လမ်းအိုလေး

Løøps of Resistance …

The Wind-up Bird's Chronicle

တေးဆိုငှက်နှင့် အင်္ဂါနေ့၏ မိန်းမများ (သင့်လူ)

Leave a comment

This slideshow requires JavaScript.

… သေခြင်းတရားဟာလေ အပေါ်ယံအပြင်အခွံကတော့ ပျော့ပျော့ပျောင်းပျောင်း၊ အထဲရောက်လေ ကျစ်နေအောင်မာလေဆိုတဲ့ အရာတစ်ခုလို့ ကျွန်မထင်မိတယ် …
ဘာသာပြန် – သင့်လူ / Mirrored from: Thintlu.com
Image source: Marikoyama / Robin Lyons / Mikehazard / BenjaminBenjamin


(၁)
တယ်လီဖုန်းသံမြည်လာတဲ့အချိန် ကျွန်တော်က မီးဖိုခန်းထဲမှာလေ။ စပါဂတ်တီခေါက်ဆွဲကို ပြုတ်ရင်း ရေဒီယိုက လာနေတဲ့ ရော့စ်စနီရဲ့ ခိုးခံလိုက်ရတဲ့ မက်ပိုင်းမုန့်များ တေးသွားကို လေချွန်လို့ပေါ့။ အီတလီစာ ပက်စတာကို ချက်ပြုတ်ပြင်ဆင်ဖို့အတွက် အကောင်းဆုံး ဂီတပေါ့။ ခုတော့ လွယ်လွယ်ကူကူ စပါဂတ်တီပဲ တော်ပါပြီ။

စပါဂတ်တီက နူးခါနီး၊ ဂီတသံကလည်း အထွဋ်အထိပ်ကို ရောက်နေတုန်းအချိန်မို့ ပထမတော့ ဖုန်းမကိုင်တော့ဘူးလို့ပဲ။ နောက်ကျတော့လည်း တစ်ယောက်ယောက်က အလုပ်ကိစ္စ ဆက်နေရင် ဘယ်လိုလုပ်မလဲလို့ အတွေးပေါက်လာပြီး ကမန်းကတန်း ပြေးကိုင်လိုက်မိတယ်။

“ဆယ်မိနစ်လောက်ပါပဲနော်၊ ကျေးဇူးပြုပြီး ဆယ်မိနစ်ကလေးထဲပါရှင်”

တစ်ဖက်က ပြောလိုက်တဲ့ မိန်းမသံကို ကြည်ကြည်လင်လင်ပဲ ကြားလိုက်ရတယ်။ ကျွန်တော်က လူတွေရဲ့ အသံကို အတော်မှတ်မိတဲ့ကောင်။ ဒီမိန်းမအသံကို တစ်ခါမှ မကြားဖူးတာသေချာတယ်။

“ခဏလေးပါ၊ ခင်ဗျား ဘယ်သူ့ကို ဖုန်းခေါ်တာလဲဗျာ၊ ဘယ်သူနဲ့ ပြောချင်လို့လဲ”

“ရှင်နဲ့ပေါ့ ရှင်ရယ်။ ရှင့်ဆီကို ခေါ်တာပေါ့၊ ဆယ်မိနစ်လောက်ပဲ နားထောင်ပေးပါ။ ကျွန်မတို့ တစ်ယောက်အပေါ် တစ်ယောက် နားလည်နိုင်ဖို့ ဆယ်မိနစ်ဆို ရပါပြီ”

သူ့အသံက တိုးတိုးချိုချိုလေး၊ ဒါပေမဲ့ အသိရခက်တဲ့ အသံမျိုးပဲ။

“တစ်ယောက်ကိုတစ်ယောက် နားလည်နိုင်ဖို့၊ ဟုတ်လားဗျာ”

“အင်းလေ-ခံစားချက်တွေ ဖလှယ်ဖို့ပေါ့”

မီးဖိုထဲ ချောင်းကြည့်လိုက်တယ်။ စပါဂတ်တီအိုးဟာ အငွေ့တထောင်းထောင်း၊ ခိုးခံလိုက်ရတဲ့ မုန့်များတေးသွားကလည်း လေထဲမှာ ငြိမ့်ငြိမ့်ငြောင်းငြောင်း။

“ဆောရီးဗျာ၊ ကျွန်တော်ခု စပါဂတ်တီချက်နေလို့ပါ။ ဘာပဲဖြစ်ဖြစ် နောက်မှ ပြန်ဆက်ပါလား”

“အို- မနက် ဆယ်နာရီခွဲကို စပါဂတ်တီချက်နေတယ်၊ ဟုတ်လား၊ ယောက်ျားကြီးတစ်ယောက်ကလေ”

“ဒါခင်ဗျားအလုပ်မဟုတ်ပါဘူး၊ ကျွန်တော် စားချင်တာ ကျွန်တော်ချက်မှာပေါ့”

“အင်း-ဟုတ်တာပေါ့။ ဒါဆို နောက်မှ ပြန်ခေါ်မယ်နော်”

သူ့အသံက ခုနကလို မချိုတော့ဘူး။ နည်းနည်း ခပ်တည်တည်ဖြစ်သွားသလိုပဲ။ ဒီလိုပါပဲ။ မုဒ်ပြောင်းသွားရင် လူတွေမှာ သံနေသံထား ပြောင်းသွားတတ်တယ်လေ။ သူဖုန်းမချခင် ကျွန်တော် ကမန်းကတန်းပြောလိုက်တယ်။

“ခဏလေး၊ ခင်ဗျား ကျွန်တော့်ကို ပစ္စည်းတစ်ခုခုရောင်းဖို့ ဆိုရင်တော့ ပြန်မဆက်နဲ့တော့။ ကျွန်တော်က အလုပ်လက်မဲ့ဗျ၊ ဘာပစ္စည်းမှ မဝယ်နိုင်ဘူး”

“ပူပါနဲ့ ရှင်ရယ်။ ကျွန်မ သိပါတယ်”

“သိတယ်။ ခင်ဗျားက ဘာကို သိတာလဲ”

“ရှင်အလုပ်လက်မဲ့ ဖြစ်နေတယ် ဆိုတာကိုပေါ့။ ကဲပါ- သွား၊ သွား၊ ရှင့်ရဲ့ အဖိုးတန် စပါဂတ်တီကို သွားချက်ချည်လေ”

“နေပါဦး-ခင်–ခင်ဗျား-”

ဖုန်းချသွားပြီ။ လက်ထဲက ဖုန်းကို ငေးနေရင်း စပါဂတ်တီကို သတိရလာတယ်။ မီးဖိုခန်းထဲ ပြန်ဝင်တယ်။ ဂတ်စ် မီးဖို ကို ပိတ်တယ်။ သောက်ဖုန်းလာတာနဲ့ နည်းနည်းတောင် ပျော့သွားပြီ။

ကျွန်တော် စားရင်းနဲ့ စဉ်းစားနေမိတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်ဖို့၊ ခံစားချက်တွေ ဖလှယ်ဖို့ အချိန် ဆယ်မိနစ်တဲ့။ သူ ဘာတွေ ပြောသွားတာလဲ။ ဖုန်းသရဲမလား။ အရောင်းစာရေးမလား။ အို-ထားလိုက်ပါတော့။

နေ့လည်စာစားပြီးတော့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ စာအုပ်တစ်အုပ်ကိုင်ပြီး ထိုင်ရင်း ဟိုငေးဒီငေးနဲ့ တစ်ချက် တစ်ချက် ဖုန်းကိုလည်း ကြည့်နေမိတယ်။ ဆယ်မိနစ်နဲ့ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေ ဖလှယ်ပြီး အပြန် အလှန် နားလည်ဖို့ ဆိုပဲ။ ဆယ်မိနစ်ဆိုတဲ့ အချိန်ကလေးနဲ့ ဘယ်နှယ့်လုပ် အပြန်အလှန်နားလည်နိုင်ပါ့မလဲ။ ဘာဖြစ် လို့ သူ့ပါးစပ်က ပထမဆုံးထွက်လာတဲ့ စကားဟာ အဲဒီစကားဖြစ်နေရတာလဲ။ တစ်ယောက်ကို တစ်ယောက် နား လည်ဖို့ ကိုးမိနစ်ဆိုရင် တိုလွန်းပြီး ဆယ့်တစ်မိ နစ်ဆိုရင် ရှည်လွန်းနေသလား။ ကိုယ်လိုချင်တဲ့ အခြေအနေရအောင် စပါဂတ်တီကို ချိန်ဆ ချက်ရသလို နေမှာပေါ့လေ။

ဒါနဲ့ပဲ စာဆက်မဖတ်နိုင်တော့ဘူး။ ရှပ်အင်္ကျီတွေ မီးပူထိုးမယ်ကွာ။ ဒီလိုပဲ စိတ်ထဲမယ် ခိုးလိုးခုလု ဖြစ်တိုင်း လုပ်လေ့ ရှိတဲ့ ကျွန်တော့်ရဲ့ အကျင့်တစ်ခုပေါ့။ အမြဲတမ်း အင်္ကျီမီးပူတိုက်တိုင်း အဆင့်ဆယ့်နှစ်ဆင့်တိုက်လေ့ရှိတယ်။ ကော် လံဖျားကနေ ဘယ်ဖက်လက်ဖျားထိပေါ့။ ဘယ်တော့မှ မပြောင်းလဲဘူး။ အမြဲတမ်း ဒီအတိုင်းပဲ ကျွန်တော်လုပ်လေ့ ရှိတယ်။

အင်္ကျီသုံးထည် မီးပူတိုက်လိုက်တယ်။ တွန့်တဲ့ ကြေတဲ့ နေရာတွေ ရှိသေးလား ဖင်ပြန်ခေါင်းပြန်ကြည့်ပြီး မီးပူတိုက် ပြီးသား အင်္ကျီတွေကို ချိတ်နဲ့ ချိတ်လိုက်တယ်။ မီးပူတိုက်ပြီးတော့ စိတ်ထဲမှာ သရိုးသရီဖြစ်နေတာတွေ ရှင်းသွား တယ်။ ကျန်းမာပကတိ၊ ချမ်းသာအတိ ပြန်ဖြစ်လာတယ်လေ။

ရေအေးအေးတစ်ခွက်သောက်ဖို့ မီးဖိုခန်းထဲအသွားမှာ ဖုန်းက ထ မြည်လာပြန်တယ်။ တစ်စက္ကန့်လောက်ပဲ စိတ်ထဲမှာ တွေဝေသလို ဖြစ်သွားပေမဲ့ ချက်ချင်း ကောက်ကိုင်လိုက်မိတယ်။ ခုနက မမ ဆယ်မိနစ်ပဲဆိုရင်တော့ ကျုပ်မီးပူ တိုက် နေ တယ် လို့ ပြောပြီး ဖုန်းချပစ်လိုက်မယ်လို့ ကြံထားတာ မဟုတ်ဖူးဗျား။ ကူမီကို ဆက်တာဖြစ်နေတယ်။ နာရီလှမ်း ကြည့်တော့ မနက် ဆယ့်တစ်နာရီခွဲ။

“ဘယ့်နှယ့်တုန်း ကိုယ်တော်ချော၊ အဆင်ပြေရဲ့လား” တဲ့။ မိန်းမ အသံကို ကြားလိုက်ရတော့ စိတ်သက်သာသွား သလိုပဲ။

“ပြေပါ့ဗျား”

“ခု ဘာလုပ်နေလဲ”

“ခုပဲ မီးပူတိုက်ပြီးတာ”

“ဟယ်- ဘာဖြစ်လို့လဲဟင်”

ကူမီကို့အသံဟာ သိသိသာသာကို ပြောင်းသွားတယ်။ တစ်ခုခုဖြစ်မှာ စိုးရိမ်တဲ့အသံမျိုး။ ကျွန်တော်အတွက် မီးပူ တိုက်တယ်ဆိုတာ အဆင်မပြေတာတစ်ခုခုရှိလို့ဆိုတာ သူကောင်းကောင်းသိတယ်လေ။

