လမ်းအိုလေး

Løøps of Resistance …

The Review of Contemporary Fiction

ဂျာမန်စိတ်ကူးယဉ် သုံးပုဒ် (ကိုအရိပ်)

Leave a comment

ဂျာမန်စိတ်ကူးယဉ် သုံးပုဒ် (ဟာရူကီ မူရာကာမီ)

The Review of Contemporary Fiction


ပြီးတော့လဲ ခင်ဗျားပြောသလို ပိုမြှင့်လိုက်ရင် လေပြင်းပြင်းတစ်ချက်ထဲ ကျုပ်တို့ လွင့်ပါသွားပြီး အရှေ့ဂျာမနီကို ရောက်မသွားဘူးလို့ ဘယ်လိုမှ အာမမခံနိုင်ဘူးဗျ။ အဲလိုသာဆိုရင် ဘာဆက်ဖြစ်မလဲ။ ကျုပ်တို့ဟာ စပိုင်တွေပါဆိုပြီး အဖမ်းခံရကောင်း ခံရနိုင်တယ်။ တကယ်လို့ အသက်ဘေးက လွတ်ခဲ့ရင်တောင် အနောက်ဂျာမနီဖက်ကို ဘယ်လိုမှ ပြန်လာလို့ရမှာ မဟုတ်ဘူး။


(၁) လိင်စိတ်ကြွညွှန်းဖွဲ့မှုများနှင့် ဆောင်းတွင်းပြတိုက်တစ်ခုအား နှိုင်းယှဉ်ကြည့်ခြင်း

သံဝါသ။ လိင်ဆက်ဆံခြင်း။ မေထုန်မှုပြုခြင်း။ ကာမဆက်ဆံခြင်း။ နောက်တခြားစကားလုံးတွေ အများကြီး ရှိပါသေးတယ်။ ဒါပေမဲ့ အဲဒီစကား၊ လုပ်ရပ်၊ ဖြစ်စဉ်ကနေ ကျုပ်စိတ်ထဲမှာ ပဉ္စလက်ပြလိုက်သလို ပေါ်လာတာကတော့ ဆောင်းတွင်းပြတိုက်တစ်ခုပဲဗျို့။

ဆောင်းတွင်းပြတိုက်တစ်ခု။

ဟုတ်ပါတယ်။ ခင်ဗျားအတွက် ‘လိင်ကိစ္စ’ဆိုတဲ့ နေရာကနေ ‘ပြတိုက်’ ဆိုတဲ့ နေရာအထိရောက်ဖို့ နည်းနည်းတော့ အလှမ်းဝေးနေလိမ့်မယ်ဆိုတာ ကျုပ်သဘောပေါက်မိပါတယ်။ ခင်ဗျားဟာ အကြိမ်ပေါင်း မရေနိုင်လောက်အောင် မြေအောက်ရထား ပြောင်းစီးရတာတွေ၊ ရုံးအဆောက်အဦးတွေအောက် ခေါက်တုံ့ခေါက်ပြန်သွားရတာတွေ၊ ရာသီစက်ဝိုင်းရဲ့ သောင်မတင်ရေမကျ ဖြတ်သန်းမှုတွေကို ကြုံရတော့မှာပဲ။ မကျွမ်းကျင်သူ တစ်ယောက်အဖို့တော့ ဒါဟာ စိတ်တိုစရာသက်သက်ပါ။ ဒါပေမဲ့ ခင်ဗျားရဲ့ သိမှုစီးကြောင်းကို တစ်ချက်တည်း လုံးလုံးလျားလျား ဖြတ်စီးနိုင်ခဲ့ရင် ‘လိင်ကိစ္စ’ကနေ အဲဒီဆောင်းတွင်းပြတိုက်ကို ဘာမှမကြာလိုက်ပဲ တွေ့ရမှာပါပဲ။

ကျုပ်မလိမ်ပါဘူး။ တကယ်ကို ရောက်သွားမှာပါ။ နည်းနည်းလောက် ရှင်းပြဖို့တော့ လိုမလားပဲ။

လိင်ကိစ္စဟာ အရပ်ထဲမှာ အာလာပသလ္လာပအနေနဲ့ ပြောစရာဖြစ်လာတဲ့အခါ၊ ကာမလှိုင်းတံပိုးတွေ အမှောင်ကို ဖုံးလွှမ်းလာတဲ့အခါတွေမှာ ကျုပ်ဟာ ထုံးစံအတိုင်း ဆောင်းတွင်းပြတိုက်ရဲ့ အဝင်ဝမှာ ရပ်နေခဲ့ပါတယ်။ ကျုပ်ဦးထုပ်ကို ဦးထုပ်ချိတ်မှာ ချိတ်၊ ကုတ်အင်္ကျီကို ကုတ်အင်္ကျီချိတ်မှာ ချိတ်၊ လက်အိတ်တွေကို တစ်ခုပေါ်တစ်ခုထပ်ပြီး ဧည့်ကြိုစားပွဲရဲ့ ထောင့်စွန်းမှာ တင်လိုက်တယ်။ ပြီးတော့မှ သတိရလို့ လည်မှာစီးလာတဲ့ လည်စည်းပုဝါကို ချွတ်ပြီး ကုတ်အင်္ကျီပေါ် လွှားထားလိုက်တယ်။

ဆောင်းတွင်းပြတိုက်ဟာ တကယ်တော့ သိပ်မကြီးလှဘူး။ စုဆောင်းထားတဲ့ ပစ္စည်းတွေ၊ သူ့ရဲ့ အမျိုးအစားခွဲခြားပုံတွေ၊ သူ့ရဲ့လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဒဿနတွေဟာ ကျွမ်းကျင်အဆင့်မှာ မရှိဘူး။ အရင်ဆုံးပြောရမှာက ပေါင်းစည်းမှုဆိုင်ရာအမြင် မရှိတာပဲဗျ။ ရှေးအီဂျစ် ခွေးနတ်ဘုရားရုပ်တု၊ တတိယ နပိုလီယံ သုံးခဲ့တဲ့ ထောင့်တိုင်းစက်ဝိုင်းခြမ်း၊ ပင်လယ်သေရဲ့ လိုဏ်ခေါင်းတွေထဲမှာ တွေ့ခဲ့တဲ့ ခေါင်းလောင်း စသဖြင့်ပေါ့။ ဒါပေမဲ့ ဘယ်လိုလုပ်ကြမလဲ။ အဲဒီပစ္စည်းတွေကို ကျကျနနဆက်စပ်ပြီး ခင်းကျင်းပြနိုင်မယ့် တခြားနည်းလမ်းမှ မရှိတာ။ အဲဒီတော့ အဲဒီပစ္စည်းတွေဟာ သူတို့သေတ္တာလေးတွေပေါ် ကုပ်ကုပ်လေးထိုင်၊ အအေးဒဏ်နဲ့ ဆာလောင်မှုကို သေမတတ် ခံစားနေရတဲ့ မိဘမဲ့လေးတွေလို မျက်စိတွေကို ဇွတ်မှိတ်ထားကြရုံပေါ့။

ပြတိုက်ထဲမှာကတော့ တိတ်ဆိတ်လွန်းလှတယ်။ ပြတိုက်ဖွင့်ချိန်ရောက်ဖို့ နည်းနည်းလိုနေသေးရဲ့။ ကျုပ်လဲ စားပွဲအံဆွဲထဲက လိပ်ပြာပုံ သတ္တုသော့တစ်ချောင်းထုတ်ပီး အဝင်ဝနားက တိုင်ကပ်နာရီအိုကြီးကို သံပါတ်ပေးလိုက်တယ်။ ပြီးတော့ နာရီလက်တံတွေကို နေရာတကျ ပြင်လိုက်တယ်။ ကျုပ်ဟာ (အမှတ်မမှားဘူးဆိုရင်) ဒီပြတိုက်မှာ အလုပ်လုပ်တာကိုး။

