လမ်းအိုလေး

Løøps of Resistance …

ဧပရယ်တစ်မနက်ခင်း ဖူးစာရှင်ကောင်မလေးနှင့် တွေ့ဆုံခြင်း (စင်ကြယ်ငြိမ်း)

Leave a comment

ဧပရယ်တစ်မနက်ခင်း  ဖူးစာရှင်ကောင်မလေးနှင့် တွေ့ဆုံခြင်း (ဟာရူကီ မူရာကာမီ)

Translated by စင်ကြယ်ငြိမ်း

လှပတဲ့ ဧပရယ်မနက်ခင်း တစ်ခုမှာ၊ နေ့တစ်နေ့ကို ကော်ဖီတစ်ခွက်နဲ့ စဖွင့်ဖို့ ကောင်လေးဟာ အနောက်ဘက်နေ အရှေ့ဘက်ကို လျှောက်လာတယ်။ ကောင်မလေးက အမြန်ချောပို့မယ်ဆိုတဲ့ စိတ်ကူးနဲ့ အရှေ့ကနေ အနောက်ကို လျှောက်လာတယ်။ တိုကျိုရဲ့ ဟာဂျုကုအပိုင်းက လမ်းကျဉ်းလေးထဲမှာပေါ့။ လမ်းရဲ့ အလယ်လောက်မှာ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖြတ်သွားတယ်။ ပျောက်ဆုံးသွားတဲ့ မှတ်ဥာဏ်တွေထဲက အလင်းရောင်တစဟာ သူတို့ရဲ့ နှလုံးသားထဲမှာ ဖြတ်ခနဲ လက်သွားတယ်။ နှစ်ယောက်စလုံး ရင်တဒိန်းဒိန်း ခုန်တာကို ခံစားမိတယ်။ နှစ်ယောက်လုံး သိလိုက်တယ်။

သူဟာ ငါ့အတွက် ရာနှုန်းပြည့်ဖူးစာရှင် ကောင်မလေးပဲ။

သူဟာ ငါ့အတွက် ရာနှုန်းပြည့်ဖူးစာရှင် ကောင်လေးပဲ။

လှပတဲ့ ဧပရယ်မနက် တစ်ခုမှာပေါ့။ တိုကျိုရဲ့ ဖက်ရှင်ကျလှတဲ့ ဟာရာဂျုကု အပိုင်းက လမ်းကျဉ်းလေးတစ်ခုမှာ ဖြတ်သွားရင်း ကျွန်တော့်အတွက် ရာနှုန်းပြည့်သင့်တော်မှန်ကန်တဲ့ ဖူးစာရှင် ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့တယ်။

ခင်ဗျားကို အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ သူက သိပ်ကြည့်အကောင်းကြီးထဲက မဟုတ်ဘူး။ ဘာမှလည်း သိပ်မထူးခြားဘူး။ အဝတ်တွေကလည်း ရိုးရိုးပဲ။ ဆံပင်တွေက အိပ်ယာထခါစ ပုံစံဖြစ်နေတယ်။ အသက်လည်း သိပ်အငယ်ကြီးမဟုတ်တော့ဘူး။ သုံးဆယ်လောက်တော့ ရှိပြီ။ အသေအချာပြောရရင် ကောင်မလေးလို့တောင် သိပ်ပြောလို့မရတော့ဘူး။ ဒါပေမယ့် ကိုက်ငါးဆယ်အကွာလောက်ထဲက ဒီကောင်မလေးဟာ ကျွန်တော့်အတွက် ရာနှုန်းပြည့် ဖူးစာရှင် အမှန်ပဲဆိုတာ ကျွန်တော်သိလိုက်တယ်။ သူ့ကို မြင်လိုက်တာနဲ့ ကျွန်တော့်ရင်တွေ တဒိန်းဒိန်းဖြစ်လာတယ်။ ကျွန်တော့်နှုတ်ခမ်းတွေလည်း ကန္တာရတစ်ခုလို သွေ့ခြောက်ပေါ့။

