လမ်းအိုလေး

Løøps of Resistance …

ကုဗတစ် (အုပ်စာတစ်) (ဇော်ဇော်အောင်)

2 Comments

အနုပညာ … စာ (ခင်မောင်ရင်) - Cover Artဆင်ခြင်မှုပန်းများ မတောက်ပမီ၊ အမုန်း၏ အချစ်ပေါင်းတစ်သိန်းအတွက် နှစ်တစ်ရာနေသည်။ ယခင် အထိမ်းအမှတ်ပွဲသည် ရမ္မက်အတွက် ထွက်ပေါက်တစ်ခု(လမ်းတစ်ခု) ရှာရန်ဖြစ်ကြောင်း ငါသဘောပေါက်ဖို့လိုသည်။ မင်းကတော့ (ထိုအချက်ကို) ကြိုက်မည်မဟုတ်။ (ထို)နေရာမှာ ပန်းချီကားများ ပန်းပွင့်များ ဖြန့်ကြဲထားကြောင်း သူမသိသွားပြီ။ ဘ၀နေရန်အတွက် အနုပညာကို ချစ်ခြင်းသည် လူတစ်ယောက်ကို လူကောင်းတစ်ယောက် ဖြစ်စေသည်။ သူသည် တိရစ္ဆာန်တစ်ကောင်၊ ဖားတစ်ကောင် သို့ မဟုတ် မိကျောင်းတစ်ကောင်လည်း ဖြစ်သည်။ သူတို့ သည် ရေထဲမှာရော၊ ကုန်းပေါ်မှာပါ နေနိုင်သည်။ ဘုရားပုထိုးတို့ တိုင်းပြည်သည် ခြင်္သေ့၏တိုင်းပြည် ဖြစ်နေသည်။ ကောင်းကင်ဘုံ၏ နှစ်(ကာလ)သည် ငရဲ၏ နှစ်ကာလနှင့် အလွန်ဝေးကွာနေလိ့မ်မည်။ သစ်ပင်များ ဘ၀ရှည်လွန်းစွ။ သူတို့သည် မျက်ရည်များကို မှေးမှိန်စေ၏။ လေညင်းတေးသံအလိုက်လည်း မြူးကတတ်ကြ၏။ သူတို့ ဘယ်သွားကြမည်လဲ။ အရှေ့ကိုလား၊ မြောက်ကိုလား။

ငါ (မိတ်ဆွေ) များလည်း သွားကြပြီ။ ငါသွားရန် မစွမ်းနိုင်ပါ။ ငါ့နေရာ သည်မှာရှိ၏။ နေရာကို ကန့်သတ်ပိုင်းခြားထားသော်လည်း ငါ့ဘ၀သံသရာသည် ရှည်၏ ။ ကြာပန်းများ ပွင့်ကြ၊ ကခုန်ကြ၊ သေဆုံးကြသော ငါ့ရေအိုင်သို့ လင်းယုန်ငှက်သည် မကြာခဏ ထိုးစိုက်ဆင်းသက်လာတတ်၏ ။ ကျီးသည် အပြစ်ကင်းသော အနက်ရောင်အတိုင်းသာ ရှိ၏။ အရုဏ်ဦး၏ အမှောင်ထုတွင်းသို့ ထီးကိုဖွင့်၍ တန်းတန်းမတ်မတ် ပျံသွားကြ၏။ နံနက်ခင်းမှာ အိမ်ဖော်မလေး စွန့်ပစ်သော အမှိုက်အညစ်တို့ကို စားရသော်လည်း သူတို့အသံသည် စန္ဒရားတစ်ထောင်ထက်သာသော သီချင်းဖြစ်၏ ။

နေသာသော နေ့တစ်နေ့မှာ မင်းလုလင်တစ်ယောက်သည် လူပြက်တစ်ယောက်နှင့် အတူလာ၏ ။ တနင်္ဂနွေနေ့အတွက် သူတို့နှစ်ယောက် တွဲဖက်ညီလှ၏။ အရပ်ရှည်ရှည် လူတစ်ယောက် တောအုပ်ထဲမှာ တုတ်တစ်ချောင်းနှင့် လမ်းလျှောက်နေ၏။ သူတို့ လက်သည်းခွံမှာ ဘာမှမရှိသော်လည်း သစ်ရွက်များသည် နှုတ်သီးနှင့် လေချွန်ကြ၏။

