လမ်းအိုလေး

Løøps of Resistance …

ဒုတိယအကြိမ် ပေါင်မုန့်ဆိုင်လုယက်မှုအကြောင်း (ဒီနိုဗို)

Leave a comment

ဒုတိယအကြိမ် ပေါင်မုန့်ဆိုင်လုယက်မှုအကြောင်း (ဟာရူကီ မူရာကာမီ)

The Second Bakery Attack

ဒုတိယအကြိမ် ပေါင်မုန့်ဆိုင်လုယက်မှုအကြောင်း (ဟာရူကီ မူရာကာမီ)
ဒုတိယအကြိမ် ပေါင်မုန့်ဆိုင်လုယက်မှုအကြောင်း (ဟာရူကီ မူရာကာမီ)
… ကျွန်မတို့လည်း တကယ့်ကို စိတ်မကောင်းပါဘူး၊ ပေါင်မုန့်ဆိုင်ကလည်း တစ်ဆိုင်မှ မဖွင့်လို့ပါ၊ တကယ်လို့များ ဖွင့်ရင် ကျွန်မတို့လည်း ပေါင်မုန့်ဆိုင်ပဲ လုမှာပါ …

ဘာသာပြန် – ဒီနိုဗို | Mirrored from: ဒီနိုဗို
Image source: Hisabisa Da Na



ကျွန်တော့်မိန်းမကို ပေါင်မုန့်ဆိုင်လုယက်မှုအကြောင်း ပြောပြမိတာ မှန်ရဲ့လားဆိုတာ အခုထိတိုင်မသေချာခဲ့၊ ဒါပေမယ့်လည်း ဒါဟာ အမှန်အမှား မေးခွန်းတစ်ခုတော့လည်းမဟုတ်ပါဘူး၊ မှားယွင်းတဲ့ ရွေးချယ်မှုက မှန်ကန်တဲ့ရလဒ် ထွက်လာနိုင်သလို အပြန် အလှန်လည်း ဖြစ်နိုင်တာပဲမဟုတ်လား၊ ကျွန်တော်ကိုယ်၌ကတော့ ဘယ်တော့မှ ဘာကိုမှ မရွေးချယ်ဘူးဆိုတဲ့ “မူ”ကိုပဲ စွဲကိုင်ထားတယ်၊ အဖြစ်အပျက်တွေက သူ့ဘာသာ ဖြစ်ပျက်ချင်သလို ဖြစ်ပျက်နေကြတာပဲ မဟုတ်လား။

အဲဒီလိုကြည့်ရင်တော့ ကျွန်တော့်မိန်းမကို ပေါင်မုန့်ဆိုင်လုယက်မှုအကြောင်း ပြောပြမိတာဟာ သူ့ဘာသာသူ ဖြစ်လာတာပဲ၊ ဒါကိုပြောဖို့ ကျွန်တော့်မှာအစီအစဉ်မရှိဘူး၊ ကျွန်တော့်မှာ လုံးလုံးကိုမေ့ပျောက်နေခဲ့ပြီ၊ ဒါပေမယ့်လည်း ဒါဟာ ကြုံကြိုက်တုန်း ပြောရဦးမယ်ဆိုတဲ့ ကိစ္စမျိုးလည်းမဟုတ်ပါဘူး။

ကျွန်တော့်ကို ပေါင်မုန့်ဆိုင်လုယက်မှုနဲ့ ပတ်သက်ပြီး သတိရမိစေခဲ့တာက မခံမရပ်နိုင်တဲ့ ဆာလောင်မှုပဲ၊ မနက်နှစ်နာရီမထိုးခင်ထပြီး ဆာလာခဲ့တယ်၊ ကျွန်တော်တို့နှစ်ယောက်သား ညခြောက်နာရီလောက်က ညစာနဲနဲ စားခဲ့ကြတယ်၊ ကိုးနာရီခွဲတော့ ကုတင် ပေါ်တက်ပြီး အိပ်ပျော်သွားကြတယ်၊ ဘာကြောင့်မှန်းမသိ ကျွန်တော်တို့နှစ်ယောက်လုံး တပြိုင်နက်တည်း နိုးလာကြတယ်၊ ခဏနေတော့ စူးရှတဲ့ဝေဒနာက လေဆင်နှာမောင်းတစ်ခုလို မှော်တန်ခိုးနဲ့ မွှေတော့တာပဲ၊ တကယ့်ကိုပြင်းထန်ပြီး စွမ်းအားကြီးလှတဲ့ ဆာလောင်မှုဝေဒနာပါ။

ကျွန်တော်တို့ရဲ့ ရေခဲသေတ္တာထဲမှာတော့ အစားအစာလို့ အမည်တပ်နိုင်တာတစ်ခုမှမရှိ၊ စားမြိန်ရည်တစ်ဗူး၊ ဘီယာခြောက်ဘူး၊ ရှုံ့တွတွကြက်သွန်နီတွေ၊ ထောပတ်တစ်တောင့်နဲ့ ရေခဲသေတ္တာအနံပျောက်ဆေးတစ်ဘူး၊ အိမ်ထောင်သက်တမ်း နှစ်ပတ်ပဲရှိသေး တဲ့ကျွန်တော်တို့မှာ လင်မယားကြား စားပုံသောက်ပုံ စနစ်ဇယားတိတိကျကျ မချနိုင်သေး။

အဲဒီအချိန်က ကျွန်တော်က ရှေ့နေရုံးတစ်ရုံးမှာ လုပ်တယ်၊ သူမက ဒီဇိုင်းသင်တန်းကျောင်းမှာ ရုံးပိုင်းဆိုင်ရာလုပ်တယ်၊ အဲဒီအချိန်မှာ ကျွန်တော်က ၂၈ လား ၂၉ လား တစ်ခုခုပဲ၊ (ဘာကြောင့်များ လက်ထပ်တဲ့နှစ်ကို ကျွန်တော်အတိအကျ မမှတ်မိရတာလဲ) သူမက နှစ်နှစ်နဲ့ ရှစ်လ ငယ်တယ်၊ ဒီတုန်းကတော့ ကျွန်တော်တို့နှစ်ယောက်လုံး စားသောက်ကုန်ပစ္စည်းတွေကို ခေါင်းထဲမှာ ထည့်ကိုမထားမိဘူး၊/

ကျွန်တော်တို့နှစ်ယောက်လုံး ဆာလွန်းလို့ ပြန်မအိပ်နိုင်ကြဘူး၊ ဒါပေမယ့် လှဲနေရုံနဲ့ကို အတော်အီလှတယ်၊ ကျွန်တော်တို့မှာ ဆာလွန်းလို့ ဘာပဲဖြစ်ဖြစ် တစ်ခုခုထလုပ်ချင်နေကြပြီ၊ ဒီလိုနဲ့ နှစ်ယောက်သားကုတင်ပေါ်ကထ၊ မီးဖိုချောင်ဆီ အလိုလိုရောက်သွား ကြပြီး စားပွဲတစ်ဘက်တစ်ချက်စီမှာ နေရာယူလိုက်ကြတယ်၊ ဒီလောက်တောင်ပြင်းထန်တဲ့ ဆာလောင်မှုဝေဒနာက ဘယ်လိုလုပ်ဖြစ်လာတာလဲ။

ကျွန်တော်တို့မှာ ရေခဲသေတ္တာတံခါးကို အကြိမ်ကြိမ်ဖွင့်ပြီး အထဲကိုကြည့်ပေမယ့် အထဲကပစ္စည်းတွေကတော့ ဘာမှမပြောင်း၊ ဘီယာ၊ ကြက်သွန်နီ၊ ထောပတ်၊ စားမြိန်ရည်၊ အနံ့ပျောက်ဆေး။ ထောပတ်ထဲ ကြက်သွန်ထည့်ပြီး ဆီပူနဲ့လှိမ့်စားမယ်ဆိုရင် ဖြစ်ပေမယ့် ဒီကြက်သွန်ပိန်ရှုံ့ရှုံ့နှစ်လုံးနဲ့တော့ ဗိုက်ပြည့်ဖို့မရှိပါဘူး၊ ကြက်သွန်နီက တခြားအရာတွေနဲ့တွဲစားဖို့ပဲ၊ အာသာပြေတဲ့အထိ စားလို့ရတဲ့အရာမဟုတ်။

“အနံ့ပျောက်ဆေးကို စားမြိန်ရည်နဲ့လောင်းပြီး ဆီပူထိုးစားမလား မဒမ်”

ကျွန်တော်ထင်တဲ့အတိုင်း သူမက ကျွန်တော့်ရဲ့ ဟာသကို အရေးမစိုက်။

“ကားပေါ်တက်ကွာ၊ ညလုံးပေါက် ဆိုင်တွေလိုက်ရှာရအောင် အဝေးပြေးလမ်းမမှာတော့ တစ်ဆိုင်တစ်လေ ရှိမှာပဲ” သူမက သဘောမတူ၊
“မသွားပါဘူး၊ ညကြီးသန်းခေါင် အစားထွက်မစားချင်ပါဘူး” သူမက အဲဒီလိုမျိုး ရှေးဆန်လှသူ၊

ကျွန်တော်လည်း အသက်တစ်ချက်ရှူထုတ်လိုက်ပြီး ပြောလိုက်တယ် “ဟုတ်ပါတယ် ငါလည်း ရှိမယ်မထင်ပါဘူး”

