လမ်းအိုလေး

Løøps of Resistance …

ကြောင်စုန်းများ (သင့်လူ)

Leave a comment

ကြောင်စုန်းများ (ဟာရူကီ မူရာကာမီ)

Man-eating Cats

… သူမသိဘူးလား။ သူ အစစ်က ကြောင်စုန်းတွေ စားသွားပြီလေ။ သူဒီမှာရပ်နေတုန်း ငတ်ကြီးကျနေတဲ့ ကြောင်စုန်းတွေက သူ့ကို စားတော့တာပေါ့၊ နောက်ဆုံးတော့ အရိုးပဲ ကျန်ခဲ့တော့တာပေါ့ သူရယ် …

ဘာသာပြန် – သင့်လူ | Mirrored from: သင့်လူ
Image source: Floc’h Illustrateur



ခါတိုင်းလိုပဲ ဆိပ်ကမ်းကနေ သတင်းစာ တစ်စောင် ဝယ်လာခဲ့တယ်။ ဟိုလှန် ဒီလှန် လှန်ရင်းနဲ့ သတင်း တစ်ပိုဒ် ကို တွေ့ပါလေရော။ ဟင်- အဖွားကြီး တစ်ယောက်ကို ကြောင်တွေက စားသွားခြင်း ဆိုပဲ။ အဖွားကြီးက အသက် ခုနှစ် ဆယ်ရှိပြီတဲ့။ အေသင် ဆင်ခြေဖုံးရပ်ကွက် တစ်ခုက ခိုလှောင်အိမ်လောက်ရှိတဲ့ တိုက်ခန်း ပေါက်စနလေးထဲမှာ သူ့ ကြောင် သုံးကောင်နဲ့ အတူနေသတဲ့။ တစ်နေ့တော့ ဆိုဖာပေါ် ဒူးညွှတ်ကျသွားလိုက်တာ တစ်ခါတည်း မာလကီးယား ရောတဲ့။ နှလုံးရောဂါ ဖြစ်မှာပေါ့လေ။ သူဘယ်အချိန်ထဲက အသက်ထွက်နေမှန်းလဲ ဘယ်သူမှ မသိကြဘူးတဲ့။ သူ့မှာ ဆွေမျိုး သားချင်း သူငယ်ချင်းလည်း တစ်ယောက်မှ မရှိဘူးတဲ့။ ဒါနဲ့ပဲ သူ့အလောင်းကို တစ်ပါတ်လောက်ကြာမှာ တွေ့ ကြသတဲ့။ တိုက်ခန်းကလည်း တံခါးတွေရော ပြူတင်းပေါက်တွေပါ အကုန်ပိတ်ထားတော့ သူ့ကြောင်တွေလည်း အထဲ မှာ ပိတ်မိနေတာပေါ့။ ဘာစားစရာမှလည်း မရှိဘူးတဲ့။ ရေခဲသေတ္တာထဲမှာတော့ ရှိချင်ရှိမပေါ့လေ။ ကြောင်ဆိုတဲ့ သတ္တဝါက ရေခဲသေတ္တာ ဖွင့်တတ်တဲ့ အမျိုးမှ မဟုတ်တာ။ ဒီလိုနဲ့ ရက်ကြာလာတော့ ကြံရာမရတဲ့ အဆုံး ကြောင် သုံး ကောင်ဟာ သူတို့ အချစ်တုံး အဖွားကြီးကို တီးပစ်လိုက်ကြရော ဆိုပဲ။

ဒီသတင်းဖတ်ပြီးသွားတော့ ဘေးနားထိုင်နေတဲ့ အီဇူမီကို သတင်းစာလှမ်းပေးလိုက်တယ်။ နေသာတဲ့နေ့တိုင်း အီဇူမီ နဲ့ နှစ်ယောက်သား ဆိပ်ကမ်းဖက် လှမ်းလျှောက်တယ်။ အေသင်ထုတ် အင်္ဂလိပ် သတင်းစာ ဝယ်တယ်။ အခွန်ရုံးနားက ကော်ဖီဆိုင်မှာ ကော်ဖီမှာသောက်ရင်း စိတ်ထဲရောက်လာသမျှ စိတ်ဝင်စားစရာလေးတွေကို ဂျပန်လို တွေးတယ်။ ဒါ ဒီကျွန်းပေါ်မှာ နေတုန်း လုပ်ဖြစ်ခဲ့တဲ့ နိစ္စဓူဝ အလုပ်။ နှစ်ယောက်လုံး စိတ်ဝင်စားစရာတွေ့ပြီ ဆိုရင်တော့ သူနဲ့ အဲဒီ အကြောင်း တောပြော တောင်ပြော ပြောတာပေါ့။ အီဇူမီ့ အင်္ဂလိပ်စာက မဆိုးပါဘူး။ သတင်းစာလည်း ကောင်း ကောင်း ဖတ်နိုင်တာပဲ။ ဒါပေမဲ့ သူ့စိတ်နဲ့ သူ့ကိုယ် စိတ်ပါလက်ပါ ကောက်ဖတ်တာမျိုးတော့ တစ်ခါမှ မတွေ့ဖူးဘူး။

“သူများက သူများကို တစ်ယောက်ယောက်က စာဖတ်ပြတာ ပိုပြီးနားထောင်ချင်တာ၊ အဲဒါ သူများရဲ့ ကလေး ဘဝ ထဲက အိပ်မက်” တဲ့။

“သူများလေ၊ ငယ်ငယ်ထဲက နေပူစာလှုံရင်း၊ ပင်လယ်ကို ကြည့်ရင်း၊ ကောင်းကင်ပြာပြာကို ကြည့်ရင်း တစ် ယောက်ယောက် စာဖတ်ပြတာကို ဘယ်လို နားထောင်ချင်မှန်း မသိဘူး၊ ဘာဖတ်ပြဖတ်ပြ နားကို ထောင်ချင်တာ ရူး မတတ်ပဲ၊ ဒါပေမဲ့ ဘယ်သူမှ သူများကို မဖတ်ပြကြဖူးလေ၊ ခု သူများကို စာဖတ်ပြနော်၊ သူများကလေ သူ့ အသံကို သဘောကျလွန်းလို့” ဆိုပဲ။

ဟုတ်ပြီလေ၊ ခု ကောင်းကင်လည်းရှိ၊ ပင်လယ်လည်းရှိ၊ ဖတ်ပြရသေးတာပေါ့။ ပြောရရင် စာကျယ်ကျယ်ဖတ်ရတာ ကို ကိုယ်ကိုယ်၌က သဘောကျတာလေ။ ဂျပန်မှာနေတုန်းကဆို သားငယ်ကို အမြဲတမ်း ကာတွန်းဖတ်ပြနေကြကိုး။ စာဆိုတာကလည်း အော်ဖတ်တာနဲ့ မျက်စိနဲ့ဖတ်တာ အရသာခြင်း မတူပြန်ဘူး။ ကိုယ့်အသံက စိတ်နံရံကို ထိပြီး ပဲ့တင်သံ ပြန်လာတဲ့ အရသာက တစ်မျိုးပဲ။ ဘယ်လို ပြောရမှန်းမသိဘူး။

ကော်ဖီ ခါးခါးကို တစ်ငုံငုံလိုက်ပြီးတော့ အီဇူမီကို ဒီသတင်း စ ဖတ်ပြလိုက်တယ်။ မျက်စိက အင်္ဂလိပ်လို ဖတ်ပြီး ပါးစပ် က ဂျပန်လို ပြောပြတာပါ။ စားပွဲပေါ်မှာ ဘယ်သူ ဖိတ်ခဲ့မှန်းမသိတဲ့ ယိုစက်တွေရှိနေတယ်။ ပျားသုံးလေးကောင် လောက်က ယိုစက်တွေနားမှာ အုံလို့။ ဟော-ပျားတွေ ပျံသွားကြပြီ။ စားပွဲကို ပါတ်ပြီး တစ်ဝှီဝှီနဲ့ ပျံနေကြတယ်။ ရိက္ခာ ရှိသော နေရာကို မေ့သွားမှာစိုးလို့ မှတ်နေကြသလား မသိပါဘူး။ သတင်းတစ်ပိုဒ်လုံး ဆုံးသွားတော့ အီဇူမီ ကို တစ်ချက်ကြည့်လိုက်တယ်။ မရွှေချောက ကျောက်ရုပ် ဖြစ်သွားသလား အောက်မေ့ရလောက်အောင် တုပ်တုပ်မလှုပ်ပဲ စားပွဲပေါ် လက်ထောက်ပြီး ထိုင်နေတယ်လေ။ ညာလက်နဲ့ ဘယ်လက် လက်ချောင်းချင်းတေ့ပြီး တဲပုံ လုပ်နေသေး တယ်။ သူ့လက်ချောင်းလေးတွေက လှလိုက်တာ။ ဒါနဲ့ပဲ သတင်းစာကို ပေါင်ပေါ်တင်ရင်း ငေးမိတာပေါ့။ သူကလည်း တဲပုံလုပ်ထားတဲ့ သူ့လက်ချောင်းတွေ ကြားထဲက ကိုယ့်ကို ခိုးကြည့်နေတာကိုး။

“နောက်တော့ ဘာဆက်ဖြစ်သွားလဲ”
“ဒါပဲလေ၊ ဒါပဲ ပါတာကို” လက်ကိုင်ပုဝါ ထုတ်ပြီး ပါးစပ်သုတ်ရင်း သူမေးတာကို ဖြေလိုက်ရတယ်။
“ဟုတ်ဖူးလေ၊ ကြောင်တွေ ဘာဖြစ်သွားလဲလို့”
“မသိဖူးလေ၊ ရေးမှ မထားတာ”

အီဇူမီက သူ့အကျင့်အတိုင်း ပါးတစ်ခြမ်း ဖောင်းပြနေပြန်ပါပြီ။ တစ်ခုခုပြောခါနီးတိုင်း သူအမြဲတမ်း ဒါမျိုးလုပ်တတ် တယ်။ သူ့ကို စတွေ့ကတည်းက ဒါလေးကို သတိထားမိတာ။ ကြွေခဲ့တာ ဆိုပါတော့လေ။ ဟော-သူပြောပြီ။

“သတင်းစာတွေဟာ အမြဲတမ်း အဲ့လို ချည်းပဲ။ သူတို့ရေးချင်တာလျှောက်ရေးမယ်။ သူများ တကယ်သိချင်တဲ့ဟာ ဆို မပါတော့ဘူး”
ဆလမ် ပရုတ်အေး စီးကရက်တစ်လိပ်ကို သူ စညှိပြီ။ နေ့တိုင်း ဆလမ် တစ်ဗူး တိတိ အမြဲတမ်း သူသောက်တယ်။ ပိုလည်း မပိုဘူး၊ လျော့လည်း မလျော့ဘူး။ မနက်မိုးလင်းရင် ဆလမ် တစ်ဗူး အသစ်ဖောက်၊ တစ်လိပ်စညှိ၊ ညအိပ် ရင် နောက်ဆုံး အလိပ်ကို ခဲ၊ သူ့ ကြည့်လိုက်ရင်း ဒီအတိုင်းပဲ။ ဆေးလိပ်ဆိုလို့ မသောက်ဖြစ်တာ ငါးနှစ်တောင် ရှိ သွားပြီ။ မိန်းမ ဗိုက်ကြီး ကတည်းက ဇွတ်အတင်း ဖြတ်ခိုင်းလို့ ဖြတ်လိုက်ရတာလေ။ နောက်တော့လည်း မသောက် ဖြစ်တော့ ပါဘူး။
ဆေးလိပ် မီးခိုးကို အကွင်း အကွင်းလေးတွေ ဖြစ်အောင် သူလုပ်နေတယ်။

“တကယ်ပြောတာ၊ အဲဒီကြောင်တွေ ဘာဖြစ်သွားလဲ ဆိုတာ သူများ တကယ် သိချင်တယ်၊ လူသားစားလို့ ဆိုပြီး တော့ သူတို့ကို သေဒဏ်များ ပေးကြမလား၊ ဒါမှမဟုတ် နယ်နှင်ဒဏ်များပေးမလား မသိဘူးနော်၊ သူရော ဘယ် လို ထင်လဲ”

ပျားတွေ စားပွဲနားမှာ ရစ်သီ ရစ်သီ လုပ်နေတာကို ကြည့်ရင်း စိတ်ဝင်စားလာသလိုပါပဲ။ စားပွဲခင်းပေါ်က ယိုစက်ကို လာလျှက်နေတဲ့ ပျားတွေနဲ့ အဖွားကြီး အသားကို စားတဲ့ ကြောင်တွေ ဘာများကွာလို့လဲ။ တူတူပဲ မဟုတ်ဖူးလား။ ခပ် ဝေးဝေးက ပင်လယ် ဇင်ယော်တွေ အော်သံနဲ့ ပျားတွေ တဝှီဝှီအော်သံတွေ ရောသွားတယ်။ သံသယဆိုတာဘာလဲ၊ အမှန်ဘဝ ဆိုတာရော ဘာလဲ၊ ငါဘယ်ရောက်နေသလဲ၊ ငါဒီမှာ ဘာလာလုပ်နေတာလဲ၊ စိတ်တွေ အတော်ရှုပ်သွား တယ်။ အသက်ပြင်းပြင်းရှုပြီး ဘာရယ်မဟုတ် မိုးပေါ် မော့ကြည့်လိုက်မိတယ်။

“မသိဘူးလေ၊ ဘယ်လို ထင်ရမှာလဲ”
“စဉ်းစားကြည့်လေ၊ တကယ်လို့ သူသာ မြို့ တော်ဝန် ဒါမှမဟုတ် ရဲမင်းကြီးဆိုရင် ဒီကြောင်တွေကို ဘာလုပ်မှာလဲ”

