လမ်းအိုလေး

Løøps of Resistance …

သားပိုက်ကောင် ဇာတ်လမ်း (မိုးဆတ်)

Leave a comment

သားပိုက်ကောင် ဇာတ်လမ်း (ဟာရူကီ မူရာကာမီ)

The Kangaroo Communique

ဒါပေမယ့် ကျုပ်ဟာ ကျုပ်ရဲ့ အပြစ် မကင်းနိုင်မှု အပေါ် သောက ရောက်နေရတာပဲ။ တကယ် ကတော့ ဘ၀မှာ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ပြီး ပျော် ပျော်နေရမှာ။ ကျုပ်ရဲ့အပြစ် မကင်းမှုကို ခုလို ပေါ်လာအောင် လုပ်တာ ကတော့ ခင်ဗျားနဲ့ သားပိုက်ကောင် လေးကောင်ပဲ။

ဘာသာပြန် – မိုးဆတ် | Mirrored from: Moveable



ဒီမနက် ကျုပ်တို့ တိရိစ္ဆာန်ရုံမှာ ရှိတဲ့ သားပိုက်ကောင် တွေဆီ ကျုပ် ဖုန်းဆက်လိုက်တယ်။

ဟေး.. ဘယ်လို နေကြတုံး..

ကျုပ်တို့ တိရိစ္ဆာန်ရုံက ခင်ဗျားသိတဲ့ တိရိစ္ဆာန် ရုံကြီးတွေလိုတော့ မဟုတ်ဘူး။
ဒါပေမယ့် မျောက်ဝံကနေ ဆင်အထိ ရှိသင့်ရှိထိုက်တဲ့ အကောင်ပလောင်တွေတော့
အစုံရှိသဗျ။ ခင်ဗျားက ဘို့မပါတဲ့ ကုလားအုတ်တို့ ပရွက်စားကောင်တို့မှ စိတ်ဝင်စားတယ်
ဆိုရင်တော့ သွား ကြည့်မနေနဲ့။ မရှိဘူး။ ကျုပ်တို့ တိရိစ္ဆာန်ရုံမှာ သမင်လည်း မရှိဘူး။
တောခွေးလည်း မရှိဘူး။ ကျားသစ်တောင် မရှိဘူးဗျာ။

ဒါပေမယ့် ကျုပ်တို့ တိရိစ္ဆာန်ရုံမှာ သားပိုက်ကောင် လေးကောင်တော့ ရှိတယ်။

တစ်ကောင်ကတော့ လွန်ခဲ့တဲ့ နှစ်လလောက်ကမှ မွေးထားတဲ့ သားပိုက်ကောင် ပေါက်ကလေးပေါ့။
နောက်ပြီးတော့ အထီး တစ်ကောင်ရယ်၊ အမ နှစ်ကောင်ရယ်။ သူတို့ရဲ့ မိသားစုဖွဲ့စည်းပုံကို
ကျုပ်ဖြင့် သဘောကို မပေါက်နိုင်ဘူး။ သားပိုက်ကောင် တစ်ကောင်ကို ကြည့်မိလေတိုင်း
ကျုပ်ဖြင့် တမျိုးတမည် ခံစားရတယ်။ သားပိုက်ကောင် တစ်ကောင် ဖြစ်ရတာဖြင့် ဘယ်လိုများ
နေလေမလဲ လို့တောင် တွေးမိတယ်။ သြစတေးလျလို နေရာမျိုးမှာ ခုန်ဆွခုန်ဆွနဲ့ လုပ်နေကြရတာ
ဘာကြောင့်များလဲပေါ့။ သူတို့တွေကို ဘူမာရန်းလို့ ခေါ်တဲ့ တုတ်ပျံနဲ့ ပစ်ပြီး အသေခံကြရုံ
သက်သက်တော့ ဟုတ်ဟန်မတူဘူး။

စဉ်းစားလို့မရပါဘူးဗျာ။

သားပိုက်ကောင်တွေကို ကြည့်နေရင်း ခင်ဗျားဆီ စာရေးဖို့ စိတ်ကူးရလာတာပဲ။ ခင်ဗျားကတော့
တွေးကောင်း တွေးမိမယ်။ သားပိုက်ကောင်တွေကို ကြည့်မိတာနဲ့ ခင်ဗျားဆီ စာရေးချင်စိတ်
ပေါက်တာ ဘယ်လိုများ ဆက်စပ်ပါလိမ့်ပေါ့။ အဲလိုတွေတော့ လျှောက်တွေးမနေပါနဲ့။
သားပိုက်ကောင်တွေက သားပိုက်ကောင်။ ခင်ဗျားက ခင်ဗျားပါပဲ။

တကယ်တမ်းကျတော့ သားပိုက်ကောင်တွေ ဆီကနေ ခင်ဗျားဆီ အတွေးရောက်ဖို့
ကျုပ်မှာ အဆင့်ပေါင်း သုံးဆယ့် ခြောက်ဆင့် လောက်ကို တဆင့်ချင်း ဖြတ်ခဲ့ရတာကလား။
တဆင့်ချင်း ရှင်းပြရင် ခင်ဗျားလည်း နားလည်ဖို့ မလွယ်သလို ကျုပ်လည်း အဆင့်တွေ အကုန်လုံး
မမှတ်မိတော့ဘူး။

အဲဒီတော့ သုံးဆယ့်ခြောက်ဆင့် ရှိတယ်လို့သာ မှတ်ထားပေတော့။

ကြားထဲမှာ တဆင့်လောက် လွဲသွားရင်လဲ အခုလို ခင်ဗျားဆီ စာရေးဖြစ်မှာ မဟုတ်လောက်ဘူး။
တိုက်ဆိုင်မှု သုံးဆယ်ခြောက်ခု ရှိလိုသာ ခင်ဗျားဆီ စာရေးဖြစ်တာပဲ။