ကျွန်တော့်ဇနီးက ဒီလိုထင်မြင်ချက်တစ်ခုကို ပြန်ပြောတိုင်း တစ်ခုခုကိုလှစ်ဟဖော်ပြနေသလိုမျိုး ကျွန်တော့်နားထဲမှာ ပဲ့တင်ထပ်နေခဲ့တယ်၊ ဒါဟာ ညားခါစလင်မယားတွေကြားမှာ ဖြစ်တတ်တဲ့အရာမျိုးလားမသိ၊ ဒါပေမယ့် သူမ ဒီလိုပြောလာတဲ့အခါ ကျွန်တော့်စိတ်ထဲမှာ ဒီဆာလောင်မှုဟာ အဝေးပြေးလမ်းမက ညလုံးပေါက်ဆိုင်မှာ သွားစားလို့ပြေပျောက်သွားမှာမဟုတ်တဲ့ အထူးဆာလောင်မှုလို့ ထင်လာမိတယ်၊

အထူးတလည်ဆာလောင်မှုဆိုတာ ဘယ်လိုများဖြစ်မလဲ

ဒါကို ရုပ်ရှင်ပြကွက်တွေလိုမျိုး ကျွန်တော်တင်ပြနိုင်ပါတယ်

တစ်၊ ငြိမ်သက်တိတ်ဆိတ်နေတဲ့ ပင်လယ်ပြင်ထဲမှာ ကျွန်တော်ဟာ လှေလေးတစ်စင်းနဲ့၊ နှစ်၊ ကျွန်တော်ငုံ့ကြည့်လိုက်တော့ သမုဒ္ဒရာကြမ်းပြင်က ထိုးထွက်လာတဲ့ မီးတောင်ထိပ်တစ်ခုကို မြင်နေရတယ်၊ သုံး၊ မီးတောင်ထိပ်က ရေမျက်နှာပြင်နဲ့ နီးနီးလေးလို့ ထင်ရတယ်၊ ဘယ်လောက်နီးလဲတော့ ကျွန်တော်မပြောနိုင်ဘူး၊ လေး၊ ဘာကြောင့်လဲဆိုတော့ ရေရဲ့ အလွန်အမင်းကြည်လင်မှုက အနီးအဝေးအသိကို မှောက်မှားစေလို့ပဲ၊

ဒါဟာ ကျွန်တော့်မိန်းမက ညလုံးပေါက်ဆိုင်တွေကို မသွားဘူးလို့ငြင်းလိုက်တာနဲ့ ကျွန်တော်က ငါလည်း ရှိမယ်မထင်ဘူးလို့ သဘောတူလိုက်တာနဲ့ကြား ၂ စက္ကန့် ၃ စက္ကန့် အတွင်းမှာ ဖြစ်ပေါ်လာတဲ့ပုံရိပ်ကို အတော်လေး တိတိကျကျပုံဖော်ထားတာပဲ၊ ကျွန်တော်က ဆစ်ဂမန်ဖရိုက် (Sigmund Freud) မဟုတ်တဲ့အတွက် ဒါဟာ ဘာကိုရည်ညွန်းသလဲတော့ သရုပ်ခွဲမဆန်းစစ်နိုင်ဘူး၊ ဒါပေမယ့် ကျွန်တော့်စိတ်က သိလိုက်တယ်၊ ဒါဟာတစ်ခုခုကို ပြညွှန်နေတာပဲ ဒါကြောင့်မို့ (ကျွန်တော့်ရဲ့ ဆာလောင်မှုဟာ အဆီအငေါ် မတည့် ပြင်းထန်လှသော်ငြား) ကျွန်တော်ဟာ သူမရဲ့အဆိုကို (ကြေငြာချက်)ကို အလိုအလျောက် သဘောတူလိုက်မိတာပဲ။

ကျွန်တော်တို့လည်း လုပ်နိုင်တာပဲလုပ်တော့တယ်၊ ဘီယာဘူးကို ဖွင့်လိုက်တယ်၊ ကြက်သွန်နီစားတာထက် စာရင်တော့ အများကြီးကောင်းမှာပါ၊ သူမက ဘီယာသိပ်မကြိုက်ဘူး၊ ဒီတော့ ကျွန်တော်တို့ ဘီယာဘူးတွေကို ဝေခြမ်းလိုက်တယ်၊ ကျွန်တော်က လေးဘူး၊ သူမက နှစ်ဘူး၊ ပထမတစ်ဘူးကို ကျွန်တော်စသောက်နေတုန်း သူမက နိုဝင်ဘာလမှာ လျှောက်သွားနေတဲ့ ရှဥ့်တစ်ကောင်လိုမျိုး မီးဖိုချောင်စင်တွေမှာ လျှောက်ရှာနေခဲ့တယ်၊ နောက်ဆုံးမှာတော့ ထောပတ်ကွတ်ကီးလေးခုပါတဲ့ အထုပ်တစ်ထုပ်ကို ဖွင့်ဖောက် လိုက်တယ်၊ ပျော့ပြီးနူးအိနေတဲ့ မုန့်အကျန်တွေပဲ၊ ဒါပေမယ့် ကျွန်တော်တို့တစ်ယောက် နှစ်ခုစီခွဲဝေပြီး အမှုန်အမွှားလေးကျန်တဲ့အထိကို အရသာခံစားလိုက်ကြတယ်။

ဒါလည်း မရပါဘူး၊ ကျွန်တော်တို့ရဲ့ ဆာလောင်မှုက ဆိုင်းနိုင်းကျွန်းဆွယ်လို အတိုင်းအဆမဲ့ ကြီးမားလွန်းတဲ့အတွက် ထောပတ်ကွတ်ကီးနဲ့ဘီယာက အစအနလေးတောင် မကျန်ပါဘူး။

အချိန်ကာလက အမှောင်ထဲ တစိမ့်စိမ့်ထွက်ကျနေလိုက်တာ ငါးရဲ့အူထဲက ခဲတုံးတွေထွက်လာသလိုပဲ၊ ကျွန်တော်လည်း အလူမီနီယံ ဘီယာဘူးခွံပေါ်က စာတွေကိုဖတ်တယ်၊ နာရီကို ငေးကြည့်တယ်၊ ရေခဲသေတ္တာတံခါးကို ကြည့်တယ်၊ မနေ့က စာရွက်တွေ ကို လှန်လှောနေခဲ့တယ်၊ ပို့စကဒ်စောင်းလေးနဲ့ စားပွဲခုံပေါ်က ကွတ်ကီးမှုန့်တွေကို ခြစ်ထုပ်နေမိတယ်၊ “ကျွန်မတစ်သက်မှာ ဒီလောက်ဗိုက်ဆာတာမျိုး မကြုံဖူးဘူး၊ ဒါဟာ အိမ်ထောင်ပြုလိုက်တာနဲ့ တစ်နည်းနည်း ပတ်သက်နေမလားမသိ” သူမကပြောတယ်။

“ဟုတ်ချင်လည်း ဟုတ်မယ်၊ ဟုတ်ချင်မှလည်း ဟုတ်မယ်” ကျွန်တော်က ပြောလိုက်တယ်။

သူမက အစားအသောက် အစအနလေးတွေ ထပ်မံရှာဖွေနေစဉ်မှာပဲ ကျွန်တော်လည်း လှေနံပေါ်မှီပြီး ရေအောက်မီးတောင်ထိပ်ကို ငုံ့ကြည့်လိုက်မိတယ်၊ လှေပတ်ပတ်လည်က သမုဒ္ဒရာရေရဲ့ ကြည်လင်မှုက ကျွန်တော့်ကို ဆောက်တည်ရာမဲ့ ခံစားမှုကို ပေးတယ်၊ ကျွန်တော့်ရဲ့ အဝင်အထွက်မရှိ လေလုံပိတ်ထားတဲ့ အရှိုက်ရဲ့နောက်ဘက် တစ်နေရာရာမှာ ဟောင်းလောင်းပေါက်တစ်ခု ပွင့်သွားသလိုပဲ၊ မြင့်မားမတ်စောက်တဲ့ နေရာကိုတက်တဲ့အခါ ကြုံရတဲ့ ခြေလက်တုန့်ဆိုင်းလောက်တဲ့ ကြောက်လန့်မှုနဲ့ ဆင်လိမ့်မယ်၊ ဒါဟာ ဆာလောင်မှုနဲ့ အမြင့်ကြောက်မှုကြား ဆက်နွယ်ချက်ကို ကျွန်တော်ပထမဆုံး တွေ့ရှိတာပဲ။

ဒီလိုအတွေ့အကြုံမျိုးကို အရင်က ကျွန်တော်တစ်ကြိမ်ကြုံခဲ့ဖူးတယ်၊ အဲဒီအချိန်တုန်းက ကျွန်တော့်အစာအိမ်က အူဟောင်းလောင်းနဲ့၊ ဘယ်တုန်းကလဲဆိုတော့၊ အို—–သိပြီ ဒီလို

“ပေါင်မုန့်ဆိုင်ကို ဝင်လုတဲ့အချိန်တုန်းက” ကျွန်တော့်စကားသံကို ကျွန်တော်ကိုယ်တိုင် ပြန်ကြားလိုက်ရတယ်

“ ပေါင်မုန့်ဆိုင်လုယက်မှု ဟုတ်လား၊ ရှင်ဘာတွေပြောနေတာလဲ” ဒီလိုနဲ့ပဲ ဇာတ်လမ်းက စခဲ့တယ်။


