လမ်းအိုလေး

Løøps of Resistance …

ကြောင်တွေရဲ့ မြို့ (တေဇာ – လရောင်လမ်း)

3 Comments

ကြောင်တွေရဲ့ မြို့ (ဟာရူကီ မူရာကာမီ)

Town of Cats

တကယ်တော့ ကြောင်တွေရဲ့မြို့ဆိုတာ မရှိဘူးလို့ နောက်ဆုံးမှာ သူ သဘောပေါက်သွားတယ်။ ဒီနေရာဟာ သူပျောက်ဆုံးဖို့အတွက် သတ်မှတ်ထားတဲ့ နေရာပဲ။ ဒါဟာ သူ့တစ်ယောက်တည်းအတွက် ရည်ရွယ်ပြင်ဆင်ထားတဲ့ အခြားကမ္ဘာတစ်ခုပဲ။ ပြီးတော့ သူလာခဲ့တဲ့ ကမ္ဘာဆီကို သူ့ကို ပြန်လည်သယ်ဆောင်သွားဖို့အတွက် ရထားဟာ ဒီဘူတာမှာ နောက်တစ်ခါ၊ ဒါမှမဟုတ် ဘယ်တော့မှ ရပ်တော့မှာ မဟုတ်ဘူး။

ဘာသာပြန် – တေဇာ | Mirrored from: လရောင်လမ်း
Image source: The New Yorker



ခိုရန်းဂျိဘူတာကို ဆိုက်လာတဲ့ ‘ချို’လိုင်း အမြန်ရထားပေါ် တန်ဂို တက်ခဲ့တယ်။ ကားပေါ်မှာ လူတစ်ယောက်မှ မရှိတော့ဘူး။ ဒီနေ့အတွက် သူ အစီအစဉ်ဆွဲထားတာ မရှိဘူး။ ဘယ်သွားသွား ဘာလုပ်လုပ် (ဒါမှမဟုတ် ဘာမှ မလုပ်ဘဲနေနေ) အကုန် သူ့စိတ်ကူးထဲမှာပဲ ရှိတယ်။ အချိန်က လေငြိမ်နေတဲ့ နွေနံနက်ခင်း ဆယ်နာရီ၊ နေက ခြစ်ခြစ်တောက် ဖြာကျနေတယ်။ ခရီးသည်တွေ ဆင်းတဲ့အချိန်မှာ တန်ဂိုလည်း အများနည်းတူ လိုက်ဆင်းခဲ့တယ်။ နောက်တော့ ခုံတန်းတစ်ခုမှာထိုင်ရင်း သူ ဘယ်ကိုသွားရကောင်းမလဲဆိုတာ တစ်ချက်စဉ်းစားတယ်။ ငါသွားချင်တဲ့နေရာ သွားလို့ရတယ်လို့ သူ့ကိုယ်သူ စိတ်ထဲက ပြောနေမိခဲ့တယ်။ ဒီနေ့တော့ ပူမယ့်ပုံပဲ၊ ပင်လယ်ကမ်းစပ်ကိုသွားရင် ကောင်းမယ်လို့ သူတွေးမိခဲ့တယ်။ ခေါင်းမော့ပြီးတော့ လမ်းညွှန်မြေပုံကို သူကြည့်ခဲ့တယ်။

ဒီအချိန်မှာပဲ သူဘာတွေလုပ်နေမိသလဲဆိုတာ သူ့ကိုယ်သူ ပြန်သတိပြုမိခဲ့တာ။ ခေါင်းကို တစ်ကြိမ်နှစ်ကြိမ်ယမ်းပစ်လိုက်ပေမယ့် သူ့ခေါင်းထဲကအတွေးကတော့ လွင့်မသွားဘူး။ ခိုရန်းဂျိကနေ `ချို´လိုင်း ရထားပေါ်တက်လာကတည်းသူ သူ့မသိစိတ်ကနေ ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်ပါလိမ့်မယ်။ သက်ပြင်းတစ်ချက်ရှိုက်ပြီး ခုံတန်းပေါ်က သူ ထလိုက်တယ်။ နောက်တော့ ချီကုရကိုသွားမယ့် အမြန်ဆုံး ခရီးစဉ်ဆိုပြီး ဘူတာဝန်ထမ်းကို သူ မေးတယ်။ အဲဒီလူက ရထားအချိန်ဇယားစာအုပ်ထူကြီးထဲက စာရွက်တွေကို တဖျပ်ဖျပ်လှန်တယ်။ တတဲယကိုသွားမယ့် ၁၁ နာရီခွဲ အထူးရထားကိုစီးပြီး အဲဒီကတဆင့် ရထားပြောင်းစီးရမယ်၊ ချီကုရကို နှစ်နာရီစွန်းစွန်းလောက်မှာ ရောက်လိမ့်မယ်လို့ ဘူတာဝန်ထမ်းက ပြောတယ်။ ဒါနဲ့ တန်ဂိုလည်း တိုကျို-ချီကုရ အသွားအပြန်လက်မှတ် ၀ယ်လိုက်တယ်။ နောက်တော့ ဘူတာစားသောက်ဆိုင်တစ်ခုကို သူသွားပြီး ထမင်းဟင်းနဲ့ အသီးအရွက်တစ်ပွဲ မှာစားတယ်။

တကယ်တော့ သူ့အဖေနဲ့သွားတွေ့ဖို့ဆိုတာ ကသိကအောက်နိုင်တဲ့ ကိစ္စပဲ။ သူ့အနေနဲ့ အဖေ့ကို ဘယ်တုန်းကမှ သိပ်သဘောကျခဲ့တာမဟုတ်သလို အဖေကလည်း သူ့ကို ထူးထူးခြားခြား ချစ်တာမျိုး မရှိခဲ့ဘူး။ လွန်ခဲ့တဲ့ လေးနှစ်လောက်က သူ့အဖေ ပင်စင်ယူခဲ့တယ်။ အဲဒါပြီးသိပ်မကြာဘူး ချီကုရက သိမှုစံလွဲဝေဒနာရှင်တွေကို အထူးပြုကုသတဲ့ ရိပ်သာကို ရောက်သွားခဲ့တာပဲ။ အဲဒီနေရာကို တန်ဂိုရောက်ဖူးတာ နှစ်ကြိမ်ထက်မပိုဘူး။ ပထမအကြိမ်က သူ့အဖေ ရိပ်သာကို ၀င်ဝင်ချင်း၊ လုပ်ထုံးလုပ်နည်းအရ တန်ဂိုရှိနေဖို့ လိုအပ်လို့ပဲ။ တန်ဂိုက သူ့မှာရှိတဲ့ တစ်ဦးတည်းသော ဆွေမျိုးကိုး။ ဒုတိယအကြိမ်လည်း လုပ်ငန်းသဘောအရ တန်ဂိုရှိနေဖို့ လိုအပ်လို့ပဲ။ စုစုပေါင်း အဲဒီနှစ်ကြိမ်ပဲ တန်ဂိုရောက်ခဲ့ဖူးတယ်။

ရိပ်သာက ကမ်းရိုးတန်းအနီးက မြေကွက်ကျယ်ကြီးပေါ်မှာ ရှိတယ်။ ရှင်းရှင်းသန့်သန့် သစ်သားအဆောက်အဦဟောင်းတွေနဲ့ သုံးထပ်ဘိလပ်မြေတိုက်အသစ်ကြီး တွဲစပ်ထားပုံက အချိုးသိပ်မကျလှဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီနေရာမှာ လေကောင်းလေသန့်ရတယ်၊ ပြီးတော့ လှိုင်းပုတ်သံတွေကလွဲလို့ အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်နေတတ်တယ်။ ပန်းခြံရဲ့အစွန်းဖက်တစ်လျှောက်မှာ ပင်လယ်လေကို ကာကွယ်ပေးတဲ့ ထင်းရှူးပင်စိုက်ခင်းတစ်ခု ကြွားကြွားရွားရွား ရှိနေတယ်။ ပြီးတော့ ရိပ်သာရဲ့ ဆေးဘက်ဆိုင်ရာ ၀န်ဆောင်မှုတွေက ပြောစရာမရှိဘူး။ သူ့ ကျန်းမာရေး အာမခံငွေ၊ အငြိမ်းစား အပိုဆုကြေး၊ စုဆောင်းငွေတွေနဲ့ ပင်စင်လစာတွေအားလုံး ပေါင်းလိုက်ရင် တန်ဂို့အဖေအဖို့ ကျန်တဲ့သူ့ဘ၀တစ်လျှောက်လုံး ဒီနေရာမှာ အတော်သက်တောင့်သက်သာ နေသွားနိုင်ပါတယ်။ သူ့အနေနဲ့ အမွေရယ်လို့တော့ ကြီးကြီးမားမား ချန်ထားကောင်းမှ ထားခဲ့နိုင်မယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ သူ့အတွက် ကရိကထမများရဘူး။ ဒီအတွက်တော့ တန်ဂို ကျေးဇူးတင်မဆုံးဘူး။ သူ့ဆီက တစ်ခုခု ရယူဖို့၊ ဒါမှမဟုတ် သူ့ကို တစ်ခုခုပေးဖို့ဆိုတာကို တန်ဂို စိတ်မ၀င်စားဘူး။ သူတို့နှစ်ယောက်ဟာ လုံးဝခြားနားတဲ့ နေရာတွေက လာကြပြီး လုံးဝခြားနားတဲ့အရပ်ဆီကို ဦးတည်နေကြတဲ့ သီးခြားလူသားနှစ်ဦးပဲ။ တိုက်ဆိုင်မှုကြောင့် ဘ၀ရဲ့ နှစ်ကာလအချို့မှာ အတူရှိနေခဲ့ကြရတယ်၊ ဒါထက် မပိုဘူး။ ဒီလိုဖန်လာခဲ့ရတယ်ဆိုတာက ရှက်စရာကောင်းနေမလားတော့ မသိဘူး၊ ဒါပေမဲ့ တန်ဂို့အနေနဲ့လည်း ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှမတတ်နိုင်ဘူး။

ငွေရှင်းပြီးတော့ တတဲယာမ ရထားကိုစောင့်ဖို့ တန်ဂို ပလက်ဖောင်းကို လာခဲ့တယ်။ သူနဲ့အတူစီးရမယ့် ခရီးဖော်တွေကတော့ ကမ်းခြေကို ခရီးထွက်မယ့် ပျော်ရွှင်နေပုံရတဲ့ မိသားစုတစ်စုပဲ။

လူအများစုက တနင်္ဂနွေနေ့ကို အနားယူတဲ့နေ့လို့ ယူဆကြတယ်။ သူ့ကလေးဘ၀တစ်လျှောက်လုံးတော့ တန်ဂို့အနေနဲ့ တနင်္ဂနွေနေ့ကို ပျော်စရာနေ့တစ်နေ့ရယ်လို့ မစဉ်းစားခဲ့ဖူးဘူး။ သူ့အတွက်တော့ တနင်္ဂနွေနေ့ဟာ အမှောင်ခြမ်းကိုပဲ မြင်နေရတဲ့ အနေအထားပျက် လတစ်စင်းလိုပဲ။ စနေတနင်္ဂနွေပိတ်ရက်တွေ ရောက်ပြီဆို သူ့ခန္ဓာကိုယ်ဟာ နှေးကွေးလေးလံ ကိုက်ခဲပြီး အစာစားချင်စိတ် ပျောက်နေတတ်တယ်။ တနင်္ဂနွေနေ့ မရောက်ပါစေနဲ့တောင် သူဆုတောင်းခဲ့ဖူးတယ်၊ ဒါပေမဲ့ သူ့ဆုတောင်း တစ်ခါမှမပြည့်ခဲ့ပါဘူး။

တန်ဂို ကလေးဘ၀က သူ့အဖေက NHK သတင်းဌာနရဲ့ လစဉ်ကြေးတွေကို သွားကောက်ရတဲ့အလုပ် လုပ်ခဲ့တယ်။ NHK ဆိုတာက အစိုးရပိုင်နီးနီးလို့ ဆိုရမယ့် ဂျပန်နိုင်ငံရဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြား ကွန်ယက်ကြီးပဲ။ တနင်္ဂနွေနေ့တိုင်း တစ်အိမ်ပြီးတစ်အိမ် ငွေလိုက်ကောက်တဲ့အခါ သူက တန်ဂိုကို ခေါ်သွားလေ့ရှိတယ်။ သူ မူကြိုစတက်ချိန်ကစလို့ ငါးတန်းရောက်တဲ့အထိ တစ်လျှောက်လုံး တန်ဂို ဒီလိုအမြဲတမ်း မပျက်မကွက် လိုက်ခဲ့ရတယ်။ အခြား NHK ငွေကောက်သူတွေ တနင်္ဂနွေနေ့မှာ အလုပ် လုပ်,မလုပ်တော့ တန်ဂိုမသိဘူး။ သူမှတ်မိသလောက် သူ့အဖေကတော့ တနင်္ဂနွေနေ့တွေတိုင်းမှာ ငွေလိုက်ကောက်နေခဲ့ရတာချည်းပဲ။ တစ်ခုရှိတာက သူ့အဖေက သူ့အလုပ်ပေါ် သာမန်ထက်ပိုတဲ့ အလေးထားမှုမျိုးရှိတဲ့ လူ။ တနင်္ဂနွေနေ့ဆိုတာက တခြားနေ့တွေမှာ အပြင်ထွက်နေတတ်တဲ့လူတွေကို ဖမ်းမိနိုင်တဲ့နေ့မျိုး မဟုတ်လား။

တန်ဂို့ရဲ့အဖေမှာ သူ့ကို ခေါ်သွားရတဲ့အကြောင်းရင်းတွေ အများအပြားရှိပါတယ်။ ကလေးတစ်ယောက်တည်း အိမ်မှာချန်ထားလို့ မဖြစ်တာကလည်း တစ်ကြောင်းပဲ။ ကြားရက်တွေနဲ့ စနေနေ့တွေမှာ ကျောင်း၊ ဒါမှမဟုတ် နေ့ကလေးထိန်းဂေဟာကို တန်ဂို သွားနေလို့ရတယ်။ ဒါပေမဲ့ အဲဒီနေရာတွေကလည်း တနင်္ဂနွေနေ့တွေဆို ပိတ်တယ်။ တန်ဂို့အဖေရဲ့ စကားအရတော့၊ နောက်အချက်တစ်ခုက အဖေတစ်ယောက်အနေနဲ့ သူဘာအလုပ်လုပ်နေသလဲဆိုတာ သူ့သားကိုပြဖို့ရာ အရေးကြီးသတဲ့။ ကလေးတစ်ယောက်ဟာ သူ့ကို ဘယ်လိုအလုပ်မျိုးက ထမင်းကျွေးထားသလဲဆိုတာကို ခပ်စောစော သိသင့်တယ်။ ဒါမှ အဲဒီကလေးဟာ အလုပ်ရဲ့ အရေးပါမှုကို သဘောပေါက်နိုင်မယ်တဲ့။ တန်ဂို့အဖေဟာ လူမှန်းသိတတ်စအရွယ်ကတည်းက သူ့ရဲ့အဖေ၊ တန်ဂို့အဘိုးရဲ့ ယာတောမှာ တနင်္ဂနွေနေ့တွေမှာလည်း အခြားနေ့တွေလိုပဲ အလုပ်လုပ်နေခဲ့ရတာ။ အလုပ်များတဲ့ ရာသီတွေဆိုရင် သူ့ကို ကျောင်းထုတ်ထားလိုက်တယ်။ သူ့အတွက်တော့ ဒါဟာ ဘ၀ပေးအခြေအနေပဲ ဖြစ်ခဲ့တယ်။