ကဲပါ..ကျုပ်ကိုကျုပ် မိတ်ဆက်ပါရစေဦး။

ကျုပ်အသက်က နှစ်ဆယ့် ခြောက်နှစ်၊ စတိုးဆိုင်ကြီး တစ်ခုမှာ ပစ္စည်းထိန်း လုပ်တယ်။
ခင်ဗျားလည်း သိမှာပေါ့။ အဲဒီ အလုပ်မျိုးက ဘယ်လောက် ငြီးငွေ့ဖို့ ကောင်းတယ်ဆိုတာ။
ပစ္စည်းတွေ စိစစ်ရတာမျိုး အပြင် ဈေးဝယ်တွေရဲ့ တိုင်စာတွေကို ရှင်းပေးရတာမျိုးလည်း ရှိတယ်။
သံပတ်ရုတ်လေး စားပွဲပေါ်က ပြုတ်ကျပြီး အလုပ် မလုပ်တော့တာ..၀ယ်သွားတဲ့ တဘက်က
တခါပဲ လျှော်ရသေးတယ် တ၀က်လောက် ကျုံ့သွားတာ..အဲဒါမျိုးတွေပေါ့။ ပြဿနာ
သောင်းခြောက်ထောင်ကို ရှင်းဖို့ ၀န်ထမ်း လေးယောက်လောက်က မနားမနေ လုပ်နေရတာ။
ရှင်းလို့ရတဲ့ အခါလည်းရှိ..ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ အခါလည်းရှိပေါ့။ လုပ်ရကိုင်ရ
လွယ်အောင် ကျုပ်တို့က ပြဿနာတွေကို သုံးမျိုး ခွဲပစ်လိုက်တယ်။ အေ၊ဘီ၊စီပေါ့။
တိုင်စာ တွေလာရင် ခွဲထည့်ဖို့ ပုံးသုံးလုံး လုပ်ထားတယ်။ ကျုပ်တို့ကတော့ ဒါကို “သုံးဆင့်
ကျိုးကြောင်း စိစစ် သုံးသပ်ခြင်”လို့ နာမည် ပေးထားတယ်။ ထားပါ။

အဆင့် သုံးဆင့်ကိုတော့ ခင်ဗျားကိုရှင်းပြရမယ်။

အေက ကြောင်းကျိုး ညီညွတ်မှုရှိတဲ့ တိုင်စာတွေ။ ကျုပ်တို့အနေနဲ့ သကြားလုံး တစ်ထုပ်လောက်
ယူပြီး ဈေးဝယ်ရဲ့အိမ်ကိုသွား၊ ပျက်နေတဲ့ ပစ္စည်းကို ပြန်သယ်လာ..။

ဘီက ပြောရခက်တဲ့ အခြေအနေ။ အဲဒါမျိုး ဆိုရင်တော့ ပြဿနာ မတက်အောင် ကြည့် ကြက်
လုပ်ရတယ်။

စီကတော့ ဈေးဝယ်ကြောင့် ဖြစ်တာ။ အခြေအနေကို ရှင်းပြ။ ကျွန်တော်တို့ ပစ္စည်းကို ဘာကြောင့်
လဲမပေးနိုင်ဘူး ဆိုတာပေါ့။

ခင်ဗျား ပို့လိုက်တဲ့ တိုင်စာကလည်း စီ အမျိုးအစားထဲ ၀င်နေတယ်။

ဒီမနက် သားပိုက်ကောင် လှောင်အိမ်ရှေ့ ရပ်နေတုံး ကျုပ် အဲဒီတိုက်ဆိုင်မှု သုံးဆယ့် ခြောက်ခုနဲ့
ဆုံရတာပဲ။ ဒီမှာ ကျုပ်က “တိုက်ဆိုင်မှု”လို့ရေးလိုက်တယ်။ ခင်ဗျား ဖတ်လိုက်ရတဲ့ “တိုက်ဆိုင်မှု”ဆိုတဲ့
စကားလုံးက ကျုပ်ရေးလိုက်တာနဲ့ တူချင်မှတူမယ်။

ကျုပ်ရဲ့စာကို အသံသွင်းထားဖို့ စိတ်ကူးရတာနဲ့ တိပ်ခွေတစ်ခွေ ၀ယ်ခဲ့တယ်။

(COLONEL BOGIE’S MARCH တေးသွားအား လေချွန်သံ)

ဟဲလို..တက်စတင်၊ ကျုပ်ပြောတာ ကြားရလား။ ခင်ဗျား ဒီစာ..အဲ..ဒီတိပ်ကို ဘယ်လို ရသလဲတော့
မပြောတတ်ဘူး။ ခင်ဗျား စိတ် အနှောက်အယှက် ဖြစ်ချင်လည်း ဖြစ်မယ်။ ဘာဖြစ်လို့ဆိုတော့
စတိုးဆိုင် စာရေးက ဈေးဝယ်ရဲ့ တိုင်စာကို တိပ်ခွေနဲ့ အကြောင်းပြန်တာမျိုးက လုပ်လေ့မှ မရှိပဲကိုး။
ခင်ဗျား သိပ် စိတ်တိုသွားပြီး ဒီတိပ်ခွေကို ကျုပ်သဌေးဆီ ပြန်ပို့ရင် ကျုပ်ရဲ့အလုပ်မှာ ကျုပ်ရဲ့တည်ငြိမ်မှု
အနေအထားကတော့ အနည်းငယ် ယိမ်းယိုင် သွားဖို့ရှိတယ်။ ဒါပေမယ့်လည်း ခင်ဗျားအနေနဲ့က
ဒီလိုလုပ်မှ ဖြစ်မယ်ဆိုလည်း လုပ်ပေါ့လေ။ ကျုပ်ကတော့ ခင်ဗျားအပေါ် စိတ်မကွက်ပါဘူး။

