လမ်းအိုလေး

Løøps of Resistance …

စန္ဒယားသံ (ဇော်ယုအောင်)

Leave a comment

စန္ဒယားသံ (ဇော်ယုအောင်)

(၁)
အတ္တက ရုံခါနေပေါ့
လောကကြီးကို ငါကြည့်တယ်
ငါ့ကိုငါ ကြည့်တယ်
ငါ့ဖိနပ်ကို ငါကြည့်တယ်
ပါးပါးပဲ ကျန်တော့တယ်။

ခဏမတည် တစ်စစီ ပဲ့နေတာပါ
တစ်လံရွေ့ဖို့ တစ်ထွာလဲ အနစ်မခံ။
သစ္စာတရားကို ဂူသွင်းကြည့်။

(၂)
ရေခမ်းငါးတွေ ပန်းပြေးနေကြ
တစ်ယောက်ကိုတစ်ယောက်
ဆာလောင်မှုသာ မျှနိုင်တယ်။

ရေထဲနစ်ပေမယ့်
ကျောက်ခဲဟာ ငါးစာလား။

မီးထဲမှာ
သံတုံးက ဘာလဲ
ရွှံ့တုံးက ဘာလဲ။

(၃)
စိန်ဟာ
ဒုက္ခတွေ အကြီးအကျယ်ခံပြီးမှ ဖြစ်လာတာ။
ပင့်ကူရှပ်သလို
ခေတ်တွေ ဖြတ်သန်းသွားကြ။
ဥပေက္ခာနဲ့
ဘယ်သူအရိုးထုတ်နိုင်မလဲ။

(၄)
ရယ်တဲ့အခါ ဖိရယ်ပါ
ငိုတဲ့အခါ ဖိငိုပါ
ကြောက်တဲ့အခါ ဖိကြောက်လိုက်။
ကျောက်တုံးဟာ ဘယ်တော့ပြုံးလာမှာလဲ။
ကြွေပန်းကန်ပဲ့ဟာ
လတစ်ခြမ်းပဲ့ကို ကြည်နူးနေတယ်။

(၅)
ကုလားအုတ်တစ်ကောင်လို
ရေကိုသိုလှောင်ထားရမယ်။
ကြိုးတိုရေပုံးလေးရဲ့
နေရာက နေကြည့်ပါ။
ရက်မသိပဲ ငါးတွေ ခရီးထွက်ကြ
ငါးပွက်ရာကို ခုန်အုပ်ကြ
ပွဲသိမ်းကွန်ချက်ထဲ
မိနေတာက မျက်လုံးတွေ။

(၆)
နေကောင်းလား
နေကောင်းရဲ့လား
ညဥ့်နက်နက်ထဲ နှုတ်ဆက်သွား
အဲဒီညကို သိမ်းထားလိုက်။

(၇)
အမြစ်မဲ့ရွှေရောင်သစ်ပင်မှာ
အမြစ်မဲ့ငှက်တစ်ကောင်
အမြစ်မဲ့ကောင်းကင်အောက်မှာ
အမြစ်မဲ့ အချိန်တွေ။

တစ်ရက်ပြီးတစ်ရက် ခြွေတယ်
တစ်ရွက်ပြီးတစ်ရွက် ကြွေတယ်
အဲသလို ဖောင်းပွမှုနဲ့
မြွေပွေးကို လိုက်တယ်။

တစ်ယောက်နဲ့တစ်ယောက် ခေါင်းငုံ့ထားရတယ်
တစ်ယောက်နဲ့တစ်ယောက် နှုတ်မဆက်နိုင်ဘူး
တစ်ယောက်နဲ့တစ်ယောက် လက်လွှတ်လိုက်ကြ
မှန်တစ်ချပ်နဲ့ ကနေတယ်။

(၈)
တစ်ခါတစ်ခါ ဘောင်ထဲမှာ နွေးထွေး
တစ်ခါတစ်ခါ ဘောင်အပြင်မှာ လွင့်မျော
တစ်ခါတစ်ခါ သုညထဲ ငုတ်တုတ်။
မိုးလင်းတာနဲ့
ခြေသလုံးအိမ်တိုင်တွေနောက် လိုက်ကြ
ပြတိုက်ကို မေ့ထားကြ
လူတွေဟာ လူယောင်ဆောင်ထားတဲ့ ယင်ကောင်တွေ။