အမြဲလိုပါပဲ။ တိတ်ဆိတ်တဲ့ မနက်ခင်းအလင်းရယ် ပိုပြီးတိတ်ဆိတ်တဲ့ လိင်ဆိုင်ရာ စိတ်လေးလံမှုတွေရယ်ဟာ ပြတိုက်ထဲမှာ မက်မွန်သီးအနှစ်တွေအလား ပြည့်သိပ်နေတယ်။ ကန့်လန့်ကာတွေဖွင့်တာ၊ ရေနွေးငွေ့ပိုက်တွေဖွင့်တာ စတဲ့ ကျုပ်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေကို လုပ်တယ်။ နောက် ကျုပ်တို့ရဲ့ ငါးမူးတန် လက်ကမ်းစာစောင်တွေကို သေချာစီပြီး ဧည့်ကြိုစားပွဲပေါ် အထပ်လိုက်တင်တယ်။ လိုအပ်တဲ့ မီးအလင်းပေးမှုတွေကို ညှိတယ်။ ဥပမာ ဗာဆယ်လိုက်စ် (Versailles) နန်းတော်ရုပ်ရဲ့ ခလုပ်အမှတ် A6 ကို နှိပ်လိုက်ရင် ဘုရင့်ခန်းဆောင်ထဲမှာ မီးလင်းသွားတာမျိုးပေါ့။ သောက်ရေအေးစက်ကိုလဲ ကျုပ်စစ်ဆေးကြည့်တယ်။ ရုပ်လုံးသွင်း ဥရောပ ဝံပုလွေကို ကလေးတွေ လက်လှမ်းမမှီမယ့် နောက်ဖက်ကို နည်းနည်းရွှေ့ပေးပြီး သန့်စင်ခန်းထဲမှာ ဆပ်ပြာရည် ထပ်ဖြည့်တယ်။ ဒီအလုပ်တွေကို တကယ်လို့ တစ်ခုချင်း ကျုပ်စိတ်ထဲမှာ မမှတ်မိရင်တောင် ကျုပ်ရဲ့ခန္ဓာကိုယ်ကတော့ အလိုအလျောက် ပြီးမြောက်အောင် လုပ်နေမိမှာပဲ။ ဘယ်လိုရှင်းပြရမှန်း သေချာမသိပေမယ့် ဒါဟာ ‘ကျုပ်’အစစ်ပါပဲဗျာ။

အဲဒါတွေအားလုံး ပြီးတဲ့အခါ မီးဖိုချောင်လေးထဲဝင်ပြီး သွားတိုက်၊ ရေခဲသေတ္တာထဲက နို့နည်းနည်းယူ၊ မီးဖိုလေးပေါ် ဒယ်အိုးလေးတင် နွှေးလိုက်တယ်။ လျှပ်စစ်မီးဖိုရယ်၊ ရေခဲသေတ္တာရယ်၊ သွားပွတ်တံရယ်ဟာ တကယ့်အံ့မခန်း ပစ္စည်းတွေ ဖြစ်ပေမယ့် (လမ်းထောင့်က ဈေးသက်သာတဲ့ အဖိုးကြီးလင်မယားဆိုင်က ဝယ်ခဲ့တာ) ပြတိုက်ထဲ ရောက်လာတဲ့ အခါကျတော့ ရုပ်ကြွင်းဆန်ဆန် ပုံစံမျိုး ပေါက်ကုန်ကြလေရဲ့။ နို့တွေတောင် ရှေးဟောင်းနွားမကြီးတစ်ကောင်ဆီက ရှေးဟောင်းနို့ရည်တွေပုံ ပေါက်နေတယ်။ တစ်ခါတစ်ခါမှာ ဒါတွေအားလုံးဟာ နားလည်ရခက်လာတယ်။ ကျုပ်ဆိုလိုချင်တာကဗျာ၊ သဘောတရားအရ စဉ်းစားကြည့်ကြမယ်ဆိုရင် ပြတိုက်ကပဲ နိစ္စဓူဝဖြစ်မှုကို တိုက်စားတာလား၊ နိစ္စဓူဝဖြစ်မှုကပဲ ပြတိုက်ကို တိုက်စားတာလား ဆိုတာပါ။

နွှေးပြီးတဲ့နို့ကိုယူပြီး ဧည့်ကြိုစားပွဲရှေ့မှာ ကျုပ်ဝင်ထိုင်လိုက်တယ်။ နို့သောက်နေရင်း စာပေါက်ထဲက ဖတ်ဖို့ကျန်နေတဲ့စာတွေကို ဖတ်တယ်။ စာတွေကို သုံးမျိုးခွဲထားတယ်။ ပထမအမျိုးအစားထဲမှာ ရေခွန်တို့၊ ရှေးဟောင်းမနုဿဗေဒ အသိုင်းအဝိုင်းရဲ့ သတင်းလွှာတို့၊ ဂရိကောင်စစ်ဝန်ရုံးရဲ့ တယ်လီဖုန်းနံပါတ် အပြောင်းအလဲ အကြောင်းကြားစာ စတာတွေနဲ့ အခြားသော ရုံးစီမံခန့်ခွဲရေးဆိုင်ရာ စာမျိုးတွေဖြစ်တယ်။ နောက်တစ်မျိုးက ပြတိုက်ကို လာကြည့်သွားဖူးသူတွေဆီက စာတွေ။ ထင်မြင်ချက်တွေ၊ မကျေနပ်ချက်တွေ၊ အားပေးမှုတွေ၊ အကြံပြုချက်တွေ စတဲ့ အမျိုးမျိုးသော အကြောင်းတွေပေါ့ဗျာ။ လူတွေဟာ တုံ့ပြန်မှု အမျိုးမျိုး ဖြစ်လွယ်ကြပါလားလို့ ကျုပ်တွေးမိတယ်။ တကယ်တော့ ဒီပစ္စည်းတွေအားလုံးဟာ ဟောင်းနွမ်းလှပါပြီ။ ဒါနဲ့များတောင် ဟန်ခေတ်နှောင်း ဝိုင်အရက်အိုးတစ်လုံးကို မက်ဆိုပိုတေးမီးယန်း ခေါင်းတလားတစ်လုံးနား သွားထားရုံနဲ့ သူတို့ ဘယ်လောက် စိတ်ဆိုးသွားမလဲဆိုတာ တွေးကြည့်စမ်းပါ။ ဒါပေမဲ့ ပြတိုက်ကသာ လာကြည့်သူတွေကို စိတ်အနှောင့်အယှက် မပေးတော့ဘူးဆိုရင် သူတို့ တခြားဘယ်များသွား စိတ်ဆိုးကြရပါ့မလဲ။

စာတွေကို အဲ့လို အမျိုးအစားနှစ်ခုထဲ အမှတ်တမဲ့ ခွဲစီပြီးတဲ့နောက် စားပွဲအံဆွဲထဲက ကွတ်ကီးတချို့ ထုတ်စားပြီး ကျုပ်ရဲ့နို့သောက်ခြင်းကို အဆုံးသတ်လိုက်တယ်။ ပြီးတော့မှ နောက်ဆုံးစာအမျိုးအစားကို ဖွင့်တယ်။ အဲဒီအမျိုးအစားက ပြတိုက်ပိုင်ရှင်ဆီက လာတဲ့စာဖြစ်ပြီး လိုတိုရှင်းလဲ ဆန်တယ်။ လှတပတ ဥခွံရောင် စာရွက်ပေါ်မှာ မင်နက်နဲ့ ရေးထားတာတွေကတော့ ကျုပ်အတွက် ညွှန်ကြားချက်တွေပါ။