“တစ်ခါက ငါပေါင်မုန့်ဆိုင်တစ်ဆိုင်ကို လုယက်ခဲ့တယ်၊ ကြာပါပြီ၊ ပေါင်မုန့်ဆိုင် အကြီးကြီးလည်းမဟုတ်ပါဘူး၊ နာမည်ကြီးမုန့်ဆိုင်လည်း မဟုတ်ဘူး၊ ပေါင်မုန့်ကလည်း ထူးထူးခြားခြားမဟုတ်ဘူး၊ သိပ်အညံ့စားကြီးတော့လည်း မဟုတ်ဘူးပေါ့၊ ဈေးဆိုင်တန်း တွေရဲ့ အလယ်မှာရှိတဲ့ သာမန်မုန့်ဆိုင်လေး တစ်ဆိုင်ပါပဲ၊ အဘိုးကြီးတစ်ယောက်တည်းနဲ့ လည်ပတ်နေတဲ့ဆိုင်ပေါ့၊ အကုန်သူတစ်ယောက်တည်းပဲ ဒိုင်ခံလုပ်ရတယ်၊ မနက်ကိုမုန့်ဖုတ်၊ နေ့လည်ဈေးရောင်းတော့ မုန့်ဖိုကိုပိတ်ပေါ့”

“ပေါင်မုန့်ဆိုင်တစ်ဆိုင်ကို လုယက်မယ်ဆိုရင်လည်း ဘာကြောင့် ဒီဆိုင်မျိုးကိုမှ ရွေးချယ်ရတာလဲ”

“မုန့်ဆိုင်ကြီးကြီးကို လုယက်စရာလဲ အကြောင်းမရှိဘူးလေ၊ ငါတို့လိုချင်တာက ပေါင်မုန့်သက်သက်ပဲ၊ ပိုက်ဆံမှ မဟုတ်တာ၊ ငါတို့က လုယက်သူတွေပဲ ဓားပြတွေမှ မဟုတ်တာ”

“ငါတို့ဟုတ်လား၊ ငါတို့ဆိုတာက”

“အဲဒီအချိန်က ငါ့အခင်ဆုံးသူငယ်ချင်းပေါ့၊ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က၊ ငါတို့မှာ ဘိုင်ကျလွန်းလို့ သွားတိုက်ဆေးတောင်မှ မဝယ်နိုင်ဘူး၊ ဘယ်တော့မှ အစားအသောက်လုံလောက်တယ်မရှိဘူး၊ ငါတို့မှာ အစာစားရဖို့ အလွန်စိတ်မချမ်းသာစရာကောင်းတဲ့ အလုပ်တွေလုပ်ခဲ့ရတယ်၊ ပေါင်မုန့်ဆိုင်လုယက်မှုက အဲဒီထဲကတစ်ခုပေါ့”

“ကျွန်မ သဘောမပေါက်ဘူး” သူမက ကျွန်တော့်ကို အသေအချာစိုက်ကြည့်ပြီး ပြောလိုက်တယ်၊ သူမမျက်လုံးတွေက မနက်ကောင်းကင်မှာ ကြယ်ဖျော့တော့လေးတစ်လုံးကို ရှာနေသလားပဲ၊ “ဘာကြောင့် ရှင်က အလုပ်မရှိတာလဲ၊ ရှင်ကျောင်းပြီးတာနဲ့ အလုပ် လုပ်လို့ရတာပဲ၊ ဒါက မုန့်ဆိုင်သွားလုတာထက်ပိုမလွယ်ကူဘူးလား”

“ငါတို့က အလုပ်မလုပ်ချင်ဘူး၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ငါတို့နှစ်ယောက်လုံးက ပြတ်သားတယ်”

“ထားပါတော့၊ ရှင်အခုလည်း အလုပ်လုပ်နေရတာပဲလေ မဟုတ်ဘူးလား”

ကျွန်တော်လည်း ခေါင်းညိတ်ပြီး ဘီယာတစ်ကျိုက်စုပ်လိုက်တယ်၊ ပြီးနောက် မျက်လုံးကိုပွတ်လိုက်တယ်၊ ဘီယာရဲ့ ရူးသွပ်မှုတစ်မျိုးက ဦးနှောက်ထဲကိုစိမ့်ဝင်ပြီး ဆာလောင်မှုဝေဒနာနဲ့ အပြိုင်ကျဲနေကြတယ်။

“အချိန်က မတူတော့ဘူးလေ၊ လူတွေလည်း ပြောင်းလဲသွားကြပြီ” ကျွန်တော်လည်းပြောလိုက်တယ်

“အိပ်ရာဝင်ကြရအောင်လေ၊ မနက်လည်းစောစောထရဦးမယ် မဟုတ်လား”

“ကျွန်မ မအိပ်ချင်သေးဘူး၊ ကျွန်မကို ပေါင်မုန့်ဆိုင်လုယက်မှုအကြောင်း ပြောပြပါလား”

“ဘာမှလည်း ပြောလောက်စရာမရှိပါဘူး၊ လှုပ်လှုပ်ရှားရှားစွန့်စားခန်းတွေ မရှိ၊ စိတ်လှုပ်ရှားစရာလည်းမရှိ”

“အောင်မြင်ခဲ့လား”

ကျွန်တော်လည်း အိပ်ဖို့အကြံကို လက်လျှော့လိုက်တယ်၊ နောက်ထပ် ဘီယာတစ်လုံးဖွင့်သောက်လိုက်တယ်၊ သူမက ဇာတ်လမ်းတစ်ပုဒ်ကို စိတ်ဝင်စားနေပြီဆိုရင် တောက်လျှောက်နားထောင်ရမှ၊ အဲဒါ သူမအကျင့်ပဲ။

“အင်း၊ အောင်မြင်တယ်လည်း ပြောလို့ရတယ်၊ မအောင်မြင်ဘူးလို့လဲ ပြောလို့ရတယ်၊ ငါတို့လိုချင်တာ ရခဲ့တယ်၊ ဒါပေမယ့် လုယက်မှုအနေနဲ့တော့ မအောင်မြင်ခဲ့ဘူး၊ မုန့်ဆိုင်ရှင်က ငါတို့လုစရာမလိုပဲ ပေါင်မုန့်တွေပေးလိုက်တာကိုး”

“အလကားလား”

“အဲဒီလိုလဲ မဟုတ်ဘူး၊ ဒါက အတော်ပြောရခက်တဲ့အပိုင်း” ကျွန်တော်က ခေါင်းယမ်းပြပြီး ပြောလိုက်တယ်။

“ဆိုင်ရှင်က ဂန္ဓဝင်ဂီတသမား၊ ငါတို့ အဲဒီရောက်သွားတော့ သူက ဝက်ဂ်ညာ(Wagner)ရဲ့ ပဏာမတေးကို နားထောင်နေတဲ့အချိန်၊ ဒီတော့ သူက ငါတို့ကိုအပေးအယူလုပ်တယ်၊ တကယ်လို့ ငါတို့က အဲဒီဓာတ်ပြားကို အဆုံးထိနားထောင်မယ်ဆိုရင် ငါတို့ လိုသလောက် ပေါင်မုန့်တွေ ယူသွားနိုင်တယ်လို့ဆိုတယ်၊ ငါလည်းသူငယ်ချင်းနဲ့ တိုင်ပင်ပြီးတော့ အိုကေလို့ သဘောတူလိုက်တယ်၊ သူ့စကားအရ ဘာမှလုပ်စရာမလို၊ ဘယ်သူ့မှလည်း မထိခိုက်၊ ဒီတော့ ငါတို့လည်း ဓားမြှောင်တွေကို အိတ်ထဲပြန်ထည့်လိုက်ကြတယ်၊ ကုလားထိုင်တွေဆွဲထိုင်ပြီး ပဏာမတေးကနေ Tannhauser နဲ့ The Flying Dutchman အထိ နားထောင်ခဲ့ကြတယ်”

“အဲဒီနောက် ရှင်တို့ ပေါင်မုန့်တွေရရောလား”

“ဟုတ်တယ်၊ သူ့ဆိုင်မှာရှိသမျှ အကုန်နီးပါးပဲ၊ ငါတို့အိတ်တွေထဲ ထည့်ပြီးအိမ်ယူလာခဲ့ကြတယ်၊ လေးငါးရက်လောက်တောင်ထားပြီး စားလို့ရတယ်”

ကျွန်တော်လည်း နောက်တစ်ငုံစုပ်သောက်လိုက်တယ်၊ သမုဒ္ဒရာအောက်ခြေက ငလျင်ရဲ့အသံမထွက်တဲ့ လှိုင်းတွေလို ကျွန်တော့်ရဲ့အိပ်ချင်စိတ်က ကျွန်တော့်လှေကို ဖြေးဖြေးကြာကြာ လွှဲသိပ်နေခဲ့တယ်။

“ဒီတော့ ငါတို့ ရည်မှန်းချက်အောင်မြင်ခဲ့တယ်၊ ငါတို့ပေါင်မုန့်တွေရလာတယ်၊ဒါပေမယ့် ငါတို့ရာဇဝတ်မှုကျူးလွန်လာတယ်လို့ မပြောနိုင်ဘူး၊ ဒါဟာ အလဲအလှယ်လုပ်တဲ့သဘောပိုဆန်မယ်၊ ငါတို့က သူနဲ့အတူ ဝက်ဂ်ညာ(Wagner)နားထောင်ပေးရတယ်၊ အပြန်အလှန် အနေနဲ့ ငါတို့လိုချင်တဲ့ပေါင်မုန့်တွေရလာခဲ့တယ်၊ ဥပဒေကြောင်းအရ ပြောရယင် အရောင်းအဝယ်သဘောပိုဆန်လိမ့်မယ်”