သူ ဒီလိုပြောတော့ စိတ်ထဲက ယားကျိကျိ ဖြစ်လာတာနဲ့-
“ဒီလိုဆိုရင်တော့ ဒီကြောင်တွေကို ကြောင်ငယ် သင်တန်းကျောင်း စာရိတ္တ ပြုပြင်ရေး စခန်းကို ပို့ပြီး သက်သတ်လွတ် သမားတွေ ဖြစ်အောင် လုပ်မယ်လေ”ံ
အမယ်၊ မရွှေချောက ပြုံးဖော်တောင် မရဘူးဟ၊ ဆေးလိပ်ကို တွန်းဖွာနေတယ်။ တော်တော်လေးကြာမှ-
“ဒီအကြောင်းကြားတော့ ကက်သလစ် အထက်တန်းကျောင်းတုန်းက သင်ခဲ့ရတာလေး သတိသွားရတယ်။ သူများ အဲဒီကျောင်းမှာ တက်ခဲ့တဲ့ အကြောင်း သူ့ကို ပြောဖူးလား၊ အဲဒီတုန်းက မောင်မယ်သစ်လွင် ကြိုဆိုပွဲတွေ ဘာတွေ လုပ်ပြီးပြီးချင်းပဲ ကျောင်းအုပ်ဆရာမ သီလရှင်ကြီးက သူများတို့ကို အစည်းအဝေးခန်းမထဲမှာ စုခိုင်းတယ်၊ ပြီးတော့ ကက်သလစ် သာသနာဝင် အကြောင်း ပြောတော့တာပဲ၊ သူပြောတာတွေတော့ အများကြီးပဲ၊ သူများမှတ်မိတာတော့ သင်္ဘောပျက်ပြီး လူမနေတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို ကြောင်တစ်ကောင်နဲ့ တူတူရောက်သွားတဲ့ အကြောင်းလေ”
“ပြောပါဦး”
“ဆရာမကြီးက သူများတို့ကို ပြောတဲ့အသံအတိုင်း ပြောပြမယ်နော်၊ ကလေးတို့-တဲ့၊ မင်းတို့ သင်္ဘောပျက်ပြီး အသက် ကယ်လှေကလေး ထဲမှာ မင်းရယ် ကြောင်လေး တစ်ကောင်ရယ်ပဲ လွတ်လာတယ် ဆိုပါစို့-တဲ့၊ ဘာမှ စားစရာမရှိတဲ့ လူလည်း မနေတဲ့ ကျွန်းတစ်ခုပေါ် ရောက်လာပြီ။ မင်းမှာ သောက်ရေရယ်၊ ဆယ်ရက်စာလောက်စားလို့ရတဲ့ ဘီစကစ် တွေရယ် ပါလာတယ် ဆိုပါစို့-တဲ့၊ မင်းတို့ စဉ်းစားစမ်း၊ မျက်လုံးလေးတွေ မှိတ်ပြီး စဉ်းစားကြည့်ကြစမ်း၊ တစ်ကျွန်းလုံး သက်ရှိဆိုလို့ မင်းရယ် ကြောင်ရယ် နှစ်ကောင်ပဲ ရှိတယ်၊ စားဖို့သောက်ဖို့ကလည်း မရှိသလောက်ပဲ၊ ကလေးတို့ နားလည်တယ်နော်၊ မင်း ရက်ကြာလာတဲ့နဲ့ အမျှ ဆာလည်းဆာ၊ ရေလည်းငတ် နောက်ဆုံးတော့ အစာငတ် ရေငတ် နဲ့ သေရမှာနော်၊ ဒါဆိုရင် မင်းပါလာတဲ့ ရေနဲ့ ဘီစကစ်ကို ဟိုပါလာတဲ့ကြောင်ကို မျှကျွေးမလား၊ မကျွေးဖူးနော်၊ ကျွေး မယ် ဆိုရင် မင်းအကြီးအကျယ် မှားပြီနော်၊ ဘာဖြစ်လို့လဲဆိုတော့ အနန္တ တံခိုးတော်ရှင် ဘုရားသခင်ရဲ့ ရွေးချယ်ခြင်း ခံရတဲ့ သတ္တဝါက မင်းပဲ၊ ကြောင်မဟုတ်ဖူး၊ ဒါကြောင့် မင်းအတွက် ရှင်သန်စေမဲ့၊ မင်းကို အသက်ဆက်ပေးမဲ့ အစာ နဲ့ ရေ ကို မင်းပဲ စားရမယ်၊ သောက်ရမယ်၊ သဘောပါကြသလား-တဲ့၊ အဲဒီတုန်းက မယ်သီလရှင်ကြီး ကြည့်တဲ့ အကြည့်ကို သူများ ခုထိ မျက်စိ ထဲ မြင်နေသေးတယ်၊ ကြောက်စရာကြီး သူရယ်၊ သူများလည်း လန့်ဖြန့်သွားတာပဲ၊ ကျောင်းနေစ ကလေးလေး တစ်ယောက် အတွက် ပထမဆုံးရလိုက်တဲ့ သင်ခန်းစာက ဒီလိုတဲ့လားကွယ်၊ ငါဘယ်လိုနေရာမျိုးကို ရောက်လာမိ ပါ လိမ့်လို့ သူများ အဲဒီတုန်းက တွေးမိသေးတယ်”


ဂရိရဲ့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ အဖိုးနည်း ဝန်ပါ အခန်းလေး ဋ္ဌားပြီး အီဇူမီနဲ့ အတူနေကြတာလေ။ တိုးရစ် အလာ နည်းတဲ့ ကျွန်းဆိုတော့ ဈေးကလည်း ချိုပါ့။ ဒီမရောက်ခင်က ဒီကျွန်းရှိမှန်းတောင် နှစ်ယောက်လုံး မသိကြဘူး။ ဒီကျွန်း က တူရကီ နယ်စပ်နားမှာလေ။ နေ့လည်ဖက် ကြည်ကြည်လင်လင် ရှိတဲ့ အချိန်ဆို စိမ်းညို့ ညို့  တူရကီ တောင်တန်း များ ဆိုတဲ့ ဟာကြီးတွေကို ကောင်းကောင်း မြင်ရတယ်။ လေများထန်ပြီဟေ့ ဆိုလို့ကတော့ ကိုယ့် အီအီးကို ကဘတ် လုပ်စားဖို့ ပြင်ထားပေတော့လို့ နယ်ခံတွေ ဟာသလုပ်ကြတာ ကြားဖူးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကျွန်းဟာ တူရကီ နဲ့ ပိုနီးတာတော့ အမှန်ပဲ။ ဘယ်လိုလုပ် ဂရိက ပိုင်နေသလဲတော့ မသိဘူး။ ဆိုတော့ အာရှမိုင်နာ ဆိုတဲ့ဟာကြီးက မျက် စိရှေ့ ရောက်နေတယ် ပြောရမှာပေါ့။

ကျွန်းလယ် ရင်ပြင် လို့ပြောရမလား၊ မြို့ လည် ရင်ပြင်လို့ ပြောရမလား၊ အဲဒီမှာ ရုပ်ထု တစ်ခု ရှိတယ်။ ဂရိ လွတ်လပ် ရေးကို ဆောင်ကျဉ်းပေးခဲ့သော သူရဲကောင်း ဆိုပဲ။ အဲဒီ သူရဲကောင်း ဆိုတဲ့ ငနဲဟာ ဂရိ ကျွန်းမကြီးပေါ်မှာ အရင်ဆုံး သောင်းကျန်းပြီး အခြေအနေ မဟန်တော့ ဒီကျွန်းပေါ်ရောက်လာသတဲ့။ အဲဒီတုန်းက ဒီကျွန်းကို တူရကီတွေ မောင်ပိုင် စီး ထားတဲ့အတွက် အဲဒီ သူရဲကောင်းဟာ တူရကီနယ်ချဲ့ တွေ လက်အောက်က ကျွန်းသား ဂရိတွေ ရုန်းထွက်ကြဖို့ တိုက်ပွဲ ဝင်သတဲ့။ သူရဲကောင်းမှန်ရင် ရန်သူကို အောင်နိုင်ရိုး ထုံးစံ ရှိပေမဲ့ ဒီသူရဲကောင်းကိုတော့ တူရကီတွေ ဖမ်းမိ သွားတယ်တဲ့။ သူ့ကို စီရင်တဲ့ပုံက မှတ်သားလောက်တယ်။ တူရကီတွေဟာ မြို့ လည်ရင်ပြင်မှာ သစ်သားတံစို့ကြီး တစ်ချောင်းကို မြနေအောင် ချွန်ပြီး သူရဲကောင်းဆိုတဲ့ အကောင်ကို လေးဖက်ထောက် ဖင်ဘူးတောင်း ထောင်ခိုင်း သတဲ့။ ပြီးမှ စအိုဝကနေ တံစို့ ထိုးထည့်လိုက်တာ ပါးစပ်က ထွက်ကရောတဲ့။ ဒီလိုနဲ့ပဲ သူရဲကောင်းကြီးတစ်ယောက် ရဲရဲတောက် ကျဆုံးသွားခဲ့တယ် ဆိုပါတော့။ အဲဒီ တုတ်ထိုးခံရတဲ့နေရာမှာ အမှတ်တရ ရုပ်ထု တည်ခဲ့ကြတယ်တဲ့၊ ရုပ် ထုက အသစ်တုန်းကတော့ ခန့်ငြားချင် ခန့်ငြားမှာပေါ့လေ။ ခုတော့လည်း လေဒဏ်၊ နေဒဏ်၊ ဖုန်ဒဏ်၊ စင်ယော်ငှက်ချေးဒဏ်တွေ ခံရပြီး လူရုပ်ကို မပေါ်တော့ပါဘူး။ ကျွန်းသားတွေကလည်း သူ့ ဘယ်သူမှ ရိုသေပုံ မပေါ်ပါဘူး။ သူလည်း ဒီကိစ္စကို ရှက်တော်မူတယ် ထင်ပါရဲ့၊ သူ့ ရုပ်ထုက ပင်လယ်နဲ့ ကျွန်းကို ကျောပေးထားတယ်လေ။

အီဇူမီနဲ့ ကော်ဖီဆိုင်ထိုင်ပြီး ကော်ဖီ၊ ဘီယာ တစ်ခုခုမှာသောက်နေတဲ့ ခုလို အချိန်မျိုးမှာ စကားစပြတ်သွားကြရင် နှစ်ယောက်လုံး ဆိပ်ကမ်းက လှေတွေကို ငေးချင်ငေး၊ တူရကီ တောင်တန်းတွေကို ကြည့်ချင်ကြည့်၊ ဒီလိုနေတိုင်း တို့ နှစ်ယောက် ဥရောပတိုက်ရဲ့ အစွန်အဖျားမှာ ထိုင်နေတာပါလားဆိုတဲ့ အတွေးက ခဏ ခဏ ပေါ်လာတတ်တယ်။ တိုက် နေ တဲ့ လေ ကိုလည်း ကမ္ဘာ့အစွန် အဖျားမှာ တိုက်နေတဲ့လေ ပါလား လို့ ထင်မိ သေးတယ်။ အရောင်စုံ အသွေးစုံ မျက်နှာတွေကို မြင်ပြန်တော့လည်း ငါဘယ်ရောက်နေမိပါလိမ့်၊ ငါဘာလုပ်နေမိပါလိမ့်၊ ငါ့ကို ငါလက်လှမ်း မမီတဲ့၊ ငါနဲ့စိမ်းတဲ့၊ ဘာမှန်း ငါ သေချာ မသိတဲ့၊ ဒါပေမဲ့ တကယ်ဖြစ်နေတဲ့ ကိစ္စတစ်ခုက တစ်ဖြည်းဖြည်း မျိုနေပါပေါ့ လားလို့ ထင်လာပြန်ရော။

ဒီမြင်ကွင်းကို ဘယ်လောက်ပဲ တွေ့တွေ့၊ ဘယ်နှစ်ခါပဲ မြင်မြင် အသားတော့ ကျမသွားဘူး၊ ကိုယ့်အိမ် ကိုယ့်ယာ လို လည်း မခံစားရဘူး၊ စိမ်းနေတုန်းပဲ၊ အမြဲတမ်း သူစိမ်းပြင်ပြင်ပါပဲ။


လွန်ခဲ့တဲ့ နှစ်လ တုန်းကတော့ တိုကျိုက အိပ်ခန်းသုံးခန်းပါတဲ့ တိုက်ခန်းကြီးမှာ ဇနီးမယား၊ သမီးသားနဲ့ ဥမကွဲ သိုက် မပျက် ဆိုပါတော့။ သမီးတော့ မရှိပါဘူး။ လေးနှစ်သား သားလေးတစ်ယောက်ထဲပါ။ လင်မယားနှစ်ယောက်က တစ်ခန်း၊ သားက သပ်သပ် တစ်ခန်း၊ ကျန်တဲ့တစ်ခန်း စာဖတ်ခန်း လုပ် ပေါ့။ တိုက်ခန်းက ကျယ်လည်းကျယ်၊ မြင် ကွင်းလည်းကောင်း ဆိုတော့ နေချင့်စဖွယ် ပေါ့လေ။ စနေ၊ တနင်္ဂနွေ ဆိုရင် မိသားစု သုံးယောက် တမာမြစ်ကမ်းဘေး မှာ လမ်းအမြဲ လျှောက်ဖြစ်တယ်။ ဆောင်းဝင်ပြီဆိုရင် မြစ်ကမ်းဘေးက ချယ်ရီပင်တွေမှာ ပန်းဝေနဲ့ဝေပြီး သိပ်လှ တယ်။ ပြီးရင် သားကို စက်ဘီးပေါ်တင်ပြီး တိုကျို ဘီလူးများအသင်း ဆောင်းရာသီ လေ့ကျင့်ခန်း ဆင်းထားကို သွား ကြည့်နေကြ။