(၁) ပြကွက်-၃၆မှ အရိုးအိုးကို ထုပ်ပိုးပြီး သိုလှောင်ခန်းထဲ သိမ်းရန်
(၂) အစားထိုးသည့်အနေဖြင့် အေ-၅၂ မှ ပန်းပုတင်ခုံ (ပန်းပုရုပ်မပါ)ကို ကျူ-၂၁ ၌ ပြသရန်။
(၃) အကွက်-၇၆တွင် မီးသီးလဲရန်
(၄) နောက်လအတွက် ပိတ်ရက်နာရီများကို အဝင်ဝ၌ ကပ်ရန်

ညွှန်ကြားချက်တိုင်းကို ကျုပ်လိုက်နာပါတယ်။ အရိုးအိုးကို ကင်းဗတ်စနဲ့ထုပ်ပြီး သိုလှောင်ခန်းထဲထည့်၊ အစားထိုးတဲ့အနေနဲ့ ရက်ရက်စက်စက် လေးလှတဲ့ ပန်းပုတင်ခုံကို အူမကျရုံတမယ် မ,ပြီး ပြကွက်ထဲ သူ့ချည်းသက်သက်ထား၊ ကုလားထိုင်တစ်လုံးပေါ်တက်ပြီး အကွက်-၇၆က မီးသီးကို လဲလိုက်တယ်။ ပြကွက်-၃၆က အရိုးအိုးဟာ ပြတိုက်လာသူတယောက် အကြိုက်တွေ့လောက်တာတွေ၊ ရက်ရက်စက်စက်လေးတဲ့ ပန်းပုတင်ခုံဟာ သူ့ချည်းသက်သက်သာဆို အတော်ကြည့်ရဆိုးမှာတွေ၊ လဲလိုက်တဲ့ မီးသီးဟာ အတော်သစ်နေသေးတာတွေ၊ ဒါတွေကို ကျုပ်အာရုံမစိုက်မိဘူး။ ပြောတဲ့အတိုင်း လုပ်ပြီးတာနဲ့ ပန်းကန်ခွက်ယောက်တွေကို သန့်စင်ပြီး ကွတ်ကီးသံဗူးကို အံဆွဲထဲ ပြန်ထည့်လိုက်တယ်။ ပြတိုက်ဖွင့်ချိန် ရောက်ခါနီးပြီလေ။

သန့်စင်ခန်းရဲ့ မှန်ရှေ့မှာ ကျုပ်ခေါင်းဖြီးတယ်။ လည်စည်းထုံးကို သပ်သပ်ရပ်ရပ် ပြင်တယ်။ ကျုပ်ရဲ့လိင်တံကိုလဲ သေချာမတ်နေအောင် ထားလိုက်တယ်။ ကောင်းပြီ။

  • အရိုးအိုး ၃၆ – စစ်ပြီး
  • ပန်းပုတင်ခုံ အေ-၅၂ – စစ်ပြီး
  • မီးလုံး – စစ်ပြီး
  • လိင်အင်္ဂါနိုးကြားမှု – စစ်ပြီး

လိင်စိတ်ဟာ ပြတိုက်တံခါးတွေကို လှိုင်းတစ်လုံးလို ခပ်ပြင်းပြင်း ဝင်ဆောင့်တယ်။ နာရီအိုကြီးရဲ့ လက်တံတွေဟာ (၁၁)နာရီတိတိကို ညွှန်ပြနေကြတယ်။ ဆောင်းရဲ့ အလင်းမှုန်မှုန်ဟာ ပြတိုက်ကြမ်းပြင်ကို လျှာနဲ့ ဖြည်းဖြည်းလေး လျက်လိုက်သလို ထိန်းထိန်းသိမ်းသိမ်းနဲ့ အခန်းထဲ ဝင်လာလေရဲ့။ ကျုပ်ဟာ ကြမ်းပြင်တလျှောက် ဖြည်းဖြည်းဖြတ်လျှောက်သွားပြီး တံခါးချက်ကို ဖွင့်လိုက်တယ်။ တံခါးကို ကျုပ်ဖွင့်လိုက်တဲ့ အချိန်လေးမှာပဲ အရာရာဟာ ပြောင်းလဲသွားတော့တယ်။ လူဝီ(၁၄)ရဲ့ အခန်းထဲမှာ မီးလေးတွေ တဖျပ်ဖျပ်လက်၊ နွားနို့ဒယ်ဟာ တဖြည်းဖြည်း အပူလျော့ပြီး အရိုးအိုး အမှတ်(၃၆)ဟာ ပျော့ပျောင်းတဲ့ ဂျယ်လီတုံးလို စီးကျအိပ်စက်သွားတော့တယ်။ လှုပ်လှုပ်ရွရွနဲ့ လူတစ်စုရဲ့ ခြေသံတွေကို သဲ့သဲ့ကြားရတယ်။ ကျုပ်ဟာ လူတွေကို နားလည်ဖို့ ကြိုးစားခြင်းကိုတောင် ရပ်တန့်ပစ်ခဲ့ပါပြီ။ တံခါးဝမှာ တစ်ယောက်ယောက်ကို ကျုပ်မြင်နေရပေမယ့် ဂရုမစိုက်တော့ဘူး။ ကျုပ်သိသလောက်ကတော့ သူတို့အဲဒီနေရာမှာ ကြိုက်သလောက် ရပ်နေနိုင်တာပဲ။ လိင်ကိစ္စကို စဉ်းစားမိတဲ့အခါတိုင်းမှာ ကျုပ်ဟာ ဆောင်းတွင်းပြတိုက်ထဲ ရောက်ရောက်နေတော့တယ်။ ပြီးတော့ အဲဒီထဲမှာ ကျုပ်တို့အားလုံးဟာ မိဘမဲ့ကလေးတွေလို နွေးထွေးမှုလေးနည်းနည်းကို ကုပ်ကုပ်လေး ရှာနေကြလေရဲ့။ ဒယ်အိုးဟာ မီးဖိုချောင်ထဲမှာ ရှိနေတယ်။ ကွတ်ကီးသံဗူးဟာ အံဆွဲထဲမှာ ရှိနေတယ်။ ကျုပ်ဟာလဲ ဆောင်းတွင်းပြတိုက်ထဲမှာ ရှိနေတယ်။