“ဒါပေမယ့် ဝက်ဂ်ညာကို နားထောင်ရတာ အလုပ်မှမဟုတ်တာ” သူမကပြောတယ်

“အိုး၊ မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး၊ တကယ်လို့ဆိုင်ရှင်က ငါတို့ကို သူ့ပန်းကန်တွေဆေးခိုင်းမယ်၊ ဒါမှမဟုတ် သူ့ပြတင်းပေါက်သုတ်ခိုင်းမယ်ဆိုရင် ငါတို့သူ့ကိုထိုးပစ်လိုက်မှာပဲ၊ ဒါပေမယ့် သူကမခိုင်းခဲ့ဘူး၊ သူငါတို့ဆီက တောင်းဆိုတာက သူ့ရဲ့ဝက်ဂ်ညာကို ငါတို့ အစကနေအဆုံး နားထောင်ပေးဖို့ပဲတောင်းဆိုခဲ့တယ်၊ ဘယ်သူမှလည်း အဲဒီလိုမျှော်လင့်ထားမိမှာမဟုတ်ဘူး၊ ငါဆိုလိုတာက ဝက်ဂ်ညာကိုပြောတာ၊ ဒါဟာငါတို့ကိုဆိုင်ရှင်က ကျိန်စာတိုက်လိုက်သလိုပဲ၊ အခုအချိန်မှာပြန်တွေးကြည့်တော့ အဲဒီတုန်းက ငါတို့ ငြင်းလိုက်သင့်တယ်၊ ငါတို့သူ့ကို ဓါးပြပြီး အဲဒီပေါင်မုန့်တွေကိုယူခဲ့ရမှာ၊ အဲဒါဆို ဘာပြဿနာမှ ဖြစ်မှာမဟုတ်ဘူး”

“ရှင် ပြဿနာတက်ခဲ့လို့လား”

ကျွန်တော်လည်းမျက်စိကိုထပ်ပွတ်လိုက်တယ်

“ဆိုပါတော့၊ တိတိကျကျအကြောင်းရှာလို့တော့မရဘူး၊ ဒါပေမယ့် အဲဒီနောက်ပိုင်း အရာရာကပြောင်းလဲသွားတယ်၊ အဲဒါက အလှည့်အပြောင်းတစ်ခုလိုပဲ၊ ငါတက္ကသိုလ်ပြန်တက်ဖြစ်တယ်၊ ဘွဲ့ရတယ်၊ ကုမ္ပဏီမှာ လုပ်တယ်၊ ရှေ့နေစာမေးပွဲဖြေဖို့ ကြိုးစားတယ်၊ ပြီးတော့မင်းနဲ့တွေ့တယ်၊ လက်ထပ်တယ်၊ ငါအဲဒီလိုအလုပ်မျိုး ဘယ်တော့မှ ပြန်မလုပ်ဖြစ်တော့ဘူး၊ နောက်ထပ်ပေါင်မုန့်ဆိုင်လုယက်မှုဆိုတာမရှိတော့ဘူး”

“ဒါပဲလား”

“ဟုတ်တယ်၊ အဲဒီတုန်းက ဖြစ်ခဲ့တာတွေ အကုန်လုံးပဲ”

ကျွန်တော်လည်း နောက်ဆုံးလက်ကျန်ဘီယာကို မော့လိုက်တယ်၊ အခုတော့ ခြောက်ဘူးလုံးကုန်ပြီ

ဆွဲဖွင့်တံလေးခြောက်ခုက ပြာခွက်ထဲမှာ ရေသူမတစ်ယောက်ရဲ့အကြေးခွံတွေလိုမျိုး။

ပေါင်မုန့်ဆိုင်လုယက်မှုကြောင့် ဘာမှမဖြစ်ခဲ့ပါဘူးဆိုရင်တော့ မမှန်ပါဘူး။ ဘာကြောင့် ဘယ်လိုဆိုတာတော့ ပြောရယင်အများကြီးပါ၊ ဒါပေမယ့် အဲဒီအကြောင်းတွေကို သူမနဲ့ မပြောချင်ဘူး၊

“ဒါဖြင့် အဲဒီတုန်းက သူငယ်ချင်းက အခု ဘာတွေလုပ်နေသလဲ”

“ငါလည်းမသိဘူး၊ တစ်ခုခုဖြစ်သွားတယ်၊ ဘာမဟုတ်တာလေးနဲ့ဖြစ်မယ်၊ ငါတို့အတူမတွဲဖြစ်ကြတော့ဘူး၊ အဲဒီကတည်းက သူ့ကိုမတွေ့တော့ဘူး၊ သူဘာလုပ်နေလဲ မသိတော့ဘူး”

ခဏလောက် သူမဘာမှမပြောပဲ ငြိမ်နေခဲ့တယ်၊ သူမကြည့်ရတာ ကျွန်တော်က ဇာတ်လမ်းကို အပြည့်အစုံမပြောဘူးလို့ ထင်နေပုံရတယ်၊ ဒါပေမယ့် ကျွန်တော့်ကို အတင်းပြောဖို့တော့ မတိုက်တွန်းဘူး။

“ဘာပဲဖြစ်ဖြစ် ဒီအတွက်ကြောင့် ရှင်တို့နှစ်ယောက်ကွဲသွားတာပဲ မဟုတ်လား၊ ပေါင်မုန့်ဆိုင်လုယက်မှုက အဓိကအကြောင်းပဲလေ”

“အဲဒီလိုလဲ ဖြစ်နိုင်တယ်၊ ဒီကိစ္စက ငါတို့နားလည်နိုင်တာထက်ပိုပြီးလေးနက်တယ်လို့ ငါမှန်းကြည့်မိတယ်၊ အဲဒီရက်ပိုင်းမှာ ငါတို့ ပေါင်မုန့်နဲ့ဝက်ဂ်ညာတို့ရဲ့ ဆက်စပ်မှုအကြောင်း ပြောဖြစ်ကြတယ်၊ ငါတို့ရဲ့ ရွေးချယ်မှုမှန်ရဲ့လားလို့ ကိုယ့်ဘာသာကိုယ် အမြဲ မေးမိကြတယ်၊ ငါတို့လည်း မပြောနိုင်ကြဘူး၊ ဟုတ်တယ်၊ စဉ်းစားကြည့်ရင်တော့ ငါတို့ လုပ်တာမှန်တယ်၊ ဘယ်သူမှလည်းမထိခိုက်ဘူး၊ လူတိုင်းလည်း လိုတာရတယ်၊ ပေါင်မုန့်ဆိုင်ပိုင်ရှင်အနေနဲ့ ဘာကြောင့်ဒီလိုလုပ်တာလဲဆိုတာတော့ စဉ်းစားလို့မရပေမယ့် သူ့ရဲ့ ဝက်ဂ်ညာဝါဒဖြန့်မှု အောင်မြင်တယ်၊ ငါတို့လည်း ပေါင်မုန့်အဝအပြဲစားနိုင်တဲ့အတွက် အောင်မြင်တယ်”

“ဒါပေမယ့် အခုအချိန်အထိ ငါတို့မှာ တကယ့်ကို အမှားကြီးမှားခဲ့တယ်လို့ ခံစားနေရတုန်းပဲ၊ အဲဒီအမှားဟာ ယခုအချိန်အထိမဖြေရှင်းနိုင်သေးပဲ ငါတို့ဘဝတွေထဲမှာ အရိပ်မည်းကြီးတစ်ခုလို ရှိနေဆဲပဲ၊ ဒါကြောင့်မို့ ငါကကျိန်စာဆိုတဲ့စကားလုံးကို သုံးခဲ့တာပဲ၊ မှန်တယ်၊ ဒါဟာကျိန်စာလိုပဲ”

“ရှင့်မှာ အဲဒီကျိန်စာရှိနေဆဲလို့ထင်သလား”

ကျွန်တော်လည်း ပြာခွက်ထဲက ဘီယာဘူးခွံရဲ့ ဆွဲဖောက်တံလေးခြောက်ခုကို အလူမီနီယံ လက်ကောက်တစ်ခုလို ပြန်စီနေခဲ့တယ်။

“ဘယ်သူသိနိုင်မလဲ၊ ငါတော့မသိဘူး၊ ဒါပေမယ့် ကမ္ဘာကြီးဟာကျိန်စာတွေနဲ့ပြည့်နှက်နေလိမ့်မယ်ဆိုတာ ငါလောင်းရဲတယ်၊ တစ်ခုပဲ၊ ဘယ်ကျိန်စာက ဘယ်သူ့ကို ဒုက္ခပေးမလဲတော့ ပြောဖို့ခက်တယ်”

“အဲဒီလိုမဟုတ်ဘူး”သူမက ကျွန်တော့်ကို တည့်တည့်စိုက်ကြည့်ပြီးပြောတယ်။

“ရှင့်မှာ ကျိန်စာသင့်နေတယ်လို့ထင်ရင် ရှင်ပြောသာပြောပါ၊ တကယ်လို့ အဲဒီကျိန်စာကို ကိုယ်တိုင်မချေဖျက်နိုင်ရင် သွားကိုက်ဝေဒနာလို ရှင့်မှာစွဲကပ်နေလိမ့်မယ်၊ ရှင့်ကို သေသည်အထိ နှိပ်စက်နေလိမ့်မယ်၊ ပြီးတော့ ရှင့်တင်မကဘူး ကျွန်မကိုပါ နှိပ်စက်လိမ့်မယ်”

“မင်းကို ဟုတ်လား”

“ဟုတ်တယ်၊ အခုအချိန်မှာ ကျွန်မက ရှင့်ရဲ့အကောင်းဆုံး မိတ်ဆွေမဟုတ်လား၊ ကျွန်မတို့နှစ်ယောက်လုံး ဘာကြောင့်ဗိုက်ဆာနေတယ်လို့ထင်လဲ၊ ရှင်နဲ့ လက်မထက်ခင်အချိန်ထိ ကျွန်မမှာ အဲဒီလောက်ဘယ်တုန်းကမှ ဗိုက်မဆာခဲ့ဖူးဘူး၊ ဒါဟာ သွေးရိုးသားရိုးကိစ္စ မဟုတ်ဘူးလို့ ရှင်မထင်မိဘူးလား၊ ရှင့်ကျိန်စာက ကျွန်မကိုပါစူးနေခဲ့ပြီ”