အလုပ်ကတော့ မဂ္ဂဇင်း ဒီဇိုင်နာ လို့ ကြီးကြီး ကျယ်ကျယ် ပြောချင် ပြောလို့ ရပေမဲ့ အလကား အကြံတုံး ဥာဏ်တုံး ကျက်သရေတုံး အလုပ်။ တစ်နေ့လာလည်း ဒါပဲ။ နောက်တစ်နေ့လည်း ဒါပဲ။ တစ်သက်လုံးလုပ်လည်း ဒါပဲ။ အချိန်မှီ မဂ္ဂဇင်းထွက်ဖို့ ညလုံးပေါက် လုပ်ရတာတွေ ရှိပေမဲ့ ထူးမခြားနားမို့ မျက်ရည်တောက်တောက်ကျလောက်အောင် ပျင်း သလေ ဆိုရလောက်အောင် အလုပ်ပေါ် စိတ်ကုန်နေမိတာ အမှန်ပဲ။ ဒါပေမဲ့ သက်သာတာလည်း အမှန်ပဲလေ။ ဘာ ကိစ္စရှိရှိ ဘော့စ်ဆီ တင်ပြ၊ သူအိုကေဆိုလုပ်၊ မအိုကေရင် မလုပ်နဲ့၊ မလုပ်၊ မရှုပ်၊ မပြုတ်၊ အချိန်တန်ရင် လစာလေး မှေးထုတ်၊ ဇိမ်တော့ အကျသား၊ ဘာမှသာ မဖြစ်ခဲ့ဘူးဆိုရင် ဆက်လုပ်ဖြစ်နေဦးမှာ၊ မြစ်ထဲကရေတွေ ပင်လယ်ထဲ တငြိမ့်ငြိမ့် စီးနေသလို ဘဝကို အလိုက်သင့် နေခဲ့မိဦးမှာ၊ ဒါပေမဲ့ အီဇူမိကို တွေ့ခဲ့မိတယ်လေ။
အစည်းအဝေး တစ်ခုမှာ သူနဲ့ စတွေ့တယ်။ အကြည့်ချင်း ဆုံမိကြတယ်။ သူ ကိုယ့်ထက် ဆယ်နှစ်လောက် ငယ်ပါ လားလို့ တွေးမိတယ်။ စစချင်းတော့ ဒီလောက်ပဲ။ နောက်ပိုင်း ပရော့ဂျက် တစ်ခုကို တူတူကိုင်ရတော့ ထုံးစံ အတိုင်း ခဏ ခဏ တွေ့ဖြစ်တော့တာပေါ့။ သူ့ရုံးကို ကိုယ်ကသွားလိုက်၊ ကိုယ့်ရုံးကို သူကလာလိုက်နဲ့ပေါ့။ ဒါပေမဲ့ တွေ့တိုင်း အလုပ်ကိစ္စနဲ့ချည်းပါပဲ။ ဘာညာ သာရကာလည်း အဲဒီတုန်းက မစဉ်းစားမိပါဘူး။ ပြဿနာက ပရောဂျက် ပြီးသွားတဲ့ အချိန်မှ စတော့ တာပဲ။ နေမထိ ထိုင်မသာ ဖြစ်နေတယ်။ အကြီးအကျယ် အထီးကျန် သလို ခံစားနေရတယ်။ အိမ် မြှောင် အမြီးပြတ်သလို ဆွေ့ဆွေ့ ခုန်နေမိတယ်။ မြင်ယောင်ရုံနဲ့ ရင်တောင်တုန်သလို ဖြစ်မိတယ်။ ဒါမျိုး မဖြစ်တာ ကြာ ကြာ လှပေါ့။ သူလည်း ဒီလိုပဲ ဖြစ်နေသလားတော့ မသိ။

ပရောဂျက်ပြီးလို့ တစ်ပါတ်လောက်ကြာတော့ သူ ရုံးကို ဖုန်းဆက်လာတယ်။ ဘာအကြောင်းပြ၊ ညာအကြောင်းပြ ဆက်ပေမဲ့ ဘာကိစ္စမှ ထွေထွေ ထူးထူး မရှိတာ သိတာပေါ့။ သူနဲ့ ဖုန်းပြောနေရင်း ပြောင်ချော်ချော်ပြောမိတော့ ရယ် လိုက်တာလေ။ ဒါနဲ့ပဲ တစ်ခုခုသွားသောက်ကြမလား လို့ မေးပစ် လိုက်တယ်။ အိုကေ လေတဲ့။ ဒါနဲ့ပဲ ဆိုင်လေး တစ် ဆိုင် ရောက်သွားရော၊ မှာကြရော၊ သောက်ကြရော၊ အဲဒီတုန်းက ဘာတွေ ပြောကြမှန်းတော့ အသေးစိတ် မမှတ်မိ တော့ဘူး။ တစ်သက်လုံး ပြောစရာ မကုန်တော့လောက်အောင် အကြောင်းအရာပေါင်း သန်း ချီ ပြောခဲ့ကြတာတော့ သေချာတယ်။ သူ ဘာပြောချင်တယ်၊ ဘာပြန်ပြောရင် သူ သဘောကျမယ် ဆိုတာကိုလည်း စိတ်ထဲကအလိုလို သိ နေ သလို ပါပဲလေ။ သူနဲ့ကျမှ ဥာဏ်တွေ ရွှင်နေလိုက်တာလဲ ကိုယ့်ကိုယ်ကိုတောင် အံ့သြယူရတယ်။ တကယ်က ဘယ်သူမှ လွတ်လွတ်လပ်လပ် မဟုတ်ဘူး၊ နှစ်ယောက်လုံး အိမ်ထောင်ကိုယ်စီနဲ့ချည်းပဲ၊ ဘာမှ ပြဿနာ ကြီးကြီး မားမား မရှိတဲ့ သာယာပျော်ရွှင်သော စံပြ အိမ်ထောင်များလို့ ပြောလို့ရတဲ့ အိမ်ထောင်ရေးမျိုး ကိုယ်စီနဲ့ပါ။ ကိုယ့်အိမ် ထောင်ဖက်ကိုယ်လည်း ချစ်ကြတာပါပဲ။ အပြန်အလှန် လေးစားသမှုလည်း ရှိတာပဲ။ ဒါပေမဲ့ သူနဲ့လိုမျိုး ခံစားချက်တွေ အကုန် အန်ချလို့ ရတဲ့၊ ပြောချင်တာ လွတ်လွတ်လပ်လပ် ပြောလို့ရတဲ့ အဖော်မျိုးတော့ မဟုတ်ခဲ့ဘူး။ အိမ်ထောင်ဖက် ဟာ သူ့လို အဖော်မျိုး မဟုတ်တာ သေချာတယ်။ အများစုကတော့ ခြောက်ပစ်ကင်း သဲလဲစင် အိမ်ထောင်ဖက် နဲ့ တွေ့ပြီး သာယာ ပျော်ရွှင် ချမ်းမြေ့ တဲ့ အိမ်ထောင်တစ်ခု သေတပန် သက်တစ်ဆုံး တည်ထောင်သွားကြတာကိုပဲ အချစ် လို့ ယူဆကြသလား မသိပါဘူး။ အမှန်တော့လည်း အဲဒါဟာ အချစ်ဆိုတာထက် အပြန်အလှန် ယုံကြည် ကိုးစားစွာ တာဝန်ယူမှု တစ်မျိုးပါပဲလေ။

နောက်ပိုင်းမှာ နှစ်ယောက်သား ခဏ ခဏ တွေ့ပြီး သောက်ဖြစ်ကြတယ်။ သူ့ ယောက်ျားအလုပ်က အင်မတန် အိမ် ပြန် နောက်ကျတဲ့အတွက် သူ့ စိတ်တိုင်းကျ သွားချင်ရာသွား၊ လာချင်ရာလာပဲတဲ့။ တွေ့တိုင်းတွေ့တိုင်းလည်း ပြန်ချိန် က တဖြည်းဖြည်း နောက်ကျ လာခဲ့တယ်။ တစ်နေ့တော့ နောက်အကျကြီးကျရာက နောက်ဆုံး ရထား လွတ်သွား ပါလေရော။ တမင်သက်သက် အလွတ်ခံမိသလားလည်း မသိတော့ပါဘူး။ ဂွတ်ဘိုင် ဆိုတာထက် တစ်ခြား စကားကို နှစ်ယောက်လုံး ပြောချင် နေမိကြပုံပါပဲ။

ဒီလိုနဲ့ အိပ်ကြစို့ ဆိုတဲ့ စကား တစ်ခွန်းမှ မပြောပဲ အတူတူ အိပ်မိကြပါလေရော။ အဲဒီအချိန်ထိ သူရော ကိုယ်ပါ အိမ် ထောင်ဖက်ကို သစ္စာရှိတယ်လို့ ကိုယ်စီ ကိုယ်ဌ ထင်နေကြတုန်း။ ဆိုတော့ ဘယ်သူ့ ဘယ်သူ မှ အပြစ်မတင်မိကြ ပါဘူး။ မပြီးသေးသော စကားဝိုင်းကို အိပ်ယာထက်မှာ ဆက်လက် ကျင်းပခြင်း ဆိုတဲ့ ခေါင်းစဉ်တင်ပြီး နှစ်ကိုယ်ကြား အသံတိတ် စကားတွေ ပြောကြတာပေါ့။ ကိုယ်ကာယ အာသီသ ပြေစေဖို့ သက်သက် ဆိုတဲ့ စိတ်မျိုး နှစ်ယောက်လုံး မရှိကြတာတော့ သေချာတယ်။ ဒါကြောင့်လည်း ကုတင်ပေါ်မှာ ခန္ဓာကိုယ်ချင်း တိုးတိုးတိတ်တိတ် စကားပြောမိကြ တာပေါ့။
ဒီလိုနဲ့ အားတိုင်း အားတိုင်း အဲသလို ရင်ငွေ့လှုံ စကားဝိုင်းတွေ များလာခဲ့တယ်။ ထူးဆန်းတယ်လို့ ပြောရမလား၊ မထူး ဆန်းဖူးလို့ ပြောရမလား၊ ဒီလို ဆက်ဆံရေးကို တတ်အားသ၍ အဓွန့်ရှည် တည်တံ့လိုစိတ် နှစ်ယောက်လုံးမှာ ရှိပေမဲ့ တစ်ဖက်ကလည်း ကိုယ့်အိမ်ထောင်နဲ့ကိုယ် သာသာယာယာ နေချင်စိတ်တွေက တစ်စက်ကယ်မှ လျော့မသွားကြဘူး၊ ဗိုလ်နေမြဲ ကျားနေမြဲ စနစ်နဲ့ အဆင်ပြေနေခဲ့ကြတယ်။ နှစ်ယောက်လုံးက ဒီအခြေအနေကို အတိုင်းထက် အလွန် ကျေ နပ်တယ်။ ဘယ်သူကမှ ချောင်းကိုပစ်၍ မြစ်ကို မရှာချင်ဘူး၊ ဘယ်တော့မှလည်း ပေါ်ပေါ်တင်တင် တရားဝင် မနေချင် ဘူး၊ ဒီလို ရံဖန်ရံခါ နှစ်ကိုယ်ကြား နှစ်ယောက်တစ်အိပ်မက် နေခွင့်ရရင်ပဲ ကျေနပ်ကြပြီလေ။ ဘယ်သူ့ ထိခိုက်တာ လိုက်လို့။ တစ်ညတစ်လေတော့ အီဇူမီနဲ့ အသံတိတ်စကားပြောလိုက်တာ လွန်သွားလို့ အိမ်ပြန်နောက်ကျပြီး မိန်းမ ကို လှည့်ပါတ် ပြောရတာမျိုးတော့ ရှိတာပေါ့။ ဒါပေမဲ့လို့ အိမ်ထောင်ဖက်ကို သစ္စာဖောက်တယ်လို့တော့ မယူဆမိရိုး အမှန် ပါလေ။ တစ်ကန့်စီ၊ တစ်လွှာစီ၊ သတ်သတ်စီ၊ ကမ္ဘာတစ်ခြမ်းစီ လို့ပဲ တွေးခဲ့မိတယ်။

ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူး ဆိုတဲ့အတိုင်း ဒီလိုပဲ ဆက်သွားရင် ဗော့ဒကာလေးတမြမြနဲ့ နှစ်ယောက် တစ်အိပ်မက် ကို တစ်သက်လုံး ဆက်မက်ဖြစ်ကြမယ် ထင်တယ်။ ဒါမှ မဟုတ်ရင်လည်း အိမ်ထောင်ဖက်တွေကို အသီးသီး အသက လိမ်နေရတာကို စိတ်မချမ်းမသာ ဖြစ်ကြပြီး ညောင်ညိုပင် လမ်းခွဲမှာ လက်ပြနှုတ်ဆက်ရင်း ကိုယ့်ဘဝနဲ့ကိုယ် အသား ကျ သွားချင်လည်း သွားလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆိုးဆိုး ဝါးဝါး ဖြစ်စရာ ဘာအကြောင်းမှ မရှိဘူး ဆိုတာ ခုထိ ရင်ထဲ အသည်းထဲက ယုံနေတုန်းပါ။ သို့သော်လည်း ကံအကြောင်း မလှချင်တော့ သူ့ယောက်ျား သိသွား ခဲ့တယ်။ ထုံး စံ အတိုင်း ယမ်းပုံ မီးကျ ဖြစ်ပြီး အိမ်ရောက်ချလာတော့တာပေါ့။ မိန်းမကလည်း အိမ်မှာ တစ်ယောက်ထဲ ရှိနေတဲ့ အ ချိန် ဆိုတော့ ပြောနေစရာတောင် မလိုလောက်အောင် ကိစ္စ တစ်ခုလုံး ရှင်းသွား လင်းသွား တော့တာ ပါပဲ။ အိမ်လည်း ပြန်ရောက်ရော မိန်းမက ကဲ-ရှင် ဘာပြောချင်သလဲ။ အီဇူမီကတော့ အားလုံး ဝန်ခံပြီးပြီတဲ့။ ဘာမှ မပြောချင်ပါဘူး၊ ဖြစ် ခဲ့သမျှ ကကြီးကနေ အ အထိ မိန်းမကို ခရေစေ့တွင်းကျ ပြောပြလိုက်တယ်။ အချစ်ရူး ရူးနေတာ မဟုတ်၊ ကြီးမှ ဝက် သက်ပေါက်တာ မဟုတ်၊ မင်းတို့ နားလည်ဖို့ခက်တဲ့ ဆက်ဆံရေးမျိုး ဆိုတာမျိုးတော့ ထည့်ပြောလိုက်မိတယ် ထင်ပါရဲ့၊ သိတဲ့အတိုင်း၊ ဘာပြောပြော ခုမှတော့ မထူးပါပြီပေါ့၊ မိန်းမက တစ်လုံးမှလည်း ပြန်မပြောဘူး၊ တစ်ခွန်းမှလည်း နား ထောင်နေပုံ မပေါ်ပါဘူး၊ နောက်နေ့ မိုးလင်းလင်းခြင်း အထုတ်အပိုးပြင်ပြီး သူ့မိဘတွေအိမ် ဆင်းချသွားတော့တာပါပဲ။ သားပါ သူခေါ်သွားခဲ့တယ်။ ဖုန်းခေါ်တော့လည်း လုံးဝ မကိုင်ဘူး။ တစ်ခါတော့ ယောက္ခထီးကြီးလာကိုင်တယ်။ မင်း လို ခွေး သူတောင်းစားမျိုးဆီ ငါ့သမီးနဲ့ ငါ့မြေးကို ဘယ်တော့မှ ပြန်မပို့ဘူး၊ ခွေးဇာတ်ခင်းတဲ့ ခွေးသားဆိုလား အားရ ပါးရ ကို ပြောတော့တာပဲ။ သူ့သမီးနဲ့ မင်္ဂလာဆောင်ထဲက သူက အင်တင်တင်ရယ်၊ သဘောသိပ်တူချင်တာ မဟုတ်ဖူး၊ ခုတော့ ငါမပြောလား ပေါ့လေ။

ရုတ်တရက်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင်ပဲ စိတ်တွေ ရှုပ်သွားမိတယ်။ ဒါနဲ့ ခွင့်ယူပြီး အိပ်ယာထဲ ခွေ နေတုန်း အီဇူမီ ဆီက ဖုန်းလာပါလေရော။ သူလည်း ထိုနည်းလည်းကောင်းပဲတဲ့။ ဒါပေမဲ့ သူက ပိုဆိုးတယ်။ သူ့ ယောက်ျားက လက်စားချေတဲ့ အနေနဲ့လား၊ ဘာသဘောနဲ့လဲ မပြောတတ်ပါဘူး၊ သူ့ ရှိသမျှ အဝတ်အစားတွေ အတွင်းခံပါမကျန် အပိုင်းပိုင်း အတစ်တစ် ကပ်ကြေးနဲ့ ညှပ်သွားခဲ့တယ်တဲ့။ ပြီးတော့ ခု အစအနတောင် ရှာမတွေ့ တော့ဘူးတဲ့။ အီဇူမီက ဖုန်းပြောရင်း ငိုရှာတယ်။

“သူများ ပင်ပန်းလှပြီ သိလား၊ ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့ပါဘူး သူရယ်။ သူများ ဘဝ တော့ တစ်စစီ ဖြစ် သွားပြီ”
အေးလေ- ဖြစ်မှာပေါ့။ သူ့ယောက်ျားနဲ့ သူနဲ့က အထက်တန်းကျောင်းကတည်းက ငယ်ချစ်တွေဆိုပဲ။ သူ့ကို ဘယ်လို နှစ်သိမ့်ရမလဲ။ ဘာပြောရမှာလဲ။ ဘာပြောနိုင်ဦးမှာလဲ။

“သူများတို့ တစ်ခုခုသွားသောက်ကြစို့” တဲ့။ နောက်ဆုံးတော့ သူ ဒီလိုပဲ ပြောလာခဲ့တယ်လေ။ ရှီဘူယာက မိုးလင်း ပေါက်ဖွင့်တဲ့ ဆိုင်မှာ တစ်ညလုံး ထိုင်သောက်ကြတယ်။ ဘယ်လောက်သောက်လို့ သောက်မိမှန်းတောင် မသိလောက် အောင်ပါပဲ။ သူနဲ့စတွေ့ကတည်းက စကားတစ်ခွန်းမှ မပြောဖြစ်ကြပဲ နင်းခွ သောက်ကြတာ အဲဒါ ပထမဆုံး အကြိမ်ပဲ။ အရုဏ်တက်တော့ ဟာယာဂျူကု ကို လမ်းလျှောက်သွားကြတယ်။ မနက်စာစားတယ်။ အဲဒီအချိန်မှာပဲ ဂရိကို သွားကြ စို့ ဆိုတဲ့ အကြံ သူ စပြောတော့တာပေါ့။

“ဂရိကို သွားမယ် ဟုတ်လား”
သူက စူးစူးရဲရဲ ပြန်ကြည့်ပြီး-
“ဟုတ်တယ်လေ၊ သူများတို့ ဂျပန်မှာ ဆက်နေဖို့ ခက်နေပြီမဟုတ်လား”
ခေါင်းထဲမှာ ချာချာလည်သွားသလိုပဲ။ ဂရိ၊ ဂရိ ဆိုပဲ။ ဘာကြောင့်များ ဂရိ ရတာလဲ။ ဗော့ဒကာနစ်နေတဲ့ ဦးနှောက်က ကြာကြာတော့ မစဉ်းစား နိုင်ပါဘူး။
“ဂရိဟာ သူများအိပ်မက်ပဲ၊ ဟန်းနီးမွန်းထဲက ဂရိကို သွားချင်တာ၊ ပိုက်ဆံမရှိလို့ မသွားခဲ့ရဘူး၊ ခု သူများတို့ နှစ် ယောက်ထဲ သွားမယ်လေ၊ ဟိုမှာ ပျော်သလောက်နေမယ်၊ ဒီမှာနေလို့ရော စိတ်ဆင်းရဲတာကလွဲလို့ ဘာများထူးမှာ မို့ လို့လဲ”

ဂရိ၊ ဂရိ၊ ဒီလို နိုင်ငံမျိုး သွားရလိမ့်မယ်လို့ တစ်သက်လုံး စိတ်မကူးခဲ့ဖူးတာ အမှန်ပဲ။ ဂရိနဲ့ပါတ်သက်လို့ သိလည်း မသိ၊ စိတ်လည်း မဝင်စား၊ အို- အီဇူမီက ဂရိ ဆိုတော့လည်း ဂရိပေါ့။ ဒီလိုနဲ့ နှစ်အိတ်တစ်အိတ် ပေါင်းကြရော၊ သူ့မှာ ယန်း နှစ်သန်းခွဲ၊ ကိုယ့်မှာ ယန်းတစ်သန်းခွဲ၊ ပေါင်းယန်းလေးသန်း၊ ဒေါ်လာ လေးသောင်း။
“ဒေါ်လာ လေးသောင်း ဆိုရင် ဂရိ တောပိုင်းမှာ ဆယ်နှစ်လောက် ထိုင်စားနေလို့ရတယ်” အီဇူမီကတော့ အားတက် သရောပဲ။ သူကသာ အားတက်နေ၊ လေယာဉ်လက်မှတ်က ဒေါ်လာလေးထောင်ကျမယ်။ ဆိုတော့ သုံးသောင်း ခြောက်ထောင်ပဲ ကျန်မယ်။ တစ်လကို ဒေါ်လာ တစ်ထောင်သုံးရင် သုံးနှစ်၊ ထားပါတော့ နှစ်နှစ်ခွဲ လောက် အခြေ မပျက်နေနိုင်မယ်။ ပြီးရင်ကော။

“သူဘာတွေ စဉ်းစားနေတာလည်းကွယ်။ သူများတို့ သွားစရာရှိတာ အရင်သွားပြီး နောင်ခါလာ နောင်ခါဈေး စဉ်းစား ကြတာပေါ့” တဲ့။
ဆိုင်ထဲ ဝေ့ကြည့်လိုက်တော့ ဆယ်ကျော်သက် အတွဲလေးတွေ ချည်းပဲ။ သုံးဆယ်ကျော် ကြီးတောင့် ကြီးမား အတွဲ ဆိုလို တို့နှစ်ယောက်ပဲ ရှိတယ်။ မနက်စောစောစီးစီး ရှိသမျှ အကုန်သယ်ပြီး ဂရိသွားနေဖို့ ကြံနေတာလည်း တို့နှစ် ယောက်ပဲ ရှိမယ်ထင်တယ်။ ကိုယ့်လက်ကိုယ်ပြန်ငေးရင်း အကြာကြီး စဉ်းစားနေမိတယ်။ တစ်သက်လုံး အကြာဆုံး စဉ်းစားခြင်းမျိုးပါပဲ။ ဒါတကယ်ဖြစ်နေတာလား၊ ငါ့ဘဝရဲ့ အမှန်တရားဟာ ဒါလားဆိုတဲ့ အတွေးမျိုးလည်း ဝင်တာပေါ့။ နောက်ဆုံးတော့လည်း အီဇူမီ အလိုကျပေါ့။
“ဟုတ်ပြီလေ၊ တို့ သွားကြတာပေါ့”


နောက်တစ်နေ့ အလုပ်ထွက်စာ လက်ထဲကိုင်ပြီး ရုံးသွားလိုက်တယ်။ သတင်းကြားထားပြီးတဲ့ ဘော့စ်က ခု အေးအေး ဆေးဆေး နားနေလိုက်ဦးတဲ့။ လုပ်ဖော်ကိုင်ဖက်တွေကလည်း အလုပ်ထွက်တော့မယ် ဆိုတော့ ဘာမှတော့ သိပ် မပြော ကြဘူး။ ဒီလိုနဲ့ပဲ အလုပ်တစ်ခုကနေ နှုတ်ထွက်ရတာ ထင်သလောက်လည်း မခက်ပါလား ဆိုတာ သိလာ ခဲ့တယ်။ ဒါကြောင့်လည်း စိတ်ဆောင်ရင် အောင်စမြဲလို့ ပြောကြတာနေမှာပေါ့။ ဘာအောင်မှန်းတော့လည်း မသိဘူး လေ။ ရှိသမျှ ပိုက်ဆံတွေ လောင်းကစားဝိုင်းမှာ အကုန်ရှုံးပြီး စိတ်ဆောင်ရင် အောင်စမြဲလို့ ကြုံးဝါးရင် ရူးသေရုံ ရှိ တော့ မပေါ့။

ရှိသမျှ ပစ္စည်းတွေ အကုန်ရောင်းပြီး လိုမဲ့ ပစ္စည်းလေးတွေကို ခရီးဆောင်အိတ်တစ်လုံးစာ ရအောင် စီစဉ်ရတယ်။ ဆမ်ဆိုနိုက် ခရီးဆောင်အိတ် အပြာလေး ဝယ်လိုက်တယ်။ အီဇူမီ လည်း ဒီအတိုင်းပဲ။ အိတ်တစ်လုံးစာပဲ၊ ဆမ်ဆိုနိုက် အိတ်ပြာတော့ မဟုတ်ဖူးပေါ့။