(၂) ဟာမန်ဂိုရင်း ခံတပ်၊ ၁၉၈၃။

ဘာလင်မြို့က အဲဒီတောင်ကုန်းထဲ လိုဏ်ခေါင်းတူးပြီး သူ့ခံတပ်ကြီး ဆောက်နေခဲ့စဉ်တုန်းက ဟာမန်ဂိုရင်းဟာ ဘာတွေကိုများ မျှော်တွေးနေခဲ့ပါလိမ့်။ သူဟာ တောင်ကုန်းတစ်ခုလုံးကို လိုဏ်ဖြစ်အောင်တူးပြီး ကွန်ကရစ်တွေနဲ့ ပြန်ဖြည့်ထားခဲ့တာ။ ဝိုးတဝါး ဆည်းဆာအလင်းအောက်မှာ အဲဒီခံတပ်ဟာ နိမိတ်ဆိုးတဲ့ ခြတောင်ပို့ တစ်ခုလို ထီးထီးကြီး တည်နေလေရဲ့။ တောင်စောင်းမတ်မတ်တစ်လျှောက်ကို ကျွန်တော်တို့ ကုပ်တွယ်တက်လာပြီး ထိပ်ကနေ ဆီးကြည့်လိုက်ရင် လမ်းမီးတွေ လင်းစပြုလာတဲ့ အရှေ့ဘာလင်ရဲ့ မြို့လယ်ကောင်ကို မြင်နေရတယ်။ နေရာအနှံ့ မျက်နှာမူထားတဲ့ ဘက်ထရီမီးတွေဟာ မြို့တော်ဆီ ချဉ်းကပ်လာမယ့် ရန်သူတပ်တွေကို မြင်ရအောင် လုပ်ပေးနိုင်ခဲ့မှာပဲ။ တွန်းလဲ တွန်းလှန်နိုင်ခဲ့မှာပဲ။ ဘယ်လိုဗုံးမျိုးကမှ ခံတပ်ကြီးရဲ့ နံရံထူထူတွေကို ပြိုလဲစေနိုင်မှာ မဟုတ်သလို ဘယ်လိုတင့်ကားမျိုးမှ တောင်စောင်းမတ်မတ်တွေပေါ် ကုပ်ကတ်တက်လာနိုင်မှာ မဟုတ်တာ သေချာပါတယ်။

ခံတပ်ကြီးထဲမှာ အထောက်အပံ့ကတော့ ပြည့်စုံခဲ့ပုံပဲ။ အက်စ်အက်စ်တပ်သား ၂,၀၀၀လောက် လပေါင်းများစွာ တပ်စွဲထားနိုင်လောက်အောင် စားနပ်ရိက္ခာ၊ ရေ၊ ခဲယမ်းတွေ ရှိခဲ့တယ်။ လျှို့ဝှက်ဥမင်တွေဟာ မြေအောက်မှာ ရှုပ်ယှက်ခတ်နေပြီး ထူးကဲလှတဲ့ လေအေးပေးစက်ကြီး တစ်လုံးက ခံတပ်အတွင်းပိုင်းကို လတ်ဆတ်တဲ့လေတွေ ထုတ်လွှတ်ပေးနေခဲ့တယ်။ တကယ်လို့ ရုရှတွေ၊ သို့မဟုတ် မဟာမိတ်တပ်တွေသာ မြို့တော်ကို ဝိုင်းလာခဲ့ရင်တောင် ခံတပ်ကြီးထဲက လူတွေအနေနဲ့ ဘာမှကြောက်စရာမလိုဘူး။ သူတို့ဟာ ဖျက်ဆီးလို့မရနိုင်တဲ့ ခံတပ်ကြီးထဲမှာ အကန့်အသတ်မဲ့ ရှင်သန်နေနိုင်မှာဖြစ်တယ်လို့ ဟာမန်ဂိုရင်းဟာ ကြွားလုံးထုတ်ခဲ့တယ်။

ဒါပေမဲ့ ၁၉၄၅နွေဦးအရောက် ရုရှတပ်တွေ ဘာလင်မြို့ထဲကို ရာသီရဲ့ နောက်ဆုံးနှင်းမုန်တိုင်းလို ခပ်ကြမ်းကြမ်း ဝင်လာခဲ့ချိန်ကျတော့ ဟာမန်ဂိုရင်းရဲ့ ခံတပ်ကြီးဟာ ငြိမ်ချက်သားကောင်းလို့။ ရုရှတပ်ဟာ မီးကျီးတောင့်တွေနဲ့ ဥမင်တွေကို ပိတ်ရှို့၊ ဗုံးတွေအကြီးအကျယ်ခွဲပြီး ခံတပ်ကြီးကို အမြစ်ဖြတ်ဖို့ ကြိုးစားခဲ့သော်လည်း ကွန်ကရစ်နံရံတွေမှာ အက်ကြောင်းလေးတွေ နည်းနည်းထင်ရုံထက်ပိုပြီး မအောင်မြင်ခဲ့ကြဘူး။

“ဟာမန်ဂိုရင်းရဲ့ ခံတပ်ကြီးကို ရုရှဗုံးတွေနဲ့ ဘယ်တော့မှ ဖြိုချလို့ မရဘူးခင်ဗျ” ကျွန်တော့်ရဲ့ အရှေ့ဂျာမနီသား လမ်းညွှန်လေးက ရယ်ရယ်မောမောနဲ့ ပြောတယ်။

“စတာလင်ရုပ်တုလောက်ပဲ ဖြိုချလို့ ရတော့မပေါ့”။ သူဟာ ကျွန်တော့်ကို မြို့တစ်လျှောက် စွဲကျန်နေခဲ့တဲ့ ၁၉၄၅ ဘာလင်တိုက်ပွဲရဲ့ အစအနတွေကို နာရီပေါင်း မရေတွက်နိုင်လောက်အောင် လှည့်ပြနေခဲ့တယ်။ ကျွန်တော့်မှာ ဒုတိယကမ္ဘာစစ်အတွင်း ဘာလင်ရဲ့ နောက်ဆက်တွဲတွေကို ကြည့်ချင်တဲ့ အာသီသဆန်းများရှိနေတယ်လို့ သူထင်နေသလားမသိဘူး။ ဒါပေမယ့် ကျွန်တော်ဟာ အံ့သြစရာကောင်းလောက်အောင်ကို စိတ်ထက်သန်နေတာက တစ်ကြောင်း၊ တကယ့်တကယ် ဘာကိုကြည့်ချင်တာပါလို့ ပြောပြဖို့ မသင့်လျှော်တာက တစ်ကြောင်း မွန်းလွဲပိုင်းတော်တော်ကြာတဲ့အထိ သူ့နောက်ကို လိုက်နေခဲ့တယ်။ အဲဒီနေ့ကပဲ ဖန်ဆီထွမ် (Fernsehturm)နားက စားသောက်ဆိုင်လေးတစ်ခုမှာ နေ့လည်စာစားဖို့သွားရင်း သူနဲ့ကျွန်တော် စတွေ့ခဲ့ကြတာကိုး။

ကျွန်တော်တို့နှစ်ယောက်တွဲဟာ ဘယ်လိုပဲကြည့်ကြည့် ထူးဆန်းနေပေမယ့် ကျွန်တော့်ရဲ့လမ်းညွှန်ဟာ တကယ်အရည်အချင်းရှိပြီး ကျွန်တော့်အပေါ် ဆက်ဆံပုံကလဲ ပွင့်ပွင့်လင်းလင်းပါပဲ။ အရှေ့ဘာလင်ရဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာတွေတစ်လျှောက် သူ့နောက်က တကောက်ကောက်လိုက်ကြည့်ရင်း ကျွန်တော့်စိတ်ထဲမှာ စစ်ပွဲဟာ မကြာသေးတဲ့လအနည်းငယ်ကပဲ ပြီးခဲ့သလိုလိုတောင် ထင်လာတယ်။ မြို့ကြီးတစ်ခုလုံးဟာ ကျည်ဆံရာတွေနဲ့ ဇကာပေါက်ဖြစ်နေတုန်းပဲ။

“ဒီမှာကြည့်ပါခင်ဗျ” ကျွန်တော့်လမ်းညွှန်က ကျည်ဆန်ရာတချို့ကိုပြရင်း ပြောတယ်။ “ဘယ်ဟာက ရုရှကျည်လဲ ဘယ်ဟာက ဂျာမန်ကျည်လဲဆိုတာ ချက်ချင်းကို ပြောလို့ရပါတယ်။ ဟောဒီမှာ နံရံကို နှစ်ခြမ်းကွဲလုနီးပါး အနက်ကြီး စိုက်ဝင်နေတာ ဂျာမန်ကျည်ခင်ဗျ။ အပေါ်ယံလေး ရှပ်ဖောက်သွားတာတွေက ရုရှကျည်တွေ။ လက်မှုအတတ်ပညာချင်း ကွာပါတယ်။”

