လမ်းအိုလေး

beyond chaOs

ပန်းရောင်နှင်းဆီပွင့် (သို့မဟုတ်) မာရီယာ - ငယ်ငယ် (ကျောက်ဆည်)

ကဗျာမှာ သက်စောင့်ဓာတ် ဘယ်နှမျိုးပါလဲ – ငယ်ငယ် (ကျောက်ဆည်)

Leave a comment

အလိုဆန္ဒတွေ ကွဲပြားဖို့ အလင်းတွေ မလုံလောက်သမျှ
အသွားအပြန်တွေက နာရီလက်တံတွေလို သစ်ရွက်၊ သစ်ကိုင်း၊ ပင်စည်၊ ခြေလှမ်းတွေ
တစ်ဆင့်စီ
လှေကားဆိုပေမယ့် အတက်အဆင်း မသေချာဘူး
ပျောက်ကင်းနိုင်တဲ့ ရောဂါတိုင်းလဲ ဆေးညွှန်းမတူတဲ့အခါ
စား၊ လာ၊ သွား၊ နေ၊ သေ အမြဲကပ်နေတာ တစ်စိတ်ပြီးမှ တစ်စိတ်
အရည်အသွေးဆိုတာ ထမင်းထဲ ထည့်စားဖို့ မျှတစာလား
သဘောသဘာဝမတူတဲ့ လမ်းကြောင်းတွေပေါ် စိတ်ကူးနဲ့ လက်တွေ့ဟာ
တစ်လမ်းမောင်းမှာ စိုက်မြားတန်းလန်းနဲ့
ဘယ်ဆိုးဆေးမှ ပကတိအလှလို နေရာမကျတဲ့အခါ
အန္တရာယ်မဖြစ်ဖို့တော့ သတိပြုပါ၊ ကဗျာဆိုတာ
လိုင်စင်မရှိပဲ မောင်းလို့ရတဲ့မြို့။
တောင်ပေါ်မှာ ရွာတဲ့ မိုးနဲ့ တံစက်မြိတ်က ကျတဲ့ မိုး
မိတ်ဆွေ၊ ခင်ဗျား မိုးရွာထဲ လမ်းလျှောက်ဖူးပါသလား
မျှော်လင့်ချက်တွေ စိမ်းလန်းလာတဲ့အထိ
သက်တံတစ်ခုကို မော့ကြည့်ဖူးပါသလား
စိတ်ရဲ့ ရောင်စဉ်တွေ ဖြူစင်သွားတဲ့အထိ
ပရိုတင်း၊ လိုင်စင်းကဗျာကို ဘယ်အာဟာရလို့ ဓာတ်ခွဲပြလို့ မရတဲ့အခါ
ကိုယ့်ကျန်းမာရေးနဲ့ ကိုယ်အဆင်ပြေတာပဲ ရွေးပါ
တံခါးဖွင့်ကြည့်တယ် မရှိဘူး၊ ကောင်းကင်မော့ကြည့်တယ် မရှိဘူး၊ မြေပြင်ငုံ့ကြည့်တယ် မရှိဘူး
အချစ်နဲ့ နောက်ဆက်တွဲ လိင်ကိစ္စတွေက ဖြတ်တိုက်တဲ့ လေပြည်ထဲ ပါသွားတာလား
သစ္စာမဲ့မှုအတွက် ဆွေးမြည့်နေရလောက်အောင် ခင်ဗျားနှလုံးသား
သတ္တိမကြောင်သင့်ဘူး
ကံကြမ္မာကို မြေဆီကောင်းကောင်းနဲ့ စိုက်ပျိုးဖို့
ကိုယ့်ကိုယ်ကိုယ် ရဲရဲရင့်ရင့်ဝေဖန်မှုဟာလည်း ထိုက်သင့်တဲ့ ခွန်အားပဲ
ပျော်ရွှင်ကြောင်းသက်သေပြဖို့ လှုပ်ပြစရာ အမြီးမရှိတဲ့အခါ
ခုနစ်ရက်သားသမီးပီပီ ပွဲမကြည့်လဲ အိပ်ရေးပျက်တယ်
တစ်နေ့တာ အဖြစ်အပျက်ကို မှန်ကောင်တာပေါ် တင်ထားချင်တဲ့အခါ
စန္ဒရားပဲ တီးတီး ဝါးလက်ခုပ်ပဲ ကိုင်ကိုင် ချိုမိုင်မိုင်ကလို့တော့ မရနိုင်တော့ဘူး
အဆင်မပြေမှုတွေက ကိုယ့်ဒူးကိုယ်ချွန်တတ်သမို့ ဓားသွေးသလို ကိုယ့်စိတ်ကိုယ်သွေးဖို့
ထီးတစ်ချောင်းဖွင့်လိုက် စကားလုံးတွေက မိုးမလုံ လေမလုံ
ကျွန်တော်တို့ဟာ ကိုယ့်စိတ်ကိုယ် အုပ်ချုပ်ဖို့ စံနမူနာ တေးတစ်ပုဒ်တော့ ထားသင့်တယ်
လွတ်လပ်တဲ့ သီချင်းဆိုပေမယ့် ထင်သလို ဆိုထားတာ မဟုတ်ဘူး
နေရောင်ခြည်ဆိုတာ
အရိပ်ကိုသာ လိုသလို ပြုပြင်လို့ ရချင်ရမယ် ပကတိအရပ်ကိုတော့
လှည့်စားနိုင်မှာ မဟုတ်ခဲ့
ခံစားချက်တွေ ဂြိုဟ်ပတ်လမ်းမှားပြေးတဲ့အခါ
သိမ်ငယ်တဲ့ စိတ်၊ ဝိညာဉ်က တစ်ဖက်၊ အားတင်းတဲ့ ခန္ဓာကိုယ်က တစ်ဖက်
ပေါ်ဦးပေါ်ဖျားကို မတောင့်တပါနဲ့၊ ရာသီစာကိုပဲ နှစ်သက်ဖို့ လေ့ကျင့်ပါ
ဖောက်ပြန်တတ်တဲ့ နှလုံးသားဟာ
အနုပညာနဲ့ မပတ်သက်တဲ့ ရှင်သန်မှုသက်သက်
စိတ်ဝိညာဉ်ရဲ့ သိမ်မွေ့မာကျောမှုဝတ်ရုံလွှာဆိုတာ ကိုယ်ကျင့်တရားပဲလေ
အကယ်၍ ကျွန်တော်တို့ဟာ လူမသေပဲ နာမည်သေပြီဆိုပါစို့
နှလုံးသားဖြူစင်ကြောင်း အနုပညာနဲ့ သက်သေပြလို့ မရနိုင်တော့
ကဗျာမှာပါတဲ့ သက်စောင့်ဓာတ်ဟာ
ကမ္ဘာမြေသိတဲ့ ရှက်ခြင်း၊ ကြောက်ခြင်း၊ သစ္စာတရားနဲ့ ကိုယ့်စိတ်ကိုယ်အစိုးရ
မထင်ရှားတဲ့ ဒေသတစ်ခုဖြစ်တယ်။

(ပန်းရောင်နှင်းဆီပွင့် (သို့မဟုတ်) မာရီယာ – ငယ်ငယ် (ကျောက်ဆည်)။ ၂၀၁၂ – ပန်းသာနုစာပေ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.