“ဘာမှ မဖြစ်ပါဘူး။ ရှပ်အင်္ကျီတွေ မီးပူမတိုက်ရသေးလို့လေ”

ဆိုဖာပေါ်ထိုင်ချလိုက်တယ်။ ဖုန်းကို ဘယ်လက်ကနေ ညာလက် ပြောင်းကိုင်လိုက်တယ်။

“ဘာတုန်းပြော”

“သြော်-ကို ကဗျာများ ရေးနိုင်မလားလို့”

ကဗျာ ! ကဗျာ၊ ကဗျာဆိုပဲ၊ ဘာတွေလာပြောနေပါလိမ့်။

“ဒီလိုလေ၊ မ က အမျိုးသမီး မဂ္ဂဇင်း ထုတ်ဝေသူတစ်ယောက်နဲ့ သိတယ်။ သူတို့က စာဖတ်သူတွေပို့လိုက်တဲ့ ကဗျာ လေးတွေကို စီစစ်ရွေးချယ်ပေးမယ့် ကဗျာ အယ်ဒီတာ ဆိုပါတော့၊ အဲဒါ လိုချင်တယ်တဲ့။ ကဗျာလည်း ရေးနိုင်ရမယ်၊ အချိန်ပိုင်းအလုပ်ပဲ၊ လစာလည်း မဆိုးဘူး၊ လွယ်လွယ်လေးပဲ။ ဒီတော့———-”

“လွယ်လွယ်လေး ဟုတ်လား မိန်းမ၊ ကိုယ်က ဥပဒေနဲ့ အမှုအခင်းနဲ့ ပတ်သက်တဲ့ အလုပ်မျိုးရှာနေတာလေကွာ၊ ဘယ့်နှယ့် ကဗျာတဲ့တုန်း”

“ဟုတ်ဖူးလေ၊ အထက်တန်းကျောင်းတုန်းက ကို ကဗျာတွေ ရေးသလားလို့”

“ဟုတ်တယ်လေ၊ ကျောင်း နံရံကပ်စာစောင်တို့၊ ကျောင်းမဂ္ဂဇင်းတို့မှာ လျှောက်ရေးတာပေါ့၊ ဘောလုံးပွဲနိုင် ဂုဏ်ပြု ကဗျာတို့၊ လှေကားပေါ်က ပြုတ်ကျလို့ ဆေးရုံရောက်သွားရှာတဲ့ ရူပဗေဒ ဆရာကြီးအကြောင်းတို့၊ ဒါတွေက ကဗျာ စစ်စစ်မှ မဟုတ်ပဲ မ ရယ်”

“အင်းလေ-ခုမဂ္ဂဇင်းကလည်း အထက်တန်းကျောင်းသူတွေလောက် ဖတ်တဲ့ ဟာမျိုးပဲ ဥစ္စာ၊ စာပေတန်းဝင်တဲ့ မဟာ ကဗျာကြီးတွေ ရေးရတာမှ မဟုတ်ပဲ ကို ရယ်။ လွယ်လွယ်လေးကို မျက်စိမှိတ်ပြီး တွေ့ရာကောက်ရေးလိုက်ရင်တောင် ရပါတယ်”

“ခက်ပါလား မ ရယ်။ ခု အရွယ်မှာ မျက်စိပိတ်ရေးရေး၊ ဖွင့်ရေးရေး ရေးလို့ကို မရတာဟေ့-ရှင်းပြီလား”

“ရှင်းပါပြီတဲ့တော်၊ နောက်မပြောတော့ပါဘူး၊ ရှင် လိုချင်တဲ့ အလုပ်က ရှာရခက်တယ် မဟုတ်လား”

“အေးလေ-ဒါပေမဲ့ ဒီအပါတ်ထဲတော့ တစ်ခုခု ထူးလိမ့်မယ် ထင်တာပဲကွာ၊ မဟုတ်ရင်တော့ တစ်ခြားတစ်ခုခု စဉ်းစား ဦးမယ်”

“ပြီးရောလေ၊ နေဦး၊ ဒီနေ့ ဘာနေ့လဲ”

သူပြောမှပဲ တော်တော် စဉ်းစားလိုက်ရတယ်။

“အင်္ဂါလေ၊ ဘာဖြစ်လို့လဲ”

“ဒါဆို ကို ဘဏ်သွားပြီး တယ်လီဖုန်းခွန်တို့၊ မီးခွန်တို့ သွားဆောင်မှာ မဟုတ်လား”

“အင်း-ညစာအတွက်လည်း တစ်ခုခု ဝယ်ရဦးမယ်”

“ည ဘာချက်မှာတုန်း ကို”

“မသိသေးဘူး၊ ဈေးဝယ်မှပဲ ကြည့်ဝယ်လိုက်တော့မယ်”

ကူမီကို အသံ ခဏ တိတ်သွားတယ်။ ပြီးတော့ သူဆက်ပြောတယ်။

“ဒီမှာ-အလောတကြီးတော့ မရရအောင် အလုပ်ရှာမနေနဲ့နော် ကို”

ကျွန်တော် တော်တော်လေး အံ့သြသွားတယ်။

ဒီနေ့အဖို့တော့ ကမ္ဘာပေါ်က ရှိသမျှ မိန်းမတွေ ကျွန်တော့်ကို ဖုန်းထဲကနေ အံအားသင့်အောင် လုပ်နေကြသလား မသိ။

“ဘာဖြစ်လို့လဲ မ၊ ကို အလုပ်မရှိပဲ အကြာကြီးနေလို့ မဖြစ်ဖူးလေ”

“ဟုတ်ပါတယ်။ သိပ်မလောနဲ့လို့ မ က ပြောတာပါ။ စုထားဆောင်းထားတာလေးတွေ ရှိပါသေးတယ် ကို ရယ်၊ အလောတကြီး ဖုတ်ပူမီးတိုက် ဖြစ်မနေပါနဲ့၊ ဘာလဲ အိမ်အလုပ်လုပ်ရတာ ငြီးငွေ့နေပြီလား”

“သိပါဘူးကွာ”

စိတ်ထဲရှိသလို ရိုးရိုးသားသား ဖြေပစ်လိုက်တယ်။ တကယ်လည်း ငြီးငွေ့လား၊ မငြီးငွေ့လားတောင် မသိတော့ပါဘူး။

“ကို စဉ်းစားဦးပေါ့၊ ဒါနဲ့ ကလေး ပြန်ရောက်လာလား”

ကလေးဆိုတာ အိမ်က ကြောင်ကို သူပြောနေတာ။ ဒီတစ်မနက်လုံး ကြောင်အကြောင်း မစဉ်းစားမိဘူး။

“ဟင့်အင်း-ပြန်မလာသေးဘူး”

“ဟဲ့-ဒါဆို လိုက်ရှာကြည့်ဦးလေ ကို၊ ခုဆို ပျောက်နေတာ တစ်ပါတ်လောက်တောင် ရှိနေပြီ”

ဖုန်းကို ဘယ်ဘက်လက် ပြောင်းကိုင်လိုက်တယ်။ ကူမီကိုကတော့ ပြောတုန်း။

“ကြည့်ရတာ လမ်းကြားထဲလျှောက်သွားရင်း အိမ်လွတ်ထဲမှာ သေနေရှာပြီထင်ပါရဲ့”

“ဘယ်လို လမ်းကြားထဲလျှောက်သွားရင်း အိမ်လွတ် ဟုတ်လား”

“အင်း-ဟို ငှက်ရုပ်ကြီးနဲ့ အိမ်လေ”

“မင်းဘာတွေပြောနေတာလဲ”

“အဲ-အဲ၊ မ လစ်တော့မယ် ကို ရေ၊ အလုပ်တွေ အများကြီးပဲ၊ ကြောင်ကို လိုက်ရှာနော်”

ကူမီကို ဖုန်းချသွားပြီ။ ဖုန်းကို ငေးကြည့်မိပြန်တယ်။ ခဏနေမှ ဖုန်းခွက်ပေါ်ပြန်တင်လိုက်တယ်။ လမ်းကြားထဲမှာတဲ့။ ငှက်ရုပ်ကြီးနဲ့အိမ်တဲ့။ အဲဒီသွားဖို့က လွယ်တာမဟုတ်ဖူး၊ အုတ်တံတိုင်း အမြင့်ကြီးကို ကျားကုတ်ကျားခဲ ကျော်တက် ရမှာ၊ ကူမီကို ဘာအတွေးတွေပေါက်နေပါလိမ့်။

ရေတစ်ခွက် ထပ်သောက်လိုက်တယ်။ ဝရံတာမှာ ချထားတဲ့ ကြောင်စာခွက်ကို ကြည့်တယ်။ မနေ့ညက ထည့်ထားတဲ့ ဆာဒင်းငါးတွေ ဒီအတိုင်းပဲ၊ အရာမယွင်းဘူး။ ဆိုတော့ ဒီကြောင် ပြန်မလာဘူးပေါ့။ မနက်ခင်း နွေနေရောင်အောက်မှာ ကျွန်တော် တို့ ဥယျာဉ်ကလေးကို ရပ်ကြည့်နေမိပြန်တယ်။ ခင်ဗျားတို့ စိတ်နှလုံးကို သိမ်းကြုံးဆွဲငင်နိုင်လောက်အောင် ရင်သပ် ရှုမောရလောက်တဲ့ ဥယျာဉ်မျိုးတော့ မဟုတ်ဖူးပေါ့ဗျာ။ အပင်လေးတွေ ဟိုနားတစ်စု၊ ဒီနားတစ်စုလောက်ပါ။ ဒါပေမဲ့ သစ်ပင်ပေါ်က ငှက်ကလေးတစ်ကောင်ရဲ့ အသံသာသာလေးကိုတော့ အမြဲတမ်းကြားရသဗျ။ ဒီငှက်ကလေးကို တေးဆိုငှက် လို့ ကျွန်တော်တို့ နာမည်ပေးထားကြတယ်။ ကူမီကို ပေးတာပါ။ သူ့ပုံစံဟာ ဘယ်လိုလဲ။ သူ့ တကယ့် နာမည်ကရော ဘာလဲ။ ကျွန်တော်တို့ မသိပါဘူး။ နေ့တိုင်းနေ့တိုင်း သူ့အသံသာသာလေး ကြားနေရတာနဲ့ပဲ ကျေနပ်မိပါတယ်။

ကဲ-ကျွန်တော် ခု ကြောင်ရှာပုံတော် ဖွင့်တော့မယ်။ ကျွန်တော်က ကြောင်ချစ်တယ်လေ။ အိမ်က ကလေးလို့ခေါ်တဲ့ ကြောင်ကို အတော်ချစ်တယ်။ ဒါပေမဲ့ ကြောင်ဆိုတာက သူ့ဥာဉ်နဲ့သူဗျ။ ခင်ဗျားနား အမြဲတမ်းနေလိမ့်မယ်လို့ မထင် လေနဲ့။ သွားချင်ရာလျှောက်သွားမှာ၊ အချိန်တန်လို့ ဗိုက်ဆာရင်တော့ အိမ်ပြန်လာရော။ ဒါပေမဲ့ ခု ကလေးက ပြန်မလာဘူးလေ။ ဆိုတော့ ကျွန်တော် ပျော်ဖို့၊ ကူမီကို ပျော်ဖို့၊ ကလေးကို လိုက်ရှာရတော့မယ်။ ဒီထက် ကောင်းတာကလဲ ကျွန်တော့်မှာ လုပ်စရာ မရှိပဲကိုး။