လေယာဉ်စီးလာရင်းနဲ့ အီဂျစ်လောက် ရောက်တဲ့ အခါကျတော့ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်လာခဲ့တယ်။ ဘာရယ် မဟုတ်ဘူး။ တစ်ယောက် ယောက်က ငါ့အိတ်ကို မှားယူ သွားရင် ဘယ်လို လုပ်မလဲလို့ တွေးမိပြီးကတည်းက သရိုး သရီ ဖြစ်လာတော့တာပဲ။ လေဆိပ်တွေမှာ ဆမ်ဆိုနိုက် အိတ်ပြာတွေ သောင်းချီရှိမှာကိုး။ လွယ်လွယ်ကူကူပဲ မှားသွား နိုင်တာပေါ့။ ဂရိရောက်လို့ အိတ်ဖွင့်ကြည့်မှ သူများပစ္စည်းတွေ ဘွားကနဲ တွေ့လိုက်ရရင်။ တွေးရင်းနဲ့တောင် တုန် တက် သွားသလို ပါပဲ။ ဒီအိတ်သာ မရှိခဲ့ရင်၊ ဒီပစ္စည်းတွေသာ ပျောက်သွားခဲ့ရင်၊ ငါလို့ အသိအမှတ် ပြုထားတဲ့ ဘဝ အမှတ်အသား လက္ခဏာ တစ်ခုလုံး ပြုတ်ပြုတ်ပြုန်းပြီလို့ စဉ်းစားမိပြီး အိမ်မြှောင် အမြီးပြတ်သလို နေမထိ ထိုင်မသာ ဖြစ်လာ တော့တယ်။ ဒါဆို တစ်လောကလုံးမှာ င့ါကို သိတာ ဆိုလို့ အီဇူမီ တစ်ယောက်ပဲ ကျန်မှာပေါ့။ သူတောင် ငါ့ ကို သေချာ သိလို့လား။ ရင်တွေ တစ်လှပ်လှပ် ခုန်လာခဲ့တယ်။ လေယာဉ်ပေါ်ထိုင်လိုက်လာတဲ့ အကောင်ကြီးဟာ ကိုယ် မဟုတ်သလိုပဲ။ ဂျပန်မှာကျန်ခဲ့တဲ့ တကယ့်ကိုယ်၊ တကယ့်ငါ ထဲကို ပြန်ပြေးချင်စိတ်တွေ ထိန်းမနိုင် သိမ်းမရ ဖြစ်လာ ခဲ့တယ်။ ခုမှတော့ လေယာဉ်ပေါ်က ခုန်ချလို့ မရတော့ဘူးဆိုတာလည်း သိတာပဲ။ ဒါပေမဲ့ ခုလေယာဉ်ပေါ်မှာ ထိုင်လိုက်လာတဲ့ ခန္ဓာကိုယ်ကြီးဟာ ငါ့ဟာ မဟုတ်ဖူး၊ ပလာစတာနဲ့ လုပ်ထားတဲ့ ငါအတု၊ လက်သည်းလေးနဲ့ ခြစ်ချ လိုက်ရင် ပလာစတာတွေ ဖွာကနဲ ထွက်လာလိမ့်မယ် ဆိုတဲ့ အတွေးက ခေါင်းကို တစ်ဒိန်းဒိန်း ထုနေသလိုပဲ။ လူက လည်း တဆတ်ဆတ် တုန်လာတယ်။ ဘယ်လိုမှကို ထိန်းလို့ သိမ်းလို့ မရလောက်အောင်ပါပဲ။ တုန်လွန်းအားကြီးလို့ တစ်ကိုယ်လုံး အစိတ်စိတ် အမြွာမြွာကွဲသွားပြီး ဖုန်မှုန့်တွေ ဖြစ်သွားမလားတောင် အောက်မေ့ ရတယ်။ အဲယားကွန်း စိမ့်နေအောင် ဖွင့်ထားတဲ့ လေယာဉ်ထဲမှာ တစ်ကိုယ်လုံး ချွေးတွေနဲ့ နင့်လို့။ နှာခေါင်းထဲမှာလည်း အနံ့တစ်မျိုး ရလာ သလိုပဲ။ အီဇူမီလည်း ကိုယ့်အခြေအနေကို ရိပ်မိတယ်ထင်တယ်။ ကိုယ့်လက်ကို သူ အတင်းဆုပ်ထားခဲ့တယ်။ ဒါပေမဲ့ မရပါဘူး။ ရုပ်ပျက် ဆင်းပျက် တဆတ်ဆတ် တုန်နေလိုက်တာ နာရီဝက်လောက်ရှိမယ် ထင်တာပဲ။ အဲဒီတုန်းက အပြင်း အထန် တောင့်တခဲ့တာကတော့ သေခြင်းတရားပဲ။ ခြောက်လုံးပြူး တစ်လက်လောက်များရှိလို့ကတော့ နား ရွက် ထဲတေ့ပြီး မောင်းဖြုတ် ပစ်လိုက်မိမှာပဲ။ သေရော၊ အေးရော။
တော်တော်လေးကြာမှ တဆတ်ဆတ် တုန်နေတာတွေ ဖြည်းဖြည်းချင်း ပျောက်သွားခဲ့တယ်။ လူကလည်း မိုက် ကနဲ မိုက် ကနဲ ဖြစ်ဖြစ်လာတယ်။ ဒါနဲ့ အသာလေး စိတ်လျှော့ပြီး မျက်စိမှိတ်ထားလိုက်တယ်။ မျက်စိလည်း ပြန်ဖွင့်လိုက် ရော အေဂျီယန် ပင်လယ် ပြာပြာကြီးကို တွေ့လိုက်ရပါလေရော။

စိတ်ဆင်းရဲစရာ အကောင်းဆုံး ကိစ္စကတော့ ဒီကျွန်းပေါ်မှာ ဘာမှ လုပ်စရာ မရှိတာပဲ။ အလုပ်လည်းမရှိ၊ အပေါင်း အသင်း မိတ်ဆွေ သူငယ်ချင်းလည်း မရှိ၊ ရုပ်ရှင်ရုံလည်းမရှိ၊ တင်းနစ်ကွင်းလည်းမရှိ၊ စာအုပ်လည်း မရှိ။ ဘာဆို ဘာမှ မရှိ။ ဂျပန်ကနေ ရာဇဝတ်ကောင်တွေလို အလောသုံးဆယ် ထွက်ပြေး လာရတဲ့အတွက် စာအုပ်တွေ ယူခဲ့ဖို့လည်း သတိကို မရတာ။ လေဆိပ်မှာတုန်းကတော့ စာအုပ်နှစ်အုပ် ဝယ်လာ ခဲ့သေးတယ်။ ခုဆို နှစ်ခေါက်စီတောင် ပြန်ဖတ် ပြီးပြီ။ ဆိပ်ကမ်းမှာတော့ အင်္ဂလိပ်လိုရေးထားတဲ့ ဝတ္တုလေးတွေ နည်းနည်း ပါးပါး တွေ့သား။ ဒါပေမဲ့ မစွံပါဘူး။ လောကမှာ စာဖတ်နေရတာကို အကြိုက်ဆုံးပဲ။ အားတိုင်း စာအုပ်လေး ဖတ်ပြီးပဲ နေချင် ခဲ့တယ်။ ဒါပေမဲ့ ခုလို နှစ်ဆယ့် လေးနာရီ လုံး အားနေချိန်မှာ ဖတ်စရာ စာအုပ် က မရှိဘူးလေ။ ကံဆိုး လိုက်တာ လို့ ပဲ ငြီးရ မလား။ ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲ လို့ ယူဆလိုက်ရမှာလား မသိတော့ပါဘူး။

အီဇူမီက ဂရိ ဘာသာ လေ့လာမယ် ဆိုပြီး ဂရိ စကားပြော စာအုပ်တွေ၊ သဒ္ဒါကျမ်းတွေ ဝယ်ချ လာတယ်။ ဘာမှန်း မသိတဲ့ ဂရိ အသံထွက်တွေကို ကျိန်စာတိုက်သလို အကျယ်ကြီး အော်နေလို့ စိတ်ညစ် ရသေးတယ်။ နောက်တော့ လည်း သူ့ မီးကျိုး မောင်းပျက် ဂရိက စတိုးဆိုင်လေးတွေမှာ ဈေးဝယ်ရင် အသုံးတည့်လာခဲ့သား။ ဒီလိုနဲ့ လုပ်စရာ မရှိ လွန်း အားကြီးတော့ မေ့သလောက် ဖြစ်နေခဲ့တဲ့ ပြင်သစ် ဘာသာကို ပြန်လေ့လာဖြစ်ရော။ သူက ဂရိလို့သာ ကိုယ်က ပြင်သစ် လိုက်ရတာ၊ တကယ်တော့ ဒီကျွန်းမှာက ပြင်သစ် ဆိုတာ ချိုနဲ့လား မေးရမယ်။ ကျွန်းသားတွေက အင်္ဂလိပ် လို သိတယ်။ အီတာလျှံ လို နည်းနည်း၊ ဂျာမန်လို နည်းနည်း တတ်တယ်။ ပြင်သစ်ကတော့ ဘယ်သူမှ မသုံးဘူး။ အပါယ္ခံပဲ- ဖြီ။

အလုပ်အကိုင် မည်မည်ရရ မရှိတဲ့ လူတွေရဲ့ အကျင့်အတိုင်း ရောက်တတ် ရာရာ လျှောက်သွားကြတာပေါ့။ နှစ် ယောက်သား ငါးမျှား ကြည့်ဖို့လည်း ကြိုးစားခဲ့ကြသေးတယ်။ တစ်ကောင် တစ်မြီးတောင် မမိပါဘူး။ ဘယ်မိလိမ့်မလဲ။ ရေက သိပ်ကြည် တာကိုး။ ငါးတွေက ငါးစာရော၊ ငါးမျှားချိတ်ရော၊ ငါးမျှားကြိုးရော၊ ငါးမျှားတံရော၊ မျှားနေတဲ့လူရဲ့ မျက်ခွက်ရော၊ အင်္ကျီအရောင်ရော အကုန်မြင်နေရတာကိုး။ ဒီတော့ အတော့်ကို ထူထိုင်းပြီး အိုင်ကျူနိမ့်လှတဲ့ ငါးစဉ် မမှီတဲ့ ငါးမျိုးပဲ မိမှာ။ ဒါနဲ့ပဲ ပုံဆွဲစာအုပ်ရယ်၊ ရေဆေးရယ် ဝယ်ပြီး ရှုခင်းတွေ၊ လူပုံတွေ စကတ်ခ်ျစ် ထိုင်ဆွဲ နေလိုက် တယ်။ ပုံတွေဆွဲတိုင်း အီဇူမီက ဂရိစာလုံးတွေ တစ်တွတ်တွတ် ရွတ်ရင်း အနားလာ လာထိုင်တတ်တယ်။ ကျွန်းသား တွေကို ပုံတူ ဆွဲပေးတော့၊ သဘောကျပုံရတယ်။ ဘီယာတိုက်တယ်လေ။ တံငါသည်တစ်ယောက်ကတော့ သူ့ပုံတူ ဆွဲခ အဖြစ် ရေဘဝဲကြီး တစ်ကောင် ဥာဏ်ပူဇော်ခ ပေးခဲ့ ဖူးတယ်။

“သူ့ လက်ရာ အတော် ကောင်းတာပဲ၊ ပန်းချီဆရာ လုပ်စားလို့ ရတယ်။ ဂျပန် ရေဆေး အကျော်အမော်ကြီး ဆိုပြီး သတင်း လွှင့်လိုက်မယ်လေ”

အေး-ဟုတ်သားပဲ။ ဘီယာလေး တစ်ခွက် တစ်ဖလားနဲ့ ကျေနပ်နေတာထက်စာရင် ပိုက်ဆံ ရတော့ ကောင်းတာပေါ့။ လုပ်လို့ ရရင်တော့ မဆိုးဘူးပဲ။

“သူများကတော့ ခရီးသွား အေဂျင်စီ လုပ်မယ်။ ဂျပန် တိုးရစ် များအတွက် သီးသန့်ပေါ့။ ဒီကျွန်းကို ဂျပန် ဧည့်သည် များများ လာအောင် လုပ်မယ်။ ဒါကြောင့် ခုထဲက သူများ ဂရိကို လေ့ကျင့်နေတာ၊ သူများတို့ ပိုက်ဆံတွေ ကုန်သွား တဲ့ အချိန်ကျရင် စလုပ်မယ်”

“ပိုက်ဆံ မကုန်သေးခင်တော့ ဘာမှ မလုပ်သေးဖူးပေါ့။ နှစ်နှစ်ခွဲ လုံးလုံးလေ”

“ဒီကြားထဲ ဓါးပြတိုက်ခံရရင်၊ ဒါမှမဟုတ် တစ်ယောက်ယောက် သေကောင်ပေါင်းလဲ ဖြစ်ရင်တော့ တစ်မျိုးပေါ့၊ ဒါက လည်း သေချာတာတော့ မဟုတ်ဖူး၊ မသေချာလို့ မဖြစ်တော့ဘူးလားလို့လဲ မပြောနိုင်ပြန်ဘူး၊ မမျှော်လင့်တဲ့ ကိစ္စ အတွက် ဆယ်ရေး တစ်ရေး ကိုးရေး တစ်ရာ ပြင်ဆင်ထားတာလည်း မှားတော့ မမှားဘူး လို့ သူများထင်တယ်”

“ဒါဆို အဲဒီ မမျှော်လင့်တဲ့ ကိစ္စ မဖြစ်မချင်း ဆရာဝန် မပြရတော့ဘူးပေါ့”

အီဇူမီက စူတူတူကြည့်ရင်း ပါးတစ်ခြမ်း ဖောင်းပြပြန်တယ်။

“ခု သူများ ကိုယ်ဝန်ရနေပြီ ဆိုပါစို့၊ သူ ဘာလုပ်မလဲ၊ လူဆိုတာမျိုးက ဘယ်လောက်ပဲ ပြင်ဆင်ထား ပြင်ဆင်ထား အမှားတော့ လုပ်တတ်ကြတာမျိုးပဲ မဟုတ်လား၊ ဒီလို တစ်ခုခုဖြစ်ရင် ငွေမြန်မြန်ကုန်သွားမှာ အသေအချာပဲလေ”

“အဲဒီလို ဖြစ်လာတော့လည်း ဂျပန်ပြန်ရမှာပေါ့”

အီဇူမီက တစ်ချက် လှမ်းကြည့်လိုက်ပြန်တယ်။ သူ့ အကြည့်က တစ်မျိုးပဲ။

“သူခုထိ သဘောမပေါက်သေးဘူး ထင်တယ်။ သူများတို့ ဂျပန်ကို ဘယ်တော့မှ မပြန်တော့ဘူးလေ”


