လမ်းအိုလေး

Løøps of Resistance …

မထင်ရှော့(ခ်)

ပြတင်းတစ်ချပ်သို့ အမှတ်ရချက် (လွန်းဆက်နိုးမြတ်)

Leave a comment

သားတို့အိမ်နားက လူမနေတဲ့ တိုက်ခန်းတစ်ခုမှာ နေ့ရောညရော တံခါးတစ်ခြမ်း ဟင်းလင်းပွင့်နေတဲ့ မှန်ပြတင်းပေါက်တစ်ခု ရှိတယ် ဘာလို့ ပွင့်နေမှန်းတော့ သားလည်းမသိဘူး တချို့နေ့လယ် နေ့ခင်းတွေမှာဆိုရင် ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတဲ့ အဲဒီ့ မှန်ပြတင်းက တန်ပြန်အလင်းတွေဟာ သားတို့သူငယ်ချင်းတွေ ဆော့ကစားနေကျ သဲပြင်ကွက်လပ်ဆီ စူးခနဲ စူးခနဲ ရောက်ရောက်လာတယ် အဲဒီလိုရောက်လာတဲ့အခါ မွှေးနီက “သောက်တံခါးကလဲ”ဆိုပြီး မြေကြီးပေါ်က ခဲလုံးတစ်လုံးနဲ့ မှန်ပြတင်းကို လှမ်းပေါက်တတ်တယ် ဒါပေမယ့် ပြတင်းပေါက်က ဟိုးအမြင့်ကြီးမှာဆိုတော့ မွှေးနီပစ်လိုက်တဲ့ ခဲလုံးတွေဟာ မှန်ပြတင်းဆီမရောက်ဘဲ မြေကြီးပေါ်ကို တဖုတ်ဖုတ် ပြန်ပြုတ်ကျလာတာချည်းပါပဲ ဒါကို မကျေနပ်လို့ဆိုပြီး မွှေးနီက တစ်ခါနှစ်ခါ ထပ်ပစ်ပြန်ပါတယ် ပစ်ပြီးသွားတော့ “ငါက ငယ်သေးလို့ပေါ့ကွာ ငါကြီးလာမှ ခဲကြီးကြီးနဲ့ အဲဒီ့ပြတင်းမှန်ကို ခွဲပစ်မယ်”လို့ ကျိန်းတယ် နောက်တော့လည်း မွှေးနီခေါင်းထဲ အဲဒီ့ပြတင်းပေါက်ကိစ္စ မေ့သွားပြီး သားတို့နဲ့ ဆက်ကစားဖို့ပဲ သိတော့တယ် သားတို့လမ်းထဲမှာနေတဲ့ နတ်ကတော်ကြီးကတော့ အဲဒီ့မှန်ပြတင်းပေါက်မှာ ညဖက်ညဖက်ဆို မျက်နှာဝါ၀ါကြီးတစ်ခု ပေါ်လာတတ်တယ်လို့ သားတို့ကလေးတွေကို တစ်ခါပြောဖူးထားလို့ ညဖက်ကစားတဲ့အခါ သားတို့တွေ ဘယ်တော့မှ အဲဒီ့ပြတင်းပေါက်နားမှာ မကစားရဲကြတော့ဘူး နတ်ကတော်ကြီးကို ကြည့်မရတဲ့ မွှေးနီတောင် နတ်ကတော်ကြီး စကားကြောင့် ညဖက်ဆို အဲဒီ့မှန်ပြတင်းဆီ လှည့်လို့တောင်မှ မကြည့်ဘူး ဒါပေမယ့် နေ့ခင်းရောက်ရင် မွှေးနီတစ် ယောက် ခဲပြန်ကောက်တော့တာပါပဲ ပါးစပ်ကလည်း ထုံးစံအတိုင်း “သောက်တံခါးကလဲ”လို့ အော်မြဲပါပဲ တကယ်တော့ နတ်ကတော်ကြီးပြောတာ ဟုတ်ချင်ဟုတ်မှာ အမြဲတမ်း ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေတဲ့ အဲဒီ့မှန်ပြတင်းတံခါး