ငါ့ဘ၀သည် သီချင်းတစ်ပုဒ် ဖြစ်၏။ တေးသွားများ အနက်ရောင် ဆိုးထားသည်။ ဂီတသည် ငန်း(ငှက်)များနှင့်အတူ အသက်ရှူနေကြ၍ နေရာသည် လူသံတို့ ဖြင့် ခန်းခြောက်သွားသောအခါ ငါသည် ဘယ်သူမှ ဆန္ဒမရှိသော ကစားနည်းတစ်မျိုးကို ကစားမိ၏။ သူတို့သည် နွေက စောင့်စားနေရချိန် ဆောင်းတွင်းမှာ ပျံသန်းရောက်ရှိလာ၏။ ကစားနည်း ဆိုသည်မှာ ဒါပါပဲ။ အချစ်သည် စာအုပ်စင်ပေါ်မှာ သို့မဟုတ် အံဆွဲထဲမှာ ရှိ၏။ တစ်ခါတစ်ရံ မိလ္လာပိုက်မှ တစ်စစီ တစ်စက်စီ ယိုကျလာတတ်၏။ တစ်စစီ တစ်စက်စီ။ ပန်းအိုးထဲမှာ ဘာမှမရှိ။ ထိုနေရာ ထိုအထဲမှ ဘယ်တုန်းကမှ သစ်ရွက်တစ်ရွက် မွေးဖွားပေါ်ထွက်မလာဘူးပါ။ အချိန်ကပြောင်းလဲသွားပြီ။ သူတို့က စောင့်နေကြတုန်း သို့မဟုတ် ငါက စောင့်နေတုန်းပဲလား။ ရှင်ဘုရင်သည် ကိတ်မုန့်တစ်ခုနှင့် လာနေသည်ကို ငါမြင်ရ၏။ မိုးရေသည် ကိတ်မုန့်ကို သစ်တောဆီသို့ ၀ါးမျိုလိုက်သည်။ သဲတောင်ကုန်းများ၏ အ၀တ်မဲ့ အဖြစ်အတွက် ငါဆက်လက်၇ှင်သန်နေသည်။ အချစ်၏ ၀န်တိုမှူအတွက် ထွက်သောအခါဒေါသဖြင့် လှိုင်းတို့ အမြှုပ်ထနေသည်။ ဟိုမှာ ပလာပြုံးနှင့် မျက်နှာ၇ှိသည်။ မိုးကုပ်စက်ဝိုင်း သို့ မဟုတ် တောင်ကုန်းထဲမှာ သစ်ရွက်များဖြူဆွတ်လျက်။

နှင်းဆီပန်းသည် နီရဲစွာ ပြုတ်ကျသေဆုံးသည်။ မည်းမှောင်စွာ အိပ်စက်တတ်သူအတွက် အနာဂတ်သည် မမျှော်လင့်ပဲ ဖြစ်ဟန်ရှိ၏။ အိပ်မက်များဖြင့် ချမ်းသာကြွယ်ဝခြင်းသည် လက်ဆောင်ပဏ္ဏာတစ်ခု ဖြစ်၏။ စုန်းမတစ်ယောက်သည် လက်ဆောင်ပဏ္ဏာတစ်ခု ဖြစ်၏။ သူတို့သည် အချစ်ခံလိုကြ၏။မည်းနက်သော စုန်းမတစ်ယောက်၊ ယင်တစ်ကောင်နှင့် ပြာနှမ်းစွာဟောင်သည်။ ငါမျက်ရည်ကျစဉ် သူတို့ သီချင်းဆို၏။ လိုဏ်ခေါင်းထဲမှာ မမှန်မကန်ပြောဆိုခြင်းသည် မုသားတစ်ခု ဖြစ်လိမ့်မည်။ ခွေးတော်တော်များများ လိုဏ်ခေါင်းထဲမှာအိပ်၏။ ငါ့မိသားစုက တံခါးပေါက်မှာ ရပ်နေသည်။ မင်းက သူတို့ကို မျက်လုံးစိမ်းနှင့် ကြည့်နေသည်။ အရောင်သည်မြက်ပင်ခေါင်းအုံး တစ်လုံးနှင့် အိပ်၏။ ခရမ်းချဉ်သီးများသည် ကုတ်အကျီများဖြစ်၍ တိမ်ထဲမှာ အပြေးပြိုင်နေကြသည်။ ငါမလာဘဲ ရှောင်နေလျှင် ဘာဖြစ်မလဲ။ သူတို့ကတော့ မင်းတိုးတိုးလေး ပြောသောအကြောင်းနှင့် မတူကွဲပြားသော အရာတစ်ခုကို စဉ်းစားကြပေလိမ့်မည်။ သန်းတစ်ကောင်သည် ဖင်လန်နိုင်ငံမှ အရပ်ဒေသ အမှတ်မရှိ တစ်နေရာသို့ ပျံသန်းထွက်ခွာသွားပါလျှင် ငါသည် ကန့်သတ်ထားသော ကတော့ချွန်ထဲမှာ ပွင့်ပွင့်လင်းလင်း ပျော်ဝင်ရပါလိမ့်မည်။ တိတ်ဆိတ်သော အိပ်စက်ခြင်းမှာ သစ်သားခေါင်းတလားတစ်ခု ရပ်နေ၏။