တန်ဂို့အဖေရဲ့ တတိယနဲ့ နောက်ဆုံး အကြောင်းပြချက်ကတော့ ပိုပြီးပညာပါတဲ့တစ်ခုလို့ ဆိုရမယ်။ ဒါကြောင့်လည်း သူ့သားလေးရဲ့နှလုံးသားမှာ သေရာပါမယ့်အမာရွတ်ကို ထင်ကျန်စေခဲ့တာပဲ။ တန်ဂို့အဖေဟာ ကလေးသေးသေးကလေး အတူပါလာတာက သူ့အလုပ်ကို ပိုမိုလွယ်ကူစေတယ်ဆိုတာ ကောင်းကောင်းသတိပြုမိခဲ့တယ်။ ကျသင့်ငွေကို မသွင်းသေးဘူးလို့ ဆုံးဖြတ်ထားတဲ့လူတွေတောင် ကောင်လေးကသူတို့ကို ငေးကြည့်နေတဲ့အခါ အိတ်ကပ်ထဲက ပိုက်ဆံတွေ ထွက်ကျလာတတ်တယ်။ ဒါကြောင့်ပဲ ငွေအတောင်းရခက်တဲ့ အိမ်တွေကို တန်ဂို့အဖေက တနင်္ဂနွေနေ့တွေမှာ သွားဖို့ အကွက်ချထားတယ်။ သူ့အဖေက သူ့ကို ဘယ်အခန်းကဏ္ဍက ပါဝင်ကပြဖို့ မျှော်လင့်ထားတယ်ဆိုတဲ့အချက်ကို အဲဒီလူမမယ်အရွယ် ကလေးတည်းက တန်ဂို ရိပ်မိခဲ့တယ်။ ရိပ်မိလို့လည်း အဲဒီအဖြစ်ကို အလွန်မုန်းတီးခဲ့တယ်။ ဒါပေမဲ့လည်း တစ်ဖက်မှာ သူ့အဖေကျေနပ်စေဖို့ သူက တတ်နိုင်သမျှ သနားစရာကောင်းအောင် သရုပ်ဆောင်ပေးဖို့လိုတယ်လို့ ခံစားရပြန်တယ်။ သူ့အဖေ ကျေနပ်တယ်ဆိုရင် အဲဒီနေ့မှာ သူ့ကို လိုက်လိုက်လျောလျော ဆက်ဆံတတ်တယ်။ ဆိုပါတော့၊ သူ့အဖေရဲ့ ဆန်တောင်းတဲ့အလုပ်မှာ သူက မျောက်လိမ္မာလေးပေါ့။

တန်ဂို့အတွက် စိတ်သက်သာရာရစရာ တစ်ခုက သူ့အဖေ ငွေလိုက်ကောက်ရတဲ့ လုပ်ကွက်တွေဟာ သူတို့အိမ်နဲ့ အတော်လေး လှမ်းနေတဲ့အချက်ပဲ။ သူတို့နေတာက အီချီကာဝါမြို့ရဲ့ ဆင်ခြေဖုန်းလူနေရပ်ကွက်မှာ၊ သူ့အဖေ ငွေကောက်ရတဲ့နေရာတွေက မြို့လယ်ခေါင်တည့်တည့်မှာ။ ဒီလိုဆိုတော့လည်း အနည်းဆုံး သူ့ကျောင်းက အတန်းဖော်တွေရဲ့ အိမ်တွေကို ငွေသွားကောက်ရတဲ့အဖြစ်မျိုးနဲ့ မကြုံရတော့ဘူးပေါ့။ တခါတလေမှာတော့ မြို့လယ်ကောင် လူစည်ကားရာအရပ်မှာ လျှောက်လာရင်း သူ့အတန်းဖော် တစ်ယောက်တလေနဲ့ တိုးမိတတ်သေးတယ်။ အဲလိုတွေ့ရင် သူက သူ့အဖေရဲ့နောက်ကို ရုတ်တရက်ကွယ်ပြီး သူ့ကိုမမြင်အောင် ပုန်းတတ်တယ်။

တနင်္လာကျောင်းဖွင့်ရက်တွေကျရင် သူ့ကျောင်းက သူငယ်ချင်းတွေက အရင်နေ့က ဘယ်သွားဘာလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းတွေကို တက်တက်ကြွကြွ ပြန်ပြောလေ့ရှိတတ်ကြတယ်။ အပန်းဖြေ ကစားကွင်းတွေ၊ တိရိစ္ဆာန်ဥယျာဉ်တွေ၊ ဘေ့စ်ဘောပွဲတွေ စသည်ဖြင့် ပြောကြတယ်။ နွေရာသီမှာဆို ရေကူး၊ ဆောင်းရာသီဆို နှင်းလျှောစီး၊ စုံလို့ပဲ။ ဒါပေမဲ့ တန်ဂို့အတွက်တော့ ပြောစရာမရှိဘူး။ တနင်္ဂနွေနေ့တွေမှာ မနက်ကနေ ညနေအထိ သူနဲ့သူ့အဖေဟာ ကိုယ်နဲ့မသိတဲ့လူစိမ်းတွေရဲ့ အိမ်တံခါးဝတွေမှာ လူခေါ်ခေါင်းလောင်းကို တီးနေကြရတယ်။ တံခါးလာဖွင့်ပေးတဲ့လူဆီက ပိုက်ဆံကောက်ပြီးရင် ဦးညွှတ်အရိုအသေပေးရတယ်။ တကယ်လို့ ပိုက်ဆံမပေးချင်တဲ့လူနဲ့ တိုးခဲ့ရင် သူ့အဖေက အဲဒီလူကို ချော့တစ်ခါခြောက်တစ်လှည့် လုပ်ရတယ်။ ပိုက်ဆံမပေးချင်လို့ ကွေ့ပတ်ပြီးပြောနေပြီဆိုရင် သူ့အဖေအသံက ကျယ်လာတယ်။ တစ်ခါတလေကျရင် အဲဒီလိုလူမျိုးတွေကို သူ့အဖေက ဆဲပစ်တတ်သေးတာ။ ဒီလို အတွေ့အကြုံတွေကျတော့ တန်ဂို့အနေနဲ့ သူငယ်ချင်းတွေကို ဖောက်သည်ချလို့ကောင်းတဲ့ ကိစ္စမျိုးတွေ မဟုတ်ဘူး။ ပညာတတ်မိဘတွေရဲ့ လူလတ်တန်းစား ကလေးတွေ အကြားမှာ တန်ဂိုဟာ သူစိမ်းပြင်ပြင် အဖြစ်မျိုး ခံစားလာရတယ်။ ကံကောင်းတာက ကျောင်းစာမှာရော အားကစားမှာပါ သူ့ အဆင့်တွေက ထူးချွန်နေတာပဲ။ ဒီတော့လည်း သူဟာ သူစိမ်းဖြစ်နေတယ်ဆိုရင်တောင် အကျဉ်ခံတော့ မဟုတ်ခဲ့ပြန်ဘူး။ နေရာအတော်များများမှာ သူ့ကို လေးစားမှုနဲ့ ဆက်ဆံကြပါတယ်။ ဒါပေမဲ့ တနင်္ဂနွေနေ့မှာ တစ်ယောက်ယောက်က သူ့ကို တစ်နေရာရာသွားဖို့ဖြစ်ဖြစ်၊ အိမ်လိုက်လည်ဖို့ဖြစ်ဖြစ် ဖိတ်ခေါ်ခဲ့ရင်တော့ သူ အမြဲတမ်းငြင်းခဲ့ရတယ်။ ဒါနဲ့ မကြာခင်မှာပဲ သူ့ကို ဘယ်သူကမှ မဖိတ်ကြတော့ဘူး။


အလုပ်ကြမ်းသမား အများစုနေထိုင်တဲ့ တိုဟိုကုနယ်က တောင်သူယာလုပ်မိသားစုရဲ့ တတိယသားအဖြစ်မွေးဖွားလာတဲ့ တန်ဂို့အဖေဟာ လူမှန်းသိတတ်စကတည်းက သူ့အိမ်ကို စွန့်ခွာခဲ့တယ်။ ၁၉၃၀ ၀န်းကျင်နှစ်တွေမှာ အစိုးရချပေးတဲ့ လယ်မြေတွေဆီ လယ်သီးစားလုပ်ဖို့သွားတဲ့ အဖွဲ့နဲ့ရောပြီး သူ မန်ချူးရီးယားကို ထွက်ခဲ့တယ်။ မန်ချူးရီးယားဟာ လယ်ယာမြေတွေပေါများကြွယ်ဝလှတဲ့ နိဗ္ဗာန်ဘုံဆိုတဲ့ အစိုးရရဲ့စကားကို ယုံကြည်ခဲ့လို့တော့မဟုတ်ဘူး။ သူ့အနေနဲ့ `နိဗ္ဗာန်ဘုံ´ ဆိုတဲ့ အရာမျိုး ဘယ်နေရာမှာမှ မရှိဘူးလို့ အသေအချာ သိနှင့်ခဲ့ပြီးပြီ။ သူကတော့ ဆင်းရဲငတ်ပြတ်နေရုံပဲ။ အိမ်မှာဆက်နေမယ်ဆိုရင်လည်း သူ အများဆုံးမျှော်လင့်နိုင်တာက အငတ်ငတ်အပြတ်ပြတ် ဘ၀ပဲ။ မန်ချူးရီးယားမှာက သူနဲ့ အခြားသီးစားတွေကို လက်သုံးလယ်ယာပစ္စည်းတွေနဲ့ ကိရိယာအသေးစားလေးတွေ ဖြည့်ဆည်းပေးထားတယ်။ ဒါနဲ့ သူတို့လည်း အဲဒီမြေပေါ်မှာ အတူတကွ ထွန်ယက်ခဲ့ကြတယ်။ တကယ်တော့ လယ်မြေက မြေဆီသြဇာသိပ်ရှိလှတာ မဟုတ်ဘူး။ ကျောက်ထူတယ်။ ဆောင်းတွင်းဖက်တွေမှာ အရာအားလုံး အေးခဲနေတာ။ တစ်ခါတလေများဆိုရင် လမ်းဘေးခွေးတွေကို သူတို့ စားသောက်ကြရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အစပိုင်းနှစ်တွေမှာ အစိုးရရဲ့ ထောက်ပံ့မှုနဲ့အတူ သူတို့ ရှေ့ဆက်နိုင်ခဲ့ကြပါတယ်။ သူတို့ သီးစားလုပ်သားတွေရဲ့ ဘ၀ဟာလည်း တဖြည်းဖြည်းနဲ့ တည်ငြိမ်လာခဲ့တယ်။ ဒါနဲ့ ၁၉၄၅၊ သြဂုတ်လမှာ ဆိုဗီယက်ပြည်ထောင်စုက မန်ချူးရီးယားတစ်နိုင်ငံလုံးကို ကျူးကျော်လာတယ်။ တန်ဂို့အဖေက ဒါကို ကြိုတင်သိထားပြီးသား။ သူနဲ့ တရင်းတနှီးရှိတဲ့ လူတစ်ယောက်က အရာရှိတစ်ဦးပဲ၊ ဒီလိုအခြေအနေမျိုး မလွှဲမရှောင်သာ ဖြစ်လာလိမ့်မယ်လို့ အဲဒီလူဆီက တိတ်တဆိတ် အနံ့ရထားခဲ့တယ်။ ဆိုဗီယက်တပ်ဖွဲ့တွေ နယ်စပ်ကို စ, ၀င်လာပြီလို့ ကြားတဲ့ မိနစ်ပိုင်းအတွင်းပဲ မြင်းပေါ် သူတက်ခွတယ်။ ပြီးတာနဲ့ အနီးဆုံး ဘူတာရုံဆီ ဒုန်းစိုင်းတော့တာပဲ။ ဒါလီယန်ကို ထွက်မယ့် နောက်ဆုံးမတိုင်ခင်အရှေ့ ရထားတစ်စင်းပေါ် တက်တယ်။ သူကလွဲလို့ သူ့အဖော် သီးစားလုပ်သားတွေထဲက စစ်ကြီးမပြီးခင် ဂျပန်နိုင်ငံကို ပြန်လာနိုင်တဲ့လူ တစ်ယောက်မှ မရှိခဲ့ဘူး။

စစ်ကြီးပြီးတော့ တန်ဂို့အဖေဟာ တိုကျိုမြို့ကို ထွက်လာခဲ့တယ်။ အဲဒီမှာ မှောင်ခိုအလုပ်နဲ့ လက်သမားအကူအလုပ်တွေ လုပ်ပြီး အသက်မွေးဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မသေရုံတမည်ပဲ နေနိုင်တယ်။ အာဆာကုစမှာ အရက်လိုက်ဖြန့်တဲ့ အလုပ်သမားအဖြစ် လုပ်နေတုန်းပဲ သူမန်ချူးရီးယားမှာ သိခဲ့တဲ့ အရာရှိ၊ သူ့ရဲ့မိတ်ဆွေဟောင်းကြီးနဲ့ ပြန်တွေ့ခဲ့ရတယ်။ တန်ဂို့အဖေဟာ အလုပ်အကိုင်အတွက် အခက်အခဲဖြစ်နေတယ်ဆိုတာ သိတော့ အဲဒီလူက NHK ရဲ့ ငွေကောက်ခံရေးဌာနက မိတ်ဆွေတစ်ယောက်ဆီကို ထောက်ခံစာရေးပေးနိုင်တယ်လို့ ပြောတယ်။ တန်ဂို့အဖေကလည်း ၀မ်းမြောက်ဝမ်းသာ လက်ခံလိုက်တယ်။ တကယ်တော့ NHK သတင်းဌာနအကြောင်း သူ နကန်းတစ်လုံးမှ မသိဘူး။ ဒါပေမဲ့ ပုံမှန်ဝင်ငွေရတဲ့ ဘယ်အလုပ်မျိုးကိုမဆို သူ ကြိုးစားကြည့်ချင်နေခဲ့တယ်။

NHK ရောက်တော့ တန်ဂို့အဖေဟာ သူ့တာဝန်တွေကို စိတ်ပါဝင်စားစွာနဲ့ ဆောင်ရွက်တယ်။ သူ့ရဲ့အားသာချက်က အခက်အခဲကြုံလာရင် ဇွဲနဘဲကြီးကြီး လုပ်ဆောင်တတ်တာပဲ။ မွေးကတည်းက အဆာပြေရုံလောက်သာ ထမင်းစားခဲ့ရတဲ့လူတစ်ယောက်အနေနဲ့ NHK လစဉ်ကြေးတွေ လိုက်တောင်းရတဲ့အလုပ်က အပန်းကြီးလှတာ မဟုတ်ဘူး။ ဘယ်လောက်ပဲ ဆဲရေးတိုင်းထွာနေပါစေ သူက တစ်စက်ကလေးမှ မှုတဲ့လူမျိုးမဟုတ်ဘူး။ ဒါ့အပြင် အရေးပါတဲ့အဖွဲ့အစည်းကြီးတစ်ခုမှာ ပါဝင်ပတ်သက်နေရခြင်းကလည်း သူ့ကို ကျေနပ်မှုရစေတယ်။ အောက်ဆုံးအဆင့် အဖွဲ့ဝင်အနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ သူ့ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ သဘောထားကတော့ အရမ်း ချွန်ထွက်နေခဲ့တယ်။ ဒါကြောင့် ကော်မရှင်စား ငွေကောက်ဘ၀နဲ့ တစ်နှစ်လောက်လုပ်ပြီးတော့ တရားဝင်ဝန်ထမ်းအဆင့်ကို တိုက်ရိုက်ရွေးချယ်တာ ခံလိုက်ရတယ်။ ဒီလိုရွေးချယ်ခံရတာမျိုးက NHK သမိုင်းမှာ မရှိသလောက်ရှားတဲ့ အောင်မြင်မှုပဲ။ မကြာခင်ပဲ ဌာနပိုင် တိုက်ခန်းမှာ သူ ပြောင်းနေခွင့်ရတယ်။ ပြီးတော့ ကုမ္ပဏီရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကိုလည်း ခံစားခွင့်ရတယ်။ ဒါဟာ သူ့ဘ၀မှာ ရဖူးခဲ့သမျှ အကြီးမားဆုံး အောင်မြင်မှုမှတ်တိုင်ပဲ။