ကျုပ်ကခင်ဗျားကို စာတစ်စောင်ပို့တယ်။ ခင်ဗျားမှာလည်း ကျုပ် အလုပ်ပြုတ်အောင်
လုပ်ပိုင်ခွင့် ရှိပါ သော်ကော။

ကျုပ်တို့ကြားမှာ မျှမျှတတရှိပါတယ်ဗျ။

ခုမှ စဉ်းစားမိတယ်။ ကျုပ် အနေနဲ့ ဒီစာကို “သားပိုက်ကောင် ဇာတ်လမ်း”လို့ နာမည်
ပေးထားတယ်ဆိုတာ ခင်ဗျားကို မပြောရသေးဘူးပဲ။

ဘယ် အရာမဆို နာမည် တစ်ခုတော့ ရှိဖို့လိုတယ်လေ။

ဆိုကြပါစို့။ ခင်ဗျားက ဒိုင်ယာယီထဲမှာ ရေးမယ်။ “စတိုးဆိုင် စာရေးဆီက အကြောင်း ပြန်စာ
ရောက်”လို့ ရေးရမယ့် အစား “ သားပိုက်ကောင် ဇာတ်လမ်း ရောက်”ဆိုတာမျိုး ရေးလို့ ရတယ်။
နာမည်လေးက ဆွဲဆောင်မှု ရှိသားဗျ။ ခင်ဗျားကော မထင်ဘူးလား။ “သားပိုက်ကောင် ဇာတ်လမ်း”
ဆိုတာကို ကြားမိတာနဲ့ ခင်ဗျားအနေနဲ့ ကွင်းပြင်ထဲမှာ ခုန်ပေါက်နေတဲ့ သားပိုက်ကောင် တွေကို
မြင်ယောင်လာနိုင်တယ်။ သူတို့ ဗိုက်ပေါ်က အိတ်ထဲမှာလည်း စာတွေ အပြည့်နဲ့ပေါ့ဗျာ။
မဟုတ်ဘူးလား။

“တောက်..တောက်..တောက်” (စားပွဲကို ခေါက်သံ)

“တောက်..တောက်” ဆိုတဲ့ အသံကြားလို့ တံခါးတွေ ဘာတွေ သွား ထဖွင့်မနေနဲ့ဦး။ ခင်ဗျားအနေနဲ့
ဆက် နားမထောင်ချင်းဘူးဆိုလည်း တိပ်ခွေကို ပိတ်ပီး လွှင့်ပစ်လိုက်ဗျာ။

ဘာပဲဖြစ်ဖြစ် ဒီကိစ္စက လွယ်တော့ မလွယ်ဘူး။ မိုက်ကရိုဖုန်း ရှေ့မှာ ဇာတ်ညွှန်း မပါဘဲ ပြောရတာ
မချောင်ဘူးဆိုတာ ဘယ်သူက ကြိုတွေးမိပါ့မလဲ။

မကြားသေးဘူးဗျ။ ကျုပ် ရုပ်ရှင်တစ်ကား ကြည့်ဖြစ်တယ်။ ဘယ်လိုပဲ ပြက်လုံးတွေ ထုတ်ထုတ်
ဘယ်သူ့ကိုမှ ရယ်အောင် မလုပ်နိုင်တဲ့ လူရွှင်တော် တစ်ယောက်အကြောင်း ရိုက်ထားတာ။
သိရဲ့လား။ ဘယ်သူမှကို မရယ်တာဗျာ။

မိုက်ကရိုဖုန်း ကိုင်ပြောရင်း ကျုပ် အဲဒီ ရုပ်ရှင်ကားကို သတိရနေမိတယ်။

ဆန်းတော့ဆန်းတယ်။

လူတစ်ယောက်က ပြောတဲ့ စကားတွေကို အားလုံးဝိုင်းပြီး ရယ်ကြတယ်။ အဲဒီစကားတွေကိုပဲ
နောက် တစ်ယောက်ပြောတဲ့ အခါကျတော့ ပြုံးတောင် မပြုံးကြဘူး။

ကျုပ်လည်း အဲလို ပါရမီမျိုး ရှိချင်တယ်။ ကျုပ် ကြုံရတဲ့ ရယ်စရာ အဖြစ်အပျက် တစ်ခုခုကို
သူများကို ပြန်ပြောပြတဲ့ခါ ဟာသဓာတ် မပါတော့ဘူး ဖြစ်နေတယ်။ အဲဒီအခါကျရင် ကျုပ်ကို ကျုပ်
အီဂျစ် သဲလူ တစ်ယောက်လို ခံစားမိတယ်။

