လမ်းအိုလေး

Løøps of Resistance …

ကွယ်လွန်သူများကို သတိရခြင်း (နေမျိုး)

Leave a comment

မြွေကြီးပါခင်ဗျာ (နေမျိုး)Image Source: Sai Win Myint
ကွယ်လွန်သူများကို ငါ သတိရတယ်။ ငါ သတိရမိတဲ့ ကွယ်လွန်သူများဟာ သူတို့ အသက်ထင်ရှားရှိနေခဲ့ကြစဉ်က ငါ့အတွက် သိပ်ကို အရေးပါခဲ့ကြတဲ့ သူတွေပါပဲ။ သူတို့တစ်တွေဟာ တစ်ဦးနဲ့တစ်ဦး မရှေးမနှောင်း နှစ်အတန်ကြာ ခြားပြီး ကွယ်လွန်ခဲ့ကြတယ်။ သူတို့တစ်တွေဟာ ကွယ်လွန်ပြီးသွားတဲ့နောက်မှာလည်း ငါ့အတွက် ဆက်လက် အရေးပါနေကြသေးတယ်လို့ ငါထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ငါ့အဘွား၊ ငါ့ဖခင်၊ ငါ့ဇနီးနဲ့ ငါ့နှမလေးတို့ ဖြစ်နေလို့ပဲ။ လူတစ်ယောက် သေဆုံးကွယ်လွန်သွားတာနဲ့ တစ်ပြိုင်နက် ကျန်ရစ်ခဲ့သူတွေဟာ ပူဆွေးသောက ရောက်ရတော့တာပဲ။ အဲဒီပူဆွေးမှု၊ အဲဒီသောကဟာ သံယောဇဉ်ကြီးမားလေလေ ပိုပြီး ပြင်းထန်လေလေပါကွာ။ အဲဒီ ပူဆွေးသောကတွေဟာ သတိရခြင်းအဖြစ်ကို
ကောင်းစွာ ရောက်ရှိသွားဖို့ နှစ်ကာလတွေကို ဖြတ်သန်းရတယ်။
နှစ်ကာလတွေဟာ ပူဆွေးသောကတွေကို သတိရခြင်းဖြစ်အောင် ပြောင်းလဲစေခဲ့ပြီး
အဲဒီ သတိရခြင်းတွေကို မေ့လျော့ခြင်းအဖြစ် ရောက်ရှိသွားစေမှာ
ဖြစ်တယ်ဆိုတာ ငါ သိပါရဲ့။ သြော် … ဒီနေ့မှာဖြင့် ကွယ်လွန်သူများကို ငါ သတိရမိပါရဲ့။ ကွယ်လွန်ခြင်းရဲ့ အခြားသော ဟိုဘက်မှာ ဘာတွေ ရှိလေမလဲလို့ ငါတို့မသိနိုင်ကြဘူး။ ဒါပေမဲ့ ကွယ်လွန်ပြီးတဲ့နောက် ထပ်မံရရှိလာမှာက ရှင်သန်ခြင်းပဲလို့ ငါယုံကြည်တယ်။ ငါ မျှော်လင့်တယ်။ ခုချိန်မှာ ငါ့မှတ်ဉာဏ်ဟာ မှုန်ဝါးစ ပြုပါပြီ။ အဲဒီ မှုန်ဝါးနေတဲ့ မှတ်ဉာဏ်အခန်းထဲမှာ ဖျတ်ခနဲ ဖျတ်ခနဲ တစ်ချက်တစ်ချက် လင်းလက်လာတတ်တာ ငါ့ရဲ့ သတိရခြင်းပဲ။ အဲဒီအခါ မှုန်ဝါးနေတဲ့ အခန်းထဲက အရာဝတ္ထုတွေကို ငါ ပြန်မြင်လာရတယ်။ အဲဒီ အရာဝတ္ထုတွေဟာ အတိတ်ရဲ့ ခန်းမဆောင်ထဲမှာ ငြိမ်ငြိမ်သက်သက် ရှိနေကြလေရဲ့။ ငါ့အဘွား ပုတီးစိတ်နေပုံကို ငါ သတိရတယ်။ ငါ့ဖခင် တန်းလျားခုံမှာ ထိုင်ကာ ရေနွေးကြမ်းသောက်နေပုံကို ငါ သတိရတယ်။ ငါ့ဇနီး အေးအေးလူလူ အိပ်စက်နေပုံကို ငါ သတိရတယ်။ ငါ့နှမလေး အဝေးကို ငေးနေပုံ ငါ သတိရတယ်။ ကွယ်လွန်သူများကို သတိရတဲ့အခါ ပြတင်းပေါက်က တိုးဝှေ့ဝင်လာတဲ့ လေပြည်ထဲမှာ သူတို့ဆီက သတင်းစကားတွေ ပါလာမလားလို့ ထင်ယောင်မိမှားပေါ့။ ငါ့ရဲ့ အသက်ရှင်မှုဟာ အချိန်ကာလ တစ်ခုကို ရောက်တဲ့အခါ ပြီးဆုံးသွားမယ်။ အသက်ရှင်ခြင်းရဲ့ အဆုံးမှာ ငါလည်းပဲ ကွယ်လွန်သူတစ်ယောက် ဖြစ်သွားမှာပဲ။ ငါဟာ သေခြင်းတရားကို လေးလေးနက်နက် တွေးမကြည့်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သေခြင်းတရားကို လေးလေးနက်နက် တွေးကြည့်ရတာဟာ ငါ့အတွက် မွေ့လျော်ဖွယ် မကောင်းသေးလို့ပါပဲ။ ရှင်သန်ခြင်းဟာ တန်ဖိုးထားအပ်သော အကြောင်းအရာတစ်ခုလို့ ငါ ယုံကြည်တယ်။ ငါ ယုံကြည်တဲ့ ရှင်သန်ခြင်းဟာ၊ ငါ တန်ဖိုးထားတဲ့ ရှင်သန်ခြင်းဟာ မွေ့လျော်ဖွယ် ကောင်းရမှာပေါ့။ မွေ့လျော်ဖွယ်ကောင်းအောင် ငါ ပြုလုပ်ရမှာပေါ့။ မွေ့လျော်ဖွယ်ကောင်းတဲ့ ရှင်သန်ခြင်းမှာ ကွယ်လွန်သူများကို ငါ သတိရမိပါရဲ့။ ကွယ်လွန်သူများဆီကနေ သင်ယူနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ကောင်းစွာရှင်သန်ခြင်းပဲ မဟုတ်လား။

(မြွေကြီးပါခင်ဗျာ (ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံနှင့် ရယ်ရွှင်ဖွယ်ရာများ) – နေမျိုး။ ဇန်နဝါရီ – ၂၀၁၂၊ ဟစ်တိုင်စာပေ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s