တန်ဂို့အဖေဟာ သူ့ကို ဘယ်တုန်းကမှ ချော့မသိပ်ဖူးဘူး၊ ဘယ်တုန်းကမှလည်း အိပ်ယာဝင်ပုံပြင်တွေ ဖတ်မပြဖူးဘူး။ အဲဒါတွေအစား သူ့ တကယ့်အတွေ့အကြုံ ဇာတ်လမ်းတွေကို ကောင်လေးကို ပြောပြတယ်။ တကယ်တော့ သူက ပုံပြောကောင်းတဲ့သူပဲ။ ကလေးဘ၀နဲ့ပတ်သက်တဲ့ သူ့အကြောင်းအရာတွေဟာ အဓိပ္ပာယ်တွေနက်နဲနေတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ အသေးစိတ်တွေက အသက်ဝင်လှတယ်။ ရယ်စရာမောစရာ၊ စိတ်လှုပ်ရှားစရာ၊ ပြီးတော့ ကြောက်စရာဇာတ်လမ်းတွေ သူ့မှာ အများကြီးရှိတယ်။ ဘ၀ကိုသာ အထဲမှာပါတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေရဲ့ အရောင်ကြွယ်ဝမှုနဲ့ တိုင်းမယ်ဆိုရင် တန်ဂို့အဖေရဲ့ဘ၀ဟာလည်း သူ့အတိုင်းအတာနဲ့သူ အတော်လေး အရောင်စိုတဲ့ ဇာတ်ထုပ်တစ်ခုလို့ ပြောရမယ်။ ဒါပေမဲ့ သူ NHK ၀န်ထမ်းဖြစ်ပြီးနောက်ပိုင်း ဇာတ်လမ်းတွေကို ရောက်သွားတဲ့အခါမှာ အနိမ့်အမြင့်အတက်အကျအားလုံး ပျောက်ဆုံးသွားရတယ်။ သူ အမျိုးသမီးတစ်ဦးကို တွေ့ပြီး လက်ထပ်လိုက်တယ်။ ပြီးတော့ ကလေးတစ်ယောက်မွေးတယ်။ အဲဒါကတော့ တန်ဂိုပဲ။ တန်ဂိုမွေးပြီး လအနည်းငယ်အကြာမှာ သူ့အမေ နာမကျန်းဖြစ်တယ်၊ ပြီးတော့ ဆုံးသွားတယ်။ အဲဒီနောက်ပိုင်းတော့ သူ့အဖေကပဲ NHK မှာ အလုပ်ကို ကြိုးစားပမ်းစားလုပ်ရင်း တန်ဂို့ကို တစ်ကိုယ်တည်း တာဝန်ယူခဲ့တယ်။ အဲ့ဒီမှာ ဆုံးသွားရော။ သူ တန်ဂို့အမေနဲ့ ဘယ်လိုတွေ့မိခဲ့ကြတယ်၊ ဘယ်လို လက်ထပ်ဖြစ်သွားတယ်၊ သူက ဘယ်လိုမိန်းမမျိုးလဲ၊ ဘယ်လိုဖြစ်ပြီး သေသွားတာလဲ၊ သေတုန်းက အလွယ်တကူလား၊ ဒါမှမဟုတ် ဝေဒနာခံစားသွားရသေးလား၊ ဒီလိုမျိုးကိစ္စတွေကို တန်ဂို့အဖေက သူ့ကို တစ်လုံးတစ်ပါဒမှ မပြောပြဖူးဘူး။ သူ မေးဖို့ကြိုးစားတိုင်းလည်း ရေငုံနှုတ်ပိတ်ပဲ လုပ်နေခဲ့တယ်။ များသောအားဖြင့် အဲဒီလိုမေးခွန်းမျိုးက သူ့ကို စိတ်အလိုမကျ ဖြစ်သွားစေတတ်တယ်။ တန်ဂို့အမေရဲ့ ဓာတ်ပုံလေးတစ်ပုံတောင် ကျန်ခဲ့တာမရှိဘူး။

အခြေခံအားဖြင့်တော့ သူ့အဖေရဲ့ ဇာတ်လမ်းတွေကို တန်ဂို ယုံတာမဟုတ်ဘူး။ သူမွေးပြီး လအနည်းငယ်အကြာမှာ သူ့အမေသေသွားခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ သူ အသေအချာ သိခဲ့တယ်။ အမေ့အကြောင်း မှတ်မိတဲ့ သူ့ရဲ့ တစ်ခုတည်းသော မှတ်ဉာဏ်ထဲမှာ သူ့အမေဟာ သူ့အိပ်ယာကလေးဘေးမှာ ရပ်ပြီး သူ့အဖေမဟုတ်တဲ့ အခြားလူတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ရှိနေခဲ့တယ်။ သူ့ရဲ့ ဘလောက်အင်္ကျီကိုချွတ်၊ အတွင်းခံကြိုးတွေကို ဖြည်ချပြီး အဲဒီ သူ့အဖေမဟုတ်တဲ့ အခြားလူကို သူ့ရဲ့ရင်သားတွေကို စုတ်ခွင့်ပြုထားတယ်။ တန်ဂိုက သူတို့ဘေးမှာအိပ်ရင်း အသက်ရှူသံတွေ ထွက်နေတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူ အိပ်ပျော်နေတာတော့ မဟုတ်ဘူး။ သူက သူ့အမေကို ကြည့်နေခဲ့တာ။

ဒါကတော့ တန်ဂို့သိတဲ့ သူ့အမေပဲ။ အဲ့ဒီ ဆယ်စက္ကန့်လောက်ပဲရှိတဲ့ ဇာတ်ကွက်ကလေးဟာ သူ့ဦးနှောက်ထဲမှာ ပြတ်သားမှု အပြည်နဲ့ လောင်ကျွမ်းနေတယ်။ ဒါဟာ သူ့အမေအကြောင်း သူသိရတဲ့ တစ်ခုတည်းသော ခိုင်မာတဲ့ အချက်အလက်ပဲ။ ဒါဟာ သူ့အမေအကြောင်း သူ့စိတ်ထဲက ဆက်စပ်ကြည့်လို့ရတဲ့ တစ်ခုတည်းသော အရာပဲ။ တကယ်တော့ ဒီအဖြစ်အပျက်ဟာ တန်ဂိုနဲ့ သူ့အမေကို ဆက်သွယ်ပေးထားတဲ့ မမြင်ရတဲ့ ချက်ကြိုးတစ်ခုလိုပဲ။ ဒါပေမဲ့ သူ့အဖေကတော့ တန်ဂို့မှတ်ဉာဏ်ထဲမှာ ဒီလို ရှင်းလင်းပြတ်သားတဲ့ ဇာတ်ကွက်တစ်ကွက် ရှိနေတယ်ဆိုတာကို မသိခဲ့ပါဘူး။ ဒါမှမဟုတ်လည်း တန်ဂိုဟာ လယ်ကွင်းထဲက နွားမတစ်ကောင်လို ၀ါးမိသမျှ အပိုင်းအစတွေကို အဆုံးမသတ်နိုင်အောင် ပြန်လည် စမြုံ့ပြန်နေမိတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒီဇာတ်ကွက်ဟာ တန်ဂို့အတွက်တော့ အာဟာရတန်ဖိုး အပြည့်အ၀ရှိတဲ့ အထပ်ထပ်ဝါးနေရမယ့် အစာတစ်ခုလိုပဲ။ ဒီလိုနဲ့ အဖေနဲ့သားဟာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေနဲ့ နက်ရှိုင်း မှောင်မဲနေတဲ့ ရပ်ဝန်းတစ်ခုစီမှာ လှောင်ပိတ်နေခဲ့ကြတယ်။

အရွယ်ရောက်လာတော့ တန်ဂို မကြာခဏစဉ်းစားမိတယ်။ သူ့မြင်ကွင်းမှာ သူ့အမေရဲ့ရင်သားတွေကို စုတ်နေတဲ့ လူငယ်ဟာ သူ့ရဲ့ ဇီဝဗေဒဖခင် (အဖေအရင်း) ဖြစ်နေမလား ဆိုတာပဲ။ ဘာကြောင့်လဲဆိုတော့ တန်ဂိုဟာ သူ့အဖေ၊ NHK ငွေကောက် လူစွမ်းကောင်းကြီးနဲ့ ဘယ်နေရာမှာမှ တူညီတာ မရှိလို့ပဲ။ တန်ဂိုက အရပ်မြင့်မြင့်၊ ထောင်ထောင်မောင်းမောင်း နဖူးကျယ်ကျယ် ရှိတယ်။ နှာတံပေါ်ပေါ်၊ နားရွက်ဝိုင်းဝိုင်း။ သူ့အဖေကျတော့ အရပ်ပုပု၊ ဂင်တိုတိုနဲ့ အထင်ကြီးစရာ တစ်ကွက်မှမရှိတဲ့ ဥပဓိမျိုး။ နဖူးကျဉ်းတယ်၊ နှာခေါင်းပြားတယ်၊ နားရွက်တွေက မြင်းတွေမှာလို ချွန်နေတယ်။ တန်ဂိုက သက်တောင့်သက်သာနဲ့ ဖော်ရွေအေးဆေးတဲ့ ရုပ်ရှိတယ်။ သူ့အဖေက သောကများပြီး၊ ရှူတည်တည် ရုပ်မျိုး။ သူ့တို့နှစ်ယောက်ကို ယှဉ်ပြီးမြင်ရင် လူတွေက သူတို့ရုပ်ရည်ချင်း မတူညီပုံကို အားမနာပါးမနာ မှတ်ချက်ပြုတတ်ကြတယ်။

ဒါနဲ့တောင် တန်ဂို့အတွက် သူ့အဖေကို အဖေအရင်းလို့ သတ်မှတ်ဖို့ ခက်နေတဲ့အချက်က အဲ့ဒီ ရုပ်ပိုင်းဆိုင်ရာတွေချည်းပဲကြောင့်တော့ မဟုတ်ခဲ့ဘူး။ စိတ်နေစိတ်ထားလည်း ပါတယ်။ အသိပညာပိုင်းဆိုင်ရာ စူးစမ်းမှုလို့ ခေါ်ရမယ့် အရိပ်လက္ခဏာတစ်ခုခု သူ့အဖေမှာ လုံးဝမရှိဘူး။ သူ့အဖေဟာ ဆင်းရဲတွင်းထဲမှာ မွေးလာပြီး လုံလောက်တဲ့ အတန်းပညာမရှိခဲ့ဘူးဆိုတာက မှန်ပါတယ်။ ဒီအတွက် တန်ဂိုက သူ့အဖေကို အတိုင်းအတာတစ်ခုအထိ ဂရုဏာသက်မိတယ်။ ဒါပေမဲ့ လူတိုင်းမှာ သဘာဝအားဖြင့်ရှိတတ်တဲ့ စေ့ဆော်မှုလို့ တန်ဂိုယူဆတဲ့၊ ပညာလိုလားတဲ့ အခြေခံဆန္ဒတစ်ခု သူ့အဖေမှာ လစ်လပ်နေတယ်။ သူ့ဆီမှာ သူ့ကို အသက်ဆက်နိုင်အောင် ကူညီပေးခဲ့တဲ့၊ လက်တွေ့ကျတဲ့ အသိပညာအချို့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ တန်ဂိုနားလည်ထားတာကတော့ လောကကြီးကို ပိုမို ကြီးမားကျယ်ပြန့်တဲ့ အမြင်မျိုးနဲ့ကြည့်နိုင်အောင်၊ သူ့ကိုယ်သူ လေးနက်အောင် လုပ်ဆောင်လိုတဲ့ ဆန္ဒမျိုး သူ့အဖေဆီမှာ မရှိဘူးဆိုတာပဲ။ တန်ဂို့အဖေဟာ သူ့ဘ၀လေးရဲ့ လှောင်ပိတ်နေတဲ့ လေထုထဲမှာ ဘယ်တုန်းကမှ မသက်မသာဖြစ်ခဲ့ပုံမပေါ်ဘူး။ သူ စာအုပ်တစ်အုပ်တလေ ကောက်ကိုင်လိုက်တာကိုတောင် တန်ဂို တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ ပြီးတော့ ဂီတတွေ၊ ရုပ်ရှင်တွေကိုလည်း သူ စိတ်မ၀င်စားဘူး။ တစ်ခါမှ ခရီးမထွက်ဘူး။ သူ စိတ်ဝင်စားတဲ့ တစ်ခုတည်းသောအရာက သူ ငွေကောက်ရတဲ့ လမ်းတွေလို ဖြစ်နေတယ်။ သွားရမယ့် နေရာကို မြေပုံဆွဲမယ်၊ ရောင်စုံဘောပင်တွေနဲ့ အမှတ်အသားတွေလုပ်မယ်၊ ပြီးရင် အချိန်အားတိုင်း အဲဒီမြေပုံကို ဇီဝဗေဒပညာရှင်က သက်ရှိဆဲလ်တွေကို လေ့လာနေတဲ့ လေးနက်မှုမျိုးနဲ့ သူ ထိုင်ကြည့်နေပါလိမ့်မယ်။

တန်ဂိုကတော့ သူနဲ့ ဆန့်ကျင်ဖက်ပဲ၊ အရာအားလုံးကို စိတ်ဝင်စားတယ်။ နယ်ပယ်တွေ အများကြီးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို မြေကလော်စက်တစ်ခုလိုပဲ ထိထိရောက်ရောက် သူ စုဆောင်းတယ်။ ကလေးဘ၀အစောပိုင်းကတည်းက သင်္ချာမှာ ဉာဏ်ကြီးရှင်လို့ သူ့ကို သတ်မှတ်ထားခဲ့ကြတာပဲ။ သုံးတန်းအရောက်မှာပဲ အထက်တန်းကျောင်းက သင်္ချာပုစ္ဆာတွေကို သူ ဖြေရှင်းနိုင်နေခဲ့ပြီ။ တန်ဂို့အတွက်တော့ သင်္ချာဆိုတာက သူ့အဖေနဲ့အတူနေရတဲ့ဘ၀က ရှောင်ပြေးဖို့အတွက် အကောင်းဆုံး ယာဉ်တစ်ခုပဲ။ အဲဒီသင်္ချာကမ္ဘာက ရှည်လျားတဲ့ စင်္ကြန်ပေါ်မှာ နံပါတ်စဉ်အတိုင်း အခန်းတံခါးတွေ တစ်ခုပြီးတစ်ခု သူလျှောက်ဝင်နေသလိုပဲ။ သူ့လက်ထဲမှာ သင်္ချာပြဿနာတစ်ခု ပြေလည်သွားပြီဆိုရင် အစစ်အမှန်ကမ္ဘာရဲ့ အကျည်းတန်မှုတွေ ပျောက်သွားမယ်၊ ဒါပဲ။ အဲဒီ အဆုံးအစမရှိတဲ့ သမာဓိအလျင်ကြောမှာ တက်တက်ကြွကြွ သူမျောပါနေနိုင်သရွှေ့ သူ့အတွက်တော့ လွတ်မြောက်နေတာပဲ။

တကယ်တော့ သင်္ချာဟာ တန်ဂို့အတွက် သေသပ်လှပတဲ့ စိတ်ကူးယဉ်အဆောက်အဦတစ်ခုသာဆိုရင် စာပေဟာလည်း ကျယ်ပြန့်လှတဲ့ မှော်ဆန်ဆန်တောအုပ်ကြီးပဲ။ သင်္ချာက မိုးထိအောင် လှေကားထောင်တယ်၊ ဒါပေမဲ့ ပုံပြင်တွေကတော့ သူတို့ရဲ့ တုတ်ခိုင်တဲ့ အမြစ်တွေကို မြေပြင်မှာ နက်နက်စိုက်သွင်းထားပြီး တန်ဂို့ရှေ့မှာ ဖြန့်ကျဲထားသလိုပဲ။ ဒီတောအုပ်မှာဆိုရင် မြေပုံတွေမရှိဘူး၊ တံခါးဆီသွားတဲ့ စင်္ကြန်တွေ မရှိဘူး။ တန်ဂို အသက်ကြီးလာတာနဲ့အမျှ အဲ့ဒီ ဇာတ်လမ်းပမာတောအုပ်ဟာ တန်ဂို့နှလုံးသားကို သင်္ချာကမ္ဘာထက်တောင် ပိုလို့ သိမ်းပိုက်လာခဲ့တယ်။ ၀တ္ထုဖတ်တယ်ဆိုတာကလည်း ထွက်ပြေးခြင်းပုံစံတစ်မျိုးပဲလေ။ စာအုပ်တစ်အုပ်ကို သူ ပိတ်လိုက်တာနဲ့ တစ်ပြိုင်နက် အစစ်အမှန်ကမ္ဘာကို သူ ပြန်ရောက်သွားရတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ၀တ္ထုဖတ်နေရင်းကနေ အစစ်အမှန်ကမ္ဘာကို ပြန်ရောက်ရတာက သင်္ချာတွက်နေရင်းကနေ အစစ်အမှန်ကမ္ဘာကို ပြန်ရောက်ရတာထက် အကျညင်သာတယ်ဆိုတာကို သူ သတိပြုမိခဲ့တယ်။ ဒါဟာ ဘာကြောင့်လဲလို့ သူ လေးလေးနက်နက် စဉ်းစားဖူးတယ်။ သူ အဖြေတစ်ခုရတယ်။ ဇာတ်လမ်းပမာတောအုပ်ထဲက အရာတွေဟာ ဘယ်လောက်ပဲ ရှင်းလင်းသည်ဖြစ်စေ၊ သင်္ချာမှာလို အဖြေတစ်ခု ဘွားဘွားကြီးပေါ်နေတာမျိုး မဟုတ်ဘူး။ အကျယ်ပြန့်ဆုံးအနက်ဖွင့်နဲ့ ပြောရရင် ဇာတ်လမ်းတစ်ပုဒ်ရဲ့ အခန်းကဏ္ဍဟာ ပြဿနာတစ်ရပ်ကို အခြားပုံစံတစ်ခုအနေနဲ့ ထုပ်ပိုးလိုက်ဖို့ပဲ။ အဲဒီပြဿနာရဲ့ သဘာဝနဲ့ ဦးတည်ချက်ကိုလိုက်ပြီး အဖြေတစ်ခုခုကို ပေးကောင်းပေးလိမ့်မယ်။ တန်ဂိုဟာ အဲ့ဒီ အဖြေ၊ ဒါမှမဟုတ် အယူအဆကို လက်မှာပိုက်ပြီး အစစ်အမှန်ကမ္ဘာကို ပြန်ကျလာတတ်တယ်။ ဘာနဲ့တူလဲဆိုတော့ အင်းကွက်ပေါ်က ဖတ်မရတဲ့စာသားတွေပါတဲ့ စာရွက်တစ်ရွက်လိုပဲ၊ လက်တွေ့ကျတဲ့ ပစ္စက္ခရည်ရွယ်ချက်မျိုးတော့ မရှိဘူး။ ဒါပေမဲ့ အဲ့ဒီအပေါ်မှာ ဖြစ်နိုင်ခြေတွေတော့ ကိန်းဝပ်နေတယ်။

