပမာ
အကြွေစေ့ထည့်ရင် နိပါတ်တစ်ကွက်လှည့်သလို
ရထားအခေါက်ခေါက်
နွေအခေါက်ခေါက် မိုးအခေါက်ခေါက် ဆောင်းအခေါက်ခေါက်
ငါတို့ အခေါက်ခေါက်
ထို့နောက် မိုးအုံ့ပြီးနောက် နေပွင့်လာပုံ
ထို့နောက် မိုးပြန်အုံ့ကာ
‘ရှဲခနဲ’ မီးခြစ်ဆံများပမာ
ပျောက်ကွယ်သွားသူများ
နောက်ထပ်ရောက်လာသူများ
မြို့များ
မြို့သစ်များ
စကားလုံးများ
စကားလုံးအသစ်များ
မုသားများ
မုသားအသစ်များ
ဒုက္ခဆိုလည်း ဒုက္ခအသစ်
နောက်ထပ်နာမည်အသစ်နဲ့
ငါကခါးလည်း နောက်ထပ်အခါးများ
ငါကမမျှော်လင့်လည်း နောက်ထပ်မျှော်လင့်ချက်များ
အဲဒီမှာ ငါက ကားယားကြီးကျလာ
အဲဒီမှာ ငါ အတော်မသတ်ကြီးပြင်းလာ
အဲဒီတော့ ငါ မူလဆီ ပြန်သွားလို့လည်း မရ
အမှန်က ဘယ်အရာဆီမှ တကယ်ပြန်သွားလို့ မရ
အဲဒီမှာ..
ငါတို့ မသေခဲ့ကြ!
ဘယ်လိုကမ္ပည်းတင်မှုပါလိမ့်
အဲဒါက လွမ်းဆွတ်ဖွယ်ဖြစ်အောင်
ငါ့ကိုဆွဲဆောင်နေတာပေါ့
ဒါပေမဲ့ ငါ့တို့
ရှေ့ရထားကို မမီလိုက်သူများ
နောက်ရထားနဲ့လည်း လိုက်ပါခွင့်မရှိသူများ
ရက်စက်တဲ့သွားတွေထဲ ပစ်ထည့်ခံလိုက်၊ ခုန်ထွက်လိုက်
ငါဟာ ဆပ်ကပ်သမားဖြစ်ခဲ့တယ်
ငါဟာ ကိုယ်မသိသောအမှုအတွက်
ပူးတွဲတရားခံဖြစ်ခဲ့တယ်
ငါဟာ ၁၉၄၈
ကမ္ဘာစစ်မှ ပြည်တွင်းစစ်သို့ ကူးပြောင်းကာစ
လူ့ဘဝကို ရခဲ့တယ်
လူအများ အလကားနီးနီးရသောအရာကိုမျှ
ငါ တိုက်ယူခဲ့ရပါတယ်
သေနတ်တစ်ချက်မှမဖောက်ဘဲ
ငါစစ်ရှုံးခဲ့ပါတယ်
ငါလက်ထပ်ခဲ့တယ်
လက်ထပ်စာချုပ်ရှိခဲ့တယ်
ဖိတ်ကျတဲ့လသာညတစ်စက်လောက်
သောက်ခဲ့ဖူးတယ်
ရူးဖူးတယ်
ငါ့ဘဝကို အများပြည်သူကောင်းစားရေးစကားလုံးမှာ ပုံအောဖို့
အရေးကြီးဖူးတယ်
အရှက်တကွဲ အသည်းကွဲဖူးတယ်
၁၉၆၂၊ ၁၉၆၅
၁၉၇၄
၁၉၈၈
၁၉၉၆
ခုနှစ်များ
စားဖူးတယ်
ဖျာတစ်ချပ်ပေါ်သေသလို
လေးလေးနက်နက် ပျင်းရိခဲ့တယ်