ကျွန်တော်ရောက်တုန်း တွေ့သမျှ အရှေ့ဘာလင်သားအားလုံးထဲမှာ သူ့အင်္ဂလိပ်စကားက နားလည်ရအလွယ်ဆုံးပဲ။ “ခင်ဗျား အင်္ဂလိပ်စကားပြော အတော်ကောင်းတာပဲ”လို့ ကျွန်တော် ချီးကျူးလိုက်တယ်။

“အော် အရင်က ကျွန်တော် သင်္ဘောလိုက်ခဲ့ဖူးပါတယ်” လို့ သူပြန်ပြောတယ်။ “ကျူးဘားနဲ့ အာဖရိကအထိ ကျွန်တော်ရောက်ဖူးခဲ့ပါတယ်။ ပင်လယ်နက်မှာ တော်တော်ကြာကြာတောင် နေဖြစ်ခဲ့သေးတာကိုး။ အဲဒီတစ်လျှောက်မှာ တတ်နိုင်သလောက် အင်္ဂလိပ်စကားပြော သင်ခဲ့ပါတယ်။ ဒါပေမယ့်ခုတော့ ကျွန်တော် ဗိသုကာ အင်ဂျင်နီယာတစ်ယောက် ဖြစ်နေပါပြီ။”

ကျွန်တော်တို့ ဟာမန်ဂိုရင်းရဲ့ ခံတပ်ကနေ ဆင်းပြီး မြို့ဖက်ကို နည်းနည်းလျှောက်ရင်း သံပုရာရိပ်သာလမ်း (Unter den Linden)ပေါ်က ဘီယာခန်းမအိုတစ်ခုထဲ ဝင်ခဲ့ကြတယ်။ သောကြာနေ့ ညနေခင်း ဖြစ်နေလို့လားတော့ မသိဘူး။ ခန်းမဆောင် တစ်ခုလုံး လူတွေပြည့်ကျပ်နေတယ်။

“ဒီဆိုင်ကကြက်သား အတော်နာမည်ကြီးတယ်”လို့ လမ်းညွှန်ကပြောလို့ ကျွန်တော်လဲ ကြက်သားနဲ့ ထမင်းကို ဘီယာနဲ့တွဲပြီး မှာလိုက်တယ်။ ကြက်သားဟာ တကယ့်ကို မဆိုးလှသလို ဘီယာကလဲ ထူးခြားကောင်းမွန်လှတယ်။ အခန်းဟာ နွေးထွေးပြီး လူစည်ကားနေလေရဲ့။

ကျွန်တော်တို့ရဲ့ စားပွဲထိုးမလေးဟာ တုံးကနဲ လဲကျသွားလောက်အောင် ချောမောလှတဲ့ ကင်မ်ကန်းစ် (Kim Carnes) နဲ့ ခပ်ဆင်ဆင်ပါပဲ။ မျက်လုံးပြာလဲ့လဲ့၊ ရွှေဖြူရောင်ဆံပင်နဲ့ ခါးကျင်ကျင်ရှိပြီး ချစ်စဖွယ် ပြုံးလို့နေတယ်။ ကျွန်တော်တို့စားပွဲကို လာချပေးဖို့ ဘီယာမတ်ခွက်တွေကို ဧရာမ လိင်ချောင်းကြီးတစ်ချောင်းကို သယ်လာသလိုမျိုး နှစ်လိုသဘောကျစွာ သယ်လာတယ်။ သူ့ကိုမြင်တော့ တိုကျိုမှာ သိခဲ့ဖူးတဲ့ မိန်းကလေးတယောက်ကို သွားသတိရမိတယ်။ အဲဒီမိန်းကလေးဟာ ခုတစ်ယောက်နဲ့ မတူပါဘူး။ ဒါပေမဲ့ တစ်နေရာရာမှာ မနီးယိုးစွဲ သွားဆင်နေသလိုပဲ။ ဟာမန်ဂိုရင်းရဲ့ မှောင်မိုက်တဲ့ ဝင်္ကပါထဲ ဆင်းကြည့်ခဲ့မိတဲ့ အကျိုးဆက်ဟာ ကျွန်တော့်စိတ်ထဲ သူတို့နှစ်ယောက်ကို တပေါင်းထဲ ပေါင်းစည်းပေးလိုက်တာမျိုးလဲ ဖြစ်နိုင်ပါတယ်။

ကျွန်တော်တို့ ဘီယာအတော်များများ သောက်လိုက်ကြပြီးချိန်မှာ ညဆယ်နာရီထိုးလုလု ဖြစ်နေပြီ။ အက်စ်ဘန် (S-Bahn) ရထားကိုမှီဖို့ ဖရီးဒရစ်စထရာဆဲလ် (Friedrichstrasse) ဘူတာရုံကို ၁၂နာရီ မထိုးခင် ကျွန်တော်သွားရမယ်။ ကျွန်တော့် အရှေ့ဂျာမနီ ခရီးသွားဗီဇာဟာ ဒီညသန်းခေါင်မှာ ကုန်တော့မှာမို့ တစ်မိနစ်လောက် နောက်ကျသွားရင်တောင် ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်တယ်။

“မြို့ဆင်ခြေဖုံးဖက်မှာ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာတစ်ခုရှိတယ်ခင်ဗျ။ ခုထိ အစိတ်စိတ်အမွှာမွှာ စုတ်ပြတ်နေတုန်းပဲ” လမ်းညွှန်က ပြောတယ်။

စားပွဲထိုးမလေးကို ရည်ရွယ်ချက်မဲ့ ငေးနေတဲ့ ကျွန်တော်က မကြားလိုက်ဘူး။

“ဒီမှာခင်ဗျ” သူ ဆက်ပြောပြန်တယ်။ “ရုရှနဲ့ ဂျာမန်တင့်ကားတွေ ခေါင်းချင်းဆိုင်ပြီး တိုက်ခိုက်ခဲ့ကြတယ် မဟုတ်လား။ ဘာလင်တိုက်ပွဲကြီးရဲ့ တကယ့်အထွဋ်အထိပ်ပေါ့ ခင်ဗျာ။ အပျက်အစီးတွေကတော့ ရထားကုန်တွဲတွေဆက်တဲ့ နေရာဟောင်းတစ်ခုနားမှာပါ။ ဒါပေမဲ့ တင့်ကားပျက်တွေနဲ့ တခြားအစအနတွေကတော့ အဲဒီတုန်းကအတိုင်း တွေ့ရပါလိမ့်မယ်။ မိတ်ဆွေတစ်ယောက်ရဲ့ ကားကိုငှားပြီး သွားလိုက်ရင် အဲဒီနေရာကို ချက်ချင်းရောက်သွားမှာပါ။”
လမ်းညွှန်ရဲ့ မျက်နှာကို ကျွန်တော်ကြည့်လိုက်တယ်။ ချည်ကတ္တီပါကုတ်အင်္ကျီပေါ်က ထိုးထွက်နေတဲ့ သူ့မျက်နှာဟာ ပါးလျနေတယ်။ သူ့လက်နှစ်ဖက်လုံးကို စားပွဲပေါ် တင်ထားတယ်။ ရှည်သွယ်ပြီး နူးညံ့ချောမွေ့တဲ့ လက်ချောင်းတွေဟာ သင်္ဘောသားတစ်ယောက်နဲ့ ဘယ်လိုမှ တူမနေဘူး။