ဧပြီလဆန်းမှာ တစ်သက်လုံးလုပ်လာတဲ့ ဥပဒေရေးရာ အကျိုးတော်ဆောင် အလုပ်ကနေ ကျွန်တော်ထွက်လိုက်တယ်။ ဘာကြောင့်ညာကြောင့် ရယ်လို့တော့ မဟုတ်ဖူး၊ ဒီအတိုင်း မလုပ်ချင်တော့တာနဲ့ ထွက်ပစ်လိုက်တာ။ တကယ်က လစာလည်းကောင်း၊ ရုံးက အပေါင်းအသင်းတွေကလည်း အတော် ပေါင်းလို့ သင်းလို့ ကောင်းတာ။ ကျွန်တော် အားကိုးရမှန်းသိတဲ့ အထက် လူကြီးကတော့ မထွက်စေချင်ဘူးလေ၊ လစာတိုးပေးပါမယ်လို့တောင် သူပြော ခဲ့သေးတာ။ ဒါပေမဲ့ ဘာဖြစ်လို့မှန်း မသိဘူး၊ အလုပ်ထွက်ချင်လိုက်တာမှ အဲဒီတုန်းက တစ်ပိုင်းကိုသေလို့၊ အလုပ်ထွက်ပြီး တစ်ခြားတစ်ခုခု လက်ရှိအလုပ် ထက် မြင့်မြင့်မားမားနေရာမျိုး၊ ဥပမာ ရှေ့ နေ စာမေးပွဲ ဝင်ဖြေတာမျိုး လုပ်ချင်လို့လား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဒါဖြင့် ဘာလို့ ထွက်ချင်တာလဲ ဆိုတော့ မလုပ်ချင်လို့ပေါ့။ ဒါပဲ။ ဒီလိုနဲ့ပဲ အလုပ်ထွက်လိုက်မိတယ်။ ကျွန်တော် သိတယ်။ မထွက်ရင် တစ်သက်လုံး အဲဒီမှာပဲ လုပ်ဖြစ်နေတော့မှာ၊ အသက်ကလည်း သုံးဆယ်ရှိပြီလေ။

မထွက်ခင် အလုပ်ထွက်ချင်တဲ့အကြောင်း ကူမီကို ကို ညစာစားရင်း ပြောခဲ့မိတယ်။ အင်းလေ တဲ့။ သူ ဒါပဲ ပြန် ပြောတယ်။ ဘာကို အင်းလေ တာမှန်းတော့ မသိဘူး။ သူကလည်း ဘာမှ ထပ်မပြောဘူးလေ။ ဒါနဲ့ပဲ သူထပ်ပြောတဲ့ အချိန်ထိ ငြိမ်ပြီး စောင့်နေလိုက်တယ်။

“ကို ထွက်ချင်ထွက်ပေါ့၊ ဒါ ကို့ ဘဝ၊ ကို့ အလုပ်၊ ကို့ ဆုံးဖြတ်ချက်ပဲ၊ ကို နေချင်သလို နေပါ၊ ကို့သဘောပဲ” တဲ့။ ကူမီကိုဟာ အဲသလို ပြောပြီးတော့ သွားကြားထိုးနေတယ်။ သူက ကျန်းမာရေးဆိုင်ရာ မဂ္ဂဇင်းတစ်စောင်ရဲ့ လစာ ကောင်းတဲ့ အယ်ဒီတာလေ။ တစ်ခြားဘေးပေါက်ရမဲ့ မဂ္ဂဇင်းအလုပ်ကလေးတွေလဲ လုပ်တယ်။ ကောလိပ်မှာတုန်းက တော့ ဒီဇိုင်းပညာကို သူသင်ခဲ့တာ။ ကျွန်တော် အလုပ်ထွက်လိုက်ရင် အလုပ်လက်မဲ့ အာမခံကနေ ငွေတော့ ရနေဦး မှာပဲ။ ကူမီကို အလုပ်သွားရင် ကျွန်တော်က အိမ်မှာနေပြီး အိမ်မှုကိစ္စလုပ်ပေါ့။ ဒီလိုနဲ့ အလုပ်ထွက်ဖြစ်သွားတယ်။


ဖုန်းနောက်တစ်ကြိမ် မြည်လာတော့ ရေခဲသေတ္တာထဲကို ဟင်းချက်စရာတွေ ထည့်နေတုန်း တန်းလန်း။ ဒီတစ်ခါ ဖုန်းမြည်သံက စိတ်မရှည်တဲ့ အသံမျိုးပေါက်နေတယ်။ တို့ဟူးအိတ်ကို ရေခဲသေတ္တာထဲ သေချာထည့်လိုက်ပြီး ဖုန်းပြေးကိုင်လိုက်တယ်။

“ဘယ်လိုလဲ- စပါဂတ်တီ ကိစ္စ ပြီးသွားပြီလား”

လာပြန်ပြီ။ မနက်က မမ ဆယ်မိနစ်။

“ပြီးပြီ၊ ဒါပေမဲ့ ကြောင်ပျောက်နေလို့ ခုလိုက်ရှာရဦးမယ်”

“ခဏလေး၊ ဆယ်မိနစ်လောက် နေလိုက်ပါဦး ရှင်ရယ်။ စပါဂတ်တီချက်တာနဲ့ မတူစေရဘူး၊ ကျွန်မ ကတိပေးတယ်”

တကယ်ဆို ဖုန်းချပစ်လိုက်ရမှာ။ ဘာဖြစ်လို့မှန်းမသိ၊ ကျွန်တော် ဖုန်းမချဖြစ်ဘူး။ သူ့အသံမှာ ညှို့ ဓါတ်တစ်မျိုးမျိုး ပါနေ သလိုပဲလေ။

“ဟုတ်ပြီလေ၊ ဆယ်မိနစ်ပဲနော်”

“ဒါဆို ခုချိန်ကစပြီး ရှင်နဲ့ကျွန်မ အပြန်အလှန် နားလည်မှုရတော့မှာပေါ့နော်”

သူ့ကြည့်ရတာ သူ့ကိုယ်သူ သိပ်သေချာနေပုံပါပဲ။ ကုလားထိုင်တစ်လုံးပေါ်မှာ သက်တောင့်သက်သာ ဇိမ်ကျကျလေး ထိုင်၊ ခြေထောက်တွေ ချိတ်ပြီးများ ကျွန်တော့်ကို ဖုန်းဆက်နေရော့သလား။

“နေပါဦး၊ ခင်ဗျားဘာလို့ ဆယ်မိနစ်၊ ဆယ်မိနစ်နဲ့ ခဏ ခဏ ပြောနေတာလဲ၊ ဆယ်မိနစ်နဲ့ ဘာအကြောင်းထူးမယ်လို့ ခင်ဗျား ထင်နေလို့လဲ”

“ဆယ်မိနစ်ဆိုတဲ့အချိန်ဟာ တကယ်တော့ ရှင်ထင်တာထက် ပိုကြာတယ် ရှင်ရဲ့၊ သိရဲ့လား”

“နေဦးဗျ၊ ခင်ဗျား ကျွန်တော့်ကို သိတာ သေချာတယ်နော်”

“သိပ်သိတာပေါ့၊ ကျွန်မတို့ တွေ့ဖူးကြတာ အကြိမ်ပေါင်းမနည်းဘူး”

“ဘယ်တုန်းကလဲ၊ ဘယ်နားမှာလဲ”

“တစ်နေရာရာမှာ၊ တစ်ချိန်ချိန်တုန်းကပေါ့၊ အဲဒီအကြောင်းတွေ ပြန်ပြောနေရင် ဆယ်မိနစ်နဲ့ ရမှာမဟုတ်ဖူးနော်၊ ခု လတ်တလော ရှင်နဲ့ ကျွန်မ စကားပြောနေရတဲ့ အချိန်ထက် အဲဒါတွေက ပိုအရေးကြီးလို့လား ရှင်ရယ်”

“ထားပါတော့လေ၊ ဒါပေမဲ့ ကျွန်တော့်ကို ခင်ဗျား သိတယ်ဆိုတာ သေချာအောင် သက်သေပြနိုင်တာ တစ်ခုခု လိုချင်တယ်”

“ဟင့်-ဘယ်လို သက်သေမျိုးလဲ ဟင်”

“ဥပမာ-ကျွန်တော့်အသက် ဘယ်လောက်ရှိပြီ ဆိုတာမျိုးပေါ့”

သူက ချက်ခြင်း ပြန်ဖြေတယ်ဗျ။

“ရှင့်အသက်က သုံးဆယ်လေ၊ သုံးဆယ်နဲ့ နှစ်လပေါ့၊ ဒီလောက်ဆို ရပြီလား၊ တော်ပြီလား” တဲ့။

ကျွန်တော် ဘာမှ မပြောနိုင်တော့ဘူး။ သူကျွန်တော့်ကို သိတာ သေချာတာပေါ့။ ဒါပေမဲ့ သူ့အသံကို ဘယ်လိုမှ စဉ်းစား လို့ကို မရဘူး။

“ခု ရှင့်အလှည့်၊ ပြောနော်”

အင်း-သူ့အသံဟာ သိသိသာသာကို ချွဲနွဲ့လာတယ်။ တိုးတိုးလေး၊ ချိုမြမြလေး။

“ကျွန်မ အသံကနေတစ်ဆင့် ကျွန်မ ပုံစံကို ရှင်မှန်းကြည့်လေ၊ အသက်၊ ဘော်ဒီ၊ ဘာဝတ်ထားတယ်၊ ဘယ်မှာနေ တယ်ပေါ့၊ ပြောကြည့်လေ”

“မမှန်းတတ်ဖူးဗျာ”

“ကြည့်-ဘာမှတောင် မပြောရသေးဘူး ဘယ်နှယ့် မမှန်းတတ်ဖူးလဲ၊ ကြိုးစားကြည့်ပါလို့ဆို”

နာရီကြည့်လိုက်တယ်။ ဖုန်းပြောနေတာခုမှ တစ်မိနစ်နဲ့ ငါးစက္ကန့်ပဲရှိသေးတယ်။ စိတ်အိုက်လာတယ်။

“မသိပါဘူးဗျာ”

“ဟိ-ဒါဆို နည်းနည်းကူပေးမယ်လေ၊ ခု အိပ်ယာထဲမှာ၊ ခုနကမှ ရေချိုးထားတာ၊ ပြီးတော့ ဘာမှလည်း မဝတ်ထားဘူး လေ”

အလိုလေးလေး။ တယ်လီဖုန်း သရဲမမဟုတ်ဖူးဗျ၊ တယ်လီဖုန်း ဘီလူးမကိုး။ ဖုန်းနဲ့ နှိုးဆွတဲ့ ကိစ္စကိုး။

“ကြိုက်ဖူးလားဟင်- ကျွန်မကို တစ်ခုခုဝတ်ထားစေချင်လား၊ ဟင်၊ ဟင် လို့၊ ဘီကီနီလေးလား၊ ခြေအိတ်လေးလား၊ ရှင် ဘယ်ဟာကို ပိုကြိုက်လဲ ပြော”

“ခင်ဗျားဟာ ခင်ဗျား ကြိုက်တာကို ဝတ်၊ မဝတ်ချင်ပဲ ကိုယ်တုံးလုံး နေချင်သပ ဆိုလည်းနေ၊ ဆောရီးပဲဗျာ၊ ကျုပ် ဒါမျိုး တွေ ဝါသနာမပါဘူး၊ လုပ်စရာတွေ —————–”

“ဆယ်မိနစ်၊ ခုနက ရှင် ကျွန်မနဲ့ ဆယ်မိနစ် စကားပြောမယ်လို့ ကတိပေးထားတယ်လေ၊ ဆယ်မိနစ်နဲ့ ဘာဖြစ်သွားမှာ မို့လိုလဲ ရှင်ရယ်၊ ကျွန်မ မေးတာကိုသာ ဖြေစမ်းပါ။ ဒီအတိုင်းနေစေချင်လား၊ တစ်ခုခုဝတ်စေချင်လား၊ ဇာနားကွတ် အတွင်းခံ အနက်ကလေးဆိုရင်ရော”

“မဝတ်နဲ့ဗျာ၊ ဘာမှ မဝတ်နဲ့”

“အို-အို၊ သူက ဒီအတိုင်း ကြိုက်တာလား။ ဘာမှမဝတ်စေချင်ဘူးလား”

“ဟုတ်တယ်၊ မဝတ်နဲ့၊ ဒီတိုင်းကောင်းတယ်”

လေးမိနစ်ရှိသွားပြီ။

“ဟိုလေ။ ကျွန်မ ရေချိုးပြီးကာစဆိုတော့ စိုနေတုန်းပဲ ရှင်ရယ်။ ဟင်း-အင်း၊ ခြောက်အောင် လုပ်တတ်တော့ဘူး၊ ကျွန်မ ကို ကိုင်မကြည့်ချင်ဘူးလားဟင်”