ကြောင်ထီးလို ပျင်းရိခဲ့တယ်
လူတွေက အထင်သေးစော်ကား
ကိုယ်က ကိုယ့်ကိုယ်ကိုယ်ကြီးမားတယ်လို့ထင်
လွဲချင်တိုင်း လွဲခဲ့တယ်
သူငယ်ချင်းတွေနဲ့ ကွဲခဲ့တယ်
ဘဝခြားခဲ့တယ်
ဘဝတစ်ပါးသို့ပြောင်းသွားသလို ဘဝခြားခဲ့တယ်
ငါပြန်လာတဲ့နေ့တိုင်း
‘အသက် ၅ဝ ပြည့်တဲ့အခါ ဘယ်လိုနေမလဲ’တွေးတယ်
‘သူတောင်းစားသာသာပါကွာ’
ငါရတယ်
ငါမို့ရတယ်
ငါရခဲ့တာကို တလွဲမထင်ပါ
ငါ’ဖာတစ်လုံးခေါင်းကြား’လို အော်တယ်
တစ်ချိန်တုန်းက ‘ဒေါက်တာကစ်ဆင်ဂျာ’ဟာ
ငါတို့ကိစ္စတွေကို ဖြေရှင်းပေးတယ်
အများကြီး အဆင်ပြေပါတယ်
နာရီတွေ ချိတ်ထားကြ
မော့မော့ကြည့်ကြ
လည်ပြန်ကြည့်ကြ
လာမယ့်မိနစ်အနည်းငယ်မှာ
တစ်ခုခုဖြစ်လာမည့်အတိုင်းပဲ
ငါ့အဖေက သေတဲ့အထိ လက်ပတ်နာရီ မပတ်ဖူးဘူး
ပိုက်ဆံငါးကျပ်ကျော်အောင် မကိုင်ဖူးဘူး
ငါက တန်ပါတယ်
ငါက ဟန်ပါတယ်
ပိုက်ဆံအိတ်နဲ့မဆံ့တဲ့ ပိုက်ဆံတွေ
၁. ရေမွှေးနံ့တထောင်းထောင်း အကျင့်စာရိတ္တတွေ
တိုက်တာပြောင်ပြောင်တွေ
လမ်းမကျယ်ကြီးပေါ်မှာ ကြယ်တွေလိုက်ကောက်ကြ
အကျင့်ပျက်ပြားကြ
စီးကရက်နဲ့ အားဖြည့်အချိုရည် ကြိုက်နှစ်ခြိုက်ကြ
ဆက်လက်၍ နေမြဲနေ မှားမြဲမှား
ဆက်လက်၍ သွားကြ
ဒီရေရဲ့ ရှေ့ဆုံးကလှိုင်းတို့
ကမ္ဘာကြီးကို ပြောင်းလဲလိုက်စမ်းပါ
ငါ့ကိုပါ ပြောင်းလဲလိုက်စမ်းပါ
ကျားကစားသလို
ဒုံးပျံလက်နက် ကန့်သတ်သလို
ငါ အသက် ၅ဝ ပြည့်တော့မယ်
ဘ0xJaeခဲ့တယ်
ရေဒီယို နားထောင်တယ်
ကမ္ဘာကြီးကို ချောင်းကြည့်တယ်
ငါ ချစ်ခဲ့တယ်
‘ဗာစကိုပိုပါ’ပြောတဲ့ ‘ငါ့အနမ်းကို
ကာကွယ်ပေးတဲ့ သေနတ်သံတစ်သံ’ကို နားထောင်လို့
ငါချစ်ခဲ့တယ်
ငါ့ဘာသာငါ စစ်ကြီးဖြစ်နေတယ်
စစ်ကြီးပြီးခဲ့တယ်
ငါ့ဘာသာငါ စစ်ကြီးထပ်ဖြစ်တယ်
လိုရမည်ရ အသက်ဝဝရှုထားရမယ်
ထွန်ယက်ကြလော့
အသက်ရှင်နေထိုင်ကြလော့
ကြားလိမ့်မယ်