ခင်ဗျားကော အီဂျစ်သဲလူ အကြောင်း သိလား။

အီဂျစ် သဲလူက အီဂျစ် မင်းသားတစ်ပါးပဲ။ ပိရမစ်တွေ၊ စဖင့်တွေ ခေတ်တုံး ကပေါ့ဗျာ။ သူက
ရုပ် သိပ်ဆိုးလွန်းတော့ သူ့အဖေ ဘုရင်ကြီးက သူကို ရှင်းပစ်တဲ့အနေနဲ့ တောနက်ထဲကို
လွှတ် လိုက်တယ်။ မင်းသားလေးကို ၀ံပုလွေတွေက ကြီးပြင်းအောင် စောင့်ရှောက် ထားတယ်။
မျောက် တွေလည်း ဖြစ်ချင်ဖြစ်မယ်။ ဒီလို ဇာတ်လမ်းမျိုး ခင်ဗျားလည်း ကြားဖူးမှာပါ။ နောက်တော့
တစ်နည်းနည်းနဲ့ မင်းသားလေးဟာ သဲလူ တစ်ယောက် ဖြစ်လာတယ်။ သူ ထိတွေ့သမျှ
အရာတွေအားလုံး သဲဘ၀ ပြောင်းသွားသတဲ့။ သူ ထိလိုက်ပလားဟေ့ ဆိုရင် လေညှင်းလေး တွေဟာ
သဲမုန်တိုင်း အဖြစ်ကို၊ စမ်းချောင်းတွေဟာ သဲချောင်းတွေ အဖြစ်ကို ပြောင်းသွားတယ်။ ခင်ဗျားကော
ဒီသဲလူ ဇာတ်လမ်းကို ကြားဖူးလား။ ကြားဖူးဖို့တော့ သိပ်မရှိဘူး။ ဘာဖြစ်လို့ ဆိုတော့ ဒါက ကျုပ်ရဲ့
လံကြုတ် ဇာတ်လမ်းကိုး။ ဟား..ဟား။

ခင်ဗျားကို ပြောနေ ရင်းတောင် ကျုပ်ကို ကျုပ် သဲမင်းသားလေး လို့တောင် ထင်လာမိတယ်။ ကျုပ် ထိစမ်း လိုက်သမျှ သဲ..သဲ..သဲတွေ..။ ကဲ.. ကျုပ်အကြောင်း ပြောတာလဲ များနေပြီ။ ခင်ဗျား အကြောင်းကျတော့ ကျုပ်သိပ် မသိထားဘူးဗျ။ ခင်ဗျား နာမည်..လိပ်စာ..ဒါလောက်ပဲ။ ခင်ဗျား အသက်က ဘယ်လောက်၊ ၀င်ငွေက ဘယ်လို၊ နှာခေါင်းက ဘယ်ပုံရှိတယ်၊ ပိန်သလား ၀သလား ၊အိမ်ထောင် ရှိမရှိ..မသိဘူး။ ဒါတွေက တကယ်တော့လည်း အရေးမပါဘူး။ ခပ်ရှင်းရှင်းပဲ ကောင်းပါတယ်။ တကယ့်ကို ရိုးရိုး ရှင်းရှင်းပေါ့။

ကျုပ်ဆီမှာ ခင်ဗျားဆီက စာရှိတယ်။

ဒါပဲ။

သတ္တဗေဒ ပညာရှင် တစ်ယောက်က ဆင်တစ်ကောင်ရဲ့ အစားအသောက် အမူအကျင့်၊ အလေးချိန်နဲ့ သူ့ရဲ့လိင်ဘ၀ကို သိရအောင် ဆင်ချေးတုံးတွေ တောထဲမှာ လိုက် ကောက်သလိုပဲ ကျုပ် အတွက်တော့ ခင်ဗျားရဲ့စာပေါ့။ ဒါလေးကို အခြေခံပြီး ခင်ဗျား တစ်ယောက်လုံးကို ကျုပ် ပုံဖော် နိုင်ပါတယ်။ ခင်ဗျားရဲ့ ပကတိ အတွင်းသား အထိပေါ့။

ခင်ဗျားရဲ့ စာက ဆွဲဆောင်မှုတော့ အရှိသား။ လက်ရေး လက်သား၊ ပုဒ်ဖြတ် ပုဒ်ရပ်၊ အစိတ် အကျဲ၊ အာဝဇ္ဖန်း.. အားလုံးဟာ အဆင် ချောနေတာပဲ။
ကျုပ်အနေနဲ့ တစ်လကို စာ အစောင် ငါးရာလောက် ဖတ်ရတာ။ ခင်ဗျား စာလို ကျုပ်ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်တာမျိုး မကြုံဘူးသေးဘူး ဆိုတာ ၀န်ခံရမှာပဲ။ ခင်ဗျားစာကို အိမ်ထိ ယူသွားပြီး အခေါက်ခေါက် အခါခါ ဖတ်နေမိတယ်။

ခင်ဗျားစာကို ဆန်းစစ် ကြည့်တော့ တွေ့ရတာ အများကြီးပဲ။ ပထမ တစ်ချက် ကတော့ ပုဒ်ဖြတ် ပုဒ်ရပ်..။ ပုဒ်မ တခါ မချခင် ပုဒ်ထီးပေါင်း ၆.၃၆ ခု အထိ ခင်ဗျား သုံးထားတယ်။ ပုဒ်ထီးကိစ္စ တစ်ခုတည်း မဟုတ်ဘူး။ ခင်ဗျား စာထဲမှာ စိတ်ဝင်စားစရာက အများသား။