အီဇူမီက ဂရိ စာလေ့လာ၊ ကိုယ်က ပုံတူတွေဆွဲရင်း အချိန်တွေ အတော်ကြာသွားခဲ့တယ်။ ဘဝမှာ အငြိမ်းချမ်းဆုံး အချိန် ကာလ များလို့ ပြောလို့ ရနိုင်မယ် ထင်ပါရဲ့။ စားဝတ်နေရေးအတွက်တော့ ချွေချွေတာတာပေါ့လေ။ နောက်ပိုင်း မှာ နေ့တိုင်း တောင်ပေါ်တက်ဖြစ်နေကြတယ်။ ကျွန်းပေါ်မှာ မနိမ့်မမြင့် တောင်လေးတစ်လုံး ရှိနေတာကိုး။ တောင် ပေါ်မှာ ရွာပေါက်စလေး တစ်ရွာ ရှိတယ်။ တောင်ပေါ်က မြင်ရတဲ့ ရှုခင်းတွေဟာ ထုံးစံ အတိုင်း ပိုလှ တာပေါ့။ ဒီလို နေ့တိုင်း ကိုယ်လက် လှုပ်ရှား လုပ်၊ လေကောင်း လေသန့် ရှုနေရတော့ လူလည်း ကိုယ်ရေ အတော်စစ်သွားပြီး ကြည့် လို့ ကောင်းလာတယ်တဲ့။ အီဇူမီ့ အပြောပေါ့လေ။ နေဝင်သွားပြီးရင်တော့ ကျွန်းဟာ သုဿန် တစပြင်လိုပဲ ဘာသံ မှ မကြားရသလောက်ကို တိတ်ဆိတ်သွားတယ်။ ဒီအချိန်မှာ အီဇူမီနဲ့ နှစ်ယောက် အသံတိတ် စကားပြောရင်း တစ် ယောက် ရင်ငွေ့ တစ်ယောက် လှုံကြတာပေါ့။ လှုံချင်သလောက်လှုံ၊ ကြာချင်သလောက်ကြာ၊ နောက်ဆုံး ရထား လွတ်မှာကိုလည်း မပူရတော့ဘူး။ အိမ်ထောင်ဖက်တွေကို လိမ်နေစရာလည်း မလိုတော့ဘူး။

ဒီလိုနဲ့ ဆောင်းဦး ဝင် လာခဲ့တယ်။ လေကလည်း အေးသထက် အေးလာတယ်။ လူသားစားတဲ့ ကြောင်စုန်းတွေ သတင်းဖတ်ရတာ အဲဒီအချိန်ပေါ့။ ဂျပန် ဧကရာဇ် ကျန်းမာရေး အခြေအနေ ဆိုးဝါးတော်မူနေသည် ဆိုတဲ့ သတင်း လည်း တွေ့ပါ့။ ဒါပေမဲ့ ဂျပန်နဲ့ ပါတ်သက်ပြီး နှစ်ယောက်လုံး စိတ်အဝင်စားဆုံးက ငွေလဲနှုန်းပဲ။ ဂျပန်ယန်းနဲ့ ဂရိ ဒရတ်ခ်ျမာ လဲနှုန်းပေါ့။ ယန်းငွေက တန်ဖိုးမြင့်နေတုန်းပဲ။ ဒါ နှစ်ယောက်လုံး အတွက် အရေးကြီးတယ်။ ယန်းမာလေ၊ ပိုက်ဆံ ပိုရလေ၊ ကြာကြာနေနိုင်လေပေါ့။

ကြောင်စုန်းသတင်း ဖတ်ပြီး သုံးလေးရက်လောက်ကြာတော့ ဘာရယ်မဟုတ် အီဇူမီကို ပြောမိတယ်။
“ဟိုနေ့က ကြောင်သတင်းဖတ်ရတော့ ငယ်ငယ်တုန်းက ဘယ်လို ပျောက်သွားမှန်းမသိတဲ့ ကိုယ့်ကြောင် အကြောင်း တောင် သတိရမိတယ်”

အဲဒီတုန်းက အီဇူမီဟာ ဂရိ ဘာသာကျမ်းနဲ့ မျက်နှာ မခွာစတမ်း အပြင်းအထန် လေ့လာနေချိန်ပေါ့။ ဒါပေမဲ့ ကြောင် အကြောင်းကြားတော့ စိတ်ဝင်စားသွားတယ်ထင်တယ်။

“ဘယ်လို ပျောက်သွားတာလဲ၊ ပြောပါဦး”

“အဲဒီတုန်းက ကိုယ် နှစ်တန်းလား၊ သုံးတန်းလား မသိဘူး၊ ကိုယ်တို့မိသားစုက ပန်းခြံအကြီးကြီးပါတဲ့ အိမ်တစ်လုံး မှာ နေကြတာ၊ ကုမ္ပဏီက ပေးထားတဲ့ အိမ်ထင်တာပဲ၊ ပန်းခြံထဲမှာ ဧရာမ ထင်းရူးပင်ကြီး တစ်ပင် ရှိတယ်။ ဘယ်အချိန် ကတည်းက စိုက်ထားမှန်းတောင်မသိဘူး၊ မြင့်လိုက်တာမှ ထိပ်ဖျားတောင် မမြင်ရဘူး၊ တစ်နေ့တော့ ကိုယ် အိမ် နောက်ဖေး ဝရံတာမှာ စာဖတ်နေခဲ့တယ်၊ မြက်ရိတ်တဲ့ ကားကလေးက ပန်းခြံထဲမှာ စက်နှိုးထားတယ်။ အဲဒီအချိန်မှာ အိမ်ကကြောင်လေ၊ ဘယ်လို ဖြစ်မှန်းမသိဘူး၊ ဝုန်းကနဲ ခုန်ထလိုက်တယ်၊ အမြီးကြီးလည်း ဖွားလို့၊ တစ်ကိုယ်လုံး လည်း အမွှေးတွေ ထောင်လို့၊ သူ့ကို ကြည့်ရင်းနဲ့ တစ်မျိုးကြီးဖြစ်လာတယ်၊ ကြောက်စရာကြီး၊ အဲဒီကြောင်ဟာ ပန်းခြံထဲ ခုန်ဆင်း သွားပြီး ထင်းရူးပင်ကြီးကို တစ်ပါတ်ပြီး တစ်ပါတ် ပါတ်နေတယ်။ ပြီးလည်း ပြီးရော သစ်ပင်ပေါ် ကုတ်တက် သွားလိုက်တာ ချက်ခြင်းပဲ အမြင့်ကြီး ရောက်သွားရော၊ ဟိုး အမြင့်ကြီးက ထင်းရူးကိုင်းပေါ်မှာ သူ့မျက် နှာလေးကို သေးသေးလေး မြင်ရတော့တယ်၊ တစ်ကိုယ်လုံးတုန်ပြီး အမွှေးတွေ ထောင်နေတုန်းပဲ။ ကြောင်က ထင်းရူးကိုင်းနောက်မှာ ပုန်းရင်း တစ်ခုခုကို ချောင်းနေသလိုပဲ၊ ကိုယ် သူ့ကို ပြန်ခေါ်တာပေါ့၊ နာမည်လည်းခေါ်၊ မီမီ မီမီ လည်းခေါ် အမျိုးမျိုးခေါ်ပေမဲ့ လှည့်တောင် မကြည့်ဘူး”

“သူ့ ကြောင် နာမည်က ဘာတဲ့လဲ”

“မသိတော့ဘူး၊ မမှတ်မိတော့ဘူး၊ ဒီလိုနဲ့ တစ်ဖြည်းဖြည်း မှောင်လာရော၊ ဒါနဲ့ပဲ စိုးရိမ်လာပြီး ထင်းရူးပင်အောက်ကနေ ထိုင်စောင့်နေလိုက်တယ်။ သူဆင်းလာတဲ့အချိန် ချော့ရအောင်လိုပေါ့၊ နောက်ဆုံး မိုးကြီးသာ စုပ်စုပ်ချုပ်သွားတယ်၊ ကြောင်က ပြန်ဆင်း မလာတော့ဘူး၊ အဲဒီအချိန်ကတည်းက သူ့ကို နောက်ထပ် မတွေ့ရတော့ဘူးလေ”

“ဒါ သိပ်ဆန်းတဲ့ ကိစ္စတော့ မဟုတ်ဖူး၊ ကြောင်တွေဟာ တစ်ခါတစ်လေ ဒီလိုပဲ အိမ်က ပျောက်သွားတတ်တယ်၊ အိမ် ပူရင် ကြောင်မနေဘူးလို့ ဆိုကြတာကိုး၊ သူများလည်း သေချာတော့ မသိဘူး၊ အိမ်က ထွက်သွားပြီးရင် ကြောင်ဆိုတဲ့ အမျိုးဟာ အိမ်ပြန်မလာတတ်တော့ဘူးတဲ့၊ ကြည့်ရတာ ညကျတော့ အောက်ပြန်ဆင်းပြီး သူတို့အိမ်က ထွက်ပြေး သွားတာ နေမှာပေါ့”

“အဲသလို ထင်ရ တာပဲ။ အဲဒီတုန်းကတော့ ကလေးမို့လို့လား မသိပါဘူး၊ ဒီကြောင်ဟာ သစ်ပင်ပေါ်မှာပဲ တစ်သက်လုံး နေလိုက် တော့တယ် လို့ ထင်ခဲ့တယ်။ အောက်ပြန်ဆင်းမလာတာ သူ့မှာ အကြောင်းပြချက် တစ်ခုခု ရှိလိမ့်မယ် လို့လဲ တွေးမိ ခဲ့တယ်။ နေ့တိုင်းနေ့တိုင်း ထင်းရူးပင်ကိုင်းတွေကို ထိုင်ကြည့်နေမိခဲ့တယ်၊ သူ့ကိုများ ပြန်တွေ့ဦးမလား လို့ပေါ့”

အီဇူမီ့ ကြည့်ရတာ စိတ်ဝင်စားပုံ မရတော့ဘူး။ နှစ်လိပ်မြောက် ဆလမ်ကို သူ စသောက်နေပြီ။ ရုတ်တရက် သူက လှမ်းမေး လိုက်တယ်။

“သူ့ သားကို သတိ မရဘူးလား” တဲ့။
ရုတ်တရက် ဘယ်လို ပြန်ဖြေရမှန်းတောင် မသိပါဘူး။

“အမြဲတမ်းတော့ မဟုတ်ပါဘူး၊ တစ်ခါတစ်လေပေါ့” လို့ ကြည့်ကောင်းအောင် လိမ်လိုက်ရတယ်။
“သားကို သူ မတွေ့ချင်ဘူးလား”
“တစ်ခါ တစ်လေ တော့လည်း တွေ့ချင်တာပေါ့”

အလိမ် အညာ စကားပဲ။ ခြေဆုံး ခေါင်းဆုံး မုသာ ဝါဒ ချည်းပဲ။ တကယ်က သားကို လွမ်းလိုက်တာ သေမတတ်ပဲ။ ကိုယ့်ဖက် ကိုယ်ယက်တယ် ပြောပြော သားဟာ ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံး ကလေးပဲ။ အိမ်ပြန်ရောက်တိုင်း သားအခန်းပဲ အရင်ဝင်ဖြစ်တယ်။ အိပ်ပျော်နေတဲ့ သူ့မျက်နှာလေးကို ချောင်းကြည့်လိုက်ရမှ အမောတွေ ပြေသွား သလိုပဲ။ တစ်ခါတစ်လေတော့လည်း ချစ်လွန်းလို့ အတင်းကို ဖြစ်ညှစ်ပစ်လိုက်ချင်တယ်။ ကျိုးကြေသွားမှာစိုးလို့သာ မလုပ်ဖြစ်တာလေ။ ခုဆိုရင်- သူ့ မျက်နှာလေး၊ သူ့အသံလေး၊ သူ့လှုပ်ရှားမှုလေးတွေဟာ ရေခြားမြေခြားမှာ ကျန်ရစ် ခဲ့ပြီလေ။ ခုချိန် သူ့အကြောင်း စဉ်းစားလိုက်ရင် အမှတ်အရဆုံးက သူ့ဆပ်ပြာနံ့လေးပဲ။ သူ့ကို အမြဲတမ်း ရေချိုးပေး ဆပ်ပြာ တိုက်ပေး ရတာကိုး။ သူက ဆပ်ပြာတော်တော်များများနဲ့ မတဲ့ဘူး၊ ဒါနဲ့ပဲ သူ့အတွက် အထူး ဆပ်ပြာလေးတွေ ဝယ် ဝယ်ပေးထားခဲ့ရတယ်။ ခုတော့လည်း တစ်ခါက သားဆိုတဲ့ ကလေးငယ်လေး တစ်ယောက်ကို သတိရစရာက ဆပ်ပြာနံ့လေးတွေပဲ ကျန်ခဲ့ပါရောလား။

“သူ ဂျပန် ပြန်ချင်လည်း ပြန်လေ၊ သူများအတွက် စိတ်မပူပါနဲ့၊ သူများ အဆင်ပြေပါတယ်”
အီဇူမီကို ခေါင်းညိတ်ပြလိုက်မိတယ်။ ဒါပေမဲ့ ဘယ်တော့မှ ပြန်ဖြစ်တော့မယ် မထင်ပါဘူး။ စိတ်ထဲက သိနေသလိုပါပဲ။
“သူ့သားလေ၊ ကြီးလာခဲ့ရင် သူ့အကြောင်း ဘယ်လို စဉ်းစားမလဲ မသိဘူးနော်၊ ထင်းရူးပင်ပေါ်တက်ပြေးပြီး ပျောက် ခြင်းမလှ ပျောက်သွားတဲ့ ကြောင်လိုပဲ သူ့အဖေလည်း ပျောက်ချင်းမလှ ပျောက်သွားတယ်လို့ ထင်နေမလား မသိဘူး နော်”
“ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ” မရယ့်ချင်ရယ်ချင် ရယ်ရင်း ပြန်ပြောလိုက်ရတယ်။ ထင်းရူးပင်ပေါ်တက်ပြေးရင်း ပျောက်ခြင်းမလှ ပျောက်သွားတဲ့ ကြောင်လိုတဲ့။
အီဇူမီက ဆေးလိပ်ကို ပြာခွက်ထဲ ထိုးချေရင်း-
“အိမ်ပြန်ရအောင်၊ အိပ်ကြစို့” လို့ ပြောလိုက်တယ်။
“ဘယ်နှယ့် မနက်ခင်းကြီး အိမ်ပြန်ရအောင် အိပ်ကြစို့တုန်း”
“ဘာဖြစ်တုန်း”
“ဘာမှ မဖြစ်ပါဘူး၊ အိပ်ချင်လည်း အိပ်ရုံပေါ့”