“ဒီ-ဒီမှာ ခင်-ခင်ဗျား——–”

“အင်း-အောက်ကို ဆက်ဆင်းကြစို့နော်၊ အိုး-နွေးလိုက်တာ၊ ကျွန်မခြေထောက်တွေ တဖြည်းဖြည်း ကားလာပြီ၊ ဆယ် နာရီ ငါးမိနစ် ပုံစံမျိုးလေ၊ သိတယ်မှုတ်လား”

အသံကြားရတာတော့ တကယ့်ကို စိတ်ပါလက်ပါ ပုံမျိုးပဲဗျ။ သူ့ခြေထောက်တွေ ကားထွက်လာပုံကိုတောင် မျက်စိထဲ မြင်လာမိတယ်။

“ဟင်း-အင်း၊ ကျွန်မကို ထိကြည့်ပါလားရှင်ရယ်။ ဖြေးဖြေးလေး၊ အသာလေး၊ ရွရွလေး၊ ငြင်ငြင်သာသာ လေးပေါ့၊ ဟင့်-ဖြည်းဖြည်းနော် ————————”

ကျွန်တော် ဖုန်းချလိုက်တယ်။ နာရီကြည့်လိုက်တယ်။ သူနဲ့ ခြောက်မိနစ်နီးပါး စကားပြောလိုက်တယ်။ သူပြောတဲ့ ဆယ်မိနစ်တော့ မပြည့်သေးဘူး။ စိတ်ထဲ တစ်မျိုးကြီးပဲ။ သက်ပြင်းချလိုက်မိတယ်။

နောက်ဆယ်မိနစ်လောက်နေတော့ ဖုန်းထပ်လာတယ်။ မကိုင်ပဲ ဒီအတိုင်းထားလိုက်တယ်။ ဆယ့်ငါးခါလောက် မြည် ပြီးတော့ ရပ်သွားတယ်။ ဖုန်းသံရပ်သွားတော့ တစ်ခန်းလုံး အေးစက် တိတ်ဆိတ်သွားသလိုပဲ။

နေ့လည် နှစ်နာရီလောက်မှာ ကျွန်တော် အုတ်တံတိုင်းကျော်ပြီး ဟိုလမ်းကြားဆိုတာထဲ ဆင်းသွားမိတယ်။ တကယ် တော့လည်း လမ်းကြားတော့ မဟုတ်ဖူးဗျ၊ လမ်းလည်းမဟုတ်ပြန်ဘူး၊ လမ်းဆိုရင် ဝင်ပေါက်နဲ့ ထွက်ပေါက်၊ အလာ လမ်းနဲ့ အပြန်လမ်း ရှိရမှာပေါ့။ ဒီ လမ်းကြားက ဝင်ပေါက်မရှိသလို ထွက်ပေါက်လည်းမရှိဘူး။ တစ်ဖက်ပွင့်လမ်းတောင် မဟုတ်ဖူး၊ နှစ်ဖက်ပိတ်လမ်း ဆိုရမလားပဲ။ ဒါကြောင့်လည်း လမ်းကြားလို့ လွယ်လွယ်ခေါ်လိုက်ကြသလား မသိပါဘူး။ အရှည်ကိုက်နှစ်ရာလောက်၊ အကျယ် သုံးပေလောက်၊ အိမ်နောက်ဖေးခြံစည်းရိုးတွေ ကြားက လမ်းကလေးကို လမ်း ကြားမခေါ်လို့ ဘာခေါ်ရမတုန်း။

အင်း-လမ်းကြားဆိုလို့ ဒီလမ်းကြားအကြောင်း ဦးလေးပြောဖူးတာသတိရတယ်။ အရင်တုန်းက အဲဒီလမ်းကြားဟာ လမ်းနှစ်လမ်းကြားက ဖြတ်လမ်းအဖြစ် သုံးခဲ့ကြတာတဲ့။ ၁၉၅ဝ ကျော်တော့ စီးပွားရေး တစ်ဟုန်ထိုး ကောင်းလာပြီး အိမ်တွေလှိမ့်ဆောက်လိုက်ကြတာနဲ့ ခုလို ကျဉ်းကျဉ်းလေးဖြစ်သွားတာတဲ့။ ပြီးတော့ သူတို့ အိမ်နောက်ဖေးကနေ လူ စိမ်းတွေ ဖြတ်သွားမှာ မကြိုက်တဲ့ အိမ်ရှင်တွေဟာ ခြံစည်းရိုးတွေ ကာရုံနဲ့ အားမရတော့ပဲ လမ်းကြားကို ဒီဘက်ထိပ်က အုတ်တံတိုင်း နဲ့ အသေပိတ်၊ ဟိုဖက်ထိပ်က သံဆူးကြိုးအထပ်ထပ်နဲ့ ပိတ်ပစ်လိုက်ကြတာ ခွေးတောင်ဝင်လို့ မရတော့ တဲ့အထိပါပဲ။ ဘယ်သူမှလည်း မကန့်ကွက်ကြဘူးတဲ့။ လုံလုံခြုံခြုံ ရှိသွားလို့ ပျော်တောင် ပျော်နေကြတယ် ထင်ပါရဲ့။ ဒီလိုနဲ့ လမ်းကြားဟာ စွန့်ပစ်ခံ တူးမြောင်းတစ်ခုလို၊ အမေ့ခံ ဒေသတစ်ခုလို ဖြစ်လာပါတော့တယ်။ ပင့်ကူအိမ် အထပ်ထပ်နဲ့ ရုပ်ပျက်ဆင်းပျက် ညစ်ညစ်ပါတ်ပါတ်ပေါ့။

ကူမီကိုက ဘာဖြစ်လို့များ ဒီလမ်းကြားအကြောင်းပြောပါလိမ့်။ ကျွန်တော်ဆို တစ်သက်နဲ့ တစ်ကိုယ် ဒီလမ်းကြားထဲ နှစ်ခါထက်ပိုမရောက်ဖူးဘူး။ သူလဲ ရောက်ဖူးမယ့်ပုံတော့ မပေါ်ပါဘူး။ ဒီလောက် ပင့်ကူကြောက်တာကို။ ခုတော့ ပြောတဲ့လူကလည်းပြော၊ ရှာတဲ့လူကလည်းရှာလို့ လမ်းကြားထဲရောက်နေရပြီ။ အို-ဘာပဲဖြစ်ဖြစ် အိမ်မှာထိုင်ပြီး ဟို မိန်းမ ဖုန်းထဲက ပြောနေတဲ့ မဟုတ်က ဟုတ်က စကားသံတွေကို နားထောင်နေရတာထက်စာရင်တော့ လမ်းကြား ထဲ ရောက်နေရတာ ကောင်းတာပေါ့။

နွေဦးရဲ့ နေခြည်ဝင်းဝင်းက သစ်ပင်တွေပေါ်ကျပြီး လမ်းကြားထဲမှာ အရိပ်မည်းကြီးတွေ ပေါ်နေခဲ့တယ်။ လေမတိုက် တော့ လမ်းကြားတစ်ခုလုံး အမည်းရောင်ခြယ်ထားသလိုပါပဲ။ တိတ်ဆိတ်လွန်းအားကြီးလို့ မြက်ပင်လေးတွေရဲ့ အသက်ရှုသံကိုတောင် ကြားရမတတ်ပါပဲ။ ကောင်းကင်ကြီးကလည်း ပြာလွင်လို့၊ တိမ်မျှင်လေး နည်းနည်းပဲရှိတယ်။ ကျွန်တော့်တစ်ကိုယ်လုံးလည်း ပူလို့ အိုက်လို့ပေါ့။

ကျွန်တော်ဝတ်ထားတာက တီရှပ်ရယ်၊ ဘောင်းဘီပါးပါးရယ်၊ တင်းနစ်ရှုးတွေရယ်။ ဒါတောင် နွေနေအောက်မှာ လမ်း လျှောက်လိုက်တော့ ချိုင်းကြားနဲ့ ရင်ဘတ်မှာ ချွေးသီးတွေ စို့တက်လာတယ်။ ခုမှ သေတ္တာထဲက ထုတ်ဝတ်လာတဲ့ တီရှပ်နဲ့ ဘောင်းဘီက ပရုတ်လုံးနံ့တွေ လှိုင်လို့။

လမ်းကြားကနေကြည့်ရင် အိမ်တွေကို အိမ်ဟောင်းအုပ်စု နဲ့ အိမ်သစ်အုပ်စုဆိုပြီး အမျိုးအစား နှစ်မျိုးခွဲနိုင်သဗျ။ အိမ် သစ်တွေက ခြံဝင်းသေးသေး၊ အိမ်သေးသေး၊ ခြံနောက်ဖေးတွေက လမ်းကြားထဲကို ကျူးကျော်ထားသေး။ တစ်ချို့  အိမ်တွေကလဲ အုတ်တံတိုင်းတွေကာလို့၊ တစ်ချို့ အိမ်တွေက ချက်နေတဲ့ ဟင်းနံ့တွေကလည်း တထောင်းထောင်း။ အိမ်ဟောင်းတွေကတော့ ခြံကျယ်၊ ဝင်းကျယ်ကြီးတွေ၊ တိတ်တိတ်ဆိတ်ဆိတ်၊ ငြိမ်ငြိမ်သက်သက်ပဲ။ ဥယျာဉ်တွေ က လည်း စနစ်တကျ ပျိုးထားမှန်း သိသာလွန်းလှတယ်။

ကူမီကို ပြောတဲ့ အိမ်လွတ်နားကို ရောက်လာပြီ။ တစ်ချက်ကြည့်လိုက်တာနဲ့ လူမနေမှန်းသိသာလွန်းတယ်။ တစ်အိမ်လုံး ပြူတင်းပေါက်တွေမှာ ဖုန်နိုင်းချင်း၊ သံချေးတွေ အလိပ်လိပ်နဲ့ တံခါးတွေ အကုန်ပိတ်ထားတဲ့ နှစ်ထပ်အိမ်ကြီး၊ ခြံ ဝင်းထဲမှာတော့ ကူမီကို ပြောတဲ့အတိုင်း ကျောက်နဲ့လုပ်ထားတဲ့ ငှက်ရုပ်ထုကြီးရှိတယ်။ အကြီးကြီးပဲ။ လူရင်ဘတ်လောက်တောင် ရှိမလားပဲ။ ရေညှိတွေ၊ ခြုံနွယ် ပိတ်ပေါင်းတွေ ကပ်ပြီး ရုပ်ပျက်ဆင်းပျက်နဲ့။ ဘာငှက်မှန်းတော့ မသိ ပါဘူး။ ဒါပေမဲ့ ဒီငှက်ကြီး အသက်ဝင်လာရင် ဒီလို မသတီစရာ ပါတ်ဝန်းကျင်ကနေ ချက်ခြင်းထပျံ ပြေးသွားမယ်ထင် တယ်။ တစ်ခြံလုံးတောထနေတဲ့ ပါတ်ဝန်းကျင်မှာ သူဘယ်နေချင်ပါ့မလဲ။

ရင်စို့လောက်မြင့်တဲ့ ခြံစည်းရိုးနားမှာရပ်ရင်း ခြံထဲကို ငေးနေမိတယ်။ ကြောင်တွေအတွက်တော့ နိဗ္ဗာန်ဘုံလို နေရာ မျိုးပဲ။ ဒါပေမဲ့ ကြောင်ရှိတဲ့ အရိပ်လက္ခဏာတော့ တစ်စက်မှ မတွေ့ရဘူး။ ခေါင်မိုးပေါ်က တီဗွီ အန်တီနာတိုင်ပေါ်မှာတော့ ခိုတစ်ကောင်နားရင်း အသံဆိုးနဲ့ တဟီးဟီး ငြီးနေတယ်။