လွယ်သလား
ခံနိုင်ခဲ့ပြီး
နောက်လည်းခံနိုင်ဖို့
ငါ့လက်မှတ်ကို ငါသိတယ်
ထန်းပင်တက်ကောင်းတဲ့ လက်မှတ်လိုလေ
ငါဟာ ပူပြင်း
ခြောက်သွေ့ပြီး
လူရဲ့ မလွဲမသွေ နောက်ဆုံးလမ်းလို အထီးကျန်လွန်းတော့

ငါ မထိန်းနိုင်ဘူး

ချစ်ခြင်းမေတ္တာရဲ့နူးညံ့မှုကို
ထိတွေ့တဲ့အခါ
ငါမထိန်းနိုင်ဘူး
အမဲတုံးမိတဲ့ခွေးလို ဆန့်ငင်ဆန့်ငင်
မသေမရှင်
ငါ မထိန်းနိုင်ဘူး
အပြည့်လူ အပြည့်လူ့ဘုံကိုမရတဲ့
ငါ့တေးဟာ
အရိုင်းအစိုင်းတေးပဲ
ဘုရားတရားတော်နဲ့
အနုပညာနည်းနည်းကြောင့်သာ
ငါဟာ ယဉ်ကျေးဖွယ်ဖွယ်ရာရာ နည်းနည်းရှိခဲ့
ငါ ‘ဂျွန်ကိ’လို ကံဆိုးတယ်
သူ့လို ‘အကောင်းတွေ’ကိုတော့ ချန်မထားနိုင်ဘူး
တစ်ခါက ငါ့အမေက ငါ့ကိုမွေးခဲ့ပေါ့
ငါ့အမေက ငါ့ကို နာကြည်းခဲ့ပေါ့
အမေရဲ့အချစ်ဆုံးသားဟာ
အမေရဲ့အမုန်းဆုံးသားပမာ
ငါမှားတယ်
သို့မဟုတ် မှန်တယ်
မထူးနိုင်တော့ပါ
အမေရယ် အမေဆုံးတော့ သည်းသည်းထန်ထန် ကျွန်တော်ငိုတယ်
ကြည့်လို့တော့ အတော်ဆိုးတာပဲ
အမေ မသိဘူးမဟုတ်လား
အမေ ကျွန်တော့်ကိုသိအောင် ကျွန်တော်မစွမ်းဘူး မဟုတ်လား
အမေက စိတ်ကြီးတယ်
သူ့အမေခေါင်းချရာမှာ သူ ဖြစ်အောင် လိုက်ခေါင်းချတယ်
ကျွန်တော့်အမေမြေပုံမှာ ပန်းတစ်ပွင့်ပင် မစိုက်နိုင်ခဲ့ဘူး
ခုတော့ မျက်မှန်နဲ့ ဆံပင်ဖြူနဲ့
မြေမြှုပ်ဗုံးတွေကြား လမ်းလျှောက်သလို ဇီဇာကြောင်ကြောင်နဲ့
သေမှာလည်း ကြောက်နေတယ်
နောက်ကြောင်း မအေးဘူးကိုး
အသက်ရှင်ဖို့ရာ
‘အသက်ရှင်မှုအတတ်’ လိုပါလေရဲ့
ဒါကြောင့် ငါ့မှာ မရပ်မနားပြေးလမ်းပေါ်
ယောင်္ကျားတွေ မရပ်မနားပြေးလမ်းပေါ်
ပြေးပေရော့
ငါ့နောက်မှာ ငါ့ရထားတွဲ
ဒရွတ်ဆွဲလိုက်ပါလို့ရယ်
ကြွေးဆိုတာ ယူပြီးရင် ကျိန်းသေ ပြန်ဆပ်ရမယ်
‘ရှားလော့’လှီးယူချင်တဲ့ အသားတစ်ပေါင်ဖြစ်ဖြစ်