သန်းခေါင်လောက်မှာ ရုတ်တရက် လန့်နိုးလာတယ်။ ဘေးကို လှည့်ကြည့်လိုက်တော့ အီဇူမီ မရှိဘူး။ နာရီလှမ်းကြည့် တော့ ဆယ့်နှစ်နာရီခွဲ။ မီးဖွင့်လိုက်တယ်။ အခန်းထဲမှာ ဘာမှ မထူးခြားဘူး၊ တိတ်ဆိတ်လိုက်တာလည်း လွန်ပါရော။ ပြာခွက်ထဲမှာ စီးကရက် အစီခံ နှစ်ခု တွေ့တယ်။ ဆေးလိပ်မရှိတော့တဲ့ ဆလမ် ဘူးခွံတစ်ခုလည်း အနားမှာ။ အိပ်ယာ ထဲက ထပြီး ဧည့်ခန်းဖက်သွားကြည့်တယ်။ မရှိ၊ မီးဖိုခန်း၊ ရေချိုးခန်း၊ ဟင့်အင်း-မရှိ။ ဘယ်များသွားနေပါလိမ့်နော်။ အိမ်တံခါး ဖွင့်ကြည့်လိုက်တယ်။ လရောင်အောက်မှာ အိမ်ရှေ့ ဝရံတာမှာချထားတဲ့ ထိုင်ခုံလေး နှစ်ခုံပဲတွေ့တယ်။

“အီဇူမီ” တိုးတိုးလေး ခေါ်ကြည့်လိုက်တယ်။ ဘာသံမှ မကြားဘူး။ ဒီတစ်ခါ ခပ်ကျယ်ကျယ် အော်ခေါ်လိုက်တယ်။ မထူးခြားဘူး။ ရုတ်တရက် ရင်တွေ တဒိန်းဒိန်း ခုန်လာလိုက်တာ။ ဒီခြောက်ကပ်ကပ်၊ ကျယ်လောင်လောင် အသံကြီး က ငါ့ အသံမှ ဟုတ်ရဲ့လား။ ပင်လယ်ဖက်က လေညှင်းကလေး တစ်ချက် သုတ်ကနဲ တိုက်လိုက်တာ ပမ်းပက်စ် မြက် ဖျားလေးတွေ ယိမ်းနွဲ့ ကွေးညွတ်သွားခဲ့တယ်။ အိမ်တံခါး ပြန်ပိတ်၊ မီးဖိုထဲဝင်ပြီး ဝိုင်တစ်ခွက် မြန်မြန်သောက်ချ လိုက် တယ်။

လရောင်က မီးဖိုခန်း ပြူတင်းပေါက်က တစ်ဆင့် အထဲကို ဇွတ်တိုးဝင်လာပြီး နံရံမှာ အရိပ်မည်းကြီးတွေ ထင်နေတယ်။ မြင်ကွင်း တစ်ခု လုံးက အသံတိတ် အရိပ်ကဇာတ် ကပြနေသလို ပါပဲ။ ဒီမြင်ကွင်းမျိုးကို ရင်းရင်းနှီးနှီး မြင်ဖူးနေတယ်။ သေချာတယ်။ မြင်ကို မြင်ဖူးတယ်။ ဟုတ်ပြီ- မှတ်မိပြီ။ ထင်းရူးပင်ပေါ် ကုတ်တက်ပြီး ကြောင် ပျောက်ချင်းမလှ ပျောက် သွားခဲ့တုန်းကလည်း ဒီလို လပြည့်ညမျိုးပဲ။ လရောင်က ဖြာကြပြီး အရိပ်မည်းကြီးတွေ နေရာအနှံ့ ထင်နေခဲ့တာပဲ။ အဲ ဒီညက ညစာ စားပြီးပြီးချင်း ထင်းရူးပင်အောက်မှာ သွားထိုင်နေခဲ့တယ်။ ညနက်လေ၊ လသာလေ၊ မပြတ်တမ်း အပင် ပေါ် မော့ကြည့် နေရင်းက ထင်းရူးကိုင်းတွေကြားထဲမှာ ဝင်းဝင်းတောက်နေတဲ့ ကြောင်မျက်လုံးတွေကို မြင်ခဲ့ရသလို ပါပဲ။ တကယ်မြင်ခဲ့တာလား၊ စိတ်ထင်တာလားတော့ သေချာ မသိခဲ့ဘူး။ ခုထိလည်း မသိပါဘူးလေ။

ဆွယ်တာတစ်ထည်ကောက်ဝတ်၊ ဂျင်းဘောင်းဘီပြန်ဝတ်ပြီး စားပွဲပေါ်က အကြွေစေ့တွေ ဆွယ်တာအိတ်ထဲထည့်၊ အပြင် ထွက်လာခဲ့ လိုက်တယ်။ ကြည့်ရတာ အိပ်မပျော်လို့ သူ လမ်းလျှောက်ထွက်သွားတယ် ထင်တယ်။ လေက လည်းငြိမ်လိုက်တာလေ၊ အုတ်ခင်းလမ်းတစ်လျှောက် လျှောက်လာတဲ့ ကိုယ့်ဖိနပ်သံကို ပရိသတ် ခြောက်ချားအောင် ဇွတ်အတင်းလုပ်ထားတဲ့ ရင်သိမ့်တုန် ရုပ်ရှင်တွေထဲက အသံအတိုင်း အကျယ်ကြီး ကြားနေရတယ်။ ကြည့်ရတာ အီဇူမီ ဆိပ်ကမ်းဖက် သွားတယ် ထင်တယ်။ ဆိပ်ကမ်းဖက်သွားတဲ့ လမ်းက တစ်လမ်းပဲ ရှိတာဆိုတော့ သူပြန်လာရင် လည်း လွဲစရာ အကြောင်းမရှိဘူး။ လမ်းတစ်လျှောက်ကလည်း မှောင်မည်းလို့။ လရောင်ဆမ်းသော လမ်းနဲ့ အိမ်မည်း မည်းတွေကို မြင်ရတာ ပင်လယ်ကြမ်းပြင်က မြင်ကွင်းကို မြင်နေရသလိုပါပဲ။

ဆိပ်ကမ်းဖက်သွားနေတုန်း နားထဲမှာ ဂီတသံတွေ လိုလို ကြားမိလို့ ခဏ ရပ်လိုက်တယ်။ ငါ့အကြားအာရုံတွေများ မှောက်မှားပြီး ကြားချင်ရာ လျှောက်ကြားနေသလားပေါ့။ မဟုတ်ဘူး။ တကယ်ကို သံစဉ် တစ်ခုကို တီးခတ်နေတဲ့ ဂီတ သံကို အပီအပြင် ကြားတာ။ ဘာနဲ့တီးနေမှန်းတော့မသိဘူး၊ မယ်ဒလင်လား၊ ဂစ်တာလား၊ ဘင်ဂျိုလား၊ ဟို အန်တိုနီ ကွင်း ကြီး ကခဲ့တဲ့ ဇော်ဘာသည်ဂရိ ဆိုတဲ့ တီးလုံးနဲ့လည်း ခပ်ဆင်ဆင်လိုပဲ။ ဒါနဲ့ နေစမ်းပါဦး၊ ညသန်းခေါင်ကြီး ဒါကို ဘယ်သူ တီးနေသလဲ။ ဘယ်နားမှာလဲ။

လတ်စသတ်တော့ ဂီတသံက နေ့တိုင်း တက်နေကြ တောင်ပေါ်ရွာလေးက ထွက်လာတာကိုး။ ဘာလုပ်ရမှန်း မသိ တာနဲ့ လမ်းဆုံ လမ်းခွမှာ ခဏ ရပ်နေမိတယ်။ ကြည့်ရတာ အီဇူမီလည်း ဒီနေရာလောက်မှာ ရပ်ရင်းက ဒီဂီတသံကို ကြားမှာပေါ့။ ကြားတော့ ဘာလုပ်မလဲ။ သူသွားမှာပေါ့။

ဒါနဲ့ပဲ ညာဖက်ချိုးလိုက်တယ်။ နေ့တိုင်းတက်နေကျမို့ အကျွမ်းတဝင် ရှိလှတဲ့ တောင်ခြေကို ရောက်လာခဲ့တယ်။ တောင်တက်လမ်း က သစ်ပင်တွေ အုပ်အုပ် ဆိုင်းဆိုင်း၊ မှိုင်းမှိုင်း ညှို့ ညှို့  ဆိုတာမျိုးတော့ မဟုတ်ဘူး။ ဒူးလောက် ရှိတဲ့ ဆူးခြုံတွေပဲ ရှိတယ်။ တောင်ပေါ်တက်လေ၊ ဂီတသံက ပိုကျယ်လာလေပဲ။ ကြည့်ရတာတော့ တောင်ပေါ်ရွာ ကလေးမှာ ပွဲလမ်းသဘင် ဆင်ယင် ကျင်းပ နေပုံပဲ။ သြော်-အေး- ဟုတ်မှာပေါ့။ ဒီမနက်ပဲ ဆိပ်ကမ်းမှာ မင်္ဂလာပွဲ တစ်ခု ကျင်းပနေတာကို တွေ့ခဲ့ တာကိုး။ ဒါ မင်္ဂလာ ညစာ စားပွဲ နေမှာပေါ့။

ဒီ အချိန်၊ အဲဒီ တစ်ခဏ အချိန်လေး အတွင်းမှာပဲ ဘယ်လို ဖြစ်သွားမှန်း မသိဘူး။ ကိုယ့်ကိုယ်ကို ပျောက်ကွယ် သွား သလို ခံစားလိုက်ရတယ်။ ဘာဖြစ်နေတာလဲ။ ဘယ်လိုဖြစ်တာလဲ။ လရောင်ကြောင့်လား၊ သန်းခေါင်ယံ ဂီတသံ ကြောင့်လား၊ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သဲဝဲထဲ နစ်ဝင်သွားသလို မြုပ်မြုပ်သွားတယ်။ ငါဘာဖြစ်တာလဲ။ ငါဆို တာရော ဘယ်သူလဲ။ လေယာဉ်ပေါ်မှာတုန်းကလို ခံစားချက်မျိုးတွေ ပြန်ဖြစ်လာခဲ့တယ်။ ခု လရောင်အောက်မှာ လမ်းလျှောက်နေတဲ့ ခန္ဓာကိုယ်ကြီးဟာ ငါ မဟုတ်ဖူး၊ ငါ့ကို တုပြီး ထုဆစ်ထားတဲ့ ပလာစတာ အရုပ်ကြီး။ မျက်နှာကို လက်နဲ့ ပွတ်လိုက်မိတယ်။ မျက်နှာက ငါ့မျက်နှာမဟုတ်သလို လက်ကလည်း ငါ့လက် မဟုတ်တော့ဘူး။ နှလုံးက လည်း သွေးတွေကို မော်တာနဲ့ ပန်းထုတ်နေသလားအောက်မေ့ရအောင် အခုန်မြန်လာတယ်။ တကိုယ်လုံးလည်း ကျည်ဆန်ရထားအမြန်နှုန်းနဲ့ သွေးတွေ စီးနေသလို ခံစားနေရတယ်။ ပလာစတာရုပ်က ခံစားတတ်တယ်လား။ ပလာ စတာ ရုပ်ရော ဟုတ်ရဲ့လား။ မှော်ဆရာတစ်ယောက်ယောက်က မန်းမှုတ် အသက်သွင်းလိုက်တဲ့ ဗူးဒူး မှော်ဝင် အရုပ် များလား။ ဒါဆို တကယ့်ငါက ဘယ်မလဲ။ တကယ့် ဘဝက ဘယ်မလဲ။ ငါဆိုတဲ့ အရုပ်ကြီးကတော့ ခုထိ လှုပ်နေ ရှားနေတုန်းပဲ။ သူများကြိုးဆွဲရာကတဲ့ ရုပ်သေးရုပ်လို လှုပ်ရှားနေတာများလား။ ဒီလိုဆိုရင်တော့ ဇာတ်ဆရာ အလိုကျ ပေါ့။ သူသေဆိုသေပေါ့။ သူရှင်ဆိုရှင်ပေါ့။ ဘာဟာငါလဲ။ ငါဟာ ဘာလဲ။ ငါဟာ ရှိသလား။ မရှိဘူးလား။


ဒီအချိန်မှာပဲ ဘယ်က ထွက်လာမှန်း မသိလောက်အောင် အရပ်ရှစ်မျက်နှာ ပဲ့တင်ထပ်နေတဲ့ အီဇူမီရဲ့ ညုတုတု အသံ ကို ကြားလိုက်ရတယ်။
“သူမသိဘူးလား။ သူ အစစ်က ကြောင်စုန်းတွေ စားသွား ပြီလေ။ သူဒီမှာရပ်နေတုန်း ငတ်ကြီးကျနေတဲ့ ကြောင်စုန်း တွေက သူ့ကို စားတော့တာပေါ့၊ နောက်ဆုံးတော့ အရိုးပဲ ကျန်ခဲ့တော့တာပေါ့ သူရယ်”
ချာချာလည်သွားအောင် လှည့်ပါတ်ကြည့်လိုက်ပေမဲ့ ဘာဆို ဘာမှ မတွေ့။ ကျောက်လမ်းကလေးရယ်၊ ဆူးခြုံဖုတ် တွေရယ်၊ လရောင်အောက်က သူတို့ရဲ့ အရိပ်မည်းတွေရယ် ဒါပဲတွေ့တယ်။ ဒါပေမဲ့ အီဇူမီ့ အသံကတော့ ကြားနေသလို ပဲ။ ကြည့်ရတာ ဒီအသံဟာ ခေါင်းထဲက ထွက်လာပုံပဲ။