အိတ်ထဲက သံပုရာ ချိုချဉ်တစ်လုံး နှိုက်စားလိုက်တယ်။ အလုပ်ထွက်ပြီးကတည်းက ဆေးလိပ်မသောက်ဖြစ်တော့ဘူး။ အဲဒီအစား သံပုရာ ချိုချဉ်တွေ မြုံ့ မိတယ်။ ကြာတော့ ချိုချဉ်မရှိရင်ကို မနေတတ်သလို ဖြစ်လာတယ်။ ကူမီကို က တောင် ကျွန်တော့်ကို ချိုချဉ်စွဲနေပြီလို့ စွပ်စွဲသေးတယ်။ ကြာရင် သွားတွေ အခေါင်းပေါက်ဖြစ်ကုန်လိမ့်မယ်တဲ့။ ဖြစ် ဖြစ်ပေါ့။

ခိုကလည်း ငြီးနေလိုက်တာ မပြီးနိုင်ဘူး။ စာတိုက်ရုံးက စာရေး စာအိတ်တွေပေါ် တုံးထုနေသလား အောက်မေ့ရ တယ်။ ငှက်ရုပ်ကြီးကို ကြည့်လိုက်၊ ခြံထဲကို ကြည့်လိုက်နဲ့ ပါးစပ်ထဲမှာ အရည်ပျော်စပြုလာတဲ့ သံပုရာချိုချဉ်ကို ထွေး ထုတ်လိုက်မိတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့်နောက်ကနေ ခေါ်သံတစ်ခု ကြားလိုက်တယ်။

နောက်လှည့်ကြည့်လိုက်တော့ အိမ်လွတ်နဲ့ ဖင်ချင်းပေါက်ခြံထဲမှာ ကောင်မလေးတစ်ယောက် ရပ်နေတာကို တွေ့ လိုက်ရတယ်။ သေးသေးသွယ်သွယ်လေး၊ ဆံပင်ကို မြင်းမြီးလို နောက်မှာ စုချည်ထားတယ်။ နေကာမျက်မှန် အမည်း ကြီးနဲ့၊ ကော်လာမပါတဲ့ တီရှပ် မိုးပြာရောင်နဲ့၊ လက်မောင်းတွေကတော့ နေလောင်ထားသလို ခပ်ညို ညိုပဲ။ ဘောင်း ဘီတိုလေးဝတ်ထားပြီး လက်တစ်ဖက်က ဘောင်းဘီအိတ်ထဲ နှိုက်ထားသေးတယ်။ နောက်လက်တစ်ဖက်ကတော့ ဝါး လုံးတိုင်တစ်တိုင်ကို ထောက်ထားတယ်။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ သုံးပေ ဒါမှမဟုတ် အလွန်ဆုံး လေးပေ လောက်ပဲ ခြားမှာပေါ့။

“ပူတယ်နော်” တဲ့။

“အင်း-ဟုတ်တယ်” လို့ ပြန်ပြောလိုက်တယ်။

ကောင်မလေးက ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ ဘောင်းဘီအိတ်ထဲက စီးကရက်ဗူးကို ထုတ်တယ်။ တစ်လိပ် ကို နှုတ်ခမ်းနှစ်လွှာကြားမှာ တေ့လိုက်တယ်။ သူ့ပါးစပ်လေးက သေးသေးလေး။ အပေါ်နှုတ်ခမ်းကလည်း မသိမသာလေး လန်နေတယ်။ သူ မီးညှိတယ်။ ဆေးလိပ်ဖွာနေတုန်း ခေါင်းကလေးလှုပ်သွားလို့ သူ့နားရွက်ကလေးကို မြင်လိုက်ရ တယ်။ စက်ရုံက အသစ်စက်စက် ခုမှထုတ်ထားတဲ့ နားရွက်ကလေးအတိုင်းပဲ။ သူ့မျက်လုံးတွေကိုတော့ နေကာ မျက် မှန်ကြောင့် မမြင်ရဘူး။

“ရှင်ဒီနားမှာနေတာလား”

“အင်း-ဒီနားမှာ”

ကျွန်တော့်အိမ်ရှိတဲ့နေရာကို လက်ညိုးထိုးပြချင်တာ။ ပြဿနာက အိမ်ဘယ်နားရှိမှန်းမမှန်းတတ်တော့ဘူး။ ဒါနဲ့ပဲ တွေ့ရာ နေရာ လက်ညှိုးထိုးပြလိုက်တယ်။

“ကြောင်လိုက်ရှာနေတာလေ။ ပျောက်သွားတာ တစ်ပါတ်ရှိပြီ။ မင်းများတွေ့မိသေးလား”

“ဟုတ်လား၊ ဘယ်လို ကြောင်မျိုးလဲ”

“အညိုရောင်၊ ဝတုတ်ပြဲကြီး၊ အမြီးက နည်းနည်းကောက်နေတယ်”

“နာမည်ကရော”

“နိုဘိုရု၊ နိုဘိုရု ဝတရာ တဲ့”

“ဟုတ်ဖူးလေ၊ ရှင့်နာမည်မဟုတ်ဘူး၊ ကြောင်နာမည်ကို မေးတာ”

“အေးလေ-အဲဒါ ကြောင်နာမည်ပဲ”

“သြော်-ကြောင်နာမည်က နိုဘိုရု ဝတရာ တဲ့လား”

“အင်း-တကယ်တော့ အဲဒါ ယောက်ဖ နာမည်။ သူ့ကို နောက်ချင်လို့ ကြောင်ကို ပေးထားကြတာ၊ ကြောင်ကို ခေါ်တိုင်း သူ့ကို သတိရအောင်လို့လေ”

“ဟိ-ဘယ်လိုလုပ် ကြောင်ကိုမြင်ရင် ယောက်ဖကို သတိရမှာလဲ”

“သြော်-သဘောပြောတာပါ။ သူတို့က လမ်းလျှောက်ပုံချင်းတူကြတယ်လေ”

ကောင်မလေးက ဝါးကနဲ ရယ်ချလိုက်တယ်။ ကလေးလေးအတိုင်းပါပဲ။ အသက်ကလည်း ၁၅၊ ၁၆ လောက်ပဲ ရှိဦးမှာ ပါ။ ရယ်လိုက်တော့ သူ့နှုတ်ခမ်းလေးဟာ စုဝိုင်းဝိုင်းလေး။ ကျွန်မကို ထိကြည့်ပါလား ရှင်ရယ်ဆိုတဲ့ မမ ဆယ်မိနစ် ရဲ့ စကားသံကို နားထဲမှာ ကြားယောင်လာသလိုပဲ။ နဖူးမှာသီးနေတဲ့ ချွေးတွေကို ကျွန်တော် လက်ခုံနဲ့ သုတ်လိုက်တယ်။

“အမြီးကောက်ကောက် ကြောင်အညိုကြီးနော်၊ လည်ပါတ်တွေဘာတွေ ပါသေးလား”

“ပါတယ်။ လည်ပါတ်အနက်ပါတ်ထားတယ်”

သူ ဆယ်စက္ကန့်လောက်၊ ဆယ့်ငါးစက္ကန့်လောက် ဒီအတိုင်းရပ်နေတယ်။ တစ်ခုခုကို စဉ်းစားနေသလိုပဲ။ စီးကရက်ကို ပစ်ချလိုက်ပြီး ဖိနပ်နဲ့ နင်းခြေလိုက်တယ်။

“ဒီကြောင်ကို ကျွန်မ တွေ့ဖူးသလိုပဲ”

“ဘယ်တုန်းက တွေ့တာလဲ”

“အင်း-ပြီးခဲ့တဲ့ သုံး-လေးရက်လောက်က၊ ကျွန်မတို့ ခြံစည်းရိုးက ကြောင်တွေ ဝင်လို့ရတယ်လေ၊ ဟိုဖက်အိမ်နဲ့ ဒီဖက် အိမ် ကြောင်တွေ အပြန်အလှန် ကူးနေကြပဲ”

ကောင်မလေးက ငှက်ရုပ်နဲ့ အိမ်လွတ်ကို လက်ညှိုးထိုးပြလိုက်တယ်။ ပြီးတော့-

“နေဦး၊ ခဏလေးစောင့်ဦး၊ ခြံထဲဝင်ခဲ့ပါလား၊ ကျွန်မနဲ့ တူတူလာထိုင်လေ၊ ရှင့်ကြောင်လျှောက်သွားနေတာ တွေ့ချင် တွေ့ရမှာ၊ လာပါ၊ ကျွန်မ တစ်ယောက်ထဲ၊ ဘယ်သူမှ မရှိဘူး” တဲ့။

နာရီကြည့်လိုက်တယ်။ နှစ်နာရီ နှစ်ဆယ့်ခြောက်မိနစ်။ ဒီနေ့လုပ်စရာဆိုလို့ အဝတ်လျှော်ဖို့နဲ့ ညစာချက်ဖို့ပဲ ရှိတယ်။ ဒါနဲ့ သူ့ခြံထဲဝင်လိုက်တယ်။ ကောင်မလေးက ကျွန်တော့်နားလျှောက်လာတယ်။ သြော်-သူ့ ညာခြေထောက်က ဆာ တာတာ ဖြစ်နေရှာသကိုး။ ကောင်မလေးက ကျွန်တော့်အကြည့်ကို သဘောပေါက်ပုံရတယ်။

“ဆိုင်ကယ်ပေါ်က လိမ့်ကျတာလေ”

ဝက်သစ်ချပင်ကြီးအောက်က ထိုင်ခုံလေးတွေမှာ ကျွန်တော်တို့ နှစ်ယောက်ထိုင်လိုက်ကြတယ်။ အနားမှာတော့ ဆေးလိပ်ဗူးတွေ၊ မီးခြစ်၊ ဆေးလိပ်ခွက်၊ မဂ္ဂဇင်းတစ်အုပ် နဲ့ သီချင်းသံထွက်နေတဲ့ ရေဒီယိုတစ်လုံး။ ကောင်မလေးက သီချင်းကို ပိတ်လိုက်တယ်။ ကျွန်တော်ထိုင်ချလိုက်တယ်။ ကျွန်တော်လုပ်နေသမျှကို ကောင်မလေးက မျက်စိ ဒေါက် ထောက် လိုက်ကြည့်နေတယ်လို့ ခံစားနေရတယ်။

အိမ်ခြံဝင်းက အကြီးကြီးပဲ။ သစ်ပင်တွေလည်း အများကြီး။ အသေအချာကို သ ထားတဲ့ ဥယျာဉ်မှန်းသိသာလွန်းလှ တယ်။ အိမ်ကတော့ ခပ်သေးသေးပါပဲ။

“ခြံကအတော်ကျယ်တယ်နော်၊ ထိန်းသိမ်းဖို့ အတော်ခက်မှာပဲ”

“အင်းပေါ့”

“ငယ်ငယ်တုန်းကတော့ ဥယျာဉ်ခြံမြေ အလှဆင် ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ဖူးသေးတယ်”

“သြော်”

ဝတ်ကျေတန်းကျေပဲ။ ဥယျာဉ် အလှဆင်တဲ့ ကိစ္စကို သူ စိတ်ဝင်စားပုံ မရဘူး။

“မင်းဒီမှာ တစ်ယောက်ထဲနေတာလား”

“ဟုတ်တယ်။ အိမ်အကူတစ်ယောက်ကတော့ မနက်ပိုင်းနဲ့ ညနေပိုင်းဆိုလာတယ်။ နေ့လည်ဆိုရင်တော့ ကျွန်မ တစ်ယောက်ထဲပေါ့။ တစ်ခုခုသောက်ပါလား။ ဘီယာဖြစ်ဖြစ်ပေါ့”

“တော်ပါပြီ။ ကျေးဇူးပါပဲ”

“တကယ်လား၊ သောက်ပါရှင့်၊ မရှက်ပါနဲ့”

ကျွန်တော် ခေါင်းခါပြလိုက်တယ်။ ပြီးတော့သူ့ကို ဆက်မေးတယ်။

“မင်း ကျောင်းမနေဖူးလား”

“ရှင်ရော အလုပ်မလုပ်ဖူးလား”

“လုပ်စရာအလုပ်မရှိတာလေ”

“ပြုတ်သွားတာလား”