ကျွန်တော် ခေါင်းခါလိုက်တယ်။ “ညသန်းခေါင်မှာ ဖရီးဒရစ်စထရာဆဲလ် ဘူတာရုံကို ကျွန်တော် ရောက်အောင်သွားရမယ်။ ဗီဇာက ကုန်တော့မှာ။”

“မနက်ဖန်ဆိုရင်ရောခင်ဗျ”

“နက်ဖန်မနက်ကျ နျူရင်ဘတ် (Nuremberg) ကို သွားမှာ”လို့ ကျွန်တော် လိမ်လိုက်တယ်။

လမ်းညွှန်လူငယ်ကို ကြည့်ရတာ နည်းနည်းစိတ်ပျက်သွားပုံပဲ။ သူ့မျက်နှာပေါ်မှာ ချက်ချင်းပဲ နွမ်းနယ်ရိပ်တွေ သမ်းသွားတယ်။ “တကယ်လို့သာ နက်ဖန် ကျွန်တော်တို့ သွားဖြစ်ခဲ့ရင် ကျွန်တော့်အဆက် မိန်းကလေးနဲ့ သူ့သူငယ်ချင်းတွေကို ခေါ်လာမလို့ပါ။ ဒီလောက်ပါပဲ။” ဖြေရှင်းချက်ထုတ်သလို သူပြောတယ်။
“အော်၊ အေးဗျာ” လို့ပဲ ကျွန်တော်ပြောလိုက်ရတယ်။ ကျွန်တော့်ခန္ဓာကိုယ်ထဲက အာရုံကြောတွေကို အေးစက်စက် လက်တစ်ဖက်က အစည်းလိုက် ဆွဲညှစ်နေသလို ခံစားရတယ်။ ဒါပေမယ့် ကျွန်တော်ဘာလုပ်လိုက်ရမယ်ဆိုတာ ကျွန်တော်မသိဘူး။ စစ်ဒဏ်တွေ အပြည့်နဲ့ ထူးဆန်းတဲ့မြို့ကြီးရဲ့ အလယ်မှာ ကျွန်တော်ဟာ လုံးဝ ပျောက်ဆုံးနေခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာတော့ အေးစက်စက်လက်ဟာ ပြေလျော့ပြီး လှိုင်းတစ်လုံးလို ကျွန်တော့်ကိုယ်ထဲက ပြန်ကျသွားလေရဲ့။

“ဟုတ်ကဲ့။ အော် ဟာမန်ဂိုရင်းရဲ့ ခံတပ်ကြီးကတော့ ခမ်းနားတာ အမှန်ပဲမို့လား” လို့ ပြုံးပြီး သူကပြောတယ်။ “နှစ်လေးဆယ်အတွင်း ဘယ်သူမှ ဖြိုမချနိုင်ခဲ့ဘူး”
ဖရီးဒရစ်စထရာဆဲလ်နဲ့ သံပုရာရိပ်သာလမ်းဆုံကနေ ကြည့်လိုက်ရင် ဘယ်ဖက်ကိုမဆို သေချာမြင်ရတယ်။ မြောက်ဖက်မှာ အက်စ်ဘန်ဘူတာရုံ၊ တောင်ဖက်မှာ ချက်ခ်ပွိုင့်ချာလီ (Checkpoint Charlie)၊ အနောက်ဖက်မှာ ဘရန်ဒန်ဘတ် (Brandenburg) ဂိတ်၊ အရှေ့ဖက်မှာ ဖန်ဆီထွမ်။

“မပူပါနဲ့ဗျာ”လို့ သူဆက်ပြောတယ်။ “ခင်ဗျား အေးဆေးဆေးဆေး သွားရင်တောင် ဘူတာရုံကို ဆယ့်ငါးမိနစ်လောက်နဲ့ ရောက်ပါတယ်။ ဟုတ်ပြီလား။”
လက်ကနာရီကို ကြည့်လိုက်တော့ ည (၁၁)နာရီ (၁၀)မိနစ်။ ဟုတ်တယ်၊ ကျွန်တော် အဆင်ပြေနေတာပဲလို့ ကိုယ့်ကိုယ်ကို ပြောလိုက်တယ်။ ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။

“ရထားကုန်တွဲတွေဆက်တဲ့ နေရာကို ကျွန်တော်တို့ မသွားဖြစ်လိုက်တာ အတော်ဆိုးသဗျာ။ ပြီးတော့ မိန်းကလေးတွေရောဗျာ၊ နော်။”

“ဟုတ်တယ်။ ဝမ်းနည်းစရာပါပဲ”လို့ ကျွန်တော်ပြောလိုက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မသွားဖြစ်လိုက်တော့ရော သူ့အတွက် ဘာများဝမ်းနည်းစရာ ရှိနိုင်ပါ့မလဲ။ ဖရီးဒရစ်စထရာဆဲလ်ရှိရာ မြောက်စူးစူးဖက် တစ်ကိုယ်တည်း လျှောက်လာရင်း ကျွန်တော့်စိတ်ထဲမှာ ဟာမန်ဂိုရင်းဟာ ၁၉၄၅ နွေဦးမှာ ဘာတွေများ မျှော်တွေးခဲ့ပါလိမ့်လို့ စိတ်ကူးကြည့်မိတယ်။ ဒါပေမယ့် တကယ်တော့ နှစ်တစ်ထောင် ဂျာမန်အင်ပါယာရဲ့ ထိပ်တန်းသေနာပတိကြီး ဘာတွေတွေးနေခဲ့မယ်ဆိုတာ ဘယ်သူမှ မသိနိုင်တော့ပါဘူး။ ဂိုရင်းရဲ့ အသည်းစွဲ သပ်ရပ်ကျနလှတဲ့ ဟိုင်ကယ်-၁၁၇ (Heinkel 117) ဗုံးကြဲလေယာဉ်တွေတောင် ယူကရိန်းတောအုပ်ထဲမှာ အရောင်လွင့်ပြီးသား အရိုးပုံတွေလို လဲလျောင်းနေခဲ့ပြီပဲ။ စစ်ရဲ့အလောင်းကောင်သက်သက် ဖြစ်နေခဲ့ပြီပဲလေ။


(၃) ဟားဒဗလျူရဲ့ ဥယျာဉ်ပျံ

ဟားဒဗလျူရဲ့ ဥယျာဉ်ပျံကို ပထမဆုံးအကြိမ် ကျွန်တော်ရောက်ခဲ့ချိန်ကတော့ မြူထူထပ်တဲ့ နိုဝင်ဘာမနက်ခင်း တစ်ခုမှာပါပဲ။

“ဘာမှ သိပ်ကြီးကြီးကျယ်ကျယ်တော့ မဟုတ်လှဘူးပေါ့ဗျာ”လို့ ဟားဒဗလျူက ဆိုတယ်။

သူပြောတာ မှန်ပါတယ်။ ဥယျာဉ်ပျံဟာ မြူထုကြီးပေါ်မှာ တလွင့်လွင့် ပေါ်နေတယ် ဆိုရုံလောက်ပဲ။ အကြမ်းဖျင်း ရှစ်ပေလောက်ရှည်ပြီး ငါးပေလောက်ကျယ်မယ်။ လေပေါ်မှာ ပျံတက်နေတယ် ဆိုတဲ့အချက်ကလွဲရင် တခြားဥယျာဉ်တွေနဲ့ သိပ်မကွာလှပါဘူး။ တစ်နည်းဆိုရရင် ဒါဟာ ဥယျာဉ်တစ်ခုလို့ သေချာပေမယ့် ဒီကမ္ဘာမြေပေါ်မှာတော့ တတိယဆင့်လောက်ပဲ ရှိတယ်။ မြက်ခင်းက အကွက်လိုက် အကွက်လိုက် ခြောက်သွေ့နေပြီး ပန်းတွေကလဲ အလန့်တကြားနဲ့ သဘာဝမကျတဲ့ သဏ္ဍာန်ကို ဆောင်နေကြတယ်။ ခရမ်းချဉ်နွယ်တွေဟာ ညှိုးနွမ်းနေပြီး ဥယျာဉ်ကလဲ သစ်သားစည်းရိုးလေးတောင် မရှိရှာဘူး။ ဥယျာဉ်ထဲက အဖြူရောင် ပရိဘောဂတွေဟာလဲ အပေါင်ဆုံးဆိုင်တစ်ဆိုင်က ရလာတဲ့ပုံ ပေါက်နေပါတယ်။