ငိုလိုက်ပါ အချစ်ရယ် သူတို့ဆုတောင်းကြ၏။ င့ါစိတ်တွေ နောက်ကျိရှုပ်ထွေးဖို့ ဖြစ်နေသည်။ သူတို့ သူတို့အမြင်တွေ ပြောင်းလဲရမည်ဆိုလျှင် သူတို့ရယ်မောမိကြလိမ့်မည်။ သူမခေါင်းမှာ ဆံပင်ဖြူအပြည့်။ ငါ့စိတ်တွေ တစ်ခုခုအတွက်ဖြစ်ဖို့ အဟုတ် တစ်ခဏပြီး တခဏ တစ်လက်မပြီး တစ်လက်မ (တရွေ့ရွေ့) စကားလုံးများဖြင့် တိုးရွေ့သွားဖို့ သာဖြစ်သည်။ စဉ်းစားကြည့်ပါ။ အရေပြားပေါ်မှာ အမည်းမှတ် ထာဝရထင်ဖို့ သူတို့တံဆိပ်ကောင်း လုပ်ကြသည်။ အိုးသည် မှန်များဖြင့် တစ်ဝက်ပြည့်နေ၏ ။ လက်သည် မူလအစရှိရာထောင့်သို့ ဆန့်ထွက်သွား၏။ ငါးရိုးများကို မတို့ မထိဘဲ ငါးညတိတိ ထား၏ ။ ကြယ်များသည် ကန့်သတ်ထားသော အလင်းသိပ်သည်းဆဖြင့် ကြွပ်ဆတ်နေသည်။ လဆုတ်လသည် နရီကိုက်သော သံထွင်းပန်းချီဖြင့် ဟောက်နေ၏။ နေ့ဘက်မှာသာ မအိပ်ခဲ့လျှင် ညသည် သီချင်းရောင်းသူနှင့် ညီမျှပေလိ့မ်မည်။ ဘယ်သူဖြစ်ဖြစ် ငါ၏မျဉ်းကြောင်းများကို ဖြုန်းတီးပစ်သူသည် အာကာသမုခ်ခုံဝတွင် ချိတ်ဆွဲလျှက် ရှိနေသည်။ နေရာကို ဂဏန်းတစ်ခု အရင်အမည်ပေးခဲ့၏။ မိုးကြိုးမုန်တိုင်းကြောင့် မုခ်ခုံးသည် အက်ကွဲခံစားရသည်။ သူခိုးများက သော့ပေါက်ရှာဖို့ ရပ်နေကြသည်။ ဖယောင်းတိုင်တစ်တိုင် လေညင်းတိုက်ခတ်လိုက်သည်ကို သူတို့ ခံစားရ၏။ ရွှံ့ထဲမှာ ဘီးသည် ဆောက်တည်ရာမဲ့ လည်ပတ်နေ၏။ ရေတံခွန်များသည် တယောကြီးသံရိုးရိုး ရှိကြသည်။ ငါ၏ ချစ်စဖွယ်မျက်နှာ မကျဆုံးမှီကပင် သေခြင်းတရားသည် နရီစည်းဝါး ရိုးရိုးကလေးနှင့် စတင်ခဲ့သည်။ ချိုမြိန်သောဘ၀ နေထိုင်ကုန်လွန်ရခြင်းသည် ငါ့အား နေရာတွင်းမှာ သပ်သပ်ရပ်ရပ် ဖြစ်စေ၏။ ပန်းကုံးများရှိရာ ခန်းမမှာ အံ့ဖွယ်ရာများသည် ကျွမ်းဝင်မှုဖြင့် ငိုကြသည်။ တစ်လှမ်းချင်း တစ်လှမ်းချင်း ငါ့မျက်လုံးထဲက အပြာရောင်များ မြင်ရသည်အထိ ငါလျှောက်လှမ်းခဲ့သည်။ ငါရှာဖွေနေသော မျက်နှာတစ်ခု မတွေ့ရမီ အခန်းမှောင်မှောင်ထဲမှာ နံရိုးများ ကွဲအက်သွား၏။ စိန်စီထားသော မျက်နှာပြင်တစ်ခုမှ သွားတုတစ်ခွေ ကျွတ်ထွက်လာသည်။ အနက်ရောင် ခေါင်းလောင်းများ လှပစွာ ခုန်ပျံမတီးခတ်မီ သေသေချာချာ စဉ်းစားဖို့အချိန် ဖြစ်သည်။ နွေရာသီသည် ချိုမြိန်စွာ၊ ဖြည်းညှင်းစွာ၊သေချာစွာ သီဆိုသည်။ ငါ့စာကိုရေးမထား။ ပုံနှိပ်ထားသည်။ မှန်သည်ဖြစ်စေ၊ အားကြီးသည်ဖြစ်စေ ငါကတော့ တိုက်ရလိမ့်မည်။ နေနှစ်ခြိုက်စွာ အိပ်မောကျသောအခါ သူမလက်များက ဆံပင်များကို ကွယ်ဝှက်ထားသည်။ ဘုရားနီမှကြည့်လျှင် နံရံကြီးကို အမြဲမြင်ရသည်။ ဆည်းဆာရောင်မှာ မီးခိုးသည် ဖုန်များနှင့် ရောထွေးနေ၏ ။ နွားမသည် လမ်းမကိုကျော်၍ မျှော်ငေးကြည့်နေသည်။ လမ်းမက လမ်းသွယ်ဆီသို့ ပေါက်သည်။ ခြေလှမ်းများက လှေကားထစ်များက သစ်သားကြမ်းပြင်သို့ ပေါက်ရောက်သည်။ ငါ့နာမည် ၀ါးဖြစ်သည်။ ငါ့ရေတွင်း နက်သည်။ ငါ့အချစ်က ပိုနက်သည်။ သည်လောက်အနက်မှာ ဘယ်သူမှ ဘာမှတွေ့ရလိမ့်မည် မဟုတ်။ ကြမ်းပြင်က ရှိနေလိမ့်ဦးမည်။ ငါ၏ အရာများလည်း ရှိနေလိ့မ်ဦးမည်။ သို့ သော် သူမကတော့ သူမ၏ မာယာအကြည့်များကို ဂရုတစိုက် ပျိုးထောင်နေမည်မဟုတ်။ ငါ့ဆန္ဒအပေါ်မှာ ချီးကျူးခြင်း ရှိမည်မဟုတ်။ ဖြစ်ချင်တာ တစ်ခဏတာမျှသာ။ မင်းမှာ အိပ်စက်ဖော်သူငယ်ချင်း မရှိလျှင် ဖွင့်ဆိုချက်ဆိုသည်မှာ ဘာမှမလုပ်ရဟု သဘောထားရသည်။ အနက်ရောင် အခြင်းအရာများရှိသော