“အင်း-ထွက်လိုက်တာ။ လွန်ခဲ့တဲ့ သုံးလေးပါတ်လောက်က”

“ဘာအလုပ်လဲဟင်”

“ဥပဒေ အကျိုးတော်ဆောင် ပြောရမလား။ ရုံးတွေက လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ အမိန့်စာတွေ၊ တရားရုံး ရက်ချိန်းတွေကို ရှေ့ နေအတွက် စုဆောင်းပေးရတဲ့ အလုပ်လေ”

“ခု ထွက်လိုက်ပြီပေါ့”

“အင်း”

“ရှင့်မိန်းမကတော့ အလုပ်လုပ်တယ်ပေါ့”

“ဟုတ်တယ်”

ဟိုဖက် အိမ်လွတ်ခေါင်မိုးပေါ်က တဟီးဟီး ငြီးနေတဲ့ခို ထ ပျံထွက်သွားတယ်။ ရုတ်တရက်ချက်ခြင်း တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်သွားသလိုပဲ။ ကောင်မလေးက ခြံထောင့်တစ်နေရာကို လက်ညှိုးထိုးပြပြီး-

“ကြောင်တွေ ဝင်ဝင်လာတတ်တာ အဲဒီနေရာပေါ့” လို့ ပြောလိုက်တယ်။ နေကာမျက်မှန်ကို ချွတ်ပြီး ခေါင်းပေါ်တင် တယ်။ ခြံထောင့်ကို မှေးစင်းပြီးသူကြည့်နေတယ်။ ဆေးလိပ်မီးခိုးတွေ မှုတ်ထုတ်တယ်။ ပြီးတော့ မျက်မှန် ပြန်တပ် လိုက်တယ်။ အဲဒီ တစ်ခဏ အချိန်လေးအတွင်းမှာ သူ့မျက်လုံးတွေကို ကျွန်တော်မြင်လိုက်ရတယ်။ ဘယ်ဖက် မျက်လုံး အောက်မှ နှစ်လက်မလောက်ရှိတဲ့ ဒဏ်ရာကြီးတစ်ခုကို တွေ့လိုက်တယ်။ တစ်သက်လုံး သူ့မျက်နှာမှာ သေရာပါ အမာရွတ်ကြီး ဖြစ်သွားမဲ့ ဒဏ်ရာမျိုးပါ။ ဒါကြောင့်လည်း ဒီနေကာမျက်မှန်မည်းကြီးကို မချွတ်တမ်း တပ် ထားတာ နေမှာပေါ့။ ကောင်မလေးက မလှပါဘူး။ ဒါပေမဲ့ သူ့မျက်လုံးလေးတွေရယ်၊ ထော်လန်လန်နှုတ်ခမ်းလေးရယ် ပေါင်းလိုက်တော့ ဆွဲဆောင်မှုတစ်မျိုးရှိနေသလိုပဲ။

“ရှင် မီရာဝါကီတို့ အကြောင်းသိလား”

“ဟင်-ဘယ် မီရာဝါကီလဲ၊ မသိဘူး”

“ဟို အိမ်လွတ်မှာနေခဲ့ကြတဲ့ မိသားစုလေ၊ မစ္စတာ မီရာဝါကီတို့မှာ သမီးလေးနှစ်ယောက်ရှိတယ်၊ နှစ်ယောက်လုံး ပုဂ္ဂ လိက ကျောင်းမှာနေတာ။ မစ္စတာ မီရာဝါကီက စားသောက်ဆိုင်တွေ အတော်များများပိုင်တယ်”

“ဒါဆို ဘာလို့ ပြောင်းသွားကြတာလဲ”

“အကြွေးတွေ ပိပြီး ပြောင်းပြေးကြတယ်ထင်တယ်။ ညတွင်းချင်းပဲ။ တစ်နှစ်လောက်ရှိပြီ။ ခုတော့ သူတို့ခြံက ကြောင် ရိပ်မြုံ ဖြစ်နေပြီလေ၊ ကျွန်မ အမေဆို အဲဒီအကြောင်းအမြဲတမ်း ငြီးတယ်”

“ဒါဆို အဲဒီ အိမ်လွတ်မှာ ကြောင်တွေ အများကြီးပေါ့”

ကောင်မလေးက စီးကရက်ခဲရင်း ကောင်းကင်ကို မော့ကြည့်လိုက်တယ်။

“ဟုတ်ပါ့။ အများကြီးပဲ။ အမွှေးကျွတ်နေတဲ့ အကောင်တွေရော၊ မျက်စိ တစ်ဖက်လပ်တွေရော၊ ခြေတစ်ပေါင်ကျိုး တွေရောစုံလို့”

ကျွန်တော် ခေါင်းညိတ်လိုက်မိတယ်။ ကောင်မလေးက ဆက်ပြောတယ်။

“ကျွန်မမှာ အမ ဝမ်းကွဲတစ်ယောက်ရှိတယ်။ သူ့လက်တွေက ငါးချောင်းမဟုတ်ဖူး၊ ခြောက်ချောင်းစီပါတယ်။ လူရှေ့  သူရှေ့ ဆို အဲဒီလက်ပွားလေးတွေကို သူဖွက်ထားတတ်တယ်။ လှတော့ အတော်လှတယ် သိလား”

ခေါင်းညိတ်ပြလိုက်မိပြန်တယ်။ ဘာတွေ ပြောနေပါလိမ့်။

“အဲဒါမျိုးက မျိုးရိုးလိုက်တတ်သလား ဟင်”

“မသိပါဘူးကွာ”

ကောင်မလေးက ဆက်မပြောတော့ဘူး။ ကျွန်တော်လည်း ချိုချဉ်တစ်လုံး စုပ်ရင်း ကြောင်လာတယ်ဆိုတဲ့ နေရာကို စူးစူး စိုက်စိုက် ကြည့်နေမိတယ်။ ခုထိတော့ ဘာကြောင်မှ မတွေ့သေးဘူး။

“ကျွန်မ ကိုကာကိုလာ သောက်မလို့၊ ရှင်ဘာမှ မသောက်တာ သေချာလား”

သေချာပါတယ်။ မသောက်ပါဘူးဆို။

ကောင်မလေးက ထ သွားတယ်။ သူ့ ညာခြေထောက်က အတော်ဆာနေတာပဲ။ သူထွက်သွားတော့ မဂ္ဂဇင်းစာအုပ်ကို ကောက်လှန်လိုက်တယ်။ ဟဲ့-ပလုပ်တုပ်။ ယောက်ျားတွေ ဖတ်တဲ့ မဂ္ဂဇင်းမျိုးဟ။ အတွင်းခံ ကြည်ကြည်ပါးပါးလေးကို ဝတ်ပြီး သူ့ပစ္စည်းတွေ ဖြဲကားပြထားတဲ့ မိန်းမတစ်ယောက်ပုံကို တန်းတွေ့လိုက်တယ်။ ခြေထောက်တွေက ဆယ်နာရီ ငါးမိနစ် ပုံစံ ကားထွက်လို့။ ဒါနဲ့ပဲ ပြန်ချထားလိုက်ပြီး ကြောင်လျှောက်လမ်းကို ပြန်ကြည့်နေလိုက်တယ်။


အတော်လေးကြာမှ ကိုကာကိုလာဗူးကိုင်ပြီး ကောင်မလေးပြန်ရောက်လာတယ်။ နေကလည်း ပူလိုက်တာ။ ခေါင်းတွေ တောင်ကိုက်လာတယ်။ သူက ကျွန်တော့်နားမှာ ထိုင်ချလိုက်ပြီး စကားဆက်ပြောတယ်။

“တကယ်လို့ပေါ့လေ။ ရှင်သာ လက်ခြောက်ချောင်းစီပါတဲ့ ကောင်မလေးတစ်ယောက်နဲ့ ကြိုက်နေခဲ့ရင် ရှင် ဘာလုပ် မလဲ”

“ဆပ်ကပ်ထဲ ရောင်းစားလိုက်မယ်”

“ဟယ်-တကယ်လား”

“အလကားပြောတာပါ။ လက်ခြောက်ချောင်းပါတာ ဘာမှ မဖြစ်ပါဘူး”

“ကလေးတွေကို မျိုးရိုးလိုက်ကုန်မှာ မကြောက်ဖူးလား”

သူပြောမှပဲ စဉ်းစားမိတော့တယ်။ ပေါက်ပေါက်ရှာရှာ။

“လက်ချောင်းအပိုပါတော့ ဘာဖြစ်လို့လဲ၊ ဘာမှ မဖြစ်ပါဘူး”

“ဒါဆို နို့ လေးလုံးပါရင်ရော”

“အဲဒါတော့ မပြောတတ်ဘူးကွာ”

သောက်ကျိုးနည်း။ နို့လေးလုံးတဲ့။ ပြဿနာပါပဲ။ ဘာတွေ လာမေးနေလဲမသိဘူး။ တစ်ခြားဟာပြောင်းမေးမှပဲ။

“မင်းအသက်ဘယ်လောက်ရှိပြီလဲ”

“ဆယ့်ခြောက်နှစ်၊ ပြည့်ပြီးတာ သိပ်မကြာသေးဘူး၊ အထက်တန်းကျောင်းမှ ပထမနှစ်လေ”

“ကျောင်းနားထားတာလား”

“အင်း-ခြေထောက်က ကြာကြာလမ်းလျှောက်ရင်နာတယ်။ မျက်လုံးအောက်မှာလည်း ဒဏ်ရာရသွားတယ်လေ၊ ကျောင်းက သိပ်စည်းကမ်းကြီးတာ၊ ခု ဆေးတစ်နှစ်နားထားတာပေါ့”

“သြော်၊ အဲသလိုလား”

“နေပါဦး၊ ခုနက စကားပြန်ဆက်ရအောင်၊ ရှင်ပြောတယ်၊ ရှင့်ချစ်သူမှာ လက်ခြောက်ချောင်းပါတာ ကိစ္စမရှိဘူး၊ ဒါပေမဲ့ နို့လေးလုံးပါရင်တော့ ကိစ္စ ရှိတယ်ပေါ့”

လုပ်လာပြန်ပါပြီ။ လက်ခြောက်ချောင်းနဲ့ နို့လေးလုံး။ ဒါပဲ အတင်းမေးနေတော့တာပဲ။ ဘယ်လို ကောင်မလေးပါလိမ့်။

“ကိစ္စရှိတယ်လို့ မပြောပါဘူး၊ ငါမသိဘူးလို့ ပြောတာပါ”

“ဘာဖြစ်လို့ မသိရတာလဲ”

“မင်းကလဲကွာ၊ ဒါမျိုးဆိုတာ ဖြစ်တောင့်ဖြစ်ခဲ၊ စဉ်းစားကြည့်ဖို့တောင် အတော်ခက်တာ မဟုတ်လား”

“လက်ခြောက်ချောင်းကိုတော့ စဉ်းစားလို့ ရတယ်ပေါ့”

“အင်း”

“ဒါဆို နို့လေးလုံးလဲ ရ ရမှာပေါ့၊ အပိုပါတာခြင်း တူတူပဲ ဟာကို”

ကျွန်တော် စဉ်းစားဖို့ ကြိုးစားတယ်။ အဖြေကို ရှာမတွေ့ပါဘူး။

“ကျွန်မက သိပ်စကားများသလား ဟင်”

“မင်းကို လူတွေက အဲသလိုပဲ ပြောသလား”

“အင်း-တစ်ချို့ ကတော့ အဲလို ပြောတယ်”