စာဖတ်ခြင်းကနေ တန်ဂို နားလည်လာတဲ့ ဖြစ်နိုင်ဖွယ် အဖြေတစ်ခုကတော့ `ငါ့အဖေအစစ်ဟာ အခြားတစ်နေရာမှာ ရှိနေရမယ်´ ဆိုတာပဲ။ ဒစ်ကင်းဝတ္ထုထဲက အကြောင်းမလှတဲ့ ကလေးငယ်တစ်ယောက်လို လူစိမ်းတစ်ဦးရဲ့ လက်ပေါ်မှာ ကြီးပြင်းဖို့ တန်ဂိုဟာ အခုလို ထူးဆန်းတဲ့အခြေအနေတစ်ရပ်မှာ ရောက်နေခဲ့တာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒီဖြစ်နိုင်ခြေဟာ တကယ်တော့ အိပ်မက်ဆိုးကြီးတစ်ခုဆိုလည်း ဟုတ်တယ်၊ မျှော်လင့်ချက်ကြီးတစ်ရပ်ဆိုလည်း မမှားဘူး။ ‘Oliver Twist’ ကို ဖတ်ပြီးတဲ့နောက်မှာတော့ တန်ဂိုဟာ စာကြည့်တိုက်မှာရှိတဲ့ ဒစ်ကင်းရဲ့ စာအုပ်တွဲတွေကို အကုန်မြေလှန်တော့တာပဲ။ ဒစ်ကင်း ဇာတ်လမ်းတွဲတွေမှာ နစ်မျောနေတဲ့ တစ်ချိန်တည်း သူ့ဘာသူ ပြန်လည်စိတ်ကူးတည်ဆောက်ထားတဲ့ သူ့ဘ၀မှာပဲ မျောပါနေမိတော့တယ်။ အဲ့ဒီလို စိတ်ကူးယဉ်မှုတွေဟာ ပိုမိုရှည်လျားပြီး ပိုမိုရှုပ်ထွေးလာခဲ့တယ်။ ပြောရမယ်ဆိုရင် ကျောရိုးကတော့တစ်မျိုးတည်းပဲ၊ ဒါပေမဲ့ အဆင်တွေ မရေတွက်နိုင်အောင် ကွဲသွားတယ်။ အဲဒီစိတ်ကူးတွေအားလုံးထဲမှာ တန်ဂိုဟာ သူ့ကိုယ်သူ ပြောပါလိမ့်မယ်။ သူ့အဖေရဲ့အိမ်ဟာ တကယ်တော့ သူရှိနေရမယ့်နေရာ မဟုတ်ဘူး၊ သူနဲ့သက်ဆိုင်တဲ့နေရာ မဟုတ်ဘူး။ သူဟာ ဒီလှောင်အိမ်ထဲမှာ မှားယွင်းစွာ အကျဉ်းချခံထားရတာ။ တစ်နေ့မှာ သူ့ အစစ်အမှန်မိဘတွေဟာ သူ့ကိုလိုက်ရှာပြီး ကယ်တင်လိမ့်မယ်။ အဲ့ဒီအခါကျရင် အလှပဆုံး၊ အငြိမ်းချမ်းဆုံး၊ အလွတ်လပ်ဆုံး တနင်္ဂနွေနေ့တွေ သူ, ရလာလိမ့်မယ်ဆိုပြီးတော့ပေါ့။

သူ့သား ကျောင်းမှာ အဆင့်တွေကောင်းတာနဲ့ပတ်သက်ပြီး တန်ဂို့အဖေဟာ သူ့ဘာသူ ဂုဏ်ယူလေ့ရှိတယ်၊ ပြီးရင် အိမ်နီးချင်း ပတ်ဝန်းကျင်ကလူတွေကို ကြွားဝါတတ်တယ်။ တစ်ချိန်တည်းမှာ တန်ဂို့ အရည်အချင်းနဲ့ ထက်မြက်မှုနဲ့ပတ်သက်ပြီး မအီမသာဖြစ်တဲ့ အရိပ်အယောင်ကိုလည်း ပြတတ်တယ်။ တန်ဂို သူ့စာကြည့်စားပွဲမှာ ထိုင်နေပြီဆို မကြာခဏဆိုသလို သူ့အဖေဟာ သူ့ကို နှောင့်ယှက်လေ့ရှိတယ်။ ကောင်လေးကို အလုပ်တစ်ခုခု ခိုင်းလိုက်တာမျိုး၊ ဒါမှမဟုတ် အနေအထိုင်မတတ်ဘူးလို့ ဗြစ်တောက်ဗြစ်တောက် ပြောတာမျိုးတွေ လုပ်တတ်တယ်။ သူ့အဖေ ဗြစ်တောက်ဗြစ်တောက် ပြောတဲ့အထဲမှာ ပါတတ်တာတွေကတော့ အမြဲတမ်း အတူတူပါပဲ။ သူကတော့ နေ့တိုင်း သုတ်ဖတ်လည်အောင် အလုပ်လုပ်နေရတယ်၊ ခြေတိုအောင် လမ်းလျှောက်ရင်း လူတကာဆဲသမျှကို ခံရတယ်။ တန်ဂိုကတော့ ဘာမှမလုပ်ဘဲ အချိန်ပြည့် အေးအေးဆေးဆေးပဲ။ သက်တောင့်သက်သာ နေနေရတယ်။ မင်းအရွယ်တုန်းကဆို ငါ့မှာ အသက်ထွက်အောင် အလုပ်လုပ်နေရတယ်။ ငါ့အဖေနဲ့ ငါ့အစ်ကိုတွေက စိတ်မထင်တာနဲ့ အညိုအမဲစွဲအောင် ရိုက်တယ်။ ဘယ်တုန်းကမှ အစား၀၀လင်လင် မကျွေးဘူး။ တိရိစ္ဆာန်တစ်ကောင်လို ဆက်ဆံတယ်။ ဒီတော့ ကျောင်းမှာ အဆင့်တွေ ကောင်းတာလေးတစ်ခုအတွက်နဲ့တော့ မင်းကိုယ်မင်း ဟုတ်လှပြီ ထင်မနေနဲ့၊ ဒီလိုတွေ ပြောတတ်တယ်။

ဒီလူဟာ ငါ့ကို မနာလိုဖြစ်နေတာပဲလို့ တစ်ချက်တစ်ချက်တော့ တန်ဂိုတွေးမိတယ်။ ပုဂ္ဂိုလ်ရေးအရရော၊ ငါဖြစ်လာမယ့် ဘ၀အတွက်ရော သူဟာ ငါ့ကို မနာလိုဖြစ်နေတယ်။ ဒါပေမဲ့ ဖခင်တစ်ယောက်ဟာ သူ့သားအပေါ်မှာ အမှန်တကယ် မနာလိုစိတ် ထားနိုင်ပါရဲ့လား။ အဆုံးအဖြတ်တစ်ခုတော့ တန်ဂိုမပေးခဲ့ဘူး။ ဒါပေမဲ့ သူ့အဖေရဲ့ ကာယကံ၊ ၀ဇီကံတွေကတဆင့် ဖော်ပြနေတဲ့ မခန့်လေးစားနိုင်တဲ့ ညစ်ညမ်းစိတ်ကိုတော့ သူ ခံစားမိခဲ့တယ်။ ဆိုပါစို့ တန်ဂို့အဖေဟာ သူ့ကို လူတစ်ယောက်အနေနဲ့ မုန်းတီးနေတာတော့ မဟုတ်ဘူး။ တန်ဂို့ အတွင်းသား ထဲမှာ တည်ရှိနေတဲ့ တစ်စုံတစ်ရာကို သူ မုန်းတီးနေတာပဲ။ အဲဒါဟာ သူ ခွင့်မလွှတ်နိုင်တဲ့ တစ်စုံတစ်ရာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။


ရထား တိုကျိုဘူတာက ထွက်တော့ သူယူလာတဲ့ စာအုပ်ကို တန်ဂို ထုတ်လိုက်တယ်။ ခရီးသွားခြင်းနဲ့ ပတ်သက်တဲ့ ၀ထ္ထုတိုတွေ စုပေါင်းထားတဲ့ စာအုပ်ပဲ၊ အထဲမှာ `ကြောင်တွေရဲ့ မြို့´ ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါတယ်။ တန်ဂိုသိပ်မရင်းနှီးတဲ့ ဂျာမန်စာရေးဆရာတစ်ယောက် ရေးထားတဲ့ ဇာတ်လမ်းကောင်း တစ်ပုဒ်ပဲ။ စာအုပ်အမှာစာအရဆိုရင်တော့ ဒီဝတ္ထုတိုကို ကမ္ဘာစစ်ကြီးနှစ်ခုကြား ကာလမှာ ရေးခဲ့တာ။

အဲ့ဒီဝတ္ထုတိုထဲမှာ လူငယ်တစ်ဦးဟာ ခြေဦးတည့်ရာအရပ်ဆီ တစ်ကိုယ်တည်း ခရီးသွားနေတယ်။ သူ ရထားစီးတယ်၊ ပြီးရင် သူ ဆင်းချင်တဲ့ဘူတာမှာ ဆင်းတယ်။ အဲဒီမှာ အခန်းငှားမယ်၊ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် လုပ်မယ်၊ ပြီးတော့ သူနေချင်သလောက် နေမယ်။ သူစိတ်တိုင်းကျ နေပြီးပြီဆိုရင် အခြားရထားတစ်စင်းကို ထပ်စီးမယ်။ အားလပ်ရက်ကို ဒီလိုနည်းနဲ့ သူ ဖြတ်သန်းနေတယ်။

တစ်နေ့မှာတော့ ရထားပြတင်းပေါက်ကနေ လှပတဲ့မြစ်တစ်စင်းကို သူ မြင်လိုက်ရတယ်။ နုနုရွရွ အစိမ်းရောင်တောင်ကုန်းတွေကြားမှာ ကွေ့ကောက်တဲ့ ရေစီးကြောင်းနဲ့၊ အဲ့ဒါတွေရဲ့အောက်မှာ ကျောက်တုံးတွေနဲ့ဆောက်ထားတဲ့ တံတားဟောင်းတစ်ခုရှိတဲ့ ချစ်စရာ မြို့ငယ်လေး။ ရထားက အဲ့ဒီမြို့ရဲ့ ဘူတာမှာရပ်တယ်၊ ဒီတော့လည်း လူငယ်က သူ့အထုပ်ကိုယူပြီး ဆင်းလိုက်မိတယ်။ သူကလွဲလို့ အခြားဘယ်သူမှ မဆင်းဘူး။ သူဆင်းပြီးတာနဲ့ ရထားလည်း ဆက်ထွက်သွားတာပဲ။

Town of Cats
အတော်လေးကို ဆိတ်ငြိမ်နေတဲ့ ဘူတာရုံက ၀န်ထမ်းတစ်ယောက်မှတောင် ရှိမနေဘူး။ လူငယ်က တံတားကိုဖြတ်ပြီး မြို့လေးထဲ လမ်းလျှောက်ဝင်လာခဲ့တယ်။ ဆိုင်တွေအားလုံးလည်း ပိတ်ထားတယ်၊ မြို့နယ်ခန်းမက လူသူကင်းမဲ့နေတယ်။ မြို့ရဲ့ တစ်ခုတည်းသော တည်းခိုခန်းရဲ့ စားပွဲမှာလည်း လူတစ်ယောက်မှ မရှိဘူး။ ကြည့်ရတာ ဒီနေရာဟာ လူတစ်ယောက်မှကို မရှိတဲ့ ပုံစံမျိုးပဲ။ လူတွေအားလုံး တစ်နေရာရာမှာ တရေးတမော အိပ်နေကြတာများလား။ ဒါပေမဲ့လည်း အချိန်က မနက်ဆယ်နာရီခွဲပဲ ရှိသေးတယ်။ တရေးတမောအတွက် အရမ်းကို စောသေးတယ်။ ဒါမှမဟုတ် တစ်စုံတစ်ခုကြောင့် လူတွေ မြို့ကို စွန့်ခွာသွားကြတာလား။ ဒီလိုဆိုရင်တော့လည်း သူ့မှာ ရွေးစရာ မရှိတော့ဘူး၊ ဒီညအတွက်တော့ ဒီနေရာမှာ အိပ်ရုံပဲ။ အချိန်ဖြုန်းတဲ့အနေနဲ့ မြို့ကို သူ လှည့်ပတ်ကြည့်နေလိုက်တယ်။

အမှန်တော့ ဒါဟာ ကြောင်တွေရဲ့မြို့ဖြစ်နေတယ်။ နေကျသွားတာနဲ့တစ်ပြိုင်နက်တည်း ကြောင်တွေအများကြီး တံတားကိုဖြတ်ပြီး ချီတက်လာတယ်။ အရောင်အမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုး။ ကြောင်တော့ကြောင်ပဲ၊ ဒါပေမဲ့ သာမန်ကြောင်ထက် အများကြီးပိုကြီးနေတယ်။ လူငယ်ဟာ မြင်ကွင်းကိုကြည့်ပြီး မှင်သက်နေမိတယ်။ မြို့လယ်ခေါင်က ခေါင်းလောင်းစင်ရှိတဲ့ဆီကို သူ အတင်းပြေးပြီး အပေါ်တက် ပုန်းနေလိုက်တယ်။ ကြောင်တွေကတော့ သူတို့အလုပ်သူတို့ စလုပ်တယ်။ ဆိုင်တံခါးတွေကို မ, ဖွင့်တယ်၊ တစ်နေ့တာအလုပ်တွေ စဖို့ ကိုယ့်ထိုင်ခုံမှာ ကိုယ်ထိုင်တယ်။ မကြာမှာခင်ပဲ တံတားကိုဖြတ်ပြီး မြို့ထဲကို ကြောင်တွေအများကြီး ထပ်ရောက်လာတယ်။ ပစ္စည်းတွေဝယ်ဖို့ ဆိုင်တွေထဲကို ၀င်တယ်၊ ရပ်ရွာကိစ္စတွေအတွက် မြို့နယ်ခန်းမကို သွားကြတယ်။ တည်းခိုခန်းက စားသောက်ဆိုင်မှာ ထမင်းစားမယ်၊ ဒါမှမဟုတ် ဘုံဆိုင်မှာ ဘီယာတွေဘာတွေ သောက်မယ်၊ ပြီးရင် ဆူဆူညံညံ ကြောင်သီချင်းတွေ ဆိုကြမယ်။ ကြောင်တွေအနေနဲ့ အမှောင်ထဲမှာ မြင်နိုင်တယ်ဆိုတော့ အလင်းရောင် မလိုသလောက်ပဲ။ ဒါပေမဲ့ အဲ့ဒီညမှာ လ၀န်းကြီးရဲ့ အလင်းရောင်က မြို့ကလေးအပေါ် ဖြန့်ကျနေတယ်။ သူရှိနေတဲ့ ခေါင်းလောင်းမျှော်စင် တန်းကလေးပေါ်ကနေ လူငယ်ဟာ အားလုံးကို အသေးစိတ် မြင်နေရတယ်။ အာရုဏ်ချိန်နီးလာတော့ ကြောင်တွေဟာ အလုပ်သိမ်းတယ်။ ဆိုင်တွေပိတ်တယ်။ ပြီးတော့ တံတားကိုဖြတ်ပြီး အုပ်လိုက်ပြန်ချီတက်သွားကြတော့တာပဲ။