ဝေလငါးကို ဘယ်သူမှ မျှော်လင့်၍မရနိုင်။ မနက်ဖြန်သည် မနက်ခင်းမှာ ရောက်လာ၏။ သည်ညတော့ လက်ဖက်ရည်နှင့် သကြားပင် ဖြစ်သည်။ ပိုးကောင်သည် ငါ့ဘယ်ဘက်မျက်လုံးထဲသို့ ဝင်သွား၏။ ကံကောင်းခြင်းကို ခူးဆွတ်ရမည်။ ကောင်းသလား၊ ဆိုးသလား အားလုံးလား အကုန်လုံးလား ငါဂရုမစိုက်ပါ။ သို့ သော် ငါ့အချစ်တွေ စုပုံထားသူ၏ ပျော်၇ွှင်မှုအတွက်ကိုမူ ငါဂရုစိုက်၏။ လူတစ်ယောက် သူရေးဆွဲသော မျဉ်းကြောင်းများကို ဘယ်အခါမှ မရနိုင်။ မမျှော်လင့်သော ထိခိုက်မှုများ တန်းစီလာနေကြသည်။ အဖြစ်အပျက်များလည်း ပါ၏။ စက်တင်ဘာ မနက်ခင်းအတွက် ငါ၏ပန်းပွင့်အတူ အချိန်မှီပါစေ။ င့ါဆရာက ငါ့ကို မရေရာသူတစ်ယောက်ဟု ယူဆစိုးရိမ်၍ စစ်ရေးပြပွဲမှာ ထည့်သွင်းမထား။ မည်သည့်သစ်သီးများကို ဧည့်ခံကျွေးမွေးလိမ့်မည်ဟု ကြိုတင်သိထားရပေမည်။ ခြင်ကောင်များ တယောထိုး အလွန်ကောင်းကြ၏။ ဥပဒေပြုသူမှာ အောင်နိုင်သူပင် ဖြစ်၏။ နိုင်ငံတော်သီချင်း သီဆိုတီးမှုတ်သောအခါတွင် ဆိုညည်းဖို့ တေးသွားတစ်ခု။ တီးဝိုင်းကို စီးပွားရေးသမားတစ်ယောက်က ပိုင်သည်။ သူ့နာမည် မျက်ကန်းဖြစ်၏။ (သူ့ နာမည်သည် မျက်စိမမြင်) သူ ဂီတကို ချစ်၏။ ငါ့ဘ၀သည် အနာဂတ်နှင့်အပြည့် ရှိ၏။ သို့သော်လည်း ယခုအထိ ဘာမှ (ဖြစ်)မလာသေး။ ယခုအထိဆိုသည်မှာ သူငယ်ချင်းများနှင့်အတူ စောင့်ရသော စကားလုံးဖြစ်၏။ င့ါမှာ သူငယ်ချင်းတွေ ရှိသည်။ သူတို့ တစ်ညလုံး မအိပ်ကြ။ ငါတို့ အလွန်ကောင်းသော ညလယ်စာ စားကြ၏။ သူမကို လှန့်လိုက်သောအခါ လစ်ထွက်သွား၏။ (ချော်လဲသွား၏) သူမ၏ အပွန်းအပဲ့များကို ၀န်းရံနေသော ဒုက္ခ၊ မျဉ်းကြောင်းများ ရှည်လျှားသည်။ အလျားသည်မှာမျဉ်းဖြောင့်တစ်ကြောင်း၊ နှုတ်ခမ်းများ ဟနေကြသည်။ သွားတွေက အဖြုရောင် တောက်နေသည်။ အသံကွဲအက် ပေါ်ထွက်လာသည်။ သို့သော် မကြားရ။ ပွင့်နေသော ပန်းပြာတစ်ပွင့်ဖြင့် သူတို့သားများကို ပုံရေးကြသည်။ အပြာရောင်သည် ပန်းတစ်ပွင့်အဖို့ ရှားပါးရောင် ဖြစ်၏။ ပျော်စရာဇာတ်သိမ်းရှိသော အိမ်တစ်လုံးရှိသည်။ အစသည် အရေးကြီးရဲ့လား။ သံသယဆိုသည်မှာ ယုံကြည်ခြင်း ရှိနေသ၍ ရှိနေ၏။ မြစ်သည် နူးညံ့သော လတာနုံးပြင်တစ်လျှောက်မှာပင် ကွေ့ဝိုက်သွားသေးသည်။ ဘဲများ ရံခါ ဂတ်ဂတ်မြည်ကြ၏။ သို့ သော် နွားကလေးအော်သံကို ငြီးငွေ့ဖွယ် ငါကြားနေရ၏။ နွေရာသီ သေဆုံးနေဆဲတွင် ပုဇဉ်းများ မြင့်စွာပျံသန်းနေချိန် မြက်ခင်းထဲမှာ မီးတောက်သည်လှုပ်ရှားနေ၏။ လယ်ကွင်းများသည် အဆုံးတစ်ဖက်မှ တစ်ဖက်သို့ ဆန့်တန်း (ကျယ်ပြန့်)နေကြ၏။ လွန်ခဲ့သော နှစ်တစ်ရာက ရှင်ဘုရင်ကြီးတစ်ပါး ဖြတ်သန်းသွားခဲ့၍လား။ ထန်းပင်များကြိုကြား သတိဆွဲ၍ ရပ်နေ၏။ နေမင်း ဒေါသထွက်နေစဉ် (သို့ မဟုတ်) မိုးက ပြုံးနေ၏။ မိုးပြိုမည်ကို ကြောက်သောစိတ်ဖြင့် ခြေထောက်တစ်ဖက် မိုးပေါ်ထောင်နေ၏။ တစ်ခါတစ်ရံ လိင်စိတ်နှိုးသော ကောင်းကင်သည် လှပစွာ တောက်ပနေတတ်၏။ သိုးများ မြက်စားနေစဉ် လိပ်ပြာများသည် အမည်းရောင် တောင်ပံများကို ညီညီညာညာ လှုပ်ခတ်နေကြ၏။ တစ်မနက်ခင်းမှာ သူတို့သည် မြူပုဝါ ဖုံးနေ၏။ ၀ိုးဝါးနှင်းမြူထုသည် ငါ့ရွာပေါ်တွင် ပျော်ရွှင်စွာ ဖြန့်ကျက်နေ၏။ ဆေးလိပ်သောက်သောက် မသောက်သောက် လူတိုင်းပါးစပ်မှ မီးခိုးများထွက်၏။ နိုဝင်ဘာလတွင် ဆေးလိပ်များသည် ရှားပါးမျိုးများ ဖြစ်၏။