ခင်ဗျားရဲ့စာထဲမှာ ခင်ဗျား မပါဘူး။ အင်း.. ဒါပေမယ့် စာထဲမှာ ဇာတ်လမ်း တစ်ပုဒ်ပါတယ်။ မိန်းကလေး တစ်ယောက်..အမျိုးသမီး တစ်ယောက်.. ဟာ ဓာတ်ပြားစက် တစ်လုံး ၀ယ်တယ်။ အစ ကတည်းက ဓာတ်ပြား စက်ဟာ အသံ သိပ် မမှန်ဘူးလို့ ထင်တယ်။ ဒါပေမယ့် အဲဒီစက်ကို ၀ယ် လိုက်တယ်။ တစ်ပတ် အကြာမှာ တကယ် အသံမမှန်ဘူး ဆိုတာ သေချာလာတယ်။ အရောင်းစာရေးမကို သွားပြောတော့ အဲဒီစက်ကို လဲမပေးဘူး။ အဲဒါနဲ့ တိုင်စာ တစ်စောင် ရေးပို့တယ်။ ဇာတ်လမ်းကတော့ ဒါပဲ။

ကျုပ်ဖြင့် ဇာတ်လမ်းကို သဘော ပေါက်အောင် ခင်ဗျားရဲ့စာကို သုံးကြိမ်တောင် ဖတ်လိုက်ရတယ်။ ခင်ဗျားရဲ့ စာက တိုင်စာလား၊ ၀န်ခံချက် တစ်စောင်လား၊ တောင်းဆို ချက်လား၊ အဆို တစ်ခုခုကို တင်ပြ နေတာများလား။ ကျုပ်ဖြင့် စဉ်းစားမရ ဖြစ်မိတယ်။ ခင်ဗျားစာကို ဖတ်ရင်း လူတွေကို အစုလိုက် အပြုံလိုက် သတ်နေတဲ့ ပုံတစ်ပုံကို သွား သတိရ မိသေးတယ်။ ပုံစာတွေ ဘာတွေ မပါတဲ့ ပုံချည်း သက်သက် ပုံမျိုးပေါ့။ တောလမ်းလေး တစ်ခုဘေးမှာ အလောင်းတွေ ပြန့်ကျဲနေတဲ့ ပုံမျိုး။

ဒိုင်း..ဒိုင်း..ဒိုင်း။

ဒီမှာ နည်းနည်းတော့ ရှင်းမှ ဖြစ်မယ်။

ခင်ဗျားစာကို ဖတ်ရတာ ကျုပ်မှာ စိတ်တွေ ကြွလာတယ်။

ဟုတ်ပြီလား။

ဒီတော့ စိတ်ကြွတဲ့ အကြောင်း ဆက်ပြောရအောင်။

ဒုတ်၊ ဒုတ်၊ ဒုတ်။

ထုနှက်သံ ပိုပြင်း လာသည်။

ခင်ဗျား စိတ်မ၀င်စား တော့ရင် တိပ်ခွေကို ပိတ်လိုက်လို့ ရတယ်နော်။ ကျုပ်က ကျုပ် ဖာသာကျုပ် ဟိုဟိုဒီဒီ လျှောက် ပြောနေတာပါ။

ဟုတ်ပြီလား။

မြင်ယောင် ကြည့်စမ်းပါ။ ရှေ့လက်က တိုတို။ လက်ချောင်း ငါးချောင်းရှိတယ်။ နောက် ခြေထောက်ကတော့ ခြေချောင်း လေးချောင်းပဲ ပါတယ်။ အဲဒီ လေးချောင်းမှာ တစ်ချောင်းက အတုတ်ကြီး။ ဒုတိယနဲ့ တတိယ ခြေချောင်း နှစ်ချောင်းက ပူးနေတယ်။ အဲဒါ သားပိုက်ကောင်ရဲ့ ခြေထောက် ပုံစံလေ.. ဟဲ ဟဲ။

စိတ်ကြွတဲ့ အကြောင်း ဆက် ပြောကြည့်တာပါ။

ခင်ဗျားစာကို ကျုပ် အိမ် ယူသွားကတည်းက ကျုပ်မှာ ခင်ဗျားနဲ့ အိပ် နေရသလိုပဲ။ အိပ်ယာထဲ ၀င်လိုက်ရင် ခင်ဗျား ရှိနေတယ်။ နိုးလာ တော့လည်း ခင်ဗျားက ဘေးမှာ။ ကျုပ် မျက်လုံးဖွင့်လိုက်ရင် ခင်ဗျားက နိုးနှင့်နေပြီ။ ခင်ဗျား ၀တ်စုံကိုတောင် ဇစ်ဆွဲ ပိတ်ရင် ပိတ်နေပြီ။ ကျုပ် မျက်လုံကိုး မှိတ်ပြီး အိပ်ချင်ယောင် ဆောင်နေ လိုက်တယ်။

ခင်ဗျား ရေချိုးခန်းထဲ ၀င်သွားမှ ကျုပ် မျက်လုံးကို ဖွင့်လိုက်တယ်။ စားစရာ ရှိတာ စားပြီး အလုပ်ကို ထွက်လာခဲ့တယ်။ ညဘက်ဆို အခန်းထဲမှာ ပိန်းပိတ် မှောင်နေအောင် ပြတင်းမှာ လိုက်ကာတွေ တပ်ဦးမယ်။ ဒါမှ ခင်ဗျား မျက်နှာကို ကျုပ် မမြင်ရမှာ။

ခင်ဗျားရဲ့ အသက်… ကိုယ် အလေးချိန်.. ကျုပ် ဘာမှ မသိဘူး။ အို.. ခင်ဗျားကို ကျုပ် လက်ဖျားနဲ့တောင် မတို့ဘူးဗျာ။

ခင်ဗျား သိပ် သိချင် နေမလားပဲ။ ဒါပေမယ့် ကျုပ်တို့ နှစ်ယောက် ဆက်ဆံ ဖြစ်သလား ဆိုတာလည်း ဘာမှ မထူးခြားတဲ့ အချက်ပါဗျာ။