နေထွက်လာတဲ့အချိန်မှာတော့ ကြောင်တွေ တစ်ကောင်မှ မရှိတော့ဘူး၊ မြို့ဟာ အရင်လို ပြန်ပြီး ခြောက်ကပ်သွားတယ်။ လူငယ်က ခေါင်းလောင်းမျှော်စင်ပေါ်က ဆင်းလာတယ်၊ ပြီးတော့ တည်းခိုခန်းက ကုတင်တစ်လုံးပေါ်မှာ အိပ်ပျော်သွားတော့တယ်။ ဗိုက်ဆာလာတော့ တည်းခိုခန်း မီးဖိုချောင်မှာ ကျန်နေတဲ့ ပေါင်မုန့်နဲ့ ငါးကို သူစားတယ်။ မှောင်လာပြီဆိုရင် ခေါင်းလောင်းမျှော်စင်ပေါ်တက်ပြီး ပြန်ပုန်းတယ်။ ကြောင်တွေရဲ့ လုပ်ငန်းဆောင်တာတွေကို အာရုဏ်ချိန်အထိ စောင့်ကြည့်လေ့လာတယ်။ ရထားက ဘူတာမှာ နေမွန်းမတည့်ခင်နဲ့ နေ့လယ်နှောင်းပိုင်းလောက်မှာ ရပ်လေ့ရှိတယ်။ ခရီးသည် အတက်အဆင်းမရှိဘူး။ ဒါပေမဲ့ ရထားကတော့ ဘူတာမှာ တစ်မိနစ်တိတိရပ်တယ်၊ ပြီးရင် ဆက်ထွက်သွားတယ်။ အဲဒီရထား တစ်စင်းစင်းကို စီးပြီး ဒီအထူးအဆန်းကြောင်မြို့တော်ကြီးက သူ ထွက်ခွာသွားနိုင်ပါတယ်၊ ဒါပေမဲ့ သူ ထွက်မသွားခဲ့ဘူး။ ငယ်ရွယ်သူပီပီ သူက စိတ်ဝင်စားမှုနဲ့ တက်ကြွနေတယ်၊ စွန့်စားခန်းအတွက် အဆင်သင့်ဖြစ်နေသလို ခံစားရတယ်။ သူ့အနေနဲ့ ထူးဆန်းတဲ့ အတွေ့အကြုံတွေ ဒီထက်ပိုပြီး မြင်ချင်သေးတယ်။ ဖြစ်နိုင်မယ်ဆိုရင် သူက ဒီနေရာဟာ ဘယ်အချိန်က ဘယ်လို ကြောင်တွေရဲ့မြို့ ဖြစ်သွားခဲ့တာလဲဆိုတာကိုပါ ဖော်ထုတ်ချင်သေးတယ်။

တတိယမြောက်ညမှာတော့ ခေါင်းလောင်းမျှော်စင်အောက်က မြေကွက်လပ်မှာ ပွက်လောရိုက်အသံတွေ ထွက်ပေါ်လာတယ်။ ဟေ့၊ လူအနံ့လိုမျိုးရကြလားလို့ ကြောင်တစ်ကောင်က ပြောတယ်။ ခင်ဗျားအခုလိုပြောလိုက်မှပဲ အခုတစ်ရက်နှစ်ရက်မှာ ယားကျိကျိအနံ့တစ်ခုရနေတယ်လို့ ကျုပ် ထင်လာတယ်လို့ အခြားတစ်ကောင်က သူ့နှာခေါင်းကို ပွစိပွစိလုပ်ရင်း ထောက်ခံလိုက်တယ်။ ငါရောပဲလို့ နောက်တစ်ကောင်က ထပ်ပြောပြန်တယ်။ ထူးဆန်းတယ်၊ ဒီမှာ လူတစ်ယောက်မှ ရှိမနေသင့်ပါဘူး လို့ တစ်ကောင်က ၀င်ပြောတယ်။ ဒါအမှန်ပဲလေ၊ ဒီကြောင်တွေရဲ့မြို့ကို လူတစ်ယောက်မှ ရောက်လာစရာအကြောင်းမရှိဘူး။ ဒါပေမဲ့ အနံ့ကတော့ ဒီမှာရှိနေတာ အသေအချာပဲ။

Town of Cats
ကြောင်တွေဟာ အုပ်စုဖွဲ့လိုက်ပြီး လူနှိမ်နင်းရေးလုပ်ဖို့ မြို့ကို ပိုက်စိတ်တိုက် လိုက်ရှာကြတယ်။ အနံလာတဲ့နေရာဟာ ခေါင်းလောင်းမျှော်စင်ဆိုတာသိဖို့ သူတို့ အချိန်သိပ်မယူလိုက်ရဘူး။ သူတို့ရဲ့ နူးညံ့တဲ့ခြေဖ၀ါးတွေ လှေကားပေါ်တက်လာတဲ့အသံကို လူငယ်ကြားနေရတယ်။ အင်း၊ ငါ့ကိုတော့ မိပြီလို့ သူတွေးနေမိတယ်။ သူ့အနံ့ဟာ ကြောင်တွေကို ဒေါသထွက်အောင် လုပ်နေသလိုပဲ။ ဒီမြို့ဟာ လူသားတွေ ခြေချဖို့နေရာမှမဟုတ်တာ။ ကြောင်တွေက အကြီးကြီး၊ ခြေသည်းလက်သည်းတွေက ချွန်မြနေတယ်၊ အစွယ်တွေက ဖွေးနေတယ်။ သူ့ကိုသာတွေ့သွားရင်တော့ သူ့ကံကြမ္မာကို မတွေးရဲဘူး။ သေချာတာတစ်ခုကတော့ ကြောင်တွေဟာ သူ့ကို ဒီမြို့ကနေ အသက်ရှင်ရက် ပြန်ထွက်သွားခွင့်ပြုမှာမဟုတ်ဘူး ဆိုတာပဲ။

ကြောင်ကြီးသုံးကောင်ဟာ ခေါင်းလောင်းမျှော်စင်ထိပ်ဖျားကို တက်လာပြီး လေထဲကို နှာခေါင်းတရှုံ့ရှုံ့လုပ်တယ်။ ထူးဆန်းတယ်၊ လူနံ့တော့ရတယ်။ ဒါပေမဲ့ တစ်ယောက်မှလည်း မရှိဘူးလို့ ကြောင်တစ်ကောင်က သူ့နှုတ်ခမ်းမွှေးတွေကို တွန့်ပြီး ပြောလိုက်တယ်။

ထူးဆန်းတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ဒီမှာ တကယ်ကို ဘယ်သူမှမရှိတာ။ သွားမယ် တခြားနေရာမှာ သွားရှာကြမယ်လို့ ဒုတိယအကောင်က ပြောတယ်။

ကြောင်တွေဟာ ဇဝေဇ၀ါနဲ့ ခေါင်းတွေကိုပြန်လှည့်ပြီး လှေကားပေါ်က ဆင်းသွားကြတယ်။ သူတို့ခြေသံတွေ ညအမှောင်ထဲ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားတာ လူငယ် ကြားနေရတယ်။ သူ အခုမှ သက်ပြင်းချနိုင်တယ်။ ဒါပေမဲ့ ဘာတွေဖြစ်သွားတာလဲဆိုတာကို သူ တကယ်နားမလည်နိုင်သေးဘူး။ သူ့ကို ကြောင်တွေ ရှာမတွေ့စရာအကြောင်းတော့လည်း မရှိဘူး။ ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် သူတို့ သူ့ကို မမြင်ရဘူး။ ဘာပဲဖြစ်ဖြစ် မနက်မိုးလင်းတာနဲ့ ဘူတာရုံကိုသွားမယ်လို့ သူ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒီမြို့က ရထားစီးပြီး ထွက်ခွာသွားတော့မယ်။ သူ ကံကောင်းသွားတယ်ဆိုတာက ထာဝရတော့ မဖြစ်နိုင်ဘူးလေ။

ဒါပေမဲ့ နောက်တစ်နေ့နံနက်မှာ ရထားက ဘူတာရုံမှာ မရပ်ဘူး။ ရထားက အရှိန်တောင်မလျှော့ဘဲ ဖြတ်မောင်းသွားတာကို သူ ရပ်ကြည့်နေမိတယ်။ နေ့လယ်ရထားလည်း ထို့အတူပဲ။ စက်ခေါင်းတွဲမှာ ထိုင်နေတဲ့ ရထားအင်ဂျင်နီယာကို သူ မြင်နေရတယ်။ ရထားကတော့ ရပ်မယ့်အရိပ်အယောင် မပြဘူး။ လူငယ် ရထားစောင့်နေတာကို ဘယ်သူကမှ မမြင်ရသလိုပဲ၊ ဒါမှမဟုတ် ဒီနေရာမှာ ဘူတာရုံ ရှိနေမှန်းတောင် ဘယ်သူမှ မမြင်ကြရသလိုပဲ။ နေ့လယ်ရထား မြင်ကွင်းက အစအနပျောက်သွားတာနဲ့တစ်ပြိုင်နက် နေရာက ပိုလို့တောင် တိတ်ဆိတ်ငြိမ်သက်သွားတယ်။ နေ၀င်စ ပြုပြီ။ ကြောင်တွေလာတော့မယ့် အချိန်ကို ရောက်ပြီ။ အစရှာမရအောင် သူ ပျောက်ဆုံးသွားပြီဆိုတာကို လူငယ် သိလိုက်တယ်။ တကယ်တော့ ကြောင်တွေရဲ့မြို့ဆိုတာ မရှိဘူးလို့ နောက်ဆုံးမှာ သူ သဘောပေါက်သွားတယ်။ ဒီနေရာဟာ သူပျောက်ဆုံးဖို့အတွက် သတ်မှတ်ထားတဲ့ နေရာပဲ။ ဒါဟာ သူ့တစ်ယောက်တည်းအတွက် ရည်ရွယ်ပြင်ဆင်ထားတဲ့ သီးခြားကမ္ဘာတစ်ခုပဲ။ ပြီးတော့ သူလာခဲ့တဲ့ ကမ္ဘာဆီကို သူ့ကို ပြန်လည်သယ်ဆောင်သွားဖို့အတွက် ရထားဟာ ဒီဘူတာမှာ နောက်တစ်ခါ၊ ဒါမှမဟုတ် ဘယ်တော့မှ ရပ်တော့မှာ မဟုတ်ဘူး။

အဲ့ဒီဝတ္ထုတိုကို တန်ဂို နှစ်ကြိမ်ပြန်ဖတ်မိတယ်။ `သူပျောက်ဆုံးဖို့အတွက် သတ်မှတ်ထားတဲ့ နေရာ´ ဆိုတဲ့ စာသားက သူ့အာရုံကို ဆွဲဆောင်နေတယ်။ စာအုပ်ကို သူ ပိတ်လိုက်တယ်၊ ရထားပြတင်းပေါက်ကဖြတ်ပြီး မှုန်မှုန်မှိုင်းမှိုင်း စက်မှုဇုန်မြင်ကွင်းတွေဆီ သူ့မျက်လုံးကို ရွှေ့ပေးလိုက်တယ်။ သိပ်မကြာခင်ပဲ သူ အိပ်မောကျသွားတယ်။ သိပ်တော့မကြာဘူး၊ ဒါပေမဲ့ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာ။ နိုးလာတော့ သူ ချွေးတွေပျံနေတယ်။ ရထားကတော့ ဘိုဆိုကျွန်းဆွယ်တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက်က နွေခေါင်ခေါင်မှာ ရွှေ့လျားနေဆဲပဲ။


ငါးတန်းကျောင်းသားဘ၀က တစ်မနက်ခင်းမှာတော့ တနင်္ဂနွေနေ့တွေဆို အဖေနဲ့ မလိုက်တော့ဘူးလို့ အတော်လေးစဉ်းစားပြီးတဲ့နောက် တန်ဂို အရဲစွန့် ပြောခဲ့တယ်။ သူ့အချိန်တွေကို စာကြည့်ဖို့အတွက် သုံးချင်တယ်၊ စာအုပ်တွေဖတ်မယ်၊ တခြားကလေးတွေနဲ့ ကစားချင်တယ်လို့ သူ့အဖေကို ပြောခဲ့တယ်။ အခြားလူတွေလို သူ ဘ၀ကို သာမန်ပုံစံနဲ့ပဲ ဖြတ်သန်းချင်တယ်။

တန်ဂိုကတော့ သူ ပြောစရာရှိတာကို ရှင်းရှင်းလင်းလင်းနဲ့ ချိုချိုသာသာ ပြောခဲ့တာပဲ။ သူ့အဖေကတော့ ထင်ထားတဲ့အတိုင်း ရှူးရှူးရှားရှား ဖြစ်သွားတယ်ဆိုတာ ပြောဖို့မလိုဘူး။ တခြားလူတွေ ဘယ်လိုနေထိုင်တယ်ဆိုတာကို သူ ဂရုမစိုက်ဘူးလို့ ပြောတယ်။ ငါတို့ဘာသာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နေနေတယ်။ မောင်တတ်သိကြီးလုပ်ပြီး မင်းက ငါ့ကို `သာမန်ဘ၀´ ဆိုတာမျိုး ပြောရဲတယ် ဟုတ်လား။ သာမန်ဘ၀ဆိုတာအကြောင်း မင်းဘယ်လောက် သိလဲလို့ ပြောတယ်။ တန်ဂိုကတော့ သူ့အဖေနဲ့ စကားပြိုင်ငြင်းဖို့ မကြိုးစားဘူး။ သူ့အဖေကို တိတ်တဆိတ်နဲ့ ငေးကြည့်နေရုံပဲ။ သူဘာပြောပြော သူ့အဖေ နားဝင်မှာမဟုတ်ဘူးဆိုတာ နားလည်လိုက်တယ်။ နောက်ဆုံးမှာ သူ့အဖေက သူ့စကားကို နားမထောင်ဘူးဆိုရင်တော့ ထမင်းမကျွေးနိုင်တော့ဘူးလို့ ပြောတယ်။ တန်ဂို့အနေနဲ့ကတော့ ငရဲက ထွက်ပြေးသင့်ပြီ ဆိုပါတော့။

သူ့အဖေ ပြောသလိုပဲ တန်ဂိုလုပ်ခဲ့တယ်။ သူ့စိတ်ကို ပိုင်းဖြတ်လိုက်တယ်။ သူ ကြောက်ရွံ့နေမှာ မဟုတ်တော့ဘူး။ အခုဆိုရင် လှောင်အိမ်ကို စွန့်ခွာဖို့ ခွင့်ပြုချက်ကျပြီ၊ ဒါကတော့ အခြားအရာတွေထက် သူ့ကို အများကြီး စိတ်သက်သာရာ ရစေတယ်။ ဒါပေမဲ့ ဆယ်နှစ်သားကလေးတစ်ယောက်အတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ဆိုတာက မဖြစ်နိုင်ပြန်ဘူး။ နေ့တစ်နေ့ရဲ့အဆုံး အတန်းပြီးတဲ့အချိန်ကျတော့ ဆရာမကို သူ့အခက်အခဲကို တန်ဂို ပြောပြလိုက်တယ်။ ဆရာမက အသက်သုံးဆယ်ကျော်၊ အိမ်ထောင်မရှိတဲ့ အမျိုးသမီးတစ်ယောက်ပဲ။ မျှမျှတတရှိတယ်၊ စိတ်သဘောထား နူးညံ့တယ်။ တန်ဂိုပြောတာတွေကို သူက ဂရုဏာသက်စွာနဲ့ နားထောင်တယ်၊ အဲ့ဒီညနေကျတော့ သူက တန်ဂို့ကို သူ့အဖေနေတဲ့နေရာဆီ ပြန်လိုက်ပို့တယ်။ သူတို့ အဲ့ဒီမှာ စကားတွေ အကြာကြီး ပြောကြတယ်။

သူ့ကို အခန်းထဲကနေ ထွက်ပေးဖို့ ပြောလို့ သူတို့အချင်းချင်း ဘာတွေပြောကြသလဲတော့ တန်ဂို အသေအချာ မသိဘူး။ ဒါပေမဲ့ နောက်ဆုံးမှာ သူ့အဖေဟာ ဓါးကြိမ်းကြိမ်းနေတာကို ပြန်လျှော့ချသွားတယ်။ သူ ဘယ်လောက်ပဲ ဒေါသထွက်နေတယ်ဆိုဆို ဆယ်နှစ်သားလေးတစ်ယောက်ကို လမ်းမတွေပေါ် လျှောက်သွားနေရအောင် ပစ်ထားလိုက်လို့တော့ မဖြစ်ဘူး။ မိဘတွေအတွက် သားသမီးကို စောင့်ရှောက်ရမယ့် တာဝန်ဆိုတာ ဥပဒေပြဌာန်းထားတဲ့ ကိစ္စလေ။

ဆရာမ သူ့အဖေနဲ့ စကားပြောလိုက်တာရဲ့ ရလဒ်အဖြစ် တနင်္ဂနွေနေ့တွေမှာ တန်ဂို သူ့စိတ်ကြိုက်နေခွင့် ရလာခဲ့တယ်။ ဒါဟာ သူ့အဖေဆီက ပထမဆုံးအနေနဲ့ လက်ဆုပ်လက်ကိုင် အခွင့်အရေးတစ်ခု သူ ရဖူးတာပဲ။ ဆိုပါတော့ သူ့အနေနဲ့ လွတ်မြောက်မှုဆီကို ခြေတစ်လှမ်းစလှမ်းနိုင်ခဲ့တော့တယ်။