(၉)
ခဏခဏကောင်းနေတယ်
မိုးမဆုံးမြေမဆုံး ကောင်းနေတယ်
သင်္ခါရ မရောက်တဲ့ကျွန်းမှာ။

အလုအယက် ၀ိုင်းနေကြ
မသေခင်လေးပေါ့
အခွင့်အရေး ငတ်သေမှာ ကြောက်တဲ့အကောင်
ဘယ်တော့မှ ခေါင်းမထောင်တော့ဘူး။

(၁၀)
ချောက်ချားဖွယ်အသီးကို သုံးဆောင်ရတယ်
ရင်ခေါင်းကျုံ့ကျုံ့သွားတယ်
မျက်လုံးကျယ်ကျယ်သွားတယ်။

တစ်ခြမ်းသေလောကထဲမှာ
ကနေတဲ့ သစ်ပင်တွေ
ခြေထောက်တွေက အသေ။
ထောင့်စားပွဲတစ်လုံးမှာ
ဝီစကီတစ်လုံးနဲ့
ဘယ်သူတွေ ရယ်ဒီမိတ်ကို မြည်းနေတာလဲ။

(၁၁)
အမှိုက်တွေစွန့်ပြီး
အမှိုက်တွေသိမ်း ပြန်လာကြ
အမှိုက်တွေနဲ့ ချာချာလည်ကြ။
ခပ်လှမ်းလှမ်းဘာသာ
ခပ်လှမ်းလှမ်းစေတနာ
ခပ်လှမ်းလှမ်းလျှာနဲ့
ခပ်လှမ်းလှမ်းကမ္ဘာမှာ
ကျောက်တုံးဟာ လွှတ်ချဖို့မဟုတ်ဘူး။

(၁၂)
ဘယ်သူလဲ
အားလုံးမျိုချပြီးရင်
အားလုံးပြန်အန်ထွက်လာမယ်
ကြည့်သာနေလိုက်။

(၁၃)
ဖြူလေးကို
ဘာနဲ့မှ မြှူမနေနဲ့တော့
အိပ်မက်လေးရှိရာ
စမ်းရင်းစမ်းရင်း သွားနေတယ်။

ဘ၀မြင်းကလေး
ပတပ်ရပ်နေတုန်း
လုပ်ချင်တာတွေ လုပ်ခဲ့ပါ။

(၁၄)
နွေဦးကို
ဆက်ချစ်ဖို့ ကြိုးစားနေကြ
ရထားတွေ
တစ်စီးပြီးတစ်စီး
လွှဖြတ်သလို ဖြတ်သွားကြ
အချိန်ကို ဘာနဲ့ဆွဲထားမလဲ
အသည်းလေးမီးလင်းနေသလား
လူတွေကို ချောင်မထိုးထားလိုက်ပါနဲ့။

(၁၅)
ဖလှယ်စရာမရှိဘူး
ငြိမ်းချမ်းစွာ ပေးပြီးသေမယ်။
မုန်တိုင်းလက်ခုပ်ထဲ တယောထိုးတယ်
မြေခစရာ ကျောမပါဘူး
အဲဒါတွေကို လိမ္မော်သီးလိုကြိုက်တယ်။
ဖုန်တွေ ခါထုတ်ပစ်မယ်
အရိုးခံနဲ့ လောကဓံတေးဆိုမယ်။
သူဖွင့်တဲ့ဓါတ်ပြားနဲ့
ထိုးဖို့ထိုးဆေး ဘယ်မှာလဲ။

(၁၆)
မင်းဖိနပ်အပြတ်လေး
အချိန်မီထားခဲ့။
လူလိမ္မာလိုလုပ်လုပ်
လူမိုက်လိုလုပ်လုပ်
ကီးဘုတ်တွေက
လျှော့တီးမှာ မဟုတ်။

(၁၇)
နေနဲ့လပျော်တဲ့မြေပြင်မှာ
လူတွေက ကောင်းတယ်
ငါက မကောင်းဘူး။
ငါရေးထားတဲ့သီချင်း
မင်းဘ၀အဆက်ဆက်ဆိုပါ
ငါ့ကို သတိမရပါနဲ့။
ငါ့အရိပ်ကလေးကို
ငါမော့မကြည့်တော့ဘူး
အခါးပင်လေး
မင်းကို ငါကောက်ရခဲ့
မင်းကလဲ ငါ့ကို ကောက်ရခဲ့ပေါ့။      ။

.
(စန္ဒယားသံ – ဇော်ယုအောင်။ စက်တင်ဘာ။ ၂၀၀၄။ နိဒါန်းသစ်စာပေ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s