ကျိန်းသေပြန်ဆပ်ရတယ်
ပြုခဲ့မိရင်
ကျိန်းသေအလျော်ပြန်ပေးရပါတယ်
အလျော်ပေးရမယ်
မိသားစုတွေ
စိတ်ဒုန်းဒုန်းချ မိသားစုတွေ
ငါတို့၏အဖေများမှ သမီးများအထိ
လွတ်လပ်ပျော်ရွှင်နောက်ပြောင်ကြပါစေ
ခံစားမှုအတိုင်း နေထိုင်ပါစေ
ခံစားမှုကတော့ မြင့်မားပစေ့ပေါ့
ကားလို
မောင်းရင်း ဘရိတ်အုပ်ရင်း
လမ်းကြည့်ရင်း အရှိန်မြှင့်ရင်းပေါ့

တစ်ယောက်အတွက်တစ်ယောက် သီချင်းဆိုပါ
ကူညီပါ
ကဗျာရဲ့မှော်စွမ်းနဲ့
အသံတွေကို ခေါ်ပါ
စိတ်ရှည်ရှည်ထားရမယ်
လေ့ကျင့်ခန်းလုပ်ရမယ်
ကိုယ့်စိတ္တဇနဲ့ကိုယ် ပျော်မွေ့ဖို့လိုမယ်
ရူးသွပ်ပြေးထွက်လာသူကို
အဝတ်ဖြူကြီး လွှားခနဲလွှမ်း
ခင်ဗျားကို ဆံပင်ညှပ်ရမယ်
ဆံပင်ခဏခဏ ညှပ်တယ်
ဆံပင်ညှပ်တဲ့ခေတ်ပဲ
အရည်အချင်းမလိုတဲ့ခေတ်ပဲ
အကောင်းတော့ မဟုတ်ဘူး
ဆံပင်ခဏခဏ ညှပ်တယ်
မရေမရာ မှုန်ဝါးဝါးမှာ
ယုံကြည်မှုတစ်ခုရရန် ငါ့မှာ
အလျင်စလိုဖြစ်နေဟန်တူတယ်
ဟုတ်ပြီ၊ အံဖတ်တွေပေပြီးနောက်
ရေချိုးပြီးပြီ
ခေါင်းလျှော်ပြီးပြီ
ပရိတ်ရွတ်ပြီးပြီ
‘အမှောင်တွင်းမှ ဘုရားရှိခိုးမှုအား
ကြားတော်မူပါ အရှင်ဘုရား’
‘အမှောင်အတွင်းမှ အမျှယူ
သာဓုခေါ်ပါရစေ အရှင်ဘုရား’
ထရပ်ကားများ စီတန်းမောင်းသွားကြ
စက်ဆီပေ ဒရိုင်ဘာတွေ
စက်ဆီပေ ပင်လယ်ငါးတွေ
ပြည်သူလူထုဟာ ခေါင်းဖြီးဖို့သပ်သပ်
အားလပ်ရက်မှာ ရုပ်ရှင်ကြည့်
စင်္ကြံမှာ ပြည့်ကျပ်နေတယ်
သတင်းစာဖတ်လို့
ရထားထွက်တော့မယ်
ငါ့မျက်လုံးသီလာလို့
ရထားထွက်တော့မယ်
‘ကွေးမြစ်ပေါ်က တံတား’မှာ
ရထားထွက်တော့မယ်
စစ်ပွဲသို့အသွား စစ်ပွဲမှအလာ
ပါရီမြို့ကြီး ပျော်ပွဲဆင်လျက်ပါ
လူညစ်တစ်ယောက် ပေါ်လာတိုင်း ပေါ်လာတိုင်း
ကမ္ဘာကြီးအလုပ်ရှုပ်ရပါတယ်
ငါ ဖျားတယ်
အမုန်းများခြစ်ခြစ်တောက်
ငါ နေမကောင်းဘူး
၁ဝနှစ်ဆေးခါးကြီး ငါသောက်တယ်
