လမ်းအိုလေး

Løøps of Resistance …

အကြမ်းရေးခြစ်ခြင်းမှာ သံသရာမပါပါ (လူဆန်း)

Leave a comment

  • မားသလော။ မောသလား။ တစ်ယောက်စားပွဲမှာ ထမင်းနဲ့ ဘောလ်ပင်န်နဲ့။
    ချစ်လက်စအားလုံးနဲ့ ‘သြ’ သို့မဟုတ် ‘ဆုမ်’ သို့မဟုတ် ‘ဒါရိုင်’ အတွက် တစ်ခွက်။
    မုတ်ဆိတ်ညောင်ပင်ကြီးအောက် ချိန်းမိုင်မြို့ရိုးဟောင်းပေါ်ရှိ ခရုခွံဖုတ်မီးကျွမ်းပြာအောက် မြေစင်မြေသားအတွက်။ ထိုင်းအမိမြေအတွက် တစ်ခွက်။
  • ပန်ကာများလည်း ဖွင့်ပြီးပါပြီ။ နံရံအတွင်း အရှင်ကြီး၊ အရှင်လေးတို့ကိုလည်း ပသပူဇော်ပြီးပါပြီ။ ချိန်းမိုင်ရေကိုယူ။ နှစ်ခါဆိုပါ။ ကဲ တစ်ခွက်လုပ်လိုက်ပါဦး။ ပလတ်စတစ်ဘူး ရေသံသရာလည်ပုံမှာ နေရာပေါင်းစုံ၊ ဘုံဘိုင်ပေါင်းစုံ၊ တကသ ဘုံဘိုင်လည်း ပါတာပဲ။ ရေဟာ ရေပဲ ပြောစမ်းဘာကွာလို့လဲ။
  • ကျွန်းသမားတွေ၊ သေဒဏ်တွေ၊ တိုက်ထဲ ပြောစရာမရှိလို့ မိခင်စကားကို ရမ္မာန်တစ်ပတ် အနားပေးထား။ မင်းထောင်းပေးလိုက်တဲ့ ငါးပိ။ ဝါးတူနဲ့ညှပ်ပြီး ထင်ရာမြင်ရာ သံပုရာဆမ်း၊ ကော်လင်ဗန်းနဲ့ အာလာပသလ္လာပ တွေးရတယ် မိရွှေမိုး။
  • အကြွင်းမဲ့ အိုင်ဒီယာဟာ၊ အကြွင်းမဲ့လူကို ပျက်စီးစေတတ်လို့ သမ္မတကြီး ဒေါက်တာမောင်မောင်ကို ကျေးဇူးတင်တိုင်း သတိရနေတယ် မမဘေဘီ။
  • စွန့်ပစ်ထွက်ခွာသွားတယ် အဝေးမှာ။ ပစ်စွန့်ခွာထွက်သွားတယ် အနီးမှာ တံတောင်ဆစ်ပြန်ချ။ လည်ချောင်းအမျို။ မုန်ညင်းချဉ်ဖတ်ရည်ကြားက ခရမ်းသီးဖတ် နှိုက်ရတယ် စွိဟတ်။ ဂွပ် ဂွပ် ဂွပ် ဂွပ်။ ရေခဲတောင်ကြီး ကွဲပြိုသံ။ နှလုံးသား ငါးဘတ်တန် ရေခဲထုပ် ပြိုလဲသံကြောင့် စိုးရိမ်တကြီး အမြန်ထိမ်းလိုက်ရတယ် အချစ်လေး။
  • အမ်ဆောရီးနော်။ အချစ်ပေါ့သွားမှာထက် အအေးပေါ့သွားမှာစိုး။ ‘အချစ်ရေ့။ နေလို့မှ ကောင်းရဲ့လား။ သောက်လို့ပျော်ပါတယ်။ သေတော့သေမယ်ကွယ့်။ အချစ်ရေ …’
  • ၁။ ရေခဲရေနဲ့အဲကွန်း
    ၂။ ဟွန်ဒါ၊ တိုယိုတာ၊ မော်တော်ဆိုင်ကယ်
    ၃။ ဘိလပ်မြေ
    ၄။ ခရမ်းသီးချဉ်ဖတ်
    ၅။ ငြုပ်စပ်အရွယ်စားအမျိုးမျိုး
    ၆။ သကြားချိုချို
    ၇။ မွှေးတဲ့အရွက်မှန်သမျှ အကုန်အစုံ
    ၈။ ရဲရဲတောက် အချိုမှုန့်ခွက်ကြီး
  • ဒါက လက်နှစ်ဖက်အရေပြားတွေ နေလောင် ဇက်တောင့်။ သွေးကျပြီး ၊ခြေသလုံးအောင့်လို့ တင်ပါးပလင် ထက်ဝယ်ဖွဲ့ခွေ။ အကြောင်းကြောင်းများ အကြောင်းပြုကြ။
    တော်ပြီ။ တော်ပြီ မပြောတော့ဘူး။ ရန်ကုန်။ အင်း မဟာရန်ကုန် ရွှေမြို့တော်ကြီးရောက် ထက်အညာ အောက်ပြည်ရွာသားများနဲ့ အပြည်ပြည်ရောက် ဗမာလက်ဖျံသန် ဘော်ဒါကြီးငယ်များအတွက်။ တခွက်ပါ။