“ဘာမှ သိပ်မကြီးကျယ်လှပါဘူးလို့ ကျုပ်ပြောခဲ့တယ် မဟုတ်လား”လို့ ဟားဒဗလျူက တောင်းပန်သလို ထပ်ပြောတယ်။ ကျွန်တော့်မျက်လုံးတွေကို တစ်ချိန်လုံး သူစောင့်ကြည့်နေခဲ့ပုံပဲ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ကလဲ အထူးအထွေ စိတ်ပျက်မသွားမိဘူး။ ခမ်းနားတဲ့ ရုက္ခဥယျာဉ်တွေ၊ ရေပန်းတွေ၊ တိရစ္ဆာန်ပုံ ချုံပုတ်တွေ၊ မြားနတ်မောင်ရုပ်တွေကိုကြည့်ဖို့ ဒီနေရာကို လာခဲ့တာမှ မဟုတ်ပဲ။ ဟားဒဗလျူရဲ့ ဥယျာဉ်ပျံကို ကြည့်ချင်လို့သာ ကျွန်တော်လာခဲ့တာကိုး။

“ဝင့်ကြွားပြီး မပျံနိုင်တဲ့ ဥယျာဉ်တွေထက်တော့ သာသဗျာ”လို့ ကျွန်တော်ပြောလိုက်တော့ ဟားဒဗလျူ နည်းနည်းတော့ စိတ်သက်သာသွားပုံ ရတယ်။
“ဒီထက်သာ နည်းနည်းလေး မြှင့်လိုက်နိုင်ရင် တကယ့်ကို ဥယျာဉ်ပျံ ဖြစ်သွားမှာဗျ။ ဒါပေမဲ့ ခုလိုဆိုတော့လဲ …” ဟားဒဗလျူက ပြောတယ်။ “လက်ဘက်ရည် သုံးဆောင်ပါဦး”

“ကောင်းပါလေ့ခင်ဗျာ”လို့ ကျွန်တော်ပြောလိုက်တယ်။

ဟားဒဗလျူဟာ ဘာပုံသဏ္ဍာန်မှန်း မကွဲပြားလှတဲ့ ကင်းဘတ်အိတ်တစ်ခုထဲက ကိုးလ်မန်း မီးဖိုတစ်ခုရယ်၊ အဝါရောင် ကြွေရည်သုတ် လက်ဘက်ရည်ကရား တစ်အိုးရယ်၊ ရေအပြည့်ပါတဲ့ ဓာတ်ဗူးတစ်လုံးရယ်ကို ဆွဲထုတ်ပြီး လက်ဘက်ရည်ဖျော်ပါလေတော့တယ်။

လေထုက အေးစက်လွန်းလှတယ်။ ကျွန်တော်ဟာ အပေါ်အင်္ကျီရှည်ထူထူနဲ့ လည်စည်းပုဝါတစ်ခုကို ဝတ်ထားတာတောင် သိပ်မသက်သာလှဘူး။ အဲလို ခိုက်ခိုက်တုန်ပြီး ထိုင်နေရင်းက မြူထုဟာ ကျွန်တော်ရှိရာ တောင်စူးစူးကို လွင့်လာတာကို စောင့်ကြည့်နေမိတယ်။ မြူထုကြားထဲ လွင့်နေရင်း ကျွန်တော်တို့ဟာ ထူးဆန်းတဲ့ နယ်မြေသစ်တခုထဲကို မျောပါနေသလို ခံစားလိုက်ရတယ်။

အဲဒီအကြောင်းကို လက်ဘက်ရည်ပူပူသောက်ရင်း ပြောပြတော့ ဟားဒဗလျူက တခစ်ခစ် ရယ်တယ်။ “ဒီကိုလာတဲ့သူတိုင်း အဲလိုပြောကြတယ်ဗျ။ အထူးသဖြင့် တကယ့်ကို မြူထူတဲ့နေ့တွေမှာ ဆိုရင်ပေါ့။ အဲ့လိုအခါတွေမှာဆိုရင် ကျုပ်တို့ဟာ မြောက်ပင်လယ်ပေါ်က လေထုအလွှာထဲ လွင့်ပါနေသလိုကို ထင်ရတော့တာပဲ မဟုတ်လား”

လည်ချောင်းတစ်ချက်ရှင်းလိုက်ရင်း တခြားဖြစ်နိုင်ချေတစ်ခုကို ကျွန်တော်ညွှန်းလိုက်တယ်။ “ဒါမှမဟုတ် အရှေ့ဘာလင်ဖက်ပေါ့”

“အော် ဟုတ်ပါ့ဗျာ။ ဟုတ်ပါ့။” ညှိုးနေတဲ့ ခရမ်းချဉ်နွယ်တစ်ပင်ကို ကိုင်ကြည့်နေရင်း ဟားဒဗလျူက ဆိုတယ်။ “ဒါကို တကယ့်ဥယျာဉ်ပျံဖြစ်အောင် ကျုပ်မလုပ်နိုင်တာ အဲဒီတစ်ချက်လဲ ပါတယ်။ ဒါကို အမြင့်ကြီး မြှင့်လိုက်မယ်ဆိုရင် အရှေ့ဂျာမန်ရဲတွေ လန့်ကုန်ကြလိမ့်မယ်။ သူတို့ရဲ့ မီးမောင်းတွေနဲ့ စက်သေနတ်တွေကိုလဲ ဒီဖက်လှမ်းချိန်တော့မှာပဲ။ ပစ်တာကတော့ မပစ်လောက်ပါဘူး။ ဒါပေမဲ့ အဲလိုကျပြန်တော့လဲ သိပ်မကောင်းလှဘူးလေ။”

“ဟုတ်တာပေါ့”

“ပြီးတော့လဲ ခင်ဗျားပြောသလို ပိုမြှင့်လိုက်ရင် လေပြင်းပြင်းတစ်ချက်ထဲ ကျုပ်တို့ လွင့်ပါသွားပြီး အရှေ့ဂျာမနီကို ရောက်မသွားဘူးလို့ ဘယ်လိုမှ အာမမခံနိုင်ဘူးဗျ။ အဲလိုသာဆိုရင် ဘာဆက်ဖြစ်မလဲ။ ကျုပ်တို့ဟာ စပိုင်တွေပါဆိုပြီး အဖမ်းခံရကောင်း ခံရနိုင်တယ်။ တကယ်လို့ အသက်ဘေးက လွတ်ခဲ့ရင်တောင် အနောက်ဂျာမနီဖက်ကို ဘယ်လိုမှ ပြန်လာလို့ရမှာ မဟုတ်ဘူး”

“အင်း”