ငါ နေမကောင်းဘူး
လူ့ဘဝမှာ ရောဂါဖြစ်လိုက်
ဆေးကုလိုက်
ပျောက်လိုက်
မငြီးငွေ့နိုင်ပါဘူး
ငါတို့ ထမင်းဝိုင်းထိုင်တော့
ကျိုင်းကောင်တွေ ပျံလာပြီ
‘နို့ ငါ မပြောလို့ ဘယ်သူက ပြောမှာလဲ’
ကျိုင်းကောင်တွေ ပျံလာပြီ
‘ဒေဝဒတ်ကို ကယ်တော်မူပါဘုရား’
‘မြေပြိုတော့မယ့် ဒေဝဒတ်ကို ကယ်တော်မူပါဘုရား’
ကျိုင်းကောင်တွေ ပျံလာပြီ
ရော့ခ်အင်ရိုးကမ္ဘာ
ကျိုင်းကောင်တွေ ပျံလာပြီ
ညစ်ပတ်တဲ့နောက်ဖေးလမ်းကြားနဲ့ ကမ္ဘာ
တရုတ်ပျော်ပွဲစားရုံနဲ့ ကမ္ဘာ
ကျိုင်းကောင်တွေ ပျံလာပြီ
နှင်းဆီပန်းများပွင့်တဲ့ ချစ်စဖွယ်ကမ္ဘာ
ကျိုင်းကောင်တွေ ပျံလာပြီ
သရဲတစ္ဆေဆန်စွာ
အံမဝင်ခွင်မကျ
အနေရအထိုင်ရလက်နေတဲ့ နောက်ဆုံးလက်ကျန်ဂေါ်ဇီလာ
အဲသလို ကဗျာဆရာ
အမျိုးသားမှတ်ပုံတင်ကတ်မှာ
အလုပ်အကိုင် ကဗျာဆရာ
မဟာပထဝီမြေကြီး အိုးထိန်းစက်ကဲ့သို့ လည်၏
အဲသလို ကဗျာဆရာ
တစ်ချက်ပိတ်ကန်ခံရရင်
ကဗျာတစ်ပုဒ် ဆောင့်ထွက်လာတယ်
ဒါကြောင့် ငါ့ကဗျာကို အရသာခံဖတ်သင့်ပါတယ်
အဲသလို ကဗျာဆရာ
အဲဒါကို သူ တစ်သက်လုံး ကြိုးစားခဲ့တာတဲ့
နားလည်လာပါလိမ့်မယ် ကဗျာဆရာဆိုတာ
တကယ်ကတော့ ငရဲသားများ
အဲသလို ကဗျာဆရာ
အသင့်ပြင်ကင်မရာ သန်းပေါင်းများစွာရှေ့
လူ့သမိုင်းဟာ သတိကြီးကြီးနဲ့
ရှေ့တိုးလာနေတယ်
လူ့သမိုင်းဟာ ရှေ့တိုးလာနေပါတယ်
ရူးသွားသလို ငါခုန်ပေါက်နေတယ်
ဟေ့ကောင် ထိုးစမ်းကွာ
ငါ့ကို တရစပ်ထိုးစမ်းကွာ
အလုပ်နဲ့လက်မပြတ်သူလို ထိုးစမ်းကွာ
ငါ ခုန်နေမယ်
ငါ အော်နေမယ်
ကြိုးဝိုင်းခေါင်းလောင်းသံ မမြည်မချင်း
ငါ ခုန်ပေါက်နေတယ်
ငါ ဆွေ့ဆွေ့ခုန်နေတယ်
ငါဟာ လူပေါ
ငါဟာ လူသိမ်လူဖျင်း
ငါဟာ သူရဲကောင်း
ဘယ်လိုမဆို ငါနေခဲ့တယ်
အဲသလို
လူးလှိမ့်ခဲ့တယ်
အဲသလို
တစ်ပတ်ရိုက်ခံခဲ့တယ်
