လမ်းအိုလေး

Løøps of Resistance …

ပင်လယ်အော် (တေဇာ – လရောင်လမ်း)

Leave a comment

ပင်လယ်အော် (ဟာရူကီ မူရာကာမီ)

Hanalei Bay

တတ်နိုင်တုန်း အချိန်အတွင်းမှာ ဘ၀ရဲ့ ပျော်ရွှင်စရာတွေ အားလုံးကို ခံစားကြပေါ့။ သိပ်မကြာခင်မှာပဲ ရှင်းရမယ့် ဘီလ်စာရွက် ရောက်လာပါလိမ့်မယ်။

ဘာသာပြန် – တေဇာ | Mirrored from: လရောင်လမ်း



ဟန်နယ်လေ ပင်လယ်အော်မှာ လှိုင်းစီးနေရင်း ငါးမန်းကိုက်ခံရတဲ့ ၁၉ နှစ်အရွယ် သားကို ဆာချီ ဆုံးရှုံးခဲ့ရတယ်။ တကယ်တမ်း ပြောရရင်တော့ သူ့သားကို သတ်လိုက်တာ ငါးမန်းမဟုတ်ဘူး။ ကမ်းခြေကနေ ခပ်လှမ်းလှမ်းမှာ တစ်ယောက်တည်း လှိုင်းစီးနေတုန်း ငါးမန်းက သူ့ခြေထောက်တစ်ဖက်ကို ကိုက်ဖြတ်ပစ်လိုက်တယ်။ ပြီးတော့ သူ အကြောက်လွန်ပြီး ရေနစ်သွားတာပဲ။ ဒီတော့ သေမှုသေခင်းမှတ်တမ်းမှာ အကြောင်းရင်းက ရေနစ်မှုဖြစ်သွားတယ်။ ငါးမန်းက သူ့ရဲ့ လှိုင်းစီးဘုတ်ကိုလည်း နှစ်ပိုင်းပြတ်အောင် ကိုက်ဖြတ်သွားတယ်။ ငါးမန်းတွေဟာ လူသားကို ကြိုက်ပုံမရဘူး။ စစဟပ်လိုက်ချင်း အရသာမတွေ့တာနဲ့ အဝေးကိုပြန်ကူးသွားတဲ့ဖြစ်ရပ်တွေ မကြာခဏ ဖြစ်တတ်ပါတယ်။ ဒါကြောင့်ပဲ ငါးမန်းကိုက်ခံရလို့ ခြေတစ်ဖက်၊ ဒါမှမဟုတ် လက်တစ်ဖက်ပြတ်ပြီး အသက်ရှင်ကျန်ခဲ့တဲ့လူတွေ တစ်ပုံကြီးရှိနေတာပဲ။ အကြောက်လွန်မသွား သရွေ့ပေါ့။ ဆာချီရဲ့ သားကတော့ ရုတ်တရက် နှလုံးရပ်သလိုဖြစ်သွားလို့ ဆားငန်ရေအများအပြား ပါးစပ်ထဲဝင်ပြီး ရေနစ်သွားတာပဲ။

ဟိုနိုလူလူမှာရှိတဲ့ ဂျပန်သံရုံးက အကြောင်းကြားစာရောက်လာတော့ ဆာချီတစ်ယောက် ကြမ်းပြင်ပေါ်ကို ထိုင်ကျသွားတယ်။ သူ့ခေါင်းထဲမှာ ပြောင်သလင်းခါသွားသလို သူ ဘာကိုမှ စဉ်းစားလို့မရတော့ဘူး။ သူလုပ်နိုင်တာဆိုလို့ နံရံပေါ်က အမှတ်တစ်ခုကို ထိုင်ပြီး ငေးရုံပဲ ရှိတော့တယ်။ အဲလိုမျိုးဖြစ်နေတာ ဘယ်လောက်ကြာသွားလဲ သူမသိဘူး။ ဒါပေမဲ့ နောက်ဆုံးမှာ သူ အသိပြန်ဝင်လာတယ်။ ဒါနဲ့ လေကြောင်းလိုင်း ဖုန်းနံပါတ်ကို ရှာပြီး ဟာဝိုင်ရီကိုသွားမယ့် လေယာဉ်အတွက် နေရာမှာ ရတယ်။ သေဆုံးသူကို အတည်ပြုနိုင်ဖို့ တတ်နိုင်သမျှ အမြန်ဆုံးလာပါလို့ သံရုံးဝန်ထမ်းက သတိပေးထားတာကိုး။ ဘာပဲဖြစ်ဖြစ် သူ့သားဟုတ်ချင်မှ ဟုတ်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကလေးကလည်း ခပ်ရေးရေး ရှိနေသေးတယ်။

အပန်းဖြေရာသီဖြစ်နေတော့ အဲဒီနေ့ လေယာဉ်တွေက ထိုင်ခုံနေရာ ပြည့်နေတယ်။ နောက်တစ်ရက်လည်း သည်လိုပဲ။ သူဖုန်းခေါ်တဲ့ လေကြောင်းလိုင်းအားလုံး ထိုနည်းလည်းကောင်းချည်း ဖြစ်နေတယ်။ ဒါပေမဲ့ သူ့အဖြစ်ကို ရှင်းပြလိုက်တော့ ယူနိုက်တက်လေကြောင်းလိုင်းက ၀န်ထမ်းက `လေဆိပ်ကိုသာ အမြန်ဆုံးရောက်အောင် ဆင်းခဲ့ပေတော့။ ခင်ဗျားအတွက် ထိုင်ခုံတစ်နေရာစာ စီစဉ်ပေးပါ့မယ်´ လို့ ပြန်ပြောတယ်။ ဒါနဲ့ သူလည်း ပစ္စည်းလေးနည်းနည်းပါးပါးကို လက်ဆွဲအိတ်အသေးလေးထဲ ထည့်ပြီး နာရိတ လေဆိပ်ကိုဆင်းလာခဲ့တယ်။ လေကြောင်းလိုင်းက တာဝန်ရှိတဲ့အမျိုးသမီးက သူ့ကို Business-class လက်မှတ်တစ်စောင် ကမ်းပေးတယ်။ `ဒီနေ့အတွက်တော့ ကျွန်မတို့မှာ ဒါပဲ ရှိတော့တယ်။ ဒါပေမဲ့ သာမန်လက်မှတ်ဖိုးပဲ ကျွန်မတို့ ယူပါမယ်။ ရှင်တော်တော် တုန်လှုပ်နေမှာပဲ။ အားတင်းထားနော်´ လို့ ပြောတယ်။ အလေးထားကူညီဖော်ရတဲ့ အမျိုးသမီးကို ဆာချီ ကျေးဇူးတင်လိုက်မိတယ်။

ဟိုနိုလူလူလေဆိပ်ကို ရောက်ရောက်ချင်းပဲ ဆာချီ သတိရလာတယ်။ သူ့စိတ်တွေ အရမ်းဂယောက်ဂယက်ဖြစ်နေပုံက ဂျပန်သံရုံးကို သူ့လေယာဉ် ဆိုက်ရောက်ချိန် သတင်းပေးဖို့ မေ့ခဲ့တယ်။ သံရုံးဝန်ထမ်းတစ်ယောက်က သူ့ကို ခွာရီထိ လိုက်ပို့ဖို့ လေဆိပ်မှာ ရှိနေရမှာ။ အခုမှ လူလွှတ်လို့ သူက စောင့်နေရရင် ကြာနေမှာကို တွေးမိတော့ ခွာရီထိ သူ့ဘာသာ သွားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ သူ အဲဒီကိုရောက်တာနဲ့ အဖြူအမဲကွဲပြားသွားမယ်လို့ သူ တွေးမိတယ်။ သူနောက်တစ်ဆင့်ထပ်စီးရတဲ့ လေယာဉ် ခွာရီလေဆိပ်ကိုဆိုက်တော့ မွန်းတည့်ချိန်မရောက်သေးဘူး။ ကားတစ်စီးငှားပြီး နီးစပ်ရာ ရဲစခန်းကိုပဲ သူ တိုက်ရိုက်မောင်းခိုင်းလိုက်တယ်။ ရဲစခန်းရောက်တော့ ဟန်နယ်လေပင်လယ်အော်မှာ သားဖြစ်သူ ငါးမန်းကိုက်ခံရလို့ သေဆုံးသွားတယ်ဆိုတဲ့ စာ,ရလို့ တိုကျိုက အခုလေးတင် ရောက်လာတာဖြစ်ကြောင်း ရှင်းပြလိုက်တယ်။ မျက်မှန်တပ်ထားတဲ့ ငွေမှင်ရောင်ဆံပင်နဲ့ ရဲအရာရှိတစ်ယောက်က သူ့ကို ရင်ခွဲရုံကို ခေါ်သွားတယ်။ နေရာက အေးစက်စက်နဲ့ ပစ္စည်းသိုလှောင်ခန်း တစ်ခုလိုပဲ။ ခြေထောက်တစ်ဖက်ပြတ်နေတဲ့ သူ့သားရဲ့ ရုပ်အလောင်းကို ပြတယ်။ ညာဒူးခေါင်း အထက်နားလောက်ကစပြီး ဘာမှမရှိတော့ဘဲ အရိုးဖြူဖြူကြီးပဲ ငေါထွက်နေတယ်။ ဒါသူ့သားပဲ၊ သံသယဖြစ်စရာ မလိုတော့ဘူး။ သူ့သားရဲ့ မျက်နှာမှာ ခံစားချက်အရိပ်အယောင် တစ်ခုမှ ရှိမနေဘူး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့အချိန်မျိုးမှာ ရှိတတ်တဲ့ မျက်နှာထားပဲ။ သူ့သား သေသွားပြီဆိုတာကို သူ ယုံဖို့ ခက်နေတယ်။ တစ်ယောက်ယောက်က သူ့ကို ဒီလိုပုံစံဖြစ်အောင် ဖန်တီးထားတာပဲ ဖြစ်ရမယ်။ ပုခုံးကိုသာ ခပ်ကြမ်းကြမ်းလှုပ်လိုက်ရင် အရင်ကမနက်တိုင်းလိုပဲ ညည်းညဉ်းညူညူနဲ့ နိုးလာဦးမယ်လို့ပဲ ထင်ရတယ်။

နောက်အခန်းတစ်ခုထဲရောက်တော့ သူ့သားဖြစ်ကြောင်း ၀န်ခံချက်စာရွက်ထဲမှာ ဆာချီလက်မှတ်ထိုးလိုက်ရတယ်။ ကောင်လေးရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲလို့ ရဲသားက မေးတယ်။ `ကျွန်မ မပြောတတ်ဘူး။ တခြားလူတွေ သာမန်အားဖြင့် ဘယ်လိုလုပ်လေ့ရှိတတ်သလဲ´ လို့ သူက ပြန်မေးလိုက်တယ်။ အတော်များများကတော့ အလောင်းကို အရိုးပြာချပြီး ပြာကို အိမ်ပြန်သယ်သွားတတ်ကြတယ်လို့ ရဲသားက ပြန်ဖြေတယ်။ ကိုယ်ခန္ဓာအတိုင်း ဂျပန်အထိ ပြန်သယ်သွားမယ်ဆိုရင်လည်း ရပါတယ်။ ဒါပေမဲ့ စီစဉ်ရတာတွေ နည်းနည်းကရိကထများမယ်၊ ကုန်ကျစရိတ်လည်း အတော်လေးများသွားလိမ့်မယ်လို့ ထပ်ပြောတယ်။ နောက်ထပ်လုပ်လို့ရတာတစ်ခုကတော့ သူ့သားကို ခွာရီမှာ မြှုပ်လိုက်ဖို့ပဲတဲ့။

`ကျေးဇူးပြုပြီး အရိုးပြာပဲ ချပေးပါ´ လို့ သူက ပြောလိုက်တယ်။ `ကောင်းပါပြီ´ လို့ အရာရှိက ပြန်ပြောတယ်။ ငါအခုဒီမှာ သားကို အရိုးပြာချဖို့ American Express ကဒ်နဲ့ ငွေရှင်းနေရပါလားလို့ ဆာချီ တွေးနေမိတယ်။ သူ့သား ငါးမန်းကိုက်လို့ သေသွားသလိုပဲ လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်ဟာ တကယ်မဟုတ်သလို သူ ခံစားနေရတယ်။ နောက်တစ်နေ့ မနက်မှာ အရိုးပြာချမယ်လို့ ရဲသားက သူ့ကို ပြောလိုက်တယ်။

`ခင်ဗျား အင်္ဂလိပ်စကားက အရမ်းကောင်းတယ်´ လို့ စာရွက်စာတမ်းတွေကို အစဉ်တကျ စီရင်း အရာရှိက ပြောလိုက်တယ်။ သူက ဂျပန်အမေရိကန်စပ်ဖြစ်ပြီး နာမည်က ဆာကာတာလို့ သိရတယ်။ `ကျွန်မငယ်ငယ်က အမေရိကမှာ ခဏနေခဲ့ဖူးတယ်´ လို့ ဆာချီက ပြန်ပြောလိုက်တယ်။ `အင်း.. ဟုတ်မှာ´ လို့ အရာရှိက ပြောတယ်။ ပြီးတော့ ဆာချီကို သူ့သားနဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေ လွှဲပေးတယ်။ အ၀တ်အစား၊ နိုင်ငံကူးလက်မှတ်၊ လေယာဉ်လက်မှတ်၊ ပိုက်ဆံအိတ်၊ ဝေါ့ခ်မန်း၊ မဂ္ဂဇင်းတွေနဲ့ မျက်မှန်၊ နောက်တော့ မုတ်ဆိတ်ရိတ်ဗူး။ အဲဒီပစ္စည်းတွေအားလုံး ဘော်စတွန်အိတ်အသေးလေးနဲ့ အံဝင်ခွင်ကျပဲ။ အဲဒီ အသေးစား အသုံးအဆောင်လေးတွေကို စာရင်းလုပ်ထားတဲ့ လက်ခံဖြတ်ပိုင်းတစ်ခုမှာ ဆာချီ လက်မှတ်ထိုးရတယ်။

`ခင်ဗျားမှာ တခြား ကလေးတွေ ရှိသေးလား´ လို့ အရာရှိက မေးတယ်။ `ဟင့်အင်း၊ သူက တစ်ဦးတည်းသောသားပါ´ လို့ ဆာချီက ပြန်ဖြေလိုက်တယ်။
`ခင်ဗျားအမျိုးသားကတော့ ခရီးမထွက်နိုင်ဘူးပေါ့´
`ကျွန်မအမျိုးသား ဆုံးသွားတာ အတော်ကြာပါပြီ´

ရဲအရာရှိက လေးလေးပင်ပင် သက်ပြင်းချလိုက်တယ်။ `ကြားရတာ စိတ်မကောင်းပါဘူးဗျာ။ ခင်ဗျားအတွက် ကူညီနိုင်တာရှိမယ်ဆိုရင် ကျွန်တော်တို့ကို ပြောပါ´
`ကျွန်မသား သေသွားတဲ့နေရာကို ဘယ်လိုသွားရလဲဆိုတာ လမ်းညွှန်ပေးစေချင်ပါတယ်။ ပြီးတော့ သူနေခဲ့တဲ့ နေရာ။ တည်းခိုခန်းမှာ ငွေရှင်းစရာ ကျန်နေမယ်လို့ ကျွန်မ ထင်တယ်။ ပြီးတော့ ဟိုနိုလူလူက ဂျပန်သံရုံးကိုလည်း ကျွန်မ ဆက်သွယ်ဖို့ လိုမယ်။ ဖုန်းလေး တစ်ချက်လောက် သုံးလို့ရမလား´

