-
မနေ့ညက မိုးရွာတယ်
ကိုခင်အောင်အေး (နေမျိုး)
သေမင်းဟာ စာမှန်မှန်ရေးတယ်
ငါတို့နေ့တိုင်း ဖတ်ရတယ်၊ နာရေးကြော်ငြာတွေ
သေမင်းဟာ မိတ်ဆက်စာတွေလည်း ခဏခဏရေးတယ်
ခွဲစိတ်ခန်းက လူနာတွေဆီကိုပေါ့
သေမင်းဟာ ပျော်ပျော်နေတတ်တယ်
အရက်ဆိုင်ထဲ သီချင်းအော်ဆိုနေတဲ့ သူ့အသံဟာ
အကျယ်လောင်ဆုံးပဲ
သေမင်းဟာ ဥာဏ်ကောင်းတယ်
ဒါကြောင့်လဲ ဘာသာစကားတွေ အများကြီး
တတ်ကျွမ်းတာပေါ့
သေမင်းဟာ တီထွင်ဥာဏ်ရှိတယ်
ကျောက်ရောဂါကနေ HIVပိုးအထိ သူ ထုတ်လုပ်ခဲ့တာပေါ့
သေမင်းဟာ ကတိတည်တယ်
သေချာစွာ ချိန်းဆိုထားတဲ့အတိုင်း သူရောက်လာလေ့ရှိတယ်
သေမင်းဟာ ခရီးသည်ကြီးပေါ့
မြို့တကာရွာတကာ သူလှည့်လည်လေ့ရှိတယ်
ရှိသမျှ ပျော်ရွှင်မှုကလေးကို
ခွဲဝေသုံးစွဲနေကြတဲ့ ငါကို့ကမ္ဘာလေးထဲ
သူအလည်လာခဲ့ဖူးတယ်
အဲဒီနေ့က အဖြစ်အပျက်ကို ငါတို့ဘယ်တော့မှမေ့မရ
မီးသွေးတစ်အိတ်နဲ့ပဲ
ဆောင်းတွင်းကို ငါတို့ကျော်ဖြတ်လာနိုင်ခဲ့ကြတယ်
ဘယ်တော့မှ မရိုးနိုင်တဲ့ မင်းအကြောင်းကို ပြောလို့
နောက်ထပ် ကြေကွဲစရာ မရှိအောင်
ကြေကွဲခဲ့ဖူးသူတစ်ယောက်ဟာ
ကမ္ဘာမြေကို အကောင်းမြင်နိုင်အောင်
ကြိုးစားကြည့်ခဲ့ပါတယ်။ နည်းနည်းပဲဖြစ်ဖြစ်
ကဗျာကိုသွယ်ဝိုက်ပြီး မရေးတော့ဘူးလို့
နောက်တစ်ကြိမ် ဆုံးဖြတ်မိတယ်
သေမင်းရေ မလာပါနဲ့အုံး ပြောချင်ရဲ့
ငါကဗျာတွေ ရေးရအုံးမယ်ကွယ့်။

၂၀၀၅-၃-၆
နံနက် ၈ နာရီ
နံနက် ၈ နာရီ
(တကယ်မရှိတဲ့အရာ (ခေတ်ပေါ်ကဗျာ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ထန်းရွက်ပုတီး စာအုပ်တိုက်။)