ကဲ-တော်ကွာ။ သောက် မဟုတ်က ဟုတ်က တွေ မတွေးစမ်းနဲ့၊ တောင်ကြီး ဖဝါးအောက်၊ လှိုင်းကြီး လှေအောက်တဲ့၊ ဆိုင်ဆိုင် မဆိုင်ဆိုင် ကိုယ့်ကိုယ်ကို အားပေးလိုက်မိတယ်။ တစ်ခုခု အစစ်အမှန် ဖြစ်မဲ့ဟာကို ရှာကြည့်စမ်း။ ရုတ်တရက် ခုနက အိတ်ထဲထည့်လာခဲ့တဲ့ အကြွေစေ့လေးတွေကို သတိရတယ်။ စမ်းကြည့်တော့ ချွေးစေးတွေ ပြန်နေ တဲ့လက်တွေက အကြွေစေ့တွေကို စမ်းမိတယ်။ ဒီအချိန်မှာပဲ တစ်ချိန်တုန်းက အစစ်အမှန် ဖြစ်ခဲ့ဖူးတဲ့ အရာတွေက လည်း အတွေးထဲကို တားမနိုင်၊ ဆီးမရ ဝင်လာခဲ့တယ်။ တိုကျို၊ ယူနိုကီ မှာ ရှိခဲ့တဲ့ တိုက်ခန်း၊ ဘာမှ မတတ်နိုင်လို့ ထားပစ်ခဲ့ရတဲ့ တစ်သက်လုံး စုလာတဲ့ ဂျပ်စ် ဂီတ အယ်လ်ဘမ်တွေ။ ဘာရယ်မဟုတ်ဘူး၊ ၁၉၅၀ နဲ့ ၁၉၆၀ ကြားက ဂျပ်စ် စန္ဒယားသမားတွေ လန်နီ ထရစ်တန်နို၊ အယ်လ်ဟိတ်၊ ကလောဒီ ဝီလီယမ်ဆမ်၊ လောလီဗီ၊ ရပ်စ် ဖရီးမန်း တို့ ရဲ့ အယ်လ်ဘမ် တွေကို စွဲစွဲ လန်းလန်း စုခဲ့ဖူးတယ်။ တကယ့်ကို အချိန်ကုန် ငွေကုန် လူပန်းခံ အဟောင်းဆိုင်တကာ လှည့်ပြီးကို စုတာ။ သူတို့လက်ရာတွေက ပထမတန်းစား မို့လို့လား၊ အသည်းစွဲ ကြိုက်လွန်းလို့လား၊ ဘာအကြောင်း ကြောင့်မှန်း သေချာ မသိပေမဲ့ အဲဒီတုန်းက မရရင် သေတော့မလို မစားနိုင် မအိပ်နိုင် စုခဲ့တာတော့ သေချာတယ်။ ပထမတန်းစား မဟုတ်ရင် မစုရတော့ဘူးလား။ လူတိုင်းက အကောင်းဆုံး အညွန့်ဆုံး ပထမတန်းစားဆိုတာကိုပဲ လုပ် လို့ ကြိုက်လို့ စုလို့ ရှိရင် ပထမတန်းစားတွေချည်း ပြည့်နေတဲ့ ကမ္ဘာဟာ သောက်ကျိုးနည်းအောင် ပျင်းစရာကောင်း လိမ့်မယ်လို့ ထင်တာပဲ။ ဒါပေမဲ့ ခု အဲဒီ အယ်လ်ဘမ်လေးတွေကို ပြန်မြင်ရပါဦးမလား။ တကယ်တော့လည်း တစ်သက် လုံး ပြန်မြင်ရစရာ အကြောင်းမှ မရှိတော့ပဲ။ ဘယ်တော့မှလည်း အဲဒီသီချင်းသံတွေကို ပြန်ကြားရတော့မယ် မထင်ပါ ဘူးလေ။

အီဇူမီကို စစချင်း အကြင်နာပေးမိတော့ သူ့ဆီက ဆေးလိပ်နံ့ရတာကို ချက်ခြင်း သတိထားမိတယ်။ သူ့နှုတ်ခမ်းရဲ့ အထိ အတွေ့တွေ၊ သူ့ လျှာဖျားလေးရဲ့ စိုစွတ်ခြင်းတွေ။ မျက်စိကို ပိတ်ထားလိုက်မိတယ်။ အီဇူမီ အနားမှာ ရှိနေစေချင် လိုက်တာ။ လေယာဉ်ပျံပေါ်မှာ တဆတ်ဆတ်တုန်နေတုန်းက လက်ကို ဆုပ်ထားသလိုပေါ့။ တစ်သက်လုံး လက်ပြန် မလွှတ်လိုက်ပါနဲ့လား အီဇူမီရယ်။

ခုတော့လည်း ခုနက အတွေးတွေလား၊ အာရုံတွေလား၊ ဘာမှန်းမသိတဲ့ အမြင်ပေါက်မှုတွေလား၊ အဲဒါတွေဟာ လှိုင်း တစ်ခုလို ကိုယ်ထဲကနေ ဖြတ်ထွက်သွားခဲ့တယ်။ ဘာဂီတသံမှလည်း မကြားရတော့ဘူး။

သူတို့ မတီးကြ၊ မမှုတ်ကြတော့ဘူးလား။ အေးလေ- ညတစ်နာရီတောင် ထိုးလုပြီကိုး။ ဒါမှ မဟုတ် အစတည်းက ဘာ ဂီတသံမှ မရှိခဲ့တာလား။ ဒါလည်း ဖြစ်နိုင်တာပဲလေ။ ခုတော့ ကြားရတာတွေကိုရော၊ မြင်ရတာတွေကိုပါ ဘာဆို ဘာမှ မယုံရဲတော့ပါဘူး။ ခုနေ မျက်စိ မှိတ်လိုက်ရင် အစစ်အမှန် ဘဝကိုပဲ ပြန်ရောက်သွားမလား၊ ဆုံးစမဲ့ အမှောင်ထုကြီး ထဲ ကိုပဲ ကျွံကြသွားမလား။ မပြောတတ်ဖူး။ ဘာသံမှ မကြားတော့တာတော့ လောလောဆယ် အမှန်ပဲ။

နာရီကို ကြည့်လိုက်မိတယ်။ ဟင်-နာရီမှ မပတ်ခဲ့ပဲ။ ကဲလေ- ဘယ်အချိန်ရှိရှိ ခုမှတော့ ဘာအရေးတုန်း။ ကောင်းကင် ကို မော့ကြည့်လိုက်မိတယ်။ ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ ပေးမယ်ဆိုတဲ့ ဖိုးလမင်းကြီးဟာ ထိန်ထိန်တောက်လို့၊ အမှန်တော့ အဲဒီ ဖိုးလမင်းကြီး ဆိုတဲ့ ဟာကြီးဟာ ကျောက်တုံး အေးအေးကြီး တစ်တုံး မဟုတ်လား။ နှစ်ပရိစေတ္တ ကြာလှပြီ မို့လို့ ပဲ့တဲ့နေရာပဲ့၊ ရွဲ့ တဲ့ နေရာ ရွဲ့ ဖြစ်နေတဲ့ ကျောက်လုံးကြီးပဲ။ သူ့မျက်နှာပြင်က အမည်းကွက်ကြီးတွေက ကင်ဆာ ပြန့်နေတာနဲ့တောင် တူသေး။ ဒါပေမဲ့လည်း လရောင် ရွှန်းမြ ညတစ်ညဟာ လူ့စိတ်ကို လှည့်စားတတ်သတဲ့။ ကြောင်တွေကို ပျောက်ဆုံးစေသတဲ့။ အီဇူမီကိုလည်း ပျောက်ဆုံးစေသလား လရောင်ရယ်။ ဒါမှမဟုတ် ဒါဟာ အသေ အချာ ဇာတ်ညွှန်းရေး စီစဉ် ကပြနေတဲ့ တစ်ညစာ ပြဇာတ် တစ်ပုဒ်များလား။

အညောင်းဆန့်လိုက်တယ်။ ခုဘာဆက်လုပ်ရမလဲ။ တောင်ပေါ်ဆက်တက်မလား။ အိမ်ပြန်မလား။ အီဇူမီရော ဘယ် ရောက်သွားပြီလဲ။ ဒီတစ်သက် သူပြန်ရော ရောက်လာဦးမှာလား။ သူပြန်မလာခဲ့ရင် ဒီ ကျွန်းစုတ်ပေါ်မှာ တစ်ယောက် တည်း ဘာလုပ်နေရမလဲ။

တောင်ပေါ် ဆက်တက်လာမိပါတယ်။ ဒီလောက်တက်ပြီးမှတော့ တောင်ထိပ်ကို ရောက်ခဲ့သင့်တာပေါ့။ တောင်ထိပ် က ရွာမှာ တကယ်ပဲ ဧည့်ခံပွဲ ရှိနေခဲ့သလား။ ဂီတသံရော ကြားခဲ့ရသလား။ ဘာပဲဖြစ်ဖြစ် မျက်စိနဲ့ ကိုယ်တိုင် မြင်ရမှ သိမပေါ့။

နောက်ငါးမိနစ်လောက်ကြာတော့ တောင်ထိပ် ရောက်သွားတယ်။ ပင်လယ်၊ ဆိပ်ကမ်းနဲ့ ခု အိပ်မောကျနေတဲ့ တစ် ကျွန်းလုံးကို ဆီးမြင်နေရတဲ့ တောင်ထိပ်လေ။ ကမ်းနားလမ်းက လမ်းမီးလေးတွေကို လှမ်းမြင်နေခဲ့ရတယ်။ ဟိုဖက် အခြမ်းကတော့ ပိန်းပိတ်အောင် မှောင်လို့ပေါ့။ ဘာပွဲမှလည်း မရှိဘူး။ ဘာဂီတမှလည်း တီးခဲ့၊ မှုတ်ခဲ့ကြပုံ မရပါဘူး။ တစ်ရွာလုံး တိတ်လို့၊ ဆိတ်လို့။

အိမ်ပြန်လာခဲ့ရပြီ။ ရောက်ရောက်ချင်း ဘရန်ဒီ တစ်ဖန်ခွက် အပြည့်ဌဲ့ပြီး မော့ချလိုက်တယ်။ အိပ်ပစ်လိုက်ချင်ပေမဲ့ ဒီ အခြေအနေနဲ့ ဘယ်လိုလုပ် အိပ်ပျော်ပါ့မလဲ။ အရှေ့ ကောင်းကင်က ရောင်နီ ပျို့ လာချိန်အထိ လရောင်ရဲ့ ဖမ်းစားခြင်း ကို ခံနေလိုက်တယ်။ စိတ်တိုင်းကျ ဖမ်းစားစမ်းပါစေ။ အဲဒီအချိန်မှာပဲ အလုံပိတ်ထားတဲ့ တိုက်ခန်းထဲက သေလောက် အောင် ဆာလွန်းလို့ ကြောင်စုန်းဘဝ ပြောင်းသွားတဲ့ ကြောင်သုံးကောင်ရဲ့ ပုံသဏ္ဍာန်တွေကို မျက်စိထဲ ကွက်ကွက် ကွင်းကွင်း မြင်လာတယ်။ ဟင်- သေနေတဲ့လူက ငါကိုယ်တိုင်ပါလား။ ငါကသေပြီး ကြောင်စုန်းတွေက ရှင်နေတယ်။ ငါ့ အသားကို သူတို့ စားနေကြပြီ။ ငါ့နှလုံးကို သူတို့ ကိုက်ဖဲ့နေကြပြီ။ ငါ့သွေးတွေကို သူတို့ စုပ်နေခဲ့ကြပြီ။ အမလေး- စား လိုက် ဝါးလိုက်ကြတာ၊ ငယ်ပါတောင် ချမ်းသာမပေးပါကလား။ ဦးနှောက်တွေကို တစ်ပြက်ပြက် သူတို့ လျှက်နေတဲ့ အသံတောင် ကြားမိသေး။ မက်ကဗတ်ရဲ့ စုန်းအိုမသုံးယောက်လို ကြောင်စုန်း သုံးကောင်ဟာ ငါ့ခေါင်းခွံကိုခွဲပြီး ငါ့ ဦးနှောက်တွေကို ပွဲတော်တည်နေပါပေါ့လား။ ဦးနှောက်ကို လျှက်နေတဲ့ သူတို့လျှာတွေရဲ့ ကြမ်းရှရှ အထိအတွေ့ဟာ အတွေးတွေကို တုန်ကနဲ၊ ကြင်ကနဲ ဖြစ်ဖြစ်သွားစေတယ်။ လျှာနဲ့ တစ်ချက် လျှက်လိုက်တိုင်း သိစိတ်တွေဟာလည်း တစ်ဖြည်းဖြည်း ခန္ဓာကိုယ်ကနေ ဖယ်ခွာသွားနေသလိုပါပဲ။ နောက်ဆုံးတော့ လုံးဝကို မှိန်ပျောက် နိဂုံးချုပ်သွားခဲ့တယ် လေ။


(Man-Eating Cats by Haruki Murakami (Translated, from Japanese by Philip Gabriel.).
Mirrored from: သင့်လူ ဘာသာပြန် – သင့်လူ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s