အရာရှိက သူ့ဆီကို မြေပုံကားချပ်တစ်ခု ယူလာပြီး သူ့သား လှိုင်းစီးခဲ့တဲ့ နေရာနဲ့၊ နေခဲ့တဲ့ တည်းခိုခန်းကို ဆော့ပင်နဲ့ ထောက်ပြတယ်။ အဲဒီညက ရဲစခန်းက ညွှန်ပြတဲ့ အနီးနားက တည်းခိုခန်းကလေးမှာပဲ သူအိပ်လိုက်တယ်။

ရဲစခန်းထဲက ဆာချီပြန်အထွက်မှာ အဲဒီ သက်လတ်လိုင်း အရာရှိ ဆာကာတာက သူ့ကို ပြောတယ်။ `ကျွန်တော် ခင်ဗျားကို ပုဂ္ဂိုလ်ရေးအနေနဲ့ တစ်ခုလောက် ပြောချင်ပါသေးတယ်။ ဒီ ခွာရီဆိုတဲ့နေရာမှာ သဘာဝတရားက လူ့အသက်ကို နုတ်ယူတဲ့အဖြစ်အပျက်တွေဟာ မကြာခဏဖြစ်တတ်တယ်။ ဒီကျွန်းပေါ်မှာ ဘယ်လောက်လှတယ်ဆိုတာ ခင်ဗျားအမြင်ပဲ။ ဒါပေမဲ့ တစ်ခါတလေကျတော့ အဲဒီအလှဟာလည်း ရိုင်းစိုင်းပြီး၊ သေကြေပျက်စီးစေတတ်တယ်။ ကျွန်တော်တို့ ဒီမှာနေ,နေတာ အဲဒီလို ဖြစ်နိုင်ခြေတွေ ကြားထဲမှာပဲ။ ကျွန်တော် ခင်ဗျားသားအတွက် အရမ်းဝမ်းနည်းပါတယ်။ ခင်ဗျားကိုလည်း တကယ်နားလည်တယ်။ ဒါပေမဲ့ အခုအဖြစ်အပျက်ကြောင့် ကျွန်တော်တို့ ကျွန်းကလေးကို ခင်ဗျားမုန်းမသွားဘူးလို့ ကျွန်တော် မျှော်လင့်နေမိတယ်။ အခုလိုမျိုး ကြုံပြီးခါစမှာ ကျွန်တော်ပြောတာက ကိုယ်ချင်းမစာရာကျနေမလားတော့ မသိဘူး၊ ဒါပေမဲ့ ကျွန်တော် တကယ်ပြောတာ။ စိတ်ရင်းနဲ့ ပြောတာပါ´

ဆာချီက ခေါင်းညိတ်ပြလိုက်တယ်။
`၁၉၄၄ စစ်ပွဲမှာ ကျွန်တော့်အစ်ကို သေသွားတယ် အစ်မကြီး။ ဂျာမနီနယ်စပ်မျဉ်းနားက…၊ ဘယ်ဂျီယံမှာပေါ့။ သူက ၄၄၂ စစ်မြေပြင် အဖွဲ့ကြီးက အဖွဲ့ဝင်တစ်ယောက်ပဲ။ ဂျပန်-အမေရိကန် အပျော်တမ်းတပ်သားတွေနဲ့ချည်း ဖွဲ့ထားတာ။ သူတို့က အဲဒီမှာ နာဇီတွေဝိုင်းထားတဲ့ တက္ကဆက်စစ်မြေပြင်ကို ကယ်ဆယ်ရေးလုပ်ဖို့ ရောက်နေတုန်း လက်နက်ကြီး တည့်တည့်လာမှန်ပြီး သေသွားတာပဲ။ ကိုယ်ပိုင်အမှတ်ပြားကလေးရယ်၊ နှင်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ အသားစကလေးနည်းနည်းရယ်ကလွဲလို့ ဘာအစအနမှကို မကျန်ခဲ့ဘူး။ ကျွန်တော့်အမေက သူ့ကို သိပ်ချစ်တာ၊ အဲလိုဖြစ်ပြီးနောက်ပိုင်း အမေဟာ အရင်ကနဲ့မတူတဲ့ လူတစ်ယောက်ဖြစ်သွားတော့တာပဲတဲ့။ အဲဒီအချိန်တုန်းက ကျွန်တော်က ကလေးလေးပဲ ရှိသေးတယ်။ ဒီတော့ အဲဒီအပြောင်းအလဲ ပြီးမှပဲ အမေ့ကိုကျွန်တော် သိရတာ။ တွေးရတာ နာကျင်စရာပဲ´

အရာရှိ ဆာကာတာက သူ့ခေါင်းကိုယမ်းလိုက်ပြီး ဆက်ပြောတယ်။
`ဘယ်လိုပဲ မြင့်မြတ်တဲ့စိတ်ထားတွေ၊ အကြောင်းရင်းတွေမှာ အခြေခံပါစေ၊ စစ်ပွဲမှာ သေဆုံးသွားတဲ့လူတွေဟာ ဘယ်ဘက်ကဖြစ်ဖြစ် ဒေါသနဲ့အမုန်းကြောင့် သေရတာချည်းပဲ။ ဒါပေမဲ့ သဘာဝမှာက ဘက်ဆိုတာ မရှိဘူး။ အခုအဖြစ်ဟာ အစ်မကြီးအတွက် နာကျင်စရာကောင်းတဲ့ အတွေ့အကြုံဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ တခြားတစ်နည်းနဲ့ ပြောင်းစဉ်းစားကြည့်,ကြည့်ပါ။ အစ်မကြီးသားဟာ သဘာဝရဲ့ သံသရာထဲကို ပြန်သွားတာပဲ။ အခုကိစ္စမှာက `အကြောင်းရင်း´ ဆိုတာ မရှိဘူး။ ပြီးတော့ ဒေါသနဲ့ အမုန်းတွေ မရှိဘူး´

နောက်တစ်နေ့မှာ အလောင်းကို အရိုးပြာချပြီးတော့ ပြာကို သတ္တုဗူးကလေးနဲ့ ထည့်ယူပြီး ကျွန်းမြောက်ဘက်မှာရှိတဲ့ ဟန်နယ်လေပင်လယ်အော်ဆီ ဆာချီ ကားမောင်းလာခဲ့တယ်။ ရဲစခန်းကနေ ထွက်ခဲ့တဲ့ ခရီးဟာ တစ်နာရီကျော်ကျော်လေးပဲ ကြာတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကကျခဲ့တဲ့ မုန်တိုင်းကြီးရဲ့ဒဏ်ကြောင့် ကျွန်းပေါ်မှာရှိတဲ့ သစ်ပင်တွေအားလုံးနီးနီးဟာ အရာယွင်းနေတယ်။ ပျဉ်ထောင်အိမ်တချို့မှာ အမိုးတွေလန်နေဆဲရှိတာကို ဆာချီ သတိပြုမိတယ်။ အိမ်တွေမပြောနဲ့ အချို့တောင်တွေတောင်မှ မုန်တိုင်းရဲ့ ပုံသွင်းခြင်းခံခဲ့ရတဲ့ အမှတ်အသားတွေကို တွေ့နေရတယ်။ သဘာဝတရားဟာ ဒီဒေသမှာ ကြမ်းတမ်းလွန်းတာပဲ ဖြစ်ရမယ်။

တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဟန်နယ်လေမြို့ငယ်လေးကိုဖြတ်ပြီး သားဖြစ်သူ ငါးမန်းကိုက်ခံရတဲ့ လှိုင်းစီးရာနေရာဆီ သူ ခရီးဆက်ခဲ့တယ်။ အနီးနားက ကားပါကင်မှာရပ်ပြီးတော့ ကမ်းခြေမှာထိုင်၊ လှိုင်းစီးနေတဲ့ လူတွေကိုကြည့်ဖို့ သူလျှောက်လာခဲ့တယ်။ လှိုင်းလုံးကြီးတွေကို စီးနေကြတဲ့လူ လေးငါးယောက်လောက် ရှိလိမ့်မယ်ထင်တယ်။ လှိုင်းစီးဘုတ်ပြားတွေကို ဖက်ပြီး လှိုင်းလုံးကြီးကြီးလာတဲ့အချိန်ကို စောင့်ရင်း ကမ်းခြေက ခပ်ဝေးဝေးအထိ သူတို့ မျှောသွားကြတယ်။ လှိုင်းလုံးလာပြီဆိုတာနဲ့ ဘုတ်ပြားပေါ်တက်ရပ်လိုက်ပြီး ကမ်းစပ်အထိ စီးတော့တာပဲ။ လှိုင်းလုံး အားပျော့သွားတဲ့အချိန်မှာ သူတို့ ဟန်ချက်လည်း ပျက်သွားပြီး ရေထဲကျသွားကြတယ်။ ပြီးတာနဲ့ သူတို့ ဘုတ်ပြားကို ပြန်ယူပြီး ပင်လယ်ပြင်ကျယ်ကြီးဆီ ပြန်ယက်သွားကြတယ်။ အဲဒီပုံစံအတိုင်း အကြိမ်ကြိမ်လုပ်နေတာပဲ။ ဆာချီ့အနေနဲ့ အဲဒီလူတွေကို နားမလည်နိုင်ဘူး။ သူတို့ ငါးမန်းတွေကို မကြောက်ကြဘူးလား။ ဒါမှမဟုတ် သူ့သား မနေ့တစ်နေ့ကပဲ အဲဒီနေရာမှာတင် ငါးမန်းကိုက်ခံရလို့ သေသွားတာ သူတို့ မသိကြတာလား။


ဆာချီ အဲဒီနေရာမှာပဲ ဆက်ထိုင်နေလိုက်တယ်။ တစ်နာရီလောက်ကြာအောင် မြင်ကွင်းကို မျက်နှာသေနဲ့ ကြည့်နေမိတယ်။ သူ့စိတ်က ဘာအကြောင်းမှ မတွေးမိတော့ဘူး။ အတိတ်ဝန်ထုပ်ဝန်ပိုးကြီးဟာ ရုတ်ချည်း ပျောက်ကွယ်သွားသလိုပဲ အနာဂတ်ဟာလည်း ခပ်လှမ်းလှမ်းမှာပဲ မှိန်ပြနေတယ်။ အတိတ်၊ အနာဂတ်တွေနဲ့ ဆက်စပ်တဲ့ တင်းအားတွေ အခုသူ့မှာ မရှိတော့ဘူး။ သူထိုင်နေတာ မရပ်မနား ပြောင်းလဲနေတဲ့ ပစ္စုပ္ပန်ဆီမှာပဲ။ လှိုင်းစီးသူတွေနဲ့ လှိုင်းလုံးတွေရဲ့ အကြိမ်ကြိမ်ပြန်ကျော့နေတဲ့ ပျင်းရိဖွယ်မြင်ကွင်းမှာ သူ့မျက်လုံးတွေက စက်ရုပ်ဆန်ဆန် မျောပါနေတယ်။ တစ်ချက် သူ ဖျပ်ခနဲ တွေးမိသွားတယ်။ အခုချိန်မှာ ငါအလိုအပ်ဆုံးအရာက ဘာလဲ။

အဲဒီနောက်တော့ သူ့သား နေခဲ့တဲ့ တည်းခိုခန်းဆီ ဆာချီသွားတယ်။ အသေအချာ ပြုပြင်ထားတာမဟုတ်တဲ့ ခပ်စုတ်စုတ်နေရာလေးပဲ။ ရှုပ်ပွနေတဲ့ ဥယျာဉ်တစ်ခုလည်း ရှိတယ်။ အင်္ကျီမပါတဲ့ ဆံရှည် လူဖြူနှစ်ယောက်က ဘီယာသောက်ရင်း အဲဒီက ထိုင်ခုံတွေမှာ ထိုင်နေကြတယ်။ သူတို့ခြေထောက်အောက်က ပေါင်းမြက်တွေကြားထဲမှာ အစိမ်းရောင် ဘီယာပုလင်းလွတ်တွေ အများကြီးပဲ။ တစ်ယောက်က ရွှေရောင်ဆံပင်နဲ့၊ နောက်တစ်ယောက်က အနက်။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံး မျက်နှာကျချင်း၊ ခန္ဓာကိုယ်တည်ဆောက်ပုံချင်း၊ လက်မောင်းနှစ်ဖက်လုံးမှာ ရှုတ်ရှတ်ခတ်နေတဲ့ မှင်ကြောင်တွေ ထိုးထားပုံချင်း ဆင်တူတယ်။ လေထဲမှာ ခွေးချေးနံ့နဲ့ရောပြီး ဆေးခြောက် အငွေ့အသက်တွေ ရနေတယ်။ သူအနားကပ်သွားတော့ အဲဒီလူနှစ်ယောက်က သင်္ကာမကင်းမျက်နှာထားတွေနဲ့ သူ့ကို လှမ်းကြည့်တယ်။

`ကျွန်မသား ဒီမှာ နေသွားပါတယ်။ လွန်ခဲ့တဲ့ သုံးရက်က သူ ငါးမန်းကိုက်ခံရလို့ သေသွားတယ်´ လို့ သူက ပြောလိုက်တယ်။
အဲဒီလူနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြတယ်။ `တာကာရှီကို ပြောတာလား´
`ဟုတ်ကဲ့၊ တာကာရှီပါ´ လို့ ဆာချီက ပြောလိုက်တယ်။
`ဒီကောင် လူကောင်းပါ။ ဆိုးလိုက်တာဗျာ´ လို့ ဆံပင်ရွှေရောင်က ပြောလိုက်တယ်။

ဆံပင်အနက်နဲ့တစ်ယောက်က လေပြေလေးနဲ့ ရှင်းပြတယ်။
`အဲဒီမနက်က ပင်လယ်အော်မှာ လိပ်တွေ အများကြီးရောက်နေတယ်။ ငါးမန်းတွေက လိပ်တွေဆီလာတာပါ။ များသောအားဖြင့်တော့ လှိုင်းစီးသူတွေကို ဒီကောင်တွေ အနှောင့်အယှက်မပေးတတ်ပါဘူး။ ကျွန်တော်တို့နဲ့ အေးဆေးပါပဲ။ ဒါပေမဲ့ ဘယ်လိုပြောမလဲ၊ ငါးမန်းဆိုပေမယ့် ငါးမန်းအမျိုးမျိုးရှိတယ်လို့ပဲ ပြောရတော့မယ်…´