ခင်ဗျားမှာလည်း ခင်ဗျားတခုတ်တရ သဘောကျတဲ့ ကောင်မလေးပုံစံမျိုးရှိမှာပါ။ ပြောရရင် ခြေကျင်းဝတ်ကသေးသေး၊ မျက်ဝန်းကကျယ်ကျယ်၊ လက်ချောင်းတွေကလည်း လှရမယ်ပေါ့။ ဒီလိုမှ မဟုတ်ရင်လည်း အကြောင်းမရှိအကြောင်းရှာ အစားစားဖို့ပဲ လုပ်နေတဲ့ ကောင်မလေးတစ်ယောက်ကို ကြိုက်မိနေတာလည်း ဖြစ်နိုင်တာပဲ။ ကျွန်တော့်မှာလည်း ကျွန်တော်လိုချင်တဲ့ အချက်တွေရှိတယ်။ တစ်ခါတလေ စားသောက်ဆိုင်မှာ ဘေးဝိုင်းကကောင်မလေးကို နှာတံလေးကို သဘောကျလို့ ဆိုပြီး ငေးနေမိတာမျိုးလည်း ရှိတာပဲ။

ဒါပေမယ့် ကိုယ့်ရဲ့ဖူးစာရှင် အစစ်အမှန်ဆိုတာ အဲသလို ကြိုတွေးထားတဲ့ အချက်တွေနဲ့ ကိုက်ရမယ်လို့တော့ ဘယ်သူမှ တရားသေပြောနိုင်မယ် မထင်ပါဘူး။ ကောင်မလေးတွေရဲ့ နှာတံတွေကို ကျွန်တော် စိတ်ဝင်စားပေမယ့် သူ့နှာတံကိုတော့ မမှတ်မိတော့ဘူးဗျ။ တကယ်လို့ သူ့မှာ ရှိတယ်ဆိုရင်တောင်ပေါ့။ သူသိပ်အလှကြီးမဟုတ် ဆိုတာပဲ ကျွန်တော်မှတ်မိတယ်။ နည်းနည်တော့ ဆန်းသားဗျ။

တစ်ယောက်ယောက်ကို ကျွန်တော်လှမ်းပြောလိုက်တယ်။

“မနေ့ကလမ်းမှာ ငါ့ဖူးစာရှင်ကောင်မလေးနဲ့ တွေ့တယ်ကွ”

“ဟေ ဟုတ်လား” အဲဒီလူက ပြန်ပြောတယ် “အလန်းလေးပဲလား”

“အဲလိုလဲ မဟုတ်ပါဘူး”

“အဲဒါဆို မင်းကြိုက်တဲ့ ပုံမျိုးပဲပေါ့”

“ငါလည်းမသိဘူး။ သူနဲ့ပတ်သက်လို့ ငါဘာမှ သိပ်မမှတ်မိဘူးကွ။ မျက်လုံးပုံစံ ဘယ်လိုရှိလဲ၊ ရင်သားအရွယ် ဘယ်လောက်ရှိလဲ ဆိုတာမျိုး”

“အဆန်းပါလားကွ”

“ဆန်းတာပေါ့”

“ပြီးတော့ဘယ်လိုလဲ” သူကပြောလိုက်တယ်။ သူကြည့်ရတာ ငြီးတော့ငြီးနေပုံပဲ။”မင်းဘာလုပ်လဲ။ သူ့ကိုစကားပြောသေးလား။ ဒါမှမဟုတ် နောက်ကလိုက်သွားလား”

“ဟင့်အင်း၊ လမ်းမှာ ဖြတ်သွားရုံပဲ”