ငါ့ဘက်က မပျက်ကွက်ခဲ့ပါဘူး
အဲသလို

ကဲ၊ အသက်ရှင်ခဲ့တယ်လေကွာ
ငါ့ရဲ့ဂုဏ်ယူစရာ
ငါ့ရဲ့မသတီစရာများ
ငါ့ရဲ့ ဂုဏ်သိက္ခာများ
ဂုဏ်သိက္ခာ၏ အဖိုးအခများ
ဂုဏ်သိက္ခာ၏ ကျဆုံးခန်းများ
မသေရုံသက်သက်ပဲ
ငါ့အတွက်က ဗလာပါ
ငါအမြဲ ဗလာမဲကျခဲ့တယ်
ငယ်ငယ်က ပိန်တယ်
ကြီးလာတော့ ဝတယ်
ငါ မပါပြန်ဘူး
ငါဟာ ညောင်းညာခဲ့တယ်
ပက်လက်ကုလားထိုင်လို ညောင်းညာခဲ့တယ်
ငါ ‘ဒေးဗစ်ကော်ပါဖီး’လို မပျံနိုင်ဘူး
မှောင်မည်းဥမင်လိုဏ်ခေါင်းရှည်လျား
ဘူတာကို မေးမြန်းကြ
အဖြေမရှိကြ
ကုန်သည်ပွဲစားများ
အမှုထမ်းများ
ဘုရင်များ
သဘင်သည်များ
ဘာမှမလုပ်သူများ
စိတ်မသန့်နိုင်၍ ရေသန့်ဘူးသောက်သူများ
ရှိမြဲရှိတဲ့ ခေါမကျောက်အိုးမှာလို
ဘယ်သူနဲ့မှ အငြင်းပွားဖို့ ငါ့အလုပ်မဟုတ်ပါ
မှားချင်မှားလိမ့်မယ်
‘ဟိုကောင် ရေနစ်နေပြီ
လာ၊ သွားကြည့်ရအောင်’တဲ့
‘မြတ်စွာဘုရား’
ရုပ်ရှင်များ ပြသလျက်
ကားများ လမ်းမပေါ်ပြည့်လျှံလျက်
စကားများ ဆူညံလျက်
ငါကြိတ်၍ အညံ့ခံခဲ့ပေါင်း
ထည့်ပေါင်းရမယ်
အနာဂတ်ဆိုတာ အခြားရွေးချယ်စရာမရှိတဲ့အရာပါပဲ
ငါ ဘယ်တုန်းကမှ တကယ်မပျော်ရွှင်ခဲ့ပါ
ငါလည်း စစ်လျော်ကြေး ရလိုပါတယ်
ငါ စိတ်လေခဲ့တယ်
အငွေ့ပျံ
အခဲဖြစ်
ထပ်ကာ အခဲဖြစ်
ထပ်ကာ အငွေ့ပျံ
နေ့တွေညတွေ နေတွေလတွေ ဂြိုလ်တွေနက္ခတ်တွေ
ထိုင်ရေတွက်နေသလိုလို
‘ပရောဖတ်’လိုလို
ငါ ယဉ်ယဉ်လေး စိတ်လေနေတယ်
ဒါနဲ့စကားမစပ်
ရယ်တော့ ရယ်စရာ
အကြိမ်များစွာ ငါဖြစ်ပုံ
ငါ့ကိုတွေ့ရင်
‘ဥမ္မာဒန္တီ’ကို တွေ့လိုက်တဲ့ ပုဏ္ဏားတစ်သိုက်လို
မူးမော်တွန့်ခေါက်ကုန်ကြတယ်
အကြိမ်များစွာ
ငါ့ကိုတွေ့လေတိုင်း
ဟ၊ ဒီဥပမာက
ဆီလျော်ရဲ့လားကွ
ငါ ယဉ်ယဉ်လေး စိတ်လေနေတယ်
ငါ့မှတ်ဥာဏ်မှာ ကုက္ကိုပင် အကြီးကြီးများ
မရှိတော့ပါ
လွမ်းဆွတ်ဖွယ်ရာသီဥတုအောက်