နေဦး..ကျုပ် ပြန်စဉ်းစား ကြည့်ဦးမယ်။

အိုကေ..ဆိုကြပါစို့။ ကျုပ်က ခင်ဗျားနဲ့ အိပ်ချင် နေတယ်။ ဒါပေမယ့် မအိပ်ရလည်း ဘာမှတော့ မဖြစ်ဘူး။ ကျုပ်က အတင်းအကျပ် ဆိုရင် ဘာမှ မကြိုက် ဘူးဗျ။ ကျုပ် အတွက်တော့ ကျုပ်နားမှာ ခင်ဗျား ရှိနေတယ် ဒါမှမဟုတ် ခင်ဗျားရဲ့ ပုဒ်ထီးလေးတွေ ကျုပ်နားမှာ ၀ဲပျံနေတယ် တစ်ခုခု စိတ်ကူးနေလည်း ရတာပဲ။

တခါတလေတော့ တစ်ခုတည်း ဖြစ်တည်နေတဲ့ အရာတွေ အကြောင်း စဉ်းစားရင်း ကျုပ် ကိုယ်ကျုပ် အစိတ်စိတ် အမွှာမွှာ ကွဲသွားမလားလို့ ထင်မိတယ်။ ဥပမာပြောရရင် မြေအောက် ရထား စီးသွားတဲ့ အခါမျိုးပေါ့။ လူတွေ အများကြီးကို တွေ့ရတယ်။ ခင်ဗျား အနေနဲ့ သူတို့ကို ခရီးသည်တွေလို့ ခေါ်လို့ ရတယ်။ ခရီးသည် တွေဟာ အေအိုယာမ ကနေ အာကဆာမိဆုကဲကို သွားနေကြတယ်။

ခရီးသည်တွေလို့ ခေါ်လိုက်ပေမယ့်လည်း သူတို့တွေဟာ တစ်ဦးချင်းစီ တည်ရှိ နေတာပဲ ဆိုတာမျိုး ခင်ဗျား တွေးကောင်း တွေးမိလိမ့်မယ်။

ဒီတစ်ယောက်က ဘာအလုပ်များ လုပ်ပါလိမ့်။ ဘာ ဖြစ်ဖြစ်ပေါ့လေ။

လုပ်ငန်းရှင်ပုံစံ ငနဲရဲ့ ထိပ်ပြောင်နေတာ ဖြစ်ဖြစ်.. ဟိုနားက ကောင်မလေးက ခြေသလုံး မွှေးတွေ ရှည်လှချည်လား..
တစ်ပတ် တစ်ခါ ရိတ်/မရိတ် လောင်းရဲတယ်.. ဟိုဘဲက ဘာကြောင့် ဒီလောက်ကြောင်တဲ့ လည်စည်း စည်းလာပါလိမ့် ဆိုတာမျိုးတွေ တွေးမိနေမယ်။ ခင်ဗျား တုန်တုန်ရီရီ ဖြစ်လာပြီး ရထားတွဲထဲက ချက်ချင်း ဆိုသလို ခုန်ထွက်ချင်စိတ် ပေါက်ချင်လည်း ပေါက်လာမယ်။ ခင်ဗျားကတော့ ရယ်ချင် ရယ်လိမ့်မယ်။ ကျုပ်ကတော့ တစ်နေ့တုန်းက အရေးပေါ်ကြိုးကို ဆွဲမိမတတ်ကို ဖြစ်တာဗျ။

ခင်ဗျား ကတော့ ကျုပ်ကို စိတ်လှုပ်ရှား လွယ်တဲ့လူ၊ တချိန်လုံး မရိုးမရွ ဖြစ်နေတဲ့ လူလို့ ထင်ချင် ထင်မှာပဲ။ ကျုပ်က ပုံမှန်ပါပဲ။ တစ်နေကုန် အလုပ် လုပ်တယ်။ စတိုးဆိုင် တစ်ဆိုင်ရဲ့ ပစ္စည်းထိန်း ဌာနရဲ့ အလုပ်သမား အဖြစ်နဲ့ေ ပါ့။ မြေအောက် ရထားကို ဆန့်ကျင်တဲ့ သဘောထား မျိုးလည်း ကျုပ်မှာ မရှိရပါဘူး။

ကျုပ်မှာ လိင်ကိစ္စ ပြဿနာလည်း မရှိပါဘူး။ ကျုပ်နဲ့ ပုံမှန် တွေ့ဖြစ်တဲ့ မိန်းမတစ်ယောက် ရှိတယ်။ ကျုပ် ရည်းစား ခေါ်ချင်လည်း ခေါ်။ ကျုပ်တို့ တစ်ပတ် နှစ်ခါလောက် တူတူ အိပ်ဖြစ်တာ တစ်နှစ်လောက် ရှိပြီ။ ကျုပ်တို့ နှစ်ယောက်သား အဆင်ပြေပါတယ်။ သူ့အပေါ် အလေး အနက်ကြီး ဖြစ် မသွားအောင်တော့ ကျုပ် သတိထားတယ်။ ကျုပ်က သူ့ကို လက်မထပ် ချင်ဘူးရယ်။ ကျုပ်အနေနဲ့ လက်ထပ်ဖို့ စဉ်းစားမယ် ဆိုရင်လည်း သူ့ကို လက်ထပ်တဲ့ အထိ အလေးအနက် ထားချင် ထားမိမှာပဲ။ ခင်ဗျား မိန်းကလေး တစ်ယောက်နဲ့ အတူ နေတာကြာရင် ဒီလိုပဲ ဟိုဟာ ဒီဟာ လေးတွေက ပေါ်လာတတ်တယ်။ သူ့ရဲ့သွားတွေ မညီတာ။ လက်သည်းတွေက အစပေါ့။ ဒါမျိုးတွေကို ခင်ဗျား ဘယ်လောက် ကြာကြာ ခံနိုင်ရည် ရှိမလဲ။