ဟုတ်တယ်။ သူကအရှေ့ကနေ အနောက်ဖက်ကို သွားနေတယ်၊ ကျွန်တော်က အနောက်ကနေ အရှေ့ဖက်ကိုသွားနေတယ်။ တကယ့်ကိုလှပတဲ့ ဧပရယ် မနက်ခင်းတစ်ခုပါပဲ။သူ့ကို စကားလှမ်းပြောလိုက်ရင် ကောင်းမလား။ နာရီဝက်လောက်ဆိုရင်တောင် ကျွန်တော့်အတွက် တော်တော်များနေပြီ။ သူ့အကြောင်း မေးကြည့်ရုံလေးပါ။ ပြီးတော့ ကျွန်တော့်အကြောင်းလည်း နည်းနည်း ပြောမယ်လေ။ ကျွန်တော်လုပ်ချင်တာလေးတွေ။ နောက်ပြီး ၁၉၈၁ခုနှစ် ဧပြီလတစ်မနက်မှာ ဟာရာဂျုကု က လမ်းပေါ်မှာ ကျွန်တော်တို့နှစ်ယောက်ကို လာဆုံမိစေတဲ့ ကံကြမ္မာရဲ့ ဆန်းကြယ်နက်နဲမှုအကြောင်းပေါ့။ ဒါဟာ နွေးထွေးတဲ့ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ တစ်စုံတစ်ခုပါပဲ။ ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေး အပြည့်အဝရှိတဲ့ အချိန်တုံးက တည်ဆောက်ထားခဲ့တဲ့ ရှေးဟောင်းနာရီတစ်လုံးလိုပေါ့။

စကားနည်းနည်းပြောပြီးရင် တစ်နေရာရာမှာ နေ့လယ်စာသွားစားကြမယ်။ ဝူဒီအယ်လင်ကားတောင် သွားကြည့်ချင် ကြည့်ဖြစ်ဦးမယ်။ ဟော်တယ်ဘားတစ်ခုဝင်ပြီး ကောက်တေးလေးဘာလေး သောက်ချင်လည်း သောက်ဖြစ်မယ်။ ကံကြမ္မာက အကြင်နာတရား နည်းနည်းရှိရင်တော့ ဇာတ်လမ်းက အိပ်ယာထဲမှာ အဆုံးသတ်မှာပေါ့။

ဖြစ်နိုင်ချေတွေက ကျွန်တော့်စိတ်ကို လှုပ်ရှားစေတယ်။

အခုဆို ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဆယ့်ငါးကိုက်လောက်ပဲ ကွာတော့တယ်။

ကျွန်တော်သူ့ကို ဘယ်လို ချဉ်းကပ်ရမလဲ၊ ဘာပြောရမလဲ။

“မင်္ဂလာပါ၊ မအဝှာ၊ ကျွန်တော် နာရီဝက်လောက် စကားပြောလို့ရမလားမသိဘူး”

စောက်ရူးပဲ။ အာမခံကိုယ်စားလှယ်ကျနေတာပဲ။

“တဆိတ်လောက်၊ ဒီနားမှာ တစ်ညလုံးဖွင့်တဲ့ ပင်မင်းဆိုင်တွေ ဘာတွေများရှိသလားလို့”

မဟုတ်သေးဘူး၊ ဒါလည်းရူးကြောင်ကြောင်နိုင်တာပဲ၊ ကျွန်တော့်မှာ လျှော်စရာအဝတ်ထုပ်လည်း ပါတာမဟုတ်ပဲနဲ့။ ဘယ်သူက ယုံမှာလဲ။

ရှင်းရှင်းနဲ့ ဘွင်းဘွင်းပဲ ကောင်းမယ်ထင်တယ်။ “ကောင်းသောနံနက်ခင်းပါ။ မင်းဟာ ငါ့ရဲ့ ဖူးစာရှင် အစစ်အမှန်ပါပဲ”

မဖြစ်ပါဘူး။ သူကဘယ်လိုလုပ်လက်ခံပါ့မလဲ။ လက်ခံတယ်ပဲထားပါတော့ ။ စကားဆက်ပြောချင်မှ ပြောမှာ။ ဒီလို ပြန်ပြောရင်ကော။ “ဆောရီးပဲ၊ ကျွန်မကသာ ရှင့်အတွက် ဖူးစာရှင် အစစ်အမှန်ဖြစ်ချင်ဖြစ်မယ်။ ရှင်ကတော့ ကျွန်မအတွက် ဖူးစာရှင် အစစ်အမှန် မဖြစ်နိုင်ဘူးရှင့်”။ အဲသလိုသာဖြစ်ခဲ့ရင်တော့ ကျွန်တော်တော့ ကြွေမှာပဲ။ ပြန်တောင် ကောင်းလာနိုင်တော့မှာ မဟုတ်ဘူး။ ကျွန်တော့်အသက်က သုံးဆယ့်နှစ်ရှိပြီလေ။ အသက်ကြီးလာတာ ဒီနေရာမှာ စကားပြောတာပဲ။