ရိပ်သာရဲ့ ဧည့်ကြိုစားပွဲမှာ တန်ဂိုက သူ့နာမည်နဲ့ သူ့အဖေရဲ့နာမည်ကို ပြောလိုက်တယ်။ ဒီနေ့ လာတွေ့ဖို့ ကြိုတင်အသိပေးတာများ ရှိပါသလားလို့ သူနာပြုက မေးတယ်။ သူ့အသံက ပြတ်ရှရှနဲ့။ သတ္တုကိုင်းမျက်မှန်တပ်ထားတဲ့ ခပ်သေးသေး အမျိုးသမီး။ ပြီးတော့ သူ့ဆံတွေက မီးခိုးရောင် ဖောက်နေတယ်။ မရှိပါဘူး၊ လာဖို့အတွက် ဒီမနက်မှ စိတ်ကူးရတာနဲ့ ရထားပေါ်ကောက်တက်ခဲ့တာပါလို့ တန်ဂိုက အမှန်အတိုင်း ဖြေလိုက်တယ်။

Chikura Station
မကျေနပ်တဲ့ အရိပ်အယောင်လေး ပါးပါးနဲ့ သူနာပြုက သူ့ကိုကြည့်တယ်။ ဧည့်သည်တွေအနေနဲ့ လူနာတွေ့ဖို့ ရောက်မလာခင် ကျွန်မတို့ကို ကြိုတင်ပြီးအကြောင်းကြားရပါတယ်လို့ သူက ပြောတယ်။ ကျွန်မတို့မှာ ဧည့်တွေ့အချိန်ဇယားရှိပါတယ်၊ ပြီးတော့ လူနာရဲ့ ဆန္ဒကိုလည်း ထည့်စဉ်းစားရသေးတယ်။

`စိတ်မရှိပါနဲ့ ကျွန်တော်မသိလို့ပါ´
`ရှင်နောက်ဆုံး လာတွေ့ခဲ့တာ ဘယ်အချိန်ကလဲ´
`လွန်ခဲ့တဲ့နှစ်နှစ်ကပါ´
`လွန်ခဲ့တဲ့နှစ်နှစ်က..´
လက်ထဲက ဘောပင်နဲ့ ဧည့်သည်စာရင်းကို စစ်နေရင်း သူက ရေရွတ်လိုက်တယ်။
ရှင်ပြောတာက လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ဒီကို အလည်တစ်ခေါက်မှ မရောက်ခဲ့ဘူးလို့ ဆိုလိုတာလားလို့ သူက မေးလိုက်တယ်။ မှန်ပါတယ်လို့ တန်ဂိုက ဖြေတယ်။

`မှတ်တမ်းအရဆိုရင် ရှင်က မစ္စတာ ကာဝါနရဲ့ တစ်ဦးတည်းသော ဆွေမျိုးပေါ့´
`မှန်ပါတယ်´

သူက တန်ဂို့ကို ဖျပ်ခနဲလှမ်းကြည့်တယ်၊ ဘာမှတော့ မပြောဘူး။ သူ့မျက်လုံးတွေက တန်ဂို့ကို အပြစ်တင်တဲ့ အရိပ်အယောင်တော့ မပါဘူး။ အချက်အလက်စိစစ်ရုံ သက်သက်ပဲ။ ဒီလိုအဖြစ်မျိုးဟာ တန်ဂိုတစ်ယောက်တည်းဖြစ်တာ မဟုတ်မှန်း အသိသာချည်းပဲ။

`လောလောဆယ်မှာ ရှင့်အဖေက ပြန်လည်နာလည်ထူရေးအဖွဲ့နဲ့အတူ ရှိနေတယ်။ နောက်နာရီဝက်လောက်နေရင် ပြီးပါလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ရှင်တွေ့နိုင်မလား´
`သူ့အခြေအနေဘယ်လိုရှိလဲ မသိဘူး´
`ရုပ်ပိုင်းဆိုင်ရာမှာ သူ ကျန်းမာပါတယ်။ အတက်အကျမမှန်တာကတော့ တခြားတစ်ဖက်ပေါ့´ လို့ နားထင်ကို လက်ညှိုးနဲ့ထောက်ရင်း သူက ပြန်ပြောတယ်။

ကျေးဇူးတင်စကားပြောပြီးတော့ ၀င်ပေါက်နားက နားနေခန်းမှာ စာအုပ်ဆက်ဖတ်ရင်း စောင့်နေဖို့ တန်ဂို ထွက်လာတယ်။ လေညင်းက မကြာခဏ ဖြတ်ဝင်နေတယ်။ ပင်လယ်ရနံ့နဲ့ အပြင်ဖက်က လေကာထင်ရူးအုပ်ရဲ့ အသံအေးအေး ရောပါလာတယ်။ သစ်ပင်တွေရဲ့ အကိုင်းတွေမှာ ပုရစ်တွေ၊ အသံကုန်ညှစ်ပြီး အော်မြည်နေကြတယ်။ နွေကတော့ အပူပြင်းဆုံးအချိန်ပဲ။ ဒါပေမဲ့ ပုရစ်တွေကလည်း ဒီလိုအကြာကြီး မပူနိုင်ပါလူးလို့ သိနေတဲ့ပုံနဲ့။

နောက်ဆုံးတော့ သူ့အဖေနဲ့တွေ့လို့ရပြီဆိုတာပြောဖို့ မျက်မှန်နဲ့သူနာပြုတစ်ယောက် တန်ဂို့ဆီဝင်လာတယ်။ အခန်းကို ကျွန်မလိုက်ပြမယ်လို့ သူကပြောတယ်။ ဆိုဖာပေါ်က တန်ဂို ထရပ်လိုက်ပြီးတော့ နံရံက ကြည့်မှန်ကြီးကြီးတစ်ခုဘေးနား ဖြတ်လျှောက်ရင်း သူဝတ်ထားတဲ့ဝတ်စုံ ဘယ်လောက် ဖိုသီဖတ်သီဖြစ်နေတယ်ဆိုတာ ပထမဆုံးအကြိမ် သတိပြုလိုက်မိတယ်။ ကြယ်သီးတွေ မှားတပ်ထားတဲ့ အရောင်လွင့်လွင့် ကြိုးသိုင်းအင်္ကျီအောက်မှာ တီရှပ်နဲ့။ ဘောင်းဘီရဲ့ ဒူးခေါင်းနားမှာ အချဉ်ရည် အစအနလေးတွေနဲ့။ ဘေ့စ်ဘောဦးထုပ်နဲ့။ နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အဖေရှိတဲ့ဆေးရုံကို လူနာလာမေးတဲ့ အသက်သုံးဆယ်အရွယ် သားတစ်ယောက်ရဲ့ ၀တ်ပုံစားပုံမျိုးတစ်စက်မှ မပေါက်ဘူး။ ပြီးတော့ ဒီလို အလည်အပတ်မျိုးအတွက် လက်ဆောင်လို အရာတစ်ခုခု ပါလာတာလည်း မရှိခဲ့ဘူး။ ဒီတော့လည်း သူနာပြုက သူ့ကို မကျေမနပ်နဲ့ကြည့်တာ အံ့သြစရာတော့ မဟုတ်ဘူးလို့ပဲ တွေးရတော့တယ်။

တန်ဂို့အဖေ သူ့အခန်းထဲမှာ ရှိနေတယ်။ ဖွင့်ထားတဲ့ပြတင်းပေါက်ဘေးက ထိုင်ခုံတစ်လုံးမှာ ထိုင်ရင်း သူ့လက်တွေကို ဒူးပေါ်မှာ တင်ထားတယ်။ အနားက စားပွဲခုံပေါ်မှာ အ၀ါရောင်ပန်းပွင့်ကလေးတွေ အများအပြားပွင့်နေတဲ့ အိုးစိုက် ပန်းပင်တစ်ပင်။ လူနာ မတော်တဆ ချော်လဲကျခဲ့ရင် ဒဏ်ရာအနာတရမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ အခန်းကြမ်းပြင်ကို ပျော့ပြောင်းတဲ့အသားနဲ့ လုပ်ထားတယ်။ ပြတင်းပေါက်နားမှာ ထိုင်နေတဲ့ လူကြီးဟာ သူ့အဖေမှန်း တန်ဂို ပထမသိဘူး။ သူက ကျုံလှီသွားပြီ။ `ကျ´ သွားပြီလို့ပြောရင် ပိုတိကျမယ် ထင်တယ်။ သူ့ဆံပင်က မြူဖုံးနေတဲ့ မြက်ခင်းတစ်ခုလို ဖြူဖြူတိုတို။ သူ့ပါးတွေက ချိုင့်ဝင်နေတယ်။ ဒါကြောင့်ပဲ သူ့မျက်လုံးတွေက ယခင်အရွယ်အစားထက် အများကြီး ပိုကြီးနေသယောင်ထင်ရတာ ဖြစ်ကောင်းဖြစ်မယ်။ နဖူးပေါ်မှာ ခပ်နက်နက်လှိုင်းတွန့်သုံးခုက ထင်းခနဲရှိနေတယ်။ သူ့မျက်ခုံးတွေက အရမ်းရှည်ရှည်ထူထူကြီး၊ သူ့နားရွက်ချွန်ချွန်တွေကလည်း ယခင်ကထက် ပိုကားနေတာ လင်းနို့အတောင်ပံတွေ ကျနေတာပဲ။ အဝေးကကြည့်ရင် သူ့ပုံက လူသားနဲ့တောင်သိပ်မတူဘဲ လယ်ကြွက်တို့ ရှဥ့်တို့လို သတ္တ၀ါတစ်ကောင်ကောင်နဲ့ ပိုတူနေတယ်။ သပ်သပ်ရပ်ရပ် သတ္တ၀ါတစ်ကောင်ပေါ့။ ဘာပဲဖြစ်ဖြစ် ဒါ တန်ဂို့အဖေပဲ။ ဒါမှမဟုတ် တန်ဂို့အဖေရဲ့ အကြွင်းအကျန်အပိုင်းအစတွေဆို ပိုမှန်မလားမသိဘူး။ တန်ဂိုမှတ်မိတဲ့ သူ့အဖေဆိုတာက ကြမ်းကြမ်းတမ်းတမ်း၊ ကာယလုပ်သားတစ်ယောက်။ ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်တာတွေ စိတ်ကူးယဉ်တာတွေက သူနဲ့စိမ်းပေမယ့်လို့ သူ့ကိုယ်ပိုင် ကျင့်ဝတ်စံနှုန်းနဲ့ ရည်ရွယ်ချက်စိတ်ဇောတစ်ခုတော့ သူ့မှာ ရှိခဲ့တာပဲ။ အခု တန်ဂို သူ့ရှေ့မှာ မြင်နေရတာကတော့ ဗလာကျင်းနေတဲ့ အခွံလွတ်တစ်ခုမျှပဲ။

မစ္စတာကာဝါနလို့ ရှင်းလင်းပြတ်သားတဲ့အသံနဲ့ သူနာပြုက တန်ဂို့အဖေကို ခေါ်လိုက်တယ်။ ဒီအသံကို လူနာတွေနဲ့ ဆက်သွယ်တဲ့အခါမှာ သုံးဖို့ လေ့ကျင့်ထားတာ ဖြစ်ရမယ်။ မစ္စတာကာဝါန၊ ဒီမှာဘယ်သူလဲ ကြည့်ပါဦး။ တိုကျိုက ရှင့်သားလေလို့ သူက ပြောလိုက်တယ်။

တန်ဂို့အဖေဟာ သူရှိတဲ့ ဘက်ကို လှည့်လာတယ်။ သူ့ရဲ့ ခံစားချက်ကင်းမဲ့နေတဲ့ မျက်လုံးတွေကိုတွေ့တော့ တံစက်မြိတ်မှာ ချိတ်ဆွဲထားတဲ့ ပျံလွှားသိုက် အလွတ်တွေကို တန်ဂိုတွေးမိလိုက်တယ်။ ဟဲလိုလို့ တန်ဂိုက နှုတ်ဆက်လိုက်တယ်။

သူ့အဖေကတော့ ဘာမှပြန်မပြောဘူး။ တစ်ခုခုပြောရမယ့်အစား နိုင်ငံခြားဘာသာစကားနဲ့ ရေးထားတဲ့ ကြော်ငြာဘုတ်ကို ဖတ်နေသလို တန်ဂို့ကို စင်းစင်းကြီး ကြည့်နေတယ်။ ခြောက်နာရီခွဲမှာ ညစာစားရမယ်။ အဲဒီအချိန်မတိုင်ခင်အထိ အေးအေးဆေးဆေး နေလို့ရပါတယ်လို့ သူနာပြုက တန်ဂို့ကို ပြောလိုက်တယ်။

သူနာပြုထွက်သွားပြီးတော့ ခဏလောက် တန်ဂို ဆုတ်ဆိုင်းဆိုင်းဖြစ်နေတယ်။ နောက်တော့မှ သူ့အဖေနား ကပ်သွားတယ်။ သူ့အဖေနဲ့ မျက်နှာချင်းဆိုင်က ထိုင်ခုံပေါ် ထိုင်ချလိုက်တယ်။ အရောင်လွင့်နေပြီး အ၀တ်စတစ်ခုနဲ့ ဖုံးထားတဲ့၊ သစ်သားနဲ့လုပ်ထားတဲ့အပိုင်းတွေက အသုံးကြာလို့စုတ်ပြဲနေတဲ့ ထိုင်ခုံတစ်လုံးပဲ။ သူ့အဖေရဲ့မျက်လုံးတွေက သူ့ရဲ့လှုပ်ရှားမှုတွေကို လိုက်ကြည့်နေတယ်။

`နေကောင်းလား´ လို့ တန်ဂိုက မေးလိုက်တယ်။
`ကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်´ လို့ ပုံစံတကျ ပြန်ဖြေတယ်။

အဲ့ဒါပြီးတော့ တန်ဂို ဘာဆက်ပြောရမလဲ မသိတော့ဘူး။ သူ့ ကြိုးသိုင်းအင်္ကျီက တတိယမြောက် ကြယ်သီးကို ဟိုပွတ်ဒီပွတ်လုပ်နေမိတယ်။ အပြင်ဘက် ထင်ရူးပင်တွေဆီ အကြည့်ကိုလွှဲလိုက်ပြီးတော့ သူ့အဖေဆီကို တစ်ခါပြန်ရောက်လာတယ်။

`မင်း တိုကျိုကလာတာလား´ လို့ သူ့အဖေက မေးတယ်။
`ဟုတ်ကဲ့။ တိုကျိုက´
`အမြန်ရထားစီးပြီးလာခဲ့တာ ဖြစ်ရမယ်´
`ဟုတ်ပါတယ်။ တတဲယာမ အထိပဲ။ ဒီဘက် ချီကုရကိုကျတော့ လော်ကယ်ရထား ပြောင်းစီးလာရတယ်´
`မင်း ရေကူးပြီလား´ လို့ သူ့အဖေက မေးလိုက်တယ်။
`ကျွန်တော် တန်ဂိုလေ။ တန်ဂိုကာဝါနလေ။ အဖေ့သားလေ´

သူ့အဖေ နဖူးက အရေးကြောင်းတွေက ပိုပြီးနက်သွားတယ်။
`လူအတော်များများက လိမ်တတ်ကြတယ်။ သူတို့ရဲ့ NHK လစဉ်ကြေးတွေ မသွင်းချင်လို့ပေါ့´
`အဖေ…´ တန်ဂိုက သူ့ကို အော်ခေါ်လိုက်တယ်။ သူ အသံထွက်ပြီး စကားမပြောခဲ့ရတာ အတော်ကြာနေပြီ ဖြစ်မယ်။
`ကျွန်တော် တန်ဂိုလေ။ အဖေ့ သားလေ´
`ငါ့မှာ သား မရှိဘူး´ လို့ သူ့အဖေက ငြင်းတယ်။
`အဖေ့မှာ သား မရှိဘူး..´ တန်ဂို သံယောင်လိုက်မိသွားတယ်။

သူ့အဖေက ခေါင်းညိတ်တယ်။
`ဒါဆို ကျွန်တော်က ဘာလဲ´ လို့ တန်ဂို မေးလိုက်တယ်။
`မင်းဟာ ဘာမှမဟုတ်ဘူး´ သူ့ အဖေက ခေါင်းကို ခပ်ပြတ်ပြတ်နှစ်ခါလောက်ယမ်းပြီး ပြောတယ်။

