လမ်းအိုလေး

Løøps of Resistance …

ပန်းရောင်နှင်းဆီပွင့် (သို့မဟုတ်) မာရီယာ - ငယ်ငယ် (ကျောက်ဆည်)

ပန်းရောင်နှင်းဆီပွင့် (သို့မဟုတ်) မာရီယာ – ငယ်ငယ် (ကျောက်ဆည်)

Leave a comment

မုန့်ဟင်းခါးနဲ့ ချောကလက်ရေခဲချောင်းကို တစ်လှည့်စီ စားမှာလား
အသက်ကို ကြွပ်ကြွပ်အိတ်နဲ့ ထုပ်ထားလိုက်
ဆပ်ကပ်ပွဲက မိုးစက်တွေလို တစ်ဆင့်ခံ အလွမ်းတွေ ကြိုးတန်းပေါ် ခုန်ပေါက်
အရင်လို လက်လွတ်စပယ်အပြုံးတွေနဲ့ ဝတ်စုံဟောင်းထဲက ရုန်းမထွက်နိုင်
ထူးခတ်ချင်တဲ့ လူသားများ၊ ကူးခတ်ချင်တဲ့ နှလုံးသားများ
ပန်းရောင်ရင့်ရင့် မင်းလင်းပွင့်ပေးခဲ့သားပဲ မာရီယာ
ဖိနပ်ပြတ်သွားမှာ စိုးရိမ်တယ်လား
ငါက ခြေထောက်မရှိတဲ့ ပန်းပွင့်ပါ မာရီယာ
ညှိုနှိုင်း၊ ရုန်းကန်၊ ဖောင်ဖျက်၊ သွေးရော
ငါတို့ရဲ့ နှလုံးသားဥယျာဉ်မှာ ဆိတ်ကွယ်ရာ ပန်းတွေလည်း အရောင်မပြောင်းစေချင်ဘူး
အရေပြားတွေ ထူသလား၊ ပါးသလား
ဆွဲဖွင့်ဖို့ မလွယ်သလို တွန်းထွက်ဖို့ ခက်တဲ့ ခင်ဗျားနှုတ်ခမ်းတွေက
မဲ့ပြုံးနဲ့ မလိုက်ဖက်ဆုံးပဲ
ဝင်သက် ထွက်သက်တွေဟာ ငါတို့စောင့်ကြပ်ရမယ့် ဆုံမှတ်
အသုံးလည်းမကျ၊ လွှတ်ချလို့လည်း မရ
လောကဓံက ဘယ်သူနဲ့မှ မလွတ်ကင်းလေသမျှ
တွေ့နေကျ လမ်းတွေလည်း ဒဏ်ရာတွေနဲ့ လဲလျောင်း
အပြင်အဆင်များတဲ့ ဘဝမှာ အလေ့ကျပေါက်ရတာလည်း အရသာတစ်မျိုးပါ မာရီယာ။
စိတ်ကူးတွေ တစ်နံတစ်လျားဆန့်ထွက်လာဖို့ သွားနေတဲ့ ခရီးမှာ
လွဲချော်မှု၊ တိုက်ဆိုက်မှု၊ မျှော်လင့်ချက်၊ ဆုံးရှူံးချက်
အရာအားလုံး အလှည့်ကျဖို့ အချိန်ကိုတော့ စောင့်ရလိမ့်မယ်
စိတ်ဓာတ်ကျတယ်ဆိုတာ လေတင်က စပြီး လောင်တတ်လေတော့
ဒီလိုအခြေအနေတွေမှာ ဒဏ်ရာကို မယုံဘူး၊ လက်နက်ကို မယုံဘူး
စိတ်တွေ အက်ကွဲကြမ်းရှတဲ့အထိ လိုအပ်ခဲ့တာ
ဒေါင်ကျကျ ပြားကျကျ ငတုံးငအလို ရိုးရိုးသားသားနေဖို့ပဲ
လိုက်ဖက်မှုနဲ့ ကြိုက်နှစ်သက်မှုဟာ ထပ်တူကျဖို့ ဖြစ်နိုင်ပါ့မလား မာရီယာ၊
ဘဝဟာ …
ဒုက္ခတွေ ပတ်လည်ဝိုင်းထားတဲ့ ကျွန်းတစ်ခုဆိုပါစို့
အသက်တွေ ပဲ့ကျမသွားဖို့
ဘယ်လိုမျိုးစေ့တွေ ကြဲပက်စိုက်ပျိုးထားရမလဲ
ယုံကြည်တဲ့ ဖဝါး၊ မယုံကြည်တဲ့ အသွား၊ ငါခံစားတတ်တယ်
ကိုယ့်သောကနဲ့ ကိုယ်စတိုင်လ်ကျနေတဲ့ဘဝမှာ
ခင်ဗျားက ရွှေရောင်ကာဗာတွေကိုမှ ချစ်တတ်သလား မာရီယာ။

(မာရီယာကာရစ် = ပန်းရောင်နှင်းဆီပွင့်တစ်မျိုး၏ အမည်)

(ပန်းရောင်နှင်းဆီပွင့် (သို့မဟုတ်) မာရီယာ – ငယ်ငယ် (ကျောက်ဆည်)။ ၂၀၁၂ – ပန်းသာနုစာပေ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s