မီးကျည်မီးပန်းလိုထတောက်
အရောင်စုံသော စက္ကူပန်းများအား
မမေ့ပါ
‘ဖော်ဝေး’ကို မမေ့ပါ
သူဟာ မှန်ချပ်များ ခြောက်လှန့်ပြလိုတဲ့
သူ့ကိုယ်သူ ရှောင်ခဲ့ဖူးတယ်
အပြစ်မကင်းသလို ငါ့နေထိုင်မှုမှာ
ငါ ကျင့်သားရခဲ့တာ
ကိုယ့်အစွမ်းအစကို အပထားပြီး
ဆွံ့အခဲ့တာ
ခဏခဏနာကျင်မှုကို
ထုံခဲ့တာ
ငါ ဝင်ထွက်သွားလာသမျှ
အသက်မဲ့နေခဲ့တာ
ငါ့လှုပ်ရှားမှု ငါ့ပြောင်မြောက်မှု
တရားမဝင်ခဲ့တာ
ငါ့မှန်မှာ ငါ့ဟာ မှားနေပေါ့
‘မှန်တွေဟာ မှားနေတယ်လို့’
လွန်ခဲ့တဲ့ ၄-၅ နှစ်လောက်က
တစ်ကမ္ဘာလုံး အလန့်တကြားသိခဲ့ကြတယ်
ငါလည်း အဲဒီတော့မှ သိတယ်
နေ့စဉ် ငါတို့ ကိုယ့်ကိုယ်ကိုယ်စေ့စေ့ကြည့်ခဲ့ပြီး
နေ့စဉ် ငါတို့ ကိုယ့်ကိုယ်ကိုယ် သေသေချာချာမှားခဲ့တယ်
ဒီတော့ ဘယ်လိုလုပ်မလဲ
ငါဟာ ယိမ်းထိုးတုန်လှုပ်ခဲ့ပေါ့
ငါ တုန်သွားတယ်
ဒီတုံးမှာ မုန်တိုင်းလာပေါ့
မဟာသမုဒ္ဒရာမှ မဟုတ်ပါ
အနန္တ စကြဝဠာမှမဟုတ်ပါ
မုန်တိုင်းလို မုန်တိုင်းလာပေါ့
ငါ့ကိုယ်တွင်းမှ မုန်တိုင်းလာပေါ့
မှန်များကွဲပေါ့
ငါ အမြွှာမြွှာ အစိတ်စိတ်
ငါ အစိတ်စိတ် အမြွှာမြွှာ
မှန်လိုကွဲပေါ့
သွေးထွက်ပေါ့
သွေးခြင်းခြင်းနီ ငါဆိုတာလိုက်ကောက်လည်းÄÄ
ဘယ်မှာမှ ကောက်၍မရပါ
တစ်စတစ်ဖဲ့မျှ မရပါ၊ ဒုက္ခပဲ
ဆိုးပုံက
‘ငါဟာ ငါဖြစ်တယ်’လို့
ဖင်ခေါင်းကျယ်လို့ မရတော့တာပဲ၊ ဒုက္ခပဲ
ဒိန်းဒလိန်း ဖမ်းစားသလို
အဲဒီသွေးအလိမ်းလိမ်းငါများ
ခင်ဗျားဖတ်ပါတော့။ ။

အောင်ချိမ့်
၂၈ ဂျူလိုင် ၁၉၉၇ မှ ၁၂ သြဂုတ် ၁၉၉၇

နောက် ၆ လ ၇ လလောက်ကြာတဲ့အခါ
ဒီကဗျာကို စာကြောင်းရှေ့နောက်ရွှေ့တာ
အပေါ်အောက်ရွှေ့တာ ပြင်တာ ဆင်တာ ဖြုတ်တာ ပယ်တာ
ဖြည့်စွက်တာ ထပ်တိုးတာ နည်းနည်းစီ ထပ်လုပ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s