ကျုပ် အကြောင်း ပြောပါရစေဦး။

စားပွဲ ခေါက်သံ ထွက်ပေါ်လာခြင်း မရှိ။

ခဏလေး။ ကျုပ် ဆေးလိပ် တစ်ဖွာ နှစ်ဖွာ ဖွာလိုက်ဦးမယ်။

အခုထိ ကျုပ် ပြောခဲ့တာ တွေထဲမှာ ကျုပ် အကြောင်းက သိပ် မပါသေးဘူး။ တကယ်တော့ ပြောစရာလည်း သိပ်မရှိပါဘူး။ ပြောခဲ့ရင်လည်း လူတွေ စိတ်မ၀င် စားမယ့်အကြောင်းအရာ မျိုးပေါ့။

ဒါတွေကို ကျုပ် ဘာကြောင့် ခင်ဗျားကို ပြောနေ မိပါလိမ့်။

ခင်ဗျား ကိုလည်း ပြောပြီးပြီ ထင်တယ်။ ကျုပ် အနေနဲ့ ခုအချိန်မှာ လူတွေရဲ့ အပြစ် မကင်းနိုင်မှု အပေါ် ခွင့်လွှတ်နိုင်တဲ့ သဘောထား တစ်ရပ် အပေါ် အာရုံ စိုက်မိနေတယ် ဆိုတာ။

ဒီလူတွေရဲ့အပြစ် မကင်းနိုင်မှု အပေါ် ခွင့်လွှတ်နိုင်တဲ့ သဘောထား ဆိုတာကလည်း ဘယ်ကနေ စ ပေါ်လာတာလဲ။ ခင်ဗျား ဆီက စာကြောင့်လား။ သားပိုက်ကောင် တွေကြောင့်လား။

အင်း.. သားပိုက် ကောင်တွေ ကြောင့် ဖြစ်လိမ့်မယ်။

သားပိုက် ကောင်တွေဟာ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတယ်။ ကျုပ်အနေနဲ့ နာရီနဲ့ ချီပြီး သူတို့ကို ကြည့် နေနိုင်တယ်။ သားပိုက်ကောင် တွေမှာ ဘာတွေများ တွေးစရာ ရှိနေမလဲ။ သူတို့ရဲ့ ဂူထဲမှာ တနေကုန် ခုန်ဆွ ခုန်ဆွ လုပ်မယ်။ မြေတွင်းတွေ ဟိုဆွ ဒီဆွ လုပ်မယ်။ အဲဒီ တွင်းတွေ ဘာလုပ်ဖို့ တူးဆွ သလဲ။ ဘာမှ မလုပ်ဘူး။ တူးတယ် ဆိုရုံ သက်သက်ပဲ။

သားပိုက်ကောင် တွေဟာ တစ်ကြိမ်ကို တစ်ကောင်ပဲ မွေးလေ့ရှိတယ်။ တစ်ကောင် မွေးပြီးတာနဲ့ နောက် တစ်ကောင်အတွက် ကိုယ်ဝန် ဆောင်တော့တာပဲ။ အဲလိုမှ မဟုတ်ရင်လည်း သားပိုက်ကောင်တွေ မျိုးတုံးသွားဖို့ ရှိတယ်။ သားပိုက်ကောင် အမတွေဟာ တသက်လုံး ကလေး မွေးရင်မွေး၊ မဟုတ်ရင် ကလေးထိန်းပြီး တော့ပဲ အချိန် ကုန်သွား ရတယ်လို့ ကျုပ်တော့ ထင်မိတယ်။ သားပိုက်ကောင် အမတွေဟာ မျိုးဆက် တည်တံ့ရေး အတွက်သာ အသက် ရှင်နေတယ်လို့ ဆိုရင် ရလိမ့်မယ်။

သဘော ကျစရာ မကောင်းဘူးလား။

ကျုပ် ပြောတာတွေ လမ်းလွဲပြန်ပြီ ထင်တယ်။ ဆောရီးဗျာ။

ကဲပါ..ကျုပ် အကြောင်းပဲ ပြောပါတော့မယ်။

တကယ်တော့ ကျုပ်ဟာ ကျုပ် ဖြစ်နေရတာကို အတော် မကျေနပ်လှဘူး။ မကျေနပ်ဘူး ဆိုတာက ကျုပ်ရဲ့ ပုံပန်း သွင်ပြင်၊ လုပ်ရည် ကိုင်ရည်၊ အခြေအနေတွေနဲ့ မဆိုင်ဘူး။ ကျုပ် ဖြစ်နေရတာနဲ့ပဲ ဆိုင်တယ်။ ကျုပ် အနေနဲ့ ဒါကို မတရားဘူးလို့ပဲ ခံစား နေရတယ်။ ကျုပ်ရဲ့ အလုပ်၊ ကျုပ်ရဲ့ လစာ အဲဒါတွေ အပေါ်မှာလည်း မကျေနပ်တာ မဟုတ်ဘူး။ အလုပ်က အရမ်းကို ငြီးငွေ့စရာ ကောင်းတယ်။ ဒါပေမယ့်ဗျာ အလုပ် ဆိုတာမျိုးက ငြီးငွေ့စရာ ကောင်းတာ ချည်းပါပဲ။