ရှားပါးလ်သည် ပန်းချီကောင်းတစ်ယောက် ဖြစ်၏။ နာဗိုကော့ဗ်သည် မိန်းမယောင်ဆောင်ထားသော နတ်မိစ္ဆာဖြစ်၏။ ကမျုးသည် အမြဲထာဝရ အချစ်ကို ချစ်နေသော လူသားတစ်ယောက် ဖြစ်၏။ လူတစ်ယောက်၏ အလုပ်(လက်ရာ)ကို ဆုံးဖြတ်ခြင်းသည် အပြစ်တစ်ခု ဖြစ်၏။ အပြစ်ရှိသူများသည် နှင်းထုထဲမှာ နူးညံ့စွာ အိပ်နေကြ၏။ လူတွေကိုမျက်တောင်မခတ်ဘဲ ငေးစိုက်ကြည့်နေဖို့သည် ကျွန်ုပ်၏ အသက်မွေးဝမ်းကျောင်းမှုအလုပ် ဖြစ်၏။ စီလီကွန်သည် အလွန်ပေါများသော ဓာတုပစ္စည်း ဖြစ်သည်။ ဘာဘွန်မျောက်ဝံသည် မျိုးတုံးသွားသော တိရစ္ဆာန်မျိုး ဖြစ်သည်။ ကျွန်ုပ်တို့ တောင်တက်သောအခါ နတ်သိကြားများက ရံဖန်ရံခါ ကူညီသည်။ ဘ၀အမြင့်နှင့် အနိမ့်တို့သည် ဘ၀ဖြစ်တည်မှုအတွက် လိုအပ်ချက်တစ်ခု ဖြစ်သည်။ မျက်လုံးပြူးပြုး ဆံပင်ရှည်ရှည်နှင့်လူသည် ငါ့အဖို့ တစိမ်းတရံဆန် ဖြစ်၏။ သူတို့သည် ပျော်စရာကောင်းသော အတွဲဖြစ်၏။ ၀တ္ထုတိုသည် ပျော်စရာကောင်းသော ဖန်တီးမှု ဖြစ်သော်လည်း ကျောက်ဆောင်ကဲ့သို့ မာကျော၏။ နာရီသည် အချိန်၏ ထာဝရကို ထိုးသည်။ လမ်းသည် အမိုးခုံးနှင့် ဆိုင်တန်းဆီသို့  ဦးတည်နေ၏။ ကန်သည် အစိမ်းရောင်ရေပြင်ပေါ်တွင် ပြားပြားဝပ်နေ၏။ ထိုအရာ ချိုသလား၊ မှားသလား ငါ၏မေးခွန်း မဟုတ်ပါ။ သူတို့ကပဲ မေးကြသည်။ ငါ့အဖြေများက မြန်သည်။ ချစ်လှစွာသော နှလုံးသားတစ်ခုကို သူမ မြင်ဖူးသင့်သည်။ သို့သော် လေးယောက်တစ်ဝိုင်းသည် အားလုံးသိနေသော တေးသွားကို တီးမှုတ်နေကြ၏။ အမြဲစိမ်းပင်များ တန်းစီပေါက်နေသော ဟိုအဝေးက လမ်းတစ်လမ်းသို့ အသံကို သယ်ဆောင်သွားရန် တောင်ကြားက ကုညီနေသည်။ မီးတိုင်မှာ ကြက်သွန်ဥလို တပ်ဆင်ထားသော ဘတ်သီး(မီးလုံး)များ ကွဲကြေသွားပြီ။ လူအုပ် (လူစုလူဝေး)သည် ဖန်တီးသူဖြစ်၏။ ငါ ဖန်တီးသူတစ်ယောက် ဖြစ်လိုသည်။ ခွဲချေသူတစ်ယောက် မဖြစ်ချင်။ မျက်နှာတစ်မျက်နှာပေါ်က အရေးကြောင်းတစ်ခုသည် သူ့အသက် ဖြစ်၏။ သမင် အပြေးမြန်သည်။ သစ်တောက ဆေးလိပ်သောက်သူ ဖြစ်၏။ မြို့ဝန်ကြိုဆိုပွဲကို ကြိုတင်ပြင်ဆင်ရမည်။ လျှောင်းတော်မူ ကိုယ်တော် (ဗုဒ္ဓမြတ်စွာဘုရား)သည် ကျောက်ဖြူသားဖြင့် စံပယ်နေ၏။ မန္တလေးမှာ မြေကြီးပေါ် တံတွေးထွေးတတ်သောလူများ မကြာခဏ ရွတ်လွှင့်သွားကြ၏။ ကျူံးသည် ဟင်ဇောမှ ရူးပတ်ဖြစ်၏။ ရှင်ဘုရင်စီသော အုတ်တစ်ချပ်ရှိသည်။ ဘုရင်များသည် သူတို့၏ ကြင်နာတတ်သော ၀တ်ရုံများကို သပ်သပ်ထား၏။ ဟန်ဆောင်ခြင်းသည် အပြစ်။ သူမသည် အပြစ်ရှိသူ ဖြစ်၏။ အချစ် (မေတ္တာတရား) ဆိုသည်မှာ အပြစ်ရှိသူအတွက် မဟုတ်။ ငတုံးငအအတွက်လည်း မဟုတ်။ ဖြည်းညင်းစွာ ချွန်ထက်စွာ သူတို့ ၏ သေချာသော သီချင်းများကို သူတို့ဆိုကြ၏။ မင်းသမီးက ထိုသီချင်းများကို ရေးသည်။ ဧပြီလကို လွှင့်မပစ်လိုက်နှင့်။ အသုံးဝင်ပါသည်။ ရွက်သဘောင်္သည် ခံ့ငြားကျက်သရေရှိစွာ ရွက်လွှင့်သွား၏။ ဆောင်းဦးမှာ သစ်ရွက်များ သူတို့ အရှိန်အဟုန်ကို စုဆောင်းကြ၏။ ကျီးများက လေညင်းကို အတောင်ပံများနှင့် တိုက်ခိုက်ကြ၏။ အထီးကျန်တစ်ယောက်၏ ငေးစိုက်ရီဝေ အကြည့်သည် သူ့ နှလုံးသားထဲမှာ လောင်မြိုက်နေ၏။