ပန်းရောင်းတဲ့ဆိုင်ရှေ့မှာ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ဖြတ်သွားတယ်။ နွေးထွေးတဲ့လေက ကျွန်တော့်အရေပြားကို လာထိပေါ့။ နှင်းဆီပန်းနံ့ ရတယ်။ ကျွန်တော်သူ့ကို ဘာမှ မပြောလိုက်နိုင်ဘူး။ သူက ဆွယ်တာအဖြူလေးဝတ်ထားတယ်။ ညာဘက်လက်မှာ တံဆိပ်ခေါင်း ကပ်မထားတဲ့ စာအိတ်တစ်အိတ် ကိုင်လို့။ တစ်ယောက်ယောက်အတွက် စာတစ်စောင် ရေးခဲ့တယ်ပေါ့။ တစ်ညလုံးရေးခဲ့ရတဲ့ စာလည်း ဖြစ်ချင်ဖြစ်မယ်။ သူ့မျက်လုံးတွေ ကြည့်ရတာ အိပ်ရေးမဝတဲ့ပုံ ပေါ်နေတယ်။ စာအိတ်ထဲမှာ သူ့ရဲ့ လျှို့ဝှက်ချက်မှန်သမျှ အကုန်ပါချင်လည်း ပါနိုင်တယ်။

ရှေ့နည်းနည်းဆက်လှမ်းပြီး ကျွန်တော်လှည့်ကြည့်လိုက်တယ်။ သူ လူအုပ်ထဲမှာ ပျောက်သွားပြီ။

အခုတော့ ကျွန်တော်သိပြီ။ သူ့ကို ဘာပြောလိုက်သင့်သလဲဆိုတာ။ အရှည်ကြီး ဖြစ်ချင်ဖြစ်မယ်။ ကျွန်တော့်အတွက် ဟန်ကျပန်ကျတောင် ပြောချင်မှ ပြောနိုင်လိမ့်မယ်။ ကျွန်တော်စိတ်ကူးရလိုက်ပြီဆိုရင် လက်တွေ့မကျတာက များတယ်လေ။
အဲဒါက “တစ်ခါတုံးက”နဲ့ စပြီး “ကြေကွဲစရာဇာတ်လမ်းပဲ၊ မဟုတ်ဘူးလား”နဲ့ ဆုံးချင်ဆုံးမယ်။

တစ်ခါတုံးက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ ကောင်လေးက ဆယ့်ရှစ်နှစ်၊ ကောင်မလေးက ဆယ့်ခြောက်နှစ်။ ကောင်လေးက အချောကြီး မဟုတ်သလို ကောင်မလေးကလည်း အလှကြီး မဟုတ်ဘူး။ ရိုးရိုး ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ပါပဲ။ ဒါပေမယ့် သူ့တို့နှစ်နှစ်ကာကာ ယုံကြည်တာက ကမ္ဘာမြေတစ်နေရာမှာ သူတို့အတွက် တကယ့်ဖူးစာရှင် အစစ်အမှန်ဆိုတာ ရှိနေတယ် ဆိုတာပါပဲ။ သူတို့က အံ့ဖွယ်သရဲတွေကို ယုံကြတယ်။ တစ်နေ့တော့ အဲဒီအံ့ဖွယ်သရဲဟာ တကယ်ဖြစ်လာတယ်။

သူတို့နှစ်ယောက် လမ်းထောင့်တစ်ခုမှာ ဆုံကြတယ်။

“အံသြစရာပဲ” ကောင်လေးက ပြောလိုက်တယ် “ငါတစ်သက်လုံး နင့်ကို ရှာနေခဲ့တာ၊ နင်ယုံချင်မှ ယုံမယ်။ နင်ဟာ ငါ့ရဲ့ တကယ့်ဖူးစာရှင် အစစ်အမှန်ပဲ”