ကျုပ် ဖြစ်ချင်တာ တစ်ခုပဲ ရှိတယ်။ အဲဒါ ကတော့ ကျုပ်အနေနဲ့ နေရာ နှစ်ခုမှာ တပြိုင်တည်း တည်ရှိ နေချင်တာပဲ။ အဲဒါက လွဲလို့ ကျုပ်မှာ တခြား လိုအင် မရှိပါဘူး။

အဲ..ကျုပ်ဟာ ကျုပ်ဖြစ်နေတဲ့ အတွက် ကျုပ်ရဲ့လိုအင် ဘယ်လိုမှ မပြည့်နိုင်ဘူး ဖြစ်နေရတယ်။ တကယ်တော့ ကျုပ် လိုချင်တာက သိပ်လောဘကြီးတဲ့ ဟာမျိုး မဟုတ်ရပါဘူးဗျာ။ ကျုပ်က ကမ္ဘာကြီးကို စိုးမိုးချင်တာလည်း မဟုတ်။

ပါရမီရှင် အနုပညာသမား တစ်ယောက် ဖြစ်ချင်တာမျိုးလည်းမဟုတ်ဘူး။ နေရာ နှစ်နေရာမှာ တပြိုင်နက်တည်း ရှိနေချင် တာလေးပဲ။
သုံးနေရာ. . လေးနေရာ မဟုတ်ဘူးဗျာ. . နှစ်နေရာတည်း။ သံစုံတီးဝိုင်း နားထောင်နေရင်း တခြား တစ်နေရာမှာ နှင်းလျှော စီးချင်တယ်။ အခု လုပ်နေတဲ့ စတိုးမှာ ပစ္စည်းထိန်း အဖြစ် ရှိနေတုံး မက်ဒေါနယ် ဟမ်ဘာဂါ ရောင်းတဲ့ ဆီမှာလည်း ၀င်လုပ်ချင်တယ်။ ကျုပ် ရည်းစားနဲ့ အိပ်နေတုံး ခင်ဗျားနဲ့ လည်း အိပ်ချင် တယ်ဗျာ။

ဆေးလိပ် တစ်လိပ် လောက် သောက် လိုက်ဦးမယ်။

ဝှုး..။

နည်းနည်းတော့ အပန်းသားဗျ။

ကျုပ် အကြောင်း ကျုပ် ပြန်ပြောရတာ ကျုပ်မှာ အကျင့် သိပ်မရှိဘူး ဖြစ်နေတယ်။

ကျုပ်ဟာ ကျုပ်ကလွဲပြီး တခြားဘာမှ မဖြစ်နိုင်တာ ကျုပ် စိတ်အပျက်ဆုံးပဲ။ တစ်ခုတည်း ဖြစ်ခွင့် ရှိတာဟာ ကျုပ် အတွက်တော့ စိတ်ပျက်စရာပဲ။ ဒါကြောင့် ကျုပ်အနေနဲ့ ခင်ဗျားနဲ့ အိပ်ဖို့လည်း စိတ် မ၀င်စားတော့ဘူး။ ခင်ဗျား တစ်ယောက်တည်း ဆိုရင်ပေါ့။
တကယ်လို့ ခင်ဗျားကလည်း နှစ်ယောက် ဖြစ်မယ်ဆိုရင် ကျုပ်ကလည်း နှစ်ကိုယ်ခွဲပြီး လေး ယောက်သား တစ်ကုတင်တည်း အိပ်ကြ ရရင်တော့ အကောင်းသား ဗျ။ ခင်ဗျားကော ဘယ်လိုထင်လဲ။

ကျုပ်ဆီကို လည်း စာ ပြန်မနေပါနဲ့။ ခင်ဗျားမှာ ထပ်ပြီး တိုင်စရာ တောစရာ ရှိရင်လည်း ကုမ္ပဏီ လိပ်စာနဲ့သာ ပို့ လိုက်ပေတော့။
အခုပဲ တိပ်ခွေကို ဒီအထိ ကျုပ် ပြန်နားထောင် ပြီးသွားတယ်။ ပွင့်ပွင့်လင်းလင်း ပြောရင်တော့ ကျုပ် မကြိုက်လှဘူး။ ကျုပ်အနေနဲ့ ကိုယ့်ရဲ့ ပေါ့လျာ့မှုကြောင့် ဖျံလေး တစ်ကောင် သေသွားရတဲ့ ဖျံလေ့ကျင့်ရေး သမားတစ်ယောက်လို ခံစား နေရတယ်။ ခင်ဗျားဆီကို ဒီ တိပ်ခွေ ပို့သင့်၊ မပို့သင့်လည်း ကျုပ် စဉ်းစား ပါသေးတယ်။

အခုတော့ ပို့ဖို့ ကျုပ် ဆုံးဖြတ်လိုက်ပြီ။ စိတ် ကတော့ ခပ်လေးလေးပဲ။

ဒါပေမယ့် ကျုပ်ဟာ ကျုပ်ရဲ့ အပြစ် မကင်းနိုင်မှု အပေါ် သောက ရောက်နေရတာပဲ။ တကယ် ကတော့ ဘ၀မှာ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ပြီး ပျော် ပျော်နေရမှာ။ ကျုပ်ရဲ့အပြစ် မကင်းမှုကို ခုလို ပေါ်လာအောင် လုပ်တာ ကတော့ ခင်ဗျားနဲ့ သားပိုက်ကောင် လေးကောင်ပဲ။

အသံ တိုးတိတ်သွား…။


Related Links:

(The Kangaroo Communique by Haruki Murakami. Mirrored from: Moveable ဘာသာပြန် – မိုးဆတ်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s