တာကာရှီရဲ့ တည်းခိုခန်းခ ရှင်းဖို့ သူလာတာလို့ ဆာချီက ပြောလိုက်တယ်။ အခန်းခ လက်ကျန်ငွေရှင်းဖို့ လိုသေးတယ်လို့ သူ ထင်ထားခဲ့တယ်။ ဆံပင်ရွှေရောင်က မျက်မှောင်ကုပ်လိုက်ပြီး သူ့ဘီယာပုလင်းကို လေထဲ ဝှေ့ယမ်းပြတယ်။ `မဟုတ်ဘူး အစ်မကြီး။ ဒီတည်းခိုခန်းကို လှိုင်းစီးတဲ့လူတွေပဲ လာတတ်တယ်။ လှိုင်းစီးတဲ့လူဆိုတာက ပိုက်ဆံကပ်တဲ့လူတွေ မဟုတ်ဘူး။ ဒီမှာနေဖို့ ငွေကို ကြိုတင်ပေးထားရတယ်။ လက်ကျန်ငွေ ရှင်းစရာ မရှိပါဘူး´
အဲဒီနောက်တော့ ဆံပင်အနက်နဲ့တစ်ယောက်က ပြောတယ်။ `ဒါနဲ့ အစ်မကြီး၊ တာကာရှီရဲ့ လှိုင်းစီးဘုတ်ပြားကို ယူသွားချင်လား။ သောက်ငါးမန်းက နှစ်ပိုင်းပြတ်အောင် ကိုက်ဖြတ်ထားတယ်။ ကျိတ်ချေထားသလိုပဲ။ Dick Brewer (တံဆိပ်) ဗျ၊ နည်းနည်းတော့ ဟောင်းနေပြီ။ ပုလိပ်က အဲဒါကို သိမ်းမသွားဘူး။ ကျွန်တော်ထင်တာ အဲဒါ ဟိုဘက်နားမှာထင်တယ်….´

ဆာချီက ခေါင်းယမ်းပြလိုက်တယ်။ သူ ဘုတ်ပြားကို မမြင်ချင်ဘူး။ `တကယ် ဆိုးပါတယ်ဗျာ´ လို့ ဆံပင်ရွှေရောင်က ထပ်ပြောပြန်တယ်။ သူ့ကြည့်ရတာ တခြားပြောစရာတစ်ခုခု မစဉ်းစားတတ်တော့ သလိုပဲ။ `ဒီကောင် လူကောင်းပါ´ လို့ ဆံပင်အနက်က ပြောလိုက်တယ်။ `ကျွန်တော်တို့နဲ့ အိုကေပါပဲ။ လှိုင်းစီးတာလည်း သူ တော်တော်လေးကောင်းတယ်။ အစ်မကြီးစဉ်းစားကြည့်၊ မသေခင်တစ်ညကတင် ကျွန်တော်တိုနဲ့အတူတူပဲ၊ တကီလာ သောက်နေကြသေးတယ်´

နောက်ဆုံးတော့ ဟန်နယ်လေမှာ ဆာချီ တစ်ပတ်လောက် နေလိုက်တယ်။ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ တဲကလေးတစ်လုံးငှားပြီး အဲဒီမှာပဲ ကိုယ်တိုင် ခပ်လွယ်လွယ် ချက်ပြုတ်စားတယ်။ ဂျပန်မပြန်ခင် သူ့ရဲ့ ကိုယ်ပိုင်ပုံရိပ်လေးတစ်ခုကိုတော့ တစ်နည်းမဟုတ်တစ်နည်းနဲ့ သူပြန်ရလိုက်တယ်။ ထိုင်ခုံတစ်လုံး၊ နေကာမျက်မှန်၊ ဦးထုပ်တစ်လုံးနဲ့ နေလောင်ခံလိမ်းဆေး၊ ပြီးတော့ ကမ်းခြေမှာ သူ နေ့တိုင်း ထိုင်တယ်။ လှိုင်းစီးသူတွေကို ကြည့်တယ်။ ကောင်းကင်ကနေ ပန်းကန်လုံးအကြီးကြီးနဲ့ တစ်ယောက်ယောက်က လောင်းချလိုက်သလို တစ်နေ့ကို မိုးသဲသဲမဲမဲ တစ်ကြိမ်နှစ်ကြိမ် ရွာတတ်တယ်။ ခွာရီမြောက်ဖက်ပိုင်း ကမ်းခြေက ဆောင်းဦးရာသီဟာ အစိုးမရဘူး။ အဲဒီလို မိုးသဲကြီးမဲကြီးရွာရင် သူက ကားထဲမှာ ၀င်ထိုင်နေတတ်တယ်၊ ပြီးရင် မိုးရေတွေကို ကြည့်မယ်။ မိုးတိတ်သွားပြီဆိုတာနဲ့ ကမ်းခြေမှာ တစ်ခါသွားထပ်ထိုင်မယ်၊ ပင်လယ်ပြင်ကြီးကို ကြည့်မယ်။

ဒီလိုနဲ့ပဲ နှစ်စဉ်နှစ်တိုင်း အဲဒီရာသီရောက်ရင် ဟန်နယ်လေကို ဆာချီ အလည်လာဖြစ်ခဲ့တော့တယ်။ သူ့သား ဆုံးတဲ့ နှစ်ပတ်လည်မတိုင်ခင် ရက်အနည်းငယ်အလိုမှာ သူ ရောက်လာမယ်။ သုံးပတ်လောက် နေမယ်။ ကမ်းခြေမှာ ထိုင်ခုံလေးနဲ့ထိုင်ပြီး လှိုင်းစီးသူတွေကို ကြည့်မယ်။ ဒီကိုအလည်လာတဲ့ ရက်တွေအတွင်း သူလုပ်တာ ဒါအကုန်ပဲ။ အဲလိုပုံစံမျိုးနဲ့ ဆယ်နှစ်လောက် လည်ပတ်သွားတယ်။ သူကတော့ နေနေကျ တဲကလေးနဲ့ စားနေကျ စားသောက်ဆိုင်မှာပဲ စာအုပ်တစ်အုပ်ဖတ်ရင်း ရှိနေပါလိမ့်မယ်။ သူဒီနေရာကို လာနေတာ အကြိမ်ကြိမ်ပြန်ကျော့လာတာနဲ့အမျှ သူနဲ့ ကိုယ်ရေးကိုယ်တာစကား ပြောနိုင်တဲ့လူတွေ ရှာတွေ့လာခဲ့တယ်။ ဒီမြို့ငယ်ကလေးမှာ နေထိုင်တဲ့ ဌာနေလူ အတော်များများက သူ့ကို မြင်တာနဲ့ ချက်ချင်းသိတယ်။ သူ့သား ပင်လယ်အော်မှာ ငါးမန်းကိုက်ခံလိုက်ရတဲ့ ဂျပန်အမျိုးသမီးလို့ သူ့ကို သိလာကြတယ်။


တစ်နေ့တော့၊ ငှားထားတဲ့ကားက အရမ်းကြီးနေလို့ သွားပြန်လဲရင်း လေဆိပ်ကအပြန်လမ်းမှာ ကားကြုံတားစီးနေတဲ့ ဂျပန်လူငယ်နှစ်ယောက်ကို ဆာချီတွေ့လိုက်ရတယ်။ စားသောက်ဆိုင်တစ်ခုရဲ့ အပြင်ဘက်မှာ အားကစားပစ္စည်းတွေထည့်ထားတဲ့ အိတ်ကြီးတွေ ပုခုံးမှာလွယ်ရင်း ရပ်နေကြတာပဲ။ လက်မတွေထောင်ပြီး ကားတားနေကြပေမယ့် မ၀ံ့မရဲဟန်တွေနဲ့။ တစ်ယောက်က ပိန်ပိန်ရှည်ရှည်ကိုင်းကိုင်း၊ နောက်တစ်ယောက်က ဂင်တိုတို၀၀။ နှစ်ယောက်စလုံး ဂုတ်ထောက်နေတဲ့ နေလောင် ဆံပင်နီကြောင်ကြောင်တွေနဲ့ အရောင်လွင့်နေတဲ့ တီရှပ်တွေ ၀တ်ထားကြတယ်။ ဘောင်းဘီတို ပွပွနဲ့၊ ခြေထောက်မှာ ဂွင်းထိုးဖိနပ်တွေနဲ့။ ဆာချီက ကားကို ဖြတ်မောင်းလာခဲ့တယ်။ ဒါပေမဲ့ မကြာခင်ပဲ သူ့စိတ်ပြောင်းသွားပြီး ကားကို ပြန်ကွေ့လိုက်တယ်။ ကားမှန်ကို ချလိုက်ရင်း သူက ဂျပန်လို မေးလိုက်တယ်။ `မင်းတို့ ဘယ်အထိသွားမှာလဲ´
`ဟာ အစ်မကြီး ဂျပန်လိုပြောတတ်တာလား´ လို့ အရပ်ရှည်ရှည်က ပြောတယ်။
`အင်း၊ ငါဂျပန်ပဲ မင်းတို့ ဘယ်အထိ သွားမှာလဲ´
`ဟန်နယ်လေ ဆိုတဲ့ နေရာ´ အရပ်ရှည်ရှည်ကပဲ ထပ်ပြောတယ်။
`ကားကြုံစီးချင်လို့လား။ ငါလည်း အဲဒီနေရာကိုပဲ ပြန်မလို့ပဲ´
`ကောင်းလိုက်တာ။ ကျွန်တော်တို့လည်း ဒါမျိုးကိုပဲ စောင့်နေတာ´ လို့ ဂင်တိုတိုတစ်ယောက်က ၀င်ပြောတယ်။

နှစ်ယောက်သား သူတို့အိတ်တွေကို ကားနောက်ဖုံးထဲထည့်ပြီးတော့ ဆာချီရဲ့ နီယွန်ကားလေး နောက်ခန်းကို ခုန်ဝင်ကြတယ်။
`နေကြပါဦး။ မင်းတို့နှစ်ယောက်စလုံးကို ကားနောက်ခန်းမှာ မထားနိုင်ပါဘူး။ ဒါက တက္ကစီငှားစီးနေတာ မဟုတ်ဘူးလေ။ နှစ်ယောက်ထဲက တစ်ယောက် အရှေ့မှာလာထိုင်ပေါ့။ ဘာမှမဟုတ်ပါဘူး၊ ဒါထုံးစံပဲ´
ပိန်ရှည်ရှည်က အရှေ့မှာထိုင်မယ်လို့ ဆုံးဖြတ်လိုက်ပြီး ရှန့်တန့်တန့်နဲ့ ဆာချီ့ဘေးနားမှာ ၀င်ထိုင်တယ်။ သူ့ရဲ့ ဒူးရှည်ရှည်ကို တွန့်လိမ်ပြီး ထားစရာနေရာ ရှာနေတယ်။ `ဒါ ဘာကားလဲ အစ်မကြီး´ လို့ သူက မေးတယ်။
`ဒေါ့ဂ်ျနီယွန်´ လို့ ဆာချီက ဖြေလိုက်တယ်။
`ဟင်.. အမေရိကမှာလည်း ဒီလို ကျဉ်းပလုတ်ကားလေးတွေ ရှိတာပဲလား။ ကျွန်တော့်အစ်မရဲ့ ကော်ရိုလာကားကမှ ဒီထက်နေရာကျယ်ချင်ကျယ်ဦးမယ်´
`အင်း..၊ အမေရိကန်တွေအားလုံး ကားဒီးလက်စ်ကားကြီးတွေချည်း စီးကြတာမှ မဟုတ်ပဲ´
`ဟုတ်၊ ဒါပေမဲ့ ဒီကားကတော့ သေးလွန်းပါတယ်´
`မကြိုက်ဘူးဆိုရင် မင်း ဆင်းနေခဲ့လို့ ရတယ်လေ´ လို့ ဆာချီက ပြောလိုက်တယ်။
`အို.. အဲလိုဆိုလိုတာ မဟုတ်ပါဘူး။ သေးလွန်းလို့ ကျွန်တော် အံ့သြတာပါ၊ ရပါတယ်။ ကျွန်တော်က အမေရိကန်ကားတွေအကုန်လုံး ကြီးတယ် ထင်နေတာ´
`ဒါနဲ့ နေပါဦး၊ ဟန်နယ်လေကို မင်းတို့ ဘာသွားလုပ်ကြမှာလဲ´ ကားကို မောင်းထွက်လာရင်း ဆာချီက မေးလိုက်တယ်။
`အင်း၊ လှိုင်းစီးဖို့ တစ်ခုတည်းအတွက်´
`ဘုတ်ပြားတွေက ဘယ်မှာလဲ´
`အဲဒီရောက်မှ ကျွန်တော်တို့ ၀ယ်မှာ´ ဂင်တိုတိုက ၀င်ပြောတယ်။
`အင်း၊ အဲဒါတွေအကုန်လုံး ဂျပန်ကနေ သယ်လာရရင် မလွယ်ဘူးလေ။ ပြီးတော့ အဲဒီနေရာမှာ သုံးပြီးသားဘုတ်ပြားတွေ ဈေးပေါပေါနဲ့ ရတယ်လို့လည်း ကျွန်တော်တို့ ကြားလို့´ ပိန်ရှည်ရှည်က ဖြည့်ပြောလိုက်တယ်။
`အစ်မကြီးကရော..။ အားလပ်ရက် အပန်းဖြေခရီးပဲလား´
`ဆိုပါတော့´
`တစ်ယောက်တည်းလား´
`တစ်ယောက်တည်းပဲ´ ဆာချီက ခပ်ပေါ့ပေါ့ပြောလိုက်တယ်။
`ဂန္ဓ၀င် လှိုင်းစီးသမားဟောင်းတစ်ယောက်တော့ မဟုတ်လောက်ပါဘူးနော်´
`လျှောက်ပြောမနေနဲ့။ ဒါနဲ့ မင်းတို့ ဟန်နယ်လေမှာ နေဖို့နေရာ ရှိလား´
`ဟင့်အင်း။ အဲဒီကိုရောက်ရင် အလိုလိုဖြစ်သွားမှာပါ´ လို့ ပိန်ရှည်ရှည်က ပြောလိုက်တယ်။
`ဟုတ်တယ်။ တကယ်လို့ ကမ်းခြေမှာအိပ်ရမယ့်အခြေအနေဖြစ်နေရင်လည်း ကမ်းခြေမှာပဲ အိပ်မယ်လို့ ကျွန်တော်တို့ တိုင်ပင်ထားတယ်´ ဂင်တိုတိုက ၀င်ပြောတယ်။
`ပြီးတော့ ကျွန်တော်တို့မှာ ငွေလည်း ဒီလောက် မပါဘူး´

ဆာချီ ခေါင်းယမ်းလိုက်မိတယ်။ `ဒီအချိန်ဆိုရင် မြောက်ကမ်းခြေမှာ ညဘက်တွေ အရမ်းအေးတယ်။ အိမ်ထဲမှာနေရင်တောင် အနွေးထည်ဝတ်ထားရလောက်အောင် အေးတာ။ အပြင်မှာအိပ်မယ်ဆိုရင်တော့ မင်းတို့ ဖျားလိမ့်မယ်´
`ဟာဝိုင်ရီမှာက အမြဲတမ်း နွေရာသီချည်းပဲမဟုတ်ဘူးလား´ လို့ ပိန်ရှည်ရှည်က မေးလိုက်တယ်။
`ဟာဝိုင်ရီဆိုတာ ကမ္ဘာ့အပေါ်ခြမ်းမှာ ရှိတာ။ ရာသီဥတုလေးမျိုး ရှိတယ်။ နွေရာသီတွေဆို ပူတယ်၊ ဆောင်းရာသီဆို အေးမယ်´
`ဒီတော့ ကျွန်တော်တို့ခေါင်းပေါ်မှာ အမိုးလေးတစ်ခုရှိဖို့တော့ လိုတာပေါ့နော်´ ဂင်တိုတိုက ပြောတယ်။
`ဒါဆို အစ်မကြီး၊ ကျွန်တော်တို့ကို နေရာတစ်နေရာလောက် ရှာမပေးနိုင်ဘူးလား။ ကျွန်တော်တို့ အင်္ဂလိပ်စကားက မပြောတတ်သလောက်ပါပဲ´ ပိန်ရှည်ရှည်တစ်ယောက်က မေးလိုက်တယ်။
`ဟုတ်တယ်။ ဟာဝိုင်ရီ ဘယ်နေရာမှာမဆို ဂျပန်လိုပြောလို့ရတယ်လို့ ကျွန်တော်တို့ ကြားလာတာ။ ဒါပေမဲ့ အခုထိတော့ ပြောလို့ရတဲ့နေရာ တစ်နေရာမှ မတွေ့သေးဘူး´ လို့ ဂင်တိုတိုက ၀င်ပြောတယ်။