“နင်ရောပဲ” ကောင်မလေးက ပြန်ပြောတယ်။ “နင်ဟာ ငါ့အတွက် တကယ့်ဖူးစာရှင်ပဲ။ ငါနင့်ကို အသေးစိတ်ထိ စိတ်ကူးထားတယ်။ အိပ်မက်လိုပဲ”

သူတို့နှစ်ယောက် ပန်းခြံထဲက ခုံလေးမှာ ထိုင်ကြတယ်။ တစ်ယောက်လက်တစ်ယောက်ကိုင်လို့။ တစ်နာရီပြီး တစ်နာရီ တစ်ယောက်အကြောင်း တစ်ယောက်ပြောလို့။ သူတို့ဟာ အထီးကျန်မဆန်တော့ဘူး။ သူတို့ဟာ ကိုယ့်ရဲ့ ဖူးစာရှင်မှန်ကို တွေ့ပြီးသလို ဖူးစာရှင်အမှန်ကလည်း သူတို့ကို တွေ့သွားပြီလေ။ ဒီလိုဆုံတွေ့တယ်ဆိုတာ ဘယ်လောက်အံ့အားသင့်စရာ ကောင်းလဲ။ တကယ့်ကို အံ့ဖွယ်သရဲပါပဲ။

သူတို့ထိုင်ပြီး စကားတွေပြောနေရင်းနဲ့ စိတ်ထဲမှာ သံသယစိတ်တစ်ခု ဝင်လာတယ်။ အိပ်မက်တွေဟာ ဒီလောက်လွယ်လွယ်နဲ့ တကယ်ဖြစ်လာတယ်ဆိုတာ ဟုတ်ရောဟုတ်ပါ့မလားပေါ့။

ကောင်လေးက ကောင်မလေးကို ပြောလိုက်တယ်။ “ငါတို့ နည်းနည်းစမ်းကြည့်ရအောင်။ ငါတို့ဟာ တကယ့် ဖူးစာရှင် အစစ်အမှန်ဆိုရင် တစ်ချိန်ချိန် တစ်နေရာရာမှာ ငါတို့ သေချာပြန်တွေ့မှာပဲ။ အဲဒီအခါကျရင် ငါတို့ဟာ တကယ့် ဖူးစာဖက်တွေဆိုတာ သေချာပြီပေါ့။ ငါတို့ တစ်ခါတည်း လက်ထပ်လိုက်ရုံပဲ။ နင်ရော ဘယ်လို သဘောရလဲ”

“ဟုတ်တယ်” ကောင်မလေးက ပြန်ပြောလိုက်တယ်။ “ငါတို့ အဲလိုပဲလုပ်သင့်တယ်”

သူတို့ လူချင်းခွဲလိုက်တယ်။ ကောင်မလေးက အရှေ့ဘက်ကို သွားတယ်။ ကောင်လေးက အနောက်ဖက်ကို။

သူတို့ လုပ်ခဲ့တဲ့ စမ်းသပ်မှုက တကယ်တော့ မလိုပါဘူး။ သူတို့ တကယ်ကို မစမ်းကြည့်ခဲ့သင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်မှာ တစ်ယောက်ဟာ တစ်ယောက်ရဲ့ တကယ့်ကို ချစ်သူအစစ်အမှန် ဖြစ်နေခဲ့လို့ပါပဲ။ သူတို့ ဆုံစည်းခွင့်ရတယ်ဆိုတာကပဲ အင်မတန် အံ့အားသင့်စရာ ကောင်းလှပါပြီ။ ဒါပေမယ့် သူတို့ ဒါကို ဘယ်လိုမှ မသိနိုင်ခဲ့ဘူးလေ။ ငယ်သေးတာကလည်း တကြောင်းပေါ့။ တကယ်တော့ အေးစက်စက် ထုံပေပေ ကံကြမ္မာက သူတို့ကို ရက်ရက်စက်စက် ဆော့ကစားလိုက်တာပါ။