ကျွန်တော်လည်း ခေါင်းညိတ်ပြလိုက်တယ်၊ ကျွန်တော်လည်း ဆွဲဖောက်တံစက်ဝိုင်းလေးကို ဖျက်ပစ်လိုက်ပြီး ပြာခွက်ထဲပြန်ထည့်လိုက်တယ်၊ သူမပြောတာ ဟုတ်မဟုတ် ကျွန်တော်လည်းမသိဘူး၊ ဒါပေမယ့် သူမဟာ တစ်ခုခုလုပ်တော့မယ်ဆိုတာတော့ ခံစားမိတယ်။

ဆာလောင်တဲ့ဝေဒနာက ပြန်ထလာခဲ့တယ်၊ ဝေဒနာကအရင်ထက်တောင်ပိုပြင်းသေး၊ ကျွန်တော့်ကို ခေါင်းအကြီးအကျယ်ကိုက်စေခဲ့တယ်၊ အစာအိမ်တစ်လျှောက်စူးရှနာကျင်မှုတွေကို ဦးခေါင်းရဲ့အတွင်းထဲ ကလပ်ကြေးနန်းကြိုးနဲ့ ပို့လွှတ်နေသလို၊ ကျွန်တော့် ရဲ့အတွင်းထဲမှာ ရှုပ်ထွေးလှတဲ့ စက်ကြီးတစ်ခုတပ်ဆင်ထားသလိုပဲ။

ကျွန်တော်လည်းကျွန်တော့်ရဲ့ ပင်လယ်ပြင်အောက်မီးတောင်ကို တစ်ချက်ကြည့်လိုက်တယ်၊ ရေက အရင်ထက်တောင်ပိုပြီး ကြည်လင်နေသလိုပဲ၊ အနီးကပ်သာ မကြည့်ရင် ရေရှိမှန်းတောင်မသိရ၊ လှေက ဘာမှအထောက်အကူအရှိ လေထဲမှာမျောနေသလိုပဲ၊ ကျွန်တော့်မှာဟိုးအောက်ခြေက ပူစီဖောင်းကလေးတွေ တောင်မြင်နေရတယ်၊ ကျွန်တော်လုပ်စရာဆိုလို့ အဲဒီကိုသွားပြီး ကိုယ်တိုင်ထိကြည့်ဖို့ပဲရှိတယ်။

“ကျွန်မတို့ အတူနေတာ နှစ်ပတ်ပဲရှိသေးတယ်၊ ဒါပေမယ့် အဲဒီနှစ်ပတ်လုံး ကျွန်မမှာ တစ်ခုခုဆန်းနေသလိုမျိုးခံစားရတယ်” သူမက ကျွန်တော့်မျက်လုံးထဲ စိုက်ကြည့်ပြီးပြောတယ်၊ သူမလက်တွေက စားပွဲခုံပေါ်မှာ တစ်ခုကိုတစ်ခုချိတ်ပြီး တင်ထားတယ်၊

“ဟုတ်တယ်၊ ဒါဟာ ကျိန်စာတစ်ခုဆိုတာ ကျွန်မအရင်က မသိခဲ့ဘူး၊ အခုတော့ အားလုံးရှင်းသွားပြီ၊ ရှင်ဟာ ကျိန်စာသင့်နေခဲ့တာပဲ”

“ဘယ်လိုအဆန်းတကြယ်မျိုးလဲ”

“နှစ်ပေါင်းများစွာ မလျှော်ဖွပ်ခဲ့တဲ့ လေးလံပြီးဖုန်အထပ်ထပ်ကပ်နေတဲ့ လိုက်ကာတစ်စက မျက်နှာကျက်ကနေ ကျနေသလိုမျိုး”

“ဒါဟာ ကျိန်စာမဟုတ်ပဲ ငါ့ကိုပြောတာနဲ့တူတယ်” ကျွန်တော်က ရယ်ရင်းပြောလိုက်တယ်

သူမက လိုက်မရယ်၊

“မဟုတ်ဘူး အဲဒါ ရှင်မဟုတ်ဘူး” သူမက ပြောတယ်

“ဟုတ်ပါတယ် မင်းမှန်တယ်ပဲထားပါတော့၊ ဒါဟာကျိန်စာလို့ပဲ ဆိုပါစို့၊ ငါတို့ဘာလုပ်လို့ ရမှာလဲ”

“နောက်ထပ် ပေါင်မုန့်ဆိုင်တစ်ဆိုင် လုရမယ်၊ အခုချက်ချင်းပဲ၊ အခုပဲ၊ ဒီနည်းပဲရှိတယ်”

“အခု ဟုတ်လား”

“ဟုတ်တယ်၊ အခုပဲ၊ ရှင်ဗိုက်ဆာနေတဲ့အချိန်မှာ အရင်ကရှင်မပြီးပြတ်ခဲ့တဲ့ အလုပ်ကို အပြီးသတ်ရမယ်”

“ဒါပေမယ့် ညကြီးသန်းခေါင်၊ ဘယ်ပေါင်မုန့်ဆိုင်က ဖွင့်မှာလဲ”

“ကျွန်မတို့ တစ်ဆိုင်ဆိုင်ရှာကြတာပေါ့၊ တိုကျိုက အကြီးကြီးပဲ၊ ညလုံးပေါက်ဖွင့်တဲ့ ပေါင်မုန့်ဆိုင်အနည်းဆုံး တစ်ဆိုင်လောက်တော့ ရှိမှာပေါ့”

ကျွန်တော့် ကိုရိုလာကားဟောင်းလေးထဲ နှစ်ယောက်သား ဝင်လိုက်ကြပြီး တိုကျိုမြို့ရဲ့ လမ်းမတွေထဲပတ်နေခဲ့ကြတယ်၊ မနက် ၂ နာရီခွဲကြီးမှာ ပေါင်မုန့်ဆိုင်တစ်ဆိုင်ကို လိုက်ရှာလို့နေကြတယ်၊ ကျွန်တော်က စတီယာတိုင်ကိုကိုင်လို့၊ သူမက လမ်းပြခုံမှာ၊ ကျွန်တော်တို့နှစ်ယောက်မှာ သားကောင်ရှာတဲ့ သိန်းငှက်တွေလို၊ အနောက်ဖက်ထိုင်ခုံမှာ ငါးအသေတစ်ကောင်လို တောင့်တင်းနေတဲ့ ရှည်မျောမျောအရာကတော့ ရီမင်တန် (Remington) အော်တိုက်မက်တစ် ပြောင်းတိုသေနတ်၊ သံချေးတက်နေတဲ့ ကျည်ဆန်တွေက ကျွန်တော့်မိန်းမရဲ့လေကာဂျက်ကတ်အိတ်ထဲမှာ၊ လက်အိတ်ထည့်တဲ့ အကန့်ထဲမှာ အနက်ရောင် စကိတ်စီးမျက်နှာဖုံး နှစ်စုံ၊ ဒီပြောင်းတိုသေနတ်တွေ၊ စကိတ်စီးမျက်နှာဖုံးတွေက ဘာကြောင့် ကျွန်တော့်မိန်းမဆီ ရောက်နေတာလဲ ကျွန်တော်လဲမသိ၊ သူမကလည်း မရှင်းပြ၊ ကျွန်တော်ကလည်းမမေး၊ အိမ်ထောင်သည် ဘဝဆက်ဆံရေးဟာ ဘာမှန်းကိုမသိဘူးလို့ ကျွန်တော်ခံစားရတယ်။

အကျအန ပြင်ဆင်လာကြတဲ့ ကျွန်တော်တို့မှာ ညလုံးပေါက်ပေါင်မုန့်ဆိုင် ရှာမတွေ့နိုင်ဖြစ်နေခဲ့တယ်၊ ကျွန်တော့်မှာ ယိုယိုဂျီကနေ ရှင်ဂျုကု အထိ လူသူကင်းမဲ့နေတဲ့ လမ်းတွေထဲ လျှောက်မောင်းနေမိတယ်၊ ယော့ဆူရနဲ့ အကာဆာကာ၊ အိုယာမာ၊ ဟီရူး၊ ရော့ပွန်းဂျီ၊ ဒိုင်ကန်ရာမနဲ့ ရှီဘူယ အထိပဲ၊ တိုကျိုရဲ့ ညဥ့်နက်ပိုင်းမှာ လူတွေဆိုင်တွေ မျိုးစုံရှိပေမယ့် ပေါင်မုန့်ဆိုင်တော့မရှိ။

ကင်းလှည့်ကားတွေနဲ့ ကျွန်တော်တို့ နှစ်ကြိမ်တိုင်တိုင်တိုးတယ်၊ တစ်စီးက လမ်းထောင့်မှာကပ်ပြီး မသင်္ကာဖွယ်ရာတွေကို စောင့်ကြည့်လို့၊ နောက်တစ်စီးကတော့ ကျွန်တော်တို့ကို ဖြေးဖြေးကျော်တက်လို့ ဟိုးအဝေးမှာ ပျောက်ကွယ်လို့သွားတယ်၊ နှစ်ကြိမ်စလုံး ကျွန်တော့်ချိုင်းမှာ ချွေးတွေရွှဲလို့၊ ကျွန်တော့်မိန်းမရဲ့ အာရုံစိုက်မှုကတော့ နဲနဲမှတုန့်ဆိုင်းမသွား၊ အဲဒီပေါင်မုန့်ဆိုင်ကို ရှာလျက်ပဲ၊ သူမကိုယ်ခန္ဓာကို ဟိုဘက်သည်ဘက် ရွှေ့ထိုင်လိုက်တိုင်း သူမအိပ်ကပ်ထဲက ပြောင်းတိုသေနတ်ကျည်ဆန်က တချွမ်ချွမ်နဲ့ ရှေးခေတ် ခေါင်းအုံးတွေထဲက ပန်းဂျုံအခွံတွေလိုပဲ။

“ငါတို့ ဒီကိစ္စကို မေ့လိုက်ရအောင်လား၊ ဒီလို ညမျိုးမှာ ဘယ်ပေါင်မုန့်ဆိုင်မှ ဖွင့်မှာ မဟုတ်ပါဘူး၊ ဒီလိုကိစ္စမျိုး အတွက် ကြိုတင်အစီအစဉ်ဆွဲဖို့လိုလိမ့်မယ်၊ မဟုတ်ရင်…..”