မျက်နက်ဝန်းတစ်စုံနှင့် ကြည့်သူကို ပြတင်းပေါက်က မျှော်လင့်နေသည်။ ကုတ်အကျီအနက်နှင့် လူတစ်ယောက် ကော်ရစ်ဒါစင်္ကြံသို့  တိတ်တဆိတ် ၀င်လာ၏။ ပြတင်းပေါက်က ငေးမျှော်နေသူတစ်ယောက် မသိလိုက်။ သူ့ထမီမှ ထောင်လိုက်စင်းများသည် သူ့ကိုယ်လုံးကို ပို၍ပေါ်လွင်စေသည်။ သင့်တော်သော မီးလျှံမရှိဘဲ နေ့ရက်များ ကုန်လွန်သွား၏။ သူက ပုံမှန်မဟုတ်သော ခြေလှမ်းများနှင့် လိုက်သည်။ အထပ်သား တံခါးခေါက်သံသည် မိုးကြိုးလို ဟောင်လှ၏။ ကြောက်လန့်နေသော မျက်နှာများသည် အခန်းထောင့်သို့ အာရုံပြောင်းပစ်လိုက်ကြသည်။ မျှော်လင့်ချက်သည် အခြားတစ်ဖက်မှာ ရှိနေ၏။ နားကပ်နှင့် သူစိမ်းတစ်ယောက် စူးစိုက်ကြည့်ခြင်းကို ငါခုခံသည်။ ကြေး(နားကပ်)ဟု ထင်၏။ ဒီအချက်တွင် ငါမှားချင်မှားလိမ့်မည်။ သို့ သော် သေချာသည်က ဒီအခန်းထဲမှာ သူမအသိ ရှိနေပေလိ့မ်မည် ဆိုသောအချက် ဖြစ်၏။