ကြောင်လာမဲ့နေရာကို ပြန်ကြည့်မိပြန်တယ်။ ဘုရားရေ-ငါဒီမှာ ဘာလာလုပ်နေမိပါလိမ့်။ ဘာကြောင်မှလဲ ခုထိ မတွေ့ သေးဘူး။ လက်ပိုက်ပြီး မျက်လုံး မှိတ်ထားမိတယ်။ စက္ကန့်သုံးဆယ်လောက်ကြာသွားသလား မသိဘူး။ ချွေးတွေက လည်း တစ်ကိုယ်လုံး စိမ့်ထွက်လို့။ နေမင်းက အညှိုးနဲ့ ကျွန်တော့်ကိုပေါ်ကို အပူဓါတ်တွေ လောင်းချနေသလိုပါပဲ။ ကောင်မလေးက ရေခဲတုံးလေးတွေထည့်ထားတဲ့ ကိုကာကိုလာဖန်ခွက်ကို လှုပ်လိုက်တယ်။ ဖန်ခွက်နဲ့ ရေခဲတုံး ထိ တဲ့ အသံက နွားခလောက်လို ဒေါင်ဒေါင်ဒင်ဒင်နဲ့။ သူက လေသံကလေးနဲ့ ပြောလိုက်တယ်။

“ရှင်အိပ်ချင်အိပ်လေ၊ ကြောင်လာရင် ကျွန်မ နှိုးမယ်” တဲ့။

ကျွန်တော့်မှာ စကားတောင် ပြန်မပြောနိုင်တော့ပါဘူး။ မျက်စိမှိတ်ရက်သား ခေါင်းညိတ်ပြလိုက်တယ်။ လေကလည်း ငြိမ်လိုက်တာ။ ဘာသံမှလည်း မကြားရဘူး။ မနက်က စိတ်ဒုက္ခပေးခဲ့တဲ့ မမ ဆယ်မိနစ်ဆီ စိတ်ကရောက်သွားတယ်။ ကျွန်တော်သူ့ကို သိသလား။ ရင်းနှီးသလား။ သူ့အသံကို ကြားဖူးသလား။ စဉ်းစားလို့ကို မရဘူး။ သူ ကတော့ ကျွန် တော့် ကိုသိတာ သေချာတယ်။ နားထဲမှာ တယ်လီဖုန်းခေါင်းလောင်းသံတွေ ကြားလာတယ်။

“အိပ် ပြီ လား ဟင်”

ကောင်မလေးအသံ။ ကျွန်တော့်နားနားကပ်ပြီး တိုးတိုးလေး ပြောနေတာ။ သူပြောတာကို ကျွန်တော် ကြားမကြား တောင် မသေချာဘူး။

“ဟင့်အင်း၊ မအိပ်သေးပါဘူး”

“ရှင့်အနား နည်းနည်းတိုးဦးမယ်နော်၊ ရှင်မနိုးအောင် တိုးတိုးလေးပြောဖို့လေ”

“အင်း”

ကျွန်တော် မျက်လုံးတွေ မဖွင့်နိုင်ဘူး။ မျက်ခွံတွေ လေးကျနေတယ်။

ကောင်မလေးက သူ့ထိုင်ခုံကို ကျွန်တော့် ထိုင်ခုံနဲ့ ပူးကပ်နေတဲ့အထိ တိုးကပ်ပစ်လိုက်တယ်။ သူ့အသံက ခုနကနဲ့ လုံးဝ မတူတော့ဘူး။ မျက်စိပိတ်ထားလို့များ သူ့လေသံ ပြောင်းသွားတာလား။ မသိပါဘူးလေ။

“ကျွန်မ စကားပြောမယ်နော်၊ တကယ့်ကို တိုးတိုးလေးပြောမှာ သိလား၊ ရှင်ပြန်မဖြေနဲ့၊ အိပ်ချင်လည်း အိပ်ပစ်လိုက်၊ ရတယ်”

“အင်း-အင်း”

“လူတွေသေသွားရင် ဘယ်လိုနေမလဲ မသိဘူးနော်”

သူ့ပါးစပ်ဟာ ကျွန်တော့် နားရွက်နားမှာ။ သူ့ ဝင်သက်ထွက်သက်တွေတောင် ကျွန်တော့်နားထဲ ဖြတ်စီးသွားခဲ့တယ်။

“ဘာဖြစ်လို့လဲ”

သူ့လက်ချောင်းလေးတွေဟာ ကျွန်တော့် နှုတ်ခမ်းကို လာထိတယ်။

“မမေးပါနဲ့ဆို၊ မျက်လုံးလဲ ဖွင့်မကြည့်နဲ့၊ နော်”

ခေါင်းကို မဆိုစလောက်လေး ငြှိမ့်ပြလိုက်မိတယ် ထင်တာပါပဲ။
သူက ကျွန်တော့် နှုတ်ခမ်းပေါ်တင်ထားတဲ့ လက်ချောင်းတွေကို ကျွန်တော့် လက်ကောက်ဝတ်ပေါ်လာတင်တယ်။

“ခွဲစိတ်ဓါးတစ်ချောင်းလောက် ရရင်ကောင်းမယ်။ ကျွန်မလေ သိပ်ခွဲကြည့်ချင်တာပဲ၊ အလောင်းကို ပြောတာ မဟုတ်ဖူး နော်၊ သေခြင်းတရားဆိုတာကို ခွဲကြည့်ချင်တာ၊ သေခြင်းတရားဟာ ဘာနဲ့တူမလဲမသိဘူးနော်၊ ညှစ်လို့ရတဲ့ ဘောလုံး ပျော့လိုမျိုး လုံးလုံးဝိုင်းဝိုင်းလား၊ အထဲမှာ နာဗ့်ကြောတွေနဲ့ မာခဲနေတဲ့ အရာတစ်မျိုးလား၊ လတ်လတ်ဆတ်ဆတ် သေ သွားတဲ့ လူတစ်ယောက်ကို ချက်ခြင်းခွဲကြည့်ရင် သေခြင်းတရားကို နဖူးတွေ့ ဒူးတွေ့ တွေ့နိုင်မယ်ထင်တယ်၊ ဗူးထဲမှာ မာပြီး ခဲသွားတဲ့ ရက်လွန် သွားတိုက်ဆေးတွေလို မာခဲခဲတောင့်တောင့်ကြီးများလား၊ ရှင်ဘယ်လိုထင်လဲဟင်၊ အို- မေ့ လို့၊ မေ့လို့၊ မဖြေနဲ့နော်၊ သေခြင်းတရားဟာလေ အပေါ်ယံအပြင်အခွံကတော့ ပျော့ပျော့ပြောင်းပြောင်း၊ အထဲရောက် လေ ကျစ်နေအောင်မာလေဆိုတဲ့ အရာတစ်ခုလို့ ကျွန်မထင်မိတယ်၊ ကျွန်မလေ အရေပြားကို ဓါးနဲ့လှီး၊ သေခြင်း တရားရဲ့ အပေါ်ယံ ပကာသန ပျော့စိစိ အလွှာကိုဖယ်ပြီး အတွင်းက မာကျစ်နေတဲ့ အမြုတေကို ဝင်ကြည့်ချင်လိုက် တာ”

ကောင်မလေးက အဟင်း-အဟင်းနဲ့ လည်ချောင်းရှင်းနေတယ်။ ပြီးတော့ ဆက်ပြောပြန်တယ်။

“ဒီရက်ပိုင်း ကျွန်မ အဲဒီအကြောင်းတွေပဲ ထိုင်စဉ်းစားမိနေတယ်။ လုပ်စရာကလည်း ဘာမှမရှိပဲကိုး။ တစ်ခါတစ်လေ ကျတော့လည်း လူမှာ လုပ်စရာမရှိရင် အတွေးခုနှစ်စဉ် အမျှင်တန်းတတ်တယ် ဆိုတာ ဟုတ်မှာပဲနော်၊ မီးခိုးမဆုံး မိုး မဆုံး အတွေးမျှင်တန်းနောက်ကို လိုက်လို့ကို မနိုင်တော့ဘူးလေ”

ကျွန်တော့် လက်ကောက်ဝတ်ပေါ်တင်ထားတဲ့ သူ့လက်ကလေးတွေကို အသာနှုတ်ယူသွားတယ်။ သူ ကိုကာကိုလာ သောက်နေတယ်။ ကုန်တဲ့အထိ သောက်ချလိုက်တယ်ဆိုတာ ရေခဲနဲ့ ဖန်ခွက် ထိတဲ့အသံတွေအရ ကျွန်တော်သိနေ ခဲ့တယ်။

“ကြောင်အတွက်တော့ စိတ်ပူမနေပါနဲ့ရှင်၊ ကျွန်မ ကြည့်ထားလိုက်ပါ့မယ်။ နိုဘိုရု ဝတရာ ရောက်လာတာနဲ့ ရှင့်ကို အကြောင်းကြားမယ်လေ၊ ခု မျက်စိမှိတ်ထားနော်၊ နိုဘိုရု ဝတရာဟာ ဒီနားမှာပဲ လျှောက်သွားနေမှာ၊ ကျွန်မသိတယ်၊ ခုတောင် ကျွန်မတို့နားကို ရောက်လာတော့မယ်။ မြက်ခင်းစိမ်းစိမ်းလေးတွေပေါ်မှာ သူလျှောက်လာပြီ၊ ရှင် အာရုံ ပြု ထားနော်”

ကျွန်တော်လည်း ကြောင်ကို အာရုံယူဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာ ရောင်ပြန်တွေ ထွက်ပြီး ဘာမှ သဲသဲကွဲကွဲ မမြင်ရတဲ့ ဓါတ်ပုံ ကားချပ်တစ်ခုကိုပဲ သွားမြင်နေတယ်။ နေရောင်ခြည်ဟာ ပိတ်ထားတဲ့ ကျွန်တော့်မျက်ခွံတွေထဲက ဖောက်ဝင်ပြီး ဦးဏှောက်ထဲမှာ လာလင်းသလို ဖြစ်နေတော့ ကြောင်ရဲ့ ပုံရိပ်ကို သေချာ အာရုံမယူနိုင်ဘူးဖြစ်နေတယ်။ ကြောင်လိုလို၊ ဘာလိုလို ဝေတေ ဝါးတား ပုံရိပ်တွေမြင်ပြန်တော့လည်း ခြေထောက်မပါသလိုလို၊ ခေါင်းပဲ ပြတ်နေ သလိုလို အင်္ဂါမစုံပြန်ဘူး။ နိုဘိုရု ဝတရာ လမ်းလျှောက်နေတာကို ဘယ်လိုမှ အာရုံယူလို့မရခဲ့ဘူး။

ကောင်မလေးက သူ့လက်ဖျားလေးနဲ့ ကျွန်တော့် လက်ကောက်ဝတ်ပေါ်မှာ ပုံတစ်ခုခု ဆွဲနေတယ်။ ဘာပုံမှန်းမသိ လိုက်ခင်မှာပဲ ကျွန်တော် အိပ်မောကျသွားခဲ့တယ်။ ဘယ်လိုမှကို မခုခံမတွန်းလှန်နိုင်ပဲ အိပ်စက်ခြင်းကို လက်မြှောက် အရှုံးပေးလိုက်ရသလိုပါပဲ။ ပက်လက်ကုလားထိုင် ကင်းဗတ်စထဲကို နစ်ပြီး ကျွံဝင်နေတဲ့ အသေကောင်ကြီးတစ်ကောင် လိုမျိုးကို အိပ်ပျော်သွားခဲ့တာ။

အမှောင်ထဲမှာ နိုဘိုရု ဝတရာရဲ့ ခြေထောက်လေးချောင်းကို ကျွန်တော်မြင်နေရတယ်။ မြေကြီးကို ကုတ်ခြစ်နေတဲ့ ခပ် ဖောင်းဖောင်း ကြောင်ခြေထောက်လေးချောင်းပေါ့။ ဒါပေမဲ့ အဲဒါ ဘယ်နေရာလဲ။ ဘယ်နားမှာလဲ။

“ဆယ်မိနစ်ပါပဲရှင်” တဲ့။ ဖုန်းထဲက အမည်မသိ အမျိုးသမီးက ပြောသွားတယ်။ သူပြောတာ မှားတယ်။ ဆယ်မိနစ်ဆို တာ စက်နာရီ ဆယ်မိနစ် အတိအကျလို့ ဘယ်သူပြောသလဲ။ တကယ်က ဆယ်မိနစ်ဆိုတာ ဆွဲဆန့်ရင် အကန့် အသတ်မရှိ ဆန့်နိုင်သလို ခြုံ့ ချင်လည်း ခြုံ့ ပစ်လိုက်လို့ရတာပဲ။ အဲဒါကိုတော့ ကျွန်တော် သေချာသိတယ်။