“ရပ်စမ်း ကားကို”

ကျွန်တော်လည်း ဘရိတ်ကိုဆောင့်နင်းလိုက်တယ်၊

“ဒီနေရာပဲ” သူမကပြောတယ်

မှောင်မဲတိတ်ဆိတ်နေတဲ့ လမ်းတစ်ဘက်တစ်ချက်က ဆိုင်တွေက သူတို့ရဲ့ပြူတင်းကာတွေကို ချထားကြတယ်၊ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ရဲ့ ဆိုင်းဘုတ်က အမှောင်ထဲမှာ တွဲလောင်းကျလို့၊ လိမ်ကောက်နေတဲ့ အေးစက်စက်ဖန်မျက်လုံးလိုပဲ၊ ရှေ့ကိုက်နှစ်ရာ လောက်မှာတော့ လင်းထိန်နေတဲ့ မက်ဒေါနယ် ဟမ်ဘာဂါ ဆိုင်းဘုတ်တစ်ခုရှိတယ်၊ တခြားဘာဆိုင်မှ မရှိဘူး။

“ ငါတော့ ပေါင်မုန့်ဆိုင်ဆိုလို့ တစ်ဆိုင်မှ မတွေ့မိပါလား”

သူမက စကားတစ်ခွန်းမှမပြောပဲ လက်အိပ်ထည့်တဲ့အကန့်ကိုဖွင့်ပြီး တိပ်တစ်လိပ်ကို ဆွဲထုတ်လိုက်တယ်၊ အဲဒါကို ကိုင်ပြီး သူမက ကားထဲကထွက်တယ်၊ ကျွန်တော်လည်း ကျွန်တော့်ဘက်ကနေ ထွက်လိုက်တယ်၊ သူမက ကားရှေ့မှာ ဒူးထောက်ပြီး တိတ်ကို ဖြဲ ကားနံပါတ်ပြားပေါ်ကနေ ကပ်လိုက်တယ်၊ ပြီးတော့ ကားနောက်ကို ပြန်သွားပြီး စောစောကလို လုပ်ပြန်တယ်၊ သူမရဲ့ လှုပ်ရှားမှုတွေက တကယ့်အပိုအလိုမရှိ ကွက်တိပဲ၊ ကျွန်တော်လည်း လမ်းနံဘေးမှာ ရပ်ပြီး သူမကို ရပ်ကြည့်နေလိုက်တယ်။

“ကျွန်မတို့ အဲဒီမက်ဒေါနယ်ဆိုင်ကို သွားကြမယ်”

သူမလေသံက တကယ့်ကို အေးအေးဆေးဆေးပဲ၊ ညစာသွားစားကြရအောင်လို့ ပြောနေသလိုပဲ။

“မက်ဒေါနယ်က ပေါင်မုန့်ဆိုင်မှ မဟုတ်တာ” ကျွန်တော်က သူမကို ထောက်ပြတယ်

“ဒါလည်း ပေါင်မုန့်ဆိုင်လိုပါပဲ” သူမက ပြောလိုက်တယ်

“တစ်ခါတစ်ရံမှာ ကျွန်မတို့ အလျှော့အတင်းလုပ်ဖို့လိုတယ်၊ လာသွားစို့”

ကျွန်တော်လည်း မက်ဒေါနယ်ဆိုင်ရှိရာ မောင်းသွားပြီး ကားကိုထိုးရပ်လိုက်တယ်၊ သူမက ကျွန်တော့်ကို စောင်နဲ့အုပ်ထားတဲ့ ပြောင်းတိုသေနတ် ကမ်းပေးလိုက်တယ်

“တစ်သက်နဲ့ တစ်ကိုယ် ငါသေနတ်တစ်ခါမှ မပစ်ဖူးဘူးနော် ကျွန်တော်က စောဒက တက်လိုက်တယ်”

“ရှင် ပစ်စရာလည်းမလိုဘူး၊ ကိုင်ထားရုံပဲ၊ ဟုတ်ပြီလား၊ ကျွန်မပြောတဲ့အတိုင်းလုပ်၊ ကျွန်မတို့အခုပဲ လမ်းလျှောက်ပြီးဝင်မယ်၊ သူတို့က မက်ဒေါနယ်မှ ကြိုဆိုပါတယ်လို့ ဆိုတာနဲ့ မျက်နှာဖုံးကို ဆွဲချလိုက်မယ်၊ ရတယ်နော်”

“စိတ်ချ ဒါပေမယ့်…….”

“ပြီးရင် ရှင်က သူတို့မျက်နှာကို သေနတ်နဲ့ထိုးချိန်ပြီး ဆိုင်အလုပ်သမားတွေကော စားနေတဲ့သူတွေပါ အကုန်လုံးကို စုလိုက်ပါ၊ မြန်ပါစေ၊ ကျန်တာ ကျွန်မ တာဝန်ထားပါ”

“ဒါပေမယ့်……….”

“ကျွန်မတို့ ဟမ်ဘာဂါ ဘယ်လောက်လိုမယ်လို့ထင်လဲ၊ အလုံးသုံးဆယ်လား”

“ငါလည်းအဲဒီလောက်ပဲ မှန်းထားတယ်” ကျွန်တော်လည်း သက်ပြင်းချယင်း ပြောင်းတိုသေနတ်ကို ယူလိုက်တယ်၊ စောင်ကို နဲနဲလှပ်လိုက်တယ်၊ သေနတ်က သဲအိတ်လို လေးလံလှပြီး မှောင်နေတဲ့ ညလို မည်းနက်နေတယ်၊

“ငါတို့ ဒီလိုလုပ်ဖို့ အမှန်တကယ်လိုလို့လားဟာ” ကျွန်တော် သူမကို တစ်ဝက်၊ ကိုယ့်ကိုယ်ကို တစ်ဝက် မေးလိုက်တယ်၊

“ဒါပေါ့ ကျွန်မတို့ လုပ်ရမှာပေါ့”


မက်ဒေါနယ် ဦးထုပ်ဆောင်းထားတဲ့ ကောင်တာနောက်က ကောင်မလေးက မက်ဒေါနယ်အပြုံးနဲ့ ဖျတ်ခနဲ ပြုံးလိုက်ပြီး မက်ဒေါနယ်မှ ကြိုဆိုပါတယ်လို့ ပြောလိုက်တယ်၊ ကျွန်တော့်စိတ်ထဲမှာ ဒီလောက်ညဥ့်နက်နက်မှာ မိန်းခလေးတွေ မက်ဒေါနယ်ဆိုင်မှာ လုပ်လိမ့်မယ်လို့ မထင်ထားဘူး၊ ဒီတော့ ဒီလိုမြင်လိုက်တာ စိတ်ထဲ ခဏကြောင်သွားတယ်၊ ဒါပေမယ့် တစ်စက္ကန့်ပါပဲ၊ ကျွန်တော်လည်း သတိဝင်ပြီး မျက်နှာဖုံးကို ဆွဲချလိုက်တယ်၊ ဒီလို ရုတ်တရက် မျက်နှာဖုံးစွပ်ချလိုက်တဲ့အတွဲကိုကြည့်ပြီး ကောင်မလေးလဲ ပါးစပ် အဟောင်းသားဖြစ်သွားတယ်။

မက်ဒေါနယ်ရဲ့ ဧည့်ခံကြိုဆိုရေးလက်စွဲစာအုပ်မှာ အခုလို အခြေအနေမျိုးအတွက် လမ်းညွှန်ချက်မပါတာ ထင်ရှားပါတယ်၊ သူမမှာ မက်ဒေါနယ်မှ ကြိုဆိုပါတယ်ပြီး နောက်တစ်ပိုဒ် ပြောမလို့ပဲ၊ ဒါပေမယ့် သူမပါးစပ်က ရုတ်တရက် မာတောင့်ပြီး စကားလုံးတွေ ထွက်မလာတော့ဘူး၊ ဒါတောင်မှ အရုဏ်ဦးကောင်းကင်မှာ ထွက်ပြူလာတဲ့ လခြမ်းကလေးလို လေ့ကျင့်ထားတဲ့ အပြုံးကလေးတစ်ခုက သူမရဲ့နှုတ်ခမ်းထောင့်မှာ စွဲကျန်နေသေးတယ်။