တစ်ခြမ်းဟာ လေမတိုက်တတ်တဲ့ အချိန်တွေမှာတောင် ယမ်းခါနေတတ်သလားပဲ သားစိတ်ထဲ ထင်မိတာလည်း ဖြစ်နိုင်ပါတယ် သား အဲဒီလိုဘာကြောင့်ထင်ရသလဲဆိုတော့ လေမတိုက်တဲ့ နွေတစ်ညမှာ သားတို့တစ်မိသားစုလုံး သန်းခေါင်ချိန်ကြီး တရေးနိုးလာတုန်း သားရဲ့ညီမလေးက “ကိုကို ဟိုမှာကြည့်”ဆိုပြီး လက်ညှိုးထိုးပြလို့ ဒီလောက်လေငြိမ်နေတဲ့ကြား အသက်ဝင်နေတဲ့ သတ္တ၀ါတစ်ကောင်လို တကျွီကျွီမြည်ပြီး ယမ်းခါနေတဲ့ အဲဒီ့မှန်ပြတင်းတစ်ခြမ်းကို သားတွေ့လိုက်ရတယ် သားလည်း နတ်ကတော်ကြီးပြောတဲ့ မျက်နှာဝါ၀ါကြီး ပေါ်မလာခင် ညီမလေးလက်ကိုဆွဲပြီး မေမေ့ဆီ အမောတကော ပြေးသွားမိလို့ ဘာမှနားမလည်တဲ့ ညီမလေး ကျုံးအော်တာတောင် ခံလိုက်ရသေးတယ် တစ်ခါတုန်းကတော့ တစ်ခြမ်းပွင့်နေတဲ့ အဲဒီ့ မှန်ပြတင်းတံခါးဘောင်ပေါ် တော်တော်ကြည့်လို့လှတဲ့ ငှက်ကလေးတစ်ကောင် နားနေတာ ထူးထူးခြားခြား သားတို့မြင်ဖူးတယ် သားတို့ဆိုတာ ထုံးစံအတိုင်း သားရယ် မွှေးနီရယ် နက်ကျော်ရယ် တရုတ်မရယ်ပေါ့ အဲ ဒါပေမယ့် ထုံးစံမဟုတ်တာက သားတို့ကို တစ်ခါတစ်လေ အနိုင်လာကျင့်တတ်တဲ့ ကိုကြီးအောင်ဘုနဲ့ ကိုကြီးအောင်မောင်းတို့ ညီအစ်ကို နှစ်ယောက်လည်း ရှိနေတယ် အမြဲတမ်း လေးခွတကိုင်ကိုင်နဲ့ ကိုကြီးအာင်မောင်းက ဖြုန်းဆို အဲဒီမှန်ပြတင်း ဘောင်ပေါ်နားနေတဲ့ ငှက်ကလေးကို ခွနဲ့ပစ်လိုက်ပါရောလား အံ့သြစရာပါပဲ ကိုကြီးအောင်မောင်း ပစ်လိုက်တဲ့ လောက်စာလုံးဟာ ဘယ်ရောက်သွားတယ် မပြောတတ်ဘူး ငှက်ကလေးရှိတဲ့ ပြတင်းမှန်ဆီ မရောက်ဘဲ လေထဲမှာ ပျောက်သွားတယ် ကိုကြီးအောင်မောင်းလည်း ဘယ်နေမလဲ နောက်ထပ် လောက်စာလုံးတွေနဲ့ ငှက်ကလေးကို ဆက်တိုက်ထပ်ပစ်တယ် ပစ်သာပစ်တယ် အလကားပဲ နောက်ဆုံး ငှက်ကလေး ခေါင်းတစ်ချက်ငဲ့ပြီး ပျံသန်းထွက်သွားတဲ့အထိ ကိုကြီးအောင်မောင်းရဲ့ လောက်စာလုံးတွေဟာ ဘယ်ရောက်သွားမှန်း စဉ်းစားမရနိုင်အောင် ပျောက်ဆုံးသွားတယ် တိုက်ဆိုင်တာက အဲဒီ့နေ့ညပိုင်းမှာ ကိုကြီးအောင်မောင်း အပြင်းအထန် ဖျားတယ် နှစ်ရက်သုံးရက် နေမှ အဖျားပျောက်တယ် သားမှတ်မိသလောက်ပြောရရင် အဲဒီ့မှန်ပြတင်းပေါက်ကို