ဒီနေ့ ညနေညဈေးသွားလည်ဖို့ စဉ်းစားဆဲ။ သုံးညရှိပြီ ရောက်တာ။ ဒီည ကြယ်မတွေ့ဘူး။ ကျွပ်ကျွပ်သွပ်သံ မြည်နေတယ်။ ထွက်ကြည့်ပြီး အခန်းလေသန့်အောင် တံခါးဖွင့်ထားတော့ ခြင်ဝင်တယ်။ ဂတ်စ်ဟောက်စ်တွေမှာ အနည်းဆုံး ပန်ကာများ အခန်းတွေ ခြင်လုံအပြည့်တပ်ထား။ ခဏလေး။ ရွာပြီလား ထွက်ကြည့်လိုက်ဦးမယ်။ နေရာတကာ ထိုင်းမာဆတ်၊ အွိုင်းမာဆတ်၊ ဖွတ်မာဆတ်၊ ဖစ်ရှ်မာဆတ်ရှိတယ်။ ဒါက ငါးကလေးတွေ နှိပ်ပေးတာ။ ငါးမှန်ကန်ထဲ ကုလားထိုင်ပေါ်ကနေ ခြေအိတ်၊ ဖိနပ်ချွတ်ပြီး ခြေထောက်ဆေးပြီး စိမ်ပေးထားရတယ်။ အပြင်ကလောက်ပဲ ဓာတ်ပုံရိုက် အတွေ့အကြုံ ဖြစ်ပါတယ်။
ပိုက်ဆံဟာ အရေးကြီးတယ် မဟုတ်လို့ တစ်ယောက်ယောက်ဆီ ဖုန်းဆက်စမ်းပါရစေ။ မြန်မာစကား ပြောချင်လို့။ ပတ်စ်ပို့ အပေါင်ထားရတဲ့ ဆိုင်ကယ်သော့ကို လည်မှာဆွဲ။ အဲဒီမှာ ပြဿနာရှိတယ်။ ပြဿနာက ဆုံးဖြတ်ချက်လား။ သေချာသလား။ မှန်းရတာလား။ ပြောရရင် ဒီညအဖို့တော့ သေချာတယ်။ ကျွန်တော် သေချာတယ် ဒီညအဖို့. ပြီးတော့ မှန်းရတာပဲလို့ ထပ်ပြီး အမြဲပြောနေမှာပဲ။ အဲဒါ သေချာသလား ဆိုတော့လဲ မေဘီပဲ။
ထို့အတူ ရှူးဝါးလားလို့ မေးပါတယ်။ ကျွန်တော်လည်း သေချာချင်တာပေါ့။ လိမ်ရမလား။ ညာပြောလိုက်ရမလား။ မေဘီပေါ့နော်။ အဲဒီလို ကိုယ့်ကိုယ်ကို ပြန်ယူလာခဲ့ရတာပဲ။ ထင်တယ်။ ထင်တာနော်။ ဒီညအဖို့ လုံးဝအားနာငဲ့ကွက်စရာ မလိုတဲ့ ကိစ္စကို ပြောတာ။
ဟုတ်ပြီ။ ဟုတ်ပါပြီ။ ခင်ဗျားခွက်ထဲ ငှဲ့မယ်နော်။ စိတ်မရှိပါနဲ့။ မော်တော်ဆပ်၊ မတ်တပ်ဆော် ဆိုင်ကလေးများ၊ စပါး၊ ကောက်ညှင်း၊ ရှမ်းဆန်၊ မီးတောက်၊ ဆေးစိမ်အနီနဲ့ အဖြူ၊ ပုလင်းတံဆိပ် အမယ်စုံ၊ အုန်းမှုတ်တုတ်ထိုး သောက်ရေခွက်ပုံစံ ပလတ်စတစ်ခွက်နဲ့ ရေခဲဘူးကြီးထဲကနေ ရေ-ရေခဲအရော ကြိုက်သလောက် သွားခပ်နိုင်ပါတယ်။