တန်ဂို အသက်မရှူနိုင် ဖြစ်သွားတယ်။ ပြောစရာစကားလုံး သူ ရှာမတွေ့ဘူး။ သူ့အဖေမှာလည်း ထပ်ပြောစရာစကား မရှိဘူးဖြစ်နေတယ်။ ကိုယ့်အတွေးမျှင်တွေထဲ ကိုယ်လိုက်တိုးရင်း နှစ်ယောက်သား တိတ်တဆိတ် ထိုင်နေကြတယ်။ ပုရစ်တွေပဲ တွေဝေမှုမရှိဘဲ အသံကုန်ဟစ်ပြီး အော်နေကြတယ်။

သူ အမှန်ကိုပြောနေတာ ဖြစ်နိုင်တယ်လို့ တန်ဂို စဉ်းစားနေမိတယ်။ သူ့မှတ်ဉာဏ်တွေကတော့ ပျက်စီးသွားပြီး ဖြစ်ချင်ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူ့စကားတွေက မှန်ကောင်းမှန်နိုင်တယ်။
`အဖေ ဘာကို ဆိုလိုတာလဲ´ လို့ တန်ဂိုက မေးလိုက်တယ်။
`မင်းဟာ ဘာမှမဟုတ်ဘူး´ လို့ သူ့အဖေက ထပ်ပြောတယ်။ သူ့အသံမှာ ခံစားချက် မပါဘူး။
`မင်းဟာ ဘာမှမဟုတ်ဘူး။ မင်းဟာ ဘာမှမဟုတ်ဘူး။ မင်းဟာ ဘာမှလည်းဖြစ်လာမှာ မဟုတ်ဘူး´

ထိုင်ခုံပေါ်က ထ၊ ဘူတာရုံဆီ လမ်းလျှောက်ပြီး တိုကျိုကို တန်ဂို ချက်ချင်းထပြန်သွားချင်စိတ် ပေါက်နေမိတယ်။ ဒါပေမဲ့ သူ မတ်တပ်ရပ်လို့ မရဘူး။ သူဟာ ကြောင်တွေရဲ့မြို့ဆီ ခရီးထွက်ခဲ့တဲ့ လူငယ်လိုပဲ။ သူ့မှာ စူးစမ်းစိတ် ရှိတယ်။ ရှင်းလင်းတဲ့ အဖြေတစ်ခုကို လိုချင်တယ်။ ဒီလိုပဲ အန္တရာယ်ဟာလည်း သူ့လက်တစ်ကမ်းမှာ တိတ်တဆိတ် ချောင်းမြောင်းနေတာ အမှန်ပဲ။ ဒါပေမဲ့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်တယ်ဆိုရင် သူ့လျှို့ဝှက်ချက်ကို အဖြေညှိနိုင်ဖို့ နောက်တစ်ကြိမ် အခွင့်ရှိတော့မှာ မဟုတ်ဘူး။ စကားပြောဖို့ အဆင်သင့်ဖြစ်သည်အထိ တန်ဂို့ခေါင်းထဲမှာ စကားလုံးတွေကို အထပ်ထပ် ပြန်လည်စီစဉ်နေမိတယ်။ ဒီမေးခွန်းကို ကလေးဘ၀ကတည်းက သူ မေးချင်ခဲ့တာ၊ ဒါပေမဲ့ သူ့ပါးစပ်က ဘယ်တုန်းကမှ မဖွင့်ဟနိုင်ခဲ့ဘူး။

`…ဆိုတော့ အဖေပြောနေတာ ဘာလဲ။ အဖေဟာ ကျွန်တော့်ရဲ့ ဇီဝဗေဒဖခင် (အဖေအရင်း) မဟုတ်ဘူးလို့ ဆိုလိုတာလား။ ဒါ မှန်လား။ ကျွန်တော်တို့နှစ်ဦးကြားမှာ သွေးသားတော်စပ်မှု မရှိဘူးလို့ အဖေပြောနေတာလား။ အဲဒီလိုလား´
`ရေဒီယိုလှိုင်းတွေကို ခိုးယူတာ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်ပဲ´ လို့ သူ့အဖေက တန်ဂို့မျက်လုံးတွေကို ကြည့်ပြီး ပြောလိုက်တယ်။
`အဲဒါဟာ ပိုက်ဆံ၊ ဒါမှမဟုတ် အဖိုးတန်ပစ္စည်းတွေကို ခိုးတာနဲ့ ဘာမှမခြားဘူး။ အဲဒီလို မင်း မထင်ဘူးလား´
`ဟုတ်ချင်ဟုတ်နိုင်ပါတယ်´
တန်ဂိုက လောလောဆယ်အတွက် သဘောတူဖို့ ဆုံးဖြတ်လိုက်တယ်။
`ရေဒီယိုလှိုင်းဆိုတာက မိုးရေလို၊ နှင်းစက်လို ကောင်းကင်ပေါ်က အလကားကျလာတာ မဟုတ်ဘူး´ သူ့အဖေက ဆက်ပြောတယ်။

သူ့အဖေရဲ့ လက်တွေကို တန်ဂိုငေးကြည့်နေမိတယ်။ သူ့ဒူးခေါင်းပေါ်မှာ သပ်သပ်ရပ်ရပ် တင်ထားတယ်။ သေးသေးညိုညိုလက်တွေ၊ နှစ်ပေါင်းများစွာ နေပူမရှောင်မိုးရွာမရှောင် အလုပ်လုပ်ခဲ့ရလို့ အရိုးထိအောင် နေလောင်ထားတဲ့အတိုင်းပဲ။
`ကျွန်တော်ငယ်ငယ်တုန်းက အမေ နေမကောင်းဖြစ်ပြီး သေသွားတာ တကယ်မဟုတ်ဘူး မဟုတ်လား´ တန်ဂိုက ခပ်ဖြေးဖြေးမေးလိုက်တယ်။
သူ့အဖေက ပြန်မဖြေဘူး။ သူ့အမူအယာက မပြောင်းလဲဘူး၊ သူ့လက်တွေက မရွေ့ဘူး။ သူ့မျက်လုံးတွေက တန်ဂို့အပေါ်စူးစိုက်ကြည့်နေတာ သူ မရင်းနှီးတဲ့အရာတစ်ခုခုကို လေ့လာနေတဲ့အတိုင်းပဲ။

`အမေက အဖေ့ကို ထားခဲ့တယ်။ အဖေနဲ့ ကျွန်တော့်ကို သူ ချန်ထားခဲ့တယ်။ သူ အခြားလူတစ်ယောက်နဲ့ လိုက်သွားတယ်။ ကျွန်တော်ပြောတာ မှားနေလား´
သူ့အဖေက ခေါင်းညိတ်တယ်။ `ရေဒီယိုလှိုင်းတွေကို ခိုးတာ မကောင်းဘူး။ မင်း အဲလိုနည်းနဲ့ လွတ်သွားမှာမဟုတ်ဘူး၊ ကိုယ်လုပ်ချင်တာကို လျှောက်လုပ်လို့မရဘူး´
ဒီလူဟာ ငါ့မေးခွန်းတွေကို အားလုံးနားလည်တယ်။ တိုက်ရိုက် အဖြေမပေးချင်တာတစ်ခုပဲလို့ တန်ဂိုတွေးနေမိတယ်။

`အဖေ´ လို့ တန်ဂိုက ခေါ်လိုက်တယ်။
`အဖေဟာ ကျွန်တော့်အဖေ တကယ်ဟုတ်ချင်မှဟုတ်လိမ့်မယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော် အဖေလို့ပဲခေါ်ပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြား ဘယ်လိုခေါ်ရမလဲဆိုတာ ကျွန်တော် မသိဘူး။ အမှန်အတိုင်းပြောရရင်တော့ အဖေ့ကို ဘယ်တုန်းကမှ ကျွန်တော် သဘောမကျခဲ့ဘူး။ အချိန်အတော်များများမှာ မုန်းနေခဲ့တာတောင်မှ ဖြစ်ချင်ဖြစ်မယ်။ ဒါကို အဖေလည်းသိပါတယ်၊ ဟုတ်တယ်မဟုတ်လား။ ဒါပေမဲ့ ကျွန်တော်တို့ကြားထဲ သွေးသားတော်စပ်မှုမရှိဘူးလို့ ယူဆတယ်ဆိုရင် ကျွန်တော့်မှာ အဖေ့ကို မုန်းနေစရာအကြောင်းလည်း တစ်ခုမှ မရှိတော့ဘူး။ ချစ်နိုင်တဲ့အဆင့်အထိ ရောက်သွားဖို့ဆိုတာတော့ ကျွန်တော် မသေချာဘူး၊ ဒါပေမဲ့ အနည်းဆုံးတော့ အဖေ့ကို ကျွန်တော် အခုထက်ပိုပြီး နားလည်ဖို့လိုတယ်လို့ ကျွန်တော်ထင်တယ်။
ကျွန်တော် ဘယ်ကလာတယ်၊ ကျွန်တော် ဘယ်သူဆိုတဲ့ အမှန်တရားကို ကျွန်တော် အမြဲသိချင်နေခဲ့တယ်။ ဒါလောက်ပါပဲ။ အခု အဲဒီအမှန်တရားကို အဖေကျွန်တော့်ကို ပြောပြမယ်ဆိုရင် အဖေ့ကိုကျွန်တော် နောက်ထပ်မုန်းတော့မှာမဟုတ်ဘူး။ တကယ်တော့ အဖေ့ကို ကျွန်တော် မုန်းစရာမလိုတော့တဲ့ အခြေအနေ၊ အခွင့်အလမ်းတစ်ရပ်ကို ကျွန်တော် လက်ကမ်းနေတာပါ´

တန်ဂို့အဖေကတော့ သူ့ကို ခံစားချက်တစ်စွန်းတစ်စမှမပါတဲ့ မျက်လုံးတွေနဲ့ ငေးကြည့်နေဆဲပဲ။ ဒါပေမဲ့ အဲဒီ ပျံလွှားသိုက်အလွတ်တွေရဲ့ အတွင်းကျကျတစ်နေရာမှာ အလင်းစလေးတစ်ခု သဲ့သဲ့ရှိနေတယ်လို့ တန်ဂို ခံစားရတယ်။

`ကျွန်တော်ဟာ ဘာမှမဟုတ်ဘူး´ လို့ တန်ဂိုက ပြောလိုက်တယ်။ `အဖေပြောတာ ဟုတ်တယ်။ ကျွန်တော်က ညဖက်မှာ ပင်လယ်ထဲပစ်ချခံလိုက်ရတဲ့ လူတစ်ယောက်လိုပဲ၊ တစ်ယောက်တည်း ပေါလောမျှောနေတာ။ ကျွန်တော် လူတွေနဲ့ဆက်သွယ်ဖို့ ကြိုးစားကြည့်တယ်။ ဒါပေမဲ့ အဲဒီမှာ ဘယ်သူမှရှိမနေဘူး။ ကျွန်တော်ဟာ ဘာနဲ့မှ အဆက်အသွယ်မရှိဘူး။ မိသားစုနဲ့ အနီးစပ်ဆုံးတူတာဆိုလို့ ကျွန်တော့်မှာ အဖေပဲရှိတယ်၊ ဒါပေမဲ့ အဖေကလည်း အဲဒါကို လျှို့ဝှက်ချက်လုပ်ထားတယ်။ တစ်ချိန်တည်းမှာ အဖေ့မှတ်ဉာဏ်တွေက တစ်နေ့တခြား ယိုယွင်းလာနေတယ်။ အဖေ့ရဲ့မှတ်ဉာဏ်နဲ့အတူ ကျွန်တော်နဲ့ပတ်သက်တဲ့ အမှန်တရားဟာလည်း ပျောက်ဆုံးနေခဲ့တယ်။ အမှန်တရားရဲ့ အကူအညီ မပါရင် ကျွန်တော်ဟာ ဘာမှမဟုတ်တော့ဘူး၊ ဘာမှလည်း ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ဒီနေရာမှာလည်း အဖေမှန်ပါတယ်´

`အသိပညာဆိုတာ တန်ဖိုးရှိတဲ့ လူမှုအရင်းအနှီးပဲ´ သူ့အဖေက အတက်အကျမရှိတဲ့အသံနဲ့ ပြောလိုက်တယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က အသံခလုတ်ကို လျှော့ချလိုက်သလို သူ့အသံက အစောကထက်တော့ ပိုပြီး တိုးသွားသလိုပဲ။ `ကြီးမားတဲ့သိုလှောင်ရုံတွေထဲမှာ စုဆောင်းထားရမယ့် အရင်းအနှီးတွေပဲ။ ပြီးရင် သတိကြီးစွာနဲ့ ပြန်လည်ဖြန့်ဖြူးပေးရမယ်။ အကျိုးဖြစ်ထွန်းမယ့် ထုပ်ပိုးမှုတွေနဲ့ နောက်မျိုးဆက်ဆီကို လက်ဆင့်ကမ်းပေးရမယ်။ ဒီအချက်ကြောင့်မို့လို့လည်း NHK ဟာ သင့်ရဲ့လစဉ်ကြေးအားလုံး ရရှိရန်လိုအပ်ပြီးတော့…´
သူ့အဖေပြောနေတာကို တန်ဂိုကြားဖြတ်လိုက်တယ်။ `ကျွန်တော့်အမေက ဘယ်လိုလူမျိုးလဲ။ သူ ဘယ်ကိုသွားတာလဲ။ သူ ဘာတွေ ဖြစ်ခဲ့တာလဲ´

သူ့အဖေက သူရွတ်နေတဲ့ NHK ဂါထာကိုရပ်ပြီး နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားလိုက်တယ်။
သူ့အသံကိုလျှော့ချပြီး တန်ဂိုက ဆက်ပြောလိုက်တယ်။ `မကြာခဏဆိုသလို မြင်ကွင်းတစ်ခု ကျွန်တော့်စိတ်ထဲပေါ်လာတတ်တယ်။ တစ်သွေမတိမ်းတူညီတဲ့ မြင်ကွင်းတစ်ခုတည်း အထပ်ထပ်အခါခါ။ တကယ်ဖြစ်ပျက်ခဲ့တဲ့ အရာတစ်တစ်ခုအတွက် မှတ်ဉာဏ်မှာပေါ်လာတဲ့ မြင်ကွင်းဟုတ်ပါ့မလား ကျွန်တော်သံသယရှိပါတယ်။ ကျွန်တော် တစ်နှစ်ခွဲအရွယ်တုန်းက အမေက ကျွန်တော့်ရှေ့မှာ။ သူနဲ့ လူငယ်တစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ဖက်ထားကြတယ်။ အဲဒီလူဟာ အဖေမဟုတ်ဘူး။ သူ ဘယ်သူလဲဆိုတာတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ အဖေမဟုတ်ဘူးဆိုတာတော့ အသေအချာပဲ´

သူ့အဖေက ဘာမှပြန်မပြောဘူး။ ဒါပေမဲ့ သူ့မျက်လုံးတွေက အခြားတစ်စုံတစ်ခုကို မြင်နေမှန်းသိသာတယ်။ ဒီနေရာမှာ ရှိမနေတဲ့ တစ်စုံတရာကို။

`မင်းကိုငါ တစ်ခုခု ဖတ်ပြခိုင်းရင်ကောင်းမလား စဉ်းစားနေတာ´ လို့ အကြာကြီးတိတ်ဆိတ်နေပြီးမှ တန်ဂို့အဖေက ပုံစံတကျအသံနဲ့ မေးလိုက်တယ်။ `ငါ့အမြင်အာရုံက တဖြေးဖြေးယိုယွင်းလာတာ စာအုပ်တွေ ဖတ်လို့မရတော့တဲ့ အဆင့်အထိ ရောက်သွားပြီ။ ဟိုစာအုပ်စင်ပေါ်မှာ စာအုပ်နည်းနည်း ရှိတယ်။ မင်းကြိုက်တဲ့တစ်အုပ် ရွေးလေ´

စင်ပေါ်က စာအုပ်တွဲတွေရဲ့ ကျောစောင်းကို ကြည့်ပြီး တစ်ခုခုရွေးဖို့ တန်ဂို ထရပ်လိုက်တယ်။ အများစုက ဆာမူရိုင်းတွေ နယ်မြေတခွင်လှည့်လည်နေခဲ့တဲ့ ရှေးဟောင်းခေတ်မှာ ဇာတ်အိမ်တည်ထားတဲ့ သမိုင်းဝတ္ထုတွေ။ ရှေးကျတဲ့ ဘာသာစကားတွေနဲ့ ပြည့်နေတဲ့ အောက်သိုးသိုး စာအုပ်အဟောင်းတွေကိုတော့ တန်ဂို သူ့အဖေကို ဖတ်ပြမနေချင်ဘူး။