သူတို့ဟာ ထက်မြက်ပြတ်သားတဲ့ လူငယ်လေးတွေပါ။ သူတို့ဟာ လူ့အဖွဲ့အစည်းရဲ့ တင်းပြည့်ကျပ်ပြည် အဖွဲ့ဝင်တွေအဖြစ် ရရှိစေမယ့် အသိဥာဏ်နဲ့ ခံစားမှုတွေ ရရှိနိုင်ဖို့ မပြတ်အားထုတ်ခဲ့ကြတယ်။ တကယ့်ထူးချွန်တဲ့ နိုင်ငံသားတွေ ဖြစ်လာကြတယ်။ ဘယ်မြေအောက်ရထားလိုင်းကနေ ဘယ်မြေအောက်ရထားလိုင်းကို ဘယ်နေရာမှာ ပြောင်းစီးရင် အဆင်ပြေတယ်ဆိုတာ သိတယ်။ စာတိုက်ကနေ အမြန်ချောနဲ့ စာပို့တတ်လာခဲ့တယ်။ အချစ်နဲ့ ပတ်သက်ပြီးတော့လည်း အတွေ့အကြုံ ရှိလာကြတယ်။ တစ်ခါတလေ ၇၅%၊ တစ်ခါတလေ ၈ဝ% အချစ်မျိုးတွေနဲ့ပေါ့။

အချိန်တွေဟာ ကြောက်မယ်ဖွယ်အရှိန်နဲ့ ကုန်ဆုံးသွားကြတယ်။ ကောင်လေးက သုံးဆယ့်နှစ်နှစ်၊၊ ကောင်မလေးက သုံးဆယ် ဖြစ်လာတယ်။
လှပတဲ့ ဧပရယ်မနက်ခင်း တစ်ခုမှာ၊ နေ့တစ်နေ့ကို ကော်ဖီတစ်ခွက်နဲ့ စဖွင့်ဖို့ ကောင်လေးဟာ အနောက်ဘက်နေ အရှေ့ဘက်ကို လျှောက်လာတယ်။ ကောင်မလေးက အမြန်ချောပို့မယ်ဆိုတဲ့ စိတ်ကူးနဲ့ အရှေ့ကနေ အနောက်ကို လျှောက်လာတယ်။ တိုကျိုရဲ့ ဟာဂျုကုအပိုင်းက လမ်းကျဉ်းလေးထဲမှာပေါ့။ လမ်းရဲ့ အလယ်လောက်မှာ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ဖြတ်သွားတယ်။ ပျောက်ဆုံးသွားတဲ့ မှတ်ဥာဏ်တွေထဲက အလင်းရောင်တစဟာ သူတို့ရဲ့ နှလုံးသားထဲမှာ ဖြတ်ခနဲ လက်သွားတယ်။ နှစ်ယောက်စလုံး ရင်တဒိန်းဒိန်း ခုန်တာကို ခံစားမိတယ်။ နှစ်ယောက်လုံး သိလိုက်တယ်။

သူဟာ ငါ့အတွက် ရာနှုန်းပြည့်ဖူးစာရှင် ကောင်မလေးပဲ။

သူဟာ ငါ့အတွက် ရာနှုန်းပြည့်ဖူးစာရှင် ကောင်လေးပဲ။

ဒါပေမယ့် သူတို့မှတ်ဥာဏ်ထဲက အလင်းရောင်က အားနည်းနေပြီ။ သူတို့ရဲ့ အတွေးတွေကလည်း လွန်ခဲ့တဲ့ ဆယ့်လေးနှစ်ကလို ကြည်လင်မှု မရှိတော့ဘူး။
စကားတစ်ခွန်းမှ မဟဖြစ်ဘဲ တစ်ယောက်နဲ့တစ်ယောက် ဖြတ်သွားကြတယ်။ ပြီးတော့ လူအုပ်ထဲမှာ ပျောက်ကွယ်သွားတော့တယ်။ အမြဲတမ်းအတွက်ပေါ့။

ကြေကွဲစရာဇာတ်လမ်းပဲ။ မဟုတ်ဘူးလား။


Mirrored from: Moveable

▀■ Related Links:

(On seeing the 100% perfect girl one beautiful April morning – Haruki Murakami.
English Translation – Jay Rubin. ဘာသာပြန် – စင်ကြယ်ငြိမ်း။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s