ရော့။ ခင်ဗျား အဆင်သင့်ဖြစ်ရင်လည်း ‘ခရွန်ထစ်’ အရသာ ဆိုးပါဘူးဗျနော်။ ဒူးယား၊ ရူဘီနီးနီးပါပဲ။ အေးဆေးပေါ့ဗျာ။ လေ့လာရမှာတွေလည်း ရှိဦးမှာကိုး။
ဝပ်ဆိုင်းမွန်း မြန်မာကျောင်း ဘုန်းဘုန်းလေးက တနင်္ဂနွေကြုံဖို့ အမြဲဖိတ်တယ်။ တောင်ပေါ်ဒေသ ညဈေးသူဈေးသားများ တနင်္ဂနွေပိတ်ရက် ဆွမ်းကပ်ဂဲသားရင်းပေါ့။ ရှမ်း၊ ကချင်၊ မြို့ပေါင်းစုံကပဲ။ မွေးစကလေးငယ်တွေတောင် ပါတယ်။ တချို့ အတော်ကြီးပြီ။
ကောက်ညှင်းဆိုတာ အလွန်စေးတဲ့ သတ္တဝါ။ ရှင်တို့ ဘယ်လွယ်လွယ်မျိုချနိုင်ပါ့မလဲ။ ကျွန်မ သိတာပေါ့။ မပူပါနဲ့။ ပလတ်စတစ် သားရေကွင်းချည် ထိုင်းချဉ်ဖတ်ထုပ်နဲ့ လိုက်ဖ်ရှိုး ထိုင်းငရုတ်သီးဆော့စ်။ ပုလင်းသွပ်တွေ မဟုတ်ဘူးနော်။ အဲဒါတွေက သင့်လည်ပင်းမှာ ချောမွေ့စွာ ဆင်းသွားအောင် ကူညီပါလိမ့်မယ်။ (ထိုစကားလုံးများနှင့် အောက်ပါများသည် ထိုင်းတီဗွီလိုင်းများအနက် တစ်ခုခုမှ မြန်မာဘာသာဖြင့် လွှင့်ထုတ်နေခြင်း မဟုတ်ပါ။)
ကျောင်းချိန်၊ ရုံးချိန်၊ အလုပ်ချိန် အမီတဲ့။ ဆီထမင်းလို ကောက်ညှင်းကို ဆယ်မိနစ် အမြန်သွပ်ဆိုရင်တောင်မှ တော်ပါတော့ တောင်ကျော်ကို သောင်းနဲ့ အပေါ်လား မပုတူး အော်စရာ မလိုပါ။ နည်းရှိပါတယ်။ ဒါကြောင့် ဒါတွေ ဒီလိုပေါ့လို့ပြောရင် ကျွန်တော် မရိုင်းနော်။ ခေါပွန်းခပ် = ကျေးဇူးတင်ပါတယ် ခင်ဗျား။

ဖေဖေါ်ဝါရီ၊ ၂၀၁၀။

(ဟုဆိုသူ လူဆန်း။ နှစ်ကာလများ – မတ်၊ ၂၀၁၃။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s