ကျွန်တော်လည်း မြန်နိုင်သမျှမြန်မြန် စလိုက်တော့တယ်၊ ပြောင်းတိုသေနတ်ပေါ်က အဝတ်ကိုခွာချလိုက်ပြီး စားပွဲခုံတွေရှိရာဘက် လှည့်ချိန်လိုက်တယ်၊ ဒါပေမယ့် စားနေတဲ့သူဆိုလို့ (ကျောင်းသားတွေဖြစ်နိုင်တဲ့) လူငယ်စုံတွဲ တစ်တွဲပဲရှိတယ်၊ သူတို့က ပလပ်စတစ်ခုံမှာ မျက်နှာမှောက်ပြီး အိပ်မောကျနေကြပြီ၊ သူတို့ရဲ့ဦးခေါင်းနှစ်လုံးနဲ့ စတော်ဘယ်ရီ မစ်ရှိတ်နှစ်ခွက်က စားပွဲခုံပေါ်မှာ အမြင်သစ်နဲ့ ထုဆစ်ထားတဲ့ ပန်းပုလို၊ သူတို့မှာ အသေကောင်တွေလို အိပ်နေလိုက်တာ၊ သူတို့ကြည့်ရတာ ကျွန်တော်တို့အလုပ်ကို နှောင့်ယှက်နိုင်မယ့်ပုံမပေါ်၊ ဒါကြောင့် ကျွန်တော်လည်း သေနတ်ကို ကောင်တာရှိရာ ပြန်လွှဲပြီးချိန်လိုက်တယ်၊

တစ်ဆိုင်လုံးမှ မက်ဒေါနယ် ဝန်ထမ်းသုံးယောက်ပဲရှိတယ်၊ ကောင်တာမှာ ထိုင်တဲ့ကောင်မလေးရယ်၊ ဖြူဖျော့ဖျော့ဘဲဥပုံမျက်နှာနဲ့ သုံးဆယ်ဝန်းကျင် မန်နေဂျာကောင်ရယ်၊ မီးဖိုချောင်မှာ လက်နှိပ်စက်ရိုက်နေတဲ့ ကျောင်းသားလေးရယ်၊ လူရိပ်တစ်ရိပ်လို သူ့မျက်နှာက ဘာခံစားချက်မှ မရှိတဲ့မျက်နှာမျိုး၊ သူတို့အားလုံး ငွေသိမ်းစက်အနောက်မှာရပ်လို့ ကျွန်တော့်ပြောင်းတိုသေနတ်ရဲ့ ပြောင်းဝထဲကို ငေးကြည့်နေကြတယ်၊ အင်ကန်ရေတွင်းကို ငုံ့ကြည့်နေကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေလိုမျိုး၊ တစ်ယောက်မှ မအော်ဟစ် သလို တစ်ယောက်မှလည်း ခြိမ်းခြောက်တဲ့ အပြုအမူမျိုး မလုပ်ကြဘူး၊

သေနတ်က လေးလွန်းလှတဲ့အတွက် ကျွန်တော့်မှာ ခလုတ်ပေါ် လက်ချောင်းတင်ပြီး ငွေသိမ်းစက်ပေါ်ကို ပြောင်းတင်ထားရတယ်၊

“ကျွန်တော် ခင်ဗျားတို့ကို ငွေပေးပါ့မယ်” မန်နေဂျာရဲ့ အသံက ခြောက်ကပ်ကပ်နဲ့၊

“သူတို့က ဆယ့်တစ်နာရီကပဲ သိမ်းသွားတော့ သိပ်တော့မကျန်ဘူး၊ ဒါပေမယ့် ရှိသလောက်အကုန်ယူသွားပါ၊ ကျွန်တော်တို့က အာမခံထားပြီးသားပဲ”

“အရှေ့ဘက် ပြူတင်းကာကို ချလိုက်ပါ၊ ဆိုင်းဘုတ်ကို မှိတ်လိုက်ပါ” ကျွန်တော့်ဇနီးက ပြောလိုက်တယ်

“တဆိတ်ဗျာ ကျွန်တော် ဒါတော့ လုပ်ပေးလို့မရဘူး၊ ခွင့်ပြုချက်မရပဲ ပိတ်လိုက်ရင် ကျွန်တော့်တာဝန်ဖြစ်မယ်” မန်နေဂျာက ပြောလိုက်တယ်

ကျွန်တော့်မိန်းမက လေးလေးကြီးနဲ့ ထပ်ပြီးအမိန့်ပေးလိုက်ပြန်တယ်၊ သူ့ကိုကြည့်ရတာ ဝေခွဲမရဖြစ်နေပုံပဲ၊

“သူပြောသလို လုပ်လိုက်တာ ခင်ဗျားအတွက် ပိုကောင်းမယ်နော်” ကျွန်တော်က သတိပေးလိုက်တယ်

သူလည်း ငွေသိမ်းစက်ပေါ်က သေနတ်ပြောင်းဝကို ကြည့်လိုက်၊ ကျွန်တော့်မိန်းမကို ကြည့်လိုက်၊ ပြီးတော့ သေနတ်ကို ပြန်ကြည့်လိုက်နဲ့ နောက်ဆုံးတော့ သူလည်း မလွှဲမရှောင်သာကိစ္စလို့ပဲ မှတ်ယူပြီး သူ့ကိုယ်သူ စိတ်လျှော့လိုက်တော့တယ်၊ ဆိုင်းဘုတ်ကို မီးပိတ်ပြီး လျှပ်စစ်ခလုတ်ခုံပေါ်က ခလုတ်တစ်ခုကို ဖိချလိုက်တယ်၊ ပြူတင်းကာတွေကို ချဖို့၊ သူ သူခိုးလှန့်အချက်ပေးခေါင်းလောင်းနှိပ်လိုက်မှာကို စိုးရိမ်တာနဲ့ ကျွန်တော်လည်း သူ့ဆီက မျက်လုံးမခွာရဲဘူး၊ ဒါပေမယ့် မက်ဒေါနယ်ဆိုင်မှာ အဲဒီလို အချက်ပေး ခေါင်းလောင်းမရှိတာ အသိသာကြီးပါ၊ အခုလို လုယက်ခံရတာမျိုး တစ်ခါမှ မကြုံဖူးလို့လဲ ဖြစ်မယ်။

အရှေ့ပြူတင်းကာတွေ ပိတ်လိုက်တဲ့အတွက် ဝုန်းဒိုင်းကြဲသံတွေ အကျယ်ကြီးကြားလာရတယ်၊ ပုံးအလွတ်တစ်လုံးထဲ ဘေ့စ်ဘောရိုက်တံနဲ့ ရိုက်နေသလိုမျိုးပဲ၊ ဒါပေမယ့် စားပွဲခုံပေါ်မှာအိပ်နေတဲ့ အတွဲကတော့ အေးအေးဆေးဆေးပဲ၊ ကျွန်တော်တို့အဖို့ ဒီလို အိပ်မောကျပုံမျိုးကို မတွေ့ရတာ နှစ်နဲ့ချီပြီးရှိပြီ။

“ဟမ်ဘာဂါ အကြီးသုံးဆယ်၊ ယူသွားမယ်” ကျွန်တော့်မိန်းမက ပြောလိုက်တယ်

“ပိုက်ဆံပဲ ပေးပါရစေလားဗျာ” မန်နေဂျာက အသနားခံလိုက်တယ်

“ကျွန်တော် ခင်ဗျားတို့ လိုတာထက်ပိုပေးလိုက်ပါမယ်၊ တခြားတစ်နေရာရာမှာ သွားဝယ်စားနိုင်ပါတယ်၊ မဟုတ်ရင် ကျွန်တော့်စာရင်းတွေ ရှုပ်ကုန်လိမ့်မယ်”

“သူပြောတဲ့အတိုင်း လုပ်ပေးလိုက်ရင် ကောင်းမယ်” ကျွန်တော်က ထပ်ပြောလိုက်တယ်

သုံးယောက်လုံး နောက်ဖေးမီးဖိုချောင်သွားပြီး ဟမ်ဘာဂါ အကြီးသုံးဆယ် စလုပ်ကြတယ်၊ ကျောင်းသားလေးက ဘာဂါကိုကင်ပြီး၊ မန်နေဂျာက ဘန်းမုန့်ထဲ ညှပ်ထည့်တယ်၊ ကောင်မလေးက အားလုံးကို ထုပ်လိုက်တယ်၊ တစ်ယောက်မှ စကားမပြောကြဘူး။

ကျွန်တော်လည်း ရေခဲသေတ္တာအကြီးကြီးကို မှီပြီးရပ်နေလိုက်တယ်၊ သေနတ်က ဒယ်ပြားကို ချိန်လို့၊ အညိုရောင် အစက်အပြောက် အထည်ဒီဇိုင်းတွေလို အသားပြားလေးတွေက ဒယ်အိုးပေါ်မှာ စီရရီနဲ့ တရှဲရှဲမြည်နေခဲ့တယ်၊ ကြော်လှော်နေတဲ့ အသားနံ့ မွှေးမွှေးက ကြမ်းပိုးအသေးစားလေးတွေလို ကျွန်တော့်ခန္ဓာကိုယ်ရဲ့ အပေါက်မှန်သမျှကို တူးဆွလို့သွေးကြောထဲကို ပျော်ဝင်ပျံ့နှံ့ကာ ဟိုးချောင်ကြို၊ချောင်ကြားထိတိုင် ရောက်ရှိပျံ့နှံ့၊ တစ်ဖန် ကျွန်တော့်ရဲ့ ဆာလောင်နေတဲ့ လေလုံပိတ်လှိုဏ်ဂူထဲမှာ အစိုင်အခဲဖွဲ့တည်လို့ သူ့ရဲ့ ပန်းရောင်နံရံတွေကို ကုတ်ကပ်တွယ်ဖက်လို့ထားတယ်။

အဖြူရောင် ထုပ်ပြီးသား ဘာဂါအပုံကြီးက ကြီးကြီးလာတယ်၊ ကျွန်တော့်မှာ လက်နဲ့ဆုပ်ကိုင်ပြီး ဖြဲယဲချင်မိတယ်၊ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီပါ့မလား၊ စိုးရိမ်မိတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်စောင့်ရမှာပဲလေ၊ မီးဖိုချောင်ရဲ့ အပူရှိန် နဲ့ ကျွန်တော့်ရဲ့ စကိတ်စီးမျက်နှာဖုံးအောက်မှာ စပြီးချွေးပြန်လာမိတယ်