အခန်း၏ အကြမ်းထည် ကွန်ကရိကြမ်းပေါ်တွင် ညစ်ပေသော ပုံဆွဲစက္ကူများ ဖြန့်ကြဲ ပြည့်နေ၏။ ငါတော့ ကိစ္စပြတ်ပြီ (ပြီးပြီ)။ အပေါင်းအသင်း ကောင်းသောအခါတွင် မင်းကို နေ့စဉ် စိတ်သောကရောက်စေသော အရာများကို မင်းမေ့သွား၏။ နေ့ကုန်သွား ညကုန်သွားသည်။ သို့သော် စောင့်စားခြင်းသာ ရလဒ်ဖြစ်၏။ အချစ်ကို ကြောင့်ကြမဲ့စွာ သဘောထားခြင်းသည် ထီလက်မှတ်ရောင်းခြင်းနှင့် တူ၏။ ရေတွေ စီးသွားသည်။ မီးခိုးတွေ စီးသွားသည်။ သို့သော် တကယ်စစ်မှန်သော အရာမှာ ဘ၀ပင်ဖြစ်သည်။ ငါ့(ဘ၀)သည် လက်မှတ်ရ ဗိသုကာတစ်ယောက်ဆွဲသော ဒီဇိုင်းကဲ့သို့ သေဆုံးငြိမ်သက်လှ၏။ အမှောင်မှ အရုဏ်တက်သည်ကို ငါတို့ စောင့်ကြစို့။ အဲဒီအထိ မရောက်မချင်း ငါတို့ မေ့မသွားကြနဲ့စို့။ ငါက မှန်(ကြည့်မှန်)လား။ မင်းက မှန်လား။ ငြင်းပယ်ခြင်းသည်ရာဇ၀တ်မှု ဖြစ်၏။ မငိုနဲ့၊ မငိုနဲ့ဦး၊ နောက်မှငို။ နေပါဦး။ လူတွေ မေးနေကျ မေးခွန်းသည် ဘယ်လောက်ရှည်သလဲ။ မင်းမေးသလား။ ငါတားမြစ်သည်။ အားကုန်နုံးခွေသွားသည်အထိ သက်သာအောင် နေပါ။ လူတစ်ယောက်ကို သူလိုသောအရာ သို့မဟုတ် သူ့အတွက် အသုံးကျသော အရာကိုသာ ရွေးချယ်တတ်ဖို့  သူ့ အသက်အရွယ်က ဖန်တီးပေးသည်။ အဖြစ်အပျက် တစ်ခုလုံး၏ နောက်ကွယ်က စိတ်ကူးသည် အချိန်များ ကုန်လွန်သွားစေဖို့ပဲ ဖြစ်၏။ အချစ်ရယ် ကုန်လွန်မသွားစေဘဲ သူဘယ်လိုနေလို့ ရပါမည်လဲ။ သူ့အရှိန်နှုန်းနှင့်အတူ သူလျှောဆင်း ကုန်လွန်သွားလိမ့်မည်။ တစ်စက္ကန့်ကို တစ်စက္ကန့်နှုန်း။ အချိန် ဘယ်လောက်ရှိပြီလဲ ။ခုနစ်နာရီ။ ကံကောင်းသည်။ မင်းအတွက် တစ်ခါဖြစ်လာပြီ။ ငါ့အာလူးကြွတ်ကြော်တွေ ဘယ်မှာလဲ။ သူတို့က ထည့်ကျွေးဖို့ ငြင်းဆန်ကြသည်။ သူတို့ငြင်းဆန်မှုများသည် အသစ်တစ်ဖန်ဖြစ်ရန် ငါတောင်းဆိုနေသည်။ ညက နုပျိုဆဲ။ အချိန်နှင့်အတူ ဤအချိန်အားလုံးနှင့်အတူ ဒီရေတက်လာနေသည်။ တယ်လီဖုန်း ပြန်လာသည်။ ငါ့နာမည်ကို အော်ခေါ်သည်။ လူအုပ်ကိုတိုး၍ ငါသွား၏။ ဒီပွဲသို့  ငါတက်ရောက်ခွင့် ရှိမရှိကို ပိုင်စိုးပိုင်နင်း အပေါ်စီးက အသံသြသြနှင့် မေးသည်။ သူတို့တရားမ၀င် လုပ်ငန်းများထဲ ဆွဲသွင်းဖို့ ရှိနေသည်။ ဟင့်အင်း ငါ့တစ်ခွန်းတည်း အဖြေ။ သူ့နာမည် ဘယ်သူလဲ။ ငါမသိ။ ငါ့နာမည်မှာ ကေ။ င့ါမှာ (ဘွဲ့)လက်မှတ် မရှိ။ သို့ သော် ငါ့မှာ ငါ့ကိုယ်ပိုင်မျက်နှာ ရှိသည်။ ကြည့်။ မင်းစိတ်ထဲမှာ ငါနှင့်ပက်သက်သလို တစ်ခုခုရှိခဲ့လျှင် ကျေးဇူးပြူ၍ ငါ့ဆီိကို ပန်းများပို့ ပေးပါ။