ဟားဒဗလျူရဲ့ ဥယျာဉ်ပျံဟာ ဘာလင်တံတိုင်းနားက လေးထပ်တိုက် အစုတ်တစ်လုံးရဲ့ ခေါင်မိုးပေါ်မှာ လံထားတာပါ။ သူ့ဥယျာဉ်ပျံကို ခေါင်မိုးက ရှစ်လက်မအကွာမှာသာ ပျံထားစေခဲ့တာကြောင့် သေချာသာ မကြည့်မိရင် တိုက်ခေါင်မိုးပေါ်က သာမန်ဥယျာဉ်တစ်ခုလို့ အမြင်မှားနိုင်တယ်။ ဒီလို ဥယျာဉ်ပျံတစ်ခုကို ရှစ်လက်မအမြင့်အထိပဲ ထိန်းသိမ်းထားနိုင်တာကတော့ သာမန်လူများစု စွမ်းဆောင်နိုင်စွမ်း မရှိလှတဲ့အရာတစ်ခုပါပဲ။ အခုလို ဟားဒဗလျူ စီမံနိုင်ခဲ့တာကတော့ သူဟာ ‘ပြေပြစ်မှုရှိပြီး ထိပ်တိုင်ရင်ဆိုင်ခြင်းကို ရှောင်သူ’တစ်ယောက် ဖြစ်လို့ပဲလို့ လူတွေက ပြောကြတယ်။

“ခင်ဗျား ဘာလို့ ဥယျာဉ်ပျံကို ပိုလုံခြုံတဲ့နေရာကို မရွှေ့တာလဲ”လို့ ကျွန်တော်မေးလိုက်တယ်။ “ကွန်း (Koln) လို၊ ဖရန့်ဖတ် (Frankfurt) လို၊ ဒါမှမဟုတ် အနောက်ဘာလင် အတွင်းကျကျ တစ်နေရာဖြစ်ဖြစ်ပေါ့။ အဲလိုသာဆိုရင် ခင်ဗျားဥယျာဉ်ပျံကို မြှင့်ချင်သလောက် မြှင့်လို့ရမှာပဲ။ ဘယ်သူမှလဲ စိတ်ဆိုးမယ် မထင်ဘူး။”

“အဓိပ္ပာယ်မရှိလိုက်တာဗျာ” ဟားဒဗလျူ ခေါင်းခါတယ်။ “ကွန်း! ဖရန့်ဖတ်!” ခေါင်းထပ်ခါပြန်တယ်။ “ကျုပ် ဒီနေရာပဲ ကြိုက်တယ်။ ကျုပ်မိတ်ဆွေတွေအားလုံး ဒီ ခရူးစ်ဘတ် (Kreuzberg) မှာပဲ နေကြတယ်။ ဒီနေရာ ကောင်းပါတယ်ဗျ။”

သူ့လက်ဘက်ရည်ကို လက်စသတ်လိုက်ပြီး ဖိလစ်အမျိုးအစား ဓာတ်ပြားဖွင့်စက်လေးကို သေတ္တာလေးတစ်ခုထဲက ထုတ်လိုက်တယ်။ သိပ်မကြာခင်မှာပဲ ဟဲန်ဒဲလ် (Handel) ရဲ့ ဝါဆာမြူးဇစ် ဒုတိယပိုဒ် ဂီတသံဟာ လှိုင်ထွက်လာပါတော့တယ်။ သွက်လက်တဲ့ ထရမ်းပက်သံတွေကို ငြီးငွေ့စရာ အုံ့မှိုင်းနေတဲ့ ခရူးစ်ဘတ်ကောင်းကင်အောက်မှာ ကြည်ကြည်လင်လင် ကြားနေရတယ်။ ဟားဒဗလျူရဲ့ ဥယျာဉ်ပျံအတွက် ခုထက်ပိုကောင်းတဲ့ အခင်းအကျင်း ရှိပါဦးတော့မလား။

“ဒီနွေမှာ ခင်ဗျား ပြန်လာသင့်တယ်” ဟားဒဗလျူက ပြောတယ်။ “အဲဒီအချိန်သာဆို ဥယျာဉ်ဟာ တကယ့်ကို ပျော်စရာပဲ။ ပြီးခဲ့တဲ့နှစ် နွေတုန်းကဆိုရင် ကျုပ်တို့ နေ့တိုင်းပါတီလုပ်သဗျ။ တစ်ခါသားတုန်းကဆို လူနှစ်ဆယ့်ငါးယောက်နဲ့ ခွေးသုံးကောင်တောင် ဒီပေါ်မှာ ရှိနေခဲ့တာ။”

“ဘယ်သူမှ ပြုတ်မကျခဲ့တာ အတော်ကောင်းတာပေါ့” လို့ ကျွန်တော် အံ့အားတသင့် ပြောလိုက်တယ်။

ဟားဒဗလျူက တခစ်ခစ်ရယ်လိုက်ရင်း “အင်း၊ လူနှစ်ယောက်တော့ မူးပြီး ပြုတ်ကျခဲ့သဗျ” လို့ ပြောတယ်။ “သို့သော်လဲ ဘယ်သူမှတော့ မသေပါဘူး။ တတိယထပ်က နေကာအမိုးတွေက အတော်ခိုင်တာကိုး။”

ကျွန်တော် ရယ်လိုက်မိတယ်။

“မတ်ရပ် စန္ဒယားတစ်လုံးတောင် ကျုပ်တို့ ဆွဲတင်လာဖူးတယ်။ ပေါ်လီနီ (Pollini) ရောက်လာပြီး ရှူးမန်း (Schumann) ရဲ့ တေးသွားတွေ တီးသွားသေးတယ်။ အတော့်ကို ကောင်းတာပဲဗျို့။ ခင်ဗျားသိတဲ့အတိုင်း ပေါ်လီနီက ဥယျာဉ်ပျံတော့ နည်းနည်းရူးတာကိုး။ လိုရင် မာဇဲလ် (Lorin Maazel) တောင် လာချင်တာ။ ဒါပေမယ့် ဗီယင်နာ သံစုံတီးဝိုင်းကြီးတစ်ခုလုံးတော့ ဒီနေရာမှာဆန့်အောင် ကျုပ်လဲ မတတ်နိုင်ဘူးလေ။”

“ဟုတ်တာပေါ့” လို့ ကျွန်တော် ထောက်ခံလိုက်တယ်။

“ဒီနွေမှာ ထပ်လာခဲ့ပါဗျာ” လို့ ဟားဒဗလျူကပြောပြီး ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်လိုက်တယ်။ “ဘာလင်ရဲ့ နွေကတော့ တကယ့်ရှုခင်းသာပါပဲ။ နွေရောက်ပြီဆို ဒီနေရာဟာ တူရကီဟင်းနံ့တွေ၊ ကလေးတွေရဲ့ ရယ်သံတွေ၊ ဂီတသံတွေ၊ ဘီယာတွေနဲ့ ပြည့်နေတော့တာပဲဗျို့။ ဒါဟာ ဘာလင်ပဲ။”

“ကျွန်တော် အရမ်းပြန်လာခဲ့ချင်ပါတယ်”

“ကွန်း! ဖရန့်ဖတ်!” ဟားဒဗလျူက ထပ်ရေရွတ်ရင်း ခေါင်းခါပြန်တယ်။

အဲသလိုနဲ့ ခရူးစ်ဘတ်ကောင်းကင်ပေါ်ကို ရှစ်လက်မကြွနေတဲ့ ဟားဒဗလျူရဲ့ ဥယျာဉ်ပျံဟာ နွေပေါက်ချိန်ကို တရစ်ဝဲဝဲ စောင့်မျှော်နေပါတော့တယ်။


(Three German Fantasies by Haruki Murakami (English Translation: Keith Leslie Johnson).. ဘာသာပြန် – ကိုအရိပ်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s