`အဆင်ပြေမယ်ဆိုရင် ကျွန်တော် ကြောင်တွေရဲ့မြို့ဆိုတဲ့ ၀တ္ထုတစ်ပုဒ်ကို ဖတ်ပြချင်တယ်။ ကျွန်တော် ကိုယ့်ဘာသာဖတ်ဖို့ ယူလာတဲ့စာအုပ်ထဲကပဲ´ လို့ တန်ဂိုက ပြောလိုက်တယ်။ `ကြောင်တွေရဲ့မြို့ဆိုတဲ့ ၀တ္ထုတစ်ပုဒ်´ လို့ သူ့အဖေက စကားလုံးတွေကို ဖြည်းဖြည်းရေရွတ်နေတယ်။
`သိပ်ပြီး အပန်းမကြီးဘူးဆိုရင် ငါ့ကို ဖတ်ပြပေါ့´

တန်ဂိုက သူ့လက်ပတ်နာရီကို ကြည့်လိုက်တယ်။ `အပန်းမကြီးပါဘူး။ ရထားမထွက်ခင် ကျွန်တော် အချိန်အများကြီး ရပါသေးတယ်။ ဇာတ်လမ်းက နည်းနည်းဆန်းတယ်။ အဖေကြိုက်မလားတော့ ကျွန်တော် မသိဘူး´

တန်ဂိုက သူ့စာအုပ်ကို ဆွဲထုတ်လိုက်ရင်း တဖြည်းဖြည်းချင်း စဖတ်တယ်။ သူ့အသံက ရှင်းလင်းပီသပြီး ဖတ်နေရင်း နှစ်ဖြတ်သုံးဖြတ်လောက် အသက်ရှူဖို့ နားတယ်။ စာဖတ်တာကို ရပ်လိုက်တဲ့အချိန်တိုင်း သူ့အဖေကို သူ ကြည့်တယ်။ ဒါပေမဲ့ သိသာတဲ့ တုန့်ပြန်မှုမျိုး သူမမြင်မိဘူး။ သူ ဒီဝတ္ထုကိုကြိုက်ရဲ့လား။ ဒါကို တန်ဂို မပြောနိုင်ဘူး။

`အဲဒီ ကြောင်တွေရဲ့မြို့မှာ ရုပ်မြင်သံကြားစက် ရှိလား´ တန်ဂို ဖတ်လို့ဆုံးတော့ သူ့အဖေက မေးလိုက်တယ်။
`ဒီဝတ္ထုကို ၁၉၃၀ ကျော်နှစ်တွေက ဂျာမနီနိုင်ငံမှာ ရေးခဲ့တာ။ အဲဒီအချိန်တုန်းက ရုပ်မြင်သံကြားစက် မပေါ်သေးဘူး။ ရေဒီယိုလည်း မရှိဘူး´
`မြို့ကို ကြောင်တွေ ဆောက်ခဲ့တာလား။ ဒါမှမဟုတ် ကြောင်တွေ အဲဒီမှာ လာမနေခင် လူတွေက ဆောက်ခဲ့တာလား´ လို့ သူ့အဖေက မေးတယ်။ သူမေးနေပုံက သူ့ကိုယ်သူ ပြန်ပြောနေသလိုပဲ။

`ကျွန်တော် မသိဘူး။ ဒါပေမဲ့ လူတွေက ဆောက်ခဲ့တာဖြစ်မယ့်ပုံပေါ်တယ်။ အကြောင်းတစ်ခုခုကြောင့် လူတွေ စွန့်ခွာသွားကြတာ ဖြစ်ချင်ဖြစ်မယ်။ ဆိုပါစို့ ကပ်ရောဂါတစ်ခုခုကျရောက်ပြီး အကုန်သေကုန်တာမျိုး။ ပြီးတော့မှ ကြောင်တွေ လာနေကြတယ်ပေါ့´ လို့ တန်ဂိုက ပြောတယ်။

သူ့အဖေက ခေါင်းညိတ်တယ်။ `လေဟာနယ်တစ်ခု ဖြစ်ပေါ်လာရင် အဲဒါကိုဖြည့်ဖို့ တစ်စုံတစ်ခု ရောက်လာရတယ်။ ဒါဟာ လူတိုင်းလုပ်တာပဲ´
`ဒါဟာ လူတိုင်းလုပ်တာ..´
`အမှန်ပဲ´
`အဖေရော ဘယ်လိုလေဟာနယ်မျိုးကို ဖြည့်နေတာလဲ´

သူ့အဖေက မှုန်သိုးသိုး ကြည့်တယ်။ ပြီးတော့ ရွဲ့တဲ့တဲ့လေသံနဲ့ သူက ပြောလိုက်တယ်။ `မင်း မသိဘူးလား´
`ကျွန်တော် မသိဘူး´ လို့ တန်ဂိုက ပြန်ပြောတယ်။

သူ့အဖေရဲ့ နှာခေါင်းပေါက်တွေ ကျယ်ပြန့်လာတယ်။ မျက်ခုံးတစ်ဖက်က အနည်းငယ်မြင့်တက်နေတယ်။ `ဖြေရှင်းချက်မပါဘဲ အဲဒါကို မင်း နားမလည်ဘူးဆိုရင်၊ ဖြေရှင်းချက်ပါလည်း အဲဒါကို မင်းနားလည်မှာ မဟုတ်ဘူး´

တန်ဂို့မျက်လုံးတွေက ကျဉ်းသွားတယ်။ လူကြီးရဲ့ အမူအရာကို သူ အကဲဖြတ်ဖို့ ကြိုးစားနေမိတယ်။ ဒီလို သမားရိုးကျမဟုတ်ဘဲ အထာပါတဲ့ ဘာသာစကား အသုံးအနှုန်းမျိုး တစ်ခါမှ သူ့အဖေ မသုံးခဲ့ဖူးဘူး။ သူအမြဲတမ်း ပြောတတ်တာက ဒိုးဒိုးဒေါက်ဒေါက်နဲ့ လက်တွေ့ကျတဲ့ ဝေါဟာရတွေပဲ။

`ဟုတ်ပါပြီ။ ဒါဆိုတော့ အဖေက လေဟာနယ်တစ်မျိုးကို ဖြည့်နေခဲ့တယ်ပေါ့။ အဲဒါပြီးတော့ အဖေချန်ထားခဲ့တဲ့ လေဟာနယ်ကို ဘယ်သူက လာဖြည့်မှာလဲ´
`မင်းပေါ့´ လို့ သူ့အဖေက သူ့လက်ညှိုးကိုမြှောက်ပြီး တန်ဂို့တည့်တည့်ဆီ ထိုးရင်း ပြောလိုက်တယ်။
`ဒါ အသိသာချည်း မဟုတ်ဘူးလား။ အခြားတစ်ယောက် ဖန်တီးခဲ့တဲ့ လေဟာနယ်ကို ငါက ဖြည့်နေခဲ့ရတယ်။ ဒီတော့ ငါ ဖန်တီးခဲ့တဲ့ လေဟာနယ်ကို မင်းဖြည့်မှာပေါ့´

`လူတွေ မရှိတော့တဲ့နောက်ပိုင်း ကြောင်တွေက မြို့ကို ၀င်ဖြည့်သလိုလား´
`မှန်တယ်´ လို့ သူ့အဖေက ပြောလိုက်တယ်။ ပြီးတော့ ဆန့်တန်းထားတဲ့ သူ့လက်ညှိုးသူ စင်းစင်းကြီး ကြည့်နေတယ်။ နေရာမှားပြီးရောက်နေတဲ့ ဘာမှန်းမသိရတဲ့ အရာဝတ္ထုကို ကြည့်နေသလိုပဲ။
တန်ဂို သက်ပြင်းချလိုက်တယ်။
`…ဆိုတော့ ကျွန်တော့် အဖေက ဘယ်သူလဲ´

`လေဟာနယ်တစ်ခုပဲပေါ့။ မင်းအမေဟာ သူ့ကိုယ်ခန္ဓာကို လေဟာနယ်တစ်ခုနဲ့ စပ်ယှက်ပြီး မင်းကို မွေးခဲ့တာ။ အဲဒီလေဟာနယ်ကို ငါက ဖြည့်ခဲ့တာ´
ဒီလောက်လည်း ပြောပြီးရော သူ့အဖေဟာ သူ့ မျက်လုံးတွေကိုမှိတ်ပြီး သူ့ ပါးစပ်ကိုလည်း ပိတ်လိုက်တော့တယ်။
`ဒါနဲ့ သူထွက်သွားပြီးတော့ အဖေက ကျွန်တော့်ကိုမွေးခဲ့တယ်ပေါ့။ အဖေပြောနေတာ အဲလိုလား´

သူ့လည်ချောင်းကို ဟန်ကျပန်ကျ ရှင်းလိုက်ပြီးတော့ ခပ်ထုံထုံ ကလေးငယ်ကို ရိုးရှင်းတဲ့ အမှန်တရားတစ်ခု ရှင်းပြဖို့ ကြိုးစားနေပုံမျိုးနဲ့ သူ့အဖေက ပြောလိုက်တယ်။
`အဲဒါကြောင့်မို့ ငါပြောတာလေ။ ဖြေရှင်းချက်မပါဘဲ အဲဒါကို မင်း နားမလည်ဘူးဆိုရင် ဖြေရှင်းချက်ပါလည်း အဲဒါကို မင်းနားလည်မှာ မဟုတ်ဘူး´

တန်ဂိုက သူ့လက်တွေကို ပေါင်ပေါ်တင်လိုက်ပြီး သူ့အဖေမျက်နှာတည့်တည့်ကို ကြည့်လိုက်တယ်။ ဒီလူဟာ အခွံလွတ်တော့ မဟုတ်ဘူးလို့ သူတွေးနေမိတယ်။ သူဟာ အမြင်ကျဉ်းပြီး ခေါင်းမာတဲ့ စိတ်ဓာတ်မျိုးရှိတဲ့ သွေးနဲ့သားနဲ့ကိုယ် လူတစ်ယောက်။ ပင်လယ်ကမ်းစပ်က မြေကွက်လပ်ပေါ်မှာ ရှင်တလှည့်သေတလှည့် နေထိုင်နေခဲ့တဲ့ လူ။ သူ့အတွင်းသားထဲက ဖြည်းဖြည်းချင်း ကြီးထွားနေတဲ့ လေဟာနယ်နဲ့ အတူတကွရှင်သန်ဖို့ကလွဲလို့ သူ့မှာ ရွေးစရာလမ်းမရှိခဲ့ဘူး။ ဒါဟာ အချိန်ကိစ္စပဲ။

ခြောက်နာရီမထိုးခင်လေးမှာပဲ တန်ဂို သူ့အဖေကို နှုတ်ဆက်လိုက်တယ်။ သူ တက္ကစီလာဖို့ စောင့်နေတုန်း သူတို့နှစ်ဦး ပြတင်းပေါက်ခြားထားတဲ့ တစ်ဖက်ဆီမှာ ထိုင်နေမိကြတယ်။ ဘာတစ်ခုမှ မပြောဖြစ်ကြဘူး။ တန်ဂို့မှာ မေးချင်တဲ့ မေးခွန်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အဖြေရမှာမဟုတ်ဘူးဆိုတာ သူသိတယ်။ တင်းတင်းစေ့ထားတဲ့ သူ့အဖေရဲ့နှုတ်ခမ်းတွေကို မြင်နေရတာက သက်သေပဲ။ ဖြေရှင်းချက်မပါဘဲ အဲဒါကို မင်း နားမလည်ဘူးဆိုရင် ဖြေရှင်းချက်ပါလည်း အဲဒါကို မင်းနားလည်မှာ မဟုတ်ဘူးလို့ သူ့အဖေပြောခဲ့သလိုပဲ။

သွားရတော့မယ့်အချိန် နီးလာတော့ တန်ဂိုက ပြောလိုက်တယ်။
`ဒီနေ့အဖေ ကျွန်တော့်ကို အများကြီး ပြောခဲ့တယ်။ သွယ်ဝိုက်နေတာမို့လို့ အတော်များများကို နားလည်ရခက်ပါတယ်။ ဒါပေမဲ့ ဒါကပဲ အဖေတတ်နိုင်သမျှ အရိုးသားဆုံးနဲ့ အပွင့်လင်းဆုံးပြောတာ ဖြစ်မယ်။ အဲဒီအတွက် ကျေးဇူးတင်ပါတယ်´

ဒီအထိလည်း သူ့အဖေက ဘာမှမပြောဘူး။ လုံခြုံရေးတာဝန်ကျ စစ်သားတစ်ယောက်လို သူ့မျက်လုံးတွေက မြင်ကွင်းကိုပဲ မမှိတ်မသုန်ကြည့်နေတယ်။ ဟိုးအဝေး တောင်ကုန်းတွေဆီက လူရိုင်းတွေပစ်လွှတ်လိုက်မယ့် အချက်ပြမီးပန်းကို မြင်ကွင်းက လွတ်မသွားဖို့ ပိုင်းဖြတ်ထားပုံမျိုး။ သူ့အဖေကြည့်နေတဲ့ မြင်ကွင်းအတိုင်း တန်ဂိုလည်း လိုက်ကြည့်ဖို့ ကြိုးစားကြည့်တယ်။ ဒါပေမဲ့ နေ၀င်ချိန်မှာ မှုန်မှိုင်းနေတဲ့ ထင်းရူးပင်အုပ်ကိုပဲ သူမြင်လိုက်ရတယ်။

`အခုလိုပြောရတာ ကျွန်တော် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော်လုပ်ပေးနိုင်တာက မရှိသလောက်ပဲ။ အထဲမှာ ဖြစ်ပေါ်နေတဲ့ လေဟာနယ်ဟာ နာကျင်မှုမရှိတဲ့အရာ ဖြစ်ပါစေလို့ မျှော်လင့်ရုံက လွဲလို့ပေါ့။ အများကြီး ခံစားခဲ့ရတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဘယ်လိုချစ်ရမယ်ဆိုတာ သိသလိုပဲ အမေ့ကို နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့တယ်ဆိုတာလည်း ကျွန်တော် သိပါတယ်။ ကျွန်တော် အဲဒါကို ခံစားမိပါတယ်။ ဒါပေမဲ့ အမေက ထားခဲ့တယ်၊ အဲဒီအတွက် အတော်ကလေး ခက်ခဲခဲ့မှာပေါ့။ ဗလာကျင်းနေတဲ့ မြို့တစ်ခုမှာ နေရသလိုမျိုး ဖြစ်ခဲ့မှာပေါ့။ ဒါနဲ့တောင် အဲဒီဗလာကျင်းတဲ့မြို့မှာ ကျွန်တော့်ကို ပြုစုပျိုးထောင်ခဲ့သေးတယ်နော်´

ကျီးကန်းတစ်အုပ်က ကျယ်လောင်စွာမြည်တမ်းပြီး ကောင်းကင်ကို ဖြတ်ပျံသွားတယ်။ တန်ဂိုက မတ်တပ်ရပ်လိုက်ပြီး သူ့အဖေဆီ လျှောက်သွားတယ်။ သူ့အဖေ ပုခုံးပေါ်ကို လက်နဲ့ကိုင်ပြီး သူက ပြောလိုက်တယ်။
`နှုတ်ဆက်ပါတယ် အဖေ။ မကြာခင် ကျွန်တော်ပြန်လာခဲ့ပါ့မယ်´

တံခါးလက်ကိုင်ပေါ် ဆုပ်ကိုင်ထားရင်း နောက်ဆုံးအကြိမ်အဖြစ် လှည့်ကြည့်လိုက်ချိန်မှာပဲ သူ့အဖေမျက်ဝန်းဆီက လွတ်ကျနေတဲ့ မျက်ရည်တစ်စက်ကို မြင်လိုက်ရပြီး တန်ဂို တုန်လှုပ်သွားမိတယ်။ မျက်နှာကြက်ဆီက မီးချောင်းအလင်းရောင်အောက်မှာ မျက်ရက်စက်ဟာ ငွေလွှာရောင်တောက်နေတယ်။ မျက်ရည်စက်ဟာ ဖြည်းဖြည်းချင်း ပါးပေါ်စီးကျသွားပြီး ပေါင်ပေါ်ကို ကျသွားတာ သူ မြင်လိုက်ရတယ်။ တံခါးဖွင့်ပြီး တန်ဂို အခန်းထဲက ထွက်လိုက်တယ်။ တက္ကစီနဲ့ ဘူတာရုံဆီကို ရောက်လာတယ်၊ ပြီး သူ့ကို ဒီနေရာဆီ ခေါ်ဆောင်လာခဲ့တဲ့ ရထားပေါ်ပဲ သူ ပြန်တက်လိုက်မိတော့တယ်။



Image sources:

Last updated: Aug 23, 2012 @ 00:07.

3 thoughts on “ကြောင်တွေရဲ့ မြို့ (တေဇာ – လရောင်လမ်း)

  1. မဆက်သေးဘူးလား။

  2. Pingback: ၂၁ရာစုနှစ်တွေမှာ ဝိညာဉ်မရှိဘူး | + e q u a l s -

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s