ကပ်ဖကာမှာ “ကေ” ဆိုသော မိတ်ဆွေတစ်ယောက် ရှိသည်။ ဟိုးရှေးတရုတ်ပြည်မှာ ထူးခြားဆန်းကျယ်သော ခေတ်တစ်ခေတ် ရှိခဲ့ဖူးသည်။ အိမ်များမှာ ခြေတံရှည် မိသားစုတိုင်း လှေတစ်စင်းစီ ပိုင်ကြ၏။ တရုတ်ပြည်သို့ ခပ်ဖြည်းဖြည်းသွားသော လှေတစ်စင်း မှာလိုက်ကြစို့။ ငါချစ်မိနေပြီ။ အချိန်နှင့် အသက်သည် ပါဝင်ပက်သက်နေသော အချက်အလက်တစ်ခု ဖြစ်၏။ ထိုအရာများ မရောကြ။ သူတို့ သည် ကိုယ်ပွားများ ဖြစ်ကြ၍ ငါ့ကိုယ်ငါ ကေ၏ မှန်ထဲမှာ မြင်ရလိမ့်မည်။ ငါ့မျက်နှာ ကိုယ်ပွားနှစ်ဖက်ကို တစ်ဖက်ကရှေ့က တစ်ဖက်ဘေးတိုက် ဘယ်ညာအကြောင်းမဟုတ်။ မြင်ရသည်။ ကံကြမ္မာဆိုသည်မှာ ထိုကဲ့သို့ပင်။ အခု သိပ်နောက်ကျသွားပြီ။ ငါစာတစ်အုပ် စရေးဖို့ သင့်ပြီ။

ဤ(ကုဗ)အုပ်စာသည် အသက်နှစ်ဆယ့်တစ်နှစ် ရှိသူတစ်ယောက်အတွက် ဖြစ်၏။

၁၃.၇.၆၉

Translation of Koob One (Khin Mg Yin)

(အနုပညာစံ – ခင်မောင်ရင်၊ ဇော်ဇော်အောင်)

2 thoughts on “ကုဗတစ် (အုပ်စာတစ်) (ဇော်ဇော်အောင်)

  1. အပြီးထိရိုက်ပြီးရင် အီးဘုခ်လုပ်ဗျာ 😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s