`အင်း။ ဘယ်ပြောလို့ရမှာလဲ´ လို့ ဆာချီက ကျွဲမြီးတိုပြီး ပြန်ပြောလိုက်တယ်။
`ဒီမှာ ဂျပန်လို ပြောလို့ရတာ အိုဟုဆိုတဲ့ တစ်နေရာပဲ ရှိတယ်။ အဲဒီမှာလည်း ၀ိုင်ကီကီဆိုတဲ့ အပိုင်းတစ်ခုပဲ ပြောလို့ရတယ်။ Louis Vuitton (တံဆိပ်) အိတ်တွေနဲ့ Chanel No 5 (ရေမွှေး) လိုချင်တဲ့ ဂျပန်ကမ္ဘာလှည့်ခရီးသည်တွေ လာလို့ အရောင်းဝန်ထမ်းတွေကို ဂျပန်စကား တတ်တဲ့လူတွေ ခန့်ထားတာ။ ဒါပေမဲ့ ဟိုတယ်အပြင်ဘက်မှာတော့ အင်္ဂလိပ်စကားပဲ အလုပ်ဖြစ်တယ်။ မင်းတို့ရောက်နေတာ အမေရိကလေကွာ။ ဒီနေရာရောက်တဲ့အထိ မင်းတို့ ဒါတောင်မသိဘဲ လာကြသလား´
`မသိဘူး။ အမေပြောတော့ ဟာဝိုင်ရီမှာ လူတိုင်း ဂျပန်လိုပြောကြတယ်တဲ့´
ဆာချီ ညည်းလိုက်မိတယ်။
`ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဈေးအပေါဆုံး တည်းခိုခန်းမှာတော့ တည်းလို့ရပါတယ်နော်။ ခုနပြောသလိုပဲ၊ ကျွန်တော်တို့မှာ ပိုက်ဆံသိပ်မပါဘူးလေ´ လို့ ဂင်တိုတိုက ပြောတယ်။
`ဟန်နယ်လေကို အသစ်ရောက်လာတဲ့လူတွေဟာ ဈေးအပေါဆုံးတည်းခိုခန်းမှာ မတည်းချင်ကြဘူး။ အန္တရာယ်ရှိတယ်´ ဆာချီက ကောင်လေးနှစ်ယောက်ကို သတိပေးလိုက်တယ်။
`ဘာလို့လဲ´ ပိန်ရှည်ရှည်က မေးတယ်။
`အဓိကကတော့ မူးယစ်ဆေးဝါးပဲ။ လှိုင်းစီးတဲ့လူတချို့က မကောင်းကြဘူး။ ဆေးခြောက်လောက်ဆိုရင် အဆင်ပြေနိုင်သေးတယ်။ ဒါပေမဲ့ `ရေခဲ´ ကိုတော့ ဝေးဝေးရှောင်´
`ရေခဲ…။ ရေခဲဆိုတာ ဘာလဲ´
`တစ်ခါမှ မကြားဖူးဘူး´ လို့ ပိန်ရှည်ရှည်က ပြောတယ်။
`မင်းတို့နှစ်ယောက် ဘာဆိုဘာမှ မသိကြဘူးမဟုတ်လား။ သေချာတယ်၊ ဒီကလူတွေအတွက်တော့ မင်းတို့နှစ်ယောက်က အချဉ်တွေပဲ။ ရေခဲဆိုတာ မူးယစ်ဆေးအပြင်းစားတစ်မျိုး ဆိုပါတော့။ ဟာဝိုင်ရီမှာ နေရာတိုင်းရတယ်။ ငါလည်း အတိအကျတော့ မသိဘူး။ စိတ်ကြွဆေးလုံးတစ်မျိုးပဲ။ ဈေးပေါတယ်၊ သုံးရလွယ်တယ်၊ ပြီးရင် ကောင်းနေလိမ့်မယ်။ ဒါပေမဲ့ ငြိသွားတာနဲ့ အသက်ပါ ပါသွားနိုင်တယ်´
`ကြောက်စရာပါလား´ လို့ ပိန်ရှည်ရှည်က ပြောလိုက်တယ်။
`အဲဒါဆို ဆေးခြောက်ကတော့ အဆင်ပြေတယ်လို့ဆိုလိုတာလား အစ်မကြီး´လို့ ဂင်တိုတိုက ၀င်မေးတယ်။
`အဆင်ပြေ,မပြေတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ဆေးခြောက်ရှူလို့ သေမသွားဘူး။ ဆေးရွက်ကြီးလို မဟုတ်ဘူး။ ဆေးခြောက်က ဦးနှောက်ကို နည်းနည်းအမှိုက်ရှုပ်လိမ့်မယ်။ ရှင်းပြနေလို့လည်း မင်းတို့နှစ်ယောက် နားလည်မယ့်ပုံ မပေါ်ပါဘူး´
`ဟေ့ကောင်၊ လွယ်တော့ သိပ်မလွယ်ဘူးနော်´ လို့ ဂင်တိုတိုက ပြောလိုက်တယ်။
ပိန်ရှည်ရှည်က ဆာချီကို မေးတယ်။ `အစ်မကြီးရော အဲဒီလို လူမျိုးထဲက တစ်ယောက်ပဲလား´
`မင်းဆိုလိုတာက….´
`ကျွန်တော်ပြောချင်တာက အဲဒီလို မျိုးဆက်ရဲ့ အဖွဲ့ဝင်ပဲလားလို့..´
`ငါက ဘယ်မျိုးဆက်ရဲ့ အဖွဲ့ဝင်မှ မဟုတ်ဘူး။ ငါဟာ ငါပဲ။ ကျေးဇူးပြုပြီး ငါ့ကို အဖွဲ့တစ်ခုခုထဲ ဆွဲမထည့်စမ်းပါနဲ့ဟာ´
`ဟုတ်ပါပြီ။ အစ်မကြီးဟာ မျိုးဆက်ပဲ။ ချက်ချင်းပဲ အရာရာတိုင်းကို တရေးတယူလုပ်နေတာ ကျွန်တော့်အမေနဲ့တစ်ပုံစံတည်းပဲ´ လို့ ဂင်တိုတိုကောင်လေးက ပြောလိုက်တယ်။
`နေဦး။ ငါ့ကို မင်းရဲ့ မိခင်နဲ့လည်း တစ်တန်းစားတည်း မသတ်မှတ်နဲ့ဦး။ အဲဒါပဲ မင်းအတွက် ကောင်းဖို့ရှိတယ်။ ဟန်နယ်လေမှာ မင်းတို့နှစ်ယောက် ကောင်းကောင်းမွန်မွန်နေရာမှာ နေတာ ပိုကောင်းပါတယ်။ ဒီမှာက အကုန်ဖြစ်နေတာပဲ။ လူသတ်မှုတောင် တစ်ခါတလေ ဖြစ်တတ်တယ်´
အဲဒီနောက်တော့ ဆာချီက စကားမပြောတော့ဘဲ ကားကိုပဲ ဆက်မောင်းလာခဲ့တယ်။
သူ့တဲကလေးရဲ့ မန်နေဂျာနဲ့ ဆာချီစကားပြောပြီးတော့ မန်နေဂျာက ကောင်လေးတွေအတွက် အခန်းရှာပေးတယ်။ ဆာချီမိတ်ဆက်ပေးလိုက်လို့ သူတို့ကို တစ်ပတ်စာနှုန်းအတိုင်း ဈေးလျှော့ပေးလိုက်တယ်။ ဒါပေမဲ့လည်း သူတို့တတ်နိုင်တာထက် ပိုများနေတုန်းပဲ။

`မဖြစ်ဘူးထင်တယ်။ ကျွန်တော်တို့မှာ ပိုက်ဆံအဲဒီလောက် မပါဘူး´ လို့ ပိန်ရှည်ရှည်က ပြောတယ်။
ဂင်တိုတိုက ထောက်ခံတယ်။ `မင်းတို့မှာ အရေးပေါ်သုံးဖို့တော့ ရှိဦးမှာပါ´ လို့ ဆာချီက ခပ်ဆတ်ဆတ်ပြောလိုက်တယ်။
ပိန်ရှည်ရှည်က သူ့နားရွက်ကို ပွတ်ရင်း `ဟို.. ကျွန်တော့်မှာ ကဒ်တော့ပါတယ်။ ဒါပေမဲ့ အဖေက အဲဒါကို ဘုရားစူး၊ အစစ်အမှန် အရေးပေါ်ကိစ္စကလွဲပြီး မသုံးရဘူးလို့ မှာလိုက်တယ်။ စသုံးမိတာနဲ့ ကျွန်တော်က ရပ်လို့မရတော့ဘူးဆိုတာ သူသိလို့လေ။ အရေးပေါ်မဟုတ်ဘဲ သုံးမိရင်တော့ ဂျပန်ကို ကျွန်တော် ဘုရားတပြီး ပြန်ရလိမ့်မယ်´
`အူကြောင်ကြောင်လုပ်မနေနဲ့´ လို့ ဆာချီက ပြောလိုက်တယ်။
`ဒါလည်း အရေးပေါ်ကိစ္စပဲ။ အသက်ရှင်ရက် နေချင်သေးတယ်ဆိုရင် ကဒ်ကို အခု ထုတ်တော့။ အခုအတိုင်းဆိုရင်တော့ ရဲက မင်းတို့ကိုဖမ်းပြီး ထောင်ထဲပို့လိမ့်မယ်။ အဲဒီမှာ ဗလတောင့်တောင့် ဟာဝိုင်ရီသားတွေက ညကျရင် မင်းတို့ကို သူတို့မိန်းမ လုပ်လိမ့်မယ်။ အဲဒါမျိုးဖြစ်လည်း ပြဿနာမရှိဘူးဆိုရင်တော့ မင်းတို့ကိစ္စပဲ။ ဒါပေမဲ့ သိပ်ကောင်းမယ်တော့ မထင်ဘူး´

ပိန်ရှည်ရှည်က သူ့ပိုက်ဆံအိတ်ထဲက ကဒ်ကိုဆွဲထုတ်ပြီး မန်နေဂျာကို ပေးလိုက်တယ်။ ဆာချီက သူတို့ ဈေးပေါပေါ လှိုင်းစီးဘုတ်ဝယ်ဖို့ စတိုးဆိုင်နာမည်ကို မေးတယ်။ `ပြန်တဲ့အခါကျရင် လှိုင်းစီးဘုတ်တွေကို သူတို့ ပြန်ဝယ်လိမ့်မယ်´ လို့ မန်နေဂျာက ရှင်းပြတယ်။ ကောင်လေးနှစ်ယောက်က သူတို့ အထုတ်အပိုးတွေကို အခန်းထဲမှာ အပြေးအလွှားသွားထားပြီး ကမ်းခြေဆီကို ခြေကုန်သုတ်သွားကြတော့တယ်။

နောက်တစ်နေ့ မနက်ကျတော့ ဆာချီက ကမ်းခြေမှာထိုင်ရင်း အရင်လိုပဲ ပင်လယ်ပြင်ဆီ ကြည့်နေတယ်။ အဲဒီအချိန်မှာပဲ ဂျပန်ကောင်လေးနှစ်ယောက် လှိုင်းစီးနေတာ သူ့မြင်ကွင်းမှာ ပေါ်လာတယ်။ ကောင်လေးနှစ်ယောက်ရဲ့ လှိုင်းစီးစွမ်းရည်က ပြောစရာမရှိဘူး။ ကုန်မြေပေါ်မှာ သူတို့ အသုံးမကျပုံနဲ့ ဆန့်ကျင်ဘက်လို့ ဆိုရမလားပဲ။ အားကောင်းကောင်း လှိုင်းလုံးကြီးတွေကို ရှာပြီး အပေါ်တက်မယ်။ သူတို့လှုပ်ရှားမှုက အချိန်ကိုက်။ စိတ်နဲ့ကိုယ်နဲ့ တစ်ထပ်တည်း၊ သူတို့ဘုတ်ပြားတွေကို ထိမ်းရင်း လှလှပပနဲ့ သပ်သပ်ရပ်ရပ် ကမ်းခြေဆီကို စီးလာမယ်။ သူတို့ အဲလို မနားတမ်းလုပ်နေကြတာ နာရီပေါင်းများစွာကြာအောင်ပဲ။ လှိုင်းပေါ်မှာ စီးနေချိန်မှာ သူတို့ကိုကြည့်ရတာ တကယ်ကို သက်ဝင်လှုပ်ရှားနေတယ်။ သူတို့ မျက်လုံးတွေက တောက်ပနေမယ်။ ပြီးတော့ ယုံကြည်ချက် အပြည့်နဲ့။ မနေ့ကလို ရှန့်တန့်တန့်အမူအရာမျိုးတွေ မရှိတော့ဘူး။ သေသွားတဲ့ သူ့သားလိုပဲ ဂျပန်မှာတုန်းက စာတစ်လုံးမှမသင်ဘဲ လှိုင်းချည်းပဲ စီးနေခဲ့ကြတာ ဖြစ်နိုင်တယ်။


အထက်တန်းကျောင်းသူ ဘ၀ကစပြီး ဆာချီ စန္ဒယားစတီးခဲ့တယ်။ စန္ဒယားသမားတစ်ယောက်အတွက်ဆို အစနည်းနည်း နောက်ကျတယ်လို့ပဲဆိုရမယ်။ အဲဒီမတိုင်ခင်က စန္ဒယားဆိုတာကို သူ ထိတောင်မထိဖူးခဲ့ဘူး။ စာသင်ချိန်ပြီးလို့ ဂီတအခန်းထဲရောက်ရင် စန္ဒယားတစ်လုံးနဲ့ သူ အလုပ်ရှုပ်နေတတ်တယ်။ သိပ်မကြာပါဘူး ကောင်းကောင်းတီးနိုင်တဲ့အထိ သူ့ဘာသာ သင်ယူနိုင်ခဲ့တယ်။ အသံအနိမ့်အမြင့်နဲ့ နားကြားစွမ်းရည်မှာ သူဟာ သာမန်ထက်အများကြီး ပိုကောင်းနေတယ်။ သံစဉ်တစ်ခုကို တစ်ခါလောက် ကြားဖူးတာနဲ့ ခလုတ်တွေကနေ တမဟုတ်ချင်း လိုက်တီးနိုင်တယ်။ သံစဉ်တွေရဲ့ လက်ကွက်တွေကိုလည်း သူ့ဘာသူ ရှာနိုင်တယ်။ အခြားလူတစ်ယောက်ရဲ့ သင်ပြမှုမပါဘဲ သူ့လက်ချောင်းတွေကို အဆင်ပြေပြေ ဘယ်လိုရွေ့လျားရမယ်ဆိုတာ သူသိတယ်။ တကယ်တော့ စန္ဒယားနဲ့ပတ်သက်ပြီး သူ့မှာ မွေးရာပါ သဘာဝစွမ်းရည်တစ်ခုရှိတယ်ဆိုတာ အထင်အရှားပဲ။