ဘယ်သူကမှ ဖျက်ဆီးလို့ မရခဲ့ပါဘူး သားတို့အားလုံးရဲ့ နောက်ပိုင်းအချိန်တွေမှာ ဘယ်သူကမှလည်း မှန်ပြတင်းကို စိတ်မ၀င်စား ကြတော့ဘူးလေ တစ်ခါတစ်လေ အဲဒီ့မှန်ပြတင်းပေါက်အကြောင်း သားနဲ့သိတဲ့လူတွေကို အခုလို ဦးဦးကို ပြောသလိုမျိုး ပြောပြပေမယ့် သားပြောတာကို ဦးဦးလောက် ဂရုတစိုက် နားမထောင်ပေးကြဘူး ဒါပေမယ့် ဒါတွေက ကြာပါပြီလေ ကြာဆို ကိုကြီးအောင်မောင်းလည်း လက်သမားဆရာ ဖြစ်နေပါပြီ ကိုကြီးအောင်ဘုကတော့ နိုင်ငံခြားကို ထွက်သွားတယ် ဟိုတလောတုန်းကတော့ နတ်ကတော်ကြီးရဲ့ အသုဘကို သားသွားလိုက်ရတယ် နတ်ကတော်ကြီးသေတာ ထူးဆန်းတယ် အေကိုက်တာတဲ့ အဲဒီ့ အေဆိုတဲ့ကောင်ကို သားတစ်ခါမှ မမြင်ဖူးဘူး သားက ခွေးတို့ ကြောင်တို့ တောထဲကကျားတို့ ခြင်္သေ့တို့လောက်ပဲ သိတာ အံမယ် သားသူငယ်ချင်း နက်ကျော်ကတော့ အဲဒီ့အေဆိုတဲ့ကောင်ကို သိချင်သိမှာ သိလည်း နက်ကျော်က သားတို့ရပ်ကွက်ထဲ မနေတော့တာကြာပြီ နက်ကျော်က အခု ဗွီဒီယိုမင်းသား လုပ်နေတယ် လူချောမောင်ဆိုတာသူပေါ့ တရုတ်မကတော့ တခြားမြို့ပြောင်းသွား ပြီးကတည်းက တစ်ခါမှ ပြန်မတွေ့ဖြစ်တော့ပါဘူး သားညီမလေးလား သူကသားနဲ့မတူဘူး ကြီးလာတော့ သားကို ခဏခဏဆူတာပဲ သူကသားထက် စာတွေလည်း အများကြီးတတ်တယ် နောက်တစ်ပတ်ဆိုရင် သားညီမလေး မင်္ဂလာဆောင်တော့မှာ အဲဒီ့ခါကျရင် သားကြိုက်တဲ့ ရေခဲမုန့်စားရမှာ ဒါနဲ့ ဟိုကောင်မွှေးနီလေ မိန်းမသုံးယောက်တောင်ယူပြီး ကွဲသွားတယ် မွှေးနီက အရင်လို မဟုတ်တော့ဘူး တစ်နေ့တစ်ခြား ကြောက်စရာကောင်းလာတယ် နေ့တိုင်းလမ်းထဲမှာ မူးရူးနေတာပါပဲ မူးရူးတိုင်းလည်း လမ်းထဲ လူမနေတဲ့ တိုက်ခန်းက တစ်ခြမ်းပွင့်နေတဲ့ မှန်ပြတင်းပေါက်ကို ဆဲဆိုပြီး ခဲနဲ့ထုတာပါပဲ သူထုတဲ့ ခဲတိုင်းဟာလည်း ဘယ်တော့မှ မှန်ပြတင်းဆီ မရောက်ဘဲ မြေကြီးပေါ် တဖုတ်ဖုတ်ြ ပန်ပြန်ကျလွန်းတာများ အဲဒီ့နေရာမှာ ခဲပုံကြီး ဖြစ်နေတာသာကြည့်။


( မထင်ရှော့(ခ်) – လွန်းဆက်နိုးမြတ်။ မေ – ၂၀၁၁။ အိပ်မက်အသစ်စာပေ။ )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s