ပြန်နိုးလာတော့ ကျွန်တော် တစ်ယောက်ထဲရယ်။ ခုနက ကျွန်တော့် လက်ကောက်ဝတ်ကို တစ်ချိန်လုံးကိုင်ထားတဲ့ ကောင်မလေးမရှိတော့ဘူး။ သူ့ဖန်ခွက်လည်း မတွေ့တော့ဘူး။

နေတောင်အတော်စောင်းသွားပြီ။ နာရီကြည့်လိုက်တယ်။ လေးနာရီ ဆယ့်ငါး။ ထ ထိုင်လိုက်တယ်။ ဘေးဘီကို အိပ်မှုံ စုံမွှားနဲ့ ကြည့်မိတယ်။ တစ်လောကလုံး တိတ်ဆိတ်လို့။ ကြောင်လည်းမရှိ၊ ကောင်မလေးလဲ မရှိ။ ဆယ်မိနစ်လောက် ဆက်ထိုင်နေမိသေးတယ်။ ဘယ်သူမှ မတွေ့ဘူး။ တိတ်ဆိတ်လိုက်တာလည်း အသံမဲ့တဲ့ ကမ္ဘာထဲရောက်နေသလား အောက်မေ့ရတယ်။ အချိန်အတိုင်းအဆမရှိ၊ နှစ်ပေါင်းများစွာ အိပ်ပျော်သွားသလား အောက်မေ့ရတယ်။

အိမ်ထဲကို တစ်ချက် လှမ်းကြည့်တယ်။ လူနေတဲ့ အရိပ်လက္ခဏာတောင် မတွေ့ရဘူး။ မတ်တတ်ထရပ်လိုက်တယ်။ ဘာမှ မတတ်နိုင်တော့တဲ့အဆုံး အုတ်နံရံ ခွကျော်ပြီး အိမ်ကို ပြန်လာခဲ့တယ်။ အတတ်နိုင်ဆုံးကြိုးစားပါသော်ငြား၊ ကြောင်ကား မတွေ့။


အိမ်ပြန်ရောက်တော့ အဝတ်လျှော်တယ်။ ညစာအတွက် ခပ်သွက်သွက် ချက်တယ်။ ညနေ ငါးနာရီခွဲမှာ ဖုန်းမြည် တယ်။ ဆယ့်နှစ်ခါလောက်မြည်တယ်။ ကျွန်တော် မကိုင်ဘူး။ ဖုန်းသံရပ်သွားတော့ အခန်းထဲမှာ ပဲ့တင်သံလို လှိုဏ် ပြီး ကျန်ရစ်ခဲ့တယ်။ နာရီသံတစ်ချက်ချက်ပဲ စူးစူးရှရှ ကြားနေရတယ်။

တေးဆိုငှက်ကလေးအကြောင်း ကဗျာရေးရင် မရနိုင်ဘူးလား ဆိုတဲ့ အတွေးခေါင်းထဲဝင်လာတယ်။ ဒါပေမဲ့ ဘယ်က စရမှန်းမသိဘူး။ အထက်တန်းကျောင်းသူလေးတွေဟာ တေးဆိုငှက် အကြောင်းကဗျာကို ကြိုက်ပါ့မလား။


ကူမီကို အိမ်ပြန်ရောက်တော့ ည ခုနှစ်နာရီခွဲနေပြီ။ လွန်ခဲ့တဲ့ တစ်လ လောက်ကတည်းက သူ အိမ်ပြန်တာ နောက်ကျ သထက်ကျလာခဲ့တယ်။ တစ်ခါတစ်လေ ရှစ်နာရီ၊ တစ်ခါတစ်လေ ဆယ်နာရီကျော်မှ။ ခုတော့ အိမ်မှုကိစ္စတွေ ကျွန် တော်လုပ်နေတဲ့အတွက် သူ စိတ်ချလက်ချ အလုပ်လုပ်နိုင်တယ် ထင်ပါရဲ့။ သူတို့ရုံးကလည်း နည်းနည်းနဲ့ ကျဲကျဲ ဝိုင်း ထားတာကိုး။

“ဆောရီး ကို ရေ့၊ ထုံးစံအတိုင်း အလုပ်က လက်စသတ်လို့ကို မရဘူး၊ အချိန်ပိုင်းငှားထားတဲ့ ကောင်မလေးက လည်း ညံ့လိုက်တာ၊ သုံးစားလို့ကို မရဘူး”

ကျွန်တော် မီးဖိုခန်းထဲ ပြန်ဝင်ပြီး ချက်လက်စတွေကို လက်စသတ်တယ်။ ထောပါတ်စိမ်ထားတဲ့ ငါးကင်ရယ်၊ အသီး အရွက်သုပ်ရယ်၊ မီဆို ဟင်းချိုရယ်။ ကူမီကို က ထမင်းစား စားပွဲမှာ ဝင်ထိုင်တယ်။

“ငါးနာရီခွဲတုန်းက ဖုန်းဆက်တာ ဘာလို့ မကိုင်တာလဲ”

“ထောပါတ်ကုန်နေလို့ ထွက်ဝယ်တာ” ကျွန်တော် ညာလိုက်တယ်။

“ဘဏ်ရော သွားပြီးပြီလား”

“အင်း”

“ကလေးရော”

“ရှာမတွေ့ခဲ့ဘူး၊ မင်းပြောတဲ့ အိမ်လွတ်ကို သွားကြည့်သေးတယ်၊ မတွေ့ဘူး၊ ကြည့်ရတာ အတော်ဝေးဝေး လျှောက် သွား နေတယ် ထင်တယ်”

ကူမီကို ဘာမှ မပြောဘူး။

ညစာစားပြီးတော့ ကျွန်တော် ရေချိုးတယ်။ ရေချိုးခန်းကထွက်လာတော့ ကူမီကိုဟာ ဧည့်ခန်းထဲမှာ ထိုင်နေတယ်။ မီးတွေမဖွင့်ပဲ ဒီအတိုင်း မှောင်ကြီးထဲမှာ ထိုင်နေတာ။ ခပ်မွဲမွဲ ရှပ်အင်္ကျီနဲ့ အမှောင်ထဲထိုင်နေတဲ့ ကူမီကို ကိုမြင်ရတာ နေရာမှားပြီးရောက်လာတဲ့ ခရီးဆောင်အိတ်ကြီး ကျနေတာပဲ။

ရေစိုနေတဲ့ ဆံပင်တွေကို တဘက်နဲ့သုတ်ရင်း ကျွန်တော် သူ့ရှေ့ က ဆိုဖာပေါ်ထိုင်ချလိုက်တယ်။ ကူမီကိုက လေသံ လေးနဲ့-

“ကလေးတော့ သေပြီထင်ပါတယ်၊ သူ သေပြီဆိုတာ မ သိနေတယ် ကို” တဲ့။

“ဟာ-မရူးစမ်းပါနဲ့ မ ရယ်။ အချိန်တန်လို့ ဗိုက်ဆာတော့ ဒီကောင်ပြန်လာမှာပေါ့။ အရင်လည်း ဒီအတိုင်းပဲ မဟုတ် လား၊ တို့ ကိုဝင်ဂျီမှာ နေတုန်းကလေ”

“မတူဘူး ကို ရဲ့၊ မ သိနေတယ်၊ ကလေး သေပြီ၊ မြက်ရိုင်းပင်တွေကြားမှာ ခွေခွေလေး သေနေရှာမှာ၊ အိမ်လွတ် ခြံ ဝန်း ထဲမှာ ကို သေချာ မရှာခဲ့ဘူး မဟုတ်လား”

“သူများအိမ်ထဲတော့ ဘယ်ဝင်လို့ ဖြစ်မလဲ၊ လူမနေဘူးဆိုပေမဲ့ ပိုင်ရှင်ရှိတယ်လေ”

“ကို ပြောတော့ သွားရှာတယ်ဆို၊ ဒါဆို ဘယ်လို သွားရှာတာလဲ၊ ကို မရှာခဲ့ဘူး မဟုတ်လား၊ မရှာလို့ မတွေ့တာပေါ့”

ဒုက္ခပါပဲ၊ စိတ်ညစ်ပါတယ်။ ဘာပြန်ပြောရမှန်းမသိတာနဲ့ ဆံပင်ကို တဘက်နဲ့ ဖိပွတ်နေလိုက်တယ်။ ကူမီကိုကတော့ တသိမ့်သိမ့်တုန်ပြီး ငိုနေပြီ။ အေးလေ- ဒီကြောင်ကို သူ သိပ်ချစ်တာကိုး။ ကျွန်တော်တို့ မင်္ဂလာဆောင်ပြီးကတည်းက မွေးထားတာဆိုတော့ သူချစ်မှာပေါ့။ ကျွန်တော်လည်း ချစ်တာပါပဲ။ တဘက်ကို တန်းပေါ်လွှားလိုက်ပြီး မီးဖိုခန်းထဲ ဝင် လာလိုက်တယ်။ ဘီယာအေးအေးတစ်ဗူးတော့ သောက်ဦးမှ။ ဒီနေ့ ဘာတွေဖြစ်နေမှန်းကို မသိပါဘူး။ တကယ့်ကို သောက်ရူးနေ့တစ်နေ့ပဲ။ သောက်ရူးနှစ်၊ သောက်ရူးလ ရဲ့ သောက်ရူး နေ့တစ်နေ့ပေါ့။

နိုဘိုရို ဝတရာ၊ မင်းဘယ်ရောက်နေတာ၊ တေးဆိုငှက်ငယ် လှပဂေး၊ တောင်ပံဖြန့်ဖို့ မေ့နေသေး။
စိတ်ထဲက စာကြောင်းတွေ အလိုလို အန်ကျလာတယ်။ ဟုတ်ပ- ဒါကဗျာ တစ်ပုဒ်ပေါ့။

နိုဘိုရု ဝတရာ

မင်းဘယ်ရောက်နေတာ

တေးဆိုငှက်ငယ် လှပဂေး

တောင်ပံဖြန့်ဖို့ မေ့နေသေး

ဘီယာဗူးတစ်ဝက်ကျိုးတော့ ဖုန်းမြည်လာပြန်တယ်။ မှောင်မိုက်မှာငိုနေတဲ့ ကူမီကို ကို ကျွန်တော် လှမ်းပြောလိုက် တယ်။

“ဖုန်းမြည်နေတယ်၊ ကိုင်လိုက်လေ”

“မကိုင်ဘူး၊ ရှင့်ဟာရှင်ကိုင်”

“မကိုင်ချင်နေပေါ့၊ ငါလည်း မကိုင်ဘူး”

ဖုန်းက ဆက်မြည်နေတယ်။ ဖုန်းမြည်သံဟာ အမှောင်ထုထဲကို နစ်ဝင်သွားတယ်။ ကျွန်တော်ရော ကူမီကိုပါ ဘာတစ်လုံးမှ မပြောမိကြဘူး၊ ကျွန်တော်က ဘီယာဆက်သောက်၊ ကူမီကိုက ဆက်ငိုပေါ့လေ။ အကြိမ် နှစ်ဆယ်လောက်ထိတော့ ဖုန်းမြည်နေတာကို ကျွန်တော် စိတ်ထဲက လိုက်ရေကြည့်နေသေးတယ်။ နောက်တော့လည်း မရေတော့ပါဘူး။ တစ်သက်လုံး ရေတွက်နိုင်စရာ အကြောင်းမရှိဘူးလေ။


မှတ်ချက် – The Wind-up Bird and Tuesday’s Women ဝတ္ထုတိုကို Haruki Murakamiက The Wind-up Bird’s Chronicle ဟူ၍ ဝတ္ထုရှည်တစ်ပုဒ်အဖြစ် ဆက်လက်ရေးသားခဲ့ပါသည်။ ယင်းဝတ္ထုရှည်ကို ဆရာသင့်လူက တေးဆိုငှက် ဒဏ္ဍာရီ အမည်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုထားသည်ကို http://www.thintlu.com တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s