တစ်နေ့တော့ လူငယ်ဂီတဆရာတစ်ဦးက သူတီးနေတာကို ကြားသွားတယ်။ သူတီးပုံကို သဘောကျတာနဲ့ အခြေခံလက်ကွက်အမှားတွေကို ပြင်ပေးရင်း သူ့ကို ကူညီတယ်။ `အင်း.. အခုပုံစံအတိုင်းလည်း တီးလို့ရတယ်။ ဒါပေမဲ့ ဒီလိုတီးတဲ့အခါကျတော့ ပိုမြန်အောင် တီးလို့ရတယ်´ စသည်ဖြင့်ပြောပြီး ကိုယ်တိုင်ပြပေးတယ်။ သူကလည်း အရမ်းတတ်မြန်တယ်။ ဂျက်ဇ်ဂီတ၀ါသနာအိုးတစ်ယောက်ဖြစ်တဲ့ အဲဒီဆရာက သူ့ကျောင်းချိန်အပြီးမှာ ဂျက်ဇ်ဂီတရဲ့ နက်နဲတဲ့သီအိုရီတွေကို သူ့ကို သင်ပြပေးတယ်။ လက်ကွက်တည်ဆောက်ပုံနဲ့ အကူးအပြောင်း၊ ခြေနင်း အသုံးပြုပုံ၊ နောက်တော့ လက်တမ်းတီးခတ်နည်း သဘောတရား။ သူကတော့ သင်ပေးသမျှကို မမောတမ်း လေ့လာမှတ်သားခဲ့တာပဲ။ ဆရာက သူ့ကို ဓာတ်ပြားတွေ ငှားတယ်။ သူက အဲဒီဓာတ်ပြားတွေကို အမှားအယွင်းမရှိ လိုက်တီးနိုင်တဲ့အထိ အထပ်ထပ် နားထောင်တယ်။ တစ်ခါလောက်နားထောင်ရုံနဲ့ ပုံစံတူလိုက်တီးနိုင်လောက်အောင် အဲဒီလို တုပတဲ့တီးနည်းဟာ သူ့အတွက် လွယ်ကူလာခဲ့တယ်။ စာရွက်ထဲ ကူးမှတ်ထားဖို့မလိုဘဲ ဂီတရဲ့အသံကို လက်ချောင်းတွေဆီ တိုက်ရိုက်စီးဆင်းပြီး ထွက်ပေါ်လာအောင် သူ ထုတ်လုပ်နိုင်စွမ်းရှိတယ်။ `မင်းမှာ အရည်အချင်းတကယ်ရှိတယ်။ ပြင်းပြင်းထန်ထန်ကြိုးစားမယ်ဆိုရင် ဂီတနဲ့ အသက်မွေးလို့ရတယ်´ လို့ သူ့ဆရာက သူ့ကို ပြောဖူးတယ်။

ဒါပေမဲ့ ဆာချီက ဆရာ့စကားကို မယုံပါဘူး။ သူလုပ်နိုင်တာက တစ်ထပ်တည်းကျနေတဲ့ အတုပဲ၊ သူ့ကိုယ်ပိုင်ဂီတမှ မဟုတ်တာ။ လက်တမ်းတစ်ခုခုတီးကြည့်လို့ တောင်းဆိုခံရရင် သူ ဘာလုပ်ရမှန်း မသိတော့ဘူး။ ဟိုနှိပ်ဒီနှိပ် စလုပ်ရင်းနဲ့ သူများရဲ့ မူရင်းသံစဉ်တစ်ခုခုကိုပဲ ကူးတီးနေမိလျက်သား ဖြစ်သွားတော့တာပဲ။ နောက်ထပ် သူချော်နေတဲ့တစ်ခုကတော့ ဂီတသင်္ကေတတွေ ဖတ်ရတာပဲ။ သူ့ရှေ့က အသေးစိတ်ရေးထားတဲ့ ဂီတသင်္ကေတတွေကိုကြည့်ပြီး သူ အသက်မရှူနိုင်ဘူး။ နားကကြားရတာကို ခလုတ်ခုံကတိုက်ရိုက် သံစဉ်ဖြစ်အောင် ပြောင်းရတာက သူ့အတွက် အများကြီးလွယ်ကူတယ်။ ဒီလိုပုံစံနဲ့တော့ ပရော်ဖှက်ရှင်နယ် ဂီတသမားတစ်ယောက်မဖြစ်နိုင်ဘူးလို့ သူ့ကိုယ်သူ သိနေတယ်။

ဒါပေမဲ့လည်း အထက်တန်းကျောင်းပြီးတော့ သူတကယ်လေ့လာတာက အချက်အပြုတ်ပညာဖြစ်နေပြန်တယ်။ အချက်အပြုတ်ဘာသာရပ်မှာ ထူးထူးခြားခြား ၀ါသနာပါနေတာမျိုးတော့ မဟုတ်ပါဘူး။ သူ့အဖေက စားသောက်ဆိုင်တစ်ခုပိုင်တယ်၊ တခြား သူလုပ်ချင်တဲ့အရာလည်း မယ်မယ်ရရမရှိတဲ့အချိန်မှာ တစ်ချိန် အဖေ့စီးပွားရေးကိုပဲ အမွေဆက်ခံရမယ်လို့ သူတွေးခဲ့မိလို့ပဲ။ ဒါနဲ့ အချက်အပြုတ်သက်မွေးမှုသင်တန်းကျောင်းတက်ဖို့ ချီကာဂိုကို သူသွားခဲ့တယ်။ ချီကာဂိုဆိုတာက ဆန်းပြားတဲ့ဟင်းလျာတွေကြောင့် နာမည်ကျော်တဲ့မြို့။ သူ့ကို တာဝန်ခံခေါ်ယူမယ့် ဆွေမျိုးတွေလည်း အဲဒီမှာ ရှိနေခဲ့တယ်။

အချက်အပြုတ်သင်တန်းကျောင်းက အတန်းဖော်တစ်ဦးက သူ့ကို မြို့ထဲမှာရှိတဲ့ စန္ဒယားဘားခန်းကလေးတစ်ခုဆီ လိုက်ပြတယ်။ မကြာပါဘူး၊ သူ အဲဒီမှာ စန္ဒယားစ,တီးတော့တာပဲ။ အစမှာတော့ သုံးစွဲဖို့စားရိတ်ရတဲ့ အချိန်ပိုင်းအလုပ်တစ်ခုလိုပဲ သူ သဘောထားခဲ့တယ်။ သူ့မိဘတွေအိမ်ကပို့တဲ့ မစို့တပို့ ငွေကလေးနဲ့ လောက်ငှအောင် မနည်းချွေတာနေရတော့ အခုလို အပိုဝင်ငွေလေးရတာ သူ ၀မ်းသာနေခဲ့တယ်။ ဘယ်တီးလုံးကိုမဆို သူတီးနိုင်တာကို ဘားကောင်တာပိုင်ရှင်က သဘောကျတယ်။ သီးချင်းတစ်ပုဒ်ကို တစ်ခါကြားလိုက်ပြီဆိုတာနဲ့ သူ ဘယ်တော့မှ မမေ့တော့ဘူး။ အရင်က မကြားခဲ့ဖူးတဲ့ သီချင်းလည်း ဒီလိုပဲ။ တစ်ယောက်ယောက်ကများ အဲဒီလိုမျိုးတောင်းဆိုလာခဲ့ရင် သူက ချက်ချင်း တီးပြပါလိမ့်မယ်။ သူ့မှာ အလှတော့ မရှိဘူး။ ဒါပေမဲ့ ဆွဲဆောင်မှုရှိတဲ့ အရည်အသွေးတွေရှိတယ်။ ဒီလိုနဲ့ သူ အဲဒီမှာရှိနေတာဟာ ဘားမှာ လူစည်ကားစေတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်လာတော့တယ်။ နောက်ဆုံးတော့ သူ ကျောင်းမသွားတော့ဘူး။ သူ့အတွက်တော့ စန္ဒယားရှေ့ ထိုင်နေရတာက အများကြီး ပိုလွယ်နေတာပဲ။ သွေးစတွေပေနေတဲ့ ၀က်သားတွေကို ကိုင်ရတာ၊ မာတောင့်နေတဲ့ ဒိန်ခဲကို အတုံးတုံးရတာ၊ ဒယ်အိုးအကြီးကြီးထဲက ဟင်းဖတ်တွေကို စင်အောင်ဆေးရတာတွေထက်စာရင် အများကြီးလည်း ပိုပျော်စရာကောင်းတယ်။

ဒါကြောင့်ပဲ သူ့သား အထက်တန်းကျောင်းကထွက်ပြီး လှိုင်းစီးတဲ့အလုပ်နဲ့ တစ်ချိန်ကုန် အချိန်ဖြုန်းနေတုန်း ဆာချီ သူ့ကို လက်လျှော့ထားလိုက်တော့တာ။ ငါလည်း ဒီလိုပဲ၊ ငယ်ငယ်တုန်းက ကိုယ်လုပ်ချင်တာ လုပ်ခဲ့တာပဲ။ သားကို အပြစ်တင်နေလို့လည်း မရတော့ဘူး။ သူ့ဗီဇနဲ့သူပဲလို့ တွေးရတယ်။

အဲဒီ ဘားကောင်တာမှာ ဆာချီ တစ်နှစ်ခွဲလောက် လုပ်ခဲ့တယ်။ သူ့ အင်္ဂလိပ်စကား တိုးတက်လာတယ်။ ပိုက်ဆံလည်း အတော်ကလေး စုမိခဲ့တယ်။ ပြီးတော့ ရည်းစားတစ်ယောက် ရခဲ့တယ်။ အာဖရိကန်-အမေရိကန်စပ် ခပ်ချောချော တက်သစ်စ မင်းသားတစ်လက်ပဲ။ (နောင်တစ်ချိန်မှာ ဆာချီသူ့ကို Die Hard 2 ဇာတ်ကားထဲမှာ ဇာတ်ပို့တစ်ယောက်အနေနဲ့ ပြန်တွေ့ခဲ့ရတယ်) ဒါပေမဲ့လည်း တစ်နေ့တော့ လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ယောက် သူ့ကတ်ပြားကို ပြပြီး ဘားကောင်တာကို ရောက်လာတယ်။ ဆာချီက ထင်ထင်ပေါ်ပေါ်ကြီး ဖြစ်နေခဲ့တာကိုး။ အရာရှိက သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို တောင်းပြီး၊ တရားမ၀င် အလုပ်လုပ်ကိုင်မှုနဲ့ နေရာမှာတင် ဖမ်းလိုက်တာပဲ။ နောက်ရက်အနည်းငယ်ကြာတော့ နာရိတကို ပြန်တဲ့ ဂျက်လေယာဉ်ကြီးပေါ် ဆာချီ ရောက်နေတယ်။ လေယာဉ်လက်မှတ်ဖိုးလည်း သူ စုထားတဲ့ငွေတွေထဲက ပေးလိုက်ရတယ်။ အဲလိုနဲ့ ဆာချီရဲ့ အမေရိကန်ဘ၀ တစ်ခန်းရပ်ခဲ့တော့တယ်။

တိုကျိုပြန်ရောက်တော့ ကျန်သေးတဲ့ သူ့ဘ၀ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေတွေကို ဆာချီစဉ်းစားကြည့်မိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူလုပ်နိုင်တာဆိုလို့ စန္ဒယားတီးတာပဲရှိတယ်လို့ အဖြေထွက်နေတယ်။ ဂီတသင်္ကေတတွေကို မဖတ်တတ်တဲ့ အားနည်းချက်ကြောင့် သူ့အနေနဲ့ အကန့်အသတ်ရှိနေတာတော့ အမှန်ပဲ။ ဒါပေမဲ့ နားထောင်ရုံနဲ့ ပြန်တီးပြနိုင်တဲ့ သူ့လိုအရည်အချင်းမျိုးကို လိုချင်တဲ့ အခြားနေရာတွေလည်း အများကြီး ရှိနေပါသေးတယ်။ ဟိုတယ်ဧည့်ခန်းတွေ၊ နိုက်ကလပ်တွေ၊ တေးဥယျာဉ်တွေ၊ စန္ဒယားဘားတွေ။ နေရာအလိုက် တောင်းဆိုတတ်တဲ့ ဂီတပုံစံအမျိုးမျိုးကိုလည်း သူက တီးပြနိုင်တယ်။ အဲဒီနေရာတွေဆီလာတတ်တဲ့ အမြဲတမ်းဖောက်သည်တွေ တောင်းဆိုတတ်တဲ့ ဂီတအမျိုးအစားတွေကိုပေါ့။ တကယ်တော့ သူက `ဂီတပုတ်သင်ညို´ စစ်စစ်လို့ ပြောရမယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် စားဝတ်နေရေးအတွက်တော့ ဘယ်တုန်းကမှ သူ ပူပန်စရာမလိုခဲ့ဘူး။

ဒီလိုနဲ့ အသက် ၂၄ နှစ်အရွယ်မှာ သူ အိမ်ထောင်ကျခဲ့တယ်။ နောက်နှစ်နှစ်လောက်ကြာတော့ သူ့သားကို မွေးတယ်။ သူ့ အမျိုးသားက ဂျက်ဇ်ဂီတသမား၊ ဆာချီထက် တစ်နှစ်ငယ်တယ်။ ၀င်ငွေကတော့ မရှိသလောက်ပဲ။ နောက်တော့ ဆေးစွဲနေတယ်၊ မိန်းမတွေနဲ့ ထည်လဲတွဲတယ်။ အချိန်အတော်များများ အိမ်မကပ်ဘူး။ ပြန်ရောက်တယ်ဆိုရင်လည်း ရမ်းတတ်တယ်။ အဲဒီလူကို လက်ထပ်မယ်ဆိုတုန်းက လူတိုင်းက ကန့်ကွက်ခဲ့တာပဲ။ အခုတော့လည်း လူတိုင်းက သူ့ကို ကွာရှင်းဖို့ တိုက်တွန်းကြပြန်တယ်။ ဂရုတစိုက်လေ့ကျင့်ထားတာ မဟုတ်ပေမဲ့ ဆာချီ့ အမျိုးသားက ပင်ကိုယ်ပါရမီရှိတယ်။ ဂျက်ဇ်လောကမှာတော့ သူလည်း ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်ပုံစံမျိုး အများအလေးထားတာ ခံရတယ်။ ဒါကြောင့်ပဲ စစချင်းမှာ ဆာချီ့ကို ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်မယ်။ ဒါပေမဲ့ သူတို့ အိမ်ထောင်သက် ငါးနှစ်ပဲကြာခဲ့တယ်။ တစ်ညမှာ အခြားအမျိုးသမီးတစ်ယောက်နဲ့ အတူအိပ်နေတုန်း သူ နှလုံးရပ်သွားတယ်။ သေသွားလို့ သူ့ကို ဆေးရုံပို့ကြတော့ အ၀တ်ဗလာကြီးနဲ့ပဲ။ မူးယစ်ဆေး လွန်သွားတာလို့ ယူဆရတယ်။