မက်ဒေါနယ်ဝန်ထမ်းတွေလည်း ပြောင်းတိုသေနတ်ရဲ့အဝကို တစ်ချက်တစ်ချက် ခိုးကြည့်ကြတယ်၊ ကျွန်တော်လည်း ဘယ်ဘက်လက်သန်းလေးနဲ့ နားရွက်ကိုကုတ်ခြစ်မိတယ်၊ ကျွန်တော်စိတ်လှုပ်ရှားတဲ့အခါ နားရွက်က အမြဲပဲယားတတ်တယ်၊ ကျွန်တော့်လက်ချောင်း တွေနဲ့ နားရွက်ထဲကို ထိုးထိုးကလော်တဲ့အခါ သေနတ်ပြောင်းက ဒယီးဒယိုင် အပေါ်အောက်လှုပ်ခါလို့၊ သူတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တယ်၊ ဒါပေမယ့် မတော်တဆ ကျည်ထွက်သွားစရာ မရှိပါဘူး၊ ဘာကြောင့်ဆို ကျွန်တော်က မောင်းမှမတင်ထားတာ၊ ဒါကိုတော့ သူတို့မသိဘူးလေ၊ ကျွန်တော်လည်း ပြောလို့ဘယ်ဖြစ်မလဲ။

ကျွန်တော့်မိန်းမလည်း ပြီးပြီးသား ဟမ်ဘာဂါကို ရေတွက်ပြီး ဈေးဝယ်အိပ်နှစ်လုံးထဲ ထည့်လိုက်တယ်၊ တစ်အိပ်ကို တစ်ဆယ့်ငါးလုံးစီ။

“ဘာကြောင့်ဒီလိုလုပ်ရတာလဲဟင်” ကောင်မလေးက ကျွန်တော့်ကို မေးလိုက်တယ်

“ဘာကြောင့် ပိုက်ဆံယူသွားပြီး ကြိုက်တာဝယ်မစားတာလဲ၊ ဟမ်ဘာဂါအလုံးကြီး သုံးဆယ်ကို စားရတာဘာများကောင်းလို့လဲ”

ကျွန်တော်လည်း ခေါင်းခါလိုက်တယ်

ကျွန်တော့်မိန်းမက ရှင်းပြတယ်၊

“ကျွန်မတို့လည်း တကယ့်ကို စိတ်မကောင်းပါဘူး၊ ပေါင်မုန့်ဆိုင်ကလည်း တစ်ဆိုင်မှ မဖွင့်လို့ပါ၊ တကယ်လို့များ ဖွင့်ရင် ကျွန်မတို့လည်း ပေါင်မုန့်ဆိုင်ပဲ လုမှာပါ”

ဒီစကားက သူတို့ကို ကျေနပ်သွားစေပုံပဲ၊ အနည်းဆုံးတော့ သူတို့ထပ်ပြီးမေးခွန်းမထုတ်တော့ဘူး၊ ကျွန်တော့်မိန်းမလည်း Coke ခွက်ကြီးနှစ်ခွက်မှာလိုက်တယ်၊ ပြီးတော့ အဲဒီအတွက်ပိုက်ဆံပေးလိုက်တယ်

“ကျွန်မတို့က ပေါင်မုန့်ပဲယူမှာ၊ တခြားဘာမှ မယူဘူး” သူမက ပြောလိုက်တယ်၊ ကောင်မလေးက ခေါင်းညိတ်သလို ခေါင်းခါသလို မရေမရာ တုန့်ပြန်တယ်၊ ဒါမှမဟုတ် နှစ်ခုလုံး တစ်ပြိုင်တည်းလုပ်လိုက်တာလဲ ဖြစ်နိုင်တယ်၊ သူမဘယ်လိုခံစားနေရမလဲဆိုတာ ကျွန်တော်လဲ နဲနဲတော့တွေးကြည့်လို့ရတယ်။

ကျွန်တော့်မိန်းမက သူမအိတ်ထဲက ကြိုးတစ်ခွေထုပ်ပြီး သုံးယောက်လုံးကို တိုင်တစ်တိုင်မှာ ကျွမ်းကျင်မှုအပြည့်နဲ့ ပူးချည်လိုက်တယ်၊ အင်္ကျီကြယ်သီးတပ်တဲ့အတိုင်း ကွက်တိပဲ၊ သူမက ကြိုးကတင်းနေသလား၊ အပေါ့အပါးသွားချင်သေးလားတော့ မေးပါတယ်၊ ဒါပေမယ့် တစ်ယောက်မှ ဘာမှမပြောကြဘူး၊ ကျွန်တော်လည်း သေနတ်ကို စောင်နဲ့ပြန်အုပ်လိုက်တယ်၊ သူမလည်း ဈေးဝယ်အိတ်ကို ဆွဲပြီး နှစ်ယောက်သား ထွက်ခဲ့ကြတယ်၊ စားပွဲခုံပေါ်မှောက်အိပ်နေတဲ့ နှစ်ယောက်ကတော့ ပင်လယ်နက်ထဲက ငါးစုံတွဲလိုပဲ အိပ်နေဆဲ၊ ဒီလောက်အိပ်မောကျနေတဲ့ နှစ်ယောက်ကို ဘယ်လိုလုပ်မှ နိုးလာမယ်မသိ၊

ကျွန်တော်တို့နှစ်ယောက်သား နာရီဝက်လောက်မောင်းလာကြတယ်၊ အဆောက်အဦးတစ်ခုဘေးက လွတ်နေတဲ့ကားရပ်နားဝင်းလေးထဲ ထိုးရပ်လိုက်ကြတယ်၊ အဲဒီမှာပဲ ဟမ်ဘာဂါစားပြီး Coke သောက်ကြတယ်၊ ကျွန်တော်က ဟမ်ဘာဂါခြောက်လုံးကို အစာအိမ်ရဲ့ လှိုဏ်ဂူကြီးထဲပစ်သွင်းလိုက်တယ်၊ သူမက လေးလုံးစားတယ်၊ ကျန်တဲ့ ဆယ်လုံးကတော့ အနောက်ဘက်ထိုင်ခုံပေါ်မှာ၊ ဘယ်တော့မှ မပျောက်နိုင်ဘူးလို့တောင်ထင်မိတဲ့ ဆာလောင်မှုဟာ မနက်မိုးသောက်လာတာနဲ့ ပျောက်ကွယ်လို့သွားတယ်၊ နေရဲ့ ပထမဆုံး အလင်းရောင်ဟာ အဆောက်အဦးရဲ့ ညစ်ပတ်နေတဲ့နံရံကို ခရမ်းရောင်သုတ်လိမ်းပေးတယ်၊ SONY BETA ဧရာမ ဆိုင်းဘုတ်ကြီးကို စူးရှတောက်ပစေတယ်၊ မကြာမီမှာ ငှက်ကလေးတွေရဲ့ ကျီကျီကျာကျာ မြည်သံအပြင် အဝေးပြေးကားတာယာကြီးတွေရဲ့ ဆွဲငင်ပွတ်တိုက်သံတွေပါ ကြားလာရတယ်၊ အမေရိကန် စစ်တပ် ရေဒီယိုက ကောင်းဘွိုင်သီချင်း လာနေခဲ့ပြီ၊ ကျွန်တော်တို့ နှစ်ယောက်သား စီးကရက်တစ်လိပ်ကို မျှသောက်ကြတယ်၊ ပြီးနောက်သူမက ကျွန်တော့်ပခုံးပေါ်မှီလို့၊

“ငါတို့ ဒီလိုလုပ်ဖို့ရော အမှန်တကယ်လိုခဲ့လို့လားဟာ” ကျွန်တော်က မေးလိုက်တယ်

“ဒါပေါ့ လိုတာပေါ့” သူမက သက်ပြင်းရှည်ရှည်တစ်ချက်ဆွဲပြီး ကျွန်တော့်ကို မှီပြီးအိပ်ပျော်သွားတယ်၊ သူမက ကြောင်ကလေးတစ်ကောင်လို ပေါ့ပါးနူးညံ့လို့၊

အခုတော့ ကျွန်တော်တစ်ယောက်ထဲ၊ ကျွန်တော့်လှေနံရံကို မှီပြီး ပင်လယ်အောက်ထဲ ငုံ့ကြည့်လိုက်တယ်၊ မီးတောင်က ငြိမ်းသွားပြီ၊ ရေရဲ့ တည်ငြိမ်နေတဲ့မျက်နှာပြင်က ကောင်းကင်ပြာကြီးကို ရောင်ပြန်ဟပ်လို့နေတယ်၊ လှိုင်းကြက်ခွပ်လေးတွေက လှေနံကို တဖျတ်ဖျတ်ရိုက်လို့၊ ပိုးသားညဝတ်စုံများ လေထဲမှာ လွင့်လွင့်လူးနေသလို၊ တခြားဘာမှမရှိ။

ကျွန်တော်လည်း လှေကြမ်းခင်းမှာပဲ ကျောဆန့်လိုက်တယ်၊ မျက်လုံးကိုမှိတ်ပြီး တက်လာမယ့် ဒီလှိုင်းတွေကို ကျွန်တော့်ကို သင့်တော်ရာ သယ်ဆောင်သွားဖို့ စောင့်နေမိတော့တယ်။


(The Second Bakery Attack by Haruki Murakami (Translated, from Japanese by Jay Rubin.).
Mirrored from: ဒီနိုဗို ဘာသာပြန် – ဒီနိုဗို။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s