သူ့အမျိုးသားဆုံးပြီး မကြာဘူး ဆာချီလည်း ခေတ်မီရပ်ကွက်တစ်ခုမှာ စန္ဒယားဘားလေးတစ်ခု ကိုယ်တိုင်ဖွင့်လိုက်တယ်။ သူ့မှာ စုထားတဲ့ ငွေနည်းနည်းရှိတယ်။ ပြီးတော့ သူ့အမျိုးသားရဲ့ အသက်အာမခံက လူမသိသူမသိရထားတဲ့ လျှော်ကြေးငွေတွေလည်း ရှိတယ်။ ဘဏ်ချေးငွေရဖို့လည်း သူ လုပ်လိုက်သေးတယ်။ ဆာချီ စန္ဒယားသွားတီးတဲ့ ဘားက ပုံမှန်ဖောက်သည်တစ်ယောက်က ဘဏ်ခွဲမန်နေဂျာဖြစ်နေလို့ အကူအညီရခဲ့တာပဲ။ သူက တစ်ပတ်ရစ်စန္ဒယားတစ်လုံး ဆင်တယ်။ နောက်တော့ ကောင်တာကိုလည်း စန္ဒယားပုံစံ ပုံဖော်ထားတယ်။ စီးပွားရေးလုပ်ငန်းတစ်ခု အစပြုမှာဆိုတော့ တခြားဘားတစ်ခုက အရည်အချင်းရှိတဲ့ စားပွဲထိုးမန်နေဂျာတစ်ယောက်ကို လစာကောင်းကောင်းပေးပြီး ငှားလိုက်တယ်။ ဆာချီကိုယ်တိုင်လည်း ညတိုင်း စန္ဒယားတီးတယ်။ ဖောက်သည်တွေ တောင်းဆိုတာကို တီးပေးတယ်။ သီချင်းဆိုရင်လည်း သူအတူတူပါတာပဲ။ စန္ဒယားပေါ်မှာ ဆုကြေးငွေလက်ခံဖို့ ငါးမွေးကန်ကလေးတစ်ခု တင်ထားတယ်။ အနီးနားက ဂျက်ဇ်ကလပ်တွေကို လာတဲ့ ဂီတသမားတွေလည်း ဆာချီ့ဘားလေးကို ၀င်လာပြီး တစ်ပုဒ်စနှစ်ပုဒ်စ ၀င်တီးပေးသွားတတ်ကြတယ်။ မကြာခင်ပဲ ဘားလေးမှာ ပုံမှန်ဖောက်သည်တွေ ရလာတယ်။ ဆာချီမျှော်လင့်ခဲ့တာထက် အများကြီးပို အခြေအနေကောင်းပါတယ်။ ချေးငွေတွေကို ပုံမှန်ပြန်ဆပ်နိုင်ခဲ့တယ်။ ခဲမှန်ဖူးခဲ့တော့ အိမ်ထောင်ပြုဖို့ကိစ္စကို အတော်လေး စိတ်ကုန်သွားတယ်ပဲ ပြောရမယ်၊ ဆာချီ အိမ်ထောင်ထပ်မပြုတော့ဘူး။ ဒါပေမဲ့ သူ့မှာ အမျိုးသားမိတ်ဆွေတွေတော့ ပုံမှန်ရှိတတ်ပါတယ်။ အများစုက အိမ်ထောင်သည်တွေပဲ၊ ဒါပဲ သူ့အတွက်ပိုပြီး အဆင်ပြေတယ်လို့ ဆိုရမယ်။ အချိန်တွေပြောင်းပြီး သားအရွယ်ရောက်လာတော့ လှိုင်းစီးသမားဖြစ်ပြီး ဟန်နယ်လေပင်လယ်အော်ကို သွားမယ်ဖြစ်ပါလေရော။ ဒီကိစ္စကို အစကတည်းက သူ သဘောမကျခဲ့ဘူး။ ဒါပေမဲ့ အငြင်းအခုန်လုပ်ဖို့လည်း စိတ်ကုန်တာနဲ့ လေယာဉ်လက်မှတ်ဖိုးကို တထင့်ထင့်နဲ့ ထုတ်ပေးခဲ့ရတာပဲ။ အခြေတင် စကားနိုင်လုရတယ်ဆိုတဲ့ အဖြစ်က ဆာချီ့အတွက်မှ မဟုတ်တာ။ ဒီလိုနဲ့ လေညင်းလေးတွေ ၀င်လာမှာ စောင့်စားနေရင်းနဲ့ပဲ လိပ်တွေကိုစားဖို့ ပင်လယ်အော်ထဲဝင်လာတဲ့ ငါးမန်းတစ်ကောင်ကြောင့် သူ့သား သေသွားတဲ့အဖြစ်နဲ့ ကြုံခဲ့ရတယ်။ တာကာရှီဟာ ၁၉ နှစ်နဲ့ ငယ်ငယ်ရွယ်ရွယ်မှာ သေသွားခဲ့တာပဲ။

သားသေသွားပြီးတော့ ဆာချီဟာ အရင်ကထက်ပိုပြီး အလုပ်လုပ်တယ်။ ပထမတစ်နှစ်လုံး စန္ဒယားကိုချည်း သူ မရပ်မနား တီးနေခဲ့တယ်။ ဆောင်းဦးရာသီအကုန်ရောက်လာတော့ အလုပ်က သီတင်းသုံးပတ်အနားယူလိုက်တယ်။ ယူနိုက်တက်လေကြောင်းလိုင်းက Business-class လေယာဉ်လက်မှတ်ဝယ်ပြီး ဟန်နယ်လေကို သွားတော့တာပဲ။ သူ,မရှိတဲ့အချိန်မှာ အခြားတစ်ယောက်က သူ့အစား စန္ဒယားဝင်တီးပေးတယ်။

ဟန်နယ်လေမှာလည်း တစ်ခါတရံ ဆာချီ စန္ဒယားတီးတတ်သေးတယ်။ စန္ဒယားခုံအသေးလေးနဲ့ စားသောက်ဆိုင်တစ်ဆိုင်ရှိတယ်။ စနေတနင်္ဂနွေပိတ်ရက်တွေမှာ အသက် ၅၀ ကျော် စန္ဒယားသမားတစ်ယောက် လာတီးလေ့ရှိတယ်။ အဲဒီလူ အများဆုံးတီးတတ်တာက ရိုးရိုးတန်းတန်း သံစဉ်တွေချည်းပဲ။ သာမန်စန္ဒယားသမားတစ်ယောက်လို့ပဲ ဆိုရမယ်။ ဒါပေမဲ့ သူက ခင်ဖို့ကောင်းတယ်၊ ပြီးတော့ အဲဒီနွေးထွေးမှုကလေးကလည်း သူစန္ဒယားတီးချိန်မှာ ကပ်ပါနေလေ့ရှိတယ်။ ဆာချီ အဲဒီလူနဲ့ရင်းနှီးပြီးနောက်တော့ သူ့အတွက် တစ်ခါတလေ အစားဝင်တီးပေးတတ်တယ်။ အဲဒီအတွက် စားသောက်ဆိုင်ပိုင်ရှင်ကတော့ သူ့ကို ၀ိုင်နဲ့ ခေါက်ဆွဲတစ်ပွဲ ဧည့်ခံလေ့ရှိပါတယ်။ စန္ဒယားခလုတ်တွေပေါ် လက်တွေတင်ထားရတာ သူ့ကို စိတ်ကျေနပ်စေတယ်။ သူ့စိတ်ကို ဖွင့်ထုတ်ထားရ သလိုပဲ။ ဒါကလည်း အရည်အချင်းတွေ၊ စန္ဒယားတီးခြင်းရဲ့ အသုံးဝင်ပုံတွေနဲ့ သက်ဆိုင်တဲ့ကိစ္စတော့ မဟုတ်ဘူး။ သူ့သားလည်း လှိုင်းစီးနေတဲ့အချိန်တွေမှာ သူ့လိုပဲ ခံစားရလိမ့်မယ်လို့ တစ်ခါတလေတော့ ဆာချီတွေးမိတယ်။

အဆုံးစွန်ရိုးသားကြေးဆိုရင်တော့ သူ့သားကို ဆာချီ သိပ်သဘောကျလှတာ မဟုတ်ဘူး။ သားကိုချစ်တာကတော့ ချစ်တာပဲ၊ သူ့အတွက် သားဟာ ကမ္ဘာအပေါ်မှာ အရေးအကြီးဆုံး လူပဲ။ ဒါပေမဲ့ သူအကြိုက်ဆုံးလူတစ်ယောက်လားလို့ မေးရင်တော့ မဟုတ်ဘူးလို့ပဲ ဖြေရမယ်။ သားကို သဘောကျဖို့ဆိုတာ သူ့မှာ အခက်အခဲဖြစ်နေတယ်။ ဒါကိုလည်း အချိန်အတော်ကြီးကြာမှ သူ သိလာခဲ့ရတာ။ သားနဲ့ပတ်သက်လို့ သူ့မှာ ဘာမှလုပ်စရာမရှိဖြစ်နေပုံက သူ့သွေးသားအရင်း မဟုတ်ဘူးလို့တောင် ထင်ရတယ်။ သားဟာ တစ်ကိုယ်ကောင်းဆန်တယ်၊ ဘယ်အရာကိုမှ အာရုံစူးစိုက်မှု မရှိဘူး။ အကျိုးရလဒ်တစ်ခုထွက်ပေါ်လာတဲ့အထိ ဘာတစ်ခုမှ လုပ်ခဲ့တဲ့သူ မဟုတ်ဘူး။ သားနဲ့ သူ ဘယ်အရာကိုမှ လေးလေးနက်နက် စကားပြောလို့မရဘူး။ စကားပြောတော့မယ်ဆိုတာနဲ့ အကြောင်းတစ်ခုခုပြပြီး ရှောင်ထွက်သွားပါလိမ့်မယ်။ စာလည်း တစ်လုံးမှမကျက်တော့ သူ့ အမှတ်တွေက အောက်ဆုံးပဲ။ သူ,အားစိုက်လုပ်တဲ့ တစ်ခုတည်းသောအလုပ်ကတော့ လှိုင်းစီးတာပဲ။ သူ ဘယ်တုန်းကတည်းက လှိုင်းစစီးခဲ့လဲဆိုတာ တစ်လုံးတစ်ပါဒမှ မသိခဲ့ရဘူး။ မျက်နှာချိုချိုနဲ့ ကောင်လေးဆိုတော့ ရည်းစားမရှိမှာတော့ မပူရဘူး။ ဒါပေမဲ့ သူကြိုက်လို့တွဲပြီးရင်လည်း သိပ်မြဲတာတော့ မဟုတ်ဘူး။ အရုပ်ဟောင်းတစ်ရုပ်လိုပဲ မကြာခင် ပစ်ထားခဲ့တာပဲ။ သားကိုဖျက်ဆီးခဲ့တာ ငါကိုယ်တိုင်ပဲလားလို့ ဆာချီတွေးမိတယ်။ သုံးဖို့ပိုက်ဆံတွေ အများအပြား ပေးမိလို့ပဲလား။ ဒီထက် တင်းတင်းကြပ်ကြပ် ထိန်းကျောင်းခဲ့သင့်တာ။ ဒါပေမဲ့ သားကို ဘယ်လိုတင်းတင်းကြပ်ကြပ် ကိုင်တွယ်ရမလဲဆိုတာကို ဆာချီသိခဲ့တာ မဟုတ်ဘူး။ သူ အလုပ်အရမ်းများနေခဲ့တယ်၊ ပြီးတော့ ယောက်ျားလေးတွေအကြောင်း၊ သူတို့ရဲ့ စိတ်ပိုင်းရော ရုပ်ပိုင်းကိုပါ ဆာချီ ဘာတစ်ခုမှ မသိဘူး။


လှိုင်းစီးတဲ့ကောင်လေးနှစ်ယောက် ညစာစားဖို့ ၀င်လာတော့ ဆာချီက စားသောက်ဆိုင်မှာ စန္ဒယားတီးနေချိန်ပဲ။ ဟန်နယ်လေကို ကောင်လေးတွေရောက်တာ အခုဆို ခြောက်ရက်မြောက်နေ့။ သူတို့တစ်ကိုယ်လုံး နေလောင်ထားလို့ အညိုရောင်ပေါက်နေတယ်။ ပြီးတော့ သူတို့ကိုကြည့်ရတာ အရင်ကထက်ပိုပြီး သန်မာလာတဲ့ပုံစံပဲ။
`အစ်မကြီးက စန္ဒယားတီးတတ်တာလား´ လို့ ဂင်တိုတိုက အော်လိုက်တယ်။
`ပြီးတော့ အတီးလည်း ကောင်းတယ်။ တကယ့် ပရော်ဖှက်ရှင်နယ်ပဲ´ လို့ ပိန်ရှည်ရှည်တစ်ယောက်က အသံမြှင့်ပြီးပြောတယ်။
`အပျော်သဘောမျိုး တီးတာပါ´ လို့ သူက ပြန်ပြောလိုက်တယ်။
`ဘီးဇ်ရဲ့ သီချင်းတွေ ရလား´
`ဟင့်အင်း မရပါဘူး။ ဒါနဲ့ နေပါဦး ငါက မင်းတို့နှစ်ယောက် ဘိုင်ကျနေလောက်ပြီ ထင်တာ။ ဒီလိုဆိုင်မျိုးမှာစားဖို့ မင်းတို့မှာ ပိုက်ဆံရောရှိရဲ့လား´ လို့ ဆာချီက မေးလိုက်တယ်။
`အင်း.. ကျွန်တော်တို့မှာ ကဒ်ရှိတယ်လေ´ ပိန်ရှည်ရှည်က ပြောတယ်။
`အင်း အရေးပေါ်အတွက်ပေါ့´
`ဟင့်အင်း ကိစ္စမရှိပါဘူး။ ကျွန်တော့်အဖေပြောတာ မှန်တယ်။ ကဒ်နဲ့ တစ်ခါလောက်သုံးပြီးတာနဲ့ အကျင့်ဖြစ်သွားတော့တာပဲ´
`အင်းပေါ့။ ဒီတော့ မင်းတို့အခု အဆင်ပြေနေတာပေါ့´ လို့ ဆာချီက ပြောလိုက်တယ်။
`ကျွန်တော်တို့ အစ်မကြီးကို ညစာကျွေးမယ်လို့ စဉ်းစားနေကြတာ´ ဂင်တိုတိုကောင်လေးက ပြောလိုက်တယ်။
`ကျေးဇူးပြန်ဆပ်ချင်လို့လေ။ ကျွန်တော်တို့ကို အများကြီး ကူညီထားတာ။ သန်ဘက်ခါကျရင် ကျွန်တော်တို့ အိမ်ပြန်တော့မှာ´
`ဟုတ်တယ်။ အခု စားတော့မလား။ ၀ိုင်မှာလိုက်ရမလား။ ကျွန်တော်တို့ ကျွေးမှာပါ´
`ငါက ညစာစားပြီးပြီ။ မင်းတို့ ကျေးဇူးတင်တာကိုတော့ ငါလက်ခံပါတယ်´

အဲဒီအချိန်မှာပဲ လူကောင်ကြီးကြီး အဖြူတစ်ယောက် သူတို့စားပွဲနားကို ရောက်လာပြီး ဆာချီအနီးမှာ ရပ်လိုက်တယ်။ သူ့လက်ထဲမှာ ၀ီစကီဖန်ခွက် တစ်ခွက်နဲ့။ အသက် ၄၀ လောက်ရှိမယ်၊ ဆံပင်တိုတိုညှပ်ထားတယ်။ သူ့လက်မောင်းတွေက ဓာတ်တိုင်တွေလိုပဲ။ တစ်ဖက်မှာ နဂါးအကြီးကြီးတစ်ကောင်ကို မှင်ကြောင် ထိုးထားတယ်။ မှင်ကြောင်အရောင်တွေ လွင့်နေပုံကိုကြည့်ရင် အချိန်အတော်ကြာကြာကတည်းက ထိုးထားခဲ့တာမှန်း သိသာတယ်။
`မိန်းကလေး။ မင်း စန္ဒယားတီးတာကို ငါကြိုက်တယ်´ လို့ သူက ပြောတယ်။
ဆာချီက အဲဒီလူကို ဖျပ်ခနဲကြည့်လိုက်ပြီး `ကျေးဇူးတင်ပါတယ်´ လို့ ပြောလိုက်တယ်။
`မင်းက ဂျပန်လား´
`ဟုတ်ပါတယ်´
`ငါလည်း တစ်ခါတုန်းက ဂျပန်မှာနေဖူးတယ်။ အတော် ကြာပြီ။ အီဝါကူနီမှာ နှစ်နှစ်လောက် ရုံးထိုင်ခဲ့ဖူးတယ်။ အတော်ကြာပါပြီ´
`အင်း။ ကျွန်မလည်း ချီကာဂိုမှာ နှစ်နှစ်နေဖူးတယ်။ အရင်တုန်းကပဲ။ ဒီတော့ ကျွန်မတို့နှစ်ယောက် ကျေပြီပေါ့´
အဲဒီလူက ခဏလောက် စဉ်းစားနေပြီး ဆာချီဟာသလုပ်နေတယ်လို့ စဉ်းစားမိလိုက်ပုံပေါ်တယ်၊ ပြုံးလိုက်တယ်။
`ငါ့အတွက် တစ်ပုဒ်လောက် တီးစမ်းပါ။ ခပ်ပြင်းပြင်းလေး။ ဘော်ဘီဒရင်းရဲ့ `ပင်လယ်တစ်ဖက်ခြား´ ရလား။ ငါ အဲဒီသီချင်းဆိုချင်တယ်´
`ကျွန်မက ဒီမှာ အလုပ်လုပ်တာ မဟုတ်ဘူး။ ပြီးတော့ အခုလောလောဆယ် ဒီကောင်လေးနှစ်ယောက်နဲ့ ကျွန်မ စကားပြောနေတယ်။ စန္ဒယားခုံမှာထိုင်နေတဲ့ ဆံပင်ပါးပါးနဲ့ ပိန်ပိန်လူကို တွေ့လား။ သူက ဒီမှာ စန္ဒယားတီးတဲ့လူပဲ။ ရှင် သူ့ကို သွားတောင်းပါလား။ ပြီးတော့ ဆုကြေးပေးဖို့လည်း မမေ့နဲ့ဦး´

အဲဒီလူက ခေါင်းကို ယမ်းလိုက်တယ်။ `အဲဒီအရူးက ကလေးကွက်တွေကလွဲပြီး ဘာတစ်ခုမှ တီးတတ်တာမဟုတ်ဘူး။ ငါက မင်းတီးပြတာကို ကြားချင်တာ။ ပုံစံကျတာလေး တစ်ခုလောက်ပေါ့။ ဒီမှာ မင်းအတွက် ၁၀ ဘက်ခ်ဆုချမယ်´
`၅၀၀ ပေးလည်း မတီးဘူး´
`သြော် အဲဒီလိုလား၊ ဟုတ်လား´ လို့ အဲဒီလူကပြောတယ်။
`အင်း ဟုတ်တယ်၊ အဲဒီလိုပဲ´ လို့ ဆာချီက ပြန်ပြောလိုက်တယ်။
`ဒါဆိုနေပါဦး။ ငါမေးကြည့်ပါဦးမယ်။ နင်တို့ ဂျပန်တွေက ကိုယ့်နိုင်ငံကိုယ်ကာကွယ်ဖို့ ဘာလို့ စိတ်မ၀င်စားကြတာလဲ။ ငါတို့ကရော ဘာဖြစ်လို့ နင်တို့အသက်တွေကို ကာကွယ်ဖို့ အီဝါကူနီမှာ ရုံးထိုင်ပြီး ဖင်ကျောက်ချနေခဲ့ရတာလဲ´
`ဆိုတော့… အဲဒါကြောင့် ကျွန်မက ပါးစပ်ပိတ်ပြီး ရှင်တီးခိုင်းတဲ့သီချင်းကို တီးပြရမယ်ပေါ့…´
`ဟုတ်ပါပြီ´ လို့ အဲဒီလူ ပြန်ပြောတယ်။ ပြီးတော့ စားပွဲတစ်ဖက်က ကောင်လေးနှစ်ယောက်ကို သူက ကြည့်လိုက်တယ်။ `ဒီဂျပန်နှစ်ကောင်ကိုလည်း ကြည့်ဦး။ လှိုင်းစီးဖို့အတွက် ဟာဝိုင်ရီကို ရောက်လာတယ်။ ဘာအတွက်လဲ။ အီရတ်မှာဆိုရင် ငါတို့…..´
`ရှင့်ကိုကျွန်မ တစ်ခုလောက် မေးချင်တယ်´ လို့ ဆာချီက ဖြတ်ပြောလိုက်တယ်။
`ဟိုကနေ ရှင်ဝင်လာကတည်း ကျွန်မ တွေးနေတဲ့အတွေးပဲ´
`အင်း မေးစမ်းပါဦး´
ဆာချီက သူ့လည်ပင်းကို စောင်းလိုက်ပြီး အဲဒီလူတည့်တည့်ကို မော့ကြည့်လိုက်တယ်။ `တစ်ချိန်လုံးကျွန်မစဉ်းစားနေတာက ရှင့်လိုလူမျိုးတစ်ယောက် ဘယ်လိုဖြစ်လာသလဲဆိုတာပဲ။ ရှင် ဒီပုံစံအတိုင်း မွေးလာတာလား၊ ဒါမှမဟုတ်ရင် ဆိုးဆိုးရွားရွားတစ်ခုက ရှင့်ကိုဒီပုံစံဖြစ်အောင် လုပ်လိုက်တာလား။ ရှင်ရော ဘယ်လိုထင်လဲ´

အဲဒီလူက ခဏလောက် စဉ်းစားနေတယ်။ ပြီးတော့ သူ့ရဲ့ ၀ီစကီခွက်ကို စားပွဲပေါ်ဆောင့်ချလိုက်တယ်။ `ဒီမှာ မိန်းကလေး…´


အဲဒီနောက်မှာ အသံကျယ်ကျယ်တွေ ကြားလို့ စားသောက်ဆိုင်ပိုင်ရှင် အပြေးအလွှားရောက်လာတယ်။ ဆိုင်ရှင်က ခပ်သေးသေးပါပဲ။ ဒါပေမဲ့ သူက ရေတပ်သားဟောင်းရဲ့ လက်မောင်းကို ဆွဲခေါ်သွားတယ်။ သူတို့အချင်းချင်းက မျက်နှာစိမ်းတွေမဟုတ်မှန်း သိသာပါတယ်။ ရေတပ်သားဟောင်းကလည်း တစ်ခွန်းနှစ်ခွန်းလောက် အသံကျယ်ကျယ်ထပ်ပြောသွားရုံကလွဲပြီး ရုန်းတာကန်တာ မရှိဘူး။
သိပ်မကြာခင်ပဲ ဆိုင်ရှင်ပြန်ရောက်လာပြီး ဆာချီကို တောင်းပန်တယ်။
`ဒီလူက ပုံမှန်ဆိုရင်တော့ မဆိုးပါဘူး။ ဒါပေမဲ့ မူးလာရင် အခုလို ဖြစ်တတ်တယ်။ စိတ်မပူပါနဲ့။ ကျွန်တော်သူ့ကို ထိန်းနိုင်ပါတယ်။ လောလောဆယ်တော့ ခင်ဗျားကို တစ်ခုခုဧည့်ခံချင်တယ်။ ဖြစ်သွားတာကို မေ့လိုက်ပါတော့´

`ရပါတယ်။ ဒီလိုမျိုးတွေက ကျွန်မအတွက် ရိုးနေပါပြီ´ လို့ ဆာချီက ပြန်ပြောလိုက်တယ်။
ဂင်တိုတိုကောင်လေးက ဆာချီ့ကို မေးလိုက်တယ်။ `ဟိုလူကြီး ဘာတွေပြောသွားတာလဲ´
`ဟုတ်ပ။ ဂျပန်ဆိုတဲ့တစ်လုံးက လွဲလို့ ကျွန်တော်လည်း တစ်လုံးမှ နားမလည်လိုက်ဘူး´ လို့ ပိန်ရှည်ရှည်က ထပ်ပြောတယ်။
`ဒီလိုပါပဲ။ ကိစ္စမရှိပါဘူး။ ဒါနဲ့ ဟန်နယ်လေမှာ မင်းတို့နှစ်ယောက် ပျော်ခဲ့ကြရဲ့လား။ ခေါင်းပွင့်သွားလောက်အောင်ကို လှိုင်းပဲ စီးနေကြတယ်ထင်တယ်´ လို့ ဆာချီက ပြောတယ်။
`ပျော်စရာအရမ်းကောင်းတယ်´ ဂင်တိုတိုကောင်လေးက ပြောလိုက်တယ်။
`အတိုင်းထက်အလွန်ပဲ။ ဘ၀ကို ပြောင်းလဲပစ်လိုက်သလိုပဲ၊ တကယ်ပြောတာ´ လို့ ပိန်ရှည်ရှည်က ပြောတယ်။
`အင်း။ ကောင်းတာပေါ့။ တတ်နိုင်တုန်းအချိန်အတွင်းမှာ ဘ၀ရဲ့ ပျော်ရွှင်စရာတွေ အားလုံးကို ခံစားကြပေါ့။ သိပ်မကြာခင်မှာပဲ ရှင်းရမယ့် ဘီလ်စာရွက် ရောက်လာပါလိမ့်မယ်´
`ကိစ္စမရှိပါဘူး။ ကျွန်တော့်မှာ ကဒ်ရှိတာပဲ´
`အင်း။ တော်တော်အဆင်ပြေတဲ့နည်းပဲ´ လို့ ဆာချီက ခေါင်းတယမ်းယမ်းနဲ့ ရေရွတ်လိုက်မိတယ်။
အဲဒီနောက်တော့ ဂင်တိုတိုကောင်လေးက ပြောလိုက်တယ်။ `အစ်မကြီးစိတ်မရှိဘူးဆိုရင် ကျွန်တော် တစ်ခုလောက် မေးချင်တယ်´
`ဘာအကြောင်းလဲ´
`ခြေထောက်တစ်ဖက်ပြတ်နေတဲ့ ဂျပန်လှိုင်းစီးသမားကို အစ်မကြီးများ မြင်ဖူးလားလို့ ကျွန်တော်မေးချင်တာပါ´
`ခြေတစ်ဖက်ပြတ် ဂျပန်လှိုင်းစီးသမား´

ဆာချီ့ မျက်လုံးတွေက ကျဉ်းသွားပြီး ကောင်လေးကို တည့်တည့်ကြည့်ရင်းပြောလိုက်မိတယ်။ `ဟင့်အင်း။ ငါတစ်ခါမှ မမြင်ဖူးဘူး´
`ကျွန်တော်တို့ နှစ်ခါတောင် မြင်လိုက်ရတယ်။ အဲဒီလူက ကမ်းခြေမှာပဲ ကျွန်တော်တို့ဆီ ငေးကြည့်နေတယ်။ သူက Dick Bewer (တံဆိပ်) လှိုင်းစီးဘုတ်နဲ့။ ပြီးတော့ ခြေထောက်တစ်ဖက်က ဒီနားလောက်က စ,ပြတ်နေတယ်´ ဂင်တိုတိုကောင်လေးက သူ့ဒူးခေါင်းအထက်နား လက်မအနည်းငယ်လောက်ကို လက်ညှိုးနဲ့ဆွဲပြတယ်။
`ခုတ်ဖြတ်ထားသလိုပဲ။ ကျွန်တော်တို့ ရေပေါ်တက်လာတော့ သူပျောက်သွားတယ်။ ကျွန်တော်တို့ သူနဲ့ စကားပြောချင်တာနဲ့ လိုက်ရှာကြသေးတယ်။ ဒါပေမဲ့ ဘယ်မှာမှ ရှာမတွေ့တော့ဘူး။ ကျွန်တော်ထင်တာ သူက ကျွန်တော်တို့အရွယ်လောက်ပဲ ရှိလိမ့်မယ်´

`ဘယ်ခြေထောက် ပြတ်နေတာလဲ။ ညာဖက်လား ဘယ်ဖက်လား´ လို့ ဆာချီက မေးလိုက်တယ်။
ဂင်တိုတိုက ခဏလောက်စဉ်းစားပြီး ပြန်ပြောတယ်။ `ကျွန်တော်တွေ့တာတော့ ညာဖက်ပဲ။ ဟုတ်လား..´
`ဟုတ်တာပေါ့၊ ညာဖက်ခြေထောက်´ လို့ ပိန်ရှည်ရှည်က ၀င်ပြောတယ်။
`ဟင်း…´ လို့ ဆာချီက အသံထွက်လိုက်ပြီး ၀ိုင်ကိုစုပ်ယူလိုက်တယ်။ သူ့ခံတွင်းက ခြောက်ကပ်နေပြီ။ သူ့နှလုံးခုန်သံတွေ တဒိန်းဒိန်းမြည်နေတာ သူပြန်ကြားနေရတယ်။
`ဂျပန်လူမျိုးဆိုတာ မင်းတို့ သေချာလား။ ဂျပန်-အမေရိကန်စပ်တွေဘာတွေ ဖြစ်နေဦးမယ်´
`ဟင့်အင်း။ ကြည့်လိုက်ရုံနဲ့တင် ဂျပန်အစစ် ဟုတ်,မဟုတ် သိသာတယ်။ ဒီကောင် ကျွန်တော်တို့လိုပဲ ဂျပန်က လှိုင်းစီးသမားတစ်ယောက်ပါ၊ သေချာပါတယ်´
`ဟုတ်တယ်။ နည်းနည်းထူးဆန်းနေတာ ကျွန်တော် သတိထားမိတယ်။ သူ့လိုလူတစ်ယောက်က ထင်းထင်းကြီးဖြစ်နေရမှာလေ။ ဒါပေမဲ့ ဒီလူ ဒီမှာပဲ ရှိပါတယ်။ ကျွန်တော် ပြောရဲတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံး မြင်လိုက်တာပဲ´

ပိန်ရှည်ရှည်ကောင်လေးက ဆာချီကိုကြည့်နေတယ်၊ ပြီးတော့ သူ့ဆီက အသံထွက်လာတယ်။ `အစ်မကြီးက အမြဲတမ်း ကမ်းခြေမှာ ထိုင်နေတာမဟုတ်လား။ သူလည်း အစ်မကြီးအမြဲတမ်းထိုင်နေတဲ့နေရာနဲ့ မလှမ်းမကမ်းမှာပဲ ခြေတစ်ဖက်ထောက်ပြီး ရပ်နေတာ။ ပြီးတော့ သူက ကျွန်တော်တို့ဆီကို လှမ်းကြည့်နေတာ။ ဘယ်လိုပြောမလဲ အပင်ကိုမှီပြီး ကြည့်နေသလိုလေး။ သူက ပျော်ပွဲစားခုံတွေဘက်က အပင်တွေနားမှာလေ´

ဆာချီက သူ့ဝိုင်ကိုပဲ တိတ်တဆိတ် မျိုချနေမိတယ်။
ဂင်တိုတိုကောင်လေးက ဆက်ပြောတယ်။ `ကျွန်တော်စဉ်းစားနေတာ ခြေထောက်တစ်ဖက်တည်းနဲ့ သူဘယ်လို ဘုတ်ပြားပေါ် ရပ်သလဲလို့။ ခြေထောက်နှစ်ချောင်းလုံးနဲ့ ရပ်မယ်ဆိုရင်တောင် ခက်လှပြီ´

အဲဒီနေ့ကစပီး ဆာချီတစ်ယောက် မိုးလင်းကနေ မိုးချုပ် ဟန်နယ်လေ ကမ်းခြေတစ်ဆုံး အစုန်အဆန် ခေါက်တုန့်ခေါက်ပြန်လျှောက်တော့တာပဲ။ ဒါပေမဲ့ ခြေတစ်ဖက်ပြတ်လှိုင်းစီးသမားရဲ့ အရိပ်အယောင်ကို မတွေ့ရဘူး။ ကမ်းခြေက လှိုင်းစီးနေတဲ့လူတွေကိုလည်း သူမေးကြည့်တယ်။ `ဟေး… ခြေတစ်ဖက်ပြတ်နဲ့ ဂျပန်လှိုင်းစီးသမားတစ်ယောက် တွေ့မိလား´ ဒါပေမဲ့ အမေးခံရတဲ့လူတွေကတော့ ဇဝေဇ၀ါပုံစံနဲ့ ခေါင်းခါပြကြတာချည်းပဲ။ ခြေတစ်ဖက်ပြတ်ဂျပန်လှိုင်းစီးသမား…..။ ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး။ တွေ့ဖူးလို့ရှိရင် မှတ်ကို မှတ်မိမှာပဲ။ အသိသာချည်းပဲ။ ဒါပေမဲ့ ဘယ်သူက ခြေတစ်ဖက်တည်းနဲ့ လှိုင်းစီးနိုင်မှာတဲ့လဲ…´

သူဂျပန်ကိုမပြန်ခင်ညမှာ ဆာချီ အထုပ်အပိုးတွေပြင်ဆင်ပြီး အိပ်ယာဝင်ခဲ့တယ်။ အိမ်မြောင်စုတ်ထိုးသံတွေဟာ လှိုင်းပုတ်သံတွေနဲ့ ရောနှောသွားတယ်။ သိပ်မကြာခင်ပဲ သူ့ခေါင်းအုံး စိုစွတ်လာတာကို သူသိလိုက်တယ်။ သူ ငိုနေတာပဲ။ ငါက ဘာလို့ သူ့ကို မမြင်ရတာလဲလို့ သူစဉ်းစားနေမိတယ်။ ငါမဟုတ်ဘဲ သူနဲ့ဘာမှမပတ်သက်တဲ့ ဟိုကောင်လေးနှစ်ယောက်ဆီမှာပဲ ဘာလို့ သူက သွားပေါ်နေရတာလဲ။ ဒါဟာ လုံးဝမတရားဘူး။ ရင်ခွဲရုံထဲက သူ့သား အလောင်းရဲ့ ပုံရိပ်ကို သူ ပြန်ဆက်စပ်ကြည့်နေမိတယ်။ ဖြစ်နိုင်ရင် ပုခုံးကို မနိုးမချင်းလှုပ်ရမ်းနေလိုက်ချင်တယ်။ ပြီးရင် သူ သားကို အော်လိုက်ချင်တယ်။ ငါ့ကိုပြောပြစမ်းပါ၊ ဒီလိုအရာမျိုးကို မင်းဘယ်လိုလုပ်တာလဲ…´

စိုရွှဲနေတဲ့ သူ့ခေါင်းအုံးထဲမှာ ဆာချီ မျက်နှာကို အကြာကြီး မြှုပ်ထားရင်း ရှိုက်သံတွေ မပီမသထွက်နေမိတယ်။ သူ့ကို ငါမြင်တွေ့ခွင့်မရှိတာလားလို့ သူ့ကိုယ်သူ ပြန်မေးကြည့်တယ်။ သူ့မေးခွန်းကို သူ မဖြေနိုင်ဘူး။ သူအသေအချာသိတာ တစ်ခုပဲ ရှိတယ်။ တခြား သူဘာပဲလုပ်သည်ဖြစ်စေ ဒီကျွန်းကိုတော့ သူလက်ခံရမှာပဲ။ စကားကို ညင်ညင်သာသာလေးပြောတတ်တဲ့ ဂျပန်-အမေရိကန်ကပြား ရဲအရာရှိ သူ့ကို ပြောခဲ့သလိုပဲ ဒီကျွန်းပေါ်က အရာတွေကို အရှိအတိုင်း သူလက်ခံရတော့မှာပဲ။ တရားသည်, မတရားသည်ဖြစ်စေ၊ အခွင့်ရှိသည်, မရှိသည်ဖြစ်စေ… ဘာပဲဖြစ်ဖြစ် အရှိအတိုင်း။ နောက်တစ်နေ့မနက်ကျတော့ ဆာချီဟာ ကျန်းမာတဲ့ လူလတ်ပိုင်းအမျိုးသမီးတစ်ယောက်အဖြစ် နိုးထလာခဲ့တယ်။ သူ့ရဲ့ ခရီးဆောင်အိတ်ကို ကားနောက်ခန်းထဲထည့်ပြီးတော့ ဟန်နယ်လေပင်လယ်အော်ကနေ သူ ထွက်ခွာလာခဲ့တော့တယ်။


ဂျပန်ပြန်ရောက်ပြီး ရှစ်လလောက်ကြာပြီးတော့ တစ်နေ့မှာ ဂင်တိုတိုကောင်လေးကို သူ မမျှော်လင့်ဘဲ ပြန်တွေ့ခဲ့ရတယ်။ ဘူတာရုံအနီးက ဆိုင်ကလေးမှာ မိုးခိုရင်း သူက ကော်ဖီတစ်ခွက် မှာသောက်နေတယ်။ ဂင်တိုတိုက သူ့အနားက ခုံတစ်ခုံမှာ ထိုင်နေတာပဲ။ အ၀တ်အစားကို ကော့ပျံနေအောင် ၀တ်ထားပြီး သိမ်မွေ့တဲ့ပုံစံရှိတဲ့ ကောင်မလေးတစ်ယောက်နဲ့အတူ ထိုင်နေတယ်။
`တိုက်ဆိုင်လိုက်တာဗျာ´ နားရွက်ချိတ်အောင်ပြုံးပြီး သူ့စားပွဲနားလျှောက်လာရင်း ဂင်တိုတိုက အော်ပြောလိုက်တယ်။
`မင်းဘယ်လိုလဲ။ ဆံပင်ကလည်း တိုသွားလိုက်တာ´ လို့ ဆာချီက နှုတ်ဆက်လိုက်တယ်။
`ဟုတ်။ ကျွန်တော် ကောလိပ်က ဘွဲ့ရတော့မယ်´ လို့ သူက ပြောလိုက်တယ်။
`ဟင် မယုံနိုင်စရာပါလား..´
`ဟုတ်။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် တော်တော်ပြန်ထိမ်းလိုက်ရတယ်´ လို့ သူ့ရှေ့က ထိုင်ခုံပေါ် ထိုင်ချလိုက်ရင်း ဂင်တိုတိုက ပြောတယ်။
`လှိုင်းစီးတာကို ရပ်လိုက်ပြီလား´
`တစ်ခါတလေကျရင်တော့ ပိတ်ရက်တွေမှာ စီးဖြစ်ပါတယ်။ သိပ်အကြာကြီး မဟုတ်တော့ဘူး။ အခုက အလုပ်ကျတဲ့ ရာသီလေ´
`ဟို ပိန်ရှည်ရှည်တစ်ယောက်ရော..´
`သူက အေးအေးဆေးဆေးပါ။ သူ့အတွက် အလုပ်ကိစ္စတွေဘာတွေ ခေါင်းထဲ ထည့်စရာမလိုဘူး။ သူ့အဖေက အကာဆကာမှာ မုန့်တိုက်ပိုင်ရှင်လေ။ သူအလုပ်ဝင်တဲ့အခါကျရင် BMW ကားတောင် ၀ယ်ပေးမှာ။ ဒီကောင်က ကံကောင်းတယ်´

ဆာချီ အပြင်ကို လှမ်းကြည့်လိုက်မိတယ်။ နွေခေါင်ခေါင်ရွာတဲ့မိုးက လမ်းမတွေကို နက်ပြောင်သွားစေတယ်။ ကားကြောကတော့ ပိတ်နေတုန်းပဲ။ စိတ်မရှည်တဲ့ တက္ကစီသမားတစ်ယောက်က ဟွန်းတီးနေတယ်။

`ကောင်မလေးက မင်းရည်းစားလား´ လို့ ဆာချီက မေးလိုက်တယ်။
`အဲလို ထင်တာပဲ။ အဲလိုဖြစ်အောင် ကြိုးစားနေတယ်´ လို့ သူ့ခေါင်းကို ကုတ်ရင်း ဂင်တိုတိုက ပြောတယ်။
`ချစ်စရာလေး။ မင်းအတွက် အရမ်းချစ်စရာကောင်းမှာပဲ။ မင်းလိုချင်တာကို သူ မပေးသေးဘူးထင်တယ်..´
ဂင်တိုတိုရဲ့ မျက်လုံးတွေက မျက်နှာကျက်ဆီရောက်သွားတယ်။ `အားပါး။ အစ်မကြီးက စိတ်ထဲရှိတာကို အရှိအတိုင်းပြောတတ်တယ်။ မှန်လိုက်တာ။ ကျွန်တော် ဘာလုပ်သင့်လဲ အကြံပေးပါလား။ ဟို.. အဆင်ပြေသွားအောင်လေ…´
`ကောင်မလေးတွေနဲ့ ပတ်သက်လို့က နည်းသုံးနည်းပဲ ရှိတယ်။ တစ်၊ ပါးစပ်ပိတ်ပြီး သူပြောစရာရှိတာ ပြောနေတာကို နားထောင်လိုက်။ နှစ်၊ သူ့အ၀တ်အစားတွေကို ကြိုက်တယ်လို့ပြော။ သုံး၊ အစားကောင်းကောင်းကျွေး။ လွယ်လွယ်လေး။ အဲဒီသုံးနည်းကို လုပ်လို့မှ အဆင်မပြေသေးဘူးဆိုရင်တော့ လက်လျှော့လိုက်တာပဲ မင်းအတွက် ပိုကောင်းမယ်´
`တော်တော်ကောင်းတာပဲ။ ရိုးရိုးလေးနဲ့ လက်တွေ့ကျတယ်။ ကျွန်တော် စာအုပ်ထဲရေးမှတ်လိုက်မယ်၊ စိတ်မရှိနဲ့နော်´
`အင်း စိတ်မရှိပါဘူး။ ဒါပေမဲ့ မင်းက ဒီလောက်လေးတောင် အလွတ်မမှတ်နိုင်ဘူးလား´
`ဟင့်အင်း။ ကျွန်တော်က ကြက်လိုပဲ။ ခြေလှမ်းသုံးလှမ်း လှမ်းလိုက်ရင် ဦးနှောက်က ဗလာဖြစ်သွားရော။ အဲဒါကြောင့် အကုန်လုံးကို ရေးမှတ်ထားရတယ်။ အိုင်းစတိုင်းလည်း ဒီလိုလုပ်တတ်တယ်လို့ ကျွန်တော်ကြားဖူးတယ်´
`သြော်.. အိုင်းစတိုင်းလည်း လုပ်လား´
`မေ့တတ်တာက ကျွန်တော့်အတွက် ကိစ္စမရှိပါဘူး။ မေ့စရာကိစ္စတွေကမှ တကယ် စိတ်ပျက်စရာကောင်းတာ´
`မင်းကြိုက်သလိုသာ လုပ်ပေတော့´ လို့ ဆာချီက ပြောလိုက်တယ်။
ဂင်တိုတိုက သူ့မှတ်စုစာအုပ်ကို ဆွဲထုတ်လိုက်ပြီး ဆာချီပြောတာတွေကို ရေးမှတ်နေတယ်။
`အစ်မကြီးက အကြံကောင်းဉာဏ်ကောင်းတွေ အမြဲပေးတတ်တယ်နော်။ ကျေးဇူးတင်ပါတယ်ဗျာ´
`အင်း။ အောင်မြင်ပါစေ´
`ဟုတ်။ ကျွန်တော် တည့်တည့်ထိအောင် ပစ်မယ်´ လို့ ပြောရင်း သူ့ထိုင်ခုံဆီပြန်ဖို့ ဂင်တိုတိုက မတ်တပ်ရပ်လိုက်တယ်။ ခဏလောက်စဉ်းစားပြီးတော့ သူ့လက်ကို ကမ်းပေးလိုက်တယ်။ `အစ်မကြီးရောပဲ။ အောင်မြင်ပါစေ´
`အင်း။ တည့်တည့်ထိအောင်ပစ်´
ဆာချီက ဂင်တိုရဲ့လက်ကို ဆွဲလိုက်တယ်။ `ဟန်နယ်လေပင်လယ်အော်မှာ မင်းကို ငါးမန်းစားမသွားတာကို ငါ ၀မ်းသာတယ်´ လို့ သူက ပြောလိုက်တယ်။
`အစ်မကြီးက အဲဒီမှာ ငါးမန်းရှိတယ်လို့ ပြောတာလား။ တကယ်ပြောတာလား´
`အင်းပေါ့။ တကယ်ပေါ့´


ဆာချီတစ်ယောက် ညစဉ်ညတိုင်း စန္ဒယားခလုတ်ခုံမှာ ထိုင်ရင်း သူ့ လက်ချောင်းတွေကို အလိုအလျောက်နီးပါး ရွေ့လျားနေစေတတ်တယ်။ ပြီးတော့ သူ ဘာကိုမှမတွေးဘူး။ စန္ဒယားသံကသာ သူ့ဦးနှောက်ထဲက အခန်းတွေကို အဆင့်ဆင့် ဖြတ်သန်းသွားတယ်။ စန္ဒယားတီးမနေတဲ့အချိန်တွေမှာဆိုရင် ဆောင်းဦးရာသီအကုန်က ဟန်နယ်လေမှာ သူကုန်ဆုံးခဲ့တဲ့ သီတင်းသုံးပတ်အကြောင်းကို သူစဉ်းစားမယ်။ ကမ်းကိုလာရိုက်တဲ့ လှိုင်းတွေရဲ့အသံ၊ အပင်တွေ လှုပ်ရမ်းနေသံတွေကို သူစဉ်းစားမယ်။ ကုန်သည်လေက သယ်ဆောင်သွားတဲ့ တိမ်တိုက်တွေ၊ ကောင်းကင်မှာ ရွက်လွှင့်နေတဲ့ ဇင်ယော်တွေနဲ့ သူတို့ရဲ့ ဖြန့်ကားထားတဲ့ အတောင်ပံကြီးတွေ။ နောက်ပြီး အဲဒီမှာ စောင့်နေတဲ့အရာဟာ အတိအကျ ဘာလဲလို့ သူစဉ်းစားသေးတယ်။ လောလောဆယ် သူ့အတွက်စဉ်းစားစရာက ဒါတွေပဲရှိတယ်။ ပင်လယ်အော်လေ။


(Hanalei Bay by Haruki Murakami. Mirrored from: လရောင်လမ်း